Friday, August 4, 2017

"ဟင်္သာတ မုန့်ဟင်းခါး"


ဟင်္သာတမုန့်ဟင်းခါးကိုတော့ စားဖူးသူတိုင်း နှစ်သက်ကြပါတယ်။ ဟင်္သာတမုန့်ဟင်းခါးချက်တဲ့အခါမှာ ငါးခူအစား ငါးသလောက်ကိုလည်း ထည့်ချက်လေ့ရှိပါတယ်။

ဟင်္သာတမုန့်ဟင်းခါးချက်မယ်ဆိုရင်တော့ -
♦   မုန့်ဖတ်   -   ၁၀ ပိဿာ
♦   ငါးခူ   -   ၁ ပိဿာ  ၅၀ ကျပ်သား
♦   ငါးသလောက်   -   ၅၀ ကျပ်သား
♦   ငါးကြင်း   -   ၅၀ ကျပ်သား
♦   ငါးဖယ်   -   ၅၀ ကျပ်သား
♦   ငံပြာရည်    -   ၁ ပိဿာ ၅၀ ကျပ်သား
♦   ကြက်သွန်နီ   -   ၂ ပိဿာ  ၅၀ ကျပ်သား
♦   ငရုတ်သီးအရောင်တင်မှုန့်   -   ၅ ကျပ်သား
♦   ငရုတ်ကောင်း   -   ၂ ကျပ်သား
♦   ကြက်သွန်ဖြူ   -   ၁၀ ကျပ်သား
♦   ချင်း    -   ၅ ကျပ်သား
♦   ဆီ   -   ၁ ပိဿာ ၅၀ ကျပ်သား
♦   ကုလားပဲမှုန့်လှော်ပြီးသား နို့ဆီဘူး   -   ၃ ဘူး
♦   ဆန်လှော်မှုန့်နို့ဆီဘူး   -   ၂ ဘူး လိုအပ်ပါတယ်။

 လိုအပ်တဲ့ အဆာတွေစုံပြီဆိုရင်တော့ ပထမဆုံး ငါးကြင်းကို အကြေးထိုးပြီး သုံးပိုင်းပိုင်းကာ ရေစင်အောင် ဆေးထားရပါမယ်။ ငါးသလောက်ကိုလည်း အကြေးထိုး ဗိုက်ဖောက်၊ ဝမ်းတွင်းသားတွေထုတ်၊ ရေစင်အောင်ဆေးပြီး ခပ်စိတ်စိတ်ပါးပါးလေးတွေ မွှန်းထားရပါမယ်။ ငါးခူကိုင်တဲ့အခါ ဘေးက ဆူးတောင်တွေကို ဖယ်ရှားပစ်ပြီး အပေါ်ယံ အရေခွံ အမည်းအညှိတွေ ပျောက်သွားအောင် ရေနွေးဆူဆူမှာ ဖျောလိုက်ရပါမယ်။ ပြီးတော့မှ ဓားနဲ့ ခြစ်ချလိုက်တဲ့အခါ အပေါ်ယံ အရေခွံအမည်းအညှိတွေပျောက်ပြီး ဖြူဖွေး လာပါလိမ့်မယ်။ ငါးဖယ်တွေကိုလည်း ဇွန်းနဲ့ခြစ်ပြီး ဆားသင့်ရုံထည့်ကာ စေးနေအောင် ထောင်းထားရပါမယ်။

 ငါးတွေအဆင်သင့်ဖြစ်တဲ့အခါ ငါးခူ၊ ငါးကြင်းနဲ့ ငါးသလောက်များကို အိုးတစ်လုံး ထဲမှာထည့်ကာ ရေလုံးဝ မထည့်ဘဲ ငံပြာရည် ၁ ပိဿာထည့်ပြီး ပြုတ်ရပါမယ်။ငါးဖယ်ရိုးတွေ ထည့်ပြုတ်ရင်လည်း အချိုပိုလေးပါတယ်။ ငါးပြုတ်အိုး ဆူလာတဲ့အခါ အသင့်ထောင်းထားတဲ့ ငါးဖယ်တွေကို အပြားကြီးကြီး ခပ်ပါးပါးလေးတွေလုပ်ပြီး ထည့်ပြုတ်ရပါမယ်။

 ငါးပြုတ်အိုးကျလို့ ငါးတွေကိုင်နိုင်လောက်တဲ့အခါ ငါးတွေကို အရိုးနွှင်ပြီး အသား ထွင်ရပါမယ်။ ငါးသလောက်ကို အရိုးနွှင်တဲ့အခါ အလယ်ရိုးကြီးကို အသာဆွဲယူ ထုတ်ပစ်ရပါမယ်။ ငါးတွေကို အသားထွင်တဲ့အခါ အသားတုံးကြီးကြီးထွင်ရပါမယ်။ ငါးအသားတွေကို ခြေမွမပစ်သင့်ပါဘူး။ ငါးအသားဖတ်လေးတွေ ဟင်းရည်ထဲမှာ ပေါ်နေအောင် ဖြစ်ပါတယ်။ ငါးဖယ်ရိုးနဲ့ ငါးခူရိုးတွေကို ငရုတ်ဆုံထဲမှာ ထည့်ထောင်းပြီး ရေနဲ့ အချိုရည်တွေကို စစ်ယူရပါမယ်။ အချိုရည်ကုန်မှ ငါးအရိုးတွေကို လွှင့်ပစ်ရပါမယ်။
 ကြက်သွန်နီ ၁ ပိဿာနဲ့ ၅၀ ကျပ်သားကို အခွံသင်၊ ပါးပါးလှီးကာ နီလာအောင် ကြော်ပြီး ဆီစစ်ထားရပါမယ်။ ချင်း၊ ကြက်သွန်ဖြူ၊ စပါးလင်တို့ကို ညက်နေအောင် ထောင်းထားရပါမယ်။ ပဲမှုန့်နဲ့ ဆန်မှုန့်တို့ကိုလည်း ရေဖျော်ထားရပါမယ်။  အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ စောစောက ကြက်သွန်ကြော်ထားတဲ့ ဆီဒယ်အိုးကို ပြန်တည်ပြီး ထောင်းထားတဲ့ ချင်း၊ ကြက်သွန်ဖြူနဲ့ စပါးလင်တို့ကို ငရုတ်သီးအရောင်တင် မှုန့်နဲ့အတူ ဆီသတ်ရပါမယ်။

 ပြီးရင်တော့ မီးဖိုပေါ်မှာ တည်ထားတဲ့ ငါးပြုတ်အိုးထဲကို ဆီသတ်ထားတဲ့ အမွှေးအကြိုင်များကို  ထည့်ရပါမယ်။ အသင့်ဖျော်ထားတဲ့ ပဲမှုန့်နဲ့ ဆန်မှုန့်ရည်များကိုလည်း လောင်းထည့်ပြီး မပြတ်မွှေပေးရပါမယ်။ ဟင်းအိုးဆူလာတဲ့အခါ အသားထွင်ထားတဲ့ ငါးအသားများကို ထည့်ရပါမယ်။ ငါးဖယ်တွေကိုလည်း ဓားနဲ့ ပါးပါးလှီးပြီး ထည့်ရပါမယ်။ ကြော်ထားတဲ့ ကြက်သွန်ကြော်တွေကို လက်နှစ်ဖက်နဲ့ဆုပ်ချေပြီး ထည့်ရပါမယ်။ ဟင်းအိုးရေကျလောက်တဲ့အခါ အလယ်မီးနုတ်ပြီး ဘေးမီးအေးအေးလေးနဲ့ တည်ထား ရပါမယ်။ အဲဒီအချိန်မှာမှ ငရုတ်ကောင်းကို လှော်ထောင်းပြီး ထည့်ပေးရပါမယ်။ ဒီအခါမှာတော့ အနံ့အရသာ သင်းပျံ့မွှေးကြိုင်ပြီး အငွေ့တထောင်းထောင်းထနေတဲ့ "ဟင်္သာတမုန့်ဟင်းခါး" ကို ရရှိပြီဖြစ်လို့ စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပါတယ်။ ဟင်္သာတ မုန့်ဟင်းခါးထဲမှာ တချို့ကတော့ ငါးသလောက်ဥကို ထည့်စားလေ့ရှိကြပါ တယ်။
 ....................... 
ဆန်းဆန်းဦး
(မြန်မာ့အသံ)


Credit: Food Magazine

No comments: