Friday, July 8, 2011

အိမ်ရှင်မလက်ရာမ

ဒီတစ်လ ဆရာမလမင်းမိုမိုရဲ့ အိမ်ရှင်မလက်ရာမှ ကူးယူဖော်ပြမယ့်ဟင်းချက်နည်းကတော့ ငါးနဲ့ချဉ်ပေါင်ချဉ်ဆိမ့်ဟင်းလေးကို အဓိကဟင်းအဖြစ်ချက်မယ်၊ ဟင်းရံအဖြစ် ပဲပင်ပေါက်ပဲပြားသုပ်နဲ့ အရည်သောက်ကို ကြက်ခြေထောက်ခွေးတောက်ရွက်ဟင်းချိုလေး ချက်တဲ့နည်းတွေဖြစ်ပါတယ်။ ချိုခဉ်ငန်စပ်အရသာစုံတဲ့ထမင်းပွဲလေးဖြစ်စေမှာပါ။
ငါးချဉ်ပေါင် ချဉ်ဆိမ့်ဟင်း
လိုအပ်သောပစ္စည်းများ
ငါးမြင်း သို့မဟုတ် ငါးတန် ၄၀ကျပ်သား၊ ချဉ်ပေါင်ရွက် နှစ်စည်း၊ ဆီ ငါးကျပ်သား၊ ငရုတ်သီးစိမ်း ခုနှစ်/ရှစ်တောင့်၊ ငရုတ်ခြောက်ပွ လေးတောင့်၊ ကြက်သွန်နီ သုံးဥ၊ ကြက်သွန်ဖြူ လေးမြွှာ၊ ချင်း လက်တစ်ဆစ်၊ ငါးပိစိမ်းစား လက်တစ်ဆစ်ခန့်၊ ပုစွန်ငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်း၊ ဆား/နနွင်း အနည်းငယ်စီ
ချက်ရန်ကြာမြင့်ချိန် မိနစ် ၂၀-၂၅ ခန့်
- ငါးမြင်းရရင် အဆင်ပြေပေမယ့် ငါးမြင်းစစ်ရဖို့ ခဲယဉ်းတဲ့အတွက် ဈေးမှာခုတ်သားလို့ခေါ်တဲ့ ငါးတန်ရရင်လည်းဖြစ်ပါတယ်။ ငါးကို အလယ်ရိုးဖယ်ပြီး အနေတော်အတုံးများတုံးပါ။
- ငါးပိစိမ်းစားအနည်းငယ်၊ ပုစွန်ငံပြာရည် ချင်းထောင်းရည်၊ ဆား၊ နနွင်းမှုန့်အနည်းငယ်တို့နဲ့နယ်ပြီး ခဏထားပါ။ ငရုတ်ခြောက်ပွ၊ ကြက်သွန်ဖြူ၊နီတို့ကို အနှစ်အတွက် ညက်ညက်ထောင်းပါ။
- ချဉ်ပေါင်ရွက်ကို အညှာမပါအောင်သင်၊ ရေစင်စင်ဆေးပြီး ငါးပိစိမ်းစားအနည်းငယ်၊ ငရုတ်သီး၊ ကြက်သွန်နှစ်၊ ဆီ၊ ငရုတ်သီးစိမ်းတောင့် တို့ အားလုံးရောကာ ကြေမွစိမ့်ဝင်တဲ့အထိ သေသေချာချာ ဆုပ်ညှစ်နယ်ပေးပါ။ အဲဒီနယ်ထားတဲ့ ချဉ်ပေါင်ကို ဒယ်အိုးမှာထည့်ပြီး လုံး ချက်ပါ။
- ချဉ်ပေါင်လည်းကြေမွနူးအိ၊ ဆီလည်းသေအောင် ကြာကြာမွှေချက်ပါ။ ချဉ်ပေါင်နူးကျက်ရင် အိုးရဲ့ဘေးကို ဆွဲကပ်ထားပြီး ဆီလက်ကျန် လေးထဲ ငါးထည့်ချက်ပါ။ ငါးအပြင်သားကျက်ရင် ချဉ်ပေါင်နဲ့ပြန်ရောပြီး ငါးမကြေအောင် အသာအယာမွှေပေးပါ။ ငါးအတွင်းသားနူး လောက်ရုံရေလေးအနည်းငယ်ထည့်ပါ။ ဆားထည့် အပေါ့အငန်မြည်းပါ။ ရေခန်းဆီပြန်ပြီဆိုရင် အိုးချနိုင်ပါပြီ။
ပဲပင်ပေါက် ပဲပြားသုပ်
လိုအပ်သောပစ္စည်းများ
ပဲပင်ပေါက် ငါးကျပ်သားခန့်၊ ပဲပြား တစ်တုံး၊ ဆီချက်ချက်ရန် ဆီသင့်ရုံ၊ မန်ကျည်းမှည့် အနည်းငယ်၊ ကြက်သွန်နီ သုံးဥ၊ နံနံပင် အနည်းငယ်၊ ငရုတ်သီးစိမ်း လေး-ငါးတောင့်၊ ငရုတ်သီးမှုန့် အကျက်၊ ပုစွန်ငံပြာရည်၊ဆား အနည်းငယ်စီ
ပြင်ဆင်ချိန် ၁၀မိနစ်ခန့်
- ရေနွေးဆူဆူမှာ ပဲပင်ပေါက်ကိုနှစ်ပြီး ရေနွေးဖြောပါ။ ကိုယ့်အကြိုက်အနေတော် မှန်းဆယ်ပြီး ရေခဲရည်မှာ စိမ်ထားပါ။ ပဲပြားကို ပါးပါး လှီးဆားနဲ့နယ်ပြီး ဆီပူမှာ အပေါ်ယံတင်းရုံကြော်ပါ။
- ကြက်သွန်နီ နှစ်ဥ ပါးပါးလှီး ဆီချက်ချက်ထားပါ။ ပဲပင်ပေါက်ရေစစ်ညှစ်ပါ။ ပဲပင်ပေါက် ပဲပြား၊ ကြက်သွန်နီဥ တစ်ဥ ပါးပါးလှီး၊ နံနံပင် ပါးပါးလှီး၊ မန်ကျည်းမှည့်ရည်၊ ငရုတ်သီးစိမ်း၊ ငရုတ်ကျက်မှုန့်၊ဆီချက်၊ ငံပြာရည် အားလုံးရောသမအောင်နယ်ပေးပါ။
- ပုစွန်ခြောက်မှုန့်ထည့်ရင်လည်း ပိုအရသာထူးပါတယ်။ ပုစွန်ခြောက်၊ ငံပြာရည်မထည့်ဘဲ သက်သက်လွတ်ဟင်းတစ်ခွက်အဖြစ်လည်း သုပ်စားနိုင်ပါတယ်။
ကြက်ခြေထောက် ခွေးတောက်ဟင်းချို
လိုအပ်သောပစ္စည်းများ
ကြက်ခြေထောက်ရိုး ငါးခုခန့်၊ ခွေးတောက်ရွက်သင်ပြီး လက်တစ်ဆုပ်ခန့်၊ ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ သုံးမြွှာ၊ ချင်း လက်တစ်ဆစ်၊ ဆား အနည်းငယ်စီ
ချက်ရန်ကြာမြင့်ချိန် ၁၅မိနစ်ခန့်
- ကြက်ခြေထောက်ကို ရေနွေးလောင်း၊ အရေခွံသင်ပြီး အဆစ်တွေကို အနည်းငယ်ထုတ်ထားပေးပါ။
- ကြက်သွန်ဖြူ၊ဆား၊ချင်းတို့နဲ့ အချိုရည်ထွက်ကာ ဖြူလာအောင်ပြုတ်ပါ။ ရေအများကြီးနဲ့ တစ်ခါတည်း မပြုတ်ပါနဲ့။
- အရည်ချိုလောက်ရင် ကြက်သွန်နီဥကို အဖတ်ခွာပြီးထည့်ပါ။ ခွေးတောက်ရွက်ထည့်ပါ။
- အပေါ့အငန်မြည်း၊ အဖုံးအုပ်ကာ ချက်ချင်းချပါ။
- ပူပူလေးသုံးဆောင်ရင် ခံတွင်းလိုက်စေတဲ့ ဟင်းချိုတစ်ခွက်ဖြစ်ပါတယ်။

No comments: