Wednesday, February 28, 2024

ကနန်းလူမျိုးမိတ်ဆက်



🛑ကနန်းလူမျိုးမိတ်ဆက်


********************


ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄။


ကနန်းလူမျိုးဟု အမည်တွင်ပုံနှင့်ပတ်သက်ပြီး ကနန်းမှတ်တမ်းတို့၌ အမျိုးမျိုးဖော်ပြထားသည်။ အဆိုပါကနန်း မှတ်တမ်းများကိုကိုးကားပြီး မျက်မှောက်ခေတ် ကနန်းသုတေသီများကလည်း အမျိုးမျိုးပြောဆိုရေးသားနေကြ ပါသည်။


ထိုကဲ့သို့ အမျိုးမျိုးသောမှတ်တမ်းများနှင့် ပြောဆိုရေးသားချက်များကို တူရာပေါင်းလိုက်လျှင်မူ "ကနန်း၊ ကားနား နှင့် ဂါနား ဟူသောရှမ်းဝေါဟာရကနေ ကနန်းဟု ပြောင်းလဲအမည်တွင်လာခြင်း" နှင့် "ကဏှဟူသော ပါဠိဝေါဟာ ရကနေ ကနန်းဟုပြောင်းလဲအမည်တွင်လာခြင်း" ဟူ၍ ၂ မျိုး သို့မဟုတ် ၄ မျိုးတွေ့ရပါသည်။


ကဏှဟူသည့် ပါဠိဝေါဟာရသည် မည်းနက်သောအဝတ် ဝတ်ဆင်ကြသောလူမျိုးများဟု အဓိပ္ပါယ်ရသည်။


ရှမ်းဝေါဟာရကဆင်းသက်လာသည့် ကားနား(ကနား) ဟူသည်ကတော့ မဏ္ဍပ်ကနားပုံစံ အိမ်ဝိုင်းကြီးများ ဆောက် လုပ်နေထိုင်ကြသောလူမျိုးဟု ဆိုလိုသည်။


ကနန်းလူမျိုးသည် ကတူးလူမျိုးနှင့် အနွယ်တူလူမျိုးဖြစ်သည်။


လူမျိုး ၁၀၁ ပါးစာရင်းတွင်မူ ကနန်းလူမျိုးကို ထည့်သွင်းဖော်ပြထားခြင်းမရှိပါ။ ကတူးနှင့် လူမျိုးချင်းတူသော ကြောင့် မဖော်ပြခြင်းလည်း ဖြစ်နိုင်ပါသည်။ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းတွင်မူ ဗမာအုပ်စုထဲဖော်ပြထားသည်။


မြန်မာသမိုင်းပညာရှင်ကြီးဖြစ်သူ ဒေါက်တာသန်းထွန်းကမူ ကနန်းလူမျိုးသည် သက်အုပ်စုဝင်ဖြစ်သည် ဟုဆိုထား သည်။ ကနန်းလူမျိုးသည် ပျူလူမျိုးဖြစ်သည်။ ပျူလူမျိုးက ဆင်းသက်လာသည်ဟု ယူဆသူများလည်း ရှိသည်။


ကာယကံရှင်ဖြစ်သော ကနန်းလူမျိုးများကမူ ကတူးလူမျိုးများနည်းတူ ကနန်းလူမျိုးသည်လည်း သက်အုပ်စုဝင် ဖြစ်သည်ဟု ခံယူထားကြပါသည်။


မြန်မာစာပေအရေးအသားများတွင် ကနန်းကို ဂဏန်း၊ ဂနန်း၊ ကနန်း စသဖြင့် အမျိုးမျိုးရေးသားဖော်ပြခဲ့ကြသည်။ နန်းဇားဆရာတော် ဦးဇောတသီရိ ၏ "ဂဏန်းလူမျိုးစုသမိုင်း" ပေမူ၌လည်းကောင်း၊ ထိုပေမူကို ပြန်လည်ကူးယူခဲ့ သော နန်းဇားဆရာတော် ဦးပညာဝံသ ၏ လက်နှိပ်စက်မူ၌လည်းကောင်း ဂဏန်းဟု သုံးနှုန်းထားသည်။


၁၉၇၁ ခုနှစ် ဩဂုတ်လထုတ် စန္ဒာရုပ်စုံမဂ္ဂဇင်း၌ ဂဏန်းနှင့် ဂနန်းဟူ၍ ၂ မျိုးသုံးထားသည်။ ၁၉၇၄ ခုနှစ် ဧပြီလ ထုတ် ပညာလောကစာစောင်တွင်မူ ကဏန်းဟုသုံးနှုန်းထားပြီး ခေတ်ဟောင်းမြန်မာ့သမိုင်းသုတေသနအဘိဓာန် တွင်မူ ကနန်းဟု သုံးနှုန်းထားသည်။ မျက်မှောက်ခေတ် ကနန်းတိုင်းရင်းသားများကမူ ကနန်းဟူသောအသုံးအနှုန်း ကို အတည်တကျသုံးနှုန်းရေးသားနေကြပြီဖြစ်သည်။


သက်မျိုးနွယ်စုများဖြစ်ကြသည့် သက်၊ ကတူးနှင့် ကနန်းတို့သည် ခရစ်နှစ် ၄ ရာစုခန့်တွင် မြန်မာနိုင်ငံတွင်းဝင် ရောက်လာခဲ့ပြီး ဧရာဝတီမြစ်ကမ်းပါးပေါ်တွင် သင်းတွဲဟုခေါ်သော တကောင်းပြည်ကိုတည်ထောင်ပြီး အခြေချ နေထိုင်ခဲ့ကြသည်။ မူးမြစ်ဖျားဒေသသည် ကနန်းတို့၏ဒေသဖြစ်သည်။


မျက်မှောက်ခေတ်တွင် ကနန်းလူမျိုးများသည် စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမော်မြို့နယ်၊ ခန္တီးခရိုင် ဟုမ္မလင်းမြို့ နယ်၊ မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်နှင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတို့တွင် နေထိုင်ကြသည်။


အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဗန်းမောက်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ (၂၀၁၇) အရ ၂၀၁၇ ခုနှစ် မတ်လအကုန်အထိ ဗန်းမောက်မြို့နယ်တွင်နေထိုင်ကြသော ကနန်းတိုင်းရင်းသား "၁၂,၉၈၅ ဦး"ရှိကြောင်း ဖော်ပြထားသည်။


၂၀၁၈ ခုနှစ်၊ ဩဂုတ်လတွင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းညွှန် ကြားရေးမှူးရုံးက စစ်ကိုင်းတိုင်းအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့များထံပေးပို့သော "စစ်ကိုင်း တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားမျိုးနွယ်စုများ ပျံ့နှံ့နေထိုင်မှု သုတေသနစာတမ်း"တွင်မူ ကနန်းတိုင်းရင်းသားများ၏ လူဦးရေစာရင်းကို အောက်ပါအတိုင်းဖော်ပြထားသည်။


ကနန်းတိုင်းရင်းသားအများဆုံးနေထိုင်သည့်မြို့နယ်မှာ ဗန်းမောက်မြို့နယ်ဖြစ်ပြီး ထိုမြို့နယ်အတွင်းရှိ ကနန်းဒေ သတွင် ကနန်းတိုင်းရင်းသားဦးရေ ၂၅,၄၈၆ ဦး၊ ကနန်းပြင်ပဒေသများဖြစ်သည့် ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့ နယ်နှင့် မိုးညှင်းမြို့နယ်အစရှိသောမြို့နယ်တို့တွင် ကနန်းတိုင်းရင်းသားဦးရေ ၅,၀၀၀ ဝန်းကျင် ပျံ့နှံ့နေထိုင်လျက် ရှ်ိသည်ဟု ဖော်ပြထားသည်။


ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ကတူးအမျိုးသားအဖွဲ့ထံပေးပို့ခဲ့သော ဗန်းမောက်မြို့နယ် အတွင်းရှိ မျိုးနွယ်စုအလိုက်လူဦးရေစာရင်း (၂၀၁၉ ခုနှစ်၊ အောက်တိုဘာ)တွင်မူ ကနန်းတိုင်းရင်းသား ၁၃,၂၉၁ ဦး ရှိကြောင်းဖော်ပြထားသည်။


ပျူ၊ သက်၊ ကမ်းယံဟူသော မြန်မာနိုင်ငံ၏ရှေးဦးလူမျိုး ၃ မျိုးတွင်ပါဝင်ခဲ့သော သက်အုပ်စုဝင် ကတူးနှင့် ကနန်း တိုင်းရင်းသားတို့သည် လက်ရှိအချိန်တွင် လူမျိုး ၂ မျိုးပေါင်းလိုက်လျှင် လူဦးရေ ၂ သိန်းမျှပင်မရှိတော့ဘဲ နီးစပ်ရာ အခြားတိုင်းရင်းသားများနှင့် သွေးနှောနေထိုင်လာခြင်း၊ ကိုယ်ပိုင်ဘာသာစကားကိုယ်စီရှိသော်လည်း ကိုယ်ပိုင် စာပေရယ်လို့ သတ်သတ်မှတ်မှတ်မရှိခဲ့ခြင်းများကြောင့် တိမ်ကောပျောက်ကွယ်လုနီးပါးအခြေအနေနှင့် ရင်ဆိုင်နေ ရသည်။


ကနန်းလူမျိုးများသည် ကိုယ်ပိုင်ဘာသာစကားရှိသော်လည်း ကိုယ်ပိုင်အက္ခရာစာပေမရှိသေးသောကြောင့် ကနန်း အက္ခရာစာပေပေါ်ပေါက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြသည်။ ထိုသို့ဆောင်ရွက်ရာတွင်လည်း ကတူး များကဲ့သို့ အက္ခရာမူကွဲမည်ကိုစိုးရိမ်သောကြောင့် တစ်ဦးတစ်ယောက်တည်းကမဆောင်ရွက်ဘဲ ကနန်းစာပေဖြစ် မြောက်ရေးအဖွဲ့ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိသည်။


မျက်မှောက်ခေတ်ကနန်းလူမျိုးများသည် ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်နေကြသော်လည်း ရှေးတုန်းကတော့ မဟာယာနဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခဲ့ကြပါသည်။ ကနန်းလူမျိုးများ မြန်မာနိုင်ငံတွင်းစတင်ဝင်ရောက်လာ ချိန်ကတည်းက ၎င်းတို့နှင့်အတူ ၎င်းတို့၏ရိုးရာယုံကြည်မှုများ အတူပါလာခဲ့သည်။ မြို့ရွာများ အခြေတကျတည် ထောင်ပြီး စိုက်ပျိုးရေးလုပ်ငန်းဖြင့်အသက်မွေးရသည့်အတွက် စိုက်ပျိုးရေးနှင့်ဆက်စပ်နေသော မိုးနတ်သား၊ လေ နတ်သား၊ တောင်ယာနတ်၊ စပါးကျီစောင့်နတ်နှင့် စပါးလိပ်ပြာဟုခေါ်ဆိုသောပုံးမကျီနတ် စသည်များကို သီးနှံ အထွက်တိုးရန် ပူဇော်ပသခဲ့ကြသည်။


ဂိုဏ်းအုပ်ဂိုဏ်းထောက်များ တင်မြှောက်ခြင်းဓလေ့၊ ပန်းဒကာဓလေ့၊ သာသနာခေါင်းဓလေ့ အစရှိသည့် ဘာသာ ရေးဓလေ့များအပြင် အရက်သေစာနှင့် အမျိုးသမီးများ လုံးဝမပါရှိသည့် ရိုးရာနတ်ပွဲအခမ်းအနားများကိုလည်း ကျင်းပလေ့ရှိကြသည်။


ကနန်းရိုးရာ အမျိုးသားဝတ်စုံမှာ ပုဆိုး၊ အင်္ကျီနှင့် ခေါင်းပေါင်းတဘက်တို့ဖြစ်သည်။ ပုဆိုးသည် ရွှေဝါရောင်အောက် ခံပေါ်တွင် အနက်ရောင်လေးထောင့်ကွက်အကျဲများ ပါရှိသည်။ အင်္ကျီသည် အနက်ရောင်ရင်စေ့တိုက်ပုံဖြစ်ပြီး စတစ်ကော်လံ၊ ရင်စေ့အနား၊ လက်ပတ်အနားတို့တွင် ရွှေဝါရောင်ကိုအသုံးပြုထားသည်။ ခေါင်းပေါင်းတဘက် သည် အနက်ရောင်အောက်ခံပေါ်တွင် အဖြူအဝါစင်းကျားများပါရှိပြီး အနံအနားနှစ်ဖက်တွင် အမြိတ်စပါရှိသည်။


ကနန်းရိုးရာ အမျိုးသမီးဝတ်စုံမှာလည်း ထဘီ၊ အင်္ကျီနှင့် ပခုံးတင်တဘက်တို့ဖြစ်သည်။ ထဘီသည် အနက်ရောင် အောက်ခံပေါ်တွင် အဝါရောင်ချိတ်အတွန့်လေးများပါရှိပြီး အင်္ကျီသည် ရင်ဖုံးအနားစများနှင့် လက်စကအနားစတို့ တွင် ရွှေဝါရောင်ပန်းပွင့်လေးများဖြင့် အနားကွပ်တန်ဆာဆင်ထားသော အနက်ရောင်ရင်ဖုံးလက်စကဖြစ်သည်။ ပခုံးတင်တဘက်သည် အမျိုးသားခေါင်းပေါင်းတဘက်နှင့် အတူတူပင်ဖြစ်သည်။


ကတူးကလေးငယ်တို့၏ဆံပင်ပုံစံနှင့် ကနန်းကလေးငယ်တို့၏ဆံပင်ပုံစံသည် များသောအားဖြင့်တူညီမှုရှိပြီး ဒေသ ကွဲ၍သာ အချို့မှာ အနည်းငယ်ကွဲပြားမှုရှိသည်။


ကနန်းယောက်ျားလေးများသည် ကိုရင်မဝတ်ခင်အရွယ်အထိ ဦးစွန်းဖုတ်၊ ဆံရစ်ဝိုင်း၊ သျှောင်ထုံးလေးများဖြင့် အဆင့်ဆင့် နေထိုင်ခဲ့ကြသည်။ ကိုရင် ၃ နှစ်ဝတ်ပြီး လူဝတ်လဲချိန်မှာလည်း ဆံပင်ရှည်လာလျှင် သျှောင်ထုံးထားကြ ပြန်သည်။


ကနန်းမိန်းကလေးများသည်လည်း ဦးစွန်းဖုတ်၊ ဆံရစ်ဝိုင်း၊ ဆံတောက်ပုံစံများဖြင့် အိမ်ထောင်မပြုခင်အချိန်အထိ အဆင့်ဆင့်နေထိုင်လာခဲ့ကြပြီး အိမ်ထောင်ပြုပြီးမှသာ ဆံတောက်ကို စွန့်လွှတ်လေ့ရှိသည်။

ဦးစွန်းဖုတ်၊ ကြက်တောင်စည်း၊ ဆံရစ်ဝိုင်းနှင့် ဆံတောက်ထားသည့်ဓလေ့ကို ဗန်းမောက်မြို့နယ်ရှိ ကနန်းဒေသ တွေမှာ လက်ရှိအချိန်ထိ အများအပြားတွေ့မြင်နိုင်သေးသော်လည်း ကတူးဒေသတွေမှာတော့ အနည်းငယ်လောက် သာတွေ့ရပါတော့သည်။


ဒီကနေ့ခေတ်မှာတော့ မိမိတို့၏ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်များကို ကနန်းလူမျိုးတွေကိုယ်တိုင်က ထိန်းသိမ်းမှု အားနည်းလာနေသည်ကိုတွေ့ရပါသည်။ အထူးသဖြင့် လူငယ်များက စိတ်ဝင်စားမှု နည်းလာကြသည်။ သတင်း အချက်အလက် စီးဆင်းမှုမြန်ဆန်သော ၂၁ ရာစုတွင် အင်အားကြီးမားသည့် ယဥ်ကျေးမှုများက အင်အားသေးငယ် သည့်ယဥ်ကျေးမှုများကို လွှမ်းမိုးဝါးမျိုပစ်လေ့ရှိသည်။ ထို့ကြောင့်လည်း ကနန်းလူမျိုးများ၏ ယဥ်ကျေးမှုဓလေ့ စရိုက်များတွင် မျိုးခြားယဥ်ကျေးမှုများ ရောနှောလျက်ရှိနေပါတော့သည်။


ကိုးကား

*******

၁။ ကတူးလူမျိုး (သုတေသနစာစုနှင့် မှတ်တမ်းများ)

ကတူးသန်းနိုင်


၂။ ကတူး၊ ကနန်းတိုင်းရင်းသားတို့၏ ကိုးကွယ်ယုံကြည်မှုနှင့် ရိုးရာဓလေ့ထုံးစံများ

အရှင်ပညိန္ဒ (သာသနာ့တက္ကသိုလ်)

ဓာတ်ပုံ - ကနန်းတိုင်းရင်းသား - Kanan Aboriginal Tribe Facebook Page

No comments: