Thursday, May 14, 2020

ပဋိစ္စသမုပ္ပါဒ်၏ အဓိပ္ပါယ် ရှင်းလင်းချက်

ပဋိစ္စသမုပ္ပါဒ် ရှင်းလင်းချက်များအား
ပ၊ ဒု၊ တ၊ နိဂုံး တစ်စုတစ်စည်းတည်း ဖော်ပြခြင်း
➖➖➖➖➖➖➖➖➖➖➖➖➖


ပဋိစ္စသမုပ္ပါဒ်၏
အဓိပ္ပါယ် ရှင်းလင်းချက်
❆★ ★ ★ ★★ ★ ★ ★❆

အကြောင်းကိုစွဲ၍ အကျိုးဖြစ်ခြင်းကို ပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ပါသည်။ ဦးစွာပထမ သိထားရမည်မှာ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းအတွင်းမှ အင်္ဂါ(၁၂)ပါး စကားလုံးများ၏ အနက်အဓိပ္ပါယ်ကို နားလည်သဘောပေါက်ထားရပါမည်။

၁။ အဝိဇ္ဇာ..... = သစ္စာလေးပါးကို မသိခြင်းဖြစ်သည်။

၂။ သင်္ခါရ...... = ပြုပြင်စေ့ဆော်ခြင်း ဖြစ်သည်။ သင်္ခါရ ၃-မျိုးရှိသည်။ ၄င်းတို့မှာ-

(၁) ပုညာဘိ သင်္ခါရ၊ (၂) အပုညာဘိ သင်္ခါရ၊ (၃) အာနဥ္ဇာဘိ သင်္ခါရတို့ ဖြစ်သည်။

(၁) ပုညာဘိ သင်္ခါရ ..... = ပုည(ကုသိုလ်)၊ အဘိ(လွန်ကဲစွာ)၊ သင်္ခါရ(ပြုလုပ်ခြင်း)၊
(ကုသိုလ်ကောင်းမှုကို လွန်ကဲစွာ ပြုလုပ်ခြင်း)

(၂) အပုညာဘိ သင်္ခါရ.. = အပုည(အကုသိုလ်)၊ အဘိ(လွန်ကဲစွာ)၊ သင်္ခါရ(ပြုလုပ်ခြင်း)၊
(အကုသိုလ်ကို လွန်ကဲစွာ ပြုလုပ်ခြင်း)

(၃) အာနဥ္ဇာဘိ သင်္ခါရ.. = အာနဥ္ဇ(ဈာန်သမာဓိအလုပ်)၊ အဘိ(လွန်ကဲစွာ)၊ သင်္ခါရ(ပြုလုပ်ခြင်း)၊
(သမထဘဝနာ ပွားများခြင်း)

၃။ ဝိဉာဏ်...... = ပဋိသန္ဓေစိတ်။(ပဋိ- တစ်ဖန်၊ သန္ဓိ- စပ်၍ဖြစ်ခြင်း) ပဋိသန္ဓေ- တစ်ဖန်စပ်၍ ဖြစ်ခြင်း။

၄။ နာမ်ရုပ်..... = နာမ်ဟူသည် အာရုံကို ကိုင်းညွတ်ခြင်း။ ရုပ်ဟူသည် ပြောင်းလဲဖောက်ပြန်ခြင်း။

၅။ သဠာယတန = မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်။

၆။ ဖဿ........... = တွေ့ထိခြင်း။

၇။ ဝေဒနာ........ = ကောင်း/မကောင်း ခံစားခြင်း။

၈။ တဏှာ........ = လိုချင်တပ်မက်ခြင်း။

၉။ ဥပါဒါန်........ = စွဲလန်းငြိတွယ်ခြင်း။

၁၀။ ကမ္မဘဝ... = ကိုယ်ဖြင့်ပြုလုပ်ခြင်း ကာယကံ၊ နှုတ်ဖြင့်ပြောဆိုခြင်း ဝစီကံ၊ စိတ်ဖြင့်ကြံစည်ခြင်း မနောကံ။ ကာယ, ဝစီ, စိတ္တ = သင်္ခါရ ။

၁၁။ ဇာတိ......... = ပဋိသန္ဓေ နေခြင်း။

၁၂။ ဇရာ၊ မရဏ = အိုခြင်း၊ သေခြင်း။
******************************************
"မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ် လင်္ကာ"

မူလနှစ်ဖြာ ..................... (၂)
သစ္စာနှစ်ခု ...................... (၂)
လေးခုအလွှာ ................. (၄)
အင်္ဂါတစ်ဆယ့်နှစ်ပါး တရားကိုယ်များနှင့် (၁၂)
သုံးပါးအစပ် နှစ်ရပ်မူလ... (၃)
ဝဋ်သုံးဝနှင့် .................... (၃)
ကာလသုံးဖြာ ................ (၃)
ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွတ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း (၂၀)။

ရှင်းလင်းချက်။.......။
••••••••••••••••••••\•\
ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကို ကြည့်ပါမိတ်ဆွေ။
၁။ မူလနှစ်ဖြာ ဆိုသည်မှာ = အဝိဇ္ဇာနှင့် တဏှာ။

၂။ သစ္စာနှစ်ခု ဆိုသည်မှာ = သမုဒယသစ္စာနှင့် ဒုက္ခသစ္စာ။

၃။ လေးခုအလွှာ ဆိုသည်မှာ = (၁) အကွက် - အတိတ်အကြောင်းတစ်လွှာ
(၂) အကွက် - ပစ္စုန်ပ္ပန်အကျိုးတစ်လွှာ
(၃) အကွက် - ပစ္စုန်ပ္ပန်အကြောင်းတစ်လွှာ
(၄) အကွက် - အနာဂတ်အကျိုးတစ်လွှာ

၄။ အင်္ဂါတစ်ဆယ့်နှစ်ပါး ဆိုသည်မှာ = အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာ၊ မရဏတို့ဖြစ်သည်။

တရားကိုယ်များနှင့် ဆိုသည်မှာ = အထက်ပါ တရားများဖြစ်သော အဝိဇ္ဇာ အစ၊ ဇရာ,မရဏ အဆုံးဖြစ်ပါသည်။

၅။ သုံးပါးအစပ် ဆိုသည်မှာ
 (၁)အကွက်နှင့် (၂)အကွက်ကြား သင်္ခါရနှင့် ဝိဉာဏ်အစပ်၊
 (၂)အကွက်နှင့် (၃)အကွက်ကြား ဝေဒနာနှင့် တဏှာအစပ်၊
 (၃)အကွက်နှင့် (၄)အကွက်ကြား ကမ္မဘဝနှင့် ဇာတိအစပ်တို့ ဖြစ်ပါသည်။
နှစ်ရပ်မူလ ဆိုသည်မှာ = အဝိဇ္ဇာနှင့် တဏှာ။

၆။ ဝဋ်သုံးဝနှင့် ဆိုသည်မှာ
 ကိလေသဝဋ် (၃)ပါး၊ ကမ္မဝဋ် (၂)ပါး၊
 ဝိပါကဝဋ် (၈)ပါး။

(၁) ကိလေသဝဋ်သုံးပါး ဆိုသည်မှာ =
 အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်။
(၂) ကမ္မဝဋ်နှစ်ပါး ဆိုသည်မှာ = သင်္ခါရနှင့် ကမ္မဘဝ။
(၃) ဝိပါကဝဋ်ရှစ်ပါး ဆိုသည်မှာ = ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ     ၊ ဝေဒနာ၊ ဇာတိ၊ ဇရာ၊ မရဏ၊ ဥပပတ္တိဘဝတို့ ဖြစ်ပါသည်။

၇။ ကာလသုံးဖြာ ဆိုသည်မှာ =
လွန်လေပြီးသော အတိတ်ကာလ။
ယခုဖြစ်ဆဲ ပစ္စုန်ပ္ပန်ကာလ။
 နောင်ဖြစ်လတ္တံ့သော အနာဂတ်ကာလ။

၈။ ခြင်းရာနှစ်ဆယ် ဆိုသည်မှာ =
 နံပါတ်(၁)အကွက် .. အတိတ်အကြောင်း အခြင်းအရာ(၅)ပါးသည် အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝတို့ ဖြစ်သည်။
နံပါတ်(၂)အကွက် .. ပစ္စုန်ပ္ပန် အကျိုးအခြင်းအရာ(၅)ပါးသည် ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊     ဝေဒနာ။
နံပါတ်(၃)အကွက် .. ပစ္စုန်ပ္ပန် အကြောင်းအခြင်းအရာ(၅)ပါးသည် တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ။
နံပါတ်(၄)အကွက် .. အနာဂတ် အကျိုးအခြင်းအရာ(၅)ပါးသည် ဝိဉာဏ်၊ နာမ်ရုပ်၊
သဠာယတန၊ ဖဿ၊     ဝေဒနာတို့ဖြစ်၍ တစ်ကွက်လျှင် ငါးပါး၊ (၄)ကွက်ဆိုတော့ ၅ × ၄ = ၂၀ ဖြစ်ပါသည်။

.➳  ဤရှစ်သွယ်ကို အလွတ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်မြောက်တည်း။

ဒီလောက်ဆိုရင် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းရဲ့ အခြေခံသဘောတရားတွေကို နားလည်သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ဒုတိယပိုင်းမှာ ဒီထက်ရှင်းအောင် ထပ်မံရေးပေးပါ့မယ်။
..............................

ပဋိစ္စသမုပ္ပါဒ်ကို ဒုတိယအကြိမ် ထပ်ရှင်းခြင်း
❆  ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ❆
တို့တတွေဟာ ကိုယ့်အကြောင်းကို ကိုယ်မသိခဲ့ကြလို့ ပေါ့ပေါ့နေ ပေါ့ပေါ့စားခဲ့ကြတဲ့ အချိန်တွေကိုလည်း နှမြောရကောင်းမှန်း မသိခဲ့ကြဘူး။
 ကြောက်ရကောင်းမှန်းလည်း မသိခဲ့ကြပါဘူး။

 ဟော..... အခုဆိုရင် ပဋိစ္စသမုပ္ပါဒ်ခန္ဓာရကြောင်းတရားကို သိခွင့်ရလိုက်ပါပြီ။ ဒုတိယပိုင်းကို ဆက်ပြီးလေ့လာကြည့်ရအောင်။

ပဋိစ္စသမုပ္ပါဒ်ကို လေ့လာနေခြင်းဟာ မိမိအကြောင်းကို လေ့လာနေခြင်းပဲဆိုတာ သဘောပေါက်ရပါမယ်။
 ပဋိစ္စသမုပ္ပါဒ်မှာ (၄)ကွက်ရှိပါတယ်။
 လေးကွက်ထဲက ပထမအကွက်ဖြစ်တဲ့ အတိတ်အကွက်ကိုကြည့်လိုက်ပါ။
စာမှာတော့ အဝိဇ္ဇာနှင့် သင်္ခါရရယ်လို့ စာလုံးနှစ်လုံးတွေ့ရမှာဖြစ်တယ်။
 ဒီစာလုံးနှစ်လုံးကို ခန္ဓာနှင့့်ဆက်စပ်ပြီး နားလည်လို့ရတာက အရင်ဘဝတုန်းက တို့တတွေဟာ မသိခြင်းဆိုတဲ့အဝိဇ္ဇာ လွှမ်းမိုးမှုကိုခံလိုက်ရတဲ့အတွက် သင်္ခါရဆိုတဲ့ ထင်ရာမြင်ရာတွေကို လုပ်ခဲ့ကြတယ်။

 ဒီလိုလုပ်ခဲ့မိလို့ပဲ အခုလက်ရှိခန္ဓာကို ရရှိလာကြတယ်။ အခုလက်ရှိခန္ဓာက ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ပစ္စုန်ပ္ပန်အကျိုး(၅)ပါးကို ရလာခြင်းပဲဖြစ်တယ်။ ဒီတရား(၅)ပါးဟာ အတိတ်က အဝိဇ္ဇာ၊ သင်္ခါရကြောင့်ပဲဆိုတာ သိရမယ်။

အတိတ်က မသိခြင်းအဝိဇ္ဇာနှင့် သင်္ခါရဆိုတာ ဒီဘဝအထိ လိုက်ပါလာတာတော့ မဟုတ်ပါဘူး။
ဒါပေမယ့် သူတို့အကြောင်းခံပြီး ဒီဘဝဖြစ်လာကြတယ်ဆိုတာ ထင်ရှားပါတယ်။
 ဖြစ်လာတာက ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး၊ အပျို၊ လူပျိုဆိုတာမျိုးတွေ မဟုတ်ပါဘူး။
ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ   ၊ ဝေဒနာဆိုတာမျိုးတွေ ဖြစ်လာကြခြင်းသာ ဖြစ်ပါတယ်။

 ဓမ္မဖြစ်စဉ်တန်းကြီး ဖြစ်လာတယ်ဆိုရင် ပိုပြီးရှင်းပါတယ်။ ဒီလိုသိလိုက်ရင် အရှိဘဝနှင့် အခုဘဝဆိုတာ ငါတွေ၊ သူတစ်ပါးတွေမဟုတ်ဘဲ ဓမ္မသဘောဆောင်လို့ ဓမ္မသဘော ဖြစ်ပေါ်လာကြတယ်ဆိုတာ သံသယဝင်စရာမလိုဘဲ ဝိစိကိစ္ဆာ ကင်းစင်သွားနိုင်ပါတယ်။

ဆက်ပြီး ဓမ္မဆိုတဲ့သဘောကို ကြည့်လိုက်ပါဦး။ ဝိဉာဏ်ဆိုတဲ့ ဓမ္မဟာလည်း ဖြစ်ပြီးပျက်၊ နာမ်ရုပ်ဆိုတဲ့ ဓမ္မဟာလည်း ဖြစ်ပြီးပျက်၊ သဠာယတနဆိုတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတာတို့ဟာလည်း ဖြစ်ပြီးပျက်ပဲ။
 ဒီဖြစ်ပျက်နေကြတဲ့ ဓမ္မအစုဟာ ဒုက္ခသစ္စာသက်သက်ပဲ။ ဒုက္ခသစ္စာကို ဒုက္ခရယ်လို့ သိလိုက်တယ်ဆိုရင် ဒီဓမ္မဖြစ်စဉ်ဟာ ဒီနေရာမှာပဲ ရပ်စဲသွားပါတယ်။
ဒုက္ခသစ္စာကို ဒုက္ခသစ္စာပဲလို့ မသိလိုက်ရင်တော့

 တတိယအကွက်မှာရှိတဲ့ တဏှာ၊ ဥပါဒါန်၊ ကံဆိုတာ ဖြစ်လာနိုင်ပါတယ်။ ဖြစ်လာပြီဆိုရင်တော့ သားရဲ့အပေါ်မှာနှစ်သက်၊ သမီးရဲ့အပေါ်မှာနှစ်သက်၊ လင်ရဲ့အပေါ်မှာနှစ်သက်၊ မယားရဲ့အပေါ်မှာခင်တွယ်၊ ဥစ္စာပစ္စည်းရဲ့အပေါ်မှာ တပ်မက်ဆိုတဲ့ ဓမ္မသဘောတွေ ဖြစ်လာပါတော့တယ်။

ဒီလိုဖြစ်လာရင် စွဲလန်းခြင်းဆိုတဲ့ ဥပါဒါန်ဟာ ဖြစ်လာပါတယ်။ဒီခင်တွယ်စွဲလန်းခြင်း ဥပါဒါန်ဆိုတာ ဖြစ်လာလေတော့ ကံကနေ ငါ့သားစားဖို့ ငါ့သမီးစားဖို့ ငါ့လင်စားဖို့ ငါးမယားစားဖို့ စီးပွားရှာဖို့ဆိုတာတွေ ဖြစ်လာတယ်။ ဒါဟာ ကံပြုတာပဲ။

ဟုတ်မဟုတ်သိရအောင် နေ့စဉ်ဘဝကို ကြည့်လိုက်ပါ။ ဒီလိုလုပ်နေကြတဲ့အရာအားလုံးဟာ တဏှာ၊ ဥပါဒါန်၊ ကံတွေများအောင် လုပ်နေခြင်းပဲဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။ ဒီလိုလုပ်တာတွေ ဘယ်အထိအောင် လုပ်ကြမလဲဆိုရင် သေတဲ့အထိ ဒီလိုလုပ်သွားကြတာပဲ။
ဟုတ်မဟုတ်သိရအောင် သေသွားသူတွေကို အကဲဖြတ်ကြည့်ပါ။

 ဒီကံတွေလုပ်ရင်း သေခဲ့ကြတော့ နောက်ဘဝမှာလည်း ဇာတိ၊ ဇရာ၊ မရဏ၊ ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုပြီး ဒီဘက်ဘဝလို အကုန်ပြန်ရတာပဲ။ ရတော့ဘာဖြစ်သလဲဆိုရင် ဝိပါကဝဋ်(၈)ပါး အကုန်ဖြစ်ပါတယ်။ ဝိပါကဝဋ်(၈)ပါးဆိုတာ ပထမပိုင်းမှာပြောခဲ့ပြီးတဲ့ ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဇရာ၊ မရဏ၊ ဥပပတ္တိ ဒီ(၈)ပါးပါပဲ။ ဥပပတ္တိဆိုတာ ဇာတိပါပဲ။ ဒီသဘောဟာ မနေနိုင်လို့ လုပ်ခဲ့သမျှအကြောင်းရဲ့ ဒုက္ခပဲ ဖြစ်ရပါတယ်။
ပစ္စုန်ပ္ပန်အကြောင်းကြောင့် အနာဂတ်ဆိုတဲ့အကျိုး  ဖြစ်လာရပါတယ်။
.............................

တတိယအကြိမ် ပဋိစ္စသမုပ္ပါဒ်ရှင်းတမ်း
❆ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ❆
ပဋိစ္စသမုပ္ပါဒ်မှ နားမလည်ရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တမြင်ဖို့ဝေးစွ အတ္တဒိဋ္ဌိခေါ်တဲ့ သက္ကာယဒိဋ္ဌိ ဘယ်တော့မှ မပြုတ်ဘူးမှတ်ပါ။ ပြုတ်မယ်ထင်တယ်လို့ သံသယမရှိနဲ့.. ဖြုတ်လို့ကို မရတာ။
ဒီဒိဋ္ဌိကြီး ကပ်နေလျက်နဲ့ အားထုတ်နေရင် ကုသိုလ်တော့ရမယ်၊ နိဗ္ဗာန်တော့ မရနိုင်ဘူးဆိုတာ
တထစ်ချဆုံးဖြတ်ချက်ချပါ။

ခန္ဓာဖြစ်စဉ်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ရှင်းရှင်းလင်းလင်း နားလည်ထားမှ အနိစ္စ၊ ဒုက္ခ၊ အနတ္တရယ်လို့ လုပ်ပါ။
ဒါမှ မြန်မြန်ခရီးရောက်မယ်။
ဒီလိုမှ နားလည်ထားခြင်းမရှိဘဲ ရမ်းကျင့်၊ မှန်းကျင့်၊
 အကန်းကျင့် ကျင့်နေလို့ကတော့ "ပိုးသာကုန် မောင်ပုံ စောင်းမတတ်"ဆိုသလို အားထုတ်ပေမယ့် ထိထိမိမိ ပညာသိနှင့် မသိနိုင်ပါဘူး။
ဒီအခါမှာ ကိုယ်လိုချင်တာက နိဗ္ဗာန်၊ ရလာတာက ကုသိုလ်ဆိုတော့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို မရောက်နိုင်ပါဘူး။

ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကိုကြည့်ပါ ဓမ္မမိတ်ဆွေ။
စာလုံးအကြီးနဲ့ရေးထားတဲ့ အဝိဇ္ဇာဆိုတာ တွေ့ရမယ်။ အဝိဇ္ဇာဆိုတာ သတ္တဝါတွေရဲ့ ဖြစ်ကြောင်းအစပဲ။

သတ္တဝါဘယ်ကစသလဲမေးရင် အဝိဇ္ဇာဆိုတဲ့ သစ္စာလေးပါးကို မသိခြင်းကစတယ်လို့ ရဲရဲသာဖြေလိုက်။
 သစ္စာလေးပါးကိုမသိလေတော့ လှူဒါန်းပေးကမ်းပြီး ကောင်းမှုပြုပေမယ့် လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာတွေကို ဆုတောင်းကြတော့ ဒီချမ်းသာအားလုံးဟာ ပဋိစ္စသမုပ္ပါဒ်နဲ့ကြည့်လိုက်တဲ့အခါ ဒုက္ခသစ္စာပဲ ဖြစ်ပါတယ်။
 အဝိဇ္ဇာပစ္စယာ သင်္ခါရာဆိုတော့ သင်္ခါရဆိုတာ ကုသိုလ်၊ အကုသိုလ်တွေပဲ။ ဒီကုသိုလ်၊ အကုသိုလ်မှန်သမျှဟာ သမုဒယသစ္စာတွေပဲ။ ဒီသမုဒယလုပ်နေရင် ဒုက္ခသစ္စာပဲ အမှန်ရမယ်မှတ်ပါ။

ဟိုးအတိတ်က အဝိဇ္ဇာသင်္ခါရကြောင့် အခုဘဝ ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ပစ္စုန်ပ္ပန်ဒုက္ခသစ္စာကို ရလာတာပဲ။ ဒီအင်္ဂါငါးပါးဟာ ခန္ဓာငါးပါးပဲ။ ခန္ဓာငါးပါးစလုံး ဒုက္ခသစ္စာချည်းပဲမှတ်ပါ။

 လိုချင်တာက နိဗ္ဗာန်၊ လုပ်နေတာက သမုဒယ၊ ရလာတာက ဒုက္ခ။
 လိုချင်တာက ချမ်းသာ၊ ရလာတာက ဆင်းရဲ၊
 ဒီပုတ်ထဲက ဒီပဲဘဝနဲ့ပဲ အဆုံးသတ်လိုက် အစပြုလိုက်နဲ့ သံသရာရဟတ် တဖန်လည်ကြရဦးမယ်။
 အဲ့ဒါ သစ္စာမသိခြင်းပဲ။

ချမ်းသာ ရနေသလား၊ ဆင်းရဲ ရနေသလား ဟုတ်,မဟုတ် သိချင်ရင် ခန္ဓာကို စစ်ကြည့်လိုက်ပါ။
ထိုင်ကြည့်လိုက်ပါ။ ထိုင်ကြည့်လိုက်ရင် ခန္ဓာက
 ညောင်းလာမယ်။ ကိုက်ခဲလာမယ်။ အောင့်လာမယ်။ ပူလာမယ်။ ယားလာမယ်။ တောင့်တင်းလာမယ်။
ဒီသဘောအားလုံးဟာ ဘာများချမ်းသာသလဲ၊
ဆင်းရဲသက်သက်ပဲဆိုတာ စိစစ်ကြည့်လိုက်ရင် ထင်ရှားသိသာနိုင်ပါတယ်။

ဒီဒုက္ခကို ငါတပ်လိုက်တော့ ပိုးဆိုးသွားရော... ငါ့ခြေထောက်နာတယ်၊ ငါ့ခါးနာတယ်၊ ငါ့ရင်ပူတယ်၊ ငါ့ကျောအောင့်တယ်ဆိုတဲ့ ငါတစ်လုံးဝင်ရှုပ်လိုက်တော့ ငါနောက်ကနေ ဒေါမနဿဝင်လိုက်တော့ ပိုပြီး ရှုပ်ထွေးသွားတော့တယ်။

ဒီနေရာမှာ ဘယ်အနားက နာနာ၊ အောင့်အောင့်၊ ကိုက်ကိုက် ငါမဟုတ်ဘူးလို့သာ သိနေလိုက်ပါ။ ဓမ္မသဘာဝအတိုင်း ရိုးရိုးလေးဖြစ်တဲ့ အရှိသဘောကို ဉာဏ်အသိနှင့် ကြည့်နေနိုင်မယ်ဆိုရင် ခန္ဓာရဲ့ ဒုက္ခသစ္စာကို ရှင်းရှင်းလင်းလင်း သိမြင်လာနိုင်ပါတယ်။

 ခန္ဓာရဲ့သဘောသဘာဝဟာ ဖြစ်နေပျက်နေပါလားလို့ အမှန်အတိုင်း သိမြင်လာပါလိမ့်မယ်။ ဒီသဘောမှာလည်း ကြောင်းကျိုးမကင်းဘဲ ဖြစ်နေတာတွေ့ရမယ်။ အကြောင်းဖြစ်တဲ့ သင်္ခါရတရားတို့က ဖြစ်ပျက်နေကြလို့ အကျိုးဖြစ်တဲ့ ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့ဟာလည်း ဖြစ်ပျက်နေကြတယ်လို့ သိလာရင် အနတ္တဉာဏ်အမြင် ဖြစ်လာနိုင်ပါတယ်။

 ဒီလိုအနတ္တဉာဏ်အမြင်ဖြစ်လာရင် အကြောင်းအနတ္တမို့ အကျိုးလည်း အနတ္တဖြစ်တယ်။ မရချင်၊ မလိုချင်တဲ့ဒုက္ခကြီးကို ရနေတယ်ဆိုတာဟာလည်း အနတ္တဖြစ်ပါတယ်။ ဒီလိုသာ ရှင်းရှင်းလင်းလင်း တစ်ချက်မြင်သွားတာနဲ့ မမြဲခြင်းတရားတွေကို သိပ်ပြီး မတုန်မလှုပ်တော့သလို ထိတ်ထိတ်ပျာပျာလည်း မဖြစ်တော့ပါဘူး။

 ကြောင်းကျိုးဖြစ်စဉ်ကို နားလည်လိုက်ရင် အရာရာဟာ ဓမ္မသဘာဝအတိုင်းပါပဲ။
.................................

နောက်ဆုံးအကြိမ် ရှင်းတမ်း
❆ ★ ★ ★ ★ ★ ★ ★ ❆
ကြောင်းကျိုးနှင့်ပတ်သက်လို့ အဝိဇ္ဇာမှ မချုပ်သေးရင် သင်္ခါရသဘောဟာ ဖြစ်နေမှာပဲ။ သင်္ခါရကြောင့် ဝိဉာဏ်ဆိုတာ မဖြစ်ဘဲကိုမနေပါဘူး။ ဖြစ်ကိုဖြစ်ပါတယ်။
 ဒီလိုသိရမယ်။ ဒီလိုသိလိုက်ရင် ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်။ ဥစ္ဆေဒဒိဋ္ဌိဆိုတာ မဖြစ်တော့ဘူးလို့ စွဲယူထားတဲ့ ဒိဋ္ဌိကိုး။

သင်္ခါရကြောင့် ဝိဉာဏ်ဖြစ်တယ်။ ဒါပေမယ့် ဝိဉာဏ်ဖြစ်လာတဲ့အခါမှာ သင်္ခါရမဖြစ်တော့ဘူး။
သင်္ခါရဟာ ဝိဉာဏ်အတွက် အထောက်အပံ့ပေးပြီးတော့ ပျက်သွားပါပြီ။
 အခုဖြစ်နေတာ ဝိဉာဏ်ပဲ၊ သင်္ခါရပညတ် မဟုတ်တော့ဘူး။ ဒီလိုအကြောင်းကြောင့် ဒီလိုအကျိုးတွေဖြစ်နေတယ်လို့ ဉာဏ်ထဲမှာရှင်းအောင် သိလိုက်ပြီဆိုတာနဲ့ သဿတဒိဋ္ဌိလည်းစင်တယ်၊
ဥစ္ဆေဒဒိဋ္ဌိလည်း စင်သွားပါတယ်။

ဒီဒိဋ္ဌိနှစ်ပါးစင်ရင် မဇ္ဈိမပဋိပဒါဖြစ်တဲ့ အလယ်လမ်းပေါ် ရောက်ပါပြီ။

ဒီလို အကြောင်းနဲ့အကျိုး ရှင်းအောင်နားလည်ပါမှ ရဲရင့်တဲ့စိတ်တွေ ပေါ်လာနိုင်တယ်။
မဂ္ဂင်ရဲ့အင်အားလည်း ပိုကောင်းလာနိုင်တယ်။
ဒီနေရာမှာ အကြောင်းဆိုတဲ့သဘောဟာ အထည်ကိုယ်ဒြပ်နဲ့ လိုက်တာမျိုး မဟုတ်ပါဘူး။
 သတ္တိပဲ လိုက်တာဖြစ်ပါတယ်။

ဟုတ်,မဟုတ်ဆိုတာ ခန္ဓာဘက်ကို ဉာဏ်နဲ့လှည့်ကြည့်လိုက်ပါ။ ပူတယ်အေးတယ်, တောင့်တင်းတယ်, ကိုက်ခဲတယ်ဆိုတဲ့ ဒုက္ခဝေဒနာပေါ်လာတာကို စိစစ်ကြည့်လိုက်ရင် ခန္ဓာအပေါ်ပိုင်းက အောက်ပိုင်းကြမ်းပြင် အမာကြီးပေါ်ကို ဖိထိုင်လိုက်တော့ အတွေ့အထိဆိုတဲ့ ဖဿသဘောကြောင့် ဝေဒနာဖြစ်တယ်ဆိုတဲ့ သဘောကိုကြည့်ရင် သိသာပါတယ်။

စိတ်နှင့်စိုက်ပြီးကြည့်လိုက်ပါ ဓမ္မမိတ်ဆွေ။

 ဝေဒနာဟာ ပျောက်သွားမယ်၊ ပျောက်သွားခြင်းဟာ ပျက်သွားခြင်းပဲ။

 ဖြစ်မှုသဘောကိုသိလိုက်ရင် ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်။

ပျက်မှုသဘောလေးကိုသိလိုက်ရင် ခိုင်တယ်မြဲတယ်လို့ ယူဆထားတဲ့ သဿတဒိဋ္ဌိ စင်ပါတယ်။

 ဖြစ်မှုသဘောထဲမှာလည်း ငါမပါ၊ ပျက်မှုသဘောထဲမှာလည်း ငါမပါတာသိရင် ငါစွဲသူစွဲ, ပုဂ္ဂိုလ်စွဲတွေ စွဲနေတဲ့ သက္ကာယဒိဋ္ဌိ စင်ပါပြီ။ ဒီဒိဋ္ဌိကြီး(၃)ခု စင်မှသာ မဂ္ဂင်လမ်းပေါ် ထိထိမိမိ ရောက်ပြီသာမှတ်ပါ။

ဒီဒိဋ္ဌိကြီးသုံးခုဆိုတာ အလိုလိုကွာသွားမယ့်အရာတော့ မဟုတ်ပါဘူး။
 ခန္ဓာ့ဖြစ်စဉ် ပဋိစ္စသမုပ္ပါဒ်ကို နားလည်မှပဲ ကွာနိုင်ပါတယ်။
ဒိဋ္ဌိခွာတဲ့နေရာမှာ
သိမှုနှင့်အရင်ခွာရမယ်၊
ပွားမှုနှင့်ခွာရမယ်၊
ပယ်မှုနှင့်ခွာရမယ်ဆိုပြီး သုံးမျိုးရှိပါတယ်။

 သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိဟာ ဘယ်ကလာသလဲဆိုရင် ပဋိစ္စသမုပ္ပါဒ်မသိရာကနေ လာပါတယ်။ မသိဘူးဆိုတာ အဝိဇ္ဇာပဲ။

အဝိဇ္ဇာဆိုတာ ခန္ဓာ့ဒုက္ခကို မသိတာ(တနည်း)သစ္စာလေးပါးကို မသိတာ။ ဒီလိုမသိတော့ သုခထင်ပြီး သင်္ခါရတွေ ပြုလုပ်တယ်။ ဒီသင်္ခါရပြုခြင်းကြောင့် ဝိဉာဏ်ဆိုတာ ဖြစ်လာတယ်။ ဒါဟာ အခုလက်ရှိ ပစ္စုန်ပ္ပန်ခန္ဓာကို ပြောနေတာနော်။ အမေမွေးတဲ့ခန္ဓာတို့ မနေ့ကခန္ဓာတို့ဆိုတာ ပျက်စီးသွားပြီ။

 ဝိဉာဏ်ဖြစ်တာနဲ့ သင်္ခါရချုပ်တယ်။ ဝိဉာဏ်ဖြစ်တာနဲ့ ခန္ဓာငါးပါးပေါ်ပြီပဲ။ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။ ဒီငါးပါးရဲ့နောက်က တဏှာ၊ ဥပါဒါန်၊ ကံဆိုတဲ့ အနာဂတ်ဘဝဖြစ်ကြောင်း သုံးပါးဆိုတာ ဖြစ်လာတော့တာပဲ။

 အခုလက်ရှိခန္ဓာမှာ ဖြစ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်(၈)မျိုးထဲမှာ အဆုံးဖြစ်တာ ဝိဉာဏ်ပဲ (ဝိဉာဏ်ဆိုတာ ပဋိသန္ဓေဝိဉာဏ်ကိုပြောခြင်းသာ) အခုလက်ရှိဖြစ်ပေါ်နေတဲ့ဝိဉာဏ်က ပဝတ္တိဝိဉာဏ်လို့ခေါ်တယ်။ ဝိဉာဏ်ဆိုတာ စိတ်ပဲ၊ စိတ်နဲ့ သဟဇာတဖြစ်နေတာက ရုပ်ပဲ၊ ဒီလိုသိလိုက်ရင် ပုဂ္ဂိုလ်သတ္တဝါဆိုတာ မပါတော့ဘူး။ ဒါဆို သဿတဒိဋ္ဌိစင်တယ်။ ဒိဋ္ဌိဆိုတာ အကြောင်းအကျိုးကိုနားလည်မှ ပြုတ်တဲ့အမျိုးပါ။

ပုဂ္ဂိုလ်သတ္တဝါမရှိဘူးလို့ သိလိုက်ပြီဆိုရင်တော့ ဒီသဘောဟာ ခန္ဓာကို နားလည်လိုက်ခြင်းပဲ။ ခန္ဓာလို့ပြောလိုက်ရင် နာမ်ရုပ်ဆိုတာ ဖြစ်ပြီးသားပဲ။

 ဒီနာမ်ရုပ် ဘာကြောင့်ဖြစ်သလဲဆိုတာ အကြောင်းရှာကြည့်ရင် သင်္ခါရကြောင့်ဆိုတာ ရှင်းတယ်။

 သင်္ခါရကြောင့် ဝိဉာဏ်ပေါ်တယ်၊ ဝိဉာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်။ ဝိဉာဏ်ဖြစ်ပြီး ချုပ်တာနဲ့ ဒီနာမ်ရုပ်ပေါ်လာခြင်းဟာ ဝိဉာဏ်က ကျေးဇူးပြုလိုက်လို့ပဲ။

ပဝတ္တိဝိဉာဏ်နဲ့ ပဋိသန္ဓေဝိဉာဏ်နှစ်ခုစလုံးဟာ ဖြစ်လည်းဖြစ်တယ်၊ ချုပ်လည်းချုပ်တယ်လို့ ဉာဏ်နဲ့သိလိုက်တာနဲ့ ဥစ္ဆေဒဒိဋ္ဌိ အလိုလိုကွာသွားပါတယ်။
 တိုတိုလေး မှတ်ထားလိုက်ပါ...

အဖြစ်မြင်ရင် ဥစ္ဆေဒဒိဋ္ဌိစင်တယ်၊
အပျက်မြင်ရင် သဿတဒိဋ္ဌိစင်တယ်။

ဥပမာ... ဟင်းကောင်းကောင်းလေးနဲ့ ထမင်းစားတယ်ဆိုပါစို ့ ဟင်းကောင်းလေးနဲ့ လျှာအကြည်ဓာတ်
 ပေါင်းလိုက်ချိန်မှာ ဖဿဆိုတာ ချက်ချင်းဖြစ်ပါတယ်။
ဒီဖဿကြောင့် စားကောင်းတယ်ဆိုတဲ့ ခံစားမှုဟာ ဝေဒနာပါပဲ။
စားလို့ကောင်းတာ ဝေဒနာ၊ နောက်ဆက်ပြီး စားချင်တာက တဏှာ၊ ဒါဟာ "ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ"ဆိုပြီး ဆက်တိုက်ကြောင်းကျိုးဆက်ပြီး ဖြစ်ပေါ်လာပါတယ်။
စားကောင်းလို့ သုခဝေဒနာပေါ်ရင် သောမနဿ၊ စားမကောင်းလို့ ဒုက္ခဝေဒနာပေါ်ရင် ဒေါမနဿဆိုပြီး ဆက်သွားပါသေးတယ်။

ဒီခန္ဓာဖြစ်စဉ်တွေကို သတိနဲ့မကြည့်တတ်ရင် သူပြုသမျှ နုရမယ့်ဘဝပါ။
 သတိနဲ့ကြည့်မှ သူပြုသမျှ မခံရမှာ။
ဒီလိုနှိပ်စက်ဒဏ် မခံချင်ကြဘူးဆိုရင် ဖြစ်ပေါ်ပျက်စီးနေတဲ့ ဓမ္မသဘောကိုကြည့်ပြီး ငါမဟုတ်ဘူး၊
မမြဲဘူး၊ ဖြစ်လိုက်ပျက်လိုက် သဘာဝဓမ္မသဘောပဲလို့ သိလိုက်ရင် ဒါဟာ ဖဿ၊ ဖဿကြောင့် ဝေဒနာပေါ်တယ်၊

 ဝေဒနာကြောင့် သုခ(သို့)ဒေါသပေါ်တယ်ဆိုတဲ့ သဘောကို ရှင်းအောင်သိလိုက်ရင် ဘဝဖြစ်စဉ်ကို သေသေချာချာသိသွားသည့်အတွက် ဒိဋ္ဌိဖြစ်ခွင့်မရှိတော့ပါဘူး။

 ဒိဋ္ဌိဖြစ်ခွင့်မရှိရင် တဏှာ၊ ဥပါဒါန်၊ ကံတွေကိုလည်း အလိုလိုပယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒီလိုရှင်းလင်းစွာသိမှသာ တစ်သံသရာလုံးမှ ကပ်ငြိတွယ်တာလာခဲ့သောဒိဋ္ဌိ ကင်းစင်စေမည့်အကြောင်း ကြိုးစားရေးသားရင်း နိဂုံးကမ္မအဆုံးသတ်လိုက်လေတော့သည်

thanks< original uploader
🙏🙏🙏⛲📖📖📖⛲🙏🙏🙏

No comments: