Saturday, January 31, 2015

HIV infection stages HIV ကူးစက်ရောဂါအဆင့်များ




HIV အကြောင်း ဆရာဝန်တွေကောင်းကောင်းသိလာပါပြီ။ ကူးစက်ခံထားရသူဟာ ဆေးကုသမှု မခံယူနေဘူးဆိုရင် တချိန်မှာ ခုခံအားတွေကျဆင်းရာကနေ AIDS အဆင့်ရောက်လာပါမယ်။ သတင်းကောင်းလဲပါးပါရစေ။ (ART) ဆေးနဲ့ ကာကွယ်ထားလို့ရပါတယ်။ သူကနေ HIV ဗိုင်းရပ်စ်တွေ ပုံတူပွါးများလာမှာကို တားပေးပါတယ်။ အဲတော့ ကိုယ်ခန္ဓာက ဆက်ပြီး သန်စွမ်းနေပါမယ်။ ဒါ့ပြင် သူများကိုကူးစက်မှာကိုပါ တားနိုင်ပါသေးတယ်။

(၁) ကနဦးအဆင့်
ပိုးဝင်ခံရပြီး ၂-၄ ပါတ်မှာဖြစ်မယ်။ ဒါလဲလူတိုင်းမှာမဖြစ်ပါ။ ဖြစ်ရင် တုပ်ကွေးလိုခံစားရမယ်။ ဆိုးလိုက်တဲ့တုပ်ကွေးလို့ ညည်းတွားကြမယ်။ ကိုယ်ပူမယ်။ လည်ချောင်းနာမယ်။ အနီပြင်တွေ ထွက်မယ်။ အဆစ်အသားတွေ နာမယ်။ အားယုတ်မယ်။ ခေါင်းကိုက်မယ်။ အဲတာကိုဆေးစာနဲ့ retroviral syndrome (ARS) ဒါမှမဟုတ် primary HIV infection လို့ခေါ်တယ်။ အဲဒီကာလမှာ ဗိုင်းရပ်စတွေပွါးများလာနေမယ်။ ဗိုင်းရပ်စ်တွေက CD4 cells ဆဲလ်တွေကိုသုံးပြီး မိတ္တူတွေပွါးမယ်။ အဲတော့ CD4 count ကျဆင်းလာမယ်။ တချိန်မှာ ခုခံအားစနစ်က ပြန်ကုစားလို့တန့်လာမယ်။ ပြီးရင် ပြန်တက်လာမယ်။ နဂိုလောက်တော့ များမလာနိုင်တော့ပါ။ အဲဒီအချိန်မှာ ART သောက်ရင် ကောင်းတယ်။ သိထားဘို့က ကိုယ်ကနေ လိင်ဆက်ဆံဖက်ကိုကူးစေမယ်။ ဆေးထိုးအပ်မျှသုံးသူတွေကိုလဲ ကူးစက်မယ်။


(၂) ဒုတိယအဆင့်
ဗိုင်းရပ်စ်တွေကကိုယ်ထဲမှာ ပွါးများနေပေမဲ့ ရောဂါလကဏာတွေ မပေါ်သေးတဲ့ အဆင့်ဖြစ်တယ်။ ခံစားရလဲ နည်းနည်းပဲ။ ART ဆေးသောက်ရင်တော့ အကြာကြီး အသက်ရှင်နေနိုင်ပါတယ်။ ဆေးမသောက်ရင် ၁ဝ နှစ်။ ကံကောင်းရင်လဲ ဒီထက် ကြာကြာနေနိုင်မယ်။ သူများကို ကူးစက်နိုင်တာ သတိထားပါ။ ဆေးမသောက်ရင် viral load ဗိုင်းရပ်စ်တွေ များလာမယ်။ CD4 count ကျလာမယ်။


(၃) AIDS ရောဂါရတဲ့အဆင့်
ခုခံအားမကောင်းတော့ပါ။ ဘယ်ပိုးမဆိုကူးစက်တာခံရမယ်။ အခွင့်ကောင်းယူ ကူးစက်ရောဂါတွေလို့ခေါ်တယ်။ CD4 cells 200 cells per cubic millimeter of blood (200 cells/mm3) ထက်နည်းလာရင် AIDS လို့ပြောနိုင်ပြီ။ ဆောရီး။

နေကောင်းနေသူတွေမှာ CD4 counts 500 နဲ့ 1,600 cells/mm3 ကြားမှာရှိရတယ်။ ဒီအရေအတွက် မနည်းလှပေမဲ့ ရောဂါလက္ခဏာ ခံစားလာရရင်လဲ AIDS ပဲဖြစ်တယ်။ ART ဆေးမကုဘူးဆိုရင်တော့ AIDS ဖြစ်လာဘို့ ၃ နှစ်ကြာမယ်။ တကယ်လို့ ဆိုးလှတဲ့ အခွင့်ကောင်းယူ ကူးစက်ရောဂါခံရမယ်ဆိုရင် ၁ နှစ်သာအသက်ရှည်နိုင်တယ်။ ART ဆေး သောက်နေပြီး viral load နည်းနေမယ်ဆိုရင်တော့ လူကောင်းလိုနေနိုင်ပြီး AIDS အထိမဖြစ်ပါ။
ဘယ်လိုအခြေအနေတွေကနေ အဆိုး-အကောင်းဖြစ်စသလဲ
မျိုးဗီဇ၊ နဂိုကျန်းမာရေး၊ ပိုးရှိနေတာစောစာသိသလား၊ ဆေးသောက်နေလား၊ စတာတွေအပေါ်မှာ မူတည်တယ်။ အသက်ကြီးသူတွေ၊ HIV subtype အမျိုးအစားခွဲမတူတာ၊ ပူးတွဲကူးစက်ရောဂါရတာ၊ အစာအာဟာရ နည်းတာ၊ စိတ်ဖိအားများတာတွေအပေါ်မှာ မူတည်တယ်။


HIV ကနေ AIDS ဖြစ်လာဘို့အချက်အလက်တွေ ART ဆေးသောက်နေတာ၊ HIV care စောင်ရှောက်ရေးဌာနမှာနေတာ၊ ဆရာဝန်ညွှန်ကြားတာကို တိတိကျကျ လိုက်နာတာ၊ အစာအာဟာရ လုံလောက်မျှတတာ၊ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တာ။

ဒေါက်တာတင့်ဆွေ (၁၄-၁-၂ဝ၁၅)
ဒေါက်တာတင့်ဆွေ - HIV infection stages HIV ကူးစက်ရောဂါအဆင့်များ 

အိတ်ခ်ျအိုင်ဗီကြောင့် ထိခိုက်ခံစားရသောကလေးများ အိမ်နီးချင်းကလေးများနှင့် နှိုင်းယှဉ်ရာတွင် အစစအရာရာ နိမ့်ကျနေ

 အိတ်ခ်ျအိုင်ဗီကြောင့် ထိခိုက်ခံစားရသော ကလေးများ၏ လူမှုရေးနှင့် အာဟာရဆိုင်ရာ ကျန်းမာရေးအခြေအနေများသည် ၎င်းတို့၏ အိမ်နီးချင်း ကလေးငယ်များနှင့် နှိုင်းယှဉ်ပါက လွန်စွာနိမ့်ကျလျက် ရှိနေကြောင်း သုတေသန စာတမ်းများအရ သိရသည်။
အိတ်ခ်ျအိုင်ဗီကြောင့် ထိခိုက်ခံစားရသော ကလေးများဆိုသည်မှာ ၎င်းတို့၌ အိတ်ခ်ျအိုင်ဗီပိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရောဂါပိုးရှိသည့် မိဘတစ်ဦးဦးမှ မွေးဖွားလာသည့် ကလေးငယ်များကို ဆိုလိုခြင်းဖြစ်သည်။
ယင်းရောဂါ၏ အကျိုးဆက်များနှင့် ဆက်နွှယ်ခံစားနေရသည့် ကလေးများ၏ လူမှုရေးနှင့် ကျန်းမာရေးအခြေအနေတို့ကို အိမ်နီးချင်းကလေးများနှင့် နှိုင်းယှဉ်လေ့လာရန် ရည်ရွယ်ချက်ဖြင့် တိုင်းနှင့်ပြည်နယ် ၁၃ ခုမှ မြို့နယ် ၃၀ ခုတို့၌ သုတေသနပြု ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသုတေသနကို ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်)၊ အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်က အသက် (၁၈) နှစ်အောက်ဖြစ်ပြီး မိဘတစ်ဦး (သို့) နှစ်ဦးလုံးဆုံးပါးသွားသူ ကလေးငယ်များ၊ မိဘ၊ အုပ်ထိန်းသူရှိသူ ၁၁၅၀ ဦးနှင့် အိမ်နီးချင်း ကလေးများ၊ မိဘ၊ အုပ်ထိန်းသူပေါင်း ၁၁၅၀ ဦးတို့ကို နှိုင်းယှဉ်လေ့လာခဲ့သည်။

အိမ်နီးချင်း ကလေးများနှင့် နှိုင်းယှဉ်လျှင် လူမှုရေးအရ မူလနေထိုင်ရာအိမ်မှ ပြောင်းရွှေ့ရခြင်း (၂၄ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၉ ဒသမ၄ ရာခိုင်နှုန်း)၊ မိသားစု တကွဲတပြားဖြစ်ရခြင်း (၁၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၄ ဒသမ ၁ ရာခိုင်နှုန်း)၊ အိမ်ထောင်စုစာရင်းတွင် ပါဝင်ခြင်းမှာ (၆၈ ရာခိုင်နှုန်းနှင့်  ၇၇ ဒသမ ၅ ရာခိုင်နှုန်း) စသည့် လူမှုရေး ထိခိုက်မှုများနှင့် အာဟာရအရ အသက် (၅) နှစ်အောက် ကလေးငယ်များတွင်လည်း ကိုယ်အလေးချိန်လျော့နည်းခြင်း (၃၆ ရာခိုင်နှုန်းနှင့် ၁၀ ဒသမ ၉ ရာခိုင်နှုန်း)နှင့် အရပ်ပုလွန်းခြင်း (၃၉ ရာခိုင်နှုန်းနှင့် ၁၃ ရာခိုင်နှုန်း)နှင့် ပိန်လှီခြင်း (၁၈ ဒသမ၂ ရာခိုင်နှုန်းနှင့်  ၅ ဒသမ ၈ ရာခိုင်နှုန်း) တို့ကို လေ့လာတွေ့ရှိရကြောင်း စာတမ်း၌ ဖော်ပြထားသည်။

ထို့ကြောင့် အာဟာရဖွံ့ဖြိုးမှု အတွက် ရေရှည်အစီအစဉ်များ  ချမှတ်ဆောင်ရွက်ရန်နှင့် မိခင်မှ ကလေးသို့ ရောဂါပိုးကူးစက်မှု ကာကွယ် တားဆီးရေး လုပ်ငန်းများကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ်ရောဂါ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်နေသူ အဖွဲ့အစည်းအချို့က အကြံပြုပြောကြားသည်။
ယင်းသုတေသနမှ တွေ့ရှိချက်များကို UNICEF အဖွဲ့၊ Myanmar Positive Group တို့မှ ကလေးများအတွက် အရေးဆိုတင်ပြရာ၌ ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရ အရိုင်းပန်းတွေရဲ့ ရှိုက်သံကို ဥပေက္ခာပြုလိုက်ရင် တရားပါ့မလား


လောကမှာ အပစ်ပယ်ခံ လူတန်းစားလို့ ပြောနိုင်တဲ့ လူတန်းစားတစ်ရပ်အကြောင်းပြောပြချင်ပါတယ်။ သူတို့ကတော့ အများက ပြည့်တန်ဆာလို့ခေါ်ကြတဲ့ Sex Workers တွေပါ။

NGO လောကမှာတော့ အတိုကောက်  SW လို့ ခေါ်ပါတယ်။ ဒီနေရာမှာ SW ဆိုတာ Female Sex Workers ခေါ် အမျိုးသမီး SW တွေကိုသာ ရည်ညွှန်းလေ့ရှိပါတယ်။ ကျွန်တော် NGO နှစ်ခုမှာ ခုနစ်နှစ် တာဝန်ထမ်း ဆောင်ခဲ့စဉ်က SW ပေါင်းများစွာကို ပညာပေး ဟောပြောခဲ့ရတဲ့အတွက် သူတို့တွေအတော်များများနဲ့ ထိတွေ့ဆက်ဆံခဲ့ကြ ဖူးပါတယ်။
The marginalized people လို့ပြောရမယ့် သီးသန့်အပစ်ပယ်ခံလူတန်းစား တစ်ရပ်လိုဖြစ်နေတဲ့ သူတို့လေးတွေရဲ့ဘ၀ဟာ အင်မတန် သနားစရာကောင်းပါတယ်။ ဒီကနေ့ အမျိုးသမီး အခွင့်အရေး အကြောင်း တွင်တွင်ပြောနေတဲ့ အမျိုးသမီးတချို့တောင် SW အကြောင်း ရောက်သွားရင် တွန့်တွန့်သွားတတ်ပါတယ်။

ကျွန်တော်တို့ ပြောပြောနေကြတဲ့ လူ့အခွင့်အရေး၊ အထူးသဖြင့် အမျိုးသမီးအခွင့်အရေးတွေမှာ SW တွေအတွက် မပါတော့ ဘူးလား။  အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်နဲ့ရင်းပြီး ဘ၀ ၀မ်းကျောင်းရရှာတဲ့ ဒီမိန်းကလေးတွေဟာ အမျိုးသမီး အခွင့်အရေးမရထိုက်ဘူးလား။

ဒီနေရာမှာ မဟာပုရိသ ယောက်ျားကြီးဝါဒတို့၊ မိန်းမ၀ါဒီတို့၊ ဒုတိယလိင်တို့ ဆိုတဲ့စကားလုံးတွေကို ခဏလောက် မေ့ထားလိုက်ကြရအောင်လား။ ကျွန်တော်တွေ့ဖူးတဲ့ SW တွေကို ကြည့်လိုက်တဲ့အခါ လှိုင်သာယာ၊ အင်းစိန်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ် စသဖြင့်နေရာဒေသ အစုံက ပါပဲ။  သူတို့အားလုံးSW ဖြစ်ရတဲ့ အကြောင်းရင်းက Poverty ခေါ် ဆင်းရဲမွဲတေမှုကြောင့်ပါ။

လူတော်တော်များများ ဆင်းရဲတာပဲ၊ သူတို့ဘာသာ ဖြစ်ချင်လို့ဖြစ်ကြတာပါလို့၊ ဒီကောင်မတွေ ကိုယ်တိုင်လက်ကြော မတင်းတာပါတို့၊ နဂိုကတည်းက ခပ်ပျက်ပျက်ရယ်ပါတို့ အစရှိတဲ့ ကောက်ချက်မျိုး အလွယ်တကူမချစေချင်ပါဘူး။ နာနေတဲ့ဘ၀တွေကို အလကားရတဲ့ စကားလုံးဓားတွေနဲ့ ထပ်မထိုးလိုက်ကြပါနဲ့။

ကုသိုလ်ကြမ္မာချင်း မတူကြတဲ့ ဘ၀တွေကို နားလည်ပေးနိုင်အောင် တခြားလူတွေရဲ့ဘ၀တွေကိုလည်း စိတ်ဝင်စားဖို့ လိုပါတယ်။ ခြွင်းချက်တချို့တစ်လေက လွဲရင်ဘယ်မိန်းကလေးမှ SW ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး။

အကြောင်းအမျိုးမျိုးကြောင့် တစ်ပါတီစနစ်တို့၊ စစ်အုပ်ချုပ်ရေးကာလတို့ကို ဖြတ်သန်းခဲ့ရတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ ထမင်းတစ်လုပ်ရှာစားဖို့ အင်မတန်ပင်ပန်းကြီးစွာ အလုပ်လုပ်ရပါတယ်။ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဆိုသလို အမေရိကန် အပါအ၀င် ကမ္ဘာ့နိုင်ငံများရဲ့ စီးပွားရေးပိတ်ဆို့မှုကလည်း လက်ယက် သလို အစာရှာစားနေရတဲ့ လူထုအတွက် ဘူးလေးရာဖရုံဆင့် ဖြစ်ခဲ့ရပြန်ပါတယ်။

သူတို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ စစ်အစိုးရက ဘာမှမဖြစ်ပါဘူး။ ကြားထဲက မြေဇာပင် လူထုသာ  ကျောကော့အောင်ခံကြရတာပါ။ မိသားစုငါးယောက်လောက်ရှိတဲ့ အိမ်ဟာ ငါးယောက်စလုံးရှာနိုင်ပါမှ နေ့ဖို့ညစာ မှန်တာပါ။ တခြားကျန်းမာရေး၊ ပညာရေး၊ အထွေထွေကုန်ကျစရိတ်တွေ မပါသေးပါဘူး။

ဒီလိုအခြေအနေမျိုးမှာ ၀င်ငွေရှာနိုင်တဲ့အထဲက အကြောင်းအမျိုးမျိုးကြောင့် နှစ်ယောက်၊ သုံးယောက်လောက်လျော့ သွားပြီဆိုရင် အဲဒီမိသားစု ရပ်တည်ဖို့ တော်တော် ခက်သွားပါပြီ။ ဖခင်ဖြစ်သူ လေဖြတ်သွားတော့ လူလားမမြောက်သေးတဲ့ အလယ်တန်းနဲ့ မူလတန်း မောင်၊ ညီမလေး သုံးယောက်လောက်ရှိတဲ့ မိသားစုတစ်စုက ဘွဲ့ရပညာတတ် အမျိုးသမီးငယ်လေးတစ်ယောက်ဟာ ဘယ်လိုမှ တောင့်မထားနိုင်တော့လို့ သူဋ္ဌေးတစ်ယောက်ရဲ့ အငယ်အနှောင်းဘ၀ကို ကိုယ်တိုင်ရွေးချယ် လိုက်ရတာ မြင်ခဲ့ဖူးပါတယ်။  ဒီကလေးမလေးကို ကြည့်ပြီး ကျွန်တော့်နှုတ်က ပြစ်တင်စကား မထွက်ရက် ပါဘူး။
ကဗျာဆရာပိုင်ပြောသလို ဘုရားသခင်က တချို့လူအတွက် ပေါင်မုန့်တွေ အများကြီးပေးပေမယ့် တချို့လူတွေအတွက်တော့ ဘာဖြစ်လို့ ပေါင်မုန့်နည်းနည်းပဲ ပေးရတာလဲ မသိဘူးလို့သာဆိုရတော့မလို ဖြစ်နေပါတယ်။ အကြောင်းအမျိုးမျိုးက တွန်းပို့လို့ မိန်းကလေးတချိှု့  SW ဘ၀ကို ရောက်ခဲ့ကြရတယ်။ SW တစ်ယောက်ဖြစ်ပြီဆိုတာနဲ့ လူတွေရဲ့ အနိုင်ကျင့်နှိပ်စက်မှု၊ ဗိုလ်ကျမှုတွေကို ခံရတော့တာပါပဲ။ သူတို့ရဲ့ အလို ဆန္ဒပြည့်ဝမှုအတွက် စိတ်တိုင်းမကျနိုင်လို့ အမျိုးမျိုး ယုတ်မာတဲ့ ဖောက်သည် ထဲက ယောက်ျားတွေ၊ တာဝန်ထက်ပိုတဲ့ ရိုင်းစိုင်းရက်စက်မှုတွေ၊ လူဖြစ်ပေမယ့် လူ့အသိုင်းအ၀ိုင်းထဲ ရဲရဲမတိုးနိုင်တာကို အခွင့်ကောင်း
ယူပြီး အနိုင်ကျင့်ချင်တဲ့ ပတ်ဝန်းကျင်က လူတွေ စုံလို့ပါပဲ။


လူကုန်ကူးခံရတဲ့ထဲက မိန်းကလေးတချို့ဆိုရင် SW လုပ်ဖို့ ဖိအားပေးတာကို ခါးခါးသီးသီးငြင်းဆန်တဲ့အတွက် အဲဒီမိန်းကလေးကို မဟာကရုဏာရှင် ပုရိသယောက်ျားကြီးများ အယောက်သုံးလေး ဆယ်လောက်က ၀ိုင်းပြီး Rape လုပ်ကြပါသတဲ့။
SW မဖြစ်ခင်ရော ဖြစ်ပြီးတဲ့ အချိန်မှာရော ကယ်မယ့်သူဝေးတဲ့ ဘ၀တွေမှာ ရှင် သန်နေကြရတာ အဲဒီလို မိန်းကလေးတွေပါ။ တချို့ဖောက်သည်တွေရဲ့ ယုတ်မာမှုတွေဆိုရင် ရေးပြလို့မကောင်းလို့ မရေးပြ တော့ပါဘူး။

တစ်ခါက မြို့ကလေးတစ်မြို့မှာရှိတဲ့ Brothel (ပြည့်တန်ဆာအိမ်)ကို ပညာပေးဟောပြောဖို့ ကျွန်တော်ရောက်သွားပါတယ်။ SW ကောင်မလေးတွေ ခုနစ်ယောက်လောက် ၀ိုင်းထိုင်နေတုန်း အခန်းထဲကနေ ကောင်မလေးတစ်ယောက် ထွက်လာတာ တွေ့တော့ သူ့မျက်နှာက ဒဏ်ရာတချို့ကို ကျွန်တော် သတိထားလိုက်မိတယ်။
ဒါနဲ့ ကျွန်တော်က ဘယ်လိုဖြစ်တာလဲ သမီးရယ်… လို့ မေးလိုက်တော့ သူက ညက ရဲလိုက်လို့ပြေးရင်း ချောင်းထဲ ခုန်ချလိုက်တာ ဆရာ။ ချောင်းက ရေကျတဲ့ အချိန်ဖြစ်နေတော့ အောက်က ကျောက်တုံးတွေ၊ ငုတ် တွေကြားကိုကျပြီး ဒဏ်ရာရလာတာတဲ့။
သူ့မျက်နှာတစ်ခြမ်း ဒဏ်ရာတွေနဲ့ ကြည့်မကောင်းသလို ကန်တော့ဆရာဆိုပြီး ခြေထောက်ကိုပြတော့ ခြေထောက် နှစ်ဖက်စလုံးမှာလည်း ဒဏ်ရာတွေနဲ့ပါ။ ကျွန်တော်ကလည်း (ကန်တော့ပါရဲ့) ရဲလိုက်တာများ ဒီလောက် ဒုက္ခခံပြီး ပြေးရသလား သမီးရယ်၊ သူတို့လိုချင်တာ ပေးလိုက်ရင် မဖြစ်ဘူးလားလို့ ပြောလိုက်မိပါတယ်။

အဲဒီမှာ သူက ဟာဆရာကလည်း၊ ဆရာက သူတို့အကြောင်း ကောင်းကောင်းမှ မသိတာ၊ သူတို့လက်ထဲရောက်ရင် လူကိုလည်း ယူတယ်၊ ပါလာတဲ့ငွေကိုလည်း ယူတယ်၊ ပြီးတော့ လူကိုခေါ်သွားပြီး အချုပ် ထဲထည့်လိုက်တာ ဆရာရဲ့၊ လိုချင်တာယူပြီး လွှတ်ပေးတာမဟုတ်ဘူးလို့ ပြန်ပြောပါတယ်။

ကျွန်တော် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရုံကလွဲလို့ ဘာပြန်ပြောရမှန်းမသိပါဘူး။ ရဲတပ်ဖွဲ့ဝင်အားလုံး အခု သူပြောသလို မဟုတ်နိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူကတော့ အဲဒီ လို လူမျိုးတွေနဲ့ ခဏခဏ ကြုံဖူးပါတယ် တဲ့။
SW တစ်ယောက်ဟာ သူ့ဖောက်သည်နဲ့ တစ်ခါနေရင် ဖောက်သည်က ပျော်ပါးခကျပ် ၅,၀၀၀ ပေးရပါတယ်။ အဲဒီ ကျပ် ၅,၀၀၀ မှာ ကျပ် ၁,၅၀၀ ပဲ သူတို့ရတာလို့ပြောတော့ ကျွန်တော်မျက်လုံးပြူးသွားပါ တယ်။ မြတ်စွာဘုရား မိန်းကလေး တစ်ယောက်တန်ဖိုးအထားဆုံး အပျိုစင်ဘ၀ကိုအဆုံးရှုံးခံပြီး အလုပ်လုပ်စားတဲ့ ဘ၀မှာသူတို့ရတဲ့ အခကြေးငွေက တစ်ခါပျော်ပါးရင် ကျပ် ၁,၅၀၀ တဲ့လား။

ကျွန်တော်ကလည်း အငြိမ်မနေနိုင်ပါဘူး။ သူတို့ရဲ့ Brothel Keeper (BK) ခေါင်းကို မေးကြည့်ပါတယ်။ BK ကလည်း ဟုတ်ပါတယ်တဲ့ ကျန်တဲ့ ၃,၅၀၀ မှာလည်း သူရတာက ၁,၀၀၀ လောက်ပဲရှိပါတယ်၊ ကျန်တာကတော့ လိုင်းကြေးပါတဲ့။ ဒါကတော့ သူ့အပြောပေါ့ဗျာ။ လိုင်းကြေးများ များပြပြီး သူဘုန်းချင်လည်း ဘုန်းမှာပေါ့။ ထားပါတော့။

SW တွေဟာ တကယ်တော့ ဖောက်သည် ရွေးခွင့်မရှိပါဘူး။ ရောဂါရနိုင်မှန်း သိရဲ့နဲ့ သူတို့ဖောက်သည်က ကွန်ဒုံးမသုံး ချင်ဘူးလို့ ပြောရင်လည်း BK ကို ကြောက်တာနဲ့ လက်ခံလိုက်ရတာပါပဲ။ ဒီလိုနဲ့  HIV/AIDS ဖြစ်ပြီး ကွယ်လွန်သွားကြတဲ့  SW တွေလည်း မနည်းပါဘူး။

လူတွေသူတို့ဆီက လိုချင်တာနှစ်ခုပဲရှိပါတယ်။ တစ်ခုက အသွေးအသား၊ တစ်ခုက ငွေပါ။ ဒါ့ကြောင့် ကျွန်တော်ရောက်သွားရင် သူတို့လေးတွေ ပျော်နေကြပါတယ်။ ကျွန်တော်က သူတို့ကိုသူငယ်ချင်းတွေလို ဆက်ဆံတာကိုး။
သူတို့ဘ၀ကို အကာအကွယ်ပေးမယ့်သူဆိုလို့ သူတို့ရဲ့ BK ပဲရှိပါတယ်။ ကျန်တာကတော့ သူတို့ဆီက အသွေးအသားနဲ့ ငွေကိုပဲ နည်းအမျိုးမျိုးနဲ့ ယူနေကြတာပါ။ သူတို့ဟာ သန်း ၆၀ သော ပြည်သူ တွေထဲမှာပါတဲ့ ပြည်သူတွေပါပဲ။  SW ဖြစ်တာနဲ့ သူတို့ရဲ့အမျိုးသမီး အခွင့်အရေးကို ကျွန်တော်တို့ အသိအမှတ်မပြုသင့်ဘူး လား။ သူ့ဝဋ်ကြွေးပါလို့ သူဖြစ်တာဆိုပြီး လောကဓံရဲ့ ရိုက်ပုတ်မှုကြောင့် ဒဏ်ရာရနေတဲ့ ဘ၀တွေဆီက ရှိုက်သံတွေကို ကျွန်တော်တို့ ဥပေက္ခာပြုလိုက်ကြမယ်ဆိုရင် တရားပါ့မလား။
NLD က ဒေါ်စန္ဒာမင်းက ပြည့်တန်ဆာကို ဥပဒေနဲ့ အသိအမှတ်ပြုပေးဖို့ တောင်းဆိုတဲ့အခါ လူအများစုက ကန့်ကွက်ကြပါတယ်။ ကျွန်တော်နဲ့ NLD က ဒေါ်စန္ဒာမင်း နိုင်ငံရေးခံယူချက်ခြင်း မတူပါဘူး။ ဒါပေမယ့် SW တွေအတွက် တောင်းဆိုတဲ့ သူ့ရဲ့ အဆိုပြုချက်ကိုတော့ ကျွန်တော်သဘောတူပါတယ်။

SW တွေထဲမှာ မိန်းမလည် သိန်းကြွယ်တွေ၊ လူလိမ်တွေလည်း ပါပါတယ်။ မိတ်ဆွေတို့ ကျွန်တော်တို့ သာမန်လူတွေကြားထဲမှာလည်း အဲဒီလိုလူမျိုးတွေ ရှိနေတာ ပါပဲ။ သူတို့လေးတွေ ဘ၀ကို စာနာတဲ့အနေနဲ့ သူတို့ကို အကာအကွယ်ပေးမယ့် ဥပဒေကို ထောက်ခံမယ့်သူတွေ များများပေါ်ပေါက်လာပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။
ဒါဟာ ယိုးဒယားက ပက်ပုံးလို အမျိုးသားရေးသိက္ခာကျတဲ့အထိ ထင်ရာမြင်ရာလျှောက်လုပ်ခွင့်ပေးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ စည်းနဲ့၊ ကမ်းနဲ့ စနစ်တကျ မှတ်ပုံ တင်ပြီး အကာအကွယ်ပေးဖို့ပြောတာပါ။ အဲဒီလို အကာအကွယ်ပေးထားရင် သူတို့ကို အနိုင်ကျင့်နှိပ်စက်လို့ မရနိုင်တော့သလို တစ်ဖက်က ကြည့်ရင်လည်း   HIV/AIDS Prevention အတွက် အထောက် အကူအများကြီးဖြစ်ပါတယ်။

တချို့စိုးရိမ်သလို နိုင်ငံခြားသားက ငွေထုပ်ပိုက်ပြီး Brothel Houses တွေ မထူထောင်နိုင်အောင်တော့ ဥပဒေနဲ့ တားမြစ်ထားဖို့လိုပါတယ်။ သူတို့လေးတွေ ဘ၀ကို စာနာနားလည်မှုမပေးဘဲ ဥပေက္ခာပြုထားလိုက်မယ် ဆိုရင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဘာသာခြားတွေရဲ့ ပစ်မှတ်၊ အကြမ်းဖက်သမားတွေရဲ့ သားကောင်ဖြစ်မသွားဘူးလို့ မပြောနိုင်ပါဘူး။ နာနေတဲ့ ဘ၀မှာ ထပ်နာစရာ ဘာများရှိဦးမှာတဲ့လဲ။

လူ့အဖွဲ့အစည်းတိုင်းမှာ လူဆိုး၊ လူကောင်းဆိုတာ နေရာတကာမှာ ရှိပါတယ်။ ရှစ်စပ်က ဂျင်ဂျင်လည်တဲ့ SW တချို့ကိုကြည့်ပြီး  SW တိုင်း ဒီလိုချည်းပဲလို့ မှတ်ယူ လို့မရပါဘူး။

မညွှတ်ချင်ဘဲ ညွှတ်လိုက်ရတဲ့ ဒူးတွေ၊ မဖြေချင်ဘဲ ဖြေလိုက်ရတဲ့ ဆံမြိတ်တွေ၊ ကျစရာမျက်ရည် မကျန်တော့လောက်အောင် ရင်ထဲမှာ ခန်းခြောက်သွားတဲ့ မြစ် တွေဆိုတာ ဖတ်ကောင်းအောင်ရေးထားတဲ့ ၀တ္ထုတစ်ပုဒ် မဟုတ်ပါဘူး။
ဒါဟာ မိတ်ဆွေတို့ ကျွန်တော်တို့လောက် ကံမကောင်းရှာတဲ့ ကျွန်တော်တို့နိုင်ငံသားတွေပါ။ နန်းထိုက်တော်ဝင် ပန်းသဇင်မဟုတ်ပေမယ့် အရိုင်းပန်းလေးတွေ ဟာလည်း မိတ်ဆွေတို့ မေတ္တာနဲ့ ပွင့်လန်းနိုင်ပါတယ်။

ရဲကျော်သူရ (မြစ်မခ)
The Farmer - ဒဏ်ရာရ အရိုင်းပန်းတွေရဲ့ ရှိုက်သံကို ဥပေက္ခာပြုလိုက်ရင် တရားပါ့မလား

Friday, January 30, 2015

မုဒိမ်းမှုတွေ ဘယ်လိုတားဆီးမလဲ



မုဒိမ်းမှုလို့ ဆိုလိုက်တာနဲ့ စက်ဆုပ်ရွံရှာ မုန်းတီး ဖွယ် ပြစ်မှုဆိုတာ အသိဉာဏ် ဆင်ခြင် တုံတရား ရှိသူတိုင်း သိကြပါတယ်။

ဖျက်မရတဲ့ အမည်းစက်၊အစားထိုးမရတဲ့ နစ် နာဆုံးရှုံးမှု၊ ကျူးလွန်ခံရသူနဲ့ မိသားစု အသိုင်း အဝိုင်းပါ အရှက်တကွဲ အကျိုးနည်းဖြစ်ရတဲ့ အပြင် ပြန်တွေး မိတိုင်း ဝမ်းနည်းကြေကွဲမှုတွေ ဖြစ်စေနိုင်တဲ့ ယုတ်မာ ရက်စက်မှု ဖြစ်ပါတယ်။

ဒါကြောင့် မုဒိမ်းမှုတွေကို ထိထိရောက် ရောက် ကာကွယ်တားဆီးဖို့လိုအပ် ပါတယ်။ ကာကွယ်တားဆီးမယ်ဆိုရင် ရှေးဦးစွာ လက် တွေ့အကျိုးရှိ ထိရောက် မယ့် နည်းလမ်းကို စူး စမ်းရှာဖွေရမှာဖြစ်ပါတယ်။

ပြဿာနာတစ်ခုရဲ့အဖြေကိုရှာမယ်ဆို တော့ ပြဿနာရဲ့ဇာစ်မြစ်ကို လိုက်ဖို့လိုပါမယ်။ ကျွန်တော် ကတော့ (၁) ပြစ်မှုကျူးလွန်သူရဲ့ ဗီဇနဲ့ ဆင်ခြင်တုံတရားကင်းမဲ့မှု၊ (၂) လိင် စိတ်နှိုးဆွသော လုပ်ဆောင်မှုများနဲ့ (၃) မုဒိမ်း မှုကျူးလွန်ရန် အခြေအနေ ဖြစ်ပေါ်စေမှုများ ဟာ မုဒိမ်းမှုများဖြစ်ပွားရခြင်းရဲ့ အဓိက အ ကြောင်းရင်းများဖြစ်တယ်လို့ မြင်ပါတယ်။

မကွယ်မဝှက် ဝန်ခံကြစတမ်းဆိုရင် လူ အတော်များများဟာ ဆန့်ကျင်ဘက် လိင်နဲ့ ထိတွေ့ဆက်ဆံ သာယာမိန်းမူးလိုကြပါတယ်။ ဒါပေမဲ့ အသိဉာဏ် ဆင်ခြင်တုံတရားရှိသူ၊ ကျင့်ဝတ်သိက္ခာစောင့်စည်းသူတွေက ကိုယ့် ကာမပိုင် မဟုတ်တဲ့ ဆန့်ကျင်ဘက်လိင်နဲ့ အ ပျော်ကျူးခြင်းဟာ လူယဉ်ကျေးတွေရဲ့ အ ပြုအမူ မဟုတ်ဘူး၊ လူ့အဖွဲ့အစည်းက လက် ခံနိုင်တဲ့အမှုမဟုတ်ဘူး။ လူကျင့်ဝတ် သိက္ခာ နဲ့မညီဘူးလို့စဉ်းစားပြီး စောင့်စည်းထိန်းသိမ်း ကြပါတယ်။ သန္ဓေပါဉာဉ်ဆိုးရှိပြီး အသိဉာဏ် ခေါင်းပါး၊ ဆင်ခြင်တုံတရားကင်းမဲ့သူတွေ ကတော့ အခွင့်သာတာနဲ့ စိတ်အလိုလိုက်ပြီး ကာမေသုမိစ္ဆာစာရလို့ခေါ်တဲ့ ကာမမှောက် မှားမှုတွေ ကျူးလွန်ကြပါတယ်။

ဘယ်သူက မွေးရာပါဉာဉ်ဆိုးရှိပြီး မုဒိမ်း မှုကျူးလွန်မယ့်သူ၊ ဘယ်သူက ဆင်ခြင် တုံတရား ကင်းမဲ့သူဖြစ်သလဲဆိုတာ မသိနိုင်လို့ အဲဒီ လူမျိုးကို စောင့်ကြည့် ထိန်းသိမ်းဖို့ဆိုတာ မ ဖြစ်နိုင်ပါဘူး။ အဲဒီလိုလူမျိုးတွေ အတွက်က တော့ မုဒိမ်းမှုကျူးလွန်သူများကို ထိထိ ရောက်ရောက်ပြစ် ဒဏ်ပေးခြင်းဖြင့် တရားခံ ကိုယ်တိုင်နောင်ကြဉ်အောင်နဲ့ အလားတူပြစ် မှု ကျူးလွန်မယ့် သူများကို ဟန့်တားနိုင်အောင် လုပ်ရမှာဖြစ်ပါတယ်။

ဒီအပိုင်းက ရဲ၊ ဥပဒေဝန်ထမ်း စတဲ့ တရား စွဲအဖွဲ့အစည်းများနဲ့ တရားသူကြီး များရဲ့ တာ ဝန်ဖြစ်ပါတယ်။ တရားစွဲအဖွဲ့အစည်းများက မုဒိမ်းမှုကျူးလွန်သူကို မှန်မှန် ကန်ကန်ဖော် ထုတ်ဖမ်းဆီး တရားစွဲနိုင်အောင် ဆောင်ရွက် ရမှာဖြစ် သလို တရားသူကြီးများကလည်း တာ ဝန်သိသိ သစ္စာရှိရှိနဲ့ ပြစ်မှု အလျောက် ထိ ရောက်ဟန့်တားတဲ့ ပြစ်ဒဏ်ချမှတ်ဖို့ လိုပါ တယ်။ လာဘ်တန်စိုးနဲ့ ဖြားယောင်း ရာပါပြီး လောကကိုအန္တရာယ်မပြုမိဖို့ သတိထားကြ ရပါမယ်။

ဒါပေမဲ့ တစ်ခါတစ်ရံ သဘောတူခိုးရာ လိုက်ပြေးကြပြီးမှ မိန်းကလေးမိဘက မကျေ နပ်လို့ လူခိုးမှု၊ မုဒိမ်းမှုများနဲ့တိုင်တန်းခြင်း၊ နှစ်ဦး သဘောတူပျော်မြူးကြပြီး မပြေလည် တဲ့အခါကျမှ မုဒိမ်းမှုနဲ့လီဆယ်စွဲဆိုခြင်း၊ လူငယ်ချင်း ချစ်ကြိုက်လို့ခိုးပြေးပြီး ပေါင်းသင်း ကြပေမယ့် မိန်းကလေးရဲ့ အသက် ၁၄ နှစ်မပြည့် လို့ မုဒိမ်းမှုဖြစ်ရခြင်း စသည်များရှိတတ်တာ ကိုလည်း သတိမူပြီး မှန်မှန်ကန်ကန် မျှမျှတ တဖြစ်အောင် ချင့်ချိန်ဆောင်ရွက်ကြဖို့လိုပါ မယ်။

မုဒိမ်းမှုဖြစ်ပွားရခြင်းရဲ့ နောက်အကြောင်း ရင်းနှစ်ရပ်ကိုတော့ အားလုံး ဝိုင်းပြီးလုပ်ကြ ရမယ်လို့မြင်ပါတယ်။ နံပါတ် ၂ အကြောင်း ရင်းက လိင်စိတ်နှိုး ဆွတဲ့ လုပ်ဆောင်မှုများ ဖြစ်ပါတယ်။ ဒီခေတ်မှာ လိင်စိတ်နှိုးဆွတဲ့ အ ပြုအမူတွေ အလွန်များလာပါတယ်။

ကျွန်တော်တို့ လူလတ်ပိုင်းအရွယ် ၁၉၈၀ ပြည့်နှစ်မတိုင်မီလောက်အထိ အပြာကား (Blue Picture) ဆိုတာ အသုံးအနှုန်းနည်းတဲ့ စကားဆန်း တစ်ခုသဖွယ်ပဲ ရှိခဲ့ပါတယ်။ ကြား ဖူးရုံကြားဖူးပြီး ခပ်ရှုပ်ရှုပ် ခပ်ပွေပွေ မဖြစ်စ လောက်လူနည်းစုမျှသာ အဲဒီကားမျိုးကြည့် ဖူးကြပါတယ်။

ဒီနောက်ပိုင်း ဗီဒီယိုတိတ်ခွေတွေ တွင် ကျယ်လာတော့ အပြာကား ဆိုတာကြည့် ဖို့ မခဲယဉ်းလှတဲ့ အခြေအနေဖြစ်လာရာက ကနေ့ DVD ခေတ် မှာတော့ မကြည့်ချင်အ ဆုံးဖြစ်လာခဲ့ပါပြီ။ အပြာကားတွင်လားဆို တော့ အပြာကား အမည်မခံတဲ့ တစ်ခြားဇာတ် လမ်း၊ သီချင်းခွေတွေမှာ လိင်စိတ်နှိုးဆွတဲ့ အက၊ လှုပ်ရှားမှု၊ ဝတ်စားမှု၊ အပြောအဆို တွေ အများအပြားတွေ့ရမှာဖြစ်ပါတယ်။ ကျွန် တော်တို့ငယ်စဉ်က (Lip Kiss) ဆိုတာ အ ဆန်းဖြစ်ခဲ့ပေမယ့် ဒီနေ့ လူငယ်တွေကတော့ (Child’s play) လို့ပြောကြမယ်ထင်ပါတယ်။ ငယ်သူတွေ ကကြီးသူတွေထက် ပိုနှံ့စပ်ကြပါ သေးတယ်။ ကလေးတွေ အတော်ငယ်ငယ် အရွယ် ကတည်းက လိင်မှုကိစ္စစိတ်ဝင်စားမှုရှိ နေကြပါပြီ။

အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်စတဲ့ (Show Biz) သမားတွေ၊ ဖက်ရှင် ဒီဇိုင်နာ တွေကလည်း မိန်းကလေးတွေရဲ့ ကာကွယ် ထိန်းသိမ်းရမယ့် အတွင်းပိုင်းအသားအရေတွေကို နည်းအမျိုးမျိုးနဲ့ဖော်ဖို့ ကြိုးစားကြပါ တယ်။ ရင်ဘတ်က၊ ကျောက၊ ဖောက်တယ်၊ ဝိုက်တယ်။ ရင်သားအပေါ်ပိုင်းကနေ တဖြည်း ဖြည်းအကုန်လုံးပြဖို့ကြိုးစားကြတယ်။ ကျော တစ်ပြင်လုံး မြီးညောင်းရိုးထိ၊ ရှေ့ပိုင်းချက် အောက်ထိပြဖို့ကြိုးစားကြတယ်။ ထဘီ စကတ် အောက်ကခွဲတော့ ပေါင်လယ်အထိပေါ်တယ်။ အဝတ်ဝတ် ထားပေမယ့် ဝတ်မထားဘူးထင်ရတဲ့ ဒီဇိုင်းမျိုးထွင်တယ်။ အလှအပအတွက်၊ အလှ အပပြဖို့လို့ ဆင်ခြေပေးစရာရှိပေမယ့် လိင် စိတ်နှိုးဆွတဲ့ရည်ရွယ်ချက်နဲ့ အာနိသင်ရှိတယ် ဆိုတာကတော့ မငြင်းနိုင်ဘူး ထင်ပါတယ်။

အဲဒီလူတွေကိုတုပြီး အရပ်ထဲက မိန်းက လေးကြီးကြီးငယ်ငယ်တွေကလည်း ဝတ်ကြ စားကြပါတယ်။ အဲဒီလိုအဝတ်အစားတွေနဲ့ပဲ ယောက်ျားလေးတွေနဲ့ တွဲသွားတွဲလာ၊ စက် ဘီး၊ ဆိုင်ကယ်အတူစီး၊ အတူနေစသည်ဖြင့် လုပ်ကြ ပါတယ်။ မိန်းကလေးနဲ့ယောက်ျား လေး ရင်းနှီးပူးကပ်လွန်းခြင်း ကလည်း ကာမ စိတ်နှိုးဆွသလိုဖြစ်နိုင်တယ်ဆိုတာ အငြင်း ပွားစရာမရှိပါဘူး။ Living together ကို လက်ခံကျင့်သုံးသူတွေရှိလာကြပြီး အဲဒါကို ပဲ အခြေအနေအရ လုပ်ရသယောင်သာသာ ထိုးထိုးရေးသူ ကလည်း ရေး တာတွေ့ရပါတယ်။

ဒီခေတ်လူမှုဝန်းကျင်မှာ လိင်စိတ်နှိုး ဆွတဲ့လုပ်ဆောင်မှုတွေ များလွန်းတဲ့ အတွက် ယောက်ျားကြီး၊ ငယ်၊ ရွယ်၊ လတ်တွေမှာ ကာမရာဂ စိတ်တွေနိုးကြွနေနိုင် ပါတယ်။ အဲဒီ စိတ်တွေကို ဖြေဖျောက်ချင်တဲ့ဆန္ဒနဲ့ ဆင်ခြင် တုံတရားကင်းမဲ့မှုပေါင်းစပ်ပြီး အခြေအနေ ပေးမှုနဲ့ကြုံရတဲ့အခါ မုဒိမ်းမှုဖြစ်တတ်ပါတယ်။

ဒီခေတ်မှာ မုဒိမ်းမှုဖြစ်နိုင်တဲ့ အခြေအနေ ပေးတာတွေလည်း များလှပါတယ်။ ကျွန် တော်တို့ငယ်စဉ်က မိန်းကလေးနဲ့ယောက်ျား လေး လွန်ကျူးတဲ့အထိ လွတ်လွတ် လပ်လပ်တွေ့ဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်။ တစ် အိမ်စက်ဘီး တစ်စီးတောင်အနိုင်နိုင်မို့ ဝေး ဝေးလံလံသွားဖို့လည်း မလွယ်ပါဘူး။

ဒီခေတ်မှာတေ့ အရမ်းလွယ်ကူနေပါပြီ။ ဆိုင်ကယ်တွေ၊ ကားတွေပေါတဲ့ခေတ်မို့ မိုင် ၄၀^၅၀ တောင် အလွယ်တကူသွားနိုင်ပါတယ်။ အနီးအနားမြို့တွေ ထိ ခြေဆန့်နိုင်ကြပါတယ်။ ရောက်လေရာမှာ တည်းခိုခန်းတွေ ကလည်း ပေါ လှပါတယ်။ ဒီဘက်မြို့^ရွာကလူက ဟို ဘက်မြို့ရွာသွားပြီး ပျော်ကြပါးကြ တာတွေ ရှိ လာပါတယ်။

မိန်းကလေးတွေက ယောက်ျားလေးတွေ နဲ့ အချိန်အခါ နေရာဒေသမရွေး သွားကြပါ တယ်။ ပွဲလမ်းသဘင်တွေကို အချိန်မတော် သွားကြတယ်။ မိဘများ ကလည်း သားသမီး တွေရဲ့ အနေအထိုင်အသွားအလာကို ထိန်း သိမ်းပဲ့ပြင် မှုတွေ နည်းလာဟန်တူပါတယ်။

တချို့မိဘတွေက လုံခြုံစိတ်ချရမှုမရှိတဲ့ အခြေအနေမှာ သမီးကို အိမ်မှာ တစ်ယောက် တည်းထားခဲ့တာ။ သမီးကို လူသူကင်းဆိတ်တဲ့ ယာထဲ၊ ကိုင်းထဲ၊ တောထဲ အလုပ်ခိုင်းတာ၊ လူသူပြတ်လပ်တဲ့နေရာတွေ၊ လမ်းတွေကို ကြွေးတောင်းခိုင်းတာ၊ ပစ္စည်းယူခိုင်း၊ ပို့ခိုင်းတာ၊ စိတ်ချရသလား မသေချာတဲ့သူတွေနဲ့ အတူနေအတူသွားလာ လုပ်ကိုင်ခိုင်းတာတွေ လုပ်ကြပါတယ်။ မိန်းကလေးတွေ ကျူရှင် တွေ၊ ကျောင်းတွေ အဖော်မပါ အချိန်မတော် သွားကြတာလည်းရှိပါတယ်။

အဲဒီလိုတွေကြောင့် သမီးရည်းစားအ လည်လွန်ရင်း မုဒိမ်းမှုဖြစ်တာ၊ သမီး ရည်းစား ပွဲသွားရင်း ပွဲခင်းအပြင်ဘက် အစွန်အဖျားကို ထွက်ရာ က ယောက်ျားလေးက မိန်းကလေး ကို မုဒိမ်းကျင့်တာ၊ တခြားလူတွေ က ယောက်ျား လေးကိုရိုက်နှက်ပြီး မိန်းကလေးကို မုဒိမ်းကျင့် တာ၊ အိမ်မှာ ကလေးငယ်တွေနဲ့ ထားခဲ့တဲ့ သမီးပျိုလေးကို မုဒိမ်းကျင့်ခံရတာ၊ မိန်းက လေး တစ်ယောက်တည်း ယာထဲကိုင်းထဲတောထဲ ဟင်းသီးဟင်းရွက်ခူး၊ ထင်းရှာရင်း မုဒိမ်းကျင့်ခံ ရတာ၊ ကြွေးတောင်းရင်း၊ ပစ္စည်းပို့သွားရင်း မုဒိမ်းကျင့်ခံရတာ၊ သမီးပျိုကို ဆိုက်ကားသမား နဲ့ ဈေးသွားခိုင်းရင်း ဆိုက်ကားသမားရဲ့ မုဒိမ်းကျင့်ခံရတာ၊ ကျောင်းဆရာ၊ ကျူရှင် ဆရာရဲ့ မုဒိမ်းကျင့်ခံရ တာမျိုးတွေ ဖြစ်တတ်တာ တွေ့ရပါတယ်။

မိန်းကလေးတွေနဲ့ မိဘအုပ်ထိန်းသူတွေ ရဲ့ ဆင်ခြင်တုံတရားနည်းပါးတဲ့ အပြုအမူတွေ က လိင်စိတ်နိုးကြားပြီး သာယာမှုရှာချင်နေတဲ့ မိုက်မဲသူတွေကို မုဒိမ်းမှုကျူးလွန်ဖြစ်အောင် အခြေအနေဖန်တီးပေးသလိုဖြစ်တတ်ပါတယ်။

ဒါကြောင့် လိင်စိတ်နှိုးဆွသလိုဖြစ်မယ့် ကိစ္စတွေ၊ မုဒိမ်းကောင်တွေကို အခြေအနေဖန် တီး ပေးသလိုဖြစ်နိုင်တဲ့ကိစ္စတွေကို သတိပြု ဆင် ခြင်ခြင်း၊ တာဝန်ရှိသူများအပါအဝင်တို့က လက်တွေ့ကျကျထိန်းသိမ်းခြင်း၊ ပညာပေး ခြင်းတွေပြုလုပ်သင့်ပါတယ်။ ယဉ်ကျေးသိမ် မွေ့သိက္ခာရှိတဲ့ အမျိုးကောင်းသား၊ အမျိုး ကောင်းသမီးတို့ရဲ့ ဂုဏ်အင်္ဂါကို မြတ်နိုးထိန်း သိမ်းတတ်တဲ့စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တတွေ ဖြစ်အောင် ဆရာ၊ မိဘ၊ လူကြီးသူမတွေက ရင်အုပ်မကွာ သွန်သင်ဆုံးမ နည်းပေးလမ်း ပြမှုတွေ လုပ်ကြ ရမှာဖြစ်ပါတယ်။ ဆုတ်ကပ် ကာလဖြစ်ပြီး မသူတော်တွေ တွင်ကျယ် အ ရေးပါနေတဲ့ခေတ်မို့ အခက်အခဲတော့ရှိပါ လိမ့်မယ်။ ဘာပဲပြောပြော အဲဒီလို အသိစိတ် ဓာတ်လေးတွေနဲ့ အားလုံးဝိုင်းလုပ်ကြရင် မုဒိမ်းမှု တားဆီး ကာကွယ်ရေးကို အတိုင်းအတာ တစ်ခုထိ အကျိုးပြုနိုင် မှာသေချာပါတယ်။

မုဒိမ်းမှုတားဆီးဖို့ကိစ္စမှာ ဟိုလူ၊ ဒီလူ တွေကို အပြစ်ဖို့ပြောဆိုနေခြင်းထက် လက် တွေ့ဆောင်ရွက်အောင်မြင်နိုင်မယ့် နည်းလမ်း ကောင်းတွေ စူးစမ်းဖော်ထုတ် အကောင်အ ထည်ဖော်ခြင်းက ပိုပြီးအကျိုးဖြစ်ထွန်းဖို့ မျှော် လင့်နိုင်ပါလိမ့်မယ်။

|| ဆောင်းပါး - ဖိုးသုဥာဏ် ||
https://www.facebook.com/News.TheLadies

Thursday, January 29, 2015

အယ်ဒီတာ အာဘော်အချို့



(1) အမျိုးသားပညာရေး ဥပဒေနှင့် ကျောင်းသားသမဂ္ဂများ

စိတ်ပျက်စရာ အတိဖြင့် ပြည်သူများ မျှော်လင့်ချက် ကင်းမဲ့သည်ထက် ကင်းမဲ့လာနေပြီး ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့ သက်တမ်းသည်လည်း ကုန်ဆုံးရန် နီးကပ်သည်ထက် နီးကပ်လာနေချိန် ကျောင်းသားများ၏ အမျိုးသားပညာရေး ဥပဒေကို ခရီးရှည် ချီတက်ဆန္ဒပြမှုကို အားလုံးက စောင့်ကြည့်နေကြသည်။ ကျောင်းသားသပိတ်မှသည် ဆူပူအုံကြွမှုများ ဖြစ်ပွားမည်ကို စိုးရိမ်သူက စိုးရိမ်နေကြပြီး အကြမ်းဖက် ဖြိုခွင်းခံရမည့် အရေးကိုလည်း ကျောင်းသားမိဘများနှင့်အတူ ပြည်သူအများ ရတက်မအေးနိုင်ရှာပေ။

အာဏာပိုင်တို့က ဗဟိုချုပ်ကိုင်မှုဖြင့် ၎င်းတို့စိတ်ကြိုက် တစ်ဖက်သတ် ရေးဆွဲထားသည့် အမျိုးသားပညာရေး ဥပဒေသည် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် မရရှိစေရေး အတွက်လည်း ဦးတည်ထားသည်။ ခေတ်အဆက်ဆက် အာဏာရှင်တို့သည် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် မရရန် ဖိနှိပ်ထားခဲ့ကြသည်။ ကျောင်းသားသမဂ္ဂများကြောင့် ကျောင်းသားများ နိုင်ငံရေးနိုးကြားလာပြီး ၎င်းတို့ကို ဆန့်ကျင်လာမည်ကို စိုးရိမ်ကြသောကြောင့်ဖြစ်သည်။

အမှန်တကယ်၌ ကျောင်းသားများ တာဝန်ကိုယ်စီဖြင့် အသင်းလိုက် ဆောင်ရွက်နိုင်ရေးကို လေ့ကျင့်ပေးရာ၌ လည်းကောင်း၊ ပညာနှင့် အသိအမြင် ဖလှယ်ရေး၌ လည်းကောင်း၊ ပြောဆိုဆွေးနွေး ညှိနှိုင်းပူးပေါင်း လုပ်ဆောင်ရာ၌ လည်းကောင်း၊ ကျောင်းသားသမဂ္ဂများက အရေးပါသည်။ ယနေ့ ကျောင်းသားများသည် နောင်အခါတွင် တိုင်းပြည်တာဝန်များ အသီးသီး ထမ်းဆောင်ကြမည် ဖြစ်သောကြောင့် အများနှင့် ပူးပေါင်းလုပ်ဆောင်တတ်သော အလေ့အထများကို ကျောင်းသားဘ၀ကတည်းက လေ့ကျင့်ပြင်ဆင်ထားရန် လိုအပ်သည်။ ထို့ပြင် ကျောင်းသားများ အနေဖြင့် မိမိအခွင့်အရေးကို သိတတ်လျက် ယင်းအခွင့်အရေးအတွက် တိုက်ပွဲဝင်ရကောင်းမှန်း သိသည့် အသိစိတ်ဓာတ်များ ရရှိလာရန်အတွက် ကျောင်းသားသမဂ္ဂများက များစွာ အရေးပါသည်။

အင်္ဂလိပ် ကိုလိုနီဘ၀၌ ရှိစဉ်မှသည် ၁၉၆၂ တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့သည့် အချိန်အလယ် ၁၉၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှုများ အဆုံး ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂများ တက်ကြွစွာ ပါဝင်ခဲ့ကြသည်။ အမှန်တကယ်၌ အေးချမ်းစွာ ပညာသင်ကြားရေးဟူသည် အေးချမ်းသည့် အနေအထား၌သာ ဖြစ်နိုင်ပြီး အခွင့်အရေးများ ဆုံးပါးလျက် မျှော်လင့်ချက် ကင်းမဲ့နေသော အနေအထား၌ ကျောင်းသားများ မည်ကဲ့သို့ အေးချမ်းစွာ ပညာသင်ယူနိုင်မည်နည်း။ ထို့ကြောင့် ကျောင်းသားများ အေးချမ်းစွာ ပညာသင်ယူနိုင်မှု မရှိခြင်းသည် မည်သူ့အပေါ်တွင် တာဝန်ရှိသနည်း။ ယနေ့တွင် ကျောင်းသားများ သပိတ်မှောက် ဆန္ဒပြခြင်းကို အပြစ်ဆိုနေကြသူများ အနေဖြင့် ကျောင်းသားများ နိုင်ငံရေး နိုးကြားလာခြင်း မရှိပါက သို့မဟုတ် ကျောင်းသားသမဂ္ဂများ မရှိခဲ့ပါက မြန်မာနိုင်ငံ သူ့ကျွန်ဘ၀မှ လွတ်မြောက်လျက် လွတ်လပ်ရေး ရရှိရန်မှာ လွန်စွာခက်ခဲ ကြန့်ကြာခဲ့နိုင်ကြောင်း၊ ယခု အနေအထားသို့ပင် ရောက်ရှိလာမည် မဟုတ်ဘဲ စစ်အာဏာရှင် အစိုးရလက်အောက်၌ ပြားပြားဝပ်နေလိမ့်မည်ဖြစ်ကြောင်း သတိချပ်သင့်သည်။

သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့်လည်း ကျောင်းသားများကို နှိပ်ကွပ်ခြင်းသည် မိမိနိုင်ငံ၏ အနာဂတ်ကို နှိပ်ကွပ်ခြင်းဖြစ်ကြောင်း သတိပြုသင့်သည်။ ထူးချွန်ထက်မြက်သည့် ကျောင်းသားမှန်သမျှ မိမိတို့ အခွင့်အရေးကို နားလည်သဘောပေါက်ပြီး ယင်းအတွက် လိုအပ်သလို ဆောင်ရွက်မည်သာ ဖြစ်သည်။ ယင်းကဲ့သို့သော ကျောင်းသားများကို နှိပ်ကွပ်လိုက်ခြင်းသည် မိမိနိုင်ငံ၏ အနာဂတ်ကို ယခုကတည်းက ကြို၍သတ်ပစ်လိုက်ခြင်း မည်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် ကျောင်းသားများနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း သို့မဟုတ် ထောင်ချောက်ဆင်နှိပ်ကွပ်ခြင်း မပြုဘဲ အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ ပြန်လည်စဉ်းစားကာ ညှိနှိုင်းဆောင်ရွက်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် 

(2) သံသယနှင့် အမုန်းတရားများကို အမှန်တရားကသာချေဖျက်နိုင်သည်

ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေးဆရာမနှစ်ဦးအသတ်ခံခဲ့ရသည်မှာ ယနေ့ (ဇန်န၀ါရီ ၂၉) ဆိုလျှင် ၁၀ ရက်ပြည့်ပြီဖြစ်သည်။ သို့သော် ဖြစ်စဉ်နှင့်ပတ်သက်သော စုံစမ်းစစ်ဆေးမှုပြုလုပ်နေဆဲအခြေအနေသာဖြစ်ပြီး ပြစ်မှုကျူးလွန်သူ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

ယခင်ကပေါ်ပေါက်ခဲ့ဖူးသော အလွတ်တန်းသတင်းထောက် ကိုပါကြီးသေဆုံးမှုကဲ့သို့ အချိန်ကာလတစ်ခုကြာမြင့်နေသော်လည်း ဖြစ်စဉ်နှင့်ပတ်သက်သည့် တိကျသောအဖြေ မဖော်ထုတ်နိုင်မှုအပေါ် စောင့်ကြည့်ဝေဖန်မှုများရှိနေသည်။ အများစိတ်ဝင်စားသော၊ အများနှင့်သက်ဆိုင်သော ဖြစ်စဉ်ဖြစ်ရပ်များနှင့်ပတ်သက်၍ မှန်ကန်သော ရလဒ်အဖြေရှာဖွေဖော်ထုတ်ရန်မှာ သက်ဆိုင်ရာ၏တာဝန်သာဖြစ်သည်။

သို့ပါ၍ ယခု ကချင်ခရစ်ယာန်သာသနာပြုလုပ်အားပေးဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရပြီး ရက်စက်စွာသတ်ဖြတ်ခံရမှုအပေါ် အဖြစ်မှန်ပေါ်ပေါက်ရန် ကချင်တိုင်းရင်းသားများသာမက တစ်နိုင်ငံလုံးမှပြည်သူများက လိုလားနေကြပြီဖြစ်သည်။ လတ်တလောသတင်းများအရ အခင်းဖြစ်ပွားခဲ့သည့် မူဆယ်ခရိုင်အတွင်းရှိ ကောင်းခါးကျေးရွာမှ အမျိုးသားအမျိုးသမီး ရွာသား ၃၀ ဦးကို ပြည်နယ်ရဲမှူးဦးဆောင်၍ စစ်ဆေးနေကြောင်း၊ တပ်မတော်သား ၃၀ ကျော်ကိုလည်း လိုအပ်သောစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်န၀ါရီ ၂၅ ရက်က ကောင်းခါးဒေသခံများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတွေ့ဆုံထားပြီး အမှုမှန်ပေါ်ပေါက်ရန် ၀ိုင်းဝန်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကျူးလွန်သူမှာ တပ်မတော်ဘက်မှဖြစ်ပါက တပ်စည်းကမ်းများအတိုင်း အရေးယူမည်ဖြစ်ကြောင်း၊ အရပ်ဘက်မှဖြစ်ပါက အရပ်ဘက်ဆိုင်ရာ ဥပဒေများအတိုင်း အရေးယူမည်ဖြစ်ကြောင်း တပ်မတော်ဘက်မှတာဝန်ရှိသူများက ပြောကြားထားသည်။

အသက် ၂၀ အရွယ် ဆရာမလေးနှစ်ဦးသည် ပြီးခဲ့သည့် ဇန်န၀ါရီ ၁၉ ရက် ညပိုင်းက အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်က တာဝန်ဖြင့်စေလွှတ်ထားသော ခရစ်ယာန်သာသနာပြု လုပ်အားပေးဆရာမများဖြစ်သည်။ အခင်းဖြစ်ဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆန်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာရှိ ဘုရားကျောင်းဝင်းတွင်ဖြစ်သည်။
အဆိုပါဒေသတွင် ယင်းကဲ့သို့ကိစ္စမျိုးမပေါ်ပေါက်ဖူးကြောင်း ဒေသခံများကပြောကြားထားသလို အခင်းမဖြစ်ပွားမီက အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် စကခ (၁) လက်အောက်ခံ ခမရ (၅၀၃) တပ်မတော်စစ်ကြောင်း ကောင်းခါးရွာတွင်ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်နေကြောင်းသိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အမြင်အမျိုးမျိုး၊ အယူအဆအမျိုးမျိုး၊ သံသယအမျိုးမျိုး၊ ထင်ကြေးအမျိုးမျိုးရှိနေသည်မှာမှန်သော်လည်း တိကျမှန်ကန်သည့်အဖြေ မထွက်ပေါ်သေးပါက မည်သူ့ကိုမျှ တိတိကျကျစွပ်စွဲ၍ရဦးမည်မဟုတ်ပေ။ သို့သော် အမှန်တရားဖော်ထုတ်ချိန် လိုအပ်သည်ထက်ပိုမိုကြာမြင့်ပါက မလိုလားအပ်သောသံသယအကျိုးဆက်များ ပေါ်ပေါက်နိုင်သည်ကို အားလုံးသတိထားရမည်ဖြစ်သည်။

ယခုကိစ္စအပေါ် သာမန်မှုခင်းဖြစ်စဉ်တစ်ခုအဖြစ်မယူဆဘဲ သက်ဆိုင်ရာတာဝန်ရှိသူအားလုံး အမှုမှန်ပေါ်ပေါက်ရန် အလေးထားဆောင်ရွက်သင့်ပါသည်။ သို့မှသာ အမှန်တရားဖော်ထုတ်နိုင်ခြင်းဖြင့် သံသယနှင့်အမုန်းတရားများကို ချေဖျက်နိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာကရေးသားအပ်ပါသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

(3) ရီဗော်လူးရှင်းနှင့် အီဗော်လူးရှင်း

အင်္ဂလိပ်ဘာသာ ရီဗော်လူးရှင်း Revolution ဆိုသည်မှာ စနစ်တစ်ခု သို့မဟုတ် အတွေးအခေါ်တစ်ရပ်ကို လုံးဝကြိုက်နှစ်သက်ခြင်း မရှိသဖြင့် အောက်ခြေမှစကာ ဆန့်ကျင်တော်လှန်ကာ အခြားစနစ်၊ အတွေးအခေါ်အသစ် တစ်ခုဖြင့် အစားထိုး ပြောင်းလဲပစ်သည့် သဘောဆောင်သည်။

၁၈ ရာစုအလယ်တွင် ကားလ်မာ့ခ်စ်၏ နိုင်ငံရေး အတွေးအခေါ်မှ အစပြုလာခဲ့သော မာ့ခ်စ်ဝါဒ သို့မဟုတ် ကွန်မြူနစ်လက်ဝဲဝါဒသည် ရီဗော်လူးရှင်းကို အခြေပြုထားသော လမ်းစဉ် ဖြစ်သည်။
အီဗော်လူးရှင်း Evolution ၏ သဘောမှာမူ သက်ရှိ၊ သက်မဲ့အရာ အားလုံးတို့၏ ဖွဲ့စည်းပုံများ၊ အသွင်သဏ္ဌာန်နှင့် အနှစ်သာရများ တရွေ့ရွေ့ ဆင့်ကဲဖြစ်ပေါ် တိုးတက်ပြောင်းလဲလာခြင်းကို ကိုယ်စားပြုသည်။

လက်ရှိ ကမ္ဘာကြီး ရုပ်ဝတ္ထုပစ္စည်းများ တိုးတက်ပြောင်းလဲလာမှု အပြင် လူတို့၏ အသိဉာဏ်ရည်များ တဖြည်းဖြည်း မြင့်မားလာခြင်းတို့သည် တစ်နည်းအားဖြင့် ချားလ်ဒါဝင်၏ အီဗော်လူးရှင်း သီအိုရီနှင့် တစ်နည်းမဟုတ် တစ်နည်း စပ်ဆက် အခြေပြုနေပေသည်။ 

ရီဗော်လူးရှင်း၏ သဘာဝကို ထပ်မံစေ့ငုကြည့်ပါက ရှိနေပြီးသား ဖွဲ့စည်းပုံ၊ ဖြစ်တည်မှုတစ်ခုကို လုံးဝအမြစ်လှန် ပြောင်းလဲပစ်တတ်သော တစ်နည်းအားဖြင့် မတူသည်များကို ဖယ်ရှားပစ်တတ်သော သဘောရှိနေပြီး အီဗော်လူးရှင်းမှာမူ တည်ရှိနေသော သက်ရှိ၊ သက်မဲ့အရာများကို နောက်ထပ် ပို၍ အားကောင်းဖွံ့ဖြိုးလာမှု၊ ပိုမိုရှည်ကြာစွာ ရှင်သန်ရပ်တည်နိုင်မှု၊ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်နိုင်မှု၊ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာမှု သဘောတို့ ပိုကဲနေသည်ကို တွေ့ရသည်။ 

မျက်မှောက်ကမ္ဘာကြီးတွင် သက်ဆိုင်ရာ ဒေသအလိုက် ရှိနေကြသည့် လူ့အဖွဲ့အစည်းတို့သည် တွေ့ကြုံနေသမျှ အသေးအဖွဲမှသည် ကြီးမားသော အရေးကိစ္စများအထိ အခြေအနေ များစွာကို ရီဗော်လူးရှင်းနည်း သို့မဟုတ် အီဗော်လူးရှင်း သဘောဖြင့် ချဉ်းကပ်သုံးသပ် အဖြေရှာနေကြခြင်းကြောင့် မည်သည့်ဒေသတွင် တင်းမာမှုများ၊ ပဋိပက္ခများ၊ စစ်ပွဲများ၊ အစွန်းရောက် သတ်ဖြတ်မှုများနှင့် ကြုံတွေ့ကာ မည်သည့်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုများ၊ တည်ငြိမ်မှုများ၊ အေးချမ်းသာယာမှုများ ရရှိနေသနည်း ဆိုခြင်းကို ရှင်းလင်းစွာ သိနိုင်ပေသည်။

ယနေ့ မြန်မာလူ့အဖွဲ့အစည်းတွင် တွေ့ကြုံရင်ဆိုင်နေရသည့် ပြဿနာများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အခွင့်အလမ်းများ၊ ရှေ့မတိုး နောက်မဆုတ် လိပ်ခဲတည်းလည်း အခြေအနေများ၊ ပုဂ္ဂိုလ်ရေး၊ အဖွဲ့အစည်းအရေး ပွတ်တိုက်မှုများ၊ အားပြိုင်မှုများ၊ ဆန္ဒဇောကြီးမှုများကိုလည်း ရီဗော်လူးရှင်းခေါ် အပြုတ်တိုက်၊ အပြတ်ရှင်း တော်လှန်ရေးနည်းဖြင့် ဖြေရှင်းကြမည်လော၊ အီဗော်လူးရှင်းခေါ် တဖြည်းဖြည်း ဆင့်ကဲတိုးတက်ပြောင်းလဲမှု ရရှိရန် ဆောင်ကြဉ်းကြမည်လော သက်ဆိုင်ရာ နယ်ပယ်အလိုက် ရှိနေကြသည့် ခေါင်းဆောင်များ၊ အဓိက တာဝန်ရှိ သက်ဆိုင်သူ Stakeholder များ ဆုံးဖြတ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၂၈-၁-၂၀၁၅)
---------------------------
Editorial, The Voice Daily Vol-2/No-249 (#‎voiceeditorial)


(4) အကောင်းလောကဓံ ခံနိုင်ဖို့

လူဖြစ်လာရင် လောကဓံကို မလွဲမသွေ တွေ့ရမှာ ဖြစ်တဲ့အတွက် ရှောင်ဖို့ ကြိုးစားမယ့်အစား သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းတတ်၊ “ခံနိုင်” ရပါမယ်။

(၁) လာဘ်လာဘ ပေါများခြင်း၊ (၂) လာဘ်လာဘ နည်းပါးခြင်း၊ (၃) အခြံအရံ ပေါများခြင်း၊ (၄) အခြံအရံ နည်းပါးခြင်း၊ (၅) ကဲ့ရဲ့ခံရခြင်း၊ (၆) ချီးမွမ်းခံရခြင်း၊ (၇) ချမ်းသာခြင်း၊ (၈) ဆင်းရဲခြင်းဆိုတဲ့ လောကဓံတရား ရှစ်ပါးနဲ့ ကြုံတဲ့အခါ မတုန်မလှုပ် အသင့်အတင့် သဘောထားတတ်ဖို့၊ ခံနိုင်ဖို့ လိုပါတယ်။

အပေါ်က ရေးထားတဲ့အထဲက စုံဂဏန်း လောကဓံ တစ်နည်း အဆိုးလောကဓံတွေကို လူတွေက ရွံမုန်းကြပြီး မဂဏန်း လောကဓံ၊ အကောင်းလောကဓံတွေကိုတော့ လိုချင်တပ်မက်ကြကာ အဲဒီလောကဓံတွေနောက် တကောက်ကောက် လိုက်ကြပါတယ်။ လောကဓံလို့ ပြောရင် အဆိုးလောကဓံကိုပဲ ပြေးမြင်ပြီး ခံနိုင်အောင် ကြိုးစားတတ်ကြတယ်။ တကယ့်လောကဓံကို ခံနိုင်ဖို့ဆိုရင် အဆိုးလောကဓံကို ခံနိုင်ရုံနဲ့ မလုံလောက်ပါဘူး။ မဂဏန်း လောကဓံ၊ အကောင်းလောကဓံနဲ့ တွေ့ရင်လည်း ခံနိုင်ဖို့ လိုပါတယ်။

ဆင်းရဲဒဏ် ခံနိုင်တယ်၊ ချမ်းသာဒဏ် မခံနိုင်ကြဘူး။ လာဘ်လာဘ နည်းပါးတုန်းက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်တဲ့လူဟာ လာဘ်လာဘ ပေါများတဲ့အခါ မာနထောင်လွှား သွားတတ်ပါတယ်။ အခြံအရံ နည်းပါးတုန်းက မိတ်ဆွေအပေါင်းအသင်းကို ကူညီတတ်သူဟာ အခြံအရံ ပေါတဲ့အခါ မိတ်ဆွေတွေကို မထီမဲ့မြင် ဖြစ်သွားတတ်ပါတယ်။ ကဲ့ရဲ့ခံရတုန်းက ခါးစည်းခံနိုင်တဲ့သူဟာ အချီးမွမ်းခံရတာ များလာချိန်မှာ “ငါ့လောက်တော်တဲ့၊ တတ်တဲ့လူ ဒီကမ္ဘာမှာ မရှိဘူး” လို့ ထင်ပြီး အမှားတွေ ပြောတတ်၊ လုပ်တတ်ပါတယ်။

အကောင်းလောကဓံကို မေ့မထားဘဲ ခံနိုင်ဖို့ လိုပါတယ်။ အကောင်းလောကဓံနဲ့ တွေ့တဲ့အခါ ရင်ဆိုင်ဖို့နည်းက “အကောင်းလောကဓံနဲ့ ငါတွေ့နေပြီ” ဆိုပြီး သိပါ။ ဒီလို စိတ်ထဲက သိလိုက်တာနဲ့ ဒီလောကဓံက ကိုယ့်ကို အနှောင့်အယှက် အဖျက်အဆီး မလုပ်နိုင်အောင် စိတ်ကလိုက်ပြီး စောင့်ကြပ်ကြည့်ရှုနေပါလိမ့်မယ်။ ဒါဆို အကောင်းလောကဓံက ကိုယ့်ကို အန္တရာယ် မပေးနိုင်တော့ပါဘူး။

အကောင်းလောကဓံကလည်း လောကဓံပါပဲ။

အယ်ဒီတာ (၂၄.၁.၂၀၁၅)

---------------------------
Editor's Word, The Voice Daily Vol-2/No-245 (#voiceeditorial)