Tuesday, September 18, 2012

သင့်ကလေးတွေကို ဖိုမပညာအကြောင်း ဘယ်လိုပြောမလဲ?


ကျွန်တော် အထက်တန်းကျောင်းရဲ့နောက်ဆုံးနှစ်မှာ ကျောင်းစာအပြင် ပြင်ပကစာအုပ်တွေကို ဘာစာအုပ်ဖြစ်ဖြစ် ကောက်ဖတ်နေလေ့ရှိ ပါတယ်။ တခြားသော ရွယ်တူ ကျောင်းသားတွေလို အားလပ်ချိန်လေးမှာ တခြားကိုစိတ်မရောက်ဘဲ စာကိုသာ အိမ်မှာ ကုပ်ပြီးဖတ်နေ တတ်တာ ကျွန်တော့်အကျင့်ပါပဲ။ မန္တလေးက နဂါးစာပေတို့ ထွန်းဦးစာပေတို့မှာ ကျောင်းစာအထောက်အကူပြုစာအုပ်တွေ သွားသွား ၀ယ်ရင်း စာအုပ်ကြီးတွေကို ငေးရတာအမောပါ။ မုန့်ဖိုးနဲ့လက်လှမ်းမှီရာ စာအုပ်လေးတွေကို ၀ယ်ဖတ်သင့်တယ်ထင်ရင် ၀ယ်စုတတ်ပါ တယ်။ အခုပြန်ပြီး မျှဝေမယ့် စာအုပ်လေးကိုလည်း မြန်မာငွေ ၄၅၀ကျပ်တိတိနဲ့ နဂါးစာပေကနေ၀ယ်သိမ်းထားခဲ့ခြင်းဖြစ်ပါတယ်။

ဖိုမအကြောင်းစိတ်ဝင်စားတဲ့ဆယ်ကျော်သက်တစ်ယောက်က ဆရာဝန်တင်ရွှေရဲ့ ဖိုမပညာ ပထမတွဲ၊ ဒုတိယတွဲ စာအုပ်နှစ်အုပ်၊ ဒေါက်တာ အောင်ခင်ဆင့်ရဲ့ ဖိုမပညာပေးစာအုပ်တွေကို ခိုးဖတ်ရင်းမှ သင့်ကလေးတွေကို ဖိုမပညာပေးအကြောင်း ဘယ်လိုပြောမလဲ? ဆိုတဲ့ ကိုဆန်း(R/O) ရဲ့စာအုပ်လေးက စိတ်ဝင်စားမှုကိုပိုမြင့်စေခဲ့ပါတယ်။ ဘာကြောင့်ဆို ကိုယ်သိရုံနှင့်မပြီး တခြားသူကိုလည်း ပြောပြချင်တတ်တဲ့ ကျွန်တော့်ပင်ကိုယ်စိတ်လေးက စေ့ဆော်လို့ပဲထင်ပါရဲ့။
မူရင်းစာရေးသူက အမေရိကန်ပြည်ထောင်စု Los Angles တွင်အခြေစိုက်ပြီး ဒေသအတော်များများမှာ ရုံးခွဲများဖွင့်လှစ်ထားသော Chirstian Counseling Center ၏အဓိက ညွှန်ကြားမှုပေးနေသူ Dr. Clyde M. Narramore ဖြစ်ပါတယ်။ နယူးယောက်ရှိ ကိုလံဘီယာ တက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ရရှိထားသူဖြစ်ပါတယ်။ မြန်မာပြန်သူကတော့ ကိုဆန်း(R/O) ဖြစ်ပြီး ၀င်း-မီဒီယာ စာပေ အမှတ်(၃၄၅)၊ မဟာဗန္ဓုလလမ်း၊ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၁-၂၅၂၉၀၆ Email: WMB@mptmail.net.mm ။ ကိုဆန်းရေးထားတာ က ဘာသာပြန်ဆိုတဲ့အတိုင်း ခပ်တောင့်တောင့်ဆိုတော့ ဖတ်ရသူတွေတစ်မျိုးများဖြစ်နေမလား? ပြီးတော့ ကျွန်တော်က တစ်ဆင့်ပြန် လည်ဝေမျှရမှာဆိုတော့ စာဆန်ဆန်လည်းပြန်မရိုက်ပြချင်ဘူး။ မူရင်းအဓိပ္ပာယ်လည်းမပျက် ဖတ်ရတာလည်းအဆင်ပြေမယ့်စာတွေ ဖြစ်ဖို့ ကျွန်တော်ကြိုးစားမှာကတော့ အသေအချာပေါ့နော် သူငယ်ချင်းတို့။

သင့်ကလေးများကို ဖိုမပညာပေးအကြောင်းဘယ်လိုပြောမလဲ (ကိုဆန်း R/O)
"How to tell your children about sex" by Dr. Clyde M. Narramore, Ed.D.

(၁) လိင်၏အဓိပ္ပာယ်
လိင်/လိင်မှုကိစ္စ/ဖိုမသဘာဝ အစရှိတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးကို ကျွန်တော်တို့ကြားဖူးနေပြီးဖြစ်မှာပါ။ လူတိုင်းအတွက် တစ်ဦးနှင့် တစ်ဦး ကွဲလွဲမှုတွေကတော့ရှိနိုင်တာပါပဲ။ တစ်ဦးအတွက် လိင်မှုကိစ္စသည် အထွဋ်အမြတ်ပြုစရာ၊ အလေးအမြတ်ပြုစရာ ဖြစ်နေနိုင်တယ်။ တစ်ဦးအတွက်ကတော့ "သိပ်ကောင်းတဲ့ အရာပဲ" ဟုဖွင့်ဆိုမယ်လေ။ တစ်ယောက်ကတော့ သူ့အတွက် မဖွယ်မရာ ကိစ္စမျိုးလို့ ယူဆ ထားနိုင်တယ်။ နောက်တစ်ယောက်ကတော့ ဖွင့်မပြောရဲသောကိစ္စ "ရှူး တိုးတိုးဗျ" ဟုဆိုမယ်ပေါ့။

လိင်ကိစ္စကို တနည်းဖွင့်ဆိုနိုင်တာက ရှုတ်ထွေးမှု၊ ၀မ်းနည်းကြေကွဲမှု နှင့်အိနြေ္ဒပျက်ပြားစေနိုင်မှု ဟုလည်းဖွင့်ဆိုနိုင်ပါတယ်။ သူ့ အကြောင်းပြ ချက်နှင့်သူ များပြားစွာရှိပါတယ်။ အကြောင်းပြချက် အများအပြားမှာလည်း ကလေးဘ၀ကတည်းကပါလာသော အရိုးစွဲ နေသော အချက် အလက်တွေဖြစ်ကြတာပါ။ ကျွန်တော်တို့ရဲ့မိဘများ၊ ဘိုးဘွားများအနေနှင့် လိင်မှုကိစ္စနှင့် ပက်သက်လျှင် အရှက် အကြောက်ကြီးလွန်းသော အနေအထားမျိုးမှာရှိခဲ့ကြပါတယ်။ သူတို့အတွက် ဤဘာသာရပ်က မကြံကောင်းမစည်ရာမျိုးဖြစ်သည်လေ။ အဲဒါတွေကြောင့်လည်း သူတို့ လက်ထက်က ကလေးငယ်များအနေနှင့်က ရရှိတတ်သော အဖြေများမှာ - မမှန်မကန်ဖြစ်မှုမျိုးနှင့် ဝေ့လည် ကြောင်ပတ် အဖြေမျိုးသာ ဖြစ် ခဲ့ကြပါတယ်။ အထက်ပါ အခြေအနေမျိုးမှ ဆင်းသက်လာခဲ့ကြသော ပုဂ္ဂိုလ်တို့ဟာ မိဘဘ၀မှာ သူတို့ ကလေးများက လိင်ကိစ္စနှင့်ပတ် သက်တဲ့ မေးခွန်းများဖြင့် အမေးခံရပါက သက်သောင့်သက်သာ၊ လွယ်လွယ်ကူကူ မဖြစ်တတ်ကြပါဘူး။

ရိုးသားခင်မင်ဖွယ်ကောင်းသော ကျော်ကျော်နှင့် နှင်းဆီတို့လင်မယား အဖြစ်ကိုကြည့်ပါ။ ကျော်ကျော်နှင့် နှင်းဆီတို့က သူတို့သားသမီး လေးတွေကို လိင်ပညာပေးနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း၊ ကိုယ်စိတ်နှစ်ပါးချမ်းသာစေသော ပညာပေးမှုမျိုး ရစေချင်ကြပါ တယ်။ သို့သော်လည်း သူတို့ဘက်လှည့်လာလျှင်တော့ မသက်မသာဖြစ်ကုန်ကြတာပါပဲ။ ကလေးများက လိင်နှင့်ပတ်သက်တဲ့ အရိုး ဆုံးမေးခွန်း မေးလျှင်တောင်မှ မျက်နှာများနီလာလျှက် ရှက်ကိုးရှက်ကန်းဖြစ်ကြကြတယ်။ ကျော်ကျော်ပြောသည်က "ကျွန်တော်တို့ ငယ် ငယ်ကဆိုရင် 'လိင်'ဆိုတဲ့စကားမပါအောင်" ပြောကြရပါတယ်။ နှင်းဆီရဲ့ နောက်ခံကားချပ်မှာလည်း ကျော်ကျော်ကဲ့သို့ပင်ဖြစ်ပါတယ်။ ဒါကြောင့် ယခု လူကြီးဘ၀ရောက်လာသော်လည်း အတိတ်က အလေ့အကျင့်များရဲ လောင်းရိပ်မှ မထွက်နိုင်သေးဘဲရှိကြတယ်။ ထို့အတွက်ကြောင့် လည်း သူတို့လင်မယားခမျာ သူတို့ကလေးများနှင့် လိင်ကိစ္စပြောရမည်ဆိုလျှင် မသက်မသာဖြစ်ကြရခြင်း ဖြစ်ပါ တယ်။

စိတ်ဝင်စားဖွယ်ရာအချက်တွေို့ ပြောပြရလျှင် -
ကျွန်တော်တို့သည် ကျွန်တော်တို့ကလေးများကို သစ်ပင်တစ်ပင်ကြီးထွားလာပုံကို ပြောနိုင်ပါတယ်။ သို့မဟုတ် နှင်းခဲများ ဘယ်လို ဖြစ် လာသည်ကို ပြောနိုင်ပါတယ်။ သို့မဟုတ် မော်တော်ကားများသည် အဘယ့်ကြောင့် ဓာတ်ဆီထည့်ရသနည်းဆိုတာ ပြောနိုင်ပါတယ်။ သို့သော် ကျွန်တော်တို့ ကိုယ်ခန္ဓာအလုပ်လုပ်ပုံကို ပြောပြမည်ဆိုပါက မည်သည့်နေရာက စပြောမလဲ။ အပြောင်းအလဲ ဖြစ်သွားပါပြီ။ ဖြစ်လည်းဖြစ်သင့်ပါသည်။ ဘာကြောင့်လဲဆိုတော့ လိင်ပညာပေးသည် အထူးပြုဘာသာရပ်ဖြစ်သောကြောင့်ပါ။ ပြောမည်ဆိုပါကလည်း စိတ်လှုပ်ရှားမှုများ၊ ပြင်းထန်သော ခံစားမှုများ ယှက်နွှယ်နေမယ်ဖြစ်သောကြောင့်၊ ပြောရိုးပြောစဉ် သစ်ပင်အကြောင်း၊ နှင်းခဲအကြောင်း၊ မော်တော်ကားအကြောင်းတို့ကဲ့သို့ ထွက်လာမည်မဟုတ်ပါ။

ဟုတ်ပါတယ်။ လိင်ပညာပေးဆိုတာမှာ ခန္ဓာဗေဒဆိုင်ရာ အချက်အလက်များသာ မဟုတ်၊ လူရဲ့စိတ်နေသဘောထားများ၊ ပုဂ္ဂိုလ်ဆိုင်ရာ ဥပမာများ၊ လူ၏စရိုက်များ စသဖြင့်အကျုံးဝင်ပါတယ်။ ကလေးတစ်ယောက်အဖို့ ဤအချက်အလက်များကြောင့် စိတ်တွင်ပိုမိုစွဲစေခြင်း ဖြစ်ပါတယ်။ အချက်အလက် ကိန်းဂဏန်းများကြောင့် မဟုတ်ပါဘူး။ မိဘအများစုရဲ့ ရိုးသားစွာမျှော်လင့်ထားကြသည်မှာ မိမိတို့သား သမီးများသည် ဘ၀၏အဆစ်အပိုင်းတိုင်းမှာ ကောင်းစွာ စတင်ပြုမူနိုင်အောင်ဖြစ်ပါတယ်။ အဲဒီအထဲမှာ လိင်မှုကိစ္စသည်လည်း ဘ၀ရဲ့ အရေးကြီးသောအပိုင်းမှာပါဝင်နေပြီး၊ ကိုယ်စိတ်နှစ်ပါးလုံးချမ်းသာစေရေးအတွက် ဖြည့်ဆည်းပေးလို့လိုပါတယ်။

ကိုယ့်ကလေးတွေ အရွယ်ရောက်လာပြီဆိုလျှင် လိင်မှုကိစ္စသည် သူတို့အတွက် မည်သည့်အဓိပ္ပာယ်ကို ဖော်ပြမည်နည်း။ မိဘဖြစ်သော သင့်အပေါ်တွင်မူတည်နေပါတယ်။ သင်၏ လိင်ပညာပေး ကျွမ်းကျင်မှုသည် ယနေ့အသုံးချလျှင် မနက်ဖြန် သင့်ကလေးရဲ့ ခံစားချက် ဖြစ်သွားပါမယ်။ ကလေးရဲ့ အနာဂတ်သော့ချက်ဟာ သင့်ရဲ့လက်ထဲမှာရှိနေပါတယ်။

 ဆက်ရန် .......

No comments: