Friday, July 8, 2011

ဟောက်သံကြောင့် ဖောက်ပြန်လာမယ့် ကျန်းမာရေးကို ကာကွယ်ပါ

အိပ်ပျော်နေစဉ် ဟောက်ခြင်းဟာ အအိပ်ဆတ်တဲ့ ဘေးလူတွေအတွက် အနှောင့်အယှက်ဖြစ်စေသလို ကာယကံရှင်အတွက်လည်း သူများပြန်ပြောရင် ရှက်ကိုးရှက်ကန်းဖြစ်စရာကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါတွေထက် အရေးကြီးတဲ့ကိစ္စက ဟောက်ခြင်းဟာ အဖြစ်များတဲ့ အိပ်စက် မှုဆိုင်ရာ ချို့ယွင်းချက်တစ်ရပ် (A Common Sleep Disorder) ဖြစ်နေလို့ပါပဲ။ အသက်အရွယ်မရွေး ကျားမမရွေး ဖြစ်တတ်ပြီး အမျိုး သားတွေ၊ အ၀လွန်သူတွေ ပိုဖြစ်တတ်တာ တွေ့ရပါတယ်။

စစ်တမ်းတွေအရ အမျိုးသမီးဆယ်ဦးမှာတစ်ဦး၊ အမျိုးသားလေးဦးမှာ တစ်ဦးဟာ ဟောက်တတ်ပြီး အဲဒီအကျင့်ဟာ အသက်အရွယ် ရ လာတာနဲ့ အချိုးကျကျ ပိုဆိုးလာတတ်တာ တွေ့ရပါတယ်။ သုတေသနများအရ အရွယ်ရောက်ပြီးသူ ဆယ်ဦးမှာ လေးဦးဟာ မကြာခဏ ဟောက်တတ်သူတွေဖြစ်ပြီး အဲဒီလေးဦးထဲက တစ်ဦးဟာ ပုံမှန်ဟောက်သူဖြစ်ကြောင်း တွေ့ရှိရပါတယ်။

တစ်ခါတလေမှ ဟောက်တတ်သူတွေဟာ ပြဿနာ သိပ်မရှိပေမဲ့ အိပ်ပျော်တိုင်း ပုံမှန်ဟောက်သူ တစ်ယောက်ကျတော့ ဘေးလူနဲ့ မိမိ ကိုယ်တိုင်ရဲ့ အိပ်စက်မှု ပုံစံကျမှုကို နှောင့်ယှက်ထိခိုက်စေသလို၊ နိုးလာရင် အိပ်ရေးမ၀သလို ပင်ပန်းနွမ်းနယ်နေပြီး ကောင်းကောင်း မနားရသေးသလို ခံစားရတတ်ပြီး ဆရာဝန်နဲ့ပြဖို့ လိုအပ်လာပြီလို့ ဆိုနိုင်ပါတယ်။

ဟောက်ရခြင်းရဲ့ အကြောင်းရင်းတွေက ဘာတွေလဲ....

ပါးစပ်နဲ့ နှာခေါင်းပေါက်ကို ဖြတ်သန်းတဲ့ ၀င်လေထွက်လေလမ်းကြောင်း ပိတ်ဆို့မှုကြောင့် ဟောက်ရတာဖြစ်ပါတယ်။ လည်မျိုရဲ့ အတွင်းနံရံက ကြွက်သားတွေ အသက်ရှူစဉ်မှာ တုန်ခါတဲ့အတွက် ခူးခူးခေါခေါဆိုတဲ့ ဟောက်သံထင်ရှားပေါ်လာတာဖြစ်ပါတယ်။ ဟောက်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကတော့....

(၁) နှာခေါင်းပေါက် လေလမ်းကြောင်း တစ်စိတ်တစ်ပိုင်း ပိတ်ဆို့ခြင်း

ဒီလိုလေလမ်းကြောင်း ပိတ်ဆို့နေတဲ့အတွက် အသက်ရှူသွင်း ရှူထုတ်လုပ်ရာမှာ ပုံမှန်ထက်ပိုပြီး အားပိုစိုက်ရပါတယ်။ ဒီအားစိုက်မှုဟာ လည်မျိုရဲ့ ပျော့တွဲပြီး မာကျောမှုမရှိတဲ့ တစ်သျှူးတွေကို ဆွဲစုပ်ယူသလိုဖြစ်စေပြီး တိုးဝင်တဲ့ လေစီးကြောင်းနဲ့ ပူးပေါင်းကာ ဟောက်သံ ကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။တချို့လူတွေကျတော့ ဦးခေါင်းခွံရိုးအတွင်း လေ၀င်ချိုင့်ပေါက်များ ရောင်ယမ်းခြင်း (Sinusitis) ဖြစ်လို့ နှာ စေးခြင်းခံစားရတဲ့ အချိန်မှာပဲ ဟောက်တတ်ပါတယ်။ မွေးရာပါ (သို့) ထိခိုက်ဒဏ်ရာရထားလို့ နှာခေါင်းရိုးပုံပျက်နေသူတွေ၊ ကင်ဆာ မဟုတ်တဲ့ နှာခေါင်းတွင်း အသားပိုထွက်နေသူတွေဟာလည်း အသက်ရှူလမ်းကြောင်း ကျဉ်းသလိုဖြစ်သွားလို့ အိပ်ရင် ဟောက်တတ် ကြပါတယ်။

(၂) လည်မျိုနှင့် လျှာကြွက်သားများ ပုံမှန်တင်းအား မရှိကြခြင်း

အရမ်းနှစ်ခြိုက်စွာ အိပ်ပျော်သွားရင် လည်မျိုနဲ့လျှာအောက်က ကြွက်သားတွေ အရမ်းပျော့ပျောင်းသွားတတ်ပြီး လေ၀င်ပေါက်ကို ပိတ်မိ သွားစေတတ်လို့ ဟောက်တတ်ပါတယ်။ ဒါမျိုးကျတော့ တစ်နေ့လံုး အရမ်းပင်ပန်းထားပြီး အိပ်ပျော်တဲ့အခါမျိုး၊ အရက်သောက်ထားပြီး အိပ်တဲ့အခါမျိုး၊ အိပ်ဆေး (သို့) မူးယစ်ဆေးတစ်ခုခု သောက်အိပ်တဲ့အခါမျိုးမှာ ဖြစ်တတ်ကြတာ တွေ့ရပါတယ်။ အသက်ကြီးသူတွေ ဟာ ငယ်ရွယ်သူတွေထက် ပိုဖြစ်ကြပြီး အသက်အရွယ် ရလာလေလေ ပိုဟောက်တတ်လာလေလေ ဖြစ်ပါတယ်။

(၃) လည်မျိုကြွက်သားများ အဆမတန် ကြီးမားနေခြင်း

အ၀လွန်သူတွေမှာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါပဲ။ ငယ်စဉ်က ပုံမှန်ဟောက်တတ်သူ မဟုတ်ခဲ့ရင်တောင် ၀လာတာနဲ့အမျှ ပိုဟောက် တတ်လာတာတွေ့ရပါတယ်။ အကယ်၍ ကလေးတစ်ယောက်ဟာ ပုံမှန်ဟောက်တတ်တယ်ဆိုရင် (သို့မဟုတ်) ရက်ဆက်ဟောက်တတ် လာပြီဆိုရင် သတိပြုစရာပါပဲ။ ဒါဟာ ပသိရောင်ရောဂါ၊ ပြန်ရည်ကြော အကျိတ်ရောင်ရောဂါတွေ ဖြစ်နေနိုင်လို့ အာခေါင်ကို အလင်း ရောင် ကောင်းကောင်းအောက်မှာ ကြည့်ရှုစစ်ဆေးဖို့ လိုအပ်ပါတယ်။ ပုံမှန်မဟုတ်ဘူးထင်ရင် ဆရာဝန်ပြဖို့ လိုအပ်ပါတယ်။

(၄)  အာခေါင်ပျော့ ရှည်လွန်းခြင်း

ဟောက်တတ်ခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုဖြစ်တာ တွေ့ရလေ့ရှိပါတယ်။ ကျွန်တော်တို့ ပါးစပ်ထဲမှာ လျှာနဲ့ အပေါ်ကို ထိုးကြည့်ရင် ရှေ့သွားတွေရဲ့နောက်ဖက် အရေပြားဖုံးထားတဲ့နေရာဟာ အာခေါင်မာ (Hard Palate) ဖြစ်ပြီး သူနဲ့တစ်ဆက်တည်း နောက်ဖက်မှာရှိပြီး အသားဖြစ်ပြီး ပျော့တဲ့အပိုင်းက အာခေါင်ပျော့ (Soft Palate) ဖြစ်ပါတယ်။ အာခေါင်ပျော့ ပုံမှန်ထက် မွေးရာပါ ရှည် နေတဲ့သူတွေမှာ အိပ်ပျော်သွားရင် အဲဒီ အာခေါင်ပျော့က လေ၀င်လေထွက်ကို ပိတ်လို့ ဟောက်စေပါတယ်။ ဒီကိစ္စဟာ ပက်လက်အိပ် ရင် ပိုသိသာပြီး ဘေးတစ်စောင်း အိပ်ရင်တော့ အတော်လေးသက်သာတာ တွေ့ရပါတယ်။

ဟောက်ခြင်းဟာ ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိသလဲ

(က) ပုံမှန်ဟောက်တတ်သူ တစ်ယောက်ဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေရှိလာမှာ သေချာပါတယ်။ အိပ်ပျော်နေစဉ် လေ၀င် ပေါက်ပိတ်၍ အသက်ရှူရပ်သွားခြင်း (Obstructive Sleep Apnea) (စက္ကန့်ပိုင်းသာ ရပ်သွားခြင်းဖြစ်သည်) ဖြစ်တတ်ပါတယ်။ ဟောက် တာ အရမ်းဆိုးပြီး ကြာနေပြီဖြစ် တဲ့သူတွေဟာ တစ်ခါ အသက်ရှူရပ်ရင် ၁၀စက္ကန့်အထက် ရပ်တတ်ပြီး တစ်ညအိပ်ပျော်နေစဉ်မှာ အကြိမ်တစ်ရာကျော်အထိ ခံစားရနိုင် ပါတယ်။ ဒါမျိုးက ခဏခဏဖြစ်နေရင် ဦးနှောက်နဲ့နှလုံးအတွက် လုံးဝမကောင်းပါဘူး။ ခန္ဓာကိုယ် မှာ သွေးတွင်း အောက်စီဂျင်ပြတ်လတ် မှုဖြစ်စေလို့ ဦးနှောက်မှတ်ဥာဏ်တွေ၊ စွမ်းဆောင်ရည်တွေ ကျဆင်းစေသလို နှလုံးရဲ့ သက်တမ်း ကိုလည်း တိုစေတာ တွေ့ရပါတယ်။

(ခ) ဟောက်တတ်သူတွေရဲ့ ဦးနှောက်ဟာ နာရီဝက်တစ်ကြိမ်လောက် တစ်ခါပြန်ပြန်နိုးတတ်ပါတယ်။ တစ်ခါနိုးရင် စက္ကန့်ပိုင်းလောက် ပဲကြာပြီး ရှင်းရှင်းပြောရရင် လူတစ်ကိုယ်လုံး အပြည့်ပြန်နိုးတာမဟုတ်တဲ့အတွက် အိပ်နေသူကတော့ အဲလိုပြန်ပြန်နိုးနေပါလားဆိုတာ မသိရပါဘူး။ ဒါပေမဲ့ ဦးနှောက်က အပြည့်မနားရလို့ နောက်နေ့ အိပ်ရာနိုးရင် အိပ်ရေးမ၀သလို ခံစားရတတ်ပါတယ်။ ဒါကြောင့် လူတစ် ယောက်ဟာ နိုးလာတိုင်း အိပ်ရေးပျက်သလို ခံစားရတတ်တယ်ဆိုရင် ငါဟောက်တတ်နေပြီလားဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစား ရမှာဖြစ်ပါတယ်။

(ဂ) ဟောက်တတ်ရင် နောက်ထပ်အိပ်ရေးမ၀စေတဲ့ အချက်တစ်ချက်ကလည်း ရှိပါသေးတယ်။ အပေါ်မှာပြောခဲ့တဲ့ အိပ်ပျော်နေစဉ် လေ ၀င်ပေါက်ပိတ်၍ အသက်ရှူရပ်သွားခြင်း (Obstructive Sleep Apnea) ဖြစ်တတ်သူတွေဟာ ခန္ဓာကိုယ်က လေ၀င်ပေါက်ပိတ်တဲ့ ဖြစ်ရပ် ကိုတွန်းလှန်ကာကွယ်ဖို့ လည်မျိုအတွင်းနံရံက ကြွက်သားတွေကို အတန်ငယ် တောင့်တင်းနေအောင် ဦးနှောက်အစိတ်အပိုင်းအချို့က မအိပ်ဘဲထိန်းထားရပါတယ်။ ဥပမာပေးရရင် ကားရပ်ထားတုန်း ကားထဲမှာ အဲကွန်းဆက်ဖွင့်ထားချင်ရင် စက်နှိုးထားရသလိုမျိုးပေါ့။ ဒီ အခါမှာ ဦးနှောက်ဟာ အပြည့်အ၀ အနားမရသလိုဖြစ်ပြီး အိပ်ရေးမ၀လို့ ကိုယ်စွမ်းဥာဏ်စွမ်းကျဆင်းမှုတွေ ခံစားရတတ်ပါတယ်။

(ဃ) ဟောက်တတ်ရင် သွေးတိုးရောဂါ ၀င်လာနိုင်ပါတယ်။ ဟောက်တတ်သူတွေဟာ အသက်ရှူမမှန်ကြလို့ သွေးတွင်းအောက်ဆီဂျင် ပမာဏဟာ အိပ်ပျော်နေစဉ်အတွင်း ခဏခဏ ကျတတ်ပြီး ဒါကိုလိုက်ထိန်းပြီး ခန္ဓာကိုယ်အစွန်အဖျားတွေအထိ အောက်စီဂျင်ပါတဲ့ သွေး တွေရောက်အောင် နှလုံးက ဖိအားပုံမှန်ထက် တိုးပြီးညှစ်ပို့ပေးရပါတယ်။ ဒါကြောင့် ဟောက်တတ်ခြင်းဟာ သွေးတိုးရောဂါဖြစ်စေဖို့ တိုက်ရိုက်အားပေးတယ်ဆိုတဲ့ အချက်ကို ၂၀၀၀ပြည့်နှစ်ကတည်းက တွေ့ရှိပြီးဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ရှည်လများ ဟောက်တဲ့ အ လေ့အကျင့်မပျောက်ရင် နှလုံးက အလုပ်ပိုတွေ လုပ်ရလွန်းလို့ နှလုံးကြီးလာခြင်း (Cardiomegaly) ဖြစ်လာနိုင်ပြီး လူ့သက်တမ်းတို သွားတတ်ပါတယ်။ နှလုံးသွေးကြောပိတ်ရောဂါနဲ့ လေဖြတ်လေငန်းရောဂါတွေ ဖြစ်ဖို့လည်း အားပေးတယ်လို့ လေ့လာတွေ့ရှိထား ပါတယ်။

(င) နောက်ထပ် ဆိုးကျိုးတစ်ခုက အတော်လေးကြောက်စရာကောင်းပါတယ်။ ဟောက်ရင် အောက်စီဂျင်ပြတ်တတ်တယ်ဆိုတဲ့ ကိစ္စတစ် ခုတည်းရဲ့ အကျိုးဆက်များထဲက တစ်ခုပါပဲ။ သွေးတွင်းအောက်စီဂျင်ပြည့်ဝမှု ကျဆင်းသွားခြင်းဟာ အရေးပေါ် ဖိစီးမှုတစ်ရပ်အဖြစ် ခန္ဓာ ကိုယ်ရဲ့ ပုံမှန်ထိန်းညှိရေးယန္တရား (Homeostatic Mechanism) ကိုသွားရောက် သံချောင်းခေါက်ပါတယ်။ ဒီတော့ ဖိစီးမှုဖြေရှင်းကွပ်ကဲ ရေးဟော်မုန်း အက်ဒရီနယ်လင့် (Adrenaline) က အလန့်တကြားထွက်လာပြီး သွေးတွင်း သကြားဓာတ်ကို မြှင့်တင်ပေးလိုက်ပါတယ်။

လိုအပ်လို့ ကြားဖြတ်ရှင်းပြရရင် ဒီဟော်မုန်းဟာ အန္တရာယ် အကျပ်အတည်းတစ်ခုခု (ဥပမာ ခွေးလိုက်ကိုက်တာ၊ ရန်ဖြစ်တာ စသဖြင့် ပေါ့) ကြုံတာနဲ့ ကိုယ်ထဲမှာ ထွက်ပါတယ်။ သူ့ရဲ့အာနိသင်က FIght or Flight Reaction ပါ။ ဒီလိုအခြေအနေမျိုးမှာ လူတိုင်းဟာ ပြန်ချမလား၊ ထွက်ပြေးမလား နှစ်ခုထဲက တစ်ခုခုရွေးရမှာဖြစ်ပြီး အဲဒီအတွက် စွမ်းအင် လုံလုံလောက်လောက်ရအောင် အက်ဒရီနယ်လင် က သွေးတွင်းသကြားဓာတ်ကို မြှင့်တင်ပေးတာဖြစ်ပါတယ်။ တုန်ချိတုန်ချိနဲ့ လူတစ်ယောက်ဟာ အန္တရာယ်တွေ့ချိန်မှာ ခြံတောင်ကျော် ပြေးနိုင်တယ်ဆိုတာ အက်ဒရီနယ်လင်ရဲ့ သတ္တိပါပဲ။

ဒီလို ကောင်းကျိုးတွေရှိပေမဲ့ ဟောက်နေတုန်း အသက်ရှူမ၀ရင် အက်ဒရီနယ်လင် ထွက်တာကျတော့ လွဲမှားမှုမို့ ဆိုးကျိုးကိုပဲ ဦးတည် စေပါတယ်။ အိပ်ပျော်နေတုန်း သွေးတွင်း သကြားဓာတ်ညစဉ်ရက်ဆက် မြင့်တက်ခြင်းဟာ နောက်ဆုံးတစ်နေ့မှာ ဆီးချိုရောဂါကို ဖြစ် စေပါတယ်။ ဒါကြောင့် အချုပ်ပြောရရင် ဟောက်တတ်တဲ့အကျင့်ဟာ နှလုံး၊ သွေးတိုး၊ဆီးချိုဆိုတဲ့ ရောဂါကြီးတွေ ဖြစ်စေဖို့ ထိထိရောက် ရောက်အားပေးတယ်ဆိုတာပါပဲ။ ဒီသုံးခုရှိမှတော့ ကျန်တဲ့ရောဂါတွေဖြစ်ဖို့ကလည်း မဝေးတော့ဘူးဆိုတာ စာရှုသူသိမှာပါ။

(တစ်ခါက ပြည်တွင်းထုတ် ဂျာနယ်ကြီးတစ်စောင်မှာ ဟောက်တတ်ခြင်းဟာ ကောင်းကြောင်းရေးထားတဲ့ ဘာသာပြန်သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ရေးသူက ဆရာဝန်မဟုတ်သလို ကျန်းမာရေးအကြောင်းလည်း သေချာနားမလည်တဲ့သူ ဖြစ်ပုံရပါတယ်။ ခိုင်လုံမှု မရှိတဲ့ (သို့) ပွင့်ပွင့်လင်းလင်းပြောရရင် ရေးချင်ရာရေးထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုကနေ ကူးယူဘာသာပြန်ထားပုံပါပဲ။ ဒါကြောင့် စာဖတ်ပရိတ်သတ်များကို အမှန်အတိုင်း သိမှတ်စေချင်တာက ဟောက်ခြင်းဟာ ဘာအတွက်မှ မကောင်းပါဘူး၊ ကောင်းတယ်ပြောရင် လွဲမှားပါတယ်ဆိုတာပါပဲ။)

ဟောက်တတ်ခြင်းကို ဘယ်လိုကုသရမလဲ

(၁) အစားအသောက်ဆင်ခြင်ပြီး ကိုယ်အလေးချိန်ချဖို့ ကြိုးစားပါ။ တစ်ပြိုင်နက်တည်းမှာ ပေါင်အများကြီးကျဖို့ မမျှော်လင့်ဘဲ ရက်သတ္တပတ်တစ်ပတ်ကို ၂ပေါင်ကျရင်ပဲ မဆိုးဘူးလို့ ဆိုနိုင်ပါတယ်။

(၂) တတ်နိုင်သမျှ သဘာဝအတိုင်း အိပ်ပျော်အောင်ကြိုးစားပါ။ အိပ်ဆေးသောက်မအိပ်ဘဲ အိပ်ခါနီး ငှက်ပျောသီး၊ နွားနို့၊ ကွေကာအုပ် စတဲ့ အစားအစာများ အနည်းငယ်စားခြင်းဖြင့် အိပ်ပျော်အောင်ကြိုးစားပါ။ နှာစေးခြင်း၊ ဓာတ်မတည့်တဲ့ အလာ့ဂျစ်ဖြစ်ခြင်းတွေမှာ သောက်တဲ့ ဟစ်တမင်း ဆန့်ကျင်ဆေး(Antihistamines)တွေ (ဥပမာ- ဘာမီတွန်၊ စီထရင်း စသည်)ကို အိပ်ချိန်မတိုင်မီ ၃နာရီအတွင်း မှာ မသောက်ဖြစ်အောင် ကြိုးစားပါ။ စိတ်ငြိမ်ဆေးတွေလည်း ထိုနည်းတူပါပဲ။

(၃) မအိပ်ခင် ၄နာရီအတွင်း အရက်သေစာသောက်ခြင်း၊ အစာအလွန်အကျွံစားခြင်း၊ သွားရေစာစားခြင်းများကို မပြုလုပ်မိအောင် သတိ ထားရှောင်ပါ။

(၄) တတ်နိုင်သမျှ ညတိုင်းတူညီတဲ့ အချိန်မှာ အိပ်ရာဝင်နိုင်အောင် ကြိုးစားပါ။

(၅) ပက်လက်နဲ့ မှောက်လျက် အိပ်ခြင်းများကို အလေ့အကျင့်လုပ်ရှောင်ကြဉ်ပြီး ဘေးစောင်းအိပ်တဲ့အကျင့်ကို မွေးမြူပါ။ အကောင်းဆုံး အိပ်နည်းကတော့ ညာဘက်ကိုစောင်းအိပ်တာဖြစ်ပါတယ်။ ဒါဟာအိပ်ပျော်နေစဉ်အတွင်းမှာ နှလုံးကို ဒဏ်မပိစေလို့ အသက်ရှည်စေတဲ့ အိပ်နည်းတစ်ခုဖြစ်ကြောင်း ရှေးအတီတေကတည်းက ဆေးပညာရှင်များပြောကြားခဲ့ပြီး သိပ္ပံနည်းကျစမ်းသပ်အတည်ပြုထားတဲ့ အိပ် နည်းဖြစ်ပါတယ်။ ပက်လက်ပဲ အိပ်တတ်တဲ့အကျင့်စွဲသူတွေ ပျောက်သွားအောင် တင်းနစ်ဘေးဘုံးတစ်လုံးကို ည၀တ်အင်္ကျီရဲ့ကျောဖက် အလယ်မှာ အိပ်ကပ်သဘောထည့်ချုပ်ကာ အိပ်ဖို့ပြည်ပက ဆရာဝန်တွေ အကြံပေးလေ့ရှိတယ်လို့ သိရပါတယ်။ တင်းနစ်ဘောလုံးဆို တော့ မနာဘူးပေါ့။ ပြုံးစရာကောင်းပေမဲ့ တကယ်ထိရောက်တဲ့နည်းလို့ သိရပါတယ်။

(၆) မှောက်တတ်တဲ့ သူတွေဟာ အိပ်ယာရဲ့ခေါင်းရင်းဖက်ကို လေးလက်မလောက် အပေါ်မြှင့်အိပ်ရင် လေပြွန်ပိတ်ဆို့မှုတွေ သက်သာ လို့ အဟောက်လျော့ပါးသွားတာ တွေ့ရပါတယ်။ အိပ်ယာတစ်ခုလုံးကို ဖြောင့်တန်းစွာထားပြီး ခေါင်းရင်းကိုပဲ လေးလက်မမြှင့်တင်နိုင်ရင် ကောင်းပါတယ်။ ခေါင်းအုံးကိုမြှင့်တင်ဖို့ပြောတာ မဟုတ်ပါ။ ဒီအချက်အတွက် အထူးလုပ်ထားတဲ့ ခုတင်နဲ့ဆို အဆင်ပြေသလို ခုတင် ခေါင်းရင်းက ခြေထောက်နှစ်ဖက်အောက်မှာ အုတ်ခဲနှစ်လုံးစီ သေချာခုထားလည်း ရပါတယ်။

(၇) ဆေးလိပ်စွဲနေခြင်းဟာ လေပြွန်ရောင်ရမ်းခြင်းဖြစ်စေတာမို့ ဆေးလိပ်စွဲသောက်သူတွေဟာ ပိုဟောက်တတ်တယ်လို့ တွေ့ရှိရပါ တယ်။ ဒါကြောင့် သင့်အတွက် ပြင်းပြင်းထန်ထန် အန္တရာယ်ရှိစေတဲ့ ဓာတုဒြပ်ပေါင်း ၄၀၀ကျော်ပါတဲ့ ဆေးလိပ်ကို ယနေ့ကစပြီး ဖြတ်နိုင် ဖို့ ကြိုးစားပါ။

(၈) ပုံမှန်ဟောက်တတ်သူ မဟုတ်ပေမဲ့ နှာစေး၊ချောင်းဆိုး၊ အဆုတ်အအေးမိ၊ လေပြွန်ရောင်စတဲ့ အသက်ရှူလမ်းကြောင်းရောဂါတစ်ခုခု ရှောင်တခင်ရှိနေရင်လည်း အဲဒီအချိန်မှာ ဟောက်တတ်ပါတယ်။ ရောဂါကြောင့်ဖြစ်သလို ရောဂါအတွက် သောက်ရတဲ့ ဆေးတွေကြောင့် လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီရောဂါတွေ ဖြစ်လာရင် မြန်မြန်ကုပါ။ အိပ်ချိန်နဲ့ဝေးအောင် ညဘက်စောစောဆေးသောက်ပါလို့ အကြံပြုပါတယ်။

အထက်ပါ အချက်များနဲ့မှ မရရင်တော့ ဆရာဝန်ပြဖို့ လိုအပ်ပြီဖြစ်ပါတယ်။ ဒါ့အပြင် အထက်မှာဆိုခဲ့တဲ့ အာခေါင်ပျော့နဲ့ အသက်ရှူ လမ်းကြောင်းက အစိတ်အပိုင်းတွေ မွေးရာပါ ချို့ယွင်းမှုရှိနေလို့ လိုအပ်ရင် ခွဲစိတ်မှုပြုလုပ်ဖို့ ဆရာဝန်က စမ်းသပ်စစ်ဆေးပြောကြား ပါလိမ့်မယ်။

ဒေါက်တာ သီဟသစ်

Credit: June 2011 Myanmar People Magazine

No comments: