Tuesday, July 16, 2013

ဂျာနယ်အစုံက ဟင်းချက်နည်းများ (၁)



ဂျာနယ်ကိုလှန်လှန် မဂ္ဂဇင်းကိုပဲဖတ်ဖတ် ဟင်းချက်နည်းကောင်းလေးတွေကို တွေ့ရင်ကူးယူတတ် ပြန်လည်ဝေမျှတတ်တာ ကျွန်တော့် အကျင့်လိုကိုဖြစ်နေပါပြီ။ ကိုယ်တိုင် သိပ်မချက်တတ်ပေမဲ့ အရသာကောင်းကောင်းခံစားပြီး စားတတ်နေပြီဆိုပါတော့လေ။ 

အိမ်တစ်အိမ်ရဲ့မီးဖိုဆောင်ဟာ မိသားစုတစ်စုလုံးရဲ့ကျန်းမာရေးကို တည်ဆောက်ပေးနိုင်တဲ့နေရာဆိုရင်လည်းမမှားပါဘူး။ ရာသီချိန်နဲ့ လိုက်လျောညီထွေ၊ ဟင်းလျာအတွဲအစပ်၊ လတ်ဆတ်သန့်ရှင်းခြင်းဆိုတာတွေပြည့်စုံနေရင် လူ့အဟာရဖြည့်တင်းဖို့ပြည့်စုံတဲ့နေရာ လေးဖြစ်နေမှာပေါ့။ အိမ်တစ်အိမ်ရဲ့ အိမ်ရှင်မ ကျွမ်းကျင်လိမ္မာမှုရှိမရှိ တခြားသောအိမ်သားတွေရဲ့ ကျန်းမာရွှင်လန်းသောကိုယ်စိတ် ကျန်းမာမှုကိုကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။

ကဲ စကားရှည်နေတာနဲ့ အဓိကပြန်လည်ဝေမျှချင်တဲ့ ဟင်းလျာတွေက အေးနေပြီ ချက်စားကြရအောင်။ ကျွန်တော်ကူးယူဖော်ပြနေတဲ့ ဟင်းလျာတွေကိုကြည့်ရင် ကိုယ့်ပတ်ဝန်းကျင်က အလွယ်တကူရနိုင်တဲ့ ပါဝင်ပစ္စည်းတွေပါမှဆိုတာသတိပြုမိမှာပါနော်။

(၁) စပျစ်ဝိုင်နှပ်အမဲကြော်
ပါဝင်ပစ္စည်း
အမဲသားကောင်းကောင်း ၄၀ကျပ်သား၊ ဂျင်း လက်နှစ်ဆစ်၊ စပျစ်ဝိုင် လက်ဖက်ရည်ပန်းကန် တစ်လုံး၊ ပျားရည် စားပွဲတင် ၂ဇွန်း၊ ကြက်သားမှုန့် စားပွဲတင် ၁ဇွန်း၊ ခရုဆီ စားပွဲတင် တစ်ဇွန်း၊ ဆီမွှေး စားပွဲတင်ဇွန်းတစ်ဝက်၊ မြေပဲဆီ(အမဲသားကြော်ရန်) ၂၅ကျပ်သား။ 

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်
ဂျင်းကိုညက်အောင်ထောင်းပေးပါ။ အမဲသားကို အရွယ်တော်တုံး၍ သန့်ရှင်းအောင်ဆေးပါ။ ပြီးလျှင် ဂျင်းအနှစ်၊စပျစ်ဝိုင်၊ ပျားရည်၊ ကြက်သားအမှုန့်၊ ခရုဆီ၊ ဆီမွှေးတို့ဖြင့် အရသာစိမ့်ဝင်နေအောင်နယ်ပြီး ၁နာရီခန့်နှပ်ထားပေးပါ။
အမဲသားနှပ်ထားသော အချိန်ပြည့်လျှင် ဟင်းပေါင်းအိုးထဲမှာထည့်ပြီး အသားနူးရန်အတွက် ရေကိုသောက်ရေ ၄/၅ ဖန်ခွက်လောက်ထည့် ပြီး နာရီဝက်ခန့်ပေါင်းပါ။ ဟင်းအရည်ခမ်းတဲ့အထိချက်ပါ။ အရည်ခမ်းလျှင် အသားများကို ဆီပူအိုးထဲထည့်ကြော်ပါ။ ကြွပ်ရွလာလျှင် ဆယ်ယူပြီး ဆီစစ်ပေးကာ ပြင်ဆင်မယ့် ပန်းကန်ထဲကိုထည့်၍ ကြက်သွန်ကြော်လေးများဖြူးပြီးစားသုံးပါ။

(၂) ၀က်သားကင် ပဲငပိအနှစ်ရည်ဆမ်း
ပါဝင်ပစ္စည်း
ဝက်သား(ပေါင်သားနုနု) ၂၅ကျပ်သား၊ ကြက်သားအမှုန့် စားပွဲတင်ဇွန်း ၁/၃ ၊ ထန်းလျက်ညို ၅ကျပ်သား၊ ဆား အနည်းငယ်၊ တရုတ်မဆလာအမှုန့် အနည်းငယ်၊ ငရုတ်ကောင်းအမှုန့် အနည်းငယ်၊

ပဲငပိအနှစ်ရည်တွင်ပါဝင်ပစ္စည်း
တရုတ်ပဲငပိအချို စားပွဲတင်ဇွန်း ၁ဇွန်း၊ ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၁ဇွန်း၊ ကြက်သွန်အဖြူအကြီး ၂မြွာ၊ ဂျင်းအရည် စားပွဲတင်ဇွန်းတစ်ဝက်၊ တရုတ်မဆလာအမှုန့် အနည်းငယ်၊ ကော်မှုန့် စားပွဲတင်ဇွန်းတစ်ဝက်

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်
ထန်းလျက်အခဲကို ရေအနည်းငယ်ဖြင့် ဆူပွက်အောင်ကျိုပေး၍ ရေစစ်ဇကာနဲ့ သဲများစင်အောင်စစ်ထားပါ။ ထန်းလျက်အရည်ကို ခပ်ပျစ်ပျစ်ရအောင် ကျိုပေးထားပါ။

ဝက်သားအတုံးကို ရေဆေးပြီးအမြောင်းလိုက်ဓားနဲ့မွှန်းရာပေးကာ အသားကို ပျစ်နေအောင် ကျိုထားတဲ့ ထန်းလျက်အရည်၊ ကြက်သား အမှုန့်၊ဆား၊တရုတ်မဆလာမှုန့်၊ငရုတ်ကောင်းအမှုန့်တို့ဖြင့် ခပ်နာနာနယ်ပြီး နာရီဝက်ခန့်နှပ်ထားပါ။
သတ်မှတ်ထားတဲ့အချိန်ပြည့်လျှင် ၀က်သားကို နှစ်ဘက်ညှပ်သံဇကာနဲ့ညှပ်ထည့်၍ မီးသွေးမီးဖို မီးအေးအေးနဲ့ ၁း၃၀ နာရီခန့်ကင်ပါ။ အကျက်ညီအောင် ဘက်လှန်ပြီး ကင်ပေးရပါမယ်။ အသားကင်စက်ရှိလျှင် အပူချိန် ၂၀၀ ဒီဂရီထား၍ ၁နာရီကျော်ကျော်ခန့် ကင်ရင် လည်း အသားကျက်ပါတယ်။

အသားကင်တဲ့အခါ အပေါ်ယံအလွှာများ၊ ခြောက်သွေ့တတ်ပါတယ်။ သန့်ရှင်းတဲ့ဘရပ်ရှ်စုတ်တံအသစ်တစ်ချောင်းနဲ့ ထန်းလျက်အရည် ကိုမကြာခဏ သုတ်လိမ်းပေးပါ။ ၀က်သားအရောင်လေးနီရဲတက်လာမှာ ဖြစ်ပါတယ်။ အသားကျက်ရင် ပါးပါးလှီး၍ ပန်းကန်ထဲထည့်ကာ ပြင်ဆင်ထားပါ။ ပြီးလျှင် အနှစ်ဆမ်းစရာ ပဲငပိအချိုရည်ကို ပြုလုပ်ရပါမယ်။

ပဲငပိအနှစ်ရည်အတွက် ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းပါ။ ပြီးလျှင် အနှစ်ရည်အတွက် ပါဝင်တဲ့ပစ္စည်းများအားလုံးနဲ့ ရေ အနည်းငယ်ကို ဖျော်ပြီး ဆူပွက်နေအောင် ကျိုပေးပါ။ ကော်မှုန့်ပါဝင်တဲ့အတွက် ဟင်းအရည်က ပျစ်လာပါမယ်။ ဆူပွက်နေအောင် ကျိုထားတဲ့ ပဲငပိအရည်အနှစ်ကို လှီးထားတဲ့ ၀က်သားအကင်အပေါ်မှာ ဖြန့်ပြီး လောင်းဆမ်း၍ အရသာရှိရှိသုံးဆောင်ပါ။
ချိုဆိမ့်၍ အကင်ရနံ့နဲ့ တရုတ်မဆလာရနံ့လေးသင်းနေတဲ့ စားလို့မြိန်စေမယ့်ဟင်းလျာပါ။

(၃) ပုဇွန်မကျည်းသီးမှည့်ခြောက်စပ်ကြော်
ပါဝင်ပစ္စည်းများ
ပုစွန်ထုပ်(ခေါင်းမပါ) ၂၀ကျပ်သား၊ မန်ကျည်းသီးမှည့် ၁၀ကျပ်သား၊ ငရုတ်သီးစိမ်း ၁၅တောင့်၊ ငရုတ်သီး အကြမ်းဖတ် စားပွဲတင်ဇွန်း ၁ဇွန်း၊ ကြက်သွန်ဖြူအကြီး ၅မွှာ၊ ကြက်သွန်အနီ ၂လုံး၊ ငရုတ်သီးအရောင်တင်မှုန့် စားပွဲတင်ဇွန်း တစ်ဝက်၊ ပုစွန်ခြောက်အမှုန့်(အချို) ၅ကျပ်သား၊ မြေပဲဆီ ၁၀ကျပ်သား၊ ကင်းမွန်ငံပြာရည် စားပွဲတင် ၁ဇွန်း၊ ကြက်သားအမှုန့် စားပွဲတင်ဇွန်းတစ်ဝက်၊ သကြား စားပွဲတင်ဇွန်း ၁/၃။

ပြင်ဆင်ပြုလုပ်ပုံအဆင့်ဆင့်
ပုစွန်ထုပ်ကို သန့်ရှင်းအောင်ရေဆေး၍အခွံခွာပါ။ ကျော်ပေါ်မှ ချေးကြောင်းထုတ်ပေးပါ။ ပြီးရင် ကြက်သားမှုန့်အနည်းငယ်ဖြင့် နယ်ထားပေးပါ။

မန်ကျည်းသီးမှည့်ကို သဲများစင်အောင်ရေဆေးပြီး အရည်ကို ညှစ်ထုတ်ပစ်ပါ။ ငရုတ်သီးစိမ်းကို အညှာချွေ ထက်ခြမ်းခွဲပါ။
ငရုတ်သီးစိမ်းကို အညှာချွေ ထက်ခြမ်းခွဲပါ။ ကြက်သွန်အဖြူကိုထောင်းပြီး ကြက်သွန်အနီကို အကွင်းလိုက်ပါးပါးလှီးပေးပါ။

အားလုံးပြင်ဆင်ပြီးလျှင် -
ဒယ်အိုးထဲတွင် ပါဝင်တဲ့ဆီတစ်ဝက်ထည့်ပြီး အပူပေးပါ။ ဆီပူရင် ကြက်သွန်အနီ၊ အဖြူ၊အကြမ်းဖတ်၊ ငရုတ်သီးအရောင်တင်မှုန့် တို့ကို ဆီသတ်ပြီး မွှေပေးပါ။ ငရုတ်သီးအစိမ်းနံ့ ပျောက်သွားမှ မန်ကျည်းသီး၊ငံပြာရည်၊ကြက်သားအမှုန့်၊ သကြား၊ ငရုတ်သီးအစိမ်း၊ ပုစွန် ခြောက်အမှုန့်တို့ကိုထည့်၍ သမအောင်မွှေပေးပြီး ရေသန့်ကို စားပွဲတင် ၂ဇွန်းခန့်ထည့်ပြီး ကြော်ရပါမယ်။
မီးအရှိန်မပြင်းစေရန် သတိပြုပါ။

မန်ကျည်းသီးမှည့်လည်း ကောင်းကောင်းကျက်၍ ဆီပြန်ကာ ခြောက်ခြောက်လေးအနေအထားဖြစ်သွားပြီဆိုရင် မီးဖိုပေါ်က ချပေးပါ။

နောက်ဒယ်အိုးတစ်လုံးတွင် ဆီထည့်ပြီး ဆီပူလာရင် ပုဇွန်ထုပ်များထည့်ကြော်ပေးပါ။ ၂မိနစ်လောက်ကြော်ပေးဖို့ လိုပါတယ်။ ပြင်ဆင်ထားတဲ့ ပန်းကန်ရဲ့ဘေးပတ်ပတ်လည်တွင်စီထည့်၍ အလယ်တွင် မန်ကျည်းသီးကြော်ကိုထည့်ပေးပြီးအလှဆင်ကာ တည်ခင်းစားသုံးနိုင်ပါပြီ။

No comments: