Wednesday, August 26, 2026

မြန်မာစကားသံ စနစ်ကျပုံ

 ◾️မြန်မာစကားသံ စနစ်ကျပုံ



မြန်မာစကားသံအကြောင်းပြောတဲ့အခါ မြန်မာအက္ခရာတွေရဲ့ အသံကို အခြေခံကျကျသိဖို့ လိုပါတယ်။မြန်မာအက္ခရာ ဘယ်နှလုံးရှိသလဲ။ ဒါကိုတောင်မသိသေးတဲ့ မြန်မာတွေအများကြီး ရှိလို့မေးရတာ။


သာမန်အားဖြင့် ‘ က ‘ ကနေ ‘ အ ‘ အထိ ၃၃ လုံးရှိတယ်။စာပေဆန်ဆန်ပြောရရင် ၃၅ လုံးရှိ တယ်။ ဒါက ‘အ ‘ဆိုတဲ့သရ အက္ခရာကို နိဂ္ဂဟိတ်သေးသေးတင်သံ၊ အောက်မြစ်သံနဲ့ ဝိသဇ္ဇနီ ရှေ့စီးသံတွေ ထည့်ပြီး ‘အံ၊ အံ့၊ အံး’ လို့သုံးလုံးအမြစ် လုပ်ဆောင်လိုက်တဲ့အတွက် စုစုပေါင်း ၃၃လုံးအစား ၃၅ လုံးဖြစ်သွားတာပါ။ 


ဒါပေမဲ့ ပညာရှိတွေက ‘အ’ဆိုတာ သရသံတွေကို ကိုယ်စားပြုတဲ့ အက္ခရာမို့တစ်လုံးပဲထားရင် လုံ့လောက်တယ်လို့ဆိုပါတယ်။သို့မဟုတ် ‘အ’ဆိုတဲ့အသံကို ရှိသမျှ သရအားလုံးလိုက်ဖြည့် ရရင် အချို့က အ၊ အာ၊ အိ စသဖြင့် ၁၁ လုံးရှိတယ်။ 


တချို့က ‘အို’ ဆိုတာပါပေါင်းရင် ၁၂လုံးတဲ့။ အချို့က ၁၅ လုံး၊ အချို့က ၂၁ လုံးတဲ့။ ပေါင်း ၂၃ လုံးလို့လည်းဆိုတာကြောင့် သရတွေလိုက်ပေါင်းရင် အများကြီးမို့၊နောက်ဆုံးတော့ အဲဒီသရ တွေအားလုံးကို ကိုယ်စားပြုတဲ့ ‘အ’အက္ခရာတစ်လုံးသာပဲ သင်ပုန်းကြီးမှာ ဖော်ပြပါတော့ တယ်။


ဒီတော့ မြန်မာအက္ခရာဗျည်း ၃၂ လုံးကို ‘အ’သရနဲ့တွဲဖက်ရင် သရသံ ၂၁ လုံးလို့ခေါ်တယ်။ ဗျည်း နဲ့ယှဉ်တဲ့ သင်္ကေတ ‘ရေးချ’၊ ‘လုံးကြီးတင်’ ဆိုတဲ့ အသံထွက်တွေ၊ ‘ကသတ်’၊ ‘ငသတ်’စတဲ့ သင်္ကေတသံတွေကို တက်သံ၁၈ မျိုး၊ သက်သံ ၁၈ မျိုး၊ နိမ့်သံ ၁၈ မျိုး၊ တိုင်သံ ၁၀ မျိုးပေါင်း ၆၄ မျိုးကို ကာရန်အသံ ၆၄ မျိုးဆိုပြီး မြန်မာစကားသံတွေကို ခွဲခြားပြထားတယ်။ 


ယပင့်( ျ)၊ ရရစ်(ြ)၊ ဟတ်တိုး( ှ)၊ ၀ဆွဲ ( ွ)စတဲ့ ဗျည်းတွဲသင်္ကေတတွေနဲ့ ပေါင်းပြီးအသံ ထွက်ရင် ကာရန် ၇၆ မျိုးရှိတယ်။အဲဒီစကားသံတွေ ထွက်လာပုံအကြောင်း မြန်မာ့ ‘ဌာန်’၊ ‘ကရိုဏ်း’၊ ‘ပယတ်’တို့ဖြစ်ပေါ်ပုံကို သိဖို့လိုတယ်။


ဌာန်ကရိုဏ်းအကြောင်းက စပြောမယ်။ 


လူတွေစကားပြောရင် အသံထွက်လာတာဟာ အဆုတ်ကနေလေကို မှုတ်ထုတ်ပြီးလည်ချောင်း၊ အာခေါင်၊ပါးစပ်မှာထွက်လာတဲ့လေကိုထိခတ်ပြီးအသံဖြစ်စေတယ်။အဲဒီထိခတ်တဲ့နေရာတွေကို ဌာန=’ဌာန်’လို့ ခေါ်တယ်။ 


အဲဒီလိုမှုတ်ထုတ်ထိခတ်လို့ ဖြစ်ပေါ်လာတဲ့အသံကို ‘ကရိုဏ်း’လို့ခေါ်တယ်။ ဒီလိုအသံတွေထွက် လာအောင် အစအဆုံးလုပ်ဆောင်ချက်ကို ‘ပယတ်’လို့ ခေါ်တာပါ။


မြန်မာဗျည်းသံနဲ့ သရသံတွေ ထွက်လာဖြစ်ပုံတို့ကိုဌာန်ကရိုဏ်းနဲ့ ပယတ်အရ သုံးသတ်ကြည့် ရအောင်။


ဗျည်းသရအသံအလိုက် ဌာန်ကရိုဏ်း ငါးမျိုးသတ်မှတ်ချက်ဟာ မြန်မာစကားသံရဲ့ ပီပီသသဖြစ် လာရခြင်းအကြောင်းပါပဲ။ အောက်မှာ ကောက်နုတ်ပြီး အကျဉ်းဖော်ပြပါမယ်။-


၁။ ကဏ္ဍဌာန်- လည်ချောင်းအရပ်ကဖြစ်စေတယ်၊

ဖြစ်တဲ့အသံ- အ၊ အာ၊ က၊ ခ၊ ဂ၊ ဃ၊ င၊ ဟ ရှစ်လုံး။

၂။ တာလုဌာန်-အာစောက်အရပ်ကဖြစ်စေတယ်၊

ဖြစ်တဲ့အသံ- ဣ၊ ဤ၊ စ၊ ဆ၊ ဇ၊ ဈ၊ ည၊ ယ ရှစ်လုံး။

၃။ မုဒ္ဓဌာန်- အာထိပ်အရပ်ကဖြစ်စေတယ်၊

ဖြစ်တဲ့အသံ- ဋ၊ ဋ္ဌ၊ ဍ၊ ဎ၊ ဏ၊ ရ၊ ဠ ခုနစ်လုံး။

၄။ ဒန္ဒဌာန်- သွားအရပ်ကဖြစ်စေတယ်။ 

ဖြစ်တဲ့အသံ- တ၊ ထ၊ ဒ၊ ဓ၊ န၊ လ၊ သ ခုနစ်လုံး။

၅။ ဩဋ္ဌဌာန်- နှုတ်ခမ်းအရပ်ကဖြစ်စေတယ်၊

ဖြစ်တဲ့အသံ- ဥ၊ ဦ၊ ပ၊ ဖ၊ ဗ၊ ဘ၊ မ ခုနစ်လုံး။

ဧ-ကဏ္ဍ+တာလုဌာန်မှဖြစ်တဲ့အသံ

ဩ-ကဏ္ဍ+ဩဋ္ဌဌာန်မှဖြစ်တဲ့အသံ

၀-ဒန္ဒ+ဩဋ္ဌဌာန်မှဖြစ်တဲ့အသံ


ဖော်ပြပါဌာနများအပြင် မြန်မာစကားသံမှာ ‘နှာသံ’ဆိုတဲ့ နှာခေါင်းအရပ်ကလည်း အသံကို ကူပြီးဖြစ်စေတာရှိတယ်။ အဲဒါကို ‘နာသိဌာန်’လို့ခေါ်တယ်။ င၊ ည၊ဏ၊ န၊ မ ဗျည်းတွေရဲ့ အသံမှာ နှာခေါင်းအရပ်ကထွက်တဲ့ဟိန်းသံ၊ နှာသံလည်းရောပြီးပါတယ်။ 


နောက်ပြီး အဲဒီ င၊ည၊ ဏ၊ မ နဲ့ ယ၊ ရ၊ လ၊ ၀၊ သ ဆိုတဲ့ ဗျည်းတွေကို ‘ဟ’နဲ့ပေါင်းပြီး ‘ဟထိုး’ လုပ်လိုက်တဲ့အခါ ငှ၊ ညှ၊ ဏှ၊ နှ၊ မှ၊ ယှ၊ရှ၊ လှ၊ ဝှ၊ သှ ဆိုတဲ့ ရင်ထဲကလာတဲ့ ဟိန်းသံ ‘ဥရဌာန်’ဆို တာဖြစ်စေတယ်။ 


အဲဒီလို မြန်မာဗျည်းသရတွေရဲ့ အသံဖြစ်ရာအရပ်နဲ့ အသံထွက်စေရာအရပ်တို့ကို မြန်မာ စကား သံရဲ့ ဌာန်ကရိုဏ်းနဲ့ပယတ်လို့ဆိုတယ်။ဒါတွေကိုတိတိကျကျမသိသေးလို့သာမြန်မာစကားသံကို ထွက်ချင်သလို ထွက်နေကြတာပါ။


အဲဒီလိုစနစ်တကျရှိနေတာကို စာပေဗဟုသုတရှိသူတွေမှ သိကြတာကိုး။ ရခိုင်ဆရာတော် ရှင်သီလဝံသက မြန်မာအက္ခရာ စီစဉ်ပုံနဲ့ အသံထွက်ပုံကို စနစ်တကျကျမ်းပြုခဲ့တယ်။ 


ဆရာကြီးဦးဖေမောင်တင်ရဲ့ကမ္ဘာ့ဘာသာများကျမ်းစာအုပ်မှာကျတော့မြန်မာ့စကားသံထွက်လာပုံ ဌာန်ကရိုဏ်းကို ရုပ်ပုံတွေနဲ့တကွ ရှင်းလင်းဖော်ပြထားတယ်။ 


လျှာနဲ့အာ၊သွားနဲ့လျှာ၊နှုတ်ခမ်းချင်းစတဲ့ထိပြီးအသံကိုခတ်ထုတ်တဲ့ထိမှုအရပ်နေရာဌာနတွေကိုပုံနဲ့ ဖော်ပြထားတာတွေ့ရမှာဖြစ်တယ်။


မြန်မာစကားကို ပြောသာပြောနေကြတယ်။ ဗျည်းသရတွေရဲ့ အသံထွက်အောင် ထိခတ်တဲ့နေ ရာဌာနနဲ့အသံထွက်ပုံအကြောင်း ကမ္ဘာမှာစနစ်အကျဆုံးဖန်တီးထားတာကိုသိတဲ့ မြန်မာ အနည်းသား။ 


တက္ကသိုလ်မှာမြန်မာစာအဓိကယူခဲ့သူတွေမှ သင်ကြ၊ သိကြရတာပါ။ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့က မြန်မာသဒ္ဒါစာအုပ်အတွဲ(၃)တွဲ ပြုစုထုတ်ဝေခဲ့တယ်။ 


အတွဲ(၁)ကိုအခြေခံပညာအလယ်တန်းအတွက်၊ အတွဲ (၂)ကို အခြေခံပညာ အထက်တန်း အတွက်နဲ့ အတွဲ(၃)ကို တက္ကသိုလ်အတွက် မြန်မာစာသင်ရိုးညွှန်းတမ်းအဖြစ် ရည်ရွယ် ထုတ်ဝေခဲ့တယ်။ 


အတွဲ(၃)မှာ မြန်မာစကားသံအကြောင်း၊ ဗျည်းသံ၊ သရသံအကြောင်း ဖွဲ့ထုံးနဲ့တကွ စကားသံ ပြောင်းလဲမှုတွေပါ အတော်စုံအောင် ပြုစုဖော်ပြထားတယ်။ တက္ကသိုလ်မြန်မာစာ အဓိက သင်ခဲ့ဖူးသူတွေသင်ရပေမယ့် ဝါသနာမပါသူတွေ မေ့သွားသူများတယ်။ 


မမှတ်မိတော့တာများတာ၊ အခြားဘာသာအဓိကယူတဲ့ တက္ကသိုလ်အဆင့် သင်ဖူးသူတွေအနေနဲ့ ကတော့အလှမ်းဝေးတာပေါ့။


ဒီတော့ မြန်မာစကားသံတွေအကြောင်း စာပေဝါသနာအိုးတွေ၊ ကဗျာဝါသနာပါပြီး ရေးကျမ်း တွေလေ့လာတဲ့သူတွေမှသာ သိကြမှာဖြစ်တယ်။ မြန်မာစကားသံတွေအကြောင်း ရေးသား ပြုစုခဲ့တဲ့ ဆရာကြီးတွေ အများကြီးရှိပါတယ်။ 


ဒဂုန်ဦးစန်းငွေတို့၊ ဟံသာ၀တီဦးဘရင်တို့၊ ဘုတလင်ချစ်လေး၊ ဂုဏ်ထူးဦးသိန်းနိုင်၊ မောင်ခင်မင် (ဓနုဖြူ)စတဲ့ စာရေးဆရာကြီးတွေအများကြီးရဲ့ မြန်မာသဒ္ဒါ၊ မြန်မာစကားသံအကြောင်း စာအုပ် တွေကို ဖတ်မှတ်လေ့လာဖူးရင် အတော်သိကြမှာဖြစ်တယ်။


ယခု ဆရာကြီး ဦးဖေမောင်တင်ရဲ့ ပုံပြစကားသံထွက်ပုံအရ အသံထွက်ပုံသိလွယ်အောင် ရှင်းရှင်းလေးပြောပြပါမယ်။


မြန်မာစကားပြောသူတွေ ဗျည်း၊ သရသံနဲ့ ဌာန်ကရိုဏ်းကို သတိပြုရွတ်ကြရအောင် သင်ပုန်းကြီးအတိုင်းစီစဉ်ထားပုံနဲ့ ရွတ်ကြည့်ကြစို့။


ထိပ်ဆုံးတန်းရှိ က၊ ခ၊ ဂ၊ ဃ၊ င ဆိုတဲ့ ပထမဝဂ် (ဝဂ်ဆိုတာ သံတူ၊ ဌာန်တူ ဗျည်းငါးလုံး တွဲထားတာကိုပြောတာ)ကို အသံထွက်ရွတ်လိုက်ရအောင်။ အာရုံခံပြီး လျှာနဲ့အာထိခတ် တဲ့နေရာကို ရွတ်ရင်းမှတ်ကြည့်ပါ။


က၊ ခ၊ ဂ၊ ဃ၊ င လို့ ရွတ်ဆိုလိုက်ရင် လျှာရဲ့ ဘယ်နေရာနဲ့ အာခေါင်အပေါ်မိုးရဲ့ ဘယ်နေရာကို ရိုက်ခတ်ပြီး အသံထွက်စေတာလဲ။ အာရုံထည့်ပြီး ထိခတ်တဲ့နေရာကို မှတ်ကြည့်ပါ။


သိရပြီ။ လျှာရဲ့ အလယ်ပိုင်းနားနေရာနဲ့ အာခေါင်ရဲ့ အလယ်နားနေရာကို ထိခတ်တာဖြစ်ကြောင်း ခံစားသိရမယ်။ ဒီလိုလည်ချောင်းထဲကလေကို မှုတ်ထုတ်တဲ့အခါ ထိခတ်တဲ့နေရာက နေထွက်လာတဲ့ ပထမဝဂ်ကိုရွတ်တဲ့အသံဖြစ်တယ်။


နောက်ထပ် စ၊ ဆ၊ ဇ၊ ဈ၊ ည ဆိုတဲ့ ဒုတိယဝဂ်ကိုရွတ်ကြည့်ပါ။ အာရုံခံကြည့်တော့ လျှာရဲ့ အလယ်ကနေရှေ့နားနည်းနည်းတိုးလာတဲ့နေရာနဲ့ အာခေါင်ရဲ့ ရှေ့နည်းနည်းတိုးလာတဲ့နေရာချင်း ထိခတ်ပြီး အာစောက်ထဲက မှုတ်ထုတ်တဲ့လေနဲ့ အသံထွက်စေကြောင်း သတိပြုမိမှာဖြစ်တယ်။


ဆက်ပြီး ဋ၊ ဋ္ဌ၊ ဍ၊ ဎ၊ ဏ ဆိုတဲ့ တတိယဝဂ်ကိုရွတ်ပါ။ အာရုံပြုကြည့်ရင် လျှာရဲ့ထိပ်နားနဲ့ အာခေါင်ရဲ့ရှေ့ထိပ်နားထိခတ်ပြီး အာထိပ်ကနေ လေမှုတ်အသံထုတ်ကြောင်း သတိပြုမိမယ်။


ဆက်ပြီး တ၊ ထ၊ ဒ၊ ဓ၊ န ဆိုတဲ့ စတုထ္ထဝဂ်ကို ရွတ်ပါ။ အာရုံပြုကြည့်ရင် လျှာရဲ့ထိပ်ဖျားနဲ့ အာခေါင်ရှေ့ထိပ်ရှိ သွားတွေရဲ့အရင်းကို ထိခတ်ပြီး သွားကိုအမှီပြုလို့အသံထွက်စေကြောင်း သတိပြုမိမယ်။


ဆက်ပြီး ပ၊ ဖ၊ ဗ၊ ဘ၊ မ ဆိုတဲ့ ပဉ္စမဝဂ်ကိုရွတ်ပါ၊နှုတ်ခမ်းချင်းထိခတ်ပြီး လေမှုတ်အသံထွက် ကြောင်းသတိပြုမိပါမယ်။


ကိုင်း-အခု သုံးသပ်ကြည့်ရအောင်။ က၊ ခ၊ ဂ၊ ဃ၊င ဆိုတဲ့ ပထမဝဂ်တုန်းက လျှာရဲ့အလယ်၊ အာခေါင်ရဲ့အလယ်ချင်းထိခတ်ရာက၊ ဒုတိယဝဂ်၊ တတိယဝဂ်၊စတုထ္ထဝဂ်တွေမှာ လျှာ ရဲ့ရှေ့ဘက်ထွက်ပြီး အာခေါင်ရဲ့ရှေ့ ဘက်ကို တိုးတိုးလာပြီး အာ ရှေ့ဆုံးက သွားအရင်းထိ ရောက်အောင် ရှေ့တိုးထိခတ်လာတယ်။ 


နောက်ဆုံးပဉ္စမဝဂ်လည်းရောက်ရော အာခေါင်အဆုံးက နှုတ်ခမ်းချင်းထိခတ်တဲ့အထိ ပါးစပ်ရဲ့ ရှေ့ဆုံးအဖျားကို ရောက်လာတယ်။ ဒီထက်ရှေ့ထွက်စရာမရှိတော့ဘူး။


ဒီတော့မြန်မာဌာန်ကရိုဏ်းမှာ လျှာနဲ့အာထိခတ်ပြီး အသံထုတ်ပုံကို သေချာစဉ်းစားတတ်ရင် ပထမလျှာရဲ့ အလယ်နဲ့ အာရဲ့အလယ်ကို ရိုက်ခတ်ပြီး တဖြည်းဖြည်းနဲ့ ရှေ့ဘက်ထွက်လာ အောင် ထုတ်ပြတယ်။ 


နောက်ဆုံးပါးစပ်ရဲ့ ရှေ့ဆုံးရှိ နှုတ်ခမ်းအထိရောက်အောင် အသံခတ်ပြီးပြတယ်။


အဲဒါသဘောတရားနဲ့အညီလေ။ မဇ္စျိမအလယ်အလတ် ကစတယ်-ရှေ့ကိုထုတ်ပြတယ်။ ထိပ်ဆုံးရောက်တော့ ရှေ့ထွက်စရာမရှိတော့ ဘာလုပ်သလဲ။ ကျန်တဲ့ဗျည်း၊ သရတွေနဲ့ အမျိုးမျိုးလုပ်ပြပြီး နောက်ဆုံး အာခံတွင်းကနေ လည်ချောင်းထဲကို ပြန်သိမ်းသွားတယ်။ 


အဲဒါအသံကို အလယ်ကစတယ်။ ရှေ့အဆုံးထိထုတ်ပြတယ်-ကျန်တာ ကစားပြတယ်-ပြီး ပြန်သိမ်းသွားတယ်။အဲဒီလို အနုတ်၊ အသိမ်းဘယ်လောက်ကောင်းတယ်ဆိုတာ လုပ်ပြသွားပုံကို ဆက်ကြည့်ရအောင်။


အခုဆက်လုပ်ပုံကိုပြောပြမယ်။ 


ဝဂ် ငါးဝဂ်ပြီးတော့ ယ၊ ရ၊ လ၊ ၀၊ သ ဆိုတဲ့ ‘အဝဂ်’ငါးလုံး အောက်ကလိုက်ပါလာတာရှိတယ်။ ယပက်လက်’ယ’ကို ဆက်ရွတ်ကြည့်ပါ။ လျှာအပေါ်ပြားနဲ့ အာခေါင်အမိုးပြားကိုပွတ်ပြီး အသံ ထုတ်ပြတာလေ။ 


ဆက်ရွတ်စမ်း။ ‘ရ’ ရကောက်တဲ့။


သူ့ မူရင်းအသံက လျှာရဲ့ ရှေ့အဖျားနားနဲ့ အာခေါင်ရှေ့နားကို အဆက်မပြတ်ထိခေါက် ရိုက်ခတ်ပြီး အသံထွက်စေတာဖြစ်တယ်။ ဆက်ရွတ်ပါ။ ‘လ’တဲ့။ လျှာဖျားကို လိပ်ပြီး ခေါက်ပြတဲ့အသံ။ 


ကဲ-သုံးသပ်ရအောင်။ ယ၊ ရ၊ လဆိုပြီး ပွတ်ပြ၊ ခေါက်ပြ အမျိုးစုံလုပ်ပြပြီးလို့ လိပ်ပြီးအတွင်း ပြန်သွင်းသွားပြီ။ဘာသံကျန်သေးလဲ။ ‘၀’သံပေါ့။ ‘၀’ဆိုတာ ရွတ်ရင် လျှာလွတ်အာလွတ်သံလို့ ဆိုလေ့ရှိတယ်။ 


‘၀’ဆိုပြီးအသံထွက်အောင်လုပ်တဲ့အခါ ဒန္ဒသွားနဲ့ ဩဋ္ဌနှုတ်ခမ်းတွေကို ဝိုင်းအောင်လုပ်ပြီး အာထဲက လေမှုတ်ထုတ်မှထွက်လာတဲ့အသံဖြစ်တယ်။အခုလျှာနဲ့အာရော နှုတ်ခမ်းတွေပါ ရိုက်ခတ်ပြီးမျိုးစုံလုပ်ပြသွားပြီ။ 


ဘာကျန်သေးလဲ။ သွားစစ်စစ်နဲ့ သုံးရတဲ့အသံကျန်သေးတယ်။ အဲဒီတော့ ‘သ’ကို အသံလုပ်ပြ တယ်။ ‘သ’ဆိုတာ လျှာဖျားကို သွားနဲ့ကိုက်ပြီး လေမှုတ်အသံထုတ်ပြလို့ သွားကို ပီပီပြင်ပြင် သုံးပြသွားတာဖြစ်တယ်။


ကိုင်း-ပါးစပ်မှာရှိတဲ့လျှာရယ်၊ အာရယ်၊ သွားရယ်၊နှုတ်ခမ်းရယ် အားလုံးစုံအောင် အသံထုတ် ပြခဲ့ရုံမက အာရော၊ လျှာပါလွတ်အောင်‘၀’ဆိုပြီးလည်းမျိုးစုံအောင်မြန်မာစကားသံထွက်ပြခဲ့ပြီ။


နောက်ဆုံး ‘အ’ သရပဲကျန်တော့တယ်။ သူကနောက်ဆုံးလေ။ ‘အ’လို့ ရွတ်ကြည့်ရအောင်။ 

အာခေါင်ရဲ့လည်ချောင်းအတွင်းထဲက ထွက်လာတဲ့အသံပေပဲ။ ဒီလိုလုပ်ပြတာက နောက်ဆုံးမှာ အသံကို အာခံတွင်းထဲကနေလည်ချောင်းရင်းထဲ ပြန်သွင်းသွားပုံကို ပြခဲ့တာဖြစ်တယ်။


ဒီတော့ မြန်မာစကားသံရဲ့ ဌာန်ကရိုဏ်းဟာအလယ်အလတ်ကစတယ်၊ အပြင်ထုတ်ပြတယ်၊ အမျိုးမျိုးလုပ်ပြတယ်။ ပြီးတော့ ပြန်သိမ်းသွားတယ်။ အလွန်အနုတ်အသိမ်းကောင်းလှကြောင်း သိလောက်ပါပြီနော်။


အဲဒီလို မြန်မာ့စကားသံကို သံစဉ်၊ သံထွက်အလွန်အစီအစဉ်ကျအောင် ဖန်တီးထားပုံများ ကမ္ဘာကသိရင်အံ့ဩချီးကျူးမဆုံးဖြစ်မှာမို့ဂုဏ်ယူဝမ်းသာနိုင်အောင်ရေးလိုက်ရခြင်းဖြစ်ပါတော့တယ်။


ရေး-အောင်ချိန်ဘွား

 

Friday, August 21, 2026

လိင်ပညာပေး(Sexual Education) အရေးပါသလား

မူလတန်းအရွယ်မှစ လိင်ပညာပေးခြင်းသည် သက်ငယ်မုဒိမ်းကို လျော့ချစေမည့်နည်းလမ်းတခု




🔳 ခက်ဆစ် // ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီ ၂၀က ဆောင်းပါးကို ပြန်လည်ဖော်ပြသည်။//


“ကျမက အဲဒီလိုကိုင်တာတွေကို မကြိုက်ဘူးလို့ အဒေါ့်ကိုပြန်ပြောပြတယ်။ ဒါပေမယ့် အဒေါ်က ကိုယ့်ဦးလေး တွေပဲ ကိုင်ပါစေ၊ ဘာဖြစ်လဲဆိုပြီး ပြန်ပြောတယ်။ တကြိမ်မှာ ကျမအိပ်ယာက နိုးလာတော့ ကျမရဲ့မိန်းမကိုယ် က အရမ်းနာနေပြီး စပ်နေတာ။ ကျမကြောက်ပြီး ထိုင်တောင်မထိုင်ရဲဘူး။ တအိမ်လုံး ပတ်ပြေးပြီး အော်နေခဲ့ရ တယ်”


ဒေါ်အိအိဖြူက သူငယ်စဉ်က ကြုံတွေ့ခဲ့ရတာတွေကို ပြောပြခဲ့တာပါ။


ဒေါ်အိအိဖြူက အခုချိန်မှာ သမီးနှစ်ယောက်ရဲ့မိခင်ဖြစ်ပြီး သူမဟာ ငယ်စဉ်က ဦးလေးအရင်းသုံးယောက် ရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသူတဦးဖြစ်ပါတယ်။ မိဘနှစ်ပါး စီးပွားရှာထွက်နေချိန် သမီးကို ယုံကြည်ရတဲ့ ဆွေမျိုး မောင်နှမတွေ အိမ်မှာထားခဲ့ရာကနေ စတင်ပြီး ဦးလေးဖြစ်သူတွေက အခွင့်အရေးယူ၊ ကျူးလွန်ခဲ့ကြတာဖြစ် ပါတယ်။


“ကျမငယ်ငယ်က အဒေါ်နဲ့အတူနေတာ။ ညအိပ်ရင် အဒေါ်နဲ့အတူအိပ်ပေမယ့် မနက်ရောက်ရင် ဦးလေး တွေရဲ့ အိပ်ယာထဲရောက်နေတယ်။ ကျမ (၆)နှစ်လောက်အရွယ်လောက်တည်းက ဦးလေးတွေရဲ့အဓမ္မပြုကျင့် တာကို ခံခဲ့ရတယ်” လို့ ဒေါ်အိအိဖြူက ပြောပါတယ်။


အစပိုင်းမှာတော့ ဦးလေးတွေက တအိမ်တည်းအတူနေတဲ့ တူမဖြစ်သူကို ချစ်စရာကောင်းလို့ဆိုပြီး ပါးကိုဆွဲလိမ်တာ၊ နမ်းတာတွေ ပြုလုပ်လေ့ရှိပြီး နောက်ပိုင်းသူမရဲ့ခန္ဓာကိုယ်ကို ထိတာကိုင်တာကနေ လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှုအထိ ဖြစ်လာခဲ့တာပါ။


သက်ငယ်မုဒိန်းလို့ပြောလိုက်ရင် သူစိမ်းအမျိုးသားတယောက်က မိန်းကလေးငယ်တယောက်ကို အဓမ္မ ပြုကျင့်တယ်လို့ မြင်တတ်ကြပါတယ်။ ဒါပေမယ့် ဒေါ်အိအိဖြူလို ဦးလေးအရင်းတွေရဲ့ မုဒိန်းကျင့်ခံရတာ တွေရှိသလို တခြားရင်းနှီးတဲ့ဆွေမျိုးနီးစပ်တော်သူတွေရဲ့ မုဒိန်းကျင့်တာကို ခံနေရတဲ့မိန်းကလေးတွေလည်း အများအပြား ရှိနေပါတယ်။


မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုဟာ ၂၀၁၆ ခုနှစ်က (၆၇၁)မှု ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ (၂၂၆)မှု တိုးပွားလာ တယ်လို့ဆိုတဲ့အတွက် (၈၉၇)မှု ရှိနေပါတယ်။ ဒါကြောင့်မို့ ၂၀၁၇ ခုနှစ်အတွင်းမှာ သက်ငယ်မုဒိမ်းမှုဟာ တရက်ကို အနည်းဆုံး(၂)မှုဖြစ်ပွားနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။


သက်ငယ်မုဒိန်းမှုတွေထဲမှာ ပထွေး၊ အဖေအရင်း၊ ဦးလေး၊ အစ်ကို၊ ဆရာစတဲ့ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ ရင်းနှီးကျွမ်းဝင်သူတွေ၊ ယုံကြည်အားကိုးရတဲ့သူတွေရဲ့ ကျူးလွန်မှုတွေဟာ သူစိမ်းက ကျူးလွန်တာထက် ပိုမို များပြားနေတာကိုလည်း တွေ့ရပါတယ်။


ဒေါ်အိအိဖြူကတော့ သူမကြုံတွေ့ခဲ့ရသလို သမီးတွေကို မဖြစ်စေလိုတာကြောင့် မိခင်တယောက် အနေနဲ့ ကလေးတွေရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး မထိသင့်၊ မကိုင်သင့်၊ မပြသင့်တဲ့ အစိတ်အပိုင်းတွေ အကြောင်းကို သင်ကြားထားပေးတယ်လို့ဆိုပါတယ်။


သူက ကလေးတွေကို ကိုယ့်မိခင်မဟုတ်ပဲ တခြားသူတွေက ခန္ဓာကိုယ်ကို ထိတာကိုင်တာပြုလုပ်လာပြီဆို ရင် မိခင်ကို ချက်ချင်းလာပြောဖို့၊ ကလေးတွေကိုယ်တိုင်ကာကွယ်တတ်ဖို့၊ ကိုယ့်ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ် အပိုင်းတွေက ဘယ်လိုတန်ဖိုးရှိတယ်၊ ဘယ်လိုကျန်းမာအောင်နေရမယ်၊ စတဲ့လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက် တာတွေကို နားလည်အောင် ပြောပြထားပါတယ်။


လိင်ပိုင်းဆိုင်ရာ ပညာပေး (Sex Education) ဆိုတာဟာ ဖိုမဆက်ဆံတာတခုထဲ မဟုတ်ပဲ မိန်းက လေးရော ယောကျ်ားလေးရော သိသင့်သိထိုက်တဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာ တွေ၊ ခန္ဓာကိုယ်ဖွံဖြိုးလာပုံနဲ့ ဆက်စပ်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လိုကျန်းမာအောင် နေထိုင်ရမလဲ၊ ကိုယ့်ခန္ဓာ ကိုယ်ပေါ်မှာ မိခင်ကလွဲရင် တခြားသူတွေ မထိသင့်၊ မကိုင်သင့်တဲ့ အစိတ်ပိုင်းတွေ ရှိတဲ့အကြောင်း၊ ကိုယ့်ခန္ဓာ ကိုယ်ကို တန်ဖိုးထားတတ်ဖို့နဲ့ ကိုယ့်ခန္ဓာကိုယ်ကို တပါးသူလာရောက် ထိပါးရင် ဘယ်လိုတုန့်ပြန်ပြုမူပြောဆိုရ မလဲဆိုတဲ့ ဆွေးနွေးမှုတွေကို အသက်အရွယ်လိုက် သင်ကြားပေးတာတွေကို ဆိုလိုတာပါ။


“ကလေးတွေကို ဒါဟာ လိင်လို့လည်း သိစရာမလိုဘူး။ ဒီအင်္ဂါတွေဟာ သားသားတို့ မီးမီးတို့ပိုင်တဲ့ အင်္ဂါတွေ ဖြစ်တယ်ဆိုတာကို သင်ကြားရမယ်။ အဲ့ဒါတွေကို လာကိုင်တဲ့လူတွေရှိလာရင် ဘယ်လိုမျိုးငြင်းဆန်ရ မလဲ၊ ဘာလို့ငြင်းရမလဲ၊ ပြီးရင် မေမေ ဖေဖေကို ဘယ်လိုမျိုး ပြန်ပြောပြရမလဲ၊ အဲဒါတွေ သင်ထားပေးတာဟာ လိင်ပညာပေးတွေပါ” လို့ သက်ငယ်မုဒိမ်းနဲ့ လိင်ပညာပေးအကြောင်း ဆက်စပ်မှုကို အခရာအမျိုးသမီးအဖွဲ့ တည်ထောင်သူ မထားထားက ပြောပါတယ်။


သက်ငယ်မုဒိမ်းမှုတွေ လျော့ကျဖို့အတွက် တဖက်မှာ ဥပဒေနဲ့ တားဆီးကာကွယ်ရမှာဖြစ်သလို တဖက် မှာလည်း ကျောင်းပညာရေးမှာ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာတွေကို သင် ကြားပေးဖို့ လိုအပ်နေတယ်လို့ထောက်ပြပြောဆိုလာကြတာပဲဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာတော့ အစဉ်အလာ ယဉ်ကျေးမှုတွေအရ ကလေးနဲ့မိဘအကြား လိင်ကိစ္စအကြောင်း ပြောရမှာကို ရှက်စရာလို့ သဘောထားကြပါတယ်။ ဒါကြောင့်လည်း လိင်ပညာပေး (Sex education) လို့ ပြောလိုက်ရင် ဖိုမဆက်ဆံတာကိုပဲ မြင်ကြလေ့ရှိပါတယ်။


လိင်ပညာပေးဆိုတာ လိင်ဆက်ဆံနည်းကို သင်ကြားပေးတာမဟုတ်ပဲ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော် ကားမှုတွေလျော့ကျအောင်၊ ဆယ်ကျော်သက်အရွယ်မိန်းကလေးတွေ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်မှုလျော့ ကျအောင်၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး အသိရှိအောင်၊ လိင်ကနေတဆင့် ကူးစက်တတ်တဲ့ရောဂါ တွေအကြောင်း သိရှိနားလည်ပြီး ကြိုတင်ကာကွယ်နိုင်အောင်၊ စတဲ့ရည်ရွယ်ချက်တွေရှိတာဖြစ်လို့  လိင်ပညာ ပေးဟာ မဖြစ်မနေ သင်ကြားဖို့လိုအပ်နေတာပါ။


လိင်ပညာပေး (Sex education) ဆိုရာမှာ ကိုယ့်ကလေးရဲ့ အသက်အရွယ်အလိုက် နားလည်သိရှိနိုင် မယ့် စကားလုံးအသုံးအနှုန်းမျိုး ရွေးချယ်ပြောပြတတ်ဖို့လိုပြီး ဆယ်ကျော်သက်အရွယ်မှာလည်း သူတို့ သိသင့် တာတွေကို ရွေးချယ်ပြောပြတတ်ဖို့လည်း အရေးကြီးပါတယ်။


သားသမီး(၃)ယောက်ရဲ့မိခင်လည်းဖြစ်သူ မထားထားကတော့ စာသင်ကျောင်းတွေမှာ လိင်ပညာရေးနဲ့ ပတ်သက်ပြီး သင်ကြားပေးစေလိုပေမယ့် ကျောင်းသားကျောင်းသူတွေထက် သူတို့ရဲ့မိဘတွေကလည်း လိင် ပညာပေးနဲ့ပတ်သက်ပြီး သိရှိထားဖို့က အရေးကြီးတယ်လို့ဆိုပါတယ်။


“ဆရာမတွေကို သေသေချာချာနားလည်အောင်၊ ပြောရဲအောင်၊ သင်တန်းပေးရမယ်။ သူတို့အဆင်ပြေ ပြီးတော့ သူတို့သင်ဖို့အတွက် ရယ်ဒီဖြစ်သွားမှ၊ ပြီးရင် မိဘတွေကိုလည်း ပညာပေးရမယ်။ ဒီကလေး တယောက်က ကျောင်းမှာတခုခုကြားလာလို့ အိမ်မှာပြန်မေးရင် အမေအဖေတွေက ကျောင်းမှာဘာတွေသင် တာလဲဆိုတာ ဖြစ်မယ်။ ဥပမာ မိန်းကလေးအင်္ဂါအကြောင်းကို သင်တယ်၊ ဒါကိုအိမ်မှာ ကလေးက ပြန်ပြော မယ်ဆိုရင် အိမ်မှာတောင် ဒီအကြောင်းတွေမပြောဘူး။ ကျောင်းမှာ ဘာတွေပြောနေတာလဲ။ ဘာတွေသင်တာ လဲဆိုတဲ့ စိုးရိမ်စိတ်တွေဖြစ်ကြမယ်ဆိုတော့ မိဘတွေ နားလည်ထားမှဖြစ်မှာ” လို့ပြောပါတယ်။


မြန်မာနိုင်ငံမှာတော့ ၂၀၁၆ ခုနှစ် ပညာသင်နှစ်ကစတင်ပြီး အခြေခံပညာအလယ်တန်းဖြစ်တဲ့ (၇)တန်း ကနေ အထက်တန်းဖြစ်တဲ့ (၁၀)တန်းအထိ စတင်သင်ကြားပေးနေတယ်လို့ဆိုပါတယ်။


လိင်ပညာပေးကို (၇)တန်းအရွယ်မှ သင်ကြားပေးတာဟာ နောက်ကျတယ်လို့ ယူဆထားပေမယ့် တ ဖက်မှာလည်း လိင်ကိစ္စကို ရှက်စရာလို့ခံယူထားတဲ့ အသိုင်းအဝိုင်းထဲမှာ ချက်ချင်းဆိုသလို သင်ကြားပေး လိုက်တာဟာလည်း သင်ကြားရတဲ့ဆရာ၊ ဆရာမတွေအတွက် အခက်ခဲဖြစ်စေသလို သင်ကြားခံရတဲ့ ကလေး တွေအတွက်လည်း အဆင်မပြေ ဖြစ်စေပြီး မိဘတွေရဲ့စိုးရိမ်ပူပန်မှုတွေကလည်း ရှိနေပါတယ်။


မိဘတွေအနေနဲ့ ကလေးတွေ လိင်ကိစ္စကို သိရှိပြီး စမ်းသပ်လိုစိတ်တွေဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြ ပေမယ့် နောက်လာမယ့်မျိုးဆက်တွေအတွက်တော့ အကျိုးရှိတဲ့အကြောင်းအရာဖြစ်လို့ သင်ကြားတာကို အား ပေးတယ်လို့ဆိုပါတယ်။


“အစ်မအနေနဲ့တော့ အရင်က နည်းနည်းလေးစိုးရိမ်မိတယ်။ မှားယွင်းပြီးတေ့ာ စမ်းသပ်မလားပေါ့။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေမှာ စမ်းသပ်ချင်လာတယ်။ မှားယွင်းပြီးတော့များ စမ်းသပ်ကြမလားလို့ စိတ်ပူမိတယ်။ ဒါပေမယ့် သေသေချာချာပြန်စဉ်းစားကြည့်လိုက်တဲ့အချိန်မှာ သူတို့က သိသိမသိသိ စမ်းချင်တဲ့ လူကတော့စမ်းမှာပဲ။ အဲဒီတော့ ဒါကိုပညာရေးပိုင်းမှာ စနစ်တကျထည့်ထားမယ်။ ဥပမာ အစ်မ လေ့လာထားမှု အရ ဘယ်အရွယ်ကနေစပြီး သူတို့ကို အဆင့်လိုက် ကြီးထွားတဲ့အသက်အရွယ်အရ သူ့ရဲ့အကန့်အသတ် အရ သင်ပေးထားမယ်ဆိုရင်တော့ ဒါအရမ်းကောင်းတဲ့အရာဖြစ်တယ်” လို့ မိခင်တဦးဖြစ်သူ နန့်သဇင်မင်းက ပြောပါတယ်။


အခုလိုသင်ကြားပေးခြင်းအားဖြင့် မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး အသိပညာရရှိသွားမှာ ဖြစ် သလို ကျားမအခြေပြုအကြမ်းဖက်မှုတွေကလည်း လျော့ကျသွားမှာဖြစ်ပါတယ်။ ဒါတွေအပြင် နောက်ဆက်တွဲ အနေနဲ့ စောစီးစွာ အိမ်ထောင်ပြုမှုတွေ၊ အဆင်သင့်မဖြစ်သေးတဲ့အရွယ်မှာ ကိုယ်ဝန်ဆောင်မှုတွေ၊ လျော့ကျ သွားမှာဖြစ်ပြီး နှစ်စဉ်မီးဖွားပြီး သေဆုံးနေတဲ့ မိခင်အရေအတွက်ဟာလည်း လျော့နည်းသွားမှာဖြစ်တယ်လို့ ဆယ် ကျော်သက်မိန်းကလေးတွေကို စွမ်းရည်မြင့်တင်ရေးတွေ လုပ်ဆောင်ပေးနေတဲ့ ရောင်စုံမိန်းကလေးများ အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး နန့်သဇင်မင်းကပြောပါတယ်။


တကယ်တော့ ပြီးပြည့်စုံတဲ့ လိင်ပညာပေးဆိုတာ အခြေခံအချက်(၃)ချက်ရှိတယ်လို့ ဆိုပါတယ်။ ပထ မတချက်ကတော့ ခန္ဓာဗေဒဆိုင်ရာ သင်ကြားပေးမှုဖြစ်ပြီး နောက်တချက်ကတော့ ဒီခန္ဓာတွေနဲ့ပတ်သက်ပြီး ထိန်းသိမ်းပုံ၊ ကျားမဆက်ဆံရေးအခန်းကဏ္ဍနဲ့ နောက်ဆုံးတချက်ကတော့ ကိုယ့်နိုင်ငံအတွင်း ကိုယ့်ဒေသအ တွင်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ ဓလေ့အယူအဆတွေကို ပြန်လည်ရှင်းလင်းတဲ့အပိုင်းတို့ ပါဝင်ပါ တယ်။


အခုချိန်မှာတော့ လိင်ပိုင်းဆိုင်ရာပညာပေးဆိုရင် ပထမတချက်ဖြစ်တဲ့ ခန္ဓာဗေဒဆိုင်ရာကိုသာ အား စိုက်သင်ကြားပေးနေတာဖြစ်ပြီး ကိုယ့်ဒေသတွင်း ယဉ်ကျေးမှုဆိုင်ရာ ကျားမခွဲခြားထားတဲ့ အတားအဆီးတွေ ကို ပြန်လည်သုံးသပ်ရှင်းလင်းတဲ့အပိုင်းမှာတော့ အားနည်းနေသေးတယ်လို့သိရပါတယ်။


အခုလို တဖြည်းဖြည်းပိုမိုတိုးပွားလာတဲ့ ကျားမအခြေပြုအကြမ်းဖက်မှုတွေ၊ မုဒိန်းမှုတွေ လျော့ကျဖို့ အတွက် လိင်ပညာပေးကို ဆယ်ကျော်သက်အရွယ်ရောက်မှ သင်ကြားပေးတာထက် ဆယ်နှစ်အောက်ကလေး တွေမှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိနေတာကြောင့် မူလတန်းအရွယ်ကတည်း သိသင့်တာတွေကို သင်ကြားပေးခြင်းဟာ  သက်ငယ်မုဒိန်းမှုတွေ လျော့ကျစေဖို့အတွက် အရေးကြီးတဲ့ နည်းလမ်းတခုဖြစ်တယ် လို့ အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးလှုပ်ရှားနေသူတွေက ပြောဆိုလိုက်တာဖြစ်ပါတယ်။


Photo - Unsplash


#လိင်ပညာပေး #သက်ငယ်မုဒိမ်း #sexeducationforchildren #honestinformation

Thursday, August 13, 2026

ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ)

ကပ်ရောဂါအသွင် ဖြစ်စေနိုင်သော Cholera ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ)




ဇူလိုင်လ၊ ၂၀၂၄ ခုနှစ်


🔴 အဓိကအချက်များ


👉 ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ) သည် ရုတ်တရက်ဖြစ်ပွားသော ဝမ်းပျက်ရောဂါဖြစ်ပြီး ကုသမှုမရရှိပါက နာရီပိုင်းအတွင်း သေဆုံးနိုင်သည်။

👉 ကာလဝမ်းရောဂါသည် သန့်ရှင်းစိတ်ချရသော ရေနှင့် အခြေခံမိလ္လာနှင့် ရေဆိုးစနစ်၊ သန့်ရှင်းရေးစနစ်များ လက်လှမ်းမမီနိုင်သော လူထုကို ထိခိုက်သက်ရောက်စေသည့် ဆင်းရဲမှု၏ ရောဂါ ဖြစ်သည်။

👉 ပဋိပက္ခများ၊ စနစ်ကျသည့် မြို့ပြချဲ့ထွင် အစီအစဉ်မရှိဘဲ မြို့ပြတွင် လူအများ ပြောင်းရွှေ့နေထိုင်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုသည် ကာလဝမ်းရောဂါ ဖြစ်နိုင်ခြေ မြင့်မားစေသည်။

👉 ကမ္ဘာတစ်ဝန်း နှစ်စဥ် ကာလဝမ်းရောဂါ ဖြစ်ပွားသူ ၁.၃ သန်းမှ ၄ သန်းအထိရှိပြီး ၂၁,၀၀၀ မှ ၁၄၃,၀၀၀ အထိ သေဆုံးမှုရှိသည်ဟု သုတေသနပညာရှင်များက ခန့်မှန်းထားသည်။

👉 ရောဂါကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာ လုံးဝမခံစားရခြင်း သို့မဟုတ် မပြင်းထန်သော လက္ခဏာများခံစားရခြင်းတို့ ဖြစ်နိုင်ပြီး ဓာတ်ဆားရည်သောက်သုံးခြင်းဖြင့် အောင်မြင်စွာကုသနိုင်သည်။

👉 ပြင်းထန်သောလူနာများမှာ သွေးပြန်ကြောမှတစ်ဆင့် အရည်များ လျင်မြန်စွာ သွင်းခြင်းနှင့် ပဋိဇီဝဆေးများ ပေးခြင်းဖြင့် ကုသရန်လိုအပ်သည်။

👉 သန့်ရှင်းစိတ်ချရသော ရေရရှိရန်၊ အခြေခံမိလ္လာရေဆိုးစနစ်နှင့် သန့်ရှင်းရေးစနစ်များ ရရှိရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအလေ့အကျင့် ရရှိရန် ထောက်ပံ့ပေးခြင်းသည် ကာလဝမ်းရောဂါနှင့် ရေမှတစ်ဆင့်ကူးစက်သော အခြားရောဂါများကူးစက်မှုကို ကာကွယ်ရန်နှင့် ထိန်းချုပ်ရန် အရေးပါသည်။

👉 ကာလဝမ်းရောဂါ ကပ်အသွင်ဖြစ်ပွားမှုကို ထိန်းချုပ်ရန်နှင့် ဖြစ်နိုင်ခြေမြင့်သော ဒေသများတွင် ကာကွယ်ရန်အတွက် ကာလဝမ်းရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ရေနှင့် မိလ္လာရေဆိုးစနစ် တိုးတက်ကောင်းမွန်အောင်လုပ်ခြင်းနှင့် အတူတွဲ၍ လုပ်သင့်သည်။


🔴 ခြုံငုံသုံးသပ်ချက်


ကာလဝမ်းရောဂါသည် ရုတ်တရက်ဖြစ်ပွားသော ဝမ်းပျက်ရောဂါဖြစ်ပြီး Vibrio cholerae ဘက်တီးရီးယားပိုး ပါဝင်သည့် အစားအစာ သို့မဟုတ် ရေကို စားသောက်မိခြင်းကြောင့် ဖြစ်ပွားသည်။ ကာလဝမ်းရောဂါသည် ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် ရှိနေဆဲဖြစ်ပြီး လူမှုကဏ္ဍဖွံ့ဖြိုးရေးကင်းမဲ့မှုနှင့် မညီမျှမှု ညွှန်းကိန်းအဖြစ်လည်း ရှိနေဆဲဖြစ်သည်။


🔴 ရောဂါလက္ခဏာများ


ကာလဝမ်းရောဂါသည် မသန့်ရှင်းသော အစားအစာ သို့မဟုတ် ရေကို စားသောက်ရာမှ ကူးစက်သည့် အလွန်ပြင်းထန်သော ရောဂါဖြစ်သည်။ ကာလဝမ်းရောဂါသည် ပြင်းထန်ပြီး ရေကဲ့သို ဝမ်းများ ရုတ်တရက်သွားသည့် ဝမ်းရောဂါဖြစ်သည်။ ရောဂါပြင်းထန်လျှင် ကုသမှုမရရှိပါက နာရီပိုင်းအတွင်း သေဆုံးနိုင်သည်။


V. cholera ပိုးရှိသည့် လူအများစုမှာ ၎င်းတို့၏ မစင်တွင် ရောဂါကူးစက်ခံရပြီးနောက် (၁) ရက်မှ (၁၀) ရက်အကြား ပိုးရှိနေသော်လည်း ရောဂါလက္ခဏာ ခံစားရခြင်းမရှိပါ။ ထိုပိုးများသည် ပတ်ဝန်းကျင်သို့ ရောက်ရှိပြီး အခြားသူများကို ရောဂါကူးစက်စေနိုင်သည်။


ရောဂါလက္ခဏာရှိသူအများစုမှာ အပျော့စား သို့မဟုတ် အတန်အသင့်ဖြစ်ပွားသော လက္ခဏာများ ခံစားရသည်။ ရောဂါလက္ခဏာပြရန် ၁၂ နာရီမှ ၅ ရက်အကြား ကြာတတ်သည်။ လူနာအနည်းစုသာ အပြင်းအထန် ရေဓာတ်ခမ်းခြောက်သည့် ရေကဲ့သို့ ဝမ်းများ ရုတ်တရက်သွားသည့် ဝမ်းရောဂါ ဖြစ်ပွားသည်။ ကုသမှုမရရှိပါက သေစေနိုင်သည်။


🔴 သမိုင်းကြောင်း


၁၉ရာစုတွင် ရောဂါ၏ မူလအစ အိန္ဒိယနိုင်ငံ၊ ဂင်္ဂါမြစ်ဝှမ်းဒေသမှ ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခဲ့သည်။ ခြောက်ကြိမ်ဆက်တိုက်ဖြစ်သော ကမ္ဘာ့ကပ်ရောဂါသည် တိုက်ကြီးအားလုံးမှ လူသန်းပေါင်းများစွာကို သေဆုံးစေခဲ့သည်။ ၇ ကြိမ်မြောက် လက်ရှိကပ်ရောဂါသည် ၁၉၆၁ ခုနှစ်၌ တောင်အာရှတွင် စတင်ဖြစ်ပွားခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် အာဖရိကသို့ ရောက်ရှိပြီး ၁၉၉၁ ခုနှစ်တွင် အမေရိကသို့ ရောက်ရှိဖြစ်ပွားသည်။ ကာလဝမ်းရောဂါသည် ယခုအခါ နိုင်ငံများစွာတွင် ဖြစ်ပွားလေ့ရှိသော ရောဂါဖြစ်သည်။


🔴 Vibrio cholerae မျိုးကွဲများ


မျိုးကွဲများစွာရှိသော်လည်း မျိုးကွဲ O1 နှင့် O139 နှစ်မျိုးသာ ကပ်ရောဂါများ ဖြစ်စေသည်။ V. cholerae O1 သည် များမကြာမီကဖြစ်သော ကပ်ရောဂါအားလုံးကို ဖြစ်စေခဲ့သည်။ V. cholerae O139 ကို ၁၉၉၂ ခုနှစ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဦးစွာတွေ့ရှိခဲ့ပြီး ပြီးခဲ့သော ကပ်ရောဂါများကို ဖြစ်စေခဲ့သည်။ သို့သော် ကွက်ကျားလူနာများတွင်လည်း မကြာမီကတွေ့ရှိခဲ့သည်။ ၎င်းကို အာရှတိုက်အပြင်ဘက်တွင် မည်သည့်အခါမျှ မတွေ့ခဲ့ရပါ။ မျိုးကွဲ ၂ ခုလုံးကြောင့်ဖြစ်သော နာမကျန်းမှုသည် ကွာခြားမှုမရှိပါ။


🔴 ကူးစက်ရောဂါဗေဒ၊ ရောဂါကူးစက်နိုင်ခြေရှိသော အချက်များနှင့် ရောဂါ၏ ဝန်ထုပ်ဝန်ပိုး


ကာလဝမ်းရောဂါသည် ဖြစ်ပွားလေ့ရှိသော ရောဂါ သို့မဟုတ် ကပ်ရောဂါအသွင် ဖြစ်နိုင်သည်။ ကာလဝမ်းရောဂါ ဖြစ်ပွားလေ့ရှိသော ဒေသဆိုသည်မှာ ၃ နှစ်အတွင်း ကာလဝမ်းရောဂါဟု သေချာသတ်မှတ်နိုင်သော လူနာများ ရှာဖွေတွေ့ရှိရာ ဒေသဖြစ်သည်။ ထို့ပြင် အဆိုပါလူနာများသည် အခြားဒေသများမှ လက်ရှိဖြစ်ပွားရာ ဒေသသို့ ကူးစက်ပျံ့နှံ့လာခြင်းမဟုတ်ဘဲ အဆိုပါဒေသအတွင်းမှာပင် ကူးစက်ပြန့်ပွားသည့် အထောက်အထားများ တွေ့ရှိရခြင်းဖြစ်သည်။


ကာလဝမ်းရောဂါ ကပ်အသွင်ဖြစ်ပွားမှုသည် ဖြစ်ပွားလေ့ရှိသော နိုင်ငံနှင့် ပုံမှန်ဖြစ်ပွားလေ့မရှိသော နိုင်ငံ၊ နှစ်မျိုးလုံးတွင် ဖြစ်ပွားနိုင်သည်။ ကာလဝမ်းရောဂါ ပြန့်ပွားမှုသည် သန့်ရှင်းသော ရေနှင့် မိလ္လာရေဆိုး၊ သန့်ရှင်းရေး အထောက်အပံ့ပစ္စည်းများ လက်လှမ်းမီရန် နည်းပါးခြင်းနှင့် အထူးဆက်စပ်နေသည်။


ဖြစ်ပွားနိုင်ခြေရှိသည့် ဖြစ်နေကျ ဒေသများတွင် မြို့ပြဆင်းရဲသားရပ်ကွက်များနှင့် ရွှေ့ပြောင်းနေထိုင်သူများ သို့မဟုတ် ဒုက္ခသည်များအတွက် စခန်းများ ပါဝင်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲကာလများ၏ အကျိုးဆက်များဖြစ်သည့် ရေနှင့် မိလ္လာစနစ်၊ သန့်ရှင်းရေးစနစ် ပျက်ယွင်းခြင်း၊ သို့မဟုတ် နေရာမလုံလောက်သော လူကျပ်သိပ်လွန်းသည့် စခန်းများသို့ ရွှေ့ပြောင်းနေထိုင်ခြင်းသည် ကာလဝမ်းရောဂါ ကူးစက်နိုင်ခြေ မြင့်မားစေသည်။ 


ရောဂါကူးစက်ခြင်းမရှိဘဲ သေဆုံးသူများကို ကပ်ရောဂါ ရင်းမြစ်အဖြစ် အစီရင်ခံတင်ပြခြင်း မရှိခဲ့ပါ။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ အကြောင်းကြားခဲ့သော ရောဂါဖြစ်ပွားသူအရေအတွက်မှာ ပြီးခဲ့သောနှစ်များအတွင်း မြင့်တက်လာနေခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ၄၄ နိုင်ငံမှ ၄၇၂,၆၉၇ ဦး ရောဂါဖြစ်ပွားပြီး ၂,၃၄၉ ဦး သေဆုံးခဲ့သည်။ အစီရင်ခံစာပါ ကိန်းဂဏန်းများနှင့် ခန့်မှန်းထားသော ရောဂါဝန်ထုပ်ဝန်ပိုး မညီကွာခြားခြင်းမှာ ရောဂါဖြစ်သူအများအပြားကို မှတ်တမ်းမတင်ခြင်းကြောင့် ဖြစ်သည်။ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးစနစ်တွင်  အကန့်အသတ်များ ရှိခြင်းနှင့် ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုများအတွက် စိုးရိမ်ခြင်းကြောင့် မှတ်တမ်းမတင်ကြခြင်း ဖြစ်သည်။


🔴 ကာကွယ်ခြင်းနှင့်ထိန်းချုပ်ခြင်း


ဘက်ပေါင်းစုံမှ ချဥ်းကပ်ခြင်းသည် ရောဂါထိန်းချုပ်ရန်နှင့် သေဆုံးမှုကို လျှော့ချရန် သော့ချက်ဖြစ်သည်။ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရေ၊ မိလ္လာရေဆိုးစနစ်၊ သန့်ရှင်းရေးနစ်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှု၊ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများ၊ ကုသမှုနှင့် ကာလဝမ်းရောဂါ ကာကွယ်သောက်ဆေးတို့ကို ပေါင်းစပ်၍ အသုံးပြုရမည်ဖြစ်သည်။


🔴 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း


ကာလဝမ်းရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းသည် ဘက်ပေါင်းစုံ စောင့်ကြပ်ကြည့်ရှုခြင်းစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဒေသအဆင့် အကြံပြုချက်များနှင့် ကမ္ဘာ့အဆင့် သတင်းအချက်အလက်မျှဝေခြင်းတို့ ပါဝင်သည်။ 


အသက် ၂ နှစ်နှင့်အထက် လူနာများတွင် ရေကဲ့သို့ ဝမ်းများ  ရုတ်တရက် သွားခြင်းနှင့် ပြင်းထန်သော ရေဓာတ်ခမ်းခြောက်ခြင်း သို့မဟုတ် ရေကဲ့သို့ ဝမ်းများ ရုတ်တရက် သွားခြင်းကြောင့် သေဆုံးခြင်းတို့ ဖြစ်ပွားပါက ဆေးပညာရှုထောင့်အရ သံသယဝင်ခြင်းအပေါ်အခြေခံ၍ ကာလဝမ်းရောဂါ သံသယလူနာ စုံစမ်းတွေ့ရှိမှုဟု သတ်မှတ်သည်။


အမြန်ရောဂါ ရှာဖွေစစ်ဆေးခြင်း (RDTs) သည် ကပ်ရောဂါကို  ရှာဖွေတွေ့ရှိရန် အသုံးဝင်သည်။ သို့သော် ရောဂါအတိအကျ သတ်မှတ်ရန်အတွက် ဝမ်းနမူနာကို ဓာတ်ခွဲခန်းပို့၍ V. cholerae O1 သို့မဟုတ်  V. cholerae  O139  အမျိုးအစား တိကျသေချာရန် ပိုးမွေးမြူခြင်း သို့မဟုတ် PCR နည်းဖြင့် စမ်းသပ်စစ်ဆေးရသည်။


ရေကဲ့သို့ ဝမ်းများ ရုတ်တရက်သွားသည့် လူနာများကို အစီရင်ခံတင်ပြခြင်းနှင့် အဆိုပါလူနာများနှင့် ဆက်စပ်သူများကို ပုံမှန်စစ်ဆေးခြင်းသည် ကာလဝမ်း ကပ်ရောဂါကို စောင့်ကြည့်စစ်ဆေးခြင်းဖြစ်သည်။


ရောဂါရှာဖွေရန်နှင့် စောင့်ကြည့်စစ်ဆေးသုံးသပ်ရန် ဒေသတွင်းလုပ်နိုင်စွမ်းရည်သည် ထိရောက်သော ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းစနစ်နှင့် ထိန်းချုပ်ရန်နည်းလမ်းများ စီစဥ်ခြင်းတို့အတွက် အရေးပါသည်။ကပ်ရောဂါများကို အလျင်အမြန် ရှာဖွေတုံ့ပြန်ရန် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် နိုင်ငံအဆင့် ပြင်ဆင်ခြင်းတို့ အားကောင်းစေရန် ရောဂါဖြစ်ပွားသော နိုင်ငံများအား တွန်းအားပေးလျက်ရှိသည်။


အပြည်ပြည်ဆိုင်ရာကျန်းမာရေး ပြဌာန်းချက်များ (IHR) အောက်တွင် ကာလဝမ်းရောဂါ လူနာအားလုံးသတင်းပေးပို့ခြင်းသည် မဖြစ်မနေပြုလုပ်ရန် မဟုတ်ပါ။ သို့သော် ကာလဝမ်းရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအဖြစ်အပျက်များကို ထိုပြဌာန်းချက်ပါ သတ်မှတ်မှုများနှင့်ဆန့်ကျင်၍ မဖြစ်မနေ အမြဲစစ်ဆေးရမည်ဖြစ်ပြီး တရားဝင်သတိပေးချက် လို၊ မလို ဆုံးဖြတ်ရမည်ဖြစ်သည်။


🔴 ရေနှင့် မိလ္လာရေဆိုးစနစ်၊ သန့်ရှင်းရေးစနစ်များ ဆောင်ရွက်ခြင်း


ကာလဝမ်းရောဂါ ထိန်းချုပ်ရန်အတွက် ရေရှည်ဖြေရှင်းချက်မှာ စီးပွားရေးတိုးတက်မှုနှင့် စိတ်ချရသော သောက်သုံးရေနှင့် အခြေခံမိလ္လာရေဆိုးစနစ်၊ သန့်ရှင်းရေးစနစ်ကို လူတိုင်းရရှိရေးအပေါ်တွင် မူတည်သည်။


ပတ်ဝန်းကျင်အခြေအနေကို ဦးတည်သည့် လုပ်ဆောင်ချက်များတွင် စိတ်ချရသော သောက်သုံးရေနှင့် အခြေခံ မိလ္လာရေဆိုးစနစ်၊ သန့်ရှင်းရေးစနစ်နှင့် ကောင်းမွန်သည့် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်များ ရရှိရန် ရေရှည်ခိုင်မာသော Water, sanitation and hygiene (WASH) ဖြေရှင်းနည်းများ လုပ်ဆောင်ရမည်။


ထိုလုပ်ဆောင်ချက်များသည် ကာလဝမ်းရောဂါအပြင် ရေမှတစ်ဆင့် ကူးစက်သည့် အခြားရောဂါများစွာကို ကာကွယ်နိုင်သကဲ့သို့ ဆင်းရဲမှု၊ အာဟာရချို့တဲ့မှုနှင့် ပညာရေးဆိုင်ရာ ရည်မှန်းချက်များကို ရရှိနိုင်စေရန် အထောက်အကူပြုမည်ဖြစ်သည်။


ကာလဝမ်းရောဂါအတွက် WASH ဖြေရှင်းနည်းများသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDG 6) နှင့် ကိုက်ညီသည်။


🔴 ကုသခြင်း


ကာလဝမ်းရောဂါကို လွယ်ကူစွာ ကုသနိုင်သည်။ အများစုမှာ ဓာတ်ဆားရည် ချက်ချင်းသောက်ခြင်းဖြင့် အောင်မြင်စွာ ကုသနိုင်သည်။ WHO/UNICEF စံချိန်မီ ဓာတ်ဆားတစ်ထုပ်ကို ရေသန့် ၁ လီတာဖြင့်ဖျော်ပါ။


လူကြီးတစ်ယောက်အတွက် ကာလဝမ်းရောဂါ ဖြစ်သည့် ပထမဆုံးနေ့၌ အတန်အသင့် ရေဓာတ်ခန်းခြောက်ခြင်းကို ကုသရန် ဓာတ်ဆား ၆ လီတာ လိုအပ်သည်။ 


ပြင်းထန်သည့် ရေဓာတ်ခန်းခြောက်သည့် လူနာသည် သွေးလန့်ခြင်း/ ရှော့ရနိုင်ခြေ မြင့်မားသည်။ သွေးပြန်ကြောမှတစ်ဆင့် ဆေးရည်သွင်း၍ ကုသရန် လိုအပ်သည်။ ထိုလူနာများအနေဖြင့် ရောဂါခံစားရသည့် ကာလတိုစေရန်၊ အကြောဆေးရည်လိုအပ်မှု လျှော့ချရန်၊ ရောဂါပိုးကို မစင်မှ စွန့်ထုတ်သည့် ပမာဏနှင့် စွန့်ထုတ်သည့် ကာလတိုစေရန် သင့်လျော်သည့် ပဋိဇီဝဆေးများ ပေးပါသည်။


စားသောက်ရန် စိတ်ချရပါက သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်ထားသော ပုံမှန်ဒေသအစားအစာများကို လူနာအားလုံးအား စတင်ကျွေးနိုင်သည်။ နို့တိုက်မိခင်များအား မိခင်နို့တိုက်ကျွေးခြင်းကို အားပေးသင့်သည်။ 


ကာလဝမ်း ကပ်ရောဂါဖြစ်ပွားသည့် ကာလတွင် ကုသမှု အလျင်အမြန် လက်လှမ်းမီခြင်းသည် အရေးကြီးသည်။ ဓာတ်ဆားရည်များကို လူထုအတွင်း ရရှိနိုင်စေရန် စီမံထားသင့်ပြီး အကြောဆေးရည်သွင်းခြင်းနှင့် ၂၄ နာရီစောင့်ရှောက်မှုပေးနိုင်သည့် ကြီးမားသော ကုသမှုစင်တာများလည်း လူထုအတွက် ဆောင်ရွက်ပေးသင့်ပါသည်။ သင့်လျော်သည့် ကုသမှုကို ဆောလျင်စွာ ပေးခြင်းဖြင့် လူနာသေဆုံးနှုန်းကို ၁ ရာခိုင်နှုန်းအောက်သို့ လျှော့ချသင့်သည်။


ဇင့် ဆေးဝါးသည် ၅ နှစ်အောက်ကလေးများအတွက် ဖြည့်စွက်ကုသနည်းဖြစ်ပြီး ဝမ်းပျက်သည့်ကာလကို တိုစေသည်။ ရေကဲ့သို့ ဝမ်းများ ရုတ်တရက်သွားသည့် ဝမ်းလျှောရောဂါ၏ အခြားအကြောင်းရင်းများ ဖြစ်စေနိုင်မှုကို ကာကွယ်ပေးနိုင်သည်။


ပဋိဇီဝဆေးကို လူထုအား အလုံးအရင်းနှင့် တိုက်ကျွေးခြင်း မပြုလုပ်သင့်ပါ။ ကာလဝမ်းရောဂါ ပျံ့နှံ့ခြင်းအပေါ် သက်ရောက်သည့် သက်သေမရှိခြင်းနှင့် ပဋိဇီဝဆေးယဥ်ပါးမှုကို ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။


🔴 ရပ်ရွာလူထု ပါဝင်မှု


ရပ်ရွာလူထုပါဝင်မှုဆိုသည်မှာ လူထုနှင့် ရပ်ရွာသည် အစီအစဥ်များ အကောင်အထည်ဖော်ရန်နှင့် လုပ်ဆောင်သည့်လုပ်ငန်းစဥ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်မှုကို ဆိုလိုသည်။


ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ အစားအစာ သန့်ရှင်းစွာ ချက်ပြုတ်ပြင်ဆင်သိမ်းဆည်းခြင်းနှင့် ကလေးများ၏ အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ခြင်းစသည့် ကောင်းမွန်သည့် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများကို အားပေးရာတွင် ဒေသတွင်းယဥ်ကျေးမှု၊ အလေ့အထနှင့် ယုံကြည်မှုတို့သည် အဓိကကျသည်။


ကာလဝမ်းရောဂါကြောင့် သေဆုံးသူများ၏ နာရေးကို ကျင်းပရာတွင် နာရေးလာသူများအကြား ရောဂါကူးစက်မှုကို ကာကွယ်ရန် လိုက်နာရမည့် နာရေးဆိုင်ရာ အလေ့အထများ လိုအပ်သည်။


ကပ်ရောဂါ တုံ့ပြန်မှုကာလ တစ်လျှောက်လုံး၌ ရပ်ရွာလူထုပါဝင်မှု လိုအပ်ပြီး အထူးသဖြင့် ရောဂါဖြစ်နိုင်ခြေအန္တရာယ်၊ ရောဂါလက္ခဏာများ၊ ရောဂါမကူးရန် သတိထားရမည့်အချက်များ၊ လူနာရှိပါက သတင်းပို့ရန် အချိန်နှင့် နေရာ၊ ရောဂါလက္ခဏာခံစားရပါက ချက်ချင်း ကုသမှုခံယူရန် စသည်အချက်အကြောင်း အသိပညာများ မြှင့်တင်ရမည်ဖြစ်သည်။


ရပ်ရွာလူထုသည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် ကုသမှုခံယူရန် အပါအဝင် အစီအစဥ်များ အကောင်အထည်ဖော်ရာ၌ အစိတ်အပိုင်းတစ်ခု ဖြစ်သင့်သည်။


🔴 ကာလဝမ်းရောဂါကာကွယ်သောက်ဆေး (Oral cholera vaccines)


လတ်တလောတွင် WHO က အသိအမှတ်ပြုထားသည့် ကာလဝမ်း ကာကွယ်သောက်ဆေး ၃ မျိုး ရှိသည်။ Dukoral®၊ Shanchol™ နှင့် Euvichol-Plus® တို့ ဖြစ်ပြီး ၃ မျိုးစလုံးသည် အပြည့်အဝကာကွယ်မှု ရရှိနိုင်ရေးအတွက် ၂ ကြိမ်သောက်ရန် လိုအပ်သည်။ ကာလဝမ်းရောဂါ ကာကွယ်သောက်ဆေးကို ရောဂါဖြစ်ပွားလေ့ရှိသော နေရာများ၊ ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးအခင်းကာလများတွင် ရောဂါကာကွယ်ထိန်းချုပ်ရေး အခြားနည်းလမ်းများနှင့်အတူတွဲ၍ အသုံးပြုသင့်ပါသည်။ ကာကွယ်ဆေးသောက်ခြင်းသည် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရန် ဦးစားပေးအရေးကြီးသည့် ကျန်းမာရေးလုပ်ဆောင်ချက်များ ဆောင်ရွက်ခြင်းကို အနှောင့်အယှက် မဖြစ်စေသင့်ပါ။


ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ


Reference: 

https://www. who. int/news-room/fact-sheets/detail/cholera


#nugmoh #cholera #diarrhea #outbreak #ကာလဝမ်း #ပြင်းထန်ဝမ်းပျက်ဝမ်းလျှော #ဝမ်းပျက် #ဝမ်းလျှော #ကပ်ရောဂါ