Saturday, July 30, 2011

သတိပြုသင့်သော အစာအဆိပ်သင့် အီးကိုလိုင်ရောဂါပိုး

၂၀၁၁ခုနှစ်၊ ဇွန်လဆန်းပိုင်းမှာ အီးကိုလိုင်အမည်ရှိ ဗက်တီးရီးယားပိုး၏ ကူးစသက်ပျံ့နှံ့မှုသတင်းကိုကြားရပါတယ်။ Escherichia coli (E. coli) ဗက်တီးရီးယားပိုးဟာ သဘာဝအားဖြင့် လူသားတို့ရဲ့ အူလမ်းကြောင်းမှာ နေထိုင်တဲ့ ပိုးတစ်မျိုးဖြစ်ပါတယ်။ ဒီပိုးရဲ့ အချို့သော မျိုးကွဲတွေက လူကိုအန္တရာယ်ပြုတတ်ကြပါတယ်။ Diarrhoea ခေါ် ၀မ်းလျှောဝမ်းပျက်ဖြစ်စေတတ်ပါတယ်။ ယခုဖော်ပြမယ့်အစာ အဆိပ် သင့် မှုဟာ ဒီပိုးရဲ့မျိုးစိတ်ကွဲတစ်မျိုးကြောင့်ဖြစ်ပြီး ဂျာမနီနိုင်ငံမှာ လူပေါင်း ၁၅၀၀ကျော်ကို ကူးစက်ရောဂါအဖြစ် ခံစားစေကာ လူ၁၇ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ လူပေါင်း ၄၇၀ကို ပြင်းထန်တဲ့ ကျောက်ကပ်ထိခိုက်မှုဖြစ်စေခဲ့ပါတယ်။ ရောဂါပြန့်ပွားကူးစက်မှု ကပ်ရောဂါ အသွင် Outbreak ဖြစ်မှုမှာ အရွယ်ရောက်ပြီးသူလူကြီးများ အဓိကအားဖြင့် အမျိုးသမီးများတွင်အဖြစ်များပြီး ရောဂါပိုးဝင်လွယ်တဲ့ သက်ကြီးရွယ်အိုများနဲ့ ကလေးငယ်များမှာတော့ အဖြစ်နည်းတာကို တွေ့ရပါတယ်။


ဥရောပယူနီယံအဖွဲ့ကတော့ ဒီရောဂါပြန့်ပွားကူးစက်မှုသည် အသက်ကိုအန္တရာယ်ဖြစ်စေနိုင်သော Haemolytic-Uraemic Syndrome (HUS) ခေါ် ကျောက်ကပ်အတွင်း သွေးယိုပျက်စီးမှု လက္ခဏာစု ဖြစ်ပွားစေနိုင်ကြောင်း၊ အသက်မသေဘဲ ကျန်သူများမှာ ကျောက်ကပ်ဆေးကြောခြင်း dialysis သို့မဟုတ် ကျောက်ကပ်အစားထိုး ကုသရခြင်းအထိ ကြုံတွေ့နိုင်သဖြင့် အထူးသတိပြုကြရန် လိုအပ်ကြောင်း သတိပေးထားပါတယ်။ ဒါကြောင့် ဥရောပက တင်သွင်းတဲ့ အသီးအနှံများ ဟင်းသီးဟင်းရွက်များကို အစိမ်းမစားကြဖို့၊ သတိနဲ့ဆင်ခြင်ကိုင်တွယ်စားသုံးကြဖို့ အာရှနိုင်ငံအများမှာ နှိုးဆော်ထားကြကြောင်း သိရပါတယ်။(Joint Statement of Ministry of Health/Singapore and Food Veterinary Authority – AVA- 2.6.2011)

'ဗိုက်နာတယ်၊ ၀မ်းလျှောတယ်' ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသကြဖို့လည်း သတိပေးထားပါတယ်။ စင်ကာပူနိုင်ငံ Tan Tock Seng ဆေးရုံမှ တွဲဖက်ပါမ္ခော Dr. Leo Yee Sin က 'ဒီဗက်တီးရီးယားပိုးရဲ့ ရောဂါအစပျိုးချိန် Incubation Period ကတော့ ၃ရက်မှ ၄ရက် လောက်ရှိပါတယ်။ တချို့ကတော့ ခုနှစ်ရက်လောက် ကြာတတ်ပါတယ်။ အစာအဆိပ်သင့်တိုင်း E. Coli ပိုးကြောင့်လို့တော့ မပြောနိုင် ပါဘူး။ ဓာတ်ခွဲခန်းမှာ စစ်ဆေးအတည်ပြုပြီးမှသာပြောနိုင်ပါတယ်။ ဒီရောဂါပိုးမှန်းသေချာရင် Antibiotics ပဋီဇီဝဆေးတွေ မသုံးသင့် ပါဘူး။ Antibiotics ဆေးတွေကြောင့် HUS ရောဂါစုရပြီး ကျောက်ကပ်ထိခိုက်ပျက်စီးစေတတ်တယ်။ ရေ၊အရည် လိုသလောက်ဖြည့် ဆည်းပေးပြီးစောင့်ကြည့် ကုသပေးရပါတယ်' ဟုပြောပြပါတယ်။ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကို ရောဂါပိုးရှိ/မရှိ စစ်ဆေး ပြီးမှသာ ရောင်းချစားသုံးခွင့်ပေးသင့်ကြောင်းလည်း အကြံပြုပါတယ်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ အခုကူးစက်နေတဲ့ E.coli ပိုးသည် မျိုးကွဲအသစ်တစ်မျိုးဖြစ်ပြီး ယခင်က တစ်ခါမှ မမြင်ခဲ့ဖူးသေးကြောင်း၊ မည်သည့်နေရာမှ စတင်ပြန့်ပွားကူးစက်သည်ကို မသိရသေးကြောင်း၊ E.coli ပိုးရဲ့ဗီဇဖောက်ပြန်မှု ပိုးတစ်မျိုးဖြစ်ပြီး ပိုးအမည်ကို Shiga toxin-Producing Escherichia coli or STEC လို့ခေါ်ကြောင်း၊ ယင်းမှာ aggressive agents အန္တရာယ်ပြုနိုင်တဲ့ သတ္တိများပါဝင်ကြောင်း စသဖြင့်ထုတ်ပြန်ထားပါတယ်။ သုတေသီများကတော့ ဥရောပယူနီယံ(EU)အဖွဲ့ဝင်၂၇နိုင်ငံအတွက် သတိပြုဆောင်ရွက်စရာဖြစ်ကြောင်း သတိပေးပါတယ်။ရုရှားနိုင်ငံကတော့ ဥရောပယူနီယံ(EU)အဖွဲ့ဝင်နိုင်ငံအားလုံးက တင်သွင်းတဲ့ ဟင်းသီးဟင်းရွက်အားလုံးကို ပိတ်ပင် ထားဖို့ ၂-၆-၂၀၁၁ရက်နေ့က ကြေညာခဲ့ပါတယ်။

The European Centre for Disease Prevention and Control အီးယူ ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနကလည်း ဒီရောဂါ ပိုးဟာ Shiga toxin-Producing Eacherichia coli (SETC)  ဖြစ်ကြောင်း အတည်ပြုပြောကြားပါတယ်။ SETC ပိုးဟာ ကူးစက်ပျံ့နှံ့မှု ဖြစ်ခဲလှကြောင်း၊ အလွန်ရှားရှားပါးပါးဖြစ်ကြောင်း၊ Contaminated food မသန့်ရှင်းတဲ့ အစားအစာတွေဟာ ရောဂါပိုး သယ်ဆောင်ရာ ယာဉ်များသဖွယ်ဖြစ်ကြောင်း၊ ရောဂါဖြစ်စဉ်ရဲ့ ဇာစ်မြစ်ကို လေ့လာနေဆဲဖြစ်ကြောင်းသိရပါတယ်။ တရုတ် သိပ္ပံပညာရှင်တို့က ဒီဗက်တီး ရီုးယားပိုးကို လေ့လာရာမှာ ပဋိဇီဝဆေးများစွာကို အန်တုနိုင်တဲ့ ဂျင်း(န်)ဗီဇများစွာကို သယ်ဆောင်ထားကြောင်း၊ ကူးစက်လွယ်ပြီး အဆိပ်လည်းပြင်းထန်ကြောင်းတွေ့ရှိခဲ့ပါတယ်။ ယခုလောလောဆယ်ရောဂါကူးစက်ဖြစ်ပွားနေသူ အားလုံးနီးပါးဟာ ဂျာမနီမှာ နေထိုင်သူ များ၊ ဂျာမနီသို့ခရီးသွားလာခဲ့ကြသူများဖြစ်ကြောင်း သိရပါတယ်။


လန်ဒန်မြို့က ရရှိတဲ့ သတင်းတစ်ရပ်အရ ကူးစက်ခံရသူ ခုနှစ်ဦးဟာ ဗြိတိန်နိုင်ငံမှာ နေကြသူတွေဖြစ်ကြပြီး၊ ဂျာမနီနိုင်ငံနဲ့ ဆက်စပ်ခဲ့ကြ သူများဖြစ်ကြောင်း၊ သုံးယောက်က ဗြိတိန်နိုင်ငံသားတွေ ဖြစ်ကြပြီး လေးယောက်ကတော့ ဂျာမနီနိုင်ငံသားများဖြစ်ကြကြောင်း the Health Protection Agency ကကြေငြာခဲ့ပါတယ်။ အဲဒီအထဲက သုံးယောက်ဟာ HUS ကျောက်ကပ်သွေးယိုပျက်စီးမှုရောဂါစုကို ပြင်း ထန်စွာ ခံစားနေကြရပါတယ်။ ဒီ HUS ဟာ ကျောက်ကပ်တင်မက အသည်းကိုလည်း ထိခိုက်စေနိုင်ကြောင်း သိရပါတယ်။ ကျန်လေး ယောက်ကတော့ သွေးဝမ်းသွားမှုကို ခံစားနေကြရပါတယ်။


ယခု E.coli ရောဂါပိုးပြန့်ပွားကူးစက်မှုဟာ ကမ္ဘာ့သမိုင်းမှာ တတိယအကြီးဆုံးဖြစ်ပြီး လူအများကို သေစေနိုင်လောက်အောင် အပြင်းထန် ဆုံး ကူးစက်မှုတစ်ခုလည်း ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်က ဂျပန်နိုင်ငံမှာဖြစ်ပွားခဲ့ရာမှာ လူ ၉၀၀၀ကျော်ကူးစက်ခံရပြီး လူ၁၂ဦးသေဆုံးခဲ့ကာ ၂၀၀၀ပြည့်နှစ် ကနေဒါနိုင်ငံပြန့်ပွားကူးစက်မှုမှာ လူ၇ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ ၁၉၈၂ခုနှစ်တွင် သုတေသီများက ကျွဲနွားများ တွင် ကူးစက်ပျံ့နှံ့စေခဲ့တဲ့ E.coli 0157:H7 ပိုးကိုအဆိုပါ တိရစ္ဆာန်တွေရဲ့ အူလမ်းကြောင်းမှာ တွေ့ရှိခဲ့ကြပါတယ်။ သားသတ်ရုံမှ တစ်ဆင့် ကူးစက်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ ပိုးမသတ်ထားတဲ့ နွားနို့နှင့် အမဲသားဟမ်ဘာဂါအချို့မှာလည်း ရောဂါပိုးကိုတွေ့ရ တတ်ပါတယ်။ ဒါကြောင့် အမဲသား၊ နို့၊ ဟမ်ဘာဂါတို့ကို အပူချိန် ၁၆၀ ဒီဂရီဖာရင်ဟိုက် (၇၀ ဒီဂရီ စင်တီဂရိတ်)မှာကောင်းစွာချက်ပြုတ် ကြဖို့လိုပါတယ်။


လတ်တလော ဖြစ်ပေါ်ပျံ့နှံ့နေတဲ့ ရောဂါဖြစ်စဉ်များကို အမြဲသတိပြု၊ မျက်ခြည်မပြတ် လေ့လာစောင့်ကြည့်ကြဖို့ လိုပါတယ်။ ကျန်းမာ ရေးနဲ့ပတ်သက်တဲ့ အသိ၊ဗဟုသုတတွေ လေ့လာစုဆောင်းနိုင်လေ၊ မိမိကိုယ်ကို ကာကွယ်နိုင်လေ၊ မိမိပတ်ဝန်းကျင်ရှိ လူအများကိုပါ ကူညီကာကွယ်နိုင်လေ၊ လူတိုင်း ဒီလိုကျင့်ကြံပြုမူကြရင် ကူးစက်ရော၈ါများအတွက် တံခါးကြီးပိတ်ထားသလို ဖြစ်ပါလိမ့်မယ်။


ဒေါက်တာမြင့်သန်း (ညောင်လေးပင်)


Ref: Strait Times. 3-6-2011.

Thursday, July 28, 2011

သမုဒ္ဒရာကြီးကို ကယ်တင်ပါ

သင်ဟာ သမုဒ္ဒရာကြီးရဲ့ အနီးအနားမှာ နေသည်ဖြစ်စေ၊ သမုဒ္ဒရာနဲ့ မနီးတဲ့ ဒေသမှာနေသည်ဖြစ်စေ သမုဒ္ဒရာကြီးနဲ့ သမုဒ္ဒရာကြီးထဲမှာ နေထိုင်တဲ့ရေသတ္တ၀ါများကို မူလအနေအထားလေးကနေ ပျက်စီးယိုယွင်းမသွားအောင် စောင့်ရှောက်မှုပေးလို့ ရပါတယ်။ သမုဒ္ဒရာကြီး ကို ညစ်ညမ်းမှုမရှိအောင်၊ သန့်ရှင်းစင်ကြယ်အောင် စောင့်ရှောက်ရမှာဖြစ်သလို သမုဒ္ဒရာရေမျက်နှာပြင်အောက်ထဲမှာ နေထိုင်ကြတဲ့ ရေ သတ္တ၀ါလေးများကိုလည်း ရာသီဥတုပြောင်းလဲခြင်းကြောင့်ဖြစ်စေ၊ ရေထုညစ်ညမ်းခြင်းကြောင့်ဖြစ်စေ၊ အလွန်အကျွံ ဖမ်းဆီးသော ကြောင့်ဖြစ်စေ မျိုးသုဉ်းပျောက်ကွယ်ခြင်းမှ ကာကွယ်ရမှာ ဖြစ်ပါတယ်။


(၁) ဒေသထွက် ငါးကို စားပါ

ငါးဝယ်မယ်ဆိုရင် ဒေသခံ တံငါသည်များက ဖမ်းဆီးရောင်းချတဲ့ ငါးကိုဝယ်ယူစားသုံးပါ။ အနည်းဆုံး ရေထုအဆိပ်သင့်နေသောဒေသက ငါးမဟုတ်ကြောင်းကိုောတ့ သင်ခန့်မှန်းမိမှာဖြစ်ပါတယ်။ အဲဒါအပြင် သင်ဟာ ဒေသထွက်ငါးတွေရဲ့ အမျိုးအမည်တွေနဲ့ အကျွမ်းတ၀င် ရှိပြီး ဘယ်ငါးမျိုးစိတ်ဟာ ရှင်သန်ပွားများဖို့ ဘာတွေလိုအပ်တယ်ဆိုတဲ့ ဗဟုသုတမျိုးကို စူးစမ်းချင်စိတ်ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။


(၂) ငါးကြီးဆီစားပါ

ငါးကနေ ရရှိမယ့် fatty acid ဆိုတဲ့အဟာရကို ရယူလိုတဲ့အခါ ငါးစားမယ့်အစား ငါးကြီးဆီသောက်သုံးပါ။ Board of New Chapter Vitamins အဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူရဲ့ပြောကြားချက်အရ ငါးကြီးဆီပြုလုပ်ဖို့ Alaskan Salmon ငါးများကိုဖမ်းဆီးတဲ့အခါ အလွန်သတ ကြီး စွာနဲ့ ဂရုစိုက်ပြီး ဖမ်းဆီးခဲ့ကြောင်း၊ အဲဒီငါးမျိုးစိတ်များ ပြန်လည်ဖြည့်တင်းဖို့လည်း အစီအစဥင်္များ ချမှတ်ပြုလုပ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နဲ့ ငါးမျိုးစိတ်ကို မထိခိုက်အောင် ကျနသေချာစွာ ပြုလုပ်ပြီးမှ ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရပါတယ်။


(၃) ပလတ်စတစ်ကို လုံးဝ မသုံးစွဲပါနှင့်

ပလတ်စတစ်ကို ရေနံ (Petroleum) မှ ပြုလုပ်ပါတယ်။ ကမ္ဘာပေါ်မှာ သမုဒ္ဒရာများ ညစ်ညမ်းစေတဲ့ အဓိကအကြောင်းရင်းက သမုဒ္ဒရာ ထဲမှာ ရေနံတူး ဖော်ခြင်းနဲ့ မလိုအပ်တဲ့ ဆီများကို သမုဒ္ဒရာထဲ စွန့်ပစ်ခြင်းကြောင့် ဖြစ်ပါတယ်။ ရေနံကို ပင်လယ်ထဲမှာ ရှာဖွေပြီး မလို အပ်တဲ့ စွန့်ပစ် ရေနံတွေကို သမုဒ္ဒရာထဲကိုပဲ ပြန်စွန့်ပစ်တာဟာ အလွန်မိုက်မဲတဲ့ အပြုအမူဖြစ်ပါတယ်။ ဒါကြောင့် ပလတ်စတစ်ကို မသုံး စွဲမယ့် အခြေ အနေများကို သင်တတ်နိုင်သမျှ ဖန်တီးပါ။


(၄) နေလောင်ခံလိမ်းဆေး Sunscreen များကို လိုသလောက်ပဲလိမ်းပါ

လေ့လာမှုများစွာမှာ ပြဆိုထားတာက နေလောင်ခံလိမ်းဆေး Sun screen များမှာပါဝင်တဲ့ ဓာတုပစ္စည်းများဟာ သန္တာကျောက်တန်းများ ကို ပျက်စီးစေကြောင်း သိရပါတယ်။ တစ်ကမ္ဘာလုံးမှာ အသုံးပြုနေတဲ့ Sun screen တွေရဲ့ ပမာဏဟာ မြင့်မားပါတယ်။ မထိန်းသိမ်းဘူး ဆိုရင် ကျွန်ုပ်တို့ရဲ့ သက်တမ်းအတွင်းမှာတောင်မှ သန္တာကျောက်တန်းတွေ ပျက်စီးသွားနိုင်ပါတယ်။ Sun screen ကို လိုသလောက်ပဲ အနည်းအကျဉ်း လိမ်းခြင်းဟာ သမုဒ္ဒရာကြီးကို ကာကွယ်ရာရောက်သလို ပလတ်စတစ်ဘူးခွံတွေ များပြားလာခြင်းကိုလည်း သင့်တစ် ကိုယ်စာ ထိန်းသိမ်းရာရောက်ပါတယ်။


(၅) ငါးမပါတဲ့ တိရစ­္တာန်အစာ ၀ယ်ယူပါ

စည်းမဲ့ကမ်းမဲ့ ဖမ်းဆီးခြင်းနဲ့ စနစ်မကျဘဲ ဖမ်းဆီးခြင်းကြောင့် လူတွေ စားလို့မရတဲ့ ဈေးကွက်မ၀င်တဲ့ ငါးတွေဟာ အလဟဿ သေကျေပျက်စီးနေရပါတယ်။ ပင်လယ်ထဲက ရလာသော လူတွေကို ရောင်းလို့မရတဲ့ ငါးတွေကို ကျိတ်ခြေပြီး တိရစ္တာန်အစာအဖြစ် ထုတ်လုပ်ရောင်းချပါတယ်။ တကယ်တော့ အဲဒီငါးလေးတွေဟာ ဝေလငါးတို့ လင်းပိုင်တို့လို ငါးကြီးတွေအတွက်တော့ ကောင်းမွန်တဲ့ အစာအဟာရတွေ ဖြစ်ပါတယ်။ သင့်တိရစ္တာန်လေးအတွက် အသင့်စားအစာ ၀ယ်ယူတဲ့အခါ Fish-meal ဆိုတဲ့ စာတန်းပါလျှင် မ၀ယ် ယူပါနှင့်။


(၆) ငါးကင်းစင်သော သောကြာနေ့များ ပြုလုပ်ပါ

ကက်သလစ်ဘုရားကျောင်းများက သောကြာနေ့ကို အသားမစားသင့်ကြောင့် အယူအဆရှိတဲ့အတွက် အဲဒီတိုင်းပြည်တွေရဲ့ သောကြာ နေ့ည ညစာမှာဆိုရင် ငါးကိုပဲ စားသုံးကြပါသတဲ့။ ငါးရှောင်ကြဉ်တဲ့ သောကြာနေ့များနဲ့ အသားရှောင်ကြဉ်တဲ့ တနင်္လာနေ့များကိုသာ ဓလေ့တစ်ခုအဖြစ် ဖန်တီးလိုက်မယ်ဆိုရင် (ဆိုလိုတာက ဒီ ၂ရက်ကိုသာ သက်သတ်လွတ်စားတဲ့ဓလေ့ ကျင့်သုံးလိုက်မယ်ဆိုရင်) ကျန်းမာရေးအတွက်ရော သမုဒ္ဒရာကြီးအတွက်ပါ ကောင်းမွန်မှာ ဖြစ်ပါတယ်။


(၇) ဆီမသုံးတဲ့ အားကစားနည်းများကိုသုံးပါ

သင်ဟာ ရေထဲမှာ သွားလာရတဲ့၊ အားကစားပြုလုပ်ရတာကို နှစ်သက်သူဆိုရင် ဓာတ်ဆီ၊ ဒီဇယ်ဆီသုံးတဲ့ စက်တပ်ယာဉ်များ အသုံးပြု ခြင်းကိုရှောင်ရှားပါ။ ရေကူးခြင်း၊ လှေလှော်ခြင်း၊ ရွက်တိုက်ခြင်း၊ ရေလွှာလျှောစီးခြင်း စသည့် အားကစားနည်းများဟာ စက်တပ်ယာဉ်ကို အသုံးမပြုရတဲ့အတွက် ရေထုညစ်ညမ်းခြင်း၊ ငါးများကို ထိခိုက်စေခြင်း၊ လူတွေရဲ့ အကြားအာရုံကို နှောင့်ယှက်ဆူညံစေခြင်းတို့မှ ကင်း ဝေးစေပါတယ်။


(၈) စက်ဘီးစီးပါ၊ လမ်းလျှောက်ပါ

ဟိုနား ဒီနား သွားမယ်ဆိုရင် မော်တော်ဆိုင်ကယ်လို ဆီသုံးယာဉ်ကို သုံးမယ့်အစား စက်ဘီးစီးပါ၊ လမ်းလျှောက်ပါ။ ဆီဟာ သမုဒ္ဒရာများ ညစ်ညမ်းစေတဲ့ အဓိက အကြောင်းအရာဖြစ်ပါတယ်။ ရေနံနဲ့ ဓာတ်ငွေ့တွေရဲ့ ဈေးနှုန်းကလည်း တက်ပြီးရင်းတက်နေပါတယ်။ သွားလာ ပို့ဆောင်ရေးမှာ ဆီကို ချွေတာနိုင်မယ့်နည်းလမ်းကို ကြံဆသုံးစွဲပါ။ ငွေနဲ့ စွမ်းအင်(ဆီ၊ဓာတ်ငွေ့)ကိုချွေတာရာ ရောက်တဲ့အပြင် သမုဒ္ဒရာများကိုလည်း သန့်ရှင်းစေပါတယ်။


(၉) သြဂဲနစ်အစားအစာများ စားသုံးပါ

စိုက်ပျိုးရေးလုပ်ငန်းတွေက ထွက်ရှိလာတဲ့ ရေဆိုးတွေနဲ့ အတူပါလာတဲ့ အဆိပ်အတောက်တွေ၊ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး၊ သီးနှံ အထွက်တိုးဆေး၊ အပင်သန်ဆေး အစရှိတဲ့ များစွာသော ဓာတုပစ္စည်းတွေဟာ ရေနံဆီ၊ ဓာတ်ဆီလိုပဲ သမုဒ္ဒရာကို ညစ်ညမ်းစေတဲ့ အဓိ ကအကြောင်းရင်းကြီးများ ဖြစ်ကြပါတယ်။ စိုက်ပျိုးရေး ပစ္စည်းရောင်းတဲ့ ကုမ္ပဏီတွေကို အဲဒီလို ပစ္စည်းတွေ မရောင်းချဖို့၊ ရပ်တန့်ဖို့ ပြု လုပ်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ဓာတုပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေနဲ့ စိုက်ပျိုးထားတဲ့ အစားအစာတွေကို ၀ယ်ယူခြင်း မပြုဖို့ပဲ ဖြစ်ပါတယ်။ သြဂဲနစ်နည်းနဲ့ စိုက်ပျိုးတဲ့ အစားအစာတွေကိုသာ ၀ယ်ယူစားသုံးပါ။


Ref: Mother Nature Network

လိုတရ ဟော်မုန်း

ဟော်မုန်းဆိုတဲ့ စကားကို လူတိုင်း ရင်းနှီးသိနေကြပေမယ့် ဟော်မုန်းရဲ့အစွမ်းထက်မြက်တာတွေကိုသာ စိတ်ဝင်စားနေကြပြီး ဟော်မုန်း ကြောင့် ဘေးဒုက္ခရောက်ရတာတွေကို သတိမမူမိဘဲ ဖြစ်နေတတ်ကြပါတယ်။ ဟော်မုန်းကို အားတိုးဆေးလို့ ကြော်ငြာနေတာတွေလည်း ရှိတာကြောင့် လူအချို့ဟာ ယုံမှတ်မှားပြီး ဟော်မုန်းကို အလွဲသုံးစားပြုနေကြပါတယ်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ ဟော်မုန်းဆေးဝါး တွေဟာ လူသိများပြီး အလွယ်တကူလည်း ၀ယ်ယူရရှိနိုင်ကြတဲ့အတွက်၊ ထင်သလို သုံးစွဲနေကြတာကို တွေ့မြင်နေရပါတယ်။


ဟော်မုန်း (Hormone ) ဆိုတဲ့ဝေါဟာရ

ဟော်မုန်းဆိုတဲ့စကားဟာ ဂရိဘာသာကနေ ဆင်းသက်လာတာဖြစ်ပြီး စီးဆင်းမွှေနှောက်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ လူ့ခန္ဓာကိုယ် ထဲမှာ ဟော်မုန်းအမျိုးအစားပေါင်း ၇၀ကျော်ရှိနေပြီး သွေးထဲမှာ ဓာတုပစ္စည်းအဖြစ် စီးဆင်းသွားလာနေရင်းက ကိုယ်တွင်းအင်္ဂါနဲ့ ကလာပ်စည်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးပါတယ်။ ဟော်မုန်းပမာဏကို အနည်းငယ်ပြောင်းလဲသွားတာနဲ့ ဇီဝကမ္မ လုပ်ငန်းတွေ ကမောက်ကမဖြစ်သွားအောင် မွှေနှောက်နိုင်စွမ်းရှိကြပါတယ်။ ဟော်မုန်းအနည်းအများအပေါ်မူတည်ူပြီး လူကို အန္တရာယ် ပေးလာနိုင်ပါတယ်။


ဟော်မုန်းထုတ်တဲ့ ကိုယ်အင်္ဂါများ

ဟော်မုန်း တော်တော်များများကို လို့ခေါ်တဲ့ ကိုယ်တွင်းအင်္ဂါအကျိတ်တွေကနေ ထုတ်လွှတ်ပေးလေ့ရှိပါတယ်။ ဦးနှောက်၊ သားမြတ်၊ ဝှေးစေ့စတဲ့ ကိုယ်အ၈င်္ါတွေကနေ ဟော်မုန်းအမျိုးမျိုးကို ထုတ်လွှတ်ပေးနေကြပါတယ်။ လိင်နဲ့ပတ်သက်တဲ့ ဟော်မုန်းတွေကိုသာ လူသိ များကြပြီး လည်ပင်း၊ အစာအိမ်၊ အသည်း၊ပန်ကရိယနဲ့ သန္ဓေသားရဲ့ အချင်းတွေကနေ ဟော်မုန်းတွေ ထုတ်လွှတ်ပေးနေတယ်ဆိုတာ ကိုတော့ သိရှိသူအလွန်နည်းနေပါသေးတယ်။


လူပုနဲ့ လူထွားကြီး

ဟော်မုန်းအထွက်နည်းတဲ့အခါ ဟော်မုန်းချို့တဲ့တဲ့ရောဂါတွေဖြစ်လာပြီး အထွက်များရင် ဟော်မုန်းလွန်ကဲတဲ့ရောဂါတွေ ရရှိလာတတ်ပါ တယ်။ အသက်ငယ်ရွယ်စဉ်မှာ ကြီးထွားဟော်မုန်းတွေ အထွက်နည်းခဲ့ရင် ပုပုသေးသေး လူပုကလေးတစ်ယောက်ဖြစ်သွားနိုင်ပြီး များနေ ပြန်ရင်လည်း ခြေတံလက်တံရှည်တဲ့ လူထွားကြီးတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။


ဟော်မုန်းဆေးဝါးများ

ဟော်မုန်းမမျှတတဲ့ ရောဂါတွေကို ကုစားဖို့ ဟော်မုန်းဆေးဝါးတွေကို တီထွင်ဖန်တီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အင်ဆူလင် ဟော်မုန်းအထွက်နည်းရင် ဆီးချိုရောဂါဖြစ်လာတဲ့အတွက် အင်ဆူလင်ဆေးဝါးကို ဖန်တီးပြီး ဆီးချိုရောဂါကို ကုစားပေးကြပါတယ်။ အလားတူပဲ အစာအိမ်ရောဂါအတွက် အစာခြေဟော်မုန်းဆေးဝါး၊ သောကဝေဒနာအတွက် စိတ်ကြွဟော်မုန်းဆေးဝါးနဲ့ ခရုသင်းရောဂါ အတွက် ရောင်ခြယ်ဟော်မုန်းဆေးဝါးတွေပေါ်ပေါက်လာကြပါတယ်။ သွေးအားနည်းတဲ့ရောဂါကို သွေးဟော်မုန်း ဆေးဝါးနဲ့ကုသပေးပြီး လည်ပင်းကြီးရောဂါကိုလည်း ဟော်မုန်းနဲ့ပဲ ကုသပေးကြရပါတယ်။ အသက်ကယ်ဆေးလို့ အများသိရှိနေကြတဲ့ 'ဆော်လူကော့တက် Solucortef ' ထိုးဆေးဟာ ဖန်တီးထုတ်လုပ်ထားတဲ့ ဟော်မုန်းဆေးဝါးတစ်မျိုးပဲဖြစ်ပါတယ်။ အက်ဒရီနယ်လင် Adrenaline ဟော်မုန်း ဆေးဝါးဖြင့် သွေးပေါင်ကျပြီး ရှော့(ခ်)ဖြစ်သွားတဲ့ လူနာကို အသက်ကယ်တင်ပေးနိုင်ပါတယ်။ကိုယ်ဝန်တားဆေးကဒ်၊ သုံးလခံထိုးဆေး၊ မိခင်နို့ထွက်ဆေးနဲ့ နို့ခန်းဆေးတွေ အကုန်လုံးဟာ ဟော်မုန်းဆေးဝါးတွေ ဖြစ်ကြပါတယ်။ ကင်ဆာရောဂါကိုတောင် ဟော်မုန်းဆေးဝါး နဲ့ ကုသလာပြီး အိုမင်းတာကိုနှောင့်နှေးစေဖို့ ဟော်မုန်းဆေးဝါးတွေတိုက် ကျွေးလာကြ ပါတယ်။ ဖန်တီးထုတ်လုပ်ထားတဲ့ ဟော်မုန်း ဆေးဝါးတွေဟာ ရောဂါကုသရေးမှာ အစွမ်းထက်လာနေကြပါတယ်။


ပန်းသေပန်းညှိုးရောဂါကို ကုသရာမှာ ပုရိသဟော်မုန်းဖြစ်တဲ့ တက်စတိုစတီရုန်း Testosterone ဆေးဝါးဟာအစွမ်းထက်လှပါတယ်။ ဒီဟော်မုန်းကိုပဲ အရိုးပါးရောဂါ ကုသရာမှာနဲ့ သွေးအားနည်းရောဂါ ဝေဒနာသည်တွေမှာပါ သုံးစွဲနေပြီး၊ အေအိုင်ဒီအက်စ်ဝေဒနာသည် တွေမှာ ကြွက်သားတွေ ပြန်လည်ဖြည့်ဆည်းလာနိုင်ဖို့ ကုသပေးနေကြပါတယ်။ ဣတ္ထိယဟော်မုန်းဖြစ်တဲ့ အက်စထရိုဂျင် Estrogen ဆေးဝါးကိုတော့ မီးယပ်ရောဂါအမျိုးမျိုးကုသရာမှာ ဟော်မုန်းအစားထိုးဆေးဝါးအဖြစ် တိုက်ကျွေးလေ့ရှိပါတယ်။ လူ့ကိုယ်ခန္ဓာပုံစံ ပြုပြင် ပြောင်းလဲဖို့အတွက်တော့ ဟော်မုန်းဆေးဝါးကို သုံးစွဲလေ့မရှိပါဘူး။ ဘယ်ဟော်မုန်းဆေးပဲဖြစ်ဖြစ် ရောဂါကုသတဲ့နေရာမှာ ဆေးချိန် ပမာဏကို တိကျနေရအောင် ဂရုစိုက်ထိန်းသိမ်းပြီး ကုသပေးကြရပါတယ်။ ဆီးချိုရောဂါဝေဒနာသည် တစ်ယောက်ကို အင်ဆူလင် ဟော်မုန်းဆေးတွေ အထိုးလွန်သွားခဲ့ရင် သတိလစ်ပြီး အသက်ပါဆုံးရှုံးသွားရနိုင်ပါတယ်။


ရင်သားစူချင်တဲ့ယောက်ျား

ဟော်မုန်းဆေးဝါးတိုင်းမှာ ထူးခြားတဲ့စွမ်းအားတွေ ရှိနေတာကြောင့် ဒီစွမ်းအားတွေကို အလွဲသုံးစားပြုတဲ့သူတွေ ပေါ်ပေါက်လာကြပါ တော့တယ်။ ကိုယ်ဝန်တားဆေးကဒ်ထဲမှာ ဣတ္ထိယဟော်မုန်းဆေးဝါးတွေပါဝင်နေတာကို သိရှိထားတဲ့ မိန်းမအသွင်နွဲ့ချင်နေတဲ့ ယောက်ျားသားအချို့ဟာ သူတို့ရဲ့ ရင်သားတွေကို ဖွံ့ကားလာရအောင် ဆရာဝန်နဲ့မတိုင်ပင်တော့ဘဲ ကိုယ့်ဘာသာကိုယ်တား ဆေး ကဒ်ကို သောက်သုံးလာနေကြပါတယ်။ ဆေး၂၈လုံးစလုံးကို တစ်ပြိုင်နက်တည်း သောက်ချလိုက်လို့ ဗိုက်အောင့်ပြီး ဆေးရုံတင်လိုက် ရတဲ့အဖြစ်ကိုလည်း ကြုံတွေ့ခဲ့ရဖူးပါတယ်။ ယောက်ျားသား သဘာဝကို ဖုံးဖိပြီး မိန်းမဟန်ပန်နဲ့ ကနွဲ့ကယဖြစ်ချင်တာကြောင့် သုံးလခံ ပဋိသန္ဓေတားဆေးတွေကို ထိုးနှံနေကြတဲ့ မိန်းမလျာတွေလည်း ရှိနေပါသေးတယ်။


လည်စေ့ကြီး ငေါထွက်နေတာကို သေးငယ်သွားရ အောင် နို့ခန်းဆေးတွေကို သောက်သုံးကြပြန်ပါတယ်။ မိန်းမအသွင်ဖန်တီးနိုင်တယ်လို့ ယူဆတဲ့ ဣတ္ထိယဟော်မုန်းဆေးဝါးမျိုးစုံကို တစ်ပြိုင်နက်တည်း သုံးစွဲနေကြတဲ့အတွက် ခေါင်းကိုက်ဝေဒနာခံစားရကာ တစ်ကိုယ်လုံး ဖောသွပ်ပြီး စိတ်ကယောင်ချောက်ချားဖြစ်နေတဲ့ မိန်းမလျာတွေကို ဆေးကုသပေးခဲ့ရဖူးပါတယ်။


ကဲချင်တဲ့ကိုကို

အသက် ၂၀အရွယ်သာရှိသေးတဲ့ အမျိုးသားလူငယ်တစ်ယောက်ကတော့ ကာမဆက်ဆံတာကြာရှည်ချင်လို့ဆိုပြီး တက်စတိုစတီရုန်း ဟော်မုန်းဆေးကို ဆေးခန်းမှာ လာထိုးခိုင်းတာမျိုးတွေရှိပါတယ်။ အသက် ၆၀ကျော် ဘိုးဘိုးကလည်း တက်စတိုစတီရုန်းကို အားကိုးပြီး စမောလေးတွေနဲ့ ကဲနေတတ်ပါတယ်။ တစ်ချိန်တုန်းက ဘီပီအိုင်ဆေးဝါးစက်ရုံကနေ ထုတ်လုပ်ခဲ့တဲ့ ဂျယ်ရီယာဗစ်ဟော်မုန်းဆေး တောင့်တွေကို ၀ချင်သူလူငယ်တွေက အလွန်အကျွံသောက်သုံးခဲ့ကြဖူးပါတယ်။ ဂျယ်ရီယာဗစ်ဆေး မရှိတော့တဲ့နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံဘက်ကနေ ၀င်ရောက်လာတဲ့ ၀က်အသားတိုးဆေးလို့ ခေါ်ကြတဲ့ စတီးရွိုက်ဟော်မုန်းဆေးတွေကို သောက်သုံးလာကြပြန် ပါတယ်။ ဒီဆေးဝါးတွေကြောင့် ကျောက်ကပ်ပျက်စီးသွားတဲ့သူတွေ အရင်ကရှိခဲ့သလို အခုလည်းပဲရှိနေဆဲပါပဲ။ ဟော်မုန်းဆေးဝါးအများ စုဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး သောက်ဆေးအသွင်၊ ထိုးဆေးအသွင် ပုံစံအမျိုးမျိုးနဲ့ ၀င်ရောက်လာနေကြပါတယ်။ အများစုက ဆေးဝါး မှတ်ပုံတင် မထားရှိကြပါဘူး။ ထုတ်လုပ်တဲ့နိုင်ငံကို ဆေးပုလင်းပေါ်မှာ ရိုက်နှိပ်ဖော်ပြထားပေမယ့် ထိုးဆေးအများစုဟာ အတုတွေဖြစ် နေကြပါတယ်။ ထိုးဆေးအစစ်ကိုထိုးလို့ ကိုယ်ခန္ဓာထဲမှာ တက်စတိုစတီရုန်းဟော်မုန်းတွေ ပိုလျှံသွားရင်လည်း ၀က်ခြံထွက်တာနဲ့ ရင် သားတွေစူထွက်လာနိုင်ပြီး မုတ်ဆိတ်မွှေးတွေပါ ထွက်လာတတ်ပါတယ်။ ကာမသောင်းကျန်းလွန်ပြီး အိပ်မပျော်ခြင်းနဲ့ ဆံပင်တွေပါ ကျွတ်လာနိုင်ပါတယ်။


ဒါ့အပြင် တက်စတိုစတီရုန်းဆေးဟာ ဆီးကျိတ်ကင်ဆာရောဂါကိုတောင် ဖြစ်သွားစေနိုင်ပါတယ်။ တက်စတို စတီရုန်းဟော်မုန်းဆေးကို ဆီးချိုရောဂါဝေဒနာရှင်တစ်ယောက်ကသုံးစွဲနေရင်ချွေးစေးတွေပြန်ပြီး ဒယီးဒယိုင်နဲ့သတိလစ်သွားနိုင်ပါတယ်။ ဘယ်ဟော်မုန်းပဲဖြစ်ဖြစ် နှစ်ရှည်လများသုံးစွဲရင်တော့ အသည်းနဲ့ကျောက်ကို ပျက်စီးစေတတ်တဲ့အပြင် ကင်ဆာရောဂါပါ ဖြစ်သွားရ နိုင် ပါတယ်။အခုအခါမှာ တက်စတိုစတီရုန်းကို အသွင်ပြောင်းလဲ ထုတ်လုပ်ထားတဲ့ ဂျူရာဘိုလင် Durabolin ထိုးဆေးတွေကိုလည်း ထိုးနေ ကြပါတယ်။ အားကစားသမားတွေမှာ တစ်ပွဲတိုးစွမ်းအားတက်စေတာကြောင့် နိုင်ငံတကာပြိုင်ပွဲတွေမှာ မသုံးစွဲဖို့ တားမြစ်ထားပါတယ်။ တားမြစ်ထားတဲ့ကြားက ကိုယ့်အစွမ်းအစကို ကိုယ်မယုံကြည်ဘဲ ဟော်မုန်းဆေးကို အားကိုးပြီး အနိုင်ယူချင်ကြတာကြောင့် အလေးမ အားကစားမယ်အချို့ဟာ ဆုတံဆိပ်တွေရရှိပြီးမှ ပြန်လည်အသိမ်းခံလိုက်ကြရတာတွေလည်းရှိခဲ့ပါတယ်။ ဂျူရာဘိုလင်ဆေးဟာလည်း တက်စတိုစတီရုန်းဆေးနည်းတူ ဘေးထွက်ဆိုးကျိုးတွေရှိနေပါတယ်။


တကယ်တော့ ဟော်မုန်းဆေးဝါးတွေဟာ လိုရာဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ လိုတရဆေးဝါးတွေ မဟုတ်ကြပါဘူး။ အားတိုးဆေး လည်း မဟုတ်တဲ့အပြင် ဟော်မုန်းဆေးဝါးကို နည်းနည်းလေး သုံးစွဲလိုက်တာနဲ့ ကိုယ်တွင်းလုပ်ငန်းတွေကို ကမောက်ကမဖြစ်သွားစေ နိုင်ပါတယ်။ တာရှည်သုံးစွဲရင် လူ့ပုံပန်း၊ လူ့စရိုက်နဲ့ အမူအရာတွေကိုပါ ပြောင်းလဲသွားပြီး အသက်အန္တရာယ်ကိုပါ ရန်ရှာလာတတ်တဲ့ အတွက်၊ ဘယ်ဟော်မုန်းဆေးပဲဖြစ်ဖြစ် ဆေးကုသမှု ခံယူရတာကလွဲလို့ သူများတကာအပြောနဲ့ မသုံးစွဲသင့်ပါကြောင်း ဆွေးနွေးတင် ဆက်ပေးလိုက်ရပါတယ်။


ဒေါက်တာမြင့်ဦး (ဂျီပီ)

Tuesday, July 26, 2011

နေရာလွဲမှား သန္ဓေတည်ခြင်း ဆိုသော တိတ်တဆိတ် လူသတ်သမား တစ်ယောက်

Ectopic Pregnancy: Getting to Know A Silent Killer for Women

မိုးရေစက်များ အုံ့အုံ့သည်းသည်း ရွာသွန်းသော ငယ်ဘ၀ထဲက ဇွန်လတစ်လတွင် ခင်မင်ခဲ့ရသော သူငယ်ချင်း မိန်းကလေး တစ်ဦး ရှိ၏။ ကျောင်းဖွင့်ရက် အတန်းသစ်၌ စတင် ခင်မင်ခဲ့ရခြင်း ဖြစ်သည်။ ပြုံးရွှင်ဖော်ရွေကာ သူငယ်ချင်းချင်း ကူညီတတ်၍ လူချစ်လူခင်ပေါသော သူမသည် ကျောင်းစာနှင့် ဘက်စုံထူးချွန်ဆု ပြိုင်ပွဲများ၌ မကြာခဏ ကျွန်တော်နှင့် အဓိက ပြိုင်ဘက် မကြာခဏ ဖြစ်ခဲ့ဖူးသဖြင့် မှတ်မှတ်ရရ ရှိခဲ့သည်။

ဆေးတက္ကသိုလ် တက်တော့လည်း တူတူမို့ ဆက်လက် ခင်မင်ရင်းနှီးခဲ့သည်။ သူမသည် ဘက်စုံ တော်သော အမျိုးသမီးတစ်ယောက် ဖြစ်ပြီး အလုပ်သင်ဆရာဝန် ဘ၀တွင် လူနာများကို ဂရုစိုက် ကုသပေးတတ်သော်လည်း သူမ၏ အားနည်းချက်မှာ ကိုယ်တိုင်၏ ကျန်းမာရေးကို တော်ရိလျော်ရိသာ ဂရုစိုက်တတ်ခြင်း ဖြစ်ကြောင်း ကျွန်တော် သတိထားမိခဲ့သည်။ ကျောင်းပြီးတော့ သူမ စီးပွားရေး လောကမှ ချစ်သူနှင့် အိမ်ထောင်ပြုကာ ဆေးလောကကို ကျောခိုင်းခဲ့သဖြင့် ထူးချွန်သော ဆရာဝန်တစ်ဦး လျော့သွားခြင်းကို ကျွန်တော် နှမျောခဲ့ဖူးသည်။

တစ်နေ့သောအခါ သူမ အလှူတစ်ခုသို့ သွားခဲ့ပြီး အိမ်ရောက်သော အခါ ၀မ်းလျှောဝမ်းပျက် ဖြစ်ခဲ့သည်။ အရည်ဓာတ် ဆုံးရှုံးမှုကြောင့် သွေးပေါင်တွေကျကာ ၀မ်းသွားရင်း ဗိုက်လည်း အရမ်းအောင့်သည်။ ထက်မြက်သော ဆရာဝန် တစ်ဦး ဖြစ်သည့် သူမက ဘယ်ဆေးခန်းမှ မသွား။ ကိုယ့်ဟာကိုယ်ပင် အကြောထဲ အပ်စိုက်ကာ ဓာတ်ဆားရည် ပုလင်းများပင် ချိတ်လိုက်သေးသည်။

တစ်ရက်ထဲနှင့် ၀မ်းကကောင်းသွားသော်လည်း သွေးပေါင်က တက်မလာ။ ဒါကို သူမက အရည်ဓာတ် ဆုံးရှုံးမှု များသွားသောကြောင့် ထင်ကာ အိမ်မှာပဲ ပေကာနေပြီး ပုလင်းတွေပဲ ဆက်ချိတ်သည်။ နောက်နေ့မနက် သူမ အိပ်ရာထဲမှာ ကွယ်လွန်သွားကြောင်း သူမအမျိုးသားက ကျွန်တော်တို့ သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြောတော့ အားလုံးဝမ်းနည်းကြေကွဲရသလို အံ့လည်း အံ့သြကြ၏။ ရင်ခွဲစစ်ဆေးမှု လုပ်တော့ နေရာမှား သန္ဓေတည်ခြင်း ပေါက်ထွက်ကာ ၀မ်းဗိုက်အတွင်း သွေးယိုစိမ့်မှု လွန်၍ သေဆုံးသည်ဟု သိရတော့မှ သူမ အမျိုးသား အပါအ၀င် လူအားလုံး ပို၍ အံ့သြကာ မဖြေဆည်နိုင် ဖြစ်ရသည်။

ဝမ်းပျက်ခြင်းနှင့် တွဲ၍ တပြိုင်နက် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် နေရာမှားသန္ဓေတည်မှု ပေါက်ထွက်သွားခြင်း၏ လက္ခဏာများ ဖြစ်သော ဗိုက်အောင့်ခြင်း၊ သွေးပေါင်ကျခြင်းတို့သည် သူမ ကံဆိုးစွာပင် ဂရုမပြုမိခဲ့ခြင်း ဖြစ်မည်။ ရာသီသွေး နှစ်လခန့် မပေါ်သော်သည့် အချက်ကိုလည်း ဤကဲ့သို့ မမှန်ခြင်းက ဖြစ်နေကျဟု ထင်ကာ ထည့်တွက်ဖို့ သူမ ချွတ်ချော်ခဲ့ခြင်းနှင့် သာမန် ၀မ်းပျက်ရောဂါဟု တွက်ဆကာ ဆေးရုံမသွားခဲ့ခြင်းတို့သည် ယခုကဲ့သို့ မျှော်လင့်မထားသော ရုတ်တရက် အဖြစ်ဆိုးကို ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်ဟု နောက်မှ ကျွန်တော်တို့ သိရသည်။

မိုးရေစက်များ အုံ့အုံ့သည်းသည်း ရွာသွန်းသော ဇွန်လတစ်လတွင် သူငယ်ချင်းတစ်ယောက်ကို ဤသို့ ကျွန်တော် ဆုံးရှုံးခဲ့ရဖူး ပါသည်။ အကြောင်းရင်းမှာ ကြားရုံဖြင့် အမျိုးသမီးများ ထိတ်လန့်ကြသော Ectopic Pregnancy ခေါ် နေရာလွဲမှား သန္ဓေတည်ခြင်းဆိုသည့် သွေးအေးလူသတ်သမား တစ်ယောက်က သူမကို ချောင်းမြောင်းလုပ်ကြံ သွားသောကြောင့် ဖြစ်ပါသည်။



နေရာလွဲမှား သန္ဓေတည်ခြင်း ဆိုတာဘာလဲ
နေရာလွဲမှား သန္ဓေတည်ခြင်း ဆိုတာ အသက်အန္တရာယ် အရမ်းရှိပြီး အရေးပေါ် ကုသမှု မဖြစ်မနေ လိုအပ်တဲ့ အခြေအနေ တစ်ရပ် ဖြစ်ပါတယ်။ သန္ဓေသားဟာ ပုံမှန်လို သားအိမ်ထဲမှာ မတည်ဘဲ သားဥပြွန် (Fallopian Tube) လို့ ခေါ်တဲ့ သားအိမ် (Utreus) နဲ့ သားဥအိမ် (Ovaries) နှစ်ခုကို ဆက်သွယ်ပေးထားတဲ့ ပြွန်လေးနှစ်ဖက်ထဲက တစ်ဖက်ဖက်မှာ သွားတည်နေတာ ဖြစ်ပါတယ်။ အရမ်းရှားပါးတဲ့ ကိစ္စတွေမှာဆို သားဥအိမ်မှာ (သို့) ၀မ်းဗိုက်တွင်း ကလီစာ တစ်ခုခုမှာ နေရာမှားပြီး သန္ဓေတည် နေတတ်ပါတယ်။ နေရာလွဲမှား သန္ဓေတည်ခြင်းဟာ ကိုယ်ဝန်ရဲ့ အစောပိုင်း ရက်သတ္တပတ်တွေမှာ စသိသာလာပြီး များသောအားဖြင့် ကိုယ်ဝန် ၈ ပတ်မှာ (၅၆ ရက်) လောက်မှာ ပေါ်ပေါက်လာတတ်ပါတယ်။


နေရာလွဲမှား သန္ဓေတည်ခြင်းဟာ ဘယ်လောက် အဖြစ်များသလဲ
ကိုယ်ဝန်ဆောင်ခြင်း အကြိမ် ၅၀ မှာ တစ်ကြိမ် ဖြစ်တတ်ပါတယ်။ အကြမ်းဖျင်း ပြောရရင် ကိုယ်ဝန်တွေ အားလုံးရဲ့ ၂% ပေါ့။ အဲလောက် အဖြစ်များသလို ဖြစ်လာရင် အသက်နဲ့ အရမ်းနီးလို့ အရွယ်ရောက်ပြီး အမျိုးသမီးအားလုံး သိထားသင့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ
များသောအားဖြင့်
မိန်းမကိုယ်က သွေးနည်းနည်းစီ ဆင်းခြင်း
ပျို့ခြင်း၊ အန်ခြင်း (ဒါကတော့ သိပ်မကွဲပြားပါဘူး။ ကိုယ်ဝန်ရှိရင် အမျိုးသမီးတိုင်း ဖြစ်တတ်ကြလို့ပါ)
ဝမ်းဗိုက်အောက်ပိုင်း အောင့်ခြင်း (ကိုယ်ဝန်ဆောင် တစ်ယောက်အတွက် ဗိုက်ရဲ့ ဘယ်နေရာက အောင့်အောင့် ဆရာဝန် မဖြစ်မနေ ပြဖို့ လိုတယ်ဆိုတဲ့ အသိရှိရပါမယ်)
ဗိုက်ထဲက စူးကနဲ ထိုးအောင့်တတ်ခြင်း
ခန္ဓာကိုယ် အခြမ်းတစ်ခြမ်းက အောင့်တတ်ခြင်း
သွက်ချာလည် မူးဝေသလို၊ အားနည်းသလို ခံစားရခြင်း
ပခုံး၊ လည်ပင်းနှင့် စအိုအတွင်းပိုင်းက နာခြင်း စတာတွေ ခံစားရလေ့ ရှိပါတယ်။

နေရာမှား သန္ဓေတည်ခြင်းမှာ အကြောက်ရဆုံး ကတော့ သန္ဓေသားဟာ ကြီးလာတာနဲ့ အမျှ သားဥပြွန် မဆန့်တော့ဘဲ ပေါက်ကွဲထွက်သွားခြင်းပါပဲ။ ပေါက်ထွက်သွားသော နေရာမှားသန္ဓေ (Ruptured Ectopic Pregnancy) လို့ ခေါ်ပါတယ်။ အဲဒီအခြေအနေမှာ ကွဲထွက်သွားတဲ့ နေရာကနေ သွေးတွေ စိမ့်ထွက်လာပါတယ်။ ဗိုက်ထဲမှာမို့ သွေးကို မမြင်ရလို့ သွေးထွက်များတာမသိဘဲ ကုသမှု မခံယူဖြစ်သေးကာ အသက်ဆုံးရှုံးရတတ်ဆုံး အခြေအနေမို့ အရမ်းကြောက်ဖို့ ကောင်းပါတယ်။

ဒါကြောင့် အထက်မှာ ဖော်ပြခဲ့တဲ့ လက္ခဏာတွေထဲက တစ်ခုခု ခံစားရပြီဆိုတာနဲ့ သင့်ရဲ့ ဆရာဝန်ဆီ ဖြစ်စေ၊ နီးစပ်ရာ ဆေးရုံ ဆေးခန်းကို ဖြစ်စေ အမြန်သွားဖို့ အမျိုးသမီးများကို အကြံပေးလိုပါတယ်။ ဒါဟာ လနုသေးတဲ့ အချိန်မှာကို ဖြစ်လာနိုင်တဲ့ အန္တရာယ်မို့ ကိုယ်ဝန်ဆောင်ထားမှန်း မသိသေးပေမယ့် ရာသီ တစ်လ၊ နှစ်လ ပျောက်ထားတဲ့ အမျိုးသမီးတွေလည်း သတိထားရမယ့် အချက်ဆိုတာ မှတ်ထားကြပါ။ ခင်မင်သူ အမျိုးသမီးများကို ဒီ message လေး လက်ဆင့်ကမ်း ပြောပြလိုက်ကြပါ။

ဒါ့အပြင် ဆေးရုံအရောက်နောက်ကျရင် သွေးထွက်လွန် သေဆုံးနိုင်သလို အသက်မဆုံးရင်တောင် နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်နိုင်စွမ်း ဆုံးရှုံးသွားနိုင်လို့ အချိန်ဟာ အသက်ပဲ ဆိုတာ သိမှတ်ထားစေချင်ပါတယ်။

ဘာကြောင့် နေရာမှား သန္ဓေတည်ရတာလဲ
ဖလိုပီယန်ပြွန် ခေါ် သားဥပြွန် ပုံမှန်အနေအထား မရှိတဲ့ အတွက် ဖြစ်ရတာပါ။ အမရဲ့ သားဥ (Egg) နဲ့ အဖိုမျိုးပွားဆဲလ် (Sperms) သန္ဓေအောင်ခြင်းဟာ သားဥပြွန်ထဲမှာ ဖြစ်ပြီး သန္ဓေအောင်သွားတဲ့ မျိုးဥလေးဟာ သားဥပြွန် ထဲကနေ သားအိမ်ထဲကို ရွှေ့ပြောင်းရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြွန်က မွေးရာပါကြောင့်၊ ရောင်ယမ်းခြင်းရောဂါတစ်ခု ဖြစ်ဖူးတဲ့ အတွက်ကြောင့်၊ ခွဲစိတ်မှု လုပ်ဖူးတဲ့အတွက်ကြောင့် စသဖြင့် အကြောင်းကြောင်းကြောင့် သန္ဓေဥဟာ မရွှေ့ပြောင်းနိုင်တော့ဘဲ ပြွန်ထဲမှာ ကျန်ခဲ့ပြီး ဆက်ကြီးထွားလာတာ ဖြစ်ပါတယ်။ ဒါမှမဟုတ် တခြားနေရာတစ်ခု ဥပမာ သားဥအိမ်ဆီ ရောက်သွားပြီး ဆက်ကြီးထွားပါတယ်။

ဖြစ်စေနိုင်တဲ့ အခြေခံ အကြောင်းရင်းတွေက ဘာတွေလဲ
• Pelvic Inflammatory Disease (PID) လို့ခေါ်တဲ့ ခါးအောက်ပိုင်း တင်ပဆုံတွင်း ရောင်ယမ်းခြင်း ရောဂါတစ်ခုခု ဖြစ်ခဲ့ဖူးသူတွေ
• ခယ်လ်မိုင်းဒီးယား၊ ဂနို စတဲ့ ကာလသားရောဂါ ကူးစက်ခံရဖူးသူတွေ
• မွေးရာပါ သားဥပြွန် ချို့ယွင်းချက်တစ်ခုခု ပါနေသူတွေ
• ၀မ်းဗိုက်အောက်ပိုင်း တင်ပဆုံပိုင်း ခွဲစိတ်မှု (Pelvic Surgery) လုပ်ဖူးသူတွေ
• သားကြောဖြတ်တာ မအောင်မြင်ဘဲ ကိုယ်ဝန်ပြန်ရသူတွေ (သို့) သားကြောဖြတ်ပြီးမှ သားသမီး ပြန်ယူသူတွေ
• ကလေးရဖို့ ခက်လို့ ကလေးရဆေးလို့ အရပ်ခေါ် ခေါ်တဲ့ Fertility Drugs တွေ သောက်သူတွေ
• IUD လို့ နာမည်ကြီးနေတဲ့ Intrauterine Device သန္ဓေတားပစ္စည်း ထည့်ထားသူတွေ (ဖြစ်နိုင်တဲ့ ရာခိုင်နှုန်းကတော့ အရမ်းနည်းပေမယ့် သိထားသင့်ပါတယ်)
• အရင်က နေရာမှားသန္ဓေတည်ခြင်း ဖြစ်ဖူးသူတွေ
• ကလေးရဖို့ ခက်လို့ ပြင်ပမှာ သန္ဓေအောင်အောင် လုပ်ပြီးမှ မိခင်လောင်း သားအိမ်ထဲ ပြန်ထည့်တဲ့ in vitro fertilization (IVF) နည်းနဲ့ ကလေးယူသူတွေဟာ နေရာမှားသန္ဓေတည်ခြင်း ကြုံတွေ့ခံစားရဖို့ နီးစပ်သူတွေလို့ ဆေးပညာ လေ့လာစမ်းသပ်ချက်များ အရ တွေ့ရှိရပါတယ်။

ဘယ်လိုရောဂါရှာဖွေ အတည်ပြု ကုသမလဲ
ဆေးရုံဆေးခန်းကို အချိန်မီရောက်ရင် ကိုယ်ဝန်ရှိမရှိ ဆီးစစ်ခြင်း၊ လက်ဖြင့် စမ်းသပ်ခြင်း၊ Ultrasound ခေါ် တယ်လီဗေးရှင်း ဓာတ်မှန် ရိုက်ခြင်း စတဲ့ လိုအပ်တဲ့ စမ်းသပ်ချက်တွေနဲ့ ဆရာဝန်က အတည်ပြုပေးပါလိမ့်မယ်။

အများအားဖြင့် ဝေဒနာ ပြင်းထန်မယ်၊ သွေးဆင်းတာ များမယ်၊ သွေးပေါင် အရမ်းထိုးကျပြီး ရှော့ (Shock) ရနိုင်တယ် ဆိုရင်တော့ သွေးသွင်းပြီး လူနာ အခြေအနေ ကောင်းရင် ခွဲစိတ်ကုသမှ ရတာများပါတယ်။ ကြပ်မတ်စွာ စောင့်ကြည့်ပြီး ဆေးဝါးနဲ့ ကုသတာလည်း ရှိပါတယ်။ အနေအထား အားလုံးကို ကြည့်ရှုပြီး တွက်ချက်ကာ အကောင်းဆုံး ကုသမှုနည်းလမ်းကို ဆရာဝန်က ရွေးချယ်ပြီး လူနာရှင်နဲ့ ဆွေးနွေးကာ ပြုလုပ်ပေးပါလိမ့်မယ်။

သားဥပြွန် ကွဲထွက်သွားကာ သွေးတွေ စိမ့်ထွက်နေပြီး ၀မ်းဗိုက်ထဲ သွေးတွေ ရှိနေတယ်လို့ အာထရာဆောင်းမှာ သော်လည်းကောင်း၊ အခြား စမ်းသပ်စစ်ဆေးမှု တစ်ခုခုမှာသော်လည်းကောင်း တွေ့ရရင် အရေးပေါ် ခွဲစိတ်မှု လုပ်မှသာ လူနာရဲ့ အသက်ကို ကယ်တင်နိုင်မှာပါ။ အရမ်းဆိုးဆိုးရွားရွား ပေါက်ထွက်သွားတဲ့ ကိစ္စမှာဆိုရင် ကုသမှု ခံယူတာ နောက်ကျသွားရင် သားဥပြွန်ရော သားဥအိမ်ပါ ထုတ်ပစ်ရတတ်တယ် ဆိုတဲ့ အချက်ကိုလည်း သတိထားသင့်ပါတယ်။

အကယ်၍ သားဥပြွန် မကွဲထွက်သွားဘူး၊ သန္ဓေသားရဲ့ အရွယ်အစားကလည်း အရမ်းမကြီးသေးဘူးလို့ စမ်းသပ်စစ်ဆေးမှုတွေမှာ တွေ့ရှိရင် ၀မ်းဗိုက်တွင်းကြည့် မှန်ပြောင်းသုံး အသေးစားခွဲစိတ်မှု (Laparoscopic Surgery) ပြုလုပ်လို့ ရပါတယ်။ ၀မ်းဗိုက်တွင်းကြည့် မှန်ပြောင်း (Laparoscope) ဆိုတာ သေးငယ်ပျော့ပျောင်းတဲ့ ကိရိယာ တစ်မျိုး ဖြစ်ပြီး ၀မ်းဗိုက်မှာ သေးငယ်တဲ့ အပေါက်လေး ဖောက်လိုက်ပြီး အဲအပေါက်ကနေ အထဲကို ကိရိယာ ထည့်လိုက်ကာ အပြင်က ဖန်သားပြင်ပေါ်ကနေ တစ်ဆင့် ကြည့်ရှုနိုင်တဲ့ ကိရိယာမျိုး ဖြစ်ပါတယ်။ ၄င်းကိရိယာ အကူအညီနဲ့ ခွဲစိတ်မှုကို အပြင်ကနေ လုပ်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် နေရာတိုင်း ကျယ်ပြန့်စွာ အသုံးပြုနိုင်ဖို့ မလွယ်သေးပါဘူး။

ကုသမှု ပြီးသွားရင်တော့ ကိုယ်ဝန်ကျန်သေးလား၊ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ဖို့ ဖြစ်နိုင်တော့ရဲ့လား ဆိုတာတွေကို ပြန်စစ်ရပါတယ်။

နေရာမှားပြီး သန္ဓေတည်တာ ဖြစ်ဖူးရင် ကိုယ်ဝန်ဆောင်နိုင်ပါဦးမလား
စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေး စသဖြင့် အဖက်ဖက်က ထိခိုက်တဲ့ ဒီအဖြစ်ဆိုးကြီး ခံစားရဖူးသူ အမျိုးသမီးတိုင်း မေးလေ့ရှိတဲ့ မေးခွန်းပါပဲ။ အဖြေကတော့ ရပါတယ်။ နေရာလွဲ သန္ဓေတည်ဖူးသူ အမျိုးသမီးတစ်ဦးဟာ ပုံမှန် ကိုယ်ဝန် ပြန်ရနိုင်ပြီး ကျန်းမာရွှင်လန်းစွာ သားသမီး ရနိုင်ပါသေးတယ်။ အခန့်မသင့်လို့ သားဥပြွန် တစ်ဖက် ဖြစ်စေ၊ သားဥအိမ် တစ်ဖက်ဖြစ်စေ ထုတ်လိုက်ရရင်တောင်မှ ကျန်တဲ့ဖက်က သားဥပြွန်နဲ့ သားဥအိမ် အစုံက ကောင်းနေရင် အေးဆေးပါပဲ။ ၃ လကနေ ၆ လလောက် နားပြီး မိခင်မှာ သွေးအားနည်းခြင်း၊ အာဟာရချို့တဲ့ခြင်းတွေ မရှိတော့ဘူးဆိုရင် ကလေးယူလို့ ရပြီလို့ အကြမ်းဖျင်း ဆိုနိုင်ပါတယ်။ အသေးစိတ်ကိုတော့ သားဖွားမီးယပ် အထူးကုတစ်ယောက်နဲ့ ပြသတိုင်ပင်ပါ။

ဒီနေရာမှာ အရေးကြီးတဲ့ အချက်တစ်ချက်က နာလန်ထစ အမျိုးသမီးရဲ့ ရုပ်ပိုင်း ကျန်းမာရေးအပြင် စိတ်ပိုင်းကျန်းမာရေးကိုပါ ပြန်ကောင်းလာအောင် လုပ်ပေးဖို့ မဖြစ်မနေ လိုတယ် ဆိုတာပါပဲ။ ခင်ပွန်းနဲ့ ဇနီးသည်အကြား ဘယ်သူ့ ဘယ်သူကမှ အပြစ်မတင်ကြပါနဲ့။ မမြင်လိုက်ရတဲ့ ရင်သွေးကို ဆုံးရှုံးလိုက်ရပြီး လူမှုရေး ကျန်းမာရေး စီးပွားရေး စသဖြင့် ပြဿနာမျိုးစုံ ကြုံထားရသူ လူနာကိုယ်တိုင်ကလည်း သူမကိုယ်သူမ အပြစ်ရှိတယ်၊ ချို့ယွင်းချက် ရှိနေတယ်လို့ အပြစ်တင် စိတ်ဓာတ်ကျတာမျိုး မဖြစ်အောင် မိသားစုက ဖေးမ ဖျောင်းဖျပေးဖို့ အရမ်း အရေးကြီးပါတယ်။ ဆရာဝန်ကလည်း နှစ်သိမ့်ဆွေးနွေး ပညာပေးပြီး လုပ်လို့ ရတာတွေ လုပ်ပေးမှာပါ။



ပြည်ပနိုင်ငံအချို့မှာ ကိုယ်ဝန်ဆုံးရှုံးမှု အားပေးနှစ်သိမ့်ရေးအဖွဲ့ (Pregnancy Loss Support Groups) တွေ အများကြီး ရှိလို့ အတော်လေး အဆင်ပြေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာလည်း ဒီလို ကိစ္စတစ်ခုစီအတွက် သီးသန့် လူမှုဝန်ထမ်း အဖွဲ့တွေ မကြာခင် ပေါ်လာဖို့ မျှော်လင့်ပါတယ်။ ဒီမှာ လက်ရှိ ဒီအလုပ်ကို ဆေးရုံအလုပ်တစ်ဖက်နဲ့ ဆရာဝန်တွေကပဲ တာဝန်ယူလုပ်နေရတာ ဖြစ်လို့ လစ်ဟင်းမှုတွေ ရှိကောင်း ရှိနိုင်ပါမယ်။

နေရာလွဲမှား သန္ဓေတည်ခြင်းကို ကာကွယ်လို့ ရနိုင်မလား
အရှိအတိုင်း ဖြေရရင် တိတိကျကျ ၁၀၀% ထိရောက်စွာ ကာကွယ်လို့ မရပါဘူးလို့ပဲ ဖြေရမှာပါ။ ဒါပေမဲ့ ဒီရောဂါကို ဖြစ်စေတဲ့ အချက်တွေကိုတော့ မခဲမယဉ်း ကာကွယ်နိုင်ပါတယ်။ အထက်မှာ ပြောခဲ့သလို လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ (Sexually Transmitted Diseases, STDs) တွေ မရှိအောင် ကိုယ်ဝန်မဆောင်ခင်ကတည်းက ကုသထားရပါမယ်။

ခါးအောက်ပိုင်း တင်ပဆုံတွင်း ရောင်ယမ်းခြင်း ရောဂါတစ်ခုခု ဖြစ်ခဲ့ဖူးသူတွေ၊ ၀မ်းဗိုက်အောက်ပိုင်း တင်ပဆုံပိုင်း ခွဲစိတ်မှု (Pelvic Surgery) လုပ်ဖူးသူတွေ၊ သားကြောဖြတ်ထားပါလျက် (သို့) IUD သားအိမ်တွင်းထည့် သန္ဓေတား ပစ္စည်း သုံးထားပါလျက် ကိုယ်ဝန်ရလာရင်၊ ယခင် နေရာမှား သန္ဓေတည်ခြင်း ဖြစ်ဖူးသူတွေ၊ ကျောက်ကပ် ဆီးအိမ် စတဲ့ ခါးအောက်ပိုင်း ခွဲစိတ်မှုတွေ လုပ်ဖူးသူတွေဟာ ကိုယ်ဝန် ရှိပြီလို့ သိလျှင် သိချင်း ဆရာဝန်နဲ့ ပြပြီး ကြိုတင် စစ်ဆေးထားရင် ကာကွယ်နိုင်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ မရအောင် မိမိရဲ့ လူနေမှု အကျင့်စရိုက် ဂုဏ်သိက္ခာကို ထိန်းသိမ်းရင် နေရာမှား သန္ဓေတည်ခြင်းကိုပါ ကာကွယ်ပြီးသား ဖြစ်စေပါတယ်။


နီးစပ်ရာ ဆေးရုံဆေးခန်းမှာ Antenatal Care ခေါ် AN Care ခေါ် မိခင်လောင်း ပြုစုစောင့်ရှောက်ခြင်း (အရပ်အခေါ် ဗိုက်အပ်ခြင်း) မှန်မှန် သွားပြမယ် ဆိုရင် အထက်ပါ ပြဿနာတွေကို စစ်ဆေးပြီး နေရာလွဲမှား သန္ဓေတည်ခြင်းကို သံသယ ရှိလောက်တဲ့ လက္ခဏာတွေ တွေ့တာနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ထပ်လုပ်နိုင်ပါတယ်။ ဒါဆို လိုအပ်ရင် ဆေးရုံတက် ကုသမှု အမြန်ဆုံး ခံယူဖို့ အချိန် မနှောင်းတော့ဘူးပေါ့။

မွေးရာပါ သားဥပြွန် ချို့ယွင်းချက် ပါတယ်၊ နေရာမှားပြီး သန္ဓေတည်နေတယ် ဆိုရင်လည်း AN Care မှာ ပါတဲ့ အာထရာဆောင်း ရိုက်ခြင်းကြောင့် စောစော တွေ့ရင် ဘာထိခိုက်မှု ဘာအန္တရာယ်မှ မရှိဘဲ ကုသနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိခင်ရော ကလေးအတွက်ပါ အခြားသောကောင်းကျိုးတွေ အမျိုးမျိုး ရှိပြီး မဖြစ်မနေ လိုအပ်တဲ့ ၊ နေရာလွဲမှား သန္ဓေတည်ခြင်းကို အဓိက ကာကွယ်နိုင်တဲ့ AN Care ခေါ် ဗိုက်အပ်ခြင်းကို ကိုယ်ဝန်ရှိမှန်း သိပြီးကတည်းက စတင်လုပ်ဆောင်ကြပါလို့ တိုက်တွန်းပါရစေ။


Written by : ဒေါက်တာသီဟသစ်

Credit: http://www.mmdailynews.com/viewprofile.php?uid=18957

အစိမ်းရောင်နည်းလမ်းများဖြင့် အမာရွတ်ကို ကုသပါ

ပျိုပျိုအိုအို ကျား၊မ-မရွေး လှချင်ပချင်ကြပါတယ်။ သိပ်ပြီးမလှချင်တဲ့သူဆိုရင်တောင်မှ အနည်းဆုံးတော့ မြင်သာထင်သာရှိတဲ့နေရာတွေ မှာ အမာရွတ်ကြီးထင်နေမှာကိုတော့ ဘယ်သူမှ လိုလားကြမယ်မထင်ပါဘူး။ အမာရွတ်ကို ကုသတဲ့ အကောင်းဆုံးနည်းကတော့ အမာ ရွတ်မဖြစ်အောင်နေထိုင်ခြင်းပါပဲ။ ဒါပေမယ့် တကယ်လို့ မလွှဲမရှောင်သာ ဒဏ်ရာအမာရွတ်ဖြစ်ခဲ့ရင်တော့ အစိမ်းရောင် သဘာဝပစ္စည်း များနဲ့ ကုသခြင်းကအကောင်းဆုံးဖြစ်ပါတယ်။


ဘာကြောင့် အမာရွတ်ဖြစ်တာလဲ

အမာရွတ်ဖြစ်ခြင်းဟာ ဘာကြောင့်ဆိုတာ အပြည့်အစုံတိတိကျကျ မသိရသေးပါဘူး။ ယေဘူယျအားဖြင့် ပြောရရင်တော့ အမာရွတ်ဆို တာဟာ ဒဏ်ရာကို ပျောက်ကင်းအောင်၊ အနာကျက်အောင် ခန္ဓာကိုယ်ရဲ့ သဘာဝတရားက အလိုလိုပြုလုပ်ပေးတဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ် ပါတယ်။ တစ်နည်းအားဖြင့် အရေပြားရဲ့စုတ်ပြဲနေတဲ့နေရာကို ရောဂါပိုးမွှားတွေဝင်မလာနိုင်အောင် အမြန်ဆုံးနဲ့ ထူထူထဲထဲလေးဖုံးအုပ် ပေးလိုက်တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ ဒဏ်ရာအနာကိုလျင်မြန်စွာ ပိတ်ပစ်ရမှာဖြစ်တဲ့အတွက် အရေပြားက ကိုလေဂျင်လို့ခေါ်တဲ့ တွယ်ဆက် တစ်သျှူးတွေကို မြောက်မြားစွာထုတ်ပေးပြီးဖုံးအုပ်ပေးလိုက်တဲ့အခါ အမာရွတ်ဆိုတာ ဖြစ်ပေါ်လာခြင်းပါ။ ကလေးငယ်တွေ နို့စို့အရွယ် ကလေးတွေဟာ ဒဏ်ရာသေးသေးလေးတွေအတွက်ဆိုရင် အမာရွတ်ဖြစ်ခဲပါတယ်။ အမာရွတ်ဟာ လူကြီးတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ အမာရွတ်ကို ကုသမယ့်အစိမ်းရောင်နည်းလမ်းများကတော့ -


(၁) အမာရွတ်ဖြစ်ခြင်းကို ကာကွယ်ပါ

အမာရွတ်ကို ကုသတဲ့အကောင်းဆုံးနည်းလမ်းကတော့ အမာရွတ်မဖြစ်အောင် ကာကွယ်ခြင်းပါပဲ။ ထိခိုက်ရှနာ တစ်ခုချင်းစီဟာအမာရွတ် ဖြစ်နိုင်တာမို့ ထိခိုက်ရှနာတွေကို ဂရုစိုက်ကုသခြင်းဟာ အမာရွတ်မဖြစ်ပေါ်စေဖို့ ကာကွယ်ခြင်းပါပဲ။ ယေဘုယျအားဖြင့် အနာဖေးတက် လျှင် မကိုင်ပါနှင့်၊ မဆွပါနှင့်၊ မခွာပါနှင့်။ အနာကိုသန့်ရှင်းခြောက်သွေ့စွာထားပါ။ အနာဟာကြီးပြီးနက်ရင် ချုပ်ပါ။ အနာဖြစ်နေချိန်မှာ ကျန်းမာရေးနှင့် ညီညွတ်ပြီး အဟာရဖြစ်တဲ့ အစားအစာများ စားဖြစ်အောင်စားပါ။


(၂) မရှိမဖြစ် အဆီများ (Essential Oils) အသုံးပြုပါ

တောရှောက်ခါး Bitler Oranger အခွံမှရသော Naroli oil, လာဗင်ဒါအမွှေးဆီ (Lavendar) , bergamot လိမ္မော်ခွံမှရသော bergamot oil, လိမ္မော်ခွံဆီ ချမိုမိုင်းအဆီ (Chamomile) ကဲ့သို့သော Essential Oils မွှေးရနံ့အဆီများဟာ အမာရွတ်တွေကို သဘာဝအတိုင်း ချောမွတ်ပျောက်ကင်းစေဖို့ ကူညီနိုင်ပါတယ်။ Neroli အဆီအစက်အနည်းငယ်ကို အထက်ဖော်ပြပါ အခြားအဆီတစ်မျိုးနှင့် သမအောင် ရောစပ်ပါ။ ပြီးလျှင် နှိပ်နယ်လိမ်းရာတွင် အသုံးပြုရန် အခြားပေါများသည့် ဆီတစ်မျိုးမျိုး ဆီတစ်မျိုးမျိုး တစ်ခွက်ခန့်နှင့် ရောစပ်ပြီး အမာ ရွတ်ထင်မည့်နေရာသို့ ရက်သတ္တပတ်တစ်ပတ်ခန့် အတန်ကြာစိမ့်ဝင်အောင် ပွတ်သပ်ပြီး လူးပေးပါ။


(၃) ရှားစောင်းလက်ပပ်သုံးပါ (Aloe Vera)

ရှားစောင်းလက်ပပ် (Aloe Vera)ဟာ အံ့သြစရာကောင်းတဲ့အရေပြားချောမွတ်တဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ အမာရွတ်ဟာ လတ်တလော ဖြစ်တဲ့ အနာ အမာရွတ်ဆိုရင် ရှားစောင်းလက်ပပ်နဲ့ ဖော်ထုတ်ထားတဲ့ ခရင်မ်တစ်မျိုးမျိုး ဒါမှမဟုတ် လတ်ဆတ်တဲ့ ရှားစောင်းလက်ပပ် အတွင်းသား အနှစ်ကို တိုက်ရိုက်ပဲ အမာရွတ်နေရာကို အသာအယာ ဖြည်းငြင်းစွာ စိမ့်ဝင်အောင် လူးပေးပါ။ ရှားစောင်းလက်ပပ်ဟာ ၀က်ခြံကဲ့သို့ သော မျက်နှာမှအမာရွတ်များအတွက် ပိုပြီးကောင်းမွန်ပါတယ်။ ကံမကောင်းတာကတော့ ရှားစောင်းလက်ပပ်က အရင်က ဖြစ်ခဲ့တဲ့ အမာ ရွတ်ဟောင်းတွေကိုဆိုရင် အမာရွတ်ကို အနည်းငယ်ပျော့ပျောင်းသွားစေတာကလွဲလို့ သိပ်ပြီးပျောက်ကင်းအောင် မလုပ် ပေးနိုင်ပါဘူး။


(၄) ဗီတာမင် E ကိုအသုံးပြုပါ (Vitamin – E)

ရှားစောင်းလက်ပပ်လိုပဲ ဗီတာမင် E ဟာလည်း အရေပြားချောမွတ်နူးညံ့စေတဲ့ Skin Conditioner ဖြစ်ပါတယ်။ ဗီတာမင်Eအဆီကို အရေ ပြားပေါ်မှာ လိမ်းပေးပါ။ လိမ်းတဲ့အခါ အမာရွတ်ပျော့ပျောင်းနူးညံ့လာတဲ့အထိ ဖြည်းဖြည်းချင်း နှိပ်နယ်ပွတ်သပ်ပြီး လိမ်းပေးပါ။ ရက်သတ္တ ပတ်အနည်းငယ်ကြာမြင့်လျှင် အမာရွတ်နေရာတွင် သိသာထင်ရှားစွာ တိုးတက်ကောင်းမွန်လာတာကို တွေ့ရပါမယ်။ ဗီတာမင် E ဟာ အနာချုပ်ရိုး၊ ချုပ်ကြောင်းတွေကိုလည်း ချုပ်ရိုးရာမထင်အောင် ကူညီပေးနိုင်ပါတယ်။ ချုပ်ရိုးပေါ်မှာ လိမ်းပေးခြင်းအားဖြင့် ချုပ်ရိုးများမ ထင်ရှားဘဲ မှေးမှိန်သွားမှာဖြစ်ပါတယ်။


(၅) ကြက်ဆူဆီလည်း သုံးကြည့်ပါ (Castor Oil)

ပေါလ်ပစ်ခ်ျဖို့ဒ် (Paul Pithcford0 ဆိုသူရေးတဲ့ Healing with Whole Foods: Asian Traditions and Modern Medicine စာအုပ် ထဲမှာရေးထားတာကတော့ အမာရွတ်တွေ ပျော့ပျောင်းပြီး မှေးမှိန်သွားအောင်၊ အမာရွတ်မထင်အောင် ကြက်ဆူဆီကိုလည်း အသုံးပြု နိုင်ကြောင်း ထောက်ခံထားပါတယ်။ ၄င်းက ဖလံနယ်အ၀တ်စ သန့်သန့်တစ်ခုကို ကြက်ဆူဆီနှင့်ရွှဲစိုနေအောင် နှစ်ထားပါ။ ၄င်းအ၀တ် စဖြင့် အမာရွတ်ကို ဖုံးအုပ်ပြီး တစ်နာရီမှ နှစ်နာရီခန့်ကြာအောင် တစ်နေ့နှစ်ကြိမ် ပတ်တီးစည်းသလို စည်းထားပေးပါ။


Credit: www.medindia.com

Friday, July 22, 2011

စိတ်ခံစားမှုကြောင့် ဆာလောင်မှုအားဖြေရှင်းခြင်း

How to deal with emotional hunger

အစာကို အလွန်အကျွံစားသောက်ရတဲ့ အကြောင်းရင်းတွေကလည်း အကြောင်းပြချက်အမျိုးမျိုးရှိပါတယ်။ ပျင်းတာကြောင့် ပိုစားဖြစ်သွား တာလား၊ ၀မ်းနည်းလို့လား၊ ဒါမှမဟုတ်စိတ်ဆိုးလို့ စိတ်ပျက်လို့ အဆင်မပြေတာရှိလို့ စသဖြင့် ဖြစ်ပါတယ်။


မိမိ စိတ်စေရာနှင့် စားသောက်မှုရဲ့ ရလဒ်

Keep a food and mood diary

နေ့စဉ် ဘယ်လို အစားအစာမျိုး စားဖြစ်သလဲဆိုတာကို တစ်ပတ်လောက် စာအုပ်နဲ့ရေးမှတ်ထားပြီး မစားခင်နဲ့ စားပြီးနောက် ဘယ်လို ခံစားရတယ်ဆိုတာကို စဉ်းစားနှိုင်းယှဉ်ကြည့်ပါ။ ဒီလိုချရေးကြည့်ရင်းနဲ့မှ မဆာဘဲ ဘာကြောင့်အစာတွေ အများကြီးစားဖြစ်သွားတာလဲ ဆိုတာကို သိလာပါလိမ့်မယ်။ ဒီတော့မှ ကိုယ်လိုချင်တာနဲ့ ကိုယ်ရလာတာကို လက်တွေ့သိလာမှာ ဖြစ်တယ်။


တခြားနည်းလမ်းကို ရွေးချယ်ပါ

Find alternatives

စိတ်ညစ်တဲ့အခါဖြစ်စေ၊ ပျင်းတဲ့အခါဖြစ်စေအစားအသောက်ကို ပိုစားမယ့်အစား တခြားအပျင်းပြေစေမယ့် စိတ်ညစ်ပြေစေမယ့် နည်းလမ်းတွေကို စဉ်းစားပြီးလုပ်ပါ။

ခံစားမှုများအား ဖြေရှင်းတတ်ပါစေ

Deal with your emotions

လောကမှာ စိတ်ပျော်စရာရှိသလို စိတ်ညစ်စရာတွေကိုလည်း ကြုံတွေ့နိုင်တာပါ။ ဒါကြောင့်စိတ်ညစ်စရာရှိပေမယ့်လည်း အရမ်းကြီး စိတ်ညစ်နေတာ ဒေါသထွက်နေတာမျိုးတွေကို ရှောင်ပြီး အခက်အခဲတွေကို အတတ်နိုင်ဆုံး ကောင်းအောင်ဖြေရှင်းတဲ့နည်းလမ်းကို သုံးပါ။ ပြဿနာအရပ်ရပ်ကို အောင်မြင်စွာ ကျော်လွှားသွားနိုင်တဲ့ စိတ်ဓာတ်ကို မွေးမြူတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။


စိတ်ဖိစီးမှုအား ဖြေဖျောက်ပါ

De-stress

စိတ်ညစ်လို့ အစာတွေလျှောက်စားပေမယ့် စိတ်ညစ်တာက ပျောက်မသွားပါဘူး။ နောက်ပြီး အစာခြေအဖွဲ့ကလည်း အစားအစာတွေကို ကောင်းကောင်း မခြေနိုင်တာကြောင့် များများစားလေ အစာမခြေနိုင်ဖြစ်လေပါပဲ။ ဒီလိုအစာမကြေတဲ့အခါမှာ ဗိုက်ပွပြီး နေလို့ထိုင်လို့ မကောင်းတော့ပါဘူး။ ဒါကြောင့် အကောင်းဆုံးစိတ်ဖြေနည်းက အပြင်ထွက်ပြီး လမ်းလျှောက်တာ၊ ရေကူးတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ယောဂကျင့်စဉ် ကျင့်တာမျိုးကိုပြုလုပ်ပေးခြင်းပါပဲ။


အိမ်ကို အစားအသောက်များများ ၀ယ်မလာခဲ့ပါနဲ့

Don't buy it

အစာများများ မစားဖြစ်အောင် ကျန်းမာရေးနဲ့ မညီတဲ့အစားအသောက်တွေ၊ မတည့်ပေမယ့် များများစားဖြစ်သွားမယ့် အစားအစာမျိုး တွေကို ၀ယ်မလာခဲ့ပါနဲ့။ အစာများများ စားဖြစ်တာကလည်း မီးဖိုချောင်ကနေလာတာများပါတယ်။ မုန့်သရေစာမရှိပေမယ့်လည်း စားဖို့တွေကတော့ ရှိနေတာပါ။ ဒီတော့ အစာစားဖို့ သတိမရအောင် အိမ်အလုပ်လုပ်တာ၊ ကလေးနဲ့ကစားတာ၊ စာအုပ်ဖတ်၊ ရုပ်ရှင် ကြည့်တာမျိုးတွေကိုလုပ်ပါ။


ကြိုတင် စီစဉ်ထားပါ

Plan ahead

စိတ်ရှုပ်စရာ ရင်မောစရာကောင်းမယ့် အစည်းအဝေးတွေ၊ တွေ့ဆုံမှုတွေ၊အလုပ်တွေရှိမှာကို ကြိုသိနေခဲ့ရင် အဟာရရှိစေမယ့် အစား အစာတွေစားဖြစ်ဖို့ ကြိုတင်စီစဉ်ထားဖို့သင့်ပါတယ်။ ဒါမှ ဆုံးဖြတ်တဲ့နေရာမှာ မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံးစဉ်းစားတွေးတောနိုင်မှာ ဖြစ်တယ်။


မကောင်းတဲ့ အမူအကျင့်ဟောင်းများအားပြုပြင်နည်း

How to break bad habits

စိတ်ညစ်တိုင်း အစာတွေချည်းပဲ ဖိစားတာဟာ မကောင်းတဲ့အကျင့်ဖြစ်ပြီး လူကိုဝစေနိုင်တာပါ။ ဒီလိုစားတာဟာ မကောင်းဘူးဆိုပေမယ့် ဒီအကျင့်ဟာတွင်းနက်ကြီးနဲ့တူပါတယ်။ တွင်းထဲကိုကျသွားဖို့လွယ်ကူပေမယ့် ပြန်ထွက်လာဖို့ခက်ပါတယ်။ ဒါပေမဲ့ ဒီမကောင်းတဲ့ အကျင့်ကိုအောက်ဖော်ပြပါနည်းများနဲ့ ပြုပြင်နိုင်ပါတယ်။


အမူအကျင့်တွေကို စားရင်းပြုစုပါ

Make a habit list

ကိုယ်လုပ်တတ်တဲ့ အမူအကျင့်တွေကို စာရွက်ပေါ် ချရေးလိုက်ပါ။ တီဗွီကြည့်ရင်း ကြွပ်ကြွပ်ရွရွ မုန့်တွေစားတတ်တာလား၊ နံနက် ကော်ဖီသောက်ရင်း ဆီကြော်ကိတ်မုန့် ဒိုးနတ်တွေ စားတတ်သလား၊ ပေါင်မုန့် အမြဲစားသလား၊ စားတဲ့အခါမှာလည်း ဘာကြောင့်စား တာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်။ ပျင်းလို့လား၊ စိတ်ညစ်လို့လား၊ ဒေါသထွက်လို့လား စသဖြင့်ပါ။


မကောင်းသော အမူအကျင့်အား ကောင်းသော အမူအကျင့်ဖြင့် အစားထိုးခြင်း

Fill your habit holes

မိမိရဲ့ ကောင်းတဲ့အမူအကျင့်တွေကို ဘယ်လိုနည်းနဲ့ ပြုပြင်မလဲဆိုတာ ဆုံးဖြတ်ပါ။ ပထမ အနေနဲ့အားလုံးကို မပြုပြင်နိုင်ရင်တောင်မှ တစ်မျိုးချင်းပြုပြင်သွားနိုင်ပါတယ်။ ဒီလိုပြုပြင်တဲ့နေရာမှာလည်း ကိုယ်အလေးချိန်လျှော့ကျစေပြီး နေလို့ထိုင်လို့ ခံစားလို့ သက်သောင့် သက်သာ ဖြစ်စေမယ့်နည်းနဲ့ ပြုပြင်ပါ။ မဟုတ်ရင် ပြုပြင်ရခက်ခဲပြီး နဂိုအကျင့်ကို ပြန်လုပ်မိသွားမှာ စိုးရပါတယ်။ ဥပမာ - မုန့်လက် ကောက်ပုံ ဆီကြော်မုန့် (ဒိုးနတ်)ကို စားမယ့်အစား စားလို့လည်း အရသာရှိပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေမယ့် စပျစ်သီး ကို အစားထိုးစားတာမျိုးပါ။ ဒါကတော့ အမြဲတမ်းအစားအသောက်နဲ့ အစားထိုးတာမျိုး မဟုတ်ဘဲ တခြားနည်းတွေဖြစ်တဲ့ တီဗွီကြည့်စဉ် အစာစားတာမျိုးထက် မီးပူတိုက်တာမျိုးလည်း လုပ်လို့ရပါတယ်။ နောက်ပြီး အလုပ်က စားပွဲမှာထက် အပြင်ထွက်ပြီး ကော်ဖီသောက်တာ မျိုးတွေလည်း လုပ်နိုင်တာပါ။


တစ်လှမ်းချင်း လှမ်းပါ

Take one step at a time

မကောင်းတဲ့အမူအကျင့်အားလုံးကို တစ်ပြိုင်နက်တည်းပြင်တာထက် တစ်ကြိမ်မှာတစ်မျိုးလောက်ကိုပဲပြင်ပါ။ နောက်ပြီးအလွယ်ဆုံးနည်း လမ်းကနေစပြင်ကြည့်ပါ။ ဥပမာ ကော်ဖီ၊လက်ဖက်ရည်သောက်တဲ့အခါမှာ သကြားနှစ်ဇွန်းအစား တစ်ဇွန်းပဲ ထည့်တာမျိုးပါ။ ပြီးမှ တစ် ဆင့်ချင်းခက်တဲ့အပြောင်းအလဲတွေကို ပြောင်းလဲကြည့်ပါ။ အောက်ဖော်ပြပါနည်းတွေကလည်း အပြောင်းအလဲ လုပ်တဲ့နေရာမှာ အကြံ ကောင်းကို ရစေနိုင်တဲ့ ဥပမာလေးတွေဖြစ်တယ်။


အမူအကျင့်ဟောင်း (Old Habit)

(၁) တီဗီကြည့်ရင်း မုန့်စားမယ်

(၂) ကော်ဖီ၊ လက်ဖက်ရည်နဲ့ ဘီစကစ်စားတာ

(၃) ထမင်းစားပြီးတိုင်း အချိတည်းတာ

(၄) ညစာ မစားခင်အကြော်အလှော်နဲ့ သောက်စရာစားတာ

(၅) စားပွဲမှာထိုင်ပြီး မုန့်လက်ကောက်ကြော်(ဒိုးနတ်)စားတာ

(၆) အများကြီးစားတာ


အမူအကျင့်အသစ် (New Habit)

(၁) တီဗွီပိတ်ပြီး စာဖတ်မယ် ဒါမှမဟုတ် အားကစားရုံသွားမယ်

(၂) ပန်းသီးစားမယ်

(၃) လတ်ဆတ်တဲ့ သစ်သီးစားမယ်

(၄) ညစာမစားခင် အသောက်အစားမလုပ်ဘဲ လမ်းလျှောက်တာ

(၅) ဈေးမှာ သတင်းစာ ဂျာနယ်သွားဝယ်တာ၊ ဟိုနားဒီနားသွားတာ

(၆) အသားငါးကို ဟင်းသီးဟင်းရွက်နဲ့ ရောကြော်တာ


ချင့်ချိန် စားသောက်ရာမှာ မထင်မှတ်ဘဲ ကျရောက်လာမယ့် ဘေးအား ကာကွယ်နည်း

How to avoid dietary pitfalls

ကိုယ်က အစားအသောက် ချင့်ချိန်စားသောက်နေပေမယ့် တစ်ခါတလေ ကိုယ်ချထားတဲ့အစီအစဉ်ပျက်သွားတာမျိုးနဲ့ ကြုံတတ်ပါတယ်။ ဥပမာ - သူငယ်ချင်းရဲ့ မွေးနေ့ပါတီဖြစ်စေ၊ ဈေးသွားရင်းဖြစ်စေ အဲဒီနေရာတွေမှာက အကြော်အလှော်နဲ့ ဆီပြန်ဟင်းတွေပဲများတော့ ကျန်းမာရေးနဲ့ညီညွတ်မယ့် အစားအစာရွေးစားဖို့ အခက်အခဲတွေ့နိုင်ပါတယ်။ ကိုယ်တိုင်ကလည်း ကြိုက်တဲ့အစားအစာတွေမို့ ရှောင် ဖယ်ဖို့လည်း မလွယ်လှတာဖြစ်တယ်။ ဒါပေမဲ့ အောက်ဖော်ပြပါနည်းများနဲ့ ရှောင်လွှဲနိုင်ပါတယ်။


နံနက် အိပ်ရာထချိန်ဗိုက်မဆာတဲ့အတွက် နံနက်စာမစားဘဲနေခြင်း

You're not hungry first thing in the morning so you skip breakfast

ပြဿနာတစ်ရပ်

The Prpblam

နံနက်စာမစားတဲ့အတွက် သွေးချိုရေချိန်ကျဆင်းသွားသလို ကိုယ်တွင်း ဇီဝဖြစ်ပျက်မှုလည်း လျော့ကျသွားပါတယ်။ အဲဒီအခါမှာ စဉ်းစား တွေးတောတဲ့ နေရာမှာရော မှတ်ဥာဏ်ကိုပါ ထိခိုက်ကျဆင်းစေပါတယ်။ ဟားဗတ်ဆေးကျောင်းက သုတေသနပြုလုပ်ရာမှာ ဒီလို နံနက် စာမစားဘဲ နေတဲ့လူတွေဟာ နေ့ဘက်မှာ အများကြီးပိုစားမိသွားပြီး ကိုယ်အလေးချိန်ပိုသွားစေနိုင်ပါတယ်။


သွေးချို ရေချိန် ပုံမှန်ဖြစ်စေဖို့ အမြန်ဆုံးနည်း

The quick fix

ဒီလို နံနက်စာကို အချိန်မရလို့ပဲ ဖြစ်စေ၊ မစားရင်လို့ပဲ ဖြစ်စေဖြစ်နေလို့ သွေးချိုရေချိန်ကျနေခဲ့ရင် ငှက်ပျောသီးဖြစ်စေ၊ အဆီနည်းတဲ့ ဒိန်ချဉ်ဖြစ်စေ လိမ္မော်ရည်ဖြစ်စေ စားသောက်ပြီး လိုအပ်တဲ့ သွေးချိုရေချိန်ကို ပြန်ထိန်းရပါမယ်။


ရေရှည် အကျိုးကိုကြည့်ပါ

Longer – term solution

တကယ်တော့ နံနက်ဘက် အပြင်မသွားခင် နံနက်စာ စားဖြစ်အောင် အချိန်ပေးသင့်ပါတယ်။ နံနက်အိပ်ရာထ အလုပ်ရှုပ်မယ်ထင်တဲ့ ကိစ္စ တချို့ကို ညကတည်းကလုပ်လို့ရတာကို လုပ်ထားနိုင်ပါတယ်။ ဥပမာ - နံနက်အပြင်သွားရင် ၀တ်မယ့်အ၀တ်ရွေးထားတာ၊ အိမ်ရှင်မ ဆိုရင်လည်း ကလေးတွေရဲ့ ၀တ်စုံ၊ ကောင်းလွယ်အိတ်၊ နံနက်စာ စားဖို့အတွက် ခင်းကျင်းပြင်ဆင်ထားတာမျိုးတွေပါ။ နံနက်စာမစားဘဲ ကိုယ့်ကိုယ်ကိုယ်တော့ သွေးချိုရေချိန်ကျပြီး ဇီဝဖြစ်ပျက်မှုနှုန်းတွေကိုပါ ကျဆင်းအောင် မလုပ်မိပါစေနဲ့။ အနည်းဆုံး ကွေကာအုတ်၊ ဒိန်ချဉ်၊ နို့စတာကိုတော့ စားဖြစ်အောင် စားပါ။



နန်းအိအိဇာ

သရဖူမဂ္ဂဇင်း ဂျူလိုင်လ ၂၀၁၁ခုနှစ်

Thursday, July 21, 2011

အလွင့်

လေအဝှေ့မှာ


သစ်ရွက်လေးတွေက


ကြွေခြင်းမလှ ကြွေကြတယ်။


မင်းအကြောင်း ခံစားချက်တွေနဲ့


တောက်ပစိုလွင်ခဲ့တဲ့ အနမ်း


ပျော်ရွှင်ကြည်နူးခဲ့တဲ့ နှုတ်ခမ်းတွေက


မင်းအဝေးမှာ ၀ါရော်ခြောက်သွေ့လို့။


အခု


နေ့ရက်တွေ တဖြုတ်ဖြုတ်ကြွေနေတဲ့နွေ


ငါ့အပျော်တွေလည်း တဖြုတ်ဖြုတ်ကြွေလို့


လေအဝှေ့မှာ.....


တမ်းတမိတဲ့ အလွမ်းတို့နဲ့


လေအဝှေ့မှာ။

ဝိုင်ချို

Sunday, July 17, 2011

နံနက်ခင်းမိုးလင်းတိုင်းမှာ . . .

(၁)

လူ့ဘ၀ဆိုတာ ခဏလေးပါပဲ။ ဘာလိုလိုနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေကြီး ကိုထူးအိမ်သင် ကွယ်လွန်တာ မနေ့တစ်နေ့ကလို ထင်ဆဲမှာ ၇ နှစ် ပြည့်သွားပြီ။ သူ့သီချင်းကို စကြားဖူးတာ လွန်ခဲ့တဲ့ အနှစ် ၃၀၊ ၁၉၈၀-၈၁ ၀န်းကျင်က။ တစ်နေ့ ကျွန်တော့် သူငယ်ချင်း အောင်ဇော်ဦးက သီချင်းခွေတစ်ခွေ ပေးပါတယ်။ "ဒီအခွေက မထွက်သေးဘူး။ ပုသိမ်က ငါ့သူငယ်ချင်းတစ်ယောက် ကျော်မြင့်လွင် ဆိုတာ ဆိုထားတာ။ နားထောင် ကြည့်စမ်းကွ။ သူကိုယ်တိုင်ရေး၊ သူကိုယ်တိုင် ဆိုထားတာ။ ငါက တနင်္ဂနွေမှာ မွေးတယ်။ သူက တနင်္လာ။ မင်းက သောကြာနေ့မှာ မွေးတယ်။ ငါတို့က အသက်တူ တစ်ပတ်တည်း မွေးကြတာ"။ ဒီတော့ ကျွန်တော် စိတ်ဝင်စားသွားပါတယ်။ အောင်ဇော်ဦးဆိုတာကလည်း ကျွန်တော်တို့အတန်းထဲမှာ Hero၊ လူရည်ချွန် ခြောက်ထပ်ကွမ်း၊ ဆေးတက္ကသိုလ် ၀င်တော့ Roll No.1။ ကျွန်တော်တို့လည်း သူ့အရပ်၊ သူ့ဇာတ်တော်ပေမယ့် အောင်ဇော်ဦးက Genius။ စာတစ်ပုဒ်ကို ကျွန်တော်တို့သင်မပြီးခင်မှာပဲ သူက အားလုံးအလွတ်ရနေပြီ။ သူ့လိုလူမျိုးက ညွှန်းတယ်ဆိုတော့ ကျွန်တော်အစအဆုံး နားထောင်ပြီး ကြိုက်သွားတယ်။ အဲဒီထဲမှာ "သူငယ်ချင်းအတွက်" ဆိုတဲ့သီချင်းကို ကျွန်တော်ကြိုက်သွားတယ်။

သူငယ်ချင်းအတွက်
ရေး/ဆို-ထူးအိမ်သင်

ကလေးများအားလုံးလည်း စာသင်မယ့် ဆရာကိုမျှော်နေတယ် . . .
စာသင်ခုံတွေလည်း ဖရိုဖရဲ ပိုးစားခြကိုက်နဲ့ . . .
ခေါင်းလောင်းကြီး လည်းအိပ်ပျော်နေဆဲ . . .
အသံမမြည်နိုင်ရှာတယ် စာအံသံတွေကြားချင်ပါတယ် ...
ကွက်လပ်ဖြည့် လိုက်ပေါ့ကွယ် . . .

ကျေးလက်ကဆရာ သူငယ်ချင်းရယ်
စိတ်ဓာတ်လေးဖြူစင်သန့်ရှင်းထားတယ်
အများအကျိုးအတွက် တာဝန်တွေထမ်းဆောင်မယ့် မင်းအတွက် တို့ဂုဏ်ယူလိုက်ပါတယ် . . .

ဆေးပေးခန်းထဲပင့်ကူတွေလည်း အခိုင်အမာ အိမ်ရာဖွဲ့ . . .
လူနာကုတင်တွေလည်း ဖရိုဖရဲပိုးစား ခြကိုက်နဲ့ . . .
ဆင်းရဲလွန်းတဲ့ဘ၀တွေတကယ်ပဲ ချူချာနေရှာတယ် . . .
လူတွေအကုန်ကျန်းမာရေး အတွက် ကွက်လပ်ဖြည့်လိုက်ပေါ့ကွယ်...

ကျေးလက်က "ဒေါက်တာ"သူငယ်ချင်းရယ် . . .
စိတ်ဓာတ်လေးဖြူစင်သန့်ရှင်းတယ်
အများအကျိုးအတွက် တာဝန်တွေထမ်းဆောင်မယ့် မင်းအတွက်တို့ ဂုဏ်ယူလိုက်ပါတယ်။

အဲဒီသီချင်းဟာ သာမန်လို့ ထင်ရပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ က ပညာရေး၊ ကျန်းမာရေးကို ထင်ဟပ်သလို "ဆင်းရဲလွန်းတဲ့ဘ၀တွေ တကယ်ပဲ ချူချာနေရှာတယ်" ဆိုတဲ့ ကရုဏာသံနဲ့ဆိုတဲ့ စာသားကလည်း အခုလက်ရှိ ဘ၀အထိ ခေတ်မီနေတုန်းပါပဲ။ အဲဒီတုန်းက ဒီလောက်ခေတ်ကို ထင်ဟပ်တဲ့သီချင်းကို ဖန်တီးသူရဲ့ အသက်က ၁၇-၁၈၊ နားထောင်ပြီး ကြိုက်တဲ့ ကျွန်တော်တို့ တစ်တွေကလည်း ၁၇-၁၈။

 

( ၂ )


ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျွန်တော် ၁၀ တန်း အောင်ခဲ့တဲ့ ပခုက္ကူအထက (၁) က အာစရိယပူဇော်ပွဲကို ရောက်ခဲ့ပါတယ်။ ပခုက္ကူကို လွန်ခဲ့တဲ့ ၁၅ နှစ် အနှစ် ၂၀ လောက်က ရောက်ပေမယ့် ကျွန်တော် ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ပညာသင်ခဲ့တဲ့ ဒီကျောင်းကို မရောက်တာ ၁၀ တန်း အောင် တုန်းကတည်းကပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က စံပြကျောင်းအဖြစ် အသိအမှတ်ပြုခံရတဲ့ ကျွန်တော်တို့ကျောင်းရဲ့အဆောက်အဦတွေက ဘာမှအများကြီးပြောင်းလဲ တိုးတက်လာပုံမရပါဘူး။ ကျွန်တော်တို့ ၈ တန်းတုန်းက စာသင်ခဲ့တဲ့ အားကစားရုံကတော့ အမိုးတွေဖရိုဖရဲနဲ့ အသုံးပြုလို့မရလို့ ဒီအတိုင်းပြစ်ထားပုံရပြီး ၉ တန်းတုန်းက စာသင်ခဲ့တဲ့ ဓမ္မာရုံကတော့ အသုံးပြုလို့ရနေပါသေးတယ်။ ၁၀ တန်းရောက်တော့ စာသင်ရတဲ့ အဓိကအဆောင်ကြီးကလည်း ဘာမှမပြောင်းပါဘူး ကျွန်တော်တို့ စာသင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေ အားလုံးနီးပါးလည်း ပင်စင်ယူပြီး ဖြစ်နေကြပါပြီ။ အချို့လည်း ကွယ်လွန်ခဲ့ပါပြီ။ အချို့လည်း အသက် ၇၀-၈၀ ကျော်တဲ့အထိ ကျန်းမာရေးကောင်းတုန်းဖြစ်သလို အရင်တုန်းကလိုပဲ စိတ်ဓာတ်တွေမာတုန်းပါပဲ။ လွန်ခဲ့တဲ့ အနှစ် ၃၀ တုန်းက ကျွန်တော်တို့ကို ကျူရှင်ပြဖို့ဆိုတာ ဝေလာဝေး အပြင် ကျူရှင်တောင် ယူစရာမလိုအောင် သင်ပေးခဲ့တာမျိုး ဒီခေတ်မှာတော့ ရှားသွားပြီ ထင်ပါတယ်။

တကယ်တော့ ကျွန်တော့်အဖို့ ပညာရေးကဏ္ဍက စိမ်းလွန်းလှပါ တယ်။ ကျွန်တော် အလုပ်တွေ ရှုပ်လွန်းတော့ ကျွန်တော့်ရဲ့သား နှစ်ယောက် (အခု ၉ တန်းနဲ့ ၃ တန်း) ပညာရေးတောင် ဇနီးသည်ကပဲသိပြီး ကျွန်တော် ဘာမှမသိသလောက်ပါပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ကျောင်းတွေဖွင့်လိုက်၊ ပိတ်လိုက် လေးနှစ်နဲ့ ဘွဲ့ရရမှာ သုံးနှစ်နဲ့ဘွဲ့ရ၊ အနီးကပ် ၁၀ရက်တက်ရင် တစ်တန်းအောင်၊ စာမေးပွဲမှာပါမယ့် စာကိုပဲသင်ပေး၊ ဆေးကျောင်းလို ကျောင်းမျိုး တောင် Textbook မဖတ်ဘူး။ လူသေအလောင်း မခွဲဘူး။ ကိုယ်ကို မေးခွန်းထုတ်မယ့် ပါမောက္ခက ကျူရှင်ပေး၊ ၁၀ ရာခိုင်နှုန်းလောက် ကျောင်းပျက်ရင်ပဲ စာမလိုက်နိုင်တဲ့ ဆေးကျောင်းမှာ ကျောင်းတက်ရက် ၅၀ ရာခိုင်နှုန်းလောက်ပဲ ကျောင်းတက်ပြီး ဆရာဝန်ဖြစ်လာသူတွေ ဒုနဲ့ဒေး ဖြစ်လာ။ အခြေခံကျောင်းတွေမှာလည်း ကိုယ့်တပည့်ကို ကျူရှင်ပေး၊ ကျူရှင်မယူရင် နည်းမျိုးစုံနဲ့ ပညာပေး၊ အချို့အခန်းတွေမှာ Aircon တပ်ထားပြီး ကျန်တဲ့ ကလေးတွေအတွက် သိမ်ငယ်စိတ် ဖြစ်ပေါ်စေတာတွေ၊ နုနယ်တဲ့ ကလေးဘ၀ကတည်းက ခွဲခြားဆက်ဆံခံရတာတွေ၊ နိုင်လိုမင်းထက် ပြုမူခံရတာတွေ၊ အငုံ့စိတ်၊ အရိုင်းစိတ် ဖြစ်ပေါ်ခံခဲ့ရတာတွေဟာ ကျွန်တော်တို့ ငယ်ငယ်ကနဲ့တော့ မတူတာ အမှန်ပါပဲ။

ကျွန်တော့်ကို ဒီလိုလက်ရှိဘ၀မျိုး ရောက်ရှိအောင် အမှားအမှန်ကို ခွဲခြားတတ်တဲ့ အရည်အချင်းတွေ ရေစုန်မှာမျောမလိုက်တတ်တဲ့ စိတ်ဓာတ်တွေကို အစပြုသင်ကြားပေးခဲ့တာ ဒီအထက (၁) ပခုက္ကူမှာပါ။ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်၊ ပြင်ပဗဟုသုတကို လေ့လာလိုက်စားတတ်တဲ့ အလေ့အကျင့်တွေကို အစပြုခဲ့တဲ့ လူရည်ချွန်ဖြစ်ခွင့်တွေကို အစပြုခဲ့တဲ့ ဒီကျောင်းတော်ရဲ့ ကျေးဇူးဟာ ကျွန်တော့်အပေါ်မှာ အများကြီးရှိပါတယ်။  စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် ဒေသတွင်းနိုင်ငံက ကလေးတွေ၊ မြန်မာနိုင်ငံက နိုင်ငံတကာကျောင်းက ကလေးတွေအဖို့ အင်တာနက်ကို ငါးနှစ်သားလောက်ကတည်းက စတင်အသုံးပြုချိန်မှာ ကျွန်တော့်ရဲ့မိခင်ကျောင်းက အထက်တန်းကျောင်းသားတွေဟာ အင်တာနက်တောင် မသုံးဖူးကြပါဘူး။ ပညာရေးနိမ့်ကျရင် အတွေးအခေါ်နိမ့်ကျရင် ဘယ်တော့မှ တိုးတက်တဲ့ နိုင်ငံ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီအာစရိယပူဇော်ပွဲမှာ ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ ကျွန်တော်ပြောခွင့်ရတဲ့အခါ "ကျွန်တော့်ကို စေတနာအစစ်နဲ့ ပညာသင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေရဲ့ ကျေးဇူး ကျွန်တော့်ရဲ့ ကျောင်းတော်ကြီးရဲ့ ကျေးဇူးကို ပြန်ဆပ်တဲ့အနေနဲ့ ကျွန်တော်ရောက်ရှိနေတဲ့ ဂျာနယ်လစ်တစ်ယောက်ရဲ့ နေရာကနေ ကျွန်တော်တို့နိုင်ငံရဲ့ပညာရေး တိုးတက်မြင့်မားလာအောင် မြို့ကြီးနဲ့ နယ်က ကလေးတွေ ညီမျှတဲ့ ပညာရေးရအောင် ရရှိတဲ့နေရာကနေ ကြိုးစားပါမယ်" လို့ ပြောခဲ့ပါတယ်။

( ၃ )


မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ပြင်ဆင်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းနိုင်မှုတွေ အရေးကြီးသလို စိတ်ပိုင်းဆိုင်ရာ ပြုပြင်မှုတွေဟာလည်း အရေးကြီးပါတယ်။ ပညာအရည်အသွေးရှိပြီး မိမိရဲ့ စားဝတ်နေရေးအတွက် မိမိကိုယ်မိမိယုံ ကြည်နိုင်စွမ်းရှိနိုင်မယ့် ဆရာ၊ ဆရာ မများရဲ့ HR ပြဿနာဟာ အကြီးမားဆုံး စိန်ခေါ်မယ့် ပြဿနာပါပဲ။ ကျူရှင်မပေးရဆိုတာ တစ်ခုတည်းဟာ လုံလောက်တဲ့ ဖြေရှင်းမှု မဟုတ်နိုင်ပါဘူး။ ပညာရေးလာကကို ပြုပြင်ရမယ့်အရာဟာ ကျန်းမာရေးလောကကို ပြုပြင်ရမယ့် အရာထက်တောင် ပိုမိုနက်နဲ ရှုပ်ထွေးလွန်းပါတယ်။

မြန်မာနိုင်ငံမှာ လူငယ်တွေ၊ ကျောင်းသားတွေမှာ အရေးကြီးဆုံး ပျောက်ဆုံးလာနေတာက အမှားအမှန်ကို ဆင့်ပွားဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ်ပညာ (Critical Thinking) ပါ။ ဒီလိုအခြေအနေမျိုး ပညာတတ်မှ ဖန်တီးနိုင်တဲ့ ပညာရေးဝန်းကျင်ကို အခြေခံအဆင့် သာမက တက္ကသိုလ်အဆင့်မှာပါ ပျောက်ဆုံးနေပါတယ်။ တက္ကသိုလ် ဆိုတာဟာ ကျောင်းသားလူငယ်တွေကို ကျောင်းပညာတစ်ခုတည်း သင်ကြားပေးတဲ့နေရာ မဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေး၊ အတွေးအခေါ် အယူအဆ၊ ရုပ်ပိုင်းစိတ်ပိုင်း ပေါင်းစပ်အသုံးချဖြေရှင်းနိုင်မှု ဒါတွေကို မသင်ဘဲနဲ့ ရရှိနိုင်တဲ့နေရာတွေပါ။ ခေတ်စနစ်ကို ထင်ဟပ်နိုင်မယ့် အတွေးအခေါ် အယူအဆတွေ၊ မိမိကိုယ်ကို တာဝန်ယူစိတ်တွေ မိမိရဲ့ ၀န်းကျင် မိမိနိုင်ငံအတွက် တာဝန်ယူတတ်တဲ့ သူတွေဖြစ်အောင် သင်ကြားပေးနိုင်တဲ့ ၀န်းကျင်မျိုးဖြစ်ဖို့ လိုအပ်တာ အမှန်ပါ။

 


အရေးကြီးဆုံး ပျောက်ဆုံးလာနေတာက အမှားအမှန်ကို ဆင့်ပွား ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ်ပညာ (Critical Thinking) ပါ။


 

( ၄ )


ကျန်းမာရေးပညာရေးစတဲ့ လူထုနဲ့ ဆက်စပ်တဲ့ကဏ္ဍတွေ ပြုပြင်ပြောင်းလဲမှုရဲ့ အရှိန်အဟုန်ဟာ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်ပြောင်းလဲမှုနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ နောက်ပြန်သွားပြီး တစ်ကနေပြန်စကြဖို့ မရှိသလို အခု ရောက်နေတဲ့နေရာမှာ ရပ်တန့်ပြီး နေလို့မရနိုင်တဲ့ အခြေအနေပါ။ ကမ္ဘာကြီးမှာ ဖြစ်ပေါ်လာနေတဲ့ မြန်ဆန်တဲ့ အပြောင်းအလဲတွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ အံ့သြဖွယ် ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေကြောင့် အပြောင်းအလဲတွေကို မြန်မြန်ဆန်ဆန်၊ သွက်သွက်လက်လက်နဲ့ အကောင်အထည်ဖော်ပြီး သတ္တိအပြည့်နဲ့ ရှေ့ခရီးဆက်ရမယ့် အခြေအနေပါ။

နိုင်ငံရေးအနေနဲ့လည်း နိုင်ငံအတွက် အရေးကြီးတဲ့ အမျိုးသားပြန်လည်ညီညွတ်ရေးအတွက် လုပ်ဆောင်သင့်တဲ့ အရာအားလုံးကို လုပ်ဆောင်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲကို ပြန်ဝင်ရောက်ဖို့ အရေးကြီးကာလကို ရောက်ရှိနေပါပြီ။ အတိတ်ဆိုတာ သင်ခန်းစာယူသင့်တဲ့အရာ ဆိုတာထက် ပိုမတွေးကြဘဲ နိုင်ငံနဲ့ လူထုရဲ့ ပစ္စုပ္ပန်၊ အနာဂတ် အကျိုးစီးပွားကိုသာ စဉ်းစားကြဖို့ လိုပါတယ်။ အတိတ်က မိမိရောက်ရှိခဲ့တဲ့နေရာ မိမိရဲ့အယူအဆ ကိုင်စွဲချက်၊ မိမိရဲ့ လက်ရှိရောက်ရှိနေတဲ့ အနေအထားတွေအပေါ်မှာ အာရုံစိုက်နေတာထက် လက်တွေ့ကျတဲ့ တွေ့ဆုံဖြေရှင်းမှုမျိုးကို လိုအပ်ပါတယ်။ တွေ့ဆုံဖြေရှင်းမှုများ ငြိမ်းချမ်းရေး တည်ဆောက်မှုများ လုပ်နေစဉ်ကာလအတွင်းမှာပဲ လူထုအတွင်းမှာ ဗဟိုချုပ်ကိုင်မှုကနေ ဒီမိုကရေစီ အခြေခံထောက်တိုင်(Democratic Institution) တွေနဲ့ အခွင့်အရေးတွေကို ခံစားထိတွေ့ခွင့် ရရှိလာအောင် လုပ်ဆောင်ရပါမယ်။ မတရားမှုတွေ၊ ဥပဒေမဲ့ပြုမူမှုတွေ လျော့ကျသွားအောင် လုပ်ရပါမယ်။

ပြည်တွင်း နိုင်ငံရေး ယုံကြည်မှုတည်ဆောက်ရေးနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း ၀င်ရောက်ရေးရဲ့ ပထမဆုံးအတားအဆီးကို ကျော်ဖြတ်ရေးဟာ အများကြီးအရေး ပါပါတယ်။ မိမိရဲ့ နိုင်ငံရေး ယုံကြည်မှုကြောင့်၊ ပုဒ်မအမျိုးမျိုးနဲ့ အကျဉ်းကျခံထားကြရတဲ့ သူတွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ပါ တရားစီရင်ရေး အခွင့်အရေးတွေပေးပြီး ဥပဒေနဲ့အညီ ပြန်လည်လွှတ်ပေးရေးဟာလည်း အမြန်ဆုံး ဆောင်ရွက်သင့်တဲ့ကိစ္စပဲဖြစ်ပါ တယ်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အနေနဲ့လည်း  ARAB SPRING လို ကိစ္စမျိုးဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ဆိုရင် လက်တွေ့မဆန်လှဘဲ မူလနေရာကို ပြန်ရောက်သွားနိုင်တယ် ဆိုတာကိုတော့ သတိပြုကြဖို့ လိုပါတယ်။

နိုင်ငံရဲ့ စီးပွားရေးတည်ဆောက်မှု၊ Good Governance Clean Government တွေဟာ လမ်းကြောင်း မှန်လို့ပြောဖို့  စောသေးပေမယ့် အသိအမှတ်ပြုရမယ့် အချက်တွေတော့ ရှိပါတယ်။ လူထုအတွက် ရေတိုမှာ အကျိုးစီးပွားမရှိတဲ့ စီမံကိန်းတွေ၊ ဘတ်ဂျက်တွေကို ရဲရဲဝံ့ဝံ့ဖြတ်တောက်ပြီး ပင်စင်လစာ တိုးပေးတဲ့ ကိစ္စတွေ၊ ကျန်းမာရေး ပညာရေးမှာ ငွေပိုမိုသုံးစွဲခွင့်ရအောင် ဆောင်ရွက်နေတာတွေဟာ ချီးကျူးရမယ့် ကိစ္စတွေပဲ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုလျှော့ချရေး ဆောင်ရွက်နေတဲ့ တစ်ချိန်တည်းမှာ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်တဲ့ လူလတ်တန်းစားအလွှာ ပိုမိုကျယ်ပြန့်လာအောင် မူတွေချမှတ်သင့်ပါတယ်။ စီးပွားရေး တိုးတက်မှုဟာ နိုင်ငံရေး ပြဿနာ အဖြေရှာရေးကို အညမည ဖြစ်စေပါတယ်။ အပြန်အလှန် ထောက်ကူစေပါတယ်။

( ၅ )


လာမယ့် ဇူလိုင်လ ၁၉ ရက်ဆိုရင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်တာ (၆၄) နှစ် ပြည့်ခဲ့ပါပြီ။ ဗိုလ်ချုပ်ဟာ အသက် ၁၈ နှစ်ဝန်းကျင်ကစပြီး သူသေဆုံးတဲ့အထိ အချိန်တိုင်း၊ မနက်လင်းတိုင်းမှာ တိုင်းပြည်လွတ်လပ်ရေးအတွက် စဉ်းစားခဲ့တယ်လို့ သိရပါတယ်။ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ခွန်အားဟာ သူ့ရဲ့ဝန်းကျင် သူ့ရဲ့အသိုင်းအ၀ိုင်း မိတ်ဆွေ၊ ပြည်သူကြားမှာပျံ့နှံ့ပြီး လွတ်လပ်ရေးရခဲ့တာဖြစ်ပါတယ်။ အခုလည်း ကျွန်တော်တို့နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ကို အစိုးရရော၊ အတိုက်အခံတွေရော၊ ကျွန်တော်တို့ တစ်ဦးချင်းစီပါ ၀ိုင်းဝန်းစဉ်းစားကြရင် လိုချင်တဲ့ အဖြေ ရလာပါလိမ့်မယ်။ ဒီအဖြေရရင် ၁၀နှစ် အတွင်း ဗီယက်နမ်၊ အနှစ် ၂၀အတွင်း ထိုင်းလို နိုင်ငံမျိုးလို ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ မနက်ခင်း မိုးလင်းတိုင်းမှာ စဉ်းစားကြဖို့ လိုပါတယ်။

နိုင်ငံတိုးတက်ဖို့ ...၊
ပြဿနာတွေ ပြေလည်ဖို့ ....။
ကျွန်တော်တို့ရဲ့ စိတ်ဓါတ်ခွန်အားတွေဟာ ကျွန်တော်တို့အနာဂတ်ဖြစ်ရမယ်လို့ ယုံကြည်ပါတယ်။


သန်းထွဋ်အောင်
(၁၅.၇.၂၀၁၁)
ဝါဆိုလပြည့်နေ့ (သောကြာနေ့)

Saturday, July 16, 2011

Typhoid Fever

မိုးရာသီနဲ့ အူရောင်ငန်းဖျားရောဂါ

မသန့်တဲ့ အစားအသောက်စားမိရုံ၊ မသန့်တဲ့ရေသောက်မိရုံနဲ့ အဖျားအရမ်းကြီးပြီး ၀မ်းလျှောဝမ်းပျက်ဖြစ်ကာ အဖတ်စားလို့မရဘဲ တစ်လလောက် တရှောင်ရှောင်တပိန်ပိန်နဲ့ နာတာရှည် ဝေဒနာခံစားရစေနိုင်တဲ့ ရောဂါဆိုးတစ်မျိုးရှိပါတယ်။ အင်္ဂလိပ်လို Typhoid Fever ခေါ် မြန်မာလို အူရောင်ငန်းဖျားရောဂါပါပဲ။ ဒီရောဂါဟာ မသန့်တဲ့ရေနဲ့ ယင်ကောင်ပေါများတဲ့ မိုးရာသီမှာပိုဖြစ်တတ်လို့ စာဖတ် ပရိသတ်များ တိုက်ဖွိုက်အဖျားရောဂါအကြောင်း ဆင်ခြင်သိမှတ်ဖွယ်ရာ ဖော်ပြပေးလိုက်ပါတယ်။



တိုက်ဖွိုက်အဖျားရောဂါဆိုတာဘာလဲ။

မြန်မာလို အူရောင်ငန်းဖျား၊ အင်္ဂလိပ်လို Typhoid Fever လို့ခေါ်တဲ့ရောဂါဟာ Salmonella typhi (ဆယ်မိုနဲလား တိုင်ဖိုင်) လို့ခေါ်တဲ့ ဘက်တီးရီးယား ကူးစက်ခံရလို့ ဖြစ်ရတာဖြစ်ပါတယ်။ Salmonella paratyphi (ဆယ်မိုနဲလား ပါရာတိုင်ဖိုင်)လို့ခေါ်တဲ့ မျိုးစိတ်ကွဲပိုး ကြောင့်လည်း တိုက်ဖွိုက်လို ဝေဒနာမျိုးတွေ ခံစားရနိုင်ပေမဲ့ Salmonella typhi ကြောင့်ဖြစ်တဲ့ တိုက်ဖွိုက်လောက်တော့ မပြင်းထန် ပါဘူး။ ဒီဘက်တီးရီးယားတွေဟာ လူသားသယ်ဆောင်သူ(human carrier)ဆီကနေ ရေနဲ့အစာတွေထဲ ညစ်ညမ်းရောက်ရှိသွားပြီး အခြားသူတွေကို ကူးစက်စေတာ ဖြစ်ပါတယ်။

တိုက်ဖွိုက်ရောဂါဘယ်လိုဖြစ်နိုင်သလဲ

အထက်ကပြောခဲ့တဲ့ ဆယ်မိုနဲလား ဘက်တီးရီးယားတွေရှိနေတဲ့ မသန့်ရှင်းတဲ့အစာနဲ့ရေကို စားသောက်မိရင် ကူးစက်နိုင်ပါတယ်။ ရောဂါရှိနေတဲ့ လူရဲ့မစင်ကနေ ပတ်ဝန်းကျင်ကို ရောဂါပိုးတွေ ပျံ့ပွားစေတဲ့နည်းလမ်းက အဓိကအကျဆုံးဖြစ်ပါတယ်။ တိုက်ဖွိုက် တစ်ခါဖြစ်ဖူးပြီး ပကတိနေပြန်ကောင်းသွားတဲ့ လူတွေရဲ့ ၁၀၀ဦးမှာ ၃ဦးကနေ ၅ဦးဟာ နာတာရှည်ပိုးသယ်ဆောင်သူများ ဖြစ်သွား တတ်ပါတယ်။ တချို့လူတွေကလည်း လုံးဝမသိသာတဲ့ အနည်းငယ်မျှသော လက္ခဏာလောက်လေး ခံစားရပြီး တိုက်ဖွိုက်ရောဂါ အဖြစ်မပြဘဲ သယ်ဆောင်သူတွေ ဖြစ်သွားတတ်တာမျိုးလည်း ရှိပါတယ်။



ဒီပိုးတွေဟာ သည်းခြေအိတ်၊ သည်းခြေ့ပွန်၊ အသည်းနဲ့ အူတွေထဲမှာရှိနေပြီး ပေါက်ပွားကြပါတယ်။ ဆယ်မိုနဲလားပိုးတွေဟာ အတော် လေးအသက်ပြင်းတဲ့ ဘက်တီးရီးယားတွေလို့ ဆိုနိုင်ပြီး ပြင်ပကရေထဲမှာ၊ ခြောက်သွေ့နေတဲ့ မစင်အကြွင်းအကျန်ထဲမှာ ရက်သတ္တပတ် ပေါင်းများစွာ ရှင်သန်နေနိုင်လို့ တစ်ကိုယ်ရည်သန့်ရှင်းရေး တစ်ချက်လေးအားနည်းသွားတာနဲ့ ဖြစ်နိုင်တဲ့ ရောဂါမျိုးပါပဲ။ နာတာရှည် သယ်ဆောင်သူတွေဟာ ကိုယ်တိုင်ရောဂါလက္ခဏာ လုံးဝမပြပေမဲ့ နှစ်ပေါင်းများစွာထိအောင် လူပေါင်းများစွာ တစ်ပြိုင်တည်းတိုက်ဖွိုက် ရောဂါ ဖြစ်စေနိုင်လောက်တဲ့ ကပ်ရောဂါအသွင်မျိုး ဖြစ်ပေါ်နိုင်စွမ်းရှိနေပါတယ်။



ပိုးတွေကဘယ်လိုရောဂါဖြစ်ပေါ်စေသလဲ။

မသန့်တဲ့ အစာရေစာထဲမှာ ပါလာတဲ့ ဆယ်မိုနဲလားပိုးတွေဟာ အူသိမ်ထဲကို ထိုးဖောက်ဝင်ရောက်သွားပြီး သွေးစီးကြောင်းထဲအထိ ရောက်ရှိသွားပါတယ်။ အဲဒီကမှ အသည်း၊ သရက်ရွက် (သို့)ဗေလုံးနဲ့ ရိုးတွင်းခြင်ဆီထဲရောက်ပြီး ပေါက်ပွားကြပါတယ်။ အင်အားအရမ်း များလာတော့မှ သွေးစီးကြောင်းထဲကို ဒုတိယအကြိမ်ပြန်ဝင်လာပြီး သည်းခြေပြွန် အဖွဲ့အစည်း၊ သည်းခြေအိတ်၊ အူလမ်းကြောင်းရဲ့ ပြန် ရည်ကြောတစ်သျှူးများ(lymphatic tissues) ထဲကိုဝင်ကာ ရောဂါကိုဖြစ်ပေါ်စေပါတယ်။ ဒီဖြစ်စဉ်အစအဆုံးဟာ ကူးစက်ခံရသူရဲ့ ကိုယ်ခံ အားအခြေအနေ ပေါ် မူတည်ပြီး တစ်ပတ်ကနေ နှစ်ပတ်အထိကြာတတ်လို့ ပိုးဝင်ပြီးနောက် ရောဂါပေါ်ဖို့ အချိန်အဲလောက်ကြာတာဖြစ် ပါတယ်။



ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ပိုးတွေ ကိုယ်ထဲဝင်သွားသွားခြင်း ရောဂါလက္ခဏာတွေပေါ်တာမဟုတ်ပါဘူး။ အနည်းဆုံးတစ်ပတ်ကနေ နှစ်ပတ်ကြာပါတယ်။ ဒါကြောင့် ပြောနိုင်တာ တစ်ခုက လူတစ်ယောက်ဟာ တိုက်ဖွိုက်ရောဂါ ဖြစ်နေပြီဆိုရင် ဒီနေ့စားတဲ့အစာ၊ မနေ့ကစားတဲ့ အစာတွေ မသန့်လို့ မဟုတ်ဘဲ အနည်းဆုံး လွန်ခဲ့တဲ့ ရက်သတ္တပတ်က စားခဲ့တဲ့ အစာကြောင့် ဖြစ်ရတယ်ဆိုတာပါပဲ။



ရောဂါလက္ခဏာတွေအနေနဲ့...

- ပါးစပ် အရမ်းပျက်ခြင်း

- ဖျားနာခြင်း

- ခေါင်းကိုက်ခြင်း

- တစ်ကိုယ်လုံးနာကျင် ကိုက်ခဲခြင်း

- ၀မ်းလျှောခြင်း

- နုံးခွေ၍ မလှုပ်မရှားချင်ဖြစ်ခြင်း စတာတွေစုပေါင်းခံစားရပါတယ်။ ဒီရောဂါလက္ခဏာတွေဟာ တစ်လလောက် ခံစားရနိုင်ပါတယ်။ အန်တာကတော့ ဖြစ်ခဲပါတယ်။



တိုက်ဖွိုက်အဖျားဟာ တောက်လျောက်ဖျားပြီး ၁၀၃-၁၀၄ ဒီဂရီဖာရင်ဟိုက်လောက်အထိ ပြင်းထန်နိုင်ပါတယ်။ ဗိုက်အောင့်တာ၊ ဗိုက်ထဲ က မအီမသာဖြစ်တာတွေက အသိသာဆုံးပါပဲ။ အဖျားကလည်း အများကြီးမကျဘဲ ဆက်တိုက်ဖျားပါတယ်။ ဒါကြောင့် ဒီလိုအဖျားကြီးပြီး ပါးစပ်ပျက် ၀မ်းပျက်ခြင်းတွေ တွဲဖြစ်လာရင် တိုက်ဖွိုက်ရောဂါဖြစ်နေပြီလားလို့ စဉ်းစားရပါမယ်။ အူလမ်းကြောင်းဟာလည်း ပိုးဝင်ရောင် ယမ်းနေကာ အဖတ်စားတာနဲ့ အဖျားပြန်တက်ခြင်းဟာ တိုက်ဖွိုက်ရဲ့သိသာတဲ့ လက္ခဏာတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

သေချာကုသရင်တော့ နှစ်ပတ်ကျော်လောက်ဆို ဝေဒနာတွေ သက်သာလာတာ တွေ့ရပါမယ်။ တိုက်ဖွိုက်လို့ သေချာရင် စနစ်တကျ ကု သမှုကို ခံယူရပါမယ်။ ဘာလို့လဲဆိုတော့ တိုက်ဖွိုက်တစ်ခါဖြစ်ပြီး ပြန်ကောင်းသွားတဲ့သူတွေရဲ့ ၁၀% (၁၀ယောက်မှာ တစ်ယောက်)ဟာ နှစ်ပတ်အတွင်း တစ်ကျော့ပြန် ဖြစ်တတ်ကြသလို တစ်နှစ်ထဲမှာ ခဏခဏ ပြန်ဖြစ်တတ်လွန်းလို့ပါပဲ။



ဘယ်လိုရောဂါအမည်တပ်မလဲ

သင့်ကို ဆရာဝန်က ရောဂါလက္ခဏာနဲ့ ပတ်သက်ပြီး ရောဂါဖြစ်စဉ် စစ်မေးမှု၊ စမ်းသပ်မှုတွေလုပ်မှာဖြစ်သလို ၀မ်းနမူနာယူပြီး ပိုးပါ သလားဆိုတာ ဓာတ်ခွဲခန်းမှာ စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုဟာ ရောဂါ အစပျိုးချိန်ပဲဖြစ်ဖြစ်၊ ရက်အတော်ကြာတဲ့အထိ မှန် ကန်တဲ့ အဖြေကို ပေးနိုင်ပါတယ်။ သွေးပါဖောက်ပြီး Blood Culture ပါ စစ်နိုင်ရင် အကောင်းဆုံးပါပဲ။ ဒီနည်းနဲ့ တိုက်ဖွိုက်ရောဂါပါဆို တာ မြေကြီးလက်ခတ်မလွဲသေချာစေပါတယ်။



ဘယ်လိုကုသမလဲ၊ ရောဂါအဆိုးအကောင်းဘယ်လိုရှိပါသလဲ။

တိုက်ဖွိုက်ရောဂါကို ဆယ်မိုနဲလားပိုးကို သတ်နိုင်တဲ့ ပဋိဇီဝဆေးနဲ့ ကုသရင်ရပါတယ်။ ဒါပေမဲ့ မကုဘဲထားရင် ၅ဦးမှာ ၁ဦးသေနိုင် ပါတယ်။ ပိုးတွေ တစ်ကိုယ်လုံး ပျံ့သွားရင် အရပ်အခေါ် ငန်းဖမ်းခြင်း (Septicemia) ၊ အဆုတ်ထဲရောက်သွားရင် နမိုးနီးယားခေါ် အဆုတ်ရောင်ရောဂါ၊ အူလမ်းကြောင်းမှ သွေးယိုစိမ့်ခြင်း၊ အရမ်းဆိုးရင် အူပေါက်ထွက်သွားခြင်းအထိ ဖြစ်နိုင်ပြီး အသက်အန္တရာယ် ရှိတာဖြစ်ပါတယ်။



ထိရောက်မှုရှိတဲ့ ကုသမှုနဲ့တွေ့ရင် ၂၄နာရီကနေ ၄၈နာရီအတွင်း ဝေဒနာတွေ လျော့ပါးသက်သာလာတာ တွေ့ရမှာဖြစ်ပါတယ်။ သေ ချာကုသရင် ပျောက်ကင်းမှုကို ၇-၁၀ရက်အတွင်း ရရှိနိုင်သလို မကုသရင်လည်း အသက်အန္တရာယ်အထိရှိနိုင်တဲ့ ရောဂါဖြစ်တာမို့ ၀မ်း နဲ့ပတ်သက်တဲ့ ဘယ်ရောဂါမဆို ဆရာဝန်နဲ့ သေချာကုသခြင်းသာ စိတ်အချရဆုံး ဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးတဲ့ အချက်တစ်ခုကို ပြောရရင် ၀မ်းပျက်လို့ ကွမ်းယာဆိုင်လိုမျိုး တကယ်ဆေးဝါးကျွမ်းကျင်သူ တစ်ဦးမှမရှိတဲ့တွေ့ ကရာ ဆိုင်တွေမှာဆေးမေးပြီး ၀ယ်သောက်ရင် အဲဒီဆိုင်တွေက ကလိုရန်ဖန်နီကော (Chloramphenicol)ပဋိဇီဝဆေးကို ပေးတတ်ပါ တယ်။ ဒီဆေးဟာ တိုက်ဖွိုက်ဖြစ်စေတဲ့ ဆယ်မိုနဲလားပိုးကို နိုင်တယ်ဆိုပေမဲ့ အခန့်မသင့်ရင် ဖြစ်ခဲပေမဲ့ အလွန်အန္တရာယ်ကြီးတဲ့ ဘေး ထွက်ဆိုးကျိုး အနေနဲ့ ရိုးတွင်းခြင်ဆီကို သွားထိပါတယ်။ ရိုးတွင်းခြင်ဆီဆိုတာ ခန္ဓာကိုယ်အတွက် သွေးထုတ်လုပ်ရာပင်မစက်ရုံဖြစ်လို့ သွေးဆဲလ်များ မထွက်တော့၍ဖြစ်သော သွေးအားနည်းရောဂါ (Aplastic Anaemia) ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ယနေ့ခေတ်မှာ ၀မ်း ရောဂါတွေအတွက် ကလိုရန်ဖန်နီကောလို ဘေးထွက်ဆိုးကျိုးမရှိဘဲ ပိုအစွမ်းထက်တဲ့ မျိုးဆက်သစ် ပဋိဇီဝဆေးတွေကိုပဲ သုံူးပါတော့ တယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အချို့ဒေသတွေမှာ ကလေးငယ်တွေရဲ့ နမိုးနီးယားကုသရာမှာ သုံးနေသေးပေမဲ့ ကျန်တဲ့ရောဂါတွေနဲ့ ပတ်သက်ရင် ကလိုရန်ဖန်နီကောဟာ ခေတ်တုံးသွားပြီလို့ ဆိုနိုင်ပါတယ်။



ပဋိဇီဝဆေးရွေးချယ်ပြီး တိုက်ဖို့ကတော့ ဆရာဝန်ရဲ့တာဝန်ပဲဖြစ်ပါတယ်။ ပဋိဇီဝဆေးတွေဟာ ဟိုဝေဒနာခံစားရရင် ဟိုဆေး၊ ဒီဝေဒနာ ပေါ်ရင် ဒီဆေးဆိုပြီး လှေနံဓားထစ် လူပြိန်းမှတ်မှတ်ပြီးသောက်လို့ရတဲ့ ဆေးအမျိုးအစားမဟုတ်ဘဲ ရောဂါနဲ့ ဆေးအုပ်စုလွဲမှားသောက် ခြင်း၊ ပမာဏမမှန်ဘဲ သောက်ခြင်း၊ သောက်ရမယ့် ကာလမပြည့်ခြင်း စတာတွေကြောင့် အချို့ပိုးတွေဟာ ပဋိဇီဝဆေးမတိုးတော့ခြင်း (Antibiotic Resistance)ရကုန်တတ်ပါတယ်။ ဒါဆို ပိုပြင်းတဲ့ဆေးတွေနဲ့ ပြောင်းကုရလို့ လူနာအတွက်လည်း မကောင်းပါဘူး။



ဘယ်လိုကာကွယ်ကြမလဲ

ညစ်ပတ်တဲ့ ပတ်ဝန်းကျင် အနေအထားရှိရင် ရောဂါပိုးမျိုးစုံ ပေါက်ပွားနိုင်လို့ ကျန်းမာရေးအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေး (Environmental Sanitation) မဖြစ်မနေ လိုအပ်ပါတယ်။ ၁၉၂၀ပြည့်နှစ် ပတ်ဝန်းကျင်က အမေရိကန်ပြည်ထောင်စုမှာ တိုက်ဖွိုက်ရောဂါ ဖြစ်ပွားသူ ဦးရေတစ်နှစ်ကို သုံးသောင်းခွဲလောက် ရှိခဲ့ပေမဲ့ ယနေ့ခေတ်မှာတော့ ပတ်ဝန်းကျင် သန့်ရှင်းရေး အရမ်းကောင်းသွားတဲ့အ တွက် လူဦးရေ သန်း၃၀၀ကျော်မှာတောင်မှ တစ်နှစ်ကို တိုက်ဖွိုက်ဖြစ်တဲ့ လူဦးရေဟာ ၅၀၀ဦးအောက် နည်းနေသေးတဲ့အထိ ကောင်း သွားတာတွေ့ရပါတယ်။ မက္ကဆီကို၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ အီဂျစ်စတဲ့ နိုင်ငံတွေဟာ ယနေ့အထိ တိုက်ဖွိုက်ရောဂါရဲ့ ထိုးနှက်မှုကို အခံရဆုံးနိုင်ငံများအဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။



လက်ရှိ ကမ္ဘာတစ်ဝန်းမှာ တစ်နှစ်ကို လူ၁၃သန်းလောက် နှစ်စဉ်တိုက်ဖွိုက်ရောဂါ ခံစားရပြီး အဲဒီအထဲကမှ ၅သိန်းလောက်သေကြေ ပျက်စီးရတယ်လို့ သိရပါတယ်။ ဒီလိုကြောက်စရာကောင်းတဲ့ တိုက်ဖွိုက်ရောဂါကို ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ပတ်ဝန်းကျင်၊ အစာ၊ရေ၊လက်စတဲ့ လေးခုသန့်နေအောင်ထားဖို့ လိုပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။



ဒေါက်တာ သီဟသစ်


Credit: July 2011 Myanmar People Magazine