Thursday, July 15, 2010

HIV ကာကွယ်ကုသဆေးဆိုတာ နောက်ဆုံးတော့ တကယ်ပေါ်လာခဲ့ပါပြီ



အေအိုင်ဒီအက်စ် ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်စွမ်းရှိသည့်ပဋိဇီဝပစ္စည်း(antibody) တစ်ခုကို ဓာတ်မတည့်ခြင်းနှင့်ကူးစက်ရောဂါများဆိုင်ရာ အမေရိကန် အမျိုးသားတက္ကသိုလ် (National Institute of
Allergy and Infectious Diseases) မှ သုတေသီများက တွေ့ရှိခဲ့ကြသည်။

ထိုပဋိဇီဝပစ္စည်းကို တွေ့ရှိလိုက်ခြင်းသည် ကုရာနတ္ထိဆေးမရှိဖြစ်သော ခုခံအားကျဆင်းမှုကူးစက်ရောဂါကြီးအတွက် ထိရောက်သော ကာကွယ်ဆေးနှင့် ကုသဆေးများပေါ်ပေါက်လာစေရန် သေချာသွားခဲ့ပြီဟု သုတေသီများက မှတ်ချက်ပြုကြသည်။ ထိုစွမ်းရည်မြင့်ပဋိဇီဝပစ္စည်း (Super Antibodies) ကို အခြေခံ၍ ထုတ်လုပ်သောကာကွယ်ဆေးသည် လူတိုင်း၏ ခန္ဓာကိုယ်တွင် အလားတူစွမ်းရည်မြင့်ပဋိဇီဝပစ္စည်းများ ထွက်ပေါ်လာစေကာ HIV ပိုး ကူစက်မှုကို
ခံနိုင်ရည်ရှိစေမည်ဟု မျှော်လင့်ထားကြောင့် အဆိုပါ ပညာရှင်များကပြောကြားခဲ့ကြသည်။

ရှေးယခင်ကတည်းက HIV ဗိုင်းရပ်စ်ကို သတ်နိုင်မည့် ပဋိဇီဝပစ္စည်းအမျိုးမျိုးကို ပညာရှင်များ ကြိုးစား ဖော်ဆောင်ခဲ့သော်လည်းHIV ပိုးကို သတ်နိုင်သော ပဋိဇီဝပစ္စည်းများ ပေါ်ပေါက်လာခဲ့သော်လည်းအဆိုပါပိုး၏ ဗီဇမျိုးစိတ် (Strain) ၂ ခုခန့်ကိုသာ ချေမှုန်းနိုင်မည်ဖြစ်သောကြောင့် ရလဒ်များမှာ ကျေနပ်ဖွယ် မထူးခြားခဲ့ပါ။ လွန်ခဲ့သောနှစ်အနည်းငယ် အတွင်းကမူ ဗီဇမျိုးစိတ်ပေါင်း မြောက်မြားစွာအထိဖယ်ရှားသုတ်သင်နိုင်မည့် ပဋိဇီဝပစ္စည်းများ ပေါ်ပေါက်လာခဲ့ ပြန်သော်လည်း ထိုပဋိဇီဝပစ္စည်းများ၏ အစွမ်းသည် ကာကွယ်နိုင်သော ဗီဇမျိုးစိတ် အရေအတွက် ၄၀%လုံးဝမကျော်ခဲ့သဖြင့် ဆေးဝါးတစ်စုံတစ်ရာ ထုတ်လုပ်နိုင်ရန် မဖြစ်နိုင်သောအနေအထား ရှိခဲ့သည်။

ယခုတွေ့ရှိရသော စွမ်းရည်မြင့် ပဋိဇီဝပစ္စည်း ၃ ခုကမူ HIV ဗိုင်းရပ်စ်အားလုံး၏ ၉၁% ဗီဇမျိုးစိတ်များကိုဖျက်ဆီးဟန့်တားနိုင်ကြောင်း နှင့် အဆိုပါ ပဋိဇီဝ ပစ္စည်းများ၏ အသေးစိတ်အကြောင်းအရာများကို ယခုလ ၉ ရက်နေ့ထုတ် Science ဂျာနယ်တွင်ဖော်ပြပါရှိခဲ့သည်။ ယခုလေ့လာမှု၏ သုတေသီတစ်ဦး ဖြစ်သော ဒေါက်တာဂရေးနေဘယ်လ်ကအဆိုပါ ဆောင်းပါးတွင် "ပိုးကို ပြန်တိုက်နိုင်တဲ့ ပဋိဇီဝပစ္စည်း ဆိုတာဟာပိုးဝင်ပြီး နောက်မှ ခန္ဓာကိုယ်က ထုတ်လို့ ရတာဖြစ်ပါတယ်။
ရောဂါတော်တော်များများမှာ ပဋိဇီဝပစ္စည်းက ပိုးကို နောက်ဆုံးမှာတော့သတ်ပစ်လိုက်နိုင်တာပါပဲ။ ဒါပေမယ့် HIV ပိုးဟာ တခြားဗိုင်းရပ်စ်တွေနဲ့ မတူပဲပြင်းထန်လွန်းတဲ့အတွက် သူက ခုခံအားစနစ် (Immune System) ထက် လက်ဦးမှု
ရယူကာ ခုခံအားစနစ်ကိုပါ ဖျက်ပစ်လိုက်တဲ့အတွက် သူ့ကူးစက်မှုဟာ ရာသက်ပန်ဖြစ်သွားရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ HIV ဗိုင်းရပ်စ်အရင်လက်ဦးမှု ရယူကာ ပဋိဇီဝပစ္စည်း အရင်ထုတ်နိုင်မယ့် ကာကွယ်ဆေးကို
ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ပြီး ကြိုးစားနေကြပါတယ်"ရေးသားဖော်ပြထားသည်ကို တွေ့ရပါသည်။

လက်ရှိ ဗြိတိန်တစ်နိုင်ငံတည်းတွင်ပင် HIV ပိုးရှိပြီး AIDS ရောဂါအဖြစ်ကူးပြောင်းနေသူ ၇၃,၀၀၀ ရှိနေပြီး ထိုလူများထဲမှ ၃၀%သည် ၄င်းတို့၌ပိုးရှိမှန်းပင် မသိကြသေးကြဟု ကျန်းမာရေး ပါရဂူများက ခန့်မှန်းထားကြသည်။
ထို့ပြင် ယနေ့ကမ္ဘာပေါ်၌ လူပေါင်း ၃၃ သန်းတွင် HIV ပိုး ရှိနေကြပြီးအဆိုပါပိုး စတင်ပေါ်ပေါက်လာခဲ့သော ၁၉၈၀ ပြည့်နှစ်များကတည်းမှ ယနေ့အထိလူပေါင်း ၂၅ သန်းကျော် AIDS ရောဂါကြောင့် သေဆုံးခဲ့ပြီး ဖြစ်ကြသည်။


AIDS ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေရှာဖွေပေးနေသူ နှစ်ဦး ဖြစ်သည့် ဘောလုံးအားကစားသမား ဒရော့ဘာနှင့်ဂီတပညာရှင် ဘိုနို

လက်ရှိအခြေအနေတွင် AIDS ဝေဒနာသည်များသည် ကာကွယ်ဆေးရော ကုသဆေးပါ မရရှိနိုင်သေးဘဲ ရှုပ်ထွေးသောဓာတုဆေးဝါး အပြင်းစားများနှင့်သာ အသက်ဆက်နေရသည်သာ ဖြစ်ပြီးကမ္ဘာတစ်ဝန်းတွင်လည်း ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ကြားမှပိုးကူးစက်နှုန်းများ တစ်နှစ်ထက် တစ်နှစ် များပြား လာနေရာ ယခုတွေ့ရှိချက်မှဆေးဝါး တစ်စုံတစ်ရာ ရရှိခဲ့လျှင်တော့ အထက်ပါ အရေအတွက်နှုန်းထားများကိုသေချာပေါက် လျှော့ချနိုင်မည် ဖြစ်ပါသည်။



HIV ပိုးသည်တည်ဆောက်ပုံအားဖြင့် လူသား၏ ခုခံအားစနစ်မှတိုက်ထုတ်ရန် မှတ်သားနိုင်ခြင်းစွမ်း လုံးဝ မရှိသော သကြားဓာတ်ဖြင့်ဖုံးအုပ်ကာကွယ်ထားသည့် ဆူးချွန်လေးများ ရှိပြီး သူ၏ မျိုးရိုးဗီဇကိုလည်းအချိန်နှင့်အမျှ ပြောင်းလဲပစ်နိုင်စွမ်းရှိသလို ခုခံအားစနစ်ကိုလည်းထိရောက်စွာ ဖျက်ဆီးပစ်နိုင်စွမ်း ရှိခြင်း တို့ကြောင့် ၄င်းကို သတ်ရန်ထွင်လိုက်သမျှ ဆေးများ၏ ပစ်မှတ်ကို လွဲချော်စေခဲ့သည်။
ထိုအကြောင်းအချက်များကြောင့်

၎င်းပိုးအတွက် ကာကွယ်ဆေး ဖော်စပ်နိုင်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ဟုပညာရှင်အများစုက ထင်မြင်ယူဆခဲ့ကြသည်။ ပြီးခဲ့သော စက်တင်ဘာကထိုင်းနိုင်ငံအခြေစိုက် ကျန်းမာရေးသုတေသနအဖွဲ့ တစ်ခု၏ HIV ပိုးကူးစက်မှုကို
၃၀% အထိ တားဆီးနိုင်သည့် ဆေးဝါးပေါ်ထွက်လာသည်ဆိုသော သတင်းကို ကမ္ဘာတစ်ဝန်းကြားသိခဲ့ရသော်လည်း တကယ့်တကယ်တော့ သိပ္မံနည်းကျ စာရင်းဇယားတကျအစွမ်းမထက်ပါဟု ခွဲခြမ်းစိတ်ဖြာ လေ့လာချက်များအရ တွေ့ရှိခဲ့ရသည်။

ယခု ပဋိဇီဝဆေးကို တွေ့ရှိရခြင်းမှာ HIV ပိုး၏ ဗီဇမျိုးစိတ် တည်ဆောက်ပုံသည် မည်မျှပင် အချိန်နှင့်အမျှပြောင်းလဲနေစေကာမူ လုံးဝမပြောင်းလဲဘဲ ကျန်နေတတ်သော အစိတ်အပိုင်းများကိုဗြိတိန်သုတေသီများက တွေ့ရှိခဲ့ရာမှ အဆိုပါ မပြောင်းလဲသော ဗီဇမျိုးစိတ်အပိုင်းများကို တိုက်ခိုက်ရန် စွမ်းရည်မြင့် ပဋိဇီဝပစ္စည်းကိုပါထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။

ထိုစွမ်းရည်မြင့် ပဋိဇီဝပစ္စည်းများ၏ ပိုးကို တိုက်ခိုက်ပုံသည် ခုခံအားစနစ်ခေါင်းဆောင် CD4ဆဲလ်များ၏ တိုက်ခိုက်ပုံနှင့် တစ်စိတ်တစ်ပိုင်းအားဖြင့် တူညီမှုရှိပြီးအစွမ်းထက်မြက်မှု ရှိလှကြောင်း သုတေသီများက ပြောကြားကြသည်။ အဆိုပါ ပဋိဇီဝပစ္စည်းများသည် ဗိုင်းရပ်စ်၏ မပြောင်းလဲနိုင်သော မျိုးရိုးဗီဇအပိုင်းများကို တွယ်ကပ် တိုက်ခိုက်နိုင်ပြီး များပြားလှစွာသောဗီဇမျိုးကွဲများကို သုတ်သင်ဖယ်ရှားနိုင်ကြောင်း လေ့လာမှုကို ဦးဆောင်ခဲ့သူသုတေသီများထဲမှ တစ်ဦးဖြစ်သော ဒေါက်တာဂျွန်မက်စ်ကိုလာက ယခုလ ၉ ရက်နေ့ကရှင်းလင်းပြောဆို သွားခဲ့သည်။


၎င်းတို့အဖွဲ့သည် အခြား စမ်းသပ်မှု တစ်ခု အနေဖြင့်လည်း အဆိုပါ ပဋိဇီဝပစ္စည်းက HIV ဗိုင်းရပ်စ်ကို တွယ်ကပ်သတ်ဖြတ် နိုင်ပုံကို x-raycrystallography ခေါ် အိတ်စ်ရောင်ခြည်သုံး ပုံဖော်စက်ဖြင့်အနုမြူအရွယ်အစားအထိ ရှုမြင်လေ့လာနိုင်ကြပြီး အဆိုပါတွေ့ရှိချက်အမျိုးမျိုးတို့သည် HIV နှင့် တကွ ကူးစက်ရောဂါများတိုက်ဖျက်ရေးဆေးပညာအတွက် ပညာအလင်းမွေးဖွားခြင်း (Renaissance) တစ်ခု ဖြစ်ခဲ့ပြီဟုဆိုနိုင်ခဲ့ပြီ ဖြစ်ပါသည်။


မှတ်ချက်။ ။ ဘယ်ဟာ original မှန်းမသိလို့ link အားလုံးထည့်ပေးလိုက်ပါတယ်.
http://chocolatemyotaw.ning.com/profiles/blog/show?id=3019402%3ABlo...
http://www.myanmarfriendconnect.com/_HIV-/BLOG/2446402/67853.html
http://crazybag.ning.com/profiles/blogs/4800960:BlogPost:56326

No comments: