Tuesday, July 12, 2011

ဖူးငုံတို့နှင့် သင်ယူမှု လူ့အဖွဲ့အစည်း Learning Society

၁။
ဒီကနေ့ခေတ် ကမ္ဘာကြီးမှာ သင်ယူမှု (Learning)က အစစ အရာရာကို ဦးဆောင် နေပါတယ်။

ကမ္ဘာ့ နိုင်ငံတွေကို ကြည့်ရင်လည်း ဖွံဖြိုး တိုးတက်တဲ့ နိုင်ငံတွေ မှန်သမျှဟာ သူတို့ရဲ့ လူ့အဖွဲ့အစည်းကို သင်ယူမှု လူ့အဖွဲ့အစည်း (Learning Society) အဖြစ် အသွင်ပြောင်းလဲ ဖန်တီး တည်ဆောက်ထားတဲ့ နိုင်ငံတွေချည်းပါပဲ။ Globalization (ဂလိုဘယ်လိုက်ဇေးရှင်း) ခေတ်ကြီးမှာ နိုင်ငံ တစ်ခုရဲ့ ဖွံ့ဖြိုး တိုးတက်မှု၊ အောင်မြင် ထင်ရှားမှုတွေကို အဆုံးအဖြတ် ပေးတာဟာ သဘာဝ သယံဇာတလည်း မဟုတ်ပါဘူး။ စက်မှု နည်းပညာတွေလည်း မဟုတ်ပါဘူး။ စစ်လက်နက် အင်အားတွေလည်း မဟုတ်ပါဘူး။

ယနေ့ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတွေ အကြား ဖွံ့ဖြိုး တိုးတက်မှု အနိမ့်အမြင့်ကို ကွဲပြား ခြားနားစေတဲ့ အချက်က တစ်ခုတည်း ရှိပါတယ်။ အဲဒါက သင်ယူမှု(Learning)ပါပဲ။ သင်ယူမှုI(Learning Concept)ရှိတဲ့ နိုင်ငံတွေ၊ လူမျိုးတွေကသာ ယနေ့ ကမ္ဘာကြီးကို အဘက်ဘက်က ဦးဆောင် နေကြတာ ဖြစ်ပါတယ်။

၂။
ကဲ- ဒီလိုဆိုရင် ဖူးငုံတို့ဘက်က သင်ယူမှု(Learning)ဆိုတာ ဘာလဲလို့ မေးစရာရှိပါတယ်။ လူတွေရဲ့ သင်ယူမှုနဲ့ ပတ်သက်ပြီး ကမ္ဘာကျော် Management ဂုရုကြီး တစ်ဦးဖြစ်တဲ့ ပီတာဒရက်ကာ (Peter Drucker)က ခုလိုပြောကြားခဲ့ပါတယ်။
"All Development is self development. People can teach, train and coach yoy, but nobody can learn for you" (peter Drucker,1977)     "ဖွံ့ဖြိုး တိုးတက်မှု မှန်သမျှဟာ ကိုယ့်ဘာသာ ကိုယ်လုပ်ကြတာပါ။ အခြား သူတွေက သင့်ကိုယ်စား သင်ပေး၊ လေ့ကျင့်ပေး၊ လမ်းညွှန် ပေးလို့ပဲ ရပါတယ်။ သင့်ကိုယ်စား ဘယ်သူကမှ သင်ယူပေးလို့မရပါဘူး"(ပီတာဒရက်ကာ၊ ၁၉၇၇)

သူပြောသလိုပါပဲ။ လူတစ်ယောက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကိုယ့်ဘာသာကိုယ် သင်ယူတတ်(Self Learning) လုပ်တတ်ဖို့ဟာ အရေးကြီးပါတယ်။ သင်တန်းတွေတက်၊ ဘွဲ့ဒီဂရီတွေ ရတိုင်းလည်း သင်ယူတယ်လို့ မဆိုနိုင်သေးပါဘူး။ တကယ့်တကယ်မှာ "သင်တန်းတက်မယ်" "Trained"ဆိုတဲ့စကားလုံးဟာ "သင်ယူတယ်" "Learned" ဆိုတဲ့ စကားလုံးနဲ့ ထပ်တူထပ်မျှ  မတူညီဘူး ဆိုတာ ဖူးငုံတို့ အနေနဲ့ အထူး သတိချပ် ကြဖို့ လိုပါတယ်။

သင်ယူမှု လူအဖွဲ့အစည်း (Learning Society) တစ်ခု ဖွံ့ဖြိုး ပေါ်ပေါက်လာဖို့ ဆိုရင် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းမှာ ရှိတဲ့ လူတစ်ယောက်ချင်းစီ (Each and Every Person)ဟာ ကိုယ့်အတိုင်းအတာနဲ့ကိုယ် စဉ်ဆက် မပြတ် သင်ယူ (Continuous Learning)လုပ်နေကြရပါမယ်။ အဲဒီကမှ တစ်ဆင့် အဖွဲ့စည်း တစ်ခုချင်းစီ (Each and Every Orgaization)ဟာလည်း မိမိတို့ ရဲ့ အဖွဲ့အစည်းတွေကို သင်ယူမှု အဖွှဲအစည်း (Learning Organization)တွေ ဖြစ်အောင် ကြိုးစား တည်ဆောက်ကြရပါမယ်။

အဲသလို သင်ယူမှု အဖွဲ့အစည်းတွေ များလာတဲ့ လူ့အဖွဲ့အစည်း (Society) တစ်ခုဟာ တဖြည်းဖြည်းနဲ့ သင်ယူမှု လူ့အဖွဲ့အစည်း(Learning Society)တစ်ခု အဖြစ် အသွင်ပြောင်းလဲ လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖူးငုံတို့ အနေနဲ့ ကိုယ့်ရဲ့ လူ့ အဖွဲ့အစည်းကို Learning Society ဖြစ်လာအောင် ကိုယ်ကနေ စပြီး သင်ယူရမယ်။ Learn လုပ်ရမယ် ဆိုတာကို အထူး သတိပြုကြ စေချင်ပါတယ်။

၃။
တကယ်တော့ လူတစ်ယောက်ရဲ့ သင်ယူနိုင်စွမ်း (Learning Ability)ဆိုတာ နေရာတစ်ခု အဆင့် တစ်ခုမှာ ရပ်နေတယ် ဆိုတာ ဘယ်တော့မှ မရှိပါဘူး။ သင်ယူနိုင်စွမ်း ဆိုတာ တက်ရင် တက်နေ၊ ဒါမှမဟုတ် ကျနေတာမို့ ကိုယ့်ရဲ့သင်ယူနိုင် မှုစွမ်းရည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် နေဖို့ အတွက် ဖူးငုံတို့ အနေနဲ့ အချိန်တိုင်း သင်ယူနေ Learn   လုပ်နေဖို့ လိုအပ်ပါတယ်။ စာရေးသူတို့ မြန်မာလူမျိုး အများစုဟာ အဆင့်တစ်ခု၊ နေရာ တစ်ခု၊ အောင်မြင်မှု တစ်ခုကိုရောက်ပြီ ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြည့်စုံပြီ၊ Perfect ဖြစ်ပြီလို့ ယူဆပြီး သင်ယူမှု (Learning Process)ကို ရပ်ပစ် လိုက်ကြလေ့ ရှိပါတယ်။ ဒါဟာ အလွန် မှားယွင်းတဲ့ အယူအဆပါ။ တကယ်တော့ လောကမှာ ရာထူး အဆင့်အတန်း မြင့်လာလေလေ၊ ပိုပြီး အောင်မြင်လာလေလေ၊ ပိုပြီး သင်ယူဖို့ (Learn) လုပ်ဖို့ လိုအပ် လာလေလေပါပဲ။

၎။
လူ့ယဉ်ကျေးမှု သမိုင်းရဲ့ အစောပိုင်း ကာလ တွေတုန်းက စာရေးသူတို့ အာရှသားတွေဟာ ကမ္ဘာကြီးရဲ့ အသိဉဏ် ဆိုင်ရာ (Wisdom and Knowledge)၊ တီထွင် ဖန်တီးမှု ဆိုင်ရာ (Innovation) နယ်ပယ် အသီးသီးမှာ အစစ အရာရာ ဦးဆောင်ခဲ့ Lead လုပ်ခဲ့ကြတာပါ။ ဒါပေမဲ့ အာရှသားတွေဟာ အသိဉဏ် ဆိုင်ရာ အဆင့်တစ်ခုကို ရောက်ရှိတဲ့ အခါမှာ မိမိတို့ကိုယ်ကိုယ် ပြီးပြည့်စုံပြီ၊ Perfect ဖြစ်ပြီလို့ ယူဆကြပြီးသူတို့ရဲ့သင်ယူမှု (Learning Process)ကို ရပ်ပစ် လိုက်ကြပါတယ်။ (ဂေါတမဗုဒ္ဓ၊ တမန်တော် မိုဟာမက်စသည့် ဘာသာရေး ခေါင်းဆောင်မှ အပ) ဒါပေမဲ့ အဲဒီ အချိန်မှာ အနောက် တိုင်းသားတွေကတော့ သူတို့ရဲ့ သင်ယူမှု (Learning Process)တွေကို မရပ်ပစ်လိုက်ကြဘဲနဲ့ ယနေ့အထိ စဉ်ဆက် မပြတ်သင်ယူ (Continuous Learning) ပြုလုပ် လာခဲ့ကြတဲ့ အတွက် လက်ရှိ အချိန်မှာ သူတို့အနေနဲ့ ကမ္ဘာ့နယ်ပယ် အရပ်ရပ်မှာ ဦးစီးဦးဆောင် ပြုနေနိုင် ကြတာ ဖြစ်ပါတယ်။

၅။
သင်ယူတယ် Learn လုပ်တယ်ဆိုတာဟာ သင်တန်းတွေတက်၊ ဘွဲ့ဒီဂရီတွေ တစ်ခုပြီး တစ်ခု ယူပြီး Formal Learning တွေ လုပ်နေမှ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် စာအုပ် ဖတ်တာတို့၊ TV အစီအစဉ်ကြည့် တာတို့၊ ဟောပြောပွဲ ဆွေးနွေးပွဲ (Seminar and Forum)တွေကို တက်ရောက်တာတို့ စတဲ့ (Informal Learning)တွေလည်း အကျုံး ၀င်ပါတယ်။ တစ်ခါ တလေမှာ ဖူးငုံတို့ ဘ၀ရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှုစတာတွေကို (Formal Learning) တွေထက် (Informal Learning) တွေကတောင်ပိုပြီး အဆုံးအဖြတ် ပေးနိုင်ပါတယ်။

တကယ်တော့ သင်ယူမှု လူ့အဖွဲ့အစည်း (Learning Society) တစ်ခု ပေါ်ပေါက် လာဖို့ဆိုတာ လူ့အဖွဲ့အစည်းထဲမှာ ရှိတဲ့ အဖွဲ့ဝင်တွေ တစ်ယောက် ချင်းစီ စဉ်ဆက်မပြတ် သင်ယူနေကြဖို့ လိုအပ်ရုံ သာမက သက်ဆိုင်ရာ လူ့အဖွဲ့အစည်း အနေနဲ့လည်း သင်ယူမှု (Learning)အပေါ် တန်ဖိုးထား လေးစားပြီး သင်ယူမှု အခွင့်အရေး (Learning Opportunities) တွေကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ယနေ့ ကမ္ဘာမှာ ဖွံ့ဖြိုး တိုးတက် ထွန်းကားနေတဲ့ သင်ယူမှု လူ့အဖွဲ့အစည်းတွေမှာ စာပေ Industry တွေ အထူး တိုးတက်ဖွံ့ဖြိုးပြီး လူတွေရဲ့ စာဖတ်နှုန်း (Reading Rate) တွေလည်း အထူး မြင့်မားကြပါတယ်။ စာအုပ် တစ်အုပ်ကို ထုတ်ဝေ ဖြန့်ချိတဲ့ အုပ်ရေ (Book Copies Quantity)တွေက သက်ဆိုင်ရာ လူဦးရေရဲ့ အနည်းဆုံး နှစ်ဆယ် ရာခိုင်နှုန်း ၂၀%လောက် ရိုက်နှိပ်ထုတ်ဝေရ တယ်လို့ ဆိုပါတယ်။ (ဥပမာ စာရေးသူတို့ နိုင်ငံဆိုရင် လူဦးရေ သန်း ၆၀ ရှိသဖြင့် ၂၀%၊ အုပ်ရေ= ၁၂ သန်း)

ဒါကြောင့်မို့ နိုင်ငံရဲ့ အနာဂတ် ဖွံ့ဖြိုး တိုးတက်မှု  (Future Development)အတွက် သင်ယူမှု လူ့အဖွဲ့အစည်းများ ပေါ်ပေါက်ရေးဟာ များစွာ အရေးပါ လာတာမို့ ဖူးငုံတို့အနေနဲ့လည်း မိမိတို့ တတ်နိုင်ရာ တစ်ပိုင်တစ်နိုင် သင်ယူမှု (Learning) အလေ့အထ များနဲ့ ပူးပေါင်းပါဝင် တည်ဆောက်ကြပါလို့ တိုက်တွန်း ရေးသား လိုက်ရပါတယ်။  


Lets Go To Learning Society!

လင်းသိုက်ညွန့်၊မြန်မာ့မြေ၊
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)

No comments: