Sunday, July 17, 2011

နံနက်ခင်းမိုးလင်းတိုင်းမှာ . . .

(၁)

လူ့ဘ၀ဆိုတာ ခဏလေးပါပဲ။ ဘာလိုလိုနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေကြီး ကိုထူးအိမ်သင် ကွယ်လွန်တာ မနေ့တစ်နေ့ကလို ထင်ဆဲမှာ ၇ နှစ် ပြည့်သွားပြီ။ သူ့သီချင်းကို စကြားဖူးတာ လွန်ခဲ့တဲ့ အနှစ် ၃၀၊ ၁၉၈၀-၈၁ ၀န်းကျင်က။ တစ်နေ့ ကျွန်တော့် သူငယ်ချင်း အောင်ဇော်ဦးက သီချင်းခွေတစ်ခွေ ပေးပါတယ်။ "ဒီအခွေက မထွက်သေးဘူး။ ပုသိမ်က ငါ့သူငယ်ချင်းတစ်ယောက် ကျော်မြင့်လွင် ဆိုတာ ဆိုထားတာ။ နားထောင် ကြည့်စမ်းကွ။ သူကိုယ်တိုင်ရေး၊ သူကိုယ်တိုင် ဆိုထားတာ။ ငါက တနင်္ဂနွေမှာ မွေးတယ်။ သူက တနင်္လာ။ မင်းက သောကြာနေ့မှာ မွေးတယ်။ ငါတို့က အသက်တူ တစ်ပတ်တည်း မွေးကြတာ"။ ဒီတော့ ကျွန်တော် စိတ်ဝင်စားသွားပါတယ်။ အောင်ဇော်ဦးဆိုတာကလည်း ကျွန်တော်တို့အတန်းထဲမှာ Hero၊ လူရည်ချွန် ခြောက်ထပ်ကွမ်း၊ ဆေးတက္ကသိုလ် ၀င်တော့ Roll No.1။ ကျွန်တော်တို့လည်း သူ့အရပ်၊ သူ့ဇာတ်တော်ပေမယ့် အောင်ဇော်ဦးက Genius။ စာတစ်ပုဒ်ကို ကျွန်တော်တို့သင်မပြီးခင်မှာပဲ သူက အားလုံးအလွတ်ရနေပြီ။ သူ့လိုလူမျိုးက ညွှန်းတယ်ဆိုတော့ ကျွန်တော်အစအဆုံး နားထောင်ပြီး ကြိုက်သွားတယ်။ အဲဒီထဲမှာ "သူငယ်ချင်းအတွက်" ဆိုတဲ့သီချင်းကို ကျွန်တော်ကြိုက်သွားတယ်။

သူငယ်ချင်းအတွက်
ရေး/ဆို-ထူးအိမ်သင်

ကလေးများအားလုံးလည်း စာသင်မယ့် ဆရာကိုမျှော်နေတယ် . . .
စာသင်ခုံတွေလည်း ဖရိုဖရဲ ပိုးစားခြကိုက်နဲ့ . . .
ခေါင်းလောင်းကြီး လည်းအိပ်ပျော်နေဆဲ . . .
အသံမမြည်နိုင်ရှာတယ် စာအံသံတွေကြားချင်ပါတယ် ...
ကွက်လပ်ဖြည့် လိုက်ပေါ့ကွယ် . . .

ကျေးလက်ကဆရာ သူငယ်ချင်းရယ်
စိတ်ဓာတ်လေးဖြူစင်သန့်ရှင်းထားတယ်
အများအကျိုးအတွက် တာဝန်တွေထမ်းဆောင်မယ့် မင်းအတွက် တို့ဂုဏ်ယူလိုက်ပါတယ် . . .

ဆေးပေးခန်းထဲပင့်ကူတွေလည်း အခိုင်အမာ အိမ်ရာဖွဲ့ . . .
လူနာကုတင်တွေလည်း ဖရိုဖရဲပိုးစား ခြကိုက်နဲ့ . . .
ဆင်းရဲလွန်းတဲ့ဘ၀တွေတကယ်ပဲ ချူချာနေရှာတယ် . . .
လူတွေအကုန်ကျန်းမာရေး အတွက် ကွက်လပ်ဖြည့်လိုက်ပေါ့ကွယ်...

ကျေးလက်က "ဒေါက်တာ"သူငယ်ချင်းရယ် . . .
စိတ်ဓာတ်လေးဖြူစင်သန့်ရှင်းတယ်
အများအကျိုးအတွက် တာဝန်တွေထမ်းဆောင်မယ့် မင်းအတွက်တို့ ဂုဏ်ယူလိုက်ပါတယ်။

အဲဒီသီချင်းဟာ သာမန်လို့ ထင်ရပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ က ပညာရေး၊ ကျန်းမာရေးကို ထင်ဟပ်သလို "ဆင်းရဲလွန်းတဲ့ဘ၀တွေ တကယ်ပဲ ချူချာနေရှာတယ်" ဆိုတဲ့ ကရုဏာသံနဲ့ဆိုတဲ့ စာသားကလည်း အခုလက်ရှိ ဘ၀အထိ ခေတ်မီနေတုန်းပါပဲ။ အဲဒီတုန်းက ဒီလောက်ခေတ်ကို ထင်ဟပ်တဲ့သီချင်းကို ဖန်တီးသူရဲ့ အသက်က ၁၇-၁၈၊ နားထောင်ပြီး ကြိုက်တဲ့ ကျွန်တော်တို့ တစ်တွေကလည်း ၁၇-၁၈။

 

( ၂ )


ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျွန်တော် ၁၀ တန်း အောင်ခဲ့တဲ့ ပခုက္ကူအထက (၁) က အာစရိယပူဇော်ပွဲကို ရောက်ခဲ့ပါတယ်။ ပခုက္ကူကို လွန်ခဲ့တဲ့ ၁၅ နှစ် အနှစ် ၂၀ လောက်က ရောက်ပေမယ့် ကျွန်တော် ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ပညာသင်ခဲ့တဲ့ ဒီကျောင်းကို မရောက်တာ ၁၀ တန်း အောင် တုန်းကတည်းကပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က စံပြကျောင်းအဖြစ် အသိအမှတ်ပြုခံရတဲ့ ကျွန်တော်တို့ကျောင်းရဲ့အဆောက်အဦတွေက ဘာမှအများကြီးပြောင်းလဲ တိုးတက်လာပုံမရပါဘူး။ ကျွန်တော်တို့ ၈ တန်းတုန်းက စာသင်ခဲ့တဲ့ အားကစားရုံကတော့ အမိုးတွေဖရိုဖရဲနဲ့ အသုံးပြုလို့မရလို့ ဒီအတိုင်းပြစ်ထားပုံရပြီး ၉ တန်းတုန်းက စာသင်ခဲ့တဲ့ ဓမ္မာရုံကတော့ အသုံးပြုလို့ရနေပါသေးတယ်။ ၁၀ တန်းရောက်တော့ စာသင်ရတဲ့ အဓိကအဆောင်ကြီးကလည်း ဘာမှမပြောင်းပါဘူး ကျွန်တော်တို့ စာသင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေ အားလုံးနီးပါးလည်း ပင်စင်ယူပြီး ဖြစ်နေကြပါပြီ။ အချို့လည်း ကွယ်လွန်ခဲ့ပါပြီ။ အချို့လည်း အသက် ၇၀-၈၀ ကျော်တဲ့အထိ ကျန်းမာရေးကောင်းတုန်းဖြစ်သလို အရင်တုန်းကလိုပဲ စိတ်ဓာတ်တွေမာတုန်းပါပဲ။ လွန်ခဲ့တဲ့ အနှစ် ၃၀ တုန်းက ကျွန်တော်တို့ကို ကျူရှင်ပြဖို့ဆိုတာ ဝေလာဝေး အပြင် ကျူရှင်တောင် ယူစရာမလိုအောင် သင်ပေးခဲ့တာမျိုး ဒီခေတ်မှာတော့ ရှားသွားပြီ ထင်ပါတယ်။

တကယ်တော့ ကျွန်တော့်အဖို့ ပညာရေးကဏ္ဍက စိမ်းလွန်းလှပါ တယ်။ ကျွန်တော် အလုပ်တွေ ရှုပ်လွန်းတော့ ကျွန်တော့်ရဲ့သား နှစ်ယောက် (အခု ၉ တန်းနဲ့ ၃ တန်း) ပညာရေးတောင် ဇနီးသည်ကပဲသိပြီး ကျွန်တော် ဘာမှမသိသလောက်ပါပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ကျောင်းတွေဖွင့်လိုက်၊ ပိတ်လိုက် လေးနှစ်နဲ့ ဘွဲ့ရရမှာ သုံးနှစ်နဲ့ဘွဲ့ရ၊ အနီးကပ် ၁၀ရက်တက်ရင် တစ်တန်းအောင်၊ စာမေးပွဲမှာပါမယ့် စာကိုပဲသင်ပေး၊ ဆေးကျောင်းလို ကျောင်းမျိုး တောင် Textbook မဖတ်ဘူး။ လူသေအလောင်း မခွဲဘူး။ ကိုယ်ကို မေးခွန်းထုတ်မယ့် ပါမောက္ခက ကျူရှင်ပေး၊ ၁၀ ရာခိုင်နှုန်းလောက် ကျောင်းပျက်ရင်ပဲ စာမလိုက်နိုင်တဲ့ ဆေးကျောင်းမှာ ကျောင်းတက်ရက် ၅၀ ရာခိုင်နှုန်းလောက်ပဲ ကျောင်းတက်ပြီး ဆရာဝန်ဖြစ်လာသူတွေ ဒုနဲ့ဒေး ဖြစ်လာ။ အခြေခံကျောင်းတွေမှာလည်း ကိုယ့်တပည့်ကို ကျူရှင်ပေး၊ ကျူရှင်မယူရင် နည်းမျိုးစုံနဲ့ ပညာပေး၊ အချို့အခန်းတွေမှာ Aircon တပ်ထားပြီး ကျန်တဲ့ ကလေးတွေအတွက် သိမ်ငယ်စိတ် ဖြစ်ပေါ်စေတာတွေ၊ နုနယ်တဲ့ ကလေးဘ၀ကတည်းက ခွဲခြားဆက်ဆံခံရတာတွေ၊ နိုင်လိုမင်းထက် ပြုမူခံရတာတွေ၊ အငုံ့စိတ်၊ အရိုင်းစိတ် ဖြစ်ပေါ်ခံခဲ့ရတာတွေဟာ ကျွန်တော်တို့ ငယ်ငယ်ကနဲ့တော့ မတူတာ အမှန်ပါပဲ။

ကျွန်တော့်ကို ဒီလိုလက်ရှိဘ၀မျိုး ရောက်ရှိအောင် အမှားအမှန်ကို ခွဲခြားတတ်တဲ့ အရည်အချင်းတွေ ရေစုန်မှာမျောမလိုက်တတ်တဲ့ စိတ်ဓာတ်တွေကို အစပြုသင်ကြားပေးခဲ့တာ ဒီအထက (၁) ပခုက္ကူမှာပါ။ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်၊ ပြင်ပဗဟုသုတကို လေ့လာလိုက်စားတတ်တဲ့ အလေ့အကျင့်တွေကို အစပြုခဲ့တဲ့ လူရည်ချွန်ဖြစ်ခွင့်တွေကို အစပြုခဲ့တဲ့ ဒီကျောင်းတော်ရဲ့ ကျေးဇူးဟာ ကျွန်တော့်အပေါ်မှာ အများကြီးရှိပါတယ်။  စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် ဒေသတွင်းနိုင်ငံက ကလေးတွေ၊ မြန်မာနိုင်ငံက နိုင်ငံတကာကျောင်းက ကလေးတွေအဖို့ အင်တာနက်ကို ငါးနှစ်သားလောက်ကတည်းက စတင်အသုံးပြုချိန်မှာ ကျွန်တော့်ရဲ့မိခင်ကျောင်းက အထက်တန်းကျောင်းသားတွေဟာ အင်တာနက်တောင် မသုံးဖူးကြပါဘူး။ ပညာရေးနိမ့်ကျရင် အတွေးအခေါ်နိမ့်ကျရင် ဘယ်တော့မှ တိုးတက်တဲ့ နိုင်ငံ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီအာစရိယပူဇော်ပွဲမှာ ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ ကျွန်တော်ပြောခွင့်ရတဲ့အခါ "ကျွန်တော့်ကို စေတနာအစစ်နဲ့ ပညာသင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေရဲ့ ကျေးဇူး ကျွန်တော့်ရဲ့ ကျောင်းတော်ကြီးရဲ့ ကျေးဇူးကို ပြန်ဆပ်တဲ့အနေနဲ့ ကျွန်တော်ရောက်ရှိနေတဲ့ ဂျာနယ်လစ်တစ်ယောက်ရဲ့ နေရာကနေ ကျွန်တော်တို့နိုင်ငံရဲ့ပညာရေး တိုးတက်မြင့်မားလာအောင် မြို့ကြီးနဲ့ နယ်က ကလေးတွေ ညီမျှတဲ့ ပညာရေးရအောင် ရရှိတဲ့နေရာကနေ ကြိုးစားပါမယ်" လို့ ပြောခဲ့ပါတယ်။

( ၃ )


မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ပြင်ဆင်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းနိုင်မှုတွေ အရေးကြီးသလို စိတ်ပိုင်းဆိုင်ရာ ပြုပြင်မှုတွေဟာလည်း အရေးကြီးပါတယ်။ ပညာအရည်အသွေးရှိပြီး မိမိရဲ့ စားဝတ်နေရေးအတွက် မိမိကိုယ်မိမိယုံ ကြည်နိုင်စွမ်းရှိနိုင်မယ့် ဆရာ၊ ဆရာ မများရဲ့ HR ပြဿနာဟာ အကြီးမားဆုံး စိန်ခေါ်မယ့် ပြဿနာပါပဲ။ ကျူရှင်မပေးရဆိုတာ တစ်ခုတည်းဟာ လုံလောက်တဲ့ ဖြေရှင်းမှု မဟုတ်နိုင်ပါဘူး။ ပညာရေးလာကကို ပြုပြင်ရမယ့်အရာဟာ ကျန်းမာရေးလောကကို ပြုပြင်ရမယ့် အရာထက်တောင် ပိုမိုနက်နဲ ရှုပ်ထွေးလွန်းပါတယ်။

မြန်မာနိုင်ငံမှာ လူငယ်တွေ၊ ကျောင်းသားတွေမှာ အရေးကြီးဆုံး ပျောက်ဆုံးလာနေတာက အမှားအမှန်ကို ဆင့်ပွားဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ်ပညာ (Critical Thinking) ပါ။ ဒီလိုအခြေအနေမျိုး ပညာတတ်မှ ဖန်တီးနိုင်တဲ့ ပညာရေးဝန်းကျင်ကို အခြေခံအဆင့် သာမက တက္ကသိုလ်အဆင့်မှာပါ ပျောက်ဆုံးနေပါတယ်။ တက္ကသိုလ် ဆိုတာဟာ ကျောင်းသားလူငယ်တွေကို ကျောင်းပညာတစ်ခုတည်း သင်ကြားပေးတဲ့နေရာ မဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေး၊ အတွေးအခေါ် အယူအဆ၊ ရုပ်ပိုင်းစိတ်ပိုင်း ပေါင်းစပ်အသုံးချဖြေရှင်းနိုင်မှု ဒါတွေကို မသင်ဘဲနဲ့ ရရှိနိုင်တဲ့နေရာတွေပါ။ ခေတ်စနစ်ကို ထင်ဟပ်နိုင်မယ့် အတွေးအခေါ် အယူအဆတွေ၊ မိမိကိုယ်ကို တာဝန်ယူစိတ်တွေ မိမိရဲ့ ၀န်းကျင် မိမိနိုင်ငံအတွက် တာဝန်ယူတတ်တဲ့ သူတွေဖြစ်အောင် သင်ကြားပေးနိုင်တဲ့ ၀န်းကျင်မျိုးဖြစ်ဖို့ လိုအပ်တာ အမှန်ပါ။

 


အရေးကြီးဆုံး ပျောက်ဆုံးလာနေတာက အမှားအမှန်ကို ဆင့်ပွား ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ်ပညာ (Critical Thinking) ပါ။


 

( ၄ )


ကျန်းမာရေးပညာရေးစတဲ့ လူထုနဲ့ ဆက်စပ်တဲ့ကဏ္ဍတွေ ပြုပြင်ပြောင်းလဲမှုရဲ့ အရှိန်အဟုန်ဟာ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်ပြောင်းလဲမှုနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ နောက်ပြန်သွားပြီး တစ်ကနေပြန်စကြဖို့ မရှိသလို အခု ရောက်နေတဲ့နေရာမှာ ရပ်တန့်ပြီး နေလို့မရနိုင်တဲ့ အခြေအနေပါ။ ကမ္ဘာကြီးမှာ ဖြစ်ပေါ်လာနေတဲ့ မြန်ဆန်တဲ့ အပြောင်းအလဲတွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ အံ့သြဖွယ် ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေကြောင့် အပြောင်းအလဲတွေကို မြန်မြန်ဆန်ဆန်၊ သွက်သွက်လက်လက်နဲ့ အကောင်အထည်ဖော်ပြီး သတ္တိအပြည့်နဲ့ ရှေ့ခရီးဆက်ရမယ့် အခြေအနေပါ။

နိုင်ငံရေးအနေနဲ့လည်း နိုင်ငံအတွက် အရေးကြီးတဲ့ အမျိုးသားပြန်လည်ညီညွတ်ရေးအတွက် လုပ်ဆောင်သင့်တဲ့ အရာအားလုံးကို လုပ်ဆောင်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲကို ပြန်ဝင်ရောက်ဖို့ အရေးကြီးကာလကို ရောက်ရှိနေပါပြီ။ အတိတ်ဆိုတာ သင်ခန်းစာယူသင့်တဲ့အရာ ဆိုတာထက် ပိုမတွေးကြဘဲ နိုင်ငံနဲ့ လူထုရဲ့ ပစ္စုပ္ပန်၊ အနာဂတ် အကျိုးစီးပွားကိုသာ စဉ်းစားကြဖို့ လိုပါတယ်။ အတိတ်က မိမိရောက်ရှိခဲ့တဲ့နေရာ မိမိရဲ့အယူအဆ ကိုင်စွဲချက်၊ မိမိရဲ့ လက်ရှိရောက်ရှိနေတဲ့ အနေအထားတွေအပေါ်မှာ အာရုံစိုက်နေတာထက် လက်တွေ့ကျတဲ့ တွေ့ဆုံဖြေရှင်းမှုမျိုးကို လိုအပ်ပါတယ်။ တွေ့ဆုံဖြေရှင်းမှုများ ငြိမ်းချမ်းရေး တည်ဆောက်မှုများ လုပ်နေစဉ်ကာလအတွင်းမှာပဲ လူထုအတွင်းမှာ ဗဟိုချုပ်ကိုင်မှုကနေ ဒီမိုကရေစီ အခြေခံထောက်တိုင်(Democratic Institution) တွေနဲ့ အခွင့်အရေးတွေကို ခံစားထိတွေ့ခွင့် ရရှိလာအောင် လုပ်ဆောင်ရပါမယ်။ မတရားမှုတွေ၊ ဥပဒေမဲ့ပြုမူမှုတွေ လျော့ကျသွားအောင် လုပ်ရပါမယ်။

ပြည်တွင်း နိုင်ငံရေး ယုံကြည်မှုတည်ဆောက်ရေးနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း ၀င်ရောက်ရေးရဲ့ ပထမဆုံးအတားအဆီးကို ကျော်ဖြတ်ရေးဟာ အများကြီးအရေး ပါပါတယ်။ မိမိရဲ့ နိုင်ငံရေး ယုံကြည်မှုကြောင့်၊ ပုဒ်မအမျိုးမျိုးနဲ့ အကျဉ်းကျခံထားကြရတဲ့ သူတွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ပါ တရားစီရင်ရေး အခွင့်အရေးတွေပေးပြီး ဥပဒေနဲ့အညီ ပြန်လည်လွှတ်ပေးရေးဟာလည်း အမြန်ဆုံး ဆောင်ရွက်သင့်တဲ့ကိစ္စပဲဖြစ်ပါ တယ်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အနေနဲ့လည်း  ARAB SPRING လို ကိစ္စမျိုးဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ဆိုရင် လက်တွေ့မဆန်လှဘဲ မူလနေရာကို ပြန်ရောက်သွားနိုင်တယ် ဆိုတာကိုတော့ သတိပြုကြဖို့ လိုပါတယ်။

နိုင်ငံရဲ့ စီးပွားရေးတည်ဆောက်မှု၊ Good Governance Clean Government တွေဟာ လမ်းကြောင်း မှန်လို့ပြောဖို့  စောသေးပေမယ့် အသိအမှတ်ပြုရမယ့် အချက်တွေတော့ ရှိပါတယ်။ လူထုအတွက် ရေတိုမှာ အကျိုးစီးပွားမရှိတဲ့ စီမံကိန်းတွေ၊ ဘတ်ဂျက်တွေကို ရဲရဲဝံ့ဝံ့ဖြတ်တောက်ပြီး ပင်စင်လစာ တိုးပေးတဲ့ ကိစ္စတွေ၊ ကျန်းမာရေး ပညာရေးမှာ ငွေပိုမိုသုံးစွဲခွင့်ရအောင် ဆောင်ရွက်နေတာတွေဟာ ချီးကျူးရမယ့် ကိစ္စတွေပဲ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုလျှော့ချရေး ဆောင်ရွက်နေတဲ့ တစ်ချိန်တည်းမှာ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်တဲ့ လူလတ်တန်းစားအလွှာ ပိုမိုကျယ်ပြန့်လာအောင် မူတွေချမှတ်သင့်ပါတယ်။ စီးပွားရေး တိုးတက်မှုဟာ နိုင်ငံရေး ပြဿနာ အဖြေရှာရေးကို အညမည ဖြစ်စေပါတယ်။ အပြန်အလှန် ထောက်ကူစေပါတယ်။

( ၅ )


လာမယ့် ဇူလိုင်လ ၁၉ ရက်ဆိုရင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်တာ (၆၄) နှစ် ပြည့်ခဲ့ပါပြီ။ ဗိုလ်ချုပ်ဟာ အသက် ၁၈ နှစ်ဝန်းကျင်ကစပြီး သူသေဆုံးတဲ့အထိ အချိန်တိုင်း၊ မနက်လင်းတိုင်းမှာ တိုင်းပြည်လွတ်လပ်ရေးအတွက် စဉ်းစားခဲ့တယ်လို့ သိရပါတယ်။ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ခွန်အားဟာ သူ့ရဲ့ဝန်းကျင် သူ့ရဲ့အသိုင်းအ၀ိုင်း မိတ်ဆွေ၊ ပြည်သူကြားမှာပျံ့နှံ့ပြီး လွတ်လပ်ရေးရခဲ့တာဖြစ်ပါတယ်။ အခုလည်း ကျွန်တော်တို့နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ကို အစိုးရရော၊ အတိုက်အခံတွေရော၊ ကျွန်တော်တို့ တစ်ဦးချင်းစီပါ ၀ိုင်းဝန်းစဉ်းစားကြရင် လိုချင်တဲ့ အဖြေ ရလာပါလိမ့်မယ်။ ဒီအဖြေရရင် ၁၀နှစ် အတွင်း ဗီယက်နမ်၊ အနှစ် ၂၀အတွင်း ထိုင်းလို နိုင်ငံမျိုးလို ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ မနက်ခင်း မိုးလင်းတိုင်းမှာ စဉ်းစားကြဖို့ လိုပါတယ်။

နိုင်ငံတိုးတက်ဖို့ ...၊
ပြဿနာတွေ ပြေလည်ဖို့ ....။
ကျွန်တော်တို့ရဲ့ စိတ်ဓါတ်ခွန်အားတွေဟာ ကျွန်တော်တို့အနာဂတ်ဖြစ်ရမယ်လို့ ယုံကြည်ပါတယ်။


သန်းထွဋ်အောင်
(၁၅.၇.၂၀၁၁)
ဝါဆိုလပြည့်နေ့ (သောကြာနေ့)

No comments: