Tuesday, July 6, 2010

အမျိုးသားတို့ သတိထားသင့်တဲ့ အပြုအမူ (၇)ချက်

အပြုအမူ(၁)

ရေမွှေးတရားလွန်ဆွတ်ဖျန်းခြင်း

ဘယ်လောက်ပဲ ကောင်းမွန်တဲ့အရာဖြစ်ပါစေ တန်ဆေးလွန်ဘေးဆိုတာမျိုးရှိပါတယ်။ ဒီစကားပုံဟာ ရေမွှေးစွတ်တဲ့ကိစ္စရပ်မှာ အတော့်ကိုမှန်ကန်တဲ့ စကားပုံတစ်ခုပဲဖြစ်ပါတယ်။ ရေမွှေးစွတ်တာ အနည်းငယ်များသွားရင်ကိုပဲ ကောင်းမွန်တဲ့အနံ့ကို ဆိုးရွားတဲ့အနံ့အဖြစ် ပြောင်းသွားစေနိုင်ပါတယ်။ ဒါကြောင့်မှန်ကန်တဲ့နေရာအနည်းငယ်မှာ ဆွတ်ဖျန်းပေးရင် လုံလောက်ပါပြီ။ သွေးခုန်နှုန်းရှိတဲ့ လက်ကောက်ဝတ်နေရာများနဲ့ နားရဲ့နောက်ဘက်နေရာတို့မှာ စွတ်ပေးရင်ပဲ တစ်နေ့တာလုံးအတွက် မွှေးပျံ့နေစေမှာပါ။

အပြုအမူ(၂)

ဆံပင်ကို Gel အလွန်အကျွံလိမ်းခြင်း

ထိုင်နေအကောင်းသား၊ ထသွားမှကျိုးမှန်းသိ ဆိုသလို ဘာမှမသုံးဘဲ နဂိုအတိုင်းကမှ ပိုကောင်းတယ်လို့ အပြောခံရနိုင်တဲ့ အချက်တစ်ချက်ကတော့ ဆံပင်ကို ဦးထုပ်ဆောင်းထားသလို Gel တွေအများကြီးလိမ်းတာပါပဲ။ ဒါဟာ မာတောင့်ကြွပ်ဆတ်ပြီး အချိုးမကျတဲ့ ဆံပင်ပုံစံကို ဖြစ်ပေါ်စေပါတယ်။ အရမ်းစိုထိုင်းနေအောင်လိမ်းရင်လည်း ပုံသွင်းရတာ မလွယ်ကူပါဘူး။ ဒါကြောင့် ကိုယ်လိုချင်တဲ့ပုံစံကိုရနိုင်မယ့် ပေါ့ပါးတဲ့ Gel ကိုရွေးချယ်အသုံးပြုပြီး သဘာဝကျကျခန့်ညားတဲ့အသွင်သဏ္ဌာန်ကို ဖော်ဆောင်နိုင်ပါတယ်။

အပြုအမူ(၃)

မသန့်ရှင်းတဲ့ လက်သည်းရှည်များ

အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်မှာ ညစ်ပတ်ပြီး ရှည်လျားတဲ့လက်သည်းတွေ ရှိမနေသင့်ပါဘူး။ လက်သည်းတွေကို အမြဲသေသပ်ညီညာစွာ ညှပ်ထားသင့်ပါတယ်။ ဒါပေမဲ့ အရမ်းကြီးတိုအောင် မညှပ်ပါနဲ့။ အရမ်းတိုတဲ့အခါ လက်ထိပ်တွေကို နာကျင်စေတတ်ပါတယ်။ လိုအပ်တဲ့အခါ ခြေသည်းလက်သည်းပြုပြင်မှု ပြုလုပ်ပါ။ ဒါဆိုရင် လက်သည်းမှိုစွဲတာလိုရောဂါမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။

အပြုအမူ(၄)

မုတ်ဆိတ်ရိတ်ရာမှာ Shaving Cream မသုံးခြင်း

လျှပ်စစ်မုတ်ဆိတ်ရိတ်ကိရိယာတွေ ပေါ်လာပေမယ့် ရိုးရိုးမုတ်ဆိတ်ရိတ်ဓားကို လူသုံးများနေဆဲပါ။ ဒါပေမဲ့ အများစုက မုတ်ဆိတ်ရိတ်ရာမှာ သုံးသင့်တဲ့ Cream တစ်မျိုးမျိုးကိုမသုံးကြပါဘူး။ ဒါဟာ မုတ်ဆိတ်ရိတ်ရာကနေ အနာတရဖြစ်စေနိုင်ပြီး အမွှေးနုလေးတွေနဲ့ ဓားကို ရှိသင့်တဲ့အကွာအဝေးတစ်ခုလည်း မရစေနိုင်တော့ပါဘူး။ မုတ်ဆိတ်ရိတ်ပြီးသွားတဲ့အခါမှာလည်း မျက်နှာပေါ်က အညစ်အကြေးတွေ သန့်စင်သွားအောင် သေသေချာချာ ပြန်လည်ဆေးကြောသင့်ပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ Shaving Cream သုံးပါ။ သန့်စင်တဲ့ဓားကိုသုံးပါ။ ဒါမှ နာကျင်မှုနည်းနည်းနဲ့ အကောင်းဆုံးရလာဒ်ကို ရနိုင်ပါလိမ့်မယ်။

အပြုအမူ(၅)

ဆံပင်ပါးလာခြင်းကို လျစ်လျူရှုခြင်း

အလွန်ကံကောင်းတဲ့အမျိုးသားအနည်းစုသာ ဆံပင်ပါးလာခြင်းဒုက္ခကနေ ကင်းလွတ်နိုင်ကြပါတယ်။ အမျိုးသားတွေမှာဖြစ်တတ်တဲ့ ထိပ်ပြောင်ခြင်းဟာ အသက်(၂၀)မှာကတည်းက စတင်ပြီး တစ်နှစ်ကိုတိုးနှုန်း (၄)ရာခိုင်နှုန်းရှိပါတယ်။ ဒီနှုန်းဟာ ဆံပင်လုံးဝမရှိတော့တဲ့အထိ ဒီအတိုင်းပဲ ဆက်ပြီးဖြစ်နေမှာပါပဲ။ မှန်ကန်တဲ့ဆံပင်ပုံစံဟာ ထိပ်ပြောင်ခြင်းကို အနည်းငယ်ဖုံးအုပ်နိုင်ပေမယ့် ဆံပင်ကျွတ်နှုန်းကိုတော့ မရပ်တန့်စေနိုင်ပါဘူး။ ဒါပေမဲ့ ဆံပင်ကျွတ်ခြင်းကို ကုသဖို့ အလွယ်တကူ ၀ယ်လို့ရနိုင်တဲ့ ဆေးဝါးတွေလည်းရှိပါတယ်။ ဒီဆေးတွေက ဆံပင်ကျွတ်နှုန်းကို နှေးကွေးစေပြီး ဆံပင်ကိုတောင် ပြန်ပေါက်စေနိုင်ပါတယ်။ ဒီဆေးတွေသုံးလို့ မသက်သာဘူးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ပြသပြီး အကြံဥာဏ်တောင်းခံနိုင်ပါတယ်။

အပြုအမူ (၆)

Moisturizer မသုံးစွဲခြင်း

နဂိုမူလဗီဇအရ အမျိုးသားများဟာ ထူထဲတဲ့ အရေပြားကို ပိုင်ဆိုင်ကြသူများဖြစ်ပါတယ်။ ဒါပေမဲ့ နဂိုအကြမ်းခံတဲ့ အသားအရေဟာလည်း ဂရုတစိုက်မထိန်းသိမ်းတဲ့အခါ အရေးအကြောင်းများနဲ့ အရေပြားတွန့်ခြင်းတွေကို ဖြစ်လာစေပါတယ်။ အမျိုးသားများရဲ့ အသားအရေဟာ အကြမ်းခံတယ်လို့ ထင်ရပေမယ့် ပုံမှန်ရေချိုးပြီးရင်တောင် ခြောက်သွေ့နေတတ်ပါတယ်။ မုတ်ဆိတ်ရိတ်ရာကနေရရှိတဲ့ ပွန်းပဲ့ရှနာတွေကလည်း မီးလောင်ရာလေပင့်သလိုပါပဲ။ ဒါကြောင့်ပေါ့ပါးပြီး စေးကပ်ခြင်းမရှိတဲ့ SPF ပါတဲ့ Moisturizer ကို မျက်နှာနဲ့ လည်ပင်းအတွက် နေ့စဉ်သုံးပေးသင့်ပါတယ်။ ဒါမှ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး နေလောင်ဒဏ်ကို ကာကွယ်နိုင်ကာ ချောမွေ့မှုကို ရရှိလာပါလိမ့်မယ်။

အပြုအမူ (၇)

နားနဲ့နှာခေါင်းက အမွှေးအမှင်များကို ဂရုမပြုခြင်း

လူတစ်ယောက်မှာ Personality ဆိုတာဟာလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးကို အနှောင့်ယှက် ဆုံး အကြောင်းအရာတစ်ခုကတော့ နားမွှေးတွေ၊ နှာခေါင်းမွှေးတွေ တရားလွန်ရှည်ထွက်နေခြင်းပါ။ ဒီအမွှေးအမှင်တွေဟာ ပြင်ပက ဖုန် တွေ၊ အမှုန်တွေကို ကာကွယ်ရာမှာ အရေးပါပေမယ့် မလိုအပ်ဘဲ အပြင်ကိုရှည်ထွက်နေတာကတော့ အလွန်ပဲစိတ်အနှောင့်အယှက်ဖြစ် စေပါတယ်။ ဒါကြောင့် ကပ်ကြေးအသေးလေးကို အသုံးပြုပြီး ညှပ်ပေးသင့်ပါတယ်။

Ref: Fashion Image Magazine Vol.13, No.4 June 2010

No comments: