*** အဲကိုး (Echo) ဆိုတာ ဘာလဲ။ ***
အဲကိုး (Echo) ဆိုတာ Echocardiogram ကို အတိုခေါ်တာ ဖြစ်ပါတယ်။ အဓိပ္ပါယ်မှာ နှလုံးကပဲ့တင်သံကို ပုံဖေါ်ပြတာ ဖြစ်ပါတယ်။ နှလုံးမှာ ရိုက်တဲ့ အယ်ထရာစောင်း (Ultrasound) ပဲ ဖြစ်ပါတယ်။ ကြိမ်နှုန်းမြင့်အသံ ကို Transducer လို့ခေါ်တဲ့ ကိရိယာ တစ်ခုကနေတစ်ဆင့် နှလုံးဆီ ဖြတ်ခိုင်းပြီး ပဲ့တင် ပြန်လာတဲ့ အသံကို ပြန်ဖမ်းယူပါတယ်။ ပြီးတော့ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတီဗွီမျက်နှာပြင် ပေါ်မှာ ဗွီဒီယိုပုံ ဖေါ်ပေးပါတယ်။
အဲကိုး (Echo) အမျိုးအစားတွေက -
Transthoracic Echocardiogram - နှလုံး ကို ရင်ဘတ်နဲ့ ဗိုက်ပေါ်ကနေ ရိုက်တဲ့ အဲကိုး (Echo) ဖြစ်ပါတယ်။
Stress Echocardiogram - နှလုံးကို ပင်ပန်းအောင် မလုပ်ခင် နှင့် လုပ်ပြီး ရိုက်သော အဲကိုး (Echo) ဖြစ်ပါတယ်။ နှလုံးပင်ပန်းအောင် လေ့ကျင့်ခန်း လုပ်ခိုင်းတာ ဒါမှမဟုတ် နှလုံးကို မြန်မြန်ခုန်စေတဲ့ ဆေး ထိုးတာ လုပ်ရပါတယ်။
Doppler Echocardiogram - နှလုံးအခန်းတွေထဲမှာ၊ သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုကို အဖြူအမည်း (သို့) အရောင် နဲ့ ပြပေးတဲ့ အဲကိုး (Echo) ဖြစ်ပါတယ်။
Transesophageal Echocardiogram - Transducer ကို ပါးစပ်ကတဆင့် အစာရေမြို (Esophagus) ထဲ ထည့်ပြီး ရိုက်တဲ့ အဲကိုး (Echo) ဖြစ်ပါတယ်။
အဲကိုး (Echo) ကို ဘာအတွက် ရိုက်တာလဲ။
Transthoracic Echocardiogram ကို
အကြောင်းအရင်းမသိရတဲ့ ရင်ဘတ်အောင့်တာ၊ အသက်ရှုကြပ်တာ၊ နှလုံးကြီးနေတာ၊ နှလုံးခုန်မမှန်တာ၊ နှလုံးမှာ ပုံမှန်မဟုတ်တဲ့အသံတွေ (murmurs) ကြားရတဲ့အခါ အကြောင်းအရင်းသိရအောင်နှလုံးနံရံတွေ ရဲ့အထူနဲ့ လှုပ်ရှားမှုတွေကို သိရအောင်
နှလုံးအဆို့ရှင်များ ကို ကြည့်ရအောင်၊ သူတို့ရဲ့ အလုပ်လုပ်ပုံကို စစ်ဆေးရအောင်နှလုံးအဆို့ရှင်အတု တပ်ထားပါက အလုပ်ကောင်းကောင်းလုပ်မလုပ် စစ်ဆေးရအောင် နှလုံးအခန်းတွေရဲ့ပုံသဏ္ဍာန်နဲ့ အရွယ်အစား ကိုတိုင်းတာရအောင်၊ နှလုံးအခန်းတွေကနေ သွေးညှစ်ထုတ်နိုင်မှု (cardiac performance)၊ ကိုစစ်ဆေးရအောင်။ ( နှလုံးတစ်ချက် ခုန်(ညှစ်)လိုက်တိုင်းမှာ သွေးဘယ်လောက်များများ ညှစ်ထုတ်လိုက်နိုင်သလဲ (Ejection Fraction) ဆိုတာ ကို တွက်ချက်နိုင်ပါတယ်) နှလုံးနံရံကြွက်သား နဲ့ နှလုံးညှစ်အားကို ထိခိုက်တဲ့ရောဂါတွေကို ရှာဖွေသိရအောင် (ဥပမာ- Cardiomyopathy (နှလုံးကြွက်သားအားနည်းခြင်း))နှလုံးအတွင်း သွေးခဲများ နဲ့ အလုံးအကြိတ်များ ကို ကြည့်ရအောင် ရိုက်ပါတယ်။
Stress Echocardiogram ကို
နှလုံးကြွက်သားတွေဆီကို သွေးပို့နိုင်မှု မရှိခြင်း (ischemia) ကို သိရှိအောင်၊ စောင့်ကြည့်ရအောင် (ischemia သည် လေ့ကျင့်ခန်းလုပ်လိုက်ခြင်း သို့မဟုတ် ဆေးသောက်ခြင်း ဖြင့် ပို ဆိုးပါသည်။) ရိုက်ပါတယ်။
Doppler Echocardiogram ကို
Transthoracic Echocardiogram, Stress Echocardiogram, Transesophageal Echocardiogram ရိုက်နေစဉ်အတွင်း ပြုလုပ်ပါတယ်။ Doppler Echocardiogram ကို နှလုံးတွင်း သွေးစီးဆင်းမှု အမြန်နှုန်း ကို တိုင်းတာရအောင်၊ နှလုံး အဆို့ရှင် (valves) များကို သွေးဖြတ်သန်းမှု အမြန်နှုန်း နှင့် သွေးဖိအားကို တိုင်းတာရအောင်၊ ရိုက်ပါတယ်။
Transesophageal Echocardiogram ကို
ခွဲစိတ်မှု ပြုလုပ်နေစဉ်အတွင်း နှလုံးလုပ်ဆောင်ချက်ကို သိရအောင်ထည့်ထားသော နှလုံးအဆို့ရှင်အတု အလုပ်လုပ်ဆောင်မှု ကို သိရအောင်၊
ဘယ်ဘက်သွေးလွှတ်ခန်း (left atrium) တွင်းတွင် အလုံးအကြိတ်များ၊ သွေးခဲများ ရှိမရှိ ကြည့်ရအောင်၊
နှလုံးထဲသို့ ပိုက်များထည့်ခြင်း (cardiac catheterization) တွင် Guide လုပ်ရအောင်၊
သွေးလွှတ်ကြောမကြီးစုတ်ပြဲခြင်း (Aortic dissection) ကို သိရအောင် ရိုက်ပါတယ်။
အဲကိုး (Echo) ရိုက်ဖို့ ဘာတွေ ပြင်ဆင်လုပ်ဆောင်ဖို့ လိုသလဲ။
Transthoracic echocardiogram (TTE) ရိုက်ဖို့အတွက် ကြိုတင်ပြင်ဆင်စရာ မရှိပါဘူး။ Stress echocardiogram ရိုက်ဖို့အတွက် မရိုက်ခင် နာရီပိုင်းအတွင်း မှာ အစာမစားသင့်ပါဘူး။ ဗိုက်ပြည့်နေရင် လေ့ကျင့်ခန်းလုပ်တဲ့အခါ အဆင်မပြေဖြစ်တတ်ပြီး၊ dobutamine ဆေးထိုးတဲ့အခါ ပျို့အန် တတ်၍ ဖြစ်ပါတယ်။ ပုံမှန်သောက်နေတဲ့ဆေးရှိရင် မရိုက်ခင်သောက်ရန် သင့်မသင့် ဆရာဝန်ကို မေးသင့်ပါတယ်။ နှလုံးရောဂါအတွက် သောက်နေရတဲ့ဆေးတွေ ဖြစ်တဲ့ Beta blockers, Isosorbide Dinitrate, Isosorbide Mononitrate ဆေးတွေကို Stress echocardiogram မလုပ်ခင် ၂၄ နာရီအတွင်း မသောက်ရပါဘူး။ Insulin ဆေး သုံးနေတယ်ဆိုရင် ဆရာဝန်ကို ပြောပြရပါမယ်။ ရင်ကြပ်ရောဂါရှိလို့ ရှုဆေး(Inhalor) သုံးရတယ်ဆိုရင် ရှုဆေးဆောင်သွားဖို့ မမေ့ရပါဘူး။ Transesophageal echocardiogram (TEE) ရိုက်ဖို့အတွက် မရိုက်ခင် အနည်းဆုံး ခြောက်နာရီ အတွင်း အစာမစား၊ ရေမသောက်ရပါဘူး။ သွားအတု ရှိတယ်ဆိုရင် ချွတ်ထားရပါမယ်။ လည်ချောင်း၊ အစာရေမြို၊ နဲ့ အစာအိမ်တို့နဲ့ ပတ်သတ်တဲ့ ရောဂါ တစ်ခုခု ရှိရင် ဆရာဝန်ကို ကြိုပြောထားရပါမယ်။ မရိုက်ခင်မှာ ဒီစမ်းသပ်ချက် ပြုလုပ်လျှင်ရရှိမည့် ကောင်းကျိုး၊ ဆိုးကျိုးများ ကို သိရှိပြီး၊ စမ်းသပ်ချက်ပြုလုပ်ခံရန် သဘောတူကြောင်း လက်မှတ် ရေးထိုး ခိုင်းပါလိမ့်မယ်။ အကယ်၍ ကောင်းကျိုး၊ ဆိုးကျိုးတွေ မသိသေးရင် ဆရာဝန် ကို မေးမြန်း သင့်ပါတယ်။
အဲကိုး (Echo) ကို ဘယ်လိုရိုက်တာလဲ၊ ရိုက်နေစဉ် ဘယ်လိုနေရမလဲ။
အဲကိုး (Echo) ကို အထူးပြုလေ့လာထားသော ဓါတ်မှန်ပါရဂူ (Radiologist)၊ သို့မဟုတ် နှလုံးရောဂါအထူးကုဆရာဝန် (Cardiologist) ကရိုက်ပါတယ်။ အဲကိုး (echo) ခန်းထဲတွင် ရိုက်ပါတယ်။ လူနာကုတင် ဘေးတွင်လည်း ရိုက်နိုင်ပါတယ်။
ရင်ဘတ်ပေါ်ကရိုက်သော အဲကိုး ရိုက်နေပုံ
ရင်ဘတ်ပေါ်က ရိုက်မည့် Transthroracic Echo ရိုက်မယ်ဆိုရင် အဲကိုး (Echo) ရိုက်မည့်နေရာ ခါး အပေါ်ပိုင်း အဝတ်အစားများ ဖေါ်ပေးရမှာ ဖြစ်ပါတယ်။ ကုတင်တစ်ခု ပေါ်မှာ လှဲနေရမှာပါ။ ရိုက်မယ့်နေရာမှာ အရင်ဆုံး Gel လိုမျိုး အရည်တစ်ခု သုတ်ပေးပါလိမ့်မယ်။ ပြီးရင် Transducer လို့ ခေါ်တဲ့ Probe လို့လဲ ခေါ်တဲ့ လက်ကိုင်ကိရိယာ တစ်ခုနဲ့ ရိုက်မယ့် နေရာပေါ်မှာ အနည်းငယ် ဖိပြီး ဟိုဟို ဒီဒီ လျှောက်ရွှေ့ကြည့် နေမှာ ဖြစ်ပါတယ်။ တီဗွီစခရင် ပေါ်မှာ နှလုံး ရဲ့ ပုံရိပ် ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ ဒီလို ရိုက်နေတုန်းမှာ မလှုပ်ရှားပဲ ငြိမ်ငြိမ်လေး နေနေရပါမယ်။ ခန္ဓာကိုယ် အနေအထား ပြောင်းခိုင်းတာ၊ အသက်ရှု ခဏ အောင့်ခိုင်းတာ လုပ်ခိုင်းတတ်ပါတယ်။
လေ့ကျင့်ခန်းဖြင့်ပင်ပန်းစေပြီးမှ ရိုက်သော အဲကိုးတွင် လေ့ကျင့်ခန်းလုပ်စေပုံ
Stress Echo ကို ရိုက်တော့မယ်ဆိုရင် ပထမဦးစွာ ECG ရိုက်ဖို့တပ်ဆင်ပြင်ဆင်ပါမယ်။ ECG ဘယ်လိုရိုက်မလဲဆိုတာ ECG စာမျက်နှာမှာ လေ့လာနိုင်ပါတယ်။ ဘာမှ မလုပ်သေးခင် နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်တို့ကို တိုင်းတာ မှတ်သားပါလိမ့်မယ်။ အဲကိုး (Echo) ရိုက်တဲ့ဆရာဝန်က Transthoracic Echo ဖြင့် အပေါ်မှာ ဖေါ်ပြခဲ့တဲ့အတိုင်းနှလုံးပုံရိပ်ကို ဖမ်းပြီး ကြည့်ပါလိမ့်မယ်။ ပြီးမှ လေ့ကျင့်ခန်းဖြင့် ပင်ပန်းစေပြီးမှ ရိုက်သော အဲကိုး Exercise Stress Echo ဆိုရင် လမ်းလျှောက်စက်ပေါ်မှာ လမ်းလျှောက်ခိုင်းတာ၊ သို့မဟုတ် စက်ဘီးနင်းစက် ပေါ်မှ စက်ဘီးနင်းခိုင်းတာ မျိုးလို လေ့ကျင့်ခန်း တစ်ခုခုလုပ်ခိုင်းပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ECG စက်နဲ့ စောင့်ကြည့်နေပါလိမ့်မယ်။ လေ့ကျင့်လုပ်ပြီးလျှင် ခုတင်ပေါ်မှာ ပြန်လှဲခိုင်းပြီး Transthoracic Echo ပြန်ရိုက်ပြီး ကြည့်ပါမယ်။
Dobutamine ဆေးဖြင့် ပင်ပန်းစေပြီးမှ ရိုက်သော အဲကိုး Dobutamine Stress Echo ဆိုရင် ဆရာဝန်၊သူနာပြုတစ်ယောက်ယောက်က လက်တစ်ဖက်ဖက်ရဲ့ သွေးကြောမှာ ဆေးထိုးလို့ရအောင် Cannula (ဆေးသွင်းဖို့အပ်) ထိုးပေးပါလိမ့်မယ်။ Dobutamine ဆေးကို Cannula ကတဆင့် ဖြည်းဖြည်းချင်းသွင်းပေးနေပါလိမ့်မယ်။ ဒီအချိန်မှာ အဲကိုး (Echo) ရိုက်တဲ့ဆရာဝန်က Transthoracic Echo ဖြင့် အပေါ်မှာ ဖေါ်ပြခဲ့တဲ့အတိုင်း နှလုံးပုံရိပ်ကို ဖမ်းပြီး ကြည့်နေပါလိမ့်မယ်။ ဆေးသွင်းလိုက်တဲ့အခါ နှလုံးခုန်းနှုန်းတွေ တဖြည်းဖြည်းမြန်လာပါမယ်၊ ရင်တုန်တာတွေ ခံစားရပါမယ်။ ဆေးသွင်းနေတဲ့သူဟာ လူနာကို ဘာတွေခံစားရပြီလဲ ခနခန မေးနေပါလိမ့်မယ်။ ရင်ဘတ်အောင့်တာ၊ မောတာ၊ အသက်ရှုကြပ်တာ၊ မေးရိုးတွေကိုက်တာ၊ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ စတာတွေနဲ့ အခြားခံစားလာရသမျှကို ပြောပြရပါမယ်။ ဆေးသွင်းနေသူဟာ ECG ကိုလည်း တောက်လျှောက်ကြည့်ပြီး ဆေးရပ်သင့်မရပ်သင့် ဆုံးဖြတ်နေပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဆေးသွင်းတာ ၁၅ မိနစ်ခန့်ကြာတတ်ပါတယ်။ အားလုံး ပြီးသွားရင် ဆေးသွင်းစဉ်က ခံစားရတဲ့ လက္ခဏာတွေ ပြေပျောက်သက်သာတဲ့ အထိ ခန ငြိမ်ပြီး စောင့်ရပါမယ်။
အစာရေမြိုထဲထည့် ရိုက်သော အဲကိုး ရိုက်နေပုံ
အစာရေမြိုထဲထည့် ရိုက်သော အဲကိုး Transesophageal Echo ရိုက်တော့မယ်ဆိုရင် ပထမဦးစွာ လုပ်တာက Stress Echo ရိုက်မယ့်အတိုင်းပါပဲ။ အီးစီဂျီ (ECG) ရိုက်ဖို့ပြင်မယ်။ Cannula (ဆေးသွင်းဖို့အပ်) ထိုးမယ်၊ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန် တို့ကို တိုင်းတာ မှတ်သားပါမယ်။ ပြီးရင် မှိန်းစေတဲ့ဆေး (Sedative) တစ်မျိုးမျိုးကို သွေးကြောထဲ ထိုးပေးပါလိမ့်မယ်။ စမ်းသပ်မှု ပြုလုပ်နေစဉ်မှာ သက်တောင့်သက်သာ ဖြစ်နေအောင်ပါ။ ဆေးထိုးပေးပြီးမှ Probe လို့ခေါ်တဲ့ ကိရိယာတစ်ခုကို ပါးစပ်ထဲထည့်ပြီး အစာရေမြိုထဲ ရောက်အောင် ထိုးထည့်ပေးပါလိမ့်မယ်။ ထိုးထည့်ရတာ လွယ်ကူအောင် ဘယ်ဘက်စောင်းခိုင်းပြီး ခေါင်းအနည်းငယ် မော့ထားခိုင်းပါလိမ့်မယ်။ သွားနဲ့မကိုက်မိအောင် Mouth Guard လို့ခေါ်တဲ့ ပါးစပ်ဟလျက်အနေအထားနဲ့ ကိုက်ထားလို့ရတဲ့အရာတစ်ခုကို Probe မထည့်ခင် ပါးစပ်ထဲထည့်ပေးထားတတ်ပါတယ်။ ပါးစပ်ထဲကို ထုံဆေး(anesthetic spray) ဖြန်းပေးတတ်ပါတယ်။
ပါးစပ်ထဲ ထိုးထည့်မည့် Probe
Probe ထိုးထည့်နေစဉ်မှာ လူနာကို မြိုချခိုင်းပါလိမ့်မယ်။ အလိုက်သင့် မြိုချပေးမှ ခံရခက်သက်သာပါလိမ့်မယ်။ ဒီမှာ သုံးတဲ့ Probe ဟာ ရင်ဘတ်ပေါ်မှာ ရိုက်တဲ့ အဲကိုး Transthoracic Echo မှာသုံးတဲ့ Probe လို မဟုတ်ဘဲ မြိုလို့ရမယ့် အရွယ် သေးသေးရှည်ရှည်လေး ဖြစ်ပါတယ်။ Probe ကို မြိုချပြီးတဲ့ နောက်မှာ Probe ခေါင်းကို လိုသလို ရွှေ့ပြောင်းချိန်ညှိဖို့ ထိန်းချုပ်ခလုတ်ကို လှည့်ကစားရင်း နှလုံးပုံရိပ်တွေ ဖမ်းယူနေပါလိမ့်မယ်။ ပုံရိပ်တွေဟာ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာ မျက်နှာပြင်မှာ မြင်နေရပါလိမ့်မယ်။ အဲကိုးရိုက်သူ ဆရာဝန်မှ ပုံရိပ်များ ဖမ်းယူကြည့်ရှုပြီးလို့ Probe ပြန်ထုတ်ပြီးပါက လူနာအခြေအနေကို မိနစ်သုံးဆယ်လောက်ထိ စောင့်ကြည့် ပါဦးမယ်။ သွေးခုန်နှုန်း၊ သွေးပေါင်ချိန် တိုင်းတာနေပါလိမ့်မယ်။
အဲကိုး (Echo) ရိုက်ရင် ဘာတွေ ခံစားရမလဲ။
ရင်ဘတ်ပေါ်ကရိုက်တဲ့ အဲကိုး (Transthoracic Echo) မှာ Gel သုတ်တဲ့အခါ အနည်းငယ် အေးသလိုခံစား ရတတ်ပါတယ်။ ရင်ဘတ်ပေါ် Transducer တင်တဲ့အခါ အနည်းငယ် ဖိအားကို ခံစားရပါမယ်။ မသက်မသာ ဖြစ်လောက်အောင် တော့မဟုတ်ပါဘူး။ ဒါပေမယ့် နှလုံးရောဂါရှိတဲ့လူနာတွေဟာ ပလက်အနေအထားနေရင် မောတာ အပေါ်က အနည်းငယ်ဖိရင် အသက်ရှုကြပ်တာ ရင်ဘတ်အောင့်တာ ဖြစ်တတ်ပါတယ်။ ဒီလိုတွေ ဖြစ်လာလျှင် ရိုက်နေတဲ့ ဆရာဝန်ကို ပြောပြီး ခဏ နားရပါမယ်။
ပင်ပန်းစေပြီး မှ ရိုက်တဲ့ အဲကိုး (Stress Echo) ကတော့ လေ့ကျင့်ခန်းလုပ်တဲ့အခါ မောတာ ရင်တုန်တာ စတာတွေ ဖြစ်ပါလိမ့်မယ်။ Dobutamine ထိုးတဲ့အခါမှာလည်း အပ်ထိုးတဲ့အခါ စူးခနဲ တစ်ချက်နာပါမယ်။ ဆေးကြောင့် ရင်တုန်တာ၊ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ ပျိုအန်ချင်တာ တွေ ဖြစ်နိုင်ပါတယ်။ မိနစ်အနည်းငယ်ကြာပဲ ခံစားရမှာပါ။
အဲကိုး (Echo) ရိုက်ရင် ဘာအန္တရာယ် ရှိနိုင်သလဲ။
ရင်ဘတ်ပေါ်က ရိုက်တဲ့ အဲကိုး (Transthoracic Echo) က ဘာမှ အန္တရာယ်မရှိပါဘူး။ ပင်ပန်းစေတဲ့ အဲကိုး (Stress Echo) ကတော့ ရုတ်တရက် နှလုံးရောဂါ ဖေါက် နိုင်ပါတယ်။ အဲလို မဖြစ်အောင် တောက်လျှောက် ECG စက်တပ်ထားပြီး စောင့်ကြည့်ပါတယ်။ အစာရေမြိုထဲထည့် ရိုက်တဲ့ အဲကိုး (Transesophageal Echo) မှာ Probe ထိုးထည့်ခြင်းကြောင့် ပါးစပ်နဲ့လည်ချောင်း ခံရခက်တာမျိုးဖြစ်နိုင်ပါတယ်။ သွေးအနည်းငယ် ထွက်နိုင်ပါတယ်။ အစာရေမြိုထိခိုက်ပွန်းပဲ့တာ ပေါက်ထွက်တာ (Esophageal tear or puncture) ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို ဖြစ်တာ ရှားပါတယ်။ မှိန်းစေတဲ့ ဆေး (Sedative) ကြောင့် အန္တရာယ်ရှိတဲ့အလုပ်လုပ်ရင် အိပ်ငိုက်လို့ အန္တရယ်ဖြစ်နိုင်ပါတယ်။ နှလုံးခုန် နှေးလွန်းပြီး ပုံမမှန်တာ ဖြစ်နိုင်ပါတယ်။
အဲကိုး (Echo) ကနေ ဘာတွေ သိနိုင်သလဲ။
ပဲ့တင်ပြန်လာတဲ့ အသံတွေကို ပုံဖေါ်ထားတဲ့ ပုံရိပ်တွေကို ဓါတ်မှန်ပါရဂူ (Radiologist) သို့မဟုတ် နှလုံရောဂါ အထူးကု ဆရာဝန် (Cardiologist) က ကြည့်ပြီး နှလုံးအခန်းတွေ၊ နံရံတွေ ရဲ့ အရွယ်အစားအထူနဲ့ လှုပ်ရှားမှုတွေ၊ နှလုံးအဆို့ရှင်တွေ အခြေအနေတွေ သွေးလွှတ်ခန်းရဲ့ သွေးထုတ်လွှတ်မှု ပမာဏတွေ နှလုံးမှာ အလုံးအကြိတ်ရှိမရှိတွေ နှလုံးကို ကာအုပ်ထားတဲ့ အလွှာ (Pericardium) ထဲမှာရေရှိမရှိ စတာတွေ ပြောပြပါလိမ့်မယ်။ စာရွက်ပေါ်မှာ ရေးပေးပါလိမ့်မယ်။
အဲကိုး (Echo) ရိုက်လို့မရတဲ့ အခြေအနေ သို့မဟုတ် အဲကိုး အဖြေကို မှားယွင်းစေနိုင်တဲ့ အခြေအနေတွေ က ဘာလဲ။
ရင်ဘတ် သားမြတ်(နို့အုံ) အရမ်းကြီးနေတဲ့လူတွေ၊ အဆုတ်ရောဂါ အချို့ ဥပမာ နာတာရှည်အသက်ရှုလမ်းကြောင်းပိတ်တဲ့ အဆုတ်ရောဂါ (Chronic Obstructive Pulmonary Disease) ရှိတဲ့သူတွေ၊ ပက်လက်နေရင် အမောဖေါက်တဲ့လူတွေ ဆိုရင် အဲကိုး ရိုက်လို့မရပါဘူး။ အစာရေမြိုမှာ အနာရောဂါတစ်ခုခုဖြစ်နေတဲ့ လူ၊ မြိုချရခက်တဲ့ လူတွေ မှာ အစာရေမြိုထဲထည့်ရိုက်တဲ့ အဲကိုး ရိုက်လို့မရပါဘူး။
crd > ဒေါက်တာ ယံလင်း