Sunday, September 30, 2012

အခွင့်အရေးအတွက် တန်းတူ မျှော်လင့်ချက် ထားနေဦးမည့် အနွမ်းပန်း ဘ၀များ


ဘတ်စ်ကား မှတ်တိုင်နားမှာ ထိုင်နေတဲ့ အမျိုးသမီး (၃) ယောက်။ ဘယ် ဘစ်ကားလာလာ မလိုက်သွားပဲ ကျီးကန်းတောင်းမှောက် မျက်လုံးတွေနဲ့ မှတ်တိုင်မှာ ကျောက်ချ နေကြတယ်။ အဲ့အထဲမှာ နှစ်ယောက် ကတော့ ဘောင်းဘီရှည်နဲ့ တီရှပ်နဲ့ တစ်ယောက်ကတော့ အ၀ါရောင်ပေါ်မှာ ပန်းပွင်တွေ ပုံဖော်ထားတဲ့ လုံချည်၊ အဖြူရောင်တီရှပ်နဲ့ပါ၊ သူတို့ရပ်နေတာ နေ့လည် ၁ နာရီကတည်း ရပ်နေတာ အခုဆို (၃) နာရီကျော်လောက် ကြာပြီ။

ထမီအ၀ါ ၀တ်ထားတဲ့ အသက် (၄၀) အရွယ်ရှိ အမျိုးသမီးသည် ဖခင်မဲ့ ကလေးငယ် (၆) ဦးကို တာဝန်ယူ ကျွေးမွေးနေသည့် မိခင်တစ်ဦးဖြစ်သလို လူကြီး၊ လူငယ်၊ လူလတ်နှင့် မရွေးဆက်ဆံနေရသည့် လိင်အလုပ် သမားတစ်ဦးလည်း ဖြစ်သည်။ “နောက်နေ့ ဘာစားကြမလဲ။ နောက်နေ့ နောက်နေ့တွေ အတွက်  ဈေးဖိုးကို အလျင်မှီအောင်ရှာနိုင်ဖို့ ကျွန်မဒီအလုပ်ကို နေ့တိုင်းလုပ်ဖြစ်တယ်။” ဟု အထက်ပါ လိင်အလုပ်သမား မသန္တာက ပြောပါတယ်။

မသန္တာမှာ မိသားစု စားဝတ်နေရေးအတွက် နေ့တိုင်း အလုပ်ကို ရင်တထိတ်ထိတ်ဖြင့် ဘုရားတကာ လုပ်နေရသည်ဟူ၍လည်း ဆိုသည်။ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းခွင်ဖြစ်သော အင်းလျား ကန်ဘောင်နားက ပြည်လမ်း မကြီးအပေါ်တွင် ၀မ်းရေးအတွက် နေ့စဉ်လုပ်ငန်းခွင် ဆင်းနေရခြင်းဖြစ်သည်။ လိင်လုပ်သားတွေကို ဖမ်းဆီးဖို့ ရဲများကလည်း ၄င်းတို့နှင့် ခပ်လှမ်း လှမ်းတွင် အရန်သင့် စောင့်နေကြသည်။

အလုပ်လုပ်၍ ရသောပိုက်ဆံများကို အလကားလိုချင်သည့် ဖမ်းဆီးရဲများက လိင်လုပ်သားဆီက အကြပ်ကိုင် ငွေညစ်တောင်းနေတာကိုလည်း ကျွန်တော်တို့ မကြာခဏ တွေ့ဖူးကြသည်။ တစ်ခါတစ်ရံ ပိုက်ဆံ တစ်ခုတည်း ပင်မဟုတ် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုကိုလည်း အနိုင်ကျင့် တောင်းယူလေ့ရှိကြောင်း လိင်လုပ်သားများထံက သိရသည်။
ထို့အပြင် သူတို့၏ ဧည့်သည်များကလည်း မကြာခဏဆိုသလိုပင် အမျိုးသား ၄၊ ၅ ဦးဖြင့် တပြိုင်တည်း လိင်ဆက်ဆံခံရသည့် အဖြစ်မျိုးလည်း ကြုံတွေ့နေရတက်သည်ဟု သိရသည်။ ယင်းသို့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုမျိုးနှင့် တွေ့ကြုံလာသည့် အချိန်မျိုးတွေ အားကိုးရာမယ့် တိုင်ကြားမည့် ဌာနမည်ကာ မရှိသဖြင့် သူတို့အတွက် ကာကွယ်ပေးနိုင်မည့် အခွင့်အရေးလေးတွေ လိုချင်သည်ဟု မသန္တာက ပြောသည်။

မိန်းမ လိင်လုပ်သားတွေဟာ ရန်ကုန်မြို့ရဲ့အင်းလျားကန် ပြည်လမ်းမပေါ်မှာတင် အယောက် (၃၀) (၄၀) ခန့် ရှိနေပြီး၊ ပန်းဆိုးတန်း၊ လမ်းလေး လမ်းများနှင့် မင်္ဂလာဈေးနားတွေ သာမက တခြား KTV၊ အနှိပ်ခန်း များတွင် အလုပ်လုပ်ကိုင်နေသည့်    ပြည့်တန်ဆာ လိင်လုပ်သားများသည် ရန်ကုန်မြို့တွင်းတွင် အယောက် (၃၀၀၀)ကျော်  ရှိသည်ဟူ၍လည်း သိရသည်။ ယင်းသို့  ရန်ကုန်မြို့တွင်းတွင် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် လွတ်လပ်စွာ လုပ်ကိုင်ခွင့်ကို လိုလား လာကြသည်ကို မင်္ဂလာဈေးနီးရှိ မိန်းမလိင်လုပ်သား (၃၀) ကျော်၏ ခေါင်းဆောင်က ပြောသည်။
“တခြားနိုင်ငံတွေမှာ တရားဝင် လုပ်နေကြပေမဲ့ ဒီမှာတော့ တရားမ၀င် လုပ်ကိုင်နေရပါတယ်၊ ဒါပေမဲ့ သူတို့တွေလည်း သိကြပါတယ်၊ ရဲတွေကို ကျွန်မတို့ အလုပ်အတွက် တစ်နေ့ ပိုက်ဆံ တစ်သိန်းလောက် ပေးနေ ရတယ်။” ဟု ၎င်း ခေါင်းဆောင်ဖြစ်သူ သက်လက်ပိုင်းအရွယ် အမျိုးသား တစ်ယောက်က ပြောသည်။

နိုင်ငံတော်မှလည်း လိင်လုပ်သားများ ပပျောက်စေရန်အတွက် လွန်ခဲ့သော ၁၉၄၉ ခုနှစ်က ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ ယခင်က လိင်လုပ်သားများကို တစ်နှစ်ထက် မပိုသည့် ထောင်ဒဏ် ချမှတ်နိုင်ခဲ့ပြီး ယခုအချိန်တွင်မူ (၃) နှစ်ထက် မပိုသည့် ထောင်ဒဏ်ချမှတ်ကြောင်း သိရသည်။ အချို့လိင်လုပ်သားများသည် ယင်းလုပ်ငန်းများ၌ မပျော်မွေ့သော်လည်း အိမ်ထောင်ဦးစီးကဲ့သို့ တာဝန်ယူ ထားရသဖြင့် မိသားစု စားဝတ်နေရေးလောက်ငှနိုင်ရန် လုပ်နေရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ တစ်ညကို အနည်းဆုံး နှစ်ယောက်လောက်နဲ့ အိပ်ရတယ်။ တစ်ယောက်နဲ့ဝင်ရင် ခေါင်းက ၆၀၀၀ ပေးတယ်၊ နှစ်ယောက်ဆိုတော့ တစ်သောင်းကျော်တော့ ရတယ်။” ဟု မင်္ဂလာဈေးအနီးရှိ လိင်လုပ် သားလုပ်ကိုင်နေသူ မငယ်က ညည်းညူစွာ ပြောဆိုနေသည်။ သူမမှာ လေဖြတ်နေသည့် မိခင်နှင့် ကလေးတစ် ယောက်အား ရှာဖွေကျွေးမွေးနေရသူ ဖြစ်သည်။

မြန်မာပြည် အနေဖြင့် မိန်းမ လိင်လုပ်သားများအတွက် ပြဌာန်းထားသော အက်ဥပဒေအား ပြောင်းလဲရန် အတွက် လွှတ်တော်တွင်း၌ မိန်းမအရေအတွက် အားနည်းနေသေးတာကြောင့် ဆွေးနွေးနိုင်ရန် မဖြစ်နိုင်သေးကြောင်းကို အင်ဂျန်းယန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။ “အဲ့ဥပဒေပြောင်းလဲဖို့ ဆိုတာကတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ အားလုံးအေးဆေးဖြစ်သွား ရင်တော့ ဆွေးနွေးနိုင်ပါ လိမ့်မယ်” ဟု ဒေါ်ဒွဲဘူက ဆက်ပြောသည်။
မြန်မာနိုင်ငံ အနေဖြင့် မိန်းမလိင်လုပ်သားများ အခွင့်အရေးအတွက်မူ ဘာသာရေးနှင့် ယဉ်ကျေးမှုများကြောင့်ဖြစ်နိုင်ရန် ခက်ခဲနိုင်ကြောင်းကိုလည်း သိရသည်။ အိမ်နီးနားချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံမူ မိန်းမ၊ ယောက်ျား လိင်လုပ်သားများအတွက် အခွင့်အရေးများ ပေးထားပြီး ထိုအလုပ်ကို လုပ်ကိုင်ကျသူများမှာလည်း မွန်မြတ်သောအလုပ်အဖြစ် ဂုဏ်ယူလျက်ရှိကြကြောင်း ကိုလည်း သိရသည်။

ပြည်သူ့ လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းမှလည်း လိင်လုပ်သားများအား ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ ပေးသင့်ကြောင်း ထောက်ပြ ပြောဆိုသည်။ “သူတို့ကို လိုင်စင်တွေ ချပေး လိုက်မယ်ဆိုရင် မြန်မာ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီပါ့ မလားဆိုတော့ လူတွေက မြန်မာ့ ယဉ်ကျေးမှု မြန်မာ့ ယဉ်ကျေးမှုနဲ့သာ ပြောနေကြတာလေ၊ အခုဆိုရင် ယဉ်ကျေးမှုက ပေါင်းစုံဝင်လာနေကြတာ အဘက်ဘက်က စဉ်းစားပြီးတော့ အကျိုး ရှိမယ်ဆိုရင် လိုင်စင်တွေချပေးသင့်တယ်” ဟု ဒေါ်ဖြူဖြူသင်းက ဆက်လက်ပြောသည်။

မြန်မာ လိင်လုပ်သားများကွန်ရက်က ဥက္ကဌ ဒေါ်နှင်းနှင်းယုလည်း မြန်မာနိုင်ငံရှိ လိင်လုပ်သားများအား လူ့အခွင့်အရေးများကို တန်းတူ ရစေချင်ကြောင်းကိုလည်း ပြောခဲ့သည်။ “Human Right တဲ့ သူတို့လည်း ရသင့်တာပေါ့လေ ပိုပြီးတော့ ထူးခြားပြီးတော့ မလိုချင်ပါဘူး အခုလက်ရှိရှိနေတဲ့ လူ့အခွင့်အရေးပါလို့ ပြောတဲ့ လူ့အခွင့်အရေးတွေနဲ့ တန်းတူ ရစေချင်တယ်။”ဟု သူမက ဆိုသည်။

လိင်လုပ်သားများအား ဖမ်းဆီးနိုင်သော ပုဒ်မ ၃(ခ) မှာ ဧည့်သည့်နှင့် တွဲလျက်တွေ့မှ ဖမ်းဆီးနိုင်သော်လည်း ၎င်းတို့ ဧည့်သည်ရှာနေချိန် လမ်းသွားချိန်များတွင်လည်း ဖမ်းဆီးမှုများ ရှိနေသောကြောင့် အဆိုပါ ဥပဒေများကို ပြင်ဆင်လိုကြောင်း သိရသည်။

အင်းလျားကန်တ၀ိုက်မှ လိင်လုပ်သား ဒေါ်သန္တာကတော့ သူမသည် အသက်အရွယ်ရလာပြီး အခြားအလုပ်များ မလုပ်နိုင်တော့သဖြင့် လိင်လုပ်သားအဖြစ်သာ ဆက်လုပ်မည်ဖြစ်ကြောင်း ပြောသည်။ “ကျွန်မကတော့ ဒီလောကထဲမှာ ဒီတိုင်းပဲ ရပ်တည်သွားရမှာပဲ၊ ကျွန်မတို့အတွက် အခွင့်အရေးလေးတွေ ရလာရင်တော့ ၀မ်းသာမိမှာပါ။” ဟု သူမက ဆိုသည်။ ဆက်လက်၍ ပြည်လမ်းကြီးရှိနေသမျှ အနွမ်းပန်းဟု လူအများ သတ်မှတ်ခံ အမျိုးသမီး လိင်လုပ်သားများအနေဖြင့်လည်း ရှာဖွေစားသောက်နေကြဦးမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။


ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် ရရေး တောင်းဆိုပြီ

 ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် မရသော မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်း (လိင်လုပ်ငန်း)များ တရားဝင် လုပ်ကိုင်ခွင့် ရရန် လွှတ်တော် အမတ်များထံ တင်ပြ တောင်းဆိုသွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည့်တန်ဆာများ ကွန်ရက် (Sex Worker In Myanmar Network) ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောကြားသည်။

“လူတွေ လက်ခံလာမှ ကျွန်မတို့က တောင်းဆိုရ အဆင်ပြေမယ်လေ။ မြန်မာ့ ယဉ်ကျေးမှု အရ မပေးမှာတော့ စိုးရိမ် တယ်” ဟု ၎င်းကရှင်းပြသည်။ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် မရသောကြောင့် လိင်မှ တစ်ဆင့် ကူးစက် တတ်သော ရောဂါများ ထိန်းချုပ် ရာတွင် ခက်ခဲပြီး ပြည့်တန်ဆာများ အတွက် လုံခြုံမှု ကင်းမဲ့ကာ နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးလျက် ရှိကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ လွှတ်တော် အမတ် တွေကို Advocacy (မူဝါဒ လျှောက်လဲ) လုပ်ဖို့ တခြား နိုင်ငံတွေနဲ့ ယှဉ်ပြီး သုတေသန လုပ်နေပါတယ်” ဟု မြန်မာနိုင်ငံ ပြည့်တန်ဆာများ ကွန်ရက် အား ထောက်ပံ့ နေသော ဗြိတိန်သံရုံးရှိ ပျိုးပင် အဖွဲ့မှ ဒေါက်တာမျိုးလွင်က ပြောပြသည်။

မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ခွင့် ရပါက လူမှုရေး အခက်အခဲကြောင့် ခိုးဝှက် လုပ်ကိုင် နေရသူများနှင့် အသက်ကြီးပိုင်းပြည့်တန်ဆာများ အခက်အခဲ တွေ့သည်မျိုးလည်း ဖြစ်ပေါ် လာနိုင်ကြောင်း ဒေါ်နှင်းနှင်းယုက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ကိုင်ခွင့်ကို ‘ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ’ အရ လုပ်ကိုင်ခွင့် မရှိကြောင်း၊ ယခု တောင်းဆိုမှုမှာ ယင်းဥပဒေကို ပယ်ဖျက်၍ လုပ်ကိုင်ခွင့် ပြုပေးရန် တောင်းဆိုသည် မျိုး ဖြစ်နိုင်ကြောင်း၊ အခြားနိုင်ငံ များတွင် ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင်ခွင့် ပြုသော်လည်း မြန်မာ့ ယဉ်ကျေးမှု ဓလေ့အရမူ အံမဝင်သည့် အနေအထားဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ယခင် ဒီမိုကရေစီ စနစ် ကျင့်သုံးစဉ်ကလည်း ခွင့်ပြုသည်ကို မတွေ့ရကြောင်း၊ သို့သော် လိင်လုပ်သားများ အနေနှင့်မူ ၎င်းတို့၏ အခွင့်အရေးကို တောင်းဆို နိုင်ကြောင်း၊ ခွင့်ပြု၊ မပြုကိုမူ ဥပဒေပြု အာဏာပိုင်းက စဉ်းစားရမည့် ကိစ္စဖြစ်ကြောင်း တရား လွှတ်တော် ရှေ့နေ ဦးကိုနီက ရှင်းပြသည်။

“ကျွန်တော့် ထင်မြင်ချက် အရတော့ မြန်မာ့ ယဉ်ကျေးမှု ဓလေ့အရ အံမဝင်နိုင်သလို တစ်ဖက်ကလည်း သူတို့ရဲ့ အခွင့် အရေးဖြစ်နေတော့ ဥပဒေပြု အာဏာပိုင် တွေဘက်က ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရမယ်။ အမြော် အမြင် ကြီးကြီးနဲ့ လုပ်ဆောင်ရမယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ပြည့်တန်ဆာများ ကွန် ရက် (SWIM Network) ကို ၂၀၀၉ ခုနှစ်တွင် စတင် တည်ထောင်ပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၂၃ရက် နေ့တွင် အတည်ပြု ဖွဲ့စည်းကာ အဖွဲ့ဝင် ၇၀၀ ဦးရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

လိင်မှတဆင့် ကူးစက်သော ရောဂါများ (၂)


လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို STD Sexually Transmitted Diseases (STDs) လို့ ခေါ်နေခဲ့ကြတယ်။ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက Sexually Transmitted Infection (STI) လို့ သုံးတယ်။

Case Definitions for STIs လိင်ကတဆင့် ကူးစက်ရောဂါတခုချင်း အဓိပ္ပါယ်ရှင်းလင်းချက် -
1. Genital ulcer disease လိင်လမ်းအနာ
ယောက်ျားတွေမှာ လိင်တံ၊ ကပ်ပယ်အိတ်၊ စအို-အစာဟောင်းအိမ်၊ မိန်းမတွေမှာ မိန်းမကိုယ်၊ ဗဂျိုင်းနား၊ သားအိမ်ဝ၊ စအို-အစာဟောင်းအိမ်တွေမှာဖြစ်တယ်။ Syphilis (ဆစ်ဖလစ်)၊ Chancroid (ရှန်ကာရွိုက်)၊ Lymphogranuloma venereum (လင်ဖိုဂရင်နူလိုမား-ဗနီးရီးယမ်း)၊ Granuloma inguinale (ဂရင်နူလိုမား-အင်ဂွိုင်နယ်လေး) နဲ့ Genital herpes လိင်လမ်း ရေယုံ ပိုးတွေကနေဖြစ်စေတယ်။

2. Urethral discharge ဆီးလမ်းက အရည်ဆင်းခြင်း
ယောက်ျားတွေမှာ ဆီးသွားလမ်းက တခုခုဆင်းမယ်။ ဆီးသွားရင်နာတာနဲ့ တွဲဖြစ်တာရော မတွဲတာရောရှိတယ်။ Neisseria gonorrhoeae (နိုက်ဆီးရီးယား-ဂနိုးရီးယေး)၊ Chlamydia trachomatis (ကလာမိုင်ဒီဒယား-ထွိုင်ကိုမက်တစ်)၊ Mycoplasma genitalium (မိုင်ကိုပလပ်စမာ-ဂျနီတေးလီယမ်)၊ Ureaplasma urealyticum (ယူရီယာပလာစမာ-ယူရီရယ်လစ်တီကမ်) နဲ့ Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ်-ဗဂျိုင်နယ်လစ်) ပိုးတွေကနေဖြစ်စေတယ်။

3. Vaginal discharge ဗဂျိုင်းနားက အရည်ဆင်းခြင်း
ဗဂျိုင်းနားက အနည်း-အများ၊ အရောင်မတူတာ၊ အစေးအပျစ်မတူတာ၊ ယားတာနဲ့တွဲတာ-မတွဲတာ အမျိုးမျိုးဖြစ်နိုင်တယ်။ Trichomoniasis (ထွိုင်ကိုမိုနီယေးဆစ်)၊ Bacterial vaginosis (ဗက်တီရီရယ်-ဗဂျိုင်နိုးဆစ်) နဲ့ Vulvovaginal candidiasis (ဗာလ်ဗို-ဗဂျိုင်နယ်-ကင်ဒီဒိုင်ယေးဆစ်) တွေကနေ အများဆုံးဖြစ်တယ်။ Gonococcal (ဂိုနိုကောကယ်လ်) နဲ့ Chlamydial cervical infection (ကလာမိုင်ဒီရယ်-ဆာဗိုက်ကယ်လ်-အင်ဖက်ရှင်) တွေလဲ နည်းနည်းဖြစ်နိုင်တယ်။

4. Lower abdominal pain in women အမျိုးသမီဗိုက်အောက်ပိုင်းနေနေခြင်း
အမျိုးသမီး ဗိုက်အောက်ပိုင်းနေတာနဲ့ မွေးလမ်းကနေ ပုံမှန်မဟုတ်ဘဲ တခုခုဆင်းတာ + တင်ပါးဆုံနေရာနာတာ + သားအိမ်အဝကို ထိကြည့်ရင် နာတာတွေ ရှိရင် Pelvic inflammatory disease (PID) တင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း ဖြစ်မယ်။ ဖျားချင်လဲ ဖျားမယ်။

5. Anorectal infections စအိုလမ်းပိုးဝင်ခြင်း
Human papillomavirus (ဟူမင်း-ပက်ပလို-ဗိုင်းရပ်စ်)၊ Herpes simplex virus (ဟားပိစ်-ဆင်းပလက်စ်-ဗိုင်းရပ်စ်) Syphilis (ဆစ်ဖလစ်) တွေကနေ ဖြစ်စေတယ်။

6. Urethritis ဆီးသွားလမ်းပိုးဝင်ခြင်း
ဆီးသွားရင်နာမယ်။ မှန်ဘီလူးနဲ့စစ်ရင် High power field အကွက်တခုမှာ သွေးဖြူဥ ၅ ခုမက ရှိနေမယ်။

7. Proctitis အစာဟောင်းအိမ်ရောင်ခြင်း
Gonorrhoea (ဂနိုးရီးယား)၊ Chlamydial infection (ကလာမိုင်ဒီးယား)၊ Herpes simplex virus ရေယုံ ဗိုင်းရပ်စ် ပိုးတွေကနေ ဖြစ်စေတယ်။

8. Gonorrhoea ဂနိုးရီးယား
Endocervix သားအိမ်ဝ၊ Urethra ဆီးထွက်ပြွန် နဲ့ Rectum အစာဟောင်းအိမ်ကို မှန်ဘီလူးနဲ့စစ်ရင် Gram-negative intracellular diplococcic တွေ့ရင် ဖြစ်နိုင်စရာရှိတယ်။ Endocervix သားအိမ်ဝ၊ Urethra ဆီးထွက်ပြွန်၊ Rectum အစာဟောင်းအိမ် နဲ့ Pharynx အာခေါင်းက တစ်ရှူးကို Isolation by culture ပိုးမွေးစစ်ရင် Oxidase-positive, Gram negative intracellular diplococcic တွေ့မယ်။ နောက်ပြီး Sugar utilization ဆက်စစ်တဲ့အခါ Neisseria gonorrhoeae-specific DNA တွေ့ရင် သေခြာတယ်။

9. Infection due to Chlamydia trachomatis (Genital) လိင်လမ်းမှာ (ကလာမိုင်ဒီးယား) ပိုးဝင်ခြင်း
Urethral ဆီးသွားလမ်း၊ Cervical သားအိမ်ဝ၊ Vaginal ဗဂျိုင်းနား နဲ့ Urine ဆီးတွေကို Direct fluorescent antibody test နည်း ဒါမှမဟုတ် Antigen detection test နည်းလုပ်တဲ့အခါ Chlamydia trachomatis (CT) အပေါင်းပြရင်၊ ဒါမှမဟုတ် Chlamydia trachomatis-specific DNA အပေါင်းပြရင် သေခြာတယ်။

10. Chancroid (ရှန်ကာရွိုက်)
Genital ulceration လိင်အင်္ဂါတဝှိုက်မှာ အနာတွေ၊ Inguinal adenopathy ပေါင်ခြံတက်စေ့တွေရှိသူရဲ့ အနာက ထွက်တဲ့ အရည်ကို စစ်ဆေးရင် Haemophilus ducreyi တွေ့မယ်။ Culture ပိုးမွေးနည်းနဲ့ Nucleic acid test တွေနဲ့လုပ်တယ်။

11. Genital herpes လိင်လမ်းရေယုံ
အရင်လဲဖြစ်ဘူးတဲ့ ရာဇဝင်ရှိမယ်၊ အနာပုံစံကလဲ နာတဲ့ အရည်ကြည်ဖုလေးတွေ ဖြစ်မယ်ဆိုရင် ဒီရောဂါလို့ ယူဆနိုင်တယ်။ အနာကထွက်တဲ့အရည်ကို Nucleic acid tests စစ်တော့ HSVspecific DNA အပေါင်းပြရင် သေခြာတယ်။

12. Syphilis (ဆစ်ဖလစ်)
Primary and Secondary ပဌမဆင့်၊ ဒုတိယဆင့် – Ulcers အနာ (ပဌမဆင့်)၊ Mucocutaneous lesions အဖုံးပါးလွှာ အနာ (ဒုတိယဆင့်) နဲ့ Serological test (Non-Treponemal or Treponemal) အပေါင်းပြရင် Probable ဖြစ်နိုင်စရာလို့ သတ်မှတ်တယ်။ အနာက လိင်လမ်းမှာ မဟုတ်လဲ ဖြစ်နိုင်တယ်။ Dark-field microscopy နည်းနဲ့ Direct fluorescent antibody staining နည်းမှာ Treponema pallidum တွေ့ရင်၊ Confirmed သေခြာတယ်။ Nucleic acid test ဒါမှမဟုတ် အလားတူနည်းလဲ စမ်းနိုင်တယ်။

13. Lymphogranuloma venereum (လင်ဖိုဂရင်နူလိုးမား-ဗနီရီယမ်)
လိင်လမ်းမှာ အနာ နဲ့ ပေါင်ခြံမှာ ပြည်ထွက် တက်စေ့နဲ့အနာတွေက L1, L2 or L3 serovars of Chlamydia trachomatis တွေကနေဖြစ်စေတယ်။ စအိုနာကနေ သွေးထွက်တာလဲ ရှိနိုင်တယ်။

14. Granuloma inguinale (ဂရင်နူလိုးမား-အင်ဂွိုင်နယ်လေ)
လိင်လမ်း-ဝမ်းသွားလမ်းမှာ တဖြေးဖြေးချင်း တိုးတိုးလာတဲ့ အရေပြားနဲ့ တက်စေ့ အနာတွေကို Klebsiella granulomatis ပိုးကနေဖြစ်တယ်။

15. Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ်-ဗဂျိုင်နယ်လစ်)
အမျိုးသမီးရဲ့ Mount of a genital swab မွေးလမ်းကယူတာ နဲ့ Urine ဆီးကို မှန်ဘီလူးနဲ့ စစ်တဲ့အခါ Trichomonads တွေ့မယ်။ Cervical smear သားအိမ်ဝကယူတာ စစ်ရင်လဲ Trichomonads တွေ့မယ်။ Culture ပိုးမွေးပြီးစစ်ရင် Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ်-ဗဂျိုင်နယ်လစ်) တွေ့မယ်။ DNA နည်းမှာလဲ Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ်-ဗဂျိုင်နယ်လစ်) တွေ့မယ်။

16. Bacterial vaginosis ဗက်တီးရီးယားကြောင့် ဗဂျိုင်းနားရောင်ခြင်း
ဗဂျိုင်းနားမှာ ပုံမှန်ရှိနေကြတဲ့ ဗက်တီးရီးယားတွေက တမျိုးတမည် ပြောင်းသွားတဲ့အခါ Gardnerella vaginalis, Bacteroides, Mobiluncus နဲ့ Mycoplasma hominis ပိုးတွေ များလာစေတယ်။ ဗဂျိုင်းနားက ပုံမှန်မဟုတ်တာ ဆင်းမယ်၊ အနံ့ဆိုးတယ်၊ နာမယ်၊ ယားမယ်၊ ပူလောင်မယ်။

17. Candidiasis (ကင်ဒီဒိုင်ယေးဆစ်)
ဗဂျိုင်းနားမှာ Candida spp. အုပ်စုဝင် (Candida albicans, Candida glabrata) ပိုးတွေ အဆမတန် များလာတယ်။ ယားမယ်၊ ပုံမှန်မဟုတ်တာ ဆင်းမယ်၊ နီရဲနေမယ်၊ Wet mount နဲ့ Gram-stained smear နည်းတွေနဲ့ စစ်ရင် Pseudohyphae တွေ့မယ်။ ပိုးမွေးရင် Candida တွေ့မယ်။ (မှတ်ချက်။ Candidiasis ကို Thrush လို့လဲခေါ်တယ်။ Fungal infection (Mycosis) မှိုပိုးတမျိုး ဖြစ်တယ်။ Yeasts species မျိုးစုထဲက တခုခုဖြစ်မယ်။ Candida albicans အမျိုးက အများဆုံး ဖြစ်စေတယ်။)

18. Scrotal swelling ယောက်ျား ကပ်ပယ်အိတ်ရောင်ခြင်း
တဖက်သပ်သပ်ဖြစ်တာများတယ်။ နာမယ်၊ ရောင်မယ်၊ ရုတ်တရက်ဖြစ်တယ်။

19. Cervicitis သားအိမ်ဝရောင်ခြင်း
Neisseria gonorrhoeae (နိုက်ဆီးရီးယား-ဂနိုးရီးယား) ဒါမှမဟုတ် Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ်-ဗဂျိုင်နယ်လစ်) ပိုးတွေကြောင့် မဟုတ်တာကို ခေါ်တယ်။ ရောဂါလက္ခဏာတွေ ကတော့ Mucopurulent secretion အကျိအချွဲ-ပြည် ဆင်းမယ်။ သားအိမ်ဝ Endocervix နေရာက လာတာဖြစ်တယ်။ အဖြူခံပေါ်တင်ကြည့်ရင် ဝါမယ်၊ စိမ်းမယ်။ Induced endocervical bleeding စမ်းသပ်ဘို့ Endocervix မှာ ဂွမ်းစ တင်တာနဲ့ သွေးထွက်မယ်။

20. Anogenital warts လိင်လမ်း-စအိုလမ်း ကြွက်နို့
မျက်စိနဲ့မြင်သာတံ့ ကြွက်နို့ အရေပြား-အောက်ခံမျက်နှာပြင်ပေါ်မှာ မြင့်တက်နေမယ်၊ Internal အတွင်း လိင်လမ်း External genitalia အပြင် လိင်လမ်း Perineum လိင်အင်္ဂါအနီးအနား နဲ့ Perianal region စအိုဘေးနာတွေမှာဖြစ်မယ်။

21. Ophthalmia neonatorum မွေးစကလေး မျက်စိနာခြင်း
ကလေးက ၄ ပါတ်အတွင်းမှာသာ ရှိသေးမယ်ဆိုရင် Probable ဖြစ်နိုင်တယ်။ တဖက်ထဲရော နှစ်ဖက်လုံးရော ဖြစ်နိုင်တယ်။ နောက်ပြီး မျက်စိက ထွက်တာကို စစ်ဆေးရင် Neisseria gonorrhoeae (နိုက်ဆီးရီးယား-ဂနိုးရီးယား) ဒါမှမဟုတ် Chlamydia trachomatis (ကလာမိုင်ဒီးယား-ထွိုက်ကိုမားတစ်) ပိုး တမျိုးမျိုး တွေ့ရင် သေခြာတယ်။

အမျိုးသမီးများတွင် ခံစားရမည့် လိင်ကတဆင့် ကူးစက်ရောဂါ လက္စဏာများ
• Dysuria, frequency ဆီးအောင့် (ဆီးသွားရင်နာ)၊ ဆီးခဏခဏသွား၊
• Vaginal discharge ဗဂျိုင်းနာက တခုခုဆင်း၊
• Genital ulceration လိင်လမ်းအနာ၊
• Abnormal growth or mass in genital area လိမ်လမ်း အပိုတခုခုဖြစ်၊
• Lower abdominal pain ဗိုက်အောက်ပိုင်းနာ၊
• Inguinal lymphadenopathy ပေါင်ခြံအကျိတ်၊
• Vulval itching မိန်းမကိုယ်ယား၊
• Dyspareunia လိင်ဆက်ဆံရင် မနာသင့်ဘဲနာ၊
• Perianal pain လိင်အင်္ဂါနေရာတဝှိုက်နာ၊
• Anal discharge စအိုကတခုခုဆင်း၊

အမျိုးသားများတွင် ခံစားရမည့် လိင်ကတဆင့် ကူးစက်ရောဂါ လက္စဏာများ
• Dysuria, frequency ဆီးအောင့် (ဆီးသွားရင်နာ)၊ ဆီးခဏခဏသွား၊
• Urethral discharge ဆီးထွက်ပေါက်က တခုခုဆင်း၊
• Genital ulceration လိင်လမ်းအနာ၊
• Abnormal growth or mass in genital area လိင်လမ်းအပိုတခုခုဖြစ်၊
• Acute scrotal swelling, pain ကပ်ပယ်အိတ်နာ-ရောင်၊
• Inguinal lymphadenopathy ပေါင်ခြံအကျိတ်၊
• Perianal pain လိင်အင်္ဂါနေရာတဝှိုက်နာ၊
• Anal discharge စအိုကတခုခုဆင်း၊
Laboratory diagnosis ဓါတ်ခွဲစစ်နည်းများ
• Venereal Disease Research Laboratory (VDRL) (ဆစ်ဖလစ်) အတွက်၊
• Rapid plasma reagin (RPR) (ဆစ်ဖလစ်) အတွက်၊
• Rapid treponemal test (ဆစ်ဖလစ်) အတွက်၊
• Gram stain and vaginal wet mount မွေးလမ်းကြောင်းပိုးဝင်ခြင်းအတွက်၊
• HIV testing (အိတ်ခ်ျအိုင်ဗွီ) အတွက်၊

ကိုးကားချက်။ Management of Sexually Transmitted Infections Regional Guidelines (WHO) 2011

ဒေါက်တာတင့်ဆွေ (၁ဝ-၆-၂ဝ၁၂ )
ဒေါက်တာတင့်ဆွေလိင်မှတဆင့် ကူးစက်သော ရောဂါများ (၂)

Saturday, September 29, 2012

ARV ဆေး ထုတ်လုပ်ရေး အိန္ဒိယမှ အတွေ့အကြုံ ယူမည်


မြန်မာနိုင်ငံ၌ အရည်အသွေးပြည့်မီသော ARV ဆေးထုတ်လုပ်နိုင်ရေး အတွက် အိန္ဒိယအတွေ့အကြုံကို ရယူသွားမည်ဟု Myanmar Positive Group (MPG) ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။

”လက်ရှိ မြန်မာပြည်မှာသုံးနေ တဲ့ ARV ဆေးအများစုက အိန္ဒိယက တင်သွင်းလာတဲ့ ဆေးတွေ များပါတယ်။ ရှေ့လအောက်တိုဘာမှာ ကျွန်တော်တို့ အိန္ဒိယ နယူးဒေလီမှာရှိတဲ့ Positive ကွန်ရက် (DNP+) နဲ့ ချိတ်ဆက်ပြီး သင်တန်းတက် ရောက်ဖို့ အစီအစဉ်ရှိတယ်” ဟု Myanmar Positive Group (MPG) မှ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။
ယင်းခရီးစဉ်တွင် အိန္ဒိယနိုင်ငံ၏ ARV ဆေးထုတ်လုပ်ခွင့် မူပိုင်ခွင့်၊ တင်သွင်းခွင့် အစရှိသည့် မူဝါဒနှင့် ဥပဒေဆိုင်ရာများ၊ ARV ဆေးဝါး ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် အိန္ဒိယ Positive Network (DNP+) ၏ နိုင်ငံလုံး ဆိုင်ရာ HIV တုံ့ပြန်မှု အခန်းကဏ္ဍနှင့် ၄င်းတို့၏နိုင်ငံတွင်း ပြုစု စောင့်ရှောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုများကို လေ့လာရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်မှ ပြန်ရောက် လာသည့်အခါတွင်လည်း ၄င်းဆေးဝါး ထုတ်လုပ်မှု လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမည့် လုပ်ငန်း ရှင်များနှင့် လူထုအခြေပြုအဖွဲ့ အစည်းများသို့ အတွေ့အကြုံများ ဖလှယ်ခြင်းနှင့် ဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

ယင်းသင်တန်း တက်ရောက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ မကြာမီ လွှတ်တော်သို့ တင်သွင်းမည့် တီထွင်မှုမူပိုင်ခွင့် ဥပဒေမူကြမ်းတွင် နာတာရှည်ရောဂါရှင်များအတွက် ဆေးဝါးနှင့် ပတ်သက်သော ထိခိုက် နစ်နာမှုများ မရှိစေရေးကို အဓိကထား၍ ထည့်သွင်းရေးဆွဲ သွားရန် အိမ်နီးချင်းနိုင်ငံများမှ အတွေ့အကြုံကောင်းများ၊ သင်ခန်းစာများကို ရယူလိုခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအပြင် Myanmar Positive Group (MPG) သည် ပြည်ထဲရေး ဝန်ကြီးဌာနသို့ အသင်း အဖွဲ့ မှတ်ပုံတင်လျှောက်လွှာ တင်သွင်းရန် ပြင်ဆင်နေကြောင်းနှင့် တရားဝင် အသင်းအဖွဲ့ဖြစ်လာပါက လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခုထက် ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်ခွင့်ပြောရေး ဆိုခွင့်တွေ ပိုမိုရရှိလာမည်ဟု ယုံကြည်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
Myanmar Positive Group (MPG) ကို ၂ဝဝ၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကိုယ့်အားကိုယ်ကိုးအဖွဲ့ ၄၇ ဖွဲ့သာ ချိတ်ဆက်မိ ရာမှ ယခုအခါ မြန်မာ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးသို့ ကွန်ရက် ချိတ်ဆက် လျက်ရှိပြီး ကိုယ့်အားကိုယ်ကိုး အဖွဲ့ပေါင်း ၂၁၄ ဖွဲ့နှင့် အဖွဲ့ဝင် ပေါင်း ၁ဝ၄၁၁ ရှိကြောင်း သိရသည်။

ချစ်ဆုဆွေ
Popular MyanmarARV ဆေး ထုတ်လုပ်ရေး အိန္ဒိယမှ အတွေ့အကြုံ ယူမည်  

အေအာရ်တီဆေး ၀ယ်ယူရန် သိန်း ၂,၀၀၀ ကျော် သုံးစွဲသွားမည်

ခုခံအားကျဆင်းမှု ကူးဆက်ရောဂါ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံထားရသူများ အတွက် ဆေးဝါးများတိုးမြှင့် ကုသပေး နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနသည် လက်ရှိ ဘဏ္ဍာနှစ်အတွင်း အေအာရ်တီဆေး ကျပ်သိန်း နှစ်ထောင်ကျော်ဖိုး ၀ယ်ယူရန် စီစဉ်နေသည်ဟု ကျန်းမာရေး ၀န်ကြီးဌာနမှတာဝန်ရှိသူ တစ်ဦးက စက်တင်ဘာလ ၂၅ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၁၂-၁၃ ခုနှစ်အတွက် ကျန်းမာရေး အသုံးစရိတ်ကို လေးဆ တိုးမြှင့်ထားပြီး နောက်တွင် အိပ်ခ်ျအိုင်ဗီ တားဆီးကာကွယ်ရေး လုပ်ငန်းများအတွက် ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့် သဘောဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစောလွင်က ပြောသည်။ ၂၀၁၀ ပြည့်နှစ် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗီပိုး ကူးစက် ခံထားရသူကလေး၊ လူကြီး စုစုပေါင်း ၂၃၆,၀၀၀ ရှိနေသည်ဟု ခန့်မှန်းထားသည်။

ကူးစက်ခံနေရသူများအတွင်း သွေးဖြူဥ စီဒီဖိုးဆဲလ် ၂၀၀ အောက် ရောက် ရှိနေသောကြောင့် အေအာရ်တီ ဆေး တိုက်ကျွေးရန် လိုအပ်သူ လူနာပေါင်း ၇၆,၀၀၀ ခန့်ရှိနေကာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ လမ်းညွှန် ချက်အရ စီဒီဖိုး အရေအတွက် ၃၅၀ အောက်ရောက်နေ သူများကို အေအာရ်တီဆေး တိုက်ကျွေး ကုသမည်ဆိုပါက လိုအပ်သူပေါင်း ၁၂၀,၀၀၀ ခန့်ရှိနေသည်ဟု ခန့်မှန်း တွက်ချက်ထားသည်။

လွန်ခဲ့သော နှစ်နှစ်အတွင်း အေအာရ်တီဆေး တိုက်ကျွေး ကုသနိုင်မှု တိုးလာသော် လည်း ဆေးပေးနိုင်သည့် အရေအတွက်နှင့် ဆေးလိုအပ်နေသူ အရေအတွက်သည် များစွာကွာဟနေသေး ကြောင်းတွေ့ရသည်။
၂၀၁၀ ပြည့်နှစ် အထိ အေအာရ်တီဆေး တိုက်ကျွေး ကုသနိုင်သည့် လူနာပေါင်း ၂၉,၈၂၅ ဦးသာ ရှိသည့်အတွက် ဆေးလိုအပ်သူ၏ ၃၉ ရာခိုင်နှုန်းခန့်ကိုသာ ဆေးပေးနိုင်သည်ကို တွေ့ ရသည်။ မြန်မာနိုင်ငံတွင် နယ်စည်းမထား ဆရာဝန်များအဖွဲ့သည် အိပ်ခ်ျအိုင်ဗီ ကုသမှု အများဆုံးပေးနေသော အဖွဲ့အစည်းဖြစ်ပြီး လူနာပေါင်း ၂၃,၀၀၀ ခန့် ကို အေအာရ်တီဆေး ပေးလျက်ရှိနေသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ အေအာရ်တီဆေးပေးနိုင်မှု အခြေအနေကိုမူ သိရှိရခြင်း မရှိပေ။ ယခုကဲ့သို့ အေအာရ်တီဆေး တိုးမြှင့် လိုက်ခြင်းသည် လူနာအားလုံးကို လွှမ်းခြုံ နိုင်ခြင်းမရှိသော်လည်း ယခင်ကထက် ပိုမို တိုးမြှင့်ပေး နိုင်မည်ဟု ဒေါက်တာ စောလွင်က ခန့်မှန်းထားသည်။

နယ်စည်းမထား ဆရာဝန်များ အဖွဲ့၏ ၂၀၁၂ ဖေဖော်ဝါရီလတွင် ထုတ်ပြန်သော အစီရင်ခံစာအရ ဆေးမရရှိသည့်အတွက် မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် လူနာပေါင်း ၁၅,၀၀၀ မှ ၂၀,၀၀၀ အတွင်း သေဆုံးနေကြ ရသည်ဟု သိရသည်။

ယမုံဖူးသစ် (အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ – ၄ ၊ ၁၀ ၊ ၂၀၁၂))
မြန်မာတိုင်းမ် - အေအာရ်တီ ဆေးဝယ်ယူရန် သိန်း ၂,၀၀၀ ကျော် သုံးစွဲသွားမည် 

Friday, September 28, 2012

မြန်မာနိုင်ငံအကြောင်း


လူတိုင်းလူတိုင်း မိမိတို့ မွေးဖွားကြီးပြင်းလာသော မိမိတို့ နိုင်ငံတော်အကြောင်း အခြေခံအချက်များကို သိထားသင့်ပါသည်။ မြန်မာနိုင်ငံတွင် မွေးဖွားသော မြန်မာများအဖို့ အောက်ပါအချက်တို့ကို မသိမဖြစ်အောင် လေ့လာအပ်ပါသည်။

တည်နေရာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အာရှတိုက်တောင်ဘက်သို့ တိုးထွက်နေသော ကျွန်းဆွယ်ကြီးသုံးခုအနက် အရှေ့ဘက် အကျဆုံးသော အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အနောက်ပိုင်းတွင် တည်ရှိသည်။ မြောက်လတ္တီတွဒ် ၁၀ဒီဂရီနှင့် ၂၈ဒီဂရီ ၃၀မိနစ်အကြား အရှေ့လောင်ဂျီတွဒ် ၉၂ဒီဂရီနှင့် ၁၀၁ ဒီဂရီအကြားတွင် မြန်မာနိုင်ငံကို တွေ့ရှိနိုင်သည်။
မှတ်ရန် - စက္ကန့် ၆၀ = ၁မိနစ်
            မိနစ် ၆၀ = ၁ ဒီဂရီ
            ၂၈° ၃၀' = ၂၈ ဒီဂရီ ၃၀ မိနစ် (သို့) ၂၈ ၁/၂ °

အကျယ်အ၀န်း
မြန်မာနိုင်ငံသည် မြောက်မှတောင်သို့ မိုင်ပေါင်း ၁၂၇၅ရှိသည်။ အရှေ့မှ အနောက်သို့(အကျယ်ဆုံး) နေရာမှာ မိုင်ပေါင်း ၅၂၈ ခန့်ရှိသည်။
မြန်မာနိုင်ငံ၏ အကျယ်အ၀န်းမှာ ၂၆၁၂၂၈ စတုရန်းမိုင်ကျော်ရှိသည်။
မြန်မာနိုင်ငံ၏ သီးနှံစိုက်ဧရိယာမှာ ၂၃၈၄၃ စတုရန်းမိုင်ရှိသည်။
မြန်မာနိုင်ငံ၏ သစ်တောကြိုးဝိုင်းဧရိယာ ၃၈၃၉၂ စတုရန်းမိုင်ရှိသည်။

နယ်နိမိတ်
၁။ အနောက် - ဘင်္ဂလားပင်လယ်အော်၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ
၂။ မြောက်နှင့် အရှေ့မြောက် - တရုတ်နိုင်ငံ
၃။ အရှေ့ဘက် - လာအိုနှင့် ယိုးဒယားနိုင်ငံ
၎။ တောင်ဘက် - ကပ္ပလီပင်လယ်

ထင်ရှားသောတောင်များ
၁။ ခါကာဘိုရာဇီတောင် (၁၉၂၉၆ ပေ)
၂။ ဂမ်လန်ရာဇီတောင် (၁၉၁၄၂ ပေ)
၃။ အင်ဒေါရာဇီတောင် (၁၈၀၀၀ ပေ)
၎။ အင်လာလာရာဇီတောင် ( ၁၆၀၀၀ပေ)
၅။ စာရာမေတိ (ဒွိုက်မောက်)တောင် (၁၂၀၀၀ ပေကျော်)
၆။ ၀ိတိုရိယတောင် (၁၀၀၀၀ပေကျော်)
၇။ ပတ်ကွိုင်တောင် (၈၀၀၀ ပေခန့်)

မြစ်များ
၁။ ဧရာဝတီမြစ် (မေခနှင့် မလိခဆုံရာမှ ဖြစ်ပေါ်လာသည်)
၂။ သံလွင်မြစ်
၃။ စစ်တောင်းမြစ်
၎။ ချင်းတွင်းမြစ် ( ဧရာဝတီမြစ်၏ အကြီးဆုံးမြစ်လက်တက်ဖြစ်သည်)

အကြီးဆုံးကျွန်းများ
၁။ ရမ်းဗြဲကျွန်း
၂။ မာန်အောင်ကျွန်း

ရေအိုင်များ
၁။ ကန်တော်ကြီး (ရန်ကုန်)
၂။ အင်းလျား (ရန်ကုန်)
၃။ အင်းလေး (ရှမ်းပြည်နယ်)
၎။ အင်းတော်ကြီး (အကြီးဆုံးဖြစ်ပြီး ချင်းတွင်းနှင့် ဧရာဝတီမြစ်အကြားရှိသည် )
၅။ ရိဒ်ရေကန် (ချင်းပြည်နယ်)

ဥတုသုံးမျိုး
၁။ နွေ ( မတ်လမှ ဇွန်လအထိ)
၂။ မိုး (ဇူလိုင်မှ အောက်တိုဘာလထိ)
၃။ ဆောင်း (နိုဝင်ဘာလမှ ဖေဖော်ဝါရီလထိ)

မြန်မာနိုင်ငံတိုင်းဒေသကြီးများ
၁။ ရန်ကုန်တိုင်းဒေသကြီး
၂။ ပဲခူးတိုင်းဒေသကြီး
၃။ ဧရာဝတီတိုင်းဒေသကြီး
၎။ တနင်္လာရီတိုင်းဒေသကြီး
၅။ မကွေးတိုင်းဒေသကြီး
၆။ မန္တလေးတိုင်းဒေသကြီး
၇။ စစ်ကိုင်းတိုင်းဒေသကြီး
၈။ ရှမ်းပြည်နယ်
၉။ ကယားပြည်နယ်
၁၀။ မွန်ပြည်နယ်
၁၁။ ကရင်ပြည်နယ်
၁၂။ ရခိုင်ပြည်နယ်
၁၃။ ချင်းပြည်နယ်
၁၄။ ကချင်ပြည်နယ်

စာကြွင်း။   ။ ဖတ်မိသောစာလေးများထဲမှပြန်လည်ဝေမျှခြင်းဖြစ်ပြီး အမိမြန်မာနိုင်ငံတော်ကို တစ်လက်မမှ အဆုံးအရှုံးမခံနိုင်သော စိတ်ဖြင့် ထပ်ဆင့်လက်ကမ်းလိုက်ခြင်းဖြစ်သည်။