Wednesday, July 13, 2011

ထိုင်ဝမ်ဆာတေးခေါက်ဆွဲကြော်

မိုးအေးအေးမှာ ရှူးရှူးရှဲရှဲ ခေါက်ဆွဲကြော်လေး ကြော်စားကြရအောင်လား။ ကျွန်တော်ကိုယ်တိုင်တော့ မကြော်တတ်ပါဘူး။ ပန်တျာလမ်း ပေါ်က Ice House ဆိုတဲ့ ထိုင်ဝမ်စားသောက်ဆိုင်လေးမှာ အရသာရှိရှိသွားစားနိုင်ပါတယ်လို့။

ကိုယ်တိုင်ကိုယ်ကျ ပါဝင်ချက်ပြုတ်ကြည့်မယ်ဆိုရင်တော့....

ထိုင်ဝမ်ဆာတေးခေါက်ဆွဲကြော်

လိုအပ်သောပစ္စည်း
ဂျုံခေါက်ဆွဲ - ၁၅၀ ဂရမ်
ကြက်ရင်အုံသား - ၁၅ ဂရမ်
ကြက်ဥ - ၂လုံး
ကန်စွန်းရွက် - ၅ ပင်
ကြက်သွန်နီ - ၁ဥ
ငရုတ်သီးအနီတောင့် - ၃တောင့်
ကြက်သွန်မြိတ် - ၂ပင်
ထိုင်ဝမ်ဆာတေးအနှစ် (ရယ်ဒီမိတ်) - စားပွဲဇွန်း (၁) ဇွန်းမောက်မောက်
ကြက်သားမှုန့် - သင့်ရုံ
ပဲငံပြာရည်အကြည် - အနည်းငယ်
ပဲငံပြာရည်အနောက် - အနည်းငယ်
ခရုဆီ - အနည်းငယ်
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ဆီ - စားပွဲဇွန်း (၁) ဇွန်း
ရေသန့် - ပန်းကန်လုံးလေးတစ်ဝက်ခန့်

ချက်ပြုတ်နည်း

- ကြက်သားကို ပါးပါးရှည်ရှည်လေးများ လှီးပြီး ခရုဆီနဲ့ ပဲငံပြာရည်နှစ်မျိုး နယ်ထားပါတယ်။
- ကန်စွန်းရွက်များကို သင်ထားပါတယ်။
- ကြက်သွန်နီကို မထူမပါးလှီးထားပါတယ်။
- ငရုတ်သီးအနီကို ခပ်စွေစွေလေးများ လှီးထားပါတယ်။
- ကြက်သွန်မြိတ်ကို အပိုင်းလေးများဖြတ်ထားပါတယ်။
- ဒယ်အိုးတစ်အိုးမှာ ဆီပူပူနဲ့ကြက်ဥကို မွှေကြော်ပြီး ကြက်သားများကို ထည့်မွှေပါတယ်။
- လှီးထားတဲ့ ငရုတ်သီး၊ ကြက်သွန်နီများနဲ့အတူ ထိုင်ဝမ်ဆာတေးအနှစ်ကို ထည့်မွှေပြီး ရေထည့်လိုက်ပါတယ်။(အစပ်များများကြိုက်ပါက ငရုတ်သီးပိုထည့်နိုင်ပါတယ်)
- ဟင်းအနှစ်ပျစ်လာတဲ့အခါ ပဲငံပြာရည်နှစ်မျိုးနဲ့ ကြက်သားမှုန့်ထည့်ပြီး ကန်စွန်းရွက်ထည့်လိုက်ပါတယ်။
- နောက်ဆုံးမှာ ခေါက်ဆွဲဖတ်များကို ထည့်မွှေကြော်လိုက်ပြီး မိနစ်အနည်းငယ်အကြာမှာ ငရုတ်ကောင်းမှုန့်နဲ့ ကြက်သွန်မြိတ်ဖြူးကာ သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

အခုလို ရှူးရှူးရှဲရှဲ ခေါက်ဆွဲကြော်လေးစားအပြီး ချိုချိုအေးအေးရေခဲမုန့်လေးနဲ့ ပြန်ပြီး အစပ်နည်းနည်းပြန်နှုတ်လိုက်ပါလို့နော်။

No comments: