Sunday, January 25, 2015

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် CNA သတင်းဌာနတို့၏ အင်တာဗျူး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား CNA (Channel NewsAsia) သတင်းဌာနမှ တွေ့ဆုံမေးမြန်းမှု အပေါ် ပြန်လည် ဖြေကြားချက်

နေပြည်တော်၊ ဇန်န၀ါရီ-၂၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၈ ရက်တွင် CNA သတင်းဌာနအား လက်ခံတွေ့ဆုံ၍ တပ်မတော်နှင့် အမျိုးသားနိုင်ငံရေးတာဝန်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေး၊ နိုင်ငံတော်၏ အရေးပေါ်အခြေအနေနှင့် တပ်မတော်၏ လုပ်ငန်း တာဝန်ဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုသည် များ မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားခဲ့သည်များကို CNA သတင်းဌာနမှ ဇန်န၀ါရီ ၂၀ ရက်နှင့် ၂၁ ရက်များတွင် ထုတ်နှုတ်၍ ထုတ်လွှင့်သွားခဲ့ပါသည်။
~~~~
CNA - ၂၀၁၅မှာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲလုပ်မယ်လို့ သတင်း ကြားရပါတယ်။ အဲဒီ ရွေးကောက်ပွဲမှာလည်း ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ပါမယ်လို့ သူတို့ထင်နေကြပါတယ်။ အဲဒီအတွက် အစီအစဉ် လေးများရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး - ဒါကတော့ သူတို့ထင်မြင်ယူဆချက်ကိုပြောတာပါပဲ။ တကယ်တော့ ကျွန်တော်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်မှုက နိုင်ငံတော် အတွက် အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိပါတယ်။ နောက်တစ်ခါ နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်မှုအတွက် တပ်တွေကိုလည်း တကယ်စွမ်းရည်ရှိတဲ့ တပ်တွေကျွန်တော်တို့ဖြစ်အောင်လုပ်ပါ့မယ်။ နောက်တစ်ခါ ကျွန်တော်တို့ တပ်မတော် က ပြည်သူ့အကျိုးစီးပွားဖော်ဆောင် ဖို့ ပြည်သူကြား ကပေါက်ဖွားလာတဲ့ တပ်မတော် ဖြစ်တဲ့အတွက်ကြောင့် ပြည်သူရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနိုင်မယ့် တပ်မတော်ဖြစ်ဖို့လိုပါတယ်။ နောက်တစ်ခါ ပြည်သူရဲ့အကျိုးစီးပွားကို ဖော်ဆောင် ပေးနိုင်တဲ့ တပ်မတော်လည်းဖြစ်ဖို့လိုပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က ပြည်သူနဲ့ထိတွေ့မှုရအောင် အများကြီးကြိုးစားနေရတယ်။ ဒီကဏ္ဍတွေက ကျွန်တော့် ဆီမှာ အများကြီးရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်ပါးတဲ့ ဒေသတွေ ဆိုလို့ရှိရင် အများကြီးဆောင်ရွက်ပေးစရာ လုပ်ငန်းတွေရှိတယ်။ အဲဒီတော့ ဒါတွေကို ကျွန်တော်က နံပါတ်တစ်အချက်က တပ်ကိုကောင်းအောင်လုပ်ပေးတယ်။ နံပါတ်နှစ် အချက်က စွမ်းရည်ရှိအောင်လုပ်ပါတယ်။ နံပါတ်သုံးအချက်ကတော့ ပြည်သူနဲ့ တစ်ဆက်တည်းဖြစ်အောင် ကျွန်တော်တို့လုပ်နေတယ်။ ဒီတာဝန်တွေဟာ အင်မတန် ကြီးမားတဲ့အတွက်ကြောင့် ဒီအပေါ်မှာပဲ ကျွန်တော်အာရုံစိုက်ပြီး လုပ်နေပါတယ်။ နောက်တစ်ခါ နိုင်ငံရေး အဲခုနကပြောတဲ့ ခင်ဗျားကျွန်တော့်ကို မေးတဲ့ သမ္မတ အခန်းကဏ္ဍနဲ့ ပတ်သက်ရင်တော့ အခြေအနေအချိန် အခါပေါ်မူတည်ပြီးတော့ ကျွန်တော်လုပ်ရလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ တကယ်လို့သာ ဒီဘက်ကို သွားအာရုံစိုက်လိုက်မယ်ဆိုရင် ကျွန်တော်လုပ်နေတဲ့ ကိစ္စရပ်တွေအတွက် ကျွန်တော် အများကြီးအားလျော့သွား စရာအကြောင်းတွေရှိပါတယ်။ ဒါကြောင့် အခုအခြေအနေ မှာတော့ ကျွန်တော့်အနေနဲ့ဆုံးဖြတ်ချက်ချဖို့ကိုရော ပြောဖို့ကိုရော စောသေးတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

CNA - ခုနကပြောခဲ့ပါတယ်။ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိ တယ်လို့ပြောပါတယ်။ အဲဒီအတွက် ခေါင်းဆောင် တစ်ယောက် အနေနဲ့ အခုရော လုပ်နိုင်ပြီလား။ သမ္မတဖြစ်ရင်ရော ပိုပြီးတော့ လုပ်နိုင်မယ်လို့ ထင်ပါသလား။

ဗိုလ်ချုပ်မှူးကြီး- အခုလည်း ကျွန်တော်လုပ်နိုင်တဲ့အခန်းကဏ္ဍမှာ ကျွန်တော်လုပ်နေ တာတွေရှိပါတယ်။ တကယ်တမ်းဆိုလို့ရှိရင်တော့ နိုင်ငံသားတစ်ယောက် အနေနဲ့ ပြောရင်တော့ ဘယ်အခန်းကဏ္ဍကနေပဲဖြစ်ဖြစ် ပါလို့ရပါတယ်။ အခုကျွန်တော်လုပ်နေ တာကလည်း ပြောလို့ရှိရင်တော့ အမျိုးသားနိုင်ငံရေးကဏ္ဍပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အဓိကလိုအပ်ချက်က နံပါတ်တစ်အချက် တည်ငြိမ်အေးချမ်းရေးပေါ့။ နံပါတ်နှစ် အချက် စည်းလုံးညီညွတ်ရေးပေါ့။ ဒါတွေရသွားပြီးလို့ရှိရင်တော့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင်လုပ်ရမှာပဲ။ ဒါတွေက နိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်။ အဲဒီတော့ ကျွန်တော့အနေနဲ့က နိုင်ငံသားတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ဒီလုပ်ငန်းတွေကို ဘယ်နေရာမှာပဲလုပ်ရလုပ်ရ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်လို့ ကျွန်တော်က တော့ ခံယူထားတယ်။

CNA - တည်ငြိမ်ရေးနဲ့အေးချမ်းရေးနဲ့ ဆက်စပ်လို့ပြောရမယ်လို့ဆိုရင် သမ္မတဖြစ်တဲ့ အခါ ပိုပြီးတော့များ လုပ်ဆောင်နိုင်မယ်လို့ ထင်ပါသလား။

ဗိုလ်ချုပ်မှူးကြီး - ဒါကတော့သူ့နေရာနဲ့သူပါပဲ။ သမ္မတလည်း သူလုပ်နိုင်တဲ့အပိုင်း တွေ သူလုပ်မှာပဲ။ တချို့ကတော့လည်း ကူညီပေးရတာတွေရှိတယ်။ သူတိုက်ရိုက် လုပ်လို့မရတဲ့ဟာတော့လည်း ကူညီပေးရတာတွေရှိတယ်။ ဒါကြောင့် ကိုယ်ယူရတဲ့ တာဝန်အပေါ်မူတည်ပြီးတော့ပဲ လုပ်နိုင်ခွင့်ရလိမ့်မယ်လို့ပဲ ကျွန်တော့ကတော့ ထင်တယ်။

CNA - သမ္မတတစ်ယောက်ဖြစ်ဖို့အတွက် ရည်မှန်းချက်ပေးနိုင်ပါသလား။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်ခုနကပြောခဲ့ပြီးသားဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့က တော့ နိုင်ငံသားတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံအနေနဲ့၊ နောက်ကျွန်တော့် အတွေ့အကြုံ၊ ကျွန်တော့်မှာလည်း အတွေ့အကြုံအများကြီးရှိပါတယ်။ အထိအတွေ့ အများကြီးရှိပါတယ်။ နောက်နိုင်ငံသားတစ်ယာက်လည်းဖြစ်တယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ကတော့ ခုနကပြောတဲ့သုံးချက်ပေါ့။ သုံးချက်ကတည်ငြိမ် အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ နောက်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီသုံးချက်ကို ကျွန်တော်ပြောခဲ့တယ်။ဒါ နိုင်ငံသားတိုင်းကတော့ ကျရာနေရာကနေ တာဝန် ထမ်းဆောင်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့လည်း ဘယ်လိုပဲ တာဝန် ယူရယူရပေါ့။ ကျွန်တော့်အနေနဲ့ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

CNA - နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် တဲ့ နေရာမှာ တပ်မတော်ရဲ့အခန်းကဏ္ဍကဘယ်လိုနေရာမျိုးတွေမှာ ပါနေပါသလဲ။

ဗိုလ်ချုပ်မှူးကြီး - တပ်မတော်ကတော့ တကယ်လုပ်နေတဲ့၊ တာဝန်ထမ်းဆောင်နေတာ ကတော့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ ကာကွယ်ရေးဆိုတဲ့အပိုင်းက တော်တော်လေး ကျယ်ပြန့်တယ်။ တိုက်ရိုက်လုပ်တဲ့ ကာကွယ်ရေးလုပ်ငန်းတွေရှိသလို တိုက်ရိုက်လုပ်လို့မရတဲ့ ကာကွယ်ရေးလုပ်ငန်းတွေ လည်းရှိတယ်။ အဲဒီတော့ခုနကပြောတဲ့ တပ်မတော်ဆိုတာလည်း ဒီတာဝန်ထဲက နေပြီးတော့ ထမ်းဆောင်လို့ရတဲ့တာဝန်တွေ အကုန်လုံးထမ်းဆောင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က နိုင်ငံတော်ကာကွယ်ရေး ဆိုတဲ့တာဝန်ထမ်းဆောင်တဲ့ နေရာမှာ အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်မှုအပိုင်းနဲ့ ဆက်စပ်ပြီးတော့ လုပ်နေခြင်းဖြစ်ပါတယ်။ ဒါကြောင့်တပ်မတော်အနေနဲ့ကတော့ ရှေ့ဆက်ပြီးတော့ လည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ အခန်း(၁)၊ ပုဒ်မ(၆)၊ ပုဒ်မခွဲ(စ)မှာ ပါတဲ့ အနာဂတ်အမျိုးသားနိုင်ငံရေး တာဝန်ထမ်းဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော် က ထမ်းရွက်နိုင်ခွင့်ရှိတယ်ဆိုတဲ့အတိုင်း အချက်လေးတစ်ချက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တပ်မတော်အနေနဲ့ကတော့ အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်တဲ့ အခန်းကဏ္ဍကနေပြီးတော့ပဲ ဆက်လက်တာဝန်ထမ်းဆောင်သွားမယ်။ ဒါကလည်း ဥပဒေနဲ့အညီဖြစ်ရမှာပဲဖြစ်ပါတယ်။

CNA - ဗိုလ်ချုပ်မှူးကြီး ပြောခဲ့သလိုပြည်သူတွေအကျိုးကို အမြဲတမ်း ရှေးရှုတယ် ဆိုတဲ့အတွက်ကြောင့် မို့လို့လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်းဖယ်ရှားဖို့အတွက်ကို ကာကွယ်မှာလား၊ တားဆီးမှာလား။

ဗိုလ်ချုပ်မှူးကြီး- အဲဒါဆိုရင်တော့ နိုင်ငံတော်ရဲ့ သမိုင်းလေးနဲ့ ဆက်စပ်ပြီးပြောမှရမယ်။ နိုင်ငံတော်ရဲ့သမိုင်းနဲ့ တပ်မတော်ရဲ့သမိုင်းက ခွဲခြားလို့မရပါဘူး။ လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာ တပ်မတော်က ပြည်သူ့နဲ့ပူးပေါင်းပြီးတော့မှ လွတ်လပ်ရေးရအောင် ယူခဲ့တယ်။ နောက်ဒီဘက်က တစ်လျှောက်မှာလည်း နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေပြီးတော့မှ တပ်မတော်ပါဝင်ခဲ့တယ်။ ဒီအတွေ့အကြုံတွေ တပ်မတော်မှာရှိတယ်။ နောက် ကျွန်တော်တို့အခု သွားနေတာက ပါတီစုံဒီမိုကရေစီ လမ်းကြောင်း၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ဆိုတာ ဥပဒေနဲ့အညီ တည်တည်ငြိမ်ငြိမ် သွားရမဲ့အခြေအနေရှိပါတယ်။ ဒီလိုသွားနိုင်ဖို့ဆိုလို့ရှိရင် အားလုံးကပူးပေါင်း ဆောင်ရွက်ဖို့လည်းလိုတာပေါ့။ ကျွန်တော်တို့ဒါက ဆောင်ရွက်ဖို့လိုတယ်။ နောက် တစ်ဆက်တည်းမှာပဲ ပြည်သူလူထုအနေနဲ့လည်း ဒီမိုကရေစီကျင့်ဝတ်တွေနဲ့အညီ၊ ကျင့်စဉ်တွေနဲ့အညီပေါ့၊ လိုက်ပါလုပ်ဆောင်နိုင်ဖို့လည်းလိုတယ်။ ဒါတွေကို ကျွန်တော် တို့ တပ်မတော်ကနေ ပြီးတော့မှ အားဖြည့်ပြီးတော့ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

CNA - ဒီမိုကရေစီလမ်းခင်းဖို့အတွက် ပြည်သူလူထုအများစုက ပုဒ်မ ၄၃၆ ကို ပြုပြင် ပြောင်းလဲဖို့ လိုလားနေပါတယ်။ အဓိကကတော့ အဲဒီ ၂၅ ရာခိုင်နှုန်း ပါဝင်မှုကို ဖယ်ရှားပေးဖို့ပဲဖြစ်ပါတယ်။ အဲဒါကရော။

ဗိုလ်ချုပ်မှူးကြီး - ဒါကလည်း စောစောကအချက်နဲ့တော့ ဆက်စပ်တယ် လို့ ပြောရ လိမ့်မယ်။ ကျွန်တော့်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ရှိရင် ပြင်ဆင်နိုင်စရာရှိတဲ့အချက်တွေကို ပြင်ဆင်ဖို့အတွက် ကျွန်တော့်အနေနဲ့လည်း ဘာမှပြောစရာ အကြောင်းမရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ရေးနဲ့ပတ် သက်ရင် အခန်း (၁၂) မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ ပုဒ်မတွေ သတ်မှတ်ထားတာရှိတယ်။ အဲဒီအထဲကနေပဲ ကျွန်တော်တို့သွားရမှာ ဖြစ်ပါတယ်။ နောက်ဒီဥပဒေရေးတာလည်း ကျွန်တော်တို့ရေးတာမဟုတ်ဘူး။ ပြည်သူကို ကိုယ်စားပြုတဲ့၊ နောက်အလွှာအသီးသီးကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေပေါ့၊ အဲဒီ ကိုယ်စားလှယ်တွေကနေ ရေးခဲ့တာဖြစ်ပါတယ်။ ဒါလည်း သေသေချာချာစဉ်းစားပြီးမှ လုပ်ခဲ့တဲ့ကိစ္စပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဥပေဒနဲ့အညီ ပြင်ဆင်ရေးဆောင်ရွက်တာနဲ့ ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ ဘာမှကန့်ကွက်စရာအကြောင်းလည်း မရှိဘူးလို့ ကျွန်တော်ပြောရလိမ့်မယ်။


CNA - ပြည်သူတွေကရေးခဲ့တဲ့ ပြည်သူ့အတွက်ဆိုလို့ရှိရင် အခုအချိန်မှာ ဒီဥပဒေတွေကိုပြင်ဆင်ဖို့ အတွက် အချိန်ကျရောက်ပြီလို့ထင်ပါသလား။


ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်တို့ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားတာ ၂၀၁၁ ခုနှစ်၊ မတ်လမှာ ကျွန်တော်တို့စခဲ့တာ၊ ၄ နှစ်အတွင်းမှာပဲရှိသေးတယ်၊ ကျွန်တော်တို့ အင်မတန်နုနယ်ပါသေးတယ်။ စောစောက ကျွန်တော်ပြောတဲ့ နိုင်ငံတော်ရဲ့သမိုင်းနဲ့ တပ်မတော်ရဲ့ သမိုင်းခွဲခြား လို့မရဘူးလို့ပြောတယ်။ အဲဒီတော့ ဒီအတွေ့အကြုံတွေ အရ ကျွန်တော်တို့ ပါတီစုံဒီမိုကရေစီစနစ်ကို သွားတဲ့အချိန်မှာ ကျွန်တော်တို့ သွားတဲ့ စနစ်က ခိုင်ခိုင်မာမာဖြစ်ဖို့လိုတယ်။ နောက်ပါတီစုံဒီမိုကရေစီစနစ်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဒီ ၃ ခုဟာ လွတ်လွတ်လပ်လပ်နဲ့စနစ်တကျ ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းတွေလည်း ရှိဖို့လိုတယ်။ နောက်လွှတ်တော်အနေနဲ့ ပြောမယ်ဆိုလို့ရှိရင်လည်း လွှတ်တော်မှာ လုပ်စရာအခန်းကဏ္ဍတွေ အများကြီး ရှိတယ်။ ဒါတွေကို ကျွန်တော်တို့အားဖြည့်ဆောင်ရွက်နိုင်ဖို့ အတွက် တပ်မတော်ကနေ ပြီးတော့ ပါဝင်ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ ပြောလိုပါတယ်။


CNA - အခုအချိန်ဟာ လွှတ်တော်ရဲ့အတွေ့အကြုံက အရမ်းနည်းနေတယ် လို့ပြောကြတယ်။ ဒါပေမဲ့ နောင်တစ်ချိန်မှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍက ပိုမိုအားပြည့် နိုင်ဖို့၊ အားကောင်းဖို့အတွက် တပ်မတော်ရဲ့ပါဝင်ပတ်သက်မှုကို ဘယ်လိုလျှော့ချမလဲ၊ အဲဒီအတောအတွင်းမှာ ဘယ်လို စနစ်မျိုးနဲ့သွားရင် ကောင်းမယ်လို့ ထင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး - စောစောက ကျွန်တော်ဖြေခဲ့သလို ကျွန်တော်တို့က ၄ နှစ်လောက် ပဲ အတွေ့အကြုံရှိသေးတာကိုး၊ နောက်တစ်ခါကျွန်တော်တို့ ဥပဒေပြုရေးနဲ့ ပတ်သက် ရင် လွှတ်တော်မှာတာဝန်ရှိတယ်။ အဲဒီတော့ တပ်မတော်ကနေပြီးတော့မှ လွှတ်တော် မှာပါဝင်နေတဲ့ ကျွန်တော်တို့ ကိုယ်စားလှယ် တွေထဲကနေ ဥပဒေပြုရေးနဲ့ ပတ်သက်တဲ့ အခါမှာ အကြံပြုတာပဲရှိတယ်။ ကျွန်တော်တို့ကဘာမှ အဆုံးအဖြတ်ပေးလို့ မရဘူး။ ကျွန်တော်တို့က အကြံပြုမယ်။ ဒီဟာတော့ ဖြစ်သင့်တယ်။ ဒီဟာတော့မဖြစ်သင့်ဘူး။ ဒါကိုကျွန်တော်တို့အကြံပြုတယ်။ ဆုံးဖြတ်တာတော့လွှတ်တော် ကနေပြီး ဆုံးဖြတ်လိမ့် မယ်။ အဲဒီတော့ ကျွန်တော်တို့ပေးနိုင်တဲ့အကြံဉာဏ်တွေကို သူတို့ သုံးနိုင်လဲသုံးပေါ့။ မသုံးနိုင်ဘူးဆိုလည်း ကိစ္စမရှိပါဘူး။ အဲဒီတော့ ဒီမိုကရေစီကျင့်စဉ်နဲ့ ပတ်သက်လို့ရှိရင် စောစောက လွှတ်တော်ကဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေမှန်မှန်ကန်ကန် ဆောင်ရွက် နိုင်ပြီလို့ဆိုရင် အဲဒီအခြေအနေအပေါ် မှာမူတည်ပြီးတော့ နောင်ဖြစ်လာမဲ့ အခြေအနေ ကိုပဲ ဆက်လက် ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။

CNA - ဥပမာ သူတို့အားလုံးသိတာကတော့ လွှတ်တော်မှာတပ်မတော်ရဲ့ ပါဝင် ပတ်သက်မှု ၂၅ ရာခိုင်နှုန်းက တပ်မတော်ကိုအထောက်အပံ့ ပြုနိုင်တဲ့ တရားစီရင်ရေး ဥပဒေကို ပြဌာန်းနိုင်ဖို့အတွက် အများကြီး အထောက်အကူပြုနေပါတယ်။ အဲဒီ ၂၅ ရာခိုင်နှုန်းကို မဖယ်ရှား ပဲနဲ့တော့လွတ်လွတ် လပ်လပ်လျှောက်လှမ်းနိုင်မယ်လို့ ထင်ပါသလား။

ဗိုလ်ချုပ်မှူးကြီး - အဲဒီလိုတော့ မဟုတ်လောက်ဘူး၊ အဲဒီလိုတော့ မဟုတ်ဘူး။ သူတို့ အကုန်လုပ်လို့ရနေတာ။ ဥပမာအားဖြင့် လွှတ်တော်မှာ ကျွန်တော်တို့က ၂၅ ရာခိုင်နှုန်း ပါနေတယ်ဆိုတော့ ၇၅ ရာခိုင်နှုန်း မဲပေးလို့ရတာတွေလည်းရှိပါတယ်။ ဥပမာတစ်ခု ပြမယ်ဆိုလို့ရှိရင် အများရဲ့မဲဆန္ဒ၊ ထောက်ခံတဲ့မဲနဲ့ အတည်ပြုလို့ရတဲ့ ဥပဒေတွေ အများကြီးရှိနေပါတယ်။ ကျွန်တော်တို့ ၂၅ ရာခိုင်နှုန်းက ထောက်ခံမှမဟုတ်ဘူး။ ကန့်ကွက်မှမဟုတ်ဘူး။ ကျွန်တော်တို့ ၂၅ ရာခိုင်နှုန်းက ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ၊ အများစု ကထောက်ခံတယ် ဆိုပြီးတော့ အတည်ပြုပြဌာန်း လို့ရတဲ့ ဥပဒေတွေ လုပ်ငန်းရပ်နယ်ပယ်တွေ များစွာရှိတယ်။ တစ်ဘက်ကတော့ ဒီလိုကြီးတော့ သွားနေလို့မရဘူး။ ကျွန်တော်တို့ တစ်ချို့ဟာတွေမှာတော့ ထိန်းထားတ ဟာတွေရှိပါတယ်။ ကန့်သတ်ထားတဲ့ဟာတော့ ရှိပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေက သိပ်အကျိုး သက်ရောက်မှုမရှိပါဘူး။

CNA - ဥပမာ ပြောရမယ်ဆိုရင်တော့ အခြေခံဥပဒေကိုပြင်ဆင်ဖို့အတွက် ၇၅ ရာခိုင်နှုန်းထက် ပိုပြီးတော့လိုအပ်ပါတယ်။ ဒီအတွက် ကြောင့်မို့လို့တပ်မတော်ရဲ့ အရေးပါမှုက ဘယ်လိုရှိပါသလဲ။

ဗိုလ်ချုပ်မှူးကြီး - အခြေခံဥပဒေဆိုတာ ကျွန်တော်တို့နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ ဥပဒေ တွေရဲ့မိခင်ဥပဒေပဲဖြစ်တယ်။ ဒီအခြေခံဥပဒေကိုရေးတဲ့ အခါမှာလည်း သေသေချာချာ စဉ်းစားပြီးတော့မှ ကျွန်တော်တို့ ရေးတယ်။ နောက်ဒီဥပဒေရေးတဲ့အခါတုန်းကလည်း နိုင်ငံတော်ရဲ့သမိုင်းကြောင်းပေါ့။ နောက်ထုံးတမ်းစဉ်လာတွေပေါ့။ နောက် တိုင်းရင်း သားလူမျိုးတွေရဲ့ အခြေအနေတွေ၊ အဲဒီအခြေအနေတွေ အပေါ်မှာ အကုန်လုံး ချင့်ချိန်ပြီးတော့မှ၊ နောက်တစ်ချက်ရှိသေးတယ် တိုင်းပြည်ရဲ့တည်နေရာ၊ တိုင်းပြည်ရဲ့ တည်ရှိမှုပေါ့။ တိုင်းပြည်ရဲ့ တည်ရှိမှုအပေါ်မူတည်ပြီးတော့မှ ကျွန်တော်တို့ ဒီအခြေခံ ဥပဒေကို သေသေချာချာ စဉ်းစားပြီး တော့မှရေးခဲ့တာဖြစ်တယ်။ နောက်တစ်ခါ ဥပဒေဆိုတာလည်း မကြာခဏပြင်လို့မကောင်းဘူး။ ဥပဒေတစ်ခုက ခိုင်ခိုင်မာမာ ဖြစ်ဖို့တော့လိုတယ်။ ဥပဒေတစ်ခုကို ကိုယ်လိုရာစွဲပြီးတော့မှ ပြင်ဆင်ချက်တွေ မကြာခဏ ထွက်နေမယ်ဆိုရင် တည်ငြိမ်မှုကို အများကြီးထိခိုက်သွားနိုင်တယ်။ ဒါကြောင့် လွယ်လွယ်ကူကူနဲ့ပြင်လို့ရတဲ့ ဥပဒေတွေရှိသလို၊ လွယ်လွယ်ကူကူနဲ့ ပြင်လို့မရတဲ့ ဥပဒေဆိုတာလည်းရှိတယ်။ ခုနကပြောသလိုပေါ့။ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ပင်မ မိခင်ဥပဒေတစ်ခုဖြစ်တယ်။ ဒါကြောင့် ဒါနဲ့ ပတ်သက်ပြီးလို့ရှိရင်တော့ သေချာချိန်ဆပြီးတော့မှ ပြင်လို့ရအောင် ကျွန်တော်တို့က ဒီဥပဒေကိုရေးဆွဲစဉ်က လိုအပ်တဲ့ပုဒ်မတွေထည့်ထားခြင်းဖြစ်ပါတယ်။

CNA ဒီအခန်းကို ဘယ်အချိန်မှာပြင်ဖို့ သင့်တော်မယ်လို့ထင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး- ဒါကလည်း စောစောကပြောတဲ့ဒီမိုကရေစီရဲ့ အတွေ့အကြုံ၊ နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှု၊ နိုင်ငံတော်၏စည်းလုံး ညီညွတ်မှု၊ ဒီအပေါ်မှာ အများကြီးစကားပြောလိမ့်မယ်။ အဲဒါက အချိန်အတိ အကျပြောဖို့ဆိုတာခက်တော့ ခက်တယ်။ ဥပမာ - ကျွန်တော်တို့ဆီမှာ လက်ရှိအခြေအနေက တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ ဖြေရှင်းလို့မပြီးသေးဘူး။ ဒါတွေကို ကျွန်တော်တို့ ဖြေရှင်းဖို့ အတွက် ဆောက်ရွက်ဆဲကာလဖြစ်တယ်။ ဒီအပေါ်မှာဘယ်လိုရလဒ်တွေ ထွက်လာ မလဲဆိုတာ မသိသေးဘူး။ အဲဒီတော့ ဒီအပေါ်ရဲ့ရလဒ်အပေါ်မူတည်ပြီး တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုဘယ်လောက် အာမခံချက်ရှိမလဲ၊ မရှိလဲဆိုတာက စကားပြော လိမ့်မယ်။ ဒါကြောင့် ဒါကတော့ နည်းနည်းလေး စောင့်ကြည့်ဖို့လိုလိမ့်မယ်ထင်တယ်။

CNA ဒါဆိုလို့ရှိရင် နှစ်ဖက်အပစ်အခတ်ရပ်စဲရေးစာချုပ် ရေးပြီးနိုင်တဲ့ အထိ ဒီ-၄၃၆ ကိုမပြင်ဘူးလို့ ပြောလို့ရသလား။

ဗိုလ်ချုပ်မှူးကြီး- ဒီလိုတော့ဘယ်လိုမှမပတ်သက်ပါဘူး။ အခြေအနေအမျိုးမျိုးပေါ်မှာ တည်ပြီးတော့ ပြောရမယ်။ ဒါကလည်းဥပဒေအရ ပြောမယ်ဆိုရင် ပုဒ်မ-၄၃၆ ကိုပဲမူတည်ပြီးပြောနေကြတာ၊ တကယ်တော့ အမျိုးမျိုးစဉ်းစားလို့ရတယ်။ ဒါခင်ဗျား တို့က တပ်ရဲ့အနေအထားကို ကြည့်ပြီးတော့ ၄၃၆ ကိုပြောတာ။ တကယ်လို့တပ်ရဲ့ အနေအထား တစ်မျိုးဖြစ်မယ်ဆိုရင် ၄၃၆ ကပြင်ဆင်ရေး မပြင်ဆင်ရေးဟာ အဓိပ္ပါယ် တစ်မျိုးထွက်သွားနိုင်တယ်။ဒါကြောင့် ကျွန်တော့်အနေနဲ့ ကတော့ ဒီဟာနဲ့ပတ်သက်ပြီး တော်တော်လေးချိန်ဆပြီး လုပ်ရမယ့် သဘောမှာရှိတယ်လို့ ပြောချင်တယ်။

CNA အဲဒါကိုမပြင်ချင်တာ ဘာအတွက်စိတ်ပူလို့ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး- ဘာမှစိတ်ပူစရာအကြောင်းမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေ ရေးတုန်းက ပြည်သူတွေရဲ့ဆန္ဒနဲ့ရေးတာ၊ ပြည်သူရဲ့ဆန္ဒအရ ပြင်ဆင်တဲ့အချက်တွေ ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီဟာကို လိုက်နာရမှာပဲဖြစ်တယ်။ ဘာမှ ဒီဟာကို ကျွန်တော်တို့ စိတ်ပူစရာ အကြောင်းမရှိဘူး။

CNA ပြည်သူတွေက အခုအချိန်မှာ ပြင်ဆင်လိုပါတယ်။ အဲဒီအတွက်ရော။


ဗိုလ်ချုပ်မှူးကြီး- ဒါကတော့ လွှတ်တော်မှာဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာတွေရှိပါတယ်။အဲဒီကနေ ဆက်လက်ဆောက်ရွက်တဲ့ အဖြေအပေါ်မှာဘဲ ကြည့်ရပါလိမ့်မယ်။

CNA ခုနကပြောခဲ့သလို ပါလီမန်ရဲ့အတွေ့အကြုံဟာလည်းနုနယ် သေးတယ်။ ဒီမိုကရေစီကလည်း သက်တမ်းနုသေးတယ်ဆိုရင် ဒီလိုအခြေအနေမျိုးရောက် အောင် ဒီမိုကရေစီသက်တမ်း မြှင့်ပြီးတော့ ပါလီမန်ရဲ့အစွမ်းတွေ ပြည့်ဝအောင် ဘယ်လိုအချက် တွေလိုပါသလဲ။အဲဒီအချိန်ကျရင် ဘယ်လိုပုံစံမျိုးနဲ့ လျော့ချမလဲ၊ တစ်ဖြည်းဖြည်း လျော့မလား၊ လုံးဝကိုဖယ်ထုတ်လိုက်မလား သိချင် ပါတယ်။


ဗိုလ်ချုပ်မှူးကြီး- ဒါကလည်း ခုနပြောတဲ့ ဖြတ်သန်းမယ့်လမ်းကြောင်းပေါ်မှာလည်း အများကြီး မူတည်ပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ ခုနက ခင်ဗျားမေးတဲ့ ထိန်းသိမ်း ထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီးပြောရလို့ရှိရင် တပ်မတော်အနေနဲ့နိုင်ငံတော်ရဲ့ အာဏာတွေနဲ့ပတ်သက်ရင် ဥပဒေအရပြဌာန်းထားတဲ့ အတိုင်းပဲလုပ်လို့ရတယ်။ ကျွန်တော်က တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကိုပဲ Control လုပ်လို့ ရမယ်၊ ထိန်းသိမ်းလို့ရမယ်။ နိုင်ငံတော်ကိုတကယ်ထိန်းသိမ်းတာက ခုနပြောတဲ့ ဟိုဘက်ကအစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး ကဏ္ဍသုံးခုက သူ့ကဏ္ဍနှင့်သူ ထိန်းကြောင်းသွားတာဖြစ်တယ်။ ဒါပေမယ့် နိုင်ငံရဲ့အကြီးအကဲကတော့ သမ္မတ၊ အဲဒီတော့ သမ္မတရဲ့ဦးဆောင်မှုအောက်မှာ ဥပဒေနဲ့အညီအားလုံးသွားရတာ ဖြစ်တယ်။ အဲဒီတော့ ဒီလိုသွားနေတဲ့ကာလပတ်လုံး နံပါတ်တစ်အချက် ကျွန်တော်ကတော့ အခက်အခဲမရှိနိုင်ဘူးလို့ ယူဆတယ်။ တစ်ဘက်ကလည်း ခုနပြောတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍ လျော့ချမှုနဲ့ပတ်သက်လို့ရှိရင် နိုင်ငံတော်ရဲ့ဖြစ်ပေါ်တိုးတက်မှုတွေ အပေါ်မူတည်ပြီး တော့ပဲ ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

CNA ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီး သူတို့နိုင်ငံရဲ့အာဏာသိမ်းမှုကို ထောက်ခံ ခဲ့တယ်လို့ သိရတယ် ဘာကြောင့်ပါလဲ။

ဗိုလ်ချုပ်မှူးကြီး- ကျွန်တော်ပြောခဲ့တဲ့ တပ်မတော်ရဲ့တာဝန်က နိုင်ငံတော်ကာ ကွယ်ရေးတာဝန်ထမ်းဆောင်ဖို့ဖြစ်တယ်။ နိုင်ငံတော်ကာကွယ်ရေး ဆိုတဲ့နေရာမှာ လည်း တိုင်းပြည်ကိုလုံခြုံအောင်လုပ်ဖို့၊ နောက်ပြီး ပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ် မထိခိုက်အောင် ကာကွယ်ဖို့ ဒါလည်းအကျုံးဝင်ပါတယ်၊ တစ်ကယ် တော့နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ဆိုတာ အုပ်ချုပ်တဲ့အစိုးရ၊ နောက် တစ်ခုက တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုရှိအောင်လုပ်ဖို့ဆိုတာ အုပ်ချုပ်ရေး အဖွဲ့အစည်းနဲ့ ရဲတပ်ဖွဲ့ရဲ့တာဝန်ဖြစ်တယ်၊ ဒါတွေကို မလုပ်နိုင်ဘူးဆိုရင် အဲဒီ လုပ်ငန်းရပ်တွေကို ကူညီဆောင်ရွက်ပေး နိုင်တာခိုင်မာတဲ့အဖွဲ့အစည်းက တပ်မတော် ပဲရှိတယ်၊ ဘယ်မှာပဲကြည့်ကြည့် ဒီလိုပဲသွားနေတယ်၊ စောစောကကျွန်တော် ပြောခဲ့ တယ် ဒီထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲကိစ္စပြောခဲ့တယ်။ အဲတော့ ထိုင်းနိုင်ငံမှာလည်း အာဏာရပါတီ၊ အာဏာရအစိုးရ အနေနဲ့ သူဘယ်လောက်ပဲ တိုင်းပြည် အတွက်လုပ်လုပ် တစ်ဖက်အဖွဲ့အစည်းက သူ့ကိုကန့်ကွက်တာတွေ သွားကြုံ ရတယ်။ 

သွားကြုံရတဲ့အခါကျတော့ သူတို့နှစ်ပါတီက အတိုက်အခံနဲ့အာဏာရ ပါတီနဲ့ က ညှိနှိုင်းတာပဲလုပ်ကြတယ်။ ဒါပေမယ့် ဘယ်လိုမှလုပ်လို့မရဘူး၊ ညှိလို့မရဘူး၊ ဒီထဲမှာကြားညပ်နေတာက ပြည်သူလူထုပဲ၊ တပ်မတော်အနေနဲ့လဲအဲဒီတုန်းက အတတ်နိုင်ဆုံးညှိပေးတယ်၊ နောက်ဆုံးဘယ်လိုမှ ညှိလို့မရတဲ့အခါကျမှ နိုင်ငံတော်ရဲ့ အခြေအနေအရပ်ရပ်ကို သူတို့ထိန်းလိုက်တာဖြစ်တယ်၊ ဘာသွေးထွက် သံယိုမှမရှိဘူး၊ ကျွန်တော်တို့နိုင်ငံမှာ အဲလိုအရေးအခင်းတစ်ခု ရှိခဲ့ဘူးတယ်၊ ၁၉၈၈ ခုနှစ်ကဖြစ်တယ်၊ အဲဒီတုန်းက အာဏာရပါတီဖြစ်တဲ့ စောစောကပြော တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက တိုင်းပြည်ကိုဘယ်လိုမှ ထိန်းသိမ်းနိုင်တဲ့ အခြေအနေမရှိဘူး၊ မရှိတော့ မထိန်းသိမ်းနိုင်တဲ့ အခြေအနေအပြင်ကို တိုင်းပြည်အတွင်းမှာ ဆူပူမှုတွေရော အကြမ်းဖက်မှုတွေရော နောက်ဆုံး လူသတ်မှု တွေအထိဖြစ်လာတယ်၊ ဒါဒီဘက်က တရားဥပဒေ စိုးမိုးရေး၊ နောက်လုံခြုံရေးအပိုင်းပေါ့၊ လုံခြုံရေးအပိုင်းဆိုရင်လည်း နယ်စပ်ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကနေ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာ ထိခိုက်နိုင်မယ့် အခြေအနေမျိုး ထိကို ခြိမ်းခြောက်မှုတွေ ရှိလာတယ်၊ ဒါကြောင့် တပ်မတော်က အခြေအနေအရပ်ရပ် ကို ထိန်းပေးခဲ့တာ၊ ထိုင်းနိုင်ငံရဲ့ဖြစ်စဉ်ထက် ကျွန်တော်တို့က အများကြီးဆိုးတယ်၊ ဒါပေမယ့် ထိုင်းနိုင်ငံက သွေးထွက်သံယိုမှုမရှိဘဲ တိုင်းပြည်အခြေအနေကို ထိန်းသိမ်း ပေးလိုက်တာ၊ ပြည်သူလူထုကိုအကာကွယ်ပေးတာနဲ့ အတူတူပဲ၊ ဒါကြောင့် ကျွန်တော် က သူတို့လုပ်တာကို ထောက်ခံပေးတာဖြစ်တယ်၊ တစ်ကယ်တော့ ဘယ်လိုပဲရိုးရိုး ရှင်းရှင်းစဉ်းစားကြည့်မယ်ဆိုရင် ဒီကလွဲလို့ရှိရင် တစ်ခြားရွေးစရာလမ်းမရှိပါဘူး၊ သူတို့ အနေနဲ့ ဥပဒေနဲ့အညီဖြစ်အောင် ဆက်လုပ်ဖို့ တော့လိုပါလိမ့်မယ်။

CNA ထိုင်းနိုင်ငံမှာ အစိုးရနဲ့အတိုက်အခံကြား ပဋိပက္ခဖြစ်တဲ့အတွက် စစ်တပ်က အာဏာသိမ်းခဲ့တယ်၊ ဒါဆိုမြန်မာပြည်မှာရော အဲလိုဖြစ်လာရင်ဘယ်လို လုပ်မှာလဲ။

ဗိုလ်ချုပ်မှူးကြီး- ကျွန်တော်တို့ ဒီလိုအခြေအနေမျိုးအထိ ကျွန်တော်တို့က လုံးဝ မမျှော်လင့်ထားဘူး၊ တစ်ကယ်လို့လည်း အခြေအနေအရ ဘယ်လိုမှဖြစ်တည် မလာဘူး ဆိုရင်တော့ ဥပဒေအရသွားရမှာပဲဖြစ်တယ်။ အဲလိုဥပဒေနဲ့အညီ လုပ်ဆောင်နိုင်ဖို့ အတွက်လည်း ကျွန်တော်တို့နားလည်မှုတော့ လိုပါတယ်။

CNA ထိုင်းနိုင်ငံမှာလိုပဲ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်တဲ့အခါမှာ အာဏာသိမ်းဖို့ဖြစ်နိုင်သလား။

ဗိုလ်ချုပ်မှူးကြီး- မဖြစ်နိုင်ဘူး၊ ဥပဒေရှိတယ်၊ ဥပဒေနဲ့ပဲသွားရမယ်။

CNA မြန်မာပြည်မှာစစ်တပ်က အာဏာသိမ်းဖို့ မဖြစ်ဘူးလို့် ပြောတာလား။

ဗိုလ်ချုပ်မှူးကြီး- ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လုပ်ဆောင်မယ့် အချက်အလက်တွေ ရှိပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကျော်လွန်ပြီး ကျွန်တော်တို့ ဘာမှ လုပ်လို့မရပါဘူး။ ကျွန်တော်တို့ တပ်မတော် အနေနဲ့လည်းဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ရမယ်လို့ ပါထားတာရှိတယ်။ ဒါကြောင့်အခြေခံဥပဒေ မှာ ပြဌာန်း ထားတဲ့အတိုင်း ဆောင်ရွက်ရမှာဖြစ်တယ်။

CNA အခုဆိုရင်ပြည်သူတွေက သူတို့ရဲ့ရပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ ဆန္ဒပြတာတွေ ရှိတယ် ပိုပြီးတော့ ကျယ်ကျယ်လောင်လောင် တောင်းဆို လာတာတွေရှိတယ် အဲ့တော့ လာမယ့်ရွေးကောက်ပွဲမှာ ထိန်းသိမ်းရခက်မယ့် အခြေအနေမျိုး ဖြစ်လာနိုင်တယ် အဲလို အခြေအနေမျိုး ရောက်လာရင် ဘယ်လိုများ ဆောင်ရွက်မလဲ။


ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်တို့ကတော့ ဒီလိုမျိုးအခြေအနေဆိုးတွေ မဖြစ်အောင် ထိန်းသိမ်းမှာပေါ့၊ စောစောကကျွန်တော်ပြောခဲ့ပါတယ် ကျွန်တော်တို့က ၁၉၆၂ ခုနှစ်က နေပြီးတော့ ၂၀၁၁ ခုနှစ် မတ်လအထိ ဗဟိုချုပ်ကိုင်မှုအစိုးရကနေပြီး သွားခဲ့တဲ့ အတွက်ကြောင့် ပြည်သူတွေမှာ ခံစားချက်ရှိနိုင်တယ်။ ဒီခံစားချက်တွေကိုပြောလာတဲ့ အခါမှာ ကျွန်တော်တို့က ဥပဒေနဲ့အညီဖြစ်အောင် ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်။ ဆောင်ရွက်ပေးနေတဲ့ကိစ္စရပ်တွေလည်းအများကြီး ရှိပါတယ်၊ အဓိကကတော့ ပြင်ပ ကနေ အားပေးလှုံဆော်မှုတွေမဖြစ်ဖို့ အရေးကြီးတယ်၊ နောက်ပြည်သူ လူထုတွေ အနေနဲ့ လည်းတရားဥပဒေအပေါ်မှာ အလေးထားမှု ဆိုတာလိုအပ်တယ်၊ ကျွန်တော်တို့ တွေက ဗုဒ္ဓဘာသာကိုးကွယ်တဲ့ လူအများစုဖြစ်ပါတယ်။ မြန်မာလူမျိုးတွေက စိတ်ရှည်သည်းခံတဲ့ အလေ့အထ၊ အလေ့အကျင့်တွေရှိပြီးသားဖြစ်တယ်။ ဒါတွေကို သေသေချာချာ ထိန်းသိမ်းဆောင်ရွက်သွားမယ်ဆိုရင် ဆိုးရွားတဲ့ ပဋိပက္ခတွေ ဖြစ်မလာ နိုင်ဘူးလို့ ကျွန်တော်ကတော့ထင်ပါတယ်။ ဒီလိုပဲယုံကြည်ထားတယ်။ တစ်ကယ်လို့ ဖြစ်လာလို့ဆိုရင်လည်း ဥပဒေနဲ့အညီဖြစ်အောင် သူတို့ကိုစနစ်တကျ ထိမ်းရမှာဖြစ် ပါတယ်။ အရေးကြီးတာကတော့ နားလည်မှုပါပဲ၊ နောက်တစ်ခုက ပထမဦးဆုံးပြောခဲ့ တဲ့ အရေးအကြီးဆုံး အချက်ကတော့ သူတို့ကိုအပြင် ကနေပြီးတော့ အားပေး လှုံဆော်မှုတွေမပြုဘို့ အရေးကြီးပါတယ်။ တစ်ချို့ကလည်းခံစားချက်ရှိတော့ ခံစားချက် ပေါ်မှာ လှုံဆော်မှုနဲ့ပေါင်းစပ်လို့ရှိရင် ဒီလို ပေါက်ကွဲမှုတွေ ဖြစ်သွားနိုင်စရာအကြောင်း ရှိပါတယ်၊ ဒါတွေ မဖြစ်အောင်ပြည်သူလူထု တစ်ဦးတည်းတင်မဟုတ်ဘဲ ပတ်ဝန်းကျင် အခြေအနေနဲ့ အများကြီးဆိုင်တယ်လို့ ပြောရလိမ့်မယ်။

CNA အပြင်ကလှုံ့ဆော်မှုဆိုတာဘယ်လိုမျိုးတွေကို ပြောတာပါလဲ။

ဗိုလ်ချုပ်မှူးကြီး - အခုနကပြောတဲ့ တိုက်ရိုက်ခံစားချက်ရှိတဲ့လူတွေမဟုတ်ဘဲ၊ သူတို့နဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက မင်းတို့လုပ်တာမှန်တယ်၊ မင်းတို့လုပ်တာ ဆက်လုပ်ရမယ်ဆိုပြီးတော့ ခံစားချက်ကို ပိုမိုပြင်းထန်အောင် လုပ်ပေးတဲ့ဟာမျိုးကို ပြောတာပါ၊ သူတို့ကိုယ်တိုင်မဟုတ်ဘူး သူတို့နဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက လုပ်ပေးတာကိုပြောတာ။


CNA စောစောကပြောတဲ့ ပြင်ပလှုံ့ဆော်တဲ့ အဖွဲ့အစည်းတွေက ဘယ်လောက် အင်အားကြီးနေပါသလဲ၊ ဘယ်လိုအခြေအနေမျိုးမှာ တပ်မတော်က နောက်ထပ် ခြေတစ်လှမ်းတိုးပြီး ဆောင်ရွက်မှာလဲ။

ဗိုလ်ချုပ်မှူးကြီး- ဒါကတော့အခြေအနေပေါ်မှာအများကြီးတည်တယ်၊ ဥပမာ သူတို့ အားပေးလုပ်ဆောင်မှုက နည်းရင် နည်းတဲ့အတိုင်းအတာအလျောက် ကျွန်တော်တို့ ဖြေရှင်းရမယ်၊ များရင်များတဲ့အတိုင်း အတာအလျောက်ဖြေရှင်းရမှာရှိတယ်၊ ကျွန်တော် တို့ မှာဥပဒေရှိတယ်၊ တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်ပြီး တရားသူကြီးကစပြီးလုပ် ရတာရှိတယ်၊ အုပ်ချုပ်ရေးကလုပ်ရတာရှိတယ်၊ ရဲတပ်ဖွဲ့က လုပ်ရတာရှိတယ်၊ ရဲတပ်ဖွဲ့က လုပ်လို့မရတာဆိုရင် တပ်မတော်ကို အကူအညီတောင်းရတာရှိတယ်၊ ဒါတွေကလည်းအခြေခံ ဥပဒေမှာ ပြဌာန်းထားတာရှိတယ်၊ ဒီလိုပဲတစ်ဆင့်ပြီး တစ်ဆင့် သွားရတယ်၊ မထိန်းသိမ်းနိုင်ဘူးဆိုပြီးတော့မှ ကျွန်တော်တို့က ကျော်ပြီးလုပ်လို့ မရဘူး၊ လုပ်နိုင်တဲ့အဖွဲ့အစည်းတွေရှိပြီးသား၊ အုပ်ချုပ်ရေးအဖွဲ့အစည်းရှိတယ်၊ တရားဥပဒေ စိုးမိုးရေးလုပ်နေတဲ့ ရဲတပ်ဖွဲ့ရှိတယ်၊ အဲဒီကနေ လုပ်လို့မရဘူးဆိုမှသာ တပ်မတော်က ဆောင်ရွက်ပေးဖို့အတွက်ကို သက်ဆိုင်ရာအမိန့်ပေးပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်ကနေမှ ဆောင်ရွက်ဖို့ကို ကျွန်တော်တို့ကိုပြောမှသာ တပ်မတော်က လုပ်လို့ရမှာဖြစ်တယ်။

CNA အဲလိုလုပ်ဖို့က ဘယ်လိုအခြေအနေမျိုးကိုဆိုပါသလဲ။

ဗိုလ်ချုပ်မှူးကြီး- ဘယ်လိုမှထိန်းမရတော့ဘူးဆိုရင်၊ အခြေအနေမျိုးရောက် လာရင် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့အစိုးရအဖွဲ့ ၀န်ကြီးချုပ် က နိုင်ငံတော်သမ္မတ ထံတင်ပြ၊ နိုင်ငံတော်သမ္မတကနေပြီးတော့မှ ဒီနေရာတော့ တပ်က ၀င်ဖို့လိုတယ်၊ တပ်မတော်က ကူညီမှုလိုတယ်ဆိုရင် တပ်မတော်ရဲ့ အကူအညီနဲ့ ၀င်ပြီးတော့ ထိန်းသိမ်းရမယ်၊ သူကအရေးပေါ်အခြေအနေ ကြေငြာရမယ်၊ အဲလိုကြေငြာရင် တပ်က ဥပဒေနှင့်အညီပဲ လုပ်လို့ရမယ်၊ ဥပဒေနှင့်အညီမလုပ်ရင် ကျွန်တော်တို့ရင်ဆိုင်ရမှာ အများကြီးရှိတယ်။

CNA ဒါဆိုလို့ရှိရင် သမ္မတ ဒါမှမဟုတ်ဝန်ကြီးချုပ်တွေရဲ့ ခွင့်ပြုချက် မရဘဲနှင့် တပ်မတော်က ၀င်ရောက်စွက်ဖက်ဖို့ အစီအစဉ်မရှိဘူး လို့ ပြောချင်တာလား။

ဗိုလ်ချုပ်မှူးကြီး - သေချာတာပေါ့၊ ကျွန်တော်တို့ နိုင်ငံတော်အခြေအနေနဲ့ ပတ်သက်ရင် တကယ့်နောက်ဆုံး အဆုံးဖြတ်ပေးနိုင် တာ နိုင်ငံတော် သမ္မတပဲ၊ နိုင်ငံတော်သမ္မတက နေပြီးတော့ လုပ်ပါဆိုရင်သူကလည်း ဥပဒေ အရပေးထားတဲ့ လုပ်ပိုင်ခွင့်တွေရှိတယ်၊ အဲဒါကိုကျော်ပြီးတော့ လုပ်လို့မရဘူး၊ သူလည်း မျိုးစုံချိန်ဆပြီးတော့မှ လုပ်လို့ရမယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ ရခိုင်မှာဖြစ်ခဲ့တဲ့ အခက်အခဲတွေ အကျပ်အတည်းတွေ ဆိုရင် နောက် မိထ္ထီလာမှာဖြစ်ခဲ့တဲ့ အခက်အခဲ အကျပ်အတည်းတွေ ဥပဒေနဲ့အညီ တစ်ဆင့်ပြီး တစ်ဆင့် ကျွန်တော်တို့ လုပ်ခဲ့တာဖြစ်ပါတယ်၊ ဒါကြောင့်လည်း ကျွန်တော် တို့ အဆိုးမဖြစ်ဘဲနဲ့ အဆိုးဖြစ်မယ့် အခြေအနေကနေ အကောင်းဘက်ကိုပြန်ရောက် လာတယ်၊ သွားတာတော့အဆိုးဘက် သွားတာပဲ၊ ဒါပေမယ့် အဆိုးဖြစ်တဲ့ အခြေအနေ အထိ သိပ်လွန်လွန်ကျူးကျူး ဖြစ်မသွားအောင်ရအောင် ထိန်းလိုက်တယ်။ ထိန်းပြီး တော့မှ အကောင်းဘက် ကိုပြန်ရောက်လာတယ်၊ ဒါကြည့်မယ်ဆိုရင် ကျွန်တော်တို့ လုပ်နေတဲ့ Process ကိုမြင်နိုင်လိမ့်မယ်။

(တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် CNA သတင်းဌာနတို့၏ တပ်မတော်နှင့် ပြည်သူ ဆက်ဆံရေး၊ Social Media ကိစ္စရပ်များနှင့် ပတ်သက်သည့် အမေးအဖြေကဏ္ဍ


Credit : (1) Channel News Asia  
(2)  မြ၀တီ မီဒီယာ

No comments: