Monday, September 10, 2012

အမေမည်သို့ ခံစားမည်နည်း


အဖေ့ အသက် ၅၂ နှစ်မှာ ဆုံးရှာခဲ့သည်။ အခုဆို ဘာလိုလိုနှင့် အဖေ ဆုံးခဲ့သည်မှာပင် ၃၈ နှစ် ရှိသွားခဲ့ပြီ။ ဘမောင်တို့ပင် မျက်လုံးတစ်မှိတ် ဟူသော အချိန်အတွင်းနှင့် ခြောက်ဆယ်တန်း သို့ ရောက်လာ ခဲ့ရပါ၏။
ကိုယ်တွေ သည်အသက်အရွယ် ရောက်ခါမှ အဖေ ဆုံးသွားသော အသက်ကို နှမြောမိရသည်။ အတွေ့အကြုံများ ပြည့်ဝသော အချိန်၊ ချင့်ချိန်မြော်မြင်နိုင်မှု ရင့်ကျက်သော အချိန်၊ အချိန်ကောင်း ဖြစ်ပါသည်။ သို့သော် ဘာမှ တတ်နိုင်ခဲ့သည် မဟုတ်ချေ။

အမေလည်း လေဖြတ် ထားသည်မှာ နောက်လေးငါးရက် ဆိုလျှင် သုံးနှစ်တင်းတင်း ပြည့်ပြီ ဖြစ်သည်။ အပြုအစု ကောင်းလွန်း၍ အတော်အတန် ဟုတ်သည်ဟု ဆိုနိုင်သော်လည်း အမေ့ကို ကြည့်ရသည်မှာ မသက်သာလှချေ။ တစ်ခါတစ်ရံ ရက်ပေါင်းများစွာ စကားပြောသည် မဟုတ်။ တစ်ခွန်းစ နှစ်ခွန်းစ ပြောလာ သောအခါတွင်လည်း နားမလည်။ ကောင်းနိုးရာရာသင့်သလို ပြုစုရင်းသာ အမေ့ကို ပြုစုနေရပါသည်။

ဘမောင်က အချိန် သိပ်မရတတ် ၍ အမေ့နား မနေနိုင်။ အမေ ညအိပ်ရာဝင်သည့် အချိန်လောက်တွင်သာ အမေ့ ခုတင်ဘေးထိုင်၍ ရွတ်ဖတ် သရဇ္ဈာယ်ရင်း နာရီဝက် ခန့်မျှလောက်ဖြင့် ကျေးဇူးဆပ် ပေးနေရသည်။ တစ်ခါတစ်ရံ အမေက ဘမောင်ကို မအိပ်သေးဘဲ ခပ်စူးစူး ကြည့်နေတတ်သည်။ မဖြစ်တဖြစ် ၀ိပဿနာကို ရှုရင်း မျက်လုံးဖွင့်သော အခါမှ အမေကြည့်နေတတ်သည်ကို မြင်ရပါသည်။

“အမေဘာပြောချင်လဲ ပြောလေ”
အမေ ဘာမှမပြောတတ်။
“အမေနေကောင်းလား”
မျက်လုံးလေး မှိတ်ပြတတ်သည်။ နေကောင်းတယ်ဟု ဆိုလိုကြောင်းတော့ ဘမောင်တို့ သိထားကြသည်။ ဤသို့ဖြင့် အမေ့နား တစ်နေ့နာရီဝက်လောက် ပြုစု နှမ်းဖြူးရင်း သုံးနှစ်တာအချိန်သို့ ရောက် လာခဲ့ပါသည်။

မနက် မိုးလင်းသည်နှင့် ဘမောင်က ကွန်ပျူတာဖွင့်၍ အလုပ်လုပ်နေ တတ်သည်။ ညမိုးချုပ်လျှင်လည်း တော်တော်နှင့်မအိပ်တတ်သေး။ ရုံးမသွားမီ ဇနီးသည်ကို အမေ့အနား တွေ့ ရတတ်သည်။ ဘမောင်က တစ်ခါတစ်ရံ အမေ့အခန်းဝနားမှ လက်ပြ၍သာ နှုတ် ဆက်နိုင်သည်။

တစ်နေ့တာ အချိန်ကုန်၍ အိမ်ပြန် ရောက်လျှင်လည်း ဇနီးသည်ကို အမေ့ နားမှာတွေ့ရပြန်ပါသည်။ ဘမောင်က တစ်ခါတစ်ရံ အမေ့ အခန်းဝင်သည်။ များစွာသော ရက်များတွင်တော့ မ၀င် ဖြစ်။ နှာခေါင်းပိုက်မှ အစာ ထည့်ပြီးချိန်၊ အမေ အိပ်တော့မည့် အချိန်ရောက်မှ အမေ့ နားသွား၍ နာရီဝက်ခန့် မေတ္တာပို့၊ အမျှ ဝေ၊ နှစ်ဆယ့်လေး ပစ္စည်းရွတ်၊ မင်္ဂလ သုတ်ရွတ်ရင်း အမေ့နား နေဖြစ်ရပါ သည်။

တစ်ခါတစ်ရံအပြင်မှ ပြန်လာချိန် တွင် အမေက သူလှုပ်နိုင်သော ညာ ဘက်လက်ဖြင့် လက်ယပ်ခေါ်တတ် သည်။ ထိုသောအခါ အမေ့အနား သွား ရသည်။ ဘမောင်လက်ကို အမေက ခပ် တင်းတင်းဆုပ်ထားတတ်သည်။ စိတ် ပြေလက်ပျောက်ဖြစ်ရန် အမေ့ကို တွန်း လှည်းပေါ်မှ တီဗွီပြချိန်မျိုးမှာ ဖြစ် သည်။ အမေအားရှိစေရန် ဘမောင်၏ ညီနှင့်ညီမတို့က သုံးလေးရက် တစ်ခါ လာတတ်သည်။ အမေသည် ညီမလေး ကို အချစ်ဆုံးဖြစ်သည်။ ဘမောင်တို့က မောင်နှမ ၄ ယောက်ဖြစ်၍ ညီမလေး က အငယ်ဆုံး။ သူ့သမီး တစ်ပတ် လောက် မလာလျှင် ဗလုံးဗထွေးဖြင့် အနားတွင်ရှိသော နာ့စ်မလေးကို ပြော တတ်သည်။ ထိုသော အခါမျိုးမှ တစ်ပါး အမေသည် စကားပြောလေ့ သိပ် မရှိလှ။

အမေ အစာမစားနိုင်တော့၍ နှာခေါင်းပိုက် ချိတ်ထားရသည်။ အမေ ဆီးဝမ်း မသွားနိုင်တော့၍ အောက် ဘက်တွင်လည်း ပိုက်ချိတ် ထားရပြန် သည်။ အပေါ်ပိုက်၊ အောက်ပိုက်နှင့် အမေဘယ်လောက် အနေခက် ရှာမည်ကို တစ်ခါတစ်ရံ ဘမောင် ကိုယ်ချင်း စာမိရသည်။

ဖြစ်စက ဆီး၊ ၀မ်းသွား၍ နာ့စ်မ လေးများ သုတ်သင်ပေးသည့်အခါ အမေ အနေရခက်ရှာပါလိမ့်မည်။ အနားတွင် တစ်ယောက်မဟုတ်တစ်ယောက် အမြဲ ရှိနေသော နာ့စ်မလေးဘေးတွင် အရှက် ကြီး တတ်သော အမေ့အနေဖြင့် ဆီး၊ ၀မ်းသွားဖို့ မည်မျှ အခက်တွေ့နေမည်ကို လည်း ဘမောင် ၀င်ခံစားကြည့်နိုင် သည်။ ဤသို့ဖြင့် အမေ ရှင်သန်ကျော် ဖြတ်နေရသည်မှာ သုံးနှစ်မျှ ရှိသွားပြီဖြစ် ပါသည်။ အမေ့ ဝေဒနာကို မျှဝေယူလိုသော်လည်း ရသည်ကား မဟုတ်ပြန်ချေ။

ပြီးခဲ့သောလက ဘမောင် ဆေးရုံ တက်ရသည်။ သည်းခြေအိတ်ကျောက် တည်၍ဖြစ်သည်။ မခွဲစိတ်လို၍ ရတတ်သမျှသော ဆေးတို့ကို သောက်ခဲ့ပါသော် လည်း ဘာမှ မထူးခြားခဲ့။ ဆရာဝန်များ နှင့် ခွဲစိတ်ရန် ချိန်းဆို ထားခြင်းကို အရေး ပေါ်အလုပ် ပေါ်လာ၍ ဖျက်ရသည်မှာ လည်း မနည်းတော့။ မကြာခဏ ရင်အောင့်၊ ဗိုက်အောင့်လာ၍ နောက်ဆုံး ရက်သတ်မှတ်ပြီး မဖြစ်မနေ ခွဲထုတ်ရန် စီစဉ်ရတော့သည်။

ပန်းလှိုင် ဆေးရုံတွင် တက်ဖြစ် သည်။ ခွဲစိတ်ကု ဆရာဝန်ကြီးက ဒေါက်တာ ရော်ဘင်ချန်းဖြစ်၏။ သူ လည်း ဘမောင်တို့ အရွယ်မျှလောက် ဖြစ်သည်။ မြန်မာ နိုင်ငံသား၊ တောင် ကြီးသား ဖြစ်ပြီး၊ ဆယ်တန်း အောင်ပြီး ကတည်းက ပြည်ပသို့ ထွက်သွားခဲ့သည် ဖြစ်၍ မြန်မာ စကားကို ကောင်းစွာ မပြော တတ်နိုင်သေး။ သဘောကောင်းသည်။ အလွန် နောက်ပြောင်တတ်သူလည်း ဖြစ်သည်။ မြန်မာ စကားကို မပီကလာ၊ ပီက လာဖြင့်ကြိုးစား၍ ပြန်ပြောကျင့်နေ သည်မှာ ကလေးငယ် တစ်ဦးကဲ့သို့ဖြစ်သည်။

ထိုနေ့က အရေးကြီး အလုပ်ရှိခဲ့ သည်ဖြစ်၍ ပန်းလှိုင်ဆေးရုံသို့ ည ၁၀ နာရီခွဲမှ တက်ဖြစ်ခဲ့ပါသည်။ ကိုယ့် အကြောင်းကိုယ် သိ၍ ဆေးရုံတက် နောက်ကျမည်ကို ကြိုတင် တောင်းပန် ထားသော ကြောင့်သာ တော်သေးပါ၏။ အစိမ်းနုရောင် ဆေးရုံ ယူနီဖောင်းကို လဲရ သည်။ ခွဲစိတ်ခံဘ၀ဖြင့် ဆေးရုံကို တက် ဖူးသောအတွေ့အကြုံမျိုး ဘမောင်တွင် မရှိခဲ့ဖူးချေ။ ရှေ့တန်းမှ ပါလာသောငှက် ဖျားဖြင့် မေ့မြောသွားဖူး၍ ဆေးရုံသို့ တစ်ခေါက်သာ ရောက်ဖူးပါသည်။

မကြာမီနာ့စ်မ နှစ်ဦး ရောက်လာ သည်။ အတွေ့အကြုံ မရှိ၍ ဘမောင်က မျက်လုံးကလေး ကလယ် ကလယ်ဖြင့် သူတို့ ဘာလုပ်မလဲဟုသာ မှန်းဆကြည့် နေရသည်။
“သန့်ရှင်းရေး လုပ်မယ်နော်”

“ဟုတ်ကဲ့ လုပ်လေ”

အခန်း သန့်ရှင်းရေး လုပ်သည်ဟု သာ ဘမောင် ထင်ပါသည်။ လူကို သန့်ရှင်းရေး လုပ်မည်ဟု မထင်ခဲ့။ နာ့စ်မ လေးများ ပြောခဲ့သော သန့်ရှင်းရေးဆို သည်မှာ နောက်နေ့ ခွဲစိတ်မှု အတွက် ခန္ဓာ ကိုယ်အောက်ပိုင်းကို ကြိုတင်ပြုလုပ် ပေးရသော သန့်ရှင်းရေး ဖြစ်နေပါသည်။

“ဆရာ ချွတ်လိုက်မယ်နော်”

“ဗျာ”

မျက်နှာက ပူခနဲ ဖြစ်သွားသည်။ အမေ့ကို ချက်ချင်း ပြေး၍ သတိရမိ၏။ အရှက်ကြီးတတ်သော အမေက မွေးသည့်သား ဖြစ်၍ ဘမောင် တစ်ကိုယ်လုံး ရှိန်းရှိန်း ထသွားသည်။ နောက်တစ်နေ့ ခွဲစိတ်ရမည့် အတွက် စိတ်ထဲဘာမှမဖြစ် ရသော်လည်း လောလောဆယ် သူတို့ လုပ်ကိုင်မည့် သန့်ရှင်းရေး အတွက် မျက်နှာ ဘယ်လိုထားရမည် မသိ။

မတတ်နိုင်ပါချေ။
လူတိုင်း လုပ်ရသော အလုပ်။ ငြင်း ဆန်၍ရသော အလုပ်မဟုတ်ဟု တွေး လိုက်ရပါသည်။ နဖူးပေါ် လက်မတင် တတ်သော ဘမောင်သည် မျက်လုံး ပေါ်သာ လက်တင်လိုက်ရပါတော့ သည်။ ပြီးတော့ ဟိုတွေးလိုက်သည် တွေးလိုက်နှင့်၊ ဘာမှ မလှုပ်ရှားနိုင်တော့ သည့် အမေသည် အ၀တ်အစားလဲ သည့်အခါ၊ ဆီး၊ ၀မ်းသွားသည့် အခါ သူစိမ်း တစ်ရံဆံဖြစ်သော နာ့စ်မလေး များက လုပ်ကိုင်ပေးရပါသည်။ အမေ မည်သို့ ခံစားရပါမည်နည်း။ ငယ်ငယ် တုန်းက သား သမီးများ မွေးပြီးသည့် အချိန်မှာပင် ထဘီကို ခြေမျက်စိ အပေါ်တင်၍ မ၀တ်ဖူးခဲ့သော အမေဖြစ်ပါ သည်။ အမေ့ကို သူစိမ်းတစ်ရံက ထဘီ ရင်ရှားဖြင့်မတွေ့ရတတ်။ ရေချိုးပြီး၊ သနပ်ခါးလိမ်းပြီး၊ အ၀တ်အစားလဲပြီး မှသာ သူ့ အခန်းထဲမှထွက်လာတတ် သော အမေဖြစ်သည်။ အ၀တ်အစား ဖိုးရိုးဖားရားဖြင့် မဆိုထားဘိ၊ ဆံပင်ဖား လျားဖြင့်ပင် အမေသည် ဧည့်ခန်းထဲသို့ ထွက်လာတတ်သည် မဟုတ်ပါချေ။

ထိုသို့သော ဘမောင်၏ အမေသည် ယခုအခါ နာ့စ်မလေးများ၏ ရေချိုးခြင်း၊ အ၀တ်လဲခြင်း၊ အပေါ့အပါး၊ အလေးအပင်တို့ သန့်ရှင်းရေး လုပ်ခြင်းကို ဘာမှ မပြောသာဘဲ ခံနေရရှာသူ ဖြစ်နေပါသည်။ အမေ စိတ်ခံစားမှု မည်သို့ ရှိနေပါမည်နည်း၊ ဘမောင်တစ်ခါ တစ်ခါ တွေးကြည့်မိပါသည်။

“ဆရာတစ်ဖက်ကို နည်းနည်း စောင်းပေးပါ ဟုတ်ပြီ”

ဘမောင် တစ်ဖက်ကို စောင်းပေးရ၏။ နောက်တစ်ဖက်ကိုလည်း စောင်းပေးရ ပြန်ပါ၏။

သူတို့ အတွက်က ထမင်းစား ရေသောက်၊ ဘာမှ ထူးခြားသည့် ကိစ္စ မဟုတ်သော်လည်း၊ ဘမောင် အတွက်ကမူ တစ်ခါမျှ မတွေ့ကြုံဖူးသော အတွေ့ အကြုံမျိုးဖြစ်၏။ သူတို့ ကိုယ့်ကိုစကား မပြောကြပါစေနှင့်ဟု ဆုတောင်းရသည်။

အောက်ပိုင်း သန့်ရှင်းရေးကို လုပ်ကိုင် ပေးကြသော နာ့စ်မလေး နှစ်ဦးသည် အတော်ကလေး ကျွမ်းကျင်ဟန် ရှိသည်။ မိနစ် ၂၀ ခန့်လောက်နှင့် အကုန်ပြီး၏။ “ချက်” အထက်ပိုင်းမှ ခွဲစိတ်မည်ဖြစ် သောကြောင့် ချက်ပေါက်ကိုလည်း သန့် ရှင်းရေးလုပ်သွားသေးသည်။

“ကိစ္စရှိရင် အချိန်မရွေး ခေါ်လိုက် နော်။ သမီးတို့ အပြင်မှာ အမြဲတမ်း ရှိနေတယ်”

“ဟုတ်  ဟုတ်ကဲ့ ”

ပြုံးတုံ့တုံ့ဖြင့် နှစ်ယောက်သား ထွက်သွားတော့မှ ဘမောင် သက်ပြင်း ချနိုင်ပါသည်။
ဘာမှ မဟုတ်သော မိနစ် ၂၀ ဟူ သောအချိန်ကလေးမှာပင် ဘမောင် အနေရအထိုင် ရခက်နေပါလျှင် သုံးနှစ် တည်းဟူသော ကာလ တစ်လျှောက်လုံး အမေ မည်သို့သော စိတ်ဖြင့် ထိုအချိန် များကို ကျော်ဖြတ် ခဲ့ပါသနည်း။ ခံစား နေရသော ဝေဒနာ၊ ကိုယ်တစ်ခြမ်း မလှုပ် ရှားနိုင်မှု အတွက်မချိတင်ကဲ၊ စကား ပြောလိုသော်လည်း ပြောမထွက်သော အခြေအနေများ ...
အမေ့အတွက် ဘမောင် တွေးမိ တိုင်း  ပင့်သက်ချမိရပါ၏။

ဆုတောင်းတိုင်း ပြည့်တတ်ကြ သည်တော့ မဟုတ်။ ဆုတောင်းတိုင်း ပြည့်ကြရလျှင်လည်း ခက်ချေမည်။ သို့ပေကြားက ဘမောင်သည် အမေ့ အတွက်ပြန်ကောင်းလာနိုးဆုတောင်း မိသည်။ အကြိမ်ကြိမ် ဖြစ်၏၊ သို့သော်လည်း ဆုတောင်းကား မပြည့်ဝခဲ့ချေ။ အခုလောက် ကောင်းနေခြင်းသည်ပင် အဆိုးထဲက အကောင်းဟု ဆရာဝန်က မှတ်ချက်ပေးသွား၏။ အပြုစုကောင်း လွန်း၍ ဤမျှခရီးဆက်နေနိုင်ခြင်းဟု ဆိုသည်။ ရှစ်ဆယ်ဆိုသော အသက်ကို များစွာကျော်လွန်ခဲ့သောကြောင့်ပြန် ကောင်းလာဖို့ မျှော်လင့်ချက်နည်းပါး လွန်းသည်ကို ဘမောင်ရိပ်မိပါ၏။ သို့ သော်လည်း ရလိုရငြား မျှော်လင့်ချက် ဖြင့် ဆုတောင်းမိရပါသည်။ ပြန်ကောင်း လာရန် မျှော်လင့်ချက် ကုန်ဆုံးသွား သည်ကို တဖြည်းဖြည်း ဘမောင် လက်ခံလာနိုင်ခဲ့ပါပြီ။ အခု တစ်ခါ ဘမောင် ပြန်ပြောင်း ဆုတောင်းမိသည် က...
“အမေတရား ရပါစေ။ မတွေဝေမ မိန်းမောဘဲ၊ မနာမကျင်ဘဲ တရားထူး တရားမြတ်ဖြင့် ဘ၀တစ်ပါးသို့ ကူးနိုင် ပါစေ”

အမေသည် ငယ်စဉ်က စိတ်ကြီး သူဖြစ်၏။ ပညာကိုဆုံးခန်းတိုင် သင် ကြားခွင့် မရခဲ့သည်ဖြစ်၍ ထက်မြက်စွာဖြင့် လောကကိုကောင်းစွာ မသိခဲ့ရာ။ တရားပွဲများသို့ကြိုးစား၍ သွားရောက် ခဲ့သော်လည်း ထိုးထွင်း သိမြင်မှုရှိပါရဲ့ လားဟု ဘမောင် တစ်ခါတစ်ခါ တွေး မိပြန်သည်။ တရားခွေပေါင်းများစွာကို ကက်ဆက်ဖြင့် နာယူနေပါသော်လည်း တရား အကြောင်းကို သူ့ညီမ၊ ဘမောင် တို့ အဒေါ်လောက် ရွှန်းရွှန်းဝေအောင် ပြန်မပြောတတ်ရှာ။ ပင်ကိုအေး၍လား တော့ မဆိုနိုင်။

နောက်တစ်နေ့တွင် ဘမောင် ခွဲစိတ် ခန်းဝင်ရသည်။ စာလေးဘာလေးရေး သူဖြစ်သဖြင့် မေ့ဆေးပေးပုံကအစ ဆေးရုံအတွေ့အကြုံကလေးကိုရေးမည် ဟု စိတ်ကူးရှိသည်နှင့် မေ့ဆေးပေးပုံ၊ မေ့မသွားမီ ခံစားရပုံလေးကို အသေ အချာ မှတ်ထားလိုက်မည်ဟု စိတ်ထဲက ရှိနေပါ၏။ ခွဲစိတ်ဆရာဝန်ကြီး ရော်ဘင် ချန်းက စကားများခပ်ဖောင်ဖောင် အဆက်မပြတ်ပြောကာ ရယ်စရာများ ဖြင့်သာ အရွှန်း ဖောက်နေပါသည်။ ဘမောင်က နှာခေါင်းကိုမေ့ဆေးဖြင့် အုပ်မည်လား။ ကြားဖူးနားဝ ရှိသလို ပုစွန်တုပ်ကွေး ကွေး၍ ခါးက ဆေးထိုး မည်လားကိုပင် စောင့်မျှော်နေခဲ့ပါ၏။ အကူဆရာဝန်များက သူတို့ စီစဉ်စရာရှိ သည်များကို စီစဉ်နေသည်။ နှာခေါင်း ကလည်း လာမအုပ်သေး။ ပုစွန်တုပ် လည်း မကွေးခိုင်းသေး။ ဒေါက်တာ ရော်ဘင်က ဘမောင်နှင့်သာ စကား ပြောနေသည်။

“အရင်ကလည်း ဆေးရုံတက်မယ် ဆိုပြီး၊ အလုပ်ပေါ်လို့ ခဏခဏပျက် ထားတော့၊ သည်တစ်ခေါက်လည်း ဟုတ်မှ ဟုတ်ပါ့မလားလို့ ကျွန်တော် ထင်နေတာ”

ဘမောင်ဘာမှပြန်မပြောဖြစ်၊ ဘယ်လို မေ့ဆေးပေးမလဲ၊ ဘယ်လို ခံစားရသလဲဆိုတာကိုသာ စာပြန်ရေး နိုင်ဖို့သတိထားနေမိပါသည်။ အတွေ့ အကြုံသစ်အတွက်စောင့်မျှော်နေမိ၏။
“ခင်ဗျားနဲ့ ကျွန်တော်နဲ့ အသက်က ရွယ်တူတွေပဲ။ ဒါပေမဲ့ ခင်ဗျားကပိုနုနေ တယ်။ ဆေးကောင်းဝါးကောင်းလေး ရှိရင် ပြန်မျှဦးလေဗျာ ”
ဒေါက်တာရော်ဘင်က အသေ အချာမပီသသေးသော မြန်မာစကားဖြင့် ဘမောင်ကို နောက်နေ၏။ ဘမောင်ပြန် ၍မတုံ့ပြန်ဖြစ်။ အတွေ့အကြုံသစ်ကိုသာ သတိဖြင့်စောင့်မျှော်နေပါ၏။
“ဘာလဲ ခင်ဗျားက ဆေးကို”
ဒေါက်တာရော်ဘင် စကားကို မကြားတော့ချေ။

တစ်ခါတစ်ရံ ပင်ပန်းလွန်း၍ ကုလားထိုင်ပေါ်ထိုင်ရင်း ခဏမျှ ငိုက် မြည်းသွားသော အချိန်မျှလောက်သာ ကြာသည်ဟု ခံစားလိုက်ရပါသည်။ အရာရာကိုတော့ အားလုံးကောင်းစွာ မှတ်မိနေ၏။ ဒေါက်တာရော်ဘင့် စကားကို ဆုံးအောင် မကြားလိုက်ရ သည်ကိုလည်း မှတ်မိဆဲဖြစ်သည်။ ဘာမှ နာကျင်ခြင်း မရှိ။ အနည်းငယ် မျှသာ ခေါင်းလေးသည်မှ လွဲ၍ အားလုံး လန်းလန်းဆန်းဆန်းသာ ရှိနေပါသည်။

ဘမောင် သတိ ရလာသော အခါ အနီးတွင် ဇနီးသည်ကို စ၍တွေ့လိုက် ရသည်။
“ကိုဘမောင် သတိရလာပြီလား”

“အင်း”
“သိပ်မလှုပ်နဲ့ဦးလေ”

“ဘာမှမဖြစ်ပါဘူး”

မကြာမီ ဒေါက်တာ ရော်ဘင်ချန်း ရောက်လာသည်။ ထုံးစံအတိုင်း ဖော်ရွေ နောက်ပြောင်တတ်သော သူ့ဝသီက လူနာတို့ကိုများစွာ စိတ်ချမ်းသာစေ သည်။
“ခင်ဗျား ဒီလောက် ချမ်းသာတာ ကျွန်တော်အခုမှ သိတယ်”

ဘမောင် ရယ်ချင်သွားသည်။ ခွဲထားသောနေရာမှ ခပ်တင်းတင်း ရှိနေသဖြင့် ပြုံးရုံသာ ပြုံးဖြစ်၏။
“စုစုပေါင်း ကျောက်အလုံး ငါး ဆယ်ကျော်ပဲ၊ ရောင်းစားရင် တော်တော် ရမယ်နဲ့ တူတယ်”

ဘမောင်သည်းခြေအိတ်တွင် ကျောက်အလုံးငါး ဆယ်ကျော်ကိုအနှစ် နှစ်အလလဖြင့်စုထားဖြစ်သည်။ အရင်က ခွဲစိတ်မှု တစ်ခုပြုလျှင်တစ်ထွာ တစ်မိုက် ဒဏ်ရာဖြင့်၊ ယခုခေတ်သစ် ခွဲစိတ်မှုက Key Hole Surgery ဖြစ်၍ ချက်အပေါ် နားတွင် တစ်လက်မခန့်၊ ရင်ညွန့်နားတွင် သုံးမတ်ခန့်၊ ညာဘက် နံဘေးတွင် လက်မ၀က်ခန့်နှင့် ညာ ဘက်ခါးနားတွင် လက်မ၀က်ခန့်သာ လေးနေရာတွင် ခပ်သေးသေးဖြင့် အား လုံးပြီးသွားပါသည်။

“အလုပ် များတဲ့သူ ဆိုတော့၊ အခု အနားရတာပေါ့။ ဆေးရုံမှာနှစ်ရက် လောက် မလှုပ်မရှား နားနေလိုက်ပါ”

မျက်လုံးနှစ်လုံး ပွင့်သည့် အချိန်မှ စ၍ ညဥ့်နက် သန်းခေါင်နေ့စဉ် အလုပ် လုပ်တတ်သူ တစ်ဦးအနေဖြင့် တစ်ခါ တစ်ရံ အနား ယူလိုသည့် ဆန္ဒပြည့်ဝခဲ့ သော်လည်း၊ တကယ်တမ်း တစ်နေ့လုံး နှစ်ရက်မျှ ဆေးရုံပေါ် နေရသည့် အခါ ဘမောင် နေမထိ ထိုင်မသာခဲ့ပါ။ တစ်ခုခုလိုနေသည် ကဲ့သို့သာ ခံစားနေ ရပါ၏။ မတတ်နိုင်။ ဆရာဝန်က နှစ်ရက်နေပြီး၊ စိတ်ချမှ ပြန်ခွင့်ပြုမည် ဖြစ်သောကြောင့် ထိုသော နှစ်ရက်ကို စိတ်မရှည်စွာ စောင့်နေခဲ့ရပါသည်။

အမေ့ဆီ ဘမောင် စိတ်ရောက် သွားပြန်သည်။
ဆေးရုံတွင် သွားနိုင်လာနိုင် အခြေ အနေဖြင့် နှစ်ရက်တာမျှသော ကာလ လေးတွင်ပင် စိတ်ကျပ်တည်းစွာ၊ စိတ်မ ရှည်စွာ နေခဲ့သော ဘမောင်သည် မလှုပ် မရှားနိုင်သော၊ စိတ်သွားသလိုကိုယ်မပါ တော့သော၊ ဖြစ်စေချင်သည်ကိုပင် နှုတ်ကပြောမပြနိုင်တော့သော အမေ၏ သုံးနှစ်သော ကာလအတွင်း ခုတင်ပေါ်၊ ၀ှီးချဲပေါ်မှာသာ အချိန်ကုန်ခဲ့ရသည့် အမေ့အဖြစ်ကို တွေးရင်း အတော်ပင်ခပ် နင့်နင့်ခံစားလိုက်ရပါသည်။

နှစ်ရက်ဟူသော ကာလကျော်လျှင် ဆေးရုံက ဆင်းရမည်ဆိုသည့် အနာဂတ်သည် ဘမောင်ထံတွင်ရှိနေ၏။ အမေ အတွက်မူကား ဘယ်အချိန်ဟူ သောအရာရာသည် အာမခံချက်မရှိရှာ။
အမေမည်သို့ ခံစားမည်နည်း။
အမေမည်သို့ ကျန်သော အချိန်တို့ ကိုဖြတ်သန်းမည်နည်း။
တွေးမိတိုင်း ဘမောင် ရင်မှာတင်း ကျပ်လာ၏။ မွန်းသိပ်လာ၏။ သက် ပြင်းတို့ကို အကြိမ်ကြိမ်ချမိပါ၏။
ဒါကိုပင်ဘ၀လို့ ဆိုကြသည်ပဲ လေ...
နေဇင်လတ်
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)

No comments: