Thursday, July 14, 2011

ပြိုင်ဘက်ရှာပါ

ကိုယ့်မှာ အလုပ်လုပ်ဖို့ အားသွန်ခွန်စိုက်စိတ်ဓာတ်တွေမရှိတော့တဲ့အခါ၊ ပြိုင်ဘက်ဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက် သင့်အတွက်လိုအပ်လာ ပါပြီ။ ဘယ်လိုမှရှာမရဖြစ်နေတယ်ဆိုရင်တော့ စိတ်ကူးထဲမှာဖြစ်ဖြစ်၊ တစ်ဖက်သက်ပဲဖြစ်ဖြစ် ပြိုင်ဘက်တစ်ယောက်တော့ သင့်နားကိုခေါ် ထားလိုက်ပါ။

ဘာကြောင့်လဲ။ လျော်ကန်သင့်မြတ်စွာယှဉ်ပြိုင်ခြင်းဟာ သင့်ကိုအင်အားတွေဖြစ်စေပါတယ်။ အဲဒီလို ယှဉ်ပြိုင်မှုတွေရှိနေမယ်ဆိုရင် သင် ဟာဖန်တီးမှုနဲ့ ဆန်းသစ်မှုတွေ ပိုမိုပွင့်လန်းလာသလို၊ လုပ်ရည်ကိုင်ရည်တွေလည်း ပိုမိုတိုးတက်လာနိုင်ပါတယ်။ ဒါ့အပြင် တစ်ဦးချင်းသာ မကဘဲ အဖွဲ့လိုက်စွမ်းဆောင်ရည်တွေလည်း တိုးတက်လာနိုင်ပါသေးတယ်။

အားကစားလောကအတွက်ဆိုရင်တော့ ပြိုင်ဘက်တစ်ယောက်ရှိဖို့ မဖြစ်မနေလိုအပ်ပါတယ်။ စီးပွားရေးလောကနဲ့ အသက်မွေးဝမ်း ကျောင်းအတွက်ကတော့ မရှိမဖြစ်ထားရမယ့်ပြိုင်ဘက်ဆိုတာမျိုး မရှိပေမဲ့ ရှိသင့်ပါတယ်။ အဲဒီလိုပြိုင်ဘက်တစ်ယောက်ရှိနေခြင်းဟာ သင့်အတွက် ဘယ်လောက်အကျိုးများတယ်ဆိုတာ သိပါသလား။

ပြိုင်ဘက်တစ်ယောက်ကိုရှာမလား ဒါမှမဟုတ် စိတ်ကူးထဲမှာ ဖန်တီးယူမလား။

သင့်ပြိုင်ဘက်ဟာ တစ်မြို့လုံးဟုန်းဟုန်းတောက်ကျော်ကြားတဲ့ ကုမ္ပဏီဖြစ်နိုင်သလို အွန်လိုင်းစီးပွားရေးတစ်ခုလည်း ဖြစ်နိုင်ပါသေး တယ်။ ဒီလိုမဟုတ်ဘဲ စိတ်ကူးထဲမှာပဲဖန်တီးယူမယ်ဆိုရင်တော့ သင့်စိတ်ကြိုက်ဖြစ်မယ့် ပြိုင်ဘက်တစ်ယောက်ကို ရွေးချယ်လိုက်ပါ။ အပြင်ဘက်မှာ အမှန်တကယ်ယှဉ်ပြိုင်စရာမလိုပေမဲ့သင့်ပြိုင်ဘက်ကို စိတ်ထဲကသတ်သတ်မှတ်မှတ် ရွေးချယ်ထားလိုက်ပါ။

လမ်းသွယ်လေးတစ်ခုမှာ အ၀တ်အထည်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူ့ဆိုင်ကို Starbucks လို လူစည်တဲ့ကော်ဖီဆိုင်တစ်ခုထက် လူပိုစည်အောင်လုပ်ဖို့က သူ့ရဲ့ရည်မှန်းချက်တစ်ခုဖြစ်ပါတယ်။ ဒီလိုရည်မှန်းချက်မျိုးဟာ စိတ်ကူး ထဲမှာပြိုင်ဘက်တစ်ယောက်ထားခြင်းပဲမဟုတ်လား။

အကယ်၍များ သင့်ဆီမှာ အဲလိုပြိုင်ဘက်မျိုးမရှိဘူးဆိုရင်တော့ အခုပဲပြိုင်ဘက်ကို ရွေးချယ်လိုက်ပါ။ ပြီးတော့ သူ့ကိုယှဉ်ပြိုင် ဖို့သင်ကြိုးစားလုပ်ဆောင်ပါတော့။ သင်ရရှိလာမယ့် အကျိုးကျေးဇူးတွေကို အောက်မှာဖော်ပြပေးသွားပါမယ်။

(၁) သင့်စံနှုန်းတွေ ပိုအဓိပ္ပာယ်ရှိလာပါလိမ့်မယ်...

မိမိစိတ်အတွင်းမှာ စံနှုန်းသတ်မှတ်ချက်ထားတာက လွယ်ကူတဲ့ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီစံနှုန်းသတ်မှတ်ချက်တွေကို တကယ်ပြည့်မီ အောင်ဆောင်ရွက်နိုင်ဖို့၊ အမှန်တကယ်ပြောင်းလဲပစ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ ကောင်းသထက်ကောင်းအောင်ကြိုးစားဖို့လိုပါတယ်။ သင့်ပြိုင်ဘက်ရဲ့ အားသာချက်ကဘာတွေလဲ။ အဲဒါကိုရှာဖွေပါ၊တွက်ချက်ပါ၊ ပြီးရင် အဲဒါနဲ့ကိုက်တဲ့ စံနှုန်းတွေချမှတ်ပါ။ အဲဒီ့စံနှုန်းတွေကို မှ သေချာသတ်မှတ်မထားနိုင်ဘူးဆိုရင် ဘယ်လိုယှဉ်ပြိုင်မှုမျိုးမှ သင်အောင်နိုင်မှာမဟုတ်ပါဘူး။

(၂) အောင်မြင်မှုများကို စံထားကူးယူနိုင်တယ်...

အားကစားနည်းပြတော်တော်များများဟာ တခြားသောနည်းပြတွေရဲ့ ဗျူဟာတွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ အစီအစဉ်ချမှတ်ပုံတွေကို ကူးယူတတ်ပါတယ်။ ဆန်းသစ်တီထွင်ခြင်းဟာ ဘယ်နေရာမှာမဆို အရေးပါအရာရောက်ပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်အတွက် ထိထိရောက်ရောက် အောင်မြင်မှုတွေပေးနိုင်တဲ့လုပ်နည်းလုပ်ဟန်တွေကိုလည်း ပြန်လည်ဆန်းသစ်လို့ရနိုင်ပါတယ်။ သင့်ပြိုင်ဘက်ရဲ့ အောင်မြင်မှုမှတ်တိုင်တွေကို စူးစမ်းပါ။ လုပ်ပုံကိုင်ပုံအဆင့်ဆင့်၊ နည်းဗျူဟာ၊ အစွမ်းအစနဲ့ တွေးခေါ်ပုံတွေကို သေချာရှာဖွေပြီး သင့် လုပ်ငန်း ဒါမှမဟုတ် အသက်မွေးမှုနဲ့ကိုက်ညီမယ့် နည်းလမ်းတွေအဖြစ်ပြောင်းလဲယူပါ။

(၃) ပိုမိုထိရောက်တဲ့နည်းလမ်းတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖန်တီးနိုင်လာမယ်....

ကိုယ့်စံနှုန်းတွေသတ်မှတ်ခြင်းနဲ့ သူတစ်ပါးရဲ့အောင်မြင်မှုလမ်းကြောင်းတွေကိုကူးယူပြီး ပြန်လည်ဆန်းသစ်ခြင်းဟာလည်း အရေးပါတဲ့ အရည်အသွေးတစ်ခုဖြစ်ပါတယ်။ ကိုယ်လုပ်သမျှ အကောင်းဆုံးရလဒ်ဖြစ်လာတယ်ဆိုတာကလည်း ထီထိုးရသလိုပါပဲ။ ပြိုင်ဘက်အပေါ် အနိုင်ယူချင်တယ်ဆိုရင် ကိုယ့်ရဲ့နည်းနာဟန်ပန်တွေက ထူးခြားနေဖို့လည်းလိုပါသေးတယ်။ သင့်ရဲ့အဓိကအားသာချက်တွေက ဘာ တွေလဲ။ အဲဒီအရာတွေကို ခြေကုတ်ယူပြီးမှ သင့်အောင်မြင်မှုတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ သင့်ပြိုင်ဘက်အကြောင်း ပိုနားလည်လာ လေလေ၊ ပိုထိရောက်ပြီး ပိုကွဲပြားတဲ့ နည်းလမ်းတွေနဲ့ သင့်ပြိုင်ဘက်ကိုအနိုင်ယူနိုင်မှာဖြစ်ပါတယ်။

(၄) သဘာဝကျတဲ့ အာရုံစိုက်မှုတွေဖြစ်လာမယ်....

အားလုံးသောသူတွေဟာ ယှဉ်ပြိုင်မှုများလာတဲ့အချိန်မှာ အရာတစ်ခုတည်းကိုပဲ နေ့စဉ်ရက်ဆက်လုပ်မိနေတတ်ပါတယ်။ အဲဒီလိုလုပ် ဆောင်နေခြင်းဟာ သင့်ကိုအောင်မြင်မှုက ဝေးကွာစေတတ်ပါတယ်။ ပြိုင်ဆိုင်မှုတွေရှိလာတဲ့အချိန်မှာ၊ အာရုံစိုက်ခြင်းနဲ့ မောင်းနှင်ခြင်း တွေဟာ အသက်ရှူခြင်းလို သဘာဝကျကျဖြစ်နေဖို့လိုပါတယ်။ သင့်ရဲ့စိတ်အားထက်သန်မှုတွေ ငုပ်လျှိုးသွားတဲ့အချိန်မှာ ရှေ့ကိုဆက် လျှောက်နေတဲ့ သင့်ပြိုင်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး သင်လည်း ရှေ့ဆက်ဖို့ ဂီယာထိုးထားလိုက်ပါတော့ လူတိုင်းက အောင်မြင်မှုကို မမက်မောဘူးလို့ဆိုသော်လည်းပဲ ရှုံးနိမ့်မှုကိုလည်း မကြိုက်ကြပါဘူး။

(၅) ဘယ်လိုပဲဖြစ်ဖြစ်၊ အလုပ်မှာပိုပျော်စရာကောင်းလာတယ်....

သင့်အရည်အချင်းပေါ်မှာ အောင်မြင်အောင်လုပ်နိုင်ခြင်းဟာ သင့်ရဲ့အန္တိမရည်ရွယ်ချက်ဖြစ်တယ်ဆိုတာ သတိချပ်ပါ။ အပြုသဘော ဆောင်တဲ့ ယှဉ်ပြိုင်မှုဖြစ်ဖို့ဂရုပြုပါ။ အကယ်၍များ သင့်ရဲ့ပြိုင်ဘက်က တခြားသောစီးပွားရေးဖြစ်ခဲ့မယ်ဆိုရင်၊ တရားမျှတစွာအနိုင်ယူပြီး ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို ပိုမြင့်မားအောင်လုပ်ပါ။ သင့်ပြိုင်ဘက်က သင့်လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့မယ်ဆိုရင်၊ ကိုယ့်အရေအချင်းတွေပို တက်လာအောင် ကြိုးစားပါ။

သင့်ယှဉ်ပြိုင်မှုဟာ တစ်ဖက်သက်ဖြစ်နေပါစေ၊ အောင်မြင်ဖို့အတွက်သာ အာရုံစိုက်ထားပါ။ သင့်ပြိုင်ဘက်က သင်သူ့ကိုပြိုင်ဆိုင်နေ တယ်ဆိုတာ သိမှာမဟုတ်ပါဘူး။ အဲဒီတော့ သူ့ကိုအနိုင်ယူဖို့ ကြိုးစားရင်းနဲ့ သင့်စွမ်းရည်တွေ တိုးတက်လာပါလိမ့်မယ်။ ပြိုင်ဘက်တစ ယောက် ပေါ်ပေါ်တင်တင်ရှိသည်ဖြစ်စေ၊ စိတ်ထဲမှာပဲပုံဖော်ထားသည်ဖြစ်စေ သူ့ကိုအနိုင်ရအောင် ကြိုးစားရင်း အောင်နိုင်သူက သင်ပဲ ဖြစ်လာပါလိမ့်မယ်။

Ref: Want to get motivated? Find an Enemy by Jeff Haden

No comments: