Wednesday, May 13, 2020

"ကျတ်တွင်း"


❤❤❤❤
  #ဟမ်စိုင်း (ဆေး/မန်း)
❤❤❤❤

မြင်လိုက်ရတဲ့ မြင်ကွင်းက အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျွန်မရဲ့မျက်လုံးကို ပြူးကျယ်သွားစေတယ်။ ဒီလူ့ရဲ့ အပြော တွေအောက်မှာ ခံစားရခက်တဲ့ တစ်ဆို့ဆို့ အလုံးကြီးက ကျွန်မရင်ဝကို တိုးဝင်လာတယ်။ အသက်ရှူတွေ မြန်လာပြီး ကျွန်မ ရဲ့လက်တွေက တဆတ်ဆတ် တုန်လာတယ်။ ကျွန်မ တစ်ခုခုတော့ ပြန်ပြောရလိမ့်မယ်။ စဉ်းစားစမ်း၊ စဉ်းစားစမ်း။ ဒီလူ့ကို ကျွန်မ ဘာပြန်ပြောရပါလိမ့်။
*****************************

“ချစ်... ပိုးတန်းထဲက အိမ်လေး မဆိုးဘူးနော်။ အဲဒီမှာပဲ နေကြစို့လား”

မုန့်ဟင်းခါးသောက်ရင်း ပြောနေတဲ့ မောင့်ရဲ့ အပြောကို ကျွန်မ ခေါင်းမခါမိသလို ခေါင်းလည်း မညိတ်မိသေးဘူး။ ပိတ် ရက်လေးရတုန်း စစ်ကိုင်းမြို့ထဲမှာ အိမ်ငှားဖို့ အိမ်လိုက်ရှာနေရတာ တစ်နေကုန်တော့မယ်။ စိတ်တိုင်းကျတဲ့အိမ် တွေ့တော့ လည်း ခေါ်တဲ့စျေးတစ်လစာက ကျွန်မတစ်လစာ မကဘူး။ စျေးနည်းတဲ့ အိမ်ကျတော့လည်း ရေ၊ မီး၊ အိမ်သာ အဆင်မပြေ တာမို့ ကျွန်မနဲ့မောင်က မကြိုက်ကြပြန်ဘူး။ အိမ်ငှားဖို့ လိုက်ရှာရင်း အမောဆို့၊ ဗိုက်ဆာတာနဲ့ သုဓမ္မာလမ်းက မုန့်ဟင်းခါး ဆိုင်မှာ မုန့်ဟင်းခါးစားရင်း မောင်နဲ့ ကျွန်မ တိုင်ပင်နေကြတာ။

“ကြိုက်တော့ ကြိုက်ပါတယ် မောင်ရယ်။ ဒါပေမဲ့ ဘေးပတ်လည်က အိမ်ငှားတွေနဲ့ အဆင်ပြေပါ့မလား။ နောက် စျေးကလည်း...”

သံပရာရည်ကို မုန့်ဟင်းခါးထဲ ညှစ်ရင်း ကျွန်မရဲ့ ဝန်ထမ်းဘဝကို ခပ်ချဉ်ချဉ်တွေးနေမိတယ်။ ကျွန်မက နယ်ဆေးရုံ ကနေ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးကို သိပ်မကြာခင်ကမှ ပြောင်းခဲ့ရတဲ့ သူနာပြုဆရာမတစ်ယောက်ပါ။ ဆေးရုံမှာ ဝန် ထမ်းအိမ်ရာ သွားလျှောက်တော့ အိမ်ထောင်သည်လိုင်းခန်း အလွတ် မရှိသေးတာမို့ မပေးနိုင်သေးဘူး ပြောတယ်။ အခန်း တစ်ခန်းထဲမှာ အိမ်ထောင်သည် နှစ်စု အတူနေဖို့ ပြောလို့ အခန်းကို သွားကြည့်မိပါတယ်။ အမလေးလေး ဆယ်နှစ်ပေပတ် လည် အခန်းကျဉ်းလေးထဲမှာ အိမ်ထောင်သည် နှစ်စု နေရမယ်ဆိုတာသိတော့ ပထမနေနေတဲ့ အစ်မကိုလည်း အားနာရ၊ သူ့ပစ္စည်းတွေနဲ့ ကလေးနှစ်ယောက်နဲ့တင် အခန်းက ပြည့်ရုံမက လျှံထွက်နေတာ။ ကျွန်မတို့ လင်မယားက ဘယ်လိုလုပ် ဝင်နေလို့ အဆင်ပြေပါ့မလဲ။ ဒါနဲ့ပဲ မရှိမဲ့ ရှိမဲ့ ပိုက်ဆံနဲ့ မြို့ထဲမှာ အိမ်ငှားနေဖို့ စီစဉ်လိုက်ရတာ။

“ပြေမှာပါ ချစ်ရဲ့။ မောင် အလုပ်သွားရတဲ့ ညတွေမှာ ဘေးအိမ်က လူတွေရှိတော့ မောင် နောက်ဆံမတင်းရတော့ဘူးပေါ့ ကွာ”

မောင်က ကားသမားဆိုတော့ အော်ဒါရရင် မကြာခဏ ခရီးထွက်နေရတတ်တယ်။ ဝန်းအကျယ်ကြီးထဲမှာ ဝါးထရံ၊ သွပ်မိုးထားတဲ့ သုံးပင် အငှားအိမ်လေးတွေကို မောင်က သဘောကျနေပုံပဲ။ အိမ်သာ၊ ရေချိုးခန်း သီးသန့်ဆောက်ပေးထား တာမို့ ကျွန်မလည်း သဘောကျပါတယ်။ ဝန်းအကျယ်ကြီးထဲမှာ အိမ်ငှား ငါးအိမ်ကို ဆောက်ထားပြီး အိမ်ရှင်တွေက ဘေး ကပ်လျက်ခြံမှာ သီးသန့်နေကြတာမို့ အိမ်ရှင်နဲ့အတူ တွဲမနေရတာကိုလည်း ကျွန်မ သဘောကျပါတယ်။ သဘောမကျတာ က တစ်လတစ်လ ကျွန်မလစာနီးပါးပေးရမယ့် အိမ်ငှားခကိုပါ။

“စျေးကတော့ မကြည့်တော့နဲ့ ချစ်ရေ။ ဒီတမြို့လုံး ပတ်ရှာပြီးပြီလေ”

“အင်းပါ မောင်ရဲ့။ ဒါပေမဲ့ ဘေးအိမ်က အိမ်ငှားတွေမှာ အမူးသမားပါမှာ ချစ် ကြောက်တယ်။ အမူးသမားဆို ကြည့်လို့ကို မရဘူး”

“ချစ်ကလည်း၊ သူများ မကောင်းလည်း ကိုယ်ကောင်းဖို့ပဲ လိုတာပါ။ အဲဒီမှာပဲ ငှားလိုက်ရအောင်နော်။ ကဲ ပိုက်ဆံ စရံသွား ချေထားရအောင်"

မောင်က ပိုက်ဆံရှင်းဖို့ စားပွဲထိုးကို ခေါ်တယ်။
“အင်းပါ။ ဆေးရုံက လိုင်းခန်းလွတ်ရင် ဆေးရုံကို ပြောင်းရအောင်နော်”

“ကမ္ဘာလဆန်းတစ်ရက်နေ့လား... ဟားဟား”

         ရယ်နေတဲ့ မောင့်ကို မျက်စောင်းထိုးမိတယ်။ လိုင်းခန်း မရနိုင်သေးတာ သိလျက်နဲ့ ဆေးရုံက ပေးမယ့် အဆောင်ကို မျှော်ရင်း တစ်ဆက်တည်းမှာပဲ ဘေးအိမ်က အိမ်ငှားတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းရမယ်လို့ ကျွန်မ တွေးမိတယ်။ မောင်မရှိတဲ့အချိန် အရေးရယ် အကြောင်းရယ်ဆိုရင် ဘေးအိမ်ကလူတွေကိုပဲ အားကိုးရမှာ။
******************************

ကျွန်မတို့ငှားနေတဲ့ ဝန်းထဲမှာ အိမ်ငှား ငါးလုံးရှိပေမဲ့ လက်ရှိနေတာဆိုလို့ ကျွန်မတို့ အိမ်ရယ်၊ ဘေးအိမ်က အိမ်ရယ်မှာသာ လူငှားတွေ တွေ့ရတယ်။ ခြေရင်းအိမ်က အိမ်ငှားတွေက တစ်ခါတလေသာ လာနေတယ်လို့ အိမ်ပိုင်ရှင်က ပြောတယ်။

“သူများ မယားတွေများ ကြင်နာလိုက်တာဗျာ”

ဆေးရုံ ဂျူတီသွားဖို့ အပြေးအလွှားလုပ်နေတဲ့ ကျွန်မအတွက် မောင်က ကော်ဖီဖျော်ပေးရင်း ဘေးအိမ်ကို မျက်စ ပစ်ပြတယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းက တကယ့်ကို ရိုမန်တစ် ဆန်ဆန်ပဲ။ မိန်းမဖြစ်သူက သူ့အမျိုးသားကို ထမင်းခွံကျွေးနေ တာ။ ဆံပင်နီနီနဲ့ ခေတ်ဆန်ဆန် ဝတ်ထားတဲ့ အမျိုးသမီးရဲ့ ပေါင်ပေါ်မှာ အမျိုးသားက ကလေးလေးလို ထိုင်ပြီး ထမင်းစား နေတယ်။

“တော့်ကို အစကတည်းက ပြောပြီးသားနော်။ အနွံတာခံနိုင်မှ လက်ထပ်ပါလို့”

စကားပြောရင်း သနပ်ခါးသွေးကာ သနပ်ခါးလိမ်းရတယ်။ သနပ်ခါးလိမ်းပြီးတာနဲ့ ရင်လျားထားတဲ့ ထဘီကိုချွတ် အဝတ်အစားလဲရတယ်။

“ဟုတ်ပါပြီ မိန်းမရာ။ ချစ်ကြိုက်တဲ့ ကော်ဖီလေး ဖျော်ထားပါတယ်ခင်ဗျ”

မောင်နဲ့ ကျွန်မ တိုင်ပင်မထားပါဘဲ ဘေးအိမ်ကို ကြည့်မိကြပြန်တယ်။ မိန်းမလုပ်သူက သူ့ယောက်ျားရဲ့ နှုတ်ခမ်း ကို တစ်ရှူးစလေးနဲ့ သုတ်ပေးနေတယ်။ ယောက်ျားလုပ်သူက သူ့မိန်းမ လည်ပင်းကို နမ်းလိုက်တယ်။ လက်ကနာရီကို ကြည့်မိတော့ ခုနှစ်နာရီအတိ။

“အမလေး၊ ခုနှစ်နာရီတောင်ထိုးနေပြီ။ နောက်ကျလို့ မာမီသောင်းက ဆူတော့မှာပဲ”

စားပွဲပေါ် မောင်ဖျော်ပြီး ချထားတဲ့ ကော်ဖီကို အနံ့တောင် မခံနိုင်တော့ဘဲ အမြန်မော့ရင်း ပဲကိတ်နှစ်လုံး အမြန် စားရတယ်။ လိုအပ်တဲ့ ပစ္စည်းတွေယူပြီး အိမ်ရှေ့ထွက်လာတဲ့အချိန် မောင်က ဆိုင်ကိုယ်ပေါ်ခွလို့ အသင့်အနေအထားနဲ့ စောင့်နေတယ်။ ဟိုဘက်အိမ်က စုံတွဲလည်း ဆိုင်ကယ်တစ်စီး အတူစီးပြီး ထွက်လာတာကို တွေ့ရတယ်။ မိန်းမဖြစ်သူက သူ့အမျိုးသားရဲ့ ခါးကို လက်တစ်ဖက်က ဖက်ပြီး ကျန်လက်တစ်ဖက်မှာ ခြင်းတောင်းလေးကို ကိုင်ထားတယ်။

“အသစ်ပြောင်းလာတဲ့ အိမ်ငှားတွေလား။ တွေ့ရတာ ဝမ်းသာပါတယ်ရှင့်”

အနားရောက်ရောက်လာချင်း နှုတ်ဆက်လိုက်တဲ့ စကားသံကြောင့် မောင်နဲ့ ကျွန်မ မျက်လုံးအဝိုင်းသား ကြည့်မိ ကြတယ်။ လင်နဲ့မယားလို့ ထင်ထားတဲ့ အတွဲက လင်နဲ့လင် ဖြစ်နေတယ်။ ဆိုင်ကယ်အရှေ့က ကောင်လေးက အသား ဖွေးဖွေး၊ မျက်ခုံး ကောင်းကောင်း၊ နှာတံ ပေါ်ပေါ်နဲ့ တကယ့်ကို သန့်သန့်ပြန့်ပြန့်။ ကျွန်မတို့ကို နှုတ်ဆက်စကားဆိုသူက ဆိုင်ကယ်အနောက်ကနေ လိုက်လာတဲ့လူ။ နှုတ်ခမ်းနီတွေကို ရဲနေအောင် ဆိုးထားပြီး ကြိုးတစ်ချောင်းအင်္ကျီ၊ ဘောင်းဘီဖင် ကျပ် ဝတ်ထားတဲ့လူ။ မျက်နှာက ဝက်ခြံတွေကို မိတ်ကပ်ဖို့ထားပေးမယ့် သူ့ရဲ့ ရုပ်ရည်က ကြည့်ပျော် ရှုပျော်ကို ရှိမနေခဲ့ဘူး။

“ဟုတ်ကဲ့ဗျ။ အိမ်ငှား အသစ်တွေပါ။ တွေ့ရတာ ဝမ်းသာပါတယ်''

မောင်က ဆိုင်ကယ်အရှိန်ကို လျော့ပြီး ရပ်ကာ နှုတ်ဆက်တယ်။ ကျွန်မကလည်း ခေါင်းငြိမ့် ပြုံးပြရင်း အသိအမှတ် ပြုလိုက်တယ်။

“ကျွန်မက ရွှေရွှေပါ။ သူက ကျွန်မ အမျိုးသား ကိုအောင်။ အသစ်ပြောင်းလာတဲ့ သူနာပြုလင်မယား ထင်တယ်”

“ဟုတ်တယ်ဗျ”

သူတို့နှစ်ယောက်စလုံးမှာ နှစ်လိုဖွယ်အပြုံးနဲ့ ဖော်ရွေမှုကို တွေ့ရတယ်။
“အခု အလှူတစ်ခုကို မိတ်ကပ်သွားလိမ်းပေးရမှာမို့ နောက်ကျနေလို့ပါ။ ညနေမှ အေးဆေး လာလည်မယ်နော့”

“ခွင့်ပြုပါဦးဗျ”

“ဟုတ်ကဲ့ဗျ”

“ဟုတ်ကဲ့ရှင့်”

“အဲကွာ။ ငါက တကယ့် မိန်းမနဲ့ယောက်ျား အတွဲထင်နေတာ”

ရွှေရွှေတို့အတွဲ မြင်ကွင်းထဲက ထွက်သွားတော့ မောင်က အံ့သြစွာ ပြောတယ်။ မောင်နဲ့ ကျွန်မ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးမိကြတယ်။
*************************

မနက်အစောကြီး ရှိသေးတယ်။ စစ်ကိုင်းဆေးရုံကြီးရဲ့ ပြင်ပလူနာဌာနမှာ လူနာတွေက စုပြုံနေတယ်။ လက်ထဲက ခြင်းတောင်းကို အခန်းထဲထားပြီး တာဝန်ကျရာ နေရာမှာ ဝင်ထိုင်ပြီး Duty Over ယူရတယ်။

“မောနီးဆရာ”

“မောနီး အစ်မ”

“မောနီး ညီမ”
       ထုံးစံအတိုင်း တာဝန်ကျဆရာနဲ့ ဆရာမကို နှုတ်ဆက်စကားဆိုရတယ်။

“ဘာအိုဗာ ပေးစရာရှိလဲ အစ်မ”

“မနက်ကတည်းက မီးပျက်နေတာ ညီမရေ။ မီးလာချိန် စာအုပ်ထဲ ရေးဦးနော်။ မရေးရင် ဒဏ်ငွေပေးရမယ်။ နောက် Rabies vaccines (ခွေးရူးပြန်ကာကွယ်ဆေး) ပြတ်နေတယ်။ မာမီလာရင် ထုတ်ခိုင်းဦး။ နောက် ထိုးဆေးစာရင်း၊ သောက်ဆေးစာ ရင်း တွေလုပ်ရဦးမယ်”

ကျွန်မတို့ သူနာပြုဆရာမတွေလည်း စာရင်းကိုင် သင်တန်း မတက်ခဲ့ရဘဲ ဆေးစာရင်း၊ မီးစာရင်း၊ ဘာစာရင်း၊ ညာစားရင်းတွေ မှတ်ရလွန်းလို့ စာရင်းကိုင် ကျွမ်းကျင်သူတွေကို ဖြစ်လို့။ ဆေးထိုးပေးရမှာလား စာရင်းပဲ တွက်ပေးရမှာလား တောင် ဝေခွဲရခက်နေပြီ။

“ဆရာ လူနာ ထပ်ခေါ်ပေးရမလား”

ကုတင်ပေါ်က ခေါင်းကွဲလူနာကို ချုပ်ပေးပြီး ဆေးမှတ်တမ်းရေးနေတဲ့ ဆရာ့ကို မေးတော့ ဆရာက ခေါင်းငြိမ့်ပြတယ်။

“ဒေါ်ပုမ”

လူနာစာအုပ်ပုံ တစ်ထပ်ကြီးထဲက အပေါ်ဆုံးစာအုပ်က နာမည်ကို ခေါ်တော့ အသက်သုံးဆယ် အရွယ် အမျိုးသမီး က မျက်ကွင်းတစ်ဖက်ကို အုပ်ပြီး တဟီးဟီးနဲ့ ငိုယိုပြီး ဝင်လာတယ်။ တာဝန်ကျဆရာဝန်က မေးမြန်းတော့ သူ့ရဲ့ ယောက်ျား က မူးပြီး ထိုးတယ်လို့ သိရတယ်။ ရဲစခန်းသွားတိုင်တော့ ဆေးစာယူဖို့ ဆေးရုံကို လွှတ်လိုက်တာလို့ သိရတယ်။ အဲဒီလို မူးရူးပြီး ရမ်းကားတဲ့ အရက်သမားတွေကို ကျွန်မ မုန်းလိုက်တာ၊ သူများသားသမီးကို ယူတုန်းက ယူထားပြီး တိရစ္ဆာန် မသောက်တဲ့ အရည်တွေသောက်ပြီး ရမ်းကားနေကြတာ။

“ဆရာမရေ ရဲစခန်း ဖုန်းဆက်ခေါ်ပေးဦး။ ရဲစခန်းက လွှတ်တယ်ပြောပြီး ရဲလည်း ပါမလာဘူး”

“ဟုတ်ကဲ့ဆရာ”

ငိုနေတဲ့ ဒေါ်ပုမ မျက်ကွင်းတစ်ဖက်က ပန်ဒါဝက်ဝံမျက်လုံးလို ညိုမည်းလို့။ ကျွန်မလည်း ဝမ်းသာအားရနဲ့ ရဲစခန်း ကို ဖုန်းဆက်ပေးလိုက်တယ်။

“ဟယ်လို၊ မြို့မရဲစခန်းကပါလား။ စစ်ကိုင်းဆေးရုံကြီးက ဆက်တာပါ။ PC(မှုခင်း)လူနာ ရောက်နေလို့”

မှုခင်းလူနာတွေလာရင် ရဲစခန်းကို ဖုန်းဆက်ပေးရတယ်။ တာဝန်ကျ ရဲအရာရှိက ဆေးစာစာရွက်ကို တာဝန်ကျ ဆရာဝန်ဆီ လာပေးကာ ဆေးစာရေးခိုင်းရတယ်။ နောက်တော့ တရားရုံးမှာ ဆရာဝန်က ဒဏ်ရာ အတိမ် အနက်၊ သာမန် ဒဏ်ရာ၊ ပြင်းထန်ဒဏ်ရာကို ထွက်ဆိုပေးရတယ်။ ဒီခေတ်ကြီးထဲ ယောက်ျားတွေ နှိပ်စက်သမျှ မိန်းမတွေ ငြိမ်ခံရမယ့် ခေတ် မဟုတ်တော့ဘူးလို့ ကျွန်မတွေးမိတယ်။ တုန့်ပြန်သင့်တာ တုန့်ပြန်မှ အရက်သမားတွေ မှတ်ကြမှာ။ မောင့်ကိုလည်း အရက် မသောက်ဖို့၊ အရက်မပြောနဲ့ ဘီယာနဲ့ဝိုင်တောင် မသောက်ဖို့ ကျွန်မ မှာထားတယ်။ အရက်မသောက်မှ လက်ထပ်မယ်လို့ ပြောပြီး မောင်နဲ့ လက်ထပ်ခဲ့ကြတာ။
**************************

စစ်ကိုင်းကို ရောက်ပြီး တစ်လအကြာမှာ ကျွန်မတို့ စုံတွဲနဲ့ ဘေးအိမ်က ရွှေရွှေတို့ စုံတွဲဟာ တကယ့် ငယ်ပေါင်း ကြီးဖော်တွေလို ဖြစ်သွားကြတယ်။ သူတို့စုံတွဲရဲ့ ဖော်ရွေမှုကြောင့်လည်း ပါတာပေါ့။ အာပူလျှာပူနဲ့ အကြော် သိပ်ကြိုက်တဲ့ ကျွန်မနဲ့ ရွှေရွှေက ညနေခင်း အားလပ်ချိန်တိုင်း စစ်ကိုင်းကမ်းနားလမ်းမှာ လမ်းလျှောက်ရင်း သွားစားကြသလို လက်ဖက် ရည်ကြိုက်ပြီး ဘောလုံးပွဲတွေကို မလွတ်တမ်းကြည့်တဲ့ မောင်နဲ့ ရွှေရွှေရဲ့ အမျိုးသားကလည်း ညီအစ်ကိုလို ဖြစ်နေကြပြီ။
ရွှေရွှေနဲ့ ကျွန်မ ပေါင်းလာတာကြာတော့ ရွှေရွှေက သူ့ယောက်ျားကို အလွန်ချစ်ပြီး သဝန်တိုတာကို သိလာရသလို၊ စရိုက်လည်း ကြမ်းတာ သိခဲ့ရတယ်။ ကျွန်မနဲ့ ရွှေရွှေ ကမ်းနားလမ်းမှာ အာပူလျှာပူသောက်ကြရင်း ရွှေရွှေက ရင်ဖွင့်စကား ဆိုတယ်။

“စနိုက်ကြော်မ အကြောင်းတွေ ပြော မပြောချင်ဘူး အစ်မရေ။ ဟိုဘက် တစ်အိမ်ကြော်က အစစ်မလေ။ ရွှေရွှေ ယောက်ျား ကို နှိုက်မြည်းချင်နေတာ”

“ဟုတ်ရဲ့လား ရွှေရွှေရယ်”

“ဟုတ် ဟုတ် နဲ့တောင် မြည်နေသေး အစ်မရယ်။ နောက်ပြီး ခြေရင်း နှစ်အိမ်ကျော်က ကျူရှင်ဆရာ အပုန်းမကလည်း ရွှေရွှေ့ယောက်ျားကို ကြိတ်ကြံနေတာ”

စကားပြောကြမ်းပေမဲ့ ရွှေရွှေဘဝက သနားစရာကောင်းပါတယ်။ မိန်းမစိတ်ပေါက်နေတာမို့ မိဘတွေက ပစ်ထား ကြတယ်။ အတန်းပညာသိပ်မတတ်ပေမယ့် မိတ်ကပ်လိမ်းတဲ့ အတတ်ပညာနဲ့ သူ့ခြေထောက်ပေါ်ကို သူ ရပ်တည်ခဲ့တယ်။ ဒီကြားထဲ ယောက်ျားယူလိုက်တာမို့ သူ့မိဘတွေက အဆက်အသွယ်လုံးဝ ဖြတ်ထားတာလို့ သိရတယ်။ ရွှေရွှေရဲ့ အမျိုးသား ကတော့ ဘာအလုပ်မှ မလုပ်ဘဲ ရွှေရွှေရဲ့ လုပ်စာကို ထိုင်စားနေတာကို သိရတယ်။

“ဒီလောက် သူ့အပေါ်ကောင်းရက်နဲ့ ရွှေရွှေအပေါ် ဖောက်ပြန်ရင်တော့ သူနဲ့ ရွှေရွှေ အပြတ်ပဲ”

ရွှေရွှေရဲ့ မျက်ဝန်းတွေကို ဖျတ်ခနဲကြည့်မိတော့ ဒေါသအရိပ်အရောင်တွေ သန်းလို့။
***************************

“ရှင် ကျွန်မအနား မကပ်နဲ့။ ဒီအရည်တွေ မသောက်ဘူးလို့ ကတိပေးထားပြီး အီး ဟီး ဟီး"

ဘုန်း… ဘုန်း…
မောင့်ရဲ့ ရင်ဝကို ထုလိုက် ဆွဲကုပ်လိုက် လုပ်ရင်း ကျွန်မ ငိုမိတယ်။ ညနေကတည်းက ဘောလုံးပွဲ သွားကြည့်မယ် ပြောပြီး ရွှေရွှေရဲ့ အမျိုးသားနဲ့ အတူထွက်သွားကြတာ။ မောင်ပြန်လာတော့ ပီကေတွေဝါး၊ သွားတွေ တိုက်နေတာ မသင်ကာ လို့ အနားကပ်မိတော့ ချဉ်စူးစူးအနံ့က နှာခေါင်းထဲ ဝင်လာရော။

“ချစ်ကလည်းကွာ မောင်က ဝိုင်၊ စပိုင်ဝိုင် လေ။ အဲဒါပဲ သောက်ခဲ့တာပါ။ ဟိုကောင် အတင်းတိုက်လို့ပါ။ အရက်တောင် မောင် မသောက်ခဲ့ဘူး”

“သွား လာမဖက်နဲ့။ ဝိုင်လည်း အရက်ပဲ၊ ဘီယာလည်း အရက်ပဲ၊ သူတိုက်တိုင်းသောက်ရအောင် သူ့က မောင့်အဖေမို့လို့ လား”

ဝိုင်နံ့ချဉ်စူးစူးက ကျွန်မကို ပိုဒေါသထွက်စေတယ်။ ဟိုကောင်ကလည်း အခြောက်ထဘီနားခိုစားနေတာ အားမရ ဘဲ မောင့်ကိုလာ ဖျက်ဆီးနေတယ်။

“ချစ်ကလည်းကွာ၊ မနက်ဖြန် မောင်က ခရီးထွက်ရမှာကို။ စိတ်မဆိုးတော့နဲ့ကွာ။ ချစ်မကြိုက်ရင် မောင် နောက် မသောက် တော့ဘူး။ မောင် ကတိပေးတယ်ကွာ။ နော်၊ နော်လို့... ဟော ပြုံးတော့မယ်၊ ပြုံးတော့မယ်”

“ဘာမှ မပြုံးဘူး။ အနား မကပ်နဲ့လို့ ပြောနေတယ်လေ။ နောက်တစ်ခါ သောက်ရင် ဝိုင်သောက်သောက် ဘီယာသောက် သောက် ရှင်နဲ့ ကျွန်မ အပြတ်ပဲ”

“အေးပါ အေးပါ ချစ်ရာ”

မောင့်လက်တွေက ကျွန်မကိုယ်လုံးလေးကို တင်းကျပ်စွာ ဖက်တွယ်ထားတယ်။

“မောင့်ကို မချစ်ဘဲ မနေပါနဲ့နော်”

“သွား လူဆိုးကြီး၊ လာ မဖက်နဲ့လို့ ပြောနေတာကိုး”
**************************

“ငါ နင့် Facebook ကို ကြည့်ပြီးပြီ။ အဲ့ကောင်မနဲ့နင် ပလူးနေကြတာ ရွံ့စရာတောင်ကောင်းတယ်။ ဝေါ့…”

“ငါ မဟုတ်ဘူးလို့ နင့်ကို ဘယ်နှစ်ခါ ပြောရမလဲ”

ဖုန်း… ဒိုင်း…
ရွှေရွှေတို့ အိမ်ဘက်က ဆူသံ၊ ပစ္စည်းရိုက်ခွဲသံတွေကြောင့် ညဂျူတီသွားဖို့ ပြင်နေတဲ့ ကျွန်မ လုပ်လက်စအလုပ် တွေ ရပ်ပြီး နားစွင့်နေမိတယ်။

“နင် ဖြေစမ်းပါ။ ချက်(chat) ထားတဲ့စာတွေ အကုန်ငါသိမ်းထားတယ်။ မယားရှိတာ သိရက်နဲ့ ကြောင်တောင် နှိုက်ချင်တဲ့ ကောင်မတွေ ငါ့ဟာသာ လာနှိုက်ဟေ့”

ရွှေရွှေရဲ့ အသံဟာ တကယ့်ကို ခုနှစ်အိမ်ကြား၊ ရှစ်အိမ်ကြားပါ။

“ကဲ နင်ဖြေလေ။ နင် ယောက်ျားပဲ နင်ဖြေလေ”

“နင်က မိန်းမအစစ် မဟုတ်လို့ဟာ။ ရှင်းပြီလား”

“အောင်မယ်။ ငါ့ထဘီနားခိုစားနေတဲ့ ကောင်ကများ”

ဆဲဆိုတဲ့ အသံတွေက ပိုဆူညံလာတယ်။ သူတို့ဆီ သွားဖျန်ဖြေရမလား ချီတုံချတုံဖြစ်နေတုန်း ရွှေရွှေရဲ့ အော်သံ ကို ကြားလိုက်ရတယ်။

“အား… အမလေး… သေပါပြီတော့”

ရွှေရွှေရဲ့ ငယ်သံပါအောင် အော်သံကြောင့် ကျွန်မ ဘာမှမစဉ်းစားတော့ဘဲ အမြန်သွားရတယ်။ သူတို့အိမ်ထဲ ရောက်သွားတော့ ရွှေရွှေက ခွေခွေလေး လဲနေတယ်။ ရွှေရွှေက ကျွန်မကို မြင်တော့ ငိုပြီး ကျွန်မ ဆီပြေးလာတယ်။ ရွှေရွှေ ရဲ့ နဖူးကနေ သွေးတွေစီးကျနေတာ မြင်မကောင်းဘူး။

“ရွှေရွှေကို ကယ်ပါဦးအစ်မ။ ရွှေရွှေ သူနဲ့ မပေါင်းနိုင်တော့ဘူး။ သူ့ကို ထောင်ချရမှ ရွှေရွှေ ကျေနပ်မယ်”

ရွှေရွှေရဲ့ အမျိုးသားက မျက်ထောင့်နီကြီးနဲ့ ကြည့်တယ်။ အရက်နံ့က ထောင်းခနဲ့ ရတယ်။

“နင်လို အခြောက်မကို ငါကလည်း မပေါင်းနိုင်ဘူး။ ကြိုက်တဲ့ဆီ သွားတိုင်။ ခွီးထဲမှပဲ”

ရွှေရွှေလုပ်စာထိုင်စားနေတဲ့ ကောင်ကများ ရွှေရွှေကို ကြိမ်းမောင်းနေသေးတယ်။

“လာ ရွှေရွှေ”

ကျွန်မရဲ့ ဆိုင်ကယ်ပေါ်မှာ ရွှေရွှေကိုတင်ပြီး စစ်ကိုင်းဆေးရုံ ပြင်ပလူနာဌာနကို မောင်းလာမိတယ်။

“အီးဟီးဟီး  ဒီမသာနဲ့ အပြတ်ပဲ အစ်မ။ ဘေးအိမ်က ကောင်မနဲ့ ခိုးစားနေတာသိလို့ ရွှေရွှေကို ရန်ရှာပြီးရိုက်တာ။ သင်းကို အချုပ်ချရမှ ရွှေရွှေ ကျေနပ်မယ်။ ရွှေရွှေရဲ့ အရေပြားက အနာထက် စိတ်ထဲက ဒဏ်ရာက ပိုဆိုးတယ်အစ်မ”

ဆေးရုံ အရေးပေါ်လူနာဌာနမှာ ရွှေရွှေနဖူးက ဒဏ်ရာကို သုံးချက် ချုပ်လိုက်ရတယ်။ ရဲစခန်းကိုလည်း ကျွန်မကိုယ် တိုင် ဖုန်းဆက်ပြီး ဆေးစာလာပို့ခိုင်းလိုက်တယ်။ ရဲအရာရှိက မနက်ဖြန် မနက်မှာ အမှုလာဖွင့်ဖို့ ပြောတယ်။ မာမမီသောင်း ဆီ ခွင့်ခဏတိုင်ပြီး ရွှေရွှေကို အိမ်ပြန်ပို့ရတယ်။ ကျွန်မရဲ့ အိမ်မှာပဲ ရွှေရွှေကို ထားခဲ့ရမယ်။ သူ့အိမ် ပြန်ပို့ရင် ဟိုကောင်က မူးရူးပြီး နှိပ်စက်နေလ်ိမ့်မယ်။

“ရွှေရွှေ အားနာလိုက်တာ အစ်မရယ်”

ကျွန်မရဲ့ အဝတ်အစား တစ်စုံ ထုတ်ပေးတော့ ရွှေရွှေက မဝံ့မရဲ ယူဝတ်တယ်။ မပေးလို့ မဖြစ်ဘူး။ ရွှေရွှေ ဝတ်ထား တဲ့ အဝတ်အစားတွေက သွေးတွေ ပေပွနေပြီ။

“ရပါတယ် ရွှေရွှေရဲ့။ ဘာမှ အားမနာနဲ့။ အစ်မက မနက်ဖြန် ခုနှစ်နာရီမှ ဂျုတီထွက်ရမှာ။ ထမင်းအိုးထဲ ထမင်းနည်းနည်း ကျန်သေးတယ်။ ရေခဲသေတ္တာထဲ ဟင်းတွေရှိတယ်။ ယူစားနော်”

“အစ်မ မနက် ပြန်လာရင် ရွှေရွှေကို ရဲစခန်း လိုက်ပို့ပေးပါနော်။ သင်းကို ထောင်မကျကျအောင် လုပ်ရမှ ရွှေရွှေ နေသာမယ်”

မနက်ဖြန် မနက်ကျရင် ရွှေရွှေကို ရဲစခန်းလိုက်ပို့ပေးရမယ်။ အရက်သမားကောင် အချုပ်ထဲရောက်မှ နားအေးမယ် လို့ ကျွန်မ တွေးမိတယ်။ တစ်ဆက်တည်း မောင်လို လူလိမ္မာလေးကို ရထားတဲ့ ကျွန်မကိုယ်ကျွန်မ ကံကောင်းလိုက်တာလို့ တွေးမိတယ်။
*****************************

မြင်လိုက်ရတဲ့ မြင်ကွင်းက အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျွန်မရဲ့ မျက်လုံးကို ပြူးကျယ်သွားစေတယ်။ ဒီလူ့ရဲ့ အပြော တွေအောက်မှာ ခံစားရခက်တဲ့ တစ်ဆို့ဆို့ အလုံးကြီးက ကျွန်မရင်ဝကို တိုးဝင်လာတယ်။ အသက်ရှူတွေ မြန်လာပြီး ကျွန်မ လက်တွေက တဆတ်ဆတ် တုန်လာတယ်။ ရွှေရွှေလေ။ ဘောင်းဘီဖင်ကျပ်ဝတ်ပြီး သူ့အမျိုးသားရဲ့ ဆိုင်ကယ်နောက်မှ ခွထိုင်လို့။ လက်တွေက သူ့အမျိုးသားခါးကို ပြုတ်ထွက်မတတ် ဖက်ထားတယ်။ ကျွန်မကို မြင်တော့ သူတို့နှစ်ယောက်စလုံး မခို့တရို့ ပြုံးပြကြတယ်။

“မနေ့ညက ကျွန်တော် မူးပြီး ပြောမှားဆိုမှား ရှိခဲ့ရင် တောင်းပန်ပါတယ်အစ်မ။ သူ့ကို ချော့တဲ့ အနေနဲ့ မေမြို့ပန်းပွဲတော်ကို လိုက်ပို့မလို့”

“အစ်မ၊ သူက တောင်းပန်တာနဲ့ ရွှေရွှေလည်း ကျေနပ်လိုက်တယ်”

နဖူးမှာ ပတ်တီးစီးထားတဲ့ ရွှေရွှေရဲ့ မျက်နှာက မှိုရတဲ့ မျက်နှာ။ မဟုတ်သေးဘူး။ သိန်းတစ်သောင်းထီ ပေါက်တဲ့ မျက်နှာနဲ့။

“မမ မေမြို့က ဘာမှာဦးမလဲဟင်”

‘အစ်မ မနက် ပြန်လာရင် ရွှေရွှေကို ရဲစခန်း လိုက်ပို့ပေးပါနော်။ သင်းကို ထောင်မကျကျအောင် လုပ်ရမှ ရွှေရွှေ နေ သာမယ်’ လို့ နာနာကျည်းကျည်း ပြောခဲ့တဲ့ ဒေါသမျက်ဝန်းတွေနဲ့ ရွှေရွှေက အခုတော့ အချစ်ရည်ရွှန်းလဲ့တဲ့ မျက်လုံးတွေနဲ့။

“မမ မေမြို့က ဘာမှာ ဦးမလဲလို့”

“ဟုတ်ပါတယ် အစ်မရဲ့ အားနာမနေပါနဲ့။ မှာသာမှာ”

ကျွန်မ တစ်ခုခုတော့ ပြန်ပြောရလိမ့်မယ်။ စဉ်းစားစမ်း၊ စဉ်းစားစမ်း။ ကျွန်မ ဘာပြန်ပြောရပါလိမ့်။ သူတို့ကို ဒေါသ တကြီး ရန်တွေ့လိုက်ရ ကောင်းမလားလို့ ဝေခွဲမရခင် ကျွန်မရဲ့ ပါးစပ်က စကားတွေထွက်ကျလာတယ်။

“ဝိုင်တစ်ပုလင်း၊ မောင့်အတွက် မေမြို့ဝိုင်တစ်ပုလင်းလောက် ဝယ်ခဲ့ပေးပါ”
******************************

                   
ဇန်နဝါရီလ၊၂၀၁၉
ရွှေအမြုတေမဂ္ဂဇင်း

No comments: