Monday, July 4, 2011

လေဖြတ်ခြင်းအစ ငယ်ရွယ်စဉ်က

ပထမအဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ကမ္ဘာ့လေဖြတ်ရောဂါ ကာကွယ်ရေးနေ့ဟူ၍ ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလက ကျင်းပသွားခဲ့ပါ သည်။

'လေဖြတ်ခြင်းအစ ငယ်ရွယ်စဉ်က' ဟု ကျွန်တော်၏ဆောင်းပါးကို စလိုက်ပါရစေ။

ဆေးကျောင်းမှ သင်ကြားပေးလိုက်တာက လေဖြတ်ခြင်းဆိုသည်မှာ ....

(၁) ဦးနှောက်ထဲစီးဆင်းနေတဲ့ သွေးကြောများပိတ်ဆို့၍ ဦးနှောက်ထဲ သွေးမရောက်ခြင်းကတစ်မျိုး၊

(၂) ဦးနှောက်ထဲက သွေးကြောပေါက်သွားခြင်းကတစ်မျိုး၊

(၃) နောက်တစ်မျိုးကတော့ ဦးနှောက်ထဲ သွေးသွားလာမှုပျက်ပြယ်၍ သွေးမရောက်တာကြောင့် ဦးနှောက်ပိုင်းအချို့ သေဆုံးပျက်စီး သွားခြင်းတို့ကြောင့် လေဖြတ်ပါသတဲ့။

ဒါတွေက လေဖြတ်ခြင်းဖြစ်ပေါ်လာပုံ အကြောင်းစုံတို့ဖြစ်ပါတယ်။

နှလုံးအရေးကြီး

လူတစ်ယောက်တွင် ခန္ဓာကိုယ်ထဲ၌ တည်ဆောက်ထားသည့် အရေးတကြီးလိုအပ်သော ပစ္စည်းတစ်ခုမှာ နှလုံးဆိုသော ပစ္စည်းတစ်ခုဖြစ် ပါသည်။

သွေးစီးမှန်ကန်ပါမှ

သွေးနှင့်သားနှင့် တည်ဆောက်ထားပါသော ခန္ဓာကိုယ်ကြီး ကျန်းမာလန်းဆန်းစေရေးအတွက် သွေးအသွားအလာ မှန်ကန်စေရေး အတွက် နှလုံးမှ တာဝန်ယူပြီး အလုပ်လုပ်ပေးနေပါသည်။

အဖွင့်အပိတ်များနှင့်အတူ အခန်းလေးခန်းပါရှိသော လက်သီးဆုပ်တစ်ဆုပ်မျှအရွယ်ရှိသည့် နှလုံးသားသည် သာမန်အားဖြင့် တစ်မိနစ် လျှင် အကြိမ် (၇၀)ကျော်၊ တစ်နေ့လျှင် အကြိမ်များစွာ အလုပ်လုပ်ပေးနေရသည်။ ဤနှလုံး၏လုပ်အားဖြင့် ကုဗစင်တီမီတာ (၅)သောင်း မျှရှိသော ဤလူ့ခန္ဓာကိုယ်အတွင်းသို့ ပျံ့နှံ့စီးဆင်းစေခဲ့သည်။

နှလုံး၏လုပ်အား

နှလုံး၏လုပ်ငန်းမှာ ပထမ လူ့ခန္ဓာကိုယ်မှ လက်ခံရရှိပါသော သွေးဟောင်းသွေးညစ်များကို သွေးသန့်ဖြစ်လာစေရန် အဆုတ်အတွင်းသို့ နှလုံးမှတွန်း၍ပို့ပေးရသည်။ ဒုတိယအနေဖြင့် အဆုတ်ထံမှ ပြန်လာသော သွေးကောင်းသွေးသန့်များကို လက်ခံပြီး တစ်ကိုယ်လုံးသို့ သွေးလွှတ်ကြောများမှတစ်ဆင့် နှလုံးမှ တစ်ဖန်တွန်း၍ပို့ပေးရပြန်သည်။

နှလုံးကျန်းမာရေးလိုအပ်

ဤလုပ်ငန်းများကို မှန်မှန်ကန်ကန် ထမ်းဆောင်နေရန်အတွက် နှလုံးသည် သန်မာနေရမည်။ အကယ်၍သာ မသန်မာဘဲ နှလုံး၏ လုပ်ငန်းတွင် တစ်မျိုးတစ်ဖုံသာ ပြောင်းလဲလာခဲ့မည်ဆိုပါလျှင် နှလုံးသည် မကျန်းမာတော့ဘဲ နှလုံးရောဂါဖြစ်လာပေပြီဟု ဆိုစမှတ် ပြုရပါမည်။

နှလုံးလုပ်ငန်းတွင် တစ်မျိုးတစ်မည် ပြောင်းလဲလာခြင်းဖြင့် နှလုံးရောဂါဖြစ်လာပါသည်ဆိုသောအချက်ကို မြန်မာနိုင်ငံတွင် အတွေ့များ သော နှလုံးရောဂါများကို ရောဂါစဉ်အလိုက် ဥပမာပေးပြီး ဆက်လက်ရှင်းပါအံ့။

ငယ်ရွယ်စဉ်ကစခဲ့

ငယ်ရွယ်စဉ်ကစခဲ့တဲ့ အာခေါင်နာသည်၊ ဖျားသည်၊ နာသည်မှအစသက်လတ်အရွယ် ဒူးဆစ်ရောင်၊ ခြေဆစ်ရောင်အပြီး နှလုံးအတွင်းမှ အဖွင့်အပိတ်၊ အမြှေးပါးများရောင်ရမ်း၊ ထူပျစ်ပိတ်ဆို့ ကျဉ်းမြောင်းလာခဲ့သော နှလုံးရောဂါကို အဆင်အမြစ်ကိုက် လေးဖက်နာလွန် အမြှေးရောင်နှလုံးရောဂါဟု ခေါ်သည်။ မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး နှလုံးရောဂါဖြစ်သည်။

သွေးကြောကျဉ်း၍ ရောဂါရ

နှလုံးမှ သွေးကြောငယ်များ သာမန်အရွယ်ထက် ကျဉ်းမြောင်းပိတ်ဆို့လာခဲ့ခြင်းဖြင့် နှလုံးသားသို့ သွေးအသွားအလာနည်းပြီး နှလုံးသား နာနှလုံးရောဂါဖြစ်လာရသည်။

သွေးတိုး၍ ရောဂါရ

သွေးတိုးရောဂါမှာ ကျောက်ကပ်ရောင်ရောဂါမှ တစ်ဆင့်သော်လည်းကောင်း၊ အဆီအအိမ့်များ အစားလွန်အသောက်လွန်ပြီး အသက် အရွယ်ကြီးမှ သွေးကြောများ ကျဉ်းမြောင်းလာခြင်းဖြင့်သော်လည်းကောင်း၊ အခြား မသိသေးသော အကြောင်းအခြင်းရာများဖြင့်သော် လည်းကောင်း၊ သွေးတိုးရောဂါ ဖြစ်လာရာမှတစ်ဆင့် နှလုံးရောဂါ ဖြစ်လာတတ်သည်။ လေဖြတ်ခြင်းရောဂါဖြစ်လာတတ်ပါသည်။

ကိုယ်ဝန်သည်လည်းပါ

မိခင်ကိုယ်ဝန်နုစဉ် အချိန်အခါတွင် ဂျာမန်ဝက်သက်ပေါက်ခဲ့ပါက သန္ဓေသားငယ်တွင် နှလုံးတည်ဆောက်ပုံမှားခဲ့ပြီး မွေးရာပါနှလုံးရောဂါ အဖြစ်ဖြင့် ရင်သွေးငယ်တွှု နှလုံးရောဂါ ဖြစ်လာတတ်သည်။

အဆုတ်တွင်းရောဂါလည်းပါ

ပန်းနာရင်ကျပ်၊ အဆုတ်ပွ၊ အဆုတ်နာတို့ ဖြစ်အပြီးတွင် အဆုတ်အတွင်းသို့ သွေးများပို့ရာတွင် တွန်းအားပိုမိုထမ်းဆောင်နေရသော နှလုံးသည်ပင်ပန်းနွမ်းနယ်လာကာ လုပ်အားပိုမိုမထမ်းဆောင်နိုင်တော့သည့်အဆုံး နှလုံးရောဂါနှင့် ကြုံခဲ့ရသည်။ လေဖြတ်ခြင်းလည်း ခံစားလာကြရသည်။

ကူးစက်ရောဂါ

ကာလသားရောဂါဖြစ်အပြီး ဆေးဝါးကောင်းစွာ မှန်မှန်ကန်ကန် မကုသသူများအဖို့ အသက်အရွယ်ကြီးလာပါက ကာလသားရောဂါ ကြောင့် နှလုံးသွေးလွှတ်ကြောကြီးများ ကျယ်လာရုံသာမက နောက်ဆုံးသွေးကြောပေါက်ကွဲရောဂါဖြင့်လည်း ကြုံရတတ်သည်။ လေဖြတ် ခြင်းလည်း ဖြစ်လာခဲ့သည်။

လေးဖက်နာလွန်နှလုံး

မြန်မာနိုင်ငံတွင် အဖြစ်များသော လေးဖက်နာလွန် နှလုံးရောဂါအကြောင်းကိုဖြင့် အကျယ်ချဲ့ပြောလိုပါသည်။ နှလုံးရောဂါမှာ နောက်ဆုံးမှ ဖြစ်ပေါ်လာခြင်းကြောင့် နှလုံးရောဂါမဖြစ်မီ နှစ်ရှည်လများ ရောဂါပျိုးနေပုံ၊ ခံစားရပုံ၊ ကာကွယ်သင့်ပုံတို့ကို တိတိလင်းလင်း လုပ်သား ပြည်သူများသိလာမည်ဆိုပါက မြန်မာနိုင်ငံတွင် အဖြစ်များနေသော လေးဖက်နာလွန်နှလုံးရောဂါအခြေအနေ ကျဆင်းသွားနိုင်စရာရှိ သည်။

အဆင့်ဆင့်ရောဂါများ

နှလုံးရောဂါမဖြစ်မီ အဆင့်ဆင့်ရောဂါဖြစ်လာပုံတို့မှာ ချောင်းဆိုးခြင်းဖြင့် အာခေါင်နာရောဂါ တစ်ဦးမှတစ်ဦးသို့၊ လူကြီးမှကလေးသို့၊ မိခင်ဖခင်မှ သားသမီးသို့ ကူးစက်ကြမည်။ အာခေါင်နာခြင်း၊ အာသီးနာခြင်းတို့ မကြာခဏဖြစ်လိုက်၊ ပျောက်လိုက်၊ ဖျားလိုက်၊ နာလိုက်၊ ပြည်တည်နာ၊ သွေးစုနာများ ရက်ရှည်လများ ပေါက်လိုက်၊ ပျောက်လိုက် စသည်တို့ကြောင့် လူ့ခန္ဓာကိုယ်ထဲ ဓာတ်ရေကြည်တစ်မျိုး ပေါ် ပေါက်စေခဲ့သည်။

ဓာတ်ရေကြည်ကြောင့် ရောဂါရ

ဤဓာတ်ရေကြည်သည် ခြေဆစ်လက်ဆစ်များကို ဒုက္ခပေးပါသည်။ အဆစ်ရောင်စေသည်၊ အဆစ်ကိုက်စေသည်။ ဖျားလိုက်နာလိုက်၊ အဆစ်ကိုက်လိုက်၊ အဆစ်ရောင်လိုက်နှင့် နှစ်ရှည်လများ လုံးချာလိုက်နေတတ်သည်။ လေးဖက်နာရောဂါကို ဆိုလိုပါသည်။

နောက်ဆုံးတော့ လေဖြတ်

လူတိုင်းမသိသေးသောအချက်မှာ ဤသို့အဆစ်အမြစ်များသာ ဒုက္ခရောက်နေသည်မဟုတ်ဘဲ နှလုံးသားကိုလည်း ဓာတ်ရေကြည် တစ်မျိုးက မသိမသာ တစ်ချိန်တည်း ဒုက္ခပေးနေသည်။ ထို့ကြောင့် နောက်ဆုံး နှလုံးသွေးဝင်ပေါက်ကျဉ်းရောဂါ၊ သွေးဝင်ပေါက်ကျယ် ရောဂါများ ဖြစ်လာကြသည်။ ဤရောဂါမှတစ်ဆင့် သွေးခဲသွေးပိတ်တို့ကြောင့် 'ဦးနှောက်သွေးကြောပိတ်ရောဂါ လိုက်လာခြင်းဖြင့် လေ ဖြတ်ရောဂါဖြစ်လာတတ်သည်။' ဤသည်တို့မှာ အဆစ်အမြစ် ခြေနှင့်လက် လေးဖက်နာပြီး ကိုက်ပြီးပါမှ ဖြစ်လာတတ်ခြင်းကြောင့် လေး ဖက်နာလွန် နှလုံးရောဂါဟု ခေါ်သည်။

လေဖြတ်ခြင်းဆိုတာ

သွေးခဲသွေးပိတ်တို့ နှလုံးမှထွက်လာပြီး ဦးနှောက်သို့ သွေးအသွားအလာ၊ သွေးအရောက်အပေါက် ပျက်ပြယ်ခဲ့ပါ၍ ဦးနှောက်ဒုက္ခ ရောက်ပြီး လေဖြတ်ရောဂါ ခံစားလာကြရပါသည်။ လေဖြတ်ခြင်းဆိုတာ ဒါပါပဲ။

 

အခြေခံအဆင့်ဆင့်ရောဂါ

ဤသို့လေဖြတ်ခြင်းအတွက် အဆင့်ဆင့်ဖြစ်လာခဲ့သော နှလုံးရောဂါမှာ အာခေါင်နာခြင်း၊ အနာပေါက်ခြင်းတို့ကို မထီမဲ့မြင် ရက်ရှည် လများနေခဲ့ခြင်း၊ ဆေးဝါးမှန်ကန်စွာ မကုသခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော နှလုံးရောဂါဖြစ်သည်။ နောက်တော့ ဦးနှောက်ထဲသွေး မရောက်၍ လေဖြတ်ခြင်းဆိုသောရောဂါ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။

ချောင်းဆိုးခြင်းဖြင့် ကူးစက်ခဲ့သော နှလုံးရောဂါကာကွယ်ရန် စနစ်တကျချောင်းဆိုးတတ်ရန်လိုအပ်သည်။ ကလေးသူငယ်များ နှလုံး ရောဂါရှိနေပါက ရာဇ၀င်တိတိကျကျ လိုက်လံစုံစမ်းခဲ့ပါလျှင် မိဘများတွင်လည်း အာခေါင်နာခြင်းမှစခဲ့သော လေးဖက်နာလွန် နှလုံး ရောဂါရှိနေကြောင်း တွေ့ရတတ်သည်။

အားလုံးသော နှလုံးရောဂါများနှင့် လေဖြတ်ခြင်းရောဂါတို့ ကင်းဝေးစေရေးအတွက် လုပ်သားပြည်သူများ လိုက်နာရန်အချက်အလက် များမှာ -

၁။ အားလပ်သောအချိန်ပိုင်းများတွင် စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်းစေရန်အတွက် အနားယူတတ်ရန်နှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ရန်လိုသည်။

၂။ နှမ်းဆီ၊ ပဲဆီများကို ရှောင်ရန်မလိုဘဲ တိရစ္ဆာန်မှထုတ်လုပ်သော အဆီလွန်အစားအစာများနှင့် အုန်းနို့၊ အုန်းဆီတို့ဖြင့် ပြုလုပ်သော အစားအစာများကို ရက်ရှည်လများစားခြင်းမှ ရှောင်ရန်။ (ကိုလက်စထရောများခြင်းရောဂါ မဖြစ်စေရန်)

၃။ အဟာရဓာတ်ဖြစ်စေသော သစ်သီး၊သစ်ရွက်များ ပိုမိုစားသောက်ရန်။

၎။ ဗီတာမင်ချို့တဲ့၍ဖြစ်သော နှလုံးရောဂါနှင့် ကင်းဝေးစေရန် ဗီတာမင်နှင့် ဓာတ်စာ အစားအစာများထဲတွင် ပါစေရန်။

၅။ အရပ်နှင့် ကိုယ်အလေးချိန်သင့်လျော်ရန်၊ အအိပ်လွန်၊ အစားလွန်၊ အသောက်လွန်ခြင်းများ ရှောင်ရန်။

၆။ ဆေးလိပ်နှင့် သေရည်သေရက်များ ရှောင်ကြဉ်ရန်၊ ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောများ မာတင်းဒုက္ခရောက်ပြီး သွေးကြော ကျဉ်း၍ ညှစ်စေသဖြင့် လေဖြတ်နိုင်သည်။

၇။ စိတ်သောကကင်းဝေးစွာ နေထိုင်တတ်ရန်၊ ဆီးချိုရောဂါ၊သွေးတိုးရောဂါတို့မဖြစ်ရန် ကြိုးစားနေထိုင်၍ ရောဂါဖြစ်နေပါက ဂရုတစိုက် ကုသရေးတို့ လိုအပ်ပါသည်။

၈။ ကလေးသူငယ်များ ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာ ကာကွယ်ဆေးထိုးပေးပြီး နှလုံးရောဂါ ကာကွယ်ရန်။

၉။ အပျော်အပါး ရှောင်ကြဉ်ခြင်းဖြင့် ကာလသားရောဂါလွန် နှလုံးရောဂါကာကွယ်ရန်။

၁၀။ အထူးအရေးကြီးသည်မှာ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပါးစပ်ခံတွင်းသန့်ရှင်းရေး၊ စနစ်တကျချောင်းဆိုးတတ်ခြင်းနှင့် အာခေါင်နာ သည်တို့ကို ပေါ့ပါးမနေဘဲ တိတိကျကျကုသခြင်း၊ လိုက်နာခြင်းတို့ဖြင့် လေးဖက်နာလွန်နှလုံးရောဂါ ကာကွယ်ရန်တို့ဖြစ်သည်။

နှလုံးသန်မာ၊ လူကျန်းမာဆိုသည့် စကားအတိုင်း နှလုံးရောဂါကင်းဝေးစေရန်၊ လေဖြတ်ခြင်းမဖြစ်စေရန် နေတတ်ထိုင်တတ် စားသောက် တတ်သွားရေးမှာ အမြဲအရေးကြီးသော နှလုံးကျန်းမာရေးအခြေခံတို့ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။ နှလုံးကျန်းမာပါက 'လေဖြတ်ခြင်း' မဖြစ်ပါဟု သိပ္ပံပညာက အချက်အလက်များဖြင့် တင်ပြထားကြောင်းပါ ခင်ဗျာ့။

ဒေါက်တာ အောင်ခင်ဆင့်

No comments: