Showing posts with label ၀တၳဳတို. Show all posts
Showing posts with label ၀တၳဳတို. Show all posts

Thursday, August 14, 2025

မေတ္တာသဘော ချစ်ပါသလော ပြောပြပါ..

"မေတ္တာသဘော ချစ်ပါသလော ပြောပြပါအခါခါမေးချင်သည်" 




ရေးသားသူ - ဆောင်းလုလင်

ကျွန်တော့်အဖေကို ကျွန်တော် အလွန်မုန်းပါသည်။ 

ကျွန်တော့်ရှေ့မှာ မေမေ့ကို သွားကျွတ်ထွက်သည်အထိ ပါးရိုက်ခဲ့သောအဖေ့ကို မေမေမုန်းသလို ကျွန်တော်လည်း မုန်းသည်။ 


ကျွန်တော့်အသက် ၇ နှစ်အရွယ်၊ ပထမတန်းကျောင်းသားဘဝက အဖေနှင့်အမေ ကတောက်ကဆများ ရန်ဖြစ်ကြရာ အဖေက အမေ့ပါးကို ရိုက်လိုက်သည်။ ပြင်းထန်လွန်းသောကြောင့် အမေ့သွားတစ်ချောင်း ကျွတ် ထွက်သွားပါသည်။ 


ထိုအချိန်မှစ၍ ကျွန်တော့်ကိုကောက်ချီပြီး အဖေ့အိမ်မှထွက်လာခဲ့ကြရာ အဖေနှင့် ကျွန်တော်တို့ သား အမိ ပြန်လည်မဆုံဆည်းရတော့ပါ။ အပြီးအပိုင် ကွဲကွာသွားခဲ့ကြပါသည်။


အဖေက အမေ့ကို ဘာကြောင့် ဒါလောက်အထိ အညှိုးတကြီးရိုက်နှက်ခဲ့သည်ကို ထိုစဉ်က ကျွန်တော် မသိပါ။ ပါးစပ်ထဲမှ သွေးသံရဲရဲကို ထွေးထုတ်ပြီး ကျွန်တော့်ကိုကောက်ချီကာ အဖေ့အိမ်မှ ငိုယိုထွက်ခွာ လာခဲ့သည့်မြင်ကွင်းကို ယနေ့ထိ ကျွန်တော်မမေ့သေးပါ။ ကျွန်တော်လည်း အမေ့နည်းတူ တစ်လမ်းလုံး ငိုယိုနေ ခဲ့ပါသည်။


အဘွားအိမ်ကိုရောက်တော့ အဘွားက တောက်ခေါက်ကာ "မောင်ဦးမရှိတာ ဒီကောင် ကံကောင်းတယ်။ မောင်ဦးသာ ရှိလို့ကတော့ ဒီကောင် အသက်ပါထွက်ပြီမှတ်" ဟု ရေရွှတ်ခဲ့ပါသည်။

မောင်ဦးဆိုသူမှာ အမေ့အစ်ကို ကျွန်တော့်ဦးကြီးဖြစ်ပြီး ထိုစဉ်က ဦးကြီးသည် နိုင်ငံခြားသင်္ဘောလိုက် နေ၍ အိမ်မှာ မရှိပါ။ တစ်ဦးတည်းသောညီမကို အလွန်ချစ်သည့် ဦးကြီးသာ ရှိလျှင် သူ့ညီမကိုနှိပ်စက်တဲ့ ယောက်ဖကို ပြန်လုပ်မယ်လို့ အဘွားက ဆိုလိုခြင်းဖြစ်ပါသည်။ 


အဘွားပြောတာလည်း မှန်ပါသည်။ ဒီအဖြစ်အပျက်ဖြစ်ပြီး ၆လကြာမှ သင်္ဘောကပြန်ရောက်လာသည့် ဦးကြီးသည် ဒီအကြောင်းကို သိသိချင်း အဖေ့ကို သွားထိုးမည်ဆို၍ အားလုံးက ဝိုင်းပြီး ဖျောင့်ဖျထားရသည်။ 

အမေနှင့်အဖေသည်လည်း ပြန်မပေါင်းဖြစ်တော့ဘဲ တရားဝင်ကွဲကွာသွားကြပါတော့သည်။

+++++


အဖေနဲ့အမေတို့ မကွဲကွာခင်ကတည်းက တိုးတိုးကြိတ်ကြိတ်ရန်ပွဲဖြစ်နေတာကို ကျွန်တော် တရေးရေး မှတ်မိလာသည်။ အသက်ငယ်သေးသောကြောင့် ဘာကိစ္စကြောင့်ဖြစ်တယ်ဆိုတာ မသိပေမဲ့ ရန်ပွဲက တိုးတိုး ကြိတ်ကြိတ်မှသည် တစ်စ တစ်စ ပြင်းထန်လာခဲ့သည်။ ထိုနေ့က အပြင်းထန်ဆုံးဖြစ်ခဲ့ကာ အဖေက အမေ့ကို သွားကျွတ်ထွက်သည်အထိ ရိုက်နှက်ခဲ့ခြင်းဖြစ်၏။ 


နောက်မှ ကျွန်တော်သိလာရသည်မှာ အမေက အဖေ့ကို အဖေတို့ရုံးမှ လုပ်ဖော်ကိုင်ဖက်စာရေးမတစ် ယောက်နဲ့ ငြိစွန်းနေသည်ဟု စွပ်စွဲခြင်းဖြစ်ကြောင်း သိရသည်။ အဖေက မဟုတ်ကြောင်း ငြင်းသည်။ အဖေနဲ့ ထိုအမျိုးသမီးဆက်ဆံရေးမှာလည်း သာမန်ဆက်ဆံရေးထက် ပိုတယ်လို့ သူတို့ရုံးက အခြားဝန်ထမ်းများက အမေ့ကို သတင်းပို့ကြသည်။ အမေက ပတ်ဝန်းကျင်သတင်းစကားများနဲ့ စွပ်စွဲ၊ အဖေက ငြင်းနှင့် သွားကျွတ် အောင်ရိုက်မိသည်အထိ ရန်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။ 


အဘွားက အမေ့ကို အဖေ့အိမ် ပြန်မသွားစေတော့ပါ။ အမေကလည်း အဖေ့ကို စိတ်နာတယ်ဆိုပြီး ပြန် မပေါင်းတော့ပေ။ အဘွားက ကျွန်တော့်ကိုလည်း အဖေနဲ့မဆက်ဆံရန်၊ လမ်းမှာတွေ့ရင်တောင် နှုတ်မဆက် ရန်၊ မခေါ်မပြောရန် ပြောသည်။ ထိုအချိန်မှစ၍ ကျွန်တော်နှင့်အမေသည် အဘွားအိမ်မှာ ဦးကြီးတို့မိသားစုနှင့် အတူ နေခဲ့ရသည်။ ဦးကြီးက သင်္ဘောတက်နေရတာများလို့ သုံးနှစ်မှ တစ်ခါလောက်သာ အိမ်ပြန်ရောက်တတ် သည်။ ဦးကြီးမိန်းမ ကြီးကြီးရယ်၊ ဦးကြီးရဲ့ ကျွန်တော့်ထက်ကြီးသော သားနှစ်ယောက်ရယ်နှင့် နေခဲ့ရသည်။


ဦးကြီးက အမေ့ကို အိမ်ရှေ့တွင် ကုန်စုံဆိုင်လေး ဖွင့်ပေးခဲ့သည်။ အမေတို့အမျိုးတွေက နဂိုကပင် ချောင်လည်သူတွေမို့ ကျွန်တော်တို့သားအမိအတွက် စီးပွားရေးပူပင်စရာ မလိုခဲ့ပါ။ 

+++++


ကျွန်တော်တို့ အဖေ့အိမ်ပေါ်မှဆင်းလာပြီး နှစ်လလောက်အကြာတွင် အဖေ အရက်တွေမူးပြီး အိမ်ရှေ့ မှာ လာအော်သေးသည်။ အဘွားက အပြင်ထွက်ဆဲဆိုကာ အရပ်လူကြီးတွေကို တိုင်တည်သည့်အတွက် လမ်းထဲက ကာလသားတွေ အဖေ့ကိုချော့မော့ကာ ဆွဲထုတ်သွားကြသည်။


"လာရင်လည်း လူလိုသူလို လာပါလား။ ခုလိုမျိုး အောက်တန်းစားဆန်ဆန်လာလုပ်တော့ သူ့ကို ဘယ်သူက သနားမှာလဲ"

အမေက ခပ်တိုးတိုး မှတ်ချက်ချသည်။


အဘွားနဲ့ကြီးကြီးက အမေ့ကို ကျိုးနေတဲ့ ဘယ်ဘက်ပါးစောင်က သွားကို ပြန်စိုက်ဖို့ပြောသည်။

"မစိုက်ဘူးအမေ။ ဒီအတိုင်းပဲ ထားမယ်။ ဒီသဂျိုး(သွားကျိုး)ကိုမြင်တိုင်း မြင့်မောင်ကို စိတ်နာနေချင်လို့ မစိုက်ဘူး။ ဒီတိုင်းထားမယ်"

"အေးပါအေ။ ညီး ပြန်ပြီး စိတ်ညွှတ်မသွားရင် ပြီးတာပါပဲ"


ခြောက်လလောက်အကြာတွင် အဖေဆက်သွယ်လာသေးသည်။ ဒီတစ်ခါတော့ တောင်းပန်ပါရစေ ဆိုကာ ရပ်ကွက်လူကြီးတွေကတစ်ဆင့် ကောင်းကောင်းမွန်မွန်ပြောလာသည်။ အဘွားက အလာမခံခဲ့ပါ။


"ဒါပဲနော်။ မြင့်မောင်နဲ့ပြန်ပေါင်းဖို့တော့ စိတ်တောင်မကူးနဲ့။ ဟိုကောင်လေး မောင်ဇော်။ နင်လည်း နင့်အဖေကို စိတ်နာရမှန်း သိ။ ကြားလား။ အမေလုပ်တဲ့လူကို သွားကျိုးအောင်ရိုက်ထားတဲ့ကောင်။ ဒီလိုကောင် မျိုးကို အဖေလို့လည်း မမှတ်နဲ့။ လမ်းတွေ့ရင်လည်း နှုတ်မဆက်နဲ့။ နင့်ရင်ထဲက ထုတ်ပစ်လိုက်။ ကြားလား။ မောင်ဇော်"

"ဟုတ်ကဲ့ပါ ဘွားဘွား"

ဒီလိုနှင့် အဖေနဲ့ကျွန်တော်တို့သားအမိ တစ်စတစ်စ ဝေးကွာလာခဲ့ပါသည်။

+++++


အဖေနဲ့အမေကွဲပြီး တစ်နှစ်ကျော်ကျော်ကြာသည့်အချိန်တွင် အဖေ နောက်အိမ်ထောင်ပြုသွားသည်။ 

အဖေယူလိုက်သည့်မိန်းမမှာ အခြားမဟုတ်။ အမေ မသင်္ကာလို့ စွပ်စွဲခဲ့သည့် အဖေတို့ရုံးက စာရေးမပင် ဖြစ်သည်။

"ဟင်း- ပြောတော့ မဟုတ်ပါဘူး၊ မဟုတ်ပါဘူးနဲ့။ အခုယူလိုက်တော့ သူ မဟုတ်ပါဘူးငြင်းတဲ့ ကောင်မပဲ"

အမေက ဆိုင်ထဲတွင် ခပ်တိုးတိုးပြောကာ ကြိတ်ငိုရှာပါသည်။ သူငိုတာကို အဘွားသိစေချင်ပုံမရပါ။


သည်တစ်ခါတော့ အမေကိုယ်တိုင်က အဖေ့ကို စိတ်နာဖို့၊ အဖေနဲ့မဆက်ဆံဖို့ ကျွန်တော့်ကို ပြောလာသည်။ 

"လမ်းတွေ့ရင် ယောင်လို့တောင် လှည့်မကြည့်နဲ့နော် သား။ သူလိုလူကို အဖေမတော်ရလို့ ဘာမှ ဖြစ်မသွားဘူး။ မ,ကိုခင်မှ ဥကိုခင်တာပါတဲ့လေ။ သူကလည်း နင့်ကို သားလို့မှတ်မှာ မဟုတ်ပါဘူး"

"သား မခေါ်ပါဘူးအမေ။ စိတ်ချပါ"

ထိုအချိန်တွင် ကျွန်တော်ကိုယ်တိုင်လည်း အဖေ့ကို စိတ်နာနေပါပြီ။ 


သို့သော် အဖေနဲ့ ကင်းကင်းနေနိုင်သော်လည်း မတွေ့အောင် ရှောင်ကွင်းနေလို့ကတော့ မရပါ။

ကျွန်တော်ကျောင်းသွားသည့်လမ်းသည် အဖေ့အိမ်ရှေ့မှ ဖြတ်သွားရသည်။ အခြားလမ်းမရှိပါ။ ကျွန်တော်သည် အဖေ့အိမ်ရှေ့ကဖြတ်သွားချိန်တိုင်း စက်ဘီးကို ခပ်သွက်သွက်နင်းကာ ဖြတ်ရသည်။ 


ကျောင်း အသွားတွင် ဦးခေါင်းကို အဖေ့အိမ်ရှိရာဘဘယ်ဘက်သို့ မလှည့်မိအောင်၊ ကျောင်းအပြန်တွင် ညာဘက်သို့ မလှည့်မိအောင် သတိထားသွားရသည်။ 

အမေနဲ့ကွဲခါစက ကျွန်တော်အိမ်ရှေ့က ဖြတ်အသွားတွင် "သား" "မောင်ဇော်" စသည်ဖြင့် လှမ်း အော်ခေါ်တတ်သည်။ ကျွန်တော် တစ်ခါမျှ လှည့်မကြည့်ပါ။ နောက်ပိုင်းတော့ မခေါ်တော့ပါ။ ကျွန်တော့်ကို ငေးကြည့်ရင်း ကျန်ခဲ့သောအဖေ့ကို ရံဖန်ရံခါ ကျွန်တော်သတိထားမိသည်။ 

+++++


အဖေ နောက်အိမ်ထောင်နှင့် ကလေးနှစ်ယောက်မွေးပါသည်။ ယောက်ျားလေးတစ်ယောက်၊ မိန်းက လေးတစ်ယောက်ဖြစ်သည်။ အကြီးကောင်လေးက ကျွန်တော့်ထက် ၁၀နှစ်ငယ်သည်။ ထိုကလေး သူငယ်တန်း နေချိန်တွင် ကျွန်တော် ကိုးတန်းရောက်နေပါပြီ။ 


ကလေးများက ကျွန်တော့်ကို သူတို့ရဲ့ အဖေတူအမေကွဲ အစ်ကိုတော်မှန်း သိနေပုံရသည်။ သူတို့အဖေက ပြောထားပုံရပါသည်။ သို့သော် ကျွန်တော်သည် သူတို့နှင့် မပတ်သက်ခဲ့ပါ။ အရောမဝင်ခဲ့ပါ။ ပတ်သက်စရာလည်း မရှိ။ အသက်ချင်း အတန်းချင်း ကွာခြားကြသည် မဟုတ်ပါလား။ 

+++++


ကျွန်တော် ဆယ်တန်းနှစ်တွင် မေမေဆုံးသွားပါသည်။ နောက်တစ်နှစ်အကြာ ကျွန်တော် ၁ဝတန်း အောင်သည့်နှစ်တွင် အဘွားဆုံးသွားပါသည်။ အမေ့အိမ်ဆိုင်လေးကိုလည်း ပိတ်ပစ်လိုက်ရပါသည်။

အစ်ကိုဝမ်းကွဲနှစ်ယောက်လုံးလည်း နိုင်ငံခြားသင်္ဘောလိုက်သွားကြပြီ။ ဦးကြီးကတော့ အသက်ကြီးလာ လို့ သင်္ဘောမလိုက်တော့ပါ။ အနားယူနေပါပြီ။


ကျွန်တော်သည် တက္ကသိုလ်ဆက်မတက်ဘဲ အဝေးသင်သာ ဆက်တက်ခဲ့ပါသည်။

အမေ အဘွားနှင့် အစ်ကိုနှစ်ယောက်မရှိတော့သောအိမ်မှာ ပျင်းစရာကောင်းနေပါသည်။


"မင်းလည်း သင်္ဘောလိုက်တော့ မောင်ဇော်။ အဝေးသင်ကို ခဏနားထားလိုက်ပေါ့။ ဘွဲ့က ဘယ် အချိန်ယူယူရပါတယ်။ မင်းလည်း တစ်နေ့အိမ်ထောင်ပြုမှာဆိုတော့ ပိုက်ဆံရှာထားဖို့ လိုတာပေါ့ကွာ"


ဦးကြီးစကားကို ပယ်ရှားစရာအကြောင်းမရှိပါ၍ ဦးကြီးစီစဉ်ပေးသည့်အတိုင်း လိုက်နာခဲ့ရပါသည်။ လိုအပ်သောသင်တန်းများကို ရန်ကုန်မှာ သွားတက်ရသည်။


ယခုဆိုလျှင် ကျွန်တော် နိုင်ငံခြားသင်္ဘောပေါ်တက်တော့မယ်ဆိုတဲ့သတင်းကို တစ်မြို့လုံးသိနေကြပြီ။ 

ကျွန်တော့်အဖေလည်း ထိုသတင်းကို ကြားသည်ထင်ပါသည်။ မနေ့က လမ်းထိပ်မှာ ရပ်နေတာ တွေ့ လိုက်သည်။ ကျွန်တော့်ဆိုင်ကယ်အလာကို ရပ်စောင့်နေဟန်တူပါသည်။ တစ်ခုခုပြောချင်ဟန်ဖြင့် ဆိုင်ကယ် ရှေ့မှ လက်လှမ်းတားသည်။ ကျွန်တော် မမြင်ချင်ယောင်ဆောင်ပြီး မောင်းပြေးခဲ့ပါသည်။ 


ညနေပိုင်းကျတော့ ကျွန်တော့်သူငယ်ချင်း ဇာနည်က ပြောသည်။

"မင်းအဖေက မင်းကိုတွေ့ချင်လို့တဲ့။ ပြောစရာရှိလို့တဲ့"

"မလိုပါဘူးကွာ။ သူနဲ့ငါနဲ့ ဘာဆိုင်တာမှတ်လို့"

"ဟေ့ကောင်။ မင်း အဖေလေ"

"တော်ပါကွာ။ သူ့မှာလည်း နောက်မိန်းမနဲ့ ကလေးတွေနဲ့ပါ။ ငါ့အမေကို သွားကျိုးအောင် ရိုက်ထားတဲ့ လူကို ငါစကားမပြောချင်ဘူး။ ပြောစရာလည်း မလိုဘူး"

"မင်းကလည်းကွာ"

"ဒါလောက်စကားပြောချင်ရင် အိမ်လာခဲ့လို့ ပြောလိုက်"

"ဟာကွာ။ မင်းဦးကြီးကြောက်တာနဲ့ ဘယ်လာရဲမှာလဲကွ။ အဲဒါသိလို့ ငါကပြောတာ"

+++++


မနက်က သူငယ်ချင်း တိုတိုးရဲ့အဖေက အိမ်ခဏလာခဲ့ပါဦးလို့ ဖုန်းလှမ်းဆက်လို့ တိုးတိုးတို့အိမ်ကို လာခဲ့သည်။ အိမ်ရှေ့တွင် တိုးတိုးအဖေ ဦးအောင်ခန့်ကို အဆင်သင့်တွေ့ရသည်။

"အန်ကယ် ကျွန်တော့်ကို ဘာခိုင်းစရာရှိလို့လဲ"

"မရှိပါဘူး သားရယ်။ မင်းကို လူတစ်ယောက်နဲ့ပေးတွေ့မလို့ ခေါ်လိုက်တာပါ"

"ဗျာ-"

"ဟိုမှာ ကိုမြင့်မောင် သားကိုတွေ့ချင်လို့တဲ့ စောင့်နေတယ်"


ဦးအောင်ခန့်က ဧည့်ခန်းတွင် ထိုင်နေနှင့်သူကို လက်ညှိုးထိုးပြကာပြောသည်။ ကျွန်တော့်အဖေ ဦးမြင့် မောင်က ကျွန်တော့်ကို ငေးကြည့်နေသည်။

"ဟာဗျာ။ အန်ကယ်ကလည်း ကျွန်တော် သူနဲ့မတွေ့ချင်ဘူး"

"သားရယ်။ မင်းရဲ့အဖေပါကွယ်။ သားလည်း သင်္ဘောပေါ်တက်ခါနီးဆိုတော့ သူ တစ်ခုခုပြောချင်ပုံရ တယ်။ အန်ကယ့်ကို အကူအညီတောင်းထားလို့ပါ။ သွားလိုက်ပါသားရယ်"

ငြင်းလို့ မသင့်တော်တော့သဖြင့် ကျွန်တော် ဧည့်ခန်းထဲ သွားလိုက်ရသည်။ ဦးအောင်ခန့်က အပြင်မှာပဲ ကျန်ခဲ့၏။


ဧည့်ခန်းထဲရောက်တော့ သူ့ဘက်ကိုလှည့်မကြည့်ဘဲ ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။

"သား သင်္ဘောတက်တော့မှာဆို"

"ကျွန်တော်တို့ ဘာဆိုင်လို့လဲ"

"ဟုတ်ပါတယ်။ မင်းနဲ့ငါ ဘာမှ မဆိုင်ပါဘူး။ ပေးစရာလေးတစ်ခုရှိလို့ ခေါ်လိုက်တာပါ"

ကျွန်တော်အံ့ဩသွားသည်။ မျက်နှာကိုတစောင်းလှည့်ထားရာမှာ သူ့ကို ကြည့်လိုက်သည်။


"ရေခြားမြေခြား ပင်လယ်ခရီးသွားရတာ သတိထားပေါ့။ ခရီးသွားရင် အမေ့ထမီစကိုဆောင်သွားရင် အန္တရာယ်ကင်းတယ်ဆိုတာ ကြားဖူးတယ်မို့လား။ မင်းကို ဒါလေး ပေးလိုက်ချင်လို့ပါ"

သူက သူ့အင်္ကျ ီအိတ်ကပ်ထဲက တစ်စုံတစ်ခုကို နှိုက်ထုတ်လိုက်သည်။ ဗူးလေးတစ်ခု ကျွန်တော် မြင် လိုက်ရသည်။


သူက ကျွန်တော်နှင့်မျက်နှာချင်းဆိုင်ထိုင်နေသည့် ကုလားထိုင်မှ ထလာသည်။


ကျွန်တော့်ရှေ့အရောက်တွင် ကျွန်တော့်ညာလက်ကိုဆွဲကာ လက်ထဲကို ဗူးလေးထည့်ပေးလိုက်သည်။

ကျွန်တော်ငုံ့ကြည့်လိုက်တော့ ပရုပ်ဆီဗူးအဟောင်းလေး။


"သားအမေရဲ့ သွားလေး။ အဖေသိမ်းထားတာ။ ဆောင်ထားနော်။ အဖေသွားမယ်"


စကားဆုံးသည်နှင့် သူက လှည့်ထွက်သွားသည်။

ကျွန်တော်သည် ပရုပ်ဆီဗူးလေးကို လျင်မြန်စွာဖွင့်ကြည့်လိုက်သည်။

"ဟင်-"


ဗူးလေးထဲတွင် လူ့သွားကျိုးတစ်ချောင်း။ 

ဒါ အမေ့သွားတဲ့လား။ ဒါဆို အမေ့သွားကို သူ သိမ်းထားခဲ့တာပေါ့။


"အဖေ"

ကျွန်တော် နှုတ်မှရေရွတ်ရင်း ထိုင်ရာမှထကာ တံခါးဝကို ပြေးသွားလိုက်သည်။


"အဖေ"

ကျွန်တော့်ခေါ်သံကို သူ ကြားဟန်မတူပါ။ 

စက်ဘီးနင်းထွက်သွားသော သူ့ကျောပြင်ကိုသာ မြင်လိုက်ရတော့သည်။

+++++

                                                 (ဆောင်းလုလင်)

Friday, June 6, 2025

"ဖေဖေ့ သူငယ်ချင်း"

 


သူရောက်လာသောအချိန်သည် သင်္ချာပုစ္ဆာတစ်ပုဒ် အဖြေမထွက်၍ ကျွန်တော် ဦးနှောက်ခြောက်နေချိန်ဖြစ်သည်။ သူ ခြံတံခါးဖွင့်ဝင်လာသည်ကို ကျွန်တော် မသိလိုက်ပါ။ 

အိမ်တံခါးဝမှာလာရပ်သည့် အရိပ်တစ်ခုက ကျွန်တော် 

လေ့ကျင့်ခန်းစာအုပ်ပေါ် ထိုးကျလာသောကြောင့်သာ ကျွန်တော် မော့ကြည့်လိုက်မိခြင်းဖြစ်သည်။ ထိုအခါမှ 

သူ့ကို ကျွန်တော် မြင်လိုက်ရခြင်းဖြစ်သည်။ 


သူ့ကိုမြင်မြင်ချင်း မည်သူမဆို သတိထားမိနိုင်မည့်အချက်မှာ သူ့ဆံပင်ဖြစ်သည်။ သူ၏အညိုရောင်ဆံပင်များသည် တွန့်ခွေလိမ်ကောက်ခြင်းမရှိ။ ပျော့ပြောင်းဖြောင့်စင်းလျက် ပုခုံးပေါ် မထိတထိကျနေသည်။ လေးထောင့်ကျကျမေးစေ့တဝိုက်တွင် ရှည်လျားသောပါးသိုင်းမွှေး ခပ်ကျဲကျဲရှိသည်။ နှုတ်ခမ်းမွှေးနှင့်မုတ်ဆိတ်အကြားမှာ သူ့နှုတ်ခမ်းသည် ဖျော့တော့သောမျဉ်းကွေးတစ်ကြောင်းသာဖြစ်သည်။ ညိုမောင်းသောအသားအရည်ဖြင့် သူသည် ကျန်းမာတောင့်တင်းသော လူလတ်ပိုင်းအရွယ် ယောက်ျားကြီးတစ်ယောက်ဖြစ်သည်။ သူ့မျက်လုံးများက ကျဉ်းမယောင်ရှိသော်လည်း နက်မှောင်တောက်ပနေသည်။ 


“ မင်းက ကျော်ဇံရဲ့သား ထင်တယ် ”


အသံမှာ ခွန်အားအပြည့်၊ ကျွန်တော်အားကျသောအသံမျိုး။ ကျွန်တော် ခဲတံကို ပစ်ချလိုက်ပြီး ထိုင်နေရာမှ ထရပ်ကာ 

ထိုလူစိမ်းအား အဖြေပေးလိုက်သည်။ 


“ ဟုတ်တယ် ”


သူသည် ကျွန်တော်ရှိရာသို့ တစ်လှမ်းချင်း လျှောက်လာသည်။ သူ့ချဉ်းကပ်ပုံမှာ ဧည့်သည်တစ်ယောက် အိမ်လာလည်သည်နှင့်မတူဘဲ စျေးဝယ်တစ်ယောက်က သူဝယ်မည့်ပစ္စည်းကို စူးစမ်းတွက်ချက်ပြီး ချဉ်းကပ်လာပုံမျိုးဖြစ်သည်။ သူ့ကျောတွင်လွယ်ထားသော အနက်ရောင်ကျောပိုးအိတ်သည် ခပ်ဖောင်းဖောင်းဖြစ်ကာ အိတွဲကျနေသည်။


“ ဟား ... လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ကျော်ဇံကလေးပါပဲလား .. ”


စားပွဲပေါ် သူ့ကျောပိုးအိတ်ကို ဘုတ်ခနဲပစ်ချလိုက်ပြီး 

ကျွန်တော့်ကို စူးစိုက်ကြည့်နေပြန်သည်။ 


“ ဦးလေးက ဖေဖေ့အသိလား ”


ကျွန်တော်က စိတ်အားထက်သန်စွာ မေးတော့ သူက ကျွန်တော့်ခေါင်းကိုပုတ်၍ ခပ်ဟားဟားရယ်မောသည်။ သူက အသာအယာပုတ်လိုက်ဟန်ရှိသော်လည်း ကျွန်တော် နည်းနည်းနာသွားပါသည်။ 


“ အသိဆိုပါတော့ကွာ၊ ဒါက ... မင်း ... ငါ့နာမည်ကြားဖူးလား၊ မကြားဖူးလားဆိုတဲ့အဖြေပေါ်မှာ မူတည်တာပေါ့။ မင်း ငါ့ကို သိသလား ”


ကျွန်တော် သူ့မျက်နှာကိုမော့ကြည့်ပြီး ခေါင်းယမ်းပစ်လိုက်မည်ပြုပြီးမှ ခဏ တွန့်ဆုတ်သွားပါသည်။ ထိုမျက်လုံးများကို ကျွန်တော်မြင်ဖူးသလိုပဲ။ ဘယ်မှာမြင်ဖူးမှန်း မသိပါ။ စူးရှသည့်မျက်လုံးမျိုး၊ ထို့အပြင် မထီလေးစား လှောင်ပြောင်လိုသောမျက်လုံးမျိုး၊  အရာရာကို 

ရယ်မောလိုသည့်မျက်လုံး။ 


“ မျိုးချစ်ဆိုတဲ့နာမည် မင်းအဖေပြောသံ ကြားဖူးလား ”


“ ဟာ ... ”


ကျွန်တော် သူ့ကို တအံ့တဩကြည့်ပြီးနောက် စိတ်ထဲပျော်ရွှင်လာသည်။ 


“ ကျွန်တော်သိတယ်၊ ကျောင်းသိပ်လစ်တာပဲဆိုတဲ့ မျိုးချစ်လား ... ”


သူ ဟက်ဟက်ပက်ပက်ရယ်သည်။ သူ့ရယ်သံသည် ကြမ်းတမ်းပွင့်လင်းသည်။ ကျွန်တော် မကြာခဏ ပုံဖော်ကြည့်ဖူးသော စိတ်ကူးထဲက ဖေဖေ့သူငယ်ချင်းသည် ယခုလို ဆံပင်ရှည်မရှိ။ မုတ်ဆိတ်ပါးသိုင်းမွှေးမရှိ။


“ ဒီလိုဆိုတော့လည်း ကျော်ဇံက ငါ့ကို မမေ့ဘူးပေါ့ ”


သူ့အပြုံးပျောက်သွားပြီး ကျွန်တော့်ရှေ့က ထိုင်ခုံတွင် 

ခပ်လေးလေး ဝင်ထိုင်သည်။ ထိုအခါကျမှပင် ဧည့်သည်ကို ထိုင်ပါဟူသောစကားဖြင့် ဧည့်ဝတ်မကျေပွန်ခဲ့မှန်း 

သတိရသွားမိသည်။ 


“ ထိုင်လေကွာ၊ မင်းနာမည်က ဘယ်သူတုံး ”


ကျွန်တော် တွန့်ဆုတ်စွာ ပြန်ထိုင်လိုက်သည်။ 


“ မင်းခေါင် ”


သူက လေတစ်ချက်ချွန်၍ ကျွန်တော့်မျက်နှာကို 

စေ့စေ့စပ်စပ်ကြည့်သည်။ 


“ မင်းအဖေပေးတဲ့နာမည်တော့ မဖြစ်နိုင်ဘူး။ မင်းအမေ

ပေးတဲ့နာမည်ပဲ ဖြစ်ရမယ်၊ ဟုတ်လား ”


ကျွန်တော် သူ့စကားကို အဓိပ္ပါယ်မပေါက်နိုင်ဘဲ အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။ 


“ မသိဘူး၊ ဖေဖေပေးခဲ့သလား၊ မေမေပေးခဲ့သလား၊ ကျွန်တော် တစ်ခါမှတောင် ထည့်မစဉ်းစားခဲ့မိပါဘူး ”


သူက ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ အိပ်ခန်းပတ်ဝန်းကျင်ကို 

ဟိုဟိုသည်သည် မျက်စိဝေ့ဝဲ၍ ကြည့်နေသည်။ 


“ မင်းအမေ ဘယ်သွားလဲ ”


ကျွန်တော် အနည်းငယ် စိတ်ရှုပ်သွားသည်။ 


“ အမေ စျေးသွားတယ် ”


“ ဟုတ်လား၊ ငါ စျေးဘက်ကနေ ဒီကိုလျှောက်လာတာပဲ။ 

မတွေ့ခဲ့ဘူး။ အေးလေ၊ ငါတို့ မျက်နှာချင်းဆိုင် ဆုံချင်ဆုံခဲ့မှာပဲ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်မှတ်မိမှာလဲ၊ 

ဒီလောက် နှစ်တွေကြာနေတာ ”


ကျွန်တော် သူ့ကို မျက်လွှာပင့်၍ ကြည့်မိသည်။ 


“ ဖေဖေ့အကြောင်း ဦးလေး ဘာလို့မမေးလဲ ”


ထိုအခါ သူသည် ကျွန်တော့်ပုခုံးကို ခပ်ဖွဖွ သို့သော် အင်အားအပြည့်ဖြင့် ဖက်လိုက်သည်။ 


“ သားရယ်၊ မင်းအဖေ မနှစ်ကဆုံးသွားတယ်ဆိုတာ 

ငါ သတင်းကြားပြီးပါပြီ ”


သူ၏တိုးတိတ်သောအသံကြောင့် ကျွန်တော် ဗြုန်းခနဲ မျက်ရည်လည်လာသည်။ ကျွန်တော့်ဖေဖေသည် ကြီးကျယ်မြင့်မြတ်သော ရှားပါးသည့်ယောက်ျားတစ်ယောက် မဟုတ်သော်လည်း ကျွန်တော့်အတွက်တော့ အလွန်ချစ်မြတ်နိုးဖွယ် ဖခင်တစ်ယောက်ဖြစ်ခဲ့ပါသည်။ ဖေဖေသည် သာမာန်ကျောင်းဆရာတစ်ဦးဖြစ်သည်။ ကျောင်းသားတွေအပေါ် စေတနာထားပြီး သူ့အလုပ်သူ တာဝန်ကျေသည်။ ကျောင်းဆရာဘဝကို တွယ်တာပြီး တခြားနည်းဖြင့် ငွေရှာဖို့ စိတ်မဝင်စားသူဖြစ်သည်။ မေမေကတော့ ဖေဖေ့အပေါ် 

မငြိုငြင်ခဲ့ပါ။ 


“ မင်းမေမေ အလုပ်အကိုင်အဆင်ပြေရဲ့လား ”


“ ဟုတ်ကဲ့၊ မေမေ ရုံးအလုပ်က ထွက်လိုက်တာကြာပြီ။ 

စျေးအရှေ့တိုက်တန်းမှာ ကုန်ခြောက်ဆိုင်ဖွင့်ထားတယ်။ ဖေဖေမဆုံးခင်ကတည်းကပဲ ”


သူက ကျောပိုးအိတ်ထဲမှာပါလာသော ပစ္စည်းများကို ထုတ်၍ စားပွဲပေါ် တင်သည်။ မွှေးပွမျက်နှာသုတ်ပုဝါ၊ 

အ်ိပ်ရာခင်း၊ စောင်နှင့် ယောက်ျားဝတ်ချည်ချောလုံချည် အသစ်စက်စက်အထုပ်များဖြစ်သည်။


“ ဒါတွေ သိမ်းထားလိုက်ဦး။ ညနေကျမှ ငါ ပြန်လာခဲ့မယ် ”


ထို့နောက် သူ ဗြုန်းခနဲ ထိုင်ရာမှ ထလိုက်သည်။ 


“ ဦးလေးက ကျောင်းဆရာမဟုတ်ဘူးနော် ”


“ ဘာဖြစ်လို့မေးတာလဲ ”


ကျွန်တော် ခေါင်းကို ခပ်ဖွဖွကုတ်လိုက်မိသည်။ 


“ ဪ ... ကျွန်တော် သင်္ချာတစ်ပုဒ်တွက်မရလို့ ”


ကျွန်တော့်ဖွင့်လက်စ စာအုပ်ကို ငုံ့ကြည့်ပြီး သူက ပုခုံးတွန့်လေသည်။


“ မင်းအဖေနဲ့တော့ ဘယ်တူနိုင်ပါ့မလဲကွာ၊ ငါ ဂျီဩမေတြီကို မသိတော့ဘူး၊ ငါသိတာ တန်၊ ဟန္ဒြိတ်၊ ပေလက်မနဲ့ 

စျေးနှုန်းပဲ ”


“ ဦးလေးက ဘာလုပ်တာလဲ ”


“ သစ်ခွဲစက် ”


သူထွက်သွားသောအခါ ကျွန်တော် သူ့နောက်ကျောကို 

ငေးမော၍ကျန်ခဲ့သည်။


----------


“ မေမေ သူ့ကို သိလား ”


မေမေက မျက်နှာမှသနပ်ခါးကို လက်ညှိုးကလေးဖြင့် 

ညှိရင်း ခပ်ဖွဖွပြုံးသည်။


“ သိသားပဲ။ တစ်မြို့တည်းနေပြီး တစ်နှစ်တည်း ဆယ်တန်းရောက်တဲ့လူ ”


“ သုံးယောက်အတူတူလား မေမေ ”


မေမေက ကျွန်တော့်ကို မျက်ခုံးပင့်ကြည့်သည်။ 


သုံးယောက်မဟုတ်ဘူးလေ၊ နှစ်ယောက်၊  အဲဒီကိုမျိုးချစ်က မင်းဖေဖေရဲ့သူငယ်ချင်းပဲ။ သူတို့နှစ်ယောက်က အလယ်တန်းကျောင်းသားဘဝကတည်းကနေ မကွေးတက္ကသိုလ်ရောက်တဲ့အထိ တွဲခဲ့ကြတာ ”


“ မေမေကရော ”


“ မေမေက မကွေးကောလိပ်ရောက်မှ သူတို့နဲ့ ခင်တာလေ၊ အင်း ... မေမေက သားဖေဖေနဲ့ပဲ ပိုပြီးရင်းနှီးခဲ့တာပါ။ သူ့ကိုတော့ မေမေ သုံးလေးခါပဲ စကားပြောဖူးတယ်။ အခုမြင်ရင် မှတ်မိမယ်မထင်ဘူး။ သူက တစ်မျိုးပဲ ...”


“ ဘယ်လိုတစ်မျိုးလဲ ” ဟု ကျွန်တော်မမေးရသေးမီ မေမေက ဆက်ပြောသည်။ 


“ မျက်နှာကြော တင်းကတင်းနဲ့၊ မိန်းကလေးတွေကိုလည်း သိပ်ဂရုစိုက်ဟန်မတူပါဘူး ”


“ မေမေ့ကိုရော သူ ...  ဂရုစိုက်ခဲ့ဖူးလား ”


ထိုမေးခွန်းကို ကျွန်တော် မမေးပါ။ ဟိုတုန်းကတော့ မေမေဟာ သိပ်လှတာပဲ။ အယ်လ်ဘမ်ထဲမှာ မေမေငယ်ငယ်ကဓာတ်ပုံတွေ ကျွန်တော် တွေ့ရသည်။ ဖေဖေ့ဓာတ်ပုံက နည်းသည်။ ဖေဖေက အေးဆေးသိမ်မွေ့သည်။ ဓာတ်ပုံရိုက်ဖို့ကိုတော့ အလွန်ပင်ရှက်သည်ဟု မေမေပြောဖူးသည်။ မင်္ဂလာပွဲတွင်ရိုက်သည့် ဓာတ်ပုံမှတပါး ဖေဖေနှင့်မေမေ နှစ်ယောက်တွဲဓာတ်ပုံ မရိုက်ဖူးပါ။ သို့သော် ဖေဖေနှင့်သိပ်ခင်သည်ဆိုသော ဖေဖေ့သူငယ်ချင်းဦးမျိုးချစ်နှင့် တွဲရိုက်ထားသောဓာတ်ပုံတစ်ပုံ ဖေဖေ့ဆီမှာရှိနေသည်။ ဖေဖေတို့ဆယ်တန်းနှစ်တုန်းက ရိုက်ထားသောဓာတ်ပုံဖြစ်သည်။ ဓာတ်ပုံထဲမှာ ဖေဖေသည် နုနယ်ပျိုမျစ်စွာ ပြုံးရယ်နေလေသည်။ ယခုပြန်စဉ်းစားတော့ ဓာတ်ပုံထဲက ဦးမျိုးချစ်သည် မဟုတ်မခံစိတ်ဖြင့် အရာရာကို အလေးအနက်ထားပုံရလျှက် မနေ့က 

ဦးမျိုးချစ်ကတော့ အရာရာကို လှောင်ပြောင်သရော်လိုဟန်မျက်နှာပေးရှိသည်။ ဓာတ်ပုံနှင့်လူအကြား ကွဲပြားခြားနားခြင်းလား ကျွန်တော် မဝေခွဲတတ်ပါ။ 


“ သူ ဘယ်မှာတည်းတယ်လို့ သားကို ပြောသွားသေးလား ”


“ ဟင့်အင်း၊ မပြောဘူးမေမေ ”


သူ ကျွန်တော့်ကို ဘာမှပြောမသွားခဲ့ပါ။ 


“ သူက ဒီမြို့မှာ အိမ်မရှိဘူးလား မေမေ ”


“ မရှိဘူးထင်တာပဲ သားရဲ့၊ သူ့မှာ အဖေအမေတော့ မရှိဘူး။ သူ့ဦးလေးနဲ့ နေတာလို့ သားဖေဖေပြောဖူးတာပဲ။ အခု အဲဒီဦးလေး ရှိလား၊ မရှိလား မေမေမသိဘူးလေ။ ရှိမှာမဟုတ်တော့ပါဘူး။ ဒါကြောင့်သာ ဒီမြို့ကို သူ တစ်ခေါက်မှ မရာက်လာတာပေါ့ ”


ကျွန်တော် အလွန်သိချင်နေသည့်မေးခွန်းကို မေမေ့အား မေးလိုက်မိသည်။ 


“ ဒါဖြင့် သူက အခု ဒီကို ဘာလာလုပ်တာလဲ ”


မေမေက ကျွန်တော့်ကို မျက်လုံးပြူး၍ ပြုံးကြည့်သည်။ 


“ ဟောတော့်၊ မေမေ ဘယ့်နှယ်လုပ်ပြီး သိမလဲ၊ မေမေနဲ့မှ 

မတွေ့လိုက်ရတာ၊ သားက မမေးလိုက်ဘူးလား ”


“ ဟင့်အင်း ”


မေမေသည် စဉ်းစားသလို ငြိမ်သက်တွေဝေသွားသည်။ 

မေမေ့နဖူးဆံစပ်မှာ ဘယ်လိုမှ ဖြီးသင်၍မရသော ဆံယဉ်စကလေးများ ဝဲလွင့်လျက်ရှိသည်။ နဖူးမှာ အရေးအကြောင်းများ ပေါ်လွင်စပြုလာသော်လည်း မျက်လုံးမျက်ခုံးများက ငယ်ရွယ်စဉ်ကလိုတောက်ပမြဲဖြစ်၏။ လူကြီးပီသစွာ ဣန္ဒြေရရုံ ပြည့်ပြီးသွယ်လျနေသည့် မျက်နှာပြင်တွင် အသားအရည်လျော့ရဲမှု၊ ညိုညစ်မှု 

လုံးဝမရှိ။ 


“ ဘာပဲဖြစ်ဖြစ် မေမေ ဟင်းလေးဘာလေးတော့ ထပ်လုပ်လိုက်ဦးမှဖြစ်မယ် ”


မေမေ မီးဖိုခန်းထဲဝင်သွားတော့ ကျွန်တော် ဧည့်ခန်းမှာ 

ခပ်ငိုင်ငိုင် ကျန်ရစ်ခဲ့သည်။ မေမေဟာ လှနေတုံးပဲ။ 

ဒါ ... ဘယ်သူမှ မငြင်းနိုင်သောအချက်ဖြစ်သည်။ မေမေ့ကို မုဆိုးမ လူလွတ်အမျိုးသမီးတစ်ယောက်အဖြစ် ယခုမှ မြင်မိသောကြောင့် ကျွန်တော် ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။ ဦးမျိုးချစ်ဟာ ဖေဖေ့သူငယ်ချင်းတဲ့။ ဖေဖေရှိစဉ်တုန်းက တစ်ခါမှမလာဘဲနဲ့ အခု ဖေဖေဆုံးမှ၊ ဆုံးသွားတာလည်းသိရက်သားနဲ့ ဘာဖြစ်လို့ လာတာလဲ။ ဖေဖေ့ထံမှတဆင့် မျိုးချစ်ဆိုသော လူငယ်လေးတစ်ယောက်အကြောင်း မကြာခဏကြားဖူးပါသည်။ ကျောင်းစာကလွဲပြီး အားလုံးကို နှံ့စပ်ကျွမ်းကျင်သူဟူသော အချက်ဖြင့်ပင် မျိုးချစ်သည် ကျွန်တော့်အိပ်မက်တွေထဲမှာ ဇာတ်လိုက်ဖြစ်ခဲ့သည်။ 


ဘိုကေကို နောက်ပြန်လှန်ဖြီးထားပြီး ကျွန်တော့်ကို မထီတရီကြည့်နေသည့် ဓာတ်ပုံထဲကမျက်လုံးများကို ကျွန်တော်အားကျသည်။ ဓာတ်ပုံထဲမှာ ဖေဖေ၏နူးညံ့သိမ်မွေ့သောအပြုံးနှင့် မျိုးချစ်၏ ရိုင်းစိုင်းကြမ်းရှသောအကြည့်ကို ယှဉ်ကြည့်မိတိုင်း ကျွန်တော်သည် ယောက်ျားတစ်ယောက်၏ နူးညံ့ပျော့ပြောင်းမှုကို ဘယ်လိုမှ သဘောမကျနိုင်ကြောင်း သေချာလာခဲ့သည်။ ယောက်ျားတစ်ယောက်သည် ဗီဇသဘာဝအားဖြင့် ကြမ်းတမ်းရမည်။ ခွန်အားပြည့်ရမည်။ ပါးနပ်လျှင်မြန်ရမည်။ လိုအပ်လျှင် ဘာမဆို ယှဉ်ပြိုင်အနိုင်ယူတတ်ရမည်။ တစ်ခါတုန်းက မြစ်ရေကြီးချိန် ကမ်းနားမှာ ရေဆင်းချိုးရင်း ဖေဖေရေနစ်သွားသောအခါ မျိုးချစ်က ဖေဖေ့ကို ကယ်ဆယ်ခဲ့ရသည်တဲ့။ မျိုးချစ်သည် 

ငါးတစ်ကောင်လို ရေကူးကျွမ်းကျင်သည်ဟု 

ဖေဖေပြောခဲ့ပါသည်။ 


“ ဖေဖေက ရေမကူးတတ်ဘူးလား ”


ဖေဖေ့ကို သူရဲကောင်းဖြစ်စေချင်သော ကျွန်တော်က 

အားမလို အားမရမေးမိတော့ ဖေဖေက ထုံးစံအတိုင်း 

နူးညံ့စွာပြုံးလေသည်။ 


“ မကူးတတ်ဘူး။ ဖေဖေက ကုန်းမြင့်မှာ ကြီးပြင်းရတဲ့လူ။ မျိုးချစ်က ကမ်းနားမှာ ကြီးပြင်းခဲ့တဲ့လူလေ ”


“ ဒါပေမဲ့ ယောက်ျားတစ်ယောက်ဟာ ရေကူးတတ်ဖို့တော့ ကောင်းပါတယ်ဖေဖေရာ ”


ဖေဖေက ကျွန်တော့်ကို စိုးရိမ်ထိတ်လန့်စွာ ကြည့်သည်။ 


“ သား မြစ်ထဲချောင်းထဲ ရေသွားကူးဖူးသလား၊ ဖေဖေတို့

မသိအောင် ဘယ်တုန်းကများ သွားကူးလိုက်သလဲ ”


“ မပူပါနဲ့ ဖေဖေ၊ ကျွန်တော် ရေကူးကျွမ်းကျင်နေပါပြီ ”


မေမေက ကျွန်တော်တို့သားအဖကို ခပ်လှမ်းလှမ်းမှ အကဲခတ်နားထောင်ရင်း တိုးတိုးတိတ်တိတ် ရယ်မောခဲ့ဖူးလေသည်။ 


-----------


ကျွန်တော်တို့မြို့ သဲသောင်ခုံ၏တစ်ဖက်ရှိ ကျွန်းပေါ်ကရွာကလေးသို့ လေသေနတ်တစ်လက်ဖြင့် ခါတွေချိုးတွေ လိုက်ပစ်တတ်သူမှာ မျိုးချစ်၊ သောင်ပြင်ပေါ်ရေလျှံစဉ် ကမ်းနားမှာ ကျောက်ချသလို ထိုင်လျှက် စိတ်ရှည်လက်ရှည် ငါးမျှားသူမှာလည်း မျိုးချစ်၊ ဖေဖေကတော့ ငါးကလေးတွေ ချိုးကလေးတွေကို သနားသည်ဟုဆိုကာ မျိုးချစ်မီးကင်ကျွေးသမျှ ငြင်းပယ်ခဲ့သည်တဲ့။ ထိုအခါ ကျောင်းလစ်ပြီး ထိုကျွန်းပေါ်သို့ အုပ်စုလိုက်သွားကာ ပြောင်းခင်းတွေထဲခိုးဝင်၊ ပြောင်းဖူးတွေချိုး၊ ဆီးသီးတွေဆွတ်၊ ကမ်းနားမှာ တပျော်တပါး ငါးမျှားခဲ့ဖူးသည့် ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်အကြောင်း ဖေဖေ့ကို မပြောဘဲထားရန် ဆုံးဖြတ်ခဲ့သည်။ အတန်းထဲမှာ စာတော်ပြီး နူးညံ့ချောမောသော ဖေဖေ့ကို မနာလိုစိတ်ဖြင့် ခပ်ရမ်းရမ်းကောင်တွေက ကျောင်းအလာမှာစောင့်ပြီး ရန်စစဉ် ဖေဖေ့ကိုယ်စား အားလုံးကို ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်ကာ ဖေဖေ့ကိုကာကွယ်ခဲ့ရသော မျိုးချစ်ကို ညတစ်ညမှာတော့ အုပ်စုလိုက် ဝိုင်းရိုက်ခဲ့ကြဖူးသည်ဟု ဖေဖေပြောဖူးပါသည်။ 


“ ဖေဖေတို့အချင်းချင်းရော ရန်မဖြစ်ဘူးလားဟင် ”


ဖေဖေက ချက်ချင်းမဖြေသေးဘဲ ခေတ္တစဉ်းစားနေပြီးမှ 

ခပ်တိုးတိုးဖြေသည်။


“ နှစ်ခါ ရန်ဖြစ်ဖူးတယ် ”


“ ဘယ်သူနိုင်လဲ ”


အဓိကကျသောမေးခွန်းကို ကျွန်တော်မေးတော့ ဖေဖေ 

ခပ်မဲ့မဲ့ပြုံးသည်။ 


“ တစ်ခါက သူနိုင်တယ်။ တစ်ခါတော့ ဖေဖေနိုင်တယ် ”


“ ဖေဖေ ဘယ်လိုနည်းနဲ့ သူ့ကိုနိုင်သလဲ ” ဟု ဖေဖေ၏

ကျစ်လစ်သွယ်လျသော ကိုယ်ခန္ဓာကိုကြည့်၍ စပ်စုမိသောအခါမှာတော့ ဖေဖေ့မျက်နှာ တည်ကြည်သွားပြီး စကားလွှဲပစ်ခဲ့သည်။ 


------


မေမေ့မျက်နှာမှာ ဖေဖေဆုံးပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ် ရွှင်လန်းတောက်ပလျှက်ရှိသည်ကို စိတ်မကောင်းစွာ ကျွန်တော်ရိပ်မိနေသည်။ မေမေ့မျက်နှာ အမြဲတမ်း ကြည်နူးချမ်းမြေ့နေစေချင်သော်လည်း ယခုလို ရွယ်တူသူစိမ်းယောက်ျားတစ်ယောက်၏ စကားတွေကြောင့်တော့ မေမေ့ကို မရွှင်လန်းစေချင်ပါ။ 


“ ဘယ်သွားသွား အတူတူပဲဆိုပါတော့၊ ခင်ဗျားအဆောင်ကို သူ လာနေကျ ညနေတွေကလွဲလို့ပေါ့ဗျာ ”


မေမေ့မျက်နှာမှာ ရှက်စနိုးအပြုံးလေးတစ်ခု နူးညံ့စွာပေါ်လာသည်။ 


“ ဟုတ်တယ်နော်၊ ရှင် ဘယ်တော့မှ ပါမလာဘူး ”


သူ့မျက်နှာ နည်းနည်းမှုန်သွားသည်။ 


“ ကျွန်တော်က အဲလို ပလီပလာကိစ္စတွေကို စိတ်မရှည်ဘူးဗျ။ သူ ခင်ဗျားအဆောင်သွားနေတဲ့အချိန်တွေမှာ ကျွန်တော်က ဘော်လုံးချည်း ဖိကန်နေခဲ့တယ်လေ။ အဲဒီရက်တွေ ဘယ်လောက်ကြာခဲ့သလဲဆို ကျွန်တော် အတန်းလိုက်

ချံပီယံ ဖြစ်လာတဲ့အထိပါပဲ ”


သူ့ရယ်မောသံမှာ ကြမ်းတမ်းသော်လည်း ပူနွေးသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော်၏ စိတ်ကူးအိပ်မက်ထဲမှ သူရဲကောင်းသည် တဖြည်းဖြည်း မှုန်ဝါးနေပြီဖြစ်သည်။ 


“ ဦးလေးမှာ အိမ်ထောင်မရှိဘူးလား ”


ကျွန်တော်သည် ရိုင်းပျစွာပင် သူ့စကားကို နှောက်ယှက်လိုက်မိသည်။ မေမေ့မျက်နှာက ဘာမှမထူးခြားသော်လည်း သူက ကျွန်တော့်ကို စူးစူးရဲရဲစိုက်ကြည့်ကာ မထီတရီပြုံးလေသည်။ 


“ မရှိဘူး ”


လျှင်မြန်သောအဖြေက တုံးတိတိဖြစ်နေသည်။ ယဉ်ကျေးသိမ်မွေ့သော ဖေဖေသာ စားပွဲဝိုင်းတွင်ရှိခဲ့လျှင် ကျွန်တော်၏ရိုင်းပျမှုကို မနှစ်မြို့သလို လှမ်းကြည့်တော့မှာ သေချာသည်။ မေမေကတော့ ကျွန်တော်၏စကားဖြတ်မှုအတွက် နည်းနည်းမျှ အံ့ဩပုံမရ။ 


“ ဒါနဲ့ မခင်မူ၊ အကူအညီလိုရင် ပြောနော်၊ ကျွန်တော့်ကို 

ဘာမှ အားနာစရာမလိုဘူး။ ကျွန်တော့်လိပ်စာ ခင်ဗျားတို့ကိုပေးခဲ့မယ်။ လိုအပ်ရင် ဆက်သွယ်ဖို့ ”


မေမေက ဘာမှမဖြေရသေးမီ ကျွန်တော်က ရုတ်တရက် ငြင်းပစ်လိုက်သည်။ 


“ ကိစ္စမရှိပါဘူးဦးလေး၊ ကျွန်တော်တို့သားအမိ ပြည့်စုံပါတယ်။ ဘာမှမစိုးရိမ်ပါနဲ့ ”


ကျွန်တော်နှင့်သူ တစ်ယောက်ကိုတစ်ယောက် အကြာကြီး စူးစိုက်ကြည့်နေကြသည်။ သူကလဲ တော်တော်နှင့် မျက်နှာမလွှဲ၊ ကျွန်တော်ကလည်း အရှုံးမပေးဘဲ စိုက်ကြည့်နေခဲ့သည်။ မေမေက ကျွန်တော်တို့နှစ်ယောက်ကို သဘောကျသလို ပြုံးကြည့်နေသည်။ နောက်ဆုံးတော့ သူက အလျှော့ပေးရသည်။ သူက နှုတ်ခမ်းထောင့်စွန်းကလေး ကွေး၍ပြုံးကာ ခေါင်းတစ်ချက်ဆတ်လိုက်သည်။ 


“ အိုကေ ကျွန်တော်ပြန်မယ်၊ နက်ဖြန်ညနေလောက်မှ လာခဲ့ဦးမယ် ”


ပြောပြောဆိုဆို သူ ထိုင်ရာမှ ထလိုက်သည်။ မြင့်မားတောင့်တင်းသော သူ့ခန္ဓာကိုယ်နှင့် ကြမ်းတမ်းသောသူ့မျက်နှာကို အားကျစွာ ကျွန်တော်မော့ကြည့်မိခိုက်မှာပင် သူ့မျက်လုံးများက မေမေ့ဆီရောက်နေသောကြောင့် ကျွန်တော့်ရင်ထဲ မျက်ခနဲအောင့်သွားရသည်။ သို့သော် သူပြန်တော့မည့်အတွက် ကျွန်တော် ဝမ်းသာပါသည်။ မေမေက စားပွဲမှ ထရပ်သည်။ သူ့ကို တံခါးပေါက်ဝအထိ လိုက်ပို့ပေးတော့မည်လားဟု ကျွန်တော်ထင်လိုက်သည်။ ကျွန်တော် ကမန်းကတမ်း မတ်တပ်ထရပ်လိုက်သည်။


“ ရတယ်မေမေ၊ မေမေ နေခဲ့။ ကျွန်တော် ဦးလေးကို 

ခြံဝိုင်းအပြင်ထိ လိုက်ပို့ပေးလိုက်မယ် ”


မေမေက ကျွန်တော့်မျက်နှာအရိပ်အကဲကို ဖေဖေ့ထက် 

ပိုကျွမ်းကျင်စွာ ဖတ်တတ်သည်။


“ အေးကွယ်၊ ဒါဆို မေမေ ပန်းကန်တွေ ဆေးလိုက်ဦးမယ် ”


သူက ဘောင်းဘီအိတ်တွေထဲ လက်ထည့်ကာ ကျွန်တော့်စကားကြောင့် ဘာမှမထူးခြားသွားသလိုပင် အိမ်ထဲမှ ဖြည်းလေးစွာ ထွက်သွားသည်။ ကျွန်တော်သည် သူ၏နောက်နားမှကပ်လျက် တိတ်ဆိတ်စွာ လိုက်ပါသွားမိသည်။ ခြံဝင်းထဲမှာတော့ လရောင်ရွှန်းလက်စပြုပြီ။ မြင့်မားသောအုန်းလက်များ လေဖြင့် လှုပ်ခတ်နေသည်ကို သူ မော့ကြည့်လိုက်သည်။ ထို့နောက် သူ့နောက်ကျောနား နီးကပ်နေသော ကျွန်တော့်ဘက်သို့ ဗြုန်းခနဲလှည့်ကြည့်သည်။ သူ့အရပ်နှင့်ကျွန်တော့်အရပ် သိပ်မကွာသော်လည်း သူ့မျက်နှာက ကျွန်တော့်မျက်နှာပေါ် အုပ်မိုးနေသလို ခံစားလိုက်ရသည်။ 


“ ငါ ဒီနေ့ အိမ်ရောက်သွားတော့ ရှိသမျှသေတ္တာတွေ ဗီရိုတွေ ရောင်းပစ်ဖို့ တစ်အိမ်လုံး ရှင်းလင်းပစ်လိုက်တယ်။ ထင်ရှူးသေတ္တာဟောင်းထဲမှာ တခြားစာအုပ်တွေနဲ့အတူ ကျော်ဇံရဲ့မှတ်စုစာအုပ်တစ်အုပ် တွေ့တယ်။ ဆယ်တန်းနှစ်တုန်းကစာအုပ်။ သိပ်လှတဲ့လက်ရေးတွေ။ မင်းသိမ်းထားချင်မလားလို့ ”


ကျွန်တော် သူ့ကိုကြည့်ရင်း တစ်ကိုယ်လုံးနွမ်းခွေလာသည်။ ဖေဖေ့လက်ရေးသည် အမြဲလှခဲ့ပါသည်။ ကျွန်တော် ဘာမှ

မဖြေနိုင်မီ သူက ဂျာကင်အင်္ကျီနောက်ကျောကို မကာ 

ခါးကြားထိုးထားသော စာအုပ်တစ်အုပ်ကို ထုတ်ယူ၍ 

ကျွန်တော့်ကို ကမ်းပေးသည်။ ကျွန်တော် အနည်းငယ်တုန်ယင်နေသောလက်များဖြင့် လှမ်းကိုင်လိုက်၏။ 


“ ငါ ဆယ်တန်းတုန်းက လူရိုက်ခံရလို့ ဆေးရုံတက်ရတယ်။ ငါကျောင်းပျက်တုန်း ကျော်ဇံက ငါလွတ်သွားတဲ့သင်ခန်းစာအားလုံးကို အဲဒီစာအုပ်ထဲမှာ ရောကူးပေးခဲ့တယ် ”


သူ့အသံ အနည်းငယ်တိုးသွားသည်။


“ သင်္ချာရော ဓာတုရော ဘိုင်အိုရော အစုံပဲ ”


ကျွန်တော်သည် သေသပ်စွာ အဖုံးဖုံးထားသော မှတ်စု

စာအုပ်ကလေးကို လရောင်ဖြင့် သဲကွဲစွာမမြင်နိုင်ဘဲ စာရွက်တွေ လှန်ကြည့်မိသည်။ စက္ကူဟောင်းနံ့နှင့်ရောလျှက် ပရုတ်လုံးနံ့သင်းသင်းကလေး မွှေးနေသည်။ ကျွန်တော် ရုတ်တရက် အာခေါင်တွေခြောက်သွေ့လာသည်။ 


“ ဒါနဲ့ မင်း မိန်းကလေးတွေနဲ့ ပတ်သက်ဖူးပြီလား ”


မမျှော်လင့်သောမေးခွန်းကြောင့် ကျွန်တော် သူ့ကို ဆတ်ခနဲ မော့ကြည့်လိုက်မိသည်။ သူက ကျွန်တော့်စိတ်ကို

ထွင်းဖောက်တော့မလို သဲသဲမဲမဲစိုက်ကြည့်နေသောအခါ ကျွန်တော် မလုံမလဲဖြစ်သွားပါသည်။ “ ခင်ဗျားနဲ့ဘာဆိုင်လို့လဲ ” ဟု ရိုင်းပျချင်သော်လည်း ကျွန်တော် တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်မိသည်။ သူက ခြောက်သွေ့စွာ ရယ်မောလိုက်လေသည်။ 


“ အင်း ... ဒါလဲ ကျော်ဇံအတိုင်းပါပဲလား ”


ထို့နောက် ကျွန်တော့်ဆံပင်များကို ညင်သာစွာ ဖွပြီး ပြန်သပ်ပေးသည်။ သူ့လက်ကိုင်တွယ်ပုံမှာ မထင်မှတ်ဘဲ နူးညံ့သိမ်မွေ့လွန်းသောကြောင့် ကျွန်တော် ကြက်သီးဖြန်းခနဲ 

ထသွားကာ စိတ်မှတ်မဲ့ နောက်ဆုတ်ရပ်လိုက်မိသည်။ 

သူက ချက်ချင်း မျက်နှာလွှဲပစ်လိုက်သည်။ 


“ သူ့သင်္ချိုင်း ဘယ်မှာလဲ "


ခဏကြောင်သွားပြီးမှ ဖေဖေ့သင်္ချိုင်းကိုဆိုလိုကြောင်း 

သိသွားပါသည်။ 


“ ကျောက်ကုန်းမှာ ”


ကျွန်တော့်အသံက ဆို့နင့်ထစ်အသွားသည်။ ဖေဖေ့အသုဘမြေချသောနေ့က ပူပင်သောကသည် ကျွန်တော့်ထံ ယခင်ခံစားမှုအတိုင်း ပြန်လည်ရောက်ရှိလာတော့သည်။ ၄၃ နှစ်ဆိုတာ အလွန်ငယ်ရွယ်သေးသည့်အသက်ဖြစ်ပါသည်။ 


“ အိမ်ကအသုဘကလည်း ကျောက်ကုန်းမှာချမှာပဲ ”


သူ့စကားကြောင့် ဆတ်ခနဲတုန်သွားသည့် ကျွန်တော့်ကို သူက သဘောကျသွားသလိုပင် ခေါင်းတစ်ချက်ညိတ်သည်။ 


“ ငါ့ဦးလေး ဆုံးသွားပြီလေ။ မနက်ဖြန် သင်္ဂြိုဟ်မယ်။ ဦးလေးသာ မသေသေးရင် ငါ ဒီမြို့ကို ရောက်ဖြစ်ဦးမှာမဟုတ်ဘူး။ ဒါနဲ့ သူ့မြေပုံက ဘယ်နားလောက်မှာလဲ ”


စျေးဆိုင်တစ်ဆိုင်အကြောင်း စုံစမ်းနေသလို ခပ်ပေါ့ပေါ့မေးသောမေးခွန်းကြောင့် ကျွန်တော့်ရင်ထဲမှာ စူးစူးရှရှ နာကျင်ဝမ်းနည်းသွားပါသည်။ ဝေ့ဝဲလာသောမျက်ရည်များကြောင့် မျက်လွှာချပစ်လိုက်ရသည်။ 


“ မြေပုံမဟုတ်ဘူး။ အုတ်ဂူ၊ ဇရပ်ရဲ့ညာဘက်ထောင့်မှာ ”


ကျွန်တော့်ရဲ့အသံ မာထန်သွားသည်ကို သူ လုံးဝဂရုမစိုက်ဘဲ ချာခနဲ လှည့်ထွက်သွားသည်။  


------


နေသည် အနောက်ဘက်ကောင်းကင်မှာ မြင့်နေဆဲဖြစ်သည်။ ကျွန်တော့်လက်ထဲမှာ ခြံထဲကခူးလာသော နှင်းဆီပန်းများရှိသည်။ အကယ်၍ အမှန်တကယ် သူ့ဦးလေး၏အသုဘရှိနေပြီး သူနှင့် မတော်တဆတွေ့သွားလျှင် ဖေဖေ့အုတ်ဂူမှာ ပန်းလာချပြီး ကန်တော့ဖို့လာသည်ဟု အကြောင်းပြနိုင်ရန်ဖြစ်ပါသည်။ အကယ်၍ ကနေ့ မိုးချုပ်အထိ သူ့ဦးလေး၏အသုဘဆိုတာမရှိလျှင် သူလိမ်ညာနေကြောင်း မေမေ့ကို ပြန်ပြောပြမည်။ သို့သော် ကျွန်တော် သုသာန်သို့ရောက်သွားသောအခါ အသုဘတစ်ခု အမှန်တကယ်ရှိနေပြီး မြေဖို့နေသည်ကို တွေ့ရပါသည်။ လူအနည်းငယ်သာကျန်တော့သော သင်္ချိုင်းမြေသည် ဖုန်ထုလွှမ်းလျှက် ဝမ်းနည်းချောက်ချားဖွယ်ရာ တိတ်ဆိတ်နေ၏။ 


ကျွန်တော်သည် ခပ်လှမ်းလှမ်းမှာမြေဖို့နေသော လူစုထဲ၌ ထင်းထင်းကြီးဖြစ်နေသော သူ့ကို မြင်လျှင်မြင်ချင်း ကန္တာရပင်တစ်ပင်၏ပင်စည်ဖြင့် ပုန်းကွယ်ရန်ကြိုးစားမိသည်။ သို့သော် အသုဘကြောင့် ပူပင်သောက လုံးဝရှိဟန်မတူသော သူက ကျွန်တော့်ကို မြင်သွားကာ လက်မြှောက်ပြ၏။ ထို့ကြောင့် သူရှိရာသို့ ဖြည်းညင်းတွန့်ဆုတ်စွာ ကျွန်တော် လျှောက်သွားရပါသည်။ 


“ လာ၊ မင်းရောက်လာမယ်လို့ ငါသိနေတယ် ”


ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် 

အကြာကြီး စူးစိုက်ကြည့်နေမိကြသည်။ သည်တစ်ခါ မျက်နှာစလွှဲရသူက ကျွန်တော်ဖြစ်ပါသည်။ 


ဖေဖေ့အုတ်ဂူရှေ့မှာ ရပ်မိကြတော့ ကျွန်တော်တို့နှစ်ယောက် ဘာစကားမှမပြောနိုင်ကြဘဲ ငြိမ်သက်နေကြသည်။ နေရောင်ဖျော့ဖျော့သည် ထနောင်းပင်ကိုင်းဖျားမှ ဖြတ်လျက် ဖေဖေ့အုတ်ဂူပေါ်သို့ ပြောက်တိပြောက်ကျား ကျရောက်နေသည်။ ကျွန်တော်ယူလာသည့်နှင်းဆီပန်းများကို အုတ်ဂူပေါ် တင်မည့်ဟန်ပြင်ခိုက် သူက ခဏလက်ပြတားသည်။ အုတ်ဂူခေါင်းရင်းမှာတင်နေသော သစ်ရွက်ခြောက်များ၊ မြေမှုန့်များကို လေနှင့်မှုတ်၍ ဖယ်ပေးသည်။ ထို့နောက် ဦးကျော်ဇံ အသက် ၄၃ နှစ်ဟူသော ထွင်းစာ ထင်ရှားလာသည်အထိ သူ့လက်ညှိုးထိပ်ဖြင့် ခပ်ဖွဖွ 

ပွတ်သပ်ခြစ်နေသည်။ 


အုတ်ဂူပေါ် ပန်းများတင်လိုက်ပြီးသောအခါ ကျွန်တော် 

ဒူးထောက်ထိုင်ချလိုက်ပြီး ကန်တော့လိုက်ပါသည်။ 

ကျွန်တော့်နဖူးနှင့် အေးစက်သောအုတ်ဂူစွန်း ထိတွေ့မိသောအခါ ကျွန်တော့်ရင်ထဲက တစ်စုံတစ်ရာကို တင်းခနဲ 

ဆွဲယူ ဆုပ်ညှစ်ခံလိုက်ရသလို နာကျင်သွားလျက် မျက်ရည်များ ပြည့်လျှံလာသည်။ ကျွန်တော် အံကြိတ်လျက်

အုတ်ဂူစွန်းပေါ် နဖူးမေးတင်ကာ စိတ်တည်ငြိမ်မှုရသည်အထိ ထိန်းချုပ်ငြိမ်သက်နေစဉ် သူက ဘေးမှာ မလှုပ်မယှက်ရပ်နေခဲ့သည်။ တော်တော်ကြီးကြာမှ သူက 

စကားစပြောသည်။ 


“ ငါနဲ့ကျော်ဇံ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်လောက်က 

ဒီသင်္ချိုင်းထဲမှာ တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး 

ငိုဖူးတယ် ”


ကျွန်တော် မျက်ရည်တွေကိုမေ့သွားပြီး ဆတ်ခနဲ ခေါင်းမော့ကြည့်လိုက်တော့ သူ ကျွန်တော့်ကို ကြည့်မနေပါ။ 


“ မင်းအဖွား ဆုံးတုန်းကပေါ့၊ ကျော်ဇံ့အမေလေ။ ကျော်ဇံက အသက်၁၃နှစ်၊ ငါက ၁၄နှစ်။ ဟောဟိုနေရာလောက်မှာ

မင်းအဖွားရဲ့မြေပုံ ရှိခဲ့ဖူးတယ် ”


ကျွန်တော်သည် သူလက်ညှိုးညွှန်ပြရာ ကုန်းမို့ကလေးဆီသို့ လှမ်းကြည့်ရင်း ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် မျက်လုံးတစ်ဝိုက်ကို လက်ခုံဖြင့် ကြမ်းတမ်းစွာ ပွတ်သုတ်ပစ်လိုက်ပါသည်။


“ ကျော်ဇံဆုံးတုန်းက မင်းဘေးမှာ မင်းနဲ့အတူ ဝမ်းနည်းမယ့်သူငယ်ချင်း မရှိဘူးမဟုတ်လား ”


ကျွန်တော် ကြောင်အစွာပင် ခေါင်းခါယမ်းလိုက်သည်။ 


“ ဆိုးတာပဲ။ လူတစ်ယောက်ဟာ ဘဝမှာ အရင်းနှီးဆုံးသူငယ်ချင်းဆိုတာ ရှိသင့်တယ် ”


“ ကျွန်တော့်မှာ သူငယ်ချင်းတွေအများကြီးပါ ” ဟု ပြန်ပြောချင်သော်လည်း မပြောနိုင်ပါ။ တကယ်တမ်းကျတော့ 

ကျွန်တော့်မှာ ကောင်းတူဆိုးဖက် ရင်းနှီးပွင့်လင်းသောသူငယ်ချင်း မရှိပါ။ ပြိုင်ဖက်များသာရှိပါသည်။


“ အင်း ... ပြီးခါမှ ဒေါသတကြီးရန်ဖြစ်ပြီး အနှစ်နှစ်ဆယ်လောက် အဆက်အသွယ်ပြတ်ချင် ပြတ်ပလေ့စေပေါ့လေ ”


သူက စကားကိုပြန်ဆက်ပြီး ခပ်ဟက်ဟက်ရယ်မောသည်။ ရယ်သံမှာ ခြောက်သွေ့ကွဲအက်၏။ လေသည် ကျွန်တော်တို့ဆီသို့ ဖုန်ငွေ့နှင့်မန်ကျည်းရွက်ခြောက်များကို သယ်လာ၏။ ဟိုအဝေးဆီမှာ ဥဩငှက်တစ်ကောင် ဆွဲဆွဲငင်ငင်အော်မြည်နေသည်။ ကျွန်တော် ဖေဖေ့ကို လွမ်းဆွတ်စိတ်ဖြင့် 

သူ့လက်မောင်းကို ပထမဆုံးအကြိမ် ရင်းရင်းနှီးနှီး

ဆုပ်ကိုင်မိသည်။


“ ဖေဖေအကြောင်းတွေ ပြောပြစမ်းပါ ဦးလေး ”


“ ကျော်ဇံနဲ့ငါ နှစ်ခါ ရန်ဖြစ်ရဖူးတယ် ”


ဖေဖေ တစ်ခါတုန်းက ပြောဖူးသည့်စကားအတိုင်းပါပဲ။


“ ဖေဖေရှုံးသလား ”


အဓိကကျသောအချက်ကိုပင် ဖေဖေ့တုန်းကလို ကျွန်တော် မေးမိသည်။ သူ့အဖြေက ဖေဖေ့အဖြေထက် ပို၍ပြည့်စုံပါသည်။ 


“ ပထမတစ်ခါတုန်းက ကိုးတန်းနှစ်ပေါ့၊ ကောင်မလေးတစ်ယောက် ... အဲ ကောင်မလေးနဲ့ပတ်သက်ပြီး သတ်ကြတာ။ ကောင်မလေးနာမည် ငါမေ့သွားပြီ၊ အဲ ... မဟုတ်ဘူး။ ငါ အဲဒီကောင်မလေးနာမည်ကို ကောင်းကောင်းတောင် မသိခဲ့ပါဘူး။ ငါ ကျော်ဇံကို လက်သီးနဲ့ တစ်ချက်ထိုးပစ်လိုက်တယ် ”


ကျွန်တော်သည် ကိုယ်တိုင်အထိုးခံလိုက်ရသလို ဆတ်ခနဲ နာကျင်သွားသည်။ 


“ နောက်တစ်ခါဆို မင်းနဲ့ငါအပြတ်ပဲလို့ သူ့ကို ခြိမ်းခြောက်ခဲ့တယ်။ သူ ကောင်မလေးနဲ့ တစ်ခါတည်းပြတ်သွားတယ်။

စာတစ်ခုတည်းကိုပဲ သူအာရုံစိုက်တော့တယ်။ အဲဒါ သူ့အတွက် သိပ်ကောင်းပါတယ်။ အင်း ... ငါက ဒီကောင်ငါ့ကို ဖြုံသွားပြီလို့  အောက်မေ့ခဲ့မိတယ်။ ဒါပေမယ့် ကောလိပ် တတိယနှစ်ရောက်တော့ နောက်တစ်ကြိမ် ထပ်ရန်ဖြစ်ရပြန်တယ်။ ဒီတစ်ခါတော့ မင်းအမေ မခင်မူကြောင့်ပေါ့ကွာ ”


ကျွန်တော် သူ့မျက်လုံးများကို စူးစူးရှရှ အကဲခတ်လိုက်

မိသည်။


“ ငါဘယ်လောက်ပဲ ဒေါသကြီးကြီး၊ ဆဲဆဲဆိုဆို ကျော်ဇံက 

လုံး၀နောက်မဆုတ်တော့ဘူး။ နောက်ဆုံးတော့ ... မခင်မူနဲ့ ရုံးမှာ သွားလက်ထပ်မယ့်ညက ငါ့ကို အသိသက်သေ လုပ်ပေးဖို့လာပြောတယ် ”


သူ ခပ်သဲ့သဲ့ရယ်သည်။ ရယ်သည်ကို နှုတ်ခမ်းအရသာ 

သိရသော်လည်း သူ့ရယ်သံကို ကျွန်တော်မကြားရပါ။


“ ငါ သူ့ကို ဆွဲထိုးပစ်လိုက်တယ်။ သူက ငါ့ကို ပြန်ထိုးတယ်။

ဘယ်လောက်အံ့ဩဖို့ကောင်းလဲ။ ဘယ်တုန်းကမှ 

လူတစ်ယောက်ကို လက်သီးနဲ့မထိုးဖူးတဲ့ကျော်ဇံက 

ငါ့ကို ထိုးတယ်။ ပြီးတော့ပြောသေးတယ်။ 

မင်း သိပ်တစ်ကိုယ်ကောင်းဆန်တဲ့ကောင်တဲ့။ မင်းလို

အရူးကောင်ကို ငါမပေါင်းချင်ဘူးတဲ့ ... ”


တိတ်ဆိတ်သောပတ်၀န်းကျင်တွင် သူ့အသက်ရှူသံမှာ

ပြင်းထန်လှသည်။


“ ငါ့ကို အရူးလို့ပြောပြော ဘာပြောပြော ငါမနာပါဘူး။

ဒါပေမဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ကောင်လို့ သူ့ပါးစပ်က

ပြောလိုက်တော့ ငါ၀မ်းနည်းတယ်။ ငါ့ဘ၀မှာ ဒီသူငယ်ချင်းပဲ အရင်းနှီးဆုံး၊ အရေးအကြီးဆုံး၊ အခင်မင်ဆုံး၊ ငါလုပ်သမျှ ငါအသက်ရှင်သမျှဟာ သူ့အတွက်ချည်းပါပဲ။ ဒါပေမဲ့ 

သိပ်တစ်ကိုယ်ကောင်းဆန်တဲ့ကောင်လို့ ငါစွပ်စွဲခံခဲ့ရတယ်။ 

အဲဒီနေ့ကစပြီး ငါတို့ချင်း မတွေ့တော့တာ သေတဲ့အထိပေါ့ ... ”


ပတ်၀န်းကျင်သည် တဖြည်းဖြည်း အမှောင်ရိပ်လွှမ်းလာသည်။ လေထုသည် အေးစက် သိပ်သည်းလာသည်။

အနောက်ဘက်ကောင်းကင်တွင် နေရောင်လုံး၀ ကွယ်ပျောက်ခဲ့ပြီ။ သူ့ကို ကျွန်တော် ဘာပြောရမှန်းမသိ။ တစ်ခုခုတော့ ပြောချင်သည်။ သို့သော် မပြောဘဲထားတာ 

ပိုကောင်းသည်ဟု ကျွန်တော် ဆုံးဖြတ်လိုက်ပါသည် ”


“ ဖေဖေက ဦးလေးကို တော်တော်ခင်ခဲ့ပါတယ် ... ”


နှစ်သိမ့်သလို ခပ်ဆဆပြောလိုက်မိသောအခါ သူက ပြုံး၍

ခေါင်းညိတ်သည်။ 


“ ငါ ... သိပါတယ် ... ”


ပတ်၀န်းကျင်တစ်ခုလုံး မည်းမှောင်လာသည်အထိ ဖေဖေ့ အုတ်ဂူဘေးတွင် ကျွန်တော်တို့ ငြိမ်သက်စွာ ရပ်နေခဲ့ကြပါသည်။ 


#ဖေဖေ့သူငယ်ချင်း

#ဂျူး

Sunday, May 4, 2025

နတ်ချော့သူ (ဝတ္ထတို)



✍️     နုနုရည်(အင်းဝ)

ဘာကြည့်နေတာလဲ မောင်။ မောင့်မိန်းမက ခုလို နတ်ဝတ် နတ်စားနဲ့ ဆိုတော့ ပိုလှမလာ ဘူးလားဟင်။ ခရမ်းရောင် နတ်မိမယ် ကလေးလေ။ ဟဲ ... ဟဲ ... ခရမ်းရောင် ခေါင်းပေါင်း၊ ခရမ်းရောင် ပဝါ၊ ခရမ်းရောင် တောင်ရှည်နဲ့ ရယ်ဒီမိတ် ပိုးဘလောက်စ် ခရမ်းရောင် အင်္ကျီကို ဒါကြောင့် တမင်တကာ အိမ်က ဝတ်လာခဲ့တာပေါ့။ 


အိမ်ကနေ ကားအထွက် "ဘယ်ကို မောင်းရမှာလဲ ခင်" လို့ မောင် မေးတော့ "နတ်ပွဲကို" လို့ ခင် ဖြေတော့ မောင် မယုံဘူးလေ။ မောင် ရယ်နေ ခဲ့တယ်လေ။ ကဲ ... ခု ယုံပြီလား။ ဟိုစဉ် အခါတုန်းက နတ်ပွဲနားက ဖြတ်ရင် နတ်ဝင်သည် တွေကို ကြည့်ရတာ ခင်ဖြင့် သိပ်ကြောက်တာပဲ ဆိုတဲ့ မိန်းမ တစ်ယောက်ကို မောင် မေ့လိုက်တော့။ ဟိုး ... ဆရာ၊ ခင့်ကို ဘာမှပြောဖို့ မကြိုးစားနဲ့။ ငြိမ်ငြိမ်လေး ထိုင်ပြီး ပိုက်ဆံ ငါးထောင်အုပ်ကိုသာ အဆင်သင့် လုပ်ထား။ မောင် ကတိပေးထား ပြီးပြီနော်။ အိမ်မှာတုန်း ကလေ။ မောင် ခင့်အတွက် ဒီနေ့ ငွေငါးထောင်လောက် အကုန် မခံနိုင်ဘူးလားလို့ ခင် မေးတော့ လေးဆယ်ငါးကျပ်တန် အုပ်ကို လက်ဝါးမှာ ရိုက်ပြီး "ဒါလေးများ" လို့ မောင် ပြောတယ်လေ။ 


ဪ ... ခက်တော့တာပဲ မောင်ရယ်။ ခင်နဲ့ မောင် စတွေ့တုန်းက လူကြီးချင်း သဘောတူထားတဲ့ ကောင်မလေးကို ကြည့်တဲ့ အသက်မပါ၊ အချစ်မပါ၊ ထုံအအ အကြည့်မျိုးကြီးနဲ့ လှမ်းပြီး စူးစမ်း နေပြန်ပါပြီ။ ဟဲ ... ဟဲ ... ခင် ဘာမှ မလုပ်ပါဘူး မောင်ရဲ့။ နတ်ချော့ မလို့ပါ။ နတ်ကိုးပါးလေ။ ကိုးပါး ချော့မလို့ပါ မောင်ရဲ့။ ဗဟုသုတ ရအောင် မောင် သေချာကြည့်။ ဘာမှ ကြောက်စရာလည်း မလိုဘူး။ စိုးရိမ်စရာလည်း မလိုဘူး။ ဒီ နတ်ကတော်က ခင့် နတ်ဆရာ။ သူ့ပွဲတွေကို ခင် လာနေကျ။ ဟဲ ... ဟဲ ...မောင် အံ့ဩ မနေနဲ့နော်။ 


ကဲ ... ခင် စတော့မယ် ကြည့်။ ခင့်ကို သပြေ ပေးပါ မာမီရေ။ မျက်စိကို စုံမှိတ်ပြီး သပြေ ကိုင်ထားတဲ့ လက်အစုံနဲ့ လက်အုပ်ချီ အာရုံပြုတာကို စုစည်းလိုက်ပြီ မောင်ရေ။ ဟော ... ဆိုင်းက စပြီ။ ဆိုင်း စ တီးပြီ။ 


မောင် နတ်ဒိုးသံကို သေချာ နားထောင် ကြည့်စမ်း။ နတ်ဒိုး ရိုက်သံဟာ ခန္ဓာကိုယ်ထဲက သွေးကြောထဲထိ တိုးဝင်နိုင်စွမ်း ရှိတယ် မောင်ရဲ့။ တစ်ကိုယ်လုံးက သွေးတွေကြွပြီး အလိုလို ခုန်ချင် ပေါက်ချင် လာတာ။ လာပြီ မောင်ရေ။ ပထမဆုံး စ ချော့ရတဲ့ မြင်းဖြူရှင်နတ်။ 


"... ဇာမဏီမို့ ... ထူးမခြား ... နတ်မြင်းပျံမို့ ...  မြူးကြွားကြွား ... တွေးမှား ... တွေးမှား ... ရှင်" 


မြင်းဖြူရှင်က ဟောဒီလို မြင်းစီးတဲ့ ဟန်လေးနဲ့ ချော့ရတာ မောင်ရဲ့။ ခပ်ဖြည်းဖြည်းပဲ ခင် ကမယ်၊ သိပ်မခုန်ချင် သေးဘူး။ ခုန်လို့ မရသေးဘူး။ ခင့်အာရုံတွေ စုစည်းနေတုန်း ရှိသေးတယ်။ ခင့်အာရုံတွေ၊ ပျံလွင့်နေတဲ့ အာရုံတွေကို မြင်းကလေး ဖြည်းဖြည်းစိုင်းရင်း စုစည်းလိုက်မယ်။ ရွှေဘိုမြင်းရယ်လေ... ခွာသံ၊ လျှာသံ ပြင်းတယ်လေလေ့၊ ရွှေဘိုမြင်းရယ်လေ။ ဒါပြီးရင် ဦးဖိုးတူ လာမယ်။


ဒါက ... ဦးဖိုးတူနတ် မောင်ရေ။ ဦးဖိုးတူ နတ်ကလေ ခင့် ဘယ်လက်က ထမ်းပိုး ထမ်းတဲ့ဟန် လုပ်ပြီး ခင့် ညာလက်က သပြေကို ယမ်းပြီး ကရတယ်။ ဒီလိုလေးလေ။ ဒါလည်း ခပ်ဖြည်းဖြည်းပဲ ကမှာပါ။ ထွေပြား နေသေးတဲ့ အာရုံတွေကို စုစည်း သိမ်းဆည်းရင်း နဲ့ပေါ့။


ဟော ... နောက် နတ်တစ်ပါးကို ကူးတော့မယ်။ ဒါကတော့ ကိုးမြို့ မောင်ရေ။ ဘယ့်နှယ်လဲ မောင်။ ခင့် ဓားသိုင်းက ကောင်းရဲ့လား။ သွေးတွေ ပူလာပြီ မောင်ရေ။ သွေးတွေလည်း ကြွစ ပြုလာပြီ။ ခင့် အာရုံတွေလည်း စုစည်းမိ သွားပြီ။ တစ်နေရာတည်းမှာ စုစည်းမိ သွားပြီ။ မောင် တစ်ပတ်နေရင် သင်္ဘော ပြန်တက်ရတော့မှာ။ ခင်နဲ့ ကလေး သုံးယောက်ရဲ့ အထီးကျန် သံသရာ၊ ဆယ့်ငါးနှစ်နဲ့ ယောက်ျားနောက် နှစ်ည လိုက်ပြေးပြီး ပြန်သိမ်း ထားရတဲ့ သမီးကြီး ကိစ္စ၊ သား ပိုက်ဆံကို ချွေးမနဲ့ ညီတူညီမျှ ယူချင်တဲ့ ယောက္ခမ ပြဿနာ၊ မိဘနဲ့ မောင်နှမတွေရဲ့ စကားနာ ထိုးသံတွေ၊ ဆောက်လက်စ အိမ်၊ အို ... အာရုံတွေ၊ အာရုံတွေ၊ အဲဒီ အာရုံတွေ အားလုံး အဝေးကို သွားကြ။ တစ်ခုတည်းသော ခင့်အာရုံ စူးစိုက်ရာ နေရာက ဟောဒီမှာ။ ဒီနေရာမှာ ဟောဒီလို ဗဂိုး(ပဲခူး) မယ်တော် ချော့တဲ့ နေရာမှာ။ 


"... မပြတ်ကယ် ကုန်စင်၊ ထုံးစံရှိတင် ... အို ... ငါးရံ့ ငါးကိုလ အို ... ငါးရံ့ကိုလ ... တင်ဆက်တယ်လေး ... ဗဂိုး မယ်တော်ကြီးပါ ဘုရား" 


ဗဂိုး(ပဲခူး) မယ်တော်က တလိုင်းက ဟန်လေး။ လက်အစုံကို ရင်ဝကနေ ဟောဒီလို အပြင်ကို ဆန့်၊ ဆန့်ထုတ်ပြီး က ရတာ။ ကလို့ သိပ်ကောင်းတာ မောင်ရဲ့။ ခင့်ကို ကြည့်ပါဦး။ မျက်နှာကြီး ရဲပြီး အရက်ချွေးတွေကို ချည်းပဲ လက်ကိုင်သုတ်ပဝါနဲ့ ဖိသုတ် မနေပါနဲ့။ ဪ ... မောင်မရှိတဲ့ အချိန်ကျလည်း အားငယ်လိုက်တာ။ ရှိတဲ့ အချိန်ကျတော့လည်း အရက်တွေ မူးပြီး လူမှန်းသူမှန်း မသိအောင် တခေါခေါ ဟောက်အိပ်နေတဲ့ မောင့်ဘေးမှာ ငုတ်တုတ် မိုးလင်းရတဲ့ အထီးကျန် ညတွေကိုလည်း ခင် မုန်းလိုက်တာ။ 


"... သနားကြည်အောင် ... စကားမပီပေါင် ... ကုလားညီနောင်ဆွေ ... ဟရေး ... ဟရေး ... မှန်ထောင်ခရီး ... ဗျတ်ဖောင်စီး ... ယီးလေလေ့ ... ရိုးလေလေး" 


ဟောဒါက ဒနင်းဘိုးတော် မောင်ရေ။ ဒနင်း ရိုက်တာက ဟောဒီလို။ သပြေ ကိုင်ထားတဲ့ ခင့် လက်ဝါး တစ်ဖက်နဲ့ ခင့် မျက်နှာကို အပ်။ အဲ ... ကျန်တဲ့ လက်ဝါး တစ်ဖက်က ဘေးကို ဆန့်။ ဒနင်း ဘိုးတော်က မောင်တို့နဲ့ ဆိုင်တယ်နော။ ဒနင်းက ရေနဲ့ ပတ်သက်သူ အားလုံးနဲ့ ဆိုင်တယ်။ ဟဲ ... ဟဲ... ခင့်ကို ကန်တော့ပြီး ဆုလေး ဘာလေးများ တောင်းပါလား မောင်ရဲ့။ 


ဟော ... လာပြီ မောင်ရေ။ တောင်ပြုန်းမင်း နှစ်ပါး၊ ကိုယ်တော်နှစ်ပါး ကြွလာပြီ။ 


"... နွေရက်တွေ ... ရောက်ပြန်တိုင်း ... ပေါက္ကံတိုင်းကို လွမ်းမိပြန်သကို ... နန်းပွဲရ ... တို့ရဲ့ ညီအစ်ကို ... ပျော်စရာ စုံလှသဗျို့ ... ရွှေပြုန်းပွဲကို သွားမလို့ဆို ... အစ်ကိုကြီးက ... ဆီးကြိုပါ့မဗျို့ ... ဘေးကင်းလို့ ... ရန်တိုင်းပြို ..." 


ကိုယ်တော်ကြီးကို ချော့ရတာက ခင့် ဘယ်လက်နဲ့ ပဝါကို ဖြန့်ကိုင်ပြီး ခင့်ညာလက်က သပြေပန်းကိုင် ကပြီး ချော့ရတာ။ ကိုယ်တော်လေး ကတော့ ဟောဒီလို လက်ညှိုး ကလေးကို ထောင်ပြီး က ရတာ။ ဟောဒါ ကိုယ်တော်လေး၊ တွေ့လား မောင်။ လာ ...လာ ... ထ ... အဖွာတော် လာဆက်လှည့်။ လာပါ ညီဘွားရဲ့။ 


"... ရွှန်းရွှန်းမြ ... ရွှန်းရွှန်းလျှံပြောင် ... ဆောင်ဆောင်တည့် ... ဆောင်ဆောင် ... ထူးထူး ... ဆန်းဆန်း" 


ဟော ... ဟော ... မင်းထွက်တဲ့ စည်၊ မင်းထွက်တဲ့ စည်။ 


မဏိစည်သူ နောင်ဘုရား ကြွလာ ပါပေါ့လား။ မဏိစည်သူက ပခန်း ကိုကြီးကျော်ရဲ့ နောင်တော်နတ်လေ မောင်ရဲ့။ ဟောဒီလို ခင့် လက်နှစ်ဖက်က လက်ညှိုးလေးနဲ့ လက်သန်းလေးတင် ထောင်၊ ကျန်တဲ့ လက်ချောင်းလေးတွေ ဆုပ်ထားပြီး က ရတာ။ မဏိစည်သူ နောင်ဘုရားကို ချော့ရတာပေါ့။ မဏိစည်သူ နောင်ဘုရား ပြီးရင် ဘယ်သူ လာမယ် ထင်လဲ။ ပွဲဦးမင်း၊ ပွဲလယ်မင်း၊ ပွဲသိမ်းမင်း၊ တောင်လေလာ ငွေပါတဲ့ ပခန်းမင်းလေ မောင်ရဲ့။ ပခန်း ဖေကြီးကျော်။ မောင်တို့လို အရက်သမားတွေ ကလည်း ချစ်ပြီး ခင်တို့လို မောင်းမတွေ ကလည်း ချစ်တဲ့၊ အားကိုးတဲ့ ကိုကြီးကျော်လေ။ နတ်ကိုးပါးမှာ သူက အချိန် အကြာဆုံး ချော့ရတဲ့ နတ်။ အို ... ခင်ဖြင့် ဖေကြီးကျော် ချော့ရတဲ့ အချိန်ကို အကြိုက်ဆုံးပဲ။ အဲဒီအချိန်က နတ်ရှိန် အမြင့်ဆုံး အချိန်လေ မောင်ရဲ့။ သွေးကလည်း တအားကြွနေတဲ့ အချိန်။ အဲဒီ ကြားထဲမှာ မူးမှထူး၊ ထူးမှမူးတဲ့ ဖေကြီးကျော်ကလည်း ယမကာလေး တမြမြနဲ့ ဆိုတော့။ 


"ပြောသာပြောရ ... မောလှတယ် ... လင့်ဝတ္တရားကို ... သူ နားလည် ... သိက္ခာရှိအောင် နေစမ်းကွယ် ... နေညိုဆိုရင်ကွယ် ... ထန်းရည်ကို သူ ကြိုက်ပါသတဲ့ ... နေထွက်နေစောင်း ... ချိန်ထိ ... ရွှေကြက်ကို သူ လောင်းတယ် ... ကိုကြီးကျော် ... တကယ့် လွန်လွန်းပါတယ်" 


ဟေ့ ... ဟေ့ ... ပခန်းမင်းကွ။ လက်မ နှစ်ချောင်းကို ဟောဒီလို ထောင်ပြီး ကတဲ့ ပခန်းမင်းကွ။ ဒီကမ္ဘာမှာ ငါပဲ ဆိုတဲ့ မင်း။ ငါက လွဲလို့ အားလုံးသွား။ အဝေးကိုသွား။ ဖေကျော် ပျော်မယ်။ ဖေကျော် သောက်မယ်။ မူးမှထူး၊ ထူးမှမူးတဲ့ မင်း။ ဟေ့ ... ပုလင်းပေးကွ။


"ပုလင်း ... ပုလင်း ဘယ်မှာလဲ ပုလင်း" 

"မှန်ပါ၊ ပြည်သာအောင် ဘီယာ ဆက်ပါတယ် ဘုရား။ ဘီယာပါ ဘုရား" 

"အို ... ဘီယာ မလိုချင်ဘူး။ ပေး ... ပုလင်း" 

"မှန်လှပါ ဘုရား။ ပုလင်းပါ ဘုရာ့ ပုလင်းပါ" 

"အေး ... ဟုတ်ပြီ။ ဟေ့ ညီဘွား မျက်လုံးပြူး ကြည့်မနေနဲ့။ ထုတ် ထုတ် ကိုကြီးအတွက် ကြက်လောင်းကြေး ထုတ်စမ်း" 


ကဲ ... မောင် ဘာလုပ် နေတာလဲ။ အချိန်ကျပြီ မောင်ရဲ့။ ပိုက်ဆံ ထုတ်တော့။ တစ်ထောင် အရင်ထုတ်။ လေးဆယ့်ငါးကျပ်တန်လေး တွေကို ယပ်တောင်လေးလို ဖြာပြီး ခင့်ကိုပေး။ ဖဲချပ်လေးတွေကို ထွေသလိုပေါ့ကွာ။ မောင် သိပါတယ်။ ပေး ... ပေး ... လက်တစ်ဖက်က ပုလင်း၊ လက်တစ်ဖက်က ပိုက်ဆံကိုင်ပြီး ခင် ကမယ်၊ ခင် ချော့မယ်။ 


"... တောင်းပန်ပါ့မယ်၊ ကျောင်းဒကာကြီးရယ်၊ အရပ်တကာ ... နယ်တကာ ... သူ မပါရင် ပွဲမပြီးလို့ ... ဇွဲကြီးတဲ့ မောင်ကြီးကျော်ရယ် ... ကစားတာလည်း လျှော့ကွယ် ... သောက်တာလည်း လျှော့ကွယ် ... သာသနာပြုတဲ့ ကိုကြီးကျော်ရယ် ..." 


ခင့်ကို ကြည့်ပါဦး မောင်ရဲ့။ အရက်ချွေးတွေ ကလည်း ထွက်လှချည့်လား။ ဟဲ ... ဟဲ သီချင်းလေးက သိပ်ကောင်းတာပဲနော်။ မောင့်ကို စောင်းဆို နေသလိုပဲ။ တိုက်ဆိုင်မှု ရှိလျှင် ခွင့်လွှတ်ပါ။ ဟဲဟဲ ... ဟော နားထောင်စမ်း။ ဆိုင်းတွေက ပိုပြီး မြူးကြွ မလာဘူးလား မောင်။ နတ်ကတော် တွေရဲ့ လက်ခုပ်သံတွေ ကရော ပိုမြိုင် မလာဘူးလား။ အဲဒါ ဘာကြောင့်လဲ သိလား။ ဟဲဟဲ ... ခင့်လက်ထဲက ပိုက်ဆံတွေ ကြောင့်ပေါ့။ ခင့် အကြောင်းကို သူတို့ သိပြီးသား။ ခင် ရက်ရောတော့ သူတို့က ခင့်ကို ပိုပြီးတော့ အားပေးတာပေါ့။ အဲဒီတော့ ခင်က ချော့လို့ ကလို့ ပိုကောင်းတာပေါ့ မောင်ရဲ့။ တစ်ခေါက် တစ်ခေါက် သင်္ဘောတက်တဲ့ သုံးနှစ်၊ သုံးနှစ်မှာ ခင့် စိတ်ကလေး ခမျာ သနားစရာ ကောင်းလောက်အောင် မွန်းကျပ် ပိတ်လှောင် ခံထားရတာ။ ဟော ဒါက သုံးနှစ်စာ မွန်းကျပ် ပိတ်လှောင် ခံရတဲ့ စိတ်ကလေးတွေ အတွက်။ ဒါက မောင် မရှိတဲ့ အချိန် သမီးမိုက်ကလေး ယောက်ျားနောက် လိုက်သွားတဲ့ ည အတွက်။ 


"ဟေ့ ... ဝိုင်းတော်တီးက ဘယ်သူ့ တပည့်လဲဟေ့" 

"မှန်ပါ၊ ဖေကြီးကျော် တပည့်ပါ ဘုရာ့" 

"တီးစမ်းဟေ့ ဒိုး" 

"ဟေ့ ... ဒိုး ... ဒိုး" 


ကဲ ... ရော့ ... ရော့ ဝိုင်းတော်တီးရဲ့။ ပတ်လုံးလေး တစ်လုံးစီ ပေါ်ကို လေးဆယ့်ငါးကျပ်တန် တစ်ရွက်စီ တင်ပေးလိုက်မယ်။ တီးစမ်း၊ ရော့ ဒါက ဖေကြီးကျော် ကန်တော့ပွဲထဲ အရင်သွားထည့်။ လေးဆယ့်ငါးကျပ်တန် ဆယ်ရွက်။ ကျန်တာ နတ်ကတော် မိန်းမလျာလေးတွေ၊ နတ်ချွေးသုတ် အဘွားကြီးတွေ၊ ရော့ ... ရော့ ... တစ်ရွက်စီ။ 


"ဟေ့ ... ရပ်စမ်း ဆိုင်း။ ကိုကြီး သောက်ဦးမယ်ကွာ။ ကိုကြီး မောတယ်" 


အား ... လည်ချောင်းထဲမှာ ရှပြီး ဗိုက်ထဲမှာ နွေးသွားတာပဲ မောင်ရယ်။ ဟင် ... နတ်ဆီက တယ်ကောင်းကိုး မောင်ရဲ့။ ခင် သောက်တာ မဟုတ်ဘူး။ ခင်ဆိုတာ အရက်ကို ဘယ်တုန်းက လျှာပေါ် တင်ဖူးတဲ့ မိန်းမမို့လို့လဲ။ 


"ရော့ဟေ့ ညီဘွား၊ ကိုကြီးနဲ့ အတူသောက်။ ပေး ကြက်လောင်းကြေး" 


ဟဲဟဲ ... မောင်က လိမ္မာသားပဲ။ ခင် နောက်တစ်ကျော့ က တော့မယ်။ အနံ့ကလေးကလည်း မွှေးမွှေးကလေးနော်။ ဟဲဟဲ ... ကြည့်မနေနဲ့ မောင်။ အရက် သောက်နေတာ ခင် မဟုတ်ဘူး။ ကိုကြီးကျော် မောင်ရဲ့။ နတ်သောက် နေတာလေ မောင်ရဲ့။ တစ်ထောင်၊ တစ်ထောင် ဝမ်း၊ ဝမ်း ဝမ်းသောင်ဇင် ပေး။ 


"ဟေ့ ... နန်းကြီးတဘောင် ဟေ့" 

"ဟေ့ ... ဟေ့ ... ဟေ ... ဟေ့ ..." 


တီးစမ်း။ တီးစမ်း။ ရိုက်လိုက်စမ်းဟေ့ နတ်ဒိုး။ ဟောဒါက ယောက္ခမနဲ့ ရင်ဆိုင် ယှဉ်ပြိုင် ပိုက်ဆံ လုရတာတွေ အတွက်၊ ဟောဒါက မိန်းမသား တစ်ယောက်တည်း အိမ်ဆောက်ရတဲ့ ဒုက္ခတွေ အတွက်။ 


"လာခဲ့ကွ တစ်ကျိုက်။ ဟေ့ ပေးဦးကွ တစ်ထောင်" 


က လို့ သိပ်ကောင်းတာပဲ မောင်ရယ်။ ဟဲဟဲ သောက်လို့လည်း ကောင်းတယ်။ ခင် မူးချင်လာပြီ မောင်ရဲ့။ ခင့် မျက်လုံးထဲမှာ စက်ဝိုင်းလေးတွေ လာနေပြီ။ လာပါစေ။ လာပါစေ မောင်ရယ်။ အဲဒီ အဝိုင်းလေးတွေက အရသာ ရှိတယ်။ ခင့် တစ်ကိုယ်လုံး ပေါ့ပါးပြီး တက်ကြွ လာတယ်။ မေ့ချင်တာတွေ အားလုံးကို မေ့သွားတယ်။ မောင့်ရဲ့ နိုင်ငံခြား ဆိပ်ကမ်းက တစ်ပတ် မယားလေးတွေ အကြောင်းကိုလည်း မေ့တယ် မောင်ရဲ့။ အို ... မသိဘူး။ ကမယ် မောင်ရဲ့။ 


"ဟေ့ ဒိုး ... ဒိုး ... နန်းတော်ကြီးက ဒိုး ..." 


ဟောဒါက မောင် တစ်ခုသော နိုင်ငံရပ်ခြား ဆိပ်ကမ်းမှာ တစ်ပတ်နားတုန်း တစ်ပတ် မယားလေး တစ်ယောက်ကို ယူနေတယ် ဆိုတာ ကြားရတဲ့ နေ့အတွက်၊ သိရတဲ့ နေ့အတွက်၊ နာကျင်ရတဲ့ ညအတွက်၊ အဲဒီညရဲ့ မျက်ရည်တွေ အတွက်။ ဟဲဟဲ ... မောင်က ဖေကြီးကျော် လိုပဲနော်။ မောင်းမတွေ အများကြီး ယူချင်တယ်။ ယူတယ်။ ဘာတဲ့။ ခင်နဲ့ ဝေးနေတဲ့ အချိန် အစားထိုးဖို့ အတွက် တစ်ပတ် မယားလေးတွေကို ယူရတာပါတဲ့။ ဟဲဟဲ ... ခင်လည်း မောင့်လိုပဲ မောင် မရှိတဲ့ အချိန် အစားထိုးဖို့ အတွက် သုံးနှစ်ယောက်ျား ယူမယ် ဆိုရင်ရော၊ ဘယ့်နှယ်လဲ။ ဪ ... မောင်ရယ်။ ဒီလို အတွေးမျိုးကို လွတ်လပ်စွာ မတွေးဝံ့တဲ့၊ မူးမှ တွေးရဲတဲ့ မြန်မာမိန်းမပါ မောင်ရယ်။ တကယ်ကျတော့ ယောက်ျား မရှိတဲ့ မိန်းမ၊ ဘယ်သူ့ ရှေ့မှာပဲ ဖြစ်ဖြစ်၊ ကိုယ် အမူအရာ၊ နှုတ် အမူအရာလေးက အစ ကျပ်တည်း ကျဉ်းမြောင်း ထိန်းသိမ်း လိုက်ရတဲ့ အဖြစ်။ အထင်အမြင် သေးမှာကို ကာကွယ် လိုက်ရတဲ့ အဖြစ်။ အို ... ပေး မောင်ရယ် နောက်တစ်ထောင် ခင် ကဦးမယ်။ 


ဟောဒါက မြန်မာမိန်းမ တစ်ယောက်ရဲ့ ကျပ်တည်း ကျဉ်းမြောင်း ထိန်းချုပ်မှုတွေ အတွက်။ 


ဟောဒါက ခင်တို့ မိသားစုရဲ့ မပြည့်စုံတဲ့ ထမင်းဝိုင်းလေး အတွက်။ 


ဟေ့ တီးကွ။ ရော့ ... ဒိုးကြေး။ ပေးဦး တစ်ထောင်။ ရော့ ... ရော့ ... တီးစမ်း။ သွားစမ်း၊ အားလုံး သွားစမ်း။ မကောင်းတဲ့ အာရုံတွေ ဘေးကို ဖယ်စမ်း။ ဖေကြီးကျော် တဲ့ကွ။ 


ဟင့်အင်း၊ ဖယ်ကြစမ်း၊ ငါ့ကို ထိန်းမထားနဲ့။ ငါ မမူးဘူး။ ချွေးလည်း မသုတ်နဲ့။ ငါ က ဦးမှာ။ ကဲ ... မောင်ရေ မောင့်ကတိ အတိုင်း ကျန်တဲ့ တစ်ထောင်ပေး။ 


ကဲ ... တီးလိုက်စမ်းဟေ့။ နောက်ဆုံးပိတ် အိတ်နဲ့လွယ်လေးကွ။ 


ဟောဒါက မောင် သွားတော့မယ့် သုံးနှစ် အတွက်၊ သုံးနှစ် အတွက်။ 


ဟောဒါက ခင့်ရဲ့ အထီးကျန် သုံးနှစ် အတွက်၊ ပူပန်မှု အတွက်၊ စိုးရိမ်မှု အတွက်၊ တင်းကျပ်မှုတွေ အတွက်။ အားလုံး အတွက်။ 


ဖေကြီးကျော် ကြွတော့မယ်။ ကြွတော့မယ်။ ခင့်ကို ထိန်းထားပါ။ ကန်တော့ပါတယ်။ ကန်တော့ပါတယ်။ ကျေနပ်တော်မူပါ။ ကျေနပ်တော်မူပါ။ နတ်ဝတ်တွေ ချွတ်ပြီး ခင့်ကို ကားပေါ် တစ်ခါတည်း ပို့နော်။ ရပါတယ် မောင်ရဲ့။ ခင် ဘာမှ မဖြစ်ပါဘူး။ နတ် ထွက်သွားပါပြီ။ ခင် နတ်ချော့ ပြီးသွားပါပြီ။ ခင် ထိုင်ခုံမှာ ပုံကျနေလို့ မောနေတယ်လို့ မောင် ထင်သလား။ ခင့် ရင်ထဲမှာ ပေါ့ပါးနေတယ်။ ရှင်းလင်းနေတယ်။ လွတ်လပ်နေတယ်။ ကျေနပ်နေတယ် သိရဲ့လား။ 


နောက်တစ်ပတ်က စပြီး ရေတွက်တဲ့ သုံးနှစ်ကို ရင်ဆိုင် ဖြတ်သန်းဖို့ ခင် အဆင်သင့် ဖြစ်ပါပြီ မောင် ...။ 

🌿🌿🌿


နုနုရည်(အင်းဝ)                          

ရွှေအမြုတေ မဂ္ဂဇင်း၊ ဧပြီ၊ ၁၉၉၄

#tinmyoaung-madaya.blogspot.com မှ ကူးယူဖော်ပြသည်။ 

Sunday, November 3, 2024

'' နတ်ချော့သူ ''



_____________

နုနုရည် (အင်းဝ)


(ရွှေအမြုတေ မဂ္ဂဇင်း၊ ဧပြီ၊ ၁၉၉၄)


---

 

ဘာကြည့်နေတာလဲ မောင်။ မောင့်မိန်းမက ခုလို နတ်ဝတ် နတ်စားနဲ့ ဆိုတော့ ပိုလှမလာ ဘူးလားဟင်။ ခရမ်းရောင် နတ်မိမယ် ကလေးလေ။ ဟဲ ... ဟဲ ... ခရမ်းရောင် ခေါင်းပေါင်း၊ ခရမ်းရောင် ပဝါ၊ ခရမ်းရောင် တောင်ရှည်နဲ့ ရယ်ဒီမိတ် ပိုးဘလောက်စ် ခရမ်းရောင် အင်္ကျီကို ဒါကြောင့် တမင်တကာ အိမ်က ဝတ်လာခဲ့တာပေါ့။

 

အိမ်ကနေ ကားအထွက် “ဘယ်ကို မောင်းရမှာလဲ ခင်” လို့ မောင် မေးတော့ “နတ်ပွဲကို” လို့ ခင် ဖြေတော့ မောင် မယုံဘူးလေ။ မောင် ရယ်နေ ခဲ့တယ်လေ။ ကဲ ... ခု ယုံပြီလား။ ဟိုစဉ် အခါတုန်းက နတ်ပွဲနားက ဖြတ်ရင် နတ်ဝင်သည် တွေကို ကြည့်ရတာ ခင်ဖြင့် သိပ်ကြောက်တာပဲ ဆိုတဲ့ မိန်းမ တယောက်ကို မောင် မေ့လိုက်တော့။ ဟိုး ... ဆရာ၊ ခင့်ကို ဘာမှပြောဖို့ မကြိုးစားနဲ့။ ငြိမ်ငြိမ်လေး ထိုင်ပြီး ပိုက်ဆံ ငါးထောင်အုပ်ကိုသာ အဆင်သင့် လုပ်ထား။ မောင် ကတိပေးထား ပြီးပြီနော်။ အိမ်မှာတုန်း ကလေ။ မောင် ခင့်အတွက် ဒီနေ့ ငွေငါးထောင်လောက် အကုန် မခံနိုင်ဘူးလားလို့ ခင် မေးတော့ လေးဆယ်ငါးကျပ်တန် အုပ်ကို လက်ဝါးမှာ ရိုက်ပြီး “ဒါလေးများ” လို့ မောင် ပြောတယ်လေ။

 

ဪ ... ခက်တော့တာပဲ မောင်ရယ်။ ခင်နဲ့ မောင် စတွေ့တုန်းက လူကြီးချင်း သဘောတူထားတဲ့ ကောင်မလေးကို ကြည့်တဲ့ အသက်မပါ၊ အချစ်မပါ၊ ထုံအအ အကြည့်မျိုးကြီးနဲ့ လှမ်းပြီး စူးစမ်း နေပြန်ပါပြီ။ ဟဲ ... ဟဲ ... ခင် ဘာမှ မလုပ်ပါဘူး မောင်ရဲ့။ နတ်ချော့ မလို့ပါ။ နတ်ကိုးပါးလေ။ ကိုးပါး ချော့မလို့ပါ မောင်ရဲ့။ ဗဟုသုတ ရအောင် မောင် သေချာကြည့်။ ဘာမှ ကြောက်စရာလည်း မလိုဘူး။ စိုးရိမ်စရာလည်း မလိုဘူး။ ဒီ နတ်ကတော်က ခင့် နတ်ဆရာ။ သူ့ပွဲတွေကို ခင် လာနေကျ။ ဟဲ ... ဟဲ ...မောင် အံ့ဩ မနေနဲ့နော်။

 


ကဲ ... ခင် စတော့မယ် ကြည့်။ ခင့်ကို သပြေ ပေးပါ မာမီရေ။ မျက်စိကို စုံမှိတ်ပြီး သပြေ ကိုင်ထားတဲ့ လက်အစုံနဲ့ လက်အုပ်ချီ အာရုံပြုတာကို စုစည်းလိုက်ပြီ မောင်ရေ။ ဟော ... ဆိုင်းက စပြီ။ ဆိုင်း စ တီးပြီ။

 

မောင် နတ်ဒိုးသံကို သေချာ နားထောင် ကြည့်စမ်း။ နတ်ဒိုး ရိုက်သံဟာ ခန္ဓာကိုယ်ထဲက သွေးကြောထဲထိ တိုးဝင်နိုင်စွမ်း ရှိတယ် မောင်ရဲ့။ တကိုယ်လုံးက သွေးတွေကြွပြီး အလိုလို ခုန်ချင် ပေါက်ချင် လာတာ။ လာပြီ မောင်ရေ။ ပထမဆုံး စ ချော့ရတဲ့ မြင်းဖြူရှင်နတ်။

 

“... ဇာမဏီမို့ ... ထူးမခြား ... နတ်မြင်းပျံမို့ ... မြူးကြွားကြွား ... တွေးမှား ... တွေးမှား ... ရှင်”

 

မြင်းဖြူရှင်က ဟောဒီလို မြင်းစီးတဲ့ ဟန်လေးနဲ့ ချော့ရတာ မောင်ရဲ့။ ခပ်ဖြည်းဖြည်းပဲ ခင် ကမယ်၊ သိပ်မခုန်ချင် သေးဘူး။ ခုန်လို့ မရသေးဘူး။ ခင့်အာရုံတွေ စုစည်းနေတုန်း ရှိသေးတယ်။ ခင့်အာရုံတွေ၊ ပျံလွင့်နေတဲ့ အာရုံတွေကို မြင်းကလေး ဖြည်းဖြည်းစိုင်းရင်း စုစည်းလိုက်မယ်။ ရွှေဘိုမြင်းရယ်လေ... ခွာသံ၊ လျှာသံ ပြင်းတယ်လေလေ့၊ ရွှေဘိုမြင်းရယ်လေ။ ဒါပြီးရင် ဦးဖိုးတူ လာမယ်။

 

ဒါက ... ဦးဖိုးတူနတ် မောင်ရေ။ ဦးဖိုးတူ နတ်ကလေ ခင့် ဘယ်လက်က ထမ်းပိုး ထမ်းတဲ့ဟန် လုပ်ပြီး ခင့် ညာလက်က သပြေကို ယမ်းပြီး ကရတယ်။ ဒီလိုလေးလေ။ ဒါလည်း ခပ်ဖြည်းဖြည်းပဲ ကမှာပါ။ ထွေပြား နေသေးတဲ့ အာရုံတွေကို စုစည်း သိမ်းဆည်းရင်း နဲ့ပေါ့။

 

ဟော ... နောက် နတ်တပါးကို ကူးတော့မယ်။ ဒါကတော့ ကိုးမြို့ မောင်ရေ။ ဘယ့်နှယ်လဲ မောင်။ ခင့် ဓားသိုင်းက ကောင်းရဲ့လား။ သွေးတွေ ပူလာပြီ မောင်ရေ။ သွေးတွေလည်း ကြွစ ပြုလာပြီ။ ခင့် အာရုံတွေလည်း စုစည်းမိ သွားပြီ။ တနေရာတည်းမှာ စုစည်းမိ သွားပြီ။ မောင် တပတ်နေရင် သင်္ဘော ပြန်တက်ရတော့မှာ။ ခင်နဲ့ ကလေး သုံးယောက်ရဲ့ အထီးကျန် သံသရာ၊ ဆယ့်ငါးနှစ်နဲ့ ယောကျ်ားနောက် နှစ်ည လိုက်ပြေးပြီး ပြန်သိမ်း ထားရတဲ့ သမီးကြီး ကိစ္စ၊ သား ပိုက်ဆံကို ချွေးမနဲ့ ညီတူညီမျှ ယူချင်တဲ့ ယောက္ခမ ပြဿနာ၊ မိဘနဲ့ မောင်နှမတွေရဲ့ စကားနာ ထိုးသံတွေ၊ ဆောက်လက်စ အိမ်၊ အို ... အာရုံတွေ၊ အာရုံတွေ၊ အဲဒီ အာရုံတွေ အားလုံး အဝေးကို သွားကြ။ တခုတည်းသော ခင့်အာရုံ စူးစိုက်ရာ နေရာက ဟောဒီမှာ။ ဒီနေရာမှာ ဟောဒီလို ဗဂိုး(ပဲခူး) မယ်တော် ချော့တဲ့ နေရာမှာ။

 

“... မပြတ်ကယ် ကုန်စင်၊ ထုံးစံရှိတင် ... အို ... ငါးရံ့ ငါးကိုလ အို ... ငါးရံ့ကိုလ ... တင်ဆက်တယ်လေး ... ဗဂိုး မယ်တော်ကြီးပါ ဘုရား”

 

ဗဂိုး(ပဲခူး) မယ်တော်က တလိုင်းက ဟန်လေး။ လက်အစုံကို ရင်ဝကနေ ဟောဒီလို အပြင်ကို ဆန့်၊ ဆန့်ထုတ်ပြီး က ရတာ။ ကလို့ သိပ်ကောင်းတာ မောင်ရဲ့။ ခင့်ကို ကြည့်ပါဦး။ မျက်နှာကြီး ရဲပြီး အရက်ချွေးတွေကို ချည်းပဲ လက်ကိုင်သုတ်ပဝါနဲ့ ဖိသုတ် မနေပါနဲ့။ ဪ ... မောင်မရှိတဲ့ အချိန်ကျလည်း အားငယ်လိုက်တာ။ ရှိတဲ့ အချိန်ကျတော့လည်း အရက်တွေ မူးပြီး လူမှန်းသူမှန်း မသိအောင် တခေါခေါ ဟောက်အိပ်နေတဲ့ မောင့်ဘေးမှာ ငုတ်တုတ် မိုးလင်းရတဲ့ အထီးကျန် ညတွေကိုလည်း ခင် မုန်းလိုက်တာ။

 

“... သနားကြည်အောင် ... စကားမပီပေါင် ... ကုလားညီနောင်ဆွေ ... ဟရေး ... ဟရေး ... မှန်ထောင်ခရီး ... ဗျတ်ဖောင်စီး ... ယီးလေလေ့ ... ရိုးလေလေး”

 

ဟောဒါက ဒနင်းဘိုးတော် မောင်ရေ။ ဒနင်း ရိုက်တာက ဟောဒီလို။ သပြေ ကိုင်ထားတဲ့ ခင့် လက်ဝါး တဖက်နဲ့ ခင့် မျက်နှာကို အပ်။ အဲ ... ကျန်တဲ့ လက်ဝါး တဖက်က ဘေးကို ဆန့်။ ဒနင်း ဘိုးတော်က မောင်တို့နဲ့ ဆိုင်တယ်နော။ ဒနင်းက ရေနဲ့ ပတ်သက်သူ အားလုံးနဲ့ ဆိုင်တယ်။ ဟဲ ... ဟဲ... ခင့်ကို ကန်တော့ပြီး ဆုလေး ဘာလေးများ တောင်းပါလား မောင်ရဲ့။

 

ဟော ... လာပြီ မောင်ရေ။ တောင်ပြုန်းမင်း နှစ်ပါး၊ ကိုယ်တော်နှစ်ပါး ကြွလာပြီ။

 

“... နွေရက်တွေ ... ရောက်ပြန်တိုင်း ... ပေါက္ကံတိုင်းကို လွမ်းမိပြန်သကို ... နန်းပွဲရ ... တို့ရဲ့ ညီအစ်ကို ... ပျော်စရာ စုံလှသဗျို့ ... ရွှေပြုန်းပွဲကို သွားမလို့ဆို ... အစ်ကိုကြီးက ... ဆီးကြိုပါ့မဗျို့ ... ဘေးကင်းလို့ ... ရန်တိုင်းပြို ...”

 

ကိုယ်တော်ကြီးကို ချော့ရတာက ခင့် ဘယ်လက်နဲ့ ပဝါကို ဖြန့်ကိုင်ပြီး ခင့်ညာလက်က သပြေပန်းကိုင် ကပြီး ချော့ရတာ။ ကိုယ်တော်လေး ကတော့ ဟောဒီလို လက်ညှိုး ကလေးကို ထောင်ပြီး က ရတာ။ ဟောဒါ ကိုယ်တော်လေး၊ တွေ့လား မောင်။ လာ ...လာ ... ထ ... အဖွာတော် လာဆက်လှည့်။ လာပါ ညီဘွားရဲ့။

 

“... ရွှန်းရွှန်းမြ ... ရွှန်းရွှန်းလျှံပြောင် ... ဆောင်ဆောင်တည့် ... ဆောင်ဆောင် ... ထူးထူး ... ဆန်းဆန်း”

 

ဟော ... ဟော ... မင်းထွက်တဲ့ စည်၊ မင်းထွက်တဲ့ စည်။

 

မဏိစည်သူ နောင်ဘုရား ကြွလာ ပါပေါ့လား။ မဏိစည်သူက ပခန်း ကိုကြီးကျော်ရဲ့ နောင်တော်နတ်လေ မောင်ရဲ့။ ဟောဒီလို ခင့် လက်နှစ်ဖက်က လက်ညှိုးလေးနဲ့ လက်သန်းလေးတင် ထောင်၊ ကျန်တဲ့ လက်ချောင်းလေးတွေ ဆုပ်ထားပြီး က ရတာ။ မဏိစည်သူ နောင်ဘုရားကို ချော့ရတာပေါ့။ မဏိစည်သူ နောင်ဘုရား ပြီးရင် ဘယ်သူ လာမယ် ထင်လဲ။ ပွဲဦးမင်း၊ ပွဲလယ်မင်း၊ ပွဲသိမ်းမင်း၊ တောင်လေလာ ငွေပါတဲ့ ပခန်းမင်းလေ မောင်ရဲ့။ ပခန်း ဖေကြီးကျော်။ မောင်တို့လို အရက်သမားတွေ ကလည်း ချစ်ပြီး ခင်တို့လို မောင်းမတွေ ကလည်း ချစ်တဲ့၊ အားကိုးတဲ့ ကိုကြီးကျော်လေ။ နတ်ကိုးပါးမှာ သူက အချိန် အကြာဆုံး ချော့ရတဲ့ နတ်။ အို ... ခင်ဖြင့် ဖေကြီးကျော် ချော့ရတဲ့ အချိန်ကို အကြိုက်ဆုံးပဲ။ အဲဒီအချိန်က နတ်ရှိန် အမြင့်ဆုံး အချိန်လေ မောင်ရဲ့။ သွေးကလည်း တအားကြွနေတဲ့ အချိန်။ အဲဒီ ကြားထဲမှာ မူးမှထူး၊ ထူးမှမူးတဲ့ ဖေကြီးကျော်ကလည်း ယမကာလေး တမြမြနဲ့ ဆိုတော့။

 

“ပြောသာပြောရ ... မောလှတယ် ... လင့်ဝတ္တရားကို ... သူ နားလည် ... သိက္ခာရှိအောင် နေစမ်းကွယ် ... နေညိုဆိုရင်ကွယ် ... ထန်းရည်ကို သူ ကြိုက်ပါသတဲ့ ... နေထွက်နေစောင်း ... ချိန်ထိ ... ရွှေကြက်ကို သူ လောင်းတယ် ... ကိုကြီးကျော် ... တကယ့် လွန်လွန်းပါတယ်”

 

ဟေ့ ... ဟေ့ ... ပခန်းမင်းကွ။ လက်မ နှစ်ချောင်းကို ဟောဒီလို ထောင်ပြီး ကတဲ့ ပခန်းမင်းကွ။ ဒီကမ္ဘာမှာ ငါပဲ ဆိုတဲ့ မင်း။ ငါက လွဲလို့ အားလုံးသွား။ အဝေးကိုသွား။ ဖေကျော် ပျော်မယ်။ ဖေကျော် သောက်မယ်။ မူးမှထူး၊ ထူးမှမူးတဲ့ မင်း။ ဟေ့ ... ပုလင်းပေးကွ။

 

“ပုလင်း ... ပုလင်း ဘယ်မှာလဲ ပုလင်း”


“မှန်ပါ၊ ပြည်သာအောင် ဘီယာ ဆက်ပါတယ် ဘုရား။ ဘီယာပါ ဘုရား”


“အို ... ဘီယာ မလိုချင်ဘူး။ ပေး ... ပုလင်း”


“မှန်လှပါ ဘုရား။ ပုလင်းပါ ဘုရာ့ ပုလင်းပါ”


“အေး ... ဟုတ်ပြီ။ ဟေ့ ညီဘွား မျက်လုံးပြူး ကြည့်မနေနဲ့။ ထုတ် ထုတ် ကိုကြီးအတွက် ကြက်လောင်းကြေး ထုတ်စမ်း”

 

ကဲ ... မောင် ဘာလုပ် နေတာလဲ။ အချိန်ကျပြီ မောင်ရဲ့။ ပိုက်ဆံ ထုတ်တော့။ တထောင် အရင်ထုတ်။ လေးဆယ့်ငါးကျပ်တန်လေး တွေကို ယပ်တောင်လေးလို ဖြာပြီး ခင့်ကိုပေး။ ဖဲချပ်လေးတွေကို ထွေသလိုပေါ့ကွာ။ မောင် သိပါတယ်။ ပေး ... ပေး ... လက်တဖက်က ပုလင်း၊ လက်တဖက်က ပိုက်ဆံကိုင်ပြီး ခင် ကမယ်၊ ခင် ချော့မယ်။

 

“... တောင်းပန်ပါ့မယ်၊ ကျောင်းဒကာကြီးရယ်၊ အရပ်တကာ ... နယ်တကာ ... သူ မပါရင် ပွဲမပြီးလို့ ... ဇွဲကြီးတဲ့ မောင်ကြီးကျော်ရယ် ... ကစားတာလည်း လျှော့ကွယ် ... သောက်တာလည်း လျှော့ကွယ် ... သာသနာပြုတဲ့ ကိုကြီးကျော်ရယ် ...”

 

ခင့်ကို ကြည့်ပါဦး မောင်ရဲ့။ အရက်ချွေးတွေ ကလည်း ထွက်လှချည့်လား။ ဟဲ ... ဟဲ သီချင်းလေးက သိပ်ကောင်းတာပဲနော်။ မောင့်ကို စောင်းဆို နေသလိုပဲ။ တိုက်ဆိုင်မှု ရှိလျှင် ခွင့်လွှတ်ပါ။ ဟဲဟဲ ... ဟော နားထောင်စမ်း။ ဆိုင်းတွေက ပိုပြီး မြူးကြွ မလာဘူးလား မောင်။ နတ်ကတော် တွေရဲ့ လက်ခုပ်သံတွေ ကရော ပိုမြိုင် မလာဘူးလား။ အဲဒါ ဘာကြောင့်လဲ သိလား။ ဟဲဟဲ ... ခင့်လက်ထဲက ပိုက်ဆံတွေ ကြောင့်ပေါ့။ ခင့် အကြောင်းကို သူတို့ သိပြီးသား။ ခင် ရက်ရောတော့ သူတို့က ခင့်ကို ပိုပြီးတော့ အားပေးတာပေါ့။ အဲဒီတော့ ခင်က ချော့လို့ ကလို့ ပိုကောင်းတာပေါ့ မောင်ရဲ့။ တခေါက် တခေါက် သင်္ဘောတက်တဲ့ သုံးနှစ်၊ သုံးနှစ်မှာ ခင့် စိတ်ကလေး ခမျာ သနားစရာ ကောင်းလောက်အောင် မွန်းကျပ် ပိတ်လှောင် ခံထားရတာ။ ဟော ဒါက သုံးနှစ်စာ မွန်းကျပ် ပိတ်လှောင် ခံရတဲ့ စိတ်ကလေးတွေ အတွက်။ ဒါက မောင် မရှိတဲ့ အချိန် သမီးမိုက်ကလေး ယောကျ်ားနောက် လိုက်သွားတဲ့ ည အတွက်။

 

“ဟေ့ ... ဝိုင်းတော်တီးက ဘယ်သူ့ တပည့်လဲဟေ့”


“မှန်ပါ၊ ဖေကြီးကျော် တပည့်ပါ ဘုရာ့”


“တီးစမ်းဟေ့ ဒိုး”


“ဟေ့ ... ဒိုး ... ဒိုး”

 

ကဲ ... ရော့ ... ရော့ ဝိုင်းတော်တီးရဲ့။ ပတ်လုံးလေး တလုံးစီ ပေါ်ကို လေးဆယ့်ငါးကျပ်တန် တရွက်စီ တင်ပေးလိုက်မယ်။ တီးစမ်း၊ ရော့ ဒါက ဖေကြီးကျော် ကန်တော့ပွဲထဲ အရင်သွားထည့်။ လေးဆယ့်ငါးကျပ်တန် ဆယ်ရွက်။ ကျန်တာ နတ်ကတော် မိန်းမလျာလေးတွေ၊ နတ်ချွေးသုတ် အဘွားကြီးတွေ၊ ရော့ ... ရော့ ... တရွက်စီ။

 

“ဟေ့ ... ရပ်စမ်း ဆိုင်း။ ကိုကြီး သောက်ဦးမယ်ကွာ။ ကိုကြီး မောတယ်”

 

အား ... လည်ချောင်းထဲမှာ ရှပြီး ဗိုက်ထဲမှာ နွေးသွားတာပဲ မောင်ရယ်။ ဟင် ... နတ်ဆီက တယ်ကောင်းကိုး မောင်ရဲ့။ ခင် သောက်တာ မဟုတ်ဘူး။ ခင်ဆိုတာ အရက်ကို ဘယ်တုန်းက လျှာပေါ် တင်ဖူးတဲ့ မိန်းမမို့လို့လဲ။

 

“ရော့ဟေ့ ညီဘွား၊ ကိုကြီးနဲ့ အတူသောက်။ ပေး ကြက်လောင်းကြေး”

 

ဟဲဟဲ ... မောင်က လိမ္မာသားပဲ။ ခင် နောက်တကျော့ က တော့မယ်။ အနံ့ကလေးကလည်း မွှေးမွှေးကလေးနော်။ ဟဲဟဲ ... ကြည့်မနေနဲ့ မောင်။ အရက် သောက်နေတာ ခင် မဟုတ်ဘူး။ ကိုကြီးကျော် မောင်ရဲ့။ နတ်သောက် နေတာလေ မောင်ရဲ့။ တထောင်၊ တထောင် ဝမ်း၊ ဝမ်း ဝမ်းသောင်ဇင် ပေး။

 

“ဟေ့ ... နန်းကြီးတထောင် ဟေ့”


“ဟေ့ ... ဟေ့ ... ဟေ ... ဟေ့ ...”

 

တီးစမ်း။ တီးစမ်း။ ရိုက်လိုက်စမ်းဟေ့ နတ်ဒိုး။ ဟောဒါက ယောက္ခမနဲ့ ရင်ဆိုင် ယှဉ်ပြိုင် ပိုက်ဆံ လုရတာတွေ အတွက်၊ ဟောဒါက မိန်းမသား တယောက်တည်း အိမ်ဆောက်ရတဲ့ ဒုက္ခတွေ အတွက်။

 

“လာခဲ့ကွ တကျိုက်။ ဟေ့ ပေးဦးကွ တထောင်”

 

က လို့ သိပ်ကောင်းတာပဲ မောင်ရယ်။ ဟဲဟဲ သောက်လို့လည်း ကောင်းတယ်။ ခင် မူးချင်လာပြီ မောင်ရဲ့။ ခင့် မျက်လုံးထဲမှာ စက်ဝိုင်းလေးတွေ လာနေပြီ။ လာပါစေ။ လာပါစေ မောင်ရယ်။ အဲဒီ အဝိုင်းလေးတွေက အရသာ ရှိတယ်။ ခင့် တကိုယ်လုံး ပေါ့ပါးပြီး တက်ကြွ လာတယ်။ မေ့ချင်တာတွေ အားလုံးကို မေ့သွားတယ်။ မောင့်ရဲ့ နိုင်ငံခြား ဆိပ်ကမ်းက တပတ် မယားလေးတွေ အကြောင်းကိုလည်း မေ့တယ် မောင်ရဲ့။ အို ... မသိဘူး။ ကမယ် မောင်ရဲ့။

 

“ဟေ့ ဒိုး ... ဒိုး ... နန်းတော်ကြီးက ဒိုး ...”

 

ဟောဒါက မောင် တခုသော နိုင်ငံရပ်ခြား ဆိပ်ကမ်းမှာ တပတ်နားတုန်း တပတ် မယားလေး တယောက်ကို ယူနေတယ် ဆိုတာ ကြားရတဲ့ နေ့အတွက်၊ သိရတဲ့ နေ့အတွက်၊ နာကျင်ရတဲ့ ညအတွက်၊ အဲဒီညရဲ့ မျက်ရည်တွေ အတွက်။ ဟဲဟဲ ... မောင်က ဖေကြီးကျော် လိုပဲနော်။ မောင်းမတွေ အများကြီး ယူချင်တယ်။ ယူတယ်။ ဘာတဲ့။ ခင်နဲ့ ဝေးနေတဲ့ အချိန် အစားထိုးဖို့ အတွက် တပတ် မယားလေးတွေကို ယူရတာပါတဲ့။ ဟဲဟဲ ... ခင်လည်း မောင့်လိုပဲ မောင် မရှိတဲ့ အချိန် အစားထိုးဖို့ အတွက် သုံးနှစ်ယောက်ျား ယူမယ် ဆိုရင်ရော၊ ဘယ့်နှယ်လဲ။ ဪ ... မောင်ရယ်။ ဒီလို အတွေးမျိုးကို လွတ်လပ်စွာ မတွေးဝံ့တဲ့၊ မူးမှ တွေးရဲတဲ့ မြန်မာမိန်းမပါ မောင်ရယ်။ တကယ်ကျတော့ ယောကျ်ား မရှိတဲ့ မိန်းမ၊ ဘယ်သူ့ ရှေ့မှာပဲ ဖြစ်ဖြစ်၊ ကိုယ် အမူအရာ၊ နှုတ် အမူအရာလေးက အစ ကျပ်တည်း ကျဉ်းမြောင်း ထိန်းသိမ်း လိုက်ရတဲ့ အဖြစ်။ အထင်အမြင် သေးမှာကို ကာကွယ် လိုက်ရတဲ့ အဖြစ်။ အို ... ပေး မောင်ရယ် နောက်တထောင် ခင် ကဦးမယ်။

 

ဟောဒါက မြန်မာမိန်းမ တယောက်ရဲ့ ကျပ်တည်း ကျဉ်းမြောင်း ထိန်းချုပ်မှုတွေ အတွက်။

 

ဟောဒါက ခင်တို့ မိသားစုရဲ့ မပြည့်စုံတဲ့ ထမင်းဝိုင်းလေး အတွက်။

 

ဟေ့ တီးကွ။ ရော့ ... ဒိုးကြေး။ ပေးဦး တထောင်။ ရော့ ... ရော့ ... တီးစမ်း။ သွားစမ်း၊ အားလုံး သွားစမ်း။ မကောင်းတဲ့ အာရုံတွေ ဘေးကို ဖယ်စမ်း။ ဖေကြီးကျော် တဲ့ကွ။

 

ဟင့်အင်း၊ ဖယ်ကြစမ်း၊ ငါ့ကို ထိန်းမထားနဲ့။ ငါ မမူးဘူး။ ချွေးလည်း မသုတ်နဲ့။ ငါ က ဦးမှာ။ ကဲ ... မောင်ရေ မောင့်ကတိ အတိုင်း ကျန်တဲ့ တထောင်ပေး။

 

ကဲ ... တီးလိုက်စမ်းဟေ့။ နောက်ဆုံးပိတ် အိတ်နဲ့လွယ်လေးကွ။

 

ဟောဒါက မောင် သွားတော့မယ့် သုံးနှစ် အတွက်၊ သုံးနှစ် အတွက်။

 

ဟောဒါက ခင့်ရဲ့ အထီးကျန် သုံးနှစ် အတွက်၊ ပူပန်မှု အတွက်၊ စိုးရိမ်မှု အတွက်၊ တင်းကျပ်မှုတွေ အတွက်။ အားလုံး အတွက်။

 

ဖေကြီးကျော် ကြွတော့မယ်။ ကြွတော့မယ်။ ခင့်ကို ထိန်းထားပါ။ ကန်တော့ပါတယ်။ ကန်တော့ပါတယ်။ ကျေနပ်တော်မူပါ။ ကျေနပ်တော်မူပါ။ နတ်ဝတ်တွေ ချွတ်ပြီး ခင့်ကို ကားပေါ် တခါတည်း ပို့နော်။ ရပါတယ် မောင်ရဲ့။ ခင် ဘာမှ မဖြစ်ပါဘူး။ နတ် ထွက်သွားပါပြီ။ ခင် နတ်ချော့ ပြီးသွားပါပြီ။ ခင် ထိုင်ခုံမှာ ပုံကျနေလို့ မောနေတယ်လို့ မောင် ထင်သလား။ ခင့် ရင်ထဲမှာ ပေါ့ပါးနေတယ်။ ရှင်းလင်းနေတယ်။ လွတ်လပ်နေတယ်။ ကျေနပ်နေတယ် သိရဲ့လား။

 

နောက်တပတ်က စပြီး ရေတွက်တဲ့ သုံးနှစ်ကို ရင်ဆိုင် ဖြတ်သန်းဖို့ ခင် အဆင်သင့် ဖြစ်ပါပြီ မောင် ...။


---

 

#နုနုရည်အင်းဝ

#နတ်ချော့သူ

#ညမဖတ်ရ

Sunday, March 3, 2024

မြို့ပွဲ

 


_________နုနုရည် (အင်းဝ)


(ရွှေအမြုတေ၊ နိုဝင်ဘာ၊ ၁၉၉၉။)


“ပွဲဦးအစ၊ မဏိစည်သူ၊ နောင်ဘုရား အကြိုတော်ထောက်မှာမို့ ရွာစားရေ ... ပုစွန့်လက်မ ကက္ကရရွှေစည်” 


“ရွှေခန်းမင်းကြီး ကြွလာပါပြီ ဘုရား၊ ရွှေခန်းမင်းကြီးပါ ဘုရာ့” 


“ပခန်း ဘဘကျော်ကြီးပါ ဘုရား၊ ပခန်း ဘဘကျော်ကြီးပါ ဘုရား” 


“x x x သိင်္ဂါရွှေရောင် x x x ထိန်ဝါဝေပြောင် x နန်း x ဆောင် ဆောင်ခန်း x x မန်းဘုံတွေ ဝင်းဝေလျှံ စံတည်ကာဖဲငယ်လို သဲငွေ့ ပြန့် x x ...” 


“ဟေ့ ... ဟေ ... ဟေ့ ... စိမ်းရောင်စို xx တောင်ညိုမြလှိုင်း × × × သီတာခွေလို့ ရေပတ်လည်ဝိုင်း ဟေ့ ... ဟေ့ ... ဖေကြီးရေ၊ ဖေကြီးရေ ...” 


အေ့ ... ထွီ၊ နေညိုတော့ လေပြိုသဟေ့၊ ပခန်းအဖေကြီးကို စောင့်မျှော်ခစား နေကြတဲ့ မောင်းမမိဿံ၊ မင်းပရိသတ် အစုံအညီ ပါလားဟေ့၊ ဟုတ်ကဲ့လား၊ ရွာစားကျော် ကျော်စိန်နီတူးနဲ့ အဆိုတော် မအာပြဲတွေကလည်း အတီးတွေ၊ အဆိုတွေနဲ့ အကြိုတော် ထောက်တယ်ပေါ့ ဟုတ်ကဲ့လား၊ ဟေ့ ... ဖေကျော်ကြီး လာရင် ပြည်တော်ကြီး တစ်ခုလုံး အေးစေရမယ်ဟေ့၊ ခြောက်မယ့်နတ် မဟုတ်ဘူး၊ ကျွေးမယ့်နတ်ကွ၊ ဟုတ်ကဲ့လား၊ အေ့ ... အေ့ ... ဆက်စမ်းအရက်၊ ဒါ ဘာလဲကွ၊ တုတ်ကောက်လေးနဲ့ ဂျော်နီ၊ ရော့ ... ပြန်ထားလိုက်၊ ဖေကြီး မကြိုက်သေးဘူး၊ ဟို အလယ်ကောင်က ပုဝိုင်းဝိုင်းကြီးက ဘာလဲ၊ ယူခဲ့စမ်း၊ ဘာ ... ချီးဗားစ်၊ မကြိုက်ဘူး၊ ဟိုဘက်က ပုလင်းကရောကွ၊ ရွှေရောင်ကလေး၊ ဂိုးလေဘယ် မြန်မြန်ဆက်ဟေ့၊ ဖေကြီး ကြိုက်ပြီ၊ ရွှေအတိတ် ရွှေနိမိတ်နဲ့ ရွှေရောင် လွှမ်းရအောင်။ ဖွင့်စမ်း၊ ရွှေအရက်ကို။ 


“x x ရွှေငွေလိုရာပစ္စည်း x စည်းစိမ်ပြည့် x အောင်စေ x x x တင့်ဆန်းခမ်းနားလွန်းတဲ့ ဇာတ်တော်သားမောင်တွေ x x x သိဒ္ဓိလိုရာ ပြည့်ကာ x x ရှင်းရှင်းလင်းလင်း x x x နဝင်းဓာတ်ကို ချွေ x” 


လိုရာ ပြည့်စေရမယ်ဟေ့၊ ဟုတ်ကဲ့လား ကိုးနဝင်း၊ ကိုးဓာတ်၊ အားလုံး အောင်စေအေးစေ ရမယ်ဟေ့၊ ဟိုညီဘွား ဘာကြည့် နေတာလဲကွ၊ လာ ... လာ ... ထစမ်း၊ ဘာလဲ မင်းဆက်ထားတဲ့ ရွှေအရက်ကို နှမြောနေတာလား၊ ဟုတ်လား၊ ကျယ်ကျယ်ပြော၊ ခုကျတော့ အသံလေးက တိုးတိုးလေး၊ မပွင့်တပွင့်၊ ညနေ ညနေ ကာရာအိုကေ စားသောက်ဆိုင်၊ ရက်စတောရင့်တွေ မှာတော့ မင်းအသံ ဒီလို ဟုတ်မထင်ပါဘူးကွာ၊ ဖေကြီးကို ဆက်ရတဲ့ ရွှေအရက်ဖိုးက မင်း အဆိုတော် ကောင်မလေးတွေကို စွပ်တဲ့ ပန်းကုံဖိုးလောက် မများပါဘူးကွ၊ ဟုတ်ကဲ့လား၊ ရှက်မနေနဲ့၊ ပြောစမ်း၊ မင်း ပင်လယ် ငါးဖမ်းလှေက ဘယ်လောက်နဲ့ ရောင်းချင်တာ၊ ငါးဆယ်၊ ဘာ ... ပြောပါ ကျယ်ကျယ်၊ လေးဆယ်၊ အေး ... လေးဆယ် မရနိုင်ဘူး၊ သုံးဆယ်ကျော် ရမယ်၊ သုံးဆယ်ကျော် ရရင် တော်ပြီလား၊ ရပြီလို့ သဘောထားလိုက်၊ ခဏနေ ယူမယ့်လူ လာလိမ့်မယ်၊ မင်းတို့ချင်း တစ်ခါတည်း တွေ့လိုက်၊ ပြီးရော မဟုတ်လား၊ အေး ... မင်းတို့သစ္စာ၊ လူမှာကတိတဲ့၊ မင်းကတိ မင်း မှတ်မိသလား၊ ဒီစက်လှေ ရောင်းထွက်ရင် ဒီနှစ် တောင်ပြုန်း နန်းတော်ကြီးမှာ လိပ်ပြာရှင် အထိန်းကတော်ကို တက်ပွဲ ပေးပါမယ် ဆိုတဲ့ ကတိစကား အားလုံး အကြားဟေ့၊ ပြီးခဲ့တဲ့ အပတ်က အင်ဂျင်နီယာကြီး ပေးတဲ့ပွဲမှာ ဟောဒီလို လက်ဝါးချင်း ရိုက်ခဲ့တာဟေ့၊ ဟုတ်ကဲ့လား။ 


ဟေ့ ... ညီဘွား၊ ကျေနပ်တယ်နော်၊ အေး ... ကျေနပ်ရင် သွား ... ထိုင်၊ နေဦး ... ခဏ၊ ရော့ .... အောင်မြင်ခြင်း အထိမ်းအမှတ် ရွှေအရက်လေး တစ်မော့ မော့သွားဦး၊ သွားတော့၊ ထိုင်တော့။ လာခဲ့ နောက်တစ်ယောက်၊ ဟိုဟာမ၊ ဟိုဟာမ စိန်မိုက်ကယ် ဝမ်းဆက်နဲ့ စိန်ပွဲစားမမ၊ ကြွခဲ့ပါဦး ရှေ့နားကို။ ပြောစမ်း၊ ရှုပ်နေတဲ့အမှု၊ ဖေကြီး ရှင်းပေးလိုက်တာ လင်းသွားပလားဟေ့။ ပွဲစားသက် ဘယ်လောက်ရင့်ရင့် လူယုံသတ်တော့ ခံရတာပဲ မဟုတ်လား။ ဆယ်သိန်းတန် စိန်လက်ကောက်၊ နည်းတဲ့ ပစ္စည်းလား၊ အဲဒီတုန်းက နင် ဒီလို ခဲတံနှုတ်ခမ်းနီ အညိုလေး ဆိုးနိုင်သလား၊ မရယ်နဲ့ ဖေကြီးကယ်လို့ နင် ဒီလို ရယ်နိုင်တာ မဟုတ်လား။ အေး ... ဒီတော့ ဖေကြီး အမိန့်စကား ဘာတဲ့တုံးဟဲ့၊ ဝတ်လဲတော် ရွှေပုဆိုး အမျိုးမှန် အဖိုးတန် လွန်းရာကျော်နဲ့ ဆွစ်ဇာလန်တိုင်းဖြစ် ရွှေဇာဖျင် ပဝါရောင်စုံများ ဆင်မြန်းလိုတယ်လို့ အမိန့်မှာတမ်း ခြွေထားတယ် မဟုတ်လားဟေ့၊ ခေါင်းညိတ်နေလို့ မပြီးဘူး၊ တစ်ပတ်အတွင်း လာဆက်၊ လိပ်ပြာရှင် အထိန်းကတော် ခရီးထွက်ရမယ်၊ ခရီးစဉ်က တောက်လျှောက်၊ ပွဲစဉ်တွေက တောက်လျှောက်၊ ဒီပွဲ ပြီးတာနဲ့ မြစ်ဝကျွန်းပေါ်ဘက်၊ ဟင်္သာတနဲ့ ဖျာပုံက အင်းသူကြီးနဲ့ ဆန်ကုန်သည်ပွဲ၊ နှစ်ပွဲပြီးရင် ရန်ကုန် ပြန်လာ၊ အရက်ကုမ္ပဏီ တစ်ပွဲ၊ ပြီးတာနဲ့ မန္တလေးတက်၊ တောင်ပြုန်း အရှင်နှစ်ပါးပွဲ မစခင် ကြိုပွဲပေါ့။ စိန်တိုက်တစ်ပွဲ က၊ ပြီးရင် တောင်ပြုန်းကူး၊ ဟိုမှာ အင်ဂျင်နီယာနဲ့ ဟောဟိုက စက်လှေသူဌေးတို့ရဲ့ နှစ်ထပ်တက်ပွဲက၊ မင်းနှစ်ပါး ချိုးရေတော် သုံး၊ ပြီး နောက်တစ်နေ့ ညမှာ။ ပြီးတော့ ဝါခေါင်လဆန်း ဆယ့်သုံးရက်ကျ မိန်းမနတ်တက်ပွဲ၊ တောင်ပြုန်းပြီးရင် အမရပူရမှာ သမားတော်ကြီးရဲ့ ပျော်ပွဲအောင်ပွဲ၊ ပြီးတာနဲ့ ရတနာ့ဂူပွဲဝင်၊ အမယ်လေး၊ မောလိုက်တာ၊ ပေးစမ်းတဲ့ ရွှေအရက်၊ အာခြောက်တယ်၊ ဟဲ့ ... အဲယားကွန်း နှစ်လုံးစလုံး ဖွင့်ရဲ့လား၊ အအေးခလုတ်ကို မိုင်ကုန်တင်စမ်း၊ အိုက်တယ်၊ ကိုယ့် ပရိသတ်ကလည်း များတာကိုး၊ အထိန်းကတော်ရဲ့ တိုက်ခန်းမ ကျယ်လှပြီ ထင်တာ၊ ဟော ... ဟော လာကြပြီ၊ လာကြပြီ၊ အမေတွေ၊ အမေတွေ၊ မိခင်တွေ၊ ကဲ ... မိခင်တွေကို ဂုဏ်ပြု လိုက်ကြရအောင်။ 


“x x မာတာမိခင် x ချစ်ရေစင်က ကြည်လင်အေးမြ x စမ်းရေကျသို့ × × ဘဝလွန်ကဲ လှိုက်လှဲချစ်စွာ x x x ခိုင်မြဲမေတ္တာ ... ဥပမာ တင်စရာ x x x သီဒါခုနစ်တန် ပဗ္ဗတ္တနှယ်ထု x x x မေယုဗဟို၊ မြင်းမိုရ်ပဗ္ဗတ္ထ x x x နှိုင်းစံမရ x x အနန္တဂိုဏ်းဝင် x x ကျေးဇူးရှင်ဟု ဂုဏ်တင်မြှင့်စေ x x x ခေါ်ကြပါပေ x မေမေ x x မေမေ x x မေမေ xx” 


အေး ... မိခင်မေတ္တာ ဆိုတာ မြင်းမိုရ်တောင်ထု ပမာပြုရင်တောင် မိခင်မေတ္တာက သာချင်သေးသတဲ့ဟဲ့၊ ဪ... အ(ေ!)မတွေက ဖေကြီးကျော်ကို ပျော်ကြေး ဆက်ကြဦးမလို့လား ကဲ ... ကဲ ... ရော့ အမြဲရွှင်နေအောင်၊ ဘဲကင်စားကြ၊ ဟုတ်ကဲ့လား၊ အင်း ... အမြဲရွှင်နေအောင် ဘဲကင်ကို ဘာလို့ ကျွေးရတာလဲ ဆိုတော့ အင်း ... ဟဲ့ ... မိခင်နဲ့ ကလေးဆိုတာ ဘာလဲဟေ့၊ အားနွဲ့တဲ့ မိန်းမသားလေးတွေကို စောင့်ရှောက်ဖို့ မဟုတ်လားဟေ့၊ အေး ... မိန်းမတွေထဲမှာလည်း ကိုယ့်ရင်သွေးကို ကြက်လို ရင်အုပ်မကွာ စောင့်ရှောက်တတ်တဲ့ မိန်းမတွေ ရှိသလို ဘဲလို ဥပြီးတာနဲ့ ပစ်သွားတတ်တဲ့ မိန်းမတွေလည်း ရှိတယ်၊ အဲ ... အဲဒါကို တန်ပြန်ဆန့်ကျင် နိယာမသဘော အနေနဲ့ အမေတွေကို ဘဲကင် ကျွေးတာဟေ့၊ ကဲ ... လုပ်လိုက်ပါဦး၊ “မေမေ” လေး၊ နောက်တစ်ကျော့လောက်။ မေမေ ... မေမေ ... မေမေ။ လာ ... လာ ... တို့မြို့သူ အမေမင်းသမီးကြီး လာခဲ့၊ ဆိုင်းနောက်ကနေ အော်ချည်း မနေနဲ့။ ရှေ့ကို ထွက်က၊ အမေသီချင်းကို အမေက ကပြီး ဖေကြီးကို ချော့၊ ဟုတ်ပြီ ကလိုက်စမ်း၊ ဟဲ့ ... မကရတဲ့ နှစ်တွေအတွက် အတိုးချ ကစမ်းဟေ့။ ဟိုတုန်းက တစ်ခေတ် တစ်ခါက နာမည်ကျော်ခဲ့တဲ့ မင်းသမီးကြီး၊ ခုတော့ ဖေကြီးကျော်ရဲ့ မောင်းမကြီး၊ ကဲ ... ရပ် ... တော်တော့၊ တော်တော့၊ အမယ်လေး ... နွှဲပစ်လိုက်တာ ချွေးတွေများတောင် ထွက်လို့၊ သွား 'သွား။ ကဲ ... ကဲ ... ဟိုနောက်က စာရေးဆရာ ကတော်ကြီး၊ ထပါဦး၊ ထပါဦး၊ ဘယ်မလဲ ဖေကြီးအတွက် ပုလင်း၊ ဟင် ... စာရေးဆရာက အပြောကတော့ ကောင်းတယ်၊ နောက်ရေးမယ့် စာအုပ်က မိန်းမငယ် တစ်ယောက်ရဲ့ ဘဝအကြောင်း ဟုတ်လား၊ အဲလိုဆိုတော့ မိန်းမတွေ ဘဝနဲ့ အားမာန်တွေပေါ့၊ အဲဒါဆိုရင် ဒီအကြောင်းအရာဟာ အမေတွေနဲ့ ဆိုင်တာပေါ့၊ ကဲ ... ဒီစာအုပ်ထွက်ရင် အမေတို့ ဒီမြို့နယ်အတွက် သုံးရာ တာဝန်ယူလိုက်၊ မကောင်းဘူးလား၊ တခြားမြို့နယ် တွေလည်း ကြော်ငြာပေးလိုက်၊ ဟုတ်ကဲ့လား ...၊ အမယ်လေး ... ဖေကြီးကျော်မှာ စာအုပ် ကိုယ်စားလှယ်လည်း လုပ်ရသေးတာ၊ ကဲ ... စာရေးဆရာ ကတော် ကျေနပ်ပြီလား၊ ဖေကြီး ကျေနပ်အောင်၊ ဖေကြီး ပျော်အောင်၊ ဖေကြီး ကြက်လောင်းရင် လောင်းကြေး တထောင် လောင်းရမယ်၊ ဟုတ်ကဲ့လား၊ ကဲ ... ကဲ ... ကားပွဲစား ကတော် မဟဝှာ၊ လက်အုပ်လေး ချီလို့၊  ဖေကြီးနား ကပ်လာပြန်ပြီ။ ဘယ်ကားကို ရောင်းခိုင်းဦးမလို့တုံး၊ ဟေ ... အံမာ ...၊ ဒီငါးရာတန်လေး တရွက်က ပွဲခလား၊ ရောင်းလိုက်ရတဲ့ ကားက နှစ်ဆယ်ကျော်၊ ဟဲ့ ... နင်တို့ အမြဲတမ်း ထောင်ထောင် ထောင်ထောင်နဲ့ နေချင်တာ မဟုတ်လား၊ ထောင်တန် ထုတ်စမ်း၊ တရွက် မရဘူး၊ နှစ်ရွက် ထုတ်၊ ဟဲ့ ... မှတ်မိရဲ့လား၊ ဟိုတခါ ကားတုန်းကလည်း ဖေကြီး ဘယ်လို ထုတ်ပေး လိုက်သလဲ၊ အိမ်မှာ ပျော်ပွဲ ပေးတုန်းကလေ၊ အိမ်ပေါ်ကို နတ်လည်း ရောက်နေပြီ၊ ဆိုင်းတောင် ရောက်နေပြီ၊ အဲဒါကို အိမ်ရှေ့ ရပ်ထားတဲ့ကား ရောင်းချင်တယ်။ ဒါမှ နတ်ပွဲ ကြီးကြီးကျယ်ကျယ် ပေးနိုင်မှာ ဆိုလို့လေ၊ အထိန်းကတော် သောက်နေတဲ့ ရေနွေးခွက်နဲ့ ပက်၊ ဆန်တဆုပ် ကျဲပြီး စိန်ပန်းခက်နဲ့ ရိုက်လိုက်တာ ထွက်သွားတာပဲ မဟုတ်လား။ အေး ... နေဦး၊ ဒီနှစ် တောင်ပြုန်း လိုက်မှာဆို၊ လိုက်မှာလား၊ အို ... ဘာနဲ့ လာလာ၊ ကြိုက်တာနဲ့ လာ၊ လေယာဉ်ပျံနဲ့ လာလာ၊ မီးရထားနဲ့ လာလာ၊ ကားနဲ့ လာလာ၊ ကြိုက်တာနဲ့ လာ။ ဖေကြီးကျော် ကတော့လေ နတ်ချစ်သူ အပေါင်းကို ဘာနဲ့ခေါ်မလဲ သိလား ...။ 


“ဟေ့ ... စိန်ခွါသံ x x မြိုင်ယံပေါ်၊ ပန်းခင်းတဲ့လမ်းကိုနော် x x x အဿဇာနည်မော် x x x ဇက်ကိုဖွင့်လို့၊ လာပေါ့ ကိုကြီးကျော် ...” 


ဖေကြီးကျော်က နတ်ချစ်သူ အပေါင်းကို မြင်းပေါ်တင်ပြီး အားလုံးကို ခေါ်မယ်လို့၊ လိုက်ကြမယ် မဟုတ်လား၊ ကဲ ... အားလုံးကို စားတော်စာ ပန်းသီးပွဲ ချပြီး ဝေလိုက်ပါဦး၊ အားလုံး အောင်စေ၊ အေးစေ ရမယ်ဟေ့၊ ဟုတ်ကဲ့လား။ ကဲ ... ကဲ ... ဘာလဲ ... ဘာလဲ။ ကပ်လာပြန်ပြီ။ နောက်တယောက်၊ ကန်ထရိုက်တာ မမ၊ ဘယ်အိမ်တွေ၊ တိုက်ခန်းတွေ ရောင်းခိုင်းဦး မလို့လဲ၊ ကန်ထရိုက်တွေ အကုန်လုံး ပိုက်ဘော မိနေတာ၊ နင်လည်း အများနည်းတူ ခံရမှာပဲ။ ဒါပေမဲ့ ဖေကြီး ထုတ်ပေးလို့ နင့်အခန်းတွေ အများကြီး ထွက်တယ် မဟုတ်လား၊ နင် မုန့်လက်ဆောင်းကုန်းမှာ နေတုန်းက ဖေကြီး ဟောခဲ့တာလေ၊ အိမ်ငှါးနေတုန်း အိမ်လိုချင်တယ်၊ ရွှေမထုခွဲချင်ဘူး ဆိုလို့လေ၊ ဟေ့ ... မထုခွဲရဘဲ အိမ်ပိုင်ရမယ်လို့ တခါတည်း အိမ်ရှင်က အကျပ်အတည်း ဖြစ်ပြီး ဈေးပေါပေါနဲ့ ထိုးပေး သွားရတယ် မဟုတ်လား။ အေး ... အေး၊ ဘယ်အိမ်လဲ ... သံ(သန်!)လျင်က အိမ်လား၊ အေး ... ထွက်စေချင်ရင် ကိုယ့်ဘုရားကျောင်းမှာ မုံ့ဆန်းလေး ကောင်းကောင်းလုပ်၊ သရက်သီးလေး၊ ပန်းသီးလေးနဲ့ တင်လိုက်၊ စာဖတ်တဲ့ ဆရာတွေ စားရအောင်၊ ဟုတ်ကဲ့လား၊ ဟော ... ဟော ... ဟိုအဘွားကြီး ဒါက ဘယ်တုံး၊ ပြန်မလို့လား၊ ဟုတ်လား၊ ဖေကြီး ကြက်လောင်း မပြီးခင် ပြန်ရတယ် ဆိုတဲ့ ထုံးစံ ရှိလို့လား၊ ပြောပါဦး၊ ကဲ ... ဘယ်မလဲ။ လက်ဝါးချင်း ရိုက်ထားတဲ့ ပုလင်း ပါသလား၊ ပါးစပ်က ပြောပါ၊ လက်ညှိုး ထိုးပြ မနေပါနဲ့၊ အေး ... စင်ပေါ်က ပုလင်း၊ ဘယ်ပုလင်းလဲ၊ ဟို ဂျော်နီပုလင်း အနီလား၊ တပုလင်းတည်းလား၊ ခေါင်းမညိတ်နဲ့ မရဘူး၊ ငါ နိုင်ငံခြားကို ပို့တာ နှင့်သား တယောက်တည်း မဟုတ်ဘူး၊ နှစ်ယောက်၊ ညီအစ်ကို နှစ်ယောက်ကို ပို့ပေးတာလေ၊ တပုလင်းနဲ့ ရမလား၊ နောက် တပုလင်း နက်ဖြန် ယူခဲ့။ ကဲ ... သွား၊ ပြန်ချင်ပြန်၊ အဘွားကြီး ဆိုတော့ ခါးနာ၊ ကျောအောင့် ကြာကြာ မထိုင်နိုင်ဘူး၊ ဟုတ်ကဲ့လား။ 


ကဲ ... ဟိုမောင်းမကြီး ကရော ဘာပြောချင်တာတုံး၊ ပြောပါဦး။ နိုင်ငံခြားခရီး ကိစ္စပဲ မဟုတ်လား၊ ပြီးခဲ့တဲ့နှစ်က ဂျပန်ကိစ္စ၊ ဂျပန်သွားဖို့ ဖြစ်တယ် မဟုတ်လား။ ဖေကြီးက သဘောမတူလို့ လေယာဉ်ပျံ လက်မှတ်တွေ ဝယ်ပြီးမှ အကုန်ဖျက်ပစ်ရတယ် မဟုတ်လား။ အေး ... အခု သွားရမှာက ဘယ်အရပ်ကတုံးဟေ့၊ အမေရိကား၊ ရတယ်၊ လုပ်လိုက်တော့၊ လေယာဉ်ပျံ လက်မှတ်တွေ၊ ဗီဇာတွေ၊ ပတ်စပို့တွေ၊ ဖေကြီးက သွားခွင့်ပြုတယ်၊ ဟုတ်ပြီလား။ ထွက်ခါနီးရင်တော့ အိမ်မှာ ထိုင်ပွဲလေး တပွဲပေးလိုက်။ ပြီးတော့ ဖေကြီး ပဝါတပိုင်းကို ဆောင်သွား။ ဘာအန္တရာယ်မှ မရှိ။ အားလုံး အဆင်ပြေ ရမယ်ဟေ့။ နေဦး ... မောင်းမကြီးက ခေါ်လာတဲ့ ဗီဒီယို မင်းသားရဲ့ မိန်းမရော။ မွေးပြီးပြီလား၊ ဟိုတပတ်က အထိန်းကတော်ဆီကို ကလေးမွေးဖို့ တယ်လီဖုန်းနဲ့ ရက်တောင်းလို့ ရက်ပေး လိုက်ရသေးတယ်။ ပြောလိုက်ဦး။ တယ်လီဖုန်းနဲ့ ဆက်ပြီးတော့ ဖြစ်ဖြစ်၊ အထိန်းကတော် ပေးတဲ့ရက် မွေးတယ်ဆိုရင် ပုဆိုး တအုပ်၊ ပဝါ တပိုင်း၊ ပုလင်း တလုံးနဲ့ လာခဲ့ရမယ်လို့၊ ဟဲ့ ဒံပေါက်ပွဲတွေ ချ။ ဇွန်းခက်ရင်းတွေ တပ်၊ ဆာတဲ့လူတွေ စားကြ၊ အအေးသံဗူးတွေရော သောက်ကြ၊ ရှိတယ်၊ မနက်ကပဲ အအေးဗူးတွေ ထုတ်တဲ့ ကုမ္ပဏီပိုင်ရှင် ကိုယ်တိုင် လာပို့သွားတာ၊ ငါး ပါကင်တောင်။ အဲဒီ ကုမ္ပဏီပိုင်ရှင်ရဲ့ အမေက သားအိမ်မှာ အလုံးဖြစ်တာ၊ ကင်ဆာအလုံးပေါ့၊ ခွဲရမှာတဲ့၊ မခွဲချင်ဘဲ ပျောက်ချင်တယ်တဲ့၊ မိန်းမတွေ ဖြစ်တဲ့ ရောဂါဆိုတော့ အနောက်အမေကြီးနဲ့ ဆိုင်တာပေါ့။ အနောက်သခင်မကြီးကို တိုင်တည်ပြီး ကုပေးလိုက်တယ်။ ဟော ... နောက်ရက်ကျ မခွဲရတော့ဘူးတဲ့။ သက်သာ သွားသတဲ့။ နတ်က အိုဂျီတော့ မဟုတ်ဘူးပေါ့။ အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာတဲ့။ ဟုတ်ကဲ့လားဟေ့ ...၊ ဟော ... ဟော ... ကြည့်စမ်း၊ လှေကားဝမှာ ဘီယာနဲ့ ပြည်သာအောင် လုပ်နေတဲ့ ညီဘွားကြီး၊ လာခဲ့စမ်း၊ အဖေကြီးကို အခစား နောက်ကျလှချည့်လားကွ၊ ဟေ ... ဘယ်မလဲ ဘီယာ၊ ဘယ်နှစ်ကပ် ပါလဲ၊ တဒါဇင် မပါရင် မင်း ဖေကြီးနား မကပ်နဲ့ကွာ၊ ပါရဲ့လား၊ အေး ... ဟုတ်ပြီ။ မင်းရဲ့ ဘီယာဆိုင်တွေ တမြို့နယ်ပြီး 

တမြို့နယ်၊ တတိုင်းပြီး တတိုင်း၊ တပြည်လုံး ပျံ့နှံ့ သွားစေရမယ် ဆိုရင် ကျေနပ်မလား၊ ဟေ့ ... အေး ... အောင်စေရမယ်၊ အေးစေရမယ်၊ ဒီနားမှာ ထိုင်ခစား၊ စီးကရက်လည်း ကြည့်သောက်၊ ကော်ဇောတွေ မီးလောင် ပေါက်ဦးမယ်။ ကဲ ... ကဲ ... ခုနှစ်ရက်သားသမီး ပြဿနာ ဖြေရှင်းရတာနဲ့ ဖေကြီး ကြက်လောင်းချိန် နောက်ကျတော့မယ်။ ဟေ့ ... ဖေကြီး ဖလားမှာ သောင်းငွေကျော်မှ ဖေကြီး လောင်းမှာနော်၊ သောင်းငွေကျော်မှ ဖေကြီး လောင်းမှာ၊ ကဲ ... ရွာစားရေ ...။ 


“ဂုဏ် ... ဂုဏ် ... ဂုဏ် ... ဂုဏ်ဆိုတာ ငွေကိုခေါ်တယ် ... ငွေကိုသာ ရေလိုသုံးရင် ... တပြည်လုံးမှာ ... လုပ်သမျှတင့်တယ် ... ဟေ့ ... ဂုဏ် ... ဂုဏ် ... ဂုဏ်တဲ့ဗျ” 


#နုနုရည်အင်းဝ

#မြို့ပွဲ


ချစ်ခြင်းများစွာဖြင့်....

#shared_by_louis_augustine စာပျေပ့ခ်ျထဲမီ ကူးယူမျှဝေပေးပါသည်။

Monday, September 12, 2022

အိမ်ဦးနတ်

 အိမ်ဦးနတ်

**********

l ညီလေးငယ် l




``ရွှေမိရေ.….။ ရွှေမိ….။သွားကြမယ်ဟေ့…နောက်ကျလို့မဖြစ်ဘူး မြန်မြန်လုပ်ဟဲ့…’’


``လာပြီ… လာပြီ လှဌေးရေ…။’’


လှဌေးအသံကြားတော့ ကျွန်မ ပြောပြောဆိုဆို စားလက်စထမင်းခြမ်းခဲကိုပါးစပ်ထဲ ပလုပ်ပလောင်းထိုးထည့်လိုက်တယ်။ပြီး ရေအိုးအဖုံးကိုခွမ်းခနဲမြည်အောင် ဖွင့် ၊ ရေနှစ်ခွက်ဆင့် သောက်လိုက်တဲ့အခါမှာတော့ စောစောစီးစီး ၀မ်းပူနေတဲ့ဗိုက်က အတော်လေး နေသာထိုင်သာရှိသွားလေရဲ့။ 


အဲဒီနောက် ဘေးကရေဇလုံထဲ လက်ကိုနှိပ်ဆေးလိုက်ပြီး စားလက်စထမင်းပန်ကန် ကို ပစ်ထည့်ခဲ့လိုက်တယ်။


ဆေးနေဖို့အချိန်မရှိ။


 လှဌေးဆိုသည်မှာသည့်တဲ့အတိုင်း စောင့်ရတာကိုစိတ်ရှည်တဲ့သူမဟုတ်။ ဝီရိယကောင်းတာ လည်းလွန်းရော…။ တူတူစျေးရောင်းသွားလာတာ ငါးနှစ်ကျော်ပြီ။ တစ်ခါမှ ကျွန်မ လှဌေးထက်အရင်တစ်ခါမှ မပြီးဖူးဘူး။ မပြီးဆိုလည်း လှဌေးတို့က နောက်မှာအနှောင်ဖွဲ့မှမရှိပဲကိုး။လှဌေးသမီး ဘုတ်ဆုံမ ကလည်း ၁၃နှစ်ကျော်ကျော်ပဲ ရှိသေးတာ ဆိုပေမဲ့ အားကိုးလို့ရနေပြီ။ညနေကတည်းက အမေစျေးထွက်ဖို့ဝိုင်း၀န်းပြင်ဆင်ပေးတော့ လှဌေးခမျာ စျေးမထွက်ခင် သနပ်ခါးအဖွေးသားလိမ်းဖို့တောင်အချိန်ရသေးတယ်။


အိမ်က သမီးနဲ့များကွာပါ့။အိမ်ကသမီးဖြစ်သူကတော့ ခုထိအိပ်လို့ကောင်းတုန်း။လှဌေးသမီး ဘုတ်ဆုံမလို ၁၃ နှစ်ကျော်ကျော် အပျိုပေါက်လေးဖြစ်နေပြီဆိုတော့ အားကိုးလို့ရလောက်ပြီအထင်နဲ့ ၇ တန်းနဲ့ကျောင်းထုတ်လိုက်တာ ကျွန်မ အမှားကြီးမှားတာပဲ။ သူ့ကို အပျိုလုပ်ဖို့ ခွင့်ပေးလိုက်တဲ့အတိုင်း ။ ပျံတန်တန် နှံ့တန့်တန့်နဲ့ ထမင်း ဟင်းတောင် ကျိန်းမောင်းပြီးချက်ခိုင်းရသည်အထိ။ တစ်စက်ကလေးမှကို အချိုးမပြေတာ။


သမီးမလိမ္မာလို့ သားတစ်ယောက်ရှိသေးတာ သားကလည်းဘာထူးလို့လဲ။ ၆နှစ်လောက်အရွယ်ကို ထိန်းလိုက်ရတာ။ ကျောင်းက တစ်တန်းပဲ ရှိသေးပေမဲ့ ဇ ကမသေးဘူး။ ကျောင်းမှာရန်ဖြစ်လို့၊ စာသင်တာ လိုက်မကြည့်လို့ ဆိုပြီး ခဏခဏ မိဘအခေါ်ခံရလွန်းလို့ ကျွန်မ မှာ အလုပ်မအားရတဲ့အထဲ ကျောင်းကို တစ်လ လေး ငါးခေါက်လောက်အသာ လေးရောက်ရတယ်။


သားသမီးတွေ ခုလိုဆိုးနေတာလည်း ယောကျာင်္းဖြစ်သူအသုံးမကျတာပါတာပေါ့လေ။ ဒီယောကျာင်္းကို ယူမိလိုက်ကတည်းက ကျွန်မဘ၀ ငါးပါးမှောက်တာမဟုတ်လား။ အပျိုတုန်းကတော့ မသောက်မစားတတ်တဲ့ လူရိုး၊ လူအေး ဆိုတာတစ်ခုတည်းကိုကြည့်ပြီးယူခဲ့မိတာ ကျွန်မရဲ့ မဟာအမှားကြီးပေါ့။အိမ်ထောင်ရှင်ယောကျာင်္းက အရမ်း ရိုးအ ပြီး အေးလွန်းနေရင်လည်းမကောင်းဘူးဆိုတာ ခုတော့ကျွန်မ ကောင်းကောင်းကြီးနားလည်ပါပြီ။


ခုတော့ ယောကျာင်္းယူပြီး ထိုင်စားရဖို့ဝေးစွ၊ သူ့ကိုပါ ပြန်ရှာကျွေးနေရတဲ့ ကျွန်မအဖြစ်ကိုတွေးကြည့်ရင် ရယ်တော့ ရယ်ချင်သား။ယောကျာင်္းဖြစ်သူ ကိုတင်စိန်နှင့်လက်ထပ်ပြီးကတည်းက သူပြန်အပ်တဲ့ငွေကို ကျွန်မတစ်ခါ မှ မသုံးရဖူးဘူး။ တနေ့တနေ့အိမ်မှာ ရေနွေးအိုးတစ်လုံးနဲ့ သူ့ဘာသာအချိန်ကုန်နေတာ။ စကားတောင်တနေ့နေလို့ တစ်လုံး မပြောတဲ့သူ။  သူကသာ ရေခဲတုံးကြီးလို အေးတာမှစက်လို့ နေနိုင်တာ ကျွန်မကတော့ ပူလောင်လိုက်ရတာဆိုတာ မျက်လုံးနှစ်လုံးပွင့်ပြီဆိုကတည်းက လုပ်လိုက်ရတဲ့အလုပ် ၊ ည အိပ်တဲ့အချိန်ထိ။


ခုလည်းထုံးစံအတိုင်း ကျီးတောင်မနိုးသေးခင် စျေးခင်းဖို့ သွားရတော့မယ်။ မနေ့ညကတည်းက အရံသင့်ပြင်ထားတဲ့ ဟင်းရွက်တောင်းကို မနိုင်မနင်းမပြီး သွားဖို့လုပ်တော့ အိမ်ဦးခန်းမှာ ရေခဲတုံးကြီးက အိပ်နေတာများ ဟောက်သံတွေတောင်ထွက်လို့။


ကျွန်မစိတ်တိုတိုနဲ့ မနာလိုဖြစ်ပြီး မျက်စောင်းအားပါးတရထိုးချလိုက်မိတယ်။ သူကတော့ ဘယ်သိပါ့မလဲ အိပ်နေတာကိုး။ပြီးတော့ နိုးသွား ပါစေဆိုတဲ့စိတ်နဲ့ သွပ်တံခါးကို ဂျုံးခနဲ့မည်အောင်အားပါး တရဆောင့်ပိတ်လိုက်တော့ ရုတ်တရက်ထွက်ပေါ်လာတဲ့ ဂျိန်းခနဲအသံ က အိပ်နေတဲ့ ကိုတင်စိန်တော့ မသိဘူး။ ကျွန်မတော့ ကိုယ့်ကိုယ်လုပ်ပြီးရုတ်တရက်ဆိုတော့အတော်လေးလန့်သွားတယ်။ မနက်ဝေသီဝေလင်း လူခြေတိတ်ချိန်ဆိုတော့အသံကတော်တော်လေးဟိန်းထွက်သွားတာကိုး။


လုပ်ချင်တာလုပ်ခဲ့ရုံနဲ့ ကျွန်မအားမရသေးပါဘူး။ ပါးစပ်ကလည်းထုံးစံအတိုင်း စက်သေနတ်ပြစ်သလို ကိုတင်စိန်ကို တဗျစ်တောက်တောက်ဆဲဆိုပြီးထွက်ခဲ့တာပေါ့။


``ကဲ… ရွှေမိရယ်…။ စောစောစီးစီးစျေးရောင်းကောင်းအောင် ဘုရားဂုဏ်တော်လေးရွတ်မယ့် အစား ဘယ်သူ့ကိုဆဲဆိုနေတာလဲ…’’


``ဘယ်သူရှိရမလဲ လှဌေးရယ်…။ ဟိုမှာ… အိမ်ဦးခန်းမှာ ခုချိန်ထိ မိန့်မိန့်ကြီးအိပ်နေနိုင်တဲ့ ရေခဲတုံးကြီးပေါ့။ မယားဖြစ်သူ စျေးတောင်းမနိုင့်တနိုင်  မ နေလို့လည်း ထပင့်ပေးမယ်မရှိဘူးလေ..။ တစ်နေ့တစ်နေ့လည်း တစ်ကျပ်မှ ၀င်အောင် ရှာနိုင်တာမဟုတ်ဘူး။ ကျုပ်ဖြင့် လင်ယူပြီးအားကိုးမရတဲ့အပြင် သူ့ကိုပါ လုပ်ကျွေးနေရသေးတယ်။ တကယ်ပါတော်…။ ကျုပ်ဖြင့် ကြာလေကြာလေ စေတနာမရှိလေပါ…။ ”


``ညည်းကလည်းအေ… ကိုတင်စိန်က အပြင်လုပ်မလုပ်ပေမဲ့.. အိမ်ကိစ္စညည်းဘာတွေများစိတ်ပူနေရလို့လဲ။ ပိုက်ဆံရှာပြီး မူးရူးသောက်စားပြီး မယားကိုနှိပ်စက်တတ်တဲ့ယောကျာင်္းတွေနဲ့စာရင် ညည်းယောင်္ကျားလူအေးကြီးက တော်ပါသေးတယ်အေ..။ညည်းမှာ အိမ်ထောင်ကျကတည်းက ထမင်းလည်းချက်ခဲ့ရတာ မဟုတ်ဘူး ကလေးလည်း ထိန်းခဲ့ရတာမဟုတ်ဘူး ။ အကုန်လုံးသူပဲမညည်းမညူလုပ်ပေးခဲ့တာ…။ အဲလောက်အားကိုးရ ရင် တော်ရောပေါ့။”


``အမလေး… ဒီလောက်လေးတောင် လုပ်သိကိုင်သိမရှိရင်လည်း လှဌေးရယ်…။ ကျုပ်ဖြင့် အိမ်ပေါ်ကနှင်ချ လိုက်တာကြာရောပေါ့။”


``ဘယ်လိုဖြစ်ဖြစ်ပါအေ…။ လင်ရှိမယားက တင့်တယ်တယ်အေ့…။အလုပ်ကတော့ တို့လို့ဆင်းရဲသားတွေအဖို့ လုပ်တာ လုပ်စားကြရမှာပဲ…။ ညည်းမသိလို့ပါအေ…။ငါဆို ငါ့ယောကျာင်္းဖိုးအောင် ရှိတုန်းကဆို ညည်းလိုပဲ အလုပ်မလုပ် လို့ တပျစ်တောက်တောက်ပြောလိုက်ရတာ…။ ဒါပေမဲ့ ဒင်းဆုံးသွားပြီး မှ သူ့တန်ဖိုးကိုသိတာအေ့။ ခုဆို ငါ့သမီးလေးနဲ့ ငါနဲ့ ရပ်ကွက်ထဲမှာမှာဘယ်လောက်မျက်နှာငယ်ရလဲ…။ ညအိပ်တောင်ခေါင်းအေးအေးနဲ့ အိပ်ရဲတာမဟုတ်ဘူး။ ဘယ်အမူးသမားကများ တက်လာလေမလဲဆိုပြီး စိုးတထင့်ထင့်နဲ့…။ ညည်းသာ ညည်းလင်ရှိနေလို့ ညည်းသားသမီးတွေရော…ညည်းရော အေးအေးဆေးဆေးလုံလုံခြုံခြုံနေနိုင်တာပါအေရယ်...။’’


လှဌေးပြောတာ မှန်သင့်သလောက်မှန်ပေမဲ့ ကျွန်မ အပြည့်အ၀ မထောက်ခံချင်ပါဘူး။ယောကျာင်္းယူတာ အားကိုးဖို့ ယူတာလေ။ ခုတော့ ကျွန်မဘ၀က ယောကျာင်္းရပြီး ဘာများစုမိသေးလို့လဲ။ ကလေးနှစ်ယောက်သာ အဖတ်တင်ပြီး လူလည်း လုပ်စားရတာ လူရုပ်တောင်မထွက်ချင်ဘူး။


မနက်ဝေသီဝေလင်းထ။ ရပ်ကွက်စျေးထဲကို ၀ယ်ထားတဲ့ ကုန်စိမ်းဟင်းရွက်တွေ အမြန်ကုန်ဖို့အရေး သွားရောင်းရ။ ရောင်းကုန်တော့လည်း နောက်နေ့ ရောင်းဖို့အတွက် ရွာဘက်သွားပြီး သွားသယ်ရနဲ့ ဘယ်မှာ နားရတယ် ရှိလို့လဲ။စျေးတောင်းရွက်ရလွန်းလို့လည်း ခေါင်းလည်း မိမွေးဖမွေးတုန်းက အကောင်းပကတိ ခုတော့ပြားတော့မယ့်လားတောင်မသိဘူး။ သူများတွေလို သနပ်ခါး အဖွေးသားနဲ့ လင်လုပ်စာကို ထိုင်စားရတဲ့ဘ၀ဆိုတာ ကျွန်မနဲ့လုံး၀မသက်ဆိုင်သလိုလို။


ခုတော့လင်ဖြစ်သူကိုပါလုပ်ကျွေးရင်းရွှေမိတို့ဘဝတွေများ တစ်နှစ်လာလည်း ဒီတိုင်း၊ နှစ် နှစ်လာလည်းဒီတိုင်း ပရုပ်လုံးလို လုံးပါးကို ပါးလို့….။


*****


ဒီနေ့ကျွန်မစိတ်တွေမကြည်ဘူး။

စျေးရောင်းနေပေမဲ့ ကျွန်မစိတ်တွေပျံ့လွှင့်နေတယ်။ ခင်းထားတဲ့ ဟင်းသီးဟင်းရွက် တွေအမြန်ကုန်ပါစေတော့ဆုတောင်းရင်း လာ၀ယ်သူတိုင်းကိုစျေးတွေလျော့ရောင်းလိုက်တယ်။ စိတ်နဲ့ လူနဲ့ မကပ်တော့ စျေးမေးရင်လည်း မကြားတချက် ကြားတစ်ချက်နဲ့ရယ်။


အမူရာပျက်နေတဲ့ကျွန်မကိုကြည်ြ့ပီးဘေးမှာရောင်းနေတဲ့လှဌေးက ဘာဖြစ်နေလဲမေးတော့ ကျွန်မ ပြန်ဖြေချင် စိတ်မရှိတာနဲ့ ဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံနဲ့ ခေါင်းခါပြလိုက်တယ်။ ရင်ထဲကဖြစ်နေတဲ့ခံစားချက်ကိုလည်း လူတကာ ပြောပြလို့မကောင်းဘူးမလား။


မနက်က စျေးလာ၀ယ်ရင်းတွေ့လိုက်တဲ့ သူငယ်ချင်းဖြစ်သူ အေးခိုင်ပုံစံကိုခုထိ ကျွန်မ မျက်လုံးထဲကမထွက်ဘူး။ အေးခိုင်တို့များကောင်းစားနေလိုက်တာ။ နားမှာ စိန်နားကပ်ကြီးက အရောင်တွေ တဖိတ်ဖိတ်တောက်ပြီး တကိုယ်လုံးလည်း ရွှေတွေညွှတ် လို့။ စျေးသုံးလာတာများ ငါးထောင်တန်အထပ်လိုက်နဲ့။ ကျွန်မဆီက ဟင်းရွက်တွေ၀ယ်ပြီးပြန်အမ်းတဲ့ပိုက်ဆံတောင် ယူမသွား ရှာဘူး။ အိမ်က ကလေးတွေအတွက်မုန့်ဖိုးယူထားလိုက်ပါတဲ့။


`` ယောကျာင်္းက ငွေရှာကောင်းတော့ အဆင်ပြေတယ် ရွှေမိရေ…။ ညည်းလည်း ညည်းယောကျာင်္းကို အလုပ်လုပ်ခိုင်း…။ မိန်းမရှာတာနဲ့ ယောကျာင်္းရှာတာ ၀င်ငွေက မတူဘူး ဟဲ့။ ယောကျာင်္းတွေတကယ်ကြိုးစားရှာရင် ခဏနဲ့စီးပွားဖြစ်တယ်…။’’


ကြွားပြီးပြောသွားတာလား၊ စိတ်ရင်းနဲ့ပြောသွားတာလား မသိပေမဲ့ ကျွန်မရင်ထဲမှာ တစ်မျိုးကြီးဖြစ်လို့။ ဘာပြောပြော အေးခိုင်ကို ကျွန်မအားကျမိတာ အမှန်ပါပဲ။ ကျွန်မဘ၀က အေးခိုင်လို ဘယ်တော့မှများနေရမလဲလို့ စဉ်းစားပြီး ကျွန်မ ၀မ်းနည်းလိုက်တာ။ အေးခိုင်နဲ့ ကျွန်မ က ငယ်ကတည်းက ပေါင်းလာတဲ့ အတွင်းသိ အဆင်းသိ ငယ်သူငယ်ချင်းတွေ။ 


ခုတော့ကျွန်မဘ၀ နဲ့များ ကွာသွားလိုက်တာ။ ကျွန်မ မှာတော့ ၀မ်းရေးအတွက်ရုန်းကန်နေရလွန်းလို့ ခေါင်းတောင် သွင်အောင် မဖီးနိုင်ဘူး ။ လူကလည်းအိုစာနေလိုက်တာဆိုတာ ။ အေးခိုင်နဲ့ အသက်ရွယ်တူလို့သာပြောရင် ဘယ်သူမှ တောင်ယုံကြမယ်မထင်ဘူး။


နောက်ဆုံး အရင်းစစ်တော့ အမြစ်မြင်ပါပဲ။ ကျွန်မယူထားတဲ့ယောကျာင်္း အသုံးမကျလို့ပဲပေါ့။ စဉ်းစားတိုင်း ဒေါသဖြစ်ပြီး စျေးလည်း ဆက်ရောင်းချင်စိတ်မရှိတော့တာနဲ့ အမြန်သိမ်းပြီး လှဌေးကိုတောင်မစောင့်ပဲ ကျွန်မအိမ်ကို ပြန်ခဲ့လိုက်တယ်။


အိမ်ရောက်တော့ အိမ်ရှေ့ခမ်းမှာ ရေနွေးအိုးတစ်လုံးနဲ့ ဇိမ်ယူနေတဲ့ ကိုတင်စိန်ကိုတွေ့တော့ ကျွန်မဒေါသတွေ မထိန်းနိုင်တော့ဘူး။ ရွက်လာတဲ့စျေးခြင်းတောင်းကိုပစ်ချပြီး အားပါတရငိုလို့ ကိုတင်စိန်ကို ရန်လုပ်မိတယ်။


``ရှင် ဒီတစ်သက်အလုပ်မလုပ်တော့ဘူးလား ကိုတင်စိန်…။ ဒီအတိုင်းပဲတသက်လုံးနေတော့မှာလား။ လူပုံအလယ်မှာ ကိုယ့်မိန်းမ ဘယ်လိုတွေလုပ်ရှာဖွေနေရတယ် ဆိုတာ ရှင်သိရဲ့လား။ အ်ိမ်မှာအခန့်သားထိုင်ပြီး မိန်းမလုပ်စာပဲထိန်စားနေတဲ့ ဆန်ကုန်မြေလေးကြီးရဲ့…။ကျွန်မ ရှင့်ကို အရမ်းစိတ်ကုန်နေပြီ။ ကျွန်မရှင် နဲ့ ဆက်မပေါင်းနိုင်တော့ဘူး…။’’


ကျွန်မပြောရင်းဒေါသတွေနှင့် တဝူးဝူးငိုနေမိပေမဲ့ ကိုတင်စိန်က သူ့ပုံစံအတိုင်း မျက်နှာမှာလောဘ ဒေါသမရှိသလို နဲ့။ ကျွန်မကိုတောင် သနားစရာသတ္တဝါတစ်ကောင်လို မျက်နှာပေးနဲ့ကြည့်နေသေးလေရဲ့။နောက်ဆုံးတော့ ထုံးစံအတိုင်း ကျွန်မသာ ဒေါသထွက်ပြီးမောသွားတဲ့အထိ သူကတော့ တုတ်တုတ်မျှပင်မလှုပ်။


*****


မောမောနဲ့စျေးကပြန်လာပြီး စျေးခြင်းတောင်းပင်မချရသေးဘူး။ကြားလိုက်ရတဲ့ သမီးဖြစ်သူရဲ့စကားက ကျွန်မရင်ကို ဆောင့်ကန်လိုက်သလိုပဲ။


``အမေ…။သမီးကို ရွှေနားကပ်ဘယ်တော့၀ယ်ပေးမှာလဲ..။’’


ရုတ်တရက်ကြားလိုက်ရတာမို့ ကျွန်မ စိတ်တိုရမလို ငိုရမလိုနဲ့။မလိမ္မာလိုက်တာကြည့့်စမ်းပါဦး။ ကိုယ့်အမေ စားဖို့တောင် အနိုင်နိုင်ဘယ်လိုရုန်းကန်နေရတယ်ဆိုတာ သိသိနဲ့ ဒင်းမလို့ပြောထွက်တယ်။သူ့ကိုမဆင်ပဲကျွန်မ နားကပ်ပန်ထားတယ် ဆိုထားတော့။ ခုတော့ကျွန်မလည်းနားပေါက်ဟောင်းလောင်းနဲ့ဆိုတာ ဒင်းကမမြင်ဘူးလား။


လှချင်ပချင်တဲ့အရွယ်မို့လို့ ပူဆာတာကို ကျွန်မနားလည်းပါတယ်။ဒါပေမဲ့ အမေလုပ်သူရဲ့ အခြေနေကို ကြည့်ပြီး မှပြောသင့်တယ်မဟုတ်ဘူးလား။


``နေစမ်းပါဦး…။ညည်းကိုနားကပ်၀ယ်ပေးဖို့ ငါက ဘယ်ကပိုက်ဆံနဲ့သွားယူရမှာတုန်း။စားဖို့သောက်ဖို့တောင် မနည်းရုန်းကန်နေရတာညည်းမသိဘူးလားဟဲ့…။ပိုက်ဆံကိုရေခပ်သလို တွင်းထဲခပ်ယူနေရတယ်များမှတ်နေလား။ ပိုက်ဆံလေး သုံးလေးထောင်ရဖို့တောင် ငါ့မှာ စျေးတောင်းကိုခေါင်းပြားမတတ်ရွက်ပြီးစျေးရောင်နေရတာ ညည်းအဲဒါတွေသိရဲ့လား။’’


``အဲဒါတွေ သမီးမသိဘူး။ ဘုတ်ဆုံမတောင် နားကပ်၀တ်နေပြီ။ သူ့အမေ ၀ယ်ပေးတာတဲ့။ သမီးလည်းလိုချင်တာပေါ့။ ဘုတ်ဆုံမ အမေလည်း စျေးရောင်းတာ အမေလည်းစျေးရောင်းတာပဲ။ ဘုတ်ဆုံမ အမေ ဘုတ်ဆုံမကို၀ယ်ပေးရင် အမေလည်း သမီးကို၀ယ်ပေးရမှာပေါ့…။’’


``ဟဲ့…။ သူများကိုသွားမကြည့်နဲ့ …။ သူတို့ကသားအမိနှစ်ယောက်တည်း။ ငါ့မှာ လုပ်ကျွေးနေရတာ ညည်းတို့သားအဖကိုတွေကို…။စားဖို့တောင်အနိုင်နိုင် ငါကဘယ်ပိုက်ဆံနဲ့သွား၀ယ်ပေးနိုင်မှာလဲ…။


``မသိဘူး…။ သမီးလည်း နားကပ်လိုချင်တယ်…။ အမေ၀ယ်ပေး…’’


`` မ၀ယ်ပေးနိုင်ဘူးဟေ့…။ ၀ယ်ပေးဖို့လည်း ပိုက်ဆံမရှိဘူး။ ညည်းကို မွေးထားတာ ငါတစ်ယောက်တည်း မဟုတ်ဘူး။ ညည်းလိုချင်ရင် တနေကုန်တနေခမ်းကျောခင်းနေတဲ့ ညည်းအဖေကိုပြော…။ ငါ့ကိုလာမပြောနဲ့..။တကတည်း ဒီအလိုက်ကန်းစိုးမသိတဲ့ ဒီသားအဖတွေနဲ့ ဘယ်တော့မှ၀ဋ်ကျွတ်မလဲမသိပါဘူးတော်…’’


``အမက သမီးကိုမချစ်ဘူး….။’’


``အေ….မချစ်ဘူးဟေ့… မချစ်ဘူး။ညည်းတို့စားဖို့ ခေါင်းမွှေးကျွတ်အောင်စျေးတောင်းခေါင်းပေါ်ရွက်ပြီးလုပ်ကျွေးနေတဲ့ ဟောဒီက ကျွန်, မကြီးက ညည်းတို့ကိုမချစ်ဟဲ့…။’’


စိတ်တိုတိုနဲ့ငေါက်လိုက်ပေမဲ့ ကျွန်မစိတ်တော့မကောင်းဘူး။ လှဌေးသမီး ဘုတ်ဆုံမတောင်နားကပ် ပန်နေပြီဆိုတော့ သူလည်းလိုချင်မယ်ဆိုတာကို ကျွန်မနားလည်းပါတယ်။ တကယ်ဆိုသမီးမတောင်းဆိုခင်ကျွန်မ တို့ကဆင်ပေးရမယ်မဟုတ်လား။


နောက်ဆုံးတော့ ထုံးစံအတိုင်း ကျွန်မရဲ့ စိတ်မကောင်းမူတွေ ဒေါသဖြစ်မူတွေက ယောကျာင်္းဖြစ်သူ ကိုတင်စိန် ဆီကိုသာ စုပုံပြီးကျသွားတယ်။

တကယ်တော့ ယောကျာင်္းဖြစ်သူကိုလည်း ကျွန်မ အတော်လေးစိတ်ကုန်နေပါပြီ။ ဘယ်လောက်ပြောပြော အလုပ်လုပ်ပြီး ပိုက်ဆံရှာမယ့်သူမဟုတ်လို့ ကျွန်မ ပြောနေလည်းအပိုဆိုတာ ကျွန်မသိပါတယ်။


ဒါပေမဲ့လည်း မိန်းမသား ပီပီ မကျေနပ်ချက်တွေအားလုံး ယောကျာင်္းဖြစ်သူကိုသာ စောင်းချိတ်ပြောဆိုနေမိပါတယ်။ ကိုတင်စိန်ကတော့ သူ့ကိုပြောနေတာလို့တောင် သတ်မှတ်လေပါ့မလားမသိ။ တစ်ခွန်းမှ ကျွန်မကို ပြန်မပြောဘူး။နောက်တော့ကျွန်မသာ မောသွားတယ်။ကိုတင်စိန်က ရေခဲတုံးကြီးက ဆေးလိပ်ဖွာပင်မပျက်။


*****


ဒီနေ့ကြားရတဲ့သတင်းတွေတစ်ခုမှမကောင်းဘူး။


 မနက်စောစောစီးစီး လှဌေးတစ်ယောက် စျေးမထွက်လို့ စိတ်ပူပြီးစုံစမ်းကြည့်တော့ လှဌေးတို့သားအမိတွေ ရပ်ကွက်အုပ်ချုပ်ရေးမူးရုံးမှာတဲ့။


 မနေ့ညက လှဌေးတို့သားအမိ အိပ်နေတုန်း အရက်မူး သမားတစ်ယောက်တက်လာပြီး လှဌေးတို့သားအမိကို သားမယားပြုကျင့်ဖို့ကြံတယ်တဲ့။

လူတွေများ လုပ်ရက်လိုက်ကြတာ။သားအမိနှစ်ယောက်တည်း နေတဲ့အိမ်ကို ဝိုင်း၀န်းစောင့်ရှောက်ဖို့ နေနေသာ မြေနိမ့်ရာ လှံစိုက်ချင်နေကြတာ။လှဌေးတို့သားအမိတွေ အားကိုးရာမဲ့ပြီး မနေ့ညက ဘယ်လောက်များကြောက်နေလိမ့် မလဲ။  


နောက်ညတွေကော ခေါင်းအေးအေးနဲ့ အိပ်နိုင်ပါ့မလား။ စျေးရောင်းပြီးရင် လှဌေးတို့အိမ်ဘက်သွားဦးမယ်လို့ တစ်ယောက်တည်း တွေးနေကာရှိသေး။ နောက်ထပ်စိတ်မကောင်းစရာ သတင်းတစ်ခုက ထပ်ကြားရပြန်ပြီ။


`` ရွှေမိရယ်…။ ညည်းစျေးရောင်ပြီးရင် အေးခိုင်ဆီသွားလိုက်ပါဦးဟယ်…။ အေးခိုင်ဆေးရုံရောက်နေတယ်။ မနေ့ ညက သူ့ယောကျာင်္းမူးမူးနဲ့ရိုက်လို့ မေ့လှဲသွားတာတဲ့။ ပြီးတော့ သူ့ယောကျာင်္းက မယားငယ်လည်းရှိတယ်တဲ့တော့်..။ ယောကျာင်္းတွေက မကောင်းပါဘူးဟယ်…။’’


စျေးလာ၀ယ်ရင်း အေးခိုင်တို့ရပ်ကွက်ထဲက တစ်ယောက်ပြောပြတဲ့စကားကြားပြီး ကျွန်မ ခေါင်း တွေချာချာလည်အောင် နှောက်သွားတယ်။

 

ဘုရား..ဘုရား အေးခိုင်ယောကျာင်္းက မယားငယ်ရှိတယ်တဲ့။ အေးခိုင်ဘ၀ကို သာယာပြီထင်ထားတာ ခုလိုကျတော့ အေးခိုင်တစ်ယောက် ဘယ်လိုများ ခံစားလိုက်ရမလဲ။ ကျွန်မသာသူ့နေရာမှာဆို အို... မတွေးရဲလိုက်တာ...။ လင်သည် ယောကျာင်္း က အိမ်ထောင်ရေးဖောက်ပြန်တာ ဘယ်လောက်ဆိုးလိုက်တဲ့လုပ်ရပ်လဲ။


ပြီးတော့ ဆေးရုံတက်ရလောက်သည်ထိအေးခိုင်ကိုရိုက်တယ်ဆိုတော့ သူ့ယောကျာင်္းက တော်တော်မကောင်းတာပဲ။မိန်းမက ချစ်ဖို့ ယူထားတာလား ၊ ရိုက်ဖို့ယူထားတာလား မသိပါဘူး။


ဒီလိုကြတော့ အိမ်က ရေခဲတုံးကြီးက ကောင်းသေးလိုလိုပါပဲ။ လှဌေးပြောသလို ကိုတင်စိန်ကြီးက ကျွန်မဘယ်လောက် ဆဲဆဲခုချိန်ထိ ကျွန်မကိုလက်ဖြားနဲ့တောင် ရွယ်ဖူးသူမဟုတ်ဘူး။ 


ကျွန်မကိုချစ်လိုက်တာလည်း လွန်ရော...။ ငွေ၀င်တဲ့အလုပ်တာ မလုပ်တာ တစ်ခုကလွဲရင် အိမ်မူကိစ္စမှန်သမျှလုပ်ရုံမကဘူး။ ကျွန်မ အ၀တ်စားတွေပါ လျှော်ဖွတ်ပေးတာမလား။တသက်လုံး ကျွန်မ ဘာသာကိုယ့်အပူကိုယ်ယူထည့်ပြီး ငိုလိုက်ရယ်လိုက်ဖြစ်နေတာ။ ကိုတင်စိန်ကြီးက ကျွန်မကို မျက်လုံးစိမ်းနဲ့လည်းမကြည့်ဖူးဘူး။ လေသံမာမာနဲ့လည်းပြောဖူးတာမဟုတ်ဘူး။


ပြီးတော့ ယောကျာင်္း ရှိတယ်ဆိုတဲ့အရှိန်နဲ့ လှဌေးတို့အိမ်လို အိမ်ပေါ်တက်လာဖို့ဝေးစွ ၊ ကျွန်မသမီးကိုရော ကျွန်မကိုရော ဘယ်သူကမှ စိတ်နဲ့တောင် မပြစ်မှားရဲကြဘူး။ သားရော သမီးရော ကျွန်မပါ ကိုတင်စိန်ရှိနေတယ်ဆို့တဲ့အသိနဲ့ စိတ်ထဲလုံလုံခြုံခြုံ ရှိနေနိုင်တာ မဟုတ်လား။


ဒီလိုပြန်စဉ်းစားတော့ ကျွန်မကိုတင်စိန်ကိုဆဲဆိုခဲ့တာတွေအတွက်စိတ်မကောင်းပြန်ဘူး။ သူ့ခမျာခုဆို ကျွန်မ စကားကောင်းကောင်းမပြောပေးတော့ နေရတာ မသက်မသာနဲ့ရယ်။ ဒီနေ့အိမ်ပြန်ရောက်ရင်တော့ ကိုတင်စိန်ကို ကျွန်မ ကောင်းကောင်းပြန်ဆက်ဆံတော့မယ်လို့တွေးရင်း စျေးသိမ်းအပြီးမှာတော့ အိမ်ကိုအပြေးပြန်ခဲ့တယ်။


မပြန်ခင် ကိုတင်စိန်ကြိုက်တတ်တဲ့ ကြက်သားဆီပြန်ဟင်းချက်ဖို့ စျေးက ကြက်သားတစ်ထောင်ဖိုးပါ ၀ယ်ခဲ့မိသေးလေရဲ့။


အိမ်ရောက်တော့ ခါတိုင်းတွေ့နေကြအိမ်ရှေ့ခန်းမှာကိုတင်စိန်ကိုမတွေ့တော့ ဘာရယ်မသိ ကျွန်မရင်ထဲ ဟာတာတာ ကြီး ဖြစ်သွားတယ်။ကိုတင်စိန်သောက်နေကြရေနွေးကြမ်းဓါတ်ဘူးက ခုတော့ အဖော်မဲ့စွာ အိမ်ထောင့်မှာကပ်လို့။ ကိုတင်စိန်က အိမ်လည်တတ်သူလည်းမဟုတ်ပါဘူး။ ဘယ်များသွားတာပါလိမ့်ဆိုတဲ့အတွေးနဲ့့ အိမ်ရှေ့မှာ သနပ်ခါးလိမ်းနေတဲ့ သမီးဖြစ်သူကိုမေးလိုက်မိတယ်။


``သမီးကြီး…. နင့်အဖေကော…။’’


``အဖေ … အလုပ်သွားတယ်လေအမေ…’’


ဟင်….။ ကျွန်မနားကြားများလွှဲလေသလား။ ကိုတင်စိန်အလုပ်သွားတယ်တဲ့။


``ဘယ်လို….။ အလုပ်သွားတယ်ဟုတ်လား…။’’


``ဟုတ်တယ်…။သမီးသွားခိုင်းလိုက်တာလေ...။ သမီးနားကပ်လိုချင်လို့ အဖေ့ကို အလုပ်လုပ်ဖို့ပူဆာတော့ အဖေ ရပ်ကွက်ထဲက ကိုကြီးသာထူး တို့အဖွဲ့နဲ့အလုပ်လုပ်ဖို့လိုက်သွားတယ်။ အဖေက အလုပ်လုပ်ပြီး သမီးလိုချင်တဲ့ ရွှေနားကပ်၀ယ်ပေးမယ်လို့လည်း ကတိပေးသွားတယ်။ အဟီး...ပျော်လိုက်တာ...။ နားကပ်၀တ်ရတော့မယ်။’’


ဘုရားဘုရား…။ ဒီနေ့တစ်နေ့လုံးကျွန်မ သတင်းထူးတွေချည်းကြားနေရပါလား။ တသက်နဲ့တကိုယ်တစ်ခါမှမကြားဖူး တာတွေ ကြားနေရတော့ ကျွန်မနားတောင် ကျွန်မ မယုံချင်တော့ဘူး။


`` ဟဲ့…. နင်အဖေ အလုပ်သွားတာရော ဟုတ်လို့လား သမီးကြီးရယ်…။’’


``သြော်… အမေကလည်း ဟုတ်ပါတယ်ဆို…။ မနက်က ဆောက်လုပ်ရေးအဖွဲ့တွေလာကြိုတဲ့ ဖယ်ရီကားနဲ့ ပါသွားတာ…။ သမီးတောင် ထမင်းချိုင့်ထည့်ပေးလိုက်သေးတယ်…’’


ကြားလိုက်ရတဲ့စကားတွေက ကျွန်မရင်ထဲမှာ ၀မ်းနည်းသလိုပျော်သလိုနဲ့။ ကိုတင်စိန်အလုပ်လုပ်ပြီဆိုပါလား။ ကျွန်မ အလုပ်လုပ်ဖို့တသက်လုံးပြောခဲ့တာ ရှင်နားမထောင်ခဲ့ ပေမဲ့ သားသမီးက လိုချင်တာ ပူဆာလာတော့ အလုပ်မလုပ်ပဲ ထိုင်မနေနိုင်တော့ဘူးပေါ့ကိုတင်စိန်ရယ်...။ ဒီလိုကြတော့ ကိုတင်စိန်ကြီးက ဘယ်ဆိုးလို့လဲ။ အဖေစိတ်တော့အပြည့်၀ရှိသူပဲမဟုတ်လား။ ဟုတ်သည်ရှိ ၊ မဟုတ်သည်ရှိ ဒီလိုစကားကြားတာနဲ့တင် ကျွန်မကျေနပ်လိုက်တာ…။ 


ကိုတင်စိန်မှာ ဒီလိုစိတ်ကလေးရှိနေမှန်းအစကတည်းက သာ သိရင် ကျွန်မ သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။


``သြော်အမေ..ဒါနဲ့.. ဘုတ်ဆုံမတို့ အကြောင်းကြားပြီးပြီလား။ဘုတ်ဆုံမတို့အိပ်နေတုန်း အရက်မူးသမားက ဘုတ်ဆုံမကို လာဆွဲတာတဲ့...။ 

အဲဒီသတင်းကြားပြီးအဖေက ပြောတယ်။သမီးကိုအချိန်မတော်အပြင်မထွက်နဲ့တဲ့။ အမေ့ကိုလည်း မနက်အစောကြီး စျေးသွားတာစိတ်ပူတယ်တဲ့။

ပြီးတော့အဖေက အမူးသမားကိုစိတ်တွေတိုနေတာ တောက်တခေါက်ခေါက်နဲ့။ သူ့သားသမီးကိုထိရင်တော့ အသက်ချင်းလှဲပစ် လိုက်မယ်တဲ့။အရင်က အဖေ့ပုံစံနဲ့တခြားစီပဲသိလား။သမီးဖြင့်အဖေ့ကိုကြည့်ပြီး အံ့သြလိုက်တာ ပြောမနေနဲ့။’’


ကြားရတဲ့စကားတွေက ကျွန်မအတွက်တော့ အံ့သြပြီးရင်းအံ့သြရင်းပါပဲ။လှဌေးတို့သားအမိသတင်းကြားရုံနဲ့ သူ့သားမယားကို စိတ်မချဖြစ်ပြီး အသက်ချင်းတောင်လှဲမယ်တဲ့လား ကိုတင်စိန်ရယ်။


 အရင်က ကျွန်မသိထားတဲ့ကိုတင်စိန်နဲ့များမတူလိုက်တာ။ ခုတော့ တော်က ရေခဲတုံးကြီးမလုပ်နိုင်တော့ဘူးပေါ့လေ။ သားမယားနဲ့ယှဉ်လာတော့ ရေခဲတုံးကြီးက အရေပျော်သွားရပြီပေါ့…။ ကျွန်မတွေးရင်း ကြည်နူးလိုက်တာပြောမပြတတ်အောင်ပဲ။


ဒီလိုနဲ့ ညနေရောက်တော့ ကျွန်မ ကိုတင်စိန်ကြိုက်တတ်တဲ့ ကြက်သားဆီပြန်ဟင်းနဲ့ ငါးပိတို့စရာစုံနေအောင်လုပ်ပြီး ကိုတင်စိန် ပြန်လာရင်စားဖို့ ထမင်းပွဲကိုအရံသင့် ပြင်ထားလိုက်တယ်။စိတ်ထဲကလည်း ကိုတင်စိန်ကို အမျှော်ကြီးမျှော်လို့။ 


အိမ်ပေါက်၀ က နေ လမ်းပြင်ကို လှမ်းမျှော်ကြည့်ရတာလည်းအခါခါ။ ခဏကြာတော့ ဆောက်လုပ်ရေးအလုပ်သမားကား၀င်သံကြားရပြီး ကိုတင်စိန် ထမင်းချိုင့်လေးဆွဲလို့ ခြံထဲ၀င်လာတယ်။


အိမ်ထဲရောက်လာတော့  သူ့အိပ်ကပ်ထဲက ပိုက်ဆံ ငါးထောင်တန် တစ်ရွက် နဲ့ ထောင်တန်တစ်ရွက်ကို ထုတ်ပြီး ကျွန်မကိုပေးတယ်။


``ပင်ပန်းရင်စျေးသွားမရောင်းနဲ့တော့….။ ဒီနေ့ကစပြီး မင်းတို့သားအမိကိုငါလုပ်ကျွေးမယ်…။’’


ကြားလိုက်ရတဲ့စကား မာမာထန်ထန် သြဇာဆန်ဆန်နဲ့ မင်္ဂလာရှိလိုက်တာ…။ တသက်လုံးမကြားရတော့ဘူးထင်တဲ့ အိမ်ဦးနတ်ကြီးဆီက စကား ကျွန်မကြားရပြီ။ ရင်ထဲမှာပျော်လိုက်တာ ဆိုတာ နှိုင်းပြစရာတောင်မရှိအောင်ပါပဲ။ ပေးတဲ့ပိုက်ဆံကို လှမ်းယူတော့ ကျွန်မလက်တွေတဆတ်ဆတ်တုန်လို့။ ဂဏာမငြိမ်ဖြစ်နေလိုက်တာများ အရင်က ကျွန်မ နဲ့တောင်မတူဘူး။


``ကိုတင်စိန်…။ ယောကျာင်္းရေ… ရှင်ထမင်းစားတော့မလား။ ကျွန်မ ရှင်ကြိုက်တဲ့ ကြက်သားဆီပြန်ဟင်းချက်ထားတယ်သိလား...။’’


တခါမှချိုသာနာလိုစကားမထွက်ဖူးတဲ့ ကျွန်မပါးစပ်က ဒီလိုထွက်သွားတာ ကျွန်မကိုယ်ကျွန်မတောင်မသိလိုက်ဘူး။ ကျွန်မစကားကြားတော့ ကိုတင်စိန် တခါမှမတွေ့ဖူးတဲ့လူထူးဆန်းကြီးလို တအံ့တသြနဲ့ ကြည့်လာတယ်။ ကျွန်မလည်း ရှက်ရှက်နဲ့ သူ့ကိုမော့ကြည့်လိုက်တော့ နှစ်ယောက်သား အကြည့်ချင်းဆုံသွားပါလေရော…။


ကိုတင်စိန်မျက်နှာလည်း ရယ်ကျဲကျဲနဲ့ ကျွန်မမျက်နှာလည်း ပြုံးစိစိ နဲ့။


ဘာပြောပြော ခုတော့ ကိုတင်စိန် ရေခဲတုံးကြီးလည်းအရေပျော်သွားသလို၊ ကျွန်မ အပူသည်ကြီးလည်း အေးချမ်းသွားပါပြီကော…..။


(ညီလေးငယ်)

Wednesday, May 13, 2020

"ကျတ်တွင်း"


❤❤❤❤
  #ဟမ်စိုင်း (ဆေး/မန်း)
❤❤❤❤

မြင်လိုက်ရတဲ့ မြင်ကွင်းက အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျွန်မရဲ့မျက်လုံးကို ပြူးကျယ်သွားစေတယ်။ ဒီလူ့ရဲ့ အပြော တွေအောက်မှာ ခံစားရခက်တဲ့ တစ်ဆို့ဆို့ အလုံးကြီးက ကျွန်မရင်ဝကို တိုးဝင်လာတယ်။ အသက်ရှူတွေ မြန်လာပြီး ကျွန်မ ရဲ့လက်တွေက တဆတ်ဆတ် တုန်လာတယ်။ ကျွန်မ တစ်ခုခုတော့ ပြန်ပြောရလိမ့်မယ်။ စဉ်းစားစမ်း၊ စဉ်းစားစမ်း။ ဒီလူ့ကို ကျွန်မ ဘာပြန်ပြောရပါလိမ့်။
*****************************

“ချစ်... ပိုးတန်းထဲက အိမ်လေး မဆိုးဘူးနော်။ အဲဒီမှာပဲ နေကြစို့လား”

မုန့်ဟင်းခါးသောက်ရင်း ပြောနေတဲ့ မောင့်ရဲ့ အပြောကို ကျွန်မ ခေါင်းမခါမိသလို ခေါင်းလည်း မညိတ်မိသေးဘူး။ ပိတ် ရက်လေးရတုန်း စစ်ကိုင်းမြို့ထဲမှာ အိမ်ငှားဖို့ အိမ်လိုက်ရှာနေရတာ တစ်နေကုန်တော့မယ်။ စိတ်တိုင်းကျတဲ့အိမ် တွေ့တော့ လည်း ခေါ်တဲ့စျေးတစ်လစာက ကျွန်မတစ်လစာ မကဘူး။ စျေးနည်းတဲ့ အိမ်ကျတော့လည်း ရေ၊ မီး၊ အိမ်သာ အဆင်မပြေ တာမို့ ကျွန်မနဲ့မောင်က မကြိုက်ကြပြန်ဘူး။ အိမ်ငှားဖို့ လိုက်ရှာရင်း အမောဆို့၊ ဗိုက်ဆာတာနဲ့ သုဓမ္မာလမ်းက မုန့်ဟင်းခါး ဆိုင်မှာ မုန့်ဟင်းခါးစားရင်း မောင်နဲ့ ကျွန်မ တိုင်ပင်နေကြတာ။

“ကြိုက်တော့ ကြိုက်ပါတယ် မောင်ရယ်။ ဒါပေမဲ့ ဘေးပတ်လည်က အိမ်ငှားတွေနဲ့ အဆင်ပြေပါ့မလား။ နောက် စျေးကလည်း...”

သံပရာရည်ကို မုန့်ဟင်းခါးထဲ ညှစ်ရင်း ကျွန်မရဲ့ ဝန်ထမ်းဘဝကို ခပ်ချဉ်ချဉ်တွေးနေမိတယ်။ ကျွန်မက နယ်ဆေးရုံ ကနေ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးကို သိပ်မကြာခင်ကမှ ပြောင်းခဲ့ရတဲ့ သူနာပြုဆရာမတစ်ယောက်ပါ။ ဆေးရုံမှာ ဝန် ထမ်းအိမ်ရာ သွားလျှောက်တော့ အိမ်ထောင်သည်လိုင်းခန်း အလွတ် မရှိသေးတာမို့ မပေးနိုင်သေးဘူး ပြောတယ်။ အခန်း တစ်ခန်းထဲမှာ အိမ်ထောင်သည် နှစ်စု အတူနေဖို့ ပြောလို့ အခန်းကို သွားကြည့်မိပါတယ်။ အမလေးလေး ဆယ်နှစ်ပေပတ် လည် အခန်းကျဉ်းလေးထဲမှာ အိမ်ထောင်သည် နှစ်စု နေရမယ်ဆိုတာသိတော့ ပထမနေနေတဲ့ အစ်မကိုလည်း အားနာရ၊ သူ့ပစ္စည်းတွေနဲ့ ကလေးနှစ်ယောက်နဲ့တင် အခန်းက ပြည့်ရုံမက လျှံထွက်နေတာ။ ကျွန်မတို့ လင်မယားက ဘယ်လိုလုပ် ဝင်နေလို့ အဆင်ပြေပါ့မလဲ။ ဒါနဲ့ပဲ မရှိမဲ့ ရှိမဲ့ ပိုက်ဆံနဲ့ မြို့ထဲမှာ အိမ်ငှားနေဖို့ စီစဉ်လိုက်ရတာ။

“ပြေမှာပါ ချစ်ရဲ့။ မောင် အလုပ်သွားရတဲ့ ညတွေမှာ ဘေးအိမ်က လူတွေရှိတော့ မောင် နောက်ဆံမတင်းရတော့ဘူးပေါ့ ကွာ”

မောင်က ကားသမားဆိုတော့ အော်ဒါရရင် မကြာခဏ ခရီးထွက်နေရတတ်တယ်။ ဝန်းအကျယ်ကြီးထဲမှာ ဝါးထရံ၊ သွပ်မိုးထားတဲ့ သုံးပင် အငှားအိမ်လေးတွေကို မောင်က သဘောကျနေပုံပဲ။ အိမ်သာ၊ ရေချိုးခန်း သီးသန့်ဆောက်ပေးထား တာမို့ ကျွန်မလည်း သဘောကျပါတယ်။ ဝန်းအကျယ်ကြီးထဲမှာ အိမ်ငှား ငါးအိမ်ကို ဆောက်ထားပြီး အိမ်ရှင်တွေက ဘေး ကပ်လျက်ခြံမှာ သီးသန့်နေကြတာမို့ အိမ်ရှင်နဲ့အတူ တွဲမနေရတာကိုလည်း ကျွန်မ သဘောကျပါတယ်။ သဘောမကျတာ က တစ်လတစ်လ ကျွန်မလစာနီးပါးပေးရမယ့် အိမ်ငှားခကိုပါ။

“စျေးကတော့ မကြည့်တော့နဲ့ ချစ်ရေ။ ဒီတမြို့လုံး ပတ်ရှာပြီးပြီလေ”

“အင်းပါ မောင်ရဲ့။ ဒါပေမဲ့ ဘေးအိမ်က အိမ်ငှားတွေမှာ အမူးသမားပါမှာ ချစ် ကြောက်တယ်။ အမူးသမားဆို ကြည့်လို့ကို မရဘူး”

“ချစ်ကလည်း၊ သူများ မကောင်းလည်း ကိုယ်ကောင်းဖို့ပဲ လိုတာပါ။ အဲဒီမှာပဲ ငှားလိုက်ရအောင်နော်။ ကဲ ပိုက်ဆံ စရံသွား ချေထားရအောင်"

မောင်က ပိုက်ဆံရှင်းဖို့ စားပွဲထိုးကို ခေါ်တယ်။
“အင်းပါ။ ဆေးရုံက လိုင်းခန်းလွတ်ရင် ဆေးရုံကို ပြောင်းရအောင်နော်”

“ကမ္ဘာလဆန်းတစ်ရက်နေ့လား... ဟားဟား”

         ရယ်နေတဲ့ မောင့်ကို မျက်စောင်းထိုးမိတယ်။ လိုင်းခန်း မရနိုင်သေးတာ သိလျက်နဲ့ ဆေးရုံက ပေးမယ့် အဆောင်ကို မျှော်ရင်း တစ်ဆက်တည်းမှာပဲ ဘေးအိမ်က အိမ်ငှားတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းရမယ်လို့ ကျွန်မ တွေးမိတယ်။ မောင်မရှိတဲ့အချိန် အရေးရယ် အကြောင်းရယ်ဆိုရင် ဘေးအိမ်ကလူတွေကိုပဲ အားကိုးရမှာ။
******************************

ကျွန်မတို့ငှားနေတဲ့ ဝန်းထဲမှာ အိမ်ငှား ငါးလုံးရှိပေမဲ့ လက်ရှိနေတာဆိုလို့ ကျွန်မတို့ အိမ်ရယ်၊ ဘေးအိမ်က အိမ်ရယ်မှာသာ လူငှားတွေ တွေ့ရတယ်။ ခြေရင်းအိမ်က အိမ်ငှားတွေက တစ်ခါတလေသာ လာနေတယ်လို့ အိမ်ပိုင်ရှင်က ပြောတယ်။

“သူများ မယားတွေများ ကြင်နာလိုက်တာဗျာ”

ဆေးရုံ ဂျူတီသွားဖို့ အပြေးအလွှားလုပ်နေတဲ့ ကျွန်မအတွက် မောင်က ကော်ဖီဖျော်ပေးရင်း ဘေးအိမ်ကို မျက်စ ပစ်ပြတယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းက တကယ့်ကို ရိုမန်တစ် ဆန်ဆန်ပဲ။ မိန်းမဖြစ်သူက သူ့အမျိုးသားကို ထမင်းခွံကျွေးနေ တာ။ ဆံပင်နီနီနဲ့ ခေတ်ဆန်ဆန် ဝတ်ထားတဲ့ အမျိုးသမီးရဲ့ ပေါင်ပေါ်မှာ အမျိုးသားက ကလေးလေးလို ထိုင်ပြီး ထမင်းစား နေတယ်။

“တော့်ကို အစကတည်းက ပြောပြီးသားနော်။ အနွံတာခံနိုင်မှ လက်ထပ်ပါလို့”

စကားပြောရင်း သနပ်ခါးသွေးကာ သနပ်ခါးလိမ်းရတယ်။ သနပ်ခါးလိမ်းပြီးတာနဲ့ ရင်လျားထားတဲ့ ထဘီကိုချွတ် အဝတ်အစားလဲရတယ်။

“ဟုတ်ပါပြီ မိန်းမရာ။ ချစ်ကြိုက်တဲ့ ကော်ဖီလေး ဖျော်ထားပါတယ်ခင်ဗျ”

မောင်နဲ့ ကျွန်မ တိုင်ပင်မထားပါဘဲ ဘေးအိမ်ကို ကြည့်မိကြပြန်တယ်။ မိန်းမလုပ်သူက သူ့ယောက်ျားရဲ့ နှုတ်ခမ်း ကို တစ်ရှူးစလေးနဲ့ သုတ်ပေးနေတယ်။ ယောက်ျားလုပ်သူက သူ့မိန်းမ လည်ပင်းကို နမ်းလိုက်တယ်။ လက်ကနာရီကို ကြည့်မိတော့ ခုနှစ်နာရီအတိ။

“အမလေး၊ ခုနှစ်နာရီတောင်ထိုးနေပြီ။ နောက်ကျလို့ မာမီသောင်းက ဆူတော့မှာပဲ”

စားပွဲပေါ် မောင်ဖျော်ပြီး ချထားတဲ့ ကော်ဖီကို အနံ့တောင် မခံနိုင်တော့ဘဲ အမြန်မော့ရင်း ပဲကိတ်နှစ်လုံး အမြန် စားရတယ်။ လိုအပ်တဲ့ ပစ္စည်းတွေယူပြီး အိမ်ရှေ့ထွက်လာတဲ့အချိန် မောင်က ဆိုင်ကိုယ်ပေါ်ခွလို့ အသင့်အနေအထားနဲ့ စောင့်နေတယ်။ ဟိုဘက်အိမ်က စုံတွဲလည်း ဆိုင်ကယ်တစ်စီး အတူစီးပြီး ထွက်လာတာကို တွေ့ရတယ်။ မိန်းမဖြစ်သူက သူ့အမျိုးသားရဲ့ ခါးကို လက်တစ်ဖက်က ဖက်ပြီး ကျန်လက်တစ်ဖက်မှာ ခြင်းတောင်းလေးကို ကိုင်ထားတယ်။

“အသစ်ပြောင်းလာတဲ့ အိမ်ငှားတွေလား။ တွေ့ရတာ ဝမ်းသာပါတယ်ရှင့်”

အနားရောက်ရောက်လာချင်း နှုတ်ဆက်လိုက်တဲ့ စကားသံကြောင့် မောင်နဲ့ ကျွန်မ မျက်လုံးအဝိုင်းသား ကြည့်မိ ကြတယ်။ လင်နဲ့မယားလို့ ထင်ထားတဲ့ အတွဲက လင်နဲ့လင် ဖြစ်နေတယ်။ ဆိုင်ကယ်အရှေ့က ကောင်လေးက အသား ဖွေးဖွေး၊ မျက်ခုံး ကောင်းကောင်း၊ နှာတံ ပေါ်ပေါ်နဲ့ တကယ့်ကို သန့်သန့်ပြန့်ပြန့်။ ကျွန်မတို့ကို နှုတ်ဆက်စကားဆိုသူက ဆိုင်ကယ်အနောက်ကနေ လိုက်လာတဲ့လူ။ နှုတ်ခမ်းနီတွေကို ရဲနေအောင် ဆိုးထားပြီး ကြိုးတစ်ချောင်းအင်္ကျီ၊ ဘောင်းဘီဖင် ကျပ် ဝတ်ထားတဲ့လူ။ မျက်နှာက ဝက်ခြံတွေကို မိတ်ကပ်ဖို့ထားပေးမယ့် သူ့ရဲ့ ရုပ်ရည်က ကြည့်ပျော် ရှုပျော်ကို ရှိမနေခဲ့ဘူး။

“ဟုတ်ကဲ့ဗျ။ အိမ်ငှား အသစ်တွေပါ။ တွေ့ရတာ ဝမ်းသာပါတယ်''

မောင်က ဆိုင်ကယ်အရှိန်ကို လျော့ပြီး ရပ်ကာ နှုတ်ဆက်တယ်။ ကျွန်မကလည်း ခေါင်းငြိမ့် ပြုံးပြရင်း အသိအမှတ် ပြုလိုက်တယ်။

“ကျွန်မက ရွှေရွှေပါ။ သူက ကျွန်မ အမျိုးသား ကိုအောင်။ အသစ်ပြောင်းလာတဲ့ သူနာပြုလင်မယား ထင်တယ်”

“ဟုတ်တယ်ဗျ”

သူတို့နှစ်ယောက်စလုံးမှာ နှစ်လိုဖွယ်အပြုံးနဲ့ ဖော်ရွေမှုကို တွေ့ရတယ်။
“အခု အလှူတစ်ခုကို မိတ်ကပ်သွားလိမ်းပေးရမှာမို့ နောက်ကျနေလို့ပါ။ ညနေမှ အေးဆေး လာလည်မယ်နော့”

“ခွင့်ပြုပါဦးဗျ”

“ဟုတ်ကဲ့ဗျ”

“ဟုတ်ကဲ့ရှင့်”

“အဲကွာ။ ငါက တကယ့် မိန်းမနဲ့ယောက်ျား အတွဲထင်နေတာ”

ရွှေရွှေတို့အတွဲ မြင်ကွင်းထဲက ထွက်သွားတော့ မောင်က အံ့သြစွာ ပြောတယ်။ မောင်နဲ့ ကျွန်မ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးမိကြတယ်။
*************************

မနက်အစောကြီး ရှိသေးတယ်။ စစ်ကိုင်းဆေးရုံကြီးရဲ့ ပြင်ပလူနာဌာနမှာ လူနာတွေက စုပြုံနေတယ်။ လက်ထဲက ခြင်းတောင်းကို အခန်းထဲထားပြီး တာဝန်ကျရာ နေရာမှာ ဝင်ထိုင်ပြီး Duty Over ယူရတယ်။

“မောနီးဆရာ”

“မောနီး အစ်မ”

“မောနီး ညီမ”
       ထုံးစံအတိုင်း တာဝန်ကျဆရာနဲ့ ဆရာမကို နှုတ်ဆက်စကားဆိုရတယ်။

“ဘာအိုဗာ ပေးစရာရှိလဲ အစ်မ”

“မနက်ကတည်းက မီးပျက်နေတာ ညီမရေ။ မီးလာချိန် စာအုပ်ထဲ ရေးဦးနော်။ မရေးရင် ဒဏ်ငွေပေးရမယ်။ နောက် Rabies vaccines (ခွေးရူးပြန်ကာကွယ်ဆေး) ပြတ်နေတယ်။ မာမီလာရင် ထုတ်ခိုင်းဦး။ နောက် ထိုးဆေးစာရင်း၊ သောက်ဆေးစာ ရင်း တွေလုပ်ရဦးမယ်”

ကျွန်မတို့ သူနာပြုဆရာမတွေလည်း စာရင်းကိုင် သင်တန်း မတက်ခဲ့ရဘဲ ဆေးစာရင်း၊ မီးစာရင်း၊ ဘာစာရင်း၊ ညာစားရင်းတွေ မှတ်ရလွန်းလို့ စာရင်းကိုင် ကျွမ်းကျင်သူတွေကို ဖြစ်လို့။ ဆေးထိုးပေးရမှာလား စာရင်းပဲ တွက်ပေးရမှာလား တောင် ဝေခွဲရခက်နေပြီ။

“ဆရာ လူနာ ထပ်ခေါ်ပေးရမလား”

ကုတင်ပေါ်က ခေါင်းကွဲလူနာကို ချုပ်ပေးပြီး ဆေးမှတ်တမ်းရေးနေတဲ့ ဆရာ့ကို မေးတော့ ဆရာက ခေါင်းငြိမ့်ပြတယ်။

“ဒေါ်ပုမ”

လူနာစာအုပ်ပုံ တစ်ထပ်ကြီးထဲက အပေါ်ဆုံးစာအုပ်က နာမည်ကို ခေါ်တော့ အသက်သုံးဆယ် အရွယ် အမျိုးသမီး က မျက်ကွင်းတစ်ဖက်ကို အုပ်ပြီး တဟီးဟီးနဲ့ ငိုယိုပြီး ဝင်လာတယ်။ တာဝန်ကျဆရာဝန်က မေးမြန်းတော့ သူ့ရဲ့ ယောက်ျား က မူးပြီး ထိုးတယ်လို့ သိရတယ်။ ရဲစခန်းသွားတိုင်တော့ ဆေးစာယူဖို့ ဆေးရုံကို လွှတ်လိုက်တာလို့ သိရတယ်။ အဲဒီလို မူးရူးပြီး ရမ်းကားတဲ့ အရက်သမားတွေကို ကျွန်မ မုန်းလိုက်တာ၊ သူများသားသမီးကို ယူတုန်းက ယူထားပြီး တိရစ္ဆာန် မသောက်တဲ့ အရည်တွေသောက်ပြီး ရမ်းကားနေကြတာ။

“ဆရာမရေ ရဲစခန်း ဖုန်းဆက်ခေါ်ပေးဦး။ ရဲစခန်းက လွှတ်တယ်ပြောပြီး ရဲလည်း ပါမလာဘူး”

“ဟုတ်ကဲ့ဆရာ”

ငိုနေတဲ့ ဒေါ်ပုမ မျက်ကွင်းတစ်ဖက်က ပန်ဒါဝက်ဝံမျက်လုံးလို ညိုမည်းလို့။ ကျွန်မလည်း ဝမ်းသာအားရနဲ့ ရဲစခန်း ကို ဖုန်းဆက်ပေးလိုက်တယ်။

“ဟယ်လို၊ မြို့မရဲစခန်းကပါလား။ စစ်ကိုင်းဆေးရုံကြီးက ဆက်တာပါ။ PC(မှုခင်း)လူနာ ရောက်နေလို့”

မှုခင်းလူနာတွေလာရင် ရဲစခန်းကို ဖုန်းဆက်ပေးရတယ်။ တာဝန်ကျ ရဲအရာရှိက ဆေးစာစာရွက်ကို တာဝန်ကျ ဆရာဝန်ဆီ လာပေးကာ ဆေးစာရေးခိုင်းရတယ်။ နောက်တော့ တရားရုံးမှာ ဆရာဝန်က ဒဏ်ရာ အတိမ် အနက်၊ သာမန် ဒဏ်ရာ၊ ပြင်းထန်ဒဏ်ရာကို ထွက်ဆိုပေးရတယ်။ ဒီခေတ်ကြီးထဲ ယောက်ျားတွေ နှိပ်စက်သမျှ မိန်းမတွေ ငြိမ်ခံရမယ့် ခေတ် မဟုတ်တော့ဘူးလို့ ကျွန်မတွေးမိတယ်။ တုန့်ပြန်သင့်တာ တုန့်ပြန်မှ အရက်သမားတွေ မှတ်ကြမှာ။ မောင့်ကိုလည်း အရက် မသောက်ဖို့၊ အရက်မပြောနဲ့ ဘီယာနဲ့ဝိုင်တောင် မသောက်ဖို့ ကျွန်မ မှာထားတယ်။ အရက်မသောက်မှ လက်ထပ်မယ်လို့ ပြောပြီး မောင်နဲ့ လက်ထပ်ခဲ့ကြတာ။
**************************

စစ်ကိုင်းကို ရောက်ပြီး တစ်လအကြာမှာ ကျွန်မတို့ စုံတွဲနဲ့ ဘေးအိမ်က ရွှေရွှေတို့ စုံတွဲဟာ တကယ့် ငယ်ပေါင်း ကြီးဖော်တွေလို ဖြစ်သွားကြတယ်။ သူတို့စုံတွဲရဲ့ ဖော်ရွေမှုကြောင့်လည်း ပါတာပေါ့။ အာပူလျှာပူနဲ့ အကြော် သိပ်ကြိုက်တဲ့ ကျွန်မနဲ့ ရွှေရွှေက ညနေခင်း အားလပ်ချိန်တိုင်း စစ်ကိုင်းကမ်းနားလမ်းမှာ လမ်းလျှောက်ရင်း သွားစားကြသလို လက်ဖက် ရည်ကြိုက်ပြီး ဘောလုံးပွဲတွေကို မလွတ်တမ်းကြည့်တဲ့ မောင်နဲ့ ရွှေရွှေရဲ့ အမျိုးသားကလည်း ညီအစ်ကိုလို ဖြစ်နေကြပြီ။
ရွှေရွှေနဲ့ ကျွန်မ ပေါင်းလာတာကြာတော့ ရွှေရွှေက သူ့ယောက်ျားကို အလွန်ချစ်ပြီး သဝန်တိုတာကို သိလာရသလို၊ စရိုက်လည်း ကြမ်းတာ သိခဲ့ရတယ်။ ကျွန်မနဲ့ ရွှေရွှေ ကမ်းနားလမ်းမှာ အာပူလျှာပူသောက်ကြရင်း ရွှေရွှေက ရင်ဖွင့်စကား ဆိုတယ်။

“စနိုက်ကြော်မ အကြောင်းတွေ ပြော မပြောချင်ဘူး အစ်မရေ။ ဟိုဘက် တစ်အိမ်ကြော်က အစစ်မလေ။ ရွှေရွှေ ယောက်ျား ကို နှိုက်မြည်းချင်နေတာ”

“ဟုတ်ရဲ့လား ရွှေရွှေရယ်”

“ဟုတ် ဟုတ် နဲ့တောင် မြည်နေသေး အစ်မရယ်။ နောက်ပြီး ခြေရင်း နှစ်အိမ်ကျော်က ကျူရှင်ဆရာ အပုန်းမကလည်း ရွှေရွှေ့ယောက်ျားကို ကြိတ်ကြံနေတာ”

စကားပြောကြမ်းပေမဲ့ ရွှေရွှေဘဝက သနားစရာကောင်းပါတယ်။ မိန်းမစိတ်ပေါက်နေတာမို့ မိဘတွေက ပစ်ထား ကြတယ်။ အတန်းပညာသိပ်မတတ်ပေမယ့် မိတ်ကပ်လိမ်းတဲ့ အတတ်ပညာနဲ့ သူ့ခြေထောက်ပေါ်ကို သူ ရပ်တည်ခဲ့တယ်။ ဒီကြားထဲ ယောက်ျားယူလိုက်တာမို့ သူ့မိဘတွေက အဆက်အသွယ်လုံးဝ ဖြတ်ထားတာလို့ သိရတယ်။ ရွှေရွှေရဲ့ အမျိုးသား ကတော့ ဘာအလုပ်မှ မလုပ်ဘဲ ရွှေရွှေရဲ့ လုပ်စာကို ထိုင်စားနေတာကို သိရတယ်။

“ဒီလောက် သူ့အပေါ်ကောင်းရက်နဲ့ ရွှေရွှေအပေါ် ဖောက်ပြန်ရင်တော့ သူနဲ့ ရွှေရွှေ အပြတ်ပဲ”

ရွှေရွှေရဲ့ မျက်ဝန်းတွေကို ဖျတ်ခနဲကြည့်မိတော့ ဒေါသအရိပ်အရောင်တွေ သန်းလို့။
***************************

“ရှင် ကျွန်မအနား မကပ်နဲ့။ ဒီအရည်တွေ မသောက်ဘူးလို့ ကတိပေးထားပြီး အီး ဟီး ဟီး"

ဘုန်း… ဘုန်း…
မောင့်ရဲ့ ရင်ဝကို ထုလိုက် ဆွဲကုပ်လိုက် လုပ်ရင်း ကျွန်မ ငိုမိတယ်။ ညနေကတည်းက ဘောလုံးပွဲ သွားကြည့်မယ် ပြောပြီး ရွှေရွှေရဲ့ အမျိုးသားနဲ့ အတူထွက်သွားကြတာ။ မောင်ပြန်လာတော့ ပီကေတွေဝါး၊ သွားတွေ တိုက်နေတာ မသင်ကာ လို့ အနားကပ်မိတော့ ချဉ်စူးစူးအနံ့က နှာခေါင်းထဲ ဝင်လာရော။

“ချစ်ကလည်းကွာ မောင်က ဝိုင်၊ စပိုင်ဝိုင် လေ။ အဲဒါပဲ သောက်ခဲ့တာပါ။ ဟိုကောင် အတင်းတိုက်လို့ပါ။ အရက်တောင် မောင် မသောက်ခဲ့ဘူး”

“သွား လာမဖက်နဲ့။ ဝိုင်လည်း အရက်ပဲ၊ ဘီယာလည်း အရက်ပဲ၊ သူတိုက်တိုင်းသောက်ရအောင် သူ့က မောင့်အဖေမို့လို့ လား”

ဝိုင်နံ့ချဉ်စူးစူးက ကျွန်မကို ပိုဒေါသထွက်စေတယ်။ ဟိုကောင်ကလည်း အခြောက်ထဘီနားခိုစားနေတာ အားမရ ဘဲ မောင့်ကိုလာ ဖျက်ဆီးနေတယ်။

“ချစ်ကလည်းကွာ၊ မနက်ဖြန် မောင်က ခရီးထွက်ရမှာကို။ စိတ်မဆိုးတော့နဲ့ကွာ။ ချစ်မကြိုက်ရင် မောင် နောက် မသောက် တော့ဘူး။ မောင် ကတိပေးတယ်ကွာ။ နော်၊ နော်လို့... ဟော ပြုံးတော့မယ်၊ ပြုံးတော့မယ်”

“ဘာမှ မပြုံးဘူး။ အနား မကပ်နဲ့လို့ ပြောနေတယ်လေ။ နောက်တစ်ခါ သောက်ရင် ဝိုင်သောက်သောက် ဘီယာသောက် သောက် ရှင်နဲ့ ကျွန်မ အပြတ်ပဲ”

“အေးပါ အေးပါ ချစ်ရာ”

မောင့်လက်တွေက ကျွန်မကိုယ်လုံးလေးကို တင်းကျပ်စွာ ဖက်တွယ်ထားတယ်။

“မောင့်ကို မချစ်ဘဲ မနေပါနဲ့နော်”

“သွား လူဆိုးကြီး၊ လာ မဖက်နဲ့လို့ ပြောနေတာကိုး”
**************************

“ငါ နင့် Facebook ကို ကြည့်ပြီးပြီ။ အဲ့ကောင်မနဲ့နင် ပလူးနေကြတာ ရွံ့စရာတောင်ကောင်းတယ်။ ဝေါ့…”

“ငါ မဟုတ်ဘူးလို့ နင့်ကို ဘယ်နှစ်ခါ ပြောရမလဲ”

ဖုန်း… ဒိုင်း…
ရွှေရွှေတို့ အိမ်ဘက်က ဆူသံ၊ ပစ္စည်းရိုက်ခွဲသံတွေကြောင့် ညဂျူတီသွားဖို့ ပြင်နေတဲ့ ကျွန်မ လုပ်လက်စအလုပ် တွေ ရပ်ပြီး နားစွင့်နေမိတယ်။

“နင် ဖြေစမ်းပါ။ ချက်(chat) ထားတဲ့စာတွေ အကုန်ငါသိမ်းထားတယ်။ မယားရှိတာ သိရက်နဲ့ ကြောင်တောင် နှိုက်ချင်တဲ့ ကောင်မတွေ ငါ့ဟာသာ လာနှိုက်ဟေ့”

ရွှေရွှေရဲ့ အသံဟာ တကယ့်ကို ခုနှစ်အိမ်ကြား၊ ရှစ်အိမ်ကြားပါ။

“ကဲ နင်ဖြေလေ။ နင် ယောက်ျားပဲ နင်ဖြေလေ”

“နင်က မိန်းမအစစ် မဟုတ်လို့ဟာ။ ရှင်းပြီလား”

“အောင်မယ်။ ငါ့ထဘီနားခိုစားနေတဲ့ ကောင်ကများ”

ဆဲဆိုတဲ့ အသံတွေက ပိုဆူညံလာတယ်။ သူတို့ဆီ သွားဖျန်ဖြေရမလား ချီတုံချတုံဖြစ်နေတုန်း ရွှေရွှေရဲ့ အော်သံ ကို ကြားလိုက်ရတယ်။

“အား… အမလေး… သေပါပြီတော့”

ရွှေရွှေရဲ့ ငယ်သံပါအောင် အော်သံကြောင့် ကျွန်မ ဘာမှမစဉ်းစားတော့ဘဲ အမြန်သွားရတယ်။ သူတို့အိမ်ထဲ ရောက်သွားတော့ ရွှေရွှေက ခွေခွေလေး လဲနေတယ်။ ရွှေရွှေက ကျွန်မကို မြင်တော့ ငိုပြီး ကျွန်မ ဆီပြေးလာတယ်။ ရွှေရွှေ ရဲ့ နဖူးကနေ သွေးတွေစီးကျနေတာ မြင်မကောင်းဘူး။

“ရွှေရွှေကို ကယ်ပါဦးအစ်မ။ ရွှေရွှေ သူနဲ့ မပေါင်းနိုင်တော့ဘူး။ သူ့ကို ထောင်ချရမှ ရွှေရွှေ ကျေနပ်မယ်”

ရွှေရွှေရဲ့ အမျိုးသားက မျက်ထောင့်နီကြီးနဲ့ ကြည့်တယ်။ အရက်နံ့က ထောင်းခနဲ့ ရတယ်။

“နင်လို အခြောက်မကို ငါကလည်း မပေါင်းနိုင်ဘူး။ ကြိုက်တဲ့ဆီ သွားတိုင်။ ခွီးထဲမှပဲ”

ရွှေရွှေလုပ်စာထိုင်စားနေတဲ့ ကောင်ကများ ရွှေရွှေကို ကြိမ်းမောင်းနေသေးတယ်။

“လာ ရွှေရွှေ”

ကျွန်မရဲ့ ဆိုင်ကယ်ပေါ်မှာ ရွှေရွှေကိုတင်ပြီး စစ်ကိုင်းဆေးရုံ ပြင်ပလူနာဌာနကို မောင်းလာမိတယ်။

“အီးဟီးဟီး  ဒီမသာနဲ့ အပြတ်ပဲ အစ်မ။ ဘေးအိမ်က ကောင်မနဲ့ ခိုးစားနေတာသိလို့ ရွှေရွှေကို ရန်ရှာပြီးရိုက်တာ။ သင်းကို အချုပ်ချရမှ ရွှေရွှေ ကျေနပ်မယ်။ ရွှေရွှေရဲ့ အရေပြားက အနာထက် စိတ်ထဲက ဒဏ်ရာက ပိုဆိုးတယ်အစ်မ”

ဆေးရုံ အရေးပေါ်လူနာဌာနမှာ ရွှေရွှေနဖူးက ဒဏ်ရာကို သုံးချက် ချုပ်လိုက်ရတယ်။ ရဲစခန်းကိုလည်း ကျွန်မကိုယ် တိုင် ဖုန်းဆက်ပြီး ဆေးစာလာပို့ခိုင်းလိုက်တယ်။ ရဲအရာရှိက မနက်ဖြန် မနက်မှာ အမှုလာဖွင့်ဖို့ ပြောတယ်။ မာမမီသောင်း ဆီ ခွင့်ခဏတိုင်ပြီး ရွှေရွှေကို အိမ်ပြန်ပို့ရတယ်။ ကျွန်မရဲ့ အိမ်မှာပဲ ရွှေရွှေကို ထားခဲ့ရမယ်။ သူ့အိမ် ပြန်ပို့ရင် ဟိုကောင်က မူးရူးပြီး နှိပ်စက်နေလ်ိမ့်မယ်။

“ရွှေရွှေ အားနာလိုက်တာ အစ်မရယ်”

ကျွန်မရဲ့ အဝတ်အစား တစ်စုံ ထုတ်ပေးတော့ ရွှေရွှေက မဝံ့မရဲ ယူဝတ်တယ်။ မပေးလို့ မဖြစ်ဘူး။ ရွှေရွှေ ဝတ်ထား တဲ့ အဝတ်အစားတွေက သွေးတွေ ပေပွနေပြီ။

“ရပါတယ် ရွှေရွှေရဲ့။ ဘာမှ အားမနာနဲ့။ အစ်မက မနက်ဖြန် ခုနှစ်နာရီမှ ဂျုတီထွက်ရမှာ။ ထမင်းအိုးထဲ ထမင်းနည်းနည်း ကျန်သေးတယ်။ ရေခဲသေတ္တာထဲ ဟင်းတွေရှိတယ်။ ယူစားနော်”

“အစ်မ မနက် ပြန်လာရင် ရွှေရွှေကို ရဲစခန်း လိုက်ပို့ပေးပါနော်။ သင်းကို ထောင်မကျကျအောင် လုပ်ရမှ ရွှေရွှေ နေသာမယ်”

မနက်ဖြန် မနက်ကျရင် ရွှေရွှေကို ရဲစခန်းလိုက်ပို့ပေးရမယ်။ အရက်သမားကောင် အချုပ်ထဲရောက်မှ နားအေးမယ် လို့ ကျွန်မ တွေးမိတယ်။ တစ်ဆက်တည်း မောင်လို လူလိမ္မာလေးကို ရထားတဲ့ ကျွန်မကိုယ်ကျွန်မ ကံကောင်းလိုက်တာလို့ တွေးမိတယ်။
*****************************

မြင်လိုက်ရတဲ့ မြင်ကွင်းက အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျွန်မရဲ့ မျက်လုံးကို ပြူးကျယ်သွားစေတယ်။ ဒီလူ့ရဲ့ အပြော တွေအောက်မှာ ခံစားရခက်တဲ့ တစ်ဆို့ဆို့ အလုံးကြီးက ကျွန်မရင်ဝကို တိုးဝင်လာတယ်။ အသက်ရှူတွေ မြန်လာပြီး ကျွန်မ လက်တွေက တဆတ်ဆတ် တုန်လာတယ်။ ရွှေရွှေလေ။ ဘောင်းဘီဖင်ကျပ်ဝတ်ပြီး သူ့အမျိုးသားရဲ့ ဆိုင်ကယ်နောက်မှ ခွထိုင်လို့။ လက်တွေက သူ့အမျိုးသားခါးကို ပြုတ်ထွက်မတတ် ဖက်ထားတယ်။ ကျွန်မကို မြင်တော့ သူတို့နှစ်ယောက်စလုံး မခို့တရို့ ပြုံးပြကြတယ်။

“မနေ့ညက ကျွန်တော် မူးပြီး ပြောမှားဆိုမှား ရှိခဲ့ရင် တောင်းပန်ပါတယ်အစ်မ။ သူ့ကို ချော့တဲ့ အနေနဲ့ မေမြို့ပန်းပွဲတော်ကို လိုက်ပို့မလို့”

“အစ်မ၊ သူက တောင်းပန်တာနဲ့ ရွှေရွှေလည်း ကျေနပ်လိုက်တယ်”

နဖူးမှာ ပတ်တီးစီးထားတဲ့ ရွှေရွှေရဲ့ မျက်နှာက မှိုရတဲ့ မျက်နှာ။ မဟုတ်သေးဘူး။ သိန်းတစ်သောင်းထီ ပေါက်တဲ့ မျက်နှာနဲ့။

“မမ မေမြို့က ဘာမှာဦးမလဲဟင်”

‘အစ်မ မနက် ပြန်လာရင် ရွှေရွှေကို ရဲစခန်း လိုက်ပို့ပေးပါနော်။ သင်းကို ထောင်မကျကျအောင် လုပ်ရမှ ရွှေရွှေ နေ သာမယ်’ လို့ နာနာကျည်းကျည်း ပြောခဲ့တဲ့ ဒေါသမျက်ဝန်းတွေနဲ့ ရွှေရွှေက အခုတော့ အချစ်ရည်ရွှန်းလဲ့တဲ့ မျက်လုံးတွေနဲ့။

“မမ မေမြို့က ဘာမှာ ဦးမလဲလို့”

“ဟုတ်ပါတယ် အစ်မရဲ့ အားနာမနေပါနဲ့။ မှာသာမှာ”

ကျွန်မ တစ်ခုခုတော့ ပြန်ပြောရလိမ့်မယ်။ စဉ်းစားစမ်း၊ စဉ်းစားစမ်း။ ကျွန်မ ဘာပြန်ပြောရပါလိမ့်။ သူတို့ကို ဒေါသ တကြီး ရန်တွေ့လိုက်ရ ကောင်းမလားလို့ ဝေခွဲမရခင် ကျွန်မရဲ့ ပါးစပ်က စကားတွေထွက်ကျလာတယ်။

“ဝိုင်တစ်ပုလင်း၊ မောင့်အတွက် မေမြို့ဝိုင်တစ်ပုလင်းလောက် ဝယ်ခဲ့ပေးပါ”
******************************

                   
ဇန်နဝါရီလ၊၂၀၁၉
ရွှေအမြုတေမဂ္ဂဇင်း