Wednesday, July 31, 2013

တေးသံရှင်လင်းလင်းနှင့် တွေ့ဆုံခြင်း




သံမဏိလိပ်ပြာ စီးရီး ထွက်ရှိပြီးနောက် ပရိသတ်များ၏ အားပေးမှု နှင့်အတူ ဝေဖန်မှုများပါ  ကြုံတွေ့ခဲ့ရသော တေးသံရှင် လင်းလင်းနှင့် တွေ့ဆုံပြီး ဝေဖန်ခံရသည့် စစ်ဆန့်ကျင်ရေး သီချင်း အကြောင်း၊ ဝေဖန်မှုများ အပေါ် သူ့အမြင်နှင့် သူ၏ တစ်ကိုယ်တော် Show ပွဲ အကြောင်းကို The Voice မှ မေးမြန်း ထားခြင်း ဖြစ်သည်။

The Voice ။ ။ သံမဏိ လိပ်ပြာစီးရီး ထွက်ပြီးတဲ့ အချိန်မှာ ပရိသတ်တွေ ဆီက ဘယ်လို ဝေဖန်သံတွေ ကြားရလဲ။
L.L ။ ။ စီးရီး ထွက်ပြီးတဲ့ အချိန်မှာ ကြားရတဲ့ ပရိသတ်တွေရဲ့ အသံကတော့ အားရပါတယ်။ ဒီခွေအပေါ်မှာ သူတို့မြင်တဲ့ အမြင်တွေ၊ သူတို့ထင်တဲ့ အထင်တွေနဲ့ အပြုသဘောဆောင်စွာ ဝေဖန်တယ်ပေါ့နော်။ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ကျွန်တော် အားရတယ်။ ကျေနပ်ပါတယ်။

The Voice ။ ။ ဒီစီးရီးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အပေါ်မှာရော လင်းလင်းရဲ့အမြင်က ဘယ်လိုရှိလဲ။
L.L ။ ။ ကျွန်တော့် အမြင်ကို အမှန်အတိုင်း ဝန်ခံရရင်တော့ ဒီစီးရီးနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပြောဆိုမှုတွေကို လက်ခံသလို၊ ဆိုးဆိုးဝါးဝါး ဝေဖန်မှုတွေကိုလည်း လက်ခံတယ်။ ကျွန်တော်တို့နိုင်ငံ လက်ရှိသွားနေတဲ့ ပုံစံ၊ ဖြတ်သန်းနေတဲ့ အနေအထားအရ ဘယ်လိုပဲ ကောင်းတာလုပ်လုပ်၊ ဘယ်လိုပဲ ကောင်းတာပြောပြော ဘယ်သူ ပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်း ပဲဖြစ်ဖြစ်၊ အုပ်ချုပ်သူအဖွဲ့နဲ့ ပြည်သူတွေကြားကို ခလောက် ဆန်ချင်တယ်။ ဒီလိုလုပ်ခြင်း အားဖြင့် အမှောင်ခေတ်ကို ပြန်သွားစေချင်တယ်။ အဲဒီလိုမျိုး ဖြစ်စေချင်တဲ့လူတွေ တချို့က ပြည်တွင်း ထဲမှာလည်း ရှိတယ်။ ပြည်ပမှာလည်း ရှိတယ်။ သူတို့ရဲ့ အကွက်ကျကျ ဆွဲယူတွေးတောပြီးတော့ ဝိဝါဒ ကွဲပြားမှုတွေ ဖြစ်အောင် လုပ်ကြတာ။ ကျွန်တော့် ဒီခွေမှ မဟုတ်ဘူး။ ဘာသာရေးဘက်နဲ့ နွယ်ပြီး လုပ်တာတွေလည်း ရှိတယ်။ နိုင်ငံရေးဘက်နဲ့ နွယ်ပြီး လုပ်တာတွေလည်း မြင်နေရတယ်။ အဲဒီအတွက် ကျွန်တော်က ဒီကိစ္စတွေပေါ်မှာ သေချာ လိုက်ရှင်းပြစရာတော့ မလိုပါဘူး။ ပရိသတ်တွေက ကျွန်တော်ပေးချင်တဲ့ Message၊ ကျွန်တော်ပေးချင်တဲ့ ပန်းတိုင်ကို နားလည်ပြီး ကျွန်တော်နဲ့လည်း ရင်ခုန်သံ တူတယ်ဗျ။ အမှောင်ခေတ်ကို ပြန်သွားချင်တဲ့ လူတစ်စုဆီက ထွက်ပေါ်လာတဲ့ ဝေဖန်မှုတွေ အပေါ်တော့ ကျွန်တော့်အနေနဲ့ ဘာမှပြောစရာ မရှိပါဘူး။ အဲဒီလိုဝေဖန်ခြင်းအားဖြင့် သူတို့စိတ်ထဲမှာ အခိုက်အတန့်ပဲဖြစ်ဖြစ် ပေါ့ပါးသွားတယ်ဆိုရင် ကျွန်တော်လည်း ကုသိုလ်ရပါတယ်။

The Voice ။ ။ အခုဆို Facebook လို လူမှုကွန်ရက်တွေကို လက်နက်အဖြစ် အသုံးချပြီး ဝါဒဖြန့်တဲ့ လုပ်ဆောင်မှုတွေလိုမျိုး ရှိလာတဲ့အတွက် Facebook ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို လင်းလင်း သုံးသပ်ပေးပါဦး။
L.L ။ ။ Facebook ကိုတော့ ကျွန်တော်လည်း တစ်ခါတလေ သုံးပါတယ်။ သူ့ရဲ့ ကောင်းကျိုးကတော့ သတင်းမီဒီယာ Website တွေကို Like လုပ်ထားခြင်းအားဖြင့် ဂျာနယ် ထွက်မယ့်ရက် ကိုတောင် သိပ်စောင့်စရာ မလိုတော့ဘူး။ ဘယ်နားလေးမှာ မီးလောင်တယ်ဆိုရင် ချက်ချင်းတက်လာတယ်။ ကျွန်တော် Facebook သုံးရင် ကိုယ် Like လုပ်ထားတဲ့ သတင်း Website တွေကို လိုက်ဖတ်တယ်။ ဆိုးကျိုးကတော့ Facebook မှာ လူအများစုက တခြားနာမည်တွေ၊ ကိုယ့်ရဲ့ဓာတ်ပုံမဟုတ်ဘဲ တခြားတစ်ယောက်ရဲ့ ဓာတ်ပုံတွေနဲ့ သုံးကြတဲ့အခါကျတော့ သူဘယ်သူလဲဆိုတာ ကိုယ်မသိရဘူး။ သူ့စိတ်ထဲမှာ လတ်တလော ခံစားနေရတာတွေ၊ နှစ်ပေါင်းကြာရှည်စွာ ခံစားခဲ့ရတာတွေကို အလွယ်တကူ ရင်ဖွင့်လို့ရတယ်။အဲဒီမှာဆိုးရွားတဲ့၊ မိသားစုဖတ်လို့မရတဲ့ စာသားမျိုးတွေ ပါသွားတာရှိမယ်။ စည်းလွတ်၊ ဘောင်လွတ်တဲ့ စကားလုံးမျိုးတွေ ပါသွားတာ ရှိမယ်။ ဒါတွေကိုတော့ ကျွန်တော်ဆိုးကျိုးလို့ မြင်ပါတယ်။ ဒါတွေကို ဆိုးတယ်လို့ မြင်ပေမယ့် အကောင်းဘက်က ပြန်တွေးရင် ကျွန်တော်တို့ တစ်နိုင်ငံလုံးက နှစ်ပေါင်း ၂၀ ကျော်၊ ခုတင်အောက်ထဲဝင်ပြီး ကျိတ်ဆဲခဲ့ရတာ ဆိုတော့ ဒီလိုပြောလိုက်တဲ့အတွက် သူ့အနေနဲ့ စိတ်ထွက်ပေါက်လေး ရသွားတာပေါ့နော်။ ဒီလိုပြောလိုက်လို့ စိတ်ထွက်ပေါက်ရသွားပေမယ့် စည်းတွေ၊ ဘောင်တွေလွတ်ပြီး ပြောဆိုကြတာကိုတော့ ဆိုးတယ်လို့ မြင်ပါတယ်။

The Voice ။ ။ ဒီစီးရီးထဲမှာ ထူးခြားတဲ့ သီချင်းနှစ်ပုဒ်ဖြစ်တဲ့ သံမဏိလိပ်ပြာနဲ့ အိပ်မက်ထဲက စစ်သားကြီး သီချင်းတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီက ဘယ်လို တုံ့ပြန်သံတွေ ကြားရလဲ။
L.L ။ ။ ကျွန်တော် ပြန်ကြားရသလောက်တော့ ကိုယ့်ကိုကြိုက်တဲ့ ပရိသတ်တွေဆီကပဲ မို့လို့လားတော့ မသိဘူး။ ကောင်းတယ်ဗျ။ ဒါပေမဲ့ သူငယ်ချင်းတွေဆီကနေ တစ်ဆင့် ပြန်ကြားရတဲ့ အမှောင်ခေတ်ကို ပြန်သွားချင်တဲ့ လူတစ်စုရဲ့ ဝိဝါဒ ကွဲပြားစရာတွေနဲ့ ပတ်သက်လို့တော့ ပရိသတ်တွေက အမှန်အတိုင်း ဝေဖန်ပိုင်းခြားနိုင်ဖို့ လိုတယ်။ ကျွန်တော်ကတော့ ကျွန်တော်ရေးခဲ့တဲ့ သီချင်း၊ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်တွေကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ တာဝန်ယူနိုင်တယ်။ ဘယ်လို အခြေမနေမျိုးမှာမဆို၊ ဘယ်လိုပုံစံမျိုးနဲ့မဆို ကျွန်တော်က ဖြေရှင်းရဲတဲ့သတ္တိ အပြည့်ရှိတယ်။ ကျွန်တော် လုပ်ခဲ့တာတွေသည် အဆိုးမြင်တဲ့အနေနဲ့၊ ဝေဖန်ပုတ်ခတ်ချင်တဲ့ စိတ်နဲ့ လုပ်ခဲ့တာ တစ်ခုမှမပါဘူး။ အိပ်မက်ထဲက စစ်သားကြီး သီချင်းဆိုလည်း လူတစ်ဦးနဲ့တစ်ဦး တိုက်ခိုက်သတ်ပုတ်တဲ့ စစ်ပွဲတွေမရှိရင် ကမ္ဘာကြီးက ဘယ်လောက် ပျော်စရာကောင်းမလဲ ဆိုတဲ့ အနာဂတ်လေးကို အိပ်မက်မက်ပြီး ရေးထားတာ။ ဒီသီချင်းက စစ်သားမကောင်းကြောင်း ရေးတာလား။ 

စစ်ပွဲမကောင်းကြောင်း ရေးတာလား ဆိုတာကို ခွဲသိဖို့လိုတယ်။ အမှောင်ခေတ်ကို သွားချင်တဲ့လူတစ်စုရဲ့ ဝိဝါဒကွဲပြားစေမယ့် စကားတွေကို ယုံကြည်ပြီး ဒီသီချင်းက စစ်သားမကောင်းကြောင်း ရေးတာပဲဆိုတဲ့ အမြင်ကို ဆုပ်ကိုင်လိုက်ရင်တော့ အဆိုးဘက်ကို ရောက်သွားမှာပေါ့နော်။ ကျွန်တော်ရေးထားတဲ့ စာသားကတော့ ရှင်းရှင်းလေးပါ။ စစ်ပွဲတွေအားလုံးကို ရပ်ဆိုင်းစေချင်တယ်။ တစ်ကမ္ဘာလုံးမှာ စစ်မဲ့ဇုန်ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ ချိတ်ပြီးတော့ အေးချမ်းတဲ့ ကမ္ဘာသစ်ကြီးဆီကို သွားချင်တဲ့အိပ်မက်နဲ့ ဒီသီချင်းကို ရေးထားတာ။

The Voice ။ ။ လင်းလင်းကိုယ်တိုင်က NLD ပါတီဝင်တစ်ယောက် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု စပ်ဆိုထားတဲ့ သံမဏိလိပ်ပြာ သီချင်းလည်း ဒီစီးရီးမှာ ပါတယ်ဆိုတော့ နိုင်ငံရေး ရပ်တည်ချက် တစ်ခုခုကြောင့် ဒီစီးရီးထုတ်လိုက်တာလို့ ဝေဖန်မှု တွေအပေါ်ရော လင်းလင်း ဘာပြောချင်လဲ။
L.L ။ ။ ကျွန်တော် ဒီစီးရီးကို ထုတ်ရတဲ့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ။ ဒီခွေလေးမှာ ပရိသတ်တွေကို ပြောပြချင်တာတွေ အများကြီးပါတယ်။ စစ်တပ်ပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ်၊ အုပ်ချုပ်သူလူကြီး အသိုင်းအဝိုင်း ပဲဖြစ်ဖြစ်၊ ပြည်သူတွေပဲဖြစ်ဖြစ် ကျွန်တော်တို့တွေအားလုံး လူမျိုးမခွဲ၊ ဘာသာမခွဲဘဲ ချစ်ချစ်ခင်ခင်နဲ့ အားလုံးမျှော်လင့်တဲ့ ပန်းတိုင်တစ်ခုကို သွားရအောင်ဆိုတဲ့ Message တစ်ခုကို ကျွန်တော်ပေးချင်တာ။ ဒီစီးရီးက အဖွဲ့အစည်း တစ်ခုအတွက်၊ လူတစ်စုအတွက်လည်း မဟုတ်ဘူး။ ဒီလိုဝေဖန်မှုတွေက ဒီခွေလေးကို သေချာနားမရှင်းသေးလို့ ထင်တယ်။ ဒီခွေထဲမှာပါတဲ့ စာသားတွေကို သေချာနားထောင် ခံစားလိုက်မယ်ဆိုရင် ကျွန်တော်ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို နားလည်မှာပါ။

The Voice ။ ။ ဒီစီးရီးထဲမှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးဖွဲ့ထားတဲ့ သံမဏိလိပ်ပြာ သီချင်းကို ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ရေးထားတာလဲ။
L.L ။ ။ ကျွန်တော်တို့ အသက်ရှင်နေသရွေ့၊ မြေကြီးပေါ်မှာ ရပ်နေသရွေ့ စိတ်နဲ့တောင် မပြစ်မှားသင့်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မေတ္တာဘွဲ့ တေးတစ်ပုဒ်အနေနဲ့ ဒီသီချင်းလေး ကိုရေးဖွဲ့ထားပါ။ ဒီသီချင်းလေးကို ကျွန်တော့်ပရိသတ်တွေ၊ ဒီသီချင်းလေးကို ကြိုက်တဲ့သူ တွေကြားထဲမှာ ပျံ့နှံ့စေချင်တယ်။ ဒီသီချင်းထဲမှာ သေချာခိုင်မာတဲ့ အမှန်တရားတွေကိုပဲ ကျွန်တော် ရေးဖွဲ့ထားတာ။ ဒီသီချင်းလေးကို ကျွန်တော်တို့ သေပြီးတဲ့နောက်မှာလည်း ကမ္ဘာတည်သရွေ့၊ မြန်မာတည်သရွေ့ ပရိသတ်တွေကြားမှာ ပျံ့နှံ့နေစေချင်တယ်။

The Voice ။ ။ ဒီစီးရီးကိုအားပေးကြတဲ့ ပရိသတ်တွေအတွက် လင်းလင်းဘာပြောချင်လဲ။
L.L ။ ။ ဒီခွေကို အားပေးကြ တဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာတယ်။ ပီတိလည်း ဖြစ်တယ်။ ကျေးဇူးလည်းတင်တယ်။ ကျွန်တော့်အခွေမှ မဟုတ်ဘူး။ တခြားအနုပညာရှင်တွေရဲ့ အခွေတွေကိုလည်း ကိုယ်ကြိုက်တယ်၊ နားထောင်ခံစားချင်တယ်ဆိုရင် ပရိသတ်တွေကို အားပေးပါလို့ မေတ္တာရပ်ခံချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဂီတလောက အခြေအနေက နာလန်မထူနိုင်လောက်အောင် ဖြစ်နေပြီ။ ကျွန်တော့်အခွေကို အားပေးသလို တခြားအနုပညာရှင် တွေရဲ့ အခွေတွေကိုလည်း အားပေးရင် တော်တော်များများ ရပ်တည်သွားနိုင်မယ်လို့ ထင်တယ်။

The Voice ။ ။ လင်းလင်းလုပ်ဖို့ရှိတဲ့ တစ်ကိုယ်တော် Show ပွဲအကြောင်းလည်း ပြောပြပေးပါဦး။
L.L ။ ။ တစ်ကိုယ်တော် Show ပွဲကတော့ ကျွန်တော် ပထမဆုံးအကြိမ် လုပ်မှာပါ။ ဒီ Show ကို ဘဝမှာ မှတ်တိုင်တစ်ခုအနေနဲ့၊ အမှတ်တရ တစ်ခုအနေနဲ့ ကျန်သွားစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်မှာပါ။ ကျွန်တော်မှန်းထားတာတော့ အောက်တိုဘာ၊ နိုဝင်ဘာလောက်မှာ လုပ်ဖြစ်မယ်။ လုပ်မယ့်နေရာနဲ့ ရက်တွေသေချာရင် ကျွန်တော့်ပရိသတ်တွေနဲ့ မီဒီယာတွေကို အသိပေးမှာပါ။ 

(သန့်ဇင်ဦး)
Credit: The Voice Weekly Journal

Tuesday, July 30, 2013

မြို့ပတ်ပြီး အလှပြင်မယ်


အသက်က (၃၀)၀န်းကျင်ဖြစ်လာပြီဆိုတော့ကာ မျက်နှာအသားအရေလေးတွေတင်းရင်းနေမှုကိုလျော့ကျမသွားအောင် မျက်စိ ထောင့်စွန်းက ကျီးခြေရာတွေပိုမဆိုးအောင် မြို့ပါတ်ပြီးဆေးခန်းရှာမယ်။ခန္ဓာကိုယ်တင်းရင်းဖို့ကတော့ Gym သွားပြီး အားကစား နဲ့ထိန်းသိမ်းရတာပေါ့နော် ဟီး ဟီး။အရင်ဆုံး ဆေးခန်းဖွင့်သက်တမ်းကြာပြီဖြစ်တဲ့ Laser Face ကိုသွားကြည့်မိပါတယ် ကျွမ်းကျင်ဆရာဝန်များနှင့် ဦးစီးတယ် ကိုရီးယားနည်းပညာ/လေဆာနည်းပညာတွေနဲ့ ခွဲစိတ်ကုသနိုင်တဲ့အထိဝန်ဆောင်မှုကပေးပါတယ်။ မှဲ့ မှဲ့ခြောက်အစက်အပြောက် မွေးရာပါအမှတ်တွေဖျက်ခြင်း၊ တင်းတိပ် ၀က်ခြံအဖုအကြိတ်အမျိုးမျိုး ဆေးမင်ကြောင်များဖျက် မျက်နှာ ပေါ်ရှိ သွေးကြောမျှင်များ အကြောပြတ်ခြင်းများကိုကုသပေးနိုင်၊ ၀က်ခြံချိုင့်ခွက်များကုသခြင်းတွေ မျက်နှာနှင့် ကိုယ်ပေါ်ရှိ အမွှေးအမျှင်တွေကို အပြီးအပိုင်ဖယ်ရှားပေးခြင်းတွေလည်းလုပ်ပေးသတဲ့။ ကျွန်တော်စိတ်ဝင်စားတဲ့ ခွဲစိတ်ရန်မလိုဘဲမျက်နှာအရေပြားတင်းခြင်းကို Laser Genesis (USA) လေဆာဖြင့် မျက်နှာအရေပြားတင်းခြင်းချွေးပေါက်ကျဉ်းခြင်း အရေပြားနုပျိုအောင်ကုသခြင်းတွေကို တော် တော်လုပ်ပေးနိုင်ပါတယ်။ပြီးတော့လေ ခန္ဓာကိုယ်မှမလိုအပ်သည့်အဆီတွေကို မိနစ်(၃၀)အတွင်း ဖယ်ရှားပေးတဲ့Liposuction (အဆီစုပ်ထုတ်ခြင်း) ကိုလည်းကုသပေးနေတယ်။ အင်း အဆီချပြီး အရေပြားလျော့မနေဘဲတင်းနေတာကိုသာခံစားရစေမယ့် လေဆာဖြင့်အဆီစုဝေးနေမှုကို အမြန်ဖယ်ရှားပေးနိုင်တဲ့ CoolLipo (Laser နည်းပညာဖြင့် အဆီချခြင်း) ကိုလည်းလုပ်ပေးတယ်။ အိုပြောရရင် အများကြီးပဲ….Cosmetic Surgery (Plastic Surgery) ကို ကိုရီးယားနည်းပညာဖြင့် ခွဲစိတ်ကုဆရာဝန်ကြီးများကိုယ်တိုင်သေသပ်လှပသောလက်ရာ သင့်တင့်သောကုန်ကျစရိတ်ဖြင့် စိတ်တိုင်းကျ ခွဲစိတ်ပြုပြင်ပေးတာ အောင်မလေး…မောပါ့။

နောက်တစ်ခါ ထိုင်းမှာလုပ်တဲ့ဝန်ဆောင်မှုအတိုင်းပဲ စိတ်ကျေနပ်စရာကောင်းလိုက်တာဆိုတဲ့ဆေးခန်းလေးတစ်ခုကိုရောက်ခဲ့ပြန်ပါ တယ်။ ဒီဆေးခန်းမှာအားသာတာက ကိုယ်ဘယ်လိုကုသမှုမျိုးကိုလိုချင်တယ်ဘယ်လိုကုထုံးနဲ့သင့်တော်တယ် ဘယ်လိုဈေးနှုန်းနဲ့ ကုသနိုင်တယ်ဆိုတာမျိုးတွေကို အခမဲ့တိုင်ပင်ပြီးမှကုသနိုင်တာပါပဲ။ Dr.Face ပါတဲ့။ လေဆာဖေ့မှာပြောပြခဲ့တဲ့ဝန်ဆောင်မှုတွေလိုမျိုး ဒီဆေးခန်းမှာလည်းအတော်များများရတာကိုတွေ့ရပါတယ်။ ဒီမှာက အရေးအကြောင်းပျောက် Botox ထိုးခြင်း၊Collagen ဖြည့်ခြင်း၊ မခွဲမစိတ်ရဘဲ နှာတံဖော်ခြင်း၊နှာထိပ်ချွန်ခြင်း မျက်နှာပြင်ပိုမိုပြည့်ဖောင်းအောင်ပြုပြင်ခြင်းများ၊မျက်နှာဖောင်းကားနေသူများ V-Shape သွယ်လျအောင်ပြုပြင်ခြင်းများကို ကုသပေးနေတာကအပိုဆောင်းပါတယ်။ရန်ကုန်မှာ ဆိုင်ခွဲသုံးခုလောက် မန္တလေး မြိတ် မကွေးမြို့များ မှာပါ ကျွမ်းကျင်ဝန်ထမ်းများဦးစီးပြီးဝန်ဆောင်မှုပေးနေတာပါ။ ဆရာဝန်ကိုယ်တိုင်ဦးစီးဖွင့်ထားတာဆိုပါတော့။ ကျွန်တော်စိတ်ဝင်စားတဲ့Skin Lifting and Anti-aging Face ကုသမှုမျိုးကိုအသက် ၂၅နှစ်မှ ၃၀နှစ်အတွင်း အမျိုးသားအမျိုးသမီးတွေက သုံးလလျှင်တစ်ကြိမ် ကုသမှုခံယူသင့်ပြီးအသက် ၃၀နှင့်အထက်များသည် တစ်လလျှင် တစ်ကြိမ်ကုသမှုခံယူသင့်သည်ဟုပြောပါသဗျာ။

“အသက်အရွယ်ကြောင့် မျက်နှာတင်မက လက်များတွင်ပါ အရေးအကြောင်းများကြောင့်လက်စွပ်အလှမပေါ်လွင်လို့ စိတ် ညစ်နေ ပါသလား? သတင်းကောင်းပါးလိုပါသည်။ နောက်ဆုံးပေါ်IPL/RF စက်သစ်ကြီးဖြင့် မျက်နှာနှင့် လက်ပါမကျန် အရေးအကြောင်းကင်းပြီး နုပျိုတင်းရင်းသွားစေရန်အချိန်တိုအတွင်း ပြုလုပ်နိုင်ပါပြီ” အဲ့ကြေငြာလေးတွေတော့ အရမ်းစိတ်ဝင်စားသွားမိပြန်ပါတယ်။အဲဒီဆေးခန်း က IPL စက်ကြီးဖြင့် အရေပြားပြန်လည်သစ်လွင်စေခြင်း၊ အမွှေးအမျှင်များဖယ်ရှားခြင်း၊- ဂျိုင်း - နှုတ်ခမ်းမွှေး - ပါးသိုင်းမွှေး - ခြေသလုံး မွှေးနှင့် ခန္ဓာကိုယ်ရှိအခြားအမွှေးအမျှင်များကိုဖယ်ရှားနိုင်တယ်ပေါ့ဗျာဘယ်လိုလဲ?
နောက်ဆုံးတော့လည်း ဈေးနှုန်းသင့်တင့်တဲ့ ဆိုင်တစ်ဆိုင်မှာလုပ်မယ်လုပ်ကိုလုပ်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ် လခထုတ်ရင်ပေါ့ လေ ဟဲဟဲ။ ဆေးခန်းလိပ်စာလေးတွေပြောပြဖို့မေ့နေတယ်…ကဲလာပြီ

(၁)Laser Face (မျက်နှာအရေပြားနှင့် ခွဲစိတ် အထူးကုလေဆာဆေးခန်း)
ဆေးခန်းဖွင့်ချိန် - နံနက်(၁၀း၃၀)နာရီမှ (၅)နာရီအထိ ‘တနင်္လာနေ့တိုင်းဆေးခန်းပိတ်သည်’၁၆(က)၊အင်းလျားရိပ်သာ၊ ကမ္ဘာအေးဘုရားလမ်း၊ရန်ကုန်။ ဖုန်း - ၀၁ ၆၆၄၉၇၂၊၆၅၃၄၂၅

(၂)Dr.Face ဆိုင်ခွဲ အမှတ်-၅အေ၊ မြေညီထပ်၊ ပန်းခြံလမ်းနှင့် စမ်းချောင်းလမ်းထောင့်၊ စမ်းချောင်းမြို့နယ်

ရန်ကုန်အခန်း၅/C, Race Course ကွန်ဒို၊တောင်မြင်းပြိုင်ကွင်းလမ်း၊ YKKO ကြေးအိုးအပေါ်ထပ်၊ တာမွေ၊ဖုန်း- 09-5202781

မန္တလေးအမှတ် (၁၂၀)၊၂၇လမ်း၊ ၇၆ x ၇၇လမ်းကြား၊ Royal City Hotel ဘေး၊ ဖုန်း - ၀၂-၆၄၆၀၉၊၀၉-၄၃၀၂၂၆၅၄

(၃)KEMBANGAN – RADIANT
MEDICAL& AESTHETIC CENTRE
အမှတ် (၃၆၅/၃၆၇) ၊ ဗိုလ်အောင်ကျော်လမ်း(အထက်)၊IHBC ၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။
ဖုန်း-၃၈၉၈၂၄၊၃၉၂၄၈၄၊ ၀၉-၈၀၃၀၁၆၆ ဖက်(စ်) - ၃၉၂၅၉၀

အေအာရ်တီဆေး တိုးမြှင့်ပေးရန် မြန်မာနိုင်ငံ၌ အခက်အခဲရှိ



တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ အတွက် GFATM နှင့် 3MDG Fund တို့မှ အမေရိကန် ဒေါ်လာ သန်း ၁၀၀ နီးပါး ထောက်ပံ့မည်
မြန်မာနိုင်ငံ၏ တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် Global Fund to fight AIDS ,TB and Malaria ( GFATM ) နှင့် Three Millennium Development Goal Fund ( 3MDG Fund) တို့မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ထောက်ပံ့မှု အစီအစဉ်အရ နှစ်တိုစီမံကိန်းဖြင့် ရောဂါသုံးမျိုး ကမ္ဘာ့ရန်ပုံငွေ (GFATM) မှ ၂၀၁၃-၂၀၁၆ ခုနှစ်အတွင်း တီဘီရောဂါအတွက် အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၃ သန်းကို လည်းကောင်း၊ 3MDG Fund မှ တီဘီရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၇ သန်းခန့်ကို ထောက်ပံ့ပေးမည် ဖြစ်သည်။

အစိုးရမှ ထောက်ပံ့ပေးသည့် ရန်ပုံငွေများနှင့် ပြည်ပမှ ရရှိသည့် ရန်ပုံငွေများဖြင့် တီဘီဆေးဝါးများ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ၀ယ်ယူခြင်း၊ ကျေးလက်ဒေသများ၊ ဝေးလံပြီး သွားလာရန် ခက်ခဲသော ပြည်နယ်ဒေသများ၊ တီဘီရောဂါဖြစ်နှုန်း မြင့်မားနိုင်သည့် နေရာများတွင် ရွေ့လျားတီဘီရောဂါ ရှာဖွေကုသရေး အဖွဲ့များဖြင့် ကွင်းဆင်းရောဂါ ရှာဖွေခြင်းများ၊ တီဘီ/အိပ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး လုပ်ငန်းများ၊ ဆေးယဉ်ပါးတီဘီ ကုသမှု လုပ်ငန်းများ စသည့် လုပ်ငန်းများတွင် အသုံးပြုမည် ဖြစ်ကြောင်း အစိုးရက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း တီဘီရောဂါ တိုက်ဖျက်ရေးအတွက် ကျပ်သန်းပေါင်း ၁၂၀၆ အထိ တိုးမြှင့် သုံးစွဲခဲ့ကြောင်း သိရသည်။


အေအာရ်တီဆေး တိုးမြှင့်ပေးရန် မြန်မာနိုင်ငံ၌ အခက်အခဲရှိ

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက နိုင်ငံ အသီးသီးရှိ အိပ်ခ်ျအိုင်ဗီရောဂါ ဝေဒနာ ခံစားနေရသူများအား အေအာရ်တီ ဆေးဝါးဖြင့် ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် တိုးမြှင့် ဆောင်ရွက်ပေးရန် တိုက်တွန်း ထားသော်လည်း အဆိုပါ တိုက်တွန်းချက် အတိုင်း လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံ၌ ခက်ခဲလျက် ရှိသေးကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
နိုင်ငံ အသီးသီးရှိ စီဒီ-၄ ဆဲလ် ၅၀၀ အောက်ရှိ အိပ်ခ်ျအိုင်ဗီပိုးရှိသူ အသက်ငါးနှစ်အောက် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက် မိခင်များ အားလုံးကို အေအာရ်တီ ဆေးဝါးတိုက် ကျွေးရန် လမ်းညွှန်ချက် အသစ်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။

သို့သော် အဆိုပါ လမ်းညွှန်ချက်အတိုင်း ပြောင်းလဲလိုက်နာရန် အတွက် ပြည်တွင်း၌ အေအာရ်တီ ဆေးဝါး မလုံလောက်မှု ပြဿနာကြောင့် စိန်ခေါ်မှု တစ်ရပ် ဖြစ်နေသည်ဟု ကျန်မာရေး ၀န်ကြီးဌာန၏ အိပ်ခ်ျအိုင်ဗီရောဂါ တိုက်ဖျက်ရေး စီမံကိန်းဌာနမှ ဒေါက်တာ ထွန်းညွန့်ဦးက ပြောသည်။

မြန်မာနိုင်ငံ၌ လက်ရှိ အမျိုးသား ခုခံအားကျဆင်မှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်း၏ လမ်းညွှန်ချက်အရ စီဒီ-၄ ၃၅၀ အောက်ရှိ လူနာများအား အေအာရ်တီ ဆေးစတင် တိုက်ကျွေးလျက် ရှိသော်လည်း ၄၃ ရာခိုင်နှုန်းကိုသာ ဆေးဝါးဖြင့် ကုသမှုပေးနိုင်သေးသည်။

"ကျွန်တော်တို့ လမ်းညွှန်ချက် အသစ်ကို လိုက်နာဖို့အတွက် လမ်းညွှန်ချက် အဟောင်းကို ပြန်ပြင် ရေးဆွဲ သုံးသပ်ဖို့ လိုပါတယ်။ အခုလိုရေးဆွဲနိုင်ဖို့ကလည်း အစိုးရဌာနရယ်၊ နိုင်ငံတကာ အဖွဲ့တွေ ပူးပေါင်းပြီး လေ့လာ ဆန်းစစ် သုံးသပ်ချက်တွေ လုပ်ရဦးမှာပါ" ဟု ဒေါက်တာ ထွန်းညွန့်ဦးက ပြောသည်။

စီဒီ-၄ ဆဲလ် ပမာဏသည် အိပ်ခ်ျအိုင်ဗီ ရောဂါဝေဒနာသည်များ အတွက် လူနာ၏ ခုခံအားစနစ်ကို တိုင်းတာသော သွေးဖြူဥဆဲလ်များဖြစ်ပြီး အိပ်ခ်ျအိုင်ဗီပိုးများ ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်သည့် အခါတွင် မျိုးပွားခြင်း  လုပ်ငန်းများအတွက် သွေးဖြူဥဆဲလ်များသည် တိုက်ခိုက်ခံရပြီးနောက် ပျက်စီး သေဆုံးစေပြီး ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ပျက်စီးစေကာ အခြား ရောဂါပိုးများကို ၀င်ရောက်စေသည်။

မြန်မာနိုင်ငံ၌ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ၂၀၁၀ ပြည့်နှစ်က လမ်းညွှန်ချက်အတိုင်း ၂၀၁၂ ခုနှစ်တွင် အမျိုးသား စီမံကိန်းကို အသစ်ပြင်ရေးဆွဲပြီး စီဒီ-၄ ပမာဏ ၃၅၀ အောက်ရှိ လူနာများအား အေအာရ်တီဆေး စတင် တိုက်ကျွေးလျက်ရှိသည်။ သို့သော်လည်း အေအာရ်တီဆေး လိုအပ်နေသည့် လူနာ ၁၂၅,၀၀၀ ရှိသည့်အနက် လူနာအများစုမှာ ဆေးဝါးဖြင့် ကုသမှုထောက်ပံ့ပေးရန် လိုအပ်လျက်ရှိနေကြောင်း ဒေါက်တာ ထွန်းညွန့်ဦးက ပြောသည်။

"အေအာရ်တီဆေး မသောက်ရသေးတဲ့ လူနာ ၇၀,၀၀၀ ကျော် လောက်ရှိနေပါသေးတယ်" ဟု ၎င်းကပြောသည်။ ကျန်းမာရေး ၀န်ကြီးဌာန၏ ၂၀၁၃ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံရှိ အိပ်ခ်ျအိုင်ဗီ ပိုးရှိလူနာ ၅၀,၀၀၀  ကျော်သည် အေအာရ်တီဆေး ကုသမှုကို လက်ခံရရှိပြီး ထိုအထဲမှ ၅,၀၀၀ ကျော်သည် ငါးနှစ်အောက် ကလေးငယ် များဖြစ်ကာ ၇၀၀ ကျော်သည် ကိုယ်ဝန်ဆောင် မိခင်များ ဖြစ်သည်။ နယ်စည်းမခြား ဆရာဝန်အဖွဲ့၏ အကြီးအကဲ Mr.Peter Paul De Grooteက အိပ်ခ်ျအိုင်ဗီ ရောဂါ ဝေဒနာသည်အများစုမှာ ဆေးဝါးထောက်ပံ့မှုရရန် လိုအပ်လျက် ရှိနေသေးကြောင်း ထောက်ခံ ပြောကြားသည်။
နယ်စည်းမခြား ဆရာဝန်များ အဖွဲ့သည် နိုင်ငံတကာ အစိုးရ မဟုတ်သည့် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး လက်ရှိတွင် ရောဂါပိုး ကူးစက်ခံနေရသော လူနာ ၃၀,၀၀၀ ကျော်အား ဆေးကုသမှုလုပ်ငန်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့၌ အခမဲ့ ၀န်ဆောင်မှုပေးလျက်ရှိသည်။ အေအာရ်တီဆေး ပိုမိုထောက်ပံ့ပေးရန် အတွက် ရန်ပုံငွေ ရရှိမှုသည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု တစ်ခုဖြစ်သည်။

ပြီးခဲ့သည့်လတွင် Global Fund (ကမ္ဘာ့ကျန်းမာရေး ရန်ပုံငွေအဖွဲ့) က အိပ်ခ်ျအိုင်ဗီ ၊တီဘီနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၁ သန်း တိုးချဲ့ထောက်ပံ့မှု အသစ်ကို ၂၀၁၆ နှစ်ကုန်အထိ ထပ်မံရရှိခဲ့သည်။ အဆိုပါငွေကြေးထောက်ပံ့မှုသည် အေအာရ်တီဆေးလိုအပ်သူ လူနာ ၁၀၆,၀၀၀ အား ဆေးဝါး ထောက်ပံ့ပေးနိုင်ပြီး ခန့်မှန်းခြေအားဖြင့် လူနာ ၈၅ ရာခိုင်နှုန်းအထိ ဆေးဝါး ထောက်ပံ့ပေးနိုင်သည်ဟု Mr.Peter Paul De Groote ကပြောသည်။

ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသော ဒေါ်ဖြူဖြူသင်း၏ အိပ်ခ်ျအိုင်ဗီရောဂါ စောင့်ရှောက်ရေး ဂေဟာတွင် နေထိုင်သူ ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှ ဝေဒနာရှင် တစ်ဦးက ကျေးလက်တောရွာဒေသတွင် နေထိုင်သူများ အတွက် အေအာရ်တီ ဆေးဝါးရရှိရန် ခက်ခဲပြီး အချို့မှာ မြို့ပေါ်တက်ကာ ဆေးယူရန် လမ်းစရိတ် မရှိကြကြောင်း ပြောသည်။

"ကျွန်မ လွန်ခဲ့တဲ့လက မြို့နယ် ဆေးရုံမှာ ၀မ်းလျှောလို့ ဆေးရုံတက်ရင်း သွေးစစ်ကြည့်တော့မှ ရောဂါရှိမှန်း စသိတာပါ။ သိသိချင်း ဆရာဝန်က ရန်ကုန်ကို အေအာရ်တီ ဆေးသောက်ဖို့ လွှတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့မြို့မှာ ဆေးမရနိုင်ဘူးလို့ ပြောတယ်" ဟု ၎င်းက ပြောသည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါ်ဖြူဖြူသင်းက "ကျွန်မ ဆီကို ရောက်လာတဲ့ လူနာအများစုကတော့ စီဒီ-၄ ၂၀၀ အောက်မှ ရောက်လာကြတဲ့ လူနာတွေများပါတယ်။ အဲဒီလို လူနာတွေဆိုရင်တော့ ကျွန်မက နယ်စည်းမခြား ဆရာဝန်အသင်းရဲ့ သဇင်ဆေးခန်းနဲ့ အစိုးရဆေးရုံကို တင်ပေးပါတယ်" ဟု ပြောသည်။

မြန်မာတိုင်း(မ်) - အေအာရ်တီဆေး တိုးမြှင့်ပေးရန် မြန်မာနိုင်ငံ၌ အခက်အခဲရှိ

Sunday, July 28, 2013

အံ့ဖွယ် အိုင်တီ ဝင်ငွေရှင်များ


အံ့ဖွယ် အိုင်တီ ဝင်ငွေရှင်များ
Google
တစ်စက္ကန့်မှာ Google ရဲ့  ဝင်ငွေက ၆၉၁.၂၇ ဒေါ်လာ ရှိပါတယ်။ ပျမ်းမျှအား ဖြင့် နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၁ ၈၀၀ ၀၀၀ ၀၀၀ ရှိပါတယ်။
ဟုတ်ကဲ့။ ဒီပိုစ့်ကို ဖတ်ဖို့ အချိန် ၅ စက္ကန့်လောက်ပေးရပါလိမ့်မယ်။ ယင်း ၅ စက္ကန့်အတွင်း Google ရဲ့  ဝင်ငွေဟာ ၃၄၅၆.၃၄ ဒေါ်လာ ဝန်းကျင်ဖြစ်သွား ပါမယ်။

Bill Gates
ဘီလ်ဂိတ်ဟာ နိုင်ငံပေါင်း ၁၄၀ ထက် ချမ်းသာပါတယ်။
ဘီလ်ဂိတ်သာ သူ့စီးပွားရေးတွေ အားလုံး ရပ်တန့်ပြီး တစ်ရက်ကို ကန်ဒေါ်လာ ၁၀ သန်း ငွေသုံးရင်တောင် နှစ်ပေါင်း ၇၃၅ နှစ်စာ လုံလောက် ပါတယ်။ သို့ပေမယ့် ဘီလ်ဂိတ် အလုပ်လုပ်နေဆဲပါပဲ။
-
Ref:rarefacts

Facebook ရှယ်ယာဈေးမြင့်တက်

Facebook ရှယ်ယာဈေး စံချိန်တင်မြင့်တက်သွားကြောင့် သိရပါတယ်။ တစ်ရှယ်ယာကို
၃၂ ဒေါ်လာနဲ့ Facebook တို့ တင်ခဲ့သမျှ ရှယ်ယာထဲမှာအမြင့်ဆုံး ဈေးနှုန်းဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလက တစ်ရှယ်ယာကို ၁၇.၅ ဒေါ်လာသာ ရှိခဲ့ရာကို တစ်လထပ် တစ်လ တစ်ဆဆ မြင့်တက်လာခြင်း ဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ မိုဘိုင်းဖုန်းနဲ့ Facebook အသုံးပြုသူ အရေအတွက် ပိုမိုတိုးတက်လာခြင်းကြောင့် လည်း ပါဝင်ပါတယ်။ ယခု ဒုတိယ ၃ လပတ်ကာလရဲ့  စစ်တမ်းအရ Facebook ရဲ့ ဝင်ငွေစုစုပေါင်း ၄၁ ရာခိုင်နှုန်းကို မိုဘိုင်းဖုန်းမှတစ်ဆင် အသုံးပြုသူများထံမှ ရရှိခဲ့ပါတယ်။ ကြော်ငြာမှ ရရှိမှုပါ။ ငွေကြေးအရ ကြည့်လိုက်ရင် အမေရိကန်ဒေါ်လာ သန်း ၆၅၆ သန်းရှိပြီး စံချိန်တင်ငွေကြေးပဲ ဖြစ်ပါတယ်။ Facebook အသုံးပြုသူကလည်း ပိုမိုပြီး တိုးတက်လာပါတယ်။
 ဒါကြောင့် Facebook ရဲ့  ရှယ်ယာဈေးနှုန်းဟာ အနာဂတ်မှာလည်း ပိုမို တန်ဖိုးမြင့်မားလာဖို့သာ ရှိတယ်လို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။
Ref:mashable

နိုင်ငံတကာမှာ Network အင်ဂျင်နီယာ ဒီလိုရှိတယ်

Network အင်ဂျင်နီယာကတော့ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ကွန်ပြူတာ ရှိရင် Network အင်ဂျင်နီယာဆိုတာ ရှိလာရပါတယ်။ ဒီတော့ နိုင်ငံတကာမှာ Network အင်ဂျင်နီယာလို့ Roll ဘယ်လိုရှိတယ်ဆိုတာက အကျဉ်းချုပ် မျှဝေ ပါ့မယ်။

End User တွေမှာ
End User ဆိုတာ Network ပစ္စည်းများကို မဖြစ်မနေ ကိုင်တွယ် လုပ်နေရတဲ့၊ သို့မဟုတ် ဝယ်သုံးနေတဲ့ ကုမ္ပဏီများကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဆိပ်ကမ်း၊ ဆေးရုံ၊ စီးပွားရေးရုံး၊ ဘဏ်တို့မှာဆိုရင် Network ပစ္စည်းများကို တပ်ဆင်ပါတယ်။ ယင်း ပစ္စည်းများကို လည်ပတ်ရန်၊ ထိန်းချုပ်ရန်အတွက် နိုင်ငံတကာမှာ Network အင်ဂျင်နီယာများကို တစ်သီးတစ်သန့် ထားပါတယ်။

Service Provider တွေမှာ
ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီများ အနေနဲ့ပေါ့။ ဥပမာ - နိုင်ငံတကာမှ Telecommunication ကုမ္ပဏီများ၊ Networking Service ကုမ္ပဏီများ၊ အင်တာနက် ကွန်ရက်ချိတ်ဆက်ဖန်တီးပေးသော ကုမ္ပဏီများ ဖြစ်ပါတယ်။ သူတို့က End User/ Customer များအတွက် Network ဝန်ဆောင်မှုနဲ့ ပစ္စည်း များကို ရောင်းချပေးပါတယ်။ ဒီမှာလည်း Network အင်ဂျင်နီယာ များရဲ့ ပါဝင်မှုက အရေးအကြီးဆုံး အစိတ်အပိုင်းမှာ၊ Network မှာတောင် ကြိုးမဲ့၊ တယ်လီဖုန်း၊ ဗီဒီယို၊ လုံခြုံရေး အစရှိသဖြင့် အများအပြား ထပ်ကွဲ နေသေးလို့ ပေးစွမ်းတဲ့ ဝန်ဆောင်မှု အလိုက် Network Engineer အမျိုးအစား များစွာ လိုအပ်ပါတယ်။

Product Supplier တွေမှာ
Cisco, Juniper, Huawei, HP အစရှိတဲ့ ကမ္ဘာကျော် Network ပစ္စည်း ထုတ်တဲ့ ကုမ္ပဏီများမှာ ဖြစ်ပါတယ်။ Service Provider များက ဝယ်မယ်၊ သို့မဟုတ် End User များက တိုက်ရိုက်ဝယ်မယ်ဆိုရင် ပစ္စည်းတွေ ရောင်း ချ ပေးရတာပါ။ ဒီအတွက် ထုတ်ကုန်တွေ ဖန်တီးမှုအတွက် Network အင်ဂျင်နီယာများ လိုအပ်ပါတယ်။

အနာဂတ် နဲ့ Network Engineer
ကွန်ပြူတာနဲ့ နည်းပညာပစ္စည်းများ ရှိနေသေးသရွေ့  Network Engineer များက လိုအပ်စမြဲပါ။ ကွန်ပြူတာ တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ဖို့ လိုအပ်လာရာကနေ ကမ္ဘာအရှေ့ ခြမ်းနဲ့ အနောက်ခြမ်း ဆက်သွယ်လို့ရအောင် Network Engineer များက ကြိုးစားဖန်တီးပေးနေ ရတဲ့ အတွက် အနာဂတ်မှာ လိုမြဲတိုင်း လိုအပ်နေမယ့် အိုင်တီပညာရှင်နဲ့ ပညာအမျိုးအစားပဲ ဖြစ်ပါတယ်။
.
ရိုးရာလေး နည်းပညာ

Saturday, July 27, 2013

ကျန်းမာရေးအမေးအဖြေ (၁၃၅) နှင့် သတင်းလေးတစ်ခု



HIV ရောဂါ ကာကွယ် တိုက်ဖျက်ရေး ပညာပေး ဆွေးနွေးပွဲ တာချီလိတ် မြို့၌ ကျင်းပ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့၌ ယမန်နေ့ (21.7.2013) ညနေ ၃ နာရီ မိနစ် ၂ဝ က မိုင်းဖုန်း (ခ) အုပ်စု ဝှေလေလန် ကျေးရွာ၌ HIV ရောဂါ ကာကွယ် တိုက်ဖျက်ရေး ပညာပေး ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေး ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတား United Nations International Children Emergency Funds (UNICEF) ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ ရုံးမှ HIV ရောဂါ ကာကွယ် တိုက်ဖျက်ရေး တာဝန်ခံ အရာရှိ ဒေါက်တာ ပပဝင်းထင်နှင့် တာချီလိတ် မြို့ရှိ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းရုံး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနနှင့် ကျန်းမာရေး ဦးစီးဌာနမှ တာဝန် ရှိသူများ ပူးပေါင်း၍ HIV ရောဂါ ကာကွယ် တိုက်ဖျက်ရေး ပညာပေး ဆွေးနွေး ဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

အမေးအဖြေ (၁၃၅) ( ၁၈ နှစ်ပြည့်မှ ဖတ်ပါ)
 
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါအတွက် မေးခွန်း-အဖြေတွေကို အချိန်မအားလို့ တင်မပေးနိုင်တာ အတော်ကြာသွားပြီ။ အခုကြိုးစားပြီး ပြန်တင်ပါတယ်။ 

အမေး။ ကျွန်တော်တို့ သိချင်တာက (၁) အခု ကိုယ်ဝန်လနုချိန် (၂ လလောက်) မှာ Ultrasound ရိုက်လို့ ရ/မရ (ပျက်သွားမှာ စိုးလို့ပါ) (၂) အဖြူဆင်းနေတာက ကိုယ်ဝန်အတွက်ရော လူကြီးအတွက်ပါ ထိခိုက်မှု ရှိနိုင် /မရှိနိုင်ကို သိချင်လို့ပါ။ ဆေးစစ်ထားတဲ့ Result တွေနဲ့ OG ပြထားတာတွေကို တွဲပြီး ဆရာ့ဆီ ပို့ပေးလိုက်ပါတယ်။
အဖြေ။ ၁။ Ultrasound က ကိုယ်ဝန်ကို ဘာမှ မဖြစ်စေပါ။
၂။ အဖြူဆင်းတာ အကြောင်းခံ အမျိုးမျိုးရှိတယ်။ အလွယ်ဆုံးက Metronidazole tablet တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇ ရက်သောက်ပါ။
၃။ EDD ခန့်မှန်းမွေးမဲ့ရက်က ၈-၃-၁၄ ဖြစ်ပါမယ်။
၎။ ကိုယ်ဝန် အတွက်စာတွေ အများကြီး ရေးထာတာရှိပါတယ်။ စိတ်ဝင်စာရင် ဖတ်နိုင်ပါတယ်။

အမေး။ ကျွန်တော့်ကောင်မလေးနဲ့ အတူနေတာ ၁.၇.၂ဝ၁၃ နေ့ကပါ။ သူ ရာသီလာမဲ့ ရက်က ၁၉ ရက်နေ့ပါ။ ဒါပေမဲ့ သူ ရာသီ မလာဘူးဖြစ်နေတယ်။ ရာသီကျော်နေတယ်။ ရာသီလာချင်တဲ့ လက္ခဏာတော့ ပြပါတယ်။ ဘာတွေလဲ ဆိုတော့ ဗိုက်အောက်တယ်။ ခါးကိုက်တယ် ဆီးစပ် နာတယ်။ ရင်သားတင်းတယ်။ အဲ့လိုတွေသာ လက္ခဏာ ပြပြီးတော့ ဘာမှ မထူးခြားလာပါဘူး။ အဲ့ဒါ ကျွန်တော်တို့ ဘယ်လို လုပ်ရမှန်းလဲ မသိပါဘူး။ ကျွန်တော်တို့ အတူနေတုန်းက ကျွန်တော်တို့ ကွန်ဒုံး မသုံးပဲနဲ့ ဆက်ဆံမိတာပါ အဲ့ဒါကြောင့် ကျွန်တော်လဲ ဘာလုပ်ရမှန်း မသိပါဘူး ဆရာ။
အဖြေ။ Urine for pregnancy test ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်ပါ။
ကိုယ်ဝန် မလိုချင်သေးရင် စနစ်တကျ တားဆေး-တားနည်းသုံးပါ။

အမေး။ သမီးအသက် ၂၇ ပါ။ အခု ဒုတိယကိုယ်ဝန် 6 လ (23 ပတ်) ထဲမှာပါ။ အမွှာ ကိုယ်ဝန်ပါ။ ခြေထောက်တွေရောင်နေလို့ စိုးရိမ်ရလားရှင်။ ပထမ သားဦးတုန်းက ကိုယ်ဝန် ၇ လ (၂၈ ပတ်) နဲ့ စောမွေးထားဖူးလို့ ကလေးက အသက်မရှင် ပါဘူး။ ၂ ရက်ပဲ ခံပါတယ်။ အခု ဒုတိယ ကိုယ်ဝန်မှာ စောမွေးနိုင်ပါသလားရှင်။ စောမွေးမှာ ကြောက်လို့ပါ။ အနေအထိုင်၊ အသွားအလာ အားလုံး ဂရုစိုက်ပါတယ်။ ဗိုက်ကတော့ တော်တော်လေးတင်းပြီ တစ်ခါတစ်ခါ နာပါတယ်။ ညဆိုလည်း အိပ်လို့ သိပ်မပျော်ပါဘူး။ ကလေးလည်း အရမ်းလှုပ်ပါတယ်။ ကိုယ်ဝန်လစေ့အောင် ဘယ်လိုလုပ်ရမလဲရှင်။
အဖြေ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်ရောင်တတ်သူ များတယ်။ (၁) ဆီးစစ်ရမယ်။ (၂) သွေးဖိအား တိုင်းရမယ် ဆီထဲမှာ အနယ်ပါရင်၊ သွေးဖိအားများရင် ဆေးလိုမယ်။ အငန်လျှော့ဖို့နဲ့ မတ်တတ်ရပ်တာနည်းစေဘို့ လိုမယ်။ ကလေးတခါ စောမွေးဘူးတိုင်းတော့ အမြဲ စောမမွေးပါ။ ဒါပေမဲ့ OG ပြသင့်တယ်။ ကိုယ်ဝန်ကို အပ်ထားပါ။ ကာကွယ်ဆေး ၂ ခါထိုးပါ။ ဆရာရေးတာတခု ဖတ်ပါ။

အမေး။ သမီး သိချင်တာလေးကို မေးချင်လို့ပါ။ လိင်ဆက်ဆံတာ မဟုတ်ဘဲ (မရိုသေစကား အမျိုးသား အဂါင်္က သုပ်ရည် ပါးစပ်ထဲဝင်ရုံနဲ့ တစုံတခုဖြစ်နိုင်ပါသလား) လက်မှာပေနေပြီး ယောနိထဲမှာ လက်နဲ့ လိင်ဆက်ဆံသလိုမျိုး လုပ်ရင်ကော ကိုယ်ဝန် ရနိုင်ပါသလားရှင်။ ရာသီလဲ မလာလို့ပါရှင်။
အဖြေ။ ယောက်ျားသုက်ရည် ပါးစပ်ထဲဝင်တာကနေ ဘာမှ မဖြစ်ပါ။ မျိုချလဲ မဖြစ်ပါ။ ဒါပေမဲ့ ယောက်ျားလေးလိင်အင်္ဂါမှာ ကူးစက်ရောဂါ ကင်းရမယ်။ မိန်းကလေး ပါးစပ်၊ နှုပ်ခမ်းမှာလဲ အနာအဆာ ကင်းရမယ်။ သုက်ရည်ဟာ ကိုယ်ထဲကနေ ထွက်လာပြီး ကြာကြာမရှင်ပါ။ သူနေတဲ့ ဝန်ကျင်အပေါ်မူတည်ပြီး အသက်ရှင်ပါတယ်။ လက်မှာပေနေတာက မိန်းကလေးရဲ့ မိန်းမကိုယ်ထဲဝင်ရင် ကိုယ်ဝန် % ပြည့် မရဘူး၊ ရတယ် ပြောမရပါ။ အခြေအနေ တခုခြင်းကို ကြည့်ရမယ်။ မိန်းကလေးဟာ ကိုယ်ဝန်ရနိုင်တဲ့ ရက်ဖြစ်ရမယ်။ အဲဒီ လမှာလဲ မျိုးဥထွက်ရမယ်။ ဗဂျိုင်းနားထဲရောက်နေမဲ့ သုက်ပိုးတွေက သားအိမ်အဝကနေ သားအိမ်ထဲဝင်သွားမယ်၊ သုက်ပိုးတွေကလဲ ရှင်သန်၊ သန်မာ၊ များပြားမှသာ ကိုယ်ဝန်ရပါမယ်။ ပို့တဲ့ လင့်ခ်ကစာတွေကို ဖတ်နိုင်ပါတယ်။

အမေး။ ကျနော့မိန်းမက ၂၇ နှစ်ပါ။ ကိုယ်ဝန်ဆောင် တားဆေးစားနေပါတယ်။ ဆေးနာမည်က yasmin ပါ။ ၂၁ လုံး ပါရှိပါတယ်။ ရာသီစလာရက်ကစပြီး သောက်ရတာပါ၊ ၁၄ လုံးမြောက်နေ့မှာ ဆေးသောက်ပြီး နာရီဝက်ခန့်အကြာမှာ အစာမကြေလို့ အန်တယ်၊ ဆေးပါသွားသလား မပါသွားဘူးလားဆိုတာ မသိလိုက်ရပါ၊ မည်သို့ တားဆီး ကာကွယ်ရမည်ကို ညွန်ကြားပေးစေလိုပါတယ်။
အဖြေ။ Birth Control pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု
အမေး။ ဆရာ 1 ရက်နေ့မှာ ရာသီလာပြီး နောက်လ ၁ ရက်နေ့မှာ ရာသီလာသူတွေမှာ ရာသီလာပြီး ၁၁ ရက်အတွင်း လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူးဆိုတာ ဟုတ်ပါသလား ဆရာ။ တစ်ချို့က ၇ ရက်အတွင်းလို့ ပြောပါတယ်။ ဘယ်ဟာ အမှန်ပါလဲ ဆရာ။ ကျွန်တော် ၉ ရက်နေ့က ဆက်ဆံမိလို့ပါ။ အရေးပေါ် တားဆေးသောက်ဖို့ လိုပါသလား။ ထို ၁၁ ရက်အတွင်း လိင်ဆက်ဆံရင် ကိုယ်ဝန် လုံးဝမရနိုင်ခြေ % ဘယ်လောက်ရှိပါသလဲ။ စိတ်ချရပါသလား ဆရာ။
အဖြေ။ ၁၁ ရက်အထိ မရပါ။ ပို့တဲ့စာကို ဖတ်ကြည့်ပါ။

Calendar method ပြက္ခဒိန်နည်း
အမေး။ ကျွန်တော့ အသက် ၂၈ နှစ်ရှိပါပြီ၊ ယောက်ျားလေး တစ်ယောက်ပါ။ အိမ်ထောင်နဲ့ပါ။ ရန်ကုန်မှာ နေပါတယ်။ အိမ်ထောင်ကျတာတော့ နှစ်လလောက်ပဲ ရှိပါသေးတယ်။ နားနဲ့မနာ ဖဝါးနဲ့ နာပါ ဆရာ။ ကျွန်တော်မိန်းမနဲ့ အတူတူ နေပြီးတိုင်း ပြီးသွားတာနဲ့ ကျားအင်္ဂါ တစ်လျှောက်လုံး နာနေပါတယ်။ နောက်ထပ် အတူနေလို့လဲ မရလို့ပါ။ အဲဒီလိုဖြစ်နေတာ ၂ နှစ်ခွဲလောက်ရှိပါပြီ၊ အိမ်ထောင်မရှိတော့ တခါတစ်လေ ဖြစ်တာပါဆိုပြီးတော့ ပေါ့ပေါ့နေမိတယ်။ လွန်ခဲ့တဲ့ ခြောက်လလောက်ကတော့ ဆီးပိုးဝင်တယ် ဆိုပြီး ဆေးခန်း သွားပြလို့ ဆေးသောက်ခဲ့ရပါတယ်၊ ဆေးခန်း နှစ်ခေါက် သုံးခေါက်လောက်သွားတယ်၊ ဆေးတွေပဲသောက်ရပြီး မသက်သာတာနဲ့ ဆက်မသွားဖြစ်တော့ဘူး။ အခု အိမ်ထောင်ပြုလိုက်တော့မှ သိလာရတယ် ဆရာ။ ဆေးခန်းလဲ ထပ်မသွားဖြစ်ပါဘူး။
အဖြေ။ ဆီးလမ်းပိုးဝင်တာ ပျောက်ရင် ကောင်းသွားမှာပါ။ မပူပါနဲ့။ စာတပုဒ်ပို့လိုက်တယ်။ ဆေးတပါတ်လည်လို့ မပျောက်သေးရင် ဆေးပြောင်း ရမယ်။ ဆေးတွေ က နိုင်ပါတယ်။ လိုသေးရင် မေးပါ။
Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင်

အမေး။ ကျနော့်ကောင်မလေးက အခု အသက် နှစ်ဆယ့်တစ်နှစ် ပြည့်ပြီးပါပြီ။ အခု ၇ လပိုင်း ၁၇ ရက်နေ့က မမျှော်လင့်ပဲ ကျနော်တို့နှစ်ယောက် နယ်ကျွံမလို ဖြစ်မိပါတယ်။ ကျနော့် penis နဲ့ သူ့ virgina နှစ်ခု ကြားမှာတော့ အဝတ်ပါပါတယ်။ ထိမိပါတယ်။ အထဲထိတော့ မရောက်ပါဖူးခဗျာ။ ဒါပေမယ့် အဲ့အချိန်မှာ ကျနော့် penis က သုက်တခါ လွှတ်ထားပါတယ်။ ပြောင်အောင်စင်အောင်လည်း သုတ်ထားပါတယ်။ အခု သူကပြောပါတယ်ဆရာ အရင်က ရက်နှစ်ဆယ်ကျော်ရင် ရာသီလာပါတယ်။ ဒါပေမယ့် အခု ၂၃ ရက်ထိ ရှိတာတောင် မလာသေးတဲ့အတွက် သူလည်း စိတ်ပူနေပါတယ်။ ကျနော်တို့ ထိမိကပ်မိတဲ့ အတွက်များ သန္ဓေအောင်နေတာပါလား။ ဒါမှမဟုတ် ထန်းသီးကြွေခိုက် ကျီးနင်းခိုက် နောက်ကျနေတာပါလား။ ဘာလို့ဆို သူ့နောက်ဆုံးရက်က ၂၈ ရက် လောက်ထိ နောက်ကျတတ်လို့ပါ။
အဖြေ။ ပြောတဲ့ အတိုင်းနဲ့တော့ ကိုယ်ဝန်မရစေနိုင်ပါ။ သုက်ရည်က မိန်းကလေး ဗဂျိုင်းနားထဲကို ဝင်မှသာ ရနိုင်ပါတယ်။ ရာသီလာရမဲ့ ရက်ထက် တပါတ်ကျော်လို့မှ မလာရင် သေချာအောင် ဆီးစစ်နိုင်ပါတယ်။

အမေး။ Lichen mitidus က ဘာရောဂါပါလဲ ကူးတက်ပါသလားဆရာ ဘာတွေက တဆင့် ကူးလဲသိခြင်ပါတယ်။
အဖြေ။ Lichen nitidus ဆိုတာ နာတာရှည် အရေပြားရောဂါ တမျိုးဖြစ်တယ်။ ရှားတယ်။ ဘာလို့ဖြစ်သလဲ မသိနိုင်သေးဘူး။ ကလေးတွေနဲ့ လူရွယ်တွေမှာ အဖြစ်များတယ်။ ၁-၂ မီလီမီတာကြီးတဲ့ အကွက်လေးတွေ ရှိမယ်။ အသားညို သူတွေမှာ ခပ်ဖြူဖြူနေမယ်။ မနာဘူး၊ တခါတလေမှသာ ယားမယ်၊ တခါတလေ အရေခွံ ကွာသလိုဖြစ်မယ်။ အရေပြားမှာသာ အဓိဖြစ်ပေမဲ့ ကျားလိင်အင်္ဂါမှာလဲ ဖြစ်နိုင်တယ်။ ဆေးကုဘို့ဆိုတာလဲ တိတိကျကျမရှိဘူး။
topical and systemic steroids စတီရွိုက်စားဆေး-လိမ်းဆေး၊ topical tacrolimus လိမ်းဆေး၊ cetirizine စားဆေး၊ levamisole, etretinate, acitretin, itraconazole, cyclosporine စားဆေး၊ dinitrochlorobenzene လိမ်းဆေး၊ psoralen plus UV-A light နဲ့ narrow-band UV-B light အလင်းရောင် ကုသနည်းတွေ သုံးတယ်။

အမေး။ ကျွန်တော့် မိန်းမ ကိုယ်ဝန် ၃ လရပါပြီ။ ခုသွေးနဲနဲ ဆင်းနေပါတယ်။ ၃ စက်လောက်ပါ။ အဲ့ဒါစိုးရိမ် ရပါသလား။ ပုံမှန်လားဆိုတာ ရှင်းပြပေးပါအုံး။
အဖြေ။ မစိုးရိမ်ပါနဲ့အုံး။ နားပါ။ ဆေးရုံတက်နေရသလို နားပါ။ ဆင်းတာ များလာရင်တော့ ဆရာဝန်ပြပါ။

Pregnancy and Bleeding During Early Stage ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း
အမေး။ ရာသီလာနေသော ကာလတွင် ဆက်ဆံပါက ကိုယ်ဝန်ရနိုင်ပါသလား။ အမြန်ဖြေပေးစေလိုပါသည်။ ဆက်ဆံပြီး ချိန်တွင်လည်း ရာသီဆက်လာပါသည်။
အဖြေ။ Calendar method ပြက္ခဒိန်နည်း

အမေး။ ကျွန်တော်မိန်းမက ကလေးမွေးပြီးတာ ၁၂ ရက်ပဲရှိသေးတယ်ဆရာ ဗိုက်ခွဲမွေးတာပါ ဒီနေ့ထိ သွေးဆင်းတယ်ဆရာ။ ကျွန်တော်တို့ အတူတူနေမိတယ်ဆရာရယ် ကိုယ်ဝန်ရနိုင်မလားဆရာ။ အရေးပေါ်တားဆေး သောက်လို့ရလားဆရာ။
အဖြေ။ သွေးကတော့ အနည်းဆုံး ၁၅ ရက်အထိဆင်းမယ်။ တလခွဲအထိ အကာအကွယ်မပါဘဲ အတူနေပေမဲ့ ကိုယ်ဝန်မရစေပါ။ ၄၅ ရက်နောက်မှာ တားနည်း-တားဆေး စနစ်တကျသုံးပါ။ ဆရာရေးထားတာတွေရှိပါတယ်။
Pregnancy and Sex (3) ကလေးဖွါးပြီး အတူနေခြင်း

အမေး။ ကျွန်တော့သားမှာ အသက် ၂ နှစ် ကျော်ပါပြီ။ သိချင်တာ ၂ ခုရှိ လို့ပါ။ ကလေးတွေ ဘယ်အချိန် စကားစ ပြောတတ်ပါသလဲ။ ကျွန်တော့သားက ခုထိ စကားမပြောသေးလို့ပါ။ နောက်တခုက ကလေးက အိပ်ချင်လာရင် လူတွေပေါ် အတင်းတက်ပါတယ်။ ပြီးရင် အတင်းလူကို ဖက်ခိုင်းပြီး သူ့ဒူးနဲ့ တိုက်ပါတယ်။ အခုနောက်ပိုင်း သတိထားမိ လာတာက အဲဒီအချိန်မှာ သူ့ဂျိုးက ထောင်နေတာပါ။ ဖြစ်တတ်တဲ့သဘာဝလား။ ဘာလုပ်လို့ရမလဲ သိချင်လို့ပါ။ တခါတုန်းက ဒေသန္တရဆေးခန်းက ဆရာဝန်ကတော့ ပြောဘူးပါတယ်။ ကလေးဂျိုး အရည်ပြား ရှည်နေတယ်ဆိုပြီး။
အဖြေ။ ပန်းအဖျား အရေပြားရှည်နေတာ ဘာမှလုပ်စရာမလိုပါ။ ပိတ်နေရင်သာ ဆီးအသွားရခက်ရင်ငိုမယ်။ ငယ်ငယ်နဲ့ ပန်းအဖျားပြုပြင်ပေးရတတ်တယ်။ ရှည်နေတာကို အရွယ်ရောက်ပြီးနောက်မှ လိုသေးရင် ပြင်ပေးနိုင်တယ်။ ပန်းသန်မာသလိုနေတာ စိုးရိမ်စရာမရှိပါ။ ဆေးလဲ မလိုပါ။ ရောဂါမဟုတ်လောက်ပါ။ စာတပုဒ်ပို့ပါတယ်။

Baby Milestones ကလေးများ၏ ဖွံ့ဖြိုးတိုးတက်လာမှု မှတ်တိုင်များ
အမေး။ ကျွန်တော့်ချစ်သူက ပြီးခဲ့တဲ့ (ဇွန်လ၊ ၆ ရက်ကနေစပြီး ရာသီလာပါတယ် ၁ဝ ရက်နေ့အထိပါ) ၁၁ ရက်နေ့ မှာ ပြီးပါတယ်။ အဲဒီမတိုင်ခင် တစ်လအတွင်းမှာလည်း (၁)ရက် လာလိုက်၊ (၂)ရက်လာလိုက် ဖြစ်ဘူးပါတယ်။ အများဆုံးဖြစ်တာကတော့ (ဇွန်လ ၆ရက်နေ့ မှ ၁ဝ ရက်နေ့)အထိပါ။ အဲဒီနောက် ဇွန်လ (၁၅) ရက်နေ့မှာ အတူနေဖြစ်ကြပါတယ်။ ကွန်ဒုံး သုံးပါတယ်။ ဆေးမသုံးပါ။ နောက်ထပ် ဇွန်လ (၃ဝ) ရက်နေ့မှာလည်း နေဖြစ်ပါတယ်။ ကွန်ဒုံးလဲ သုံးပါတယ်၊ (Levonorgestrel 0.75mg) ပါတဲ့ဆေးလည်း တစ်ပြိုင်တည်း (၂) လုံး တိုက်လိုက်ပါတယ်။ ဇူလိုင် (၅) ရက်နေ့မှာ ဖုန်းနဲ့ ပြောရတော့ ရင်သား တင်းနေလို့ ဆိုပြီးပြောပါတယ်။ ခေါင်းလည်း ကိုက်တယ်လို့ပြောပါတယ်။ ရာသီလာနေလို့ လားဆိုတော့ မလာဘူးလို့လဲ ပြောပါတယ်ခင်ဗျာ။ အဲဒီနောက်ပိုင်း ကျွန်တော်လည်း မမေးဖြစ်ပါဘူး။ ခု (၁၆) ရက်နေ့မှာ ကျွန်တော်တို့ပြဿနာဖြစ်ပြီး လမ်းခွဲလိုက်ပါတယ်။ ကျွန်တော် စိုးရိမ်တာက အရင်နေခဲ့တဲ့ ရက်တွေမှာ ကိုယ်ဝန် ရှိလာနိုင်မလား သိချင်ပါတယ် ခင်ဗျာ။
အဖြေ။ ပြောတဲ့ အတိုင်းဆိုရင် ကိုယ်ဝန်မရနိုင်ပါ။ ရင်သားတင်းတာက ဆေးကြောင့်လဲဖြစ်နိုင်ပါတယ်။ သေချာချင်ရင်တော့ ရာသီလာရမဲ့ရက်နောက် တပါတ်ကျော် အထိ မလာသေးရင် ဆီးစစ်ပါ။

အမေး။ HPV ဆိုတဲပိုးအကြောင်း သိချင်လို့ပါ ဘယ်မှာ ဖတ်ရမလဲ
အဖြေ။ HPV and Marriage သားအိမ်-ကင်ဆာ ကာကွယ်ဆေး
HPV Vaccine for young women သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး http://dts-medicaleducation-adult.blogspot.in/2012/10/hpv-vaccine-for-young-women.html
HPV vaccine ယောက်ျားတွေ အထူးသဖြင့် (ဂေး) တွေအတွက် ကာကွယ်ဆေး http://dts-medicaleducation-adult.blogspot.in/2012/03/hpv-vaccine.html

အမေး။ ကျွန်တော်က ရန်ကုန်ကပါ။ ကျွန်တော့်အသက်က ၁၈ နှစ်ရှိပါပြီ။ ကျွန်တော်ကအရပ်က ၆ ပေနီးပါးရှိပြီး ခန္ဓာကိုယ်သွယ်ပါတယ်။ ခန္ဓာကိုယ်ကလူကြီးလိုဖြစ်ပေမယ့် လိင်အင်္ဂါမှာ ပြဿနာ ရှိနေပါတယ် ဆရာ။ လိင်အင်္ဂါထိပ်က အသားမာ မတက်တာကြောင့် လိင်အင်္ဂါနိုးလာရင် အပေါ်အရေပြားက လိင်တံထွက်လာတိုင်း တခုခုနဲ့တိုက်မိရင် အရမ်းနာပါတယ် ဆရာ။ သူငယ်ချင်းတွေဆို ထိပ်ကမာနေပြီး ကျွန်တော်က ဘာလိုအပ်နေလို့လဲ မသိလို့ပါ။ ရေပြင်းပြင်း ထိရင်တောင် နာပါတယ်ဆရာ။ ဘယ်လို အသားမာတက်အောင်လုပ်ရမလဲ ပြောပြပေးပါလို့ မေးပါရစေ။
အဖြေ။ ဆေးရယ်လို့ မလိုပါ။ ဘာမှ မစိုးရိမ်ပါနဲ့။ ထိမှုဆိုက်မှု နည်းသေးရင် အဲလိုပါဘဲ။ တဖြေးဖြေးချင်း ခံနိုင်ရည်ရှိလာမယ်။ အသားမာရယ်လို့တော့ မခေါ်ပါ။ အာရုံကြောလေးတွေက အာရုံခံကောင်းလွန်းနေသေးတာပါ။ အဆင်ပြေလာပါလိမ့်မယ်။

အမေး။ သမီးအသက်က ၁၉ ပါ။ ရာသီမလာခင် အဖြူဆင်းတဲ့ အခါကြရင် သွေးရည်ကြည်လိုမျိုး ထွက်နေပါတယ် ဆရာ။ အခု ရာသီ လာနေတဲ့အခါလဲ အရင်လတွေထက် အရမ်းများပြီး သွေးခဲလေးတွေလဲ အရင်ကထက်ပိုများနေလို့ပါ။ အဲဒါ ရောဂါများ ရနေသလားသိချင်လို့ပါဆရာ။
အဖြေ။ ရောဂါ မဟုတ်လောက်ပါ။ သိထားအောင် ဒီစာကိုတော့ ဖတ်ထားပါ။

Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
အမေး။ ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူနဲ့က ရည်းစားဖြစ်နေတာ ကြာပါပြီ.၊ အတူနေ ချစ်သူ သဘောမျိုး ဖြစ်နေကြပါပြီ။ ငွေကြေး မပြည့်စုံသေးလို့ မယူဖြစ်သေးပေမယ့် မကြာခဏ လိင်ဆက်ဆံ ဖြစ်ကျပါတယ်။ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောပြ ပါရစေ ဆရာ။ ကျွန်တော်တို့ စပြီး ဆက်ဆံတုန်းက Ecee2 ကို တော်တော်သုံးပါတယ်။ သုံးတာကြာလာတော့ နည်းလမ်းမှားသွားတာလည်း မသိဘူး။ သူ့မှာ ကိုယ်ဝန်ရှိသွားပါတယ်။ အဲ့တာနဲ့ အသက်ကလည်း ယူဖို့ အဆင်သင့် မဖြစ်သေးတော့ နှစ်ဦးသဘောတူပဲ သားအိမ်ခြစ်ချရပါတယ်။ မြန်မာငွေ ၁ သိန်းခွဲလောက် ကုန်ခဲ့ရပါတယ်။ (ခေတ်မီ စက်ပစ္စည်းတွေနဲ့ သုံးပြီး ခြစ်ပေးတယ်လို့ ပြောပါတယ်)၊ အဲ့တာနဲ့ အကုန်ပြန်အဆင်ပြေတော့ ကျွန်တော်တို့လည်း ထပ်ပြီး ဆက်ဆံကြပါတယ် Ecee2 ပဲ ဆက်သုံးဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ နောက်တစ်ကြိမ် ကိုယ်ဝန်ထပ်ရှိပါတယ်ဆရာ။ အဲ့တာနဲ့ အဲ့ဆရာမ ဆီမှာပဲ။ ထပ်ပြီးခြစ်ချရပါတယ်။ နောက်တစ်ခေါက်တော့ ၂ သိန်း ကျော်ကျော်လောက် ပေးလိုက်ရပါတယ်။ (ယူလို့ကလည်း ဘယ်လိုမှမဖြစ်သေးတော့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပေးခဲ့ရပါတယ်။) အခုတော့ ဆက်ဆံတဲ့ အခါတိုင်း ကွန်ဒုံးသုံးပါတယ်။ ကျွန်တော်တို့က မကြာမီ လက်ထပ်တော့မှာပါ။ သူကလည်း ကလေး လိုချင်ပါတယ် ကျနော်ကလည်းလိုချင်ပါတယ်။ ဒါပေမဲ့ ကျနော့စိတ်ထဲမှာ Ecee2 သုံးခဲ့တာတွေရယ် ၂ ကြိမ်တောင် ခြစ်ချခဲ့ရတာတွေအတွက် ကျွန်တော်တို့ တကယ်ယူမယ့် ကလေးမှာ တခုခု ချို့ယွင်းလာမှာကို အရမ်း တုန်လှုပ်နေမိပါတယ်။ အဲ့လိုမျိုး ဆိုးကျိုးတွေ ရှိလာတတ်လား။ ဒါမှမဟုတ် အဲ့လို လုပ်ခဲ့တဲ့အတွက် ဘယ်လို ဆိုးကျိုးတွေ ရှိလာနိုင်သေးလဲဆိုတာ သိချင်ပါတယ်။ ဒုတိယအကြိမ် ခြစ်ချခဲ့တာတော့ အခု ၂ နှစ် နီးပါးလောက် ကြာပါပြီ။
အဖြေ။ မပူပါနဲ့။ အရေးပေါ်တားဆေးဆိုတာ ဟော်မုန်းတွေပါတယ်။ ဟော်မုန်းဆိုတာ ဆေးတွေလိုပါပဲ အချိန်ကျရင် ကိုယ်ထဲမှာ မရှိတော့ပါ။ ဒါကြောင့် နောက်လတွေမှာ ရာသီပြန်လာတာပါ။ အရေးပေါ်တားဆေး ခဏခဏသုံးရင်တော့ မကောင်းပါ။ စာရေးထားတာကို ဖတ်ပါ။ ပုံမှန် တားဆေး-တားနည်းတွေက ဈေးလဲချိုပြီး စိုးရိမ်စရာလဲ နည်းပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေးမရမှာ ပူစရာမရှိလောက်ပါ။
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-2.html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adult.blogspot.in/2012/03/emergency.html

အမေး။ ဆရာရှင့် စိတ်ကူးယဉ်ကိုယ်ဝန် (သို့) လေဖျင်းရောဂါဆိုတာ ရှိတယ်လို့သိရပါတယ်။ ကိုယ်ဝန် မလိုချင်တဲ့သူတွေစိတ်နဲ့ ပတ်သတ်ပြီး ဖြစ်တဲ့ရောဂါလို့ ဆိုပါတယ်။ နောက်ပြီးသမီး အခုလက်ရှိဖြစ်နေတာနဲ့ ကိုက်ညီနေလို့မေးမြန်း ကြည့်တာဖြစ်ပါတယ်။ အောက်ပါလင့်မှာသမီးတွေ့လို့ပါ။
အဖြေ။ ရှိနိုင်ပါတယ်။ ဆရာတို့ဆေးပညာမှာတော့ မပါဝင်ပါ။ ကိုယ်တိုင်လဲ မတွေ့ဘူးသေးပါ။

အမေး။ ရာသီနောက်ကျနေလို့သွေးပေါ်ဆေးထိုး လိုက်တော့ရာသီပုံမှန်ပြန်လာနေတယ်ဆိုရင်ကိုယ် ဝန်ဖြစ်နိုင်လားရှင့်။ အဲတာ ကိုယ်ဝန်ရှိမရှိဆီးစစ် ကြည့်စရာလိုသေးလားဖြေကြားပေးပါရှင့်။
အဖြေ။ သိချင်ရင်သာ စစ်ပါ။
အမေး။ ကျွန်တော့အသက် 32 နှစ်ရှိပါပြီ။ အိမ်ထောင်ရှိပါတယ်။ လိင်ကိစ္စ လိုက်စားခဲ့ခြင်း မရှိပါဘူး။ ကျွန်တော့်အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပါတယ်။ သူနဲ့ လိင် မဆက်ဆံရတာ နှစ်လသုံးလလောက်ကြာတော့ မာဆက်က ကောင်မလေးနဲ့ ဆက်ဆံဖြစ်ပါတယ်။ အဲ့ဒီမှာ ဆက်ဆံပြီးမှသိရတာက အဲ့ဒီကောင်မလေးက ရာသီလာနေတဲ့ အချိန်ဖြစ်နေပါတယ်။ ကျွန်တော် တော်တော်ကြောက်သွားတယ်။ သူနဲ့ဆက်ဆံတုံးကတော့ ကွန်ဒုံးသုံးထားပါတယ်။ ဒါပေမဲ့စိတ်ထဲမှာ အခုချိန်ထိ မသန့်ဖြစ်နေပါတယ်။ အဲ့ဒီကောင်မလေးမှာ AIDS ရှိနေမယ်ဆိုရင် ကျွန်တော့ကို ကူးနိုင်ပါလားခင်ဗျာ။ သူ့သွေးတွေကို ကျွန်တော် ရေသွားဆေးမှ ကျွန်တော့ အရင်းပိုင်းမှာတွေ့တာပါ။ တစ်သက်မှာ ဒီတစ်ခါဘဲသွားမိပြီး အဲ့ဒီ တစ်ခါကြောင့် ရောဂါများဖြစ်မလားဆိုတဲ့ ဆိုက်ကို အရမ်းဝင်နေပါတယ်ဆရာ။ ဘယ်လောက်ကြာမှ စစ်ရင် တိတိကျကျ အဖြေထွက်နိုင်မလဲခင်ဗျာ။ တကယ်လို့ရှိနေခဲ့ရင် အခုလုပ်ပေးနေတဲ့ ကုသမှုကို ခံယူရင် လူက အကောင်း အတိုင်း နေနိုင်လား ခင်ဗျာ။ ပြီးတော့ သက်တန်း ဘယ်လောက်ထိနေနိုင်မလဲခင်ဗျာ။ ပြီးတော့ ဘေးထွက်ဆိုးကျိုး ဘာတွေရှိနိုင်မလဲ။ အကာအကွယ်ဖြစ်အောင် သောက်လို့ရမဲ့ဆေးများ ရှိလားဆရာ ကျွန်တော်ဆက်ဆံခဲ့တာ 18-7-2013 ရက်နေ့ကပါ။
အဖြေ။ စိတ်မပူပါနဲ့။ ကွန်းဒွမ်က တဖက်သားမှာ ကူးစရာရှိနေလည်း ကာကွယ်ပါမယ်။ HIV စစ်ချင်ရင် နောက် ၃ လနေမှသာ အစောဆုံး စစ်နိုင်ပါမယ်။ ကိုယ်ဝန်ရှိနေစဉ်လဲ အတူနေလို့ရပါတယ်။

Pregnancy and Sex (1) ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၁)
အမေး။ ကျွန်မ အသက် ၂၅ ကျော်ပါပြီရှင့် အိမ်ထောင်မရှိ အပျိုပါရှင့် ကျွန်မကိုယ် ကျွန်မ စိုးရိမ်မိလို့ပါ။ ကျွန်မရင်သားက အရွယ်အစား မညီဖြစ်နေလို့ပါ။ လက်နဲ့လည်း စမ်းသပ်တာ ထူးခြားဘာမှ မတွေ့ပါဘူး။ အနည်းငယ်ကြီးနေတာ ဘာကြောင့်ပါလဲရှင့်။ ဘာတွေများဖြစ်နိုင်လဲဆိုတာသိချင်လို့ပါ။
အဖြေ။ အကျိတ်ရှိ-မရှိသာ စမ်းကြည့်နေပါ။ မရှိရင် ပူစရာမဟုတ်ပါ။ နည်းနည်းမတူတာ ပုံမှန်ပါ။ စမ်းနည်း မသိရင်ပြောပါ။ ရေးထားတာရှိပါတယ်။ ထူးခြားရင် ပြန်ပြောပါ။ မေးရင် ရာသီအကြောင်းလဲရေးပါ။

အမေး။ အခုတလော အသက်ရှူရတာ အရမ်းကြပ်ပြီး ရင်ဘတ်ကြီးလေးနေ သလို ဖြစ်နေပါတယ်။ သမီးက တညင်းသီး အရမ်းကြိုက်ပါတယ်။ နေု့တိုင်းလိုလို စားဖြစ်နေပါတယ်။ အဲဒါနဲ့များ ဆိုင်ပါသလား။ သမီး အသက်က ၂၂ ပါ။ ဖြစ်တာ မကြာသေးပါဘူး။
အဖြေ။ ဒီအတိုင်းတော့ ပြောမရသေးပါ။ ရပ်တ်၊ အသက်ရှူတာဆိုရင် နားကြပ်နဲ့စမ်းဘို့လိုမယ်။ တညင်းသီးက ဆီးကို တခုခုဖြစ်စေတယ်။ အသက်ရှူလမ်းကို မထိခိုက်ပါ။ ရောဂါဆိုးတာ မဟုတ်လောက်ပါ။ လိုသေးရင်တော့ မေးပါ။ စုံအောင်ထည့်ရေးပါ။

ဒေါက်တာတင့်ဆွေ