Sunday, July 14, 2013

သင်ဟာ ဘယ်လိုဗိုက်ပူလဲ


သင်ရဲ့ဗိုက်ပူတဲ့ ပုံပန်းသဏ္ဌာန်ဟာ သင့်ကျန်းမာရေးနဲ့ နေထိုင်စားသောက်မှုပုံစံကို များစွာဖော်ပြနေပါတယ်။ ဗိုက်ပူရာမှာ ဗိုက်ပူရ ခြင်းအကြောင်းရင်းပေါ်မူတည်ပြီး အမျိုးအစား ငါးမျိုးရှိပါတယ်။ ဗိုက်ချပ်ပြီး ကျန်းမာလှပအောင် အဓိက ပြောင်းလဲရမယ့် လူနေ ထိုင်မှုပုံစံတွေ ရှိပါတယ်။ ဒါကြောင့် သင့်ရဲ့ ဗိုက်က ဘယ်လိုပူနေသလဲ၊ ဘာကြောင့်ပူနေရသလဲ၊ ကျန်းမာရေးကို ဘယ်လိုထိခိုက် နိုင်သလဲဆိုတာနဲ့ ဗိုက်ချပ်အောင်၊ကျန်းမာအောင် ဘယ်လိုပြုလုပ်နေထိုင်ရမလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

ဝလို့ပူတဲ့ဗိုက်
ခန္ဓာကိုယ်အလေးချိန်တိုးပြီး ၀လာတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးမှာအဆီတွေ တိုးလာတာကြောင့် ဗိုက်မှာလည်း အဆီတိုးလာပြီး တစ်နေ့တခြား ပူလာရတာပါ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ဗိုက်က အဆီတွေကို တခြားနေရာကို ရွှေ့ပြောင်းနိုင်ပါတယ်။

အကျင့်ဟောင်းများ
ကစီဓာတ်များတဲ့ အစာတွေ(ပေါင်မုန့်ဖြူ၊ ထမင်း၊ကိတ်မုန့်၊ခေါက်ဆွဲ၊ကြာဆံ၊ ဘီစကွတ်စတာတွေ)နဲ့ အချိုတွေ(သကြား၊မလိုင်စတာ တွေ)ကို အစားများတဲ့သူတွေ၊နှစ်သက်တဲ့သူတွေဟာ အ၀လွန်တဲ့ဗိုက်ပူပူကို ပိုင်ဆိုင်ကြရမှာ မလွဲပါပဲ။

ပြုလုပ်ရမည့်အကျင့်သစ်များ
ကျန်းမာရေးနဲ့ညီညွတ်တာစားပါ
ပြုပြင်ထားတဲ့အစားအစာတွေ၊ အသင့်စားအစာတွေ၊ ပါကင်ထုပ်ထားတဲ့အစာတွေ၊ အကြော်စာတွေကို ရှောင်ပြီး လတ်ဆတ်သန့်ရှင်းတဲ့ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံတွေ၊အစေ့အဆန်တွေ၊သစ်စေ့၊ ကောက်ပဲသီးနှံ၊ အဆီမပါတဲ့ အသားနဲ့ဥတွေကိုသာစားပါ။ ပြုပြင်ထားတဲ့ အသင့်စာတွေမှာ အဆီဆဲလ်တွေကို မှီတွယ်စေနိုင်တဲ့ အဆိပ်အတောက်တွေပါရှိပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကတော့ ခန္ဓာကိုယ် ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်စေတာကြောင့် ခန္ဓာကိုယ်က အဆီတွေကို ဖယ်ချပေးပါတယ်။

အသားရွေးစားပါ
အဆီကို လောင်ကျွမ်းစေနိုင်တဲ့ အသားတွေဖြစ်တဲ့ ငါး၊ကြက်ဆင်နဲ့ အရေခွံဖယ်ပြီးသား ကြက်သားစားပေးပါ။ ၀က်သား၊ဆိတ်သား၊ အမဲသားတို့လို အနီရောင်အသားတွေက အဆီတက်စေတာကြောင့် ဆင်ခြင်ပြီး စားပါ။

အရက်လျှော့သောက်ပါ
အရက်က ခန္ဓာကိုယ်ကို ၀ိတ်တက်စေနိုင်ပါတယ်။ အထူးသဖြင့်ဗိုက်မှာ အဆီစုပြီး ဗိုက်ပူစေနိုင်ပါတယ်။ အရက်မှာ ကစီဓာတ်နဲ့ အသားဓာတ်ထက်စာရင် ကီလိုချိုးပိုများပါတယ်။ ဒါကြောင့် တစ်နေ့ကို စံချိန်နှစ်ခွက် တစ်ပတ်ငါးရက်ထက် ပိုမသောက်သင့်ပါဘူး။

လေ့ကျင့်ခန်းလုပ်ပါ
အားကစားပြင်းထန်စွာ ပြုလုပ်ခြင်းထက်စာရင် အားကစားပုံမှန်လေး လုပ်ပေးခြင်းက လိုချင်တဲ့ ခန္ဓာကိုယ်ကို ပိုလျင်မြန်စွာ ပိုင်ဆိုင်နိုင်မှာပါ။ ကိုယ့်ခန္ဓာကိုယ်ကို ညှာမှ ခန္ဓာကိုယ်က အလိုက်သင့်လေးပြုပြင်ပြောင်းလဲလာမှာပါ။ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့်လေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းဖြင့် ခါး၊ ဗိုက်က အဆီ တင်ပါးဆီရောက်သွားမှာပါ။

စိတ်ဖိစီးလို့ပူတဲ့ဗိုက်
စိတ်ဖိစီးမှုဒဏ်ခံရလို့ ထွက်လာလို့ခံရတဲ့ ဗိုက်က ခန္ဓာကိုယ်တစ်ခုလုံးမှာ သူတစ်ယောက်တည်း လုံးပြီးထွက်နေတာပါ။ ကျန်တဲ့နေရာ ပုံမှန်ဖြစ်ပြီး ဗိုက်လေးပဲ ပူထွက်လာတာပါ။ စိတ်ဖိစီးပါက ကော်တီဆောဟော်မုန်းတွေများနေပြီး ဗိုက်မှာ အဆီတွေကို လာစုစေပါတယ်။

အကျင့်ဟောင်းများ
ပြုပြင်ထားတဲ့ အစားအစာတွေ(ဥပမာ ခေါက်ဆွဲပြုတ်၊ အသားပြား၊ အာလူးကြော်၊ ဘာဂါစသဖြင့်) ကို အချိန်မရှိသဖြင့် အမြန်စားခြင်း၊ အရက်၊ကော်ဖီနဲ့ အမြှုပ်ပါတဲ့ အအေးဘူး၊ အအေးပုလင်းများသောက်သုံးခြင်း၊ သကြားနဲ့အချိုပါတဲ့ အစာတွေစားခြင်း၊ တီဗီ၊ Smart Phone နဲ့ Facebook တို့လို ခေတ်ပေါ်နည်းပညာတွေ အသုံးပြုခြင်းစတာတွေက ဒီလိုဗိုက်ပူတာမျိုးဖြစ်စေနိုင်ပါတယ်။

ပြုလုပ်ရမည့် အကျင့်သစ်များ
ကောင်းကောင်းအိပ်ပါ
အိပ်စက်ခြင်းက စိတ်ဖိစီးမှုဟော်မုန်း၊ ကော်တီဆောကို လျော့ကျစေနိုင်တဲ့ အစွမ်းထက်ဆေးစွမ်းပါ။ စိတ်ဖိစီးမှုကို တိုက်ဖျက်နိုင်တဲ့ ဟော်မုန်းတွေကို လွှတ်ထုတ်ပေးနိုင်တဲ့ Adrenal ဂလင်းပုံမုန်လုပ်ငန်းပြန်လည် လည်ပတ်ဖို့ကလည်း အရေးကြီးပါတယ်။ ညဘက် ၉နာရီလောက်မှာ အိပ်ဖို့ ကြိုးစားပါ။စောစောအိပ်၊စောစောထခြင်းက အဆီတွေကို လောင်ကျွမ်းစေနိုင်တာကြောင့်ပါ။

စိတ်တည်ငြိမ်စေတဲ့လေ့ကျင့်ခန်းလုပ်ပါ။
တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ထိုက်ချိကစားခြင်းနဲ့ လမ်းခပ်ဖြည်းဖြည်း လျှောက်ခြင်းတို့က ခန္ဓာကိုယ်နဲ့ စိတ်ကို ဖျတ်လတ် လန်းဆန်းစေနိုင်ပါတယ်။ သင့်ကို စိတ်ဖိစီးမှု မဖြစ်စေဘဲ စိတ်ခံစားမှုကောင်းစေနိုင်တဲ့ လေ့ကျင့်ခန်းတွေသာ ရွေးလုပ်ပါ။

ဝိုင်အစား နို့သောက်ပါ
အရက်၊ဘီယာသောက်လေလေ၊ သင်ရဲ့ အိပ်စက်ခြင်းကို ထိခိုက်လေလေ ဖြစ်ကာ ဗိုက်ပိုပြီးပူလာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒီတော့ အယ်လ်ကိုဟောပါတဲ့ အရက်၊ဘီယာနဲ့ဝိုင်တို့အစား အိပ်ရာမ၀င်မီ နွားနို့ပူပူလေးတစ်ခွက်လောက် သောက်လိုက်ပါ။ နွားနို့ထဲမှာ အိပ်ပျော်စေနိုင်တဲ့ အမိုင်နိုအက်စစ် Tryptophon ဓာတ်ပါရှိတာကြောင့်ပဲ ဖြစ်ပါတယ်။

အပြင်စာသိပ်မစားပါနဲ့
စားသောက်ဆိုင်တွေမှာ စားခြင်း၊ အသင့်စားအမြန်စာများ(Fast Foods)စားခြင်းတို့ကို တတ်နိုင်သမျှရှောင်ပါ။ ဖြစ်နိုင်ရင် ကိုယ့်အိမ်မှာ သန့်သန့်ရှင်းရှင်း လတ်လတ်ဆတ်ဆတ်နဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင် ချက်စားပါ။ အဟာရပြည့်ဝအောင် စားဖို့လည်း လိုပါတယ်။  ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင် အရောင်ရင့်ရင့် အရွက်တွေများများပါပါစေ။ စိတ်တည်ငြိမ်မှုဖြစ်ပေါ်စေတဲ့ မဂ္ဂနီဆီယမ်နဲ့ တခြားကျန်းမာရေးကောင်းစေနိုင်တဲ့ ဓာတ်တွေ ပါရှိတာကြောင့်ပါ။

အောက်ပိုင်းနားမှာပူတဲ့ဗိုက်
ဗိုက်အောက်ပိုင်းလေးပဲ ပူနေခြင်းကလည်း အလုပ်များခြင်းရဲ့ လက္ခဏာတစ်ရပ်ပါပဲ။ အလုပ်ရှုပ်လွန်းသူတွေနဲ့ အစားအစာကို အမြန်စား နေကြရသူတွေမှာ အခုလိုမျိုး ဗိုက်အောက်ပိုင်းလေး စူထွက်လာတတ်ပါတယ်။

အကျင့်ဟောင်းများ
ဒီလိုဗိုက်ပူတွေကတော့ ကိုယ်ဟန်အနေအထားမမှန်ခြင်း၊ အစားအစာကိုအချိန်မှန်မစားခြင်း၊ ခါးနာ၊ခါးကိုက်ခြင်း၊အားကစားမပြုလုပ်ခြင်း နဲ့ ၀မ်းဗိုက်ကြွက်သားမသန်မာခြင်းတို့ကြောင့်ဖြစ်လာရတာပါ။

ပြုလုပ်ရမည့် အကျင့်သစ်များ
စားတဲ့အစာပေါ်အာရုံထားပါ
အချိန်မရှိလို့ အစာအမြန်စားတဲ့အခါ အစာမကြေတာကြောင့် အစာအိမ်ထဲမှာ လေပူဖောင်းလေးတွေ ဖြစ်ပေါ်လာတတ်ကာ ဗိုက်ရွှဲတတ် ပါတယ်။ ဒါကြောင့်အစာစားတဲ့အခါ အစာထဲမှာ အာရုံစိုက်ကာ အချိန်ပေးပြီး ကြေညက်အောင်ဝါးစားသင့်ပါတယ်။
မတ်မတ်ရပ်ပါ
ခါးကိုင်းခြင်း၊ ခါးကုန်းခြင်းတို့ဟာ ဗိုက်နေရာမှာ အဆီတွေစုလာတတ်စေပါတယ်။ အဆီတွေစုလို့ ဗိုက်ပူလာရင် ဗိုက်ပူတာမပေါ်အောင် ခပ်ကုန်းကုန်းနေကြပြန်တဲ့အခါ အဆီပိုတွေ ပိုပိုစုပြီး ဗိုက်ရွှဲသထက် ရွှဲလာပါလိမ့်မယ်။ ဒါကြောင့် ထိုင်ရင်ပဲဖြစ်ဖြစ် ထရင်ပဲဖြစ်ဖြစ် ခပ်မတ်မတ်သာနေပါ။ လမ်းလျှောက်ရင်လည်း မတ်မတ်လျှောက်ပါ။ သတိရရင် ရသလို ဗိုက်ကို ရှပ်ထားပါ။
လှုပ်လှုပ်ရှားရှားနေပါ
အထိုင်များရင်လည်း ဗိုက်ပူတတ်ပါတယ်။ဒါကြောင့် ထိုင်ပြီးအလုပ်လုပ်ရသူတွေအနေနဲ့ မကြာခဏလမ်းထလျှောက်ပါ။ အညောင်းအညာလည်း ပြေစေ၊ ဗိုက်လည်းပြုတ်စေပါတယ်။ ရေကူးခြင်း၊ ကခုန်ခြင်း၊ အားကစားလုပ်ခြင်းတို့လို ကြွက်သားတွေကို အလုပ်ပေးရတဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေပြုလုပ်ပါ။
ပြသတိုင်ပင်ကုသပါ
ခါးနာခြင်း၊ ခါးကိုက်ခြင်းနဲ့ ခါးကုန်းခြင်းတို့လို ကျန်းမာရေးပြဿနာတွေကိုတော့ သက်ဆိုင်ရာတတ်ကျွမ်းသူတွေကို ပြသ ကုသသင့် ပါတယ်။ အရိုးအကြောကုထုံး ပညာရှင်တွေအနေနဲ့ ခါးရိုး၊ကျောရိုးကို ပြင်ပေးနိုင်ပြီး ကြွက်သားတွေ သန်မာအောင် ကူညီပေးနိုင်မှာပါ။
ကလေးမွေးပြီး ပူလာတဲ့ဗိုက်
အမျိုးသမီးများ ကိုယ်ဝန်ဆောင်တဲ့အခါ ဗိုက်ထဲက ကလေးအရွယ်ကြီးလာတာနဲ့အမျှ ၀မ်းဗိုက်တွေက ချဲ့ပေးရတာကြောင့် ကလေးမွေး ပြီးတဲ့အခါ အဲဒီကြီးလာတဲ့ဗိုက်၊ ပုံမှန်အရွယ်ပြန်ရောက်ဖို့ ခက်ခဲလှပါတယ်။ မွေးပြီးပြီးချင်း ခြောက်ပတ်လောက်အထိကတော့ အဲဒီကျန် ရှိနေတဲ့ ဗိုက်ကို ခဏတာမေ့ထားပြီး အေးအေးဆေးဆေး အနားယူဖို့အရေးကြီးပါတယ်။
အကျင့်ဟောင်းများ
ကလေးမွေးပြီး တော်ရုံနဲ့ပြန်မပိန်တော့တာ၊ ဗိုက်ပြန်မချပ်တော့တာ ဘာကြောင့်များပါလဲ၊ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်လုံးဝမပေးနိုင် လို့လား၊ ကလေးတွေရဲ့ အကျန်စာတွေ နှမြောပြီး စားနေမိလို့လား၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သရေစာတွေကို စားမိနေလို့လား၊ ဒါဆိုရင်တော့ ၀ိတ်ပြန်လျှော့ဖို့ ခက်နေပါပြီ။
ပြုလုပ်ရမည့် အကျင့်သစ်များ
ကောင်းမွန်တဲ့အဆီရွေးပါ
ကောင်းမွန်တဲ့အဆီဆိုတာ သစ်စေ့၊ထောပတ်သီး၊သံလွင်ဆီနဲ့ ဆယ်လ်မွန်ငါး၊ဆာဒင်းငါးတို့လို အဆီများတဲ့ ပင်လယ်ငါးတွေမှာပါရှိတဲ့ အဆီတွေပါ။ အဆီတွေကို ချေဖျက်ပေးပြီး စိတ်ခံစားမှုကောင်းစေတာကြောင့် စိတ်ဓာတ်ခိုင်မာပြီး တည်ငြိမ်အေးချမ်းစေနိုင်ပါတယ်။ ဒီအစာတွေက ရောင်ရမ်းမှု သက်သာစေနိုင်တဲ့ အစွမ်းရှိတာကြောင့် အူရောင်ရမ်းမှုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
အသားစားတဲ့ပုံစံပြောင်းပါ
အသားဓာတ်မှီဝဲရာမှာ တစ်ခါတည်းနဲ့ အများကြီးစားမယ့်အစား တစ်နေ့ကို လေးကြိမ်ခွဲကာ စားပေးခြင်းဖြင့် သွေးတွင်း သကြားဓာတ်ပမာဏကို ထိန်းချုပ်ပေးခြင်း၊ အားရှိစေခြင်း၊ အဆီလောင်ကျွမ်းစေခြင်းကို ဖြစ်ပေါ်စေပါတယ်။ အသားစားရာမှာ ၀က်သား၊ ဆိတ်သား၊အမဲသားတို့လို အဆီများတဲ့ အသားတွေအစား ငါး၊ကြက်သားတို့လို အသားရွေးစားပါ။ အသားဓာတ်ကို အသားအပြင် ပဲအမျိုးမျိုး၊အဆီနည်းတဲ့ ဒိန်ခဲနဲ့ ဒိန်ချဉ်တို့ကလည်း ရရှိနိုင်ပါတယ်။
ကလေးတွေနဲ့ ကစားပါ
ကလေးတွေနဲ့ လမ်းလျှောက်ထွက်ခြင်း၊ ပန်းခြံကစားကွင်းခေါ်သွားခြင်း၊ရေသွားကူးခြင်းတို့လို လှုပ်ရှားမှုတွေက ကလေးတွေကို ပျော်ရွှင်စေသလို သင့်မှာလည်း ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီးသားဖြစ်ကာ ၀ိတ်လျော့စေမှာပါ။
အောက်ပိုင်းလေ့ကျင့်ခန်းလုပ်ပါ
သားဦးမွေးထားတဲ့ မိခင်တွေအတွက် အကောင်းဆုံးလေ့ကျင့်ခန်းကတော့ Pelvic Floor လေ့ကျင့်ခန်းပါ။ ရှူးအောင့်ရာမှာ အသုံးပြုတဲ့ ကြွက်သားတွေကို ညှစ်ညှစ်ပေးရမှာဖြစ်ပါတယ်။ တစ်ခါညှစ်ရင် ၁၅-၂၀ခါလောက် ညှစ်ရမှာပါ။တစ်နေ့ကို ငါးကြိမ်လောက်ညှစ်ပေးသင့်ပါ တယ်။ ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြုလုပ်နိုင်သလို Pelvic Floor ကြွက်သားတွေ ပြန်လည် ကျစ်လစ်သန်မာလာစေမှာဖြစ်ပါ တယ်။
ဖောပြီး ပူတဲ့ဗိုက်
ဝမ်းဗိုက်ဖောင်းခြင်းက များသောအားဖြင့် အစာခြေစနစ်အင်္ဂါတွေ ရောင်ရမ်းခြင်းကြောင့် ဖြစ်ပေါ်လာတာပါ။ တစ်ခါတလေမှာ အစာမှား စားမိတဲ့အခါ ၀မ်ဗိုက်ကြီး ဖောင်းကားလာပြီး တစ်နေ့လုံးဖောနေတတ်ပါတယ်။ တစ်ခါတလေကျတော့လည်း နာတာရှည် ဖောရောင်နေ တာမျိုး ဖြစ်တတ်ပါတယ်။
အကျင့်ဟောင်းများ
ခန္ဓာကိုယ်ကို သေချာဂရုစိုက်ပါက ခန္ဓာကိုယ်မှာ တစ်ခုခုမှားယွင်းနေတဲ့ လက္ခဏာတွေ(ဥပမာအားဖြင့် လေပွခြင်း၊ ကြွက်တက်ခြင်း၊အစာ မကြေခြင်း၊ အားနည်းခြင်းစတာတွေ)ကို သတိပြုမိမှာပါ။ ခန္ဓာကိုယ်က သင့်ကို အမြဲအချက်ပေးလေ့ရှိပါတယ်။ ဒါကြောင့် ဂရုစိုက်ပါ။ ဖြစ်နိုင်ခြေရှိတဲ့ Allergy ဓာတ်မတည့်မှုတွေ၊အစားမှားတာတွေကို သတိပြုပါ။
ပြုလုပ်ရမည့် အကျင့်သစ်များ
မတည့်တာရှောင်ပါ
ဝမ်ဗိုက်မှာ ပြဿနာအဖြစ်ဆုံး အစားအစာတွေက ဂျုံ၊အရက်၊တစေးနဲ့ပြုပြင်ထားတဲ့ နို့ထွက်ပစ္စည်းတွေပါ။ ၀မ်းဗိုက်ကို မအီမသာဖြစ်စေပါက မစားဘဲ ခဏရပ်ထားပါ။ ကိုယ်နဲ့မတည့်ရင် ထပ်မစားပါနဲ့တော့။
ရေခဲရေသောက်ပါ
ရိုးရိုးရေထက်စာရင် ရေခဲရေက အဆီကိုလောင်ကျွမ်းစေပါတယ်။ရေခဲရေသောက်လိုက်တဲ့အခါ အစာအိမ်ထဲရောက်လာတဲ့ ရေခဲရေကို ခန္ဓာကိုယ်အပူချိန်ဖြစ်အောင် ပြောင်းလဲရာမှာ ခန္ဓာကိုယ်က စွမ်းအားအပိုသုံးရတာကြောင့် ခန္ဓာကိုယ်ထဲကသိုလှောင်ထားတဲ့ အဆီတွေ ကိုပါ လောင်ကျွမ်းစေပါတယ်။ဒါပေမဲ့ အစာနဲ့တော့ တွဲမသောက်ပါနဲ့။ ၀မ်းဗိုက်ဖောလာတတ်တာကြောင့်ပါ။
ကောင်းတဲ့ဘက်တီးရီးယားဆောင်ပါ
မကောင်းတဲ့ဘက်တီးရီးယားပိုးတွေကို ကောင်းတဲ့ဘက်တီးရီးယားတွေနဲ့ တိုက်ဖျက်ပါ။ ဒါမှမလိုလားတဲ့ ဂက်စ်တွေထွက်သွားပြီး အစာခြေစနစ်ကောင်းမွန်ကာ အဆီလျော့မှာပါ။ အချိုလျှော့ထားတဲ့ ဒိန်ချဉ်နဲ့ Probiotic အားဆေးသောက်ပေးသင့်ပါတယ်။
Credit: The Chic Magazine – July 2013

No comments: