Thursday, March 14, 2024

"ပန်းချီဆရာကြီး ဦးအုန်းလွင်"

◾ ရေးသူ - ပန်းချီသိန်းဇံတင့်


ပန်းချီဆရာကြီး ဦးအုန်းလွင်ဟု စာနယ်ဇင်းလောကတွင် အောင်မြင်ကျော်ကြားနေချိန် စာရေးသူ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ပန်းချီအနုပညာ ကျောင်းတက်နေစဉ် ၁၉၇၀-၁၉၇၁ ခုနှစ် ပညာသင်နှစ် ဒုတိယနှစ်သင်တန်းတက်ရောက်သင်ကြားနေချိန် ပန်းချီ သင်တန်းသား၊ သင်တန်းသူများအား ကန်တော်ကြီးမြေပဒေသာကျွန်း ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ဦးမှ မြင်တွေ့နေရသော ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လက်တွေ့ရေးဆွဲပြသ၊ သင်ကြား ပေးသွားတာကိုစာရေးသူအပါအဝင် ကျောင်းသား၊ ကျောင်းသူအားလုံးတို့က ဆရာကြီး၏လက်ရာကိုထူးခြားစွာဖြင့် တွေ့မြင်ခဲ့ကြရသည်။ ရေဆေး၏ အယူအဆ၊ ရေးနည်းရေးဟန်များအား သတ်မှတ်ရေချိန် အတိုင်းအတာ၊ ရေဆေးအကြည် (Water Colour) အား ကျွမ်းကျင် ပိုင်နိုင်စွာဖြင့် ရေးဆွဲပြသသွားတာကို စာရေးသူတို့ အတုယူရေးဆွဲကြရာဆရာကြီး၏ လက်ရာနှင့် ဆီနှင့် ရေလိုပါပဲကွာခြားလှသည်။


နောင်တစ်ချိန်တွင် ပန်းချီ ဆရာကြီး ဦးအုန်းလွင် ဖြစ်လာမည့် ငယ်နာမည် 'အပါ'လေးကို မွန်ပြည်နယ် မုဒုံမြို့ နယ် တံခွန်တိုင်ကျေးရွာ၌ အဖ ဦးငယ်၊ အမိ ဒေါ်ရွှေသဲတို့က ၁၉၀၇ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် ဖွားမြင်သည်။ မွေးချင်းမောင်နှမ ခုနစ်ဦးရှိကာ အစ်ကိုကြီး လေးဦးနှင့် အစ်မကြီးနှစ်ဦးတို့ရှိကြပြီး အငယ်ဆုံးသား ဖြစ်သည်။ ငယ်စဉ်အရွယ်က ဇာတိမြေမှ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ပဲခူးတိုင်း သာယာ၀တီမြို့ (B.M.A)ကျောင်း၊ပြည်မြို့ အထက်တန်းကျောင်းနှင့် ရန်ကုန်မက်သဒစ် ဟိုက်စကူးကျောင်းတွင် အဋ္ဌမတန်းအထိ ပညာသင်ကြားခဲ့သူဖြစ်သည်။


ကျောင်းမှပြုလုပ်သော ဘေဒီရှိုးပြပွဲတွင် ဆရာ ဦးအုန်းလွင်၏ လက်ရာကို ပညာဝန် ဒေါ်မြစိန်က တွေ့ရှိ သဘောကျသွားသဖြင့် ဝင်ဆာနယူတန်ကုမ္ပဏီက ပန်းချီပစ္စည်း ကျပ် ၂၀ ဖိုး ဝယ်ယူခွင့်ပေးခဲ့သည်။ပြည်မြို့၌ အဋ္ဌမတန်းအောင်မြင်သောအခါ ၁၉၂၆ ခုနှစ် မေလတွင် မြန်မာအဆွေကုမ္ပဏီက ထုတ်ဝေသည့် ဒဂုန်မဂ္ဂဇင်းက ကျင်းပသော ပန်းချီပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆရာဦးအုန်းလွင်က စတုတ္ထဆုရရှိခဲ့သည်။ ဆရာဦးဘလုံက ပထမဆု၊ ဆရာဦးမောင်မောင်တင်က ဒုတိယဆု၊ ဆရာဦးစုက တတိယ ဆုနှင့် ဆရာဦးအုန်းလွင်က စတုတ္ထဆု ရရှိခဲ့ခြင်းပင် ဖြစ်သည်။


၁၉၂၆ ခုနှစ် ဇူလိုင်လတွင် မြန်မာအဆွေကုမ္ပဏီ၌ တစ်လ ကျပ် ၄၀ ဖြင့်ပန်းချီဆရာအဖြစ် ဝင်လုပ်ခဲ့သည်။ တစ်နှစ်ခန့်ကြာသော် ဆရာဦးဘလုံက ခေါ်သဖြင့် မြန်မာအဆွေကုမ္ပဏီမှထွက်ကာ 'ဘလုံအုန်းလွင်' စတူဒီယိုဖွင့်၍ ကိုယ်ပိုင်ပန်းချီလုပ်ငန်းလုပ်ကိုင်ခဲ့သည်။ ဘားမားအတ်ကလပ်တွင်လည်း ဆရာဦးဘဉာဏ်၊ ဦးဘဇော်တို့၏ ပန်းချီသင်တန်းတွင် ရေဆေးပညာကို လေ့လာသင်ယူခဲ့သည်။


၁၉၂၉ ခုနှစ်တွင် ဗြိတိသျှဘားမားမှ ပန်းချီ ဦးစံလွင်ကခေါ်သဖြင့် လက်ထောက်ပန်းချီဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် လခစားပန်းချီဆရာအဖြစ်မှ နုတ်ထွက်၍ လွတ်လပ်သော ပန်းချီဆရာဘ၀ဖြင့် ရပ်တည် နေထိုင်ခဲ့သည်။ တွံတေး မြို့သူ မသန်းနှင့် အိမ်ထောင်ကျခဲ့သည်။


ပန်းချီဆရာကြီး ဦးအုန်းလွင်သည် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် ကိုယ်စားလှယ်အဖြစ် ၁၉၅၂ ခုနှစ်တွင် တရုတ်နိုင်ငံပေကျင်းမြို့သို့ သွားရောက်ခဲ့ရသည်။ ပေကျင်းမြို့ အစိုးရအနုပညာကျောင်း၌ ပန်းချီအနုပညာကို လေ့လာခဲ့သည်။ ၁၉၅၈ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့သို့ သွားရောက်ခဲ့ရာ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ ရူမေးနီးယားနိုင်ငံတို့တွင် ပန်းချီနှင့် အခြား အနုပညာများကို လေ့လာခဲ့ရသူဖြစ်သည်။


ပန်းချီဆရာကြီး ဦးအုန်းလွင်သည် ပန်းချီဆရာကြီးများဖြစ်ကြသော ဆရာကြီး ဦးဘဉာဏ်၊ ဆရာကြီး ဦးဘဇော်၊ ဆရာ ဦးဘလုံနှင့် ဆရာဦးစံလွင်တို့ထံမှ ပန်းချီပညာများ ဆည်းပူးခဲ့ရသည်။ ၁၉၂၆ခုနှစ်မှစ၍ ဒဂုံမဂ္ဂဇင်းတွင် စာနယ်ဇင်းသရုပ်ဖော်ပန်းချီများစွာ ရေးဆွဲခဲ့သူဖြစ်သည်။ မြန်မာ့ရိုးရာပန်းချီနှင့် ဥရောပပန်းချီကို ပေါင်းစပ်၍ ရေးခြယ်မှုကို စတင်ခဲ့သူလည်း ဖြစ်ပေသည်။


ပန်းချီဆရာကြီး ဦးအုန်းလွင်သည် ပန်းချီပညာသာမက ဂီတနှင့် အကပညာကိုလည်း မြတ်နိုးစွာ လိုက်စားခဲ့သူတစ်ဦးဖြစ်သည်။ ပန်းချီဆရာကြီး ဦးအုန်းလွင်သည် မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်အဝရှိသူဖြစ်သည်။ ထို့ကြောင့်လည်း အောင်မြင်ခဲ့သူဖြစ်သည်။ ၁၉၂၆ခုနှစ်မှစ၍ပန်းချီလောကထဲသို့ရောက်လာပြီး သူ၏ စိတ်၊ သူ၏မျက်စိဖြင့် နှစ်ပေါင်း ၆၀ ကျော် ပန်းချီအတွက် အပေးအယူလုပ်ခဲ့သည်။ စာလည်းရေးခဲ့သူဖြစ်သည်။ ပန်းချီဆရာကြီး ဦးအုန်းလွင်ရေးသားခဲ့သော ဆောင်းပါးမှာ ရှုမ၀မဂ္ဂဇင်းတွင် အခန်းဆက်ပါခဲ့သော 'ရက်ပေါင်း ၄၀ စိန့်တိုင်းဝယ်' ဖြစ်သည်။


စာရေးသူ စန္ဒာရုပ်စုံမဂ္ဂဇင်းတွင် ခေါင်းစီးစာတန်းလေးတွေ ရေးဆွဲနေရချိန်တွင် တစ်နေ့မှာ စာရေးသူအား ယမန်နေ့ကအပ်လိုက်သော ခေါင်းစီးစာတန်းကို ရေးပြီးသွား၍ မဂ္ဂဇင်းတိုက်သို့ လာပြန်အပ်ချိန် စန္ဒာမဂ္ဂဇင်းရုံးခန်းအတွင်းက ငွေထုတ်ပေးသူ၏ စားပွဲရှေ့ခုံတွင် ထိုင်နေသော ပန်းချီ ဆရာကြီး ဦးအုန်းလွင်အား မြင်တွေ့လိုက်ရချိန် အယ်ဒီတာစားပွဲတွင် ထိုင်နေသော ဆရာကြီးဦးတင့်တယ်အား စာရေးသူကရေးဆွဲလာသော ခေါင်းစီးစာတန်းအားပြသလိုက်စဉ် ဆရာကြီးက သေချာစွာကြည့်ပြီး စာရေးသူအား "ဉာဏ်ပူဇော်ခ သွားထုတ်လိုက်" ဟု ပြောလိုက်သဖြင့် စာရေးသူကငွေထုတ်ပေးသူ၏ စားပွဲရှေ့ခုံတွင် ထိုင်လိုက်ရာ ငွေထုတ်ပေးသူက စာရေးသူအားငွေထုတ်ပေးလိုက်သဖြင့် စာရေးသူလည်းငွေထုတ်ပေးသူနှင့် ဆရာကြီး ဦးတင့်တယ်အား နှုတ်ဆက်၍ ရုံးခန်းအတွင်းမှ ထွက်ခဲ့သည်။ ဗိုလ်ချုပ်လမ်းဘက်သို့သွားနေသော ပန်းချီဆရာကြီး ဦးအုန်းလွင်ကို မြင်လိုက်သဖြင့် မီအောင်လိုက်ပြီး ဆရာကြီး၏ လက်ကိုဆွဲကာ "ဆရာကြီးကို ကျွန်တော် လက်ဖက်ရည်တိုက်ပါရစေ" ဟု ပြောကာ ဆရာကြီး ဦးအုန်းလွင်အား ဘေးနားတွင်ရှိနေသော ဘားလမ်း (ယခု မဟာဗန္ဓုလပန်းခြံလမ်း) အတွင်းရှိ 'ရွှေမင်းသမီး'လက်ဖက်ရည်ဆိုင်အတွင်းသို့ လက်ဆွဲခေါ်လာပြီး လွတ်နေသော စားပွဲခုံတွင် နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ကြကာ ကိုယ့်ကိုယ်ကိုယ်ပဲ ပဏာမ ဆရာကြီးအား မိတ်ဆက်ပေးခဲ့ရသည်။


ပန်းချီဆရာကြီး ဦးအုန်းလွင်ကလည်းကိုယ် ဝါသနာပါတဲ့ အလုပ်ကို ကြိုးစားကာ တိုးတက်အောင်မြင်အောင်လုပ်ဖို့ ၊ နာမည်မပျက်ရလေအောင် လုပ်ကိုင်ဖို့ မှာကြားခဲ့ဖူးသည်။ ဆရာကြီးဦးအုန်းလွင်နှင့် ဒီတစ်ကြိမ်ရင်းရင်းနှီးနှီး မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရတာပါ။ ဆရာကြီးက လက်ဖက်ရည်သောက်၊ မုန့်စားပြီး ဆရာကြီး ဦးပြည့်စုံနှင့် ချိန်းထားလို့ဟုဆိုကာ နှုတ်ဆက်၍ ထသွားပါတော့သည်။


ပန်းချီဆရာကြီး ဦးအုန်းလွင်၏ ဟန်ပန် စရိုက်လက္ခဏာများကို လေ့လာလျှင် အောက်ပါအတိုင်းတွေ့ရှိရပါမည်-


(၁) လူပုံပန်းသဏ္ဌာန်မှာ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး ဖြူနွဲ့နွဲ့ဖြစ်သည်။ အရောင်အသွေး ပြေပြစ်၍ မျက်စိပသာဒ အေးမြသော အဝတ်အစားများကိုသာ လိုက်ဖက်ညီညီဖြင့် အစဉ်သပ်ရပ် သန့်ရှင်းစွာ ဝတ်စားဆင်ယင်၍ လှုပ်ရှားသွားလာနေထိုင်တတ်သူဖြစ်သည်။


(၂) အရက်သေစာကို စည်းကမ်းရှိစွာ သောက်စားတတ်ပြီး အရက်သေစာကြောင့် ဂုဏ်သတင်း ညှိုးမှိန်ခြင်းနှင့် အကျင့်သိက္ခာထိခိုက်ခြင်းမရှိ။ ရောဂါဝေဒနာ စွဲကပ်မှုမရှိခဲ့ကြောင်း သိရသည်။


(၃) မြန်မာအက၊မြန်မာ့ဂီတကို နှစ်သက်မြတ်နိုးသည်။ တယောနှင့် ပတ္တလားကို ကျွမ်းကျင်စွာ တီးတတ်သည်။ မြန်မာ့ဘီလူးအကကို ကျွမ်းကျင်စွာ ကတတ်သူ ဖြစ်သည်။


(၄) စကားကောင်းသည်။ စကားဝိုင်းများ၌ ငေး၍ နားထောင်ရအောင် အပြောကောင်းသူဖြစ်သည်။ ကိစ္စတစ်ရပ်ရပ်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနိုင်ရုံမက နားထောင်သူအား အရသာအစုံဖြင့် လှုပ်ရှားသွားအောင် ပြောနိုင်သူဖြစ်သည်။


(၅) စာဖတ်ဝါသနာပါကာ စာပေဗဟုသုတလိုက်စားသည်။ အင်္ဂလိပ်စာ၊ မြန်မာစာကို နှံ့စပ်စွာ ဖတ်သူ ဖြစ်သည်။ ဝတ္ထု၊ ဆောင်းပါးများ၊ စာတမ်းများ အများအပြား ရေးသားခဲ့သည်။ အမှာစာများ ရေးသားခဲ့သည်။


(၆) စိတ်နေသဘောထား အလွန်ကောင်းမွန်သည်။ ရိုးသားသိမ်မွေ့သူဖြစ်သည်။ တည်ကြည်ဖြောင့်မတ်သည်။ စာနာတတ်သော်လည်း ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သည်။ လောဘနည်းသည်။ ငွေကြေးကို မမက်မောဟု သိရသည်။


(၇) မည်သည့်အခါမျှ အလုပ်ကို ပြီးစလွယ် လုပ်လေ့ မရှိ။ ပန်းချီကားမြောက်မြားစွာ ထောင်ချီ၍ ရေးဆွဲခဲ့သော်လည်း ပန်းချီကားတစ်ချပ်ရေးတိုင်းရေးတိုင်း သေချာကျနစွာ ကြိုးစား၍ လက်စွမ်းပြရေးသားခဲ့သည်ချည်းဖြစ်သည်။


ပန်းချီဆရာကြီး ဦးအုန်းလွင်တွင် အိမ်ထောင်သုံးဆက်ရှိခဲ့ပြီး အသက် ၂၃ နှစ်အရွယ်တွင် တွံတေးမြို့သူ မသန်းနှင့် လက်ထပ်ခဲ့သည်။ ၁၉၃၆ ခုနှစ်မှ ၁၉၄၃ ခုနှစ်အထိ မအုန်းနှင့် ပေါင်းဖက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မအေးကြည်(မုဒုံ)နှင့် အိမ်ထောင်ပြုခဲ့သည်။ ၃-၁- ၂၀၂၄ (ဗုဒ္ဓဟူးနေ့) က စာရေးသူ စာရေးဆရာကြီး ပန်းချီ ဦးလှတင်ထွန်းနေအိမ်သို့ ရောက်သွားသည့်အခါ ပန်းချီဆရာကြီး ဦးအုန်းလွင်ရဲ့အကြောင်း ဆရာဦးလှတင်ထွန်းပြောပြတာလေး အမှတ်တရ ရေးလိုက်ရပါသည်။ "ပန်းချီဆရာကြီး ဦးအုန်းလွင်သည် အသက် (၇၀)ကျော် အရွယ်ရောက်သည့်တိုင် မန္တလေးမြို့နှင့် ပုဂံမြို့သို့ တစ်ခါတစ်ရံမျှ မရောက်ဖူးခဲ့။ လေယာဉ်ပျံမစီးဖူးခဲ့သူ ဆရာတစ်ဦးပါ။ "ပန်းချီဆရာကြီး ဦးအုန်းလွင်ကို မျက်စိရောဂါကုသပေးဖို့ မန္တလေးမြို့က လူထုဒေါ်အမာဆီ လိုက်ပို့တဲ့အထဲမှာ ဆရာပါတယ်။ ဒါပေမဲ့ မျက်စိကတော့ ကုသလို့ မရပါဘူး။ လေယာဉ်ပေါ်ကဆင်းတော့ လာကြိုနေတဲ့ လူထုဒေါ်အမာက ဆရာကြီးကိုတွေ့တော့ ဝမ်းသာအားရနဲ့ ဆရာကြီးလက်ကိုဆွဲပြီး နှုတ်ဆက်ရင်း ဆရာ့လက်တွေ ပူလို့ပါလား ပြောလို့ ပူမှာပေါ့။တစ်လမ်းလုံး မအေးကြည်ကို နှိပ်ပေးလာရတာကိုးလို့တောင် ရယ်စရာ ပြောလိုက်သေးတယ်။ လေယာဉ်ပေါ်မှာ ဆရာကြီးရဲ့ဇနီး ဒေါ်အေးကြည်က တစ်လမ်းလုံး လေယာဉ်မူးတော့ အန်လာတာလေ။ အဖော်လိုက်ခဲ့တဲ့ လူကို လူမမာက ပြုစုလာရတယ်ဆိုပြီး ရယ်စရာပြောတာပါ"


ပန်းချီဆရာကြီး ဦးအုန်းလွင်သည် သေခြင်းတရားအပေါ် ဆရာကြီးသိရှိ၍ 'ဇာတိ၏ ပန်းတိုင်သည် မရဏ'ဟူသော ဆိုစကားကိုပြောဆိုကာ သတိရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။ ပန်းချီဆရာကြီးဦးအုန်းလွင်သည် မျက်မမြင်ဘ၀ဖြင့် စကားပြောမည့်အဖော်ကို စောင့်မျှော်ရင်းဖြင့် ပျင်းရိဖွယ်အချိန်များကို ဖြတ်သန်းနေရချိန်တွင် အလွန်နှစ်သက်သော အရက်သေစာကို အဖော်မလုပ်။ကုန်လွန်ခဲ့ပြီးသော အောင်မြင်ခဲ့သည့် အချိန်ကာလများကိုလည်း တသ၍မနေပါ။ မိမိအောင်မြင်မှုများကိုလည်း ဝါကြွားခြင်း အလျှင်းမရှိဘဲ မိမိပတ်ဝန်းကျင်တွင် ကျက်သရေရှိရှိ ဩဇာညောင်းစွာ နေထိုင်ခဲ့သူတစ်ဦးဖြစ်သည်။ ဆရာကြီး၏ ဘ၀တစ်သက်တာတွင် ပန်းချီပညာတစ်ခုတည်းဖြင့်သာ အသက်မွေး၍ အနုပညာရှင်ဘ၀ကိုသာခံယူခဲ့သူဖြစ်သည်။ ထို့ကြောင့် ပန်းချီဆရာကြီး ဦးအုန်းလွင်ဟု သမိုင်းတွင် ကျန်ရစ်စေခဲ့သူ အသက် (၈၁)နှစ်အရွယ် ၁၉၈၈ ခုနှစ် ဇွန် ၂၇ ရက် နံနက် ၃ နာရီအချိန်တွင် ကွယ်လွန်သွားခဲ့ပါကြောင်း စာနယ်ဇင်း နိုင်ငံကျော် ပန်းချီဆရာကြီး ဦးအုန်းလွင်အား အမှတ်တရ ရေးသားလိုက်ရပါသည်။


မှီငြိမ်း -

- သုတေသီဆရာ ရာမညဦးကိုကိုနိုင်၏ မြန်မာ့ပန်းချီသမိုင်း။

- ဝင်းသဥ္ဇာမျိုး - ပန်းချီဦးအုန်းလွင်။

No comments: