Wednesday, January 21, 2015

မူးယစ်ဆေးဝါး၊ HIV နှင့် အနာဂတ်ပျောက်လူငယ်တို့၏ နေ့ရက်များ



တောင်တန်းများက စိမ်းမှောင်မှောင်၊ ရာသီဥတုကအေးမြမြ၊ တိမ်တောင်ကမှုန်ပြပြ၊ လူများက ဖြူလွှလွှ... ဒီဇင်ဘာလအတွင်းက ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက် မြို့ကို စမြင်တွေ့ရသည့် နှင်းမြူကြားက မြင်ကွင်းများက ယနေ့အထိ မေ့မရ။
''ကျွန်တော်တို့ ဒီကချင်ပြည် နယ်ဘက်မှာတော့ မှတ်မိသလောက် ဆဋ္ဌမတန်း ကျောင်းသားဘဝက တည်းကဆေးခြောက်ရှူတဲ့ ကျောင်းသား အချင်းချင်းလာမြူဆွယ်ကြ တာပဲ။ ဒါကောင်းတယ် မင်း ရှူမလားပြောတယ်။ ကျွန်တော်ကတော့ အဘိုး ကျေးဇူးကြောင့် ဆေးမရှူတတ်ခဲ့ပါဘူး။ ဒီလိုပဲ ဒီနယ်ပယ်တစ်ဝိုက်မှာ ဆေးထိုးအပ်ကိုင်တဲ့ မူးယစ်ဆေး သုံးသူတွေကိုတွေ့နေရတာ အစဉ် အလာလို ဖြစ်နေပြီ'' ဟု ကွယ်လွန်သူ စာရေးဆရာကြီး ဗန်းမော်တင် အောင်၏ မြေးဖြစ်သူ ဒေါက်တာ ထက်အောင် (မိုးမောက်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှူး) ကပြော ပြသည်။ ထိုတစ်နေ့က ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့ကို ၂ဝ၁၄ ဒီဇင်ဘာ၂၂ ရက်က ခြေချသည်နှင့် လာရင်းမူးယစ်ဆေး အကြောဆေး ထိုးသွင်းသူများနှင့် HIV အန္တရာယ်အကြောင်းသတင်း ယူသွားသည့်ခရီး၌ ပထမဆုံးတွေ့သည့် အထက်ပါ ဆရာဝန်က ၄င်းတို့ဒေသ၏ လူငယ်များနှင့် မူးယစ်ဆေးဝါးအကြောင်း ပြောပြခြင်း ဖြစ်သည်။

မိုးမောက်မြို့နယ်တွင် မူးယစ် ဆေးအမျိုးအစားပေါင်းစုံကို လူငယ်များ လက်လှမ်းမီကာ ဝယ်ရ လွယ်နေကြောင်း၊ ဆေးထိုးအပ်သုံးသည့် မူးယစ်ဆေးသုံးစွဲသူများကို HIV မကူးစက်ရန် ကျန်းမာရေးဘက်က ပညာပေးနေသော်လည်း ဥပဒေဖြင့် အရေးယူမှာစိုးသူများက အသိ တရားမဲ့စွာ သတိလက်လွတ် မူးယစ်ဆေး ထိုးသွင်းနေကြဆဲဖြစ်ကြောင်း သူက ဆက်လက်ရှင်းပြသည်။ ကချင်ပြည်နယ် ဗန်းမော် ခရိုင် မိုးမောက်မြို့နယ်၌ ၂ဝ၁၁ ခုနှစ်က ကချင်တိုင်းရင်းသား လက်နက်ကိုင်နှင့် တပ်မတော်တို့ တောတွင်းတိုက်ပွဲ ပဋိပက္ခအနည်းငယ် ပြန်လည်ဖြစ်ပွားခဲ့သည်။ အညို ရောင်နယ်မြေမြို့နယ်၌ ဖြစ်သည်။ ကချင်လူမျိုး၊ ဗမာလူမျိုးနှင့် ရှမ်း လူမျိုးများနေထိုင်ကြပြီး အခြား လူမျိုး မြန်မာနိုင်ငံ သားများလည်း နေထိုင်သည်။ လယ်ယာမြေအဓိက လုပ်ဆောင်သည့်နေရာဖြစ်သော်လည်း ယနေ့ကာလတွင် နယ်စပ် အရောင်းအဝယ်များသာ စီးပွား ဖြစ်အလုပ်ဖြစ်နေကြောင်း သိရသည်။

''နယ်စပ်မြို့ဆိုတော့ တရား မဝင်အရောင်းအဝယ်နဲ့ တစ်ဆက်တည်း မူးယစ်ဆေးပြဿနာက ပါလာတာပေါ့။ တစ်လလုပ်မှရတဲ့ ငွေကို ဆိုင်ကယ်ကယ်ရီ တရုတ်နယ်စပ်က ပြည်နယ်ထဲဆွဲလာရင် တစ်ခေါက်တည်းရတော့ လူငယ်တွေက တခြားအလုပ်မလုပ်တော့ ဘူး။ ဆေးခြောက်၊ ဆေးပြား၊ ဘိန်း ဖြူ၊ ဘိန်းမည်း နောက်ဆက်တွဲ ပါလာတာပဲ။ 

မူးယစ်ဆေးတားမြစ် လျှော့ချဖို့ရာ ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရဖို့ လိုအပ်နေပြီ။ အဓိကက စစ်ကြောင့် နယ်စပ်သွားအလုပ် လုပ်နေကြတာများတယ်'' ဟု မိုးမောက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထွန်းက ရှင်းပြသည်။
မူးယစ်ဆေး သုံးသူများကို ဖမ်းဆီးအရေးယူသူကို တုတ်၊ ဓားလက်နက်ဖြင့် ခုခံပြန်ချသူများ ရှိကာ တားမြစ်သူကို စီးပွားပျက် အောင် စပါးပုံမီးရှို့၊ ဖရဲခင်းဖျက် ဆီးစသည့် အပြုအမူများရှိခဲ့ဖူး ကြောင်း ဦးဇော်ထွန်းက သူ့ အတွေ့အကြုံကို ပြောပြသည်။ HIV ဗိုင်းရပ်စ်ပိုး၊ အသည်း ရောင်အသားဝါ (B)၊ (C) ပိုးများကို ဗန်းမော်ခရိုင်အတွင်း မူးယစ်ဆေး သုံးစွဲသူထက်ဝက်ခန့် တွေ့ရှိထားပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနဗန်းမော်ခရိုင် အမျိုးသားခုခံအား ကျနှင့် ကာလသားရောဂါ နှိမ်နင်းရေး အဖွဲ့တာဝန်ခံ ဆရာဝန် ဒေါက်တာ ဒေါ်နီလာမောင်က အတည်ပြုပြော ကြားသည်။
အေးမြသည့်တောင်ပေါ်ဒေသနှင့် ရိုးသားသည့် ကချင်ပြည်နယ် သားများ၏ အပြုအမူ၊ ကိုယ်နေ ဟန်ထား၊ မျက်နှာ၊ ပွင့်လင်းဖော် ရွေသည့်ချစ်စရာဘဝများကို မူးယစ်ဆေးဝါးက ခြိမ်းခြောက် အနိုင်ယူ နေခြင်းဖြစ်သည်။ မိုးမောက် အထက်ဆက်တက်လျှင် ကချင်ပြည်နယ်၊ မြစ်ကြီးနား ၄င်းမှတစ်ဆင့် တစ်ဖက်အိမ်နီးချင်း တရုတ်နိုင်ငံ နယ်စပ် လွယ်ဂျယ်မြို့အထိ ကားလမ်းများ ဆက်သွယ်နေကာ ကချင်တိုင်းရင်းသား လက်နက်ကိုင် (KIA) အဖွဲ့ရှိနေကြောင်း သိရ သည်။ မူးယစ်ဆေးဝါးသယ်ယူ ရောင်းဝယ်သုံးစွဲမှုကို တပ်မတော် တာဝန်ရှိသူများသာမက ကချင် တိုင်းရင်းသားလက်နက်ကိုင် (KIA) အဖွဲ့၊ သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူဆောင်ရွက်နေသော်လည်း မူးယစ်ဆေးများက ရှိမြဲရှိ ဆဲသာဖြစ်ကြောင်း ဗန်းမော်မြို့ ဆေးရုံအုပ် ဆရာဝန်ကြီးဒေါက်တာ ခင်မောင်မြင့်က ပြောကြားသည်။

HIV ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ရန် ဦးတည်အုပ်စုများဖြစ်သည့် အမျိုးသမီး လိင်လုပ်သားများ၊ အမျိုးသားချင်း လိင်တူဆက်ဆံသူများနှင့် မူးယစ်ဆေး အကြောဆေး ထိုးသွင်းသူများ စသည့်အုပ်စုများတွင် မူးယစ်ဆေး အကြောဆေး ထိုးသွင်း သူများပေါများသည့် ကချင်ပြည်နယ် နယ်စပ်သည် အန္တရာယ် မလွယ်ပေါက်ဖြစ်နေသည်။ HIV/AIDS သည် အသက် (၁၅) နှစ်နှင့် အထက် အရွယ်ရောက်ပြီး သူများအကြား HIV ပျံ့နှံ့မှုနှုန်း ဝ ဒသမ ၄၉ ရာခိုင်နှုန်း ရှိနေသည်။ HIV ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ရန် ဦးတည်အုပ်စုများကြား မူးယစ်ဆေး ထိုးသွင်းသူ များတွင် ၁၈ ဒသမ ၇ (ငါးဦးတွင် တစ်ဦးနှုန်းခန့်) ဖြစ်ပွားနေကြောင်း မြန်မာ့ HIV စစ်တမ်းကောက်ယူ ထားသည့် Global AIDS မှတ် တမ်းမှသိရသည်။

တိုင်းပြည်ရတနာ ကျောက်စိမ်း ထွက်ရာမြေ၊ မြစ်မင်းဧရာမြစ်ဖျား ခံရာမေခ-မလိခမြေ၊ လျှပ်စစ်စွမ်း အားထုတ်ပေးသည့် တာပိန်မြစ် ရေအားလျှပ်စစ် စက်ရုံ ဘူမိနက်သန် မနောမြေ၊ သဘောဖြူ ကချင် တိုင်းရင်းသားတို့၏ မွေးရပ်မြေတွင် မူးယစ်ဆေးကြောင့် လူငယ်တချို့ လမ်းမှားရောက်နေကြလေသည်။ ပညာသင် အရွယ် စာသင်ခန်းနှင့် ဝေးကွာသည့် မငြိမ်းချမ်းသည့် လမ်းကို ပြုပြင်ကာ တာဝန်ရှိသူများ လက်ကမ်းကူညီမှ မြန်မာပြည် လှတော့မည်။ အဘယ်ကြောင့် ဆိုသော် HIV အသစ်ကူးစက်ခံရ သူ ၁ဝဝ တွင် မူးယစ်ဆေး ထိုးသွင်းမှုကြောင့် ကူးစက်ခံရသူ ၃၂ ဦး ခန့်ရှိသည်ဟု UNAIDS (ကုလသမဂ္ဂ AIDS အဖွဲ့အစည်းများ ပူးပေါင်းအဖွဲ့)က ထုတ်ပြန်ထားသည်။

မနောမြေကို ကာကွယ်ကာ အေးချမ်းသည့် လယ်ယာလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမည့် ကချင်တိုင်းရင်းသား လူငယ်ကလေးများကို ငြိမ်းချမ်းရေးနှင့်တကွ အောင်မြင်သော အခွင့်အရေးများ လူတိုင်း ပေးချင်ကြပေမည် မဟုတ်ပါလော။ သူတို့လေးတွေလည်း သေနတ်သံကို မုန်းလေပြီ၊ မြန်မြန်အေးချမ်းချင် ပါပြီဟု မိုးမောက်မြို့မှ ကချင် တိုင်းရင်းသူဒေါ်ထုက အဝေးက တောင်တန်းစိမ်းမြမြကို ငေးကြည့်ရင်း ညည်းညူသည်။ ''မူးယစ်ဆေးသုံးစွဲသူကတော့ အသက်အရွယ် အစိတ်အပိုင်းတိုင်း လိုလိုပဲ။ အများဆုံးကလူငယ်။ မူးယစ်ဆေးအကြောထဲထိုးသွင်းသူ တွေမှာ HIV တွင် မကဘူး။ အသည်း ရောင်(B)၊ အသည်းရောင် (C) ပိုးရောပဲ တွေ့နေရတယ်။'' အသည်းရောင် (B) ဖြစ်နေ သူပိုများတယ်။

စစ်ဘေးဒုက္ခသည် စခန်းမှာလဲ ရောဂါဖြစ်နေသူ၊ ကူးစက်ခံရသူတွေ ရှိနေတာပဲ။ ဒါကို ART ဆေးရဖို့ ကျွန်တော်တို့ ကျန်းမာရေးဌာနက သူနာပြုဆရာမတွေလဲ ဒုက္ခသည်စခန်း လိုက်နေရတာပဲ။ သူတို့ကိုယ်တိုင်လဲ ရွာတွေ ပျက်တော့ နေစရာမရှိတော့ ဒုက္ခသည်ဖြစ်နေရတာပဲ'' ဟု ဒေါက်တာထက်အောင် (မိုးမောက် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး) က မချိစကားဆိုသည်။ မြန်မာပြည်မြေပုံပေါ် ထိပ်ဆုံးမှ ကချင်ပြည်နယ်ကား နှင်းဖြူကြားက လှနေဆဲ။ ဖြူစင်သော ကချင် တိုင်းရင်းသားများကို မူးယစ်ဆေး ဝါးအန္တရာယ်က ခြိမ်းခြောက်ဆဲ။ လက်နက်သံက ရံဖန်ရံခါကြားနေဆဲ။ ယမ်းငွေ့က တောင်ကြော တစ်လျှောက်သန်းနေဆဲ။ ပြည်တွင်းစစ်၊ ဒုက္ခသည်စခန်း၊ နယ်စပ်ဂိတ်၊ မှောင်ခို ကုန်များဖြင့် ထိုသူတို့အတွက် အနာဂတ်က အလှမ်း ဝေးနေဆဲ...။

HIV ဖြစ်ပွားမှုနှုန်းလျော့ကျစေရန် မိုးမောက်မြို့နယ်၌ တစ်ခါသုံးအပ်များ နေ့စဉ်ပေးဝေနေ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း HIV ပျံ့နှံ့မှုလျှော့ချရန်အတွက် တစ်ခါသုံး ဆေးထိုးအပ်များ တစ်သောင်းကျော်ကို ဆာရာအဖွဲ့အစည်းမှ နေ့စဉ်ဖြန့်ဝေလျှက်ရှိကြောင်း သိရှိ ရသည်။
“တစ်နှစ်ထက် တစ်နှစ် ပိုပေးနိုင်အောင် ကြိုးစားနေတယ်။ တစ်ခါသုံးဆေးထိုးအပ်တွေက တန်းလန်ကြီးဆိုတော့ လူထုက တစ်မျိုးဖြစ်တယ်။ ပုံးတွေရှိတယ်။ နေ့စဉ် လိုက်ကောက်ခိုင်းပြီးစုပြီး ပုံကြီးထဲ ပြန်ထည့်ပြီး ဗန်းမော်ဆေးရုံကြီးမှာ အကုန်ကျေတဲ့ မီးရှို့ဖျက်ဆီးမှုလုပ်တယ်၊ ၈၀ရာခိုင်နှုန်းအထိ ကောက်နိုင်အောင်လုပ်နေတယ်။ ၁၀၀ ရာခိုင်နှုန်းကတော့ ဘယ်နေရာမှာမှ မဖြစ်နိုင်သေးဘူး” ဟု Substance Abuse Research Association (SARA) ၏ ကချင်ပြည်နယ်ဒေသ ညှိနှိုင်းရေးမှူး ဒေါက်တာထွန်းထွန်း ဘရန်က ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း NAP မှ ကောက်ယူသော ၂၀၁၄ ခုနှစ် စစ်တမ်းအရ မူးယစ် ဆေးဝါး အကြောအတွင်းသို့ ထိုးသွင်းသူများ၏ ၅၀ ရာခိုင်နှုန်းတွင်လည်း HIV ပိုးရှိနေသည်ဟု သိရှိရသည်။

ထို့ပြင် မိုးမောက်မြို့နယ်အတွင်းမှ မူးယစ်ဆေးဝါးသုံးစွဲသူများထံတွင် အသည်းရောင်အသည်းဝါ ဘီပိုးကို တွေ့ရများပြီး လာရောက်ဆွေးနွေးသူများအား စစ်ဆေးကာ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးများ ထိုးပေးနေရသည်ဟု ဆာရာ-Substance Abuse Research Association (SARA) အဖွဲ့အစည်းထံမှ သိရှိရသည်။
“ဒီလူတွေက တစ်ယောက်နဲ့ တစ်ယောက်သိကြတယ်။ သိရင် ဘယ်သူဘယ်လိုလုပ်နေတယ်ဆိုတာ စောင့်ကြည့်ထားရမယ်။ သက်ဆိုင်ရာကို အကြောင်းကြားမယ်။ဘုံရည်မှန်းချက်တစ်ခုကို ရှုထောင့်ပေါင်းစုံနဲ့ စောင့်ကြည့်လိုက်မယ် ဆိုရင် အောင်မြင်လာပါလိမ့်မယ်။ မျက်လုံးတွေနဲ့ အားလုံးစောင့်ကြည့်ပြီးရင် လက်တွဲပြီး အားလုံးပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် မူးယစ်ဆေးဝါးကိစ္စတွေကို တားဆီးပြီးသား ဖြစ်သွားမယ်” ဟု ကချင်ပြည်နယ်အတွင်း တာဝန်ကျနေသည့် ဗိုလ်မှူးကြီးတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်း HIV ပျံ့နှံ့နှုန်း မြင့်မားသည့် ဦးတည်အုပ်စု ၃ ခုရှိကာ ထိုဦးတည် အုပ်စုများ ဖြစ်သည့် မူးယစ်ဆေးဝါးထိုးသွင်းသူများ၌ HIV ဖြစ်ပွားနှုန်း ၁၈ ဒသမ ၇ ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်တူဆက်ဆံ သူများ (MSM) နှင့် ဆန့်ကျင်ဘက် လိင်သို့ ပြောင်းလဲနေထိုင်သူများ (TG) များ၌ ဖြစ်ပွားနှုန်း ၁၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် အမျိုးသမီး လိင်လုပ်သားများတွင် ၈ ဒသမ ၁ ရာခိုင်နှုန်း စသည်ဖြင့် HIV ဖြစ်ပွားလျှက်ရှိကြောင်း အမျိုးသားခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေး စီမံချက် (NAP) ၏ ၂၀၁၃ ခုနှစ် စစ်တမ်းအရ သိရှိရသည်။
ထိုဦးတည်အုပ်စုများအတွင်း ရောဂါပြန့်ပွားနှုန်း များပြားနေရခြင်းမှာ အဓိကအားဖြင့် မသန့်ရှင်းသော ဆေးထိုး အပ်များ အသုံးပြုခြင်းနှင့် အကာကွယ်မဲ့ လိင်ဆက်ဆံခြင်းတို့ကြောင့်ဖြစ်ပြီး ထိရောက်သော ပညာပေးမှုများနှင့် ၀န်ဆောင်မှုများရှိနေသော်လည်း ခွဲခြားဆက်ဆံမှုများနှင့် အထင်သေးရှုံ့ချ ခြင်းများကြောင့် HIV ကာကွယ် ကုသရေးနှင့် ပတ်သက်သည့် ၀န်ဆောင်မှုများအား လက်လှမ်းမီ အသုံးချနိုင်ရန် ခက်ခဲလျက်ရှိကြောင်း HIV ကာကွယ်ကုသရေးတို့တွင် ပါဝင်ဆောင်ရွက်နေသူတို့က ဆိုသည်။

HIV ကူးစက်ခံရသူပေါင်း ၁၈၅,၀၀၀ ဦးအတွင်းမှ ၁၂၅,၀၄၃ ဦးသည် ART ကုထုံးရရှိရန် လိုအပ်နေပြီး ၎င်းတို့ အနက်မှ ၅၄ ရာခိုင်နှုန်းသာ ARV ဆေးဝါးထောက်ပံ့မှု ရရှိနေသည်ဟုလည်း ထိုစစ်တမ်း၌ ဖော် ပြထားသည်။
မြစ်မခ - HIV ဖြစ်ပွားမှုနှုန်းလျော့ကျစေရန် မိုးမောက်မြို့နယ်၌ တစ်ခါသုံးအပ်များ နေ့စဉ်ပေးဝေနေ

ပုသိမ်တွင် လိင်တူချစ်သူများအတွင်း အိတ်ခ်ျအိုင်ဗီကူးစက်ခံရမှု အမြင့်ဆုံးဖြစ်နေဟုဆို

 ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ် မြို့နယ်၌ လိင်တူချစ်သူများ အတွင်း အိတ်ခ်ျအိုင်ဗီရောဂါ ကူးစက်ခံရနှုန်းမှာ အမြင့်မားဆုံးရှိနေကြောင်း သတင်းရရှိသည်။

ကျန်းမာရေးအဖွဲ့အစည်း များက ကောက်ယူခဲ့သည့် ၂၀၁၃ နောက်ဆုံး စစ်တမ်းများအရ ဧရာဝတီတိုင်း ဒေသကြီး၌ အိတ်ခ်ျအိုင်ဗီရောဂါ ဖြစ်ပွားနိုင်သော အန္တရာယ်ရှိ အုပ်စုများဖြစ်သည့် အမျိုးသမီးလိင်အလုပ်သမ၊ အကြောထဲမူးယစ်ဆေး ထိုးသွင်းသူများထက် လိင်တူချစ်သူအုပ်စုမှာ ပိုများနေပြီး ၁၀ ရာခိုင်နှုန်းကျော် ရှိနေခြင်းဖြစ်သည်။
‘‘ပညာပေး ကာကွယ်ရေး အတွက် လုပ်နေလို့ ဖြစ်နှုန်းကျသွားပေမယ့် ဖြစ်ပွားနိုင်တဲ့ အုပ်စုတွေ ထပ်တိုးလာတယ်။ အပုန်းတွေက အရင်က သူ့ဟာသူနေကြပေမယ့် အခုက ပြောင်ပြောင်တင်းတင်း နေလာကြတယ်။ အဲဒီအုပ်စုက ဖြစ်နှုန်း တက်လာတယ်။ ဦးရေတက် လာတယ်’’ ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ပညာပေးဌာနမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာသန်းထွန်းက ဆိုသည်။

ဖြစ်ပွားနိုင်သည့် အုပ်စုများအလိုက် ခွဲခြားထားပြီး ၎င်းတို့တွင် မူးယစ်ဆေးထိုးသွင်းသူ ၁၈ ဒသမ ၇ ရာခိုင်နှုန်း၊ အမျိုးသားချင်းလိင် ဆက်ဆံသူ ၁၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် အမျိုးသမီးလိင်အလုပ်သမများ ၈ ဒသမ ၁ ရာခိုင်နှုန်း ရှိသည်။ရှမ်းပြည်နယ်တွင် အကြောထဲ မူးယစ်ဆေး ထိုးသွင်းအုပ်စုများပြားပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်တွင်မူ အမျိုးသားချင်းလိင်တူ ဆက်ဆံသူ အုပ်စုပိုမိုများပြားကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ ၂၀၀၀ ပြည့် နှစ်တွင် အိတ်ခ်ျအိုင်ဗီလူနာပေါင်း ၀ ဒသမ ၉၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၃ တွင်မူ ၀ ဒသမ ၄၅ ရာခိုင် နှုန်းသို့ ကျဆင်းလာခဲ့သော်လည်း လိင်တူပျော်ပါးခြင်း၊ အရွယ်မ ရောက်သေးသော ကလေးသူငယ်များ အဓမ္မပြုကျင့်ခံရခြင်း၊ အမျိုးသမီး အကြမ်းဖက်ခံရခြင်း၊ မူးယစ်ဆေး ထိုးသွင်းမှုများပြားလာခြင်း စသော ဖြစ်ပွားနိုင်သည့် အုပ်စုများမှ တိုးလာနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ အသက် (၁၅) နှစ်အထက် အရွယ်ရောက်ပြီးသူများ၌ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံ နေရသူပေါင်း တစ်သိန်းရှစ်သောင်းကျော် ရှိသည့်အနက် ၂၀၁၃ တွင် ရောဂါပိုးကူးစက်ခံရသူ လူနာသစ် ခုနစ်ထောင် ရှိနေပြီး နေ့စဉ် ၁၉ ဦး ကူးစက်ခံနေရသည်ဟု ကုလသမဂ္ဂ HIV/AIDS ပူးပေါင်းအစီအစဉ် (United Nations Joint Pro-gramme On HIV/AIDS (UNAIDS)) မှ သတင်းထုတ်ပြန်ထားသည်။ ထို့ကြောင့် ယင်းအန္တရာယ်ရှိသည့် အုပ်စုများအား ရောဂါကူးစက်နိုင်မည့် နည်းလမ်း၊ အပြုအမူများကို အသိပညာပေးခြင်း၊ ကုသပေးခြင်းနှင့် ကာကွယ်ပေးခြင်းတို့ကို ပြုလုပ်ပေးရန် လိုအပ်ကြောင်း ကျန်းမာရေး ပညာပေး လုပ်ကိုင်နေသူ အချို့ကဆိုသည်။

‘‘ကူးစက်ခံရတဲ့ အကြောင်း အရင်းကို ဖြေရှင်းနိုင်ရင် ကူးစက်ခံရနှုန်းက ကျဆင်းသွားမယ်။ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံတော့ အပွင့်ကနေ အပုန်းဖြစ်ကုန်ရော။ ကျန်းမာရေးအသိမရတော့ ကူးစက်ခံရနှုန်းက တက်လာရော။ သူတို့ကို ကြည်ဖြူစာနာရင် ဒါတွေကို ပညာပေးနိုင်ဖို့လိုတယ်။ ဒါကြောင့် နှစ်သိမ့်ဆွေးနွေးပညာပေးတွေ လုပ်ပေးဖို့လိုတယ်’’ ဟု အနှစ် (၂၀) ကျော်ကြာ ကျန်းမာရေးပညာပေး လုပ်ကိုင်ခဲ့သည့် စာရေးဆရာ ဒေါက်တာ ထွန်းဝင်းက ဆိုသည်။
7 Day Daily -ပုသိမ်တွင် လိင်တူချစ်သူများအတွင်း အိတ်ခ်ျအိုင်ဗီကူးစက်ခံရမှု အမြင့်ဆုံးဖြစ်နေဟုဆို 

HIV/AIDS ကုသရေး ဆေးမြီးတိုဖြင့် လမ်းလွဲလိုက်ကြဆဲ

HIV ရောဂါပိုးနှင့် AIDS ရောဂါများကို ဆေးမြီးတိုဖြင့်ကုသ၍ ပျောက်ကင်းနိုင်သည်ဆိုသည့် အယူအဆ အလွဲများ ယနေ့တိုင် ရှိနေဆဲဖြစ်ကြောင်း HIV/ AIDS ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အသင်းအဖွဲ့ များထံမှ သိရသည်။ လင်ဇီးဆေးဝါးများ၊ ရေမန်းများ၊ ဘီးစပ်ရွက်နှင့် ရွှေရင်ကျော်ကု ကုသည်၊ ဓာတ်လုံးဖြင့် ကုသည်ဆိုသည့် ကုထုံးများကြောင့် HIV ပိုး ပျောက်ကင်းနိုင်ကြောင်း ယူဆသူများသည် ဝေးလံခေါင်သီသော ကျေးလက်ဒေသများ၌သာမက မြို့ကြီး ပြကြီးများတွင်လည်း ရှိနေဆဲဖြစ်သည်။

“နယ်ကလူတွေ နှုန်းပြည့်နီးပါးက အဲလိုယူဆကြတယ်။ ဘီးစပ်ရွက်ကလည်း ပြဿနာကြီးတယ်။ ဈေးကြီးတဲ့ လင်းဇီးထက် အလွယ်တကူရနိုင်တဲ့ ဘီးစပ်ရွက်က ပိုနှိပ်စက်တယ်။ သူ့ကြောင့် သေသွားတဲ့လူတွေ တော်တော် များပြီ။ ပြီးတော့ ဘယ်ဗိန္ဒောဆရာက ဘယ်လိုစွမ်းတာဆိုပြီး အများစုက အားကိုးရာ မြက်တပင်လို လှမ်းဆွဲကြတယ်” ဟု ပဲခူးတိုင်း၊ သာယာဝတီမြို့ရှိ စေတနာ့အားမာန်အဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ခင်မာဝင်းက ပြောသည်။

HIV/ AIDS ကာကွယ်တားဆီးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ကွန်ရက်များနှင့် နီးစပ်သူများက ထိုယူဆချက်များ မှားယွင်းကြောင်း သိရှိကြသော်လည်း၊ မနီးစပ်သူများက ဆေးမြီးတိုနည်းဖြင့်သာ ကုသပျောက်ကင်းနိုင်ကြောင်း ယုံကြည်နေကြဆဲ ဖြစ်သည်။

“ကျနော့်သူငယ်ချင်းရဲ့ အမေက HIV ဖြစ်နေတယ်။ သားသမီးတွေက သူ့အမေကို ဆေးကုပေးနေပေမယ့် ဘာရောဂါဖြစ်နေတယ်ဆိုတာ ပြောပြမထားဘူး။ ARV ဆေးကိုတော့ မသိဘူး။ အထက်က ပေးတဲ့ဆေး (ဘိုးတော်ပေးသည့်ဆေး) နဲ့ ကုလို့ ပျောက်သွားတဲ့ လူနာတွေရှိတယ်။ ကျနော့် မိတ်ဆွေအတွက် အဲဒီဆရာဆီကို ဆက်သွယ်ပေးမလို့” ဟု ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတဦးက ပြောသည်။
HIV ကူးစက်ခံထားရသူများ အပါအဝင် တခြားသော ရောဂါများကို ကုသပေးနေသည့် တိုင်းရင်းဆေးခန်း တခုသို့ လာရောက် ကုသခံသူများသည် ၎င်းတို့ပေးသည့် ဆေးကြောင့် အားအင်ပြည့်ကာ အလုပ်ခွင်သို့ ဝင်ရောက်နိုင်ခြင်းကြောင့် မိမိတို့ ဆေးဝါးကိုအာမခံကြောင်း ရန်ကုန်တိုင်း၊ သာကေတ မြို့နယ်ရှိ တိုင်းရင်း ဆေးခန်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါဆေးခန်းမှ တိုင်းရင်းဆေးဖြင့် ကုသပေးနေသည့် အမျိုးသမီးတဦးက “ကျမတို့ဆေးက တိုင်းရင်း ဆေးဝါးတွေနဲ့ ဖော်စပ်တဲ့ဆေးပဲ။ အားအင် ပြန်ဖြည့်တဲ့ဆေးဖြစ်လို့ အာမခံတယ်” ဟု ဧရာဝတီ သို့ပြောသည်။
ယခင်က HIV ပိုး ကူးစက်ခံထားရသည့် လူနာ အများစု လာရောက်ကုသခံကြောင်း၊ နောက်ပိုင်းတွင် ၎င်းတို့ဆေးခန်းမှ ရောင်းချသည့် ဆေးဝါးသည် တလစာအတွက် ကျပ် ၁ သိန်းခွဲခန့် ကုန်ကျသဖြင့် ငွေကြေးမတတ်နိုင်သူများက စွဲမြဲစွာမသောက် သုံးနိုင်ကြောင်း သူက ဆက်လက်ရှင်းပြသည်။

“ကျမတို့ဆေးသောက်ပြီးတော့ သူတို့ ဆေးပြန် စစ်သလား၊ မစစ်လားတော့မသိဘူး။ သူတို့အားအင် ပြည့်ပြည့် ဖြိုးဖြိုး ဖြစ်လာတယ်။ ကျန်းမာပြီး အလုပ်လုပ်နိုင်တယ်။ ဒါကြောင့် အလုပ်လုပ်နေကြတယ်လေ” ဟု သူကပြော သည်။
HIV ကူးစက်ခံရပြီးနောက် ဆေးမြီးတိုများဖြင့် ကုသခဲ့ရာမှ နောင်တချိန်တွင် မှန်ကန်သော ကုထုံး ဖြစ်သည့် ART ဆေးဝါးကုထုံးကို ခံယူခဲ့သော်လည်း ဆေးယဉ်ပါးမှုဒဏ်ကို တခြားသူများထက် စောစီးစွာ ခံစားရသည်ကို ကြုံဖူးကြောင်း Myanmar Positive Group (MPG) ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။

သူက “ကချင်ပြည်နယ်ဘက်က လင်မယားနှစ်ယောက်နဲ့ ကြုံဖူးတယ်။ ကုန်တင်ကား ၅ စီး ပိုင်တယ်။ သူတို့က အစပိုင်းက လင်ဇီးဆေးတွေသောက် နေတာ။ ကျနော်နဲ့ တွေ့တဲ့အချိန်မှာ ဆေးဝယ်သောက်ရင်း ကား ၂ စီးပဲ ကျန်တော့တယ်။ နောက်ပိုင်းမှာ ကျနော်တို့နဲ့ချိတ်ဆက်ပြီး ARV ရသွားတယ်။ ဒါပေမယ့် ရှေ့ကသုံးထားတဲ့ ဆေးမြီးတိုကြောင့်  ARV ဆေးရဲ့အာနိသင်ကို ပြည့်ပြည့်ဝ၀ မရတော့ဘူး” ဟု ပြောသည်။

ကမ္ဘာပေါ်တွင် HIV ရောဂါပိုးအား အပြီးသတ် ကုသ၍ ပျောက်ကင်းနိုင်သည့်ဆေးဝါး မပေါ်သေးဘဲ ခန္ဓာကိုယ်တွင်း၌ HIV ပိုးများ ပိုမိုမပြန့်ပွားနိုင်အောင် ထိန်းသည့် ကုထုံးတမျိုးတည်းသာ ရှိသေးသည်။ ထိုကုထုံးမှာ ART/ARV ကုထုံးဖြစ်သည်။
ထိုကုထုံးကို သိရှိသူများက ဈေးကွက်အတွင်း၌ တန်ဖိုးကြီးပေးကာ ဝယ်ယူသောက်သုံးလျက်ရှိပြီး အများစုက NGO,INGO နှင့် အစိုးရ၏ အထောက်အပံ့ဖြင့် အခမဲ့ကုသခံယူလျက်ရှိသည်။

“HIVဟာ ဆေးမြီးတိုနဲ့ မပျောက်နိုင်ဘူး။ တချို့ စွဲလမ်းမှု၊ ရိုးရာယုံကြည်မှုတွေတော့ ရှိကောင်း ရှိနိုင်တယ်။ ဒါတွေကို အသိပညာပေးမှုတွေလုပ်ဖို့” ဟု ကျန်းမာရေးဝန်ကြီးဌာန၊ National AIDS Program (NAP) မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွန့်ဦးက ဧရာဝတီသို့ ပြောသည်။

သူက ဆက်လက်၍ “ဒီရောဂါက အရင်လို ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါ မဟုတ်တော့ဘူး။ ဆီးချို၊ သွေးတိုး ရောဂါတွေလိုပဲ တသက်လုံး ဆေးသောက်ရတဲ့ နာတာရှည်ရောဂါဖြစ်တယ်။ ဆေးမှန် မှန်သောက်မယ်ဆိုရင် လူတန်းစေ့နေနိုင်ပြီ။ ဖြစ်လာပြီဆိုရင် တတ်သိနားလည်တဲ့ဆရာဝန်တွေနဲ့ တိုင်ပင်သင့်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံထားရသူ များအနက် ဆေးဝါးလိုအပ်သူ ၁၂၅၀၄၃ ဦး ရှိနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။ ထိုသို့ ဆေးဝါးလိုအပ်နေသူများအတွက် ဆေးဝါး လက်လှမ်းမီ နိုင်စေရန် ARV စင်တာများ တိုးချဲ့ဖွင့်လှစ်လျက်ရှိကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။

လာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာတနိုင်ငံလုံးရှိ တိုင်းနှင့် ပြည်နယ်အဆင့် ခုတင် ၁၀ဝ အထက် ဆေးရုံများတွင် ARV စင်တာစုစုပေါင်း ၇၇ ခုအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့နယ်အဆင့် စင်တာငယ် ပေါင်း ၁၀၂ ခုအထိ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း NAP မှ သိရသည်။

“တိုင်းနဲ့ ပြည်နယ် အားလုံးက မြို့နယ်ပေါင်း ၁၄၀ လောက်မှာ အနည်းဆုံး ARV စင်တာ ၃ ခု လောက် ရှိလာမယ်” ဟု NAP မှ ဒေါက်တာ ထွန်းညွန့်ဦးက ဆက်ပြောသည်။
HIV ကို ဆေးမြီးတိုဖြင့် ကုသ၍ ပျောက်ကင်း နိုင်သည်ဆိုသည့် အယူအဆသည် ARV ဆေးဝါးကို လက်လှမ်းမီ သည့် နေရာဒေသများတွင် လျော့နည်းလာကြောင်း မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းရှိ မြို့ကြီးများတွင် လှုပ်ရှားလျက်ရှိသည့် HIV/AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်နေသော အသင်းအဖွဲ့များမှ သိရသည်။

“ကျနော်တို့မြို့မှာ ARV လက်လှမ်းမီလာတော့ အဲဒီလိုအယူအဆတွေ နည်းလာတယ်။ အရင်တုန်းကတော့ ဘုန်းကြီးကုလို့ ပျောက်တယ်၊ ဗမာဆေးနဲ့ ပျောက်တယ်ဆိုပြီး ကုခဲ့ကြလို့ အသေအပျောက်တွေ တော်တော်များ ခဲ့တယ်” ဟု မကွေးတိုင်း၊ ချောက်မြို့နယ်အခြေစိုက် ရွှေညာမောင်မယ်အဖွဲ့မှ တာဝန်ရှိသူတဦး ဖြစ်သည့် ဦးကျော်ရှိန်းက ဧရာဝတီသို့ ပြောသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက်၊ စွမ်းအားသစ်အဖွဲ့မှ ဦးမင်းသူကလည်း “ကျနော်တို့ ဆီမှာ ရှိတော့ရှိတယ်။ နည်းတယ်။ နယ်ဘက်တွေက အသိအမြင်နည်းတဲ့ လူတွေလောက်ပဲ ဘုန်းကြီးဆေးနဲ့ ပျောက်တယ်၊ ဗမာဆေးရွက်တွေနဲ့ ပျောက်တယ်ဆိုပြီး သွားကုကြတာရှိတယ်။ တောင်ငူမှာNAP က ဆေးယူရတာ သိပ်အခက်အခဲ မရှိဘူး” ဟု ၎င်းတို့ဒေသ၏ အတွေ့အကြုံကို ရှင်းပြသည်။

ထို့အပြင် မိတ္ထီလာနယ် အနီးတဝိုက်ရှိ မြို့နယ်များသည်လည်း ART ဆေးဝါး လက်လှမ်းမီသဖြင့် ထိုသို့သော အယူအဆများ သိပ်မရှိကြောင်း အဆိုပါ မြို့အခြေစိုက် ရောင်ခြည်ဦးအဖွဲ့မှ ဒေါက်တာ တင်စိန်က ပြောသည်။

“ကျောက်ဆည်ဘက်မှာ ဆရာဝန်တယောက် ကုပေးလို့ ပျောက်တယ်ဆိုပြီး သွားကုနေကြတာ ရှိတယ်။ စနစ်တကျမဟုတ်ဘဲ အားဆေးသွင်းပေးလိုက်လို့ ခဏကောင်းလာတာ။ ကျနော်တို့ဘက်မှာ ဆေးသောက်ဖို့ မလိုသေးလို့ မပေးသေးတာပဲရှိတယ်။ ဆေးသောက်ဖို့ လိုတဲ့လူတွေအားလုံး  ဆေးရလို့ အဆင်ပြေကြတယ်” ဒေါက်တာတင်စိန်က ဆိုသည်။
ထို့ပြင် ယခင်က ARV ဆေးဝါး လိုအပ်သည့် HIV Positive များအတွက် ဆေးထုတ်ယူရမည့် နေရာကန့်သတ် ချက်၊ ဦးရေကန့်သတ်ချက်များ ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ထိုကန့်သတ်ချက်များကို ပယ်ဖျက် လိုက်ပြီး၊ ARV Centre တိုင်းတွင်း လွတ်လပ်စွာ ဆေးယူနိုင်ရန် စီစဉ်ပေးထားကြောင်း NAP မှ ဒေါက်တာ တင်မောင်ဇော်က ပြောသည်။
“ဘယ်နေရာကလူက ဘယ်ဆေးရုံမှာမှ ယူရ မယ်ဆိုတဲ့စနစ် မရှိတော့ဘူး။ ART နဲ့ပတ်သက်ပြီး လူနာတွေ လက်လှမ်းမမီတော့ဘူးဆိုတာ မရှိတော့ ဘူး” ဟု ၎င်းကဆိုသည်။
သို့သော် ပဲခူးတိုင်း အနောက်ခြမ်းရှိ မြို့နယ်တချို့တွင် နေထိုင်သည့်သူ အများစုသည် HIV ပိုးကို ထိန်းချုပ်နိုင်သည့် တခုတည်းသော ART ကုထုံးကို ရရှိပြီးသည့်တိုင်အောင်  ဆေးနှင့်ပတ်သက်သည့် အသိပညာကို ကောင်းစွာ မရရှိသေးသည် လည်းရှိနေကြောင်း ဒေါ်ခင်မာဝင်းက ပြောသည်။

“ART ရအောင် ချိတ်ဆက်ထားပြီးသား လူတချို့ကတောင် ဆေးသောက်ပြီးရင် ကောင်းသွားပြီ ဆိုပြီး၊ ရေမန်း သောက်တယ်။ သက်သာသွားရင် ဆေးကို ထပ်သွားမယူတော့ဘူး။ ကောင်းသွားတာနဲ့ ပျောက်သွားတာကို မကွဲကြဘူး။ ဒီဆေးက တသက်လုံး သောက်ရမယ်ဆိုတာကို လက်မခံချင်ကြတာ” ဟု သူကရှင်းပြသည်။
ကျေးလက်ဒေသများသည် သတင်းစာ၊ ဂျာနယ်များနှင့် HIV/AIDS ဆိုင်ရာ အသိပညာရရှိနိုင်မည့် စာရွက်စာတမ်းများကို လက်လှမ်းမီမှု အားနည်းခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး အစီအစဉ်နှင့် အဖွဲ့အစည်းများသည် ရုပ်သံများကို အသုံးပြုကာ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်သင့်ကြောင်း သူကအကြံပြုသည်။

“ART ကုထုံးတခုပဲရှိတယ်ဆိုတာမျိုး၊ တသက်လုံး သောက်ရမယ့် ဆေးဖြစ်တယ်ဆိုတာမျိုး သူတို့ နားလည် လွယ်တဲ့ ရှင်းလင်းတဲ့ စကားလုံးမျိုးတွေနဲ့ ဇာတ်လမ်းတိုတွေ လွှင့်ပေးသင့်တယ်။ မြန်မာ့အသံနဲ့ မြဝတီက လူတွေသိပ်မကြည့်ဘူး။ Sky Net ကတော့ အိမ်တိုင်းမှာရှိတယ်။ အဲဒီမှာ ပညာပေးဇာတ်လမ်းတိုတွေ လွှင့်ပေးသင့်တယ်” ဟု စေတနာ့ အားမာန်အဖွဲ့၏ဥက္ကဋ္ဌ ဒေါ်ခင်မာဝင်းက အကြံပြုသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် HIV/AIDS ဖြင့် အသက်ရှင်နေထိုင်သူများအတွက် အစိုးရ ကျန်းမာရေးဌာနများနှင့် ပြည်တွင်းပြည်ပ လူမှုအထောက်အကူပြုနေသည့် အဖွဲ့အစည်းများက ကျန်းမာရေး ဝန်ဆောင်မှုပေးလျက်ရှိရာ လူနာအများစုက အစိုးရထက်၊ NGO များက ပေးသော ဝန်ဆောင်မှုများကို ပို၍ကြိုက်နှစ်သက်ကြောင်း သုတေသန စစ်တမ်းတရပ်က ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ HIV နှင့် နေထိုင်သူများအသင်း (MPG) နှင့် ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) တို့ ပူးပေါင်း၍ ၄ လတာ ကာလအတွင်း ကောက်ယူထားသည့် ယင်းစစ်တမ်းကို ယခုလ ၁၉ ရက်တွင် တရားဝင် ထုတ်ပြန်လိုက်ရာ ယင်းအချက် ကိုလည်း ထည့်သွင်းဖော်ပြထားသည်။

ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် တချို့သော အစိုးရဆေးရုံများရှိ ဝန်ထမ်းများ၏ ခွဲခြားဆက်ဆံ လိုသည့် သဘောထားများနှင့် အရည်အသွေးနိမ့်သော ဝန်ဆောင်မှုများကြောင့် HIV ပိုး ကူးစက်ခံထားရသူ များသည် ART ဆေးဝါး ဝန်ဆောင်မှုများကို လာယူရန် စိတ်မပါမှုများ ဖြစ်ပေါ်စေကြောင်း ယင်းသုတေသန စစ်တမ်းတွင် ပါဝင်သည်။
“လူတွေက NGO တွေကပေးတဲ့ ဝန်ဆောင်မှု ကို အစိုးရ ကျန်းမာရေးဌာနတွေကပေးတာထက် ပိုကြိုက်ကြ တယ်။ တချို့က အစိုးရဌာနကို ပိုကြိုက်ပေမယ့် ဝန်ထမ်းအင်အားနည်ပါးမှု၊ အချိန်ကြန့်ကြာမှုတွေကြောင့် ဝန်ဆောင်မှု မကောင်းတာမျိုးကို ထောက်ပြတယ်” ဟု ဆေးဝါးသုတေသန ဦးစီးဌာနမှ သုတေသန စာတမ်းရေးသားသူ တဦးဖြစ်သည့် ဒေါက်တာ ခင်စုစုလှိုင်က ရှင်းပြသည်။

ထို့ပြင်  HIV ပိုး ကူးစက်ခံထားရသူများကို နှစ်သိမ့်ဆွေးနွေးခြင်း လုပ်ငန်းစဉ်များတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ပေးနိုင်သည့် နေရာများ၊ အခန်းများ၊ လျှို့ဝှက်ထိန်းသိမ်းပေးခြင်းစနစ်၊ လုံလောက်သောဝန်ထမ်းဦးရေ၊ နည်းပညာကိုကျွမ်းကျင်သော ဝန်ထမ်းများ၊ ဆေးရုံ၊ ဆေးပေးခန်းများတွင် စောင့်ဆိုင်းရသည့် အချိန်ကြာမြင့်ခြင်း စသည့်အချက်များက ယခုထက် တိုးတက်ကောင်းမွန် ရန်လိုအပ်နေ ကြောင်း ထိုစစ်တမ်းတွင် ဖော်ပြထားသည်။
၂၀၁၃ ခုနှစ်၊ အောက်တိုဘာမှ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်၊ ပုသိမ်၊ တောင်ကြီး၊ လားရှိုး၊ မော်လမြိုင်နှင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး စသည့် ဒေသများတွင် “မြန်မာပြည်ရှိ ART ဆေး ပေးမှုလုပ်ငန်းတွင် HIV ပိုးရှိသော အုပ်စုများ ပါဝင်နိုင်မည့် အခန်းကဏ္ဍ” ဆိုသည့် ခေါင်းစဉ်ဖြင့် သုတေသန စစ်တမ်းတရပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းစစ်တမ်းတွင် HIV ပိုး ကူးစက်ခံထားရသူများ၊ ထိုသူများကို ဆေးဝါးဝန်ဆောင်မှု ပေးနေသည့် ပြည်တွင်း ပြည်ပ လူမှုကူညီထောက်ပံ့ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အစိုးရ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများ အပါအဝင် လူပေါင်း ၁၀ဝ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာ ပြည်) မှ သုတေသနမှူး ဒေါက်တာ ခင်စုစုလှိုင်က ပြောသည်။

သူက ဆက်လက်၍ “NGO တွေမှာလည်း နှစ်သိမ့်ဆွေးနွေးပညာပေးရေး စတဲ့ ပုံစံတွေက ထပ်တလဲလဲ ဖြစ်နေတာမျိုးတွေကို မကြိုက်တာတွေရှိတဲ့အကြောင်း ထောက်ပြကြတယ်” ဟု ပြောသည်။
ထို့ပြင် HIV ပိုးဖြင့် အသက်ရှင်နေထိုင်သူများအတွက် လုပ်ဆောင်မည့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများတွင် ကာယကံရှင်များကိုယ်တိုင် ပါဝင်မှုက အလွန်အရေးကြီးကြောင်း ယင်းစစ်တမ်းအရ တွေ့ရှိခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံထားရသူ ပေါင်း ၂ သိန်းနီးပါးရှိပြီး ARV ဆေးဝါး သောက်သုံးနေသူ ၁ သိန်း ၂ သောင်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၃ ခုနှစ် ကိန်းဂဏန်းများအရ သိရသည်။
ထိုကိန်းဂဏန်းအနက် HIVကို ဆေးမြီတိုဖြင့် ပျောက်ကင်းကြောင်း ယုံကြည်နေကြဆဲ လူများအတွက် စိတ်အစွဲကိုချွတ်မည့် နည်းလမ်းကောင်းများကို တာဝန်ရှိသူများက အကောင်အထည်ဖော်ရန်၊ အရှိန်မြှင့် လုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်သည်။

မြတ်စုမွန်
ဧရာဝတီ - HIV/AIDS ကုသရေး ဆေးမြီးတိုဖြင့် လမ်းလွဲလိုက်ကြဆဲ

အေအာတီ ဆေးကို မြို့နယ်ဆေးရုံများတွင် တိုးချဲ့ပေးသွားမည်

မြို့နယ်ဆေးရုံများ၌ အေအာတီ ဆေးပေးခြင်းကို ယခုနှစ်အတွင်း တိုးချဲ့လုပ်ဆောင်သွားမည်ဟု အမျိုးသား ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွန့်ဦးက ပြောသည်။ ယခုနှစ်အတွင်း မြို့နယ် တစ်ရာ့လေးဆယ်တွင် အေအာတီ ဆေးပေးခြင်းကို တိုးချဲ့လုပ်ဆောင် သွား မည်ဖြ စ်ပြီး ဆေး သောက်ရန်လိုအပ်သည့်  HIV ပိုးရှိ သူများအနေဖြင့် ကိုယ်နေထိုင်ရာ မြို့နယ်နှင့်
အနီးဆုံးမြို့နယ်တွင် ဆေးယူနိုင်မည်ဖြစ်သည်။ ”လူနာတွေ သွားယူချင် တယ် ဆိုရင် တော့အနီးဆုံးမြို့ မှာ သွားယူနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ မြို့နယ်အဆင့် ဆေးရုံများတွင် အေအာတီဆေးပေးခြင်းကို တစ်နိုင်ငံလုံး အတိုင်း အ တာဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီးလာမည့် နှစ်နှစ်၊ သုံးနှစ်အတွင်း မြန်မာနိုင်ငံရှိ မြို့  နယ်ဆေးရုံတိုင်းတွင် အေအာတီ ဆေးဝါး ရရှိအောင်ပြုလုပ်မည်ဟု ၎င်းက ပြောသည်။
ဆေးယူရသည့် နေရာဝေးပါက၊ လူနာများအနေဖြင့် ဆေးတစ်နှစ်ခန့်သောက်ပြီးသက်သာပါက ဆေးလာမယူတော့သည့်အတွက် လူနာဘက်မှရေရှည်အားဖြင့် ကိုယ်နေ ထိုင်ရာ မြို့နယ်ဆေးရုံတွင် ဆေးယူခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း သိရသည်။ ”အဓိက လူနာဘက်က ပြဿနာပေါ့။ ကျွန်တော်တို့ဆေးလည်း ရှိတယ်။ ဆေး ရုံတွေလည်း ဖွင့်ထားတယ်။ အဓိကက လူနာဘက်က လှိုင်သာယာမှာနေတဲ့ လူက လှိုင်သာယာမှာ ဆေးပြန်ယူဖို့ခက်တယ်။ ဘာလို့လဲဆိုတော့ လူသိမခံချင်လို့” ဟု ၎င်း ကဆိုသည်။

မြို့နယ်ဆေးရုံ ဆေးပေးခန်းများတွင်လည်း  HIV ဆေးကုဌာနဟု နာမည်တပ် ကုသပေးမည်မဟုတ်ဘဲ သာမန်ရောဂါ လူနာကဲ့သို့ပင်လာရောက်ပြသပြီးဆေး ထုတ်ယူနိုင် မည်ဖြစ်သည့်အတွက် လူသိမည်ကို စိုးရိမ်ရန် မလိုအပ်တော့ကြောင်း ၎င်းကပြောသည်။ ယခင်က ဆေးရုံကြီးများတွင်သာ အေအာတီဆေးဝါးပေးခဲ့ရာမှ ၂ဝ၁၃ ခုနှစ်မှ စတင်ပြီး မြို့နယ်အဆင့်ဆေးရုံများတွင် အေအာတီ ဆေးပေးခြင်းကို စတင်လုပ်ဆောင်ခဲ့သည်။
မြန်မာနိုင်ငံတွင်  HIV ပိုးရှိပြီး အေအာတီဆေးဝါးလိုအပ်သူ တစ်သိန်း ရှစ်ေ သာင်းဝန်းကျင်ရှိကာ ၂ဝ၁၄ နှစ်ကုန်အထိ လူနာခုနစ်သောင်း ခြောက်ထောင်ကျော်ကို အေအာတီဆေးပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် လူဦးရေတစ် သိန်းကျော် ကို အေအာတီ ဆေးဝါးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ ယခုနှစ်  HIV/AIDS ကာကွယ်ကုသရေးလုပ်ငန်းများအတွက် Global Fund  ထောက်ပံ့ငွေနှင့် အစိုးရထည့် ဝင်ငွေ စုစုပေါင်း ကန်ဒေါ်လာသုံးဆယ့်ငါးသန်း အသုံးပြုသွားမည်ဟု ဒေါက်တာ ထွန်းညွန့်ဦးက ပြောသည်။

မြတ်စုငြိမ်း (ရန်ကုန်၊ ဇန်နဝါရီ  ၉)

ပေါ်ပြူလာ - အေအာတီ ဆေးကို မြို့နယ်ဆေးရုံများတွင် တိုးချဲ့ပေးသွားမည်

No comments: