Tuesday, July 23, 2013

ငှက်ဖျား တီဘီ HIV /AIDS ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး



HIV ဆိုင်ရာ လူမှုကွန်ရက် အဖွဲ့များ မှတ်ပုံတင်သည့် မူဝါဒများလျှော့ချရန် ကူညီပေးမည်ဟု ဦးရွှေမန်းဆို
ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်တွင်းရှိ HIV ဆိုင်ရာ လူမှုကွန်ယက် ခုနစ်ခု၏ ခေါင်းဆောင်များ ဇူလိုင် ၁၇ ရက်တွင် တွေ့ဆုံခဲ့ရာ HIV ကွန်ယက်အဖွဲ့များ မှတ်ပုံတင်သည့် မူဝါဒများလျော့ချရန် ကူညီပေးမည်ဟု ၄င်းက ပြောကြားလိုက်သည်ကို ယင်းပွဲသို့ တက်ရောက်ခဲ့သည့် HIV ကွန်ယက် တစ်ခုဖြစ်သော Phoenix အဖွဲ့မှ ခေါင်းဆောင် ကိုသီဟကြိုင်က မဇ္ဈိမသို့ပြောသည်။

ယင်းတွေ့ဆုံပွဲမှာ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်တွင်ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်များတွင် လက်ရှိ ဖွဲ့စည်းထားသည့် HIV အဖွဲ့များ မှတ်ပုံတင်ရန်မှာ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကြောင့် အခက်အခဲ ရှိနေသည်များကို တင်ပြခဲ့ရာ သူရဦးရွှေမန်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ကိုသီဟကြိုင်က “ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကျွန်တော်တို့ HIV ကွန်ယက်အဖွဲ့တွေရဲ့ တင်ပြချက်တွေကို လက်ခံဆွေးနွေးပေးခဲ့ပါတယ်။ ထုတ်ပြန်ထားတဲ့ မူဝါဒတွေ လျော့ချပြင်ဆင်ပေးမယ်လို့ ပြန်လည် ပြောကြားခဲ့ တယ်” ဟု ပြောသည်။

ယင်းအပြင် လွှတ်တော်တွင်း  AIDS/HIV ဆိုင်ရာ စိတ်ဝင်စားသည့် လွှတ်တော် အမတ်များပါဝင်သည့် ပါတီတစ်ရပ် ပေါ်ပေါက်လာစေရန် လည်းဆွေးနွေးပြီး ယင်း ကွန်ယက် ခုနစ်ခုနှင့် လွှတ်တော် အမတ်များသည် ဇူလိုင် ၁၆ ရက်တွင် တွေ့ဆုံခဲ့သည်။

လွှတ်တော်အမတ်များနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံအတွင်း HIV ကူးစက်ခံထားရသူများအတွက် အလုပ်အကိုင်များ ဖန်တီးပေးရန်ကိုလည်း တောင်းဆိုခဲ့သည်ဟု ကိုသီဟကြိုင်က ဆိုသည်။

၎င်းက “HIV ကူးစက် ခံထားရသူတွေ အလုပ်အကိုင်ရဖို့ ခက်ခဲနေပါတယ်၊ အလုပ်ရှိပြီးသားသူတွေတောင် ရောဂါရှိတယ် ဆိုတာနဲ့ အလုပ်ထုတ် ခံနေရ တယ်၊ မြန်မာနိုင်ငံတွင်း HIV ကူးစက်ခံထားသူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ တွေကို လွှတ်တော် ကိုယ်စားလှယ်တွေက တစ်ဆင့် လွှတ်တော်တွင်းကို ရောက်အောင် တင်ပြလိုပါတယ်” ဟုလည်း ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် HIV ဆိုင်ရာ လူမှုအဖွဲ့ပေါင်း ၂၀ဝ ခန့်ရှိပြီး အဖွဲ့များ မှတ်ပုံတင်ရသည့် အခြေအနေနှင့် ပတ်သက်၍လည်း ကိုသီဟကြိုင်က “အချို့နယ်တွေ၊ ရပ်ကွက်တွေမှာ HIV ဖြစ်နေသူ သုံးလေးဦးလောက်နဲ့ ဖွဲ့ထားတဲ့ အဖွဲ့ငယ်လေးတွေက တရားဝင် မှတ်ပုံတင်ဖို့ ငွေကြေးပိုင်းနဲ့ နေပြည်တော်ကိုလာပြီး အဆင့်ဆင့် မှတ်ပုံတင်ဖို့ အခက်အခဲရှိတယ်။ ရပ်ကွက်ရုံးတွေမှာပဲ မှတ်ပုံတင်နိုင်ရင် HIV အဖွဲ့လေးတွေ အတွက် အဆင်ပြေနိုင်ပါတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် HIV ကူးစက်ခံထားသည်ကို ရှက်ကြောက်စိတ်ဖြင့် ပုန်းကွယ်နေသူများသည် အချိန်မတိုင်မီ အသက် ဆုံးရှုံးမှုများ ရှိနေရာ မြန်မာနိုင်ငံတွင်းရှိ HIV ဆိုင်ရာ လူမှုကွန်ယက်အဖွဲ့များနှင့် ဆက်သွယ်ကာ အဖွဲ့ဝင်စေ လိုသည်ဟုလည်း ယင်း ကွန်ယက်တစ်ခုဖြစ်သည့် အမျိုးသမီးများ ကွန်ယက် ဥက္ကဋ္ဌ နော်ရဲဝါးက ပြောသည်။

အေးမြင့်စန်း
မဇ္ဈိမ - HIV ဆိုင်ရာ လူမှုကွန်ရက်အဖွဲ့များ မှတ်ပုံတင်သည့် မူဝါဒများလျှော့ချရန် ကူညီပေးမည်ဟု ဦးရွှေမန်း ဆို 

ငှက်ဖျား တီဘီ HIV /AIDS ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး

အပြည်ပြည်ဆိုင်ရာ လူမှုရေး အဖွဲ့အစည်း ဖြစ်သည့် ရွှေ့ပြောင်း သွားလာ နေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) မှ အမေရိကန် နိုင်ငံသား Mr.Irving Gregony Jamdes နှင့်သြစတြေးလျ နိုင်ငံသား Mr.Warren  Butrery (programme advisor)  တို့နှစ်ဦးသည် ရန်ကုန်မြို့ရှိ (IOM) ရုံးချုပ်မှ ပရောဂျက် မန်နေဂျာ ဒေါက်တာ ဒေါ်ရီရီချိုနှင့်  စီမံချက် မန်နေဂျာ ဦးအောင်ထွန်းတို့ လိုက်ပါ၍ ရေးမြို့သို့ ရောက်ရှိကာ ယမန်နေ့ နံနက် ၈ နာရီ ခွဲက ရေးမြို့ IOM ရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ငှက်ဖျား၊ တီဘီ၊ HIV/AIDS ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး မှာကြားကာ ရေးမြို့နယ် ကလော့လေး ကျေးရွာတွင် ဆောင်ရွက်လျက် ရှိသည့် ဆေးယဉ်ပါး ငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံချက် နေရာများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်  ဇူလိုင်  ၁၅


၂၀၁၃ ခုနှစ် အတွင်း မြန်မာနိုင်ငံ၌ HIV ရောဂါဖြင့် လူပေါင်း ၁၅၀၀၀ အသက် ဆုံးရှုံး၍ ၇၀၀၀ ကျော် ရောဂါ ကူးစက်ခံရ

 မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်အတွင်း HIV ရောဂါဖြင့် လူပေါင်း ၁၅၀၀၀ အသက်ဆုံးရှုံးပြီး ၇၀၀၀ ကျော် ရောဂါကူးစက် ခံနေရကြောင်း ဇူလိုင် ၁၆ ရက်က Mount Pleasant ဟိုတယ်တွင် ပြုလုပ်သည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် HIV ဆိုင်ရာ လူမှုကွန်ရက် ပေါင်းစပ်အဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲတွင် သိရသည်။

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီး သောသူ ၁၅ နှစ်အထက် HIV ရောဂါ 0 (သုည) ဒသမ ၄၇ ရာခိုင်နှုန်း ကူးစက်ခံနေရပြီး လူဦးရေ သန်း ၆၀ ထဲမှ အမျိုးသမီးများ သုံးပုံတစ်ပုံ ရှိနိုင်ကြောင်း စစ်တမ်းများအရ သိရသည်။

MSI ဒေါက်တာ စစ်နိုင်က ''၂၀၁၃ ခုနှစ် အတွင်းမှာ အရွယ်ရောက်ပြီး ၁၅ နှစ်အထက် HIV ရောဂါ ကူးစက်ခံနေ ရပါတယ်။ ဒါက ကျွန်ပျူတာနဲ့ တွက်ချက်ပေးထားတာပါ။ ကမ္ဘာပေါ်က နိုင်ငံအသီးသီးမှာ တွက်တဲ့ ပုံစံအတိုင်း တွက်တဲ့အခါ ဒီလောက်တော့ ဖြစ်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်တော်တို့ဆီမှာ ရာခိုင်နှုန်းအားဖြင့် ၁ ဒသမ ၃ အထိ ရှိခဲ့ဖူးပါတယ်။ ဒီနှစ်တော့ ထပ်ထပ်ပြီး ကျကျလာတာ ၁၈၉၀၀ ဦးလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနှစ် ၂၀၁၃ ခုနှစ်မှာ HIV ရောဂါနဲ့ လူပေါင်း ၁၅၀၀၀ လောက် အသက်ဆုံးရှုံးပြီး ၇၀၀၀ လောက် ကူးစက်ခံထားရတယ်လို့ တွက်ချက် ခန့်မှန်းပါတယ်'' ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ HIV ရောဂါဖြစ်ပွားသော မြို့ကြီးများအလိုက် ရာခိုင်နှုန်းမှာ လားရှိုး ၄ ဒသမ ၇ ရာခိုင်နှုန်း၊ မန္တလေး ၅ ရာခိုင်နှုန်းနှင့် ရန်ကုန် ၂၀ ရာခိုင်နှုန်းကျော် ဖြစ်ပွားနေကြောင်း သိရပြီး ၂၀၁၂ ခုနှစ်တွင် HIV ရောဂါဖြစ်ပွားသော လူကြီး ၁၉၇၀၃၄ ဦး၊ ကလေး ၉၈၃၉ ဦး စုစုပေါင်း ၂၀၆၈၇၃ ဦးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ HIV ရောဂါ အမျိုးသား၊ အမျိုးသမီးဖြစ်ပွားမှု ရာခိုင်နှုန်းမှာ အမျိုးသမီး ပြည့်တန်ဆာ တစ်ရာတွင် ၇ ဒသမ ၁ ရာခိုင်နှုန်း၊ အမျိုးသားချင်း ချစ်ခင်စုံမက်ကိစ္စ ၈ ဒသမ ၉ ရာခိုင်နှုန်း၊ ဆေးထိုးအပ်နှင့် မူးယစ်ဆေးဝါး သုံးစွဲသောသူ ၁၈ ဒသမ ၀ ရာခိုင်နှုန်းရှိပြီး ၂၀၁၃ ခုနှစ်တွင် လူဦးရေ ၇၀၀၀ ကူးစက်ခံရပြီး ၅၀၀၀ ဦး အသက်ဆုံးရှုံးရကြောင်း သိရသည်။

No comments: