Tuesday, September 25, 2012

မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၃ ဦးနှုန်း HIV ပိုး ကူးစက်ခံနေရဟုဆို


ကွန်ဒွန်တွေ့ပါက လိင်လုပ်သားဖြစ်ကြောင်း သက်သေအဖြစ် သုံးခြင်း ယနေ့တိုင် တွင်ကျယ်သေး
ကွန်ဒွန် လက်ဝယ်ရှိခြင်းကို လိင်လုပ်သားဖြစ်ကြောင်း သက်သေအဖြစ်မသုံးရန် သက်ဆိုင်ရာမှ ထုတ်ပြန်ခဲ့ပြီ ဖြစ်သော်လည်း ယနေ့တိုင် လိုက်နာမှု အားနည်းနေသေးကြောင်း အေ့ဒ်စ် တိုက်ဖျက်ရေး ဆောင်ရွက်နေသော အဖွဲ့ တစ်ဖွဲ့မှ ပြောသည်။
ယနေ့တိုင် လိင်လုပ်သားများ၌ ကွန်ဒုံးရှိမှုသည် ခြိမ်းခြောက်ခံနေရသလို ဖြစ်နေသောကြောင့် အေ့ဒ်စ် ကာကွယ်ရေးအတွက် အခက်အခဲရှိကြောင်း ကာကွယ်ရေးလုပ်ငန်း များ ဆောင်ရွက်နေသည့် Transnational Institute rS Mr. Martin Jelsma  က ပြောသည်။

”ကွန်ဒွန် လက်ဝယ် ရှိတာကို သက်သေအဖြစ် မသုံးဖို့ ထုတ်ပြန်ပြီးသား။ ဒါပေမဲ့ အခုမြို့တွင်းရော နယ်မှာပါ ဖမ်းဆီးမှုရှိနေဆဲပဲ” ဟု အေ့ဒ်စ်တိုက်ဖျက်ရေး အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လိင်လုပ်သား  များ အနေနှင့် ဆေးဆိုင်များနှင့် လမ်းဘေး၌ ကွန်ဒုံးရောင်းသော ဆိုင်များတွင် ကွန်ဒုံးသွားဝယ်ပါက အထင်သေးသော မျက်လုံးများဒဏ်ကို ခံရသောကြောင့် ဝယ်ရန် မဖြစ်နိုင်ကြောင်း၊ လိင်လုပ်သား အဖြစ် ကျော်ဇော ပြီးသား သူများသည်လည်း လက်ဝယ်တွေ့လျှင် အဖမ်းခံရနိုင်သည်ဆိုသည့် အသိကြောင့် မဝယ်ဖြစ်ကြကြောင်း   Phoenix Association မှ ကိုသီဟကြိုင်က ပြောသည်။ ”ဒီတော့ HIV ပိုး ကူးစက်မှုက ဘယ်လို လုပ် လျော့နည်းပါတော့မလဲ” ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကွန်ဒုံး လက်ဝယ်ရှိခြင်းကို သက်သေအဖြစ် မသုံးရန် ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း လိုက်နာမှု အားနည်း နေသေးကြောင်း မူးယစ်တပ်ဖွဲ့မှ အရာရှိဟောင်းတစ်ဦးက ပြောသည်။ ”တချို့ အဖွဲ့ အစည်းတွေ အနေနဲ့လည်း Project နေရာတွေမှာ ကွန်ဒုံး အခမဲ့ဝေတာတွေတော့ ရှိတယ်။ နယ်တွေမှာလည်း ဝေတာတွေ့တယ်။ မြို့တွင်းပိုင်းတွေ မှာတော့ ကျယ်ပြန့်မှု သိပ်မရှိဘူး” ဟု National NGOs Network မှ ကိုစိုးမိုးအောင်က ပြောသည်။

အမျိုးသမီးများအကြား HIV ရောဂါပိုး ကူးစက်ပျံ့နှံ့မှု အများစုမှာ အကာအကွယ် တစ်စုံတစ်ရာ မသုံးသောသမားရိုးကျ လိင်ဆက်ဆံမှုကြောင့်ဖြစ်ပြီး ၄င်းတို့၏ လက်တွဲဖော် သို့မဟုတ် အိမ်ထောင်ဖက်များ၏ အန္တရာယ် များသော အမူအကျင့်ကြောင့် ရောဂါပိုးကူးစက်မှု အသစ်များ၏ ၃ဝ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
”ကွန်ဒုံးသုံးစွဲမှု မြင့်မားဖို့ကို ထိရောက်အောင် လုပ်နိုင်မှရမယ်။ လိင်လုပ်ငန်းလုပ်တဲ့ အမျိုးသမီးတွေတင် မဟုတ်ဘဲ တခြား အမျိုးသမီးတွေလည်း ကွန်ဒုံးသုံးစွဲဖို့ လက်တွန့်ကြတယ်။ သွားဝယ်ရမှာ ရှက်စရာလို့ မြင် ကြတယ်။ ဒါဟာ ကွန်ဒုံးသုံးစွဲမှု မြင့်မားဖို့အတွက် အဟန့်အတား ဖြစ်စေတယ်” ဟု National NGOs Network  မှ ကိုစိုးမိုးအောင်က ဆက်လက်ပြောသည်။

ယင်းသို့ အခက်အခဲများကြောင့် လူအများ သွားလာနိုင်သော ဈေးဝယ်စင်တာရှိ သန့်စင်ခန်းများ၊ တည်းခိုခန်းများ၊ ဆေးရုံ၊ ဆေးခန်းများရှိ သန့်စင်ခန်းများတွင် ကွန်ဒုံးများ အခမဲ့ထားပေးခြင်း၊ မြို့နယ်အလိုက် လိုက်လံဝေငှခြင်းအပြင် စာသင်ကျောင်းများတွင် လူငယ်များအား ကျန်းမာရေး အသိကျယ်ပြန့်စေရန် Sex Education များကို ထည့်သွင်း ပြောကြားပေးရန် လိုအပ်ကြောင်း အထက်ပါပုဂ္ဂိုလ်က အကြံပေးသည်။

ချစ်ဆုဆွေ
Popularကွန်ဒွန်တွေ့ပါက လိင်လုပ်သားဖြစ်ကြောင်း သက်သေအဖြစ် သုံးခြင်း ယနေ့တိုင် တွင်ကျယ်သေး 

မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၃ ဦးနှုန်း HIV ပိုး ကူးစက်ခံနေရဟုဆို

မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၃ဦးခန့် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရကြောင်း ကျန်းမာရေးဦးစီးဌာန၊ UNAIDS၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့ ပူးပေါင်းတွက်ချက်ထားသည့် ”HIV Estimates and Projections Asian Epidemiological Model Myanmar 2010-2015  ” တွင် ဖော်ပြထားချက်များအရ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ ခန့်မှန်းဦးရေ နှစ်သိန်းဝန်းကျင်ခန့် ရှိနေပြီး ပိုးရှိသူများအနက်မှ လူဦးရေ တစ်သိန်းနှစ်သောင်းကျော်မှာ အေအာတီဆေးဝါး လိုအပ်နေသူများဖြစ်ကြောင်း၊ ၂၀၁၂ခုနှစ် ဇွန်လအထိ ရရှိထားသည့် စာရင်းများအရ ဆေးဝါးလိုအပ်သူများအနက် လူဦးရေ ၄၄၆၆၁ဦးကို အေအာတီ ဆေးဝါးပေးနိုင်ခဲ့ပြီး ကျန်ရှစ်သောင်းကျော်မှာ အေအာတီဆေးဝါးရရှိရန် လိုအပ်နေသူ များဖြစ်ကြောင်း သိရသည်။

”လက်ရှိ အေအာတီဆေးလို အပ်နေပြီး မရသေးတဲ့သူက ၆၀ရာ ခိုင်နှုန်းလောက်ရှိတယ်။ ဒီနှစ်ကုန်ဆိုရင်တော့ အခုရနေတဲ့လူဦးရေထက် တစ်သောင်းကျော်လောက်တိုးပြီး ပေးနိုင်မယ်လို့ ခန့်မှန်းထားပါ တယ်။ နောက်ပြီး ဆေးလိုအပ်နေတဲ့ သူတွေဆေးရဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ Global Fund နဲ့ အမေရိကန်ပြည်သူတွေက ပံ့ပိုးပေးနိုင်ဖို့ စီစဉ်နေပြီး ရန်ပုံငွေတွေရလာရင် ဒီလူတွေအတွက် ဆေးတွေ ရလာမှာပါ။ မြန်မာမှာ ပိုးကူးစက်ခံရနှုန်းက တစ်ရက်ကို ၂၃ယောက်နှုန်း ကူးစက် ခံနေရပြီး လူဦးရေ ၅၀ ၀န်းကျင်လောက် သေဆုံးနေတယ်လို့ ခန့်မှန်းထားကြပါတယ်။ သေဆုံးတဲ့နှုန်းက ကူးစက်ခံရတဲ့နှုန်းထက် ပိုနေတာကို တွေ့ရပါတယ် ” ဟု Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင်က ပြောပြခဲ့သည်။

လက်ရှိ ပြင်ပဆေးခန်းများတွင်  အေအာတီဆေး ၀ယ်သောက်နေသူဦးရေ တစ်သောင်းနှင့်နှစ်သောင်းကြားရှိမည်ဟုလည်း ခန့်မှန်းထားကြကြောင်းနှင့် အေအာတီဆေးအတွက် တစ်ဦးလျှင် တစ်လကုန်ကျစရိတ်မှာ အနည်းဆုံး ကျပ်နှစ်သောင်းကျော် သုံးသောင်းကြားရှိကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာလ ၆ ရက်နေ့က အမေရိကန်သံအမတ်ကြီး Eric Goosby နှင့် အဖွဲ့သည် HIV  နှင့်ပတ်သက်၍ တုံ့ပြန်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လိုအပ်ချက်များ ဦးစားပေးဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ အား ပူးပေါင်းလုပ်ဆောင်နိုင်ရန်  မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း အမေရိကန်အခြေစိုက် ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြထားချက်များအရ သိရသည်။

Eric Goosby သည် ကမ္ဘာ့အကြီးဆုံး HIV ဆိုင်ရာ ရန်ပုံငွေအဖွဲ့တစ်ခုဖြစ်သည့် PEPFAR အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး  မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေသက်ခင်နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ HIV  ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဆိုင်ရာ အခြားတာဝန်ရှိသူများနှင့် HIV နှင့်ပတ်သက်၍ လုပ်ငန်းများလုပ်ဆောင်နေသည့် လူမှုရေး အဖွဲ့အစည်း များနှင့်လည်း တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။
ယင်းအဖွဲ့သည် အမေရိကန်ပြည်ထောင်စုမှ ရန်ပုံငွေ အဖွဲ့တစ်ခုဖြစ်ပြီး ကမ္ဘာ့နေရာအနှံ့တွင် ဖြစ်ပွားနေသော HIV/AIDS ရောဂါအား တိုက်ဖျက်ရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကမ္ဘာတစ်ဝန်းရှိ HIV/AIDS ရောဂါဝေဒနာ ခံစားနေရသူ များအား အေအာတီဆေးဝါး ထောက်ပံ့မှု အများဆုံးပေးနေသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

Eleven - မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၃ ဦးနှုန်း HIV ပိုး ကူးစက်ခံနေရဟုဆို 

No comments: