Sunday, March 3, 2024

မြို့ပွဲ

 


_________နုနုရည် (အင်းဝ)


(ရွှေအမြုတေ၊ နိုဝင်ဘာ၊ ၁၉၉၉။)


“ပွဲဦးအစ၊ မဏိစည်သူ၊ နောင်ဘုရား အကြိုတော်ထောက်မှာမို့ ရွာစားရေ ... ပုစွန့်လက်မ ကက္ကရရွှေစည်” 


“ရွှေခန်းမင်းကြီး ကြွလာပါပြီ ဘုရား၊ ရွှေခန်းမင်းကြီးပါ ဘုရာ့” 


“ပခန်း ဘဘကျော်ကြီးပါ ဘုရား၊ ပခန်း ဘဘကျော်ကြီးပါ ဘုရား” 


“x x x သိင်္ဂါရွှေရောင် x x x ထိန်ဝါဝေပြောင် x နန်း x ဆောင် ဆောင်ခန်း x x မန်းဘုံတွေ ဝင်းဝေလျှံ စံတည်ကာဖဲငယ်လို သဲငွေ့ ပြန့် x x ...” 


“ဟေ့ ... ဟေ ... ဟေ့ ... စိမ်းရောင်စို xx တောင်ညိုမြလှိုင်း × × × သီတာခွေလို့ ရေပတ်လည်ဝိုင်း ဟေ့ ... ဟေ့ ... ဖေကြီးရေ၊ ဖေကြီးရေ ...” 


အေ့ ... ထွီ၊ နေညိုတော့ လေပြိုသဟေ့၊ ပခန်းအဖေကြီးကို စောင့်မျှော်ခစား နေကြတဲ့ မောင်းမမိဿံ၊ မင်းပရိသတ် အစုံအညီ ပါလားဟေ့၊ ဟုတ်ကဲ့လား၊ ရွာစားကျော် ကျော်စိန်နီတူးနဲ့ အဆိုတော် မအာပြဲတွေကလည်း အတီးတွေ၊ အဆိုတွေနဲ့ အကြိုတော် ထောက်တယ်ပေါ့ ဟုတ်ကဲ့လား၊ ဟေ့ ... ဖေကျော်ကြီး လာရင် ပြည်တော်ကြီး တစ်ခုလုံး အေးစေရမယ်ဟေ့၊ ခြောက်မယ့်နတ် မဟုတ်ဘူး၊ ကျွေးမယ့်နတ်ကွ၊ ဟုတ်ကဲ့လား၊ အေ့ ... အေ့ ... ဆက်စမ်းအရက်၊ ဒါ ဘာလဲကွ၊ တုတ်ကောက်လေးနဲ့ ဂျော်နီ၊ ရော့ ... ပြန်ထားလိုက်၊ ဖေကြီး မကြိုက်သေးဘူး၊ ဟို အလယ်ကောင်က ပုဝိုင်းဝိုင်းကြီးက ဘာလဲ၊ ယူခဲ့စမ်း၊ ဘာ ... ချီးဗားစ်၊ မကြိုက်ဘူး၊ ဟိုဘက်က ပုလင်းကရောကွ၊ ရွှေရောင်ကလေး၊ ဂိုးလေဘယ် မြန်မြန်ဆက်ဟေ့၊ ဖေကြီး ကြိုက်ပြီ၊ ရွှေအတိတ် ရွှေနိမိတ်နဲ့ ရွှေရောင် လွှမ်းရအောင်။ ဖွင့်စမ်း၊ ရွှေအရက်ကို။ 


“x x ရွှေငွေလိုရာပစ္စည်း x စည်းစိမ်ပြည့် x အောင်စေ x x x တင့်ဆန်းခမ်းနားလွန်းတဲ့ ဇာတ်တော်သားမောင်တွေ x x x သိဒ္ဓိလိုရာ ပြည့်ကာ x x ရှင်းရှင်းလင်းလင်း x x x နဝင်းဓာတ်ကို ချွေ x” 


လိုရာ ပြည့်စေရမယ်ဟေ့၊ ဟုတ်ကဲ့လား ကိုးနဝင်း၊ ကိုးဓာတ်၊ အားလုံး အောင်စေအေးစေ ရမယ်ဟေ့၊ ဟိုညီဘွား ဘာကြည့် နေတာလဲကွ၊ လာ ... လာ ... ထစမ်း၊ ဘာလဲ မင်းဆက်ထားတဲ့ ရွှေအရက်ကို နှမြောနေတာလား၊ ဟုတ်လား၊ ကျယ်ကျယ်ပြော၊ ခုကျတော့ အသံလေးက တိုးတိုးလေး၊ မပွင့်တပွင့်၊ ညနေ ညနေ ကာရာအိုကေ စားသောက်ဆိုင်၊ ရက်စတောရင့်တွေ မှာတော့ မင်းအသံ ဒီလို ဟုတ်မထင်ပါဘူးကွာ၊ ဖေကြီးကို ဆက်ရတဲ့ ရွှေအရက်ဖိုးက မင်း အဆိုတော် ကောင်မလေးတွေကို စွပ်တဲ့ ပန်းကုံဖိုးလောက် မများပါဘူးကွ၊ ဟုတ်ကဲ့လား၊ ရှက်မနေနဲ့၊ ပြောစမ်း၊ မင်း ပင်လယ် ငါးဖမ်းလှေက ဘယ်လောက်နဲ့ ရောင်းချင်တာ၊ ငါးဆယ်၊ ဘာ ... ပြောပါ ကျယ်ကျယ်၊ လေးဆယ်၊ အေး ... လေးဆယ် မရနိုင်ဘူး၊ သုံးဆယ်ကျော် ရမယ်၊ သုံးဆယ်ကျော် ရရင် တော်ပြီလား၊ ရပြီလို့ သဘောထားလိုက်၊ ခဏနေ ယူမယ့်လူ လာလိမ့်မယ်၊ မင်းတို့ချင်း တစ်ခါတည်း တွေ့လိုက်၊ ပြီးရော မဟုတ်လား၊ အေး ... မင်းတို့သစ္စာ၊ လူမှာကတိတဲ့၊ မင်းကတိ မင်း မှတ်မိသလား၊ ဒီစက်လှေ ရောင်းထွက်ရင် ဒီနှစ် တောင်ပြုန်း နန်းတော်ကြီးမှာ လိပ်ပြာရှင် အထိန်းကတော်ကို တက်ပွဲ ပေးပါမယ် ဆိုတဲ့ ကတိစကား အားလုံး အကြားဟေ့၊ ပြီးခဲ့တဲ့ အပတ်က အင်ဂျင်နီယာကြီး ပေးတဲ့ပွဲမှာ ဟောဒီလို လက်ဝါးချင်း ရိုက်ခဲ့တာဟေ့၊ ဟုတ်ကဲ့လား။ 


ဟေ့ ... ညီဘွား၊ ကျေနပ်တယ်နော်၊ အေး ... ကျေနပ်ရင် သွား ... ထိုင်၊ နေဦး ... ခဏ၊ ရော့ .... အောင်မြင်ခြင်း အထိမ်းအမှတ် ရွှေအရက်လေး တစ်မော့ မော့သွားဦး၊ သွားတော့၊ ထိုင်တော့။ လာခဲ့ နောက်တစ်ယောက်၊ ဟိုဟာမ၊ ဟိုဟာမ စိန်မိုက်ကယ် ဝမ်းဆက်နဲ့ စိန်ပွဲစားမမ၊ ကြွခဲ့ပါဦး ရှေ့နားကို။ ပြောစမ်း၊ ရှုပ်နေတဲ့အမှု၊ ဖေကြီး ရှင်းပေးလိုက်တာ လင်းသွားပလားဟေ့။ ပွဲစားသက် ဘယ်လောက်ရင့်ရင့် လူယုံသတ်တော့ ခံရတာပဲ မဟုတ်လား။ ဆယ်သိန်းတန် စိန်လက်ကောက်၊ နည်းတဲ့ ပစ္စည်းလား၊ အဲဒီတုန်းက နင် ဒီလို ခဲတံနှုတ်ခမ်းနီ အညိုလေး ဆိုးနိုင်သလား၊ မရယ်နဲ့ ဖေကြီးကယ်လို့ နင် ဒီလို ရယ်နိုင်တာ မဟုတ်လား။ အေး ... ဒီတော့ ဖေကြီး အမိန့်စကား ဘာတဲ့တုံးဟဲ့၊ ဝတ်လဲတော် ရွှေပုဆိုး အမျိုးမှန် အဖိုးတန် လွန်းရာကျော်နဲ့ ဆွစ်ဇာလန်တိုင်းဖြစ် ရွှေဇာဖျင် ပဝါရောင်စုံများ ဆင်မြန်းလိုတယ်လို့ အမိန့်မှာတမ်း ခြွေထားတယ် မဟုတ်လားဟေ့၊ ခေါင်းညိတ်နေလို့ မပြီးဘူး၊ တစ်ပတ်အတွင်း လာဆက်၊ လိပ်ပြာရှင် အထိန်းကတော် ခရီးထွက်ရမယ်၊ ခရီးစဉ်က တောက်လျှောက်၊ ပွဲစဉ်တွေက တောက်လျှောက်၊ ဒီပွဲ ပြီးတာနဲ့ မြစ်ဝကျွန်းပေါ်ဘက်၊ ဟင်္သာတနဲ့ ဖျာပုံက အင်းသူကြီးနဲ့ ဆန်ကုန်သည်ပွဲ၊ နှစ်ပွဲပြီးရင် ရန်ကုန် ပြန်လာ၊ အရက်ကုမ္ပဏီ တစ်ပွဲ၊ ပြီးတာနဲ့ မန္တလေးတက်၊ တောင်ပြုန်း အရှင်နှစ်ပါးပွဲ မစခင် ကြိုပွဲပေါ့။ စိန်တိုက်တစ်ပွဲ က၊ ပြီးရင် တောင်ပြုန်းကူး၊ ဟိုမှာ အင်ဂျင်နီယာနဲ့ ဟောဟိုက စက်လှေသူဌေးတို့ရဲ့ နှစ်ထပ်တက်ပွဲက၊ မင်းနှစ်ပါး ချိုးရေတော် သုံး၊ ပြီး နောက်တစ်နေ့ ညမှာ။ ပြီးတော့ ဝါခေါင်လဆန်း ဆယ့်သုံးရက်ကျ မိန်းမနတ်တက်ပွဲ၊ တောင်ပြုန်းပြီးရင် အမရပူရမှာ သမားတော်ကြီးရဲ့ ပျော်ပွဲအောင်ပွဲ၊ ပြီးတာနဲ့ ရတနာ့ဂူပွဲဝင်၊ အမယ်လေး၊ မောလိုက်တာ၊ ပေးစမ်းတဲ့ ရွှေအရက်၊ အာခြောက်တယ်၊ ဟဲ့ ... အဲယားကွန်း နှစ်လုံးစလုံး ဖွင့်ရဲ့လား၊ အအေးခလုတ်ကို မိုင်ကုန်တင်စမ်း၊ အိုက်တယ်၊ ကိုယ့် ပရိသတ်ကလည်း များတာကိုး၊ အထိန်းကတော်ရဲ့ တိုက်ခန်းမ ကျယ်လှပြီ ထင်တာ၊ ဟော ... ဟော လာကြပြီ၊ လာကြပြီ၊ အမေတွေ၊ အမေတွေ၊ မိခင်တွေ၊ ကဲ ... မိခင်တွေကို ဂုဏ်ပြု လိုက်ကြရအောင်။ 


“x x မာတာမိခင် x ချစ်ရေစင်က ကြည်လင်အေးမြ x စမ်းရေကျသို့ × × ဘဝလွန်ကဲ လှိုက်လှဲချစ်စွာ x x x ခိုင်မြဲမေတ္တာ ... ဥပမာ တင်စရာ x x x သီဒါခုနစ်တန် ပဗ္ဗတ္တနှယ်ထု x x x မေယုဗဟို၊ မြင်းမိုရ်ပဗ္ဗတ္ထ x x x နှိုင်းစံမရ x x အနန္တဂိုဏ်းဝင် x x ကျေးဇူးရှင်ဟု ဂုဏ်တင်မြှင့်စေ x x x ခေါ်ကြပါပေ x မေမေ x x မေမေ x x မေမေ xx” 


အေး ... မိခင်မေတ္တာ ဆိုတာ မြင်းမိုရ်တောင်ထု ပမာပြုရင်တောင် မိခင်မေတ္တာက သာချင်သေးသတဲ့ဟဲ့၊ ဪ... အ(ေ!)မတွေက ဖေကြီးကျော်ကို ပျော်ကြေး ဆက်ကြဦးမလို့လား ကဲ ... ကဲ ... ရော့ အမြဲရွှင်နေအောင်၊ ဘဲကင်စားကြ၊ ဟုတ်ကဲ့လား၊ အင်း ... အမြဲရွှင်နေအောင် ဘဲကင်ကို ဘာလို့ ကျွေးရတာလဲ ဆိုတော့ အင်း ... ဟဲ့ ... မိခင်နဲ့ ကလေးဆိုတာ ဘာလဲဟေ့၊ အားနွဲ့တဲ့ မိန်းမသားလေးတွေကို စောင့်ရှောက်ဖို့ မဟုတ်လားဟေ့၊ အေး ... မိန်းမတွေထဲမှာလည်း ကိုယ့်ရင်သွေးကို ကြက်လို ရင်အုပ်မကွာ စောင့်ရှောက်တတ်တဲ့ မိန်းမတွေ ရှိသလို ဘဲလို ဥပြီးတာနဲ့ ပစ်သွားတတ်တဲ့ မိန်းမတွေလည်း ရှိတယ်၊ အဲ ... အဲဒါကို တန်ပြန်ဆန့်ကျင် နိယာမသဘော အနေနဲ့ အမေတွေကို ဘဲကင် ကျွေးတာဟေ့၊ ကဲ ... လုပ်လိုက်ပါဦး၊ “မေမေ” လေး၊ နောက်တစ်ကျော့လောက်။ မေမေ ... မေမေ ... မေမေ။ လာ ... လာ ... တို့မြို့သူ အမေမင်းသမီးကြီး လာခဲ့၊ ဆိုင်းနောက်ကနေ အော်ချည်း မနေနဲ့။ ရှေ့ကို ထွက်က၊ အမေသီချင်းကို အမေက ကပြီး ဖေကြီးကို ချော့၊ ဟုတ်ပြီ ကလိုက်စမ်း၊ ဟဲ့ ... မကရတဲ့ နှစ်တွေအတွက် အတိုးချ ကစမ်းဟေ့။ ဟိုတုန်းက တစ်ခေတ် တစ်ခါက နာမည်ကျော်ခဲ့တဲ့ မင်းသမီးကြီး၊ ခုတော့ ဖေကြီးကျော်ရဲ့ မောင်းမကြီး၊ ကဲ ... ရပ် ... တော်တော့၊ တော်တော့၊ အမယ်လေး ... နွှဲပစ်လိုက်တာ ချွေးတွေများတောင် ထွက်လို့၊ သွား 'သွား။ ကဲ ... ကဲ ... ဟိုနောက်က စာရေးဆရာ ကတော်ကြီး၊ ထပါဦး၊ ထပါဦး၊ ဘယ်မလဲ ဖေကြီးအတွက် ပုလင်း၊ ဟင် ... စာရေးဆရာက အပြောကတော့ ကောင်းတယ်၊ နောက်ရေးမယ့် စာအုပ်က မိန်းမငယ် တစ်ယောက်ရဲ့ ဘဝအကြောင်း ဟုတ်လား၊ အဲလိုဆိုတော့ မိန်းမတွေ ဘဝနဲ့ အားမာန်တွေပေါ့၊ အဲဒါဆိုရင် ဒီအကြောင်းအရာဟာ အမေတွေနဲ့ ဆိုင်တာပေါ့၊ ကဲ ... ဒီစာအုပ်ထွက်ရင် အမေတို့ ဒီမြို့နယ်အတွက် သုံးရာ တာဝန်ယူလိုက်၊ မကောင်းဘူးလား၊ တခြားမြို့နယ် တွေလည်း ကြော်ငြာပေးလိုက်၊ ဟုတ်ကဲ့လား ...၊ အမယ်လေး ... ဖေကြီးကျော်မှာ စာအုပ် ကိုယ်စားလှယ်လည်း လုပ်ရသေးတာ၊ ကဲ ... စာရေးဆရာ ကတော် ကျေနပ်ပြီလား၊ ဖေကြီး ကျေနပ်အောင်၊ ဖေကြီး ပျော်အောင်၊ ဖေကြီး ကြက်လောင်းရင် လောင်းကြေး တထောင် လောင်းရမယ်၊ ဟုတ်ကဲ့လား၊ ကဲ ... ကဲ ... ကားပွဲစား ကတော် မဟဝှာ၊ လက်အုပ်လေး ချီလို့၊  ဖေကြီးနား ကပ်လာပြန်ပြီ။ ဘယ်ကားကို ရောင်းခိုင်းဦးမလို့တုံး၊ ဟေ ... အံမာ ...၊ ဒီငါးရာတန်လေး တရွက်က ပွဲခလား၊ ရောင်းလိုက်ရတဲ့ ကားက နှစ်ဆယ်ကျော်၊ ဟဲ့ ... နင်တို့ အမြဲတမ်း ထောင်ထောင် ထောင်ထောင်နဲ့ နေချင်တာ မဟုတ်လား၊ ထောင်တန် ထုတ်စမ်း၊ တရွက် မရဘူး၊ နှစ်ရွက် ထုတ်၊ ဟဲ့ ... မှတ်မိရဲ့လား၊ ဟိုတခါ ကားတုန်းကလည်း ဖေကြီး ဘယ်လို ထုတ်ပေး လိုက်သလဲ၊ အိမ်မှာ ပျော်ပွဲ ပေးတုန်းကလေ၊ အိမ်ပေါ်ကို နတ်လည်း ရောက်နေပြီ၊ ဆိုင်းတောင် ရောက်နေပြီ၊ အဲဒါကို အိမ်ရှေ့ ရပ်ထားတဲ့ကား ရောင်းချင်တယ်။ ဒါမှ နတ်ပွဲ ကြီးကြီးကျယ်ကျယ် ပေးနိုင်မှာ ဆိုလို့လေ၊ အထိန်းကတော် သောက်နေတဲ့ ရေနွေးခွက်နဲ့ ပက်၊ ဆန်တဆုပ် ကျဲပြီး စိန်ပန်းခက်နဲ့ ရိုက်လိုက်တာ ထွက်သွားတာပဲ မဟုတ်လား။ အေး ... နေဦး၊ ဒီနှစ် တောင်ပြုန်း လိုက်မှာဆို၊ လိုက်မှာလား၊ အို ... ဘာနဲ့ လာလာ၊ ကြိုက်တာနဲ့ လာ၊ လေယာဉ်ပျံနဲ့ လာလာ၊ မီးရထားနဲ့ လာလာ၊ ကားနဲ့ လာလာ၊ ကြိုက်တာနဲ့ လာ။ ဖေကြီးကျော် ကတော့လေ နတ်ချစ်သူ အပေါင်းကို ဘာနဲ့ခေါ်မလဲ သိလား ...။ 


“ဟေ့ ... စိန်ခွါသံ x x မြိုင်ယံပေါ်၊ ပန်းခင်းတဲ့လမ်းကိုနော် x x x အဿဇာနည်မော် x x x ဇက်ကိုဖွင့်လို့၊ လာပေါ့ ကိုကြီးကျော် ...” 


ဖေကြီးကျော်က နတ်ချစ်သူ အပေါင်းကို မြင်းပေါ်တင်ပြီး အားလုံးကို ခေါ်မယ်လို့၊ လိုက်ကြမယ် မဟုတ်လား၊ ကဲ ... အားလုံးကို စားတော်စာ ပန်းသီးပွဲ ချပြီး ဝေလိုက်ပါဦး၊ အားလုံး အောင်စေ၊ အေးစေ ရမယ်ဟေ့၊ ဟုတ်ကဲ့လား။ ကဲ ... ကဲ ... ဘာလဲ ... ဘာလဲ။ ကပ်လာပြန်ပြီ။ နောက်တယောက်၊ ကန်ထရိုက်တာ မမ၊ ဘယ်အိမ်တွေ၊ တိုက်ခန်းတွေ ရောင်းခိုင်းဦး မလို့လဲ၊ ကန်ထရိုက်တွေ အကုန်လုံး ပိုက်ဘော မိနေတာ၊ နင်လည်း အများနည်းတူ ခံရမှာပဲ။ ဒါပေမဲ့ ဖေကြီး ထုတ်ပေးလို့ နင့်အခန်းတွေ အများကြီး ထွက်တယ် မဟုတ်လား၊ နင် မုန့်လက်ဆောင်းကုန်းမှာ နေတုန်းက ဖေကြီး ဟောခဲ့တာလေ၊ အိမ်ငှါးနေတုန်း အိမ်လိုချင်တယ်၊ ရွှေမထုခွဲချင်ဘူး ဆိုလို့လေ၊ ဟေ့ ... မထုခွဲရဘဲ အိမ်ပိုင်ရမယ်လို့ တခါတည်း အိမ်ရှင်က အကျပ်အတည်း ဖြစ်ပြီး ဈေးပေါပေါနဲ့ ထိုးပေး သွားရတယ် မဟုတ်လား။ အေး ... အေး၊ ဘယ်အိမ်လဲ ... သံ(သန်!)လျင်က အိမ်လား၊ အေး ... ထွက်စေချင်ရင် ကိုယ့်ဘုရားကျောင်းမှာ မုံ့ဆန်းလေး ကောင်းကောင်းလုပ်၊ သရက်သီးလေး၊ ပန်းသီးလေးနဲ့ တင်လိုက်၊ စာဖတ်တဲ့ ဆရာတွေ စားရအောင်၊ ဟုတ်ကဲ့လား၊ ဟော ... ဟော ... ဟိုအဘွားကြီး ဒါက ဘယ်တုံး၊ ပြန်မလို့လား၊ ဟုတ်လား၊ ဖေကြီး ကြက်လောင်း မပြီးခင် ပြန်ရတယ် ဆိုတဲ့ ထုံးစံ ရှိလို့လား၊ ပြောပါဦး၊ ကဲ ... ဘယ်မလဲ။ လက်ဝါးချင်း ရိုက်ထားတဲ့ ပုလင်း ပါသလား၊ ပါးစပ်က ပြောပါ၊ လက်ညှိုး ထိုးပြ မနေပါနဲ့၊ အေး ... စင်ပေါ်က ပုလင်း၊ ဘယ်ပုလင်းလဲ၊ ဟို ဂျော်နီပုလင်း အနီလား၊ တပုလင်းတည်းလား၊ ခေါင်းမညိတ်နဲ့ မရဘူး၊ ငါ နိုင်ငံခြားကို ပို့တာ နှင့်သား တယောက်တည်း မဟုတ်ဘူး၊ နှစ်ယောက်၊ ညီအစ်ကို နှစ်ယောက်ကို ပို့ပေးတာလေ၊ တပုလင်းနဲ့ ရမလား၊ နောက် တပုလင်း နက်ဖြန် ယူခဲ့။ ကဲ ... သွား၊ ပြန်ချင်ပြန်၊ အဘွားကြီး ဆိုတော့ ခါးနာ၊ ကျောအောင့် ကြာကြာ မထိုင်နိုင်ဘူး၊ ဟုတ်ကဲ့လား။ 


ကဲ ... ဟိုမောင်းမကြီး ကရော ဘာပြောချင်တာတုံး၊ ပြောပါဦး။ နိုင်ငံခြားခရီး ကိစ္စပဲ မဟုတ်လား၊ ပြီးခဲ့တဲ့နှစ်က ဂျပန်ကိစ္စ၊ ဂျပန်သွားဖို့ ဖြစ်တယ် မဟုတ်လား။ ဖေကြီးက သဘောမတူလို့ လေယာဉ်ပျံ လက်မှတ်တွေ ဝယ်ပြီးမှ အကုန်ဖျက်ပစ်ရတယ် မဟုတ်လား။ အေး ... အခု သွားရမှာက ဘယ်အရပ်ကတုံးဟေ့၊ အမေရိကား၊ ရတယ်၊ လုပ်လိုက်တော့၊ လေယာဉ်ပျံ လက်မှတ်တွေ၊ ဗီဇာတွေ၊ ပတ်စပို့တွေ၊ ဖေကြီးက သွားခွင့်ပြုတယ်၊ ဟုတ်ပြီလား။ ထွက်ခါနီးရင်တော့ အိမ်မှာ ထိုင်ပွဲလေး တပွဲပေးလိုက်။ ပြီးတော့ ဖေကြီး ပဝါတပိုင်းကို ဆောင်သွား။ ဘာအန္တရာယ်မှ မရှိ။ အားလုံး အဆင်ပြေ ရမယ်ဟေ့။ နေဦး ... မောင်းမကြီးက ခေါ်လာတဲ့ ဗီဒီယို မင်းသားရဲ့ မိန်းမရော။ မွေးပြီးပြီလား၊ ဟိုတပတ်က အထိန်းကတော်ဆီကို ကလေးမွေးဖို့ တယ်လီဖုန်းနဲ့ ရက်တောင်းလို့ ရက်ပေး လိုက်ရသေးတယ်။ ပြောလိုက်ဦး။ တယ်လီဖုန်းနဲ့ ဆက်ပြီးတော့ ဖြစ်ဖြစ်၊ အထိန်းကတော် ပေးတဲ့ရက် မွေးတယ်ဆိုရင် ပုဆိုး တအုပ်၊ ပဝါ တပိုင်း၊ ပုလင်း တလုံးနဲ့ လာခဲ့ရမယ်လို့၊ ဟဲ့ ဒံပေါက်ပွဲတွေ ချ။ ဇွန်းခက်ရင်းတွေ တပ်၊ ဆာတဲ့လူတွေ စားကြ၊ အအေးသံဗူးတွေရော သောက်ကြ၊ ရှိတယ်၊ မနက်ကပဲ အအေးဗူးတွေ ထုတ်တဲ့ ကုမ္ပဏီပိုင်ရှင် ကိုယ်တိုင် လာပို့သွားတာ၊ ငါး ပါကင်တောင်။ အဲဒီ ကုမ္ပဏီပိုင်ရှင်ရဲ့ အမေက သားအိမ်မှာ အလုံးဖြစ်တာ၊ ကင်ဆာအလုံးပေါ့၊ ခွဲရမှာတဲ့၊ မခွဲချင်ဘဲ ပျောက်ချင်တယ်တဲ့၊ မိန်းမတွေ ဖြစ်တဲ့ ရောဂါဆိုတော့ အနောက်အမေကြီးနဲ့ ဆိုင်တာပေါ့။ အနောက်သခင်မကြီးကို တိုင်တည်ပြီး ကုပေးလိုက်တယ်။ ဟော ... နောက်ရက်ကျ မခွဲရတော့ဘူးတဲ့။ သက်သာ သွားသတဲ့။ နတ်က အိုဂျီတော့ မဟုတ်ဘူးပေါ့။ အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာတဲ့။ ဟုတ်ကဲ့လားဟေ့ ...၊ ဟော ... ဟော ... ကြည့်စမ်း၊ လှေကားဝမှာ ဘီယာနဲ့ ပြည်သာအောင် လုပ်နေတဲ့ ညီဘွားကြီး၊ လာခဲ့စမ်း၊ အဖေကြီးကို အခစား နောက်ကျလှချည့်လားကွ၊ ဟေ ... ဘယ်မလဲ ဘီယာ၊ ဘယ်နှစ်ကပ် ပါလဲ၊ တဒါဇင် မပါရင် မင်း ဖေကြီးနား မကပ်နဲ့ကွာ၊ ပါရဲ့လား၊ အေး ... ဟုတ်ပြီ။ မင်းရဲ့ ဘီယာဆိုင်တွေ တမြို့နယ်ပြီး 

တမြို့နယ်၊ တတိုင်းပြီး တတိုင်း၊ တပြည်လုံး ပျံ့နှံ့ သွားစေရမယ် ဆိုရင် ကျေနပ်မလား၊ ဟေ့ ... အေး ... အောင်စေရမယ်၊ အေးစေရမယ်၊ ဒီနားမှာ ထိုင်ခစား၊ စီးကရက်လည်း ကြည့်သောက်၊ ကော်ဇောတွေ မီးလောင် ပေါက်ဦးမယ်။ ကဲ ... ကဲ ... ခုနှစ်ရက်သားသမီး ပြဿနာ ဖြေရှင်းရတာနဲ့ ဖေကြီး ကြက်လောင်းချိန် နောက်ကျတော့မယ်။ ဟေ့ ... ဖေကြီး ဖလားမှာ သောင်းငွေကျော်မှ ဖေကြီး လောင်းမှာနော်၊ သောင်းငွေကျော်မှ ဖေကြီး လောင်းမှာ၊ ကဲ ... ရွာစားရေ ...။ 


“ဂုဏ် ... ဂုဏ် ... ဂုဏ် ... ဂုဏ်ဆိုတာ ငွေကိုခေါ်တယ် ... ငွေကိုသာ ရေလိုသုံးရင် ... တပြည်လုံးမှာ ... လုပ်သမျှတင့်တယ် ... ဟေ့ ... ဂုဏ် ... ဂုဏ် ... ဂုဏ်တဲ့ဗျ” 


#နုနုရည်အင်းဝ

#မြို့ပွဲ


ချစ်ခြင်းများစွာဖြင့်....

#shared_by_louis_augustine စာပျေပ့ခ်ျထဲမီ ကူးယူမျှဝေပေးပါသည်။

No comments: