Friday, July 5, 2013

HIV ကုသဖို့ နည်းလမ်းသစ်တွေ့



HIV ပိုးရှိသူများကို WHO လမ်းညွှန်ချက် အတိုင်း ဆေးပေးနိုင်ရန် ၃ နှစ် စောင့်ရဦးမည်
မြန်မာနိုင်ငံတွင် ဆေးဝါး လိုအပ်လျက်ရှိသည့် HIV ပိုးရှိသူ ၁၂၀၀၀၀ ကျော် ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ယခုနှစ်တွင် အသစ် ထုတ်ပြန် လိုက်သည့် လမ်းညွှန်ချက် အတိုင်း လိုက်နာ လုပ်ဆောင် နိုင်ရန် ၃ နှစ်ခန့် အချိန် ယူရဦးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ HIV ပိုးရှိသူများနှင့် နေထိုင်သူများ အသင်း (Myanmar Positive Group – MPG) ၏ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။

HIV ကူးစက်ခံထားရပြီး CD4 ကောင်ရေ ၅၀၀ အောက်သို့ ကျဆင်းနေသူတိုင်းကို ART (Antiretroviral Therapy) ကုထုံးဖြင့် ဆေးဝါးကုသမှုပေးရန် WHO က ဇွန်လ ၃၀ ရက်နေ့တွင် ၂၀၁၃ ခုနှစ် လမ်းညွှန်ချက်အဖြစ် ထုတ်ပြန်လိုက်သည်။ မူလ ၂၀၁၀ ထုတ်ပြန်ချက် အရဆိုလျှင် CD4 ကောင်ရေ ၃၅၀ အောက်ရှိမှ ART ကုထုံးအတိုင်း  ARV (Antiretroviral drugs) ဆေးများ ပေးရမည် ဖြစ်သည်။

“အခု မြန်မာနိုင်ငံမှာက WHO ရဲ့ ၂၀၁၀ လမ်းညွှန်ချက်ကိုပဲ အမျိုးသား အဆင့် လမ်းညွှန်ချက် ဆွဲပြီး လုပ်နေတုန်း ရှိသေး တယ်။ လက်ရှိ CD4 ၃၅၀ အောက်နဲ့ ART ပေးနေတာတောင် ဆေးဝါး လိုအပ်သူက တသိန်းနှစ်သောင်း သုံးထောင်ကျော် ရှိတယ်။ အခု လမ်းညွှန်ချက် အသစ်အတိုင်းဆိုရင် ဆေးလိုတဲ့ သူတွေ ပိုတိုး လာမယ်။ အဲဒါကို ၂၀၁၅ – ၁၆ လောက်မှ အကောင်အထည် ဖော်နိုင်မယ်” ဟု MPG ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ARV ဆေးဝါး လိုအပ်နေသေးသည့် HIV ပိုးရှိသူ တသိန်းနှစ်သောင်း ကျော်အတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (Global Fund) ၏ စံအရ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်းတွင် ရောဂါပိုးရှိသူများ၏ ၈၅ ရာခိုင်နှုန်းအထိ ဆေးဝါး တိုးမြှင့် ပေးနိုင်ရန် ရည်မှန်းထားကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ သိရသည်။

HIV/ AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများ လုပ်ကိုင်နိုင်မှု အခြေအနေနှင့် ဖြစ်ပေါ်လာနေသည့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံ အတွက် ရန်ပုံငွေများ တိုးမြှင့် ချထားပေးခဲ့သည့်အတွက် ယခုနှစ်တွင် အထူး ရန်ပုံငွေ အစီအစဉ်အဖြစ် အမေရိကန်ဒေါ်လာ ၁၁၆ သန်း ရရှိထားကြောင်း ဦးမျိုးသန့်အောင်က ပြောသည်။

WHO က ယခု ထုတ်ပြန်လိုက်သည့် လမ်းညွှန်ချက်အသစ် အတိုင်း CD4 ၅၀၀ အောက် ရှိသူတိုင်း ART ကုထုံး ခံယူနိုင်မည် ဆိုလျှင် HIV မှ AIDS အဆင့် အထိ ဖြစ်ပွားမှုနှုန်း လျော့ကျနိုင်ခြင်း၊ HIV ပိုးကြောင့် ကိုယ်ခံအား ကျဆင်းလာရာမှ တခြား အခွင့်အရေးယူ ရောဂါများ ကူးစက်ခံရမှု မရှိနိုင်တော့ သဖြင့် ဆေးကုသ စရိတ်များ လျော့ကျခြင်း၊ စောလျှင်စွာ ဆေးကုသမှု ရရှိသဖြင့် ဗိုင်းရပ်စ်များကို ထိန်းချုပ်နိုင်လာပြီး တခြားသူများအား ကူးစက်မှုနှုန်း လျော့ကျစေခြင်း စသည့် အားသာချက်များ ရရှိနိုင်ကြောင်း သိရသည်။

WHO ၏ လမ်းညွှန်ချက်ကို လာမည့် ၃ နှစ်အတွင်း အကောင်အထည် ဖော်နိုင်ရန်အတွက် HIV ပိုး စစ်ဆေးမှုလုပ်ငန်းကို နိုင်ငံအနှံ့ အဆင်ပြေ လွယ်ကူစွာ လူတိုင်းလုပ်နိုင်ရန် အစိုးရက စီစဉ်ပေးသင့်ကြောင်း၊ အရည် အသွေး ပြည့်မီသော ကျန်းမာရေး ၀န်ဆောင်မှုများ ရရှိနိုင်ရန် HIV/ AIDS ဆိုင်ရာ ဥပဒေနှင့် မူဝါဒများ ချမှတ်ပေးရန်လည်း လိုအပ်ကြောင်း  ဦးမျိုးသန့်အောင်က အကြံပြု ပြောကြားသည်။

UNAIDS မှ ၂၀၁၁ ခုနှစ်တွင် တွက်ချက် ထုတ်ပြန်ခဲ့သော စာရင်းဇယားများ အရဆိုလျှင် မြန်မာနိုင်ငံတွင် HIV ပိုးရှိသူ ၂၂၀၀၀၀ ခန့် ရှိကြောင်း သိရသည်။

ဧရာဝတီ - HIV ပိုးရှိသူများကို WHO လမ်းညွှန်ချက် အတိုင်း ဆေးပေးနိုင်ရန် ၃ နှစ် စောင့်ရဦးမည်

HIV/AIDS တိုက်ဖျက်ရေး စီမံချက် ၂ နှစ်စာ ရန်ပုံငွေ ဒေါ်လာ ၁၉ သန်း ကျော်ရရှိ
  မြန်မာနိုင်ငံ၏ HIV/AIDS တိုက်ဖျက်ရေး အတွက် ကမ္ဘာ့ရန်ပုံငွေ အဖွဲ့ (Global Fund) က အမေရိကန်ဒေါ်လာ သန်း ၁၆၀ ထောက်ပံ့ရန် ထုတ်ပြန်ထားသည့် အထဲမှ အမျိုးသား AIDS တိုက်ဖျက်ရေး စီမံချက်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၆၇ သန်း ရရှိကြောင်း အဆိုပါ စီမံချက် လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွန့်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ရန်ပုံငွေများကို HIV/AIDS တားဆီး ကာကွယ်ရေးနှင့် ကုသရေးပိုင်းတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ “ကျန်းမာရေး ဝန်ကြီးဌာနက သီးသန့် အသုံးစရိတ် ခွဲပေးတာမရှိဘူး။ Global Fund က လိုအပ်ချက် ရှိတယ် ဆိုရင်တော့ ဖြည့်ပေးဖို့ ရှိတယ်” ဟု ၎င်းက ဖြည့်စွက်ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ART ဆေး ရပေးနိုင်သည့်နှုန်း ၄၃ ရာခိုင်နှုန်းကျော် ရှိပြီး ကျန်းမာရေး ဝန်ကြီးဌာန အနေနှင့် ၂၀၁၃ ခုနှစ် အကုန်တွင် ၅၀ ရာခိုင်နှုန်းကျော် အထိ တိုးမြှင့်ပေးသွားရန် စီစဉ်လျက် ရှိကြောင်း ဒေါက်တာ ထွန်းညွန့်ဦးက ပြောဆိုသည်။
ယခုကဲ့သို့ ART ဆေးတိုးမြှင့်ရန် ကျန်းမာရေး ဝန်ကြီးဌာနက စီစဉ်ထားသော်လည်း လက်ရှိ ဆေးသောက်သုံးရန် လိုအပ်သူ ၁၂၀,၀၀၀ ဦး ရှိသည့်အနက် ကျန်းမာရေး ဝန်ကြီးဌာန အပါအဝင် ပြည်တွင်း၊ ပြည်ပ မိတ်ဖက် အဖွဲ့အစည်းများက ပေးနေသော လူဦးရေ ၅၃,၀၀၀ ဦးခန့်သာ ရှိသည်။

“အားလုံးက ပြောင်းလဲနေပြီ။ HIV ပိုးနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ပြောရေးဆိုရေး လူမှုဆက်ဆံရေး တိုးမြှင့်ပေးဖို့လည်း လိုတယ်” ဟု HIV/AIDS နှင့် နေထိုင် သူများအား နှစ်သိမ့် ဆွေးနွေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေသူ ဦးသီဟကြိုင်က The Voice သို့ ပြောဆိုသည်။

ပြည်သူ့ဆေးရုံများတွင် ART ဆေး သွားရောက်ယူရာ၌ ဆေးရုံ ကျန်းမာရေး ဝန်ထမ်းများ၏ ပြောဆို ဆက်ဆံမှုပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် လူနာများအတွက် အခက်အခဲများ ပေါ်ပေါက်လာပြီး ငွေကြေး တတ်နိုင်သူ များက ပြည်တွင်း ဆေးကုမ္ပဏီများရှိ ART ဆေးများကို ရွေးချယ် သောက်သုံးကြကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် Care and Support Working Group အဖွဲ့ဝင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် အမျိုးသား ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေး စီမံချက်တို့က HIV/AIDS နှင့် နေထိုင်သူများ အတွက် ART ဆေးဝါးများ ပံ့ပိုး ကူညီလျက် ရှိသည်။

ရန်ကုန်၊ ဇူလိုင် ၃
The Voice Weekly - HIV/AIDS တိုက်ဖျက်ရေး စီမံချက် ၂ နှစ်စာ ရန်ပုံငွေ ဒေါ်လာ ၁၉ သန်း ကျော်ရရှိ 

HIV ကုသဖို့ နည်းလမ်းသစ်တွေ့
 အမေရိကန် ပြည်ထောင်စုက HIV ဗိုင်းရပ်စ် ကူးစက် ခံထားရတဲ့ အမျိုးသား နှစ်ဦးမှာ သွေးကင်ဆာ ဖြစ်တဲ့ အတွက် ရိုးတွင်းခြင်ဆီ အစားထိုး ကုသခဲ့ရာကနေ အဲဒီ လူ ၂ ဦးမှာ HIV ပိုး ထပ်မတွေ့ရတော့ ဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။ အဲဒီ အတွက် သူတို့ကို HIV ကုသမှု ပေးနေတာကို ရပ်နားထား ပါတယ်။

ဒါပေမယ့်လို့ အခုလို ရိုးတွင်း ခြင်ဆီ အစားထိုး တာကို HIV ဗိုင်းရပ်စ် အတွက် ကုထုံး တခုလိုတော့ ပြောဖို့ရာ အရမ်းစောလွန်း သေးတယ်လို့ ဘရစ်ဂမ်နဲ့ အမျိုးသမီး ဆေးရုံက ဆရာဝန်တွေက ပြောပါတယ်။ အကြောင်း ကတော့ HIV ပိုးဟာ အချိန်မရွေး ပြန်ပေါ်လာနိုင်တာကြာင့်လို့ ဆိုပါတယ်။

သူတို့ နှစ်ဦး မတိုင်ခင် အရင် လူနာတဦး ကိုတော့ ရိုးတွင်း ခြင်ဆီ အစားထိုး ကုသပြီး နောက် ဒါဟာ AIDS ကူသမှု ဆိုပြီး ဖေါ်ပြ ပြောဆို ခဲ့ဖူးပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီ သူကို အစားထိုး လိုက်တဲ့ ရိုးတွင်း ခြင်ဆီဟာ HIV ပိုးကို ခံနိုင်ရည် ရှိတဲ့ လူကနေ ဒါန ပြုထားတဲ့ ရိုးတွင်း ခြင်ဆီ ဖြစ်လို့ ပါတယ်။

ဒါပေမယ့် အခု အမျိုးသား နှစ်ဦး ကိုတော့ ရိုးရိုး သာမန် အလှူရှင် တွေဆီက ရိုးတွင်း ခြင်ဆီ နဲ့သာ ကုသ ခဲ့တာ ဖြစ်တယ် ဆိုပြီးနိုင်ငံ တကာ AIDS ကျွမ်းကျင် သူများ ဖွဲ့စည်း ထားတဲ့ IAS ညီလာခံမှာ ဖေါ်ပြ ခဲ့တာ ဖြစ်ပါ တယ်။
အဲဒီလို ကုသမှု ပြုခဲ့ ပြီးနောက် လူနာ တဦးမှာ HIV ပိုး မတွေ့တာ ၂ နှစ်ရှိ သွားပြီ ဖြစ်ပြီး နောက်တဦး ကတော့ ၄ နှစ်ကြာပြီ ဖြစ်တယ်လို့ ပြောပါ တယ်။

BBC - HIV ကုသဖို့ နည်းလမ်းသစ်တွေ့

No comments: