Showing posts with label Political articles. Show all posts
Showing posts with label Political articles. Show all posts
Tuesday, June 16, 2026
ဘာသာရေးနဲ့ နိုင်ငံရေးကို ဘာကြောင့် ခွဲခြားထားသင့်တာလဲ?
ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လောကဝတ် နဲ့ ဓမ္မဝတ်ကို ခွဲခြားနားလည်ဖို့ ကြိုးစားတဲ့အခါ Secularism ဒါမှမဟုတ် လောကီသီးသန့်ဝါဒ ဆိုတဲ့ စကားလုံးဟာ အမြဲတမ်း ဝေဖန်ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ 
ဘာသာရေးနဲ့ နိုင်ငံရေးကို သီးခြားစီ ခွဲထုတ်ထားခြင်း-Secularism ဆိုတာ ဘာသာမဲ့ဖြစ်သွားတာ၊ ဘာသာတရားကို ပစ်ပယ်တာမဟုတ်သလို ဘာသာတရားကို ရိုသေလွန်းလို့ သီးသန့်နေရာပေးထားတာလဲ မဟုတ်ပါဘူး။ ဘာသာတရားတွေ တစ်ဦးချင်းရဲ့ ကိုးကွယ်ယုံကြည်မှုတွေကို အဖက်မလုပ်၊ အရေးမထား၊ အရာမသွင်းပဲ လွတ်လပ်ခွင့်ပေးထားသာ ဖြစ်ပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းတစ်ခု ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် အရေးအပါဆုံးသော အကာအကွယ် တစ်ခုပါ။ ဘာသာရေးဆိုတာ အာဏာနဲ့ ပေါင်းစပ်မိတာနဲ့ တစ်ပြိုင်နက် လူ့အဖွဲ့အစည်းကို ဖျက်ဆီးမယ့် လက်နက်တစ်ခု ဖြစ်သွားတတ်လို့ အကာအကွယ် လုပ်ထားရတာ ဖြစ်ပါတယ်။
ဒီတော့ ဘာကြောင့် ဒီဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားထားဖို့လိုအပ်သလဲ၊ ဘာသာရေးဆိုတဲ့အရာကို နိုင်ငံရေးထဲ ဘာကြောင့် တစိုးတစိတောင် ပါဝင်ပက်သတ်ခွင့် မပေးသင့်သလဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ရအောင်ပါ။
ပထမဆုံးအနေနဲ့ ယုံကြည်မှုဆိုတာကို ဥပဒေအဖြစ် အတင်းအကျပ် သတ်မှတ်ခြင်း အန္တရာယ်ကို ကြည့်ရပါမယ်။ ဘာသာရေးနဲ့ နိုင်ငံရေးကို ရောနှောလိုက်တဲ့အခါ နိုင်ငံတော်က ဘာသာရေးတစ်ခုခုကို အသာပေးတဲ့ စနစ်မျိုး ဖြစ်လာတတ်ပါတယ်။ ဒါဟာ အခြားသော လူနည်းစု ဘာသာဝင်တွေနဲ့ ဘာသာမဲ့တွေအတွက် ခွဲခြားဆက်ဆံမှုရဲ့ အစပြုခြင်းပါပဲ။ သမိုင်းကို ပြန်ကြည့်ရင် အလယ်ခေတ် ဥရောပမှာ ခရစ်ယာန်အသင်းတော်က နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားစဉ်က Inquisition လို့ခေါ်တဲ့ ဘာသာရေးခုံရုံးတွေနဲ့ သူတို့အယူအဆကို မထောက်ခံသူတွေကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြပါတယ်။ ဒီလို ဘာသာရေးက အာဏာရလာတဲ့အခါ ဘာသာခြားဖြစ်နေခြင်း၊ အယူအဆမတူခြင်း အကြောင်းပြချက်သက်သက်နဲ့တင် အုပ်စုလိုက် သတ်ဖြတ်ခဲ့တာတွေ သမိုင်းမှာမနည်းမနောပါပဲ။ ဒါ့အပြင် ဘာသာရေးအာဏာရှင်တွေဟာ သူတို့ရဲ့ ကျမ်းစာပါ အယူအဆတွေကို စိန်ခေါ်တဲ့ ပညာရှင်တွေကိုလဲ ရန်သူလို သတ်မှတ်ခဲ့ပါတယ်။ အရေအတွက်အတိအကျကိုပြောဖို့ခက်ပေမဲ့ လူပေါင်းများစွာဟာ ခရစ်ယာန်အသင်းတော်ကြောင့် အသေသတ်ခံရတာ၊ ထောင်ချခံရတာနဲ့ နယ်နှင်ခံရတာတွေ ကြုံခဲ့ရပါတယ်။ 
ဒုတိယအချက်က ဘာသာရေးကို နိုင်ငံရေးကစားကွက်အဖြစ် အသုံးချပြီး အမုန်းတရားပွားများစေခြင်းပါပဲ။ ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြည့်ရင် တော်တော်သိသာပါတယ်။ ဘာသာရေးကို နိုင်ငံရေးထဲ ဆွဲသွင်းခဲ့လို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပေါ့။ ဦးနုလက်ထက်က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ဖို့ ကြိုးစားခဲ့တာဟာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို စတင်ဖျက်ဆီးလိုက်တဲ့ လုပ်ရပ်ပါပဲ။ လက်ရှိမှာလည်း သင်္ကန်းဝတ်ထားသူ လူ့မိစ္ဆာတချို့ဟာ အမုန်းတရားတွေကို ဟောပြောပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်အောင် လှုံ့ဆော်နေတာ၊ အာဏာရှင်တွေကို အကာအကွယ်ပေးနေတာအပြင် ပညာရေးနဲ့ သိမှုအဆင့်အတန်းနိမ့်ကျတဲ့ မြန်မာလူထုကို ဦးနှောက်ဆေးမှိုင်းတိုက်နေတာတွေဟာ ဘာသာရေးလက်ထဲကို အာဏာထည့်ပေးထားခြင်းရဲ့ အနိဋ္ဌာရုံတွေပါပဲ။ ဒီလုပ်ရပ်ဟာ လူတွေကို ငြိမ်းချမ်းစေဖို့ထက် "ငါ့ဘာသာ၊ ငါ့လူမျိုး" ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အစွန်းရောက်စိတ်တွေကို မွေးဖွားပေးပြီး အမုန်းတရားတွေ၊ သတ်ဖြတ်မှုတွေဖြစ်အောင် လောင်စာထည့်ပေးနေတာကို ကျွန်တော်တို့ ငြင်းလို့မရပါဘူး။
တတိယအချက်ကတော့ ခေတ်နောက်ပြန်ဆွဲခြင်းဖြစ်ပါတယ်။ နိုင်ငံရေးဟာ သိပ္ပံ၊ စီးပွားရေးနဲ့ လူမှုရေး ပြောင်းလဲမှုတွေအရ ရှေ့ကို အမြဲတမ်း တိုးတက်ရွေ့လျားနေရမှာပါ။ ဘာသာရေးကတော့ ရှေးဟောင်းကျမ်းစာတွေ၊ ခေတ်ဟောင်းအယူအဆတွေထဲမှာပဲ ပိတ်မိနေတာ ဖြစ်လို့ နိုင်ငံရေးနဲ့ ရောလိုက်တဲ့အခါ တိုင်းပြည်ရဲ့ တိုးတက်မှုကို အမြဲတမ်း နောက်ကနေ ဆွဲထားတတ်ပါတယ်။ မျက်မှောက်ခေတ် ဥပမာအနေနဲ့ အာဖဂန်နစ္စတန်က တာလီဘန်တွေကို ကြည့်ပါ။ ဘာသာရေးအစွန်းရောက်တွေ နိုင်ငံရေးအာဏာ ရလာတဲ့အခါ ပထမဆုံးလုပ်တာဟာ လူဦးရေရဲ့ ထက်ဝက်ဖြစ်တဲ့ အမျိုးသမီးတွေကို လူရာမသွင်းဘဲ တိုက်ပိတ်လိုက်တာပါပဲ။ ခြောက်တန်းအထက် ပညာသင်ကြားခွင့်ကို ပိတ်ပင်တယ်၊ တက္ကသိုလ်တက်ခွင့် မပေးဘူး၊ ကုလသမဂ္ဂအပါအဝင် ဘယ်အဖွဲ့အစည်းမှာမှ အလုပ်လုပ်ခွင့်မရှိအောင် တားမြစ်ပြီး အမျိုးသမီးတွေကို အိမ်တွင်းပုန်း သက်ရှိရုပ်သေးတွေအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ ဥပဒေဆိုတာလည်း ကျမ်းစာလာ ပြစ်ဒဏ်တွေအတိုင်း လူမြင်ကွင်းမှာ ကြိမ်ဒဏ်ပေးတာ၊ ခဲနဲ့ပေါက်သတ်တာ၊ လက်ခြေဖြတ်တာတွေကို တရားဝင် ပြန်လုပ်လာကြပါတယ်။ ဒါဟာ ဘာသာရေးကို နိုင်ငံတော်အာဏာအဖြစ် သုံးပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးကို ၂၁ ရာစုကနေ အလယ်ခေတ် အမှောင်ကမ္ဘာထဲ အတင်းအကျပ် မောင်းနှင်သွင်းလိုက်တာ ဖြစ်ပါတယ်။ အဲ့လိုပဲ.. အီရန်နိုင်ငံကို ကြည့်ရင်လည်း ဘာသာရေးခေါင်းဆောင်က သမ္မတနဲ့ စစ်တပ်အထက်မှာ ရှိနေတဲ့ သီအိုကရက်တစ်​-Theocratic ဘာသာရေးအာဏာရှင်စနစ်ရဲ့ ဆိုးကျိုးကို အထင်အရှား မြင်နိုင်ပါတယ်။ သူတို့ဆီမှာ 'ဘာသာရေးကျင့်ဝတ်ထိန်းသိမ်းရေးရဲတပ်ဖွဲ့' ဆိုတာ ရှိပြီး လူတွေရဲ့ နေ့စဉ်ဘဝ၊ အတွေးအခေါ်နဲ့ ဝတ်စားဆင်ယင်မှုကိုအဆုံး သေနတ်ပြောင်းဝအောက်မှာ ကန့်သတ်ထားပါတယ်။ ဟီဂျာဘ် (ဦးခေါင်းခြုံထည်) ကို စနစ်တကျ မဝတ်ဆင်ရုံမျှနဲ့ မာဆာအာမီနီ-Mahsa Amini ဆိုတဲ့ မိန်းကလေးကို ရိုက်နှက်သတ်ဖြတ်ခဲ့သလို၊ ဒါကို မကျေနပ်လို့ လမ်းပေါ်ထွက် ဆန္ဒပြတဲ့ လူငယ်တွေကိုလည်း အစ္စလာမ်ဘာသာကို ဆန့်ကျင်ပုန်ကန်သူ ရန်သူတွေအဖြစ် သတ်မှတ်ပြီး လူမြင်ကွင်းမှာ ကြိုးပေးသတ်ဖြတ်ခဲ့ပါတယ်။ ဘာသာရေးက အုပ်ချုပ်ရေးနေရာကို ရသွားတဲ့အခါ နိုင်ငံသားတွေဟာ လွတ်လပ်စွာ တွေးခေါ်ခွင့် ဆုံးရှုံးရုံတင်မကဘဲ သူတို့ရဲ့ အသက်ရှင်ခွင့်ဟာပါ ဘာသာရေးအာဏာပိုင်တွေရဲ့ စိတ်ကြိုက် သတ်ဖြတ်နိုင်တဲ့ လက်နက်တစ်ခု ဖြစ်သွားရပါတယ်။ ဒီဖြစ်ရပ်တွေက ဘာသာရေးကို အခြေခံတဲ့ ဥပဒေတွေဟာ ခေတ်စနစ်ရဲ့ လိုအပ်ချက်တွေကို မဖြေရှင်းနိုင်တဲ့အပြင်၊ ကမ္ဘာ့အဆင့်မီ သိပ္ပံနဲ့ နည်းပညာ တိုးတက်မှုတွေ၊ လူ့အခွင့်အရေး တန်ဖိုးတွေကို ရန်သူလို သတ်မှတ်ပြီး လူ့အဖွဲ့အစည်းကို ဉာဏ်ပညာအမှောင်ဖုံးအောင် ဘယ်လောက်အထိ နှောင့်ယှက် ဖျက်ဆီးတတ်သလဲဆိုတာကို ပြနေတဲ့ ထင်ရှားတဲ့ သမိုင်းသင်ခန်းစာတွေပဲ ဖြစ်ပါတယ်။
ဒါတွေကိုကြည့်ရင် နိုင်ငံတော်ဆိုတာ လူတိုင်းရဲ့ အခွင့်အရေးကို တန်းတူညီမျှ ကာကွယ်ပေးရမယ့် ယန္တရားဖြစ်ပြီး၊ ဘာသာရေးဆိုတာကတော့ လူတစ်ဦးချင်းစီရဲ့ အိမ်ထဲမှာပဲ ထားရှိရမယ့် ပုဂ္ဂိုလ်ရေး ယုံကြည်မှုသာ ဖြစ်ရပါမယ်။ နိုင်ငံတော်ရဲ့ ဥပဒေယန္တရားထဲကို တစိုးတစိတောင် ဝင်ရောက်စွက်ဖက်ခွင့် မရှိသင့်ဘူးဆိုတာ ဒီအကြောင်းအရင်းတွေကြောင့်ပဲဖြစ်ပါတယ်။
ဒီတော့ ဘာသာရေးနဲ့ နိုင်ငံရေးကို သံမဏိနံရံခြားပြီး ပြတ်ပြတ်သားသား ခွဲခြားလိုက်ရင် ဘာတွေဖြစ်လာမလဲ။ ဘယ်လို အကျိုးရလဒ်တွေကို ခံစားရမှာလဲ ဆိုရင်တော့ ပထမဆုံးအနေနဲ့ လူ့အခွင့်အရေးနဲ့ တစ်ဦးချင်းလွတ်လပ်ခွင့်ကို အပြည့်အဝ ရရှိမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြင်သစ်ရဲ့ Laïcité လို့ခေါ်တဲ့ ပြတ်သားတဲ့ Secularism မူဝါဒကို ကြည့်ပါ။ နိုင်ငံတော်ဟာ ဘာသာရေးအဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ခြင်း မပြုသလို၊ နိုင်ငံရေးနဲ့ အများပြည်သူဆိုင်ရာ နယ်ပယ်တွေမှာ ဘာသာရေးရဲ့ လွှမ်းမိုးမှုကို လုံးဝ ခွင့်မပြုပါဘူး။ ဒီလို ခွဲခြားလိုက်တဲ့အတွက် ဘာသာပေါင်းစုံက လူတွေဟာ နိုင်ငံသားဆိုတဲ့ ခေါင်းစဉ်အောက်မှာ တန်းတူညီမျှ နေထိုင်နိုင်ကြပြီး ဘာသာရေးအစွန်းရောက်မှုတွေကို ဥပဒေနဲ့ အခြေအနေတစ်ခုအထိ လျော့ချနိုင်ခဲ့တယ်။
ဒုတိယအချက်က အသိဉာဏ်ပညာနဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာခြင်းပါ။ ကမ္ဘာပေါ်မှာ လူနေမှုအဆင့်အတန်း အမြင့်ဆုံးနဲ့ အပျော်ရွှင်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ စကင်ဒီနေးဗီးယန်းနိုင်ငံတွေဖြစ်တဲ့ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်တို့လို နိုင်ငံတွေကို ကြည့်ပါ။ ဒီနိုင်ငံတွေဟာ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးအာဏာကို လုံးဝ ရုပ်သိမ်းထားတဲ့ Secular society တွေ ဖြစ်ပါတယ်။ ဘာသာရေးကို ပုဂ္ဂိုလ်ရေးယုံကြည်မှုသက်သက်အဖြစ်ပဲ ထားရှိပြီး၊ နိုင်ငံတော်ရဲ့ မူဝါဒတွေကိုတော့ သိပ္ပံနည်းကျ ဆန်းစစ်ချက်တွေ၊ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ပဲ တည်ဆောက်ပါတယ်။ ရလဒ်အနေနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ကဏ္ဍတွေမှာ ကမ္ဘာ့ထိပ်တန်းကို ရောက်ရှိလာပါတယ်။
နောက်ဆုံးအချက်က နိုင်ငံရေးတည်ငြိမ်မှုနဲ့ အစွန်းရောက်မှု ကင်းစင်ခြင်းပါပဲ။ အာရှမှာဆိုရင် စင်ကာပူနိုင်ငံ ကို ကြည့်ပါ။ စင်ကာပူဟာ ဘာသာရေးပေါင်းစုံ ရောနှောနေပေမဲ့ နိုင်ငံရေးထဲကို ဘာသာရေး အစွန်းအထွက်တစ်ခုတောင် ပေးမဝင်ပါဘူး။ ဘယ်ဘာသာရေးခေါင်းဆောင်မှ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ခွင့်၊ မှိုင်းတိုက်ခွင့် မရှိအောင် ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။ ဒီလို Secular ဆန်ဆန် အုပ်ချုပ်လို့သာ ဘာသာရေး ပဋိပက္ခတွေ ကင်းဝေးပြီး စီးပွားရေးအရ အံ့မခန်း တိုးတက်လာတာ ဖြစ်ပါတယ်။
ခြုံငုံပြောရရင်တော့ ကျွန်တော်တို့ဟာ ခေတ်မီတိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တကယ်တည်ဆောက်ချင်တယ်ဆိုရင် ဘာသာရေးအယူအဆတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို သူတို့နဲ့သက်ဆိုင်ရာ နေရာတွေဖြစ်တဲ့ ကျမ်းစာအုပ်တွေ၊ ဘုရားစင်တွေနဲ့ ဘုန်းကြီးကျောင်း၊ ဗလီ၊ ချာ့ချ်တွေမှာပဲ ကန့်သတ်ထားရှိရပါမယ်။ အဲဒီအရာတွေကို နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ အများပြည်သူဆိုင်ရာ တရားမျှတမှုတွေထဲမှာ မည်သည့်နည်းနဲ့မျှ၊ တစိုးတစိမျှ ပါဝင်ပတ်သက်ခွင့် မပေးသင့်ပါဘူး။
ကျွန်တော်တို့ဟာ "ငါ့ဘာသာ၊ ငါ့လူမျိုးအတွက်သာ" ဆိုတဲ့ ကျဉ်းမြောင်းပြီး ရွံရှာဖွယ်ကောင်းတဲ့ တရားမျှတမှုအတုတွေနောက်ကို မလိုက်ဘဲ၊ စစ်မှန်တဲ့ တရားမျှတမှုနဲ့ ခေတ်မီတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ချင်တယ်ဆိုရင်၊ အာဏာရှင်တွေနဲ့ လူ့မိစ္ဆာတွေရဲ့ ဘာသာရေးမှိုင်းကနေ ရုန်းထွက်ချင်တယ်ဆိုရင်တော့ Secularism ဆိုတဲ့ လမ်းစဉ်ကို မလွဲမသွေ ရွေးချယ်ရပါလိမ့်မယ်။
— William Abramson
15 June 2026
References:
• Wikipedia — Secularism; Laïcité; Mahsa Amini protests
• John Stuart Mill, On Liberty (1859)
Copyright © 2026 Burmese - ဗဟုသုတ
#Secularism #PoliticsAndReligion #HumanRights #CriticalThinking #Burmeseဗဟုသုတ #နိုင်ငံရေး #ဘာသာရေး #မြန်မာ့နိုင်ငံရေး #ဗဟုသုတ
Tuesday, May 19, 2026
အန်ဂျီအိုတွေက ဘယ်သူ့ကို တာဝန်ခံတာလဲ
(USAID ပါကစ္စတန် တွင် ဖွံ့ဖြိုးရေးဆိုင်ရာ အဆင့်မြင့် ကျွမ်းကျင်သူအဖြစ် လုပ်ကိုင်ခဲ့သူ ‘မိုဟာမက် အလ်တပ်ဖ် အာဖရီဒီ’ ၏ဆောင်းပါးကို ဘာသာပြန်ထားပါတယ်။)
ဆောင်းပါးရှင် - Mratt Kyaw Thu (May 18, 2026)
အဲ့ဒီနေ့က သြဂုတ်လထဲဆိုတော့ အတော် အိုက်စပ်စပ် ရှိတယ်။ ပျက်သွားတဲ့ကားကို ပြင်ဖို့ အစ္စလာမာဘတ်ဈေးထဲက ဝပ်ရှေ့ဆိုင်ကို ကျနော်ရောက်နေတာ။ စက်ပြင်ဆရာ မရောက်သေးလို့ ထိုင်စောင့်နေရတယ်။ ဈေးနဲ့ ခပ်လှမ်းလှမ်းမှာတော့ အဲကွန်းအငြိမ့်သားနဲ့ အမေရိကန်သံရုံး ရှိတယ်။
ဒီလောက် ပူကြွပ်နေတာတောင်မှ ဈေးထဲမှာ လူတွေ လှုပ်လှုပ်ရွရွဖြစ်နေတာ သတိထားမိတယ်။ အဲ့ဒါနဲ့ ဝပ်ရှော့ထဲက စက်ပြင်ဆရာတပည့်ကို လှမ်းမေးကြည့်တော့ “ဒီနေ့ ကျနော်တို့ ဆိုင်ရှင်များအသင်း အမှုဆောင် ရွေးတဲ့နေ့လေ” လို့ ပြန်ပြောတယ်။ ကျနော်လည်း စိတ်ဝင်စားသွားတော့ ဝပ်ရှော့ထဲကထွက်ပြီး ဟိုဟိုဒီဒီ စ နည်းနာကြည့်တယ်။
ဈေးထဲမှာ ဟိုနားလူတစု ဒီနားလူတစုနဲ့ အတော်ကို တက်တက်ကြွကြွ ဆွေးနွေးနေကြတာ မြင်ရတယ်။ ကြားရတဲ့ အကြောင်းအရာတွေက အစ္စလာမာဘတ်ဈေးထဲ ဆိုင်ရှင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အစိုးရက လျစ်လျူရှုထားတာတွေ၊ ပြီးတော့ မြို့ထဲက ဝပ်ရှေ့တွေကို ညစ်ပတ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့ပြင်ကို ရွှေ့ပစ်မယ်ဆိုလို့ စီးပွားပျက်မယ့်ကိစ္စတွေ၊ အစုံပဲ။
သူတို့ အမှုဆောင်ရွေးတာက ကြမ်းတယ်။ ပိုစတာတွေ ချိတ်၊ စာတန်းတွေထိုး၊ ဆွေးနွေးနေတဲ့ ပုံစံတွေကြည့်ရတာလည်း ပြင်းထန်တယ်။ နှိုင်းပြောရရင် တော်ရုံနိုင်ငံတော်အဆင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေလောက်တော့ သနားတယ်လို့ ပြောရလိမ့်မယ်။ ကျနော် ဘာတွေးမိလဲဆိုတော့ “ဒါကမှ အခြေခံလူတန်စားတွေရဲ့ တကယ့် လူမှုအဖွဲ့အစည်း လှုပ်ရှားမှု” ဆိုတာပါပဲ။
ကျနော် ဖွံ့ဖြိုးရေးကဏ္ဍမှာ ၂၅ နှစ် အလုပ်လုပ်ခဲ့ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေအတွက်ပေးတဲ့ သန်းနဲ့ချီတဲ့ ဒေါ်လာငွေတွေကို စီမံခန့်ခွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘယ်အလှူရှင်အဖွဲ့အစည်းကမှ အစ္စလာမာဘတ်ဈေးထဲက ‘ဆိုင်ရှင်များအသင်း’ လိုအဖွဲ့မျိုးတွေကို ရန်ပုံငွေ ထောက်ပံ့ပေးတာ တခါမှ မမြင်ဖူးပါ။
ဒါကဘာကို ပြနေတာလဲဆိုတော့ ရန်ပုံငွေ စိုက်ထုတ်ပေးလိုက်တာနဲ့ အမှန်တကယ် လက်တွေ့မြေပြင်မှာ လိုအပ်နေတာတွေနဲ့ ကွာခြားချက်ကြီးကြီးမားမား ရှိနေတယ် ဆိုတာပဲ။ နိုင်ငံတကာက ပေးတဲ့ အကူအညီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကြားမှာ ဘာတွေလွဲနေလဲဆိုတာကို မြင်သာစေတဲ့အချက်လည်း ဖြစ်ပြန်ပါတယ်။
အခုဆိုရင် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) လည်း ဖျက်သိမ်းခံလိုက်ရပြီ။ အနောက်နိုင်ငံတွေရဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေတွေ ဘယ်လိုရှိခဲ့နေခဲ့သလဲဆိုတာကိုလည်း မေးခွန်းထုတ် စစ်ဆေးနေကြပြီ။ ဒါကြောင့် ဒီမေးခွန်းဟာ အခုအချိန်မှာ အရေးတကြီး ဖြေရှင်းရမယ့်ကိစ္စ ဖြစ်လာပါတယ်။
နိုင်ငံတကာ အကူအညီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကြားမှာ ဘာတွေလွဲနေသလဲ။
ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့က လက်တွေ့မြေပြင်မှာ ဘယ်သူ့ကိုမှ တာဝန်ခံစရာမလိုဘဲ ဝါရှင်တန် ဒါမှမဟုတ် လန်ဒန်က အလှူရှင်တွေကိုပဲ တာဝန်ခံရတဲ့ အသက်မွေးဝမ်းကျောင်း အန်ဂျီအိုတွေနဲ့ သီးသန့် ကမ္ဘာတစ်ခုကို ဖန်တီးခဲ့ကြတာပဲ။
တကယ်က အရပ်ဘက် လူမှုအဖွဲ့အစည်း ဆိုတာ အစိုးရနဲ့ ဈေးကွက်စီးပွားရေးကြားက လစ်ဟာနေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးရတာ ဖြစ်ပါတယ်။ အစိုးရကလည်း မလုပ်ပေး၊ စီးပွားရေးသမားတွေကလည်း မလုပ်တဲ့အရာတွေကို စိတ်တူကိုယ်တူရှိတဲ့ လူတွေ စုပေါင်းပြီး လုပ်ကြတာမျိုးပါ။ ပြောရရင်တော့ တကယ့် စိတ်ရင်းစေတနာအမှန်နဲ့ အဖွဲ့ဝင်တွေအပေါ်မှာ အခြေခံထားပြီး တာဝန်ခံမှု ရှိရှိလုပ်ကြရတာမျိုး။
ကျနော် တွေ့ခဲ့ရတဲ့ အစ္စလာမာဘတ်ဈေးထဲက ‘ဆိုင်ရှင်များအသင်း’ ဆိုတာ အတိအကျ ပြောရရင် အဲဒီလို အဖွဲ့အစည်းမျိုးပဲ။ အစိုးရကလည်း မဖြေရှင်းပေးနိုင်၊ ဈေးကွက်ကလည်း မတတ်နိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ သူတို့ ခေါင်းဆောင်ပိုင်းကို ရွေးကောက်တင်မြှောက်ဖို့ ဈေးသူဈေးသားတွေက သူတို့မှာရှိတဲ့ အရင်းအမြစ်တွေကို စုပေါင်းပြီး လုပ်ကြတယ်။
ပါကစ္စတန်နိုင်ငံက ကိုလိုနီလက်အောက်က ထွက်လာရတာဖြစ်လို့ စစ်တပ်က အင်အားကောင်းတယ်။ ပြီးတော့ ဗျူရိုကရေစီယန္တရားကလည်း ခိုင်မာတယ်။ ဒါပေမဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းကျတော့ အားနည်းတယ်။ ကိုလိုနီဆိုတာကတော့ ဘယ်တော့မှ စုစည်းညီညွတ်မှုကို လိုလားခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ လူ့အဖွဲ့အစည်းဆိုတာက ကိုယ့်ဘာသာ စုစုစည်းစည်းနဲ့ ရှင်သန်နိုင်မဲ့ နည်းလမ်းတွေ ရှာကြံခဲ့ကြရတာပါပဲ။
ဈေးသည်များအသင်း၊ ဘာသာရေး လူမှုကူညီရေး ကွန်ရက်တွေ၊ သက်မွေးဝမ်းကျောင်း အသင်းတွေ၊ ရပ်ကွက်အသင်းအပင်းတွေ စတာတွေဟာ ပါကစ္စတန်မှာ နေရာတိုင်းရှိကြတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ရန်ပုံငွေ မတည်တယ်၊ ပြီးတော့ ကိုယ်စားပြုတဲ့ အသိုက်အဝန်းအတွက် အလုပ်လုပ်ကြတယ်။
ဘာကြောင့်လဲတော့ မပြောတတ်ဘူး။ နိုင်ငံတကာ အလှူရှင်တွေဟာ ဒီလို အသင်းအပင်း အဖွဲ့အစည်းတွေကို ဘယ်တော့မှ မတွေ့ကြဘူး။ မတွေ့ကြတာပဲလား ကပ်ကျော်သွားတာပဲလား။ ဒီလိုအဖွဲ့တွေအစား နိုင်ငံတကာအလှူရှင်တွေ ရက်ရက်ရောရော ငွေစိုက်ထုတ်ပေးကြတာ ဘယ်လိုအဖွဲ့တွေလိုဆိုတော့ ဒီလိုနိုင်ငံတကာအဖွဲ့တွေဆီက ငွေရဖို့ သီးသန့်ထောင်ထားကြတဲ့ အဖွဲ့တွေပဲ။ အချိန်လုနေရတာတွေ၊ ရထားတဲ့ ထောက်ပံ့ငွေတွေ အမြန်သုံးဖို့ လောနေရတာတွေနဲ့ ပရိုပိုဆယ်အပေါ် အခြေခံထားတဲ့ အဲ့ဒီလိုအဖွဲ့တွေရဲ့ ငွေသုံးစွဲမှုတွေကိုကြည့်ရင် အရပ်ဘက်အဖွဲ့အစည်းနဲ့မတူတော့ဘဲ ကန်ထရိုက်ဆွဲပြီး အလုပ်လုပ်ကြတာနဲ့ တူနေပါတော့တယ်။ ပြောရရင် ကန်ထရိုက်ဆွဲပြီး အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ အန်ဂျီအို ဂေဟစနစ်ကြီးကို ဖန်တီးပေးလိုက်သလို ဖြစ်သွားပါတယ်။
ဘာဖြစ်ရမယ်၊ ဘယ်လိုရလဒ်မျိုးထွက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်းမရှိသလို တာဝန်ယူမှုလည်း မရှိ၊ ရည်မှန်းချက်လည်း ရှိကြပုံ မရဘူး။ ကိုယ့်အဖွဲ့ဝင်တွေအပေါ်မှာလည်း တာဝန်ခံမှု မရှိကြဘူး။ သူတို့ အဓိက တာဝန်ခံကြတာက အလှူရှင်တွေပဲ။
ဒီနှစ် အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်နေတဲ့ အဖွဲ့အစည်းက နောက်နှစ်ကျရင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဘက်ကို ပြောင်းသွားတတ်တယ်။ ဒါက အဲ့ဒီဘက်မှာ သူတို့ ကျွမ်းကျင်လို့ ဒါမှမဟုတ် အဲ့ဒီဘက်ကို ပိုပြီး စိတ်အားထက်သန်လို့ မဟုတ်ဘူး၊ အဲ့ဒီခေါင်းစဉ်က ပိုက်ဆံပိုရလို့ပါ။
နိုင်ငံတကာ အလှူရှင်တွေရဲ့ မျက်စိအောက်ကို တကယ်အလုပ်လုပ်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ဘယ်တုန်းကမှ မရောက်ခဲ့ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ အလှူရှင်တွေ တန်ဖိုးထားတဲ့ အရည်အချင်းတစ်ခု မရှိလို့ပါပဲ။ တခြားတော့ မဟုတ်ဘူး၊ ‘အလန်းစား အင်္ဂလိပ်စာနဲ့ ပရိုပိုဆယ် ရေးနိုင်စွမ်း’ မရှိကြတာပါ။
ဒီထက်ပိုဆိုးတဲ့ကိစ္စကတော့ တာဝန်ခံမှုအပိုင်း။ ကျနော့်အတွေ့အကြုံအရဆိုရင် အလှူရှင်တွေဟာ အစိုးရ အသုံးစရိတ်တွေကိုဆိုရင် ပြေစာတွေ၊ ရသုံးစာရင်းတွေ၊ ဘတ်ဂျက်ခေါင်းစဉ်တွေ အားလုံးကို တခုမကျန် စေ့စေ့စပ်စပ်နဲ့ စစ်ဆေးတတ်ကြတယ်။ ဒါပေမဲ့ အန်ဂျီအိုတွေနဲ့ ပတ်သက်လာရင်တော့ အမြဲတမ်းနီးပါး အထာ ထားပေးကြတယ်။
အစိုးရတွေကို ကျနော်တို့ ဝေဖန်နေကျ ပြဿနာတွေဖြစ်တဲ့ ခြစားမှုတွေ၊ ရန်ပုံငွေ အလွဲသုံးစားလုပ်တာတွေနဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးတာတွေက တကယ်တော့ အန်ဂျီအိုလောကမှာ အတူတူပဲ။ ဒါမျိုးတွေဖြစ်နေတယ်ဆိုတာ အထောက်အထားတွေ ရှိနေတာတောင် အလှူရှင်တွေက မသိချင်ယောင် ဆောင်ကြတယ်။
ဒီလိုမျိုး သက်သက်ညှာညှာစဉ်းစားပေးတဲ့ အကြောင်းရင်းက အတွေးအခေါ်ပိုင်းဆိုင်ရာ အယူအဆကြောင့်လို့ ကျနော်ထင်တယ်။ ဘာလဲဆိုတော့ အရပ်ဘက်အဖွဲ့အစည်းတွေဆိုတာ အစိုးရထက် ပိုပြီးရိုးသားဖြူစင်ကြတယ်လို့ မြင်ကြတာကိုး။
ပိုပြီးလက်တွေ့ကျတဲ့ နောက်ထပ် အကြောင်းအရင်းတခု ရှိသေးတယ်။ တကယ်လို့ အန်ဂျီအိုတွေကိုသာ အစိုးရလို စံနှုန်းတွေနဲ့ လိုက်စစ်လိုက်မယ်ဆိုရင် အားလုံးမှီခိုနေရတဲ့ ရန်ပုံငွေ ခွဲဝေသုံးစွဲရေး ယန္တရားကြီးတခုလုံး ရပ်ဆိုင်းသွားနိုင်တာကြောင့်ပါပဲ။
လူပြောနည်းတဲ့ ကိစ္စတခုလည်း ရှိသေးတယ်။ ဝါရှင်တန် ဒါမှမဟုတ် လန်ဒန်က စီနီယာကြီးတွေလာရင် ‘အရပ်ဘက်အဖွဲ့အစည်းတွေကို ကိုယ်စားပြုတဲ့လူတွေ’ နဲ့ တွေ့ဆုံပွဲတွေကို USAID နဲ့ သံရုံးဘက်ကနေ စီစဉ်ပေးရလေ့ရှိတယ်။ ကျနော်ကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ ပါခဲ့ဖူးတယ်။
အဲ့ဒီလိုပွဲမျိုးကျရင် အရပ်ဘက် အဖွဲ့အစည်းဆိုတာ ဘာလဲဆိုတာကို နိုင်ငံခြားသားတွေရှေ့မှာ ဘယ်လိုပုံဖော်ပြရမလဲဆိုတဲ့ ချက်ကောင်းကို ကောင်းကောင်းသိ၊ စကားပြောကောင်းပြီး အင်္ဂလိပ်စာလည်း အင်မတန်သွက်၊ ပြီးတော့ နိုင်ငံတကာ အချိတ်အဆက်တွေလည်း ရှိတဲ့ အဖွဲ့အစည်းဟောင်းတွေကိုပဲ ဖန်တရာတေအောင် ကျနော်တို့ ပွဲသွင်းခဲ့ကြတာချည်းပဲ။
‘တွေ့နေကျ လူဟောင်းတွေ’ လို့တောင် အချင်းချင်း နောက်ပြောင်ပြီး ခေါ်ကြပါတယ်။ သူတို့နဲ့ကျတော့ နိုင်ငံတကာကလာတဲ့ အကြီးပိုင်း စီနီယာတွေ စိတ်အနှောင့်အယှက်ဖြစ်စရာ စိတ်ပူစရာမလိုဘူး။ တကယ်ဖြစ်နေတာတွေ ကြားသွားမှာလည်း စိုးရိမ်စရာမရှိဘူး မဟုတ်လား။
တကယ်အလုပ်လုပ်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းက လူတွေနဲ့သာ ဆိုရင်တော့ ဇာတ်တိုက်ထားသလို ဘယ်ဖြစ်တော့မလဲ။ ထိန်းဖို့ကလည်း ခက်၊ ကြိုတင်ပြင်ဆင်မထားဘဲ တုတ်ထိုးအိုးပေါက် တဲ့တိုးတွေ ပြောရင် အလှူရှင်တွေရော၊ သံရုံးဝန်ထမ်းတွေပါ အားလုံး ပြဿနာ တက်ကုန်မှာပေါ့။
အဲဒီလို တွေ့ဆုံဆွေးနွေးပွဲတွေမှာ အစ္စလာမာဘတ်ဈေးထဲက ဆိုင်ရှင်များအသင်းလို အဖွဲ့မျိုးထဲက လူတွေ ပါခွင့်မရကြပါဘူး။ ပြီးတော့ သူတို့က အလှူရှင်တွေ နားဝင်မယ့် ကိန်းကြီးခန်းကြီး စကားလုံးတွေ မသုံးတတ်ကြဘူး မဟုတ်လား။
ဒီအကျိုးဆက်ကို ကျနော်တို့ မြင်နေကြရပါပြီ။ အကူအညီတွေ ယူနေတဲ့ တခြားနိုင်ငံတွေမှာလိုပဲ ပါကစ္စတန်မှာလည်း အန်ဂျီအိုတခုကို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းလိုမျိုး သဘောထားပြီး အန်ဂျီအို ‘ပိုင်ရှင်’ ဆိုတဲ့ အသုံးအနှုန်းမျိုး ခဏခဏကြားရပါတယ်။ ဘုတ်အဖွဲ့ ဆိုတာတွေကလည်း စာရွက်ပေါ်မှာပဲ ရှိတာပါ။
အန်ဂျီအိုထဲက ထိပ်ပိုင်းရာထူးတွေကို ကြည့်လိုက်ရင်လည်း ဒီလူတွေပဲ၊ ဒါမှမဟုတ် သူ့ဆွေမျိုး အသိုင်းအဝိုင်းထဲက လူတွေချည်းပဲ။
လူထုနဲ့ အစိုးရကြားမှာ ပေါင်းကူးပေးရမဲ့ အဖွဲ့အစည်းတွေဟာ သူတို့ကိုယ်တိုင် ပြည်တွင်းက အဖွဲ့ဝင်တွေကို တာဝန်ခံရမယ့်အစား ပြင်ပက အလှူရှင်တွေကိုပဲ ပြန်ကြည့်နေရတဲ့ ပြိုင်ဘက် လုပ်ငန်းခွင် ယန္တရားတစ်ခုလို ဖြစ်နေပါပြီ။
ဒီလိုမျိုး ဖြစ်ပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်တော့ မရှိလောက်ပါဘူး။ အလှူရှင်တွေကတော့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို ရန်ပုံငွေ ထောက်ပံ့ပေးတာက ဒီမိုကရေစီကို အားကောင်းစေပြီး အစိုးရတွေကို တာဝန်ခံမှု ရှိလာစေလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။
ပြဿနာက သူတို့ ဖန်တီးပေးလိုက်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ဆိုတာကြီးက သူတို့ တကယ်တမ်း အားကောင်းမောင်းသန် ဖြစ်စေချင်တာမျိုး ဖြစ်မနေတာပါပဲ။ မေးစရာရှိတာက ဒါဆို ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲ။
နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ ဘယ်အဖွဲ့အစည်းကို ရန်ပုံငွေ ပေးမလဲဆိုတာ မဆုံးဖြတ်ခင်မှာ အနည်းဆုံးတော့ လက်တွေ့မြေပြင်မှာ ဘယ်လို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တကယ် ရှိနေသလဲဆိုတာကို အရင်ဆုံး လေ့လာပြီးနားလည်အောင် လုပ်သင့်ပါတယ်။
အင်္ဂလိပ်လို ပရိုပိုဆယ် ကောင်းကောင်း မရေးတတ်ပေမဲ့ လူထုကြားမှာ အမှန်တကယ် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေဆီ ရောက်ရှိနိုင်မယ့် နည်းလမ်းတွေကို (ဘယ်လောက်ပဲ အားနည်းချက် ရှိနေပါစေဦးတော့) ရှာဖွေသင့်ပါတယ်။ ပြီးတော့ အစိုးရတွေကို လုပ်သလိုမျိုး တာဝန်ခံမှု တာဝန်ယူမှု စံနှုန်းမျိုးအတိုင်း အန်ဂျီအိုတွေကိုလည်း အတူတူပဲ ကျင့်သုံးရပါမယ်။
နောက်တခုကတော့ ထောက်ပံ့ငွေနဲ့ လည်ပတ်နေတဲ့ ‘စီမံချက်တွေကို အကောင်အထည်ဖော်တဲ့ အဖွဲ့အစည်း’ နဲ့ ‘တကယ့် အရပ်ဘက် လူမှုအဖွဲ့အစည်း’ တို့ရဲ့ ကြားက ကွာခြားချက် ဘာလဲဆိုတာကို ရိုးရိုးသားသားဝန်ခံကြဖို့ လိုပါတယ်။
အစ္စလာမာဘတ်ဈေးထဲက ဆိုင်ရှင်များအသင်းမှာ အလှူရှင်အကြိုက် လိုက်လုပ်ရမယ်ဆိုတာတွေ ဒါမှမဟုတ် ပရောဂျက်သတ်မှတ်ချက်အတိုင်း ပြီးအောင်လုပ်ရမယ်ဆိုတာတွေ ဘယ်သူမှ တွေးမနေကြပါဘူး။ သူတို့အသင်းကို ဘယ်သူက ဦးဆောင်သင့်လဲ၊ ဘာကြောင့်လဲ ဆိုတာကိုပဲ ငြင်းခုံနေကြတာပါ။
ဆူညံပွက်လောရိုက်နေပေမဲ့ အဲ့ဒါမျိုးကမှ တကယ့်အစစ်အမှန်ပါ။ အရပ်ဘက်လူမှုအဖွဲ့အစည်းဆိုတာတွေ တကယ်တမ်း ရှိရမှာက အဲ့ဒီ ဆိုင်ရှင်များအသင်းလို အလုပ်လုပ်ပုံမျိုးပဲ။
အလှူရှင်တွေက သူတို့ကို ရန်ပုံငွေ တစ်ခါမှ မပေးခဲ့ဖူးပါဘူး။ ပြန်တွေးကြည့်ရင်တော့ အဲ့လိုမပေးခဲ့လို့ပဲ သူတို့အတွက် ပိုကောင်းနေတာများလားလို့လည်း တွေးမိသေးတယ်။ အလှူရှင်တွေရဲ့ ပိုက်ဆံဆိုတာ ကိုင်မိရင် ကိုင်မိတဲ့လူတွေရဲ့စိတ်ကို ပြောင်းလဲပစ်နိုင်တာကိုး။ ပြီးတော့ အလှူငွေဆိုတာ အဖွဲ့အစည်းတွေကို ပရိုပိုဆယ်တွေပေါ်မှာ အားကိုးစေပြီးတော့ ကိုယ့်ကို ပိုက်ဆံပေးတဲ့ အလှူရှင်တွေအကြိုက်ပဲ လိုက်စေပါလိမ့်မယ်။
ပါကစ္စတန်လို နိုင်ငံတွေမှာ နိုင်ငံတကာ အလှူရှင်တွေ မြင်ဖူးခဲ့တာထက် အမှန်တကယ် စေတနာအရင်းခံနဲ့အလုပ်လုပ်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အများကြီး ရှိနေနိုင်ပါတယ်။ အခုအချိန်မှာ သူတို့ကို ပေးသင့်တဲ့ အကူအညီကတော့ သူတို့ဘာသာ လွတ်လွတ်လပ်လပ် ထားလိုက်တာကပဲ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
****စာရေးသူ ‘မိုဟာမက် အလ်တပ်ဖ် အာဖရီဒီ’ သည် USAID-ပါကစ္စတန် တွင် ဖွံ့ဖြိုးရေးဆိုင်ရာ အဆင့်မြင့် ကျွမ်းကျင်သူအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
The Guardian သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ Mohammad Altaf Afridi ရဲ့
I ran aid programmes for 25 years – getting my car fixed at an Islamabad market taught me why they don’t work ကို ဘာသာပြန်ထားပါတယ်။
ဘာသာပြန်ရေးသားသူ - Mratt Kyaw Thu
Tuesday, December 30, 2025
မြစ်ဆုံစီမံကိန်း စစ်ခေါင်းဆောင်ထင်သလောက် လွယ်ပါ့မလား
 မြစ်ဆုံစီမံကိန်း  စစ်ခေါင်းဆောင်ထင်သလောက် လွယ်ပါ့မလား
__________________________
■ အေးချမ်း
(အေးချမ်းသည် ISP-Myanmar ၏ China Studies Program က လူငယ်သုတေသီဖြစ်သည်)
မြစ်ဆုံစီမံကိန်းကို ငလျင်ဒဏ်ခံနိုင်တဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ဖို့ ဆွေးနွေးနေတယ်လို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် စိုးဝင်းက မြစ်ကြီးနားခရီးစဉ်မှာ ပြောခဲ့ပါတယ်။ ဒီမတိုင်ခင်မှာလည်း စီမံကိန်းဦးဆောင်အဖွဲ့ ဖွဲ့တာတွေ၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို စီမံကိန်းပြန်စဖို့ ကမ်းလှမ်းတာတွေ လုပ်ခဲ့ပါတယ်။ စစ်ခေါင်းဆောင်က စိတ်အားထက်သန်နေသလောက် လက်တွေ့မှာ စီမံကိန်းဖော်ဆောင်ဖို့ အခြေအနေပေးရဲ့လား။ စစ်ခေါင်းဆောင်က ပြန်လည်အကောင်အထည်ဖော်ချင်နေပေမဲ့ မြစ်ဆုံစီမံကိန်းကြီးဟာ  လက်ရှိအခြေအနေတွေအရ ဖြစ်လာဖို့ခက်နေတယ်ဆိုတာကို အကြောင်းအချက် သုံးချက်နဲ့ ဆွေးနွေးလိုပါတယ်။
ပထမတချက်ကတော့ စစ်ကော်မရှင်အနေနဲ့ သူ့ရဲ့ရှင်သန်ရပ်တည်ရေးဟာ တရုတ်အကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်ဆိုတဲ့ စဉ်းစားမှုပါ။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း အဘက်ဘက်က ပြိုကျခဲ့တဲ့ စစ်ကော်မရှင်ဟာ တရုတ်အစိုးရရဲ့ ကျားကန်ပေးမှုနဲ့ ဆက်ရပ်တည်နေရတာပါ။ ဒါကြောင့် ကိုယ်အာဏာတည်မြဲဖို့ တရုတ်အကျိုးစီးပွားဖြစ်တဲ့ မြစ်ဆုံစီမံကိန်းကို ‘အကောင်အထည်ဖော်ပေးပါမယ်’လို့ အာမခံပြီး မျက်နှာချိုသွေးနေပုံရပါတယ်။ လက်တွေ့မြေပြင်မှာ ဖြစ်နိုင်ခြေ ရှိ၊ မရှိထက် တရုတ်အစိုးရ စိတ်ကျေနပ်စေဖို့ပဲ အတင်းလုပ်နေသလို ဖြစ်နေပါတယ်။ စစ်ခေါင်းဆောင်မှာ စိတ်အားထက်သန်မှုကလွဲပြီး လက်ဆုပ်လက်ကိုင်ပြစရာ ခိုင်မာတဲ့ အာမခံချက် တစုံတရာ ရှိမနေပါဘူး။ ဒါကို ဒုတိယအချက်မှာ ဆက်ဆွေးနွေးထားပါတယ်။
ဒုတိယအချက်ကတော့ အခုအထိ မြေပြင်မှာ ခိုင်ခိုင်မာမာ ဘာတခုမှမလုပ်နိုင်သေးပါဘူး။ စီမံကိန်းတခုစဖို့ အခြေခံဖြစ်တဲ့ ဘေးအန္တရာယ်အကဲဖြတ်မှု (risk assessment) လုပ်ဖို့တောင် မလွယ်ကူသေးပါဘူး။ ၂၀၀၂ ခုနှစ်ကတည်းက တည်ဆောက်ဖို့ မြေနေရာတိုင်းထွာခဲ့တာ ၂၀၁၀ ပြည့်နှစ်ရောက်မှ တည်ဆောက်ရေး အပိုင်း-၁ ကို စနိုင်ခဲ့ပါတယ်။ ဒီအထိ ရှစ်နှစ်ကြာခဲ့တာပါ။ ဒါဟာ ဦးသန်းရွှေနဲ့ ဦးသိန်းစိန်တို့လက်ထက် နိုင်ငံရေးတည်ငြိမ်ချိန်တွေမှာ ဖြစ်ပါတယ်။ အခုလို ကချင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ အခြေအနေမှာဆိုရင် ဒီထက်ပိုပြီး ခက်ခဲရှည်ကြာဖို့ပဲ ရှိပါတယ်။ ဒါ့အပြင် ပြည်သူ့ခုခံမှုနဲ့ စစ်ရေးမတည်ငြိမ်မှုတွေအကြားမှာ တရုတ်နိုင်ငံအနေနဲ့ ဘီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စွန့်စားလုပ်ကိုင်ဖို့ဆိုတာ လက်တွေ့မကျတဲ့ စိတ်ကူးယဉ်မှုတခုပဲ ဖြစ်နေပါတယ်။
နောက်ဆုံးအချက်ကတော့ အရေးအပါဆုံးဖြစ်ပါတယ်။ တရုတ်အစိုးရကိုယ်တိုင်က မြစ်ဆုံစီမံကိန်းကို အခုလို အကျပ်အတည်းအချိန်မှာ အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်တက်ကြွပုံ ပြမနေပါဘူး။ တရုတ်လို ကမ္ဘာ့အင်အားကြီးနိုင်ငံအနေနဲ့ သူ့ရဲ့ဂုဏ်သိက္ခာကို ငဲ့ကွက်ရပါတယ်။ အခုအချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်မှာ လုပ်မယ်ဆိုရင် တရုတ်ဟာ သူ့ရဲ့ ကမ္ဘာ့နိုင်ငံကြီးဆိုတဲ့ ဂုဏ်သိက္ခာကို စွန်းထင်းခံရမှာပါ။ လူထုထောက်ခံမှု မပြောနဲ့ တပ်တွင်းထောက်ခံမှုတောင် မနည်းလုပ်နေရတဲ့ စစ်ကော်မရှင်ကို လုံးဝပုံအောရပ်တည်လောက်တဲ့အထိတော့ တရုတ်အစိုးရဟာ အတွေးတိမ်မယ် မထင်ပါဘူး။ 
တရုတ်အစိုးရအနေနဲ့ လူထုရဲ့ သဘောထားကိုလည်း ချင့်ချိန်ကြည့်တဲ့ ဥပမာတွေလည်းရှိပါတယ်။ ဦးသိန်းစိန်ရပ်တန့်လိုက်တဲ့ စီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာမှ ပြန်စဖို့ ကြိုးပမ်းခဲ့တာကိုကြည့်ရင် ဒါကိုနားလည်နိုင်ပါတယ်။ ဒါ့အပြင် မြန်မာမှာ တရုတ်စီမံကိန်းက မြစ်ဆုံတခုတည်း မဟုတ်ပါဘူး။ ရေရှည်စဉ်းစားထားတဲ့ မဟာဗျူဟာမြောက် စီမံကိန်းတွေ၊ အစီအမံတွေ ရှိနေပါသေးတယ်။ ဒီအစီအမံတွေကို နောင်လာမယ့် အစိုးရအဆက်ဆက်နဲ့ ဆက်လုပ်ရဦးမှာပါ။ ဒါကြောင့်လည်း တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့အမုန်းကို ခံပြီး မြစ်ဆုံစီမံကိန်း ပြန်စဖို့ထက် ရှိပြီးသားစီမံကိန်းတွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုပဲ ဇောင်းပေးပြီး သတင်းစကားပါးနေတာကို သတိထားကြည့်လို့ရပါတယ်။
မြစ်ဆုံစီမံကိန်းအကြောင်း ပြောကြတဲ့အခါမှာ အာဏာသိမ်း စစ်ကော်မရှင်မှာ ဒီလိုနိုင်ငံတော်အဆင့် စီမံကိန်းမျိုးကို လုပ်ခွင့်မရှိတာ၊ ဧရာဝတီမြစ်ကို ပျက်စီးစေလို့ မလုပ်သင့်တာ စတာတွေအပြင် အပေါ်မှာပြောခဲ့တဲ့အချက်တွေကြောင့် လက်တွေ့မှာ မလုပ်နိုင်သေးဘူးလို့လည်း သုံးသပ်နိုင်ပါတယ်။ 
အရေးအကြီးဆုံးဖြစ်တဲ့ တရုတ်အစိုးရရဲ့ သဘောထားကလည်း မရေရာပါဘူး။ စစ်ကော်မရှင်ကပဲ တဖက်သတ်အချစ်ဟာ ပိုပါတယ်ဆိုသလို ဖြစ်နေပါတယ်။ စစ်ကော်မရှင်က လူထုဆန္ဒကို လွန်ဆန်ပြီး အတင်းအကျပ်လုပ်လေ လူထုက တရုတ်အစိုးရကို ပိုမုန်းလေပါပဲ။ အခုလိုမျိုး စီမံကိန်းပြန်စဖို့ အတင်းကြိုးစားနေတာက စစ်ကော်မရှင် ကိုယ်တိုင်ကပဲ တရုတ်ဆန့်ကျင်ရေးကို တဖက်လှည့်နဲ့ လုပ်နေသလားလို့တောင် ထင်စရာဖြစ်နေပါတယ်။
[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်]
#ISP_Column
Tuesday, October 14, 2025
ဓားသွားမကြွေ၊ လှံမခွေဖို့
__________________________
■ စံအောင်ကျော်
(စံအောင်ကျော်သည် ဆောင်းပါးများကို အခါအားလျော်စွာ ရေးသားနေသူ ဖြစ်သည်)
ISP Column ဆောင်းပါးတွေကို တောက်လျှောက်ဖတ်လာခဲ့တာမှာ ထင်ပေါ်လာလို့ သတိထားမိတဲ့အကြောင်းအရာတခု ရှိလာတယ််။ ဒါကတော့ တော်လှန်ရေးရဲ့ အမည်းကွက်ပါ။ ကျနော်ကိုယ်တိုင်ကတော့ တော်လှန်ရေးနယ်မြေထဲမှာ ရှိနေတာမဟုတ်ပေမဲ့ တော်လှန်ရေးနယ်မြေထဲကနေ ပဲ့တင်လာထပ်တဲ့ အသံတွေကို နားထောင်ရမိတာကဖြင့် စိတ်အားလျော့ဖို့ကောင်းပါတယ်။
တော်လှန်ရေးဆိုတာဟာ အမည်းကို ဖယ်ရှားပြီး အဖြူနဲ့အစားထိုးဖို့ ကြိုးစားတဲ့ ဖြစ်စဉ်တခုလို့ ယေဘုယျမြင်ကြည့်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တော်လှန်စိတ်ဓာတ်နဲ့ အမူအကျင့်တချို့ဟာ အမည်းထဲမှာပဲ ပျော်ဝင်နေကြတဲ့ပုံပါပဲ။ တော်လှန်ရေးနယ်မြေထဲကနေလာတဲ့ ဆောင်းပါးတချို့ကို နမူနာထုတ်ပြကြည့်ပါ့မယ်။
“စစ်ပွဲများအကြား ကိုယ်လွတ်ရုန်း ပြေးလွှားနေရသည့် သူတို့အဖို့ လက်ထဲတွင် ခြူးတပြားမှ ပါမလာ။ ဖုန်းလိုင်းပင်မမိသော အနေအထားတရပ်နှင့် ဖုန်းဆိုလျှင် ခလုတ်ပင် ကောင်းစွာမနှိပ်တတ်သော အဘိုးအဘွားများ၏ လက်ကိုင်ဖုန်းများပါမကျန် လုံခြုံရေးအကြောင်းပြချက်ဖြင့် သိမ်းယူသွားသည်”
ကရင်နီစစ်ဘေးရှောင်တဦးဖြစ်တဲ့ ဆူးငယ်ငယ်ရဲ့ ဆောင်းပါးရဲ့ကောက်စာပါ။ ‘သိမ်းယူသွားသည်’ဆိုတဲ့စကားလုံးက သာမန်အားဖြင့် စစ်တပ်ဘက်က ကျူးလွန်မှုတွေမှာ တွေ့ရလေ့ရှိတဲ့စကားလုံးပါ။ အခုကိစ္စမှာတော့ တော်လှန်ရေးဘက်ကလူတွေက လုပ်ဆောင်တာပါ။ ဒါ့အပြင် စစ်တပ်ကလူတွေမရှိတဲ့ မြို့ရွာတွေမှာ အများပြည်သူပိုင် ဆိုင်ကယ်၊ ရွှေထည်၊ ငွေကြေးနဲ့ အိမ်ထောင်ပရိဘောဂတွေ ပျောက်ဆုံးနေတဲ့ကိစ္စကိုလည်း ဆောင်းပါးရှင်က မေးခွန်းထုတ်ထားပါသေးတယ်။
နောက်တပုဒ်ကတော့ ရခိုင်ဘက်ကအကြောင်းအရာပါ။ NLD အစိုးရလက်ထက်မှာရော၊ စစ်အာဏာသိမ်းလိုက်ချိန်မှာရော ရခိုင်ပြည်နယ်ဟာ အင်တာနက်ဖြတ်တောက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ရခိုင်တော်လှန်ရေးအဖွဲ့အစည်း AA က မြို့တွေ၊ ရွာတွေ၊ နယ်မြေတွေ အများအပြားသိမ်းပိုက်နိုင်ချိန်ရောက်ခဲ့ပြန်တော့လည်း ရခိုင်လူထုကတော့ ဆက်သွယ်ရေးကျိန်စာသင့်မှုထဲမှာ ဆက်ပြီးမွန်းကျပ်နေရတဲ့အကြောင်းကို ရေးထားတာပါ။ အဲဒီအချိန်မှာပဲ AA ကတော့ဆက်သွယ်ရေးလုပ်ငန်းတွေကနေ လစဉ် ကျပ်သိန်းထောင်ချီရှိမယ်လို့ ဆောင်းပါးရှင်က ခန့်မှန်းပါတယ်။
တော်လှန်ရေးနယ်မြေထဲလာတဲ့ နောက်ထပ် ဆောင်းပါးတပုဒ်ကတော့ ‘ရယ်စရာပြောတာ မရယ်လိုက်ရဘူး’ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ တော်ဝင်မောင်ရဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဘဏ္ဍာငွေအကျပ်အတည်းတွေကြားထဲကနေ အရင်းအမြစ်နည်းပါးစွာနဲ့ တော်လှန်ရေးလုပ်ကြတယ်။ စာရေးသူက မရယ်ရဘူးဆိုပေမဲ့ သူ့ရဲ့စာတပိုဒ်ကိုဖတ်မိတော့ နာနာကျင်ကျင် ရယ်လိုက်မိပါတယ်။ ဆောင်းပါးမှာပါတဲ့အတိုင်းပဲ ဆွဲထုတ်ပြပါမယ်။
“တိုင်းရင်းသားဒေသမှာပဲ အခြေစိုက်တဲ့ တပ်ဖွဲ့တခုရဲ့ ခေါင်းဆောင်လုပ်သူဟာ တပ်ဖွဲ့ရဲဘော်တွေအတွက် ကျည်ကာဦးထုပ်ဝယ်မပေးဘဲ သူစီးတဲ့ကားကို ကျည်ကာတပ်ပါသတဲ့။ သူ့တပ်ဖွဲ့က ရဲဘော်တဦး ခေါင်းကို ကျည်ဆန်မှန်ပြီး ကျဆုံးတော့ ရဲဘော်လေးရဲ့ အသုဘအခမ်းအနားကို အဲဒီတပ်ဖွဲ့ခေါင်းဆောင်လုပ်သူက ကျည်ကာကားကြီးစီးပြီး ရောက်လာပါသတဲ့”
ဒီအကြောင်းအရာတွေကို ကြားသိရတာက တော်လှန်ရဲဘော်တွေရော၊ ပြည်သူတွေရောအတွက်တော့ မချိတင်ကဲဖြစ်စရာပါ။ လတ်တလောမှာပဲ ထွက်ရှိလာတဲ့ ဆောင်းပါးတပုဒ်ကလည်း တော်လှန်ရေးနယ်မြေထဲကပါပဲ။ လွတ်မြောက်နယ်မြေလို့ လွယ်လွယ်ခေါ်နေကြပေမဲ့ အဲဒီနယ်မြေထဲက သာမန်လူတွေအတွက် တကယ်ပဲ လွတ်မြောက်တာဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ထားပြီး တော်လှန်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့အဝန်းအဝိုင်းထဲက အခွင့်ထူးခံစားရနေတဲ့ကိစ္စကို မီးမောင်းထိုးထားတာပါ။
ဒါတွေဟာ အကြောင်းအရာတချို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအတွင်းက ပုပ်လို့ပေါ်လာတဲ့ တခြားအကြောင်းအရာတွေလည်း ရှိပါသေးတယ်။ ဥပမာ လိင်အကြမ်းဖက်မှုလို၊ မူးယစ်နဲ့ လောင်းကစားလို ကိစ္စတွေ။
အခုဆို တိုင်းပြည်ဟာ အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ ဒုက္ခများနေတာ ငါးနှစ်ထဲကို ဝင်လာခဲ့ပါပြီ။ အလင်းရောင်ကို ဘယ်အချိန် ပြန်ရမယ်ဆိုတာကိုလည်း ဘယ်သူမှ မပြောနိုင်ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ် ‘စစ်ဆင်ရေး ၁၀၂၇’ နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ စတင်ခဲ့တဲ့ စစ်ရေးအောင်ပွဲတွေဟာ ပြည်သူတွေအကြားမှာ ဖျက်ခနဲအလင်းရောင်တွေ လက်စေခဲ့ပါတယ်။ လူထုတွေအနေနဲ့တော့ ကိုယ့်ကို နင်းခြေဖျက်ဆီးထားတဲ့ စစ်တပ်ရဲ့ အရှက်တကွဲအကျိုးနည်းမှုတွေကို ကြည့်မြင်ခွင့်ရခဲ့ကြတာမို့ လက်ခုပ်လက်ဝါးတီးပြီး ကျေနပ်ခဲ့ရတဲ့ကာလပါပဲ။  ဒါပေမဲ့ စိတ်မကောင်းစရာပါ။ အောင်ပွဲတွေအထပ်ထပ်ရလာ၊ နယ်မြေစိုးမိုးမှုတွေ၊ သိမ်းပိုက်ထိန်းချုပ်နိုင်မှုတွေ များလာတာနဲ့အတူ တော်လှန်ရေးအုပ်စုတွေအကြား နယ်မြေအငြင်းပွားမှုတွေ၊ လူမျိုးရေး အငြိုးအတေးတွေ စတာတွေအပြင် ပြည်သူအပေါ် အနိုင်ကျင့်တဲ့ကိစ္စ ပိုပြီးကြားလာရတယ်။ ဒါ့အပြင် စစ်အောင်ပွဲတွေနဲ့အတူ တွဲပါလာတဲ့တော်လှန်အရသာချိုမြမြမှာ ယစ်မူးနေမှုတွေလည်း ရှိပါသေးတယ်။
အဲဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဝေဖန်ထောက်ပြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း အဲဒီဝေဖန်ထောက်ပြမှုတွေဟာ သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ နားထဲကို ရောက်မှ ရောက်ပါလေစပါပဲ။ လူ့သဘာဝအရမှာလည်း ထိတ်ထိတ်ကြဲအောင်မြင်နေချိန်မှာ သွားပြီးဝေဖန်တာမျိုးဟာ အရာထင်ဖို့ခက်ပါတယ်။ ဘာလို့ဆို အောင်မြင်မှုအခိုးအငွေ့တွေ ပိတ်ကာနေတတ်လို့ပါပဲ။ 
တနေ့ကပဲ အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ ဖြစ်ရပ်တခုကလည်း အခုအကြောင်းအရာနဲ့ ချိတ်ဆက်နေပါသေးတယ်။ ဗီဒီယိုဖိုင်ကိုရော၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်ကိုရော ကြည့်မိဖတ်မိသလောက်ကတော့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲမှာ တရားဥပဒေစိုးမိုးရေးဆောင်ရွက်တဲ့ အနေအထားလို့ နားလည်ရပါတယ်။ ပြည်သူလူထုနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ စကားအချေအတင်ဖြစ်ကြတာပါ။ အိမ်ရှင်မိသားစုဘက်က မှန်တယ်လို့ မဆိုလိုပေမဲ့ စကားများတဲ့အထိ မဖြစ်စေဘဲ တစ်ဖက်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ရည်ရည်မွန်မွန်နဲ့ ကိစ္စပြီးအောင် ဆောင်ရွက်နိုင်ဖို့လိုတာတော့အမှန်ပါပဲ။ လူ့သဘာဝမို့ စိတ်တိုတတ်တာဆိုပေမဲ့ လက်နက်ကိုင်အဖွဲ့ဝင်အနေနဲ့ ဒေါသကို အဆုံးစွန်ထိထိန်းထားနိုင်ဖို့ လေ့ကျင့်ထားဖို့လိုပါလိမ့်မယ်။ မတော်တဆ လက်ပါတဲ့အထိ ဖြစ်လာတဲ့အခါ အရင်ဆုံးနစ်နာရမှာက လက်နက်မဲ့ပြည်သူဖြစ်နေလို့ပါပဲ။ တဖက်မှာလည်း အခုလိုမျိုးကိစ္စတွေမှာ လက်ကိုင်ထားရမယ့် ကျင့်ဝတ်တွေ၊ လုပ်ထုံးစည်းမျဉ်းတွေကိုလည်း စနစ်တကျ လေ့ကျင့်ထားဖို့လည်း လိုပါလိမ့်မယ်။
မကြာသေးခင်ကာလမှာတော့ စစ်တပ်ဟာ ရှိသမျှခွန်အား၊ နည်းနာအစုံနဲ့ ထိုးစစ်တွေ ပြန်လုပ်လာပါတယ်။ လက်လွှတ်လိုက်ရတဲ့ နယ်မြေတချို့ကိုလည်း ပြန်ယူနေပါတယ်။ ဒီအခြေအနေဟာ တော်လှန်ရေးအင်အားစုတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုပါ။ ဘယ်သူနိုင်နိုင် ငါတို့ကတော့ ဘာမှမရဘူးဆိုတဲ့ အမြင်မျိုးတွေ လူတွေထဲမှာ ရှိနေမယ်ဆိုရင်တော့ လူထုအနေနဲ့ အုပ်စုနှစ်ခုဖြစ်တဲ့ စစ်ပွဲလို့သဘောထားပြီး စိတ်ပျက်စွာပဲ စောင့်ကြည့်နေရုံထက် ပိုတော့မှာမဟုတ်ပါဘူး။ အဲဒီလိုအမြင်တွေ အမြစ်တွယ်သွားမယ်ဆိုရင်တော့ ဆိုးသွားပါပြီ။ ဒီတော့လည်း လူထုကပေးအပ်ခဲ့တဲ့ ယုံကြည်မှုကို ထိန်းသိမ်းထားဖို့နဲ့ စွန်းပေနေတဲ့ အမည်းကွက်တွေကို ဆေးကြောဖို့ မဖြစ်မနေ လိုပါလိမ့်မယ်။
စစ်တက္ကသိုလ်ဆရာဟောင်းလည်းဖြစ်၊ ထင်ရှားတဲ့စာရေးဆရာလည်း ဖြစ်တဲ့ (ဦး)အောင်သင်းရဲ့ ကဗျာစာသားတချို့နဲ့ပဲ ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါမယ်။
“ပြည်သူ့နှလုံး၊ မသိမ်းကျုံးသော်
ပြည်သူ့ခွန်အား၊ မကိုးစားသော်
ဓားသွားကျိုးကြေ၊ လှံသွားခွေအံ့”
တော်လှန်ရေးရဲ့ တကယ့်အောင်ပွဲဆိုတာ လက်နက်အားနဲ့ နယ်မြေကို သိမ်းပိုက်ရယူခြင်းမဟုတ်ဘဲ ပြည်သူလူထုရဲ့ နှလုံးသားကို သိမ်းပိုက်ရရှိခြင်းဖြစ်တယ်ဆိုတာကို မမေ့ဖို့လိုပါမယ်။
[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။]
ISP_Column
Wednesday, April 9, 2025
❝ ရှီပလိုမေစီနှင့် အညမည ဖြစ်ရေး ❞
 ❝ ရှီပလိုမေစီနှင့် အညမည ဖြစ်ရေး  ❞ 
▂▂  
တရုတ်နိုင်ငံခြားရေးမူဝါဒတွေကို လေ့လာတဲ့အခါမှာ၊ “ရှီပလိုမေစီ” [Xiplomacy] ဆိုတဲ့ အသုံးအနှုန်းကိုတွေ့ရပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် [Xi Jinping] ရဲ့ နာမည်နဲ့ ဒစ်ပလိုမေစီ [Diplomacy] ဆိုတဲ့ သံခင်းတမန်ခင်း စကားလုံးကို ပေါင်းစပ်ပြီး “ရှီပလိုမေစီ” လို့ ခေါ်ဝေါ်သုံးနှုန်းတာဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်အနေနဲ့ ယခင် သမားရိုးကျ တည်ဆောက်လာတဲ့ တရုတ်နိုင်ငံခြားရေးမူဝါဒမှာ၊ သူ့ရဲ့ အတွေးအခေါ်တွေကို ထပ်မံပေါင်းထည့်ပြီး၊ ကမ္ဘာ့နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လာတာဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ခေါင်းဆောင်မှု အောက်မှာ ပေါ်ထွက်လာတဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို “ရှီပလိုမေစီ” [Xiplomacy] လို့ သုံးနှုန်းပြီး၊ ဖော်ပြလာခဲ့ကြတာပါ။ များသောအားဖြင့် ရှီပလိုမေစီ ဆိုတာကို [Xi Jinping Thought on Diplomacy] လို့ ဖော်ပြသုံးနှုန်းတာများပါတယ်။ ရှီပလိုမေစီ ကိုနားလည်ဖို့အတွက်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ခေါင်းဆောင်မှု မပေါ်ခင်၊ တရုတ်နိုင်ငံခြားရေးမူဝါဒကို အနည်းငယ် ဆန်းစစ်ဖို့ လိုပါတယ်။ 
⦿  တိန့်ရှောင်ဖိန် လက်ထက်
တရုတ်သမ္မတ ရှီကျင့်ဖျင် ခေါင်းဆောင်မှု မပေါ်ခင် အချိန်တုန်းက၊ တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ၊ မော်စီတုန်း ကွယ်လွန်ပြီးနောက် မဟာခေါင်းဆောင်ကြီးတစ်ယောက်အဖြစ် ခိုင်ခိုင်မာမာ ပေါ်ထွက်လာခဲ့တဲ့ “တိန့်ရှောင်ဖိန်” ရဲ့ သဘောထားက လွှမ်းမိုးခဲ့တာကို တွေ့ရပါတယ်။ တိန့်ရှောင်ဖိန်လက်ထက်မှာ၊ တရုတ်ဟာ နိုင်ငံတကာဇာတ်ရှုပ်တွေထဲ ဝင်မပါဖြစ်အောင် ရှောင်တိမ်းခဲ့တဲ့ အပြုအမူကို တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် တိန့်ရှောင်ဖိန်ဟာ၊ တရုတ်ပြည်မှာ “ပြည့်အင်အားကို တည်ဆောက်ရင်း” - တရုတ်နိုင်ငံရဲ့ ကိုယ်ခံအား ကောင်းမွန်အောင် တည်ဆောက်ခဲ့တာတွေ့ရပါတယ်။ တိန့်ရှောင်ဖိန်ဟာ အလှမ်းကျယ် အလယ်လပ် မဖြစ်စေဖို့၊ အထူး ဂရုစိုက်ခဲ့ဟန်တူပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ အရှိပကတိကို ကောင်းစွာ နားလည်ခဲ့တယ်။ တိန့်ရှောင်ဖိန်လက်ထက် တရုတ်နိုင်ငံဟာ၊ လက်တံခြေတံ ရှည်ရှည်လျားလျားနဲ့ ပါဝင်ကြရမယ့် နိုင်ငံတကာအရေးတွေကို ခဏ အသာ လက်ရှောင်ထားပြီး၊ ကိုယ့်နိုင်ငံကို ကိုယ့်ပြည်တွင်းမှာ အခြေခိုင်ခိုင်မာမာ တည်ဆောက်ရေးကို အဓိက ဇောင်းပေးခဲ့တယ်လို့ ပြောနိုင်ပါတယ်။ 
⦿  ပြည့်အင်အားကို အရင်ဖြည့် 
တိန့်ရှောင်ဖိန် တက်လာပြီးနောက်ပိုင်း၊ တိန့်ရှောင်ဖိန် လုပ်ခဲ့တဲ့ အလုပ်က “ဆာနေတဲ့ တရုတ်တွေကို ဗိုက်ဝအောင် ကျွေးဖို့က အဓိက” ဖြစ်ခဲ့ပါတယ်။ တိန့်ရှောင်ဖိန်ဟာ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန်နဲ့ လုပ်ဆောင်တယ်။ စီမံကိန်းစီးပွားရေးစနစ်နဲ့ ဘုံစီးပွားရေးဝါဒကို နောက်မှာ ချန်ထားပြီး အရင်းရှင်စီးပွားရေးစနစ်ကို တရုတ်နည်းတရုတ်ဟန် (တနည်း) တရုတ်နည်းကျ ဆိုရှယ်လစ်ဝါဒ ပုံစံနဲ့ ပုံဖော်ပြီး စျေးကွက်စီးပွားရေးစနစ်ကို သွတ်သွင်းတည်ဆောက်ခဲ့တယ်။ တိန့်ရှောင်ဖိန်ရဲ့ စီးပွားရေးမူဝါဒတွေက အောင်မြင်ခဲ့ပါတယ်။ မော်စီတုန်းလက်ထက်မှာ ဆင်းရဲငတ်ပြတ်ခဲ့တဲ့တရုတ်တွေဟာ ဗိုက်ဝအောင် စားနိုင်လာတယ်၊ ဆင်းရဲတွင်းကနေ တက်လာနိုင်ခဲ့တယ်၊ လူလတ်တန်းစားဖွံ့ဖြိုးမှုလည်း ကျယ်ပြန့်လာခဲ့တယ်။ ကုန်းတွင်းပိတ်ပြည်နယ်တွေနဲ့ ကမ်းရိုးတမ်းဒေသက ပြည်နယ်တွေအကြား ဆင်းရဲချမ်းသာကွာဟမှု ကြီးမားခဲ့ပေမယ့်၊ ရှီကျင့်ဖျင်လက်ထက် ရောက်လာချိန်မှာ‌တော့ - တရုတ်နိုင်ငံရဲ့ ဆင်းရဲချမ်းသာ ကွာဟမှု အချိုး အတော်ကြီး ကျဉ်းမြောင်းလာခဲ့တယ်။ တိန့်ရှောင်ဖိန် လက်ထက်က မြို့ပြနဲ့ ကျေးလက်အကြား ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားခဲ့ပေမယ့်၊ ရှီကျင့်ဖျင် လက်ထက်မှာတော့ ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်တွေကို အရှိန်အဟုန်နဲ့ ချီ,မနိုင်ခဲ့တာတွေ့ရတယ်။ တိန့်ရှောင်ဖိန်က ဗိုက်ဝဝ စားနိုင်လာတဲ့ တရုတ်တွေကို စည်းရုံးနားချခဲ့ရတာ ရှိတယ်။ ဗမာလို ဆိုရင်တော့ “တိတ်တိတ်လေးနေ” လို့၊ ဖြောင်းဖြ စည်းရုံးတာပါ။ သိပ် ထောင်ထောင်ထောင်ထောင် မနေနဲ့။ “Keep a low profile” (韬光养晦) လို့ သတိပေးပါ။ သိုသိုသိပ်သိပ်နေ…လို့ သူ့တရုတ်တွေကို မှာတာပါ။ 
⦿  တရုတ်တွေ ခြေစွာနိုင်ပြီ 
တိန့်ရှောင်ဖိန်ရဲ့ သဘောထားဟာ၊ ကမ္ဘာ့အရေးတွေမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အဓိက နိုင်ငံခြားရေးမူဝါဒသဘောထားဖြစ် ပါဝင်လာခဲ့တယ်။ တရုတ်တွေဟာ ကမ္ဘာ့အရေးတွေမှာ၊ ဆရာကြီး ဝင်မလုပ်ဘူး။ ငပွကြီးလည်း ဝင်မလုပ်ဘူး။ ငြိမ်ငြိမ်စိမ်စိမ်ပဲ နေတယ်။ အသာအယာပဲ နေတယ်။ တခါတရံ လက်ရှောင်တယ်။ တခါတရံ ဘေးထွက်ထိုင်နေတယ်။ တခါတရံ မသိသလိုနေတယ်။ တခါတရံ ကိုယ်နဲ့ မဆိုင်သလို နေတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုသာ အာရုံစိုက်ပြီးတော့ အထူးပြုတည်ဆောက်နေတဲ့ကာလဖြစ်တာကြောင့်လို့ ပြောရမယ်။ ဒါပေမယ့် သမ္မတ ရှီကျင့်ဖျင်ကတော့ အဲသည့်လို မဟုတ်ဘူး။ ရှီကျင့်ဖျင် လက်ထက်မှာက၊ တရုတ်တွေဟာ တိန့်ရှောင်ဖိန်လက်ထက်ကလို အခြေအနေမျိုးလည်း မဟုတ်တော့ဘူး။ အဲသည့်ထက်မက တစ်ဆင့်မက တက်လာနိုင်ပြီ။ တရုတ်တွေဟာ ငြိမ်နေရမယ့် အချိန်မဟုတ်တော့ဘူး။ တရုတ်တွေဟာ ကုပ်နေရမယ့် အနေအထား မဟုတ်တော့ဘူး။ တရုတ်တွေဟာ ကမ္ဘာ့နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ခြေစွာနိုင်တဲ့ အဆင့်အတန်းကို ရောက်လာနိုင်ပြီ။ အဲသည့်လို တရုတ်တွေက နိုင်ငံတကာအရေးတွေမှာ ခြေစွာနိုင်အောင်လည်း တရုတ်လူ့အဖွဲ့အစည်းရဲ့ ကိုယ်ခံအားက ကောင်းလာတာကိုး။ တရုတ်လူ့အဖွဲ့အစည်းရဲ့ ကိုယ်ခံအားကို မတည်ဆောက်နိုင်ဘဲနဲ့ တရုတ်တွေဟာ နိုင်ငံတကာအရေးကိစ္စတွေမှာ ခြေစွာနိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။ 
⦿  အလှမ်းကျယ် အလယ်လပ် မဖြစ်ခဲ့သော တရုတ်ခေါင်းဆောင်များ 
တိန့်ရှောင်ဖိန် အပါအဝင် တိန့်ရှောင်ဖိန် နောက်ပိုင်းတက်လာတဲ့ တရုတ်ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေး၊ ပြည့်အင်အားကို ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ မပျက်ကွက်ခဲ့ဘူး။ ဒါ့အပြင် တရုတ်လူ့အဖွဲ့အစည်းရဲ့ ကိုယ်ခံအားကို မြှင့်တင်ဖို့ မပျက်ကွက်ခဲ့ဘူး။ တရုတ်လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုဟာ အလှမ်းကျယ် အလယ်လပ် မဖြစ်ခဲ့သလို၊ မော်စီတုန်းလက်ထက်ကလို စိတ်ကူးယဉ်လည်း ဆန်မနေခဲ့ပါဘူး။ မော်စီတုန်းက တရုတ်နိုင်ငံကို ခေါင်းဆောင်မှု ပေးတဲ့အခါမှာ၊ အလှမ်းကျယ် အလယ်လပ်တာတွေ ရှိခဲ့တယ်။ ဒါ့အပြင် စိတ်ကူးယဉ်ဆန်ခဲ့တာတွေ ရှိတယ်။ တော်လှန်ရေးကို တင်ပို့မယ်ဆိုတဲ့ မော်စီတုန်းရဲ့ လုပ်ရပ်တွေဟာ အလှမ်းကျယ် အလယ်လပ် ဖြစ်ခဲ့တာတွေလို့ ပြောနိုင်ပါတယ်။ (၁၀) နှစ်အတွင်း သံမဏိတန်ချိန် ဘယ်၍ ဘယ်မျှ ထွက်အောင် လုပ်မယ်ဆိုတာတွေနဲ့ ဘုံလယ်ယာစနစ်တွေ၊ ဘုံဝါဒ‌တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့နေရာမှာ စိတ်ကူးယဉ်ဆန်ခဲ့တာတွေ အမြောက်အမြား ရှိခဲ့တယ်။ တိန့်ရှောင်ဖိန်ကတော့ အဲသည့်လို မဟုတ်ဘူး။ အချက်အလက်ထဲမှာ အမှန်ရှာ…ဆိုတာမျိုး လုပ်လာတယ်။ အရှိပကတိကို မငြင်းပယ်ဘူး။ အရှိတရားက ဘာလဲဆိုတာကို မြင်အောင်ကြည့်တယ်။ ပြောင်းသင့်တာကို ရဲရဲတင်းတင်း ပြောင်းလဲဖို့ ကြိုးစားတယ်။ 
⦿  လက်တွေ့ကျတဲ့ တရုတ်ခေါင်းဆောင်များ 
တိန့်ရှောင်ဖိန်နောက်ပိုင်းတက်လာတဲ့ တရုတ် သမ္မတတွေနဲ့ ဝန်ကြီးချုပ်တွေကို ကြည့်လိုက်ရင်လည်း သူတို့က အင်ဂျင်နီယာတွေ ဖြစ်တယ်ဆိုတာတွေ့ရတယ်။ ကမ္ဘာပြားပြီ စာအုပ်ကို ရေးတဲ့ သောမတ်ဖရိုင်းမန်းက အမေရိကန်သမ္မတတွေနဲ့ တရုတ်သမ္မတတွေကို နှိုင်းယှဉ်ပြီး မှတ်ချက်တစ်ခု ရေးတယ်။ အမေရိကန်သမ္မတတွေ အတော်များများကို ကြည့်ရင်၊ များသောအားဖြင့် ရှေ့နေတွေ များတယ်။ တရုတ်သမ္မတတွေကတော့ အင်ဂျင်နီယာတွေဖြစ်တယ်ဆိုတာတွေ့ရတယ်။ ဒီတော့ အမေရိကန်သမ္မတတွေထက်၊ တရုတ်ခေါင်းဆောင်တွေက ပိုပြီး လက်တွေ့ကျကျ ရှုမြင်ချည်းကပ်နိုင်တယ်လို့ မှတ်ချက်ပေးတယ်။ အမေရိကန်သမ္မတတွေကတော့ - စကားစစ်ထိုးဖို့လောက်ပဲ အားသန်နေတယ်လို့ ဝေဖန်ပါတယ်။ အင်ဂျင်နီယာတွေဆိုတာကလည်း ကိန်းဂဏန်းနဲ့ အတိုင်းအထွာတွေနဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော်ကြရတဲ့ လက်တွေ့သမားတွေ မဟုတ်လား။ တရုတ်ခေါင်းဆောင်တွေက လက်တွေ့သမားတွေဆိုတာကို သောမတ်ဖရိုင်းမန်းက ထောက်ပြတာပါ။ 
⦿  စိတ်ကူးယဉ်ကမ္ဘာထဲက ခုန်ထွက်ခဲ့
မော်စီတုန်းအလွန် တရုတ်ခေါင်းဆောင်မှုမှာ လက်တွေ့ကျတဲ့ သဘောတရားတွေနဲ့ လုပ်ဆောင်လာနိုင်တာတွေ့ရပါတယ်။ တရုတ်သမ္မတတွေအပါအဝင် ပေါ်လစ်ဗျူရိုအဖွဲ့ဝင်တွေဟာ တရုတ်နိုင်ငံတည်ဆောက်ရေးနဲ့ပတ်သက်ရင် စိတ်ကူးယဉ်လမ်းကြောင်းကနေ ခွာထွက်လာနိုင်ခဲ့ပြီလို့ ပြောနိုင်ပါတယ်။ သမ္မတရှီကျင့်ဖျင်ရဲ့ သံခင်းတမန်ခင်းထဲက ရှီကျင့်ဖျင်အတွေးအခေါ်ကလည်း လက်တွေ့ကျခြင်းကနေ လာတယ်လို့ ပြောနိုင်ပါတယ်။ တရုတ်တွေဟာ ဗိုက်ဝလာလို့၊ ချမ်းသာလာလို့၊ ဖင်ဂေါင်းကျယ်လာတာတော့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံနဲ့ တရုတ်လူ့အဖွဲ့အစည်းကိုယ်၌က အဘက်ဘက်က ကိုယ်ခံအားကောင်းလာလို့ အစွမ်းပြလာနိုင်တာဖြစ်ပါတယ်။ 
⦿  တရုတ်တို့ ပိုမိုရဲတင်းလာ
ရှီပလိုမေစီမှာ၊ တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို အလေးအနက်ထား ကာကွယ်ဖို့ဟာ အဓိက အရေးအကြီးဆုံး အချက်ဖြစ်တယ်။ ဒါ့အပြင် ကမ္ဘာကြီးကို တရုတ်ယဉ်ကျေးမှုတွေ တင်ပို့ ဖြန့်ချိဖို့ အဓိက အချက်အနေနဲ့ ပါဝင်တယ်။ ဒါကို “Chinese values globally” လို့ ပြောပါတယ်။ တရုတ်တွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ၊ တရုတ်အကျိုးစီးပွားအတွက်ဆိုရင် ထိပ်တိုက်တိုးဖို့ ရဲတင်းတဲ့ သတ္တိတွေ ရှိလာတယ်။ တရုတ်တွေဟာ နိုင်ငံတကာအခင်းအကျင်းမှာ သိုသိုဝှက်ဝှက် နေတဲ့ အနေအထား မဟုတ်တော့ပါဘူး။ တရုတ်တွေဟာ ကမ္ဘာကြီးထဲမှာ ခြေစွာတဲ့လူတွေဖြစ်လာတာတွေ့ရပါတယ်။ ရှီကျင့်ဖျင်ရဲ့ တရုတ်နိုင်ငံခြားရေးသဘောထားဟာ ကမ္ဘာ့အစီအစဉ်တွေထဲမှာ လေးလေးနက်နက် ပါဝင်လာတဲ့ အနေအထားမှာ ရှိပါတယ်။ ရှီပလိုမေစီမှာ နောက်ထက် အရေးကြီးတဲ့ အချက်က တရုတ်အမျိုးသားရေးဝါဒဖြစ်ပါတယ်။ ရှီပလိုမေစီရဲ့ နိုင်ငံခြားရေးသဘောထားက တရုတ်အမျိုးသားရေးဝါဒ အပေါ်မှာ အခြေပြုတာကိုလည်း တွေ့ရပါတယ်။ တရုတ်တွေအနေနဲ့ သံတမန်အရေးတွေမှာ ပိုပြီး ခိုင်မာရဲတင်းတဲ့ လုပ်ရပ်တွေကို ရှေ့တိုးလုပ်ဆောင်နိုင်စွမ်း ရှိလာတာတွေ့ရပါတယ်။ 
⦿  ကမ္ဘာ့ခေါင်းဆောင်မှုအခန်းကဏ္ဍမှာ
ရှီပလိုမေစီရဲ့ ခေါင်းဆောင်မှုအောက်မှာ၊ တရုတ်တွေဟာ ပိုပြီး ရဲတင်းလာခဲ့ပြီ ဖြစ်ပါတယ်။ ယခင်တုန်းက တရုတ်သံတမန် ဆက်ဆံရေးဟာ ကမ္ဘာ့လုံးဆိုင်ရာ ဂလိုဘယ်အရေးအခင်းတွေကို အာရုံစိုက်တာထက် ကိုယ့်ဒေသတွင်းပြဿနာတွေကို ပိုပြီး သတိထား ဖြေရှင်းကိုင်တွယ်ရမယ်လို့ ယူဆခဲ့တာပါ။ တရုတ်ပြည်တွင်းရေးကို တိုက်ရိုက် ရိုက်ခတ်လာတဲ့ ဒေသတွင်းပြဿနာတွေကို သတိထားကိုင်တွယ်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရှီပလိုမေစီရဲ့ ချည်းကပ်မှုတော့၊ ဒေသတွင်းအရေးအရာတွေမှာပဲ အာရုံစိုက်တာမျိုး မလုပ်တော့ပါဘူး။ ကမ္ဘာ့အရေးလည်း “နိုင်ငံကြီး” တစ်ခုအနေနဲ့ တာဝန်ယူမှု - တာဝန်ခံမှုရှိရှိနဲ့ ပါဝင်လုပ်ဆောင်ဖို့ ကြိုးစားလာတာဖြစ်ပါတယ်။ ဆိုလိုချင်တာက ရှီကျင့်ဖျင်လက်ထက် မတိုင်ခင်က တရုတ်တွေဟာ “မိမိကိုယ်ကိုယ်နဲ့ မိမိနဲ့ သက်ဆိုင်တဲ့ အရေးအရာတွေမှာပဲ ownership ယူလာရာကနေ” အခုတော့ “ကမ္ဘာကြီးမှာ ဖြစ်ပျက်တဲ့အရေးအရာတွေ အားလုံးဟာ တရုတ်တွေနဲ့ ဆိုင်တယ်ဆိုတဲ့ global ownership role ကို ယူဖို့ ကြိုးစားလာနေတာ” ဖြစ်ပါတယ်။ ဒါကို “Major-country diplomacy” လို့ သုံးနှုန်းပါတယ်။ ကမ္ဘာကြီးမှာ ပိုပြီး မျှတတဲ့ “Global Governance System” တစ်ခု ပေါ်လာဖို့အတွက် တရုတ်တွေကလည်း တာဝန်ယူ လုပ်လာနိုင်တာဖြစ်ပါတယ်။ နိုင်ငံတကာအစီအစဉ်မှာ၊ တရုတ်တွေက ကနဦး ကမကထပြုပြီး လုပ်လာတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ရှိလာပါတယ်။ ကမ္ဘာ့အခင်းအကျင်းဟာ တရုတ်တွေ ဦးဆောင်တဲ့ အခင်းအကျင်းဖြစ်လာနေပြီလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံကို ကမ္ဘာ့ခေါင်းဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်လာအောင်၊ ရှီပလိုမေစီနဲ့ ခြေလှမ်းကျဲကျဲ လှမ်းလာနေတာပါ။ 
⦿  ဒေသတွင်းကို ပိုမိုကျစ်လစ်စေ 
ရှီပလိုမေစီရဲ့ ဝိသေသတွေထဲမှာ၊ ဒေသတွင်းနိုင်ငံတွေကို ပိုပြီး ကျစ်ကျစ်လစ်လစ် ပေါင်းစည်းဖို့အတွက် အထူး အာရုံစိုက်လာတာပါ။ တရုတ်ဟာ သူ့ရဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ သမားရိုးကျ သံခင်းတမန်ခင်း လမ်းကြောင်းကနေ သွေဖည်ပြီး၊ နောက်ထပ် တစ်ဆင့်တိုးပြီး လုပ်ဆောင်လာတာဖြစ်ပါတယ်။ ယခင်တုန်းကတော့ regional engagement တွေဟာ အရေးကြီးတယ် ဆိုရုံမျှလောက်ပဲ သဘောထားပါတယ်။ ဒါပေမယ့် ရှီကျင့်ဖျင်လက်ထက်မှာတော့ ဒေသတွင်းနိုင်ငံတွေကို regional engagement အဆင့်လောက်နဲ့ မတင်းတိမ်တော့ပါဘူး။ strategic engagement အနေနဲ့ ရှေ့ဆက်တိုးလာပါတယ်။ သမ္မတ ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ ဒေသတွင်းနိုင်ငံတွေအရေးမှာ ယခင် တရုတ်သမ္မတတွေထက် ပိုပြီး ရည်မှန်းချက် ကြီးကြီးထားတယ်။ အာရုံစိုက်မှုလည်း ပိုပါတယ်။ ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးတွေမှာ တရုတ်ရဲ့ ခေါင်းဆောင်မှုကို ထင်ထင်ရှားရှား ပြလာဖို့ ကြိုးစားလာတာတွေ့ရပါတယ်။ ရှီပလိုမေစီရဲ့ ဝိသေတွေထဲမှာ ပိုးလမ်းမသစ်စီမံကိန်း ဖြစ်တဲ့ [BRI – Belt and Road initiative] ဟာ အလွန်အရေးပါပါတယ်။ ဒါဟာ ဒေသတွင်းနိုင်ငံတွေနဲ့ စီးပွားရေးအရ ပေါင်းစည်းမှုမဟာဗျူဟာအဆင့်ထက် အများကြီး ပိုလွန်ပါတယ်။ တရုတ်ရဲ့ ဩဇာနဲ့ တရုတ်ရဲ့ အကျိုးစီးပွားကို ဒေသတွင်းနိုင်ငံတွေမှာပါမက ကမ္ဘာကြီးကို ပတ်ခြုံလွှမ်းမိုးဖို့ ကြိုးစားတည်ဆောက်တဲ့ မဟာဗျူဟာ ဖြစ်တာတွေ့ရပါတယ်။
⦿  မြန်မာအတွက် မှတ်ချက် 
ဒီနေရာမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ သဘောထားဖြစ်လာတဲ့ ရှီပလိုမေစီရဲ့ အကြောင်းကို တင်ပြရင်း၊ တရုတ်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ မြန်မာ့အရေးကိုလည်း ထည့်သွင်း မှတ်ချက်ပေးချင်ပါတယ်။ 
⦿  ၁။ တရုတ်ကို ငြင်းပယ်လို့ မရ။
▂▂ 
မြန်မာနိုင်ငံမှာ ဘယ်လိုအစိုးရမျိုးပဲ တက်လာသည်ဖြစ်စေ၊ တရုတ်ကို ငြင်းပယ်လို့ မရပါ။ တရုတ်ကို ငြင်းဆန်လို့ မရပါ။ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းမှာ ကိုယ်ခံအားကောင်းအောင် တည်ဆောက်ဖြည့်ကျင့်လာခဲ့တဲ့ တရုတ်လို နိုင်ငံကြီးတစ်နိုင်ငံကို မြန်မာနိုင်ငံလို ပဋိပက္ခတွေ ဒင်းကြမ်းပြည့်နေပြီး၊ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံ့ရဲ့ ကိုယ်ခံအား ဆုတ်ယုတ်ပျက်ပြားနေတဲ့ တတိယနိုင်ငံငယ်လေးတစ်ခုအဖို့၊ ပိုပြီးတော့တောင် ငြင်းဆန်ဖို့ ခက်ပါတယ်။ အေအိုင်ခေတ်မှာ ကမ္ဘာကြီးနဲ့ အပြိုင်နွှဲနေတဲ့ တရုတ်ကို၊ သွားကြားထိုးတံတောင် ကောင်းကောင်း မထုတ်နိုင်တဲ့ မြန်မာနိုင်ငံအဖို့၊ အာခံ ဆန့်ကျင်လို့ မရနိုင်ရိုး အမှန်ပါ။ မြန်မာက ယခု တိုင်းပြည်တည်ဆောက်ရေးလုပ်နိုင်လို့၊ နောက်ထပ် နှစ်ပေါင်း (၃၀) လောက်ကြာတယ်ဆိုရင်တောင် - တရုတ်ရဲ့ လွှမ်းမိုးမှုကနေ ရုန်းထွက်နိုင်မှာ မဟုတ်ပါ။ မြန်မာအနေနဲ့ မိမိကိုယ်ကို နိုင်ငံ့ကိုယ်ခံအား / လူ့အဖွဲ့အစည်းကိုယ်ခံအား ကောင်းအောင် မတည်ဆောက်နိုင်ဘဲနဲ့ တရုတ်လွှမ်းမိုးမှုကို ငြင်းဆန်နိုင်ဖို့ မလွယ်ကူပါ။ မြန်မာဟာ မိမိကိုယ်ကို ဖြည့်ကျင့်တည်ဆောက်ရေးကို မလုပ်ဘဲ၊ “အနောက်မျှော်ပြီး သခင်အားရ ကျွန်ပါးဝ” စိတ်ဓာတ်နဲ့ တရုတ်ကို ဆန့်ကျင်တယ်ဆိုရင်လည်း၊ နလပိန်းတုံး လုပ်ရပ်လို့ပဲ ပြောနိုင်ပါတယ်။ ပထဝီကို ရွှေလို့ မရပါ။ အိမ်နီးချင်းကို ရှောင်လို့ မရပါ။ မြန်မာတို့ဟာ မိမိတိုင်းပြည်ရဲ့ ကိုယ်ခံအားနဲ့ မိမိလူ့အဖွဲ့အစည်းရဲ့ ကိုယ်ခံအားကို ပြန်လည်တည်ဆောက်ရင်းနဲ့သာ တရုတ်ရဲ့ ရင်ခွင်ပိုက်အဖြစ်ကနေ ရုန်းထွက်နိုင်ဖို့ တတ်နိုင်ပါလိမ့်မယ်။ 
⦿   ၂။ တရုတ်ကို ဆန့်ကျင်လို့ မရ၊ တရုတ်ဩဇာကို ထိန်းထေဖို့သာ တတ်နိုင်။ 
▂▂  
မြန်မာအနေနဲ့ တရုတ်ကို ဆန့်ကျင်လို့ မရပါဘူး။ တရုတ်ဆန့်ကျင်ရေးလေထုကို လွှင့်တင်လေလေ၊ မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့အစည်းဟာ ကြမ္မာဆိုးတဲ့ ပိုမို ဆိုက်ရောက်လာလေလေ ဖြစ်နိုင်ပါတယ်။ လူထုထောက်ခံမှု အမြင့်မားဆုံး ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ကြည့်ရင်တောင်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ကို မငြင်းဆန်ဘဲ၊ တရုတ်နဲ့ တည့်အောင် ပေါင်းဖို့၊ တရုတ်ဩဇာကို ထိန်းကျောင်းဖို့သာ လုပ်ခဲ့တာတွေ့ရပါတယ်။ လူထုထောက်ခံအား မရှိတဲ့ အာဏာသိမ်းစစ်ကောင်စီက တရုတ်ကို ဆန့်ကျင်လို့ ရနိုင်မလား။ ဒါ့အပြင် တရုတ်ဩဇာကိုလည်း ထိန်းကျောင်းနိုင်တဲ့ စွမ်းရည် ရှိပါ့မလား။ အဖြေကတော့ မရှိနိုင်ပါဘူးဆိုတာပဲဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီကို လက်နက်နည်းနဲ့ ဆန့်ကျင်နေတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေကရော - တရုတ်လို နိုင်ငံကြီးကို ရန်သတ္တရုပြုပြီး အာခံနိုင်စွမ်း ရှိပါ့မလား။ တရုတ်စစ်တပ်ဟာ ဆင်ကြီးဆိုရင်၊ မြန်မာစစ်တပ်က ဆိတ်လောက်ပဲရှိတယ်။ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကတော့ ဂျီသူငယ်လောက်ပဲ ရှိပါတယ်။ တရုတ်ရဲ့ ဩဇာကို မြန်မာနိုင်ငံအတွင်းက ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကမှ ငြင်းဆန်နိုင်လို့ မရပါဘူး။ အထူးသဖြင့် တရုတ် - မြန်မာနယ်စပ်မျဉ်းပေါ်မှာ ထိုင်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဆိုရင်၊ ပိုပြီးတော့တောင် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ထီးရိပ်အောက်မှာ ကျရောက်နေတာတွေ့ရပါတယ်။ ဒီတော့ နွေဦးတော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ လက်နက်ကိုင်အုပ်စုငယ်လေးတွေကလည်း၊ တရုတ်အင်ပါယာကို မဝပ်တွားရင်တောင် - တရုတ်အင်ပါယာကို ကလန်ကဆန် လုပ်လို့ မရပါဘူး။ အခု နွေဦးတော်လှန်ရေး (၄) နှစ်တာကာလမှာ နွေဦးလက်နက်ကိုင်အဖွဲ့ငယ်တွေဟာ မြေပြင် ခြေကုတ်ယူမှု အားကောင်းပေမယ့်၊ စစ်ရေးအရ အနိုင်မရသေးတာဟာ - တရုတ်ဆန့်ကျင်ရေးလေချဉ် ခဏ ခဏ တက်ပြခြင်းရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ကြောင်း နားလည်နိုင်ပါတယ်။ 
⦿   ၃။ တရုတ် အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့နဲ့ ဘုံအကျိုးစီးပွားတည်ဆောက်နိုင်ကြောင်း ပြသဖို့။ 
▂▂   
ဒါ့ကြောင့် မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်စေ၊ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ၊ မြန်မာနိုင်ငံထဲမှာ သက်ရောက်နေတဲ့ တရုတ်ရဲ့ အခန်းကဏ္ဍကို လက်တွေ့ကျကျ အသိအမှတ်ပြုဖို့ လိုပါတယ်။ စစ်ရေးမှာ တရုတ်လွှမ်းမိုးတဲ့ ဩဇာရှိပါတယ်။ စီးပွားရေးမှာ တရုတ်အပေါ် အမှီအခိုပြုမှုတွေ အမြောက်အမြားရှိပါတယ်။ နိုင်ငံရေးမှာလည်း တရုတ်ကို အထာထားရမယ့်ကိစ္စတွေ ရှိပါတယ်။ မဲမဲမြင်ရာ ရမ်းတဲ့ အကျင့်ဟာ၊ မိမိကိုယ်ကို နိုင်ငံရေးဆူဆိုက်လုပ်တာနဲ့ အတူတူပါပဲ။ အဆန်မရှိဘဲ အသံနဲ့ ကြွေးကြော်ပြီး တရုတ်ဆန့်ကျင်ရေးကို လုပ်တာဟာ မိမိကိုယ်ကို စစ်ရေးဆူဆိုက်လုပ်တာပါပဲ။ ဒါကို တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေဖြစ်တဲ့ EAOs တွေလည်း သိတယ်၊ EROs တွေလည်း သိတယ်၊ BGF အကြီးစားတွေလည်း သိပါတယ်။ တရုတ် - မြန်မာနယ်စပ်မျဉ်းပေါ်မှာ မရှိတဲ့ ထိုင်း - မြန်မာနယ်စပ်က လက်နက်ကိုင်အဖွဲ့တွေတောင်မှ၊ တရုတ်ဩဇာကို ထိတ်လန့်ပါတယ်။ တရုတ်ကို ကလန်ကဆန် မလုပ်ဘဲ၊ မိမိတို့ တည်ရှိနေခြင်းဟာ တရုတ်အကျိုးစီးပွားနဲ့ ရန်ဘက် မဟုတ် - မိတ်ဖက် ဖြစ်တယ်ဆိုတာကို ပြနိုင်မှသာလျှင်၊ ဖြစ်တည်မှုဟာ ရှင်သန်နိုင်စရာ အကြောင်းရှိပါတယ်။ အဲသည့်လိုမှ မဟုတ်ဘဲ၊ တရုတ်ဆန့်ကျင်ရေးကို ထင်ထင်ပေါ်ပေါ် လုပ်လေလေ၊ မြန်မာ့မြေပေါ်မှာ ရှိတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို မကြာခင် ပျက်သုဉ်းခန်း မုချ ဆိုက်ရောက်လာမှာ ဖြစ်ကြောင်း အတိအလင်း တင်ပြချင်ပါတယ်။ ဒါဟာ တရုတ်ကို ကြောက်ရွံ့တဲ့စိတ်နဲ့ ရေးတဲ့ စာ မဟုတ်သလို၊ တရုတ်လော်ဘီစာလည်း မဟုတ်။ လက်တွေ့နိုင်ငံရေးနဲ့ လက်တွေ့စစ်ရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍကို လျော့မတွက်ဖို့၊ ပေါ့မတွက်ဖို့ လက်တို့ သတိပေးတဲ့ ဆောင်းပါးသာဖြစ်ပါတယ်။ 
“တရုတ်က ခင်ဗျားတိုးတက်အောင်မြင်အောင် ပြုနိုင်ချင်မှ ပြုနိုင်လိမ့်မယ်။ ဒါပေမယ့် ခင်ဗျားကို တရုတ်က မျက်စိဆံပင်မွှေးစူးတယ်ဆိုရင်၊ ဖျက်လိုက ဖျက်နိုင်စွမ်း ရှိတယ်”
ဒါကို မမေ့ဖို့ လိုပါတယ်။ 
မင်းသေ့ 
၉ ဧပြီ ၂၀၂၅ 
❏ References: 
[1] http://english.scio.gov.cn/in-depth/2018-09/30/content_64401928.htm
[2] https://www.chinadaily.com.cn/a/202211/14/WS63722bb2a310491754329a15.html
[3] https://www.ipcs.org/comm_select.php?articleNo=4653 
[4] https://www.atlantis-press.com/article/25905455.pdf 
[5] https://www.scmp.com/news/china/diplomacy/article/3254743/chinas-two-sessions-2024-country-should-ditch-deng-xiaopings-approach-hiding-its-capacities-and 
[6] https://www.thinkchina.sg/politics/what-can-deng-xiaoping-teach-us-about-diplomacy-today
Wednesday, April 26, 2023
လစ်ဘရယ်မျိုးချစ်
• လစ်ဘရယ်မျိုးချစ်။ 
• လစ်ဘရယ်နေရှင်နယ်လစ်။ 
• လစ်ဘရယ်အမျိုးသားရေးဝါဒ။ 
၁။ မြန်မာနိုင်ငံဟာ ဘယ်လို ဖက်ဒရယ်စနစ်မျိုးကိုပဲ တည်ဆောက်သည် ဖြစ်စေ – လူမျိုးစုနိုင်ငံရေး အခင်းအကျင်းနဲ့ လုံးဝ ခွာထုတ်လို့ ရမယ့် တိုင်းပြည်မျိုး မဟုတ်ပါ။ ထိုနည်းလည်းကောင်း ဒီမိုကရေစီစနစ်ကို ဘယ်လို ပုံစံနဲ့ သွားသည် ဖြစ်စေ – လူမျိုးစုနိုင်ငံရေးကို ဖယ်ထုတ်လို့ မရပါ။ ပြည်တွင်းက လူမျိုးစုနိုင်ငံရေးကို ကြည့်ရင်လည်း — ethnocentric nationalism ဘက်ကို အတော်ကြီး တိမ်းညွှတ်တာကို တွေ့ရပါတယ်။ 
၂။ မျိုးချစ်ဝါဒ (တနည်း) သွေးဗဟိုပြုအမျိုးသားရေးဝါဒ ဟာ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ အထူးသဖြင့် ပြည်ထောင်စုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်တဲ့ နေရာမှာ လူမျိုးရေးအခုအခံတွေနဲ့ ရှေ့မရောက်အောင် လုပ်နိုင်ပါတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ ဖြစ်တည်မှုကို ကျယ်ပြန့်အောင် ကျေးဇူးမပြုဘဲ နဂိုကထက် ပိုမိုကျုံ့ဝင်အောင် အပံ့အပိုးဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် မျိုးနွယ်နဲ့ သွေးသားကို ဗဟိုပြုပြီး တည်ဆောက်ထားတဲ့ အမျိုးသားရေးဝါဒဟာ — အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်သစ် တည်ဆောက်ရေးအတွက် အခုအခံ အတားအဆီး မဖြစ်အောင် ကြံဆဖို့ လိုပါတယ်။ 
၃။ အဲသည့်အတွက် နည်းလမ်းရှိပါတယ်။ အဲဒါကတော့ — တည်ဆဲ အမျိုးသားရေးဝါဒကို ဖယ်စရာ မလိုဘဲနဲ့ လစ်ဘရယ်ဝါဒနဲ့ ပူးကပ်တည်ဆောက်ဖို့ပါ။ လူမျိုးကို အခြေပြုပြီး လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲလာတဲ့ လူမျိုးစုလွတ်မြောက်ရေးတပ်ဖွဲ့တွေမှာ – အမျိုးသားရေးဝါဒကို ဖယ်ပြီး စဉ်းစားလို့ မရပါ။ ဒါက အရှိတရားဖြစ်သလို၊ အဖြစ်တရားလည်း ဖြစ်ပါတယ်။ လူမျိုးစုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲလာတဲ့လူတွေကို — လူမျိုးစုနိုင်ငံရေး မလုပ်ပါနဲ့လို့ ပြောရင် ဖြစ်နိုင်ပါ့မလား၊ ဖြစ်သင့်ပါ့မလား၊ ဖြစ်လို့ရော ရပါသလား။ ဒါကို ကန့်သတ် တားဆီးလို့ မရပါ။ ဒါ့ကြောင့် ကန့်သတ်တားဆီးတာမျိုး မလုပ်ဘဲနဲ့ ဘေးထွက်ဆိုးကျိုးနည်းအောင် လုပ်ရပါလိမ့်မယ်။ 
တနည်း — 
• ကြမ်းရှတဲ့ မျိုးချစ်ဝါဒကို ယဉ်ပါးအောင် လုပ်ရပါလိမ့်မယ်။ 
• ရန်လိုတဲ့ မျိုးချစ်ဝါဒကို ယဉ်ကျေးအောင် လုပ်ရပါလိမ့်မယ်။ 
• အစွန်းရောက်တဲ့ မျိုးချစ်ဝါဒကို အသုံးတည့်အောင် လုပ်ရပါလိမ့်မယ်။ 
၄။ အဲသည့်အတွက် ဘာလုပ်ရပါမလဲ။ လစ်ဘရယ်နှုန်းစံတွေနဲ့ ပူးကပ်ယှဉ်တွဲ ပစ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ လစ်ဘရယ်အယူအဆကို နားလည်လက်ခံတဲ့ အမျိုးသားရေးဝါဒီတွေ ဖြစ်အောင် လုပ်ရပါလိမ့်မယ်။ လစ်ဘရယ်အတွေးအခေါ်ကို သဘောပေါက် နှစ်ခြိုက်တဲ့ အမျိုးသားရေးဝါဒီတွေ ဖြစ်အောင် လုပ်ရပါလိမ့်မယ်။ လစ်ဘရယ်တန်ဖိုးတွေကို ကျင့်သုံးလာတဲ့ အမျိုးသားရေးဝါဒီတွေ ဖြစ်အောင် လုပ်ရပါလိမ့်မယ်။ ဒါဟာ မြန်မာပြည်တွင်းက လူမျိုးစုနိုင်ငံရေးကို ဘီလူးခေါင်းအဖြစ်ကနေ မင်းသားခေါင်းအဖြစ် ပြောင်းလဲပစ်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ 
၅။ လက်ရှိ မြန်မာပြည်တွင်းက ဗမာ မဟုတ်သော တိုင်းရင်းသားလူမျိုးစုတွေကို ကြည့်ရင် – အားလုံးဟာ ဖက်ဒရယ်လစ်တွေ မဟုတ်ပေမယ့်၊ အားလုံးလိုလိုက နေရှင်နယ်လစ်တွေ ဖြစ်နေတာကို‌တွေ့ရပါတယ်။ ဗမာတွေထဲမှာလည်း ဗမာနေရှင်နယ်လစ်တွေ ရှိနေပြီး ဖြစ်ပါတယ်။ ဒီနေရာမှာ — နေရှင်နယ်လစ်တွေ / အမျိုးသားရေးဝါဒီတွေကို ဒီမိုကရေစီနဲ့ ရန်ဖက် မဖြစ်စေဘဲ၊ မိတ်ဖက်ဖြစ်အောင် လုပ်ရပါလိမ့်မယ်။ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေဟာ – ဒီမိုကရေစီကို သိပ် မ ပြော။ ဖက်ဒရယ်ကိုသာ ဇောင်းပေးပြောတာ တွေ့ရပါတယ်။ သို့သော် ဖက်ဒရယ်မှာလည်း ဒီမိုကရေစီလေးနဲ့မှ… လို့ သတိပေး လက်တို့နေရတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါ့ကြောင့် အနာဂတ် မြန်မာပြည်ဟာ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ဖို့ဆိုရင် – ဖက်ဒရယ်လစ် တွေနဲ့ ဒီမိုကရက်တစ်တွေ သိမ်မွေ့စွာ ပေါင်းစည်းဖို့ လိုအပ်ပါတယ်။ 
၆။ ဖက်ဒရယ်လစ်တွေနဲ့ ဒီမိုကရက်တစ်တွေ သိမ်မွေ့စွာ ပေါင်းစည်းဖို့အတွက်ဆိုရင် – ဖက်ဒရယ်ဘက်ကို အားသာတဲ့ မျိုးချစ်ဝါဒီ (တနည်း) ဖက်ဒရယ်ဘက် တိမ်းညွှတ်ချက်ရှိတဲ့ အမျိုးသားရေးဝါဒီတွေကို — လစ်ဘရယ် အမျိုးသားရေးဝါဒီတွေဖြစ်အောင် လုပ်ဖို့ လိုပါတယ်။ တနည်းအားဖြင့် မြန်မာပြည်မှာ လစ်ဘရယ်နေရှင်နယ်လစ်တွေ အမြောက်အမြား ပေါ်ထွက်ဖို့ လိုပါတယ်။ အဲသည့်အတွက် — လစ်ဘရယ်ဝါဒနဲ့ အမျိုးသားရေးဝါဒဟာ ပြိုင်ဘက်တွေ မဟုတ်၊ မိတ်ဖက်တွေဆိုတာကို နားလည်သဘောပေါက်အောင် လုပ်ကြဖို့ ဖြစ်ပါတယ်။ 
၇။ လစ်ဘရယ်အမျိုးသားရေးဝါဒ / လစ်ဘရယ်နေရှင်နယ်လစ်ဇင် ဖြစ်ထွန်းဖို့အတွက်ဆိုရင် အောက်ပါ စကားလုံး တချို့ကို နူးညံ့စွာ အသွင်ပြောင်းနိုင်မှ ဖြစ်ပါလိမ့်မယ်။ အဲဒါတွေကတော့ — 
• Aggressive Nationalism ( ရန်လိုတဲ့ အမျိုးသားရေးဝါဒ) 
• Rigid Nationalism (ကြမ်းတမ်းတဲ့ အမျိုးသားရေးဝါဒ) 
• Radical Nationalism (အစွန်းရောက် အမျိုးသားရေးဝါဒ) 
• Conservative Nationalism (ရှေးရိုးစွဲ အမျိုးသားရေးဝါဒ) 
စတဲ့ စကားလုံးတွေကို – လစ်ဘရယ်အမျိုးသားရေးဝါဒ အဖြစ်ကို အသွင်ကူးပြောင်းစေဖို့ လိုပါတယ်။ လူတွေဟာ ကိုယ့်အမျိုးကို ချစ်တာ အပြစ်တော့ မဟုတ်ပါ။ ဒါပေမယ့် ရန်လိုတဲ့ မျိုးချစ်ဝါဒ မဖြစ်အောင် ပြုပြင်ဖို့ လိုပါတယ်။ လူတွေဟာ ကိုယ့်အမျိုးကို ချစ်တာ ဓမ္မတာပါပဲ။ ဒါပေမယ့် ကြမ်းတမ်းတဲ့ မျိုးချစ်ဝါဒ မဖြစ်အောင် ပုံသွင်းဖို့ လိုပါတယ်။ လူတွေဟာ ကိုယ့်သွေးသားဆွေမျိုးကို ချစ်တာ သဘာဝပါပဲ။ ဒါပေမယ့် အစွန်းရောက်တဲ့ မျိုးချစ်ဝါဒ မဖြစ်အောင် ပြုပြင်ဖို့ လိုပါတယ်။ လူတွေဟာ ကိုယ့်အမျိုးကို စွဲတတ်တာ ပုံမှန်သဘောပါပဲ။ ဒါပေမယ့်  ရှေးရိုးစွဲမျိုးချစ်ဝါဒ မဖြစ်အောင်တော့ လုပ်ယူလို့ ရပါတယ်။ 
ဒီလို ကြိုးစားကြဖို့အတွက် — လစ်ဘရယ်အယူအဆတွေနဲ့ မျိုးချစ်ဝါဒီတွေကို ယဉ်ပါးအောင် ပူးကပ် လေ့ကျင့်ပေးဖို့၊ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ တာဝန်ရှိပါတယ်။ ဒီအလုပ်ကို တာဝန်သိတဲ့ လူမှုပြုပြင်ရေးဝါဒီ (Social Reformist) တွေ တာဝန်ယူလုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုက်ပါကြောင်း….။ 
မင်းသေ့ 
ည ၁၀း၀၄ 
၂၄ - ဧပြီ - ၂၀၂၃။
Thursday, September 22, 2022
တိုင်းရေးပြည်သစ်
 ●────  တိုင်းရေးပြည်သစ် ─────●
〓 တိုင်းရေးပြည်သစ်ဖြစ်ဖို့အတွက် ဘယ်လို အရာတွေကို အခြေခံထား စဉ်းစားရမလဲ။ 
ဒီနေရာမှာ နှစ်မျိုးခွဲပြီး စဉ်းစားသင့်တယ် ထင်တယ်။ နံပါတ် တစ် — ခွဲထွက်ပြီး နိုင်ငံတော်သစ် တည်မှာလား။ သို့တည်းမဟုတ် နိုင်ငံဟောင်းကို သစ်မှာလား။ ဒါက အရေးကြီးလိမ့်မယ် ထင်တယ်။ ခွဲထွက်ပြီး အသစ်တည်မယ်ဆိုရင်တော့ အစကနေ စဉ်းစားရမယ်။ နိုင်ငံဟောင်းကို သစ်မယ်ဆိုရင်တော့ — engineering နည်းနဲ့ လုပ်ရမှာတွေ ရှိတယ်။ တူတာတွေ ရှိသလို မျိုးကွဲတွေလည်း ရှိလိမ့်မယ် ထင်တယ်။ 
〓 ပြည်နယ်တွေက နိုင်ငံတကာအသိုင်းအဝန်းရဲ့ အဖွဲ့ဝင်ဖြစ်လာဖို့ မျှော်လင့်တာတွေ ရှိတယ်။ ဒါကို ဘယ်လို ထင်သလဲ။ 
ဒါက သွယ်ဝိုက်ပြီး ပြောနေတာပါ။ ဒဲ့ပြောရင် ရှင်းတယ်။ ခွဲထွက်ပြီး နိုင်ငံသစ်ထောင်ချင်တယ်။ ဒါပဲ။ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ အဖွဲ့ဝင်ဖြစ်လာဖို့ ဆိုတာ — နိုင်ငံတကာအသိအမှတ်ပြု နိုင်ငံတစ်နိုင်ငံဖြစ်ချင်တယ်ဆိုတဲ့ သဘောပဲ။ ဒီတော့ ကမ္ဘာပေါ်မှာ နိုင်ငံတစ်ခု မွေးဖွားဖို့အတွက် အခြေခံလိုအပ်ချက်တွေ ရှိတယ်။ နိုင်ငံရေးသိပ္ပံမှာတော့ အခြေခံ (၄) ချက် လို့ ပြောတယ်။ (၁) လူဦးရေ၊ (၂) တိတိကျကျ သတ်မှတ်ထားတဲ့ နယ်နိမိတ်၊ (၃) အစိုးရ နဲ့ (၄) အချုပ်အခြာအာဏာ။ နိုင်ငံတကာဆက်ဆံရေးနယ်မှာ အချက် တစ်ချက် ထပ်တိုးတယ်။ ဒါကို နံပါတ် (၅) လို့ သတ်မှတ်မယ်။ အဲဒါက ပြည်ပအချုပ်အခြာအာဏာ (တနည်းအားဖြင့်) နိုင်ငံတကာအသိအမှတ်ပြုမှု။ ဒီတော့ ပြည်နယ်တွေဟာ နိုင်ငံတကာအသိုင်းအဝန်းရဲ့ အဖွဲ့ဝင်ဖြစ်ချင်ရင် အချုပ်အခြာအာဏာကို တရားဝင်မှုဆိုတဲ့ legitimacy နဲ့ တွဲမှ ရမယ်။ ဒါဆိုရင်တော့ နိုင်ငံတကာအသိအမှတ်ပြုမှုဟာ အလိုလို ပါလာမှာပါပဲ။ 
〓 ပြည်နယ်တစ်ခုဟာ ခွဲထွက်ပြီး နိုင်ငံသစ်တည်မယ်ဆိုရင် အရေးတကြီး ပြင်ရမှာက ဘာတွေလဲ။ 
အရေးတကြီး ပြင်စရာတွေတော့ ခပ်များများ ရှိနေမှာပဲ။ ဒါပေမယ့် အဓိကက (၂) ချက်ပဲ ရှိတယ်။ အဲဒါကတော့ အချုပ်အခြာအာဏာကိစ္စနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုပဲ။ ပြည်နယ်တွေဟာ ကွန်ဖက်ဒရေးရှင်းအဆင့်ထိ သွားဖို့ မျှော်လင့်တယ်ဆိုရင် ဒါဟာ ဗဟိုခွာအားကို ယူနိုင်သမျှ ယူနေပြီလို့ ပြောနိုင်တယ်။ ဗဟိုနဲ့ လုံးဝ ကင်းရှင်းလို့ မရသေးပေမယ့် ဗဟိုရဲ့ ထိန်းချုပ်မှုလက်တံတွေ ၈၀ % ၉၀ % လောက် မသက်ရောက်နိုင်တော့တဲ့ အနေအထားကို စမှန်းနေပြီ။ ဒါက ပထမအဆင့် ဖြစ်လိမ့်မယ်။ ပြီးတော့ ခွဲထွက်ရေးလှုပ်ရှားမှုဖြစ်လာပြီး ပြည်နယ်အချုပ်အခြာအာဏာကို တဖြည်းဖြည်း ခိုင်မာအောင် တည်ဆောက်လာလိမ့်မယ်။ နောက်ဆုံးမှာ နိုင်ငံတကာအဖွဲ့ဝင်ဖြစ်ဖို့ နိုင်ငံတကာအသိအမှတ်ပြုမှုကို အားထုတ်တဲ့ ဖြစ်စဉ်ကြီး လာမှာပေါ့။ ဒီအဆင့်တွေကို ကျော်ဖြတ်ပြီးရင်တော့ နိုင်ငံသစ်ရယ်လို့ မြေပုံသစ်နဲ့ ကမ္ဘာ့နိုင်ငံတကာစာရင်းဝင် ဖြစ်ပြီပေါ့။ ဒါပေမယ့် ဒါက နိဒါန်းရဲ့ နိဂုံးပဲ ရှိသေးတယ်။ အဲသည့်နောက်ပိုင်း လုပ်စရာတွေ အများကြီး ရှိသေးတယ်။ အထူးသဖြင့် တိုင်းပြည်တည်ဆောက်ရေးကိစ္စနဲ့ နိုင်ငံတည်ဆောက်ရေးကိစ္စ။ 
〓 အချုပ်အခြာအာဏာကိစ္စကို ထပ်ရှင်းပါအုံး။ အဲဒါကို ဘယ်လိုတဖြည်းဖြည်း တည်ဆောက်မလဲ။ 
စစ်ရေးအားသန်တဲ့သူတွေကတော့ ပါဝါအမာကို အားသန်လိမ့်မယ်။ လက်ရုံးပေါ့။ စစ်အင်အားကို အားကိုးတဲ့ military might ပေါ့။ ဒါပေမယ့် ဒါက ဒီလောက်တော့ မလွယ်ဘူး။ တိုင်းရေးပြည်သစ်ဖြစ်ဖို့ဆိုတာ အနုပညာသဘောလည်းဖြစ်တယ်။ ဒါ့ကြောင့် detail work တွေ အများကြီး လုပ်ဖို့ လိုတယ်။ အဲသည့်မှာ ထပ်ပေါင်းအာရုံစိုက်ဖို့ကတော့ ပါဝါအပျော့ရဲ့ အခန်းကဏ္ဍကို ထည့်တွက်ဖို့ လိုတယ်။ စစ်အင်အားကြီးရုံနဲ့ နယ်မြေကို ချုပ်ကိုင်ထားနိုင်ပြီး နိုင်ငံသစ်ထူနိုင်မယ်လို့ ယူဆရင် ဒါဟာ သိပ်အမြော်အမြင်နည်းရာကျမပေါ့။ 
နိုင်ငံရေးသိပ္ပံမှာ နိုင်ငံရေးကို အနက် ဖွင့်တာတွေ ရှိတယ်။ အဲသည့်ထဲက တစ်ခုက politics is the art of government တဲ့။ ဒါကို အစိုးရအတတ်လို့ ဘာသာပြန်မလား၊ သို့တည်းမဟုတ် အုပ်ချုပ်ခြင်းအနုပညာလို့ ဘာသာပြန်မလား။ ကြိုက်တာပြော။ ရတယ်။ တကယ်တော့ အချုပ်အခြာအာဏာဆိုတာ ဆုပ်ပြကိုင်ပြလို့ ရတာမှ မဟုတ်ဘဲကိုးဗျ။ သူက intangible လေ။ မမြင်ရဘူး။ ဆုပ်ပြကိုင်ပြလို့ မရဘူး။ ဒီလို ဆုပ်ကိုင်ပြလို့ မရတဲ့ အခွင့်အာဏာဆိုတာတွေထဲမှာ sovereignty ဆိုတာ အမြင့်မားဆုံးသော အာဏာပဲ။ ဒါကို စစ်ရေးအင်အားတစ်ခုတည်းကို အခြေခံပြီးတည်ဆောက်ရင် မှားလိမ့်မပေါ့။ 
လက်တွေ့နိုင်ငံရေးမှာ စစ်ရေးစိုးမိုးဧရိယာရှိရင် အုပ်ချုပ်လို့ ရပြီလို့ အကြမ်းဖျင်းပြောလို့ ရပေမယ့် နိုင်ငံဆိုတာ story လေ။ နိုင်ငံဆိုတာ narrative လေ။ နိုင်ငံဆိုတာကို ကမ္ဘာနဲ့ ဒေသတွင်းနိုင်ငံ‌တွေ အပါအဝင် ကိုယ့်လူမျိုးကိုယ့်ဒေသက လူတွေက သိမှတ်လက်ခံဖို့အတွက် story တွေ အများကြီး ယုံမှတ်ခိုင်းရအုံးမယ်။ ဒီလိုဖြစ်ဖို့အတွက် ကိုယ်တည်ဆောက်မယ့် နိုင်ငံသစ်အတွက် narrative တွေ အများကြီး ဖန်တီးရအုံးမယ်။ ဒါကို စစ်ရေးအင်အားနဲ့ ဘယ်လုပ်လို့ ရမလဲ။ နိုင်ငံသစ်တည်ချင်တဲ့ခေါင်းဆောင်တွေက အခုကတည်းက narrative တွေ ကြိုပြင် ကြိုခင်း ထားဖို့ လိုနေပါပြီ။ ဒါကို တင်ကူးအခြေအနေတွေ ရှိအောင် ကြိုတင်စီမံထားခြင်းလို့ နားလည်နိုင်တယ်နော်။ 
〓 တိုင်းရေးပြည်သစ်ဖြစ်လာဖို့အတွက် စဉ်းစားချက်တချို့ကို ပြောပါအုံး။ 
နိုင်ငံတကာဆက်ဆံရေးဘာသာရပ်မှာ — နိုင်ငံခြားရေးမူဝါဒတွေကို လေ့လာတာတွေ ရှိတယ်။ အဲသည့်မှာ စကားလေးတစ်ခွန်း ရှိတယ်။ “မင်းဘယ်လိုရပ်တည်တယ်ဆိုတာ မင်းဘယ်ထိုင်ခုံပေါ်မှာ ထိုင်နေသလဲ ဆိုတာပေါ်မူတည်တယ်” လို့ ပြောတယ်။ ပြည်တွင်းမှာ ရှိတဲ့ ခေါင်းဆောင်အသီးသီးဟာ ဘယ်ထိုင်ခုံပေါ်မှာ ထိုင်နေသလဲဆိုတာဟာ အရေးကြီးတယ်။ တချို့ ခေါင်းဆောင်တွေက ထိုင်ခုံပြောင်းထိုင်ချင်တယ်။ 
ဥပမာ — စစ်ခေါင်းဆောင်အဖြစ်ကနေ လူထုခေါင်းဆောင်။ လူထုခေါင်းဆောင်အဖြစ်ကနေ နိုင်ငံ့ခေါင်းဆောင်။ နိုင်ငံ့ခေါင်းဆောင်ရယ်လို့ ဖြစ်လာပြီဆိုရင်လည်း ပြုပြင်ပြောင်းလဲရေးကို လုပ်မှာလား၊ နိုင်ငံပြုသုခမိန် လောက်ထိ သူ့အခန်းကဏ္ဍကို တိုးချဲ့မှာလား။ နိုင်ငံတည်ဆောက်ရေးသမားအဖြစ် အောင်မြင်ခဲ့တဲ့ ခေါင်းဆောင်တွေ ရှိခဲ့ပါတယ်။ သူတို့တွေရဲ့ နောက်ကွယ်က အကြောင်းတရား  (background context) ကို မူတည်ပြီး သူတို့ရဲ့ ခေါင်းဆောင်မှု စတိုင်လ်တွေ မတူဘူး။ ကိုယ့်ရဲ့ ခေါင်းဆောင်မှု စတိုင်လ်က ဘာလဲ၊ ဘယ်လိုလဲဆိုတာ အမြဲတမ်း ဆန်းစစ်ကြည့်မြင်နေရမယ် ထင်တယ်။ 
ကိုယ် ဦးဆောင်မယ့်လူ့အဖွဲ့အစည်းမှာ ဖြည်ထုတ်လို့ မရတဲ့ နောက်ကွယ်က ဇာစ်မြစ်‌တွေ ရှိတယ်။ ဒါတွေကို လူမှုဓလေ့နဲ့ နိုင်ငံရေးဓလေ့လို့ ပြောချင်တယ်။ ကိုယ့်လူမျိုးနဲ့ ကိုယ့်လူထုက ဘယ်လို လူမှုဓလေ့မျိုးမှာ စွဲမြဲ ထက်သန်သလဲ။ ဘယ်လိုနိုင်ငံရေးဓလေ့မျိုး ရှိသလဲ။ တိုင်းပြုပြည်ပြုခေါင်းဆောင်ကတော့ နောင် နှစ်ပေါင်း ၅၀ / ၁၀၀ လောက်ထိ ကျော်ကြည့်ပြီး ကိုယ့်တိုင်းပြည်ကို ဆွဲတင်ခဲ့ရမယ် ထင်တယ်။ လူတိုင်းမှာ အကန့်အသတ်ရှိတယ် ဆိုတာလည်း မမေ့သင့်ဘူး။ အထူးသဖြင့် ကိုယ့်ရဲ့ အသက်။ ဒီနေ့ခေတ် ဒီနေ့အခါမှာ လူလတ်ပိုင်းအရွယ်နဲ့ လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်ပိုင်းနေရာလောက်ကို ရောက်နေရင် အားသာချက်တွေ အများကြီး ရှိနေတယ်။ ဒါကို အချိန်မဆိုင်းဘဲ လုပ်သင့်တယ်။ အခုလုပ်မှ ကိုယ့်အသက် ၆၀ / ၇၀ လောက်မှာ မြင်သာမှာ။ သို့မဟုတ်ရင် မမှီဘူး။ 
〓 တိုင်းရေးပြည်သစ်အတွက် ခေါင်းဆောင်မှုတချို့ကို ပြောပါအုံး။ 
တိုင်းရေးပြည်သစ်မှာ ခေါင်းဆောင်မယ့်ပုဂ္ဂိုလ်ဟာ အိပ်မက် ရှိရလိမ့်မပေါ့။ ဒါဟာ ကိုယ့်တစ်ကိုယ်တော် အိပ်မက်ကနေ စတင်တယ်ပြောပေမယ့် ဒီမှာတင် ရပ်နေလို့ မရဘူး။ personal dream ကို national dream ဖြစ်အောင် လုပ်တတ်ရမယ်။ ဒီလိုပြောရတော့ ဒါက အတ္တဆန်တယ်လို့ ပြောကောင်းပြောမယ်။ မဟုတ်ပါဘူး။ ဒါက အတ္တဆန်တာ မဟုတ်ပါဘူး။ ခေါင်းဆောင်မှုဘာသာရပ်တွေကို လေ့လာရင် ခေါင်းဆောင်တွေရဲ့ ဘဝဖြတ်သန်းမှု၊ အတွေးအခေါ်နဲ့ သူတို့ရဲ့ ပညာရေးနောက်ခံ၊ သူတို့ စိတ်နေသဘောထားတွေ… စသည်ဖြင့် အားလုံးက လွှမ်းမိုးတာပါပဲ။ 
အမျိုးသားရေးခေါင်းဆောင်တစ်ယောက်ဟာ ကိုယ့်စိတ်ထဲက စိတ်ကူးအိပ်မက်ကို ကိုယ့်ပြည်သူလူထုနားလည်အောင် ရှင်းလင်းတင်ပြဟောပြောစည်းရုံးနိုင်ဖို့ လိုတယ်။ ကိုယ့်စိတ်ကူးထဲမှာ မြင်နေတဲ့ အရာကို ကိုယ့်လူထုကလည်း ကိုယ့်လို မြင်လာအောင် ခံစားလာရအောင် လုပ်ဖို့ လိုတယ်။ ကိုယ်တစ်ကိုယ်တည်း တိုင်းရေးပြည်သစ်အိပ်မက် မက်နေလို့မှ မရဘဲ။ တိုင်းရေးပြည်သစ်ကို အကောင်အထည်ဖော်တယ်ဆိုတာ  အစုအဖွဲ့နဲ့ team နဲ့ institution နဲ့ လုပ်ရတဲ့ကိစ္စ။ ပြီးတော့တစ်မျိုးသားလုံး နားလည်လက်ခံပြီး အတူချီတက်ရတဲ့ကိစ္စပဲ။ တစ်ကိုယ်တော်ကိစ္စမှ မဟုတ်တာ။ ဒီတော့ တစ်ကိုယ်တော်ကျိတ် လုပ်လို့မရဘူး။ ကိုယ်မြင်ထားတဲ့ တိုင်းပြည်သစ် နိုင်ငံသစ်ဟာ ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာကို မရောက်ခင် ကတည်းက ကိုယ့်လူထုကို ခေါင်းထဲမှာ စွဲစွဲမြဲမြဲ မြင်လာအောင် စည်းရုံးဖို့ကလည်း အရေးကြီးသေးတယ်။ 
လူထုက တိုင်းပြည်သစ်ကို မြင်လာမှ သူတို့ဟာ ကိုယ်ပုံဖော်မယ့် တိုင်းပြည်သစ်ကို အတူ လိုက်ပါချင်မှာပေါ့။ အိပ်မက်တွေကို ဝေမျှဖို့က အမျိုးသားခေါင်းဆောင်ဖြစ်လာမယ့် နိုင်ငံသစ်ရဲ့ ဖခင်တွေမှာ အရေးတကြီး လိုအပ်နေပါတယ်။ 
မင်းသေ့ 
နံနက် ၄း၂၁ 
၂၁ ၊ စက်တင်ဘာ၊ ၂၀၂၂။ 
www.minthayt.com
Monday, July 4, 2022
“တတိယအင်အားစု” လှုပ်ရှားမှုမှ သင်ခန်းစာ (ဒုတိယအပိုင်း)
 ပြင်မရသည့် စစ်တပ် အာဏာရှင်ယန္တရား သို့မဟုတ် မအောင်မြင်သော မြန်မာ့ “တတိယအင်အားစု” လှုပ်ရှားမှုမှ သင်ခန်းစာ (ဒုတိယအပိုင်း)
By အောင်ကောင်းမြတ်  
တတိယအင်အားစု လှုပ်ရှားမှုသည် အတိုက်အခံနှင့် လူထုအပေါ် စစ်တပ်က စေတနာမှန်သည် ဟူသော သက်သေ အထောက်အထား မရှိသည့် ယူဆချက်အပေါ် အခြေခံထားသည်။ 
၎င်းအင်အားစုက အဆိုပြုသော အစိုးရအကြံပေး နည်းလမ်းများသည် မြန်မာပြည်သူတို့၏ ဘဝအခြေအနေကို တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်နိုင်စေကာမူ၊ လယ်ပြင်မှာဆင်သွားသလို ၎င်းတို့ ထင်ရှားစွာ ရှောင်ကွင်းသွားသည့်အချက်မှာ စစ်တပ်သည် တိုင်းပြည်က ရင်ဆိုင်နေရသော အခက်အခဲ အများအပြား၏ အဓိကအကြောင်းရင်း ဖြစ်နေသော ပြဿနာပင် ဖြစ်သည်။
အရပ်ဖက်ကိစ္စများ၌ စစ်တပ်က အမြဲဝင်စွက်ဖက်နေမှုနှင့် လူထုအပေါ် အကြမ်းဖက် နှိမ်နှင်းမှုများသည် အကြီးမားဆုံးသော နိုင်ငံရေးပြဿနာများ ဖြစ်သည်။ ဆွေးနွေးအဖြေရှာရေးနှင့် ရင်ကြားစေ့ နိုင်ငံရေးမှာ စစ်တပ်က ခွင့်ပြုသလောက်သာ ခရီးဆက်နိုင်သည်။ အာဏာအပြည့် ရယူထားသော စစ်တပ်က ဒီမိုကရေစီအရ ရွေးချယ်ထားသော ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများကို ထိန်းသိမ်းရန် ဆုံးဖြတ်လိုက်သည့်အခါ အဆိုပါလုပ်ရပ်ကို ထိန်းကျောင်းနိုင်မည့် မည်သည့်အကာအကွယ်မျိုးမျှ ရှိမနေခဲ့ပေ။
ပြန်တွေးကြည့်မည်ဆိုပါက ဦးသိန်းစိန်အစိုးရ ဆောင်ရွက်ခဲ့သော ဒီမိုကရေစီ  ပြုပြင်ပြောင်းလဲမှုများသည် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ၏ ထူးခြားလက္ခဏာ တစ်ခုဆိုသည်ထက် စနစ်ယန္တရား၌ တဒင်္ဂခဏ စက်ကြောင်သွားခြင်းဟုသာ ဆိုနိုင်ကောင်းမည်။ ကြီးမားသည့် ထိန်းချုပ်ကွပ်ကဲမှုများဖြင့် ရွေးကောက်ခံ အာဏာရှင်စနစ်ကို ကျင့်သုံးကာ အာဏာကို ဆက်လက်ထိန်းသိမ်းထားရန်သာ စစ်သားအိုကြီးများက ရည်မှန်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ဦးသိန်းစိန်က ဇာတ်ညွှန်းဖတ်ရာတွင် အနည်းငယ် လွဲသွားပုံရသည်။ အစောပိုင်း ပြုပြင်ပြောင်းလဲမှုများအပြီး ၎င်းကို ပြုပြင်ပြောင်းလဲရေးသမား၊ အာဏာကို မလွတ်တမ်း ဆုပ်ကိုင်ထားလိုသည့် ယခင် စစ်ခေါင်းဆောင်များနှင့် မတူဘဲ လမ်းခွဲထွက်လာသူဟု အများက ယူဆခဲ့သည်။ အနောက်မီဒီယာများ ကဆိုလျှင် ဦးသိန်းစိန်ကို မီခေးဂေါ့ဗာချော့ဗ်နှင့်ပင် နှိုင်းယှဉ်လာသည်။
၎င်း၏ လွတ်မြောက်ရေး အားထုတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group)က ဦးသိန်းစိန်အား ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့သလို ၂၀၁၃ ခုနှစ်ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက်ပင် အမည်စာရင်း တင်သွင်းခြင်း ခံခဲ့ရသည်။
ယခင် စစ်ဗိုလ်ချုပ်ကြီးဘဝက လုံးဝမမျှော်လင့်နိုင်ခဲ့သော နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိလာခြင်းက ဦးသိန်းစိန်၏ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်မှုကို အားပေးအားမြှောက် ပြုခဲ့ပုံရပြီး၊ နောက်ပိုင်း ၎င်း၏ ပြုပြင်ပြောင်းလဲမှု အစီအစဉ်များမှာ ပိုမိုရဲရဲတင်းတင်း ဖြစ်လာသည်။  ၂၀၁၀ရွေးကောက်ပွဲနှင့် ၂၀၀၈ ပြည်လုံးကျွတ်  ဆန္ဒခံယူပွဲများနှင့် မတူဘဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို မဲမသမာမှုဖြစ်သည့် အထောက်အထား မရှိသလောက်ဖြင့် ကျင်းပခဲ့ကာ အတိုက်အခံ အင်န်အယ်လ်ဒီတို့ အောင်ပွဲခံခဲ့သည်။
အပေါ်ယံကြည့်လျှင် မြန်မာသည် ဖွံ့ဖြိုးဆဲ ကမ္ဘာ့တောင်ခြမ်း၌ စစ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေးသို့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းသည့် နောက်ထပ်နမူနာကောင်း တစ်ခုဖြစ်သည်။ သို့သော် အရပ်သား ကြီးကြပ်ကွပ်ကဲမှုမှ လွတ်ကင်းနေသော စစ်ဗိုလ်ချုပ်ကြီးများကမူ စစ်တန်းလျားများ၌ မည်သည့် မည်မည်ရရ အပြောင်းအလဲမျှ မဖြစ်ရအောင် အရာရာကို စိတ်ချနေချင်လျက်ရှိသည်။
ထိုအတောအတွင်း အင်စတီကျူးရှင်း တစ်ခုဖြစ်သော စစ်တပ်သည် မိမိကိုယ်မိမိ ဝိုင်းအတိုက်ခံနေရသည်ဟု ရှုမြင်နေသည့် စိတ်နေသဘောထားကို စွန့်လွှတ်တော့မည့် လက္ခဏာပြသခြင်း မရှိပေ။ စစ်သားများနှင့် ၎င်းတို့၏ မိသားစုများကို သီးသန့်စစ်တပ် ခြံဝင်းများအထဲ၌သာ နေထိုင်ပြီး ပြင်ပလူ့အဖွဲ့အစည်းနှင့် အဆက်ဖြတ်ထားရန် တိုက်တွန်းကြသည်။ 
ယင်းနောက်ခံအနေအထားတွင် လူမျိုးရေး၊ ဘာသာရေးနှင့် လူများစု ဗမာသမိုင်းကြောင်း အခြေခံ အမျိုးသားရေးဝါဒသည် စစ်တပ်၏ အဓိကဝါဒပင် ဖြစ်သည်။ စစ်တပ်ခြံစည်းရိုးများအတွင်း ဆိုဗီယက်ပုံစံ ဝါဒရေးရာ ဆောင်ပုဒ်များက စစ်သားများကို ပြင်ပကမ္ဘာ၏ အန္တရာယ်အကြောင်း သတိပေးနေဆဲပင်။ ဗိုလ်ချုပ်ကြီးများသည် ကမ္ဘာ့အရေးနှင့် ပြည်တွင်းသတင်းများကို ၎င်းတို့၏ အစွန်းရောက် အမျိုးသားရေးအမြင်ဖြင့် ဘာသာပြန်၍ သဘောပေါက်နားလည်ကြသည်။
အာဖဂန်နစ္စတန်နှင့် အီရတ်ကို တိုက်ခိုက်သော အမေရိကန်၏ ကျူးကျော်မှုနှင့် စစ်အစိုးရ လူ့အခွင့်အရေး မှတ်တမ်းများအပေါ် အနောက်နိုင်ငံအစိုးရများ၏ ဝေဖန်မှုကို ဆက်စပ်ဖော်ပြသည်။ အနောက်နိုင်ငံများ၌ ဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အာဆာ(ARSA)အဖွဲ့တို့ကို ဂျီဟတ်စစ်ဆင်ရေး ဟူသော တံဆိပ်တစ်ခုတည်း ကပ်ကြသည်။
အဆိုပါ အမြင်များက အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းတို့၏ ရှုမြင်သုံးသပ်မှုအပေါ် သက်ရောက်မှုရှိနေသည်။ နိုင်ငံခြားသား ဗြိတိသျှလူမျိုး ပညာရှင်တစ်ဦး၏ ဇနီးဖြစ်ပြီး ပြည်ပသွေးနှောသည့် သားနှစ်ဦး၏ မိခင်ဖြစ်သော  ဒေါ်အောင်ဆန်းစုကြည်ကို ယခင်က ပြည်ပသူလျှို လုပ်ဖူးသည်ဟု စွပ်စွဲထားသော ဝါဒဖြန့်တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။ 
နိုင်ငံခြားသူလျှိူအဖြစ် ယူဆသော ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား မည်သူမဆိုအပေါ် ရန်လိုပုတ်ခတ် ပြောဆိုမှုများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ၌ အစိုးရပိုင် သတင်းစာ စာမျက်နှာများမှသည် လူမှုကွန်ရက် မီဒီယာသတင်းမှား စစ်ဆင်ရေးများသို့ ကူးပြောင်းရောက်ရှိလာသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အများက “အမေစု” ဟုခေါ်ကြသော်လည်း စစ်တပ်လိုလားသူများ၏ ဖေ့စ်ဘွတ်ပေါ်မှ ပြက်လုံးများ၌မူ ဒေါ်အောင်ဆန်းစုကြည်အား ဗုဒ္ဓဘာသာကိုဖျက်ဆီးသူ၊ ဗုဒ္ဓဘာသာအများစု ရှိသော မြန်မာနိုင်ငံကို တိုက်ခိုက်ရန် တစ်ကမ္ဘာလုံးမှ မွတ်ဆလင်များ၏ ပူးပေါင်းကြံစည်မှုတွင် ကြံရာပါဖြစ်သူ စသည်ဖြင့် ပုတ်ခတ်ပြောဆိုကြသည်။ မွတ်ဆလင်ဆန့်ကျင်ရေးအမြင်နှင့် စစ်တပ်၏ အမျိုးသားရေး အစွန်းရောက် အမြင်တို့မှာ အတူယှဉ်တွဲ ဖြစ်ပေါ်လျက်ရှိသည်။
၂၀၂၀ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင် အမျိုး၊ ဘာသာကို ကြည့်၍ မဲပေးရန် ကာကွယ်ရေးဦးစီးချုပ်က စစ်မှုထမ်းဟောင်းများအား မှာကြားခဲ့ရာ မွတ်ဆလင်အမတ်လောင်းများကို မဲမပေးရန် အမျိုးသားရေးဝါဒီများ အချင်းချင်း စည်းရုံးဆော်ဩမှုများ ဖြစ်ပေါ်လာစေခဲ့သည်။ ဗိုလ်ချုပ်ကြီးများနှင့် မည်မျှပင် ပူးပေါင်းဆောင်ရွက်စေကာမူ ၎င်းတို့အား နိုင်ငံရေးလောကမှ ထွက်ခွာသွားအောင် နားလည် သဘောပေါက်နိုင်စေခြင်းကား မရှိခဲ့ပေ။ 
ထို့အပြင် ၁၃ ရာစုမှသည် ဗြိတိသျှကိုလိုနီဘဝအထိ ဗမာတို့က ဆက်တိုက် အုပ်စိုးခဲ့သည့်သမိုင်းကို စစ်တပ်၏ အဓိပ္ပာယ်ကောက်ယူမှုကလည်း အရပ်သားထက် စစ်တပ်ကြီးစိုးမှုကများကြောင်း ၎င်းတို့၏ ယုံကြည်ချက်ကို ပိုမိုခိုင်မာစေလျက်ရှိသည်။ 
ထိုအဓိပ္ပာယ်ဖော်မှုအရ မြန်မာ့သမိုင်းတွင် ပြည်ပကျူးကျော်မှုနှင့် ကြုံလာသည့်အခါ စစ်တပ်အင်အားချိနဲ့သည့် အချိန်မျိုးတွင်သာ နိုင်ငံ့လွတ်လပ်ရေးကို ဆုံးရှုံးရသည်ဟု ဆိုသည်။ ထိုသင်ခန်းစာကို အခြေခံ၍ စစ်တပ်သည် မိမိအင်အားကို ပိုမိုခိုင်မာအောင် စဉ်ဆက်မပြတ် ကြိုးပမ်းနေရမည်ဖြစ်ကာ အင်အားမရှိပါက ပြည်ပလက်ထဲသို့ အချိန်ရွေးကျရောက်သွားမည်ဟု ဗိုလ်ချုပ်ကြီးများက ကောက်ချက်ဆွဲကြသည်။
အဆိုပါ နိုင်ငံခြားသားကို ကြောက်သော အမျိုးသားရေးဝါဒနှင့် အရပ်သားအင်စတီကျူးရှင်းများကို အထင်အမြင်သေးမှုတို့ ပေါင်းစပ်ဖြစ်ပေါ်လာသော သဘောထားအမြင်များကို ပြည်သူသို့ ပြောကြားသည့် မိန့်ခွန်းများ၌ တွေ့မြင်နိုင်သည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အကျင့်ပျက်ခြစားသော ပါတီနိုင်ငံရေးနှင့် စစ်တပ်ပါဝင်သော  အမျိုးသားနိုင်ငံရေးတို့ကို မကြာခဏ နှိုင်းယှဉ်ပြောဆိုလေ့ရှိသည်။
အဆိုပါနှိုင်းယှဉ်မှုအရ နိုင်ငံခြားသား သူလျှိူများ၏ စည်းစိမ်ဉစ္စာဖြင့် ဆွဲဆောင်မှုနောက်ကို အရပ်သားများက ပါသွားနိုင်သော်လည်း စစ်သားများကမူ ထိုဆွဲဆောင်မှုဒဏ်ကို ခုခံနိုင်စွမ်းရှိသည့် သဘောမျိုးဖြစ်သည်။ အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ရှောင်တန်နယ်နှင့် အခြားနိုင်ငံခြားသားများအား ဖမ်းဆီးခဲ့မှုသည် အဆိုပါ နိုင်ငံခြားသားကြောက် ရောဂါကြောင့်ပင် ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အကူအညီများ ရရှိနေသော ပရဟိတအဖွဲ့များအား နိုင်ငံပျက်စီးအောင် ပူးပေါင်းကြံစည်နေကြသည်ဟု စစ်အစိုးရ လိုလားသော ဝါဒဖြန့်ယန္တရားက ပစ်မှတ်ထား ပုံဖော်လျက်ရှိရာ အဆိုပါ ပရဟိတအဖွဲ့များမှ ဝန်ထမ်းများမှာလည်း ဖမ်းဆီးထိန်းသိမ်း ခံနေကြရသည်။
တိုင်းပြည်အပေါ် ဘဏ္ဍာရေးအရ ပူးပေါင်းကြံစည်တိုက်ခိုက်မှုတွင် နိုင်ငံခြားသားများ ပါဝင်မည်ကို စိုးရိမ်၍ စစ်အစိုးရသည် ယမန်နှစ် ဩဂုတ်လက ဘဏ်လုပ်ငန်းကဏ္ဍ၌ နိုင်ငံခြားသားဝန်ထမ်း ခန့်အပ်မှုကို ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။ အပြင်လူများအတွက် လုံးဝနားမလည် နိုင်စရာဖြစ်ရသော အဆိုပါလုပ်ရပ်မျိုးကို စစ်တပ်၏ အစွန်းရောက် အမျိုးသားရေးဝါဒအကြောင်း နားလည်ထားမှသာလျှင် သိရှိ သဘောပေါက် နိုင်လိမ့်မည် ဖြစ်သည်။
မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းတွင် ပြည်တွင်းအငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် ကျွမ်းကျင်မှုများ မရှိပေ။ ကိုလိုနီဆန့်ကျင်ရေး ရုန်းကန်မှုနှင့် ၎င်းမှ ဆက်ဖြစ်လာသော ပြည်တွင်းစစ်တို့မှ ပေါက်ဖွားလာသည့် မြန်မာ့စစ်တပ်၏ စုပေါင်းခေါင်းဆောင်မှုသည် တိုင်းရင်းသားလူနည်းစုများ (ယခုဗမာအများစုပါသော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ) ၏ ကျေးရွာများကို မီးရှို့ခြင်း၊ အရပ်သားဒေသများကို မဆင်မခြင် အမြောက်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကိုင်သည်ဖြစ်စေ၊ လက်နက်မကိုင်သည်ဖြစ်စေ အတိုက်အခံများကို ချေမှုန်းရန် ကြမ်းတမ်းသည့် စစ်ဗျူဟာများ ကျင့်သုံးခြင်း စသည့် အကြမ်းဖက်မှု ဘာသာစကားကိုသာ ပြောဆိုနိုင်ကြသည်။ 
၁၉၈၈ ခုနှစ်က ပြည်သူများ လမ်းမများပေါ်ထွက်၍ အပြောင်းအလဲအတွက် တောင်းဆိုသည့်အခါ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးနေဝင်းက “စစ်တပ်ဆိုတာပစ်ပြီဆိုရင် တကယ်ထိအောင်ပစ်တယ်” ဟူ၍ ရုပ်မြင်သံကြားမိန့်ခွန်းတွင် သတိပေးခဲ့သည်။ ၁၉၈၈ ဆန္ဒပြပွဲများအား ပစ်ခတ်ရန် တပ်ဖွဲ့များကို  ပစ်မိန့်ပေးလိုက်သည့်အခါ လူထောင်နှင့် ချီ၍သေဆုံးခဲ့သည်။
နောက်နှစ် ၃၀ ခန့်အကြာတွင်လည်း လုံခြုံရေးတပ်ဖွဲ့များသည် လူ့အသက်နှင့် ဂုဏ်သိက္ခာအပေါ် ၎င်းတို့၏ ဗြောင်ကျကျ ဂရုမစိုက်မှုကို ဆက်လက် ပြသနေဆဲဖြစ်သည်။ နိုင်ငံအဝှမ်းဆန္ဒပြပွဲများ ပြင်းထန်လာသည့်အခါ စစ်တပ် ထိန်းချုပ်ထားသည့် မီဒီယာများက ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ဆုံပါက “အသက်ဆုံးရှုံးနိုင်ကြောင်း” ပြင်းထန်စွာ သတိပေးခဲ့သည်။
ယခု ဆောင်းပါးရေးနေချိန်အထိ သေဆုံးသူ ၂,၀၀၀ ကျော်ပြီဖြစ်ကာ စစ်တပ်နှင့် ရဲတပ်ဖွဲ့က နောင်တရသည့် လက္ခဏာတစ်စုံတစ်ရာ ပြသခြင်းမရှိသေးပေ။ ပျံ့နှံလာသည့် ဗီဒီယိုဖိုင်တစ်ခုတွင် ဆန္ဒပြသူတစ်ဦးကို ပစ်ခတ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အောင်ပွဲခံနေပုံကို တွေ့ရသည်။ စစ်တပ်၏ ကွပ်ကဲမှုအောက်မှ တပ်စုများ၏ အပြုအမူသည် ဥပဒေစိုးမိုးရေး တပ်ဖွဲ့ဝင်များ ဆိုသည်ထက် ကျူးကျော်ဝင်ရောက်လာသည့် အဖွဲ့များနှင့် ပိုတူနေသည့် အခြားအလားတူ သာဓက အများအပြားလည်း ရှိသည်။ 
စစ်တပ်၏ ပြည်တွင်းစစ် အတွေ့အကြုံများကြောင့် အရပ်သားများကို ၎င်းတို့က ရန်သူသဖွယ် ဆက်ဆံနေခြင်း ဖြစ်သည်။ အဆိုပါ လုပ်ရပ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အဘယ့်ကြောင့် လုပ်ရသည်ကို အစွန်းရောက် အမျိုးသားရေးဝါဒ ဟူသော စကားလုံးကသာ ဖြေရှင်းချက် ပေးနိုင်ပေလိမ့်မည်။
၂၀၂၁ အာဏာသိမ်းမှုအပြီး တတိယအင်အားစု၏ အဖွဲ့ဝင်အများစုမှာ အသံတိတ်နေဆဲဖြစ်ကာ စစ်ကောင်စီကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝေဖန်ရဲသည့် ပညာရှင်များအနက် အချို့အဖမ်းခံရပြီး အချို့မှာ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ သို့သော် တတိယအင်အားစု ပညာရှင်အချို့မှာမူ စစ်တပ်အတွက် ပေါ်ပေါ်ထင်ထင် အလုပ်လုပ်နေကြသည်။
မြန်မာငြိမ်းချမ်းရေး ဗဟိုဌာနမှ ယခင် ဥပဒေအကြံပေး ဆလိုင်း(အန်ဒရူး) ငွန်ကျူးလျံကို ၂၀၂၁ အာဏာသိမ်းမှုအပြီး စစ်အစိုးရ၏ ဥပဒေအကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲများနှင့် စစ်တပ်က ပိုင်ဆိုင်သည့် ချန်နယ်များတွင် ထုတ်လွှင့်သော စကားဝိုင်းများ၌ ၎င်းက စစ်အစိုးရ၏ အာဏာလွှဲယူမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
မြန်မာငြိမ်းချမ်းရေး ဗဟိုဌာန၏ ထင်ရှားသည့် အဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးအောင်နိုင်ဦးက ၎င်းနှင့်တတိယအင်အားစု၏ အခြားအဖွဲ့ဝင်နှစ်ဦးအား ပြည်ပရောက် အမျိုးသားညီညွှတ်ရေးအစိုးရ (အင်န်ယူဂျီ)က လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့သည်ဟု စွပ်စွဲခဲ့ရာ၊ ယင်းမှာ နာမည်ဖျက်ရန် ရည်ရွယ်ခြင်း ဖြစ်ပုံရသည်။ စစ်တပ်အတွက် အလုပ်လုပ်နေသည်ဟု စွပ်စွဲခံရသောသတင်းပေးနှင့် အရပ်သား အရာရှိများကို လုပ်ကြံသတ်ဖြတ်မှုများ ရှိသော်လည်း ၎င်းလုပ်ကြံမှုများနောက်ကွယ်တွင် အင်န်ယူဂျီ ရှိနေသည် ဟူသော သက်သေမရှိပေ။
မြန်မာနိုင်ငံ၌ စစ်အုပ်ချုပ်ရေး ပြန်လည်ဖြစ်ထွန်းလာခြင်းနှင့်အတူ တတိယအင်အားစု၏ တစ္ဆေဆန်ဆန် ပုံရိပ်များမှာလည်း ဆက်လက်ထင်ကျန်နေရစ်သည်။ အခြားအာဆီယံနိုင်ငံများက ဆန့်ကျင်နေလင့်ကစား တရုတ်နှင့် အာဆီယံနိုင်ငံအချို့ အထူးသဖြင့် ကမ္ဘောဒီးယားက မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေး ပုံမှန်တည်ဆောက်ရန် တွန်းအားပေးနေကြသည်။
အိန္ဒိယက ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်သွားရန် တောင်းဆိုရင်း စစ်ကောင်စီနှင့် သံတမန် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားသည်။ ကမ္ဘာ့ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ စစ်တပ်၏ အကြမ်းဖက်မှုများကို ဝေဖန်ခဲ့သော်လည်း အာဆီယံတူညီဆန္ဒကို အခြေခံ၍ သက်ဆိုင်သော အဖွဲ့အားလုံး ဆွေးနွေးညှိနှိုင်းရန်သာ ဆက်လက်တောင်းဆိုလျက်ရှိသည်။ 
ပြည်ပကျွမ်းကျင်သူများကလည်း မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းသည်။ ၎င်းတို့၏ တောင်းဆိုမှုသည် ဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေး၏ သော့ချက်ကို ထိန်းကိုင်ထားသူမှာ စစ်တပ်ခေါင်းဆောင်ပိုင်း မှတစ်ပါး အခြားသူများ မဟုတ် ဟူသော လက်တွေ့နိုင်ငံရေးအခြေအနေကို နားလည်ထားကြောင်းသွယ်ဝိုက် ညွှန်းဆိုနေသည်။
အကျိုးဆက်အဖြစ် ဤချဉ်းကပ်မှုသည် အပြင်လူ၏ အမြင်ကို ဂရုမစိုက်ဘဲ အရပ်သားများကို ရန်သူသဖွယ် သဘောထားတတ်သော ဗိုလ်ချုပ်ကြီးများ၏ ပြုသမျှ နုရမည့် အခြေအနေမျိုး ဆိုက်ရောက်စေသည်။ မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် အာဆီယံခေါင်းဆောင်များနှင့် သဘောတူခဲ့သော တူညီဆန္ဒငါးချက်ကို လေးစားခြင်း မရှိပေ။
ထို့အတူ အာဆီယံ အထူးကိုယ်စားလှယ်အား အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်လည်း မပေးခဲ့ပေ။ စစ်တပ်သည် နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အရပ်သား တိုက်ခိုက်ရေးသမားများအပေါ် အဓိကစစ်ဆင်ရေးများ ဆက်လက်ဆင်နွှဲနေဆဲပင် ဖြစ်သည်။
တက္ကသိုလ်ကျောင်းသားအစ အစိုးရဝန်ထမ်း၊ လယ်သမား၊ အလုပ်သမား အဆုံး နိုင်ငံတစ်ဝှမ်းမှ ပြည်သူများသည် စစ်တပ်ဆန့်ကျင်ရေးကို နေ့စဉ်ဆက်လက် ဆောင်ရွက်နေကြစဉ် မအောင်မြင်သော တတိယ အင်အားစုလှုပ်ရှားမှုက သံတမန်များ၊ မူဝါဒချမှတ်သူများ စသည့် မြန်မာ့အရေး စိတ်ပါဝင်စားသူ မည်သူမဆိုကို အချက်တစ်ချက်တည်းကိုသာ သင်ခန်းစာ ပို့ချနိုင်လိမ့်မည် ဖြစ်သည်။
၎င်းသင်ခန်းစာမှာ “စစ်တပ်နှင့် ရင်ကြားစေ့ရေး မူဝါဒမှန်လျှင် မအောင်မြင်ရန် သေချာသည်” ဟူသော အချက်ဖြစ်သည်။ အစွန်းရောက် အမျိုးသားရေးဝါဒနှင့် အားလုံးက ဝိုင်းတိုက်မှုကို ခုခံနေရသည် ဟူသော စိတ်နေသဘောထားတို့ကြောင့် မြန်မာစစ်တပ်သည် ၎င်းတို့အင်အား ချိနဲ့နေခြင်း မဟုတ်လျှင် မည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
လူထုနှင့် စစ်တပ် ထိန်းချုပ်ထားသော အစိုးရတို့ မြန်မာနိုင်ငံ၌ ထိပ်တိုက်တွေ့နေသည့်အခါ တတိယအင်အားစုများ အမြင်လျှမ်းခဲ့သည့် ထင်ရှားသော အလွဲကြီးတစ်ခုကို အလေးထား အာရုံစိုက်ရန် အရေးကြီးသည်။ ၎င်းမှာ “ မြန်မာစစ်တပ်သည် ပြင်မရအောင် ပျက်စီးသွားသည့် ယန္တရားတစ်ခု ဖြစ်သည်”  ဟူသောအချက်ပင် ဖြစ်သည်။
ယခုဆောင်းပါး၏ပထမပိုင်း ကို ဖတ်ရှုလိုပါက အောက်ဖော်ပြပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
(Himal Southasian မဂ္ဂဇင်းတွင် ဖော်ပြထားသော Aung Kaung Myat ၏  “The machine that went rogue- Learning from Myanmar’s unsuccessful ‘Third Force’ movement”  ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)
Sunday, July 3, 2022
တတိယအင်အားစု
 ပြင်မရသည့် စစ်တပ် အာဏာရှင် ယန္တရား သို့မဟုတ် မအောင်မြင်သော မြန်မာ့ “တတိယအင်အားစု” လှုပ်ရှားမှုမှ သင်ခန်းစာ
By အောင်ကောင်းမြတ် 
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နံနက်စောစောတွင် လက်နက်ကိုင် စစ်သားများ အပြည့်တင်ဆောင်လာသည့် စစ်ယာဉ်တန်းသည် ရွေးကောက်ပွဲ၌ နောက်ထပ်တစ်ကြိမ် သောင်ပြိုကမ်းပြို အနိုင်ရအပြီး အောင်ပွဲခံရန် အဆင်သင့်ဖြစ်နေကြသော အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)ပါတီမှ ရွေးကောက်ခံအမတ်များရှိရာ လွှတ်တော်သို့ ချဉ်းကပ်လာသည်။
သမ္မတဦးဝင်းမြင့်၊ နိုင်ငံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ရာနှင့်ချီသော ဥပဒေပြုအမတ်များနှင့် အစိုးရအရာရှိများကို မြန်မာစစ်တပ်က ထိန်းသိမ်းလိုက်သည်။ ရုပ်မြင်သံကြား၊ ရေဒီယိုအသံလွှင့်ဌာနများနှင့် အင်တာနက်ဝန်ဆောင်မှု ပေးသူများသည် ၎င်းတို့၏တံခါးဝသို့ စစ်သားများ ရောက်ရှိလာပြီး သေနတ်ဖြင့်ချိန်ကာ လက်ရှိထုတ်လွှင့်နေမှုများကို ရပ်ဆိုင်းရန် အမိန့်ပေးခံကြရသည်။
ထိုနေ့နှောင်းပိုင်းတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဲမသမာမှုများရှိနိုင်ကြောင်း၊ အနာဂတ်တစ်ချိန်ချိန်၌ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည်ဖြစ်ကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားကာ အရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာခဲ့သည်။ 
ယခင်စစ်ဗိုလ်ချုပ်ကြီးများဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ယူအက်စ်ဒီပီ)က ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ၌ အရေးနိမ့်အပြီး အဆိုပါအာဏာသိမ်းမှု ဖြစ်ပွားလာခြင်းဖြစ်သည်။
 ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်သော ယူအက်စ်ဒီပီသည်  မဲမသမာမှုများရှိကြောင်း အလားတူစွပ်စွဲချက်များဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တောင်းဆိုခဲ့ရာ ထိုတောင်းဆိုချက်သည် ရွေးကောက်ပွဲရလဒ်များမှာ ယုံကြည် စိတ်ချရမှုရှိကြောင်း သီးခြားလွတ်လပ်သော ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ၏ ပြောဆိုချက်နှင့် ကွဲလွဲလျက်ရှိသည်။ သို့သော်စစ်တပ်က ယူအက်စ်ဒီပီကို ထောက်ခံကာ ရွေးကောက်ခံအစိုးရသစ်ကို ဖယ်ရှားခဲ့သည်။
တတိယအင်အားစုနှင့် နိုင်ငံရေးတွင် ပါဝင်နေသည့်စစ်တပ်
=================
၂၀၂၁ အာဏာသိမ်းမှုဟူသည် မြန်မာစစ်တပ်ကို စေတနာမှန်သော အဖွဲ့တစ်ရပ်ဟု ယုံကြည်နေကြသူအပေါင်း၏ မျက်နှာကို ဟိုးလေးတကျော် ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။
စစ်တပ်ကရေးဆွဲခဲ့ပြီး ၎င်း၏နိုင်ငံရေးနှင့် စီးပွားရေးအာဏာများကို ကာကွယ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်နေသော စစ်တပ်နှင့် လူထုထောက်ခံသော ဒီမိုကရေစီလိုလားသူများအကြား အကောင်းဆုံး အာဏာခွဲဝေမှု ပြဋ္ဌာန်းချက်ဖြစ်သည်ဟု ၂၀၁၀  ပြည့်လွန်နှစ်များ၌ စစ်အုပ်ချုပ်ရေးမှ တစ်စိတ်တစ်ပိုင်းဒီမိုကရေစီအသွင် ကူးပြောင်းလာသည့် ကာလအတွင်း လေ့လာသူအများအပြားက ယူဆထားခဲ့သည်။ 
မြန်မာ့“တတိယအင်အားစု” ဟု အလွတ်သဘောခေါ်ကြသည့် ပညာတတ်အုပ်စုတစ်ခုသည် ရှေ့တန်းမျက်နှာစာသို့ ပေါ်ထွက်လာကာ ထိုဆယ်စုနှစ်အတွင်း နိုင်ငံရေးအပြောင်းအလဲများကို တွန်းအားပေးလာကြသည်။ “တတိယအင်အားစု”တွင် လျော့ရဲရဲ ချိတ်ဆက်ထားသော ပညာတတ်အသိုင်းအဝိုင်းနှင့် အရပ်ဖက်အဖွဲ့များ ပါဝင်နေသဖြင့် မည်သူမည်ဝါဖြစ်သည်ကို အတိအကျပြောဆိုရန် ခက်ခဲသည်။ သို့သော် ရန်ကုန်အခြေစိုက် တတ်သိပညာရှင်များ ပါဝင်သော Myanmar Egress အဖွဲ့သည် အခြားလူသိနည်းသော အရပ်ဖက်အဖွဲ့များနှင့်အတူ တတိယ အင်အားစုလှုပ်ရှားမှု၏ အဓိက မောင်းနှင်သူဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြသည်။
၂၀၀၆ ခုနှစ်ကတည်ထောင်ခဲ့သော Myanmar Egress အဖွဲ့က “မိမိတို့သည် အစိုးရနှင့် အခြားပါဝင်ပတ်သတ်နေသည့် အစုအဖွဲ့အားလုံးနှင့် အလုပ်ဖြစ်သော ဆက်ဆံရေးဖြင့် နိုင်ငံတည်ဆောက်ရန် သံန္နိဋ္ဌာန်ချမှတ်ထားသည့် အမျိုးသားရေး ဝါဒီများဖြစ်သည်” ဟု  ယခု ပျောက်ကွယ်သွားပြီဖြစ်သော ၎င်းတို့၏ဝဘ်ဆိုဒ်ပေါက်တွင် ရေးသားခဲ့ခြင်းဖြင့် ယင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း သက်သေထူခဲ့ပြီးဖြစ်သည်။
ဤပူးပေါင်းမှုသည် စစ်အစိုးရကို လုံးဝလက်မခံသည့် လေ့လာသူများ၊ ဝေဖန်ဆန်းစစ်သူများ၊ တက်ကြွ လှုပ်ရှားသူများ စသည့်အများစုအတွက်မူ လူကြိုက်များသော ရပ်တည်ချက် မဟုတ်ပေ။ ဆယ်စုနှစ်များစွာ ကြာရှည်နေပြီဖြစ်သည့် ဒီမိုကရေစီတိုက်ပွဲအတွင်း စစ်တပ်ခေါင်းဆောင်များနှင့် ဒီမိုကရေစီလှုပ်ရှားသူများအကြား မလိုမုန်းတီးမှုများ ကြီးထွားလာသည်။
စစ်ဗိုလ်ချုပ်ကြီးများနှင့် အင်န်အယ်လ်ဒီခေါင်းဆောင်သော ဒီမိုကရေစီအုပ်စုသည် ၂၀၁၁ ခုနှစ်မတိုင်မီက ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်၌ ရပ်တည်နေသူများဖြစ်သည်။ 
တိုင်းရင်းသားလူနည်းစုအပေါ် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည့် သောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်မှု အတွေ့အကြုံများဖြင့် လွှမ်းမိုးဖိစီးနေသော စစ်အရာရှိများသည် လူအများအားသတ်ဖြတ်ခြင်း၊ အကျဉ်းချခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းတို့ဖြင့် ဒီမိုကရေစီလှုပ်ရှားမှုကို အညှာတာမဲ့စွာ စတင်နှိမ်နှင်းလာသည်။ ၁၉၈၈ ဆူပူဆန္ဒပြပွဲ များအတွင်း ငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ်သားများ ကျည်အစစ်သုံး၍ ပစ်ခတ်ခဲ့ရာ ထောင်နှင့်ချီ၍ သေဆုံးခဲ့သည်။
ထိုသို့ ငြိမ်းချမ်းစွာဆန္ဒပြသူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ၂၀၀၇ခုနှစ်နှင့်၂၀၂၁ ခုနှစ်တို့တွင်လည်း ထပ်မံဖြစ်ပွားခဲ့သည်။ အပြန်အလှန်အားဖြင့် ပြည်ပရောက် တက်ကြွလှုပ်ရှားသူများက အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်ကြီးများနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် စည်းရုံးလှုပ်ရှားခဲ့သည်။ ထိုသို့ ရှေ့မတိုးနောက်မဆုတ် ကြဉ်းထဲကြပ်ထဲ ရောက်နေခဲ့သော မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်အထိတိုင်အောင် စစ်အုပ်ချုပ်ရေးမှ ရှေ့တစ်လှမ်းထပ်ဆင့် တက်လှမ်းလာနိုင်ခြင်း မရှိခဲ့ပေ။
၂၀၁၁ ခုနှစ် အရောက်တွင် ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန် ဦးဆောင်သော အရပ်သားအမည်ခံ အစိုးရတက်လာပြီး ပြုပြင်ပြောင်းလဲမှုအချို့ စတင်ပြုလုပ်လာသည်။ တတိယအင်အားစုသည် တိုင်းပြည်ကို ၁၉၆၀ ပြည့်လွန်နှစ်များကတည်းက အုပ်ချုပ်လာခဲ့သော စစ်တပ်နှင့် ဘုံရပ်တည်ချက်ရှာဖွေရန် ဦးစားပေးသည်။ ၎င်းတို့သည် စစ်တပ်နှင့် ထိပ်တိုက်တွေ့မည့်အစား ပူးပေါင်းဆောင်ရွက်ရန်၊ စေ့စပ်ဆွေးနွေးရန်နှင့် အမျိုးသားရင်ကြားစေ့ရန် တိုက်တွန်းကြသည်။ 
ပုံမှန်တောင်းဆိုနေကျ “ဒီမိုကရေစီနှင့်လွတ်လပ်မှု” နေရာတွင် စစ်တပ်က စိတ်ကူးပုံဖော်ထားသည့် “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”နှင့် အငြင်းမပွားသော “လက်တွေ့နိုင်ငံရေး” ဖြင့် အစားထိုးခဲ့သည်။ တတိယအင်အားစု၏ အာဘော်သတင်းစာဖြစ်သော The Voice ၏ “ပြိုင်တူတွန်းလျှင် ရွေ့ပါမည်” ဟူသော ဆောင်ပုဒ်မှာ အသုံးတွင်ကျယ်လာသည်။ 
ထိုဆောင်ပုဒ်သည် စစ်တပ်နှင့် ကျန်လူ့အဖွဲ့အစည်းအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် စေ့စပ်ဆွေးနွေးမှု၏ အရေးကြီးပုံကို အလေးအနက် ညွှန်းဆိုရန် စည်းလုံးညီညွှတ်မှုအကြောင်းကို မူလတန်းဖတ်စာကဗျာထဲမှ ကောက်နုတ်ဆုံးမချက်ဖြစ်သည်။ ဤဆောင်ပုဒ်ကို မြန်မာနိုင်ငံ၏ အရှည်ကြာဆုံး ပြည်တွင်းစစ်မှသည် အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးအထိ ပြဿနာအားလုံးကို ဖြေရှင်းနိုင်မည့် နတ်ဘုရားပေးသည့် ဆေးသဖွယ် နေရာတကာ သုံးစွဲခဲ့သည်။ 
၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက်များအရ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံပါတီဝင်များကို ထုတ်ပယ်ရန် နိုင်ငံရေးပါတီများအပေါ် အတင်းအကြပ် ဖိအားပေးလာသည့်အခါ အင်န်အယ်လ်ဒီက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ သို့သော် Myanmar Egress နှင့် ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ ကိုယ်စားလှယ်များက စစ်အစိုးရ၏ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီများကို စည်းရုံးခဲ့သည်။ 
အင်န်အယ်လ်ဒီအပါအဝင် သီးခြားလွတ်လပ်သော နိုင်ငံရေးပါတီများ၏ အဓိပ္ပာယ်ပြည့်ဝသော ပါဝင်ယှဉ်ပြိုင်မှုများမရှိဘဲ မဲခိုးမှုနှင့်မဲပေးရန် ခြိမ်းခြောက်မှုများရှိသည်ဟု သတင်းအချို့နှင့်အတူ စစ်တပ်က ထောက်ခံသည့် ယူအက်စ်ဒီပီပါတီက ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သည်။
 ၂၀၁၀ရွေးကောက်ပွဲအပြီး၌ ဦးသိန်းစိန်အစိုးရနှင့် ဒီမိုကရေစီအတိုက်အခံ၊ အထူးသဖြင့် အင်န်အယ်လ်ဒီပါတီအကြား ဆွေးနွေးမှုများအပြင် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်များအကြား စေ့စပ်ညှိနှိုင်းမှုများလည်း ပေါ်ထွန်းလာသည်။
ထိုအခါ စစ်တပ်ဦးဆောင်သည့် အစီအစဉ်များကို တခမ်းတနား ကြိုဆိုထောက်ခံလျက် ဆောင်ရွက်ဆဲ ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် ပြည်အလှူရှင်များထံမှ ငွေကြေးအကူအညီများ လှိမ့်ဝင်လာသည်။ အဆိုပါကာလအတွင်း စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဆွေးနွေးပွဲများကို သွက်လက်မြန်ဆန်စေရန် မြန်မာ့ငြိမ်းချမ်းရေးဗဟိုဌာနအား ဦးသိန်းစိန်အစိုးရက တည်ထောင်ခဲ့ခြင်းဖြစ်သည်။
တတိယအင်အားစုလှုပ်ရှားမှုနှင့် ဆက်နွယ်နေသော ပညာရှင်များကို အဆိုပါငြိမ်းချမ်းရေးဗဟိုဌာန၌ မက်လောက်စရာရာထူးများ ပေးအပ်ခဲ့သည်။ တစ်ချိန်က အားလုံး၏ အပယ်ခံနိုင်ငံတစ်ခုသည် အပြောင်းအလဲအတွက် ရုန်းထလှုပ်ရှားလာသည့်သဖွယ် ဖြစ်လာခဲ့သည်။
တတိယအင်အားစု၏ နောက်ထပ်ထူးခြားချက်မှာ နိုင်ငံရေးသိပ္ပံနှင့် ပြည်သူ့စီမံခန့်ခွဲရေး ဘာသာရပ်နယ်ပယ်များမှ ဝေါဟာရအသစ်အဆန်းများကို အသုံးပြုသော အစိုးရအကြံပေးပညာရှင် အလွှာတစ်ခု စတင်ပေါ်ထွန်းလာခြင်း ဖြစ်သည်။ The Voice သတင်းစာပါ ပင်တိုင်ဆောင်းပါးနှင့် အထူးဆောင်းပါးများ၊ Myanmar Egress က ကျင်းပဖွင့်လှစ်သည့် အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းများတွင် တိုင်းပြည်၏ နိုင်ငံရေးပြဿနာများကို ဖြေရှင်းမည့် အစိုးရအကြံပေး ပညာရှင်အလွှာ၏ ကုထုံးများနှင့် ပြည့်နှက်နေသည်။
တိုင်းရင်းသားပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် သဘာဝသယံဇာတ စီမံခန့်ခွဲမှုကောင်းရန်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း သမိုင်းနှင့်မဆိုင်၊ နိုင်ငံရေးနှင့် မပတ်သက်သည့် အမြင်တစ်မျိုးလည်း တွေ့ရသည်။ “ကမ္ဘာပြားပြီ- ၂၁ ရာစု သမိုင်းအကျဉ်းနှင့် သမိုင်းနိဂုံးနှင့် နောက်ဆုံးလူသား” စသည့် စာအုပ်များကို လုံးစေ့ပတ်စေ့ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ကောက်နုတ်ဘာသာပြန် ပေါင်းစပ်ထည့်သွင်း၍ နီယိုလစ်ဘရယ်အယူဝါဒကို တင်သွင်းလာကြသည်။
တတိယအင်အားစု၏ ဆွဲဆောင်မှုကောင်းသော အဆိုတစ်ရပ်မှာ ကမ္ဘာကြီးသည် တစ်နေ့တစ်ခြား ပေါင်းစည်းလာနေသောကြောင့် မြန်မာနိုင်ငံအနေဖြင့် အစိုးရအကြံပေးများ၏ အကြံပြုနည်းလမ်းများကို သုံး၍  ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲ စတင်ခြေချလျှင်ချ၊ ထိုသို့ ခြေမချနိုင်ပါက ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့လာရနိုင်သည် ဟူ၍ ဖြစ်သည်။
ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် တရားဥပဒေစိုးမိုးမှုကဲ့သို့ “ကောင်းမွန်သော အုပ်ချုပ်မှုစနစ်” ဆိုင်ရာ အစိုးရအကြံပေးများ၏ တတ်ကျွမ်းနားလည်မှုများကို ထိုဆောင်းပါးများက အသားပေး ရေးသားဖော်ပြခဲ့သည်။ ကောင်းမွန်သောအစိုးရကို တည်ဆောက်နိုင်ပါက၊ မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှန်ပေါ် ရောက်လာလိမ့်မည်ဟု ၎င်းတို့က အာမခံသည်။
တစ်ဆက်တည်းမှာပင် နာတာရှည် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေခြင်းနှင့် တိုင်းရင်းသား ပဋိပက္ခခေါင်းစဉ်များကို စစ်အစိုးရများ၏ ဆယ်စုနှစ်အဆက်ဆက် စီမံခန့်ခွဲမှုအလွဲများနှင့် မသက်ဆိုင်သလို သီးခြားခွဲထုတ်လိုက်သည်။ ယင်းစကားလုံးအလှအပများ၏ သက်ရောက်မှုကို၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာပြီး ဦးသိန်းစိန်၏ ပထမဆုံးမိန့်ခွန်း၌ တွေ့မြင်နိုင်သည်။ 
“ဒီမိုကရေစီဟာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ တွဲဖက်မှ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်အစမှာ တာဝန်ယူရတဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ပေါ်ပေါက်အောင် အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု  ဦးသိန်းစိန်က ပြောဆိုခဲ့သည်။
နိုင်ငံကကြုံတွေ့နေရသော ကြီးမားသည့် အခက်အခဲအချို့ကို ဖြေရှင်းနိုင်ရေးအတွက် အစိုးရအကြံပေး အလွှာအပေါ် ကျယ်ကျယ်ပြန့်ပြန့် အားထားမှုများလည်းရှိသည်။၂၀၁၇ ခုနှစ် အယ်ဒီတာ့အာဘော်တစ်ခုတွင်  ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုသည် နိုင်ငံရေးပြဿနာမဟုတ်ဘဲ “စွမ်းဆောင်မှု ပြဿနာ” သာဖြစ်ကြောင်း ဖော်ပြထားသည်။ 
၎င်းအာဘော်အရ လူမျိုးတုံးသတ်ဖြတ်မှုသည် အရပ်သားများကိုသတ်ဖြတ်ရန် စစ်ခေါင်းဆောင်များက အမိန့်ပေးခြင်းကြောင့် ဖြစ်ပွားရခြင်း မဟုတ်ဘဲ မွတ်ဆလင်ရိုဟင်ဂျာများနှင့် ဗုဒ္ဓဘာသာ ရခိုင်လူမျိုး ဟူသည့် ပြိုင်ဘက်အသိုင်းအဝိုင်းနှစ်ခုနှင့် သယံဇာတအရင်းအမြစ်များကို ဒေသန္တရအဆင့်နှင့် နိုင်ငံအဆင့် အစိုးရအသီးသီး၏ စီမံအုပ်ချုပ်နိုင်စွမ်း မရှိမှုကြောင့် ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
ထို့အပြင် ရိုဟင်ဂျာအရေးသည် အာဏာပိုင်များ၏ ကမ္ဘာကြီးနှင့် ထိထိရောက်ရောက် ဆက်သွယ် ရှင်းလင်းနိုင်စွမ်း မရှိမှုကြောင့် ဖြစ်ပွားရသည့် ပြည်သူ့ဆက်ဆံရေး ပြဿနာတစ်ရပ် ဖြစ်သည်ဟူသော နောက်ထပ် လူသိများသည့် ပြောဆိုမှုတွင်လည်း ဤအယူအဆ၏ လွှမ်းမိုးမှုကို တွေ့နိုင်သည်။ 
ဤအယူအဆသည် စစ်အစိုးရအစဉ်အဆက်ကို လက်ညှိုးမထိုးဘဲ အစိုးရပညာရှင်အလွှာ၏ အားနည်းချက်များအပေါ် အပြစ်ပုံချလိုက်ခြင်းသာဖြစ်သဖြင့် ဗိုလ်ချုပ်ကြီးများအကြား ရေပန်းစားလာသည်မှာ အထူးအဆန်းကား မဟုတ်ပေ။
သက်တမ်းတိုသော ဒီမိုကရေစီခေတ်
================
၂၀၁၁ ခုနှစ်မတိုင်မီ မြန်မာ့အရေး အလုပ်ရုံဆွေးနွေးပွဲများနှင့် မီဒီယာများ၌ တတိယအင်အားစုကို ထောက်ခံသူများက တင်ပြသောအယူအဆကို သံသယဖြင့် ဖြစ်စေ၊ ပွင့်ပွင့်လင်းလင်း လက်မခံဘဲဖြစ်စေ တုံ့ပြန်ခဲ့ကြသည်။ သို့သော် ဒီမိုကရေစီခေတ် ရောက်လာသောအခါ နိုင်ငံရေးသမားနှင့် ပညာတတ်လူနည်းစု၏ ဝေဖန်မှုများရှိလင့်ကစား အဆိုပါ တတိယအင်အားစု၏ အယူအဆများကို ဒီမိုကရေစီအုပ်စုက လက်ကမ်းကြိုဆိုလာသည်။
အင်န်အယ်လ်ဒီကို စတင်တည်ထောင်သူများအနက် တစ်ဦးအပါအဝင်ဖြစ်သော ဦးဝင်းတင်ကမူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စစ်တပ်ဦးဆောင်သည့် ဒီမိုကရေစီကူးပြောင်းမှုကို ဆက်လက် ဆန့်ကျင်နေခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများမှာ အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း သိရှိနားလည်စေရန် ဦးဝင်းတင်သည် အပြာရောင်(အကျဉ်းသား) ရှပ်အင်္ကျီကို ဝတ်ဆင်၍ သတင်းစကားပါးခဲ့သည်။ 
အလားတူပင် လက်ဝဲကျောင်းသားသမဂ္ဂများကလည်း စစ်တပ်နှင့် အရပ်သားတစ်ပိုင်းအစိုးရအပေါ် မယုံသင်္ကာ ဖြစ်နေကြဆဲပင်ဖြစ်သည်။ သို့သော် စစ်တပ်ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေး၌ ပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်လိုက်သည့်အခါ ၎င်းတို့၏ ဆန့်ကျင်နေမှုများ အသံတိတ်သွားရသည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာအတွက် ဒေါ်အောင်ဆန်းစုကြည်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ဆက်လက်ပါဝင်ခဲ့သည်။ 
ထိုအချိန်အထိ အင်န်အယ်လ်ဒီခေါင်းဆောင်ပိုင်းသည် စစ်တပ်က အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူပြီး ကာကွယ်ရေးနှင့် ရဲတပ်ဖွဲ့ကို ဆက်လက်ချုပ်ကိုင်ထားမည့် စစ်ခေါင်းဆောင်များ အလိုကျ သတ်မှတ်ထားသည့် ကစားပွဲစည်းမျဉ်းများကို လက်ခံထားခဲ့သည်။ 
ကစားပွဲတွင် အင်န်အယ်လ်ဒီ ပါဝင်လာမှုက စစ်တပ်က ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံခြင်းဖြစ်ရုံမက နိုင်ငံရေး၌ ပါဝင်နေသော စစ်တပ်၏ အခန်းကဏ္ဍကိုပါ တရားဝင် အတည်ပြုလိုက်ခြင်းဖြစ်သဖြင့် အင်န်အယ်လ်ဒီ၏ ပါဝင်မှုအပေါ် သဘောထားတင်းမာသော ဒီမိုကရေစီလှုပ်ရှားသူများ တုန်လှုပ်ခြောက်ခြားဖြစ်ခဲ့ရသည်။
နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီသည် စစ်တပ်နှင့် ရင်ကြားစေ့ရေးအထိပါ တိုးမြှင့်ဆောင်ရွက်လာသည်။၂၀၁၃ ခုနှစ်က ဘီဘီစီ သတင်းဌာနက မေးမြန်းသည့် အင်တာဗျူးတစ်ခုတွင် “စစ်တပ်ကို ကျွန်မအလွန်ချစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစစ်တပ်ဟာ ကျွန်မဖေဖေတည်ထောင်ခဲ့တဲ့ စစ်တပ်ဖြစ်လို့ပါ” ဟု တစ်ဖက်က စစ်တပ်၏ အားနည်းချက်များကိုပြောဆိုရင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။
နောက် ၆ နှစ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်သည် နယ်သာလန်သို့ သွားရောက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး(အိုင်စီဂျေ)၌ စစ်တပ်အပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်များကို ခုခံချေပခဲ့သည်။ စနစ်တကျ ကျူးလွန်ခဲ့သည့်ပုံစံရှိသည်ဟု လူ့အခွင့်အရေးအုပ်စုများက မှတ်တမ်းများတင်ပြခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့သည် ရိုဟင်ဂျာများအပေါ် စစ်တပ်ကကျူးလွန်ခဲ့သည့် ရက်စက်မှုများကို ဘာမျှအရေးမကြီးသည့်ဟန်ဖြင့် တရားရုံး၌ ချေပခဲ့သည်။
စစ်တပ်၏ စစ်ဆင်ရေးများသည် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ကိုသာ ပစ်မှတ်ထားပြီး လူမျိုးအုပ်စုတစ်ခုလုံးကို ရည်ရွယ်ခြင်း မဟုတ်ကြောင်း သူမ၏အဖွဲ့က အိုင်စီဂျေတရားသူကြီးများကို ရှင်းလင်းပြောဆိုခဲ့သည်။ ထို့အချိန်က မြန်မာနိုင်ငံသားတိုင်းသည် အရပ်ဖက်ကဏ္ဍများ၌ စစ်တပ်၏ ကြီးစိုးချယ်လှယ်မှုကို သိရှိထားကြပြီး ဖြစ်သည်။
၂၀၁၅ နှင့် ၂၀၂၀ရွေးကောက်ပွဲများတွင် လူသန်းနှင့်ချီ၍ မဲရုံကိုသွားကာ မဲပေးကြသည်။ ပြည်တွင်းရော ပြည်ပမှာပါ မြန်မာစစ်တပ်ကို အစွမ်းထက်သော ပြုပြင်ပြောင်းလဲရေးသမားဟု ချီးကျူးထောပနာပြုကြသည်။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာ့စစ်ဦးစီးချုပ်အဖြစ် ဥရောပနိုင်ငံများသို့ အလည်အပတ်ဖိတ်ခေါ်သည်။ 
၂၀၁၉ ခုနှစ်အတွင်း သည်ဟိတ်တရားရုံး၌ စစ်တပ်အပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များအား ခုခံချေပနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသော လူထုချီတက်ပွဲများကို မြို့ကြီးများ၌ ကျင်းပလာသည်။ 
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအုပ်စုသည် စစ်ဗိုလ်ချုပ်ကြီးများနှင့် ရင်ကြားစေ့ရေးကို လမ်းခင်းပေးလိုက်သည့်အခါ Myanmar Egress နှင့်အခြားတတိယအင်အားစုတို့မှာ မဆီမဆိုင်သလို ဘေးရောက်သွားသည်။ Myanmar Egress တည်ထောင်သူ တစ်ဦးဖြစ်သော ဦးနေဝင်းမောင်သည် ၂၀၁၂ ခုနှစ်အတွင်း အချိန်မတန်မီ စောစောစီးစီး ကွယ်လွန်သွားရခြင်းကလည်း တတိယအင်အားစု၏ လှုပ်ရှားမှုကို အင်အားချိနဲ့စေခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲအငြင်းပွားမှုတွင် မြင်ရသည့်အခြေအနေအရ တတိယအင်အားစုသည် အချိန်၏ စမ်းသပ်မှုကို ခံနိုင်ရည်မရှိခဲ့ပေ။ ရွေးကောက်ပွဲပြီး၍ ရက်သတ္တပတ် အနည်းငယ်အကြာတွင် ယူအက်စ်ဒီပီနှင့်ယင်း၏ မဟာမိတ်များက မဲစာရင်းမမှန်ကန်မှုနှင့် မဲရုံများ၌ မမှန်မကန် ပြုမူမှုများကို ရိုက်ကူးပြသသည့် လူမှုကွန်ယက် မီဒီယာပေါ်မှ ဒါဇင်နှင့်ချီသော ဗီဒီယိုအတိုများကို ကိုးကားလျက် မဲမသမာမှုရှိကြောင်း စတင်စွပ်စွဲလာသည်။ 
ထို့နောက် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည် ထံစာတစ်စောင် ရေးပို့ကာ “လွှတ်တော်အစည်းအဝေးကို ရွေ့ဆိုင်းရန်နှင့် မရွှေ့ဆိုင်းပါက နောက်ဆက်တွဲ အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း” ရာဇသံပေးပို့ခဲ့သည်။ 
စစ်တပ်၏ တောင်းဆိုမှုသည် ၄င်းတို့ စိတ်တိုင်းကျ ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင် မညီညွတ်ဘဲ ၎င်းတို့ကိုယ်တိုင်ရေးဆွဲခဲ့သည့် ရွေးကောက်ပွဲစည်းမျဉ်းများနှင့်လည်းဆန့်ကျင်နေသည်။ အင်န်အယ်လ်ဒီခေါင်းဆောင်များက ၎င်းတို့၏တောင်းဆိုချက်ကို မလိုက်လျောဘဲ ငြင်းဆန်လိုက်သည့်အခါ၊ ဗိုလ်ချုပ်ကြီးများက အာဏာသိမ်းယူကာ ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီတိုးတက်မှုဖြစ်စဉ်များကို အဆုံးသတ်သွားစေခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)
(Himal Southasian မဂ္ဂဇင်းတွင် ဖော်ပြထားသော Aung Kaung Myat ၏  “The machine that went rogue- Learning from Myanmar’s unsuccessful ‘Third Force’ movement”  ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)
Saturday, April 23, 2022
The Rise and Fall of Tatmadaw
  မြန်မာ့တပ်မတော် နေထွက်ချိန်နှင့် နေဝင်ချိန် 
 (The Rise and Fall of Tatmadaw) 
မြန်မာစစ်တပ်ဟာ ပြိုကွဲဖို့ ခဲယဉ်းလှတယ်လို့ ထင်မြင်ခဲ့သူတွေထဲမှာလည်း ကျနော်ပါခဲ့တယ်လို့ ဝန်ခံပါရစေ။ သို့သော်လည်း စစ်အာဏာသိမ်းမှု နောက်ပိုင်းကာလ အတွင်းဖြစ်ပျက်တဲ့ဖြစ်စဉ် ဖြစ်ရပ်တွေကို ကျနော် မပြတ် စောင့်ကြည့်လေ့လာခဲ့ပါတယ်။ အထူးသဖြင့် မြေပြင်သတင်းတွေကို အနီးစပ်ဆုံးရနိုင်အောင် ကျနော် လုပ်ခဲ့ပါ တယ်။ အောက်ခြေက အဖြစ်အပျက်တွေဟာ သတင်းတိုက်ပွဲတွေနဲ့ ဝါဒဖြန့်ချိနေတာတွေလား၊ ဘယ်အရာ ဘယ်လောက်ဖြစ်တန်ခြေရှိတယ်ဆိုတာကို မပြတ် အကဲခတ်ခဲ့ပါတယ်။ အခုလည်း မပြတ်ကြည့်နေဆဲဖြစ်ပါ တယ်။ 
 ဗမာအမျိုးသားရေးဝါဒ
အမျိုးသားရေးဝါဒကို ဗဟိုပြုပြီး ဆွဲစုထားတဲ့ မြန်မာစစ်တပ်အတွင်းမှာ တကယ် စစ်မှန်တဲ့ မျိုးချစ်ဝါဒ (တနည်း) အမျိုးသားရေးဝါဒ ခိုင်မာကျစ်လစ်သလားဆိုတာကိုလည်း စစ်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်လောက်ကတည်းက ကျနော် စဉ်ဆက်မပြတ် လေ့လာခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်တော့လည်း၊ တပ်အင်စတီကျူးရှင်းရဲ့ သဘော အနက်ကို ဖော့မတွေးခဲ့သူတစ်ယောက်အနေနဲ့၊ တို့တတွေ တော်ရုံနဲ့တော့ မရဘူးနော် ဆိုတဲ့ သတိပေးမှုမျိုးနဲ့ နိုင်ငံရေးဆောင်းပါးတွေမှာ တွန်းတွန်းတိုက်တိုက် သတိပေးရေးသားခဲ့ပါတယ်။ တခါတရံ အားလုံး လျော့တွက်မိ မစိုးလို့ စိုးရိမ်ချက်နဲ့ ရေးသားတာကြောင့်လည်း၊ လူတချို့က အထင်အမြင် လွဲတာတွေ ကြုံခဲ့ရပါတယ်။ ဒါက ကိစ္စ မရှိပါ။ နားလည်ပြီးသား ကိစ္စဖြစ်သလို၊ ကြုံတွေ့နေကျ ဖြစ်လို့ မမှုခဲ့ပါ။ 
 တဖြည်းဖြည်း လက်ဝါးကြီးအုပ်
လူမျိုးစုအသီးသီးနဲ့ စတင်စုဖွဲ့ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ပါလီမန်ဒီမိုကရေစီခေတ်ဦးကာလမှာတင် တတိတိနဲ့ သင်းကွဲသလို ဖြစ်ခဲ့ပါတယ်။ ဒီကြားထဲ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်တွေရဲ့ ကေဒါမွေးတဲ့ လုပ်ရပ်တွေကြောင့်၊ တပ်ရင်း အလိုက် တောခိုတာတွေ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ မြန်မာစစ်တပ်ဟာ သမိုင်းသင်ခန်းစာကို ကောင်းကောင်း ယူပြီး တည်ဆောက်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် တွေမှာ၊ တပ်တွင်း မှာ ဘာသာခြားတွေကို တဖြည်းဖြည်း ကန့်လာတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းခေတ် ကနေ စတင်ပြီးတော့ လူမျိုးစုတွေကို တဖြည်းဖြည်း ဖယ်လာတာတွေ့ရပါတယ်။ နောက်ပိုင်းတဖြည်းဖြည်း အသားကျလာပြီး အညာဗမာတောသားတွေချည်းပဲ. အုပ်စီးမိတဲ့ မြန်မာစစ်တပ်ဖြစ်လာပါတယ်။ 
ဗိုလ်ချုပ်မှူး ကြီးသန်းရွှေခေတ်မှာ၊ ထိပ်ပိုင်းစစ်ဗိုလ်အုပ်စုက တစ်ဦးတည်း လက်ဝါးကြီးအုပ်တာမျိုး မလုပ်ဘဲ၊ ဝေစားမျှစား လုပ်ခဲ့လို့ စစ်အစိုးရဟာ အာဏာသက်ကို ဆန့်နိုင်ခဲ့တယ် လို့ ပြောရမယ်။ အချင်းချင်း မျှဝေစားပြီး ဝိုင်းကြီးချုပ်နဲ့ တုပ်နှောင်ထားတဲ့ ပုံစံက၊ တပ်တွင်းပြိုကွဲမှုကိုလည်း ထိန်း ထားနိုင်သလို၊ ပြင်ပအုပ်စုကိုလည်း စုစုစည်းစည်း ခုခံနိုင်တယ်ဆိုတဲ့ ရလဒ်ကို ပေးပါတယ်။ တစ်ဖက်မှာလည်း တပ်အသိုင်းအဝိုင်းထဲ ဝင်လာသူကို နေပျော်အောင် လုပ်ပေးသလို ဖြစ်တော့၊ တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းကို တဖြည်းဖြည်း ချဲ့ထွင်လာနိုင်တဲ့ သဘောရှိတာကို လည်း တွေ့ရတယ်။ ထားတော့။ 
 စစ်တပ်အတွက် ဂယ်ပေါက်
ဒီလိုနဲ့ တစ်ဖက်မှာလည်း အသက်ရှုပေါက်ချောင်အောင် နိုင်ငံရေးအရ ဖြေလျော့ရေးလုပ်ပြီး မြန်မာစစ်တပ်က သူရဲ့ ဂယ်ပေါက်ကို ဖန်တီးနိုင်ခဲ့တယ်။ ခေတ်မီတဲ့ ပရော်ဖက်ရှင်နယ် တပ်မတော်ဖြစ်အောင် တည်ဆောက်မယ်ဆိုတဲ့ စကားဟာ ပြည်မက ဗမာ/မြန်မာ လူထုကို တစ်စုံတစ်ရာအထိတော့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ယုတ်စွအဆုံး စစ် အာဏာရှင်ဆန့်ကျင်ရေးကို နှစ်ပေါင်းများစွာ ထောင်ကျတန်းကျခံပြီး လုပ်လာခဲ့တဲ့ ဒီမိုကရေစီအတိုက်အခံအုပ်စု ကိုတောင် ဆွဲဆောင်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ သို့သော်လည်း စစ်အာဏာသိမ်းရင် ငါတို့ ထိန်းနိုင်ပါတယ် လို့ ခပ်ပေါ့ပေါ့ စဉ်းစားပြီး မျက်ကန်းတစ်ဆေမကြောက်၊ ဆင်ကန်းတောတိုး လုပ်ခဲ့တဲ့ လုပ်ရပ်ဟာ အမှားပေါ် အမှား ဆင့်ပြီး မြန်မာစစ်တပ်အတွက် တဖြည်းဖြည်း ဘေးထွက်ဆိုးကျိုးများလာပါတယ်။ 
 အရှုံးပေါ် အရှုံးဆင့်လာခဲ့
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာစစ်တပ်ဟာ နိုင်ငံရေးအရ စပြီး အရှုံးပြလာတယ်။ နောက် ဖိနှိပ်ဖြိုခွင်းမှု တွေကို အကန့်အသတ်နဲ့ ချင့်ချင့်ချိန်ချိန် မလုပ်ဘဲ ဇွတ်တိုးတော့ လက်နက်ကိုင်လမ်းစဉ် ထိပ်တက်လာတယ်။ ဗမာပြည်မက အုံလိုက်ကျင်းလိုင်း လက်နက်ကိုင်တော်လှန်ရေးကို စတင်လာတဲ့အခါမှာ၊ မြန်မာစစ်တပ်ဟာ အုပ်ချုပ်ရေးအရ ထပ်ပြီး အရှုံးပေါ်ပြန်တယ်။ လူထုတိုက်ပွဲတွေမှာ အကြမ်းမဖက်တဲ့ သပိတ်တိုက်ပွဲတွေ၊ သပိတ် မှောက်တာတွေ၊ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေ ကြီးကြီးမားမား ပေါ်လာတော့လည်း၊ မြန်မာစစ်တပ်ဟာ စီးပွားရေးအရ ထပ်ရှုံးပြန်တယ်။ ဒီတော့ အရှုံးပေါ် အရှုံးဆင့်လာတယ်။ 
နိုင်ငံတကာရေးရာမှာလည်း စစ်ရေးအရ ရုရှားနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအရ တရုတ်သာ ထောက်ခံရင် မြန်မာစစ်တပ်ဟာ ဘယ်တော့မှ မပြိုလဲနိုင်ဘူးလို့ နလပိန်းတုံး အတွေးအခေါ်နဲ့ နိုင်ငံတကာနိုင်ငံရေးကို တိုးဝင်တဲ့အခါမှာလည်း ထပ်ပြီး အရှုံးပြပြန်တယ်။ နိုင်ငံ တကာနိုင်ငံရေးမှာ ဘယ်သူမှ သစ္စာ မရှိဘူး၊ အားလုံးဟာ အကျိုးစီးပွားနဲ့ကစားနေကြတယ်ဆိုတာကို မြန်မာစစ် ခေါင်းဆောင်တွေ သိကောင်း သိပေမယ့်၊ တကယ်နားမလည်ဘူး။ 
 လက်နက်ကိုင်ပုန်ကန်မှုနဲ့ ကြုံ
စစ်အာဏာသိမ်းပြီး လက်နက်ကိုင်လမ်းစဉ် နိဒါန်းပိုင်းရောက်လာတဲ့အခါမှာ၊ လူမျိုးစုနယ်ပယ်အသီးသီးကလည်း သူတို့ အမျိုးသားရေးလွတ်မြောက်မှုအတွက် အသီးသီး စစ်ပူပေးတာတွေ ရှိလာတယ်။ တဖြည်းဖြည်းနဲ့ ဗမာ တော်လှန်ရေးအင်အားစုတွေနဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ အစေးကပ်လာတယ်။ ဒါဟာ မြန်မာစစ်တပ် အတွက် ကြီးကျယ်သော ရိုက်ခတ်ချက်ပဲ ဖြစ်တယ်။ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ ဗမာတော်လှန်ရေးအင်အား စုတွေအကြား ပူးကပ်မှုတွေ ထဲထဲဝင်ဝင် မဖြစ်အောင် မြန်မာစစ်တပ်က ကြိုးစားပေမယ့် မအောင်မြင်ဘူး။ အပစ် အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆိုတာကို စစ်ဗျူဟာတစ်ခုလို ကစားတတ်တဲ့ မြန်မာစစ်တပ်ရဲ့ စောက်ကျင့်ကို လူမျိုးစုလက်နက်ကိုင်အဖွဲ့ အားလုံးက သိတယ်။ သို့သော်လည်း မြန်မာစစ်တပ်နဲ့ ပလဲပနံသင့်ပြီး ပေါင်းစားတဲ့ ပြည်သူ့စစ်အုပ်စုနဲ့ BGF အုပ်စုကတော့ အကျိုးစီးပွားအထိုင်ပေါ်မှာပဲ ဆက်ကစားတယ်။ 
လူမျိုးစုလက်နက်ကိုင် အဖွဲ့ အားလုံးလိုလိုဟာ ဗမာတော်လှန်ရေးအင်အားစုတွေရဲ့ နွေဦးတော်လှန်ရေးဆိုတာကို ကာယကံမြောက် မကူညီစေအုံးတော့. မူအားဖြင့် ထောက်ခံတယ်ဆိုတာကို ပြသလာကြတယ်။ ဒီလိုနဲ့ စစ်အာဏာသိမ်းမှု တစ်နှစ် ပြည့်ပြီး ကာလနောက်ပိုင်းမှာ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေနဲ့ ဗမာတော်လှန်ရေးတပ်သားတွေ တဖြည်း ဖြည်း ပေါင်းစည်းမှု အားကြီးလာတာကို တွေ့ရတယ်။ 
 လှေကြီးထိုးရိုးရိုး
မြန်မာစစ်တပ်ဟာ ခေတ်တွေ ပြောင်းလာပေမယ့် သူ့ရဲ့ ရှေးနည်းဟောင်းဖြစ်တဲ့ လှေကြီးထိုးရိုးရိုးဗျူဟာကိုပဲ ဆက်လက်သုံးစွဲတယ်။ မြန်မာစစ်တပ်ရဲ့ အစဉ်အလာအတိုင်းလုပ်ခဲ့တဲ့ လှေကြီးထိုးရိုးရိုးဗျူဟာကပဲ၊ မြန်မာစစ်တပ် ကို ရန်သူတွေ ပွားသထက် ပွားအောင်၊ တိုးသထက် တိုးအောင် လုပ်နေသလို ဖြစ်ခဲ့တယ်။ အထူးသဖြင့် သတင်း အချက်အလက် နည်းပညာ အပြန့်ကျယ်တဲ့ခေတ်မှာ၊ မြန်မာစစ်တပ် လုပ်တဲ့ အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး ငြိမ်ဝပ်ပိပြားအောင်လုပ်တဲ့ ဗျူဟာဟာ - မြန်မာစစ်တပ်အဖို့ ရန်သူတွေ မွေးနေသလိုသာ ဖြစ်ခဲ့တယ်။ 
မြန်မာစစ်တပ်ရဲ့ လုပ်နည်းလုပ်ဟန်တွေကို ကြည့်ရင် - အကြပ်ကိုင်တာ၊ ခြိမ်းခြောက်တာ၊ ဖိနှိပ်တာ၊ အကြောက် တရားသွင်းပေးတာ၊ တိုက်ခိုက်တာ၊ သတ်ဖြတ်တာ၊ မီးရှို့တာ၊ ချိပ်ပိတ်တာ၊ ဖမ်းဆီးတာ. စတဲ့နည်းက လွဲလို့ သီးခြားနည်းနာတွေ သုံးစွဲတာ မတွေ့ရဘူး။ ဒီလိုတွေ လုပ်ရင် ကြောက်ပြီး ငြိမ်မယ်လို့ ထင်ထားတဲ့ အစွဲကို အခုထိ မြန်မာစစ်တပ်ဟာ မဖျောက်နိုင်တာကို တွေ့ရတယ်။ သတ်ပြလိုက်မယ်၊ ညှင်းဆဲပြလိုက်မယ် ဒါဆိုရင် ငြိမ်မယ် လို့ ထင်နေတယ်။ ဆွေမျိုးနီးစပ်တွေကို အသိုင်းအဝိုင်းနဲ့ ဖိအားပေးရင် ဖြစ်မယ်လို့ ထင်ပြီး ဒါကို ဆက်လုပ်တယ်။ 
 သိမ်ငယ်စိတ်ဝင်လာတဲ့ စစ်ဗိုလ်တွေ
လူထုဟာ မြန်မာစစ်တပ်ကို ရန်သူလို့ မြင်လာတယ်။ နောက်ဆုံး ရန်သူလို့ မြင်တဲ့အဆင့်ကနေ ပိုဆိုးလာတယ်။ ရွံလာတယ်။ မုန်းလာတယ်။ ကိုယ့်တူကိုယ့်သားက စစ်တပ်ထဲမှာ ရှိနေရင်တောင် လူကြားထဲ ထုတ်မပြောဝံ့ လောက်အောင် စစ်သားဂုဏ်သိက္ခာပျက်ယွင်းလာတယ်။ ငါ့အဖေက စစ်သားကြီးကွ ငါ့တူ ငါ့သား ငါ့အစ်ကို ငါ့မောင်က စစ်သားကွ၊ စစ်ဗိုလ်ကွ ဆိုတာကို ထုတ်ဖော် မပြောရဲတော့ဘူး။ နောက်ဆုံး တပ်ထဲမှာ တာဝန်ထမ်း ဆောင်နေတဲ့ စစ်ဗိုလ်တွေတောင် လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ စစ်ယူနီဖောင်းဝတ်ပြီး သူတို့ ဓာတ်ပုံကို မတင်ရဲတော့ဘူး။ အခုအချိန်ထိ အဲသည်လို တင်ရဲသေးတယ်ဆိုရင်တော့ အဲသည့်ကောင် တကယ့် အကောင်ပဲ။ ဘာအကောင်လဲတော့ မသိဘူး။ သေနာကောင် ဖြစ်မယ် ထင်တယ်။ 
 အာရုံတွေ များ / အင်အားတွေ ပြယ်
မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့ လုပ်ရပ်မှားကြောင်း ဝန်မခံလိုဘူး။ အမှားကို ဖာထေးဖို့လည်း မကြိုးစားဘူး။ ငါတို့လုပ်ရင် ဖြစ်ရမပေါ့လို့ ထင်မြင်တဲ့အထင်ဟာ တဖြည်းဖြည်းနဲ့ ကြီးသထက်ကြီးလာနေတယ်။ ဒီလို အထင် အမြင် ကြီးလာလေလေ၊ အမှားတွေကို ပိုလုပ်မိလာလေလေ ဖြစ်လာတယ်။ တပ်တွင်းမှာ ပြောရေးဆိုခွင့် ဝေဖန် ထောက်ပြခွင့်ကို ပိတ်ပင်ထားတော့၊ တဖြည်းဖြည်းနဲ့ အထက်နဲ့ အောက်ခြေစစ်သားတွေအကြား ဖြစ်ရပ်မှန်သိရှိမှု ကင်းပျောက်လာတယ်။ ဒါက တဖြည်းဖြည်းနဲ့ အမှားတွေကို ကြီးထွားလာစေတဲ့ အကြောင်းတရားဖြစ်လာတယ်။ 
မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးကာလနောက်ပိုင်းကတည်းက တစ်ရက်မှ မနားရသေးဘူး။ အနေချောင်တဲ့ ကောင်တွေကတော့ နားရသပေါ့။ သို့သော်လည်း စစ်ခေါင်းဆောင်တွေနဲ့ အောက်ခြေစစ်သားတွေက နေ့တိုင်းလိုလို အပူတွေနဲ့ ဖြတ်သန်းနေရတယ်။ 
မြန်မာစစ်တပ်ဟာ နေရာတိုင်း ဒေသတိုင်း ကဏ္ဍတိုင်းကို အာရုံစိုက်နေရလို့ နေရာတိုင်း ဒေသတိုင်း ကဏ္ဍတိုင်းမှာ အားနည်းနေတယ်။ ဘာကိုမှ ဖိဖိစီးစီး မလုပ်နိုင်သေးဘူး။ ဘယ်နေရာမှ ဖိဖိ စီးစီးနဲ့ အာရုံမစိုက်နိုင်ခြင်းဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အားနည်းမှုကို ထပ်အားနည်းအောင်၊ တတိတိ ပွန်း ပြတ်ပြတ်အောင် လုပ်ပေးသလို ဖြစ်နေတယ်။ 
ဒါကိုလည်း အထက်အမိန့်အရပဲ လုပ်ခွင့်ရတဲ့ တပ်အင်စတီကျူးရှင်း မှာ မပြောင်းနိုင်ဘူး မပြင်နိုင်ဘူး။ ပြောခွင့်ဆိုခွင့် အကြံပြုခွင့်လည်း မရှိဘူး။ လက်ရှိ မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နံဘေးမှာ - ဗောင်းတော်ငြိမ့် စိတ်တော်သိတွေပဲ ရှိတယ်။ အားလုံး က မှန်ပါ့ဘုရားနဲ့ စခန်းသွားနေတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ နံဘေးမှာ ဝေဖန်ထောက်ပြမယ့်သူ မရှိခြင်း ဟာ အဲသည့်ခေါင်းဆောင်ရဲ့ ကျရှုံးခန်းအစပဲ။ အခုတော့ ကျရှုံးခန်းဟာ တဖြည်းဖြည်းနဲ့ နီးလာပြီ။ 
 တအိအိနဲ့ ပြိုဆင်းလာ
မြန်မာစစ်တပ် ဟာ ချက်ချင်း ဝုန်းဒိုင်းကြီး ပြိုကွဲဖို့ ခက်ခဲလှပါတယ်။ သို့သော်လည်း ယခု တွေ့နေရတာကတော့ တဖြည်းဖြည်း ပွန်းပြတ် ပြတ်လာတယ်။ တအိအိ ပဲ့ယွင်းပြီး ကျဆင်းလာတာတွေ့ရတယ်။ အတွင်းလှိုက် ယိုယွင်းမှုတွေကလည်း ထိန်းမနိုင် သိမ်းမရ ဖြစ်လာတယ်။ ဒါကို တပ်တွင်းအသိုင်းအဝိုင်းက စစ်ဗိုလ်အများစု သိတယ်။ သို့သော်လည်း ချွန် မထွက်အောင် နေနေကြတယ်။ မြန်မာစစ်တပ်ထဲမှာလည်း အုပ်စုအားသိပ်ကြီးတယ်။ ဒီတော့ တစ်ယောက် ယောက်က ချွန်ထွက်လာရင်၊ ချက်ချင်း ဆွဲစေ့ခံရလို့ ဘယ်သူမှ မပြောဝံ့ဘူး။ ဒါပေမယ့် အချင်းချင်း ကြိတ်ဝိုင်းတွေ တော့ ရှိတတ်တယ်။ အတော်များများတော့ အတွင်းကြိတ်ပုန်းပဲ ဖြစ်ကြတယ်။ ပေါ်ပေါ်ထင်ထင် ထွက်မလာဘူး။ 
သို့သော်လည်း သူတို့ အချင်းချင်းတော့ သိနေတယ်။ ငါတို့တော့ သွားပြီ ဆိုတာမျိုး။ ဒါပေမယ့် စစ်ဗိုလ်ဆိုတာ လည်း မာန်နဲ့ပါ။ အရှုံးဆိုရင်တောင် ဝန်ခံမှာ မဟုတ်ပါဘူး။ မတတ်သာလို့ တပ်ဆုတ်ရင်တောင် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီ ဆိုတဲ့ ဖြေတွေးနဲ့ ကိုယ့်ကိုယ်ကို လီဆယ်တတ်ပါတယ်။ 
မြန်မာစစ်တပ်ဟာ တဖြည်းဖြည်း တအိအိနဲ့ အဆင်းလမ်းကို ပြိုဆင်းလာတာတွေ့နေရတယ်။ နောက်ဆုံး ဇာတ်သိမ်းတော့ မကြုံသေးပါ။ ဘယ်တော့ ကြုံမလဲတော့ မသိပါ။ 
ယခု မြန်မာစစ်တပ်ကိုယ်တိုင် အရေးပေါ် အခြေအနေ ဖြစ်ကြောင်း တပ်လှန့်တယ်ဆိုတာကတော့ - ကိုယ့်တပ်ရင်းမှာ ကိုယ့်အားကိုယ်ကိုးသာ လုပ်ကြတော့ လို့ အချက်ပေးသလို ဖြစ်တာ တွေ့ရပါတယ်။ 
မြန်မာစစ်တပ်ရဲ့ နိဂုံးပိုင်းဟာ မကြာခင် ရောက်လာတော့မှာပါ။ ဒါဆိုရင်တော့ The Rise and Fall of Tatmadaw ဆိုတဲ့ စာအုပ်ကို မြန်မာလူထုက မိန့်မိန့်ကြီး ဖတ်ခွင့်ရတော့ မပေါ့။ 
မင်းသေ့ 
ည ၁၂း၅၇
၂၁၊ ဧပြီ၊ ၂၀၂၂။ 
၎င်းဆောင်းပါးကို မင်းသေ့ဝက်ဆိုဒ်မှာလည်း ဝင်ဖတ်နိုင်ပါတယ်။ 
Website Link: 
https://minthayt.com/archives/2151
(Zawgyi)
 ဗမာအမျိုးသားရေးဝါဒ
 စစ်တပ်အတွက် ဂယ်ပေါက်
 လှေကြီးထိုးရိုးရိုး
 တအိအိနဲ့ ပြိုဆင်းလာ
မင်းသေ့ 
ည ၁၂း၅၇
၂၁၊ ဧပြီ၊ ၂၀၂၂။ 
Website Link: 