Sunday, July 14, 2013

ငါးရံ့ခြောက်ဆီပြန် ကြောင်လျှာသီးသုပ် ကြက်ဥမွှေဟင်းချို



တစ်လတစ်ခါ ဆရာမလမင်းမိုမိုချက်ပြုတ်တင်ဆက်နေတဲ့ ဟင်းအတွဲအစပ်တွေကို ကူးယူတင်ပြနေတဲ့ ကျွန်တော်ကတော့ သူမလို အတွဲအစပ်မိမိ မချက်ပြုတ်တတ်ပါဘူးဗျာ။ တစ်မျိုးကောင်းတစ်မယ်ကောင်းလောက်ပဲ ဟဲဟဲ စားဖြစ်ရုံချက်ပြုတ်တတ်ပါတယ်။ အချိန်ရရင်တော့ ဆရာမဟင်းတွေကိုချက်ပြုတ်ကြည့်ရဦးမယ်။

ဒီတစ်လတော့ ဆရာမလမင်းမိုမိုက ငါးရဲ့ခြောက်အသားထူထူကို ချဉ်စပ်ဆီပြန်လေးချက်တယ်၊ ဟင်းရံအတွက်တော့ ကြောင်လျှာသီး သူပ်တယ်၊ ပြီးတော့ ဟင်းရည်သောက်ကိုတော့ လွယ်ကူမြန်ဆန်အရသာရှိတဲ့ ကြက်ဥမွှေဟင်းချိုလေးချက်ပြုတ်ပြထားပါတယ်။ အရသာ သုံးလေးမျိုးတော့စုံတယ်နော်။
မြန်မာဟင်းအတွဲအစပ်လေးတွေလွမ်းနေတဲ့ အဝေးရောက်သူငယ်ချင်းတို့ချက်ပြုတ်စားသောက်လို့အဆင်ပြေစေဖို့ လစဉ်ကူးယူတင်ပြ နေခြင်းဖြစ်ပါတယ် တခြားအတွေးမရှိကြောင်းပါ ခင်ဗျာ။

ငါးရံ့ခြောက်ဆီပြန်
လိုအပ်သောပစ္စည်းများ
ငါးရံ့ခြောက်အရွယ်တော် တစ်ပြား၊ ဆီ သုံးကျပ်သား၊ ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ သုံးမြွှာ၊ ငရုတ်ပွခြောက် သုံးတောင့်၊ မန်ကျည်းသီး စားပွဲဇွန်း တစ်ဇွန်း၊ ခရမ်းချဉ်သီး နှစ်လုံး၊ ငရုတ်သီးစိမ်း ခြောက်-ခုနှစ်တောင့်၊ နံနံပင် အနည်းငယ်၊ ဆား(လိုအပ်မှထည့်ရန်) အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်။

ချက်ရန်ကြာမြင့်ချိန် - ၃၀ မိနစ်
ဆားပေါ့ငါးရံ့ခြောက်ရရင်ကောင်းပါတယ်။ ငါးရံ့ခြောက်ကို အရိုးပယ် အသားများကိုအနေတော်တုံးပြီး၊ ရေနွေးပူအနည်းငယ်နှင့် စိမ်ထားပါ။

ကြက်သွန်ဖြူ-နီ ငရုတ်ပွခြောက်တို့ကို ပါးပါးလှီး ညက်ညက်ထောင်းထားပါ။ 

မန်းကျည်းသီးကိုရေနွေးစိမ်ပြီး မန်ကျည်းနှစ်ရည်ပြုလုပ်ထားပါ။ ခရမ်းချဉ်သီးကို အခွံနွှာအစေ့ထုတ်ပြီး သတ်သတ်ထောင်းထားပါ။
ဆီကိုအပူပေးပြီး ဆီကျက်လျှင် ကြက်သွန် ငရုတ်သီးထောင်းထားတာကိုဆီသတ်ပါ။ ကြက်သွန်ကျက်လျှင် ခရမ်းချဉ်သီးကို ထည့်ပြီးမွှေပါ။ ခရမ်းချဉ်သီးဖတ်များကြေညက်သည်ထိ ဆီသတ်ပါ။

ထို့နောက် ငါးရံ့ခြောက်တုံးများထည့်၍ ချက်ပါ။ မန်ကျည်းနှစ်ရည်ကို အနည်းငယ်မျှ မှန်းဆထည့်ပါ။ ငရုတ်သီးစိမ်းတောင့်များထည့်ပါ။

ငါးရံ့ခြောက်နူးရန်အတွက် မူလက ငါးရံ့ခြောက်စိမ်ထားသော ရေနွေးကို နည်းနည်းချင်းထည့်၍ချက်ပါ။
ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပြီး အရသာမြည်ပြီးမှ ဆားကိုလိုသလောက်သာထည့်ရမှာဖြစ်ပါတယ်။ ငါးရံ့ခြောက်များ နူး၍ဆီပြန်လျှင် နံနံပင်အုပ်ပြီး အိုးကိုချနိုင်ပါပြီ။

မဆလာကြိုက်တတ်လျှင် ဆီသတ်စဉ်မှာ အနည်းငယ်ထည့်ပေးခြင်းဖြင့် အနံ့အရသာတစ်မျိုးထူးပါတယ်။

ကြောင်လျှာသီးသုပ်
လိုအပ်သောပစ္စည်းများ
ကြောင်လျှာသီးနုနု တစ်တောင့်၊ ဆီ သုံးကျပ်သား၊ကြက်သွန်နီ နှစ်ဥ၊ ပုစွန်ခြောက်မှုန့် စားပွဲဇွန်း တစ်ဇွန်း၊ ငရုတ်သီးစိမ်း သုံး-လေးတောင့်၊ ငရုတ်သီးအကျက်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ဆား၊ဟင်းခတ်မှုန့် အနည်းငယ်စီ။

ကြာမြင့်ချိန် - ၁၅မိနစ်
ကြောင်လျှာသီးကို မီးဖုတ်ပါ။ မီးကျွမ်းသောအခွံကို ဓားနှင့်ခြစ်ဖယ်ပြီး အတွင်းသားအနုကို မထူမပါး အနေတော်ကန့်လန့်လှီးဖြတ်ပါ။
ကြက်သွန်နီ နှစ်ဥကိုပါးပါးလှီးပြီး တစ်ဝက်ကို ဆီချက်ချက်ပါ။ ပုစွန်ခြောက်မညက်တညက်ထောင်းပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးပါ။
အားလုံးကို ဇလုံငယ်တွင်ထည့်၍ ဆား၊ဟင်းခတ်မှုန့်၊ ငရုတ်သီးအကျက်မှုန့် အားလုံးရောထည့်ကာ အသာအယာနယ်၍ သုပ်ပါ။
အရသာ သက်သက်လေးနဲ့ ခံတွင်းရှင်း ထမင်းမြိန်စေပါတယ်။

ကြက်ဥမွှေဟင်းချို
လိုအပ်သောပစ္စည်းများ
ကြက်ဥသုံးလုံး၊ ခရမ်းချဉ်သီး နှစ်လုံး၊ ဆီ စားပွဲဇွန်းနှစ်ဇွန်း၊ ကြက်သွန်ဖြူ နှစ်မွှာ၊ ငရုတ်သီးစိမ်း ငါးတောင့်၊ နံနံပင် အနည်းငယ်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့် အနည်းငယ်စီ။

ချက်ရန် ကြာမြင့်ချိန် - ၁၀မိနစ်
ကြက်ဥသုံးလုံးကို မွှေခလောက်ထားပါ။ ခရမ်းချဉ်သီး နှစ်လုံးကိုအစေ့ထုတ်ပြီး ခပ်သေးသေးလှီးထားပါ။ကြက်သွန်ဖြူကို အခွံနွှာပြီးထု ထားပါ။ ဆီကိုအပူပေးပြီး ဆီကျက်လျှင် ကြက်သွန်ဖြူ ဆီသတ်ပါ။ နနွင်းမှုန့်အနည်းငယ်ကိုအရောင်ရရန် ဆီထည့်သတ်ပါ။ ခရမ်းချဉ်သီး ထည့်မွှေပါ။

ထို့နောက် ရေသင့်ရုံထည့်ပြီး ဆူတောင်တည်ပါ။ ငရုတ်သီးစိမ်းခြမ်းခွဲ၍ထည့်ပါ။ ဟင်းရည်ဆူပွက်လျှင် ဆား၊ဟင်းခတ်မှုန့်ထည့်ပြီး အရသာမြည်းပါ။ ဆူပွက်နေသောဟင်းရည်ထဲ ကြက်ဥခေါက်ရည်ကို ဖြည်းဖြည်းချင်းလောင်းထည့် မွှေပါ။ ကြက်ဥဖတ်လေးများ ချက်ချင်း ကျက်သွားပါလိမ့်မယ်။ ပန်းကန်လုံးထဲထည့်တဲ့အခါ နံနံပင်နဲ့ ငရုတ်ကောင်းမှုန့်လေးအပေါ်ကဖြူးပြီး ပူပူလေးသုံးဆောင်ပါ။ 

အချိန်တိုအတွင်းအလွယ်တကူချက်နိုင်ပြီး အရသာရှိတဲ့ ဟင်းရည်လေးတစ်ခွက်ပါခင်ဗျာ။

No comments: