Saturday, January 31, 2015

HIV infection stages HIV ကူးစက်ရောဂါအဆင့်များ




HIV အကြောင်း ဆရာဝန်တွေကောင်းကောင်းသိလာပါပြီ။ ကူးစက်ခံထားရသူဟာ ဆေးကုသမှု မခံယူနေဘူးဆိုရင် တချိန်မှာ ခုခံအားတွေကျဆင်းရာကနေ AIDS အဆင့်ရောက်လာပါမယ်။ သတင်းကောင်းလဲပါးပါရစေ။ (ART) ဆေးနဲ့ ကာကွယ်ထားလို့ရပါတယ်။ သူကနေ HIV ဗိုင်းရပ်စ်တွေ ပုံတူပွါးများလာမှာကို တားပေးပါတယ်။ အဲတော့ ကိုယ်ခန္ဓာက ဆက်ပြီး သန်စွမ်းနေပါမယ်။ ဒါ့ပြင် သူများကိုကူးစက်မှာကိုပါ တားနိုင်ပါသေးတယ်။

(၁) ကနဦးအဆင့်
ပိုးဝင်ခံရပြီး ၂-၄ ပါတ်မှာဖြစ်မယ်။ ဒါလဲလူတိုင်းမှာမဖြစ်ပါ။ ဖြစ်ရင် တုပ်ကွေးလိုခံစားရမယ်။ ဆိုးလိုက်တဲ့တုပ်ကွေးလို့ ညည်းတွားကြမယ်။ ကိုယ်ပူမယ်။ လည်ချောင်းနာမယ်။ အနီပြင်တွေ ထွက်မယ်။ အဆစ်အသားတွေ နာမယ်။ အားယုတ်မယ်။ ခေါင်းကိုက်မယ်။ အဲတာကိုဆေးစာနဲ့ retroviral syndrome (ARS) ဒါမှမဟုတ် primary HIV infection လို့ခေါ်တယ်။ အဲဒီကာလမှာ ဗိုင်းရပ်စတွေပွါးများလာနေမယ်။ ဗိုင်းရပ်စ်တွေက CD4 cells ဆဲလ်တွေကိုသုံးပြီး မိတ္တူတွေပွါးမယ်။ အဲတော့ CD4 count ကျဆင်းလာမယ်။ တချိန်မှာ ခုခံအားစနစ်က ပြန်ကုစားလို့တန့်လာမယ်။ ပြီးရင် ပြန်တက်လာမယ်။ နဂိုလောက်တော့ များမလာနိုင်တော့ပါ။ အဲဒီအချိန်မှာ ART သောက်ရင် ကောင်းတယ်။ သိထားဘို့က ကိုယ်ကနေ လိင်ဆက်ဆံဖက်ကိုကူးစေမယ်။ ဆေးထိုးအပ်မျှသုံးသူတွေကိုလဲ ကူးစက်မယ်။


(၂) ဒုတိယအဆင့်
ဗိုင်းရပ်စ်တွေကကိုယ်ထဲမှာ ပွါးများနေပေမဲ့ ရောဂါလကဏာတွေ မပေါ်သေးတဲ့ အဆင့်ဖြစ်တယ်။ ခံစားရလဲ နည်းနည်းပဲ။ ART ဆေးသောက်ရင်တော့ အကြာကြီး အသက်ရှင်နေနိုင်ပါတယ်။ ဆေးမသောက်ရင် ၁ဝ နှစ်။ ကံကောင်းရင်လဲ ဒီထက် ကြာကြာနေနိုင်မယ်။ သူများကို ကူးစက်နိုင်တာ သတိထားပါ။ ဆေးမသောက်ရင် viral load ဗိုင်းရပ်စ်တွေ များလာမယ်။ CD4 count ကျလာမယ်။


(၃) AIDS ရောဂါရတဲ့အဆင့်
ခုခံအားမကောင်းတော့ပါ။ ဘယ်ပိုးမဆိုကူးစက်တာခံရမယ်။ အခွင့်ကောင်းယူ ကူးစက်ရောဂါတွေလို့ခေါ်တယ်။ CD4 cells 200 cells per cubic millimeter of blood (200 cells/mm3) ထက်နည်းလာရင် AIDS လို့ပြောနိုင်ပြီ။ ဆောရီး။

နေကောင်းနေသူတွေမှာ CD4 counts 500 နဲ့ 1,600 cells/mm3 ကြားမှာရှိရတယ်။ ဒီအရေအတွက် မနည်းလှပေမဲ့ ရောဂါလက္ခဏာ ခံစားလာရရင်လဲ AIDS ပဲဖြစ်တယ်။ ART ဆေးမကုဘူးဆိုရင်တော့ AIDS ဖြစ်လာဘို့ ၃ နှစ်ကြာမယ်။ တကယ်လို့ ဆိုးလှတဲ့ အခွင့်ကောင်းယူ ကူးစက်ရောဂါခံရမယ်ဆိုရင် ၁ နှစ်သာအသက်ရှည်နိုင်တယ်။ ART ဆေး သောက်နေပြီး viral load နည်းနေမယ်ဆိုရင်တော့ လူကောင်းလိုနေနိုင်ပြီး AIDS အထိမဖြစ်ပါ။
ဘယ်လိုအခြေအနေတွေကနေ အဆိုး-အကောင်းဖြစ်စသလဲ
မျိုးဗီဇ၊ နဂိုကျန်းမာရေး၊ ပိုးရှိနေတာစောစာသိသလား၊ ဆေးသောက်နေလား၊ စတာတွေအပေါ်မှာ မူတည်တယ်။ အသက်ကြီးသူတွေ၊ HIV subtype အမျိုးအစားခွဲမတူတာ၊ ပူးတွဲကူးစက်ရောဂါရတာ၊ အစာအာဟာရ နည်းတာ၊ စိတ်ဖိအားများတာတွေအပေါ်မှာ မူတည်တယ်။


HIV ကနေ AIDS ဖြစ်လာဘို့အချက်အလက်တွေ ART ဆေးသောက်နေတာ၊ HIV care စောင်ရှောက်ရေးဌာနမှာနေတာ၊ ဆရာဝန်ညွှန်ကြားတာကို တိတိကျကျ လိုက်နာတာ၊ အစာအာဟာရ လုံလောက်မျှတတာ၊ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တာ။

ဒေါက်တာတင့်ဆွေ (၁၄-၁-၂ဝ၁၅)
ဒေါက်တာတင့်ဆွေ - HIV infection stages HIV ကူးစက်ရောဂါအဆင့်များ 

အိတ်ခ်ျအိုင်ဗီကြောင့် ထိခိုက်ခံစားရသောကလေးများ အိမ်နီးချင်းကလေးများနှင့် နှိုင်းယှဉ်ရာတွင် အစစအရာရာ နိမ့်ကျနေ

 အိတ်ခ်ျအိုင်ဗီကြောင့် ထိခိုက်ခံစားရသော ကလေးများ၏ လူမှုရေးနှင့် အာဟာရဆိုင်ရာ ကျန်းမာရေးအခြေအနေများသည် ၎င်းတို့၏ အိမ်နီးချင်း ကလေးငယ်များနှင့် နှိုင်းယှဉ်ပါက လွန်စွာနိမ့်ကျလျက် ရှိနေကြောင်း သုတေသန စာတမ်းများအရ သိရသည်။
အိတ်ခ်ျအိုင်ဗီကြောင့် ထိခိုက်ခံစားရသော ကလေးများဆိုသည်မှာ ၎င်းတို့၌ အိတ်ခ်ျအိုင်ဗီပိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရောဂါပိုးရှိသည့် မိဘတစ်ဦးဦးမှ မွေးဖွားလာသည့် ကလေးငယ်များကို ဆိုလိုခြင်းဖြစ်သည်။
ယင်းရောဂါ၏ အကျိုးဆက်များနှင့် ဆက်နွှယ်ခံစားနေရသည့် ကလေးများ၏ လူမှုရေးနှင့် ကျန်းမာရေးအခြေအနေတို့ကို အိမ်နီးချင်းကလေးများနှင့် နှိုင်းယှဉ်လေ့လာရန် ရည်ရွယ်ချက်ဖြင့် တိုင်းနှင့်ပြည်နယ် ၁၃ ခုမှ မြို့နယ် ၃၀ ခုတို့၌ သုတေသနပြု ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသုတေသနကို ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်)၊ အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်က အသက် (၁၈) နှစ်အောက်ဖြစ်ပြီး မိဘတစ်ဦး (သို့) နှစ်ဦးလုံးဆုံးပါးသွားသူ ကလေးငယ်များ၊ မိဘ၊ အုပ်ထိန်းသူရှိသူ ၁၁၅၀ ဦးနှင့် အိမ်နီးချင်း ကလေးများ၊ မိဘ၊ အုပ်ထိန်းသူပေါင်း ၁၁၅၀ ဦးတို့ကို နှိုင်းယှဉ်လေ့လာခဲ့သည်။

အိမ်နီးချင်း ကလေးများနှင့် နှိုင်းယှဉ်လျှင် လူမှုရေးအရ မူလနေထိုင်ရာအိမ်မှ ပြောင်းရွှေ့ရခြင်း (၂၄ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၉ ဒသမ၄ ရာခိုင်နှုန်း)၊ မိသားစု တကွဲတပြားဖြစ်ရခြင်း (၁၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၄ ဒသမ ၁ ရာခိုင်နှုန်း)၊ အိမ်ထောင်စုစာရင်းတွင် ပါဝင်ခြင်းမှာ (၆၈ ရာခိုင်နှုန်းနှင့်  ၇၇ ဒသမ ၅ ရာခိုင်နှုန်း) စသည့် လူမှုရေး ထိခိုက်မှုများနှင့် အာဟာရအရ အသက် (၅) နှစ်အောက် ကလေးငယ်များတွင်လည်း ကိုယ်အလေးချိန်လျော့နည်းခြင်း (၃၆ ရာခိုင်နှုန်းနှင့် ၁၀ ဒသမ ၉ ရာခိုင်နှုန်း)နှင့် အရပ်ပုလွန်းခြင်း (၃၉ ရာခိုင်နှုန်းနှင့် ၁၃ ရာခိုင်နှုန်း)နှင့် ပိန်လှီခြင်း (၁၈ ဒသမ၂ ရာခိုင်နှုန်းနှင့်  ၅ ဒသမ ၈ ရာခိုင်နှုန်း) တို့ကို လေ့လာတွေ့ရှိရကြောင်း စာတမ်း၌ ဖော်ပြထားသည်။

ထို့ကြောင့် အာဟာရဖွံ့ဖြိုးမှု အတွက် ရေရှည်အစီအစဉ်များ  ချမှတ်ဆောင်ရွက်ရန်နှင့် မိခင်မှ ကလေးသို့ ရောဂါပိုးကူးစက်မှု ကာကွယ် တားဆီးရေး လုပ်ငန်းများကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ်ရောဂါ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်နေသူ အဖွဲ့အစည်းအချို့က အကြံပြုပြောကြားသည်။
ယင်းသုတေသနမှ တွေ့ရှိချက်များကို UNICEF အဖွဲ့၊ Myanmar Positive Group တို့မှ ကလေးများအတွက် အရေးဆိုတင်ပြရာ၌ ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရ အရိုင်းပန်းတွေရဲ့ ရှိုက်သံကို ဥပေက္ခာပြုလိုက်ရင် တရားပါ့မလား


လောကမှာ အပစ်ပယ်ခံ လူတန်းစားလို့ ပြောနိုင်တဲ့ လူတန်းစားတစ်ရပ်အကြောင်းပြောပြချင်ပါတယ်။ သူတို့ကတော့ အများက ပြည့်တန်ဆာလို့ခေါ်ကြတဲ့ Sex Workers တွေပါ။

NGO လောကမှာတော့ အတိုကောက်  SW လို့ ခေါ်ပါတယ်။ ဒီနေရာမှာ SW ဆိုတာ Female Sex Workers ခေါ် အမျိုးသမီး SW တွေကိုသာ ရည်ညွှန်းလေ့ရှိပါတယ်။ ကျွန်တော် NGO နှစ်ခုမှာ ခုနစ်နှစ် တာဝန်ထမ်း ဆောင်ခဲ့စဉ်က SW ပေါင်းများစွာကို ပညာပေး ဟောပြောခဲ့ရတဲ့အတွက် သူတို့တွေအတော်များများနဲ့ ထိတွေ့ဆက်ဆံခဲ့ကြ ဖူးပါတယ်။
The marginalized people လို့ပြောရမယ့် သီးသန့်အပစ်ပယ်ခံလူတန်းစား တစ်ရပ်လိုဖြစ်နေတဲ့ သူတို့လေးတွေရဲ့ဘ၀ဟာ အင်မတန် သနားစရာကောင်းပါတယ်။ ဒီကနေ့ အမျိုးသမီး အခွင့်အရေး အကြောင်း တွင်တွင်ပြောနေတဲ့ အမျိုးသမီးတချို့တောင် SW အကြောင်း ရောက်သွားရင် တွန့်တွန့်သွားတတ်ပါတယ်။

ကျွန်တော်တို့ ပြောပြောနေကြတဲ့ လူ့အခွင့်အရေး၊ အထူးသဖြင့် အမျိုးသမီးအခွင့်အရေးတွေမှာ SW တွေအတွက် မပါတော့ ဘူးလား။  အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်နဲ့ရင်းပြီး ဘ၀ ၀မ်းကျောင်းရရှာတဲ့ ဒီမိန်းကလေးတွေဟာ အမျိုးသမီး အခွင့်အရေးမရထိုက်ဘူးလား။

ဒီနေရာမှာ မဟာပုရိသ ယောက်ျားကြီးဝါဒတို့၊ မိန်းမ၀ါဒီတို့၊ ဒုတိယလိင်တို့ ဆိုတဲ့စကားလုံးတွေကို ခဏလောက် မေ့ထားလိုက်ကြရအောင်လား။ ကျွန်တော်တွေ့ဖူးတဲ့ SW တွေကို ကြည့်လိုက်တဲ့အခါ လှိုင်သာယာ၊ အင်းစိန်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ် စသဖြင့်နေရာဒေသ အစုံက ပါပဲ။  သူတို့အားလုံးSW ဖြစ်ရတဲ့ အကြောင်းရင်းက Poverty ခေါ် ဆင်းရဲမွဲတေမှုကြောင့်ပါ။

လူတော်တော်များများ ဆင်းရဲတာပဲ၊ သူတို့ဘာသာ ဖြစ်ချင်လို့ဖြစ်ကြတာပါလို့၊ ဒီကောင်မတွေ ကိုယ်တိုင်လက်ကြော မတင်းတာပါတို့၊ နဂိုကတည်းက ခပ်ပျက်ပျက်ရယ်ပါတို့ အစရှိတဲ့ ကောက်ချက်မျိုး အလွယ်တကူမချစေချင်ပါဘူး။ နာနေတဲ့ဘ၀တွေကို အလကားရတဲ့ စကားလုံးဓားတွေနဲ့ ထပ်မထိုးလိုက်ကြပါနဲ့။

ကုသိုလ်ကြမ္မာချင်း မတူကြတဲ့ ဘ၀တွေကို နားလည်ပေးနိုင်အောင် တခြားလူတွေရဲ့ဘ၀တွေကိုလည်း စိတ်ဝင်စားဖို့ လိုပါတယ်။ ခြွင်းချက်တချို့တစ်လေက လွဲရင်ဘယ်မိန်းကလေးမှ SW ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး။

အကြောင်းအမျိုးမျိုးကြောင့် တစ်ပါတီစနစ်တို့၊ စစ်အုပ်ချုပ်ရေးကာလတို့ကို ဖြတ်သန်းခဲ့ရတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ ထမင်းတစ်လုပ်ရှာစားဖို့ အင်မတန်ပင်ပန်းကြီးစွာ အလုပ်လုပ်ရပါတယ်။ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဆိုသလို အမေရိကန် အပါအ၀င် ကမ္ဘာ့နိုင်ငံများရဲ့ စီးပွားရေးပိတ်ဆို့မှုကလည်း လက်ယက် သလို အစာရှာစားနေရတဲ့ လူထုအတွက် ဘူးလေးရာဖရုံဆင့် ဖြစ်ခဲ့ရပြန်ပါတယ်။

သူတို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ စစ်အစိုးရက ဘာမှမဖြစ်ပါဘူး။ ကြားထဲက မြေဇာပင် လူထုသာ  ကျောကော့အောင်ခံကြရတာပါ။ မိသားစုငါးယောက်လောက်ရှိတဲ့ အိမ်ဟာ ငါးယောက်စလုံးရှာနိုင်ပါမှ နေ့ဖို့ညစာ မှန်တာပါ။ တခြားကျန်းမာရေး၊ ပညာရေး၊ အထွေထွေကုန်ကျစရိတ်တွေ မပါသေးပါဘူး။

ဒီလိုအခြေအနေမျိုးမှာ ၀င်ငွေရှာနိုင်တဲ့အထဲက အကြောင်းအမျိုးမျိုးကြောင့် နှစ်ယောက်၊ သုံးယောက်လောက်လျော့ သွားပြီဆိုရင် အဲဒီမိသားစု ရပ်တည်ဖို့ တော်တော် ခက်သွားပါပြီ။ ဖခင်ဖြစ်သူ လေဖြတ်သွားတော့ လူလားမမြောက်သေးတဲ့ အလယ်တန်းနဲ့ မူလတန်း မောင်၊ ညီမလေး သုံးယောက်လောက်ရှိတဲ့ မိသားစုတစ်စုက ဘွဲ့ရပညာတတ် အမျိုးသမီးငယ်လေးတစ်ယောက်ဟာ ဘယ်လိုမှ တောင့်မထားနိုင်တော့လို့ သူဋ္ဌေးတစ်ယောက်ရဲ့ အငယ်အနှောင်းဘ၀ကို ကိုယ်တိုင်ရွေးချယ် လိုက်ရတာ မြင်ခဲ့ဖူးပါတယ်။  ဒီကလေးမလေးကို ကြည့်ပြီး ကျွန်တော့်နှုတ်က ပြစ်တင်စကား မထွက်ရက် ပါဘူး။
ကဗျာဆရာပိုင်ပြောသလို ဘုရားသခင်က တချို့လူအတွက် ပေါင်မုန့်တွေ အများကြီးပေးပေမယ့် တချို့လူတွေအတွက်တော့ ဘာဖြစ်လို့ ပေါင်မုန့်နည်းနည်းပဲ ပေးရတာလဲ မသိဘူးလို့သာဆိုရတော့မလို ဖြစ်နေပါတယ်။ အကြောင်းအမျိုးမျိုးက တွန်းပို့လို့ မိန်းကလေးတချိှု့  SW ဘ၀ကို ရောက်ခဲ့ကြရတယ်။ SW တစ်ယောက်ဖြစ်ပြီဆိုတာနဲ့ လူတွေရဲ့ အနိုင်ကျင့်နှိပ်စက်မှု၊ ဗိုလ်ကျမှုတွေကို ခံရတော့တာပါပဲ။ သူတို့ရဲ့ အလို ဆန္ဒပြည့်ဝမှုအတွက် စိတ်တိုင်းမကျနိုင်လို့ အမျိုးမျိုး ယုတ်မာတဲ့ ဖောက်သည် ထဲက ယောက်ျားတွေ၊ တာဝန်ထက်ပိုတဲ့ ရိုင်းစိုင်းရက်စက်မှုတွေ၊ လူဖြစ်ပေမယ့် လူ့အသိုင်းအ၀ိုင်းထဲ ရဲရဲမတိုးနိုင်တာကို အခွင့်ကောင်း
ယူပြီး အနိုင်ကျင့်ချင်တဲ့ ပတ်ဝန်းကျင်က လူတွေ စုံလို့ပါပဲ။


လူကုန်ကူးခံရတဲ့ထဲက မိန်းကလေးတချို့ဆိုရင် SW လုပ်ဖို့ ဖိအားပေးတာကို ခါးခါးသီးသီးငြင်းဆန်တဲ့အတွက် အဲဒီမိန်းကလေးကို မဟာကရုဏာရှင် ပုရိသယောက်ျားကြီးများ အယောက်သုံးလေး ဆယ်လောက်က ၀ိုင်းပြီး Rape လုပ်ကြပါသတဲ့။
SW မဖြစ်ခင်ရော ဖြစ်ပြီးတဲ့ အချိန်မှာရော ကယ်မယ့်သူဝေးတဲ့ ဘ၀တွေမှာ ရှင် သန်နေကြရတာ အဲဒီလို မိန်းကလေးတွေပါ။ တချို့ဖောက်သည်တွေရဲ့ ယုတ်မာမှုတွေဆိုရင် ရေးပြလို့မကောင်းလို့ မရေးပြ တော့ပါဘူး။

တစ်ခါက မြို့ကလေးတစ်မြို့မှာရှိတဲ့ Brothel (ပြည့်တန်ဆာအိမ်)ကို ပညာပေးဟောပြောဖို့ ကျွန်တော်ရောက်သွားပါတယ်။ SW ကောင်မလေးတွေ ခုနစ်ယောက်လောက် ၀ိုင်းထိုင်နေတုန်း အခန်းထဲကနေ ကောင်မလေးတစ်ယောက် ထွက်လာတာ တွေ့တော့ သူ့မျက်နှာက ဒဏ်ရာတချို့ကို ကျွန်တော် သတိထားလိုက်မိတယ်။
ဒါနဲ့ ကျွန်တော်က ဘယ်လိုဖြစ်တာလဲ သမီးရယ်… လို့ မေးလိုက်တော့ သူက ညက ရဲလိုက်လို့ပြေးရင်း ချောင်းထဲ ခုန်ချလိုက်တာ ဆရာ။ ချောင်းက ရေကျတဲ့ အချိန်ဖြစ်နေတော့ အောက်က ကျောက်တုံးတွေ၊ ငုတ် တွေကြားကိုကျပြီး ဒဏ်ရာရလာတာတဲ့။
သူ့မျက်နှာတစ်ခြမ်း ဒဏ်ရာတွေနဲ့ ကြည့်မကောင်းသလို ကန်တော့ဆရာဆိုပြီး ခြေထောက်ကိုပြတော့ ခြေထောက် နှစ်ဖက်စလုံးမှာလည်း ဒဏ်ရာတွေနဲ့ပါ။ ကျွန်တော်ကလည်း (ကန်တော့ပါရဲ့) ရဲလိုက်တာများ ဒီလောက် ဒုက္ခခံပြီး ပြေးရသလား သမီးရယ်၊ သူတို့လိုချင်တာ ပေးလိုက်ရင် မဖြစ်ဘူးလားလို့ ပြောလိုက်မိပါတယ်။

အဲဒီမှာ သူက ဟာဆရာကလည်း၊ ဆရာက သူတို့အကြောင်း ကောင်းကောင်းမှ မသိတာ၊ သူတို့လက်ထဲရောက်ရင် လူကိုလည်း ယူတယ်၊ ပါလာတဲ့ငွေကိုလည်း ယူတယ်၊ ပြီးတော့ လူကိုခေါ်သွားပြီး အချုပ် ထဲထည့်လိုက်တာ ဆရာရဲ့၊ လိုချင်တာယူပြီး လွှတ်ပေးတာမဟုတ်ဘူးလို့ ပြန်ပြောပါတယ်။

ကျွန်တော် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရုံကလွဲလို့ ဘာပြန်ပြောရမှန်းမသိပါဘူး။ ရဲတပ်ဖွဲ့ဝင်အားလုံး အခု သူပြောသလို မဟုတ်နိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူကတော့ အဲဒီ လို လူမျိုးတွေနဲ့ ခဏခဏ ကြုံဖူးပါတယ် တဲ့။
SW တစ်ယောက်ဟာ သူ့ဖောက်သည်နဲ့ တစ်ခါနေရင် ဖောက်သည်က ပျော်ပါးခကျပ် ၅,၀၀၀ ပေးရပါတယ်။ အဲဒီ ကျပ် ၅,၀၀၀ မှာ ကျပ် ၁,၅၀၀ ပဲ သူတို့ရတာလို့ပြောတော့ ကျွန်တော်မျက်လုံးပြူးသွားပါ တယ်။ မြတ်စွာဘုရား မိန်းကလေး တစ်ယောက်တန်ဖိုးအထားဆုံး အပျိုစင်ဘ၀ကိုအဆုံးရှုံးခံပြီး အလုပ်လုပ်စားတဲ့ ဘ၀မှာသူတို့ရတဲ့ အခကြေးငွေက တစ်ခါပျော်ပါးရင် ကျပ် ၁,၅၀၀ တဲ့လား။

ကျွန်တော်ကလည်း အငြိမ်မနေနိုင်ပါဘူး။ သူတို့ရဲ့ Brothel Keeper (BK) ခေါင်းကို မေးကြည့်ပါတယ်။ BK ကလည်း ဟုတ်ပါတယ်တဲ့ ကျန်တဲ့ ၃,၅၀၀ မှာလည်း သူရတာက ၁,၀၀၀ လောက်ပဲရှိပါတယ်၊ ကျန်တာကတော့ လိုင်းကြေးပါတဲ့။ ဒါကတော့ သူ့အပြောပေါ့ဗျာ။ လိုင်းကြေးများ များပြပြီး သူဘုန်းချင်လည်း ဘုန်းမှာပေါ့။ ထားပါတော့။

SW တွေဟာ တကယ်တော့ ဖောက်သည် ရွေးခွင့်မရှိပါဘူး။ ရောဂါရနိုင်မှန်း သိရဲ့နဲ့ သူတို့ဖောက်သည်က ကွန်ဒုံးမသုံး ချင်ဘူးလို့ ပြောရင်လည်း BK ကို ကြောက်တာနဲ့ လက်ခံလိုက်ရတာပါပဲ။ ဒီလိုနဲ့  HIV/AIDS ဖြစ်ပြီး ကွယ်လွန်သွားကြတဲ့  SW တွေလည်း မနည်းပါဘူး။

လူတွေသူတို့ဆီက လိုချင်တာနှစ်ခုပဲရှိပါတယ်။ တစ်ခုက အသွေးအသား၊ တစ်ခုက ငွေပါ။ ဒါ့ကြောင့် ကျွန်တော်ရောက်သွားရင် သူတို့လေးတွေ ပျော်နေကြပါတယ်။ ကျွန်တော်က သူတို့ကိုသူငယ်ချင်းတွေလို ဆက်ဆံတာကိုး။
သူတို့ဘ၀ကို အကာအကွယ်ပေးမယ့်သူဆိုလို့ သူတို့ရဲ့ BK ပဲရှိပါတယ်။ ကျန်တာကတော့ သူတို့ဆီက အသွေးအသားနဲ့ ငွေကိုပဲ နည်းအမျိုးမျိုးနဲ့ ယူနေကြတာပါ။ သူတို့ဟာ သန်း ၆၀ သော ပြည်သူ တွေထဲမှာပါတဲ့ ပြည်သူတွေပါပဲ။  SW ဖြစ်တာနဲ့ သူတို့ရဲ့အမျိုးသမီး အခွင့်အရေးကို ကျွန်တော်တို့ အသိအမှတ်မပြုသင့်ဘူး လား။ သူ့ဝဋ်ကြွေးပါလို့ သူဖြစ်တာဆိုပြီး လောကဓံရဲ့ ရိုက်ပုတ်မှုကြောင့် ဒဏ်ရာရနေတဲ့ ဘ၀တွေဆီက ရှိုက်သံတွေကို ကျွန်တော်တို့ ဥပေက္ခာပြုလိုက်ကြမယ်ဆိုရင် တရားပါ့မလား။
NLD က ဒေါ်စန္ဒာမင်းက ပြည့်တန်ဆာကို ဥပဒေနဲ့ အသိအမှတ်ပြုပေးဖို့ တောင်းဆိုတဲ့အခါ လူအများစုက ကန့်ကွက်ကြပါတယ်။ ကျွန်တော်နဲ့ NLD က ဒေါ်စန္ဒာမင်း နိုင်ငံရေးခံယူချက်ခြင်း မတူပါဘူး။ ဒါပေမယ့် SW တွေအတွက် တောင်းဆိုတဲ့ သူ့ရဲ့ အဆိုပြုချက်ကိုတော့ ကျွန်တော်သဘောတူပါတယ်။

SW တွေထဲမှာ မိန်းမလည် သိန်းကြွယ်တွေ၊ လူလိမ်တွေလည်း ပါပါတယ်။ မိတ်ဆွေတို့ ကျွန်တော်တို့ သာမန်လူတွေကြားထဲမှာလည်း အဲဒီလိုလူမျိုးတွေ ရှိနေတာ ပါပဲ။ သူတို့လေးတွေ ဘ၀ကို စာနာတဲ့အနေနဲ့ သူတို့ကို အကာအကွယ်ပေးမယ့် ဥပဒေကို ထောက်ခံမယ့်သူတွေ များများပေါ်ပေါက်လာပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။
ဒါဟာ ယိုးဒယားက ပက်ပုံးလို အမျိုးသားရေးသိက္ခာကျတဲ့အထိ ထင်ရာမြင်ရာလျှောက်လုပ်ခွင့်ပေးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ စည်းနဲ့၊ ကမ်းနဲ့ စနစ်တကျ မှတ်ပုံ တင်ပြီး အကာအကွယ်ပေးဖို့ပြောတာပါ။ အဲဒီလို အကာအကွယ်ပေးထားရင် သူတို့ကို အနိုင်ကျင့်နှိပ်စက်လို့ မရနိုင်တော့သလို တစ်ဖက်က ကြည့်ရင်လည်း   HIV/AIDS Prevention အတွက် အထောက် အကူအများကြီးဖြစ်ပါတယ်။

တချို့စိုးရိမ်သလို နိုင်ငံခြားသားက ငွေထုပ်ပိုက်ပြီး Brothel Houses တွေ မထူထောင်နိုင်အောင်တော့ ဥပဒေနဲ့ တားမြစ်ထားဖို့လိုပါတယ်။ သူတို့လေးတွေ ဘ၀ကို စာနာနားလည်မှုမပေးဘဲ ဥပေက္ခာပြုထားလိုက်မယ် ဆိုရင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဘာသာခြားတွေရဲ့ ပစ်မှတ်၊ အကြမ်းဖက်သမားတွေရဲ့ သားကောင်ဖြစ်မသွားဘူးလို့ မပြောနိုင်ပါဘူး။ နာနေတဲ့ ဘ၀မှာ ထပ်နာစရာ ဘာများရှိဦးမှာတဲ့လဲ။

လူ့အဖွဲ့အစည်းတိုင်းမှာ လူဆိုး၊ လူကောင်းဆိုတာ နေရာတကာမှာ ရှိပါတယ်။ ရှစ်စပ်က ဂျင်ဂျင်လည်တဲ့ SW တချို့ကိုကြည့်ပြီး  SW တိုင်း ဒီလိုချည်းပဲလို့ မှတ်ယူ လို့မရပါဘူး။

မညွှတ်ချင်ဘဲ ညွှတ်လိုက်ရတဲ့ ဒူးတွေ၊ မဖြေချင်ဘဲ ဖြေလိုက်ရတဲ့ ဆံမြိတ်တွေ၊ ကျစရာမျက်ရည် မကျန်တော့လောက်အောင် ရင်ထဲမှာ ခန်းခြောက်သွားတဲ့ မြစ် တွေဆိုတာ ဖတ်ကောင်းအောင်ရေးထားတဲ့ ၀တ္ထုတစ်ပုဒ် မဟုတ်ပါဘူး။
ဒါဟာ မိတ်ဆွေတို့ ကျွန်တော်တို့လောက် ကံမကောင်းရှာတဲ့ ကျွန်တော်တို့နိုင်ငံသားတွေပါ။ နန်းထိုက်တော်ဝင် ပန်းသဇင်မဟုတ်ပေမယ့် အရိုင်းပန်းလေးတွေ ဟာလည်း မိတ်ဆွေတို့ မေတ္တာနဲ့ ပွင့်လန်းနိုင်ပါတယ်။

ရဲကျော်သူရ (မြစ်မခ)
The Farmer - ဒဏ်ရာရ အရိုင်းပန်းတွေရဲ့ ရှိုက်သံကို ဥပေက္ခာပြုလိုက်ရင် တရားပါ့မလား

No comments: