Monday, September 17, 2012

သူချစ်ကိုယ်ချစ်


“ကိုယ်ချစ်ကို မရှာနဲ့၊ သူချစ်ကို ရှာဟဲ့”တဲ့။အပျို စမဖြစ်ခင် ကလေးသာသာ အရွယ် ကတည်းက နွဲ့လေးဝေ တစ်ယောက် အပျိုလေး၊ အပျိုလတ်၊ အပျိုကြီးတို့ စုဝေး တိုင်ပင်ရာတွင် ကြားခဲ့ ရသည့် စကား။
ချစ်စိတ်ကူး ယဉ်စာပေများ တွင်လည်း ထိုသို့ သွန်သင် ဆုံးမသည်ကို မှတ်သား ခဲ့ရဖူးပါသည်။ ဒီကတည်းက ငါဖြင့် အပျိုဖြစ်ရင် ကိုယ့်အပေါ် ဘယ်သူ အနွံတာ အခံနိုင်ဆုံးလဲ ရွေးချယ် စိစစ်ရမည်ဟု မောင်းတင်ခဲ့လေသည်။

သို့ပေမဲ့ လေးတို့ မိန်းမသားတွေ၏ ဆန့်ကျင်ဘက်တွေကို ဆွဲဆောင်နိုင် အားများကို နှိုင်းယှဉ်ကြည့်မယ်ဆို လေးက ပိုက်ကွန်နှင့် ငါးဖမ်းသလို အတော်ကြီးလည်း မဟုတ်။ ငါးမျှားချိတ် တစ်ချောင်းနှင့် စိတ်ရှည်လက်ရှည်ထိုင်မျှားရအောင်လည်း အစွမ်းအစရှိသူ မဟုတ်ခဲ့ပါ။ ပျင်းရိငြီးငွေ့စရာ မကောင်းရုံတမည်၊ စိတ်လှုပ်ရှားစရာ အကောင်းကြီးလည်း မဟုတ်ရပါဘဲ စိုစိုပြည်ပြည် ရှိခဲ့ပါသည်။

ကြိုးရှည်ရှည်နှင့် မလှန် ထားတတ်၍လား မသိ။ ကိုယ်က မကြိုက်နိုင်သော ယောက်ျားလေးများကို အနားတွင် တရစ်ဝဲ၀ဲ ဖြစ်နေအောင် လုပ်ဖို့ အားနာတတ်သည့်၊ စိတ်ရှုပ်မခံနိုင်သည့် လေးအနားတွင် ကိုကို၊ မောင်မောင်များက ကြာကြာ မရစ်ဝဲတတ်ခဲ့ပါ။ ဘ၀မှာ အချစ်ကို စတွေ့ပြီဟု သိရှိခြင်းသည် တက္ကသိုလ်ရောက်မှ ဖြစ်၏။ ဆေးတက္ကသိုလ် ပထမနှစ်တစ် နှစ်လုံး မြင်နေ၊ တွေ့နေ၊ ခင်နေရသော သူငယ်ချင်း ယောက်ျားလေး အပေါ် ဒုတိယနှစ် ရောက်မှ စိတ်ကစားလာပြီး တတိယနှစ် ဆေးရုံဆင်းရသောအခါ တွင်မှ ချစ်လှချည်ရဲ့ဖြစ်သွားခြင်းသည် တချို့သောစံများနှင့် ကိုယ်မည် မထင်။ သို့သော် သူငယ်ချင်း သံယောဇဉ်အပေါ် အထင်ကြီးအားကိုးခြင်း အချစ်မျိုးစေ့လေးကို မ၀ံ့မရဲနှင့်ပဲ အဖြူရောင် နယ်မြေမှာ စိုက်ပျိုးခဲ့သည့် အဖြစ်ကို ရောက်လာခဲ့လေသည်။

လေးက ကျောင်းစာမှာ အလယ်အလတ်သာ ဖြစ်ရာ အတန်းစဉ် ဂုဏ်ထူး ထွက်သည့် သူငယ်ချင်း ချစ်သူလေးအပေါ် အားကိုးတကြီး စာရှင်းပြခိုင်းစဉ် ငယ်ငယ်က ကြားဖူးသည့် သူချစ်ကိုရှာဟဲ့ ဟူသော သြ၀ါဒမှာ ဘယ်ချောင်း ကပ်နေမှန်း မသိချေ။ ကိုယ့်ဟာကိုယ် ကျက်လည်းရသားပဲဆိုပေမဲ့ နိုင်ဖတ်ပြရှင်းပြမှ လေးက နားစွဲလွယ်သည်။ အိမ်ကမုန့်တွေထည့်သယ်လာ လည်း အဆောင်နေကျောင်းသား နိုင်တစ်ယောက်ကို အရင်မကျွေးရမချင်း တခြားသူငယ်ချင်းတွေ ယူစားမှာစိုးနှင့်သည်။ နိုင် ခေါင်းကိုက်နေသည်ဟု ပြောလျှင် အိမ်ကသံပရာရည် ဖျော်ထည့်ချင်သည့် ဆန္ဒကို မျိုသိပ်ချိုးနှိမ်ရသည်။ လူနာစမ်းသပ်နည်းကိုလည်း နိုင်စမ်းပြတာကမှ ပိုမိုမှတ်မိ လွယ်သည်ဟု ထင်သည်။ ခက်ရချေသေးရဲ့ဆိုသည်ကိုလည်း ထိုစဉ်ကသဘောမပေါက်ခဲ့ပေ။

မကြာခင်မှာ ရည်းစားဖြစ်ဖို့ ငါးမိနစ်ပဲလိုတော့သည်ဟု အသိုင်းအ၀ိုင်းက ထင်ကြလည်း လေးမှာတော့ စောင့်စားလိုက်ရသည်မှာ ရေလာဖို့မြောင်းဖောက် ပေးနေရသည်မှာ ဗွက်မထလာအောင်သာ မိန်းမတို့ ဣသေိက္ခာကို ငဲ့ကွက်၍သာ ပြန်ထိန်း နေရသည်။ နိုင့်ဘေးမှာ အနီးကပ်ဆုံးသူက လေးပဲ။ သို့ပေမဲ့ နိုင်ရဲ့ လေးကို သူငယ်ချင်းတစ်ယောက်အနေနှင့်သာမက မိန်းမသား တစ်ယောက်ပါ ဖြစ်တယ်ဆိုတာ သတိရပါဦး။

သို့နှင့်လေးတစ်ယောက် စိတ်လွတ်လက်လွတ်နေတတ်သည့် ဆေးကျောင်းသူ ဘ၀မှာ ပြောင်းလဲကာ လှဖို့ကြိုးပမ်းလာ၏။ ကလက်လို့ကလည်း မဖြစ်သေး။လှနေရမည်။ အဘွားကြီးနှင့် တူမှာလည်း စိုးရသေး။ ဘယ်အရောင်အသွေးက လေးမျက်နှာမှာ အဆင်ပြေသလဲ။ ပန်းချီ ဆရာမတစ်ယောက်လို ဈာန်ဝင်လာ၏။

ဘယ်လိုအ၀တ်အစားမျိုးက မရိုးမဆန်းနှင့်ကြည်လင်နွဲ့ပျောင်းစွာ နိုင့် အမြင်အာရုံထဲတိုးဝင်လာမလဲ။ နိုင်ကဒေါက်မြင့်ဖိနပ်စီးသည့် မိန်းကလေးတွေ ကို ပိုစတိုင်လ်ကျသည် ထင်လားမသိ။ ဒေါက်စီးတတ်အောင် အိမ်မှာကြိုးစား ပမ်းစားကျင့်ယူ၏။ ခြေထောက်ဆီမှ နာကျင်မှုကို မေ့လျောကျင့်သားရ အောင် မျက်နှာမှာ မပေါ်စေရဘဲ ရော်ရွက်ဝါတို့ လေပြည်မှာ စီးမျောလာသလို။ လေး တစ်ယောက်ပြောင်းလဲလာသည်ကို သင်္ကြန်မှာ ပိတောက်ပန်းတွေ့မှ ပိတောက် ပင်ဟာပန်းပွင့်သည့် အမျိုးလားလို့ သတိထားမိပုံနှင့် နိုင်ကဆက်ဆံလာသည်။

“လေးက လှလာတာပဲ”
ဒီစကားကို သူငယ်ချင်းအချင်းချင်း ချီးမွမ်းခြင်းမျိုးထက် ပိုလားမပို လား အကဲခတ်ရသေးသည်။ ဒီကျောက်ရုပ်ကို ငါ ရွေ့အောင်လှုပ်နိုင်ပါတယ် သေချာသွားသည်။

ပိုလှလာ၊ ပိုယဉ်လာသည့်လေးကို ဆေးရုံမှာတွေ့နေရသည့် အလုပ်သင် ဆရာဝန်အစ်ကိုတချို့ကလည်းကောင်း၊ သူငယ်ချင်းတချို့ကလည်းကောင်း သကာရနံ့ရသည့် ပုရွတ်ဆိတ်တွေလိုရင်းနှီးလာချင်၏။ လေး ဆံသားပေါ်က ကလစ်ကလေးနှင့် ဖိနပ်အရောင်က တစ်သားတည်းဖြစ်ကြောင်း၊ လေးမျက် မှန်ချွတ်ပြီး မျက်ကပ်မှန်တပ်လိုက်တော့ မျက်နှာလေးက ပိုထင်းလာကြောင်း၊ လေး ခြယ်သပြင်ဆင်မှုက အနုပညာဆန်ကြောင်း တခုတ်တရ သတိထားမိသူတွေ မရှားတော့။

ကဲ-နိုင်ရေ၊ခြေလှမ်းတွေ မစသေးဘူးလား။ ဘယ်တော့ဖြစ်ဖြစ် လေးစိတ်က နိုင့်ဆီမှာဆိုတာ သိနေပြီးသားမို့လား။ သို့မဟုတ် သိက္ခာကြီးလွန်း တာပဲလား။ နိုင့်စိတ်ကပဲ လေးဆီမှာ မရှိတာလား ဝေခွဲရခက်နေဆဲ လေး ကံကောင်းသည်လား၊ ကံ ဆိုးသည်လား မသိ။ နိုင်ကချစ်ခွင့်ပန်လာ ရာ လေး မူနေလျှင် နိုင် စိတ်ပင်ပန်းနေမည် စိုးပါ သည်။

နောက်ဆုံးနှစ်အပိုင်း(က)ရောက်တော့ ဆရာ၊ ဆရာမများကရော သူငယ်ချင်းများကပါ အသိအမှတ်ပြု စာရင်းဝင် စုံတွဲဖြစ်လာသည်။ အချစ်ကြောင့်များ နိုင်အချိုးပြောင်းသွားမည်။ဂုဏ်ထူးသမား ဘ၀က လျှောကျမည် မထင်လေနှင့်၊ နိုင်က ကြိုးစားမှုကို ပွန်းတီးခံသူမဟုတ်။ လေးကလည်း နိုင် စိတ်ညိုမှာစိုး၍ စာမေးပွဲမှာ အမှတ် ကောင်းကောင်းနှင့်အောင်အောင် လုပ်ရသေး သည်။ နိုင့်စိတ်ထဲမှာ လေးကိုလက်တွဲဖော်အဖြစ် တလေးတစား သတ်မှတ်စေချင်သည်။

လေးဘက်က မိန်းကလေးတို့ အစဉ်အလာ အရ အိပ်ရာဝင်ခါနီး ဖုန်းလေးပြောချင်သည်။ နိုင့်အသံလေးကို အိပ်မပျော်သေးခင် ကြားလိုက် ချင်သည်။
“တစ်နေကုန် ဆေးရုံနဲ့ကျောင်းနဲ့ တွေ့နေရ တာပဲ လေးရာ။ အဲဒီလောက် မလိုပါဘူး”

နိုင်က စိတ်ရှုပ်ဟန်နှင့်ဆိုလျှင် ဒေါသစိတ် နှင့် ကြေကွဲစိတ်ကို မျိုသိပ်ကာ နိုင် ပြောတာ မှန် နေသားပဲ လက်ခံရသည်။
တစ်ခါတစ်ရံ နိုင့်ဆီက“လေးက သိပ်ချစ် စရာကောင်းတာပဲ”ဟု စိတ်လိုလက်ရ ကြားရ လျှင်တော့ လေးတစ်ယောက် စိတ်ထဲ ခိုးလိုးခုလု မှန်သမျှ ကင်းရှင်းကာ လှမ်းလာခဲ့သမျှ ခြေလှမ်း များက လေးဘက်ကချည်း ဆိုသည်ကို မေ့လျော့ ကြည်စင်ရသည်။ ပညာတတ်မိန်းမတို့၏ မာန လည်းပျောက် လွင့်ရသည်။ စင်စစ်တော့ထိုစကား သည်း လေးကို သိပ်ချစ်တာပဲဟု အဓိပ်္ပာယ်သက် ရောက်ခြင်းမဟုတ်ကြောင်း အူတူတူအမိုက်အမဲ နွဲ့လေးဝေ သဘော မပေါက်ချေ။

ချစ်သူဘ၀တွင် နိုင်က ထူးကဲညှာတာခြင်း မရှိသည့်တိုင် အနိုင်ယူဆိုးသွမ်းသူ မဟုတ်တာ လည်းအမှန်။ လူတကာ ရှေ့လက်ချင်းတွဲ လျှောက်ဖို့ တွန့်ဆုတ်တတ်လည်း လေးကစ လက်ကမ်းရသည်ကိုလည်း ငြိုငြင်ရကောင်းမှန်း မသိတတ်ချေ။ အချစ်ဆိုသည်မှာ  အင်အားကြီး ပစ်္စည်းမှန်း သိတတ်ခဲ့ရပြီး ကောင်းကင်မိုးတိမ်တို့ ကို မြေလွှာပေါ် ခြေစုံရပ်လျက်က လက်လမ်းမှီ နိုင်သည် ထင်ရကာ ကတ်သတ်တွက်ချက်နေဖို့ လည်း အကြောင်းမရှိဟူ၍သာ။

နောက်ဆုံးနှစ် အပိုင်း(ခ)ကို နိုင်က ဂုဏ်ထူး တွေနှင့်အောင် လေးကရော ပူပန်စရာ မရှိ အောင် မြင်ခဲ့ကာ အလုပ်သင်ဆရာဝန် ဆင်းရလည်း နာ မည်ချင်းနီးသဖြင့် တစ်ရုံတည်းဆင်းရတာပဲဖြစ်ရာ လေးတစ်ယောက်တော့ တို့တွေဟာ နတ်ဖတ်တဲ့စုံ တွဲပဲဟု ထင်မြင်ခဲ့သည်။ အချိန်တန်တော့ အိမ် ထောင်ပြုသားသမီးများပွားစီးလာလျှင် ညည်းတို့ အဖေကို ကျုပ်က စပိုးခဲ့တာပါတော်ဟု ခနဲ့တဲ့တဲ့ များပြောနိုင်ဦးမည်ဟု ယောင်မှားတွေးမိသေး၏။

နိုင်တစ်ယောက် နိုင်ငံခြားထွက်ဖို့ ပညာတွေ ထပ်ဆည်းပူးဖို့ အသည်းအသန်ကြိုးစားနေသည် ကို လေး သိနေမြင်နေလျက်သား လေးကတော့ ရှေ့ထုံးစဉ်လာအတိုင်း ဘွဲ့လွန်တတ်ပြီးမှပဲ လုပ် ယူတော့မည်။ စိတ်ထဲ ယခုပင် သွားချင်လှရဲ့ဟု အာသီသမပြင်းပြသည်မှာ အမှန်။ မြန်မာနိုင်ငံမှာ ဘွဲ့ရဖြစ်ရသည်ကိုလည်း အောက်ကျနောက်ကျ နိုင်သည်ဟု  မသတ်မှတ်နိုင်သည်လည်း အမှန် တရားသာ။ ဒီတော့လည်း နိုင်တစ်ယောက် ထွက် သွားလျှင် ဘယ်တော့မှပြန်လာမှာ မဟုတ်ဘူးတို့။ ဒီ ထက်ပိုဆိုးသည်က အစစအရာရာ အဆင်ပြေ အလွယ်တကူဖြစ်အောင် ချောမောလှပသော သူ ဌေးသမီး ကညာတစ်ပါးနှင့် လက်ဆက်ပြီးမှ ထွက်ခွာ သွားမည်တို့ကို လေးအချိန်နှောင်းမှ သိလိုက်ရခြင်း။ အစောကတည်းက သိခဲ့စေဦး နိုင့်ကို လေး တားခဲ့မည်လား မသေချာ။ မိဘ ချင်း သဘောတူတဲ့ လူနဲ့လက်ထပ်လိုက်တယ်ဟု လှလှပပ အကြောင်းပြချက် ပေးစေဦး နိုင့်စိတ် သဘောကို ခန့်မှန်းနားလည်နိုင်ဆုံးသူက လေးပဲ။ ဒီတော့ ဘယ်ဘက်ကမှ မျက်နှာ မပျက်ရအောင် လေးလည်း အသည်းကွဲဒေ၀ီ လုပ်ပြမနေနိုင်။

လေး ခံစားပြရလေ၊ လေးတို့ အသိုင်းအ၀ိုင်း သူငယ်ချင်းများ၊ ဆရာ၊ ဆရာမများကိုယ်တိုင် ပိုခံစားရလေ၊ နိုင့်အပေါ် နာကြည်းကြလေဖြစ် တော့မည်။ လေးတစ်ယောက် စိတ်နာသွားပြီး လှည့်လို့ပင် မကြည့်တော့။ ဘ၀ကို ပုံမှန်အတိုင်း လေးပဲ ပေါ့ပေါးစွာနေထိုင်နေသည်ဟု မြင်ကြစေ ချင်သည်။ ဒါက နိုင့်အတွက် လေး၏ လက်ဖွဲ့ဟု မှတ်ယူပါ။ နိုင်တစ်ယောက် သတင်းပြန်ကြား မည်ဆိုက စိတ်လက်ပူပန်ခြင်း ကင်းရှင်းစွာနေ ထိုင်နိုင်မည် ဖြစ်သလို လေးကို ချစ်ခင်ကြသူများ ကလည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွား ကြမည် အမှန်ပဲ။

အသိဉာဏ်ရှိရှိ ဆင်ခြင်ဉဏ်ကို ထုတ်သုံး ရခြင်းသည် နှလုံးသား၏ ဒဏ်ရာဒဏ်ချက်များ ကို ကုစားပေးခြင်းမမည်။ ဆွေးမြည့်အက်ကွဲ     နေလည်း အပေါ်ယံ ကန့်လန့်ကာလှလှလေးများ သုံး၍ ကာကွယ်ထားချင်သည်။ နာကျင်သည်းခံ နိုင်စရာ မရှိသည့် အမှန်တရားကို နိုင်ကိုယ်တိုင် ဖွင့်ပြောစဉ်ကလည်း လေး မျက်ရည် မကျအောင် အံကြိတ်နိုင်ခဲ့သည်ပဲ။ ဘွဲ့နှင်းသဘင်မှာတွေ့ရ ခြင်းသည် နောက်ဆုံးတွေ့ကြခြင်းလို့ နားလည် သည့်အတွက် လေးတစ်ယောက် အဝေးရောက် မလုပ်ခဲ့ပါ။ ခုံနံပါတ်ချင်း ကပ်လျက် သူငယ်ချင်း များက အနေခက်ကြလည်း လေးနှင့်နိုင်တို့ ပုံစံ မပျက်ကြ။ နိုင့်မျက်စိထဲက နောက်ဆုံးပုံရိပ် လေးသည် တက်ကြွလန်းဆန်းနေစေချင်သည်။

သည်လိုနှင့် ဖောက်ခွဲနိုင်ခြင်းမရှိဘဲ ဖုံးကွယ် မျိုသိပ်ထားရခြင်းနှင့်ပင်လျှင် ကိုယ်ချစ်ကို ရှာဖွေ တွေ့ရှိခြင်းသည် အဆုံးသတ်ခဲ့သတည်း။

အတန်းနှစ်တချို့ ငယ်ရွယ်သဖြင့် လေးမျက် စိထဲကြီးကောင်ဝင် ယောက်ျားတစ်ယောက်အဖြစ် မြင်နိုင်ဖို့ကို တော်တော်ကြည့်ယူလိုက်ရသည့် နေ သန့်ကို စတွေ့ခြင်းသည် ငြိမ်းချမ်းနယ်မြေ စာအုပ် ငှားဆိုင်တွင်ဖြစ်သည်။ ထိုစဉ်ကတည်းက အစဉ် အမြဲငြိမ်းချမ်းရာ ချစ်သူနယ်မြေဆီသို့ ခြေလှမ်းစ လိုက်မိသလားဟု လေးက ကဗျာ ဆန်ချင်သေးသည်။

ငြိမ်းချမ်းနယ်မြေက စာအုပ်စုံလင်သည် ဆိုနိုင်လည်း စာအုပ်စီထားပုံက ရှာရမလွယ်။ စာအုပ်ငှားဆိုင်က လူတွေပင် ရှိတော့ရှိတာပဲဟု ပြောကာရှာ မတွေ့သည်တို့ပင် ရှိသေးသည်။ တော်တော်ငှားနေကျမှ ဘယ်နားဘာရှိသည် ကို လေ့ကျက်မိသွားသည်။ အပြင်ဆေးရုံတစ်ခုတွင် အလုပ်ဝင်ခါစကျောင်း စာတွေ ပြန်နွှေးလေ စာအုပ်များဆီက အတူတူလေ့လာဆွေးနွေးခဲ့ဖူး သော အကြောင်းအရာများကို ပြန်ပြန်သတိလည် လာတတ်သဖြင့် စာအုပ်ငှားဆိုင်ဆီ ခြေဦးလှည့် လာနေတတ်သည်မှာ ကြာပြီ။ ခိုးကြည့်နေ ခြင်းလား လေးမျက်နှာမူရာ စာအုပ်တွေဆီ လှမ်း ရှားခြင်းလား မခွဲခြားတတ်သေးသော ကောင် လေးတစ်ယောက်ကိုလည်း စတင်သတိထားမိလာတတ်ပြီ။

ဂျူးရေးသည့်စာများကို ဖတ်မိလျှင် အမှတ်တရနှင့် တိုက်ဆိုင်လွန်းသည့် အဖြစ်တွေကို သတိရမှာစိုးသဖြင့် ကြည်အေးစာများဘက် ခံတွင်းတွေ့နေတာ လည်း ကြာပြီ။ တမ်းတတတ်သည်ကို ဒုတိယအကြိမ်ဖတ်ဖို့ လိုက်ရှာ စဉ် ကြည်အေး စာအုပ်များထားသည့်နေရာမှာ ရှာလို့မတွေ့ချေ။ ပါးစပ်ကပဲ ရေရွတ်ပြီး ရှာနေမိလား။ မသေချာလိုက်“ဒီမှာဗျ”ဟုစာအုပ်ရှေ့ရောက်လာ တော့ စာအုပ်ငှားဆိုင်ကပဲ ထင်လို့လှည့်ကြည့်ပြီး ကျေးဇူးတင်စကားပြောမည် ပြုရာ ရှက်စနိုးဟန် ကောင်ကလေးငယ်က ဘယ်နားကတွေ့လိုက်တာလဲ တောင် မမေးလိုက်ရဘဲ ကိုယ့်အရင်လစ်သွားလေသည်။ ဖြစ်ရမယ်ကွယ်။

သည်နောက်တော့ စာအုပ်ငှားဆိုင်မှာ ခဏခဏတွေ့တတ်ပြီး ကိုယ်က ပင် ဘယ်စာအုပ်က ဘယ်နားမှာရှိသလဲ မေးမြန်းတတ်သည်ကိုအကြောင်းပြု ကာ စကားတစ်လုံးစ နှစ်လုံးစရတတ်လာသည်။ သည်လောက်အထိလည်း သည်ကောင်လေးက လေးကို စိတ်ဝင်စားနေမည်ဟု မတိကျသေး။ လေး အတန်းတူသူငယ်ချင်း၏အွန်လိုင်းမှ ခင်မင်သူညီလေးဖြစ်နေကြောင်း ဆေး ကျောင်းမှာ မလည်မ၀ယ်နဲ့မို့ ဒီဘားထိလိုက်သေးတာ သိရတော့ ရယ်ရသေး သည်။လေး င့ါညီက နင့်ကို စိတ်ဝင်စားနေလား မသိဘူးလားဟု ခပ်ပြောင် ပြောင် သူငယ်ချင်းက တီးခေါက်ကြည့်တော့ လေးက ဂရု ထားရကောင်းရဲ့ မထင်သေး။

“တကယ်ပြောတာပါ။ မယ်မင်းကြီးမရယ်။ ဒီကောင်လေးက ငယ်သာ  ငယ်တယ်၊ ရေးလိုက်တဲ့စာက အိမ်ထောင်ကျပြီး ကလေးမွေးတာတို့တွေ့ကို ခပ်တည်တည်နဲ့ ရေးနေတာ။ ဖေ့ဘွတ်မှာလည်း ဓာတ်ပုံမတင်တော့ သူ့ဆို အသက်ခပ်ကြီးကြီး အောက်မေ့နေကြတာ။ အခုတလော အချစ်နဲ့ပတ်သက်တာ နူးနူးညံ့ညံ့ရေးလာတယ်။ ငါကလည်း နင်နဲ့သူနဲ့ နှစ်ယောက်စလုံးနဲ့ ခင်တော့ သူ့ ကဗျာတွေ စာတွေကဘယ်ကိုဦးတည်နေတယ် ဆိုတာ ခန့်မှန်းမိတယ်ဟ။ နင် နဲ့ငါက သိလာခဲ့တာ ဘယ်နှနှစ်ရှိပြီလဲ။ နင်ပုံစံကို သူတစ်စွန်းတစ်စပဲ သိသာ စေဦး နင်ပဲလို့ငါသေချာတယ်။ အေး ငါကလည်း တော်တာပါတာပေါ့လေ”

ဒီအထိ ကိုယ်တော်လေးက ဖွင့်ဟလာခြင်းမဟုတ်။ သူငယ်ချင်းညီလေး အမှတ်နှင့်လမ်းတွေ့ နှုတ်ဆက်ရင်တောင် မျက်နှာနီလာမြန်မြန်ထွက်ပြေးဖို့ ကြံတတ်သည်ကလည်း ရယ်စရာပင်။ ဒီကြားထဲ ထိုသူငယ်ချင်း ကိုလျှာရှည်  က  ထိုကဗျာများ၊ စာများကို ပရင့်ထုတ်ကာ တကူးတကယူလာသေးသည်။
“ငါဖတ်သမျှထဲမှာတော့ မေရီဆိုပြီ ရေးထားတဲ့အပုဒ်က ရယ်အရဆုံးပဲ”

“ဘာ အဲဒီအပုဒ် ပါသွားတယ် ဟုတ်လား။ နွဲ့လေးဝေရယ် ဘုရားစူး မိုးကြိုးပစ် အဲဒါနင့်နဲ့ လုံးဝမဆိုင်ပါဘူးဟာ။ ငါမှားပြီး ပရင့်ထုတ်ပေးလိုက် တာဟ”
ဒီတော့မှ လေးတစ်ယောက် ထိုသူငယ်ချင်း ကောင်စုတ်ကို ထုရနှက်ရ မှန်းသိတော့သည်။ ငါနဲ့မဆိုင်မှန်း သိတယ်ဟဲ့။ ရယ်ရတာ ပြောတာ။

အဲဒီမေရီဆိုသည့် ယောက်ျားတို့၏ ဆန့်ကျင်ဘက်မိန်းမသားများအပေါ် စွဲလမ်းမှုစိတ်ကို ဖွဲ့ထားသည့်အပုဒ်ကို ဘေးဖယ်ထားလိုက်ဦး။ နေသန်တစ် ယောက်လေးနှင့်တွေ့မှ ရေးတတ်လာရပါသည်ဟု သူငယ်ချင်း၏ အညွှန်း ကောင်းမှုကြောင့် ဖတ်လိုက်ရသည့်စာလုံးများတွင်လေးက မှော်ကဝေပဲ။ သူ့ကမ
ာကို ပန်းများပွင့်စေ၊ တေးများဝေစေ နေခြည်နုတို့ လင်းလက်စေနိုင် သလို မုန်တိုင်းမိုးကြိုးတို့ တဒိန်းဒိန်းချုန်းကာ သွေးပျက် စေနိုင်သေးသတဲ့။ ကန္တာရ အလယ်ကို အလည် ပို့ဆောင်ပေးနိုင်သူဖြစ်သလို ချစ်သူ့ ဥယျာဉ်ဆီ အိပ်မက်ဖြင့် လက်လှမ်းမီနိုင်ချင်ရသည့် အကြောင်းအရင်းလည်း ဖြစ်သေးသည်။

“နင့်ညီက တိုးတက်လာတယ်ဟ။ ငါနဲ့ တွေ့တော့ အစ်မ ထမင်းစားပြီးပြီလားတဲ့။ သူ က စနှုတ်ဆက်တာ။ ဒါပေမဲ့ တစ်မိနစ်ကျော် အောင်တောင် မခံပါဘူး။ သွားဦးမယ်နော်ဆိုပြီး လစ်ရော”

“အေး။ ငါက သူ့အကြောင်းတွေကို နင့်ဆီ ဖွင့်ပြောထားပြီးသွားပြီ။ အဆုံးအရှုံးခံမှာလားလို့ သွေးစမ်းထားတာ။ ငါက အရှက်အကြောက်ကြီး လွန်းတော့ သူအချစ်တွေအစား အားနာတာ။ သူ့ကို အင်တာနက်ပေါ်တင် မဟုတ်ဘဲ လူတွေ ကြားထဲ အဆင်ပြေပြေဖြစ်စေချင်တာ။ အားလုံး က စာလုံးတွေနဲ့တင် ပြီးရပျောက်ရမဲ့ ကိစ္စ မဟုတ်ဘူးလို့ သူနားလည်အောင်ပြောလိုက် သည်။ ဒီကောင်လေးကို ကျွဲပါးစောင်းတီးပြီး အောက်မေ့နေတာ မဟုတ်ဘူးပဲ”

အစွယ်ကောင်းသော သူငယ်ချင်းကောင်းမှု လား မသိ။ နေသန်က တစ်လှမ်းချင်းရှေ့တိုးလာ သည်။ နောက်ကဗျာများကို သူငယ်ချင်းထံမှ မဟုတ်ဘဲ သူကိုယ်တိုင်ပေးဖတ်ဖော်ရလာသည်။ အစ်မကို ကျွန်တော့်လက်ရေးဖတ် ရခက်မှာစိုးလို့ ပရင့်ထုတ်လာတယ်ပြောတော့ သူငယ်ချင်းက ငါပရင့်ထုတ်ခ သက်သာပြီဟု ကောင်းချီးပေး သည်။ နောက်ဆုံး သုံးယောက်ဆုံပြီး မုန့်ဆိုင် ထိုင်နိုင်တဲ့အထိ စခန်း ရောက်လာလေသည်။ လေးအနေနှင့် ဒီကောင်လေးကို မျှော်လင့်ချက် ပေး ရိုက်ချိုးသလိုများဖြစ်မလားဟု ပြန်လည် သုံးသပ်ရတော့မည် ထင်သည်။

စာလုံးများက လူတစ်ယောက်ကို တကယ် ကိုယ်စားပြုပါသလား။ အနည်းဆုံးလူတစ် ယောက်၏အချစ်ပမာဏနှင့် စစ်မှန်မှုကိုရော ကိုယ်စားပြုနိုင်ပါသလား။ နေသန့် ရေးခဲ့သမျှ စာလုံးတွေဟာ သူ့အချစ်အတိုင်းအဆ ကို အမှန်ကိုယ်စားပြုရဲ့လား။ လေးတစ်ယောက် ထည့်သွင်းစဉ်းစားတတ်လာလေပြီ။

အတန်းမှန်အောင် စာပုံမှန် လုပ်ဖြစ်အောင် စာမေးပွဲ ရှောရှောရှူရှူ အောင်အောင် ကြားကနေ စိတ်ပူတတ်လာသည်။ သူစာမေးပွဲအောင်ကြောင်း ဖုန်းဆက်ပြောလာလေမလားဟု စောင့်နေတတ် လာသည်။ ရှက်စနိုးပြုံးရယ်တတ်သည့် ကောင် လေး၏ မပွင့်တပွင့်ဂရုစိုက်မှုများကို ရင်ခုန်တတ် လာသည်။ ဒီလိုအချိန်မှာ နေသန်ကို လေးဘက် က စိတ်ရှည်ပေးရသည်က အစားစားလျှင်ဖြစ် ၏။ စား၍မကုန်သော ပန်းကန်တစ်ချပ်လို့တောင် ခေါ်တယ်ဟဟု သူငယ်ချင်းအတင်းချသည်မှာ မှန်ကန်လွန်းလှချည့်။ အစားတစ်လုတ် ပါးစပ်ထဲ ရောက်ဖို့ အင်မတန်ချင့်ချိန်နေလွန်းသည်။ နှာ ခေါင်းပိုက်တပ်ပေးထားရင်တောင် စားရသက် သာတယ်လို့ သဘောကျနေဦးမလား မသိဟု တွေးမိသည်။ ငယ်စဉ်ကလေးဘ၀ မိဘတွေ ထမင်းကျွေးရစိတ်မရှည်ခဲ့လျှင် ဒီအထိတောင် အသက်ရှည်မှာမဟုတ်။ သူ့ကလေးတွေ သူနဲ့တူ လို့က ပြဿနာပဲ။ နေဦး ကလေးတွေ သူနဲ့တူတူ မတူတူ လေးနဲ့ငါးပြားဖိုးမှ မဆိုင်တာပဲ။

“အစ်မ ဘာရယ်တာလဲ”

“ဘာမှ မဟုတ်ဘူး။ အစားပြီးအောင်စား၊ ပြီး  ရင် အဆောင်ပြန်စာကျက်တော့။ အစ်မလည်း ဆေးရုံသွားမှာ”ဟု ခပ်တည်တည်ပြန်ဖိန့်ရသည်။   ဒီကောင်လေး ငါ့မျက်နှာစေ့စေ့မကြည့်ရဲ့သေးဘူး ထင်နေသည် ဘယ်ဟုတ်တော့မှာလဲ။ လေး၏နား ရွက်နောက်မှာ မှည့်လေးပါသည်ကို ကဗျာတွေထဲ ထည့်စပ်ထားတာ ကြည့်ကတည်းက အနုလုံပဋိ လုံ ခိုးကြည့်ခံထားရသည်ကိုတော့ သဘော ပေါက်သားပဲ။ သူချစ်ခံရသည်မှာ တစ်စစ ရင်ခုန် တိမ်းမူးဖွယ်ပဲ။ နေသန် ညည အိပ်ရေးပျက်သည် မှာ စာဖတ်နေလို့ မဟုတ်ဘဲ လေးအကြောင်းတွေး နေလို့ဟု သိရသည်က ကျေနပ်ဖွယ်ဆိုပေမဲ့ လေး ငြိုငြင်မှာစိုးလို့ စာမေးပွဲအောင်အောင် ကြိုးစား သည်ကလည်း ပီတိဖြစ်စရာ။ နိုင့်အကြောင်းကို ပင် ရိပ်စားသိရှိခဲ့လည်း ကျေးဇူးတင်ပါသေးသ တဲ့။ မဟုတ်ရင် လေးကို သူလွတ်လွတ်လပ်လပ် မြတ်နိုးခွင့်ရမှာ မဟုတ်လို့ဆိုပဲ။သည်အကြောင်း များကို သူကိုယ်တိုင်ပြောသည်ထက် သူရေး သော စာများကတစ်ဆင့် သိရသည်မှာ တိုးလို့ စိတ်လှုပ်ရှားစရာ မကောင်းဘူးလား။ မေးလ် မသုံးဘဲ လေးနှင့်တွေ့ချင်ရင် လာတွေ့နိုင်လျက် သားနဲ့လည်း စာစီရေးလို့အလွမ်းသီသည်မှာတော့ သဘောကျစရာ မကောင်းဘူးလား။

မနည်းလှအောင် ကြိုးစားရေးထားရသည် ဆိုလည်း ပဲသီကွေးတို့ ကနုတ်နွယ်သလို လက် ရေးများက ကြည်အေးညင်သက်သော ခံစားမှုကို ပေးလာတတ်ပြီကို သိရှိရတာလည်း ကြည်နူး စရာ မကောင်းဘူးလား။ စင်စစ် လေးတစ် ယောက် နိုင့်ကိုချစ်ရသည့်အတွက် ခြေကုန်လက် ပန်းကျပါပြီလို့ သဘောပိုက်စဉ် မေတ္တာရေကြည် ၏ အေးမြမှုအလျဉ်မှာ ထွေးပိုက်မိခြင်းဟု ဆိုနိုင် သည်။ သူရုပ်ရှင်တစ်ကားထဲက ကြည့်ရသည့် ဇာတ်လိုက်ကပြောသလို လေးကိုအသက်ရှစ် ဆယ်ကျော်အမေကြီးက သူ့သမီးလေးကိုချစ်သလိုလည်း ချစ်တာပါပဲလို့ ဆိုသေးသည်။ မောင်ငယ်လို ချစ်သူလိုတင် မဟုတ်ပဲ မိခင်က သားသမီးကို ထားသည့်မေတ်္တာဓာတ်လည်း ပေါ်ပေါက်ခဲ့ရပြီ။ ဒါတွေကလေးကြောင့် ပါတဲ့။

နေသန်ကျောင်းပြီးသည့်နောက် လေး ဆေးပညာသိပံ်္ပ ပထမနှစ်တက်စဉ် လက်ထပ်ဖြစ်ကြပါသည်။ သူငယ်ချင်းက ငါအောင်သွယ်ပေးတာ နင်တို့ မင်္ဂလာဆောင် ငါ သီချင်းဆိုမယ်လို့ဆိုလည်း အသံဆိုးကြီး နားမဆင်နိုင်ပါဘူး ဟု တောင်းပန်ယူရသည်။ ဆရာ၊ ဆရာမများနှင့် လုပ်ဖော်ကိုင် ဖက်တချို့က နေသန်ကို အံ့သြနေသည်ကိုလည်း ထိုသူငယ်ချင်းကဇာတ်ကြောင်းကို အစ ကပြန် လည်ဖောက်သည်ချပေးလေသည်။

“ဒီလိုဆရာရဲ့။ ကျွန်တော့်နဲ့ နေသန်နဲ့က ဖေ့ဘွတ်ပေါ်မှာ ခင်ကြတာ”ဟု စကာ ငြိမ်းချမ်းနယ်မြေတွင် အတန်းကြီးအစ်မကြီးများကို ခိုးခိုးကြည့် သည့် ကောင်လေးတစ်ယောက် ရှိလေသည်ပါ ပါဝင်လေသည်။

နေသန်က ဆရာဝန်အလုပ်ဆိုလို့ အိမ်တွင်ဖွင့်ထားသည့် ဆေးခန်းကို လေးမရှိသည့်အချိန် ထိုင်ပေးရုံသာ။ စာရေးဖို့၊ စာဖတ်ဖို့ စာပေအကြောင်း ဆွေးနွေးကြဖို့ အားသန်သည်ကို ဆေးပညာစာအုပ်များကို အပူတပြင်း လေ့ လာနေရသည့် လေးက အဖော်မပြုပေးနိုင်။ ဒါတွေကလည်း ညှိယူ ထားပြီး သားမို့ ပြဿနာ မဆိုနိုင်။ လေး နယ်မှာ တာဝန်ကျလျှင်လည်း နေသန်အတူ လိုက်နေရုံပဲမို့ ပိုတောင် အဆင်သင့်သေးသည်ဟု သဘောထားသည်။

ချစ်စရာ သမီးလေးတစ်ယောက်ကို ရင်မှာ ပိုက်မိသောအခါ နေသန်ဟု အစားနှေးသူဆိုသည်မှာ သေချာပြီမို့ နေသန်ကပဲ ကလေးအာဟာရဖြစ် အောင် ဂရုစိုက်ရတော့သည်။ လေး အိမ်ပြန်ရောက်သည့်အချိန် နေသန်က သူ့စာအုပ် တွေနှင့် အလုပ်ရှုပ်ပြီ။ လေးက ဆေးခန်းပြီးချိန်လည်း ဆေးပညာစာအုပ်များ ဖတ်ရသေးသည်မို့ သမီးလေးခမျာ အေးဆေးငြိမ်သက်သူလေးမို့ အဖေနှင့် အမေ စာကြည့်စားပွဲနှစ်ခုကြား လက်တော့ပ်နှစ်လုံးကြားမှာ ကစားစရာတွေနှင့် ၀န်းရံနေရုံပဲ။ လေးက သည်တော့ သမီးငယ်ကို အသာပွေ့ချီကာ ချော့မြှူရ သည်။ သဲးကြီးမဲကြီး ၀တ္ထုရေးသော နေသန်ကျောပြင်ကို လှမ်းကြည့်ရင်း သမီးငယ်ပခုံးထက်မှာ မျက်ရည်စကို သိမ်းမိသည်။ သို့သော်ငြား သည်မျက် ရည်စများမှာ ပူလောင်မှုမပါ။ နေသန်ကို လေးဘယ်လောက် ချစ်နေမိပြီလဲ။ သည်သမီးလေး၏ ဖခင် အဖြစ်သာမက လေး၏ အသည်း နှလုံးသွေးတို့ စီး ဆင်းရာအဖြစ်ပါ မြတ်နိုးစုံမက်ရပြီ။

နေသန်နှင့် သမီးဟာ လေးအတွက်ဘ၀ပင်။ လေးဘ၀လေးသည် လက် တွေ့ဆန်ဆန်ဖြစ်ပြီး ရုန်းကန်လှုပ်ရှားနေရသည်ဆိုစေဦး နေသန်နှင့်သမီး အတွက် အချိန်ရှားပါးကာ ဆေးရုံမှာ နေထိုင်ရချိန် ပိုမိုတယ်ဆိုဦး လေးအတွက် မှီတွယ် ခိုဝင်လဲလျောင်းစရာ အေးရိပ်ပဲ။ သူချစ်ကို သာယာခဲ့သည် ဆိုပါစေ အဆုံးသတ်မှာ နေသန့်ကိုယ်ပွားလေးကို လောကထဲ အရောက်ပို့ပေးခဲ့သည့် အလုပ်မှာ ဘယ်လောက်စိတ်ဖိစီးလည်း အိမ်ဆီ မသယ်လာခဲ့ဘဲ ချစ်ရသူတို့ အတွက်သာ ရှင်သန်နေသည့် လေး။ ကိုယ်ချစ်ကိုကြောက်ရွံ၍ သူချစ်ကိုရှာခဲ့ လည်း နိဂုံးမှာ ချစ်တတ်သူအဖို့ ကိုယ်က ချစ်ရသည်ပါ။ ကိုယ်က ပို၍တွယ် တာရသည်ပါ။

သည်မျက်ရည်စများကတော့ ကြည်နူးခြင်းတို့ ငွေ့ရည်ဖွဲ့ကာ မိုးစက်များ အဖြင့် စီးဆင်းလာ ခြင်းသာဟု နေသန်မသိလိုက်လည်း လေးဝန်ခံချင်ပါရဲ့။
ဇွဲလွင်
(Teen မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)

No comments: