Thursday, August 31, 2017
ကြိုးပြတ်နေတဲ့ လေတံခွန်
 “သားတို့ ကျောင်းနှစ်လခွဲ ပိတ်လိုက်ပြီ မေမေ”
အိမ်ပေါ်သို့ ဝုန်းခနဲ ပြေးတက်လာပြီး အော်ပြောလိုက်တဲ့ သားလေး ဝဏ္ဏအသံကြောင့် ဗုဒ္ဓေါလို့ လန့်ပြီး တ,မိအောင် မလေး တုန်လှုပ်သွားတယ်။ တစ်ဆက်တည်း …
“စိတ်ညစ်လိုက်တာနော်” လို့လည်း ညည်းတွားမိသွားတယ်။
ကျောင်းဖွင့်နေတုန်း အိမ်မှာ နားတဲ့အချိန်လေးတွေမှာ တဟဲ့ဟဲ့ တဟင်းဟင်းနဲ့ တစ်ခါတလေ တုတ်တကိုင်ကိုင်နဲ့၊ ထိန်းရသိမ်းရ ခြောက်လှန့်ရတာ မလေးမှာ ဖတ်ဖတ်ကို မောလို့။
ခြောက်တန်းကျောင်းသား၊ ဆယ့်နှစ်နှစ်ဆိုတာ အင်မတန် ဆော့တဲ့အရွယ်၊ ကြံကြံဖန်ဖန် ပေါက်တီးပေါက်ရှာလည်း အင်မတန် ဆော့တဲ့အရွယ်။ တော်ကြာ သစ်ပင်တက်လား တက်ပြန်ပြီ၊ အိမ်နားမှာ ဗွက်အိုင်တွေကလည်း ပေါတော့ ဗွက်ထဲဆင်းလား ဆင်းပြန်ပြီ။ အမှိုက်ပုံ တက်ဖွလား ဖွပြန်ပြီ။ ဗွီဒီယို အခွေငှားဆိုပြီး လျှောက်လည်လား လည်ပြန်ပြီ။
တစ်ယောက်တည်း မွေးထားလို့ သက်သာမလား အောက်မေ့မိတယ်။ အဲဒီ တစ်ယောက်က လှစ်ခနဲ ပျောက်ပျောက်သွားလို့ မလေးမှာ ဟစ်ဟစ်ခေါ်ရတာ အမော၊ ကျောင်းသွားနေတဲ့ အချိန်ကလေးပဲ နားရတာ၊ အခုလို နွေရာသီ ကျောင်းပိတ်လိုက်ပြီဆိုတော့ အဲဒီ နားခွင့်လေးတောင် ပျောက်ဆုံးသွားပြီမို့ မလေး စိတ်ညစ်လိုက်တာ။
မလေးက စိတ်ညစ်နေတုန်း ရှိသေး၊ ဝဏ္ဏက ဘယ်တုန်းက အိမ်ပေါ်က ပြန်ဆင်းသွားလည်း မသိ။ တိုင်မှာ လွယ်အိတ်ကလေးပဲ ချိတ်ရက် ကျန်နေခဲ့ပြီး လူက လမ်းမပေါ် ရောက်သွားပြီ။ မလေးမှာ ထမင်းအိုးလေး ဆူနေလို့ ငှဲ့နေတုန်းရှိသေး၊ သားတော်မောင်ရဲ့အသံကို လမ်းမက ကြားလိုက်ရတယ်။
“ဟေ့ကောင်တွေ ဖိုးခန့်၊ ခေါင်းကြီး၊ ဖိုးသား၊ မျိုးကို၊ ရွှေပြုံးမောင် အကုန်လာခဲ့၊ ဘောလုံး ကန်မယ်”
“ဟယ်”
လို့ မလေး အော်မိအောင် မျက်လုံးပြူး ထိတ်လန့်သွားတယ်။ အရေးထဲ ထမင်းအိုးကလည်း ငှဲ့လို့မပြီးသေး။ ထမင်းရည်စစ်အောင် စောင့်နေရတုန်း …
“ဟေ့ကောင် လာပြီ ဖမ်းထား … ဂိုး … ဟာ လွတ်သွားပြီ … ညံ့တာကွာ”
စတဲ့ ဘောလုံးပွဲ ကြေညာသံတွေ ကြားနေရပြီ။ ထမင်းအိုးနှပ်နေတုန်း မလေး မျှော်လင့်နေတဲ့အသံ၊ ဝုန်းဆိုပြီး ဘောလုံးနဲ့ ဝါးဝင်းထရံကို ပိတ်မှန်တဲ့အသံ စကြားရပါပြီ။ ကမန်းကတန်း အိမ်ရှေ့ထွက်လာတုန်း နောက်ထပ် ဝင်းထရံကို ဘောလုံး ပိတ်မှန်တဲ့အသံ နှစ်ချက်၊ သုံးချက် တဝုန်းဝုန်းနဲ့ ဆက်ကြားရပြီး …
“ဟဲ့ ဘယ်ကလေးတွေတုန်း၊ ငါ့ဝင်းထရံကို မမှန်စေနဲ့ဟေ့”
လို့ အသံကုန် ဟစ်အော်လိုက်တဲ့ အိမ်နီးချင်း မဆင့် အသံကိုပါ ကြားလိုက်ရတယ်။ ဘောလုံးသမားတွေလည်း တစ်ခါတည်း ကြက်ပျောက် ငှက်ပျောက်၊ ဝဏ္ဏလည်း စပ်ဖြဲဖြဲနဲ့ အိမ်ထဲ ပြေးဝင်လာတယ်။
“သားရယ် ဒီနေ့မှ ကျောင်းစပိတ်တယ်။ ဒီနေ့ပဲ ပြောစရာ ဆိုစရာ ဖြစ်လာပြီ။ မေမေက သားကို ပတ်ဝန်းကျင်နဲ့ အဆင်ပြေတဲ့ လူလိမ္မာလေး ဖြစ်စေချင်တာ၊ ကဲ အခုကို မဆင့်က အော်နေပြီ။ အပြစ်မဖြစ်အောင် နေမှပေါ့”
မလေးက စိတ်ပျက်လက်ပျက်နဲ့ ပြောပြန်တော့ သားက မျက်နှာငယ်လေးနဲ့ …
“ဟုတ်ကဲ့ မေမေ၊ ရေသွားချိုးတော့မယ်”
ဆိုပြီး ထွက်သွားတော့တယ်။ အင်း … ကျောင်းပိတ်ရက်ရဲ့ ပထမနေ့ အတွေ့အကြုံက မလွယ်ပါလားလို့ မလေး သက်ပြင်းတစ်ချက် ချလိုက်ရတယ်။
ဝဏ္ဏ ရေချိုးပြီးတော့ တီဗွီရှေ့ရောက်သွားပြီမို့ မလေး စိတ်အေးလက်အေး ဟင်းဆက်ချက် နေတယ်။ ဟင်းအိုးလေး ဆူတာနဲ့ မလေး အိမ်ရှေ့ ထွက်လာတော့ …
လား … လား တီဗွီရှေ့မှာ ကလေးတွေ ပြည့်လို့ပါလား။ မလေးတို့ ဧည့်ခန်းကြမ်းပြင် တစ်ခုလုံး အလွတ်မရှိ၊ အရွယ်စုံ ဆိုက်စုံ ကလေးတွေ ပြည့်လို့၊ ရပ်ကွက်လေးက လက်လုပ်လက်စား ရပ်ကွက်လေးမို့ အိမ်တိုင်းစေ့ တီဗွီ မရှိကြ။ ရှိကြတဲ့ အိမ်တွေကလည်း ကလေးတွေကို သည်းမခံ၊ ဝဏ္ဏနဲ့ကလည်း အရွယ်တူ သူငယ်ချင်းတွေ များတာမို့ မလေးတို့ အိမ်မှာပဲ စုနေကြတာ။
“ဟေ့ကောင် မင်းခြေထောက်ကြီးက ငါ့ဖင်ကို ထိုးတယ်ကွ”
“မတော်လို့ပါကွာ”
နောက်က ကလေးက ဆင်းထားတဲ့ ခြေထောက်ကို ရုပ်ပေးလိုက်တော့ ရှေ့က ကလေးက မကျေမနပ်နဲ့ ပြန်လှည့်သွားတယ်။
ကျော့ကေဇင်တို့၊ ဇင်မင်းဦးတို့လို ဘာမှ မသိတတ်တဲ့ နှစ်နှစ်၊ သုံးနှစ် ကလေးတွေကလည်း ရှေ့ဆုံးမှာ တမော့မော့၊ တစ်ခါတလေ မုန့်ပါလာတဲ့ ကလေးဆိုရင် နေကြာစေ့လှော်ခွံတွေ၊ ဆီးစေ့တွေက အိမ်ပေါ်မှာ အပုံလိုက် ကျန်နေခဲ့ကြတာမျိုး၊ တီဗွီပြရတာ ကိုယ့်ပစ္စည်းနဲ့ကိုယ် ကလေးတွေကို သည်းခံရတယ်။
ရှေ့ဆုံးက ထိုင်နေတဲ့ ကလေးတွေက လက်ဆော့ ခြေဆော့နဲ့ ပန်ကာတို့၊ ဓာတ်ကြိုးတို့ ဆွဲတတ်တာမျိုးမို့ မလေး အလွတ်မပေးရဲဘူး။ အလုပ်တစ်ခု လုပ်ပြီးတော့ကို စောင့်ကြည့်နေရတာ၊ ဝန်လေးပေမယ့် သားသားနဲ့ အရွယ်တူကလေးတွေ ပျော်ကြပါစေ ဆိုပြီး ကလေးတွေကို ပြရတာ။ ခဏနေတော့ ခြောက်နာရီ သတင်းကြေညာတဲ့ တီးလုံးလည်း လာရော တဝုန်းဝုန်းနဲ့ အိမ်ပေါ်က ဆင်းကြတော့တာပဲ။
ကိုရွှေဝဏ္ဏကလည်း ကလေးတွေနဲ့ရောပြီး ဆင်းမယ်လုပ်လို့ တော်တော်ဆွဲထားရတယ်။ နို့မဟုတ်ရင် ရေချိုးပြီးသားလေး ပြန်ပေကျံညစ်ပတ်ပြီး ဆေးရကြောရဦးမှာလေ။ ထမင်းစား၊ ဘုရားရှိခိုး၊ တီဗွီကြည့်၊ အိပ်ရာဝင်သွားတဲ့ သားတော်မောင်ကို ကြည့်ပြီး မလေး ရင်မောနေရတယ်။ နှစ်လခွဲနော်။ နည်းနည်းနောနော မဟုတ်ပါလား။
ကျောင်းပိတ်ရက် အရှိန်လေးလည်း ရလာပြီ။ ကလေးတွေလည်း ဆော့နည်းမျိုးစုံနေပြီ။ တစ်နေ့တော့ လက်မောင်းတွေ၊ ခြေထောက်တွေမှာ သားရေကွင်း တစ်ထွေးကြီး စွပ်ပြီး အိမ်ရှေ့ ပိတောက်ပင်အောက်မှာ သားရေကွင်း ပစ်နေကြတယ်။ မလေးလည်း အားတာနဲ့ သူတို့ သားရေကွင်းဝိုင်းကို ထိုင်ကြည့်နေမိတယ်။ သားသားကိုလည်း အကဲခတ်ရတယ်။ မလေးက တစ်ယောက်တည်း မွေးထားတာလေ။ မွေးထားတဲ့ ကလေးက စိတ်တည်ငြိမ်မှု ရှိရဲ့လား၊ စိတ်ကို စုစည်းတတ်ရဲ့လား၊ နိုင်တဲ့အခါမှာ ပျော်သလို၊ ရှုံးတဲ့အခါမှာလည်း ခံနိုင်ရည်ရှိရဲ့လား။ ညစ်တီးညစ်ကျယ် လုပ်တတ်သလားဆိုတာ ကစားဝိုင်းမှာသာ အကဲခတ်လို့ရတာ။ ကြည့်နေရင်းပဲ နှစ်လက်မလောက် မြေကြီးပေါ်မှာ ထောင်နေတဲ့ ဝါးခြမ်းပြားလေးပေါ်မှာ တင်ထားတဲ့ သားရေကွင်း တစ်ထွေးကြီးကို ပစ်ဖို့ရာ ဝဏ္ဏအလှည့် ရောက်လာတယ်။
ဒူးတစ်ဖက် ထောင်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းလို့ မျက်စိက သားရေကွင်းတွေကို စိုက်ကြည့်ပြီး လက်ထဲက သားရေပင်နဲ့ ပစ်မလို့ ဟန်ပြင်နေတဲ့ ဝဏ္ဏကို ကြည့်ပြီး မလေး ရင်မောနေတယ်။ စိတ်တည်ငြိမ်မှု၊ လက်တည်ငြိမ်မှုက အင်မတန် အရေးကြီးတာလေ။ ဖတ်ခနဲ ပစ်လိုက်တာနဲ့ ထွေးခနဲ ထွေးခနဲ ပြုတ်ကျသွားတဲ့ သားရေကွင်း အပုံကြီးကို ကြည့်ပြီး ကျန်တဲ့ ကလေးတွေဆီက …
“ဟာ”
ဆိုတဲ့ အသံကြီး ထွက်လာတယ်။ ဝဏ္ဏကတော့ တည်တည်ငြိမ်ငြိမ်ပဲ သားရေကွင်းတွေကို သွားကောက်နေတယ်။ မလေးမှာ အခုမှ သက်ပြင်းချရတော့တယ်။ သားမှာ ပုံမှန်ဦးနှောက် ဖွံ့ဖြိုးမှု ရှိပါလားဆိုပြီး စိတ်သက်သာရာ ရသွားတယ်။ သားသားက ဘေးမှာကျနေတဲ့ သားရေကွင်းတွေကို ယူပြီး တိုင်မှာ စွပ်နေတဲ့ သားရေကွင်းတွေတော့ ထားခဲ့တယ်။ မလေး သေချာကြည့်နေတာ မြင်တာပေါ့။
“ဟေ့ကောင် … မင်း ငါးပင် ပိုယူသွားတယ်”
အသံလာရာကို အံ့ဩတကြီး ကြည့်မိတယ်။ ဂျစ်တူးဆိုတဲ့ကလေး မျက်နှာထား မှုန်မှုန်နဲ့ သားကို ပြောနေတယ်။ သူ ညစ်တာ၊ သူ့မှာ သားရေကွင်း ကုန်နေပြီ။ မလေး သိတာပေါ့။ ဒါပေမယ့် မလေး ဝင်မပြောဘူး။ သား ဘာပြောမလဲ မလေး စောင့်နေတယ်။ သားက ခပ်အေးအေးပဲ။
“မင်းတို့ အားလုံးရှေ့မှာပဲ ငါ ယူရမယ့်ဟာ ယူတယ်၊ ငါ ချန်ထားရမယ့်ဟာ ချန်ထားတယ်။ မယုံရင် အတူကစားနေတဲ့ ချစ်ဦးတို့၊ ခေါင်းကြီးတို့၊ ဖိုးခန့်တို့ကို မေးကြည့်၊ ဟေ့ကောင်တွေ ငါ ပိုယူသလား”
ကလေးတွေ အားလုံး ခေါင်းခါပြတယ်။ ဒါပေမယ့် ဂျစ်တူးက မရဘူး။
“သူတို့ မမြင်ပေမယ့် ငါ မြင်တယ်ကွ၊ မင်း ငါးပင် ပိုယူတယ်”
ဂျစ်တူးဆိုတဲ့ ကလေးကတော့ ရှုံးမဲမဲနေပြီလို့ မလေး သိလိုက်တယ်။ အတင်း ငြင်းနေတော့တာပဲ။ သားလည်း စိတ်တိုလာတယ်နဲ့ တူတယ်။
“မယူပါဘူးလို့ ဘယ်နှခါ ပြောရမလဲကွ၊ မင်း အငြင်းသန်တယ်၊ မကစားတော့ဘူကွာ၊ နောက် ငါတို့အိမ်ကိုလည်း ဘယ်တော့မှ တီဗွီ လာမကြည့်နဲ့တော့”
မလေး ပါးစပ် ဟသွားတယ်။ ဟိုကလေးက မျက်နှာပျက်ပျက်နဲ့ ပြန်သွားပြီး သားတို့က ဆက်ကစားနေကြတယ်။ မလေး ဆက်ကြည့်ရတာ စိတ်မပါတော့ဘူး။ စိတ်ထဲမှာ တနုံ့နုံ့နဲ့ ဖြစ်တဲ့ပြဿနာကို နေ့လယ် ထမင်းစားပြီးတာနဲ့ မလေး သားကို ခေါ်ပြီး ရှင်းတယ်။
“သား လာစမ်းပါဦး၊ စောစောက ဂျစ်တူးကို တီဗွီလာမကြည့်နဲ့လို့ မင်း ဘာလို့ ပြောလိုက်တာလဲ”
“အမြင်ကတ်လို့ မေမေ၊ သူ ငြင်းလို့”
“သူ ငြင်းတာ မေမေလည်း သိပါတယ်။ သူ ရှုံးနေတာကို၊ သူ ငြင်းတာကို ကစားဖော်တွေ သိတယ်၊ သား မှန်တယ်ဆိုတာလည်း ကစားဖော်တွေ သိတယ်၊ သားကို ထောက်ခံကြတယ် မဟုတ်လား၊ တော်ပြီပေါ့၊ သား နိုင်နေပြီပဲ”
သားက မလေးစကားကို ငြိမ်ပြီး နားထောင်နေတယ်။
“တီဗွီ လာမကြည့်နဲ့လို့ ပြောတာမျိုးကျတော့ သား သူ့ကို နိုင်ရာနဲ့ ကိုင်တဲ့ သဘောမျိုး သက်ရောက်တယ်။ သားမှာ တီဗွီရှိတယ်၊ သူ့မှာ တီဗွီမရှိလို့ အနိုင်ကျင့်ရာ ကျတယ်။ တစ်ခုခုဆိုရင် သားတီဗွီ လာမကြည့်ရမှာစိုးလို့ သားမှားနေတဲ့အခါလည်း မှန်ပါတယ်လို့ သားဘက်က မျက်စိမှိတ် ထောက်ခံမယ့် လူတွေပေါ်လာရင် သားမှာ ညစ်ကျယ်ကျယ်လုပ်ချင်၊ ငါမှန်တယ် ဆိုပြီး အမြဲတမ်း ငြင်းချင်တဲ့ စိတ်တွေ ပေါ်လာမယ်။ မေမေ မကြိုက်ဘူးနော်၊ နောက်ကို အဲဒီ လို မပြောရဘူး၊ သူများတွေက ဝဏ္ဏမှာ တီဗွီရှိလို့ ကြီးကျယ်တယ်တယ်လို့ ထင်ကြဦးမယ်၊ မေမေပြောတာ မှတ်ထားနော်”
ဝဏ္ဏက ဘာမျှ ပြန်မပြောဘဲ ငြိမ်နေတယ်။ မလေး စကားတွေ သူနားလည်ရဲ့လား မသိဘူး။ ဓနဥစ္စာ ပိုင်ဆိုင်မှုကို အခြေခံပြီး လူတစ်ဖက်သားကို အနိုင်ကျင့် စော်ကားတတ်တဲ့ စိတ်၊ ကလေးဘဝကတည်းက ဝဏ္ဏရင်ထဲမှာ မရှိဖို့ မလေး ကလေးနားလည်မယ့် စကားတွေနဲ့ ရှင်းပြဖို့ ကြိုးစားခဲ့တာပဲ၊ တဖြည်းဖြည်းတော့ နားလည်ပါလိမ့်မယ်လို့ မျှော်လင့်တယ်၊ ကလေးဆိုတာ ဒီလိုပဲ၊ စိတ်ဓာတ်ကလေး ကောင်းအောင် စောင့်ကြည့်၊ အကဲခတ် ပြုပြင်ပေးရတာပေါ့။ သူတို့လျှောက်ရမယ့် ဘဝခရီးက အရှည်ကြီး ကျန်သေးတယ်လေ။ မလေးက တစ်ဦးတည်းသော သားကလေးကို စိတ်ရင်းကောင်းတဲ့၊ ရိုးသားတဲ့၊ သူများကို အနိုင်မကျင့်တတ်တဲ့၊ စိတ်ဓာတ်ခွန်အား ပြည့်စုံတဲ့ မေတ္တာထားတတ်တဲ့သူ ဖြစ်စေချင်တာဆိုတော့ အမြဲမပြတ် စောင့်ကြပ် တည့်မတ်ပေးနေရမှာ မလေး တာဝန်ပဲလေ။
အဲဒီ နေ့ကစပြီး မလေး အားတဲ့အချိန် သားတို့ကစားဝိုင်းကို ထိုင်ထိုင်ကြည့်တတ်တာ အကျင့်ဖြစ်လာတယ်။ နွေရာသီ ကျောင်းပိတ်ရက် တစ်စတစ်စ ကြာလာတာနဲ့အမျှ မန္တလေး နေကလည်း ပြင်းသည်ထက် ပြင်းလာတယ်။ အားလုံး မလေးတို့အိမ်ရှေ့က ပိတောက်ပင် အောက်မှာပဲ စုပြီး ကစားကြတာလေ။ ကလေးတွေရဲ့ ကစားနည်းတွေက ခုချက်ချင်း ချက်ချင်း ပြောင်းလဲသွားတတ်တယ်။ သားရေကွင်းပစ်ရာကနေ ဆရာမ လုပ်တမ်းဆိုပြီး အိမ်နံရံမှာ စာတွေရေးလို့ အော်ချင်အော်နေကြတာ။
ခဏနေရင် တူတူပုန်းတမ်းဆိုပြီး ဟိုကြား ဒီကြား တိုးချင် တိုးကြတာ။ ပေသီးပစ်မယ်ဆိုပြီး လူစုနေရင်း တစ်ယောက်က လေယာဉ်ပျံရှပ်ထိုး ကစားမယ်ဆိုတာနဲ့ ပြောင်းချင် ပြောင်းသွားတတ်တာမျိုး။ သင်္ကြန်ပြီးသွားတော့ လေကလေးကလည်း ပုံမှန် တိုက်နေပြီ။ တသုန်သုန်ဖြူးနေပြီဆိုတော့ လေတံခွန်လွှတ်ကြပြန်ပြီ။ တစ်ခု ငါးကျပ်နဲ့ လေတံခွန်အနီ၊ အပြာကလေးတွေ အိမ်ဆိုင်မှာ ရောင်းတာ ဝဏ္ဏ ပူဆာလို့ မလေး ဝယ်ပေးရတယ်။ တစ်ရက်တော့ ထူးထူးခြားခြား “ခြောက်ကျပ်ပေးပါ မေမေ၊ လေတံခွန် ဝယ်မလို့” လို့ ဝဏ္ဏက ပြောတယ်။
“ဟဲ့ သားရဲ့ လေတံခွန် ဈေးတက်သွားတာလား”
“မဟုတ်ပါဘူး မေမေ၊ ကျန်ကျောင်းပုံ လေတံခွန် ဝယ်ချင်လို့။ လေတံခွန်အနီ၊ အပြာက သေးတယ်၊ သူတို့က ရိုးရိုး တစ်ခု ငါးကျပ်၊ ကျန်ကျောင်းပုံ လေတံခွန်က ရှယ်အကြီးကြီး တစ်ခု ခြောက်ကျပ်၊ အဖြူပေါ်မှာ ကျန်ကျောင်းပုံ ရိုက်ထားတာ ဂွတ်ရှယ်ပဲ မေမေရာ၊ ကျန်ကျောင်းကလည်း လှလိုက်တာ။ မေမေ မမြင်ဖူးသေးဘူးလား”
“အေး … မမြင်ဖူးသေးဘူး”
သားက ပြတင်းပေါက်က ခေါင်းထွက်ပြီး ဟိုကြည့် ဒီကြည့် ကြည့်တယ်။ ပြီးတော့ ...
“ဟော … ဟော ကြည့်လိုက်မေမေ။ ဟိုမှာ ချစ်ဦးတို့ လွှတ်နေကြတာ”
မလေး ပြတင်းပေါက်က ခေါင်းထွက်ပြီး မော့ကြည့်လိုက်တယ်။ တွေ့ပါပြီ။ ကျန်ကျောင်းပုံ လေတံခွန်၊ ခေါင်းပေါ်မှာ သူ ဆောင်းနေကျ ဦးထုပ်နဲ့ ခပ်မြိန့်မြိန့်ပြုံးနေတဲ့ ကျန်ကျောင်း၊ အနီ အပြာ လေတံခွန်လေးတွေကြားမှာ ကြီးကြီးမားမား ခံ့ခံ့ထည်ထည်။ မလေး ကြည့်ရင်း ကြည့်ရင်း မလိုတမာ ဖြစ်လာတယ်။
လေတံခွန်ချိုးတဲ့ သူတွေကလည်း တော်၊ နိုင်ငံခြားမင်းသားကိုမှ၊ တကယ်ဆို ရန်အောင်ပုံ၊ ဒွေးပုံ၊ လွင်မိုးပုံ ရိုက်ပြီး ရောင်းပါလား၊ ကလေးတွေ ဝယ်ကြမှာပါပဲ။ အခုတော့ မလေးတို့ ခေါင်းပေါ်မှာ သူများကို မလေးတို့ မော့ကြည့်နေရတယ်။ အဲဒီနေ့က ကျပ်တန် အနုပ်မရှိလို့ ဆိုပြီး မလေး ငါးကျပ်တည်း ပေးလိုက်တယ်။ ဝဏ္ဏက ကျန်ကျောင်းပုံ မပူဆာတော့ဘဲ လေတံခွန် အနီလေးပဲ ဝယ်လာပြီး သူငယ်ချင်းတွေဆီ ထွက်သွားလို့ ပြဿနာ ပြေလည်သွားခဲ့ပေမယ့် နောက်တစ်နေ့မှာ ပြဿနာတစ်ခု ထပ်တက်လာတယ်။
ထုံးစံအတိုင်း ဝဏ္ဏ ကစားနေတာကို မလေးက ထွက်ထိုင်ကြည့်နေတဲ့အချိန်၊ ဝဏ္ဏကလည်း ဘီးလုံးကို လက်ကလေးနှစ်ဖက် မြှောက်ကိုင်ပြီး သူ့လေတံခွန်ကို လေထဲရောက်အောင် မ,တင်ဖို့ ကြိုးစားနေတယ်။ တော်တော်လှမ်းလှမ်းမှာ ဖိုးသားက ဝဏ္ဏရဲ့ လေတံခွန်လေးကို ကိုင်ပြီး လေထဲကို မြှောက်တင်ပေးနေတယ်။ ဝဏ္ဏက လွှတ်လိုက်တော့လို့ အော်လိုက်၊ ဖိုးသားက မြှောက်တင်လိုက်၊ လေတံခွန်လေးက ဒယီးဒယိုင်နဲ့ လေထဲကို တက်သွားလိုက် ပြန်ကျလာလိုက်၊ ဘယ်နှခါလည်း မသိဘူး။ အကြိမ်ကြိမ်ပဲ၊ ကြည့်နေတဲ့ မလေးတောင် စိတ်မရှည်တော့ဘူး။ ဒါပေမယ့် သားသားက ဇွဲရှိတယ်။ မျက်မှောင်လေး ကုတ်အောင်ချီပြီး လေတံခွန်လေးကို လေထဲရောက်အောင် အမျိုးမျိုး ကြိုးစားနေတယ်။
လေတံခွန်လေးက တက်သွားလိုက်၊ ပိတောက်ပင်နဲ့ ငြိပြီး ပြန်ကျလာလိုက်၊ တက်သွားလိုက်၊ ထောင်ထားတဲ့ မီးချိတ် မီးကပ်တွေနဲ့ ထိပြီး ပြန်ကျလာလိုက်၊ မလေး ကြည့်နေရင်းနဲ့ ဘဝမှာ တိုးတက်ဖို့ ကြိုးစားခဲ့ရတဲ့ ကာလများကို ပြန်သတိရလာတယ်။ အကြိမ်ကြိမ် လဲကျရာက ပြန်လည်ထူမ,လာခဲ့ရတဲ့ အဖြစ်။ ကြိုးစားလိုက်စမ်း သားရေ၊ သား ကြီးပြင်းလာရင် ဒီလိုအပြင်းအထန် ကြိုးစားရတဲ့ အခြေအနေမျိုးတွေ တွေ့ရမှာပဲ။ ဇွဲမလျှော့နဲ့ သားရေ၊ တစ်ချိန်ချိန်မှာ အောင်မြင်ရမယ်လို့ မလေးစိတ်ထဲ အားပေးနေတုန်းမှာပဲ …
“ဟေး”
လို့ အော်လိုက်တဲ့ သားသားအသံနဲ့အတူ လေတံခွန်လေးဟာ ဘာနဲ့မှ မငြိဘဲ ဒယီးဒယိုင်နဲ့ ကောင်းကင်ထဲသို့ တိုးတက်သွားတာ တွေ့လိုက်ရတယ်။ မလေး ဝမ်းသာလိုက်တာ၊ ဒါပေမယ့် မလေးရဲ့ ဝမ်းသာမှုက ကြာကြာမခံဘူး။
“ဖိုးသားရေ”
လို့ အော်ခေါ်လိုက်တဲ့ ဖိုးသားအမေရဲ့ အသံနဲ့အတူ …
“ဗျာ …”
ဆိုပြီး ဖိုးသားက ထူးတယ်။ ပြီးတော့ …
“ဟေ့ ဝဏ္ဏ ငါသွားတော့မယ်၊ ဘီးလုံး ပြန်ပေးကွ”
လို့ တောင်းတယ်။ သားသားက …
“နေဦးကွ၊ လေတံခွန်က ခုမှလေထဲရောက်တာ”
ဆိုပြီး ကြိုးစားပမ်းစား တင်ထားရတဲ့ လေတံခွန်လေးကို ဆက်လွှတ်နေတယ်။ မလေး မနေသာတော့ဘူး။
“ဖိုးသားကို ပေးလိုက် ငါ့သား”
လို့ ဝင်ဖြေရှင်းပေးလိုက်တော့ သားသားက စိတ်မသက်မသာ ပုံစံနဲ့ လေထဲရောက်ပြီးသား လေတံခွန်ကို ပြန်ရုပ်တယ်။ ဘီးလုံးကို ဖြုတ်ပြီး ဖိုးသားကို ပေးလိုက်တယ်။ လေတံခွန်လေးသာ ကိုင်ပြီး ပြန်လာတဲ့ သားသားကို …
“သားသားမှာ ဘီးလုံးမရှိတာကို မေမေ့ကို ဘာလို့ မပြောတာလဲ”
လို့ မေးတယ်။ သားသားက …
“ခြောက်ဆယ်တောင်”
လို့ ဖြေတယ်။ ခြောက်ဆယ် ဖြစ်ပါစေ၊ မလေး ဝယ်ပေးရတော့မှာပေါ့။ မှန်စာကြိုးနဲ့ ဘီးလုံးက ခြောက်ဆယ်တဲ့၊ မှန်စာကြိုးကိုတော့ မလေး သဘောမကျဘူး။
“သားသား မှန်စာကြိုးနဲ့တော့ မဝယ်ရဘူး၊ မှန်စာကြိုးက ရှတယ်။ သားသား အန်တီ စက်ဘီးစီးလာတုန်း လေတံခွန်ပြုတ်ကျပြီး မှန်စာကြိုး လည်ပင်းကို ရှတာ သွေးတွေ ရွှဲနေတာပဲ။ သားသားကို အရှမခံနိုင်ဘူး။ နောက်ပြီးတော့ …”
မလေး စကား ခဏရပ်သွားတယ်။ ဝဏ္ဏက မလေးကို မော့ကြည့်ပြီး …
“နောက်ပြီးတော့ ဘာဖြစ်လဲ မေမေ”
လို့ ပြန်မေးတယ်။
“လေတံခွန် လွှတ်တာ မှန်စာကြိုးနဲ့ဆိုရင် သားသား သူများလေတံခွန်ကို ဖြတ်ချင် တောက်ချင်တဲ့ စိတ်တွေ ဝင်လာလိမ့်မယ်။ လေတံခွန်အချင်းချင်း တွေ့ရင်ကို ဖြတ်ချင်ကြတာ မဟုတ်လား။ တကယ်ဆို လေတံခွန်တစ်ခု လေထဲရောက်အောင် ကြိုးစားရတာ ဘယ်လောက် ခက်ခဲတယ်ဆိုတာ သားသား ကိုယ်တွေ့ပဲ မဟုတ်လား”
“ဟုတ်တယ် မေမေ”
“သားသားလိုပဲ ကြိုးစားပမ်းစား လေထဲရောက်အောင် တင်ထားရတဲ့ လေတံခွန်အချင်းချင်း လှီးချင်ဖြတ်ချင်တဲ့စိတ်၊ သူများရဲ့ ကြိုးစားမှုကို ဖျက်ဆီးချင်တဲ့စိတ်၊ သားမှာ မရှိစေချင်လို့ သားကို မေမေ မှန်စာကြိုး ဝယ်မပေးချင်တာ။ ရိုးရိုးအပ်ချည်ကြိုးနဲ့ လွှတ်နော် သား”
မလေးစကားကို နားထောင်နေကျ သားက ထူးထူးထွေထွေ ဆင်ခြေမကန်ရှာပါဘူး။
မလေးမှာလည်း သားရဲ့ စိတ်ဓာတ်ကောင်းဖို့ အကြောင်းသင့်တိုင်း ဆုံးမရတာ ၊ အဲဒီနေ့က ဘီးလုံးဝယ်ပေးပြီး သားသားလည်း လေတံခွန် လွှတ်နေပြီမို့ မလေး စိတ်အေးလက်အေး အဝတ်လျှော်နေတယ်။ သားသားရဲ့ လေတံခွန် လေထဲရောက်၊ မရောက် စောင့်ကြည့်ပြီးမှ မလေး အိမ်ထဲ ဝင်လာခဲ့တာ။ မလေးတို့ ရပ်ကွက်က ကားအသွားအလာ မရှိလို့ ကားတိုက်မှာလည်း မပူရ။ လေတံခွန်ဆိုတာ တစ်ယောက်တည်း လွှတ်ရတာမို့ ငြင်းမှာ၊ ခုံမှာ၊ ရန်ဖြစ်မှာလည်း မပူရလို့ စိမ်ပြေနပြေ အဝတ်လျှော်နေခဲ့တယ်။ တစ်ချိန်လုံး သားသားကို မေ့နေတယ်။
အဝတ်လျှော်၊ ရေချိုး၊ သနပ်ခါးလိမ်း၊ အလှပြင်၊ အချိန်တွေ အကြာကြီး နေပြီးမှ ဝဏ္ဏကို သတိရလာတယ်။ နေ့လယ်နေ့ခင်း ကော်ဖီတိုက်ဦးမှပါပဲလေ ဆိုပြီး ကော်ဖီဖျော်တယ်။ ပြီးမှ လေတံခွန်လွှတ်နေတဲ့ သားကို ခေါ်ဖို့ အိမ်ရှေ့ကို ထွက်လိုက်တယ်။ အဲဒီမှာ ဧည့်ခန်းနံရံကို မှီပြီး ခြေပစ်လက်ပစ်၊ စိတ်ပျက်လက်ပျက် ထိုင်နေတဲ့ ဝဏ္ဏကို မမျှော်လင့်ဘဲ တွေ့လိုက်ရတယ်။ ခါတိုင်း အိမ်ပေါ်တက်လာရင် ဝုန်းဒိုင်းကြဲပြီး မေမေရေလို့ အော်ဟစ် တက်လာတတ်တဲ့ သား၊ ဘာဖြစ်လို့ တိတ်တိတ်ဆိတ်ဆိတ် ဒီမှာ လာထိုင်နေရတာလဲ၊ မလေး စိတ်ထဲ ထူးဆန်းသွားတယ်။
“သား ဘာဖြစ်လာတာလဲ”
ဝဏ္ဏက မော့ကြည့်တယ်။ သူ့မျက်လုံးထဲမှာလည်း မျက်ရည်တွေဝဲနေလို့၊ မလေး စိတ်ပူလိုက်တာ …
“မေမေ”
“သား”
“သူများရဲ့ ကြိုးစားမှုကို ဖျက်ဆီးချင်တဲ့စိတ်၊ သူများကို လှီးချင်ဖြတ်ချင်တဲ့စိတ် ရှိမှာစိုးလို့ သားကို မှန်စာကြိုးနဲ့ မလွှတ်နဲ့လို့ မေမေ ပြောခဲ့တယ်နော်”
မလေး ရင်တွေ တထိတ်ထိတ် ခုန်လာတယ်။
“အခု သားရဲ့ ကြိုးစားမှုကို ဖျက်ဆီးချင်တဲ့သူတွေ၊ သားရဲ့ အောင်မြင်မှုကို လှီးချင်ဖြတ်ချင်တဲ့ သူတွေက မှန်စာကြိုးနဲ့ ဖြတ်သွားလို့ သား လေတံခွန် ပြတ်သွားပြီး မေမေ၊ သား မကာကွယ်နိုင်ခဲ့ဘူး၊ ဘယ်လိုလုပ်ရမလဲ မေမေ”
ဝဏ္ဏ မျက်ရည်တွေ တပေါက်ပေါက် ကျလာတယ်။ မလေး ကြောင်အ,နေတယ်။ သားကို ကြည့်ပြီး စိတ်မကောင်းဘူး၊ ဘာစကားမျှလည်း မပြောနိုင်ဘူး။ ကိုယ့်မှာသာ ကိုယ့်သားကို စိတ်ဓာတ် အဆင့်အတန်းမြင့်အောင်၊ သူများကို အနိုင်ကျင့်ချင်၊ လှီးချင်ဖြတ်ချင်တဲ့စိတ် မရှိအောင် ကြိုးစားလိုက်ရတာ၊ သင်ကြားလိုက်ရတာ ၊ လောကကြီးထဲမှာ လူမျိုးစုံ ရှိတာပါလား။ ကိုယ်က မလှီးရဘဲ ကိုယ့်ကို မညှာမတာ ရက်ရက်စက်စက် လှီးချင်တဲ့သူနဲ့ တွေ့တော့ အခုလို သားလေး မျက်ရည်ပေါက်ပေါက် ကျအောင် ခံစားနေရပြီ။
ဟုတ်တယ် … မေမေ လိုသွားတယ်။ မေမေ ညံ့သွားတယ်။ သူများကို မေတ္တာထားဖို့၊ အနိုင်မကျင့်ဖို့ လိုအပ်သလို ကိုယ့်ကို မေတ္တာမထားဘဲ အနိုင်ကျင့်ခံရတဲ့အခါ ခုခံကာကွယ်ဖို့ ကိုယ်ခံအင်အား၊ စိတ်ဓာတ်ခွန်အား ပြည့်နေဖို့ သားကို သင်ကြားပေးရဦးမှာပါလား။ လေ့ကျင့်ပေးဖို့ လိုအပ်နေပါလား ဆိုတာ ပထမဦးဆုံးအကြိမ် မလေး သတိထားမိလိုက်တယ်။
ပြတင်းပေါက်က ခေါင်းထွက်ပြီး ကောင်းကင်ပြာကြီးကို မလေး မော့ကြည့်လိုက်ဖြစ်တယ်။ သူ မညှာမတာ ဖြတ်ချထားခဲ့လို့ ပျော်ရွှင်အားရနေတာ ထင်တယ်။ ကျန်ကျောင်းပုံ လေတံခွန်ကြီးက ခပ်မြိန့်မြိန့်ပြုံးပြီး မလေးကို ငုံ့ကြည့်နေတယ်။ ကောင်းကင်ပြာ ဟိုးအဝေးမှာတော့ ကြိုးပြတ်သွားတဲ့ လေတံခွန်လေးတွေ၊ အနီ၊ အပြာလေးတွေ မှုန်မွှားမွှား မြင်နေရတယ်။ ဒီထဲမှာ သားသားရဲ့ လေတံခွန်လည်း ပါမှာ သေချာပါတယ်။
------
ယဉ်ယဉ်နု (မန္တလေး)
(ကြက်ခြေခတ်ကလေးများနှင့် လူငယ်ဝတ္ထုတိုများ)
Tuesday, August 29, 2017
ဝိတ်ချရင်းနဲ့ ဝိတ်မကျဖြစ်နေပြီလား?
ခေတ်ကာလ ပြောင်းလဲမှု့အရ လူတော်တော် များများ ကလည်း ကျန်းမာရေးကို ဂရုတစိုက်ရှိလာကြပါတယ်။
 အဝလွန်ခြင်းရဲ့ဆိုးကျိုးတွေကို သိလာတာ နှင့်လအမျှ လူ အများကလည်း ကျန်းမာရေးရှု့ထောင့် အနေနဲ့ ကော အလှအပရေးရာ ရှု့ထောင့် အနေနဲ့ပါ ဝိတ်လျှော့ လာကြပါတယ်။
အများစု အကြမ်းဖြင်း သိထားတာ ကတော့ ဝိတ်လျှော့ရင် အစားလျှော့ တာနဲ့ လေ့ကျင့်ခန်း လုပ်တာမျိုးပါ။
ဒီတစ်ခေါက်ဆောင်းပါး မှာတော့ ဝိတ်ချတဲ့နေရာ မှာ ပြောင်းလဲဖို့ လိုအပ်တဲ့ အမူအကျင့် လေးတွေ အကြောင်း ကို ပြောပြပေးချင်ပါတယ်။
1. ကယ်လိုရီ တွက်စားတတ်တဲ့ အကျင့်ကို လုပ်ပါ။
        ကိုယ်ဘာစားစား ကယ်လိုရီ တွက်တတ်တဲ့ အကျင့် ကိုလုပ်ပါ။ အခုနောက်ပိုင်း မုန့်တော်တော် များများ မှာ လည်း ကယ်လိုရီ တွက်ပြပေးထားတတ်ပါတယ်။ အစားအသောက် တော်တော် များများ(အထူးသဖြင့် မြန်မာ အစားအစာတွေ) ရဲ့ ကယ်လိုရီ ကိုတော့ တက်နိုင်သလောက် ကျွန်တော် ဖော်ပြပေးသွားပါမယ်။
2. မိမိ တနေကုန် စားထား သမျှ ကို ချမှတ်ထားပါ။
        တနေကုန်စားထား သမျှ ကို နေ့စဉ် ဒိုင်ယာရီ သဘောမျိုး ချရေးခြင်းပာာ လည်း ဝိတ်ချတဲ့ နေရာ မှာ တော်တော်လေး အသုံးဝင်ပါတယ်။ ချရေးလိုက်ခြင်းဖြင့် မိမိဘယ်လောက်တောင် စားလိုက်မိပြီ ဆိုတာ ကို ဦးနှောက်ကို သတိပေးသလိုမျိုးဖြစ်စေတဲ့အတွက် ကြောင့်ပါ။ အဲ့လိုချရေးတဲ့ နေရာ မှာလည်း ရေးဖို့သတိရပြီ ဆိုတာနဲ့ ချရေးပေးဖို့ လိုပါတယ်။ အဲ့လို မလုပ်မိဘဲ ညအိပ်ခါ နီး မှ အကုန်ချမှတ်မိတယ် ဆိုရင် တနေကုန်စားထားတာ မှတ်မိဖို့လည်း ခက်သလို ကိုယ်စားတာ များနေပြီဆိုရင်တောင် အိပ်ခါနီး ဖြစ်သွားတော့ အဲ့ဒီ တစ်နေ့ အတွက် ပြန် ထိန်းလို့မရသလို ဖြစ်သွားတတ်ပါတယ်။
3. အိမ်မှာပေါ့ပေါ့ပါးပါး အလုပ်လေးတွေ လုပ်ခြင်း
       အိမ်ပြန်ရောက်ပြီ ဆိုတာ နဲ့ လူအများစု က ပင်ပန်းပြီး ဘာမှ မလုပ်ချင်တော့ဘဲ တစ်နေရာတည်းမှာ ထိုင်ပြီး ရုပ်ရှင်ကြည့် ဖုန်းသုံးတတ် တဲ့ အကျင့် ရှိတတ်ကြပါတယ်။ ဒါကြောင့် အငြိမ် ထိုင်မနေဘဲ ပေါ့ပေါ့ပါးပါးဖြစ်စေ မယ့် လှုပ်ရှားမှု့မျိုး ဥပမာ တီဗွီ ကြည့်ရင်း အလေးတုံးအသေးမတာမျိုး ဖုန်းပြောရင်း လမ်းလျှောက်တာ မျိုးစတာတွေ လုပ်ပေးသင့်ပါတယ်။
      အိမ်မှာ နေရင်း လည်း တခြားအိမ်မှု့ကိစ္စ လေးတွေ လုပ်တာလည်း ဝိတ်ချတဲ့နေရာ မှာ တော်တော်လေး အကျိုးရှိပါတယ်။ ဥပမာ တံမြတ်စည်းလှည်းတာ ကြမ်းတိုက်တာ ဖုန်သုတ်တာမျိုးလေးတွေ လုပ်ပေးတာမျိုးပေါ့။
4. မလိုအပ်တဲ့ ခရီးကို ကားမသုံးပဲ လမ်းလျှောက်ပါ။
       တော်ရုံတန်ရုံ ခရီးဂအကွာအဝေး မျိုးကို လမ်းလျှောက်သွားတတ် အကျင့် လုပ်ပေးခြင်းဖြင့် ဝိတ်ကျစေနိုင်သလို အဆုတ်နှင့် နှလုံး လုပ်ဆောင်ချက်ကို လည်း သိသိသာသာ တိုးတက်လာစေပါတယ်။
5. Food Label ဖတ်တတ်တဲ့ အကျင့်လုပ်ပါ။
        စူပါမားကတ် တွေမှာမုန့်တွေဝယ်မယ် ဆိုရင် ကယ်လိုရီ ဘယ်လောက်ပါလဲ Carbohydrate, Protein , Fat ဘယ်လောက်ပါလဲ တွေကို ရေးထားတဲ့ food label တွေကို ဖတ်တတ်တဲ့ အကျင့် ရှိဖို့တော့လိုပါတယ်။ အဲ့ဒီလို ဖတ်တဲ့နေရာမှာ များသောအားဖြင့် serving size (တစ်ခါစားပမာဏ) နဲ့ ရေးထားတတ်ပါတယ်။ တစ်ချို့ မုန့်တွေ က တစ်ထုပ်တည်း နဲ့ တစ်ခါစားပမာဏ ပါဝင်တာမျိုး မပာုတ်ဘဲ ၂-၃ ခါစာလိုမျိုးတွေ ပါတတ်ပါတယ်။ ဒါမျိုးဆိုရင်တော့ ကယ်လိုရီ ပမာဏ ကို သေချာတွက်ကြည့်ဖို့တော့လိုပါတယ်။
6. Zumba Dance ကခြင်း
       အခုရက်ပိုင်း ခေတ်စားလာတဲ့ Zumba Dance ကို ၁၅ မိနစ် က ပေးပါက ကယ်လိုရီ ၂၀၀-၃၀၀ လောင်ကျွမ်းစေပါတယ်
ကလို့လည်းကောင်းသလို ပျော်ဖို့လည်းကောင်းပါတယ်။
ဘာကြောင့် ဒါတွေ ကျွန်တော် လုပ်ခိုင်းနေတာလဲ ဆိုတော့ အခုနောက်ပိုင်း ဝိတ်ကျပြီး စားတာနဲ့ ပြန်တက်နေတယ် ဆိုပြီး ခဏခဏ ကြားနေရပါတယ်။
ဘာကြောင့်လဲ ဆိုတော့ အစားအသောက်ပဲ လျှော့ပြီး ကိုယ်လက်လှုပ်ရှား သိပ်မလုပ်ဖြစ်တော့ BMR (တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီ ပမာဏ) က တဖြည်းဖြည်း ကျလာပြီး နည်းနည်းစားတာ နဲ့ ပြန်ပြန်တက်လာတာပါ။
BMR (တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီ ပမာဏ) ပြန်တက်အောင် ဘယ်လိုလုပ်ကြမလဲ????
အဓိက ကတော့ ပုံမှန်လှုပ်ရှားသွားလာမှု့ လုပ်ပေးရပါမယ်။ ဒါမှလည်း ခန္ဓာကိုယ် က ဆဲလ် တွေ က အလုပ်ပို လုပ်ပြီး Energy ပိုသုံး လာတဲ့ အတွက် ကယ်လိုရီ ပိုလိုအပ်လာပါတယ်။ ကယ်လိုရီ ပိုလိုအပ်လာတော့ ကယ်လိုရီ များများစားမိလည်း ခန္ဓာကိုယ် က ပြန်လည် အသုံးချ နေတာဖြစ်တဲ့ အတွက် ဝိတ်ပြန်မတက်နိုင်တော့ပါဘူး။
ဒါပေမယ့် အလွန်အကျွံ စားရင်တော့ ပြန်တက်နိုင်ပါတယ်။
ဒါကြောင့် ဝိတ်ချ နေတဲ့ သူတွေ အတွက် ပေါ့ပေါ့ပါးပါး နဲ့ လိုက်ကလို့ရတဲ့ Zumba Dance video ကို ပြန်မျှဝေပေးလိုက်ပါတယ်။ ကျွန်တော် တစ်နေ့ကို အနည်းဆုံး ၂-၃ ခါလောက်လိုက်လုပ်ဖြစ်ပါတယ်။
ဝိတ်လျှော့တဲ့နေရာ မှာ အစားတစ်ခုတည်း နဲ့ လျှော့တာထက် အခုလို ပေါ့ပေါ့ပါးပါး နဲ့ လိုက်လုပ်လို့ရတဲ့ Zumba Dance လိုမျိုးတွေ တစ်နေ့ကို မိနစ် ၃၀ လောက် လမ်းမြန်မြန်လျှောက်တာမျိုးတွေ ပါ တွဲဖက် လုပ်ပေးမှ နောင်ရေရှည် မှာ ဝိတ်ဆက်ထိန်းနိုင်မှာပါ။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော် @ Dr. Nutrition
Credit: Dr.Nutrition Page
Daily caloric  requirement ကိုတွက်တဲ့ formula တွေ အများကြီးရှိတဲ့ထဲက တွက်ရလွယ်မယ့် formula တခုကို မျှဝေပေးလိုက်ပါတယ်...
Current weight in lb x 11 = baseline calorie
Baseline calorie + 400 ( fix calorie burn ) = caloric need
Caloric need  - 750 ( caloric deficit )    = targeted calorie
Example အနေနဲ့ တွက်ပြရရင်  Cas ဆို ပေါင် ၁၄၀ ရှိပါတယ်........
 140 x 11 = 1540
1540 + 400 = 1940
1940 - 750 = 1190
ဒါဆို ပေါင် ၁၄၀ ရှိတဲ့ သူတယောက်ရဲ့ နေ့စဉ်လိုအပ်တဲ့  calorie ပမာဏက 1190 ပါ......
Calorie 3500 ပိုတိုင်း 1 lb ပေါင်တက်ပါတယ်........
ဒါဟာ weight ချနေတဲ့ သူတွေ တင် သိသင့်တာမဟုတ်ပါဘူး............. Gym ဆော့ပြီး weight တင်နေတဲ့ bro တို့လည်း သိသင့်ပါတယ်.....
ကိုယ့်ရဲ့ daily requirement ကိုသိထားတော့ လိုတယ် ပိုတယ် မဖြစ်ရလေအောင် ခုပဲ တွက်ကြည့်လိုက်ကြရအောင်နော်..........
                                        Dr. Cas 
                              Aesthetic Practitioner   
                  Orchard Aesthetique Mandalay
Credit: Tips & Tricks by Castiel
Monday, August 28, 2017
ဒိန်​ချဉ်​ - ငှက်ပျောပေါင်း - နှမ်းအနက်ကပ် မုန့်ကြော် - Guacamole
ဒိန်ချဉ်ပြုလုပ်နည်း
ဒိန်ချဉ်ပြုလုပ်နည်းအတွက် ဒိန်ချဉ်အနည်းငယ်နှင့် နွားနို့ ပဲလိုပေမယ့် ပြုလုပ်နည်းကို နည်းလမ်းလမ်းမှန်မှန်လုပ်ရန်ပဲလိုပါတယ်။ နည်းလမ်းသိရင်လဲ မခက်ပဲ လွယ်ကူတဲ့နည်းဖြစ်သွားပြီး ခဏခဏလုပ်စားနိုင်ပါတယ်။ ပြုလုပ်ကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ ( ၆-၇ ပွဲစာ)
၁။ နွားနို့ - ၁ လီတာ
၂။ ဒိန်ချဉ် - ထမင်းစားဇွန်း ၂ ဇွန်းမောက်မောက်
ပြုလုပ်နည်း
၁။ ဒိန်ချဉ်ပြုလုပ်ရန်ထည့်မည့်ဗူး (အဖုံးပါသော)က အရေးအကြီးဆုံးပါ။ ဆီပါနေတာတို့ ညစ်ပတ်နေတာတို့ ဖြစ်နေရင်မကောင်းပါ။ ဒိန်ချဉ်ပြုလုပ်မည့်ဗူးကို သေချာဆေးပြီး ရေခြောက်အောင်လုပ်ထားပါ။ နောက်တခုအရေးကြီးတာကတော့ ဒိန်ချဉ်ခဲဖြစ်အောင်ထားမည့်နေရာဖြစ်ပါတယ်။ ဒိန်ချဉ်ပြုလုပ်ရန်ထားတဲ့အချိန်အတွင်းမှာ ဒိန်ချဉ်ဗူးကို ရွှေ့ တာလှုပ်တာ ကိုင်ကြည့်တာတို့ လုပ်လို့ မရပါဘူး။ အဲ့လိုလုပ်မည့်ရင်မခဲတော့ပဲဖြစ်တတ်ပါတယ်။ နောက်တချက်က အခန်းရဲ့ အပူဆုံးနေရာမှာထားတာအကောင်းဆုံးပါ။
၂။ နွားနို့ ကို ပွက်အောက်တည်ပြီး ခပ်နွေးနွေးအနေအထားရောက်အောင်အထိ အအေးခံထားပါ။
၃။ ခပ်နွေးနွေးအနေအထားရောက်ရင် ဒိန်ချဉ်ကိုထည့်ပြီး ဒိန်ချဉ်များပျော်သွားပြီး နွားနို့ နဲ့ တသားထဲဖြစ်သွားအောင် ကြက်ဥခလောက်တံဖြင့် ခလောက်ပါ။
၎။ ထို့ နောက် ဒိန်ချဉ်ပြုလုပ်မည့် ဗူးထဲကိုထည့် အဖုံးဖြင့်လေလုံအောင်ပိတ်ပြီး အခန်းရဲ့ ပူနွေးတဲ့နေရာမှာ ထားပါ။ ဒိန်ချဉ်ခဲ မြန်မြန်ဖြစ်ချင်ရင်တော့ ဒိန်ချဉ်ပြုလုပ်မည့်ဗူးကိုအဝတ်ပါပတ်ထားပါ။ နွေရာသီလိုမျိုး ပူတဲ့အချိန်မှာဆိုရင်တော့ ၁၂ နာရီလောက်ထားရုံနဲ့ ဒိန်ချဉ်ခဲကိုရပါတယ်။ မိုးရာသီ တို့ ဆောင်းရာသီတို့ ဆိုရင်တော့ အနည်းဆုံး ၁ ရက်တော့ ထားဖို့ လိုပါတယ်။ (အိစံတို့ ဆီကတော့ အေးလို့ ၁ ရက်ခွဲ ထားပါတယ်။) အဲ့လိုဒိန်ချဉ်ခဲဖြစ်ဖို့ ထားတုံးအချိန်မှာ ဒိန်ချဉ်ဗူးကို ရွှေ့ တာတို့ လှုပ်တာတို့ ကိုင်ကြည့်လိုက်တာတို့ မလုပ်ပါနဲ့ ။ အဲ့လိုလုပ်ရင် ဒိန်ချဉ်ခဲမဖြစ်တတ်ပါ။
၅။ ရလာတဲ့ ဒိန်ချဉ်ကို ထန်းလျက်ရည်(သို့ ) သကြား (သို့ ) ပျားရည် တို့ ဖြင့် သုံးဆောင်နိုင်ပါပြီရှင်။ ဒိန်ချဉ်ကို နောက်ရက်တွေမှ စားမည်ဆိုလျှင် ရေခဲသေတ္တာအအေးခန်းထဲမှာ ၃ ပတ်လောက်သိမ်းထားပြီး စားနိုင်ပါတယ်။
ငှက်ပျောပေါင်း
(Pressure Cooker)
....................
 ကောက်ညှင်းမပါဘဲ ငှက်ပျောသီးသက်သက်သာ ပေါင်းစားချင်ရင်တော့ ဒီလိုလေး လုပ်စားနိုင်ပါတယ်။ ဖက်နံ့တသင်းသင်းနဲ့ ငှက်ပျောပေါင်း ချိုဆိမ့်အရသာနဲ့ တွဲဖက်ပြီး ရေနွေးကြမ်းလေးနဲ့ အင်မတန်မှ လိုက်ဖက်ပါ တယ်။
ပါဝင်ပစ္စည်းများ (ငှက်ပျောထုပ် ၆ ထုပ်စာ)
-   သကြား   -   စားပွဲဇွန်း ၃ ဇွန်း
-   ဂျုံ   -   စားပွဲဇွန်း ၂ ဇွန်း
-   အုန်းနို့   -   ၃ ဇွန်း
-   အုန်းသီးဖတ်   -   အနည်းငယ်
-   သီးမွှေးငှက်ပျောသီး (အသေး)    -   ၇ လုံး
-   ဝါးရွက်   -   အနည်းငယ်
-   ဆား   -   အနည်းငယ်
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ဝါးရွက်များကို ရေနွေးပွက်ပွက်ဆူနှင့် အရင်စိမ်ထားပါ။
၂။ ငှက်ပျောသီးကို သကြားနှင့်ရောပြီး ခြေပါတယ်။ ဂျုံ၊ အုန်းနို့၊ အုန်းသီး ဖတ်များနှင့် ဆားနည်းနည်း ထည့်နယ်ပါ။ အချိုကြိုက်လျှင် သကြား ထပ်ထည့်နိုင်ပါတယ်။
၃။ ဝါးရွက်ထဲ စားပွဲဇွန်း ၂ ဇွန်းခွဲခန့်ထည့်ကာ လုံအောင်ပြန်ပိတ်ပြီး ကြိုးစည်းပေးပါ။
၎။ Philip Multi Cooker က Steam Option ကို ရွေးပြီး ပေါင်းတဲ့ ဗန်းလေးပေါ်မှာတင်ကာ မိနစ် ၁၀ ပေါင်းပါ။ လုံးဝအေးမှ သုံးဆောင်ပါ။
...............................
EVYS' Kitchen
နှမ်းအနက်ကပ် မုန့်ကြော် (Steam Glutinous Rice with black sesame seeds)
....................................
 နှမ်းအနက်က ကျန်းမာရေးအတွက် အင်မတန်အထောက်အကူဖြစ်စေပါတယ်။ အဲဒီမုန့်ရဲ့အရသာလေးက တစ်မျိုးထူးခြားတာကြောင့် အားလုံးအတွက် ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
-   နှမ်းအနက်   -   စားပွဲဇွန်း ၈ ဇွန်း
-   ကြော်ရန်ဆီ   -   လိုသလောက်
အုပ်စု (က)
-   ကောက်ညှင်းဆန်မှုန့်   -   ၂ ခွက်
    (မုန့်ဖုတ်လျှင် တိုင်းသောခွက်)
-   ဆန်ကြမ်းမှုန့်   -   စားပွဲဇွန်း ၂ ဇွန်း
-   ရေ   -   ၂ ခွက် - ၂ ခွက်ခွဲ (လိုသလောက် )
    (မုန့်ဖုတ်လျှင် တိုင်းသောခွက်)
-   ဆား   -   လက်ဖက်ဇွန်း ၁ ဇွန်း
-   ငှက်ပျောသီး   -   ၁ လုံး
    (အမှည့် သေချာခြေထားပါ)
တွဲစားရန်
-  ထန်းလျက်ရည်   -   လိုသလောက်
 ပြုလုပ်နည်းအဆင့်ဆင့်
၁။ ဖန်ပန်းကန်လုံးအကြီးထဲ အုပ်စု (က) ပစ္စည်းများ အားလုံးထည့်နယ်ပါ။ ရေကို ဖြည်းဖြည်းချင်း လိုသလောက် လောင်းထည့်ပေးပါ။ မုန့်အနှစ်များစေးပြီး လက်မှာမကပ်လျှင် ရပါပြီ။
၂။ ဇောက်နက်သောအိုးဖြင့် ဆီပူအောင် တည်ထားပါ။
၃။ မုန့်နှစ်များကို လိုသလို အနေတော် အလုံးလေးတွေ လုံးပြီး ပြန်ပြားပါ။ ပြီးလျှင် နှမ်းအနက်ထဲ မုန့်နှစ် ပြားကိုဖိပြီး အနှမ်းအနက် ကပ်ပေးပါ။ နှစ်ဖက်စလုံး အညီကပ်ပြီးလျှင် ဆီသုတ်ထားသော ဗန်းပေါ် သေချာ တင်ထားပါ။
၎။  ဆီအိုးထဲ တစ်ခုချင်းစီထည့်ပါ။ အိုးကျပ်အောင် မထည့်ပါနှင့်။ ရွှေရောင်သန်းလာလျှင် တစ်ဖက်လှန်ပေးပါ။ ကြွပ်ရွပြီး ရွှေရောင်သန်းလာလျှင်ရပါပြီ။
..............................
Syi Lwin Foods Garden
Guacamole
.............
 မက္ကဆီကန်အစားအစာ ဂွာကာမိုးလီလို့ခေါ်တဲ့ ထောပတ်သီးထောင်းလေးပါရှင်။ ဆိမ့်လှတဲ့ ထောပတ်သီး အရသာထဲကို ဆား၊ ငရုတ်သီးစိမ်းနဲ့ သံပရာသီးပေါင်းထည့်ပေးပြီး တခြားမွှေးတဲ့ ကြက်သွန်နီ၊ နံနံပင်တို့နဲ့ ရောနယ်လိုက်တဲ့အခါ  အလွန် စားကောင်းတဲ့ Dipping Sauce လေး ဖြစ်လာတယ်။ တော်တီလြွာကပ်ြွကပ်လေးနဲ့ တို့စားလို့ကောင်းသလိုတာကို၊ ဖာဟီတာတို့နဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။ ငရုတ်သီးစိမ်းက အသားထူပြီး စပ်တဲ့ ဟာလပီညောကို သုံးသင့်ပါတယ်။ ထောပတ်သီးကလည်း ပျော့အိနေတာမျိုးမဟုတ်ဘဲ မပျော့မမာ အနေအထားမျိုးကို အသုံးပြုပါ။ မြန်မာမှာ ထောပတ်သီးတွေက အမည်းရောင် အမျှင်တွေ ပါနေတတ်တယ်။ အဲဒါလေးတွေက လေဝင်ပြီး အောက်စီဒိုက်ဖြစ်သွားတာပါ။ ထောပတ်သီးဝယ်တဲ့အခါ အညှာပိတ်လေးကို ရွေးပြီးဝယ်ပါ။ ထောပတ်သီး အနု၊ အစိမ်း၊ အမှည့်ကို စမ်းသပ်တဲ့အခါ လက်ညှိုးနဲ့ ဖိကြည့်တာထက် လက်ဖဝါး ထဲထည့်ပြီး အသာအယာညှစ်ကြည့်ပါ။ ဘယ်တော့အသုံးပြုမလဲဆိုတာမှာ  မူတည်ပြီး အပျော့အမာ၊ အခွံအရောင် အစိမ်း/ အမည်း ရွေးပြီးဝယ်ပါ။ သံပရာရည်က ချက်ချင်းမမည်းအောင် အကာအကွယ်ပေးပေမယ့်လည်း ဂွာကာမိုးလီကို စားခါနီး နာရီဝက်ထက် ကြိုတင်ပြီး မလုပ်သင့်ပါ။
  ပါဝင်ပစ္စည်းများ
-   ထောပတ်သီး   -   ၁ လုံး
-   ကြက်သွန်နီ   -   ၁ ခြမ်း
-   ဆား   -   အနည်းငယ်
-   နံနံပင်   -   ၁ ခက်
-  ငရုတ်သီးစိမ်း   -   ၁ တောင့်
-   သံပရာရည်   -   သင့်ရုံ
-   ခရမ်းချဉ်သီး   -   ၁ ခြမ်း
   ပြုလုပ်နည်းအဆင့်ဆင့်
၁။ ငရုတ်သီးစိမ်းကို လေးထောင့်အတုံးလေးများ လှီးထားပါ။
၂။ နံနံပင်ကို မထူမပါးလှီးထားပါ။
၃။ ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်း၊ အစေ့ထုတ်ပြီး လေးထောင့်အတုံးလေးများ လှီးထားပါ။
၎။ ကြက်သွန်နီကို ထက်ခြမ်းခြမ်း၊ ရေဆေး၊ လေးထောင့် အတုံးသေးသေး လှီးထားပါ။
၅။ ထောပတ်သီးကို အခွံနွှာ၊ အသားကို ဇွန်းနှင့် ခြစ်ပြီး ခပ်ယူပါ။ ငရုတ်ဆုံထဲ ထည့်ပါ။
၆။ ငရုတ်ဆုံထဲမှာ နံနံပင်မှလွဲ၍ လှီးထားတာတွေ အကုန်ထည့်ပါ။ ဆား၊ သံပရာရည်ထည့်ပြီး ဖွဖွလေး ကျည်ပွေ့နှင့် ဖိကြိတ်ပေးပါ၊ အရသာကို မိမိနှစ်သက်ရာ အချဉ်၊ အစပ်လိုသလို ပြုပြင်ပါ။ နောက်ဆုံးမှာ နံနံပင်ထည့်ပြီး ဇွန်းနှင့် သမအောင် ဖွဖွမွှေပါ။ ပန်းကန်လုံးထဲထည့်ပြီး ဂျုံအကြွပ်ကြော်နဲ့ တို့စားနိုင်ပါပြီ။
................................................
Meemeetofu 
Credit: Myanmar Food Magazine 
Saturday, August 26, 2017
Cho Hee-pal ( ဂျို ဟီး ဖားလ် ) သို့မဟုတ် ပိရမစ် ရိုက်စား စီးပွားရေးစနစ် (pyramid scheme) အသစ်ထွင်သူ
တောင်ကိုရီးယားနိုင်ငံရှိ ဝမ် ကုဋ္ဋေပေါင်း သိန်း၄၀၀ကျော်  ( ဒေါ်လာ 3.5 billion )ချမ်းသာသော ကုဋ္ဋေကြွယ် သူဌေးကြီးတယောက်အကြောင်း။
******************
🌟 အပိုင်း-၁
"သား အမေစိတ်မကောင်းပါဘူး။ သားကို အလယ်တန်းကျောင်းပို့ဖို့ အမေ့မှာငွေမရှိဘူး"
သူသည် ၁၉၅၇ ခုနှစ်တွင်မွေးဖွားသူဖြစ်သည်။သူ၏ အမည်မှာ Cho Hee-pal (  ဂျို ဟီး ဖားလ် ) ဖြစ်သည်။
ဂျို ဟီး ဖားလ်သည် မူလတန်းကျောင်းအပြီးတွင်  ကြုံရာ ကျဘန်းအလုပ်များဝင်လုပ်ရလေသည်။
အသက် ၂၀ တွင် မွေးရပ်မြေဖြစ်သော  ယောင်ချွန်း (Gyeongsangbuk-do/Yeongcheon City) မှ အလုပ်လုပ်ရန် မိဘအိမ်မှ စွန့်ခွာသွားတော့သည်။
******************
၂၀၀၀ ခုနှစ်
ဂျို ဟီး ဖားလ် သည် အကိုနှင့် ခဏတာအတူရှိနေချိန်ဖြစ်သည်။
"အီး ဟီး...ဟီး"    
 ငိုသံကြီးကြောင့် ဂျို ဟီး ဖားလ် အိမ်ရှေ့ထွက်ကြည့်မိသည်။ မိန်းမကြီး ၃ ယောက်  သူတို့ကလေးများနှင့်အတူ..။
"မင်းအကိုဘယ်မှာလဲပြောပြပါကွယ်..။  အဒေါ်တို့ ဘဝပျက် နေလို့ကူညီပါ တူမောင်ရယ်.."
အဒေါ်ကြီးက လက်အုပ်ချီ၍ ငိုယိုတောင်းပန်ကာ သူ့အကိုရှိမည့်နေရာကိုမေးကြသည်။
ဂျို ဟီး ဖားလ် ၏ အကိုအား လူများကတရားစွဲရန် သူတို့နေသောအိမ်သို့ လာရှာကြနေကြခြင်းဖြစ်သည်။
ထိုအချိန်(၂၀၀၀ ခုနှစ်) သည် ကိုရီးယားနိုင်ငံ၌ လူလိမ် စီးပွားရေးသမားတို့၏   ပိရမစ် စီးပွားရေး ရိုက်စားခွင်( pyramid scheme )  ဟုအမည်ရသော ငွေလိမ်မှုတို့ကြောင့် ဘဝပျက်သူများ ဒုနဲ့ဒေးရှိလာသည့်အချိန်လည်းဖြစ်သည်။
ထို့ကြောင့် လူလိမ်တို့၏ ပိရမစ် စီးပွါးရေး ရိုက်စားခွင် ၏ လှည့်ကွက်တို့ကိုရှောင်ရန်  တောင်ကိုးရီးယား TV အစီအစဉ်တို့မှ ပညာပေးကြသည်။ ထို့ကြောင့် လူတော်တော်များများက သိကြကာ လူလိမ်များကိုဖော်ထုတ်နိုင်ကြသောအချိန်လည်းဖြစ်လေသည်။
ဂျို ဟီး ဖားလ် ၏ အကိုသည် ထိုကဲ့သို့ သက်ဆိုးမရှည်ခဲ့သော ပိရမစ်လူလိမ်များထဲမှ တယောက်ဖြစ်သည်။
"အကိုက အဓိပ္ပါယ်မရှိတာတွေလိမ်တယ်ဗျာ....လူတွေ ဒီထက်ပို စိတ်ဆိုးသင့်တယ်။ ကျနော်တောင်စိတ်ဆိုးတယ်"
ထိုနေ့မှစ၍ ဂျို ဟီး ဖားလ် တစ်ယောက် ပျောက်ချင်းမလှပျောက်သွားတော့သည်။
********************
၂၀၀၄ ခုနှစ်
ဂျို ဟီး ဖားလ် သူ့အကိုထံ ခဏ ပြန် လာလည်သည်။
အသက် ၄၇ နှစ်။
အတော်ပြောင်းလဲသွားသည်။
သူ့အကိုအား ပြောသည်။
" အခုတော့ ကျွန်တော် သိပြီ။ လူတွေကို ကူညီရမယ်။ အကို သူများကို ဘယ်တော့မှထပ်မလိမ်ပါနဲ့။ ဘုရားသခင်က လူတွေကိုကူညီဖို့ ကျွန်တော့်ကိုလွှတ်လိုက်တာ..."
သူသည် အတော်ချမ်းသာနေသည်။ စတိုင်ကျကျ  လူကြီးလူကောင်းတယောက်ဖြစ်နေသည်။ ကားအကောင်းစားကြီးကို စီးနေသော်လည်း မာန်မာနမရှိ။ စိတ်ထားအလွန်နူးညံ့ပျော့ပြောင်းပြီး သမာသမတ်ရှိသည်။
သူ့အကိုနှင့် မိသားစုသည် သူ၏ပြောင်းလဲမှုအတွက် အံ့သြနေကြသည်။
ထိုအချိန်တွင် သူ့အကိုမိသားစုသည်လည်း ပြန်လည်ကြိုးစား၍ အတော် အသင့်ချမ်းသာနေချိန်လည်းဖြစ်သည်။
*********************
၂၀၀၄ ခုနှစ်
ဂျို ဟီး ဖားလ် သည် BMC ဟူသော ပင်မ ကုမ္ပဏီတခုကို  ထောင်ရန် စီးပွားရေး ရှယ်ယာဝင်များကို ခေါ်လိုက်သည်။
"ကျွန်တော် နှစ်တိုတို အတွင်းမှာ ပိုက်ဆံတွေ အများကြီးရှာနိုင်ခဲ့တယ်ဗျာ။ ကျွန်တော် ချမ်းသာနေပြီ ပိုက်ဆံမလိုတော့ဘူးဗျ... "
"အခု ခင်ဗျားတို့နဲ့တွေ့တာ ခင်ဗျားတို့ကို ကျွန်တော်ဘယ်လိုချမ်းသာလာလဲ ပြောပြချင်တယ်...။ "
" ကျွန်တော်ချမ်းသာလာချိန်မှာ ကျွန်တော့်ဘဝမှာလိုအပ်ချက်တခုရှိလာတယ်။ အဲဒါ ချစ်ခြင်းမေတ္တာပဲဆိုတာ သိလာတယ်...။ ဒါဟာပိုက်ဆံပေးဝယ်လို့မရဘူး။ကျွန်တော်.. ခင်ဗျားတို့နဲ့အတူ ချစ်ခြင်းမေတ္တာတရား နဲ့ တည်ဆောက်ထားတဲ့ မိသားစုကြီးတခုကို ပိုင်ဆိုင်ချင်တယ်"
ချစ်ခြင်းမေတ္တာကိုမျှော်လင့်သော သူ၏မျက်နှာတွင် မျက်ရည်စများနှင့်....။
"စီးပွားရေးလို့ဆိုတဲ့ ကျွန်တော်တို့ အတူနေထိုင်ဖို့ အိမ်အကြီးကြီးတလုံးလိုမယ်ဗျာ...ဒီအိမ်ကြီးထဲမှ ခင်ဗျားတို့အားလုံး ချမ်းချမ်းသာသာ လိုတရ နေဖို့ကို ကျွန်တော်က တာဝန်ယူမယ်။ ခင်ဗျားတို့ ကျွန်တော့်လက်ကိုတွဲထားကြပါ"
*************************
"ကျွန်တော်လေ့လာမိသလောက် စီးပွားရေး လုပ်ငန်းရှင်တွေဟာ သူတို့စီးပွားရေးအောင်မြင် မအောင်မြင်မခန့်မှန်းနိုင်ကြဘူး။ လူတွေဟာလဲ တနေရာထဲမနေနိုင် အိမ်အပြောင်း အရွှေ့လုပ်ကြရတယ်..ဒါကြောင့် လေသန့်စက်တွေ၊ရေသန့်စက်တွေ၊အနှိပ်စက်တွေ ...စတဲ့ကျန်းမာရေးနှင့်ပတ်သက်တဲ့ ဈေးကြီးတဲ့ စက်တွေလူတွေကမဝယ်လိုကြဘူး။မဝယ်နိုင်ကြဘူး။"
"ဒီ စက်အသစ်တွေ ကျွန်တော်တို့ အပိုင်ဝယ်ယူကြမယ်။ "
ဟင်... ဈေးကြီးပြီး လူတွေ မဝယ်ချင်တဲ့ စက်တွေ ဝယ်ပြီးဘာလုပ်မှာတဲ့လဲ...ရူးနေလား....။
အစုရှယ်ယာရှင်များက သဘောမကျ။
"ကျွန်တော်တို့ ဝယ်ယူပြီးစက်တွေကို အသုံးပြုလိုတဲ့ ပြည်သူတွေကို ငှားရမ်းကြမယ်။ သူတို့အတွက်လဲ အဆင်ပြေမယ်။ ကျွန်တော်တို့လဲ ရေရှည် လစဉ်ပုံမှန်ဝင်ငွေရမယ်..။"
" ကောင်းလိုက်တဲ့ အကြံဉာဏ်...။"
လူများက လက်ခုပ်တီးကြသည်။
ဂျို ဟီး ဖားလ် ၏ ထို အတွေးအခေါ်သည် စီးပွားရေးသမားနှင့် ပြည်သူ နှစ်ဦးနှစ်ဖက် အကျိုးရှိသော အလုပ်ဖြစ်သည်။
ယခုအချိန်အထိ တောင်ကိုးရီးယားနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါသည်။
******************
"ခင်ဗျားတို့ တယောက်ကို ၄၄ သိန်း အစုရှယ်ယာ ထည့်ရမယ်။ ၄၄ သိန်းဖိုးစက်တွေဝယ်ရင် အငှားခ တလ ၁ သိန်း ၂ သောင်းရမယ်..။ တနေ့ ၄၀၀၀ပေါ့ဗျာ။ ခင်ဗျားတို့ရင်းထားတာမို့ ခင်ဗျားတို့ကိုတိုက်ရိုက်ပြန်ပို့ပေးပါမယ်...။ ခင်ဗျားတို့ ဘဏ်ထဲနေ့စဉ် အော်တိုငွေလွှဲစနစ်နဲ့ နေ့စဉ်ပို့ပေးမယ်။ ခင်ဗျားတို့ငွေတွေ ကျွန်တော် ကိုင်မထားချင်လို့ နေ့စဉ်ပို့ပေးတာပါ ။"
"ခင်ဗျားတို့ တနှစ်ကို ၁၄ သိန်း ၄ သောင်း။ ၃ နှစ်ဆို ခင်ဗျား အရင်းပြန်ရပြီလေ။ ၃နှစ်ကျော်တာနဲ့ ထပ်ရမယ့်ဝင်ငွေတွေဟာ ခင်ဗျားတို့ ရမယ့် နေ့စဉ်အမြတ်တွေဘဲ"
"ဒါဆို ခင်ဗျားတို့ ကုမ္ပဏီက ဘာအကျိုးအမြတ်ရှိမှာလဲ...? နားထောင်နေသူတယောက်ကမေးသည်။
ဂျို ဟီး ဖားလ်သည် အလွန်ဝမ်းနည်းသွားတော့သည်။
"ပြောရက်တယ်ဗျာ...ခင်ဗျားတို့ ကုမ္ပဏီတဲ့လား ..?
"ကျွန်တော်တို့အားလုံးဟာ မိသားစုတခုပါ။ ဒီကုမ္ပဏီဟာ ကျွန်တော်ဟာလည်း အစုရှယ်ယာဝင်တယောက်ပါပဲ။ ဒါပေမဲ့ ချမ်းသာပြီးသား ကျွန်တော်ကတော့ ခင်ဗျားတို့ကို ချစ်တဲ့ အကိုအကြီးဆုံးမို့လို့ အလုပ်အများဆုံးလုပ်ရမယ်လို့ ခံယူထားပါတယ်"
"ကျွန်တော် အလုပ်သမားတွေငှားပြီးစက်တွေ အငှားရအောင် ဈေးကွက်ရှာမယ်။ စက်တွေနားလည်တဲ့ အင်ဂျင်နီယာငှားမယ်။ "
**********************
" အရေးအကြီးဆုံးအချက်ကိုပြောပါတော့မယ်။  ခင်ဗျားတို့စက်တွေ အခု ၂၀၀၄ ခုနှစ်မှာဝယ်ထားတယ်။  နောင်နှစ်ကျရင် စက်ဆိုတာ အသစ်တွေပေါ်လာမြဲလေ ။လက်ရှိစက်တွေမော်ဒန်အောက်သွားပြီ။စက်ဆိုတာ ပျက်တာလဲရှိမယ်။ အငှားထိုင်းနေတဲ့ကာလရှိမယ်...။"
"ဒါပေမဲ့ ကျွန်တော် ခင်ဗျားတို့ဘဏ်ကို နေ့စဉ်ငွေလွှဲပေးနိုင်ပါ့မလား ဆိုတဲ့မေးခွန်းရှိလာမယ်။"
"အဖြေကဘာလဲ....?ခင်ဗျားတို့ ပိုက်ဆံနဲ့ ထပ်ရင်းပြီး စက်အသစ်ဝယ်မလား? မလိုပါဘူး။ ခင်ဗျားတို့ အစုရှယ်ယာအသစ်တွေရှာရုံဘဲ။ ဒါအဓိကအချက်ပါ။ ဒါမှ ခင်ဗျားတို့ စက်တွေပျက်တာတို့ မော်ဒန်အောက်တာတို့ကို ကာမိမယ်။"
"ဘယ်လို လူမျိုးတွေဟာ အစုရှယ်ယာဝင်ဖြစ်နိုင်မလဲ...?
"ကျွန်တော်လူတိုင်းကိုတော့ မကူညီနိုင်ဘူး။တွေ့ရာ မြင်ရာ အစုရှယ်ယာဝင်အဖြစ် ကျွန်တော် လက်မခံနိုင်ပါဘူး။"
" ခင်ဗျားတို့ ဆွေမျိုးသားချင်း ဆရာမိဘတို့ကို ပထမဆုံးဦးစားပေးပါမယ်။ ပြီးရင် ပိုက်ဆံမရှာနိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေ ...စာကြိုးစား သင်နေရလို့ အလုပ်မလုပ်နိုင်တဲ့ တက္ကသိုလ်ကျောင်းသားတွေ..သားသမီးတွေ အများကြီးရှိတဲ့ မိသားစုတွေ...ဒုက္ခိတကလေးတွေရဲ့ရှေ့ရေးအတွက် ငွေလိုနေတဲ့မိသားစုတွေပါ။ အကယ်၍ ပိုက်ဆံချမ်းသာသူဆိုရင် ရိုးသားစွာပိုက်ဆံချမ်းသာလာသူတွေ လှူချင် တမ်းချင်သူတွေ ဖြစ်ရပါမယ်"
သူတို့ ကုမ္ပဏီ၌ အစုရှယ်ယာပါဝင်ချင်သူတိုင်း ပါဝင်ခွင့်မရပေ။
သူသည် အစ ပထမတွင် သူ့အကိုအရင်းကိုပင် အစုရှယ်ယာရှင်အဖြစ်လက်မခံခဲ့ပေ။ သူ့အကိုသည် နောက်ပိုင်းတွင် ရလာသောငွေများနှင့် ပြည်သူကို အကျိုးပြုလုပ်ငန်းများလုပ်မည်ဟု ကတိပေးခဲ့သည့်အတွက်  ၄နှစ်အကြာ(၂၀၀၈ ခုနှစ် ) တွင် အစုရှယ်ယာဝင်အဖြစ်လက်ခံခဲ့လေသည်။
************************
ထိုသို့ဖြင့် တယောက်ကို ၄၄သိန်းစီ ရင်းနှီး၍ အစုရှယ်ယာဝင်များနှင့်အတူ BMC ကုမ္ပဏီကြီး စတင်တော့သည်။
အစုရှယ်ယာဝင်တို့၌ရှိသော ငွေ ၄၄ သိန်းကို ဘဏ်ထဲတွင်ထားလျှင် ၃နှစ်အတွင်း အတိုး အနည်းငယ်သာရမည်ဖြစ်သည်။
ဂျို ဟီး ဖားလ် ထံအပ်ပါက  ၃ နှစ်ကြာလျှင် အရင်းငွေပြန်ရမည်....။  ၃နှစ်နောက်ပိုင်းတွင်မူကား အနာဂတ်အတွက် စိတ်ချရသော နေ့စဉ်ဝင်ငွေဖြစ်ပါတော့သည်။
သို့သော် ရိုးသား၍ ကြိုးစားသောသူများသာဂျို ဟီး ဖားလ် ထံမှ ထိုအခွင့်အရေးကိုရရှိနိုင်သည်။
********************
"ကျွန်တော် ဆွီဒင်နိုင်ငံရဲ့ စီးပွားရေးတက္ကသိုလ်တခုကိုရောက်ခဲ့တယ်ဗျာ..."
"ကျောင်းသားတွေတဲ့ဗျာ မြင်မကောင်းဘူး။ ကားအကောင်းစားတွေနဲ့ တော်တော်ချမ်းသာပုံရလို့ ကျွန်တော်စုံစမ်းကြည့်တယ်"
"ကျောင်းသားတွေဟာ နေ့စား အလုပ်လဲမလုပ် မိဘတွေဆီကလဲ ပိုက်ဆံမတောင်းဘူး။ သူတို့ဘယ်က ပိုက်ဆံရနေလဲ....?"
"သူတို့ရဲ့လျို့ ဝှက်ချက်ကိုကျွန်တော်သိခဲ့ရပြီး ကျွန်တော်ချမ်းသာလာခဲ့တယ်။ ကျွန်တော်တို့ ကိုရီးယားနိုင်ငံကကျောင်းသားတွေကိုပြောပြပါမယ်။ ခင်ဗျားတို့ လစဉ်ငွေမှန်မှန်ရပြီး စိတ်အေးချမ်းသာစွာနဲ့ ပညာသင်ကြားရမယ့်နည်းလမ်းပါ။ မိဘတွေ အသက်ကြီးပြီ ဒုက္ခမပေးကြပါနဲ့တော့ဗျာ"
 ဂျို ဟီး ဖားလ်သည် တက္ကသိုလ်ကျောင်းများတွင်လည်း ဟောပြောပွဲများ ဖိတ်ကြားခြင်းခံရ၍ ကျောင်းသားများအားလည်း ကူညီနိုင်ခဲ့သည်။
စသည်ဖြင့်လက်ခွဲကုမ္ပဏီ ၁၀ ခုမှ အခု ၂၀...။ ၂၀ မှ ၄၀....အထိကျယ်ပြန့်ကာ ပြည်သူများကို အကူအညီပေးနိုင်ခဲ့သည်။
အသင်းဝင်တို့သည် တခါမှနောက်မကျသော နေ့စဉ်ဝင်ငွေကို တရက်မှမပျက်အောင် ရပါသည်။ ဂျို ဟီး ဖားလ်သည် သူတို့ကျေးဇူးရှင်ဆိုလည်း မမှားပေ။
အမှန်တကယ် ရိုးသားစွာ ငွေလိုအပ်နေသော အစုရှယ်ယာဝင်များများရှာနိုင်သူတို့သည် ရာထူးတက်၍  ဂျို ဟီး ဖားလ် နှင့် အနီးကပ်ဆက်ဆံခွင့်ရသည်။
အနီးကပ်ရင်းနှီးခွင့်ရလေ ...သူ့အကြောင်းပိုသိလာလေ...သူ့ကို လေးစားလေလေ ဖြစ်ရသည်။ သူတို့ တစ်လ တစ်ခါ ဟောပြောပွဲလုပ်ကြသည်။
"ကျွန်တော်တို့ နိုင်ငံမှာ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်တဲ့သူတွေ ပညာမသင်နိုင်တဲ့ကလေးတွေ ပ ပျောက်စေချင်တယ်။ ကျွန်တော် စာမသင်ခဲ့ရဘူးဗျာ....အမေက ပိုက်ဆံမရှိ...."
သူ့အသံတိမ်ဝင်သွားသည်။ သူ့မျက်ရည်များကိုသုတ်လိုက်သည်။ ငယ်စဉ်က သူ့ဘဝကဲ့သို့ ဆင်းရဲသူများကို တွေ့လျှင် ဝမ်းနည်းလွန်း၍ မျက်ရည်ကျမိသူလည်းဖြစ်သည်။
သူသည် အဖွဲ့ဝင် တစ်ယောက်ချင်းကို တကယ့်ကို သူ့မိသားစုဝင်လို ကူညီတတ်သည်။ စာတော်သော အဖွဲ့ဝင်များ၏ ကလေးများကို ဆုချခြင်း ပရဟိတလုပ်ငန်းများကိုလုပ်ခြင်း စသည့် ကုသိုလ်ရမည့်အလုပ်တို့ကို အထူးစိတ်ဝင်စားသည်။
********************
ဂျို ဟီး ဖားလ် သည်အလွန်ချမ်းသာသည်။ အဆောက်အဦးများ ကုန်တိုက်ကြီးများပိုင်ဆိုင်သည်။သို့သော် မာနမကြီးသောသူဌေးဖြစ်သည်။
သူသည် BMC ကုမ္ပဏီအပြင်  အခြားနာမည်အသစ်တို့ဖြင့် ဟိုတယ်နင့်ခရီးသွားလာရေး၊ အသက်အာမခံ၊ အိမ်ခြံမြေကုမ္ပဏီ အစရှိသည်ဖြင့် ကုမ္ပဏီပေါင်း၈၀ရှိသည်။
သူ၏ ကုမ္ပဏီတို့သည် တောင်ကိုးရီးယားတနိုင်ငံလုံး၌ နေရာအနှံ့အပြားရှိနေသည်။ သူ့ ကုမ္ပဏီအဖွဲ့ဝင်များကို မှန်ကန်စွာ နေ့စဉ်ဝင်ငွေပေးနိုင်သော လွန်စွာ ကတိတည်သောသူဖြစ်သည်။
***********************
 ၂၀၀၆ ခုနှစ်
ဂျို ဟီး ဖားလ်၏ စီးပွားရေးမိသားစုသည် ၂ သောင်း ၄ ထောင် ၅ ရာ ရှိနေလေသည်။
***********************
၂၀၀၈ ခုနှစ်
ဂျို ဟီး ဖားလ်၏ စီးပွားရေးမိသားစုသည် ၇  သောင်းကျော်ဖြစ်လာသည်
**********************
ဒဲဂုမြို့( Daegu )ထောက်လှမ်းရေးတို့က ချမ်းသာလွန်းသောသူ့ကို မသင်္ကာဖြစ်ကြသည်။ သူ၏ အောက်ခြေ ကုမ္ပဏီတို့ကို စစ်ဆေးခြင်းများပြုလုပ်သည်။
"ဆရာကြီး...ကျွန်တော်တို့ ကုမ္ပဏီ ၄ ခုကို တပြိုင်နက်  ထောက်လှမ်းရေးတွေဝင်စစ်သွားတယ်။"
"ဪ...လူတွေ...မနာလိုစိတ်...။ ဝိသမလောသား သူဌေးတွေကိုတော့ စစ်ဆေးရကောင်းမှန်းမသိ.... ။ စစ်ဆေးပါစေကွာ... ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူး..."
**********************
၂၀၀၈ နိုဝင်ဘာလ ၈ ရက် ည ၁၁နာရီ...။
TV ၌ အခြား အစီအစဉ်များပြနေရာမှ "အထူးသတင်း" ဟူ၍ သတင်းကြေငြာသူပေါ်လာ၍ ကြားဖြတ် အထူးသတင်းတစ်ရပ် ကြေငြာခဲ့သည်။
ထို အထူးသတင်းသည် ကိုရီးယားပြည်သူတို့အား သွေးပျက်စေလောက်အောင် တုန်လှုပ်ခြောက်ခြားစေခဲ့သည်။
ထိုသတင်းကတော့....
" BMC ကုမ္ပဏီပိုင်ရှင် ဂျို ဟီး ဖားလ် သည် လူပေါင်းများစွာ၏ ချွေးနည်းစာများကို ပိပိရိရိ လိမ်လည်ရယူခဲ့သော လူလိမ်ဝိဇ္ဇာတစ်ဦးဖြစ်ကြောင်း၊ လွန်ခဲ့သော အပတ်ကတည်းက ထွက်ပြေးတိမ်းရှောင်ပျောက်ကွယ်သွားပြီဖြစ်၍ တွေ့ရှိပါက အမြန်ဆုံး အကြောင်းကြားကြရမည်ဖြစ်ကြောင်း..တာဝန်ရှိသူများကလည်း လိုက်လံရှာဖွေနေကြောင်း...... သတင်းအစုံလင်မှာ...."
"အလိုရှိသည်"
ဟူသော စာတမ်းအောက်မှာ သူတို့ကြည်ညိုခဲ့ရသော  ဂျို ဟီး ဖားလ် ၏ မျက်နှာ...။
"ဟာ...."
"မဟုတ်ပါစေနဲ့ဘုရား။ မဖြစ်နိုင်လွန်းလို့ပါ..."
ဆင်းရဲသားလက်လုပ်လက်စားများ၊ ကျောင်းသားများ၊ သက်ကြီးရွယ်အိုများသည် ဂျို ဟီးဖားလ် ထံပေးရန် အစိုးရဘဏ်မှကြေးငွေများကို ချေးခဲ့ကြသည်။ မည်သို့ ပြန်ဆပ်ရမည်နည်း။
တချို့က အိမ်အပေါင်ခံ၍ ချေးထားသော ဘဏ်မှငွေများ....၊တချို့က မင်္ဂလာဆောင်ရန်စုထားသောငွေများ...၊တချို့ကျတော့ သားသမီးတို့ တက္ကသိုလ်ကျောင်းထားရန် စုထားသောငွေများ...၊ နေမကောင်း၍ ခွဲစိတ်ကုသရန်စုထားသောငွေများကို ခဏရင်းထားကြခြင်းဖြစ်သည်။
ပိုဆိုးသည်မှာ တက္ကသိုလ်ကျောင်းသားများပါနေသည်။ သူတို့သည် ဆင်းရဲသဖြင့် လစဉ် ဝင်ငွေကိုမျှော်လင့်လျှက် သူငယ်ချင်းများစု၍ ကျောင်းမှထောက်ပံ့ကြေးငွေတို့အား  ဘဏ်မှချေးငွေများ ဂျို ဟီး ဖားလ် အား ပေးခဲ့ကြခြင်းဖြစ်လေသည်။
ဂျိုဟီးဖားလ်၏ အကိုအရင်း.... ။
သူသည်လည်း မကြာသေးခင်ကပင် ဂျိုဟီးဖာလ်အား ရှိသမျှငွေ အကုန်ပေးအပ်၍ အစုရှယ်ယာဝင်ခဲ့သည်။ ကလေးများ ကျောင်းထားရန်ပင် ငွေမရှိတော့ပေ။
သူတို့အမေကြီးက နယ်မြို့လေးတွင် ဆင်းရဲမြဲဆင်းရဲလျှက်....။ ဂျိုဟီးဖားလ် သည် အမေကြီးအား မကူညီခဲ့ပါ၊
သူ့ကိုယုံစားမိသောသူများ အားလုံး အထိနာ၍ ဆင်းရဲကုန်ကြသည်။
****************
သူသည် ၇သောင်းကျော်သော တောင်ကိုးရီးယားနိုင်ငံသားတို့မှ ကိုရီးယားနိုင်ငံသုံးငွေဖြစ်သော ဝမ် ( Won )ကုဋ္ဋေပေါင်း သိန်း၄၀၀ကျော် ကိုလိမ်လည်၍ ယူသွားခဲ့သော လူလိမ်အကြီးစား ဝိဇ္ဇာတဦးဖြစ်သည်။ (ဒါတောင် မဖော်ထုတ်နိုင်သောငွေများကျန်သေးသည်ဟုဆိုသည်။)
ကိုရီးယားငွေ ကုဋ္ဋေပေါင်း သိန်း၄၀၀ကျော် ဒေါ်လာနှင့်ပြောလျှင် ($3.5 billion)  ဖြစ်ပါသည်။
******************
🌟အပိုင်း-၂
၂၀၀၈ အောက်တိုဘာလ
ဂျို ဟီး ဖားလ် သည် သူ၏ ညာလက်ရုံး ကင်မ် ထဲ ယုန်း (Kim Htae Yong) ကိုပြောလိုက်သည်။
"အင်း.... အချိန်ကျပြီ...။ အရေးပေါ် အစည်းဝေးခေါ်....။
သူတို့ အရေးပေါ် အစည်းအဝေးလုပ်သည်။
*******************
အတန်းပညာ မသင်ခဲ့သော လူလိမ်သည် အတန်းပညာ အလွန်ကြိုးစားခဲ့သော ထောက်လှမ်းရေး၊ရှေ့နေ၊တရားသူကြီး တို့ကို ငွေဖြင့်ချုပ်ကိုင်လိုက်တော့သည်။
သူ၏ ညာလက်ရုံး ကင်မ် ထဲ ယုန်း (Kim Htae Yong)က အားလုံးကို လာဘ်ထိုးထားလိုက်သည်။
*******************
၂၀၀၈ နိုဝင်ဘာလ ၈ ရက် ည ၁၁နာရီ...။
လာဘ်စားထားသော ထောက်လှမ်းရေးအဖွဲ့ဆီမှ ဂျို ဟီး ဖားလ် လိမ်လည်သော အမှုအကြောင်းကို တောင်ကိုးရီးယား MBC ရုပ်သံတွင် ယနေ့ည ကြေငြာတော့မည်ဖြစ်ကြောင်း သတင်းပေးသည်။
ထိုအခါ ရှိစုမဲ့စု ရင်းနှီးထားသည့်ငွေတို့ အလိမ်ခံရသည်ကို သိသောအခါ ပြည်သူတို့ တုန်လှုပ် ဒေါသဖြစ်၍ သူ့ကို ရန်ပြုကြတော့မည်။
ဒီနိုင်ငံတွင်ဆက်နေ၍မဖြစ်တော့။
*******************
ည၁၁နာရီ
ရင်နာစရာကောင်းပါသည်။
ပြည်သူများသည် MBC ရုပ်သံတွင် ဂျို ဟီး ဖားလ် ၏ ငွေလိမ်မှု အထူးသတင်းကို  ကြည့်ပီး ကမ္ဘာပျက်သလို စိတ်ဒုက္ခရောက်ကြသည်။ တနိုင်ငံလုံး ပူဆွေးဆောက်တည်ရာမရပဲ ငိုကြွေးထိတ်လန့်နေကြသည်။
ထိုအချိန်မှာပဲ  ဂျို ဟီး ဖားလ် နှင့် သူ၏မိသားစု၊ ညာလက်ရုံး၊ တပည့် ၄ ယောက် နှင့် ကျန်းမာရေး စောင့်ရှောက်ပေးသူ သူနာပြုတို့သည် ငွေထုပ်များကို ပိုက်၍ ရဲနှင့် ရေတပ်အကူအညီဖြင့် တရုတ်ပြည်သို့ သင်္ဘောဖြင့်လုံခြုံစွာ ထွက်ခွာခဲ့တော့သည်။
သူသည် တရုတ်ပြည်တွင် နာမည်အသစ် နိုင်ငံသားကဒ်အသစ်ဖြင့် ဘဝအသစ်ကိုထူထောင်လိုက်သည်။
************************
 ဂျို ဟီး ဖားလ် သည် ငယ်စဉ်ကတည်းက  အပြောအဆိုကျွမ်းကျင်သည်။ တဖက်သား ယုံကြည်အောင် ရိုးသားသောမျက်နှာနှင့် လိမ်ညာခြင်းသည် သူ၏ ထူးချွန်သော အရည်အချင်းတစ်ရပ်ဖြစ်သည်။
"ငါ အမေရိကား သွားမလို့ကွာ..။ ငါ့အမေနေမကောင်းလို့မသွားဖြစ်တာကွ။  အမေရိကန်အမျိုးတွေက ခေါ်လှပြီ..."
သူငယ်ချင်းများအထင်ကြီးသွားသည်။ ပါလာသော မုန့်များသူ့ကိုထိုးကျွေးတော့သည်။
"သူငယ်ချင်း ငါတို့ကိုလဲခေါ်ကွာ.."
"အေးပါကွာ..."
*********************
နောက်ပိုင်းတွင် အလုပ်လုပ်၍ရလာသောငွေနှင့်လောင်းကစားပြုလုပ်လာသည်။ လောင်းကစားနိုင်လျှင် ငွေရှိသည်။ လောင်းကစားရှုံးတော့ အရပ်တကာလှည့်၍ လိမ်စားရင်း အသက် ၂၀ အရွယ်တွင် မွေးရပ်မြေကို စွန့်ခွာခဲ့သည်။
သည်လိုနှင့် အသက် ၄၀ကျော်သည့် အထိဘာမှအလုပ်တခု မယ်မယ်ရရမရှိ...။ သူ့အတွက် ပိုက်ဆံဆိုတာ လွယ်လွယ်ရနေသည်ကိုး။
သူသည် သူ့အကိုထံမှ ပိရမစ်စီးပွားရေးရိုက်စားခြင်းစနစ်ကို လေ့လာခဲ့ပြီး ပိုက်ဆံအနည်းငယ်စု ကာ ပြည်သူများကို လိမ်ရန် လူကောင်းယောင်ဆောင် သူဌေးယောင်ဆောင်၍ ပြန်လာခြင်းဖြစ်သည်။
*********************
အမှန်တော့....
ဂျို ဟီး ဖားလ် ၏ ကျန်းမာရေးအထောက်အကူပြုစက်ငှားစားခြင်းလုပ်ငန်းနှင့် အခြားလုပ်ငန်းများအားလုံးသည်" လေ" ဖြင့်လုပ်သော လုပ်ငန်းဖြစ်သည်။ ၂၀၀၄ခုနှစ်အစပိုင်း၌ အယောင်ပြ အနည်းငယ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် စက်ဘယ်နှစ်လုံးဝယ် ဘယ်နှစ်လုံးငှား စသည်တို့ကို စာရွက်စာတမ်းအတုများပြုလုပ်၍ အစုရှယ်ယာဝင်တို့အားပြခဲ့ခြင်းဖြစ်သည်။
အစုရှယ်ယာသမား တို့ ရင်းသော ၄၄ သိန်း ကိုယူထား၍ သူတို့ငွေဖြင့် သူတို့ကို တလ ၁ သိန်း ၂ သောင်းပြန်ပေးနေခြင်းဖြစ်လေသည်။ ၂၀၀၄ ခုနှစ် အစပိုင်းမှ အသင်းဝင်ဟောင်းများကတော့ သူတို့၏ ငွေအရင်းများပြန်ရ၍ အမြတ်များ စ ပြီးရနေချိန်ဖြစ်သည်။ ထိုလူများကို ကြည့်၍ ရင်နှီးမြှုပ်နှံသောသူများကတော့ ဘဝပျက်ကြပြီ။
ဂျို ဟီး ဖားလ် ပါးစပ်လေးတခု အသုံးချ၍ အပင်ပန်းခံလုပ်စရာမလိုသည့် လူလိမ်ဝိဇ္ဇာကြီးဖြစ်ပါသည်။
********************
တောင်ကိုရီးယားနိုင်ငံတွင် လူလိမ်တို့၏  ပိရမစ် စီးပွားရေး ရိုက်စားခွင် (pyramid scheme )သည် ထိုခေတ်ကာလ၌ လိမ်စား၌ မရအောင် ခေတ်နောက်ကျနေပြီဖြစ်သော်လည်း  ဂျို ဟီး ဖားလ် ၏နည်းသည် အသွင်အသစ်ဖြစ်သည်။ ပိရိလွန်းသည်။
သူ၏ ပိရမစ် စီးပွားရေးရိုက်စားခွင်မှာ ယခင်က လူလိမ်ပိရမစ်များကဲ့သို့ ဆေးအတုရောင်းခြင်း မိတ်ကပ်အပေါစားရောင်းခြင်း မဟုတ်သည်ကတကြောင်း၊အစပိုင်း၌ ငွေရင်းနှီးသောသူများ တစ်နေ့ တစ်ခါပိုက်ဆံ အမှန်တကယ် ရနေခြင်းတို့ကြောင့်  အသွင်တမျိုးပြောင်းနေသော ဂျို ဟီး ဖားလ် ၏ ပိရမစ် စီးပွားရေးရိုက်စား စနစ် ကို မည်သူကမျှမရိပ်မိခဲ့ပေ။
အခြား ပိရမစ်စီးပွားရေး ရိုက်စားများလို သူသည်ပင်ပင်ပန်းပန်း အစုရှယ်ယာဝင်များရှာစရာမလို...။ သူက စေတနာရှင်ကြီး ကယ်တင်ရှင်ကြီးအနေဖြင့် အလိုလိုဝင်လာသော အစုရှယ်ယာများကို လက်ခံရုံပဲ ဖြစ်သည်။
လူတို့သည်ယုံလွယ်ကြသည်။
********************
TV အစီအစဉ်တို့မှ ဒုက္ခသည်တို့ အဖြစ်ကိုနေ့တိုင်းကြားရသောအခါ လာဘ် ယူ၍ သင်္ဘောနှင့်တင်ခေါ်ပေးခဲ့သည့် ရေတပ်အရာရှိသည် နောင်တရလာသည်။ သူ့အပြစ်ကို ဝန်ခံ၍ လာဘ်စားသူများအားလုံးကို ဖော်ထုတ်ပြောပြလိုက်လေသည်။
အစိုးရဝန်ထမ်းများ
ရှေ့နေများ
ရဲတပ်ဖွဲ့ဝင်များ
ထောက်လှမ်းရေးများ... အကုန် အဖမ်းခံရ၍ ထောင်ထဲဝင်ကြရတော့သည်။
ထိုအထဲတွင် ကမ်ကောင်းဂျွန်း (Kim Kwang-joon) ဟူသော အစိုးရ ရှေ့နေသည်  ဂျို ဟီး ဖားလ်ထံမှ ကိုးရီးယားငွေ သန်းပေါင်း ၂၄၀ လာဘ်စားထားလေသည်။
******************
၂၀၀၉ ခုနှစ် ဧပြီလ
ကိုရီးယား၌ကျန်ခဲ့သော ဂျို ဟီး ဖားလ် လက်အောက်မှ ဝန်ထမ်း ၁၃ ယောက်အဖမ်းခံရသည်။ သူတို့သည် ငွေလိမ်သည့်အလုပ်ဖြစ်သည်ဆိုတာကို မသိပါဟု ထွက်ဆိုကြသဖြင့် ထောင် ၃ နှစ်စီသာကျခဲ့သည်။
******************
၂၀၁၀ခုနစ်
တရုတ်ပြည်မှရဲများက ဂျို ဟီး ဖားလ် နှင့်အတူနေထိုင်သောသူ တပည့် ၄ ယောက်မှ ၃ ယောက်ကိုဖမ်းမိသည်။
ဂျို ဟီး ဖားလ် ကိုမူ ရှာမတွေ့။
******************
၂၀၁၁ ခုနှစ်
ထွက်ပြေးတိမ်းရှောင်နေသော ကျန်တပည့်တယောက်သည် တရုတ်ပြည်ရဲများမှတဆင့် ရုတ်တရက်လာ၍ အဖမ်းခံလေတော့သည်။
******************
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ
တရုတ်ပြည် (Wuxi, southern Jiangsu Province, China)
ဂျို ဟီး ဖားလ် ဟော်တယ်၌ အရက်သောက်၍ သူ၏ ချစ်သူမိန်းမနှင့် ကာရာအိုကေနှင့် သီချင်းဆိုနေစဉ် ရုတ်တရက်သွေးများအန်၍ ဆေးရုံပို့လိုက်ရပြီး နှလုံးသွေးရပ်၍ သေဆုံးသည်ဟု တရုတ်ပြည်မှရဲများက အတည်ပြုလာသည်။
သက်သေကတော့ ကျန်ရစ်သူမိသားစု၏ အသုဘ ဗီဒီယိုဖြစ်သည်။
သူ၏ ကျန်ရစ်သူမိသားစုသည် အရိုးပြာအိုးထမ်း၍ ကိုရီးယားသို့ပြန်လာလေသည်။
******************
" ဘာ... ? ပြည်သူတွေကို အရူးတွေလို့များထင်နေသလား"
တောင်ကိုရီးယားပြည်သူတို့မည်သူမျှမယုံပါ။
"အသုဘကို ဗီဒီယိုရိုက်သတဲ့လား။ ဂျို ဟီး ဖားလ် ကလည်း အိပ်ပျော်နေသလိုဘဲ..."
"ဘယ်သူက သေတဲ့အချိန် ကင်မရာက အသင့်ရှိပါလိမ့်..." ( ဖုန်းဖြင့်ရိုက်ထားသည် မဟုတ်ပါ..)
တရုတ်ပြည်မှ ရောက်ရှိလာသည့် ဂျို ဟီး ဖားလ် သေဆုံးကြောင်းစာသည် လေကြောင်းဖြင့်လာသော်လည်း တနိုင်ငံနှင့်တနိုင်ငံကြားမှ လူဝင်မှုကြီးကြပ်ရေး တံဆိပ်တုံး မပါခဲ့ပေ။
******************
ကိုရီးယားနိုင်ငံမှ အလောင်း၏ DNA ကိုတောင်းသည်။ သို့သော် ကျန်ရစ်သူမိသားစုက မီးရှို့လိုက်၍ အကုန်ပြာကျသွားသည်ဟုဆိုသည်။
ပို၍ဆိုးသည်မှာ သူသေဆုံးသွားသောရက်စွဲ နောက်ပိုင်းတွင် လူတချို့ သူဂေါက်သီးရိုက်နေသည်ကို တွေ့ခဲ့ကြခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် ဂျို ဟီး ဖား ၏ တူလေးက ဖုန်းပြောသည်ကို မသင်္ကာ၍ ရဲများက အသံသွင်းကြရာ တူလေးက " ဦးလေး စိတ်ဆိုးနေတာလား" ဟုပြောကြောင်းလည်း သိရသည်။
တချို့ကလည်း သူ့ကို ဖိလစ်ပိုင် နိုင်ငံတွင်တွေ့သည် အချို့က ဗီယက်နမ်နိုင်ငံတွင်တွေ့သည်ဟုဆိုသည်။
သူသည် မျက်နှာကိုခွဲစိတ်ပြုပြင်လိုက်သည်ဟုလည်း ဆိုကြသည်။
နောက်ဆုံးတွင် ကိုရီးယားမှ ထောက်လှမ်းရေးအဖွဲ့သည်  ဂျို ဟီး ဖားလ် ၏ သားကို ဖမ်းဆီးလိုက်လေသည်။ သို့သော် ဖခင်ငွေများကို သိမ်းဆည်းပေးမှုဖြင့် ထောင် (၂)နှစ်သာကျခဲ့သည်။
******************
၂၀၁၅ ခုနစ် နိုဝင်ဘာလ
 ဂျို ဟီး ဖားလ် ၏ ညာလက်ရုံး  ကင်မ် ထဲ ယုန်း (Kim Htae Yong) ကိုဖမ်းမိ၍ အမှုများကိုထပ်စစ်ကြသည်။
******************
ဂျိုဟီးဖားလ်အား နောက်ဆုံးတွင် ဥပဒေအရ သေသူစာရင်းထဲထည့်ထားရသော်လည်း ယခုထက်ထိ တောင်ကိုရီးယားပြည်သူတို့ သိချင်သောအရာ တခုရှိပါသည်။
ဂျို ဟီး ဖားလ်သည် တကယ်ပဲသေဆုံးသွားသည်လား ယ္ခုအချိန်အထိ အသက်ရှင်နေသည်လား? သူဘယ်မှာလဲ ဟူ၍ ဖြစ်လေသည်။
သူ့ကြောင့်ဘဝပျက်၍ တောင်းစားရသော သူများ ယနေ့တိုင်ရှိနေသေးသည်။
************************
🌟အပိုင်း-၃
ပိရမစ် ရိုက်စား စီးပွားရေးစနစ် (pyramid scheme)
၁- "A" ဆိုသော လူလိမ်တဦး က  ( ရောင်းမထွက်/ တရားမဝင်/လုပ်ငန်းအတု ) ကုန်ပစ္စည်းအသစ်တခုကို "B" အား အသင်းဝင်အဖြစ်အယုံသွင်း၍ ပိုက်ဆံပေး၍ ဝယ်စေသည်။
၂- "B" ကလည်းထိုနည်းတူ "C" နှင့်" D" အား အသင်းဝင်အဖြစ် စည်းရုံး၍  ပိုက်ဆံပေး၍ ဝယ်စေသည်။
၃-"C" နှင့် "D" ကလည်းထိုနည်းတူ "E,F,G,H" အား အသင်းဝင်အဖြစ် စည်းရုံး၍  ပိုက်ဆံပေး၍ ဝယ်စေသည်။
"A" သည် ထိုနည်းဖြင့် ပိရမစ်ကဲ့သို့ အသင်းဝင်များများရအောင် တည်ထောင်သည်။
အောက်ခြေ အသင်းဝင်များလာလေလေ အပေါ်ပိုင်းမှလူများ ချမ်းသာလာလေလေဖြစ်သည်။သင်သည် အပေါ်ပိုင်းရောက်ချင်၍ ပိုက်ဆံများများရလိုလျှင် အသင်းဝင်များများစည်းရုံးရမည်။
ပိရမစ်ထဲဝင်မိသူများသည် သူတို့၏ ရင်းနှီးမြှုပ်နှံမှုများကြောင့် ရုန်းထွက်လွတ်မြောက်ရန် မလွယ်ကူကြပါ။
 "A" ကတော့ အကျိုးအမြတ်ကို အခံစားရဆုံး သူဖြစ်သည်။
အဓိကပြဿနာမှာ ထိုပစ္စည်းများ/ လုပ်ငန်းများ သည် အမှန်အကန်မဟုတ်ပေ။ စားသုံးသူတို့က ရိပ်မိလာအခါ ထိုလူလိမ်သည် ထွက်ပြေးတိမ်းရှောင်သည်။ ထိုအခါ သူ့အောက်မှ သူများသည်လည်းလူလိမ်ဖြစ်မှန်းမသိဖြစ်တော့သည်။
ထိုသို့သော လိမ်ကွက်ကို ပိရမစ်စီးပွါးရေးရိုက်စားခွင် ( pyramid scheme) ဟုခေါ်သည်။
*********************
၂၀၁၆ ခုနှစ်က ကျွန်မ မြန်မာပြည်ကို ခဏ ပြန်ခဲ့ပါသည်။  မြန်မာပြည်တွင် ပိရမစ်စီးပွားရေးရိုက်စားခွင်ကို အသုံးပြုနေသော လူလိမ်တချို့အား အသွင်အမျိုးမျိုး နှင့်တွေ့နေရပါသည်။ ထို လူလိမ်များအား ရှောင်ကြဉ်နိုင်ရန်နှင့် မိမိလုပ်နေသော အလုပ်သည် ပိရမစ်စီးပွားရေးရိုက်စားခွင် ဟုတ်၊မဟုတ်ပြန်၍ စဉ်းစားနိုင်စေရန်အတွက် တောင်ကိုးရီးယားမှ တကယ့် အဖြစ်အပျက်မှန်ကို ရေးသားတင်ပြလိုက်ရပါသည်။
သင်တို့ ဂျို ဟီး ဖားလ် ကဲ့သို့ လူလိမ်ဝိဇ္ဇာနှင့် တွေ့လျှင် သင့်ချွေးနည်းစာ ပြန်ရဖို့မလွယ်တော့ပေ။
 *********************
တောင်ကိုရီးယားနိုင်ငံတွင် Master (2016 ) ဟူသော ရုပ်ရှင်ကိုရိုက်ကူးခဲ့သည်။ ထိုရုပ်ရှင်ကြည့်၍ ကျွန်မအတ်ာစိတ်မကောင်းဖြစ်ရပါသည်။
Master ရုပ်ရှင်သည် ကိုရီးယားနိုင်ငံသားတို့၏ စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည်ဖေါ်ပေးခဲ့ခြင်းဖြစ်သည်။ရုပ်ရှင် ဇာတ်သိမ်းတွင်  ထောက်လှမ်းရေးအရာရှိ (မင်းသား Gang Dong-won ) က ဂျို ဟီးလ် ဖားလ် (မင်းသား- Lee Byung-hun )ကိုမိအောင်ဖမ်း၍ ပြည်သူ ပြည်သားများကို ငွေများပြန်လည်ဝေပေးနေသည်။ တကယ့်ဖြစ်ရပ်မှာမူ ပြည်သူတို့ ရုပ်ရှင်ထဲကလို ဝမ်းမသာနိုင်ခဲ့ပေ။
*****************
သမာအာဇီဝဖြင့် ရှာထားသော ငွေတကျပ်သည် လိပ်ပြာလုံ၍ ညဘက်တွင်လည်း အပူအပင်မရှိအိပ်ပျော်နိုင်သည်။ သမာအာဇီဝငွေသည် နည်းကောင်းနည်းပါလိမ့်မည်။ သို့သော် ဘယ်သူ့မျက်နှာမှ လိုက်ဖူးမြှော်နေစရာမလိုပဲ လက်မထောင်၍နေနိုင်သည်။ မှန်သည့်ဘက်မှ လက်ညှိုးထိုး၍ ခပ်တင်းတင်း ပြောဆိုနိုင်သည်။
အကြောင်းကိစ္စတစ်ခုကို စတင်ပြီး လိမ်လိုက်ပြီဆိုလျှင် ရှေ့ကအလိမ်မပေါ်အောင် နောက်ဆက်တွဲ ဆင့်ကာဆင့်ကာ ဇာတ်လမ်းအသစ်တွေ ဆက်လက်တီထွင်ကာ တသက်လုံး လိမ်စဉ်ဘဝဖြင့်သာနေနေရတော့သည်။ အလိမ်ပေါ်မှာစိုး၍ ကျီးလန့်စာစားဘဝဖြင့်နေရသည်။
အလိမ်ပေါ်သွားလျှင်လည်း အရှက်ကွဲ ဒုက္ခရောက်သည့်အပြင် မိသားစုကိုပါ လူတောမတိုး မျက်နှာမဖော်ရဲ သည့် ဘဝကို ကျရောက်စေတော့သည်။
သူများမျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ လိမ်လည်ပြီး စားရသော ထမင်းတလုတ်သည် သံရည်ပူမြိုရသကဲ့သို့ ပူလောင်လှကြောင်း လူလိမ်များသာ သိခဲ့ကြမည်ဆိုလျှင်......။
စာအကိုးအကား
(References-
Korea TV news ,
Wikipedia,
MBC- PD interviews,
Pictures and videos from 'Naver')
စာဖတ်သူများကို အမြဲကျေးဇူးတင်လျှက်-
မရွှေမိုး (ကိုရီးယား)
သြဂုတ်လ ၁၁ ရက် ၂၀၁၇
Credit: မရွှေမိုး - ကိုရီးယားရဲ့ Personal Blog
Friday, August 25, 2017
ပျော်တော်ဆက်ရသော မိန်းမလှလေးများအဖွဲ့ (Pleasure Squad)
မြောက်ကိုရီးယားနိုင်ငံ သမ္မတတို့အား ပျော်တော်ဆက်ရသော မိန်းမလှလေးများအဖွဲ့ (Pleasure Squad) ....။
ထိုအဖွဲ့အား ကိုရီးယား ဘာသာလို  ဂိပွန်းဂျို 'Gippeumjo'  ဟုခေါ်သည်။
*****************
ထိုအဖွဲ့အစည်းအကြောင်းကို ကမ္ဘာသို့ စတင် အသိပေးပြောကြားသူမှာ ဂျပန်လူမျိုး Kenji Fujimoto( 藤本 健二 ) ဖြစ်သည်။
ဂျပန်လူမျိုး Kenji Fujimoto သည် ၁၉၈၈ခုနှစ် မှ ၂၀၀၁ခုနှစ် အထိ သမ္မတ ကင်မ်ဂျောင်အီးလ် ( Kim Jong-il) အား ဂျပန်အစားအစာ (Sushi ) ပြုလုပ်ပေးရသော စားဖိုမှူးတယောက်ဖြစ်သည်။
ထိုအဖွဲ့အစည်းအကြောင်းကို ဒုတိယပြောပြသူမှာ ၂၀၁၀ ခုနှစ်တွင် တောင်ကိုရီးယားသို့ထွက်ပြေးလွတ်မြောက်ခဲ့သော မြောက်ကိုရီးယား အမျိုးသမီးတဦးဖြစ်သည်။ သူမသည် သူမ၏ အတွေ့အကြုံကို Marie Claire မဂ္ဂဇင်းတိုက်အား ဖွင့်ဟပြောကြားခဲ့သည်။
ထို၂၀၁၀ မှ ယနေ့အထိ မြောက်ကိုရီးယားမှ ထွက်ပြေးလွတ်မြောက်ခဲ့သူများက ဖြည့်စွက်၍ "ပျော်တော်ဆက် မိန်းမလှလေးများအဖွဲ့" အကြောင်းကို  တောင်ကိုရီးယား TV interview တို့တွင် အသေးစိတ်ပြောကြားခဲ့ပါသည်။
*****************
ပျော်တော်ဆက် မိန်းမလှများအဖွဲ့တွင်မိန်းမလှပေါင်း ၂၀၀၀ ကျော်ပါဝင်သည်။ ထိုမိန်းမလှတို့သည် အဓိကအားဖြင့် သမ္မတကိုဖျော်ဖြေရန်ဖြစ်သည်။ထို့အပြင် မြောက်ကိုရီးယားနိုင်ငံ၏ အုပ်ချုပ်ရေးအဖွဲ့အစည်း (Worker's Party of Korea)ရှိ ရာထူးကြီးသူများကိုလည်း ဖျော်ဖြေရသည်။
*****************
၁၉၇၈ ခုနှစ်
ကင်မ်ဂျောင်အီးလ် ( Kim Jong-il l) က ဖခင် ကင်မ်အီးလ်ဆောင်း ( Kim il Song )အား စိတ်ပျော်ရွှင်စေရန် ပျော်တော်ဆက် မိန်းမလှများအဖွဲ့ စတင်ဖွဲ့စည်းခဲ့သည်။
ထိုမိန်းကလေးများသည် မြောက်ကိုရီးယား၏ အလှဆုံးမိန်းကလေးများ ဖြစ်ကြသည်။
သမ္မတ ကင်မ်ဂျောင်အီးလ်သည် သူ့အဖေအကြိုက် မိန်းမလှလေးများကိုရွေးချယ်ပေးခဲ့သည်။
သမ္မတ ၃ ဦး၏ အကြိုက်ပေါ်မူတည်၍ ပျော်တော်ဆက် မိန်းမလှများအဖွဲ့၏အဖွဲ့ဝင်ဖြစ်ရန် စည်းမျဉ်း စည်းကမ်းတို့သည် အပြောင်းအလဲရှိလေသည်။
*****************
သမ္မတ ကင်မ်ဂျောင်အီးလ်
* မျက်နှာဖောင်းဖောင်းနှင့် ချစ်စရာကောင်းသော မိန်းကလေးများကိုရွေးချယ်သည်။
* အရပ် ၁၆၀ စင်တီမီတာ ကျော်ကျော်ဖြစ်နေရမည်။ (၁၇၀ စင်တီမီတာအောက်)
* ပိန်၍ ကိုယ်လုံးလှရမည်။
* အသက် ၁၆ နှစ်မှ ၁၇နှစ်ကြားဖြစ်ရမည်။
ပျော်တော်ဆက် မိန်းမလှများရွေးချယ်ရေးအဖွဲ့သည် အလယ်တန်းကျောင်းများသို့ လာရောက်၍ မိန်းကလေးများကိုရွေးချယ်ကြသည်။
ထိုသူတို့သည် မိန်းမလှလေးများ လွတ်သွားမည်စိုး၍ တယောက်ချင်း သေသေချာချာ စီစစ်သည်။ အရွေးချယ်ခံရသော မိန်းကလေးများသည် ငြင်းဆန်ပိုင်ခွင့်မရှိပါ။
တခါတရံ သမ္မတကိုယ်တိုင်လာ၍ စင်တော်ကောက်သည်။
*****************
(လက်ရှိ) သမ္မတ ကင်မ်ဂျောင်အွန်း  (Kim Jong-un)၂၀၁၁ ခုနှစ်တွင် ဖခင်ဖြစ်သူ၏  ပျော်တော်ဆက် မိန်းမလှများ အဖွဲ့ကိုဖျက်သိမ်းခဲ့သည်၊
၂၀၁၅ ခုနှစ် ဧပြီလတွင် သမ္မတ ကင်မ်ဂျောင်အွန်း အတွက်" ပျော်တော်ဆက်မိန်းမလှများ အဖွဲ့အသစ်" ကိုထပ်မံဖွဲ့စည်းခဲ့သည်။
သမ္မတ ကင်မ်ဂျောင်အွန်း နှစ်သက်သည့်ပုံစံကတော့
* မျက်နှာသွယ်သွယ် နှင့် ချစ်စရာကောင်းသော မိန်းကလေးများဖြစ်ရမည်။
* အရပ် ၁၇၀ စင်တီမီတာ ကျော်ရမည်။
* ပိန်၍ ကိုယ်လုံးလှရမည်။
* အသက် ၁၆ နှစ်မှ ၁၇နှစ်ကြားဖြစ်ရမည်။
( သို့သော် အသက် ၁၃ နှစ် မိန်းကလေး တယောက်အား ရွေးထားသည်။ )
လက်ရှိ သမ္မတကင်ဂျောင်အွန်းသည် သူ၏ မိန်းမ  လီ ဆိုးလ် ဂျူ ( Ri Sol-ju ) အားထိုအဖွဲ့ထဲမှ ကောက်ယူလက်ထပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။
*****************
အရွေးခံရသော မိန်းကလေးတို့သည် စာမေးပွဲ ၃ ဆင့် အစစ်ခံရသည်။
*****************
ပထမအဆင့် စာမေးပွဲ
မိန်းကလေးတို့သည် သူမကိုယ်သူမ အလှဆုံးဟုထင်သော အမူအရာကို လုပ်ပြရသည်။
သူမ၏ အတော်ဆုံး ဖျော်ဖြေရေးတခုကို သရုပ်ဆောင်ပြရသည်။ သီချင်း၊အက၊အတီးအမှုတ် စသည်...။
မျိုးရိုးကောင်းရမည်။မျိုးရိုးထဲတွင် ထောင်ကျသူမရှိစေရ။
 မျိုးရိုးထဲ၌  မြောက်ကိုရီးယားမှ ထွက်ပြေးသောသူတယောက်ရှိပါက ချက်ချင်း အပယ်ခံရသည်။
*****************
ဒုတိယ အဆင့်စာမေးပွဲ
ပထမအဆင့် အောင်မြင်သောမိန်းကလေးများ သည် တစ်လအကြာတွင် ဆေးစစ်ရသည်။
အဓိက အပျိုစစ် မစစ် ဆေးစစ်ခြင်းဖြစ်သည်။
ထိုမိန်းကလေးတို့ ဒုတိယအဆင့်စာမေးပွဲကျလျှင် အပျိုမစစ်၍ ဖြစ်သဖြင့် ကျောင်းတွင် ခေါင်းမဖော်ရဲအောင် အရှက်ရကြလေသည်။
*****************
တတိယ အဆင့်စာမေးပွဲ
ခြေဆုံး ခေါင်းဆုံး အမာရွတ်တခုရှိလျှင် အပယ်ခံရသည်။
ကူးစက်ရောဂါရှိ မရှိ ၊ ကျန်းမာရေးကောင်းမကောင်း အကုန်စစ်ခံရမည်ဖြစ်သည်။
*****************
တတိယအဆင့် အောင်မြင်သွားသောမိန်းကလေးသည် ဘာဆက်လုပ်ရမည်နည်း...?
အလယ်တန်းကျောင်းပြီးဆုံးပါက မြောက်ကိုရီးယားသမ္မတနိုင်ငံ မြို့တော်  ပြုံယမ်းသို့ အပို့ခံရသည်။ ထိုအချိန်မှစ၍ အသက် ၂၇ နှစ်ပြည့်သည်အထိမိဘ ဆွေမျိုးများနှင့် ဆက်သွယ်ခွင့်မရတော့ပေ။
ပထမဦးစွာ ထိုမိန်းကလေးတို့သည် သမ္မတ ၃ ဦး သမိုင်းကို အသေးစိတ် မှတ်သား ကျက်မှတ်ရလေသည်။
သူတို့နှင့်ပတ်သက်သော စာအုပ်များ ဖတ်နိုင်သလောက်များများ ဖတ်ရသည်။စာစီစာကုံးများရေးရသည်။ ကျေးဇူးတင်ကြောင်းစာလွှာများစွာကိုလဲ အပြိုင်အဆိုင်ရေးရသည်။
ထိုအဆင့်အောင်မြင်မှ တကယ့်သင်တန်းများကို တက်ခွင့်ရသည်။
* လိင်ဖျော်ဖြေမှုပိုင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း
* အဆို အတီး အက ကျွမ်းကျင်မှုသင်တန်း
* အနှိပ် ကျွမ်းကျင်မှုသင်တန်း
* ဧည့်သည် (နိုင်ငံခြားသားများ) များကို ဧည့်ခံခြင်း ကျွမ်းကျင်မှုသင်တန်း
* အဖျော်ယမကာ တိုက်ကျွေးခြင်း ကျွမ်းကျင်မှုသင်တန်း
* အခြေခံ သူနာပြုသင်တန်း
*****************
ထိုသင်တန်းများသင်ကြားလေ့ကျင့်ပြီးသောအခါ ကျွမ်းကျင်သည့် အရည်အချင်းများကိုလိုက်၍ ထိုမိန်းမလှလေးများကို အဓိကအားဖြင့် အုပ်စု ၃ ခုခွဲချလိုက်သည်။
1. လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုပေးသည့်အဖွဲ့ - Manjokjo (만족조)
2. မာဆတ်ခ်ျ အနှိပ်အဖွဲ့ -Haengbokjo (h행복조) –
3. သီချင်းဆို/ အကအဖွဲ့ (တခါတရံ တကိုယ်လုံးချွတ်၍ ကပြရသည်။) Gamujo (가무조)
*****************
သမ္မတက သဘောကျ၍ သူ့အတွက် လိင်မှုကိစ္စဖျော်ဖြေရန် အရွေးချယ်ခံရသော မိန်းကလေးများဆိုလျှင်တော့ ထိုမိန်းကလေးများသည် ထိုသမ္မတ၏ သီးသန့်အကြိုက်တို့ကို သိရှိရန် အထူးသင်တန်းတက်ကြရသည်။
သမ္မတကို ရေနွေးဖြင့် ရေချိုးပေးရသည်မှ စ၍ အင်္ကျီဝတ်ပေးရသည်အထိ လိုလေသေးမရှိ အကြောင်းအရာများကို အသေးစိတ်သင်ကြားရသည်။
တချို့ မိန်းမလှလေးများအား နိုင်ငံခြားပညာတော်သင် လွှတ်သည်။ နိုင်ငံခြားမှသင်ယူလာသော နည်းလမ်းအသစ်များနှင့် သမ္မတကို စိတ်ပျော်အောင် ပြုစုတတ်စေရန်ဖြစ်သည်။
*****************
အသက် ၂၇ နှစ်ရောက်လျှင် အသက်ကြီးသွား၍ သမ္မတက အလိုမရှိတော့...။ ထိုမိန်းကလေးတို့သည် စစ်တပ်တာဝန်ထမ်းဆောင်ရတော့သည်။ထိုအခါမှ မိဘဆွေမျိုးတို့ဖြင့် ဆက်သွယ်ခွင့်ရသည်။
ပျော်တော်ဆက်မိန်းမလှများအဖွဲ့မှကူးပြောင်းလာသော စစ်မှုထမ်းမိန်းမများသည် တခါတည်းနှင့် ရာထူးကောင်းကောင်း အမြှောက်စားခံရသည်။
သာမာန်စစ်အမှုထမ်းမိန်းမများသည် မည်သို့ဘဲကြိုးစားပါစေ ရာထူးကြီးကြီးရရန်မလွယ်ပေ။
*****************
အသက် ၂၇ နှစ် မပြည့်ခင်  ( ဥပမာ-မှတ်ဉာဏ်မကောင်း၊ ထိခိုက်ဒါဏ်ရာကြောင့် အမာရွတ်တခုရရှိ၊  စသည်... ) အကြောင်းတခုခုကြောင့် ပျော်တော်ဆက် မိန်းမလှများအဖွဲ့မှ အပယ်ခံရသူများသည်လည်း မိဘဆွေမျိုးများထံ ပြန်ခွင့်မရှိပေ။
ထိုမိန်းကလေးများသည် အသက် ၂၇ ပြည့်သည်အထိ သတ်မှတ်ထားသောအဆောင်၌ သာ နေရသည်။
ထိုမိန်းကလေးများအား သမ္မတလက်အောက်ရှိ ပထမတန်းစား အုပ်ချုပ်ရေးပိုင်း ယောက်ျားသားများဓာတ်ပုံပြ၍ သူမကြိုက်သောယောက်ျားကိုရွေးချယ်စေသည်။ ထိုသူနှင့် တွေ့ဆုံပြီး သူမက သဘောကျလျှင် လက်ထပ်ခွင့်ရှိသည်။
ထူးဆန်းသည်မှာ ထိုမိန်းကလေးများက ယောက်ျားများကိုရွေးချယ်ရခြင်းဖြစ်သည်။ ယောက်ျားများက ရွေးချယ်ခွင့်မရှိပေ။
ထိုမိန်းကလေးများက သူမ လက်ထပ်ချင်သည့် ယောက်ျားမတွေ့လျှင် သမ္မတပျော်တော်ဆက် မိန်းမလှများအဖွဲ့၏ အကူအလုပ်သမများအဖြစ် အသက်၂၇ ပြည့်သည်အထိ နေထိုင်ရမည်ဖြစ်သည်။
၂၇ နှစ်ပြည့်လျှင် အခြား မိန်းမလှလေးများ နည်းတူ စစ်တပ်၌ တာဝန်ထမ်းဆောင်ရသည်။ ထိုအခါမှ သူများနည်းတူ မိဘဆွေမျိုးတို့ဖြင့် ဆက်သွယ်ခွင့်ရသည်။
*****************
သမ္မတပျော်တော်ဆက် မိန်းမလှများအဖွဲ့မှ ထိုမိန်းမလှလေးများသည် မည်သို့သော အကျိုးကျေးဇူးများကိုခံစားရသနည်း...?
မြောက်ကိုရီးယားနိုင်ငံတွင် မိန်ကလေးတယောက်သည် သမ္မတပျော်တော်ဆက် မိန်းမလှများအဖွဲ့သို့ အရွေးချယ်ခံရလျှင် အလွန် ဝမ်းမြောက်ဂုဏ်ယူကြသည်။
အဘယ်ကြောင့်ဆိုသော် သူမသည် နိုင်ငံ၏ အလှဆုံးသော မင်းသမီးများဟုအသိအမှတ်ပြုခံရသောကြောင့်ဖြစ်သည်။
ထိုမိန်းမလှလေးများ၏ အနာဂတ်သည် တောက်ပနေသည်။ သူမဘဝ တသက်တာ ဆင်းရဲခြင်းမှ လွတ်ကင်းပြီဖြစ်သည်။
*****************
ထိုမိန်းမလှလေးများအားလုံးသည် နိုင်ငံတော်မှပေးသော လစာကောင်းကောင်း ( ၄,၇၀၀,၀၀၀ ဝမ် ) ရကြသည့်အပြင် သမ္မတတို့က သဘောကျလျှင် အပိုဆုငွေများလည်းရကြသည်။
ထို့အပြင် သမ္မတချစ်သော မိန်းကလေးများသည် နိုင်ငံခြားမှ မုန့်ပဲ သရေစာများ အဖိုးတန် အဝတ်အစားများ အဖိုးတန် လက်ဆွဲအိတ်များ လက်ခံရရှိတတ်သည်။
လက်ရှိ သမ္မတကင်ဂျောင်အွန်းဆိုလျှင် သူချစ်သောမိန်းကလေးတချို့အားအထူး နံပါတ်တပ်ထားသော မာစီးဒီးစ် ကား( Mercedes Benz ) များကိုပေးသည်ဟုဆိုသည်။ နိုင်ငံခြားသို့ အပျော်ခရီးထွက်ခွင့်လည်းပေးသေးသည်။
*****************
အသက် ၂၇ နှစ်ကျော်သွားသဖြင့် စစ်တပ်တာဝန်ထမ်းဆောင်ရသောမိန်းကလေးတို့သည် အတိတ်က သမ္မတသည် သူမအပေါ်ဘယ်အထိ အရေးပေးခဲ့သည် ဘယ်အဆင့်အထိချစ်တင်းနှီးနှောခဲ့သည်ကို မူတည်၍ ရာထူးအနိမ့် အမြင့် ရကြသည်။
အထူးသဖြင့်သမ္မတနှင့်အတူ အိပ်စက်ဖူးပါက အထူးအခွင့်အရေးများ အများဆုံးရကြသည်။
အသက် ၂၇ ကျော်သွားသော်လည်း သမ္မတက အနားမှာရှိစေချင်သော မိန်းမလှများကတော့ စစ်တပ်ထဲမဝင်ရပါ။
သမ္မတအနီးနေရသော အချက် အပြုတ် အိမ်အလုပ် စသည့် အလုပ်တာဝန်တခုခုကို အပေးခံရတတ်သည်။
*****************
ထိုမိန်းမလှလေးများသည် တနည်းအားဖြင့် တိုင်းပြည်တွင် ဩဇာအာဏာရှိသူများလည်းဖြစ်သည်။
ထိုမိန်းမလှလေးများ အသက် ၂၇ ကျော်၍ သာမာန် လူတန်းစား အသိုင်းအဝိုင်းသို့ကျင်လည်သည့်အခါ လက်ထပ်ချင်သူများပြား၍ တလေးတစား အရေးပေးခြင်းခံရသူများလည်းဖြစ်ပါသည်။
ထိုမိန်းမလှလေးများ နေမကောင်းဖြစ်လျှင် အုပ်ချုပ်ရေးလူတန်းစားများသာ တက်ရောက် ဆေးကုသခွင့်ရသော အထူးဆေးရုံတွင်အခမဲ့ ဆေးကုသခွင့်ရကြသည်။
သမ္မတနှင့် အထက်လူကြီးများနှင့် ရင်းနှီးသော ထိုမိန်းမလှလေးတချို့သည်မာနကြီး၍ မောက်မာကြသည်ဟုလည်းဆို၏။
ပြည်သူတို့သည် ထိုမိန်းမလှလေးများ အသက်ကြီး၍ အဖွားကြီးဖြစ်နေပါစေ... မလေးမခန့် စိတ်အနှောင့်အယှက်ဖြစ်အောင်မလုပ်ရဲကြပေ။
*****************
ထူးဆန်းတာနောက်တခုရှိသေးသည်။
ဒုတိယတန်းစားမိန်းမလှများ ပျော်တော်ဆက် အဖွဲ့ဖြစ်သည်။
အသက် ၃၀ ကျော် မုဆိုးမ၊ တခုလပ် ၊ကလေးအမေတို့ အလွန် ချောမောလှပနေလျှင်လည်း ဒုတိယတန်းစား ပျော်တော်ဆက် အဖွဲ့မှ ရွေးချယ်ခြင်းကို ခံရလေသည်။
ထိုမိန်းကလေးတို့သည် သမ္မတလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အထက်အရာရှိများ မကျန်းမမာဖြစ်လျှင် အလုပ်အကျွေးပြုကြရသည်။ လိုအပ်လျှင် လိင်မှုကိစ္စပိုင်းဆိုင်ရာပြုစုခြင်းများလည်းပြုလုပ်ပေးရသည်ဟုဆိုသည်။
ထိုမိန်းမချောများသည် မည်သို့သော အကျိုးကျေးဇူးများကိုခံစားရသနည်း...?
ထိုအမျိုးသမီးတို့၏ လစာကောင်းကောင်းရသည့်အပြင် သားသမီးတို့သည် မြောက်ကိုရီးယားရှိ အဆင့်မြင့်တက္ကသိုလ်သို့ စာမေးပွဲမဖြေပဲ အစိုးရထောက်ပံ့ကြေးဖြင့် တက်ခွင့်ရလေသည်။
*****************
မြောက်ကိုရီးယားနိုင်ငံ၏ သမ္မတပျော်တော်ဆက် မိန်းမလှများ အဖွဲ့တွင် အလွန်လှပသော နိုင်ငံခြားသူများ ( များသောအားဖြင့်  ရုရှားအမျိုးသမီးများ)လည်းပါဝင်သည်ဟုဆိုကြသည်။
*****************
ဤဆောင်းပါးကိုဖတ်ပြီး လောကနိယာမနှင့် မညီညွတ်မှုများကို များစွာတွေ့ရှိနိုင်သည်။
ထိုမိန်းမလှလေးများသည် အလယ်တန်းကျောင်းသူဘဝမှာပင် သူမတို့၏ဘဝရည်မှန်းချက်မှာ ပျော်တော်ဆက် အလှပြဖျော်ဖြေရေးမယ်တစ်ယောက်ဖြစ်ရန် မျှော်လင့်ကြပေမည်။
ဖျော်ဖြေရေးမယ်အဖြစ် အရွေးချယ်ခံရခြင်းသည်ပင် သူမတို့အတွက် အောင်မြင်မှုနှင့် ဂုဏ်တက်စရာဖြစ်နေသည်။
ဤသို့ဖြစ်ရသည်မှာ ထိုတိုင်းပြည်၏ အာဏာရှင်တို့ ဖန်တီးထားသောစနစ်ဆိုးကြောင့် ဖြစ်သည်။ ထိုမိန်းကလေးတို့တွင် ငြင်းဆန်ပိုင်ခွင့်မရှိ။ ရွေးချယ်ပိုင်ခွင့်မရှိ။
ထိုမိန်းကလေးတို့၏စိတ်တွင် သူမတို့သည် သွေး၊ ချွေး၊ ခန္ဓာကိုယ်နှင့် တဘဝလုံးကို ပေးဆပ်ထားသော...တာဝန်ကျေပွန်အောင်ထမ်းဆောင်နေသော... ထူးချွန်ပြောင်မြောက်ကြသောသူများဟု မိမိကိုယ်ကို မိမိ ခံယူထားကြလေသည်။
ထို့ကြောင့် သူတို့သည် မောက်မာကြသည်။ ဘဝင်မြင့်ကြလေသည်။
*****************
စစ်အာဏာရှင် အစိုးရသည် တိုင်းသူပြည်သားအားလုံး ကို ခြောက်လှန့်ခြင်းနှင့် အကြောက်တရားအောက်တွင် ဟန်ချက်ညီအောင် အစီအစဉ်တကျ ထိန်းသိမ်းထားသည်။
ပျော်တော်ဆက် မိန်းမလှလေးများအဖွဲ့သည် အထင်ရှားဆုံး ဥပမာဖြစ်သည်။ ထိုအဖွဲ့သည်လောကနိယာမနှင့် မည်မျှပင် ကွာဟနေပါစေ မြောက်ကိုရီးယားနိုင်ငံတွင်မူအထွတ်အထိပ် ဂုဏ်ယူဝင့်ကြွားဖွယ်ဖြစ်နေသည်။
ပျော်တော်ဆက်မိန်းမလှလေးတို့သည် မြောက်ကိုရီးယားနိုင်ငံအပြင်မှ တကယ့် လူ့အခွင့်အရေး တကယ့်အမှန်တရားကို သိချင်ကြမည်ထင်ပါသလား?
အကယ်၍...သူမတို့ အမှန်တရားကို သိလာခဲ့လျှင် သူတို့တဘဝလုံး ကြိုးစား ထူးချွန် ဂုဏ်တက်ခဲ့သမျှအရာအားလုံး သဲထဲရေသွန် ဖြစ်ကုန်တော့မည် ဖြစ်သည်။
သူမတို့အတွက်တော့ ပြောင်းလဲခြင်းသည် ကြောက်စရာအကောင်းဆုံးဖြစ်နေပေမည်။
သူမတို့ဘဝသည်သာ အကောင်းဆုံးဟု ထင်နေကြပေမည်။
*****************
ဖျော်ဖြေရေးမယ် မိန်းမလှလေးများ၏ မိဘများသည် သူတို့ သမီးများ၏ဘဝကို တကယ်ပင် ကျေနပ်ဝမ်းမြောက် ဂုဏ်ယူနေကြပါသလား?
ထိုမိန်းကလေးများနှင့်လက်ထပ်ကြသော ယောက်ျားများ၏ခံစားချက်သည် မည်သို့ရှိမည်နည်း?
အကြောက်တရား၏အောက်တွင်ရှိသော အဖြေသည် သံသယဝင်ဖွယ်ရာအတိပင်...။
*****************
အာဏာရှင်သမ္မတတို့သည် သူတို့လိုချင်တာမှန်သမျှကို ခြောက်လှန့်ခြင်းဖြင့် ရယူထားသည်။ ပြည်သူတို့ သွေးချွေးများနှင့်ရင်းထားသည့် ပြည်သူ့ ဘဏ္ဍာ အခွန်အတုတ်တို့နှင့် စည်းစိမ်ကို အပြည့်အဝ ခံစားနေသည်။
တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူသည် တိုင်းပြည်၏ ဖခင်ဖြစ်သည်။ ပြည်သူများသည် သားသမီးများဖြစ်သည်။ ယခု ပြည်သူတွေမှာ ဆင်းရဲငတ်ပြတ်၊ အစာရေစာမရှိ၊ ရောဂါများထူပြောကာ လမ်းမများပေါ်၌ အေးခဲသေဆုံးနေကြသဖြင့် ပြည်သူကို လူလို့ပင် သတ်မှတ်ပုံမရတော့ပါ။
သူတို့သည် တိုင်းပြည်၏သမီးပျိုများကို လက်ပါးစေ ငွေဝယ်ကျွန်များလို...လိင်ကျွန်များလို.. ဆက်ဆံ၍ အသုံးတော်ခံနေသည့် အာဏာရ မုဒိမ်းကောင်ကြီးများသာဖြစ်ပါသည်။
ထိုကဲ့သို့ အာဏာရှင်တို့၏ စနစ်ဆိုးကြီးများ ကျဆုံးမှသာလျှင် ကျွန်မတို့ ကမ္ဘာကြီးသည်လည်း အမှန်တကယ် ငြိမ်းအေးနိုင်ပါလိမ့်မည်။
*****************
စာကြွင်း....။
မြောက်ကိုရီးယားနိုင်ငံ သမ္မတတို့အား ပျော်တော်ဆက်ရသော မိန်းမလှများအဖွဲ့ အကြောင်းကို ဗဟုသုတအနေဖြင့်သာ ရေးသားတင်ပြခြင်းဖြစ်သည်။
ထိုအမျိုးသမီးလေးများ၏ ကံအကြောင်းတရားနှင့် တိုင်းပြည်အခြေအနေအရ ထိုကဲ့သို့တာဝန်ထမ်းဆောင်နေကြရခြင်းဖြစ်သဖြင့် နှိမ့်ချ ရိုင်းပြသော ကွန်မန့် (comments ) များဖြင့် ဝေဖန်ခြင်းမပြုကြရန် မေတ္တာရပ်ခံပါသည်။
မရွှေမိုး ( ကိုရီးယား )
သြဂုတ်လ ၂၄ ရက် ၂၀၁၇
အကိုးအကား
References
Wikipedia (pleasure squad)
Korea TV Interviews (기쁨조)
Credit: မရွှေမိုး - ကိုရီးယား ´s Personal Blog
Wednesday, August 23, 2017
ဓါတ်ပုံပညာတိုးတက်ချင်ရင်
How to Improve Your Photography Skills
================================
ဓါတ်ပုံပညာတိုးတက်ချင်ရင်
"Practice makes perfect"
“မနောက်ပါနဲ့ဦးလေးရာ” “မနောက်ပါဘူး ငါ့တူရာ” တကယ်ပြောတာပါ။ တိုးတက်ချင်ရင် လေ့ကျင့်ပါ။ များများတိုးတက်ချင်ရင် များများလေ့ကျင့်ပါ။ တစ်ခုပဲရှိတယ် လေ့ကျင့်တယ်ဆိုတဲ့နေရာမှာ နည်းမှန်လမ်းမှန်မဟုတ်ရင်၊ သို့မဟုတ် ဖြတ်လမ်းမသိရင် ဆရာ မပြရင် ငါးပိဖုတ်တောင် နည်းမကျ ဆိုသလို တိုးတက်မှုနှေးကွေးနိုင်တယ်။ ထိရောက်မြန်ဆန်တဲ့ နည်းလမ်းတွေ သိထားရင်တော့ ပိုပြီးခရီးရောက်နိုင်တာပေါ့ဗျာ။
ဓါတ်ပုံပညာလေ့လာနေကြတဲ့ သူငယ်ချင်းတွေအတွက် ကျနော်သိထားသလောက်၊ ဖတ်မှတ်လေ့လာထားသလောက် ထိရောက်မယ့်နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။
1. Learn the Basics
--------------------------
ဘယ်ဟာမဆို အောက်ခြေကစရမှာပါ။ ရေတွင်းတူးတာက လွဲလို့ပေါ့လေ။ ဓါတ်ပုံပညာအခြေခံတွေကို သိအောင်လေ့လာပါ။ Exposure ဆိုတာဘာလဲ။ Aperture, ISO နဲ့ Shutter speed တွေက exposure ပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလဲ။ F-stop ဆိုတာဘာလဲ။ ကင်မရာတစ်လုံး ရဲ့ အလုပ်လုပ်ပုံ အခြေခံကဘာလဲ စတာတွေကို လေ့လာပါ။ ကင်မရာလက်ထဲရောက်လာလို့ မျက်စိထဲ လှတယ်ထင်တာတွေ လျှောက်ရိုက်ပေမယ့် ပုံကောင်းထွက်လာဖို့ ခဲယဉ်းပါတယ်။ ကင်မရာကမြင်တာနဲ့ မျက်စိကမြင်တာ ဘယ်လိုကွာခြားမှုတွေရှိတယ်ဆိုတာ သိထားဖို့လိုပါတယ်။ ဒီအခြေခံတွေကို လေ့လာနိုင်တဲ့ websites တွေ အများကြီးရှိပါတယ်။ အဲဒီထဲက တစ်ခုကို အောက်မှာ လင့်ပေးထားပါတယ်။ အင်္ဂလိပ်စာ အားနည်းတဲ့ သူငယ်ချင်းတွေအတွက် အဲလိုအခြေခံလေးတွေကို ဘာသာပြန်ပြီး ပို့စ်လေးတွေ တင်ပေးဖို့တော့ စိတ်ကူးထားတယ်ဗျာ။
https://photographylife.com/what-is-aperture-in-photography
ဒီလင့်က Understanding Aperture - A Beginner's Guide ပါ။ aperture အကြောင်း၊ DoF လို့ခေါ်တဲ့ Depth of Field အကြောင်းတွေ ရှုင်းပြထားပါတယ်။ အဲဒီကမှ တခြား Shutter, ISO အကြောင်းတွေ စပ်ဆက်လေ့လာနိုင်ပါတယ်။
2. Get to Know Your Camera
------------------------------------------
ကိုယ့်ရဲ့ ကင်မရာဟာ ဘာတွေလုပ်နိုင်သလဲ၊ ဘယ်လောက်လုပ်နိုင်သလဲ၊ ဘယ်လို control လုပ်ရမလဲဆိုတာတွေ သိအောင်လေ့လာပါ။ မဟုတ်ရင်တော့ မျောက်အုံးသီးရသလိုပဲ နေမှာ။ အရေးကြီးတဲ့ အချိန်မှာ Aperture/Shutter speed dial ကို ဘယ်ညာ လှည့်မှားနေတာ။ Metering mode ပြောင်းဖို့ menu ထဲမှာလိုက်ရှာနေရတာ၊ ISO ဘယ်မှာပြောင်းရမှန်းမသိတာ စတာတွေနဲ့ ပုံကောင်းတစ်ပုံရနိုင်တဲ့ အခွင့်အရေး ဆုံးရှုံးသွားနိုင်ပါတယ် (မယုံမရှိနဲ့ ကိုယ်တွေ့)။ အဲဒါကြောင့် ကိုယ့်ကင်မရာအကြောင်း အူမချေးခါးမကျန် မသိတောင်မှ တော်တော်များများတော့ သိထားသင့်တာပေါ့။ အကောင်းဆုံးက ကင်မရာနဲ့အတူပါလာတဲ့ Manual ကိုဖတ်ပါ။ ကင်မရာဝယ်တုံးက မပါလာလဲ အင်တာနက်မှာ အလကားဒေါင်းလို့ရပါတယ်။ ဒေါင်းဖို့အခက်အခဲရှိရင် comment section မှာကင်မရာ Model ပေးခဲ့ပါ။ ဒေါင်းပြီး email ပို့ပေးပါ့မယ်။ စာဖတ်မပျင်းပါနဲ့။ ကိုယ့်ကိုယ်ကို သိလှပြီလို့လဲ ဘယ်တော့မှ မထင်ပါနဲ့။ Manual ထဲမှာ ကိုယ်မသိတာတွေ အများကြီးရှိနိုင်ပါသေးတယ်။ Manual ကိုကျေညက်သွားရင်တော့ အုံးသီးကနေ ငှက်ပျောသီးဖြစ်သွားပြီပေါ့။
3. Take Your Camera Everywhere
---------------------------------------------
ဖြစ်နိုင်ရင် ခင်မာလာကို မျက်စေ့အောက်က အပျောက်မခံပါနဲ့။ သွားလေရာမှာ ကင်မရာပါပါစေ။ ကင်မရာလက်ထဲရှိနေရင် ရွစိရွစိနဲ့ ဟိုဟာရိုက်ချင် ဒီဟာရိုက်ချင်ဖြစ်တာပေါ့ဗျာ။ ပထမတော့ point and shoot အဆင့်ပေါ့။ အဲဒီကနေ တဆင့်တက်လာရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေကို ပိုပြီး ဂရုစိုက်တက်လာမယ်။ မြင်တက်လာမယ်။ ဘယ်ဟာလေးကို ဘယ်လိုရိုက်လိုက်ရင် ပုံကောင်းလေးဖြစ်နိုင်တယ် ဆိုတဲ့ စိတ်ကူးစိတ်သန်းလေးတွေ ပိုပြီးရင့်ကျက်လာမယ်။ ကင်မရာမပါတောင်မှ စိတ်ကူးထဲမှာ ရိုက်ကြည့်တက်အောင် ကြိုးစားပြီးအကျင့်လုပ်ပါ။တကယ်အကျိုးရှိပါလိမ့်မယ်။
4. Learn from the Masters
----------------------------------
ဓါတ်ပုံဂရုကြီးတွေဆီက ရနိုင်သလောက် လေ့လာသင်ယူပါ။ လူကိုယ်တိုင်သွားပြီး တပည့်ခံရမယ်လို့တော့ မဆိုလိုပါဘူး။ ဖြစ်နိုင်ရင်တော့ ကောင်းသပေါ့ဗျာ။ ဒါပေမယ့် ဘယ်လိုမှ Ansel Adams ရဲ့တပည့်တော့ မဖြစ်နိုင်တော့ဘူးမလား။ သူတို့ရဲ့ပုံတွေက ဘာကြောင့် ဒီလောက်ကောင်းနေသလဲ၊ composition အယူအဆတွေ၊ အလင်းအမှောင် အယူအဆတွေ လေ့လာနိုင်ပါတယ်။ ပြီးတော့ စုတုပြု လုပ်ရမှာပေါ့။ ဂရုကြီးတွေလို့ အများက လက်ခံထားကြတဲ့ ဆရာ့ဆရာကြီးတချို့နဲ့ နာမည်ကျော် ဓါတ်ဆရာတချို့အကြောင်းကို လေ့လာနိုင်အောင် link လေးတွေ အောက်မှာပေးထားပါတယ်။
Ansel Adams
Alfred Stieglitz
Henry Cartier-Bresson
Eve Arnold
Tim Hetherington
Zack Arias
Yousuf Karsh
5. Projects, projects, porjects
---------------------------------------
Project တွေလုပ်ပါ။ project တစ်ခုပြီးမြောက်အောင်မြင်ဖို့ဆိုတာ စိတ်ရှည်ဇွဲသန်ဖို့လိုပါတယ်။ project အဆုံးမှာ တိုးတက်မှုတစ်ခုတော့ အနည်းဆုံးရှိမှာပါ။ Project ဆိုတာဘာလဲ၊ ဘယ်လိုလုပ်ရမလဲ မသိသေးတဲ့ သူငယ်ချင်းတွေအတွက် idea လေးတွေရအောင် ထင်ရှားတဲ့ project အချို့ကို ဖော်ပြပေးပါ့မယ်။
365 or Project 365 - ဓါတ်ပုံသမားတိုင်းလိုလို ကြိုးစားကြတဲ့ project ပါ။ ရည်မှန်းချက်က ရှင်းပါတယ်။ တစ်နေ့ကို ဓါတ်ပုံတစ်ပုံနှုံးနဲ့ တစ်နှစ်စာ ၃၆၅ ပုံရိုက်ပါမယ်လို့ ပြောတာပါ။ တစ်နေ့တစ်ပုံရိုက်ဖို့ဆိုတာ လွယ်လွန်းတယ် မထင်ပါနဲ့။ အချိန်ကြာလာတာနဲ့အမျှ ကင်မရာမကိုင်ဖြစ်တဲ့နေ့တွေ ရှိလာမှာ ကျိန်းသေပေါက်ပါ။ အဲဒီအခါမျိုးမှာ ငါ့မှ ဒီပရောဂျက်ရှိနေတယ်၊ ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ commitment ရှိမှသာ အောင်မြင်ပြီးဆုံးနိုင်မှာပါ။
Project 52 or 52 Weeks - ဒါကတော့ 365 ထက်နည်းနည်းပို သက်သာတဲ့ ပရောဂျက်ပါ။ တစ်ပတ်ကို တစ်ပုံ၊ တစ်နှစ် 52 ပတ်၊ 52 ပုံ ရိုက်ရမှာပါ။
100 Strangers - ဒါကတော့ အထူးသဖြင့် Street photographer တွေအတွက်ပါ။ ကိုယ်မသိတဲ့ လမ်းပေါ်က လူစိမ်း အယောက် ၁၀၀ ရဲ့ပုံတွေကို မှတ်တမ်းတင်ဖို့ပါ။ တစိမ်းတစ်ယောက်ကို ဓါတ်ပုံသွားရိုက်ဖို့ဆိုတာ ပေါ့သေးသေး စိမ်ခေါ်မှုမဟုတ်ပါဘူး။ အခန့်မသင့်ရင် အနည်းဆုံးတော့ အထိုးခံရနိုင်တယ် (မျက်စောင်း)။
Nifty Fifty - ဒါကတော့ ဓါတ်ဆရာအချင်းချင်းပဲသိတဲ့ အခေါ်အဝေါ်ပါ။ 50mm Lens ကိုပြောတာပါ။ 50mm Lens ဟာ လူ့မျက်စိနဲ့မြင်ရတဲ့ မြင်ကွင်းနဲ့ အနီးစပ်ဆုံးတူတယ်လို့ဆိုပါတယ်။ Crop frame camera အတွက်တော့ 35mm ဖြစ်ပါလိမ့်မယ်။ ဒီပရောဂျက်မှာတော့ 50mm Lens ကိုပဲသုံးပြီး အချိန်အတိုင်းအတာတစ်ခုအထိ ရိုက်ပါ့မယ်ပြောတာပါ။ ဥပမာ ၃လ၊ ၆လ စသဖြင့်ပေါ့။ တခြား Lens တွေပြောင်းမသုံးပဲ၊ အထူးသဖြင့် Zoom Lens တွေမသုံးပဲ Fixed focal length lens သို့မဟုတ် Prime Lens တွေပဲသုံးခြင်းအားဖြင့် composition skill ပိုကောင်းလာနိုင်ပါတယ်။ တနေရာထဲ အသေရပ်ပြီး Zoom လေး ထုတ်လိုက်သွင်းလိုက် လုပ်နေတာထက် ခြေထောက်ကို အသုံးပြု နေရာယူရတော့ ပိုပြီးမြင်တက်လာမှာပါ။ focal length အသေနဲ့ လိုချင်တဲ့အရာတွေပါဝင်လာအောင် angle အမျိုးမျိုးကနေ အနီးအဝေး ကြံဆပြီး ရိုက်တက်လာမယ်။ အင်မတန်အကျိုးရှိပါတယ်။
Self Portraits - ရိုက်စရာမရှိ ကိုယ့်ဘာသာကိုယ် ပြန်ရိုက်ဗျာ။ တကယ်ပြောတာပါ။ အချိန်တစ်ခုသတ်မှတ်ပြီးရိုက်မလား၊ ဥပမာ 365 project မှာ self portraits တွေချည့်ပဲ 365 ပုံရိုက်တာ။ ဒါမှမဟုတ် Self Portarits 100 ဆိုပြီး ပုံ ၁၀၀ ပြည့်အောင်ရိုက်တာပေါ့။ ကိုယ့်ပုံကိုယ်ရိုက်တာပဲ လွယ်တယ်မထင်ပါနဲ့။ ပုံ ၂၀ လောက်ရိုက်ပြီးရင် ဘယ်လိုထပ်ရိုက်ရပါ့မလဲဆိုတာ တကယ်ခေါင်းစားစရာဖြစ်လာမှာပါ။ ကြိုးစားကြည့်ပေါ့ဗျာ။
Colors - ဥပမာ Red ဆိုပြီး ကာလာအနီရောင်တွေကို အသားပေးရိုက်တာမျိုး၊ စာတိုက်ပုံး၊ မီးသတ်ကား စသဖြင့်ပေါ့။ သို့ကလို ပရောဂျက်တွေ များစွာရှိပါတယ်။ ကိုယ့်ဘာသာကိုယ်လည်း တီထွင်ကြံဆနိုင်ပါတယ်။
6. Refine Your Perspective
----------------------------------
နေ့စဉ်တွေ့နေကြ အရာဝတ္ထုလေးတွေကိုပဲ ဓါတ်ပုံမျက်စိနဲ့ မြင်နိုင်အောင် လေ့ကျင့်ကြည့်ပါ။ အပြင်ထွက်စရာတောင်မလိုပါဘူး။ အိမ်မှာရှိတဲ့ အရာဝတ္ထုလေးတွေ ဥပမာ ဇွန်း၊ ခက်ရင်း၊ ပုလင်းဖောက်တံ၊ ရေပိုက်ခေါင်း၊ ဒါမှမဟုတ်လဲ အလုပ်စားပွဲပေါ်က ဘောပင်ရောင်စုံလေးတွေ ထည့်ထားတဲ့ခွက်၊ ကွန်ပျူတာ ကီးဘုတ်၊မောက်စ် ဘာပဲဖြစ်ဖြစ် တစ်ခုခုကို ရွေးပြီးတော့ အနည်းဆုံး ၁၀ပုံ ၁၅ပုံလောက် ရှု့ထောင့်အမျိုးမျိုး၊ Focal length အမျိုးမျိုး၊ Setting အမျိုးမျိုး၊ မတူညီတဲ့ အလင်းရောင်အမျိုးမျိုးနဲ့ ရိုက်ကြည့်ပါ။ စိတ်ဝင်စားစရာကောင်းပါတယ်။ တစ်နေ့ကို တစ်ခု၊ ဒါမှမဟုတ်လည်း တစ်ပတ်ကို တစ်ခု ရွေးချယ်ပြီး ရိုက်ပါ။ ရည်ရွယ်ချက်ကတော့ ရိုးရှင်းမှုထဲကနေ ထူးခြားတာလေးတွေကို ရှာတွေ့တက်ဖို့ပါ။ အဲလိုလေ့ကျင့်သွားရင် သာမန်ကာရှံကာမြင်ရုံမဟုတ်တော့ပဲ သာမန်အရာဝတ္ထုလေးတွေဆီက စိတ်ဝင်စားစရာ အရောင်တွေ၊ အရိပ်တွေ၊ ပုံသဏ္ဍန်တွေကို မြင်တက်လာပါလိမ့်မယ်။
7. Visit an Art Museum
-----------------------------
ဓါတ်ပုံဟာ အနုပညာတစ်ခုဖြစ်တဲ့အတွက် တခြားအနုပညာတွေကိုလည်း လေ့လာနိုင်ရင် ပိုပြီးကျယ်ပြန့်တဲ့ အမြင်ရှိလာမှာပါ။ ပန်းချီ ပန်းပုပြခန်း၊ ပါဖောင့်မန့်ပြပွဲ၊ စတာတွေကို သွားပြီးလေ့လာကြည့်ပါ။ ဖြစ်နိုင်ရင် ကိုယ်သဘောကျတဲ့ ပုံလေးတွေ ပြကွက်လေးတွေကို sketch လေးခြစ်ပြီးမှတ်ထားနိုင်ရင် ပိုကောင်းပါတယ်။ နောက်ပြီး ဘယ်အချက်လေးတွေကို သဘောကျတယ်၊ ဘယ်အချက်ကိုတော့ဖြင့် သိပ်မကြိုက်ဘူး ဆိုတဲ့ မှတ်စုလေးတွေပါ တွဲရေးထားပါ။
8. Accept the Challenges
-----------------------------------
ဓါတ်ပုံဆရာတိုင်းမှာ ကိုယ်အားသန်ရာသန်ရာ genre တစ်ခုစီတော့ ရှိကြပါတယ်။ Landscape, Portrait, Candid, Nature, Fashion, Wildlife, Macro စသဖြင့်ပေါ့။ စိမ်ခေါ်မှုတစ်ခုအနေနဲ့ ကိုယ်မသန်တဲ့ genre တစ်ခုခုကို စပြီးရိုက်ကြည့်ပါ။ ဥပမာ Landscape သမားဆိုရင် Portrait သို့မဟုတ် Fashion ပြောင်းရိုက်ကြည့်ပါ။ Knowledge အသစ်တွေ၊ Skill အသစ်တွေ အတွေ့အကြုံသစ်တွေ ရလာပါလိမ့်မယ်။
9. Know the Rules
--------------------------
Photography Composition Rules တွေကို တက်နိုင်သလောက် လေ့လာပါ။ The Rule of Third, Leading Lines, Golden Ratio (or) Divine Proportion (or) The Fibonacci Rule, Golden Triangles, Balancing Elements စတာတွေကို လေ့လာကြည့်ပါ။ ဒါပေမယ့် အဲဒီ Rules တွေရဲ့ ပုံစံခွက်ထဲတော့ ခြေချုပ်မိမနေပါစေနဲ့။ Rules are meant to be broken ဆိုသလိုပဲ ဖောက်ထွက်ပြီး တီထွင်ဖန်တီးကြည့်ပါ။ ဒါပေမယ့် ပန်းတိမ်မတက်ခင် ရွှေခိုးသင် ဆိုသလိုမဖြစ်ရအောင် အခြေခံ rules တွေကိုတော့ သိထားဖို့လိုအပ်ပါတယ်။ ဒီအောက်က လင့်တွေမှာ လေ့လာနိုင်ပါတယ်။
10 Top Photography composition rules
Divine Composition with Fibonacci's Ratio
18 Composition Rules For Photos That Shines
10. Learn to See
----------------------
မြင်တက်အောင် လေ့ကျင့်သင်ယူပါ။ stop looking, learn to see. စွဲဆောင်မှုရှိတဲ့ အရောင်တွေ၊ ပုံသဏ္ဍန်တွေ၊ အလင်းရောင်၊ အရိပ်တွေကို ရှာဖွေကြည့်ပါ။ repetition pattern တွေ ဒါမှမဟုတ် အားလုံးထဲမှာ တစ်ခုထဲ ထူးထူးခြားခြား ထင်ရှားနေတာမျိုးတွေကို ရှာဖွေကြည့်ပါ။ လူတွေရဲ့ စိတ်ခံစားမှုတွေ၊ အပြုအမူု ဟန်အမူအရာတွေ (ပျော်ရွှင်နေသလား၊ ဝမ်းနည်းနေလား၊ အထီးကျန်တဲ့ပုံလား၊ နက်နက်နဲနဲ တွေးတောနေပုံလား စသဖြင့်) ကိုယ့်ဓါတ်ပုံထဲမှာထင်ဟပ်နိုင်အောင် ကြိုးစားပါ။ မတူကွဲပြားမှု၊ ထင်းကနဲမြင်နိုင်တဲ့ ခြားနားမှု (ပုံသဏ္ဍန်လဲဖြစ်နိုင်တယ်၊ အရောင်လဲဖြစ်နိုင်တယ်၊ အလင်းလဲဖြစ်နိုင်တယ်) တွေကို ဖမ်းဆုပ်နိုင်ဖို့ကြိုးစားပါ။
ဒီအကြံပေးချက်တွေက technically ဘယ်လိုလုပ်ရမယ်။ ဘယ်လိုရိုက်ရမယ်လို့တော့ ပြောပြထားတာမဟုတ်ပါဘူး။ အဓိကကတော့ ဓါတ်ပုံသမားကောင်းတစ်ယောက် ဖြစ်လာဖို့ ကိုယ့်ရဲ့ တွေးခေါ်ပုံနဲ့ အပြုအမူ အလေ့အကျင့်ကို တိုးတက်စေမယ့် အကြံပေးချက်လေးတွေသာဖြစ်ပါတယ်။ ဓါတ်ပုံပညာကို လေ့လာကာစ သူငယ်ချင်းများအတွက် အသုံးဝင်မယ်လို့လည်း မျှော်လင့်ပါတယ်။
Credit to >>  Ko Aung Ko Ko (Vanko)´s Blog
Sunday, August 20, 2017
Bone tuberculosis (အရိုး တီဘီ)
၁။ ဆရာခင်ဗျ တခုလောက်သိချင်ပါတယ်ဗျာ။ အရိုး tv ရေဂါက အကြောဖြေ နိပ်လို့ရပါလားဗျာ။
TB ဖြစ်။ TV မဟုတ်။ နှိပ်နည်းကို ဆရာဝန်တွေ မသုံး။ ဖြစ်တဲ့သူ ယောက်ျားလို့ထင်ရ။ အသက် မသိ။ ဆေးစစ်ချက် မသိ။ ဘာတွေခံစာနေရ မသိ။
၂။ အသက် ၃၁ နှစ်အရွယ်တယောက်က အင်္ဂလိပ်လိုရေးမေးတယ်။ တီဘီဆရာဝန်နဲ့ အရိုးအထူးကုဆရာဝန်တွေ ပြနေရတဲ့ရောဂါ။ တီဘီဆေး ဘေးထွက်သက်ရောက်မှုကြောင့် ဆေးပတ်လည်အောင်မသောက်ခဲ့တာ၊ အခုဆေးယဉ်တီဘီ ဖြစ်နေသလားစိုးရိမ်တာ စသဖြင့်ရေးပါတယ်။
အရိုးတီဘီ လက္ခဏာက ဘာတွေဖြစ်တတ်လဲဆိုတာ ပြောပြပေးပါ။  ကျွန်တော့် ညီတစ်ယောက် မနှစ်က (2012) cat 2 ပြီးခဲ့တာ အခု ကိုယ်အလေးချိန်ကျ၊ နေ့ခင်း ညနေ/ည တငွေ့ငွေ့အပူချိန်တက် (ရက်ဆက်မဟုတ်)၊ နည်းနည်း ပြင်းပြင်း ထန်ထန်လှုပ်ရှားမှုလုပ်ရင် ချောင်းဆိုးတယ်၊ နည်းနည်းမော၊ ခါးနာ (တခါတရံ)၊ ဆေးခန်းပြတော့ x-ray မှာလည်း နဂို spots ထက် increase ဖြစ်နေတယ်တဲ့ဆရာ။ genexpert နဲ့ သလိပ်စစ်ပြီး အဖြေသိရမှ ဆေးယဉ်ပါး ဟုတ်မဟုတ် သိရမယ်တဲ့။ အခက်ခဲဆုံးဖြစ်နေတာက သူဘယ်လိုကြိုးစားပြီး ထုတ်ထုတ်သလိပ်မထွက်ဘူး ဖြစ်နေတယ်။ အဲဒါကြောင့် သလိပ်အဖြေရမှ ဆေးယဉ်ပါး ဟုတ်မဟုတ်သိရပြီး ဆေးကုရမယ်ဆိုရင် အကယ်၍ သူသလိပ်လုံးဝမထွက်ခဲ့လို့ genexpert နဲ့ စစ်ဆေးလို့မရလို့ ကျိန်းသေတဲ့ အဖြေတစ်ခုမရခဲ့ရင် ဘယ်လိုမှ ဆေးကုသခွင့် မရတော့ဘူးလားဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးပါဆရာ။
ဆရာဝန်ကတော့ သူ့ကို ဆေးကိုဝယ်သောက်နိုင်ရင် ဝယ်သောက်ခိုင်းပါတယ်။ ဆေးဖိုးက ပျှမ်းမျှ တစ်နေ့ (၉ဝဝဝ ကျပ်) ဝန်းကျင် (၂) နှစ်လောက် သောက်ရမယ်လို့ ပြောပါတယ်။ (၃ဝဝဝ) ကျပ်ဝန်းကျင်ရှိတဲ့ ဆေးတစ်မျိုးကို ဆေးခန်းက ဆရာဝန်က လှူမယ်လို့ပြောပါတယ်။ ကျွန်တော်တို့ သာမာန်လူတန်းစားအနေနဲ့ ဝယ်သောက်ဖို့ဆိုတာ နှစ်နဲ့ချီနေတာ ဖြစ်နေတဲ့အတွက် ဘယ်လိုမှမတတ်နိုင်တဲ့ အတိုင်းအတာတစ်ခုဖြစ်နေလို့ပါ။ သလိပ်ထွက်ပြီး genexpert နဲ့စစ်ရလို့ ယဉ်ပါးပိုးရှိတဲ့ ဆေးစစ်ချက်အဖြေရမှသာ လွဲစာနဲ့အတူ ဒေသန္တရကျန်းမာရေးကနေပြီး အခမဲ့ဆေးထုတ်ယူလို့ရမယ် ပြောလို့ပါ။ အခုသူက ဝယ်သောက်လို့လည်း မတတ်နိုင်၊ အခမဲ့ထုတ်ဖို့ကျတော့လည်း genexpert နဲ့စစ်ဖို့ သလိပ်က မထွက်လို့ ဆေးစစ်ချက်အဖြေမရလို့ (လွဲစာ) ကမရ အဲဒီ့လိုဖြစ်နေလို့ပါ။ တော်တော် စိတ်ဓါတ်ကျနေပါတယ်။ စိတ်ရော လူရော ချုံးနေပါတယ်။ သူမှာ  မိန်းမနဲ့ ကလေးငယ်လေးကလည်းရှိတယ်။ သူ့မှာ ဘာလုပ်ရမှန်းမသိဘဲ ဒီအတိုင်းကြီးကို ငုတ်တုတ်ထိုင်ပြီး ရောဂါပိုဆိုးလာမဲ့အထိ စောင့်နေရသလိုဖြစ်နေလို့ပါ။ သူကတော့ အရမ်းကို ကုသမှုခံယူချင်နေပါတယ်။
အရိုးတီဘီကို Pott disease လို့လဲ ခေါ်ကြတယ်။
• X-rays ဓါတ်မှန်နဲ့ ရောဂါနာမည်တပ်ရမယ်။ ဓါတ်မှန်ထဲမှာ အရိုးမဟုတ်တဲ့ တစ်ရှူးတွေ ရောင်နေမယ်။ အဆစ်ကျဉ်းနေမယ်။ အရိုးထဲမှာ အိတ်လေးတွေလိုတွေ့မယ်။ ခါးရိုးဆိုရင် အရိုးအထက်အောက် အတိုင်းတား နည်းနေမယ်။
• Bone scans စကင်လဲလုပ်နိုင်တယ်။ တခါတလေ အဆစ်ထဲကအရည်ကို စုပ်ထုတ်ပြီး စစ်တာလဲ လုပ်နိုင်တယ်။ Biopsy လဲလိုရင်လုပ်မယ်။ သွေးစစ်ရင် ESR မြင့်နေမယ်။ အရိုးတီဘီက သူများကို မကူးစေပါ။
• တီဘီဆေးတွေနဲ့ဘဲကုသရတယ်။ ဈေးလဲ မကြီးပါ။ ဘယ်လောက်ကြာမယ်ဆိုတာ တယောက်နဲ့တယောက် မတူပါ။ ၆ လကနေ ၁ နှစ်အထိကြာနိုင်တယ်။
• Isoniazid, Rifampin နဲ့ Ethambutolဆေး ၃ မျိုးကို ပေးလေ့ရှိတယ်။ ၆ လကနေ ၉ လ အများဆုံးပေးတယ်။ ဆေးကိုတော့ မှန်မှန်သောက်ရမယ်။
• အနာသက်သာဆေးတွေနဲ့  အရောင်ကျဆေးတွေလဲ ပေးမယ်။ ဗီတာမင်လဲ ပေးမယ်။ နာတဲ့နေရာကို အပူကပ်တာ၊ အအေးကပ်တာလုပ်နိုင်တယ်။ အစာဟာရ ပြည့်ဝ-မမျှတအောင် စားသုံးရမယ်။
• ခါးရိုးမှာ ပြည်တည်လို့ ခွဲထုတ်ရတာလဲ ရှိတတ်တယ်။
• Disseminated bone tuberculosis အရိုးတွေတခုမက တီဘီဖြစ်တာရှားတယ်။ ၅% သာရှိတယ်။ HIV ပိုးပါ ရှိနေရင်တော့ အကုရခက်တယ်။
စစ်ဆေးမှုတွေကနေ INH နဲ့ RMP ဆေးတွေကို ယဉ်နေတာသေချာရင်၊ အောက်ကဆေးတွေကို အစဉ်အလိုက် ရွေးပြီး ၅ မျိုးတွဲပေးတယ်။
1. Aminoglycoside (Amikacin, Kanamycin) ဒါမှမဟုတ် Polypeptide (Capreomycin)
2. Pyrazinamide
3. Ethambutol
4. Fluoroquinolone (Moxifloxacin)
5. Rifabutin
6. Cycloserine
7. Thioamide (Prothionamide or Ethionamide)
8. PAS
9. Macrolide (Clarithromycin)
10. Linezolid
11. INH high-dose
12. Interferon-γ
13. Thioridazine
14. Ampicillin
TB writing links တီဘီရောဂါစာများ
1. BCG vaccine တီဘီ ကာကွယ်ဆေး http://dts-medicaleducation.blogspot.in/2013/01/bcg-vaccine.html 
2. Bone tuberculosis အရိုး တီဘီ http://dts-medicaleducation.blogspot.in/2013/10/bone-tuberculosis.html 
3. Infertility and TB တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း http://doctortintswe.blogspot.com/2014/11/infertility-and-tb-1.html
4. Intestinal Tuberculosis အူ (တီဘီ) http://dts-medicaleducation.blogspot.in/2013/01/intestinal-tuberculosis.html 
5. MDR TB Q and A ဆေးယဉ်တဲ့တီဘီ အမေး-အဖြေ http://doctortintswe.blogspot.com/2015/05/mdr-tb-q-and.html
6. MDR-TB ဆေးယဉ်တဲ့ တီဘီ http://dts-medicaleducation.blogspot.in/2013/11/mdr-tb.html 
7. Primary Complex ကလေးတီဘီ http://doctortintswe.blogspot.com/2016/04/primary-complex.html
8. TB (Tuberculosis) တီဘီ http://dts-medicaleducation.blogspot.in/2008/10/tuberculosis-tb.html 
9. TB Medicines Side Effects (တီဘီ) ဆေးတွေ နဲ့ ဘေးထွက်-ဆိုးကျိုးတွေ http://dts-medicaleducation.blogspot.in/2012/04/side-effects-of-tb-medicines.html
10. TB No more in Medical Curriculum ဆရာဝန်တွေကို တီဘီ သင်မပေးကြတော့တာ စိုးရိမ်စရာ http://dts-medicaleducation.blogspot.com/2009/10/tb-no-more-in-medical-curriculum.html
11. TB Q and A (တီဘီ) အမေး-အဖြေ (၁) http://dts-medicaleducation.blogspot.in/2012/09/tb-q-and.html
12. TB Q and A (တီဘီ) အမေးအဖြေ (၂) http://dts-medicaleducation.blogspot.in/2014/01/tb-questions.html 
13. TB အသစ်လား အဟောင်းလား http://dts-medicaleducation.blogspot.in/2012/05/tb.html 
14. Tuberculin test (တီဘီ) အတွက် (ကြူဘာကူလင် တက်စ်)http://dts-medicaleducation.blogspot.in/2013/10/tuberculin-test.html
ဒေါက်တာတင့်ဆွေ
၁၉-၈-၂ဝ၁၇
Credit: Dr.တင့်ဆွေရဲ့ Page
Thursday, August 17, 2017
ဆန်ခေါက်ဆွဲကြော်နဲ့ ကွေ့တီယို လုပ်စားရအောင်
ထိုင်းဆန်ခေါက်ဆွဲကြော် (၂  ယောက်စာ)
..............................
 ဒီနည်းက ဖတ်ထိုင်းကြော်နည်းအတိုင်း အနီးစပ်ဆုံး ကြော်ပေးထားပါတယ်။ ပါဝင်ပစ္စည်းတချို့ ရှာမရတာကြောင့် ဖတ်ထိုင်းလို့တော့ နာမည်မတပ်ပါရစေနဲ့။ အနီးစပ်ဆုံး အိမ်မှာ ကိုယ်တိုင်ကြော်စားနိုင်မယ့်နည်းကို အလွယ်ဆုံးနည်းနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီအချိုးက ကျွန်တော့်လို အစားသရဲဆိုရင် ၂ ယောက်စာ ဆိုပေမယ့် ပုံမှန်စားသူ ဆို ၃ - ၄ ယောက်စာရပါတယ်။
ဆော့စ်လုပ်ရန် ပါဝင်ပစ္စည်းများ
-   ထိုင်းငံပြာရည်   -   ထမင်းစားဇွန်း ၂ ဇွန်း
-   ပဲငံပြာရည်အကြည်   -   ထမင်းစားဇွန်း ၁ ဇွန်း
-   ပဲငံပြာရည်အနောက်   -   လက်ဖက်ရည်ဇွန်း တစ်ဝက်
-   အနှစ်တိုက်ပြီး မန်ကျည်းမှည့်   -   ထမင်းစားဇွန်း ၈ ဇွန်း
-   သကြားညို   -   ထမင်းစားဇွန်း ၈ ဇွန်း
-   ခရုဆီ   -   ထမင်းစားဇွန်း ၃ ဇွန်း
-  ရေနွေး   -   ကော်ဖီခွက် ၁ ခွက်စာ (၁၅၀ မီလီလီတာ)
    (ဇလုံတစ်လုံးထဲမှာ အားလုံးရောပြီး သမအောင်မွှေ ထားပေးပါ)
-   ဆီ   -   စားပွဲဇွန်း ၆ ဇွန်း
-   ကြက်ဥ   -   ၂ လုံး
-   ဝက်အူချောင်း   -   ၂ ချောင်း
-   ပဲပြား   -   ၁ တုံး
-   ကြက်သွန်နီစဉ်းပြီး   -   ၂ လုံး
-  ကြက်သွန်ဖြူစဉ်းပြီး   -   ၄ မြွှာ
-  ကွေတီယိုဆန်ခေါက်ဆွဲ   -   ၂၀ဝ ဂရမ်
    (ခေါက်ဆွဲများ မြုပ်အောင် ရေစိမ်ထားပါ)
-   လှီးဖြတ်ပြီး မုန်ညင်း   -   ၅ ပင်
-  ပဲပင်ပေါက်   -   အနည်းငယ်
-   ကြက်သွန်မြိတ်ဖြတ်ပြီး   -   ၃ ပင်
 ပြုလုပ်နည်း
၁။ ဆီအိုးအပူပေးကာ ပဲပြားများ သေးသေးတုံးကြော်ပြီး ဖယ်ထားပါ။  ကြက်ဥများကို ဖောက်ထည့်ပြီး အကာများ ခဲလာသည်အထိ စောင့်ပေးပြီး ခြေကြော်ပါ။ ပြီးလျှင် ဖယ်ထားပါ။
၂။ ဆက်၍ ဝက်အူချောင်းအနေတော်လေးများ တစ်စောင်း လှီးဖြတ်ကာ အရောင်ပြောင်းရုံကြော်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီစဉ်းပြီးသားများထည့်၍ အနည်းငယ်ခြောက်လာသည်အထိ ဆီသတ်ပါ။
၃။ ခေါက်ဆွဲများထည့်ပြီး သေသေချာချာ မွှေပေးပါ။ ပဲပြား ကြော်ပြီးသားများ ထည့်ပေးပါ။ ခေါက်ဆွဲများ ပျော့လာ လျှင် အသင့်စပ်ပြီးသော ဆော့စ်များမှ ထမင်းစားဇွန်း ၆ ဇွန်းထည့်ပေးပါ။ (ဆော့စ်အကျန်များကို ဘူးတစ်ခုနှင့် ထည့်ပြီး ရေခဲသေတ္တာထဲ သိမ်းနိုင်ပါတယ်။) သေသေချာချာ နှံ့စပ်အောင်မွှေပေးပါ။ အရမ်းခြောက်လွန်းလျှင် ရေနွေးနည်းနည်းစီဖျန်းပြီး ကြော်ပေးပါ။
၎။  မုန်ညင်းရွက်များ ထည့်မွှေပေးပါ။ အရွက်များပျော့လာလျှင် ပဲပင်ပေါက်များထည့်ကြော်ပြီး ဖယ်ထားသော ကြက်ဥ အကြေများ ထည့်ပေး၊ ငရုတ်ကောင်းဖြူမှုန့်ဖြူးကာ ကြက်သွန်မြိတ်ထည့်မွှေပေးပြီး အဆုံးသတ်နိုင်ပါပြီ။
........................
ကိုသစ်ထူး
(My Foodies)
ကွေ့ တီယို
ကွေ့ တီယိုကတော့ လူကြိုက်များတဲ့ ခေါက်ဆွဲတမျိုးပါပဲ။ ပြုလုပ်ရတာလွယ်ကူသလို စားလို့ လဲကောင်းပါတယ်။ ထိုင်းဆိုင်တွေမှာ သွားစားရင် ကွေ့ တီယိုကို ကိုယ်ကြိုက်နှစ်သက်ရာ ခေါက်ဆွဲဖတ်နဲ့ စားလို့ ရပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ (၈ ပွဲစာ)
၁။ ကြက်ရိုး - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၂။ ကွေ့ တီယိုဆန်ခေါက်ဆွဲဖတ် (သို့ ) ဆန်ပြား (သို့ ) ကြာဇံ - ၅၀ ကျပ်သား  (သို့ ) ၂ ပေါင်
၃။ ငါးဖယ်လုံး - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၎။ ၀က်သား (သို့ ) ကြက်သား - ၄၀ သား (သို့ ) ၁ ပေါင်ခွဲ
၅။ တောက်တောက်စဉ်းထားသော ၀က်သား (သို့ ) ကြက်သား - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၆။ ပဲပင်ပေါက် - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၇။ ပါးပါးလှီးထားသော ကြက်သွန်မြိတ်
၈။ ပါးပါးလှီးထားသော နံနံပင်
၉။ ကြက်သွန်ဖြူကြော်
၁၀။ နံနံပင်အရိုး - အခု ၂၀
၁၁။ ကြက်သွန်ဖြူ - ၅ မွှာ
၁၂။ ငရုတ်ကောင်းစေ့ - ၁၀ စေ့
၁၃။ ဆား - ထမင်းစားဇွန်း ၁ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း တ ၀က်
၁၄။ သကြား - ထမင်းစားဇွန်း ၂ ဇွန်း
(ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml )
ပြုလုပ်နည်း
၁။ ကြက်ရိုးများကို သန့် စင်ထားပါ။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ။ ၀က်သား (သို့ ) ကြက်သားကို ပါးပါးလှီးထားပါ။
၂။ အိုးကြီးကြီးတလုံးထဲမှာ ရေ ၄ လီတာ ထည့်ရ်ျ ပွက်လာအောင်တည်ပါ။ ရေပွက်လာလျှင် နံနံပင်အရိုး၊ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ နှင့် ငရုတ်ကောင်းတို့ ကိုထည့်ပါ။ ၂ မိနစ်လောက်နေ အနံ့ မွှေးလာလျှင် သန့် စင်ထားသော ကြက်ရိုးများကိုထည့်ပါ။ ဆား ထမင်းစားဇွန်း ၁ ဇွန်း နှင့် သကြား ထမင်းစားဇွန်း ၂ ဇွန်းတို့ ကိုထည့်ပါ။ ထို နော့က် မီးအေးအေးဖြင့် အနည်းဆုံး ၁ နာရီလောက်တည်ပါ။ ရေလျော့သွားတိုင်း ထပ်ထပ်ဖြည့်ပေးပါ။
၃။ မကပ်သောဒယ်အိုးထဲကို တောက်တောက်စဉ်းထားသော ၀က်သား (သို့ ) ကြက်သား ကိုထည့်၊ ဆား လက်ဖက်ရည်ဇွန်း တ ၀က်ကိုထည့်ရ်ျ အသားများ ကျက်သွားသည်အထိ အိုးပေါ်မှာလှိမ့်ပါ။ အသားလေးတွေတခုနဲ့ တခုလုံးမသွားအောင် ခြေခြေပေးပါ။(ဆီမထည့်ပါ။ ခြောက်သွားအောင်လှိမ့်စရာမလိုပါ။ အသားကျက်သွားတာနဲ့ မီးဖိုပေါ်ကချပါ။)
၎။ စားခါနီးတွင် အိုးသေးသေးတလုံးထဲကို ပြုတ်ရည်အိုးထဲမှ တပွဲစာအတွက် ယောက်ချိုဇွန်း ၃ ဇွန်း ကိုယူရ်ျထည့်ပါ။ ငါးဖယ်လုံး ၄ လုံးကိုထည့်၊  ပါးပါးလှီးထားသော ဝက်သား (သို့ ) ကြက်သားကိုထည့် ရ်ျ ပွက်လာအောင်တည်ပါ။ ပွက်လာလျှင် ပဲပင်ပေါက်ကိုထည့်ပြီး မီးဖိုပေါ်မှချပါ။
၅။ ဆန်ခေါက်ဆွဲအဖတ်ကိုသုံးလျှင် အခြားအိုးတခုထဲမှာ ဆန်ခေါက်ဆွဲအဖတ်ကို အရင်ပြုတ်ပြီးမှ ပန်းကန်ထဲကို ခေါက်ဆွဲဖတ် အရင်ထည့်၊ အသားအကျေကိုထည့်၊ ပြီးလျှင် ဟင်းရည်ကို နှင့် ငါးဖယ်လုံး ၊ အသားမျာကိုအပေါ်ကလောင်းထည့်၊ ကြက်သွန်မြိတ်၊နံနံပင်ထည့်၊ အပေါ်ဆုံးကနေ ကြက်သွန်ဖြူကြော်လေးဖြူးပြီး ပြုလုပ်ပါ။ (ကြက်သွန်ဖြူကြော်ကို ထည့်ဖြစ်အောင်ထည့်ပါ။ အနံ့ လေးမွှေးမွှေးလေးနဲ့ အလွန်အရသာရှိပါတယ်။)
၆။ ကွေ့ တီယို ခေါက်ဆွဲပြုတ်ကို သကြား၊ ငရုတ်သီး အကြမ်းမှုန့် ၊ ငရုတ်သီးစိမ်းရှာလကာရည်ချဉ်တို့ နှင့် တွဲဖတ်ရ်ျသုံးဆောင်နိုင်ပါသည်။ တချို့ ကတော့ မြေပဲထောင်းပါ ထည့်စားကြပါတယ်။
Credit: Myanmar Food Magazine 
Tuesday, August 15, 2017
Cruciferous Vegetable
အရွက်နားလေးတွေ တွန့်နေတဲ့ ဟင်းသီးဟင်းရွက်များ
ခရက်စီဖားရပ်စ် (Cruciferous Vegetable)
.............................
 Cruciferous Vegetable တွေက ကင်ဆာတိုက်ဖျက်နိုင်တဲ့ အကျိုးအာနိသင်တွေကြောင့် လူအများက စိတ်ဝင်စားလျက်ရှိပါတယ်။ Cruciferous Vegetable ဆိုတာက Brassica မျိုးနွယ်ဝင်အပင်တွေကို ခေါ်တာဖြစ်ပြီး ပန်း ဂေါ်ဖီစိမ်း (Broccoli)၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပင်ပေါက်၊ ကိုက်လန်၊ တရုတ်မုန်ညင်း၊ ဝါဆာဘီ၊ မုန်လာဥဖြူ၊ တာအိုးရွက်၊ သင်္ဘောဒန့်သလွန်၊ တရုတ်မုန်လာ၊ တောင်ကြာကလေးပင်စတဲ့ ဟင်းသီးဟင်းရွက် တွေပါဝင်ပါတယ်။ အကြမ်းအားဖြင့် ကြည့်မယ်ဆိုရင်တော့ အရွက်အနားလေးတွေတွန့်နေတဲ့ ဟင်းသီးဟင်း ရွက်တွေဆိုပြီး သိနိုင်ပါတယ်။ Cruciferous Vegetable တွေက ဗီတာမင် C၊ E၊ K၊ ဖော်လိတ်နဲ့ တခြားသတ္တုဓာတ်ပေါင်းများစွာ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ပြီး အမျှင်ဓာတ်လည်းကြွယ်ဝကြပါတယ်။ စိမ်းရွှေရွှေအနံ့နဲ့ ခါးသက်သက်အရသာကိုဖြစ်စေတဲ့ ဆာလဖာပါဝင်တဲ့ ဓာတုပစ္စည်းတစ်မျိုးကြွယ်ဝတာကြောင့် အန္တရာယ်ရှိစေသော အဆိပ်အတောက်တွေကို အန္တရာယ်မဖြစ်အောင် ပြုလုပ်ပေးခြင်း၊ အဆိပ်ပြေစေခြင်းနဲ့ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနှင့် အဆုတ်ကင်ဆာဖြစ်ပွားမှုတို့ကို လျှော့ချပေးပါတယ်။
 စမ်းသပ်မှုတွေအရ ဒီဟင်းသီးဟင်းရွက်တွေက ကင်ဆာရောဂါပထမ အဆင့်နဲ့ ဒုတိယအဆင့်လောက်ကို လျှော့ချပေးနိုင်ပါတယ်လို့ သိရပါတယ်။ ဂေါ်ဖီထုပ်က ကင်ဆာရောဂါကို ၇၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချပေးပါတယ်။ ပန်းဂေါ်ဖီက ၆၇ ရာခိုင်နှုန်း၊ ပန်းဂေါ်ဖီစိမ်း (Broccoli) က ၅၆ ရာခိုင်နှုန်းနဲ့ ဂေါ်ဖီပင်ပေါက်က ၂၉ ရာခိုင်နှုန်းလောက်အထိ လျှော့ချပေးနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ပြင်ဆင်နေချိန်၊ စားသုံးနေချိန်နဲ့ အစာချေဖျက်နေချိန်မှာ ဃမကခင်နမသကျ ဟင်းသီးဟင်းရွက်အတွင်းမှာရှိတဲ့ (Glucosinolates) ဆာလဖာ ပါဝင်တဲ့ဓာတုပစ္စည်း ပြိုကွဲပြီးတော့ ကင်ဆာရောဂါကို ကာကွယ်ပေးတဲ့ Indoles နဲ့ Isothiocyanates လိုမျိုး ဇီဝဓာတ်ပေါင်းတွေ ဖြစ်လာပါတယ်။ တိရစ္ဆာန်များကို လေ့လာချက်တွေနဲ့ ဓာတ်ခွဲခန်းထဲမှာ ဆဲလ်တွေမွေးမြူပြီး လေ့လာချက်တွေနဲ့အတူ ဒီဓာတ်ပေါင်းတွေက ကင်ဆာရောဂါတားဆီးနိုင်ခြင်းကို သက်သေပြထားပါတယ်။
Indoles နဲ့ Isothiocyanates ဇီဝဓာတ်ပေါင်း တွေက အိမ်ကြွက်တွေ၊ လယ်ကြွက်တွေရဲ့အသည်း၊ ကျောက်ကပ်၊ အဆုတ်နဲ့ အစာအိမ်အပါအဝင် ကိုယ်တွင်းအင်္ဂါတွေရဲ့ ကင်ဆာရောဂါဖြစ်ပွားမှုကို တားဆီးပေးနိုင်ကြောင်း တွေ့ရပါတယ်။
 Isothiocyanates ဟင်းသီးဟင်းရွက်အမြောက်အမြား စားသုံးသူတွေက ဆီးကျိတ်ကင်ဆာနဲ့ အူမကြီးကင်ဆာဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ တစ်ပတ်မှာ ဒီဟင်းသီးဟင်းရွက် ၅ ကြိမ်အထက်စားသုံးသူ အမျိုးသမီးတွေက အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာဖြစ်ပွားမှု နည်းပါးပါတယ်။ မတူညီတဲ့ ဟင်းသီးဟင်း ရွက်တွေက မတူညီတဲ့အာနိသင်တွေရှိတာကြောင့် လူတိုင်း တစ်နေ့ကို ဟင်းသီးဟင်းရွက်တစ်မျိုးစီ မတူညီအောင် စားသုံးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို အစိမ်းရင့်ရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ ပဲ၊ ကစီဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အခြားဟင်းသီးဟင်းရွက်တွေဆိုပြီး အုပ်စု ၅ ခုခွဲခြားထားပါတယ်။
Isothiocyanates ဟင်းသီးဟင်းရွက်တွေက အစိမ်းရင့်ရောင်ဟင်းသီး ဟင်းရွက်တွေနဲ့ အခြားဟင်းသီးဟင်းရွက် အုပ်စုတွေထဲမှာ ပါဝင်ပါတယ်။
 Cruciferous ဟင်းသီးဟင်းရွက်တွေက DNA ပျက်စီးခြင်းမှ ဆဲလ်တွေကို ကာကွယ်ပေးထားတယ်။ ခန္ဓာကိုယ်ရှိ တစ်ရှူးတွေမှာ ကင်ဆာဖြစ်ပေါ်စေတဲ့ ပစ္စည်းတွေ မဝင်ရောက်အောင် ကူညီပေးပါတယ်။ ဗိုင်းရပ်စ်ဝင်ရောက်ခြင်းနဲ့ ဗက်တီးရီးယား ဝင်ရောက်ခြင်းကို တားဆီးပေးဖို့ ကူညီပေးပါတယ်။ ရောင်ရမ်းမှု တွေကို လျှော့ချပေးတဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ ဆဲလ်တွေသေဆုံးမှုကို လျှော့ချပေးတယ်။ ကင်ဆာဆဲလ် (အကျိတ်)တွေ ဘေးကို ပျံ့နှံ့ခြင်းနဲ့ သွေးကြောအသစ်တွေဖြစ်ပေါ်ခြင်းကို တားဆီးပေးပါတယ်။ ကင်ဆာရောဂါနဲ့ နှလုံးရောဂါအပါအဝင် ရောဂါအမျိုး ၅၀ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း သွေးကြောတွေ ပိတ်ဆို့မှုကို ကာကွယ်ပေးပါတယ်။ သွေးတွင်း ဖိအားကို ကျစေပါတယ်။ ခန္ဓာကိုယ်တွင်းရှိတဲ့ ဆဲလ်တွေ ကျန်းမာနေတဲ့ အခြေအနေမှ ကင်ဆာရောဂါအခြေအနေဘက်သို့ ပြောင်းသွားခြင်းကို တားဆီးပေးပါ တယ်။ မကောင်းတဲ့ ကိုလက်စရောတွေကို လျော့နည်းစေပါတယ်။
..................
ဆုမြတ်ဦး
Credit : Food Magazine (Myanmar)