Showing posts with label ရုပ်ရှင်နှင့် အနုပညာ. Show all posts
Showing posts with label ရုပ်ရှင်နှင့် အနုပညာ. Show all posts

Saturday, December 14, 2024

Leslie Cheung(1956-2003)

 



ဟောင်ကောင်ရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာဆိုရင် ဂျက်ကီချန်း | ဘရုစလီ | ချောင်ယွန်ဖတ် | အန်ဒီလူ | ဒိုနီယမ် | တိုနီလျောင် |ဂျက်လီ အစရှိတဲ့ သရုပ်ဆောင်ကြီးတွေကို ဒီမှာ လူသိများပေမယ့် ကျနော့်အနေနဲ့တော့ သူ့အကြောင်းတွေကို သိရချိန်မှာ သတိရ နှမြောတသဖြစ်ခဲ့ရတဲ့ သရုပ်ဆောင်တစ်ယောက်ကတော့ လပ်စ်လီ ချောင်ဆိုတဲ့ သရုပ်ဆောင်ကိုပဲ ဖြစ်ပါတယ်။


    ကိုယ်တွေရင်းနှီးခဲ့တဲ့ ရုပ်ရှင်တွေက ဂျက်ကီချန်း ဂျက်လီတို့က များခဲ့တော့ လပ်စ်လီချောင် ရုပ်ရှင်တွေကို သိပ်ကြီး မျက်မှန်းမတန်းမိခဲ့ပါဘူး။ A Better Tomorrow လောက်မှာပဲ ရင်းနှီးခဲ့တယ် ဆိုရမှာပေါ့။ နောက် လွယ်လင့်တကူ လက်လှမ်းမှီလာ။ ဒရာမာရုပ်ရှင်တွေကို သဘောကျလာတဲ့ အရွယ်ရောက်လာတော့မှသာ သူ့ရဲ့ သရုပ်ဆောင်မှုတွေကို တရုတ်ထိပ်တန်းရုပ်ရှင်တွေမှာ တွေ့လာရတော့မှ သူဟာ 85ဝန်းကျင်ကနေ ကိုးဆယ်ကျော်နောက်ပိုင်းအထိ ထိပ်ထိပ်ကြဲ သရုပ်ဆောင်တစ်ဦးဆိုတာ သိခဲ့ရတယ်။ အချက်အလက်တွေအရ ပြောရရင် သရုပ်ဆောင် အနေအထားထက် အဆိုပိုင်းမှာ ပိုပြီးအောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်လို့ ဆိုရမှာပေါ့။


  ဝမ်ကွာဝေရဲ့ ရုပ်ရှင်တွေမှာလည်း သူ့ရဲ့သရုပ်ဆောင်မှု တွေကိုလည်း မြင်ရမယ် ။Happy Together |Days Of Being Wild | Ashes of Time  တို့ ။ အော်စကာဆန်ကာတင်တဲ့အထိ အောင်မြင်ခဲ့တဲ့ နိုင်ငံတကာဆုတွေတသီကြီးရတဲ့ Farewell My Concubineတို့မှာ သူ့ရဲ့လတ်ဆတ်လှတဲ့အကောင်းစားသရုပ်ဆောင်မှု တွေကို မှတ်ကျောက်တင်ခဲ့ကြရတယ်။ ကိုယ်တွေသတိရမိတဲ့ရုပ်ရှင်ကတော့ A Chinese Ghost Story ပဲ ဖြစ်ပါတယ်။ တကယ်ကို တမလွန်နယ်ခြားက တစ္ဆေမလေးကြာပန်းဖြူ ကို ကိုယ်တိုင်ပါချစ်မိသွားခဲ့ရ လွမ်းခဲ့ရတဲ့အထိ ဖမ်းစားနိုင်ခဲ့တယ်။


     အနုပညာမြောက်မှတ်ကျောက်တင်နိုင်ခဲ့တဲ့ဖလင်တွေကိုပဲ အဓိကထား ပါဝင်ခဲ့ဖူးတဲ့ သူ့အနေနဲ့ ဘဝမှာ ဘာတွေနာကျင်စရာ ရှိမှာလဲလို့ တွေးမိနိုင်စရာ ရှိကောင်းရှိနိုင်ပါတယ်။ တရုတ်နှစ်တရာရုပ်ရှင်သမိုင်းထဲမှာတယောက်အပါအဝင်အဖြစ်စံပြုခံရတယ်။ အထင်ရှားဆုံး ဂီတပညာရှင်တစ်ယောက်အဖြစ် ထာဝရရှိရစ်သူလို့ ဂုဏ်ပြု ခံရတယ်။ CNNရဲ့ ထင်ပေါ်ကျော်ကြားမှု အရှိဆုံး ဂီတပညာရှင် တယောက်အဖြစ် 2010 မှာပဲ Michael Jackson ၊ The Beatles အဖွဲ့နဲ့ တတန်းတည်း ရွေးချယ်ပေးခြင်း ခံရတယ်။ ပြီးတော့  အာရှရဲ့ထိပ်တန်းသရုပ်ဆောင်25ယောက်ထဲက တယောက်အဖြစ် လည်း မှတ်ကျောက်ပြု ခံခဲ့ရပါတယ်။ 


  ခုလို ကမ္ဘာနဲ့ချီပြီး ထင်ရှားခဲ့တဲ့ လပ်စ်လေရဲ့ ဘဝလမ်းဟာ ဖြောင့်စင်းလွယ်ကူမယ်လို့ မှတ်ထင်ကြပါသလား။ သူ့ကိုယ်ထဲကို ရောက်သွားတဲ့ မိစ္ဆာနတ်ဆိုးဟာ ခွင့်မပြုပါဘဲ ခိုင်မြဲစွာ နှောင်အိမ်ဖွဲ့ခဲ့ပြီး တရစ်ပြီးတရစ် ထိုးသွင်း နာကျင်စေခဲ့တယ် ။ ဒါဟာ ကျနော်တို့ မြင်ရတဲ့ မှုန်သီဝေ့ဝါးနေတဲ့ နှင်းဆွတ်ရည်များနဲ့ ပြည့်ဝပ်နေတဲ့ မှန်ပြတင်းကို မြင်ရသလို ဖြစ်မယ်တူပါရဲ။ သူပါဝင်ခဲ့တဲ့ Days Of Being Wild မှာ မောင်းမငယ်သို့ နှုတ်ဆက်ခြင်းမှာ Happy Together မှာ ။ သူသွန်ချလိုတဲ့ လက်တွေ့ဘဝက ပျော်ရွှင်မှု မပျော်ရွှင်မှုတွေဟာ အဲဒီ ရုပ်ရှင်ထဲမှာ ထင်ရှားစွာ တွေ့ရတယ်။ ဒီဇာတ်ကောင်တွေထဲကို ဝင်စားနိုင်ခဲ့ဖို့ အတွက် သူ့နှလုံးသားတွေမှာ ကားအင်ဂျင်ရှေ့က ဖုန်စစ်ရတဲ့ ( Air Cleaner ) စက်တလုံးလိုမျိုး ဘယ်မျှအထိ အဲဒီသောကတွေ ၊ ဒဏ်ရာတွေကို ခါခါသွန်ချခဲ့ရမလဲ မသိ ၊ ဒဏ်ရာတွေ ၊ မိမိရဲ့တကိုယ်ရည် မပျော်ရွှင်မှုတွေကို တခမ်းတနား မွေးမြူရတာ ၊ ဒါကို အထပ်ထပ်ရစ်လွယ်ပြီး သူ့မျက်နှာနုနုကလေးပေါ်က မျက်ဝန်းအိမ်များထဲမှာ ၊ နှုတ်ခမ်းနီမတွေအသည်းစွဲကြတဲ့ နှုတ်ခမ်းကလေးပေါ်မှာ ပုံဖော်ရေးချယ်ရတာ အတိုင်းအဆမဲ့ နာကျင်ရမှာပဲ လေ။ ‌ဒါတွေကို ကျနော်တို့ ရှု့စားသူ ပရိသတ်တွေ မမြင်နိုင်။ သူ့ရဲ့ ပကတိဖြစ်အင်အတွက် ဝင်ရောက်ခံစားမပေးနိုင်။ အနုပညာနဲ့ဘဝကို အသက်မွေးဝမ်းကြောင်းပြုသူဟာ အခကြေးငွေပေးပြီး ခံစားကြတဲ့ ပရိသတ်များအလိုကျ ပီပြင်အောင် ဖျော်ဖြေပေးရမှာပဲ မဟုတ်လား။


လပ်စ်လေရဲ့ နှလုံးအိမ်တနေရာမှာ ဘယ်လိုမီးအိမ်မျိုးပဲ ထွန်းပေးပေး အမြဲမှောင်အတိကျနေတဲ့ အခန်းတခု ရှိနေခဲ့ပါတယ်။ လူလတ်တန်းစားမိသားစုကနေ မွေးဖွားကြီးပြင်းလာခဲ့တဲ့သူ့မှာ ဖက်ရှင်နဲ့ပတ်သက်ပြီး ဦးဆုံးစိတ်ဝင်စားမှုဖြစ်စေတာက သူ့ဖခင် စက်ချုပ်သမားကြီးဆီက။ ဒါပေမဲ့ ဖခင်ဖြစ်သူဆီက ဒီလို အဝတ်အစား ပုံဖော်ချုပ်လုပ်ပုံတွေကို ဝင်စားကူးစက်စေတာကလွဲလို့  သူ့အတွက်တော့ နတ်ဆိုးတောင် အရှင်သခင်ကြီးပဲ။ ‌ဒေါသကြီးပြီး အမြဲရန်လိုနေတဲ့ အသွင်ဖြစ်နေတဲ့ သူဟာ မိခင်ဖြစ်သူကိုလည်း မျက်စိရှေ့မှောက်မှာလည်း ရိုက်ပုတ်နှိပ်စက်ပုံရသလို အိမ်ထဲက ဆွေမျိုးသားချင်းတွေကလည်း အမြဲတမ်း တကျက်တကျက် ဖြစ်နေကြတယ် ။ ဒီလို ဘဝမျိုးထဲမှာ သူ့အတွက် နွေးထွေးပျူငှာတဲ့ စိတ်ခံစားမှုတွေ အစား ဒဏ်ရာတွေ ၊ ဝမ်းနည်းခြင်းတွေ တသီတတန်းနဲ့ပဲ ကြီးပြင်းရင်း ငယ်ဘဝဟာ နာကျင်မှုတွေနဲ့ပဲ ပြီးမြောက်သွားတယ်။ အဆိုးဆုံးကတော့ ဖခင်ကြီးဟာ မိခင်ကို ထားပစ်ခဲ့ပြီးတော့ နောက်အိမ်ထောင် ပြုလိုက်တာပဲ။ ခိုကိုးရာမဲ့သွားတဲ့ သူ့မှာ အဖွားဖြစ်သူနဲ့ပဲ နေထိုင်ခဲ့ရတယ်။ ဒါဟာ လပ်စ်လီရဲ့ ကျိုးပဲ့အက်ကွဲခဲ့တဲ့ ငယ်ဘဝဖြစ်တယ်။ ဒီလိုထဲမှာ ကျနော်တို့ မသိနိုင်တဲ့ နာကျင်စရာအဖြစ်အပျက်တွေလည်း တပုံကြီး ရှိနေပါဦးမယ်။ လပ်စ်လေဟာ အဲဒီ ဒဏ်ရာတွေကို ဝမ်ကွာဝေရဲ့ Days Of Being Wild မှာ ရိုက်ကူးခွင့်ရတော့ ဝင်စားသွန်ချလေသလား သူပဲ သိမှာပေါ့။ ကျနော်ဟာ ဒဏ်ရာတွေ အပြည့်နဲ့ အိပ်စက်ဖို့ မဖြစ်နိုင်တော့ပဲ ပျံသန်းနေရတဲ့ ငှက်တကောင် ။ ကျနော့်အတွက် အနားယူခွင့် ရမယ့်အချိန်ဟာ သေဆုံးသွားခါမှပဲ ဖြစ်လိမ့်မယ်တဲ့။ ဒီထဲမှာ သူက ချစ်ခြင်းမေတ္တာရဲ့ ဆန့်ကျင်ဘက် အရာတွေနဲ့ပဲ ပိုက်ထွေး ရှင်သန်နေတဲ့ ဇာတ်ကောင်လေ။ သူ့ကို စွန့်ပစ်ခဲ့တဲ့ မိခင်ကို မုန်းတီးရာကနေ ဆုံရသမျှ မိ*န်းမတွေကိုလည်း ရန်သူအမှတ်နဲ့ ဆက်ဆံတဲ့ဇာတ်ကောင်။ ခပ်ထေ့ထေ့ ဖြစ်နေတဲ့ နှုတ်ခမ်းများ ၊ ဒေါသ နာကျည်းမှုများရဲ့ နောက်မှာ မှောင်မည်းနေပြီး မိုးစက်တွေအတိပဲကျခံ ထိရိုက်နေရတဲ့ ပန်းခြောက်ကလေးကို မြင်မိကြလား။ အဲဒါဟာ သူပါပဲ။ 


လပ်စ်လေက ဒီဒဏ်ရာတွေကို သယ်ပိုးရင်းပဲ အင်္ဂလန်ကို လစ်သွားခဲ့တယ်။ အဲဒီမှာ ကျောင်းတက် ပညာသင်ရင်း သူဟာ သီချင်းဆိုဖို့ ၊ သရုပ်ဆောင်လုပ်ဖို့ ဖြစ်လာတဲ့ လူတယောက်ဆိုတာကို ရှာတွေ့သွားပုံရတယ်။ ဒီလိုမှမဟုတ်လည်း နှလုံးသားထဲက စိတ်ဒဏ်ရာတွေကို သွေးတိတ်ဖို့ရာက ဒီအနုပညာနဲ့ ကုစားခြင်းကပဲ အကောင်းဆုံးပဲလို့လည်း မြင်သိလိုက်သလား မဆိုနိုင်။ အရက်ဘားမှာ ယမကာစပ်သူ အလုပ်လုပ်ရင်း သီချင်းတွေ ဝင်ဆိုနေခဲ့တယ်။ သူ့နာမည်ကိုလည်း Gone With The Wind ထဲက ဇာတ်ဆောင်မင်းသား Leslie Howard ရဲ့ ရှေ့က နာမည်ကို ယူပြီး ပြောင်းလဲမှည့်ခေါ်စေခဲ့တယ်။


လပ်စ်လေအမည်ဟာ သူ့ရဲ့ဖြစ်တည်မှု သရုပ်သကန်ကို ဖော်ပြထားတဲ့ အဓိပ္ပါယ်လို့ သူက ဖွင့်ဟပါတယ်။ အဲဒီနာမည်က မိန်းကလေးအနေနဲ့လည်း မှည့်ရတယ် ၊ ယောက်ျားလေးအနေနဲ့လည်း မှည့်လို့ရတယ် ။ ဘာကန့်သတ်မှုမှ ရှိမနေတဲ့ အမည်မို့ ပါလို့ ပြောပါတယ်။ ဘာလို့ဒီလို ပြောရသလဲ ဆိုတော့ သူက Bisexual တယောက် ဖြစ်နေလို့ပဲ။ 


1976 မှာ ဟောင်ကောင်ကို ပြန်ခဲ့တယ်။ မကျန်းမာနေတဲ့ ဖခင်ကြီးဆန္ဒအရ အိမ်မှာပဲ မွေးချင်းမောင်နှမတွေနဲ့အတူတူရှိခဲ့ရပြီး အသက်မွေးဝမ်းကြောင်းအဖြစ် Levi's အထည်ဆိုင်မှာ အရောင်းသမား လုပ်ခဲ့ပါတယ်။ လပ်စ်လေဟာ ဒီလိုနဲ့ပဲ ဟောင်ကောင်အနုပညာရပ်ဝန်းမှာ တဖြေးဖြေးနေရာ‌ရအောင် ကြိုးပမ်းအားထုတ်ခဲ့ပြီး သရုပ်ဆောင်ဘဝရယ်လို့ မထွန်းတောက်လာခင်မှာကတည်းကတင် အဆိုတော်ဘဝနဲ့ပဲ အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။


လပ်စ်လေက သူရဲ့အစောပိုင်းကာလမှာ အနုပညာလောကထဲကပဲ ဖြစ်တဲ့ မင်းသမီးတချို့နဲ့ Date ခဲ့သေးပေမဲ့ အချစ်ရေး အဆင်မပြေပါဘူး။ သူပြောတာကတော့ ဒီအနုပညာအလုပ်အပေါ်မှာပဲ အရမ်းအာရုံစိုက်ခဲ့လို့ အချစ်ရေးတွေ က အဆင်မပြေတာပါ။ ဆိုတော့ ကျနော့် ဘဝအနေအထားက သမီးရည်းစားဘဝမျိုးထက် သူငယ်ချင်းတွေလို ဖြတ်သန်းကြတာက ပိုအဆင်ပြေမယ်ထင်ပါတယ်။  တကယ်လို့ ခုအလုပ်တွေသာ မလုပ်ဖြစ်ခဲ့ရင် မိသားစုဘဝကို ပိုင်ဆိုင်ချင်မိတယ်လို့ ဆိုပါတယ်။ 


နောက်ဆုံးမှာတော့ သူနဲ့ငယ်ဘဝကျောင်းနေဘက်ဖြစ်တဲ့ Daffy Tong Hok-tak နဲ့ပဲ လက်တွဲခဲ့ပါတယ်။ သူဟာ အဲဒီအချစ်ရေးကိုလည်း ပွင့်လင်းစွာ ဝန်ခံခဲ့တာမို့ တရုတ်အနုပညာလောကထဲမှာ ပထမဆုံး မြင်ခဲ့ရတဲ့ လိင်တူချစ်မြတ်နိုးမှုနဲ့ ပတ်သက်တဲ့ ဖြစ်အင် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သိကြတဲ့အတိုင်း ကျနော်တို့တိုင်းပြည်ဘက်တွေမှာ ခုထိတိုင်အောင် သက်တံ့ရောင်စဉ်လှိုင်းတွေနဲ့ ပတ်သက်ပြီး ဖိနှိပ်ခွဲခြားကြတာတွေဟာ ရှိနေဆဲပဲ မဟုတ်လား။ ဒီတော့ ခုလို ပွင့်လင်းစွာ ဝန်ခံလက်တွဲကြတဲ့ သူတို့အဖို့ နာမည်ကြီး အနုပညာရှင်လည်း ဖြစ်တော့ ဘယ်လောက်အထိ ရှုံချ တိုက်ခိုက်ခံခဲ့ရမလဲ။ အဲဒီ ဖိစီးမှုတွေကြောင့် သူဟာ စတိတ်မှာ ဖျော်ဖြေရခြင်းအလုပ်ကိုတောင် 89 ကနေ 94 အထိ ငါးနှစ်ကြာမျှ ကျောခိုင်းခဲ့ရပါတယ်။ 


သူဟာ စိတ်ဒဏ်ရာတွေ ရည့်မှည့်အမြစ်တွယ်လာခြင်းကို ကြံ့ကြံ့ခံရင်း ဘဝကို ဖြတ်သန်းလာခဲ့ချိန်မှာ 2003 ခုနှစ် သူ့အသက် 46 နှစ်အရောက်မှာတော့ ဒီခံစားမှုတွေကို လက်မြှောက်လိုက်ပြီ ထင်ပါတယ်။ 2003 ခုနှစ် April နွေဦး။ ဟောင်ကောင်ကျွန်းဆွယ်မှာ ဆားစ်ပ် ဗိုင်းရပ်စ်က အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ အချိန်။ စိတ်ဒဏ်ရာကိုက်ခဲမှုတွေ အလုံးစုံနဲ့အ‌တူ ဘယ်လို ငြိမ်းချမ်းမှုမျိုးမှ ရှာတွေ့ပုံ မရတော့တဲ့သူဟာ ညနေခင်း ခြောက်နာရီခွဲလောက်မှာ ရောက်နေတဲ့ ဟိုတယ် 24 ထပ် အမြင့်ကနေ ခုန်ချပစ်လိုက်ပါတော့တယ်။ 


လပ်စ်လီတယောက် လွတ်မြောက်ရာဘုံကို ကူးသွားတဲ့ သတင်းဟာ တရုတ်တပြည်လုံးကို ဂယက်ရိုက်သွားစေပြီး ဝမ်းနည်းပူဆွေးမှု  တွေ ဖြစ်ခဲ့ရတယ်။ ဟောင်ကောင်မှာ ဗိုင်းရပ်စ် ပြဿနာ ရှိနေတဲ့ တိုင်အောင် သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေက သိန်းပေါင်းများစွာ ခြံရံပြီးတော့ နောက်ဆုံး ဈာပနကို ပို့ဆောင်ပေးခဲ့ကြတယ်။


ဒီလို နာမည်ကျော် အနုပညာသည်တစ်ဦး တိမ်းပါးသွားတာဆိုတော့ သတင်းမှတ်ချက်တွေကလည်း အမျိုးမျိုးပေါ့။ သူမှာ အေ့စ်ဝေဒနာ ရှိနေလို့ ခုလို လုပ်တာ ဖြစ်တဲ့ အကြောင်း ။ တကယ်တန်းမှာတော့ အရမ်းဖိစီးလာနေခဲ့တဲ့ စိတ်ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေကို ဆရာ‌ဝန်တွေနဲ့ ကုသနေခဲ့တာကြာပြီ။ ဒါပေမဲ့ အဆင်မပြေဘဲ ပိုဆိုးလာတယ်။ 2002 ခုနှစ်တုန်းကလည်း တခါခုန်ချမယ် ကြံရွယ်သေးတယ် လို့ သိရတယ်။


လေးဆယ့်ခြောက်နှစ်သားအရွယ် မကုန်လွန်မီအထိ လူသားကမ္ဘာကြီးထဲကို တန်ဖိုးဖြတ်တန်နိုင်စွမ်း မရှိတဲ့ အနုပညာဖန်တီးမှုတွေကို စိတ်ကိုယ်အလုံးစုံ နစ်ဝင်ပြီး ထားရစ်သွားခဲ့တဲ့ သူဟာ မကွယ်လွန်မီမှာတော့ ခုလို နုတ်စ်လေး ထားရစ်ခဲ့ပါတယ်။ 


Depression! Many thanks to all my friends. Many thanks to Professor Felice Lieh-Mak (麥列菲菲) [Cheung's last psychiatrist]. This year has been so tough. I can't stand it anymore. Many thanks to Tong Tong [nickname for Cheung's boyfriend Daffy Tong]. Many thanks to my family. Many thanks to Sister Fei (沈殿霞). In my life I have done nothing bad. Why does it have to be like this?


ဒီလိုစကားတွေထဲက သူ့ညီမဖြစ်သူကို ရင်ဖွင့်ခဲ့တဲ့ စကားလေးက ဘယ်လောက် ရင်နာဖွယ်ရာအတိလဲ။ 


" ငါ့မှာ ပိုက်ဆံလည်း ရှိတယ်။လူအများကြီးကလည်း ငါကို ချစ်ကြပါတယ်။ဒါကိုတောင် ဘာလို့များ ဒီစိတ်ကျဝေဒနာကြီးက လာဖြစ်နေရတာလဲ "တဲ့။


သီချင်းကောင်းတွေ ၊ ရုပ်ရှင်အနုပညာလက်ရာကောင်းတွေ ၊ ကွန်ဆာဗေးတစ် ကမ္ဘာကြီးထဲကနေ ရှေ့ကနေပဲ မိမိတည်ရှိမှုကို အတိုက်ခိုက်ခံ ဖော်ပြခဲ့တာတွေ ။ ခုလို နှလုံးသားစိတ်အာဟာရအပေါ် ဘဝကုန်ချိန်အထိ ဖြည့်စွမ်းပေးခဲ့တဲ့ သူ့ကို ဒီလို ခံစားရတဲ့ အချိန်မှာတော့ ကျနော်တို့ ပရိသတ်တွေဟာ သူ့အတွက် ဘာတွေများ တဖန်နွေးထွေးပေးနိုင်ခဲ့ကြသလဲ။ Bisexual ဖြစ်ရမှုအတွက် ရာဇဝတ်သားသဖွယ် ခွဲခြားရှုံ့ချမှုကိုတောင် တသီတတန်းကြီး ပိုက်ထွေး ခံစားခဲ့ရတာ မဟုတ်လား။ ဒီတော့ သူလည်း ဘာသားနဲ့ ထုထားတဲ့ လူမို့လို့လဲ။


အဆုံးမတော့ လင်းကျင်းဖို့ ကြိုးစားခဲ့ပေမဲ့လည်း တဘဝစာလုံး မှောင်အတိကျနေတဲ့ အခန်းကလေးထဲကိုပဲ ပြန်သွားခဲ့လိုက်ရပြီ။ 




ဒီနေရာကလေးမှာပဲ လပ်စ်လေရဲ့ ဘဝဖြစ်တည်မှု တစိတ်တပိုင်းအကြောင်းကို ရပ်နားလိုက်ကြပါစို့။


ညီလင်းအိမ်

Friday, June 21, 2024

သခင်တင် (ခေါ်) ဝိုင်အမ်ဘီဆရာတင်

 "အချစ်ညှောင့်လေးတွယ်ခဲ့သော ဂီတအာဇာနည်

(သို့မဟုတ်)

သခင်တင် (ခေါ်) ဝိုင်အမ်ဘီဆရာတင်”




သခင်တင် (၁၈၉၄- ၁၉၅၀) သည် ဂီတစာဆို တစ်ဦး ဖြစ်ပြီး ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးတွင် အရေးပါသော တို့ဗမာအစည်းအရုံးဝင်တစ်ဦး ဖြစ်သည့်အပြင်၊ တို့ဗမာ သီချင်း နှင့် ကမ္ဘာမကျေ မြန်မာနိုင်ငံတော်သီချင်း တို့ကို ရေးစပ်သီကုံး ခဲ့သူ ဖြစ်သည်။ သူသည် ဂျပန်တော်လှန်ရေးတွင်လည်း တော်လှန်ရေး သမားတစ်ယောက် အဖြစ် ဝင်ရောက် ဆောင်ရွက်ခဲ့သည်။


ငယ်စဉ်ဘဝနှင့်  ပညာရေး


မြန်မာ သက္ကရာဇ် ၁၂၅၅ ခုနှစ် တပို့တွဲလဆန်း ၇ ရက်နေ့၊ ခရစ်သက္ကရာဇ် (၁၈၉၄)ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့၊ ရွှေဘုန်းရှိန်၊ မင်းသားစုရပ်၌ ဖွားမြင်သည်။ အဘမှာသီပေါမင်း လက်ထက် မင်းမှုထမ်းတစ်ဦး ဖြစ်သူ ဦးရန်အောင် ဖြစ်ပြီး မိခင်မှာရွှေဘုန်းရှန် မင်းသားစုရပ် ဒေါ်သိန်း ဖြစ်သည်။ မွေးချင်း သုံးယောက် အနက် မောင်တင်မှာ အလတ် ဖြစ်သည်။


မောင်တင်ခြောက်နှစ်သားအရွယ်တွင် ဘီ၊ တီ၊ အင် ခေါ် ဗုဒ္ဓသာသနနုဂ္ဂဟကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ထိုချိန်က ဘီ၊ တီ၊ အင် ကျောင်း၏ ကျောင်းအုပ် ဆရာကြီးမှာ ၁၉၁၉ ခုနှစ်တွင် ဘိလပ်သို့ မြန်မာ ကိုယ်စားလှယ် အဖြစ် သွားရောက်ခဲ့သော ဖေ၊ ပု၊ ရှိန် သုံးဦးတွင်တစ်ဦး အပါအဝင် ဖြစ်သော ဦးထွန်းရှိန်ပင် ဖြစ်သည်။ မောင်တင်သည် ငယ်စဉ်ကပင် ဂီတ ဝါသနာပါသည့် အလျောက် ကျောင်းအားချိန်များ၌ တေးကိုသာညည်း၍ အချိန်ကုန် စေတတ်သည်။ မောင်တင် ဤသို့နေသည်ကို အတန်းပိုင်က မကြိုက်၊ ပညာသင်မှု နည်းပါးမည်စိုး၍ တေးမညည်းရန် အခါမလပ် သတိပေး ဆုံးမခဲ့သည်။ မောင်တင်ကား သူ့အား မတရားချုပ်ချယ်သည်ဟု ယူဆကာ သတ္တမတန်း အောင်သည်နှင့် ကျောင်းမှ ထွက်လိုက်သည်။


မောင်တင်သည် ဖခင်ကြီး၏ တိုက်တွန်းချက်အရ ကျောင်းဆက်လက်နေခဲ့ရာ ၁၉၀၉ ခုနှစ်၊ အသက် ၁၇ နှစ်အရွယ်တွင် ကယ်လီကျောင်းမှ ဆယ်တန်း အောင်မြင်ခဲ့သည်။


ဝိုင်အမ်ဘီဆရာတင် ဘဝ


ဆယ်တန်း အောင်ပြီးနောက် အမ်ဘီတီ အလွတ် ပညာသင်ကျောင်း၌ ဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုချိန်မှစ၍ ဆရာတင်ဟု ထင်ရှားစပြုလာသည်။ ဆရာတင်သည် ကျောင်းသားများကို စာပြပြီးလျှင် လက်ဆွဲဘာဂျာတစ်လုံးဖြင့် တေးညည်းလေ့ရှိသည်။ ယင်းသို့ ဝါသနာအလျောက် အားလပ်ချိန်တွင် တေးဆို၍ ဘာဂျာဆွဲနေသည်ကို ဆရာ၏ဂုဏ်သိက္ခာဖြင့် မညီ၊ သဘင်သည်ဆန်သည်ဟု စွပ်စွဲသံများ ကြားရသဖြင့် ဆရာ့သက်တမ်း သုံးနှစ်ခန့်အပြီးတွင် ယင်း အမ်၊ ဘီ၊ တီ ကျောင်းမှ အလုပ်ထွက်လိုက်သည်။


အလုပ်မှ ထွက်ပြီးသောအခါ ဆရာတင်သည် သူ့ဝါသနာ အလျောက် တေးဆို၍ ဘာဂျာဆွဲနေခဲ့သည်။ ဘာဂျာသံကိုလည်း လေးလေးနက်နက် သုတေသနပြုခဲ့သည်။ သီချင်းကြီးများကို ဆိုတီးရင်း ကာလပေါ် သီချင်းများ စတင်ရေးစပ်ခြင်း ပြုခဲ့သည်။


၁၂၇၆ ခုနှစ်ကစ၍ သီချင်းများ ရေးစပ်ခဲ့သည်။ ယင်းအပြင် သူစပ်သော သီချင်းများကို အသံစမ်းခြင်း၊ တေးသွားသွင်းခြင်း စသည်များ ပြုခဲ့သည်။ အောင်မြင်သော သီချင်းရေးဆရာ အဖြစ်လည်း မရောက်သေး၊ စိတ်ချ ယုံကြည်ချက်လည်း မရှိသေးဖြင့် ရေးစပ်ပြီး သီချင်းများကို ဂီတနယ်ထဲသို့ မသွင်းသေးချေ။


တပည့်ဟောင်းများ၏ တိုက်တွန်းချက်များကြောင့် ဆရာတင်သည် ၁၉၁၈ ခုနှစ်ခန့်တွင် ဗုဒ္ဓဘာသာ လူငယ်များ အင်္ဂလိပ်ပညာ သင်ကျောင်း ခေါ် 'ဝိုင်၊ အမ်၊ ဘီ' အလွတ်ပညာသင်ကျောင်းကို မန္တလေးမြို့ ၈၄ လမ်းနှင့် ၃၆ လမ်းထောင့်၌ စတင် ဖွင့်လှစ်ခဲ့သည်။ ဆရာတင်၏ကျောင်း၌ မန္တလေးမြို့ပေါ်မှ သာမက ရေနံချောင်း၊ ချောက်၊ မကွေး၊ စလေ စသော ရပ်ဝေးမြို့မှ ကျောင်းသားများ လာရောက်တက်ခဲ့သည်။ ကျောင်းဖွင့်စက ကျောင်းသား ၁၀ ယောက်မျှသာ ရှိသော်လည်း သုံးလေးလကြာသောအခါ ကျောင်းသား ၅၀ ကျော်မျှဖြစ်လာခဲ့သည်။ ဆရာတင်သည် ညဘက်တွင် စာသင်၍ နေ့ဘက်တွင် သီချင်းစပ်သည်။ သူ၏ ဂီတရိပ်မြုံ စာဆိုဘုံနန်းမှာ မန္တလေးမြို့၊ မင်းသားစုရပ် နှင့် ပြည်လုံးအံ့ လှေတန်းရပ် အကြား၊ ရွှေတချောင်းမြောင်းဘောင် အနောက်ဘက်၊ သဲပုံ စေတီကြီးနှင့် မျက်နှာချင်းဆိုင် ညောင်ပင်ကြီး အောက်ရှိ ကွပ်ပျစ်လေးပင် ဖြစ်သည်။ ဆရာတင် ပထမဆုံး စပ်ဆိုသော သီချင်းမှာ အာကာသဇိုး အမည်ရှိ သီချင်းဖြစ်သည်။ ထိုသီချင်းကို မြခြေချင်း မငွေမြိုင် အား သီဆိုစေရာ အတော်ပင် လူကြိုက်များခဲ့သည်ဟု ဆိုသည်။

 ထိုအခါမှ စ၍ ဝိုင်၊ အမ်၊ ဘီ ကျောင်းကို အစွဲပြု၍ သီချင်းရေး ဆရာ 'ဝိုင်၊ အမ်၊ ဘီ ဆရာတင်' ဟု တွင်ကာ တမုဟုတ်ခြင်း ကျော်ကြား လာခဲ့သည်။ ဒုတိယ ရေးသော သီချင်းမှာ ပထမ ကမ္ဘာစစ်အောင် သီချင်း ဖြစ်သည်။ ပထမ ကမ္ဘာစစ်ပြီးဆုံး၍ စစ်အောင်ပွဲများ ကျင်းပသည်တွင် မန္တလေးမြို့ ဥပုသ်တော်ကုန်း၌ စစ်အောင်ပွဲ အထိမ်းအမှတ်ဖြင့် မငွေမြိုင် ပွဲကသော အခါ ဆိုရန် ရေးပေးထားသော သီချင်း ဖြစ်သည်။ ယင်းသီချင်း ဆိုအပြီးတွင် စစ်သားများ အားလုံး မတ်တတ်ရပ်၍ အလေးပြု ကြသည်ဟု ပြောစမှတ် ပြုခဲ့ကြသည်။


ဝိုင်၊ အမ်၊ ဘီ ဆရာတင်သည် ကျောင်းဆရာ လုပ်ရင်း ကာလပေါ် သံဆန်း သီချင်းများ ရေးသား၍ နာမည် ရလာသော အခါ ကျောင်းကပွဲများ ကျင်းပရာတွင် ဆရာတင်သည်ပင် သီချင်းများ ရေးပေးရသည်။ မြန်မာနိုင်ငံ ဦးချစ်မောင်နှင့် အလွန်ရင်းနှီးသည့် အလျောက် ယင်းအငြိမ့် အတွက် သီချင်းများကို ကူး၍ ရေးပေးခဲ့သည်။ ယင်းအငြိမ့်နှင့် အတူ ၁၉၂၅ ခုနှစ်က ရန်ကုန်သို့ လိုက်ပါဖူးသည်။ မန္တလေးမြို့၌လည်း ကိုယ်တိုင် ဦးစီး၍ ဝိုင်၊ အမ်၊ ဘီ တီးဝိုင်း အဖွဲ့ကို ဖွဲ့ပြီး စေတနာ့ ဝန်ထမ်း အဖိုးအခ မယူဘဲ ရပ်ရွာ ကိစ္စများတွင် ကူညီ တီးမှုတ် ပေးခဲ့သည်။ မန္တလေးမြို့၌ ငါးပွင့်ဆိုင် ကွန်ဖရင့်ကြီးပြီး ၁၂၈၃ ခုနှစ်တွင် ဂီတဖြင့်နိုင်ငံရေး စိတ်ဓာတ် လှုံ့ဆော်ရန် တူရိယာ အသင်းချုပ် ဖွဲ့စည်းခဲ့သည်။ နယ်ချဲ့တို့၏ အနှောင့်အယှက် သွေးခွဲမှုကြောင့် ဆရာတင် ရည်ရွယ်ချက် မအောင်မြင်ဘဲ ပျက်ပြားခဲ့သည်။ ဆရာတင်သည် မင်းသမီး ဥဩမယ်တင်၊ ဥက္ကလာ မအေးကြည်၊ တလိုင်းမလေးကျင်၊ နေရှင်နယ် ခင်ပု၊ မြသီ၊ မြရီတို့ အတွက် ဟေမန်တိင်း၊ ရွှေနွယ်ရိုး၊ ပချိုင့်ကလေး၊ သူကလေး၊ အုံ့ပုံးချစ်၊ လူ၊ အောင်တော်မူ၊ မယ့်ဖူးစာ၊ ပလုပ်တုတ်တုတ် စသော သီချင်းများကို ရေးစပ် ပေးကာ သီဆိုခဲ့သည်။


လူသား တစ်ယောက် ဖြစ်၍ ဆရာတင်သည် ငွေအသပြာ အတွက် အချစ် နှင့် သက်ဆိုင်သော သီချင်းများ ရေးစပ်ခဲ့သည်။ ရေးဖန် များလာသော အခါ သူငြီးငွေ့သွားပြီ ဖြစ်သည်။ ၁၉၂၇ ခုနှစ်တွင် နိုင်ငံခြားဖြစ် အင်္ကျီပါး ဝတ်စ ပြုလာသည်ကို သရော်သည့် အနေဖြင့် ဦးချစ်ဖွယ် သီဆိုရန် ဝံသာနု သီချင်း တပုဒ် ရေးစပ်ပေးခဲ့သည်။ ခေတ်ကို သရော်ရာတွင် ဆရာတင်သည် ထူးခြားသော အတွေးအခေါ် အယူအဆ ရှိသူ ဖြစ်သည်။ ခေတ်ပြောင်း တော်လှန်ရေးကို ထာဝစဉ် ရှေးရှုနေသော သူတစ်ယောက်လည်း ဖြစ်သည်။ ဇာတိမာန် ဆွပေးသည့် အလောင်းဘုရား ဦးအောင်ဇေယျ သီချင်းကိုလည်း တပ်လှန့်သည့် သဘောဖြင့် စပ်ဆိုခဲ့သည်။


ဝိုင်၊ အမ်၊ ဘီ တီးဝိုင်း အဖွဲ့ဝင် ဦးဘသိန်းသည့် ရုပ်ရှင်လုပ်ငန်းကို အားကျလာသဖြင့် မြန့်မာ့သွေး ဖလင် ရုပ်ရှင်ကုမ္ပဏီတစ်ခု တည်ထောင်ကာ "ဗိုလ်ဆင်တောင်" ဇာတ်ကားကို ရိုက်ကူးရန် စီစဉ်သော အခါ ဝိုင်၊အမ်၊ဘီ ဆရာတင်က ဒါရိုက်တာလုပ်၍ ကိုယ်တိုင် သီချင်းရေးသည်။ သို့ရာတွင် ဇာတ်ကား မပြီးမီ အိမ်ထောင်ရေး အဆင်မပြေသဖြင့် ရန်ကုန်သို့ ဆင်းလာခဲ့သည်။ ဦးအုံးမောင် တည်ထောင်သော လန်ဒန်အတ် ကုမ္ပဏီ အသံတိတ် ရုပ်ရှင်ကားများ အတွက် ရုပ်ရှင်တီးဝိုင်းတွင် သီဆို၍ သီချင်းများ ရေးပေးသည့် သီချင်းရေးဆရာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ယင်းနောက် မြန်မာအဆွေ နှင့် ဗြိတိသျှဘားမားရုပ်ရှင် ကုမ္ပဏီတို့မှ ဇာတ်ကားများအတွက် သီချင်းများ ရေးစပ်ရသည်။ ရုပ်ရှင် ကုမ္ပဏီများ အတွက် ဆရာတင် စပ်ဆို ပေးခဲ့သော သီချင်း အပုဒ်ပေါင်းမှာ သုံးထောင်ကျော် လေးထောင်နီးပါး ရှိခဲ့သည်။


လွတ်လပ်ရေးကြိုးပမ်းမှု


တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခြင်း


ဆရာတင် ရန်ကုန်သို့ ဒုတိယ အကြိမ် ရောက်ခဲ့ခြင်းသည် ဆရာတင် အဖို့ နိုင်ငံရေး နယ်ထဲသို့ တနည်းအားဖြင့် ခြေစုံပစ် ဝင်နိုင်ရန် ဖန်တီး သကဲ့သို့ ဖြစ်လာခဲ့သည်။ အကြောင်းမှာမူ သူ ၁၉၁၈-ခုခန့်က သိကျွမ်း ခင်မင်ခဲ့သော သခင် ဘသောင်းနှင့် ရန်ကုန်တွင် တွေ့ရသော ကြောင့်ပင် ဖြစ်သည်။ သခင် ဘသောင်းနှင့် ဆရာတင် စတင် တွေ့ဆုံရသော အချိန်မှာ မန္တလေးမြို့ ဗုဒ္ဓဘာသာ အထက်တန်းကျောင်း ကပွဲ လုပ်စဉ်က ဖြစ်ခဲ့သည်။ သခင် ဘသောင်းသည် မြန်မာပြည်တွင်း ကျွန်စိတ်ပေါက် သူမျာအား မြန်မာပြည်ကို ကျွန်တွင်းမှ နုတ်ယူရန် သခင်အမည်ကို ရှေးဦးဆုံး ခံယူ၍ တို့ဗမာ အစည်းအရုံး ဖွဲ့စည်း တည်ထောင်ရန် အကြံယူစိုင်းပြင်းနေဆဲ ပုဂ္ဂိုလ် ဖြစ်သည်။ သခင်ဘသောင်း၏ သိမ်းသွင်းမှုကြောင့် ဝိုင်၊ အမ်၊ ဘီ ဆရာတင်သည် သခင် အမည်ခံကာနိုင်ငံရေး ကြိုးပမ်းမှုများကို တဖက်တလမ်းမှ ထောက်ခံသည်ဟု ဆုံးဖြတ်ခဲ့သည်။ ထိုနောက် သခင်တင်သည် မန္တလေးမြို့သို့ ပြန်လာခဲ့သည်။ ငွေရှင်ကြေးရှင်နှင့် ဘဝတူ သီချင်းရေးဖော်ရေးဖက်များ၏ နှိမ်မှုကို နာကြည်းတပ်၍ ထည့်သွင်း စပ်ဆိုခဲ့သည်။ သခင်တင်သည် ရန်ကုန်မှ မန္တလေးမြို့သို့ ပြန်ရောက် လာပြီးနောက် သူ့ကျောင်းကို ပြန်ဖွင့်ပြန်သည်။ ရန်ကုန်သို့လည်း မကြာခဏ ဆင်း၍ ရုပ်ရှင် ကုမ္ပဏီများနှင့် ဓာတ်ပြား ကုမ္ပဏီများသို့ သီချင်းရေးပို့လေ့ရှိသည်။ သူ့ကျောင်း၌ စာသင်ရက် မမှန်တော့ဘဲ ဖြစ်ခဲ့ရာ ကျောင်းသားဦးရေ လျော့ပါးလာသည်။ ထိုကြောင့် သူ၏ ဝိုင်၊ အမ်၊ ဘီ ကျောင်းကို ဖွင့်လိုက်ပိတ်လိုက်နှင့် နောက်ဆုံး စတုတ္ထအကြိမ်တွင် လုံးဝပိတ်ကာ ရန်ကုန်သို့ အပြီးပြောင်းရွှေ့သွားခဲ့သည်။


ဝိုင်၊ အမ်၊ ဘီ သခင်တင်သည် ရန်ကုန်၌ သခင် ဘသောင်း စသည်တို့နှင့် အမြဲ တွေ့ဆုံ ဆွေးနွေးကာ နိုင်ငံရေးသီချင်းများ ရေးရန် အကြံယူလျက် ရှိသည်။ သို့ဖြင့် ယခုနိုင်ငံတော် သီချင်းအဖြစ် ရောက်ရှိလာသော တို့ဗမာ သီချင်း အကောင်အထည်ပေါ်လာခဲ့သည်။ အစပထမတွင် တို့ဗမာ သီချင်းကို 'နောင်ဥဒါန်း ဘယ်မကျေစရာ' အပိုဒ်မှစ၍ ရေးခဲ့သည်။ နောက်မှ မိတ်ဆွေများနှင့် ထပ်မံဆွေးနွေးကာ 'တကောင်း အဘိရာဇာ' အစချီ ခြေဆင်း စာပိုဒ်ကို ထပ်မံ ဖြည့်သွင်းခဲ့သည်။


တို့ဗမာ သီချင်းကို ၁၉၃၀ ပြည့်နှစ် ဇူလိုင်လ ၂၀ ရက်၊ (၁၂၉၂ ဝါဆို လပြည့်ကျော် ၁၁ ရက်) တနင်္ဂနွေနေ့ ညနေ ၅ နာရီ အချိန်တွင် ရွှေတိဂုံစေတီတော် ရာဟုထောင့် တန်ဆောင်းကြီး၌ အခမ်းအနားနှင့် သခင်တင်ကိုယ်တိုင် သီဆိုခဲ့သည်။


ထိုစဉ်က သခင်တင်မှာ ကိုယ်ပိုင်တူရိယာလည်း မရှိ၊ ငွေပေး၍လည်း မငှားနိုင်ဖြစ်နေရာ သန်းဘရားသား ကုမ္ပဏီမှ တူရိယာပစ္စည်းများကို အခမဲ့ကူညီသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဆိုင်းတီးနိုင်ခဲ့ခြင်း ဖြစ်သည်။ သီချင်းဆိုအပြီးတွင် ရွှေတောင်တန်းသူဌေး ဦးဘိုးညှင်းနှင့် ဇနီး ဒေါ်မြတင်တို့က လက်ဖက်ရည် မုန့်တို့ဖြင့် ဧည့်ခံလိုက်သေးသည်ဟု ဆိုသည်။


အစပထမ လူထုရှေ့မှောက်သို့ တင်ပြရန် ၁၉၃၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ညဘက်တွင် သထုံဆောင် သဟာယနှင့် စာဖတ်ခန်း၌ တို့ဗမာ သီချင်းကို ပထမဆုံး သီဆို ပြခဲ့ကြသည်။ သီချင်းပါ စကားလုံးများကို သခင်ဘသောင်း၊ သခင်သိန်းမောင်၊ သခင်လှဘော်၊ သခင်အုန်းဖေ၊ သခင်ကျော်စိန်ထွန်း၊ သခင်သာဒိုး၊ သခင်ဖိုးနီစသော သခင်များက စုပေါင်းရှာဖွေပေးခဲ့သည်။


၁၉၃၆ ခုနှစ် ဇူလိုင်လတွင် မြင်းခြံမြို့၌ ကျင်းပသော တို့ဗမာ အစည်းအရုံး၏ ဒုတိယအကြိမ် ညီလာခံတွင် အမျိုးသား သီချင်းအဖြစ် ထပ်မံ ဆုံးဖြတ်ချက် ချခဲ့ကြသည်။ ဝိုင်၊ အမ်၊ ဘီ သခင်တင်သည် နိုင်ငံတော် သီချင်းအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသော တို့ဗမာ သီချင်းသာ မကာ အခြား နိုင်ငံရေး သီချင်းများကိုလည်း စပ်ဆိုခဲ့သေးသည်။ စစ်ကြိုခေတ်တွင် အမျိုးသားရေးနှင့် စပ်လျဉ်းသော တေးသီချင်းများကို အရေးသားနိုင်ခဲ့ဆုံး ဂီတစာဆို ပုဂ္ဂိုလ်လည်း ဖြစ်သည်။


ဖက်ဆစ် တော်လှန်ရေ


ဂျပန်တော်လှန်ရေးတွင်လည်း မြေအောက် ဂျပန်ဆန့်ကျင်ရေး အဖွဲ့နှင့် ဆက်သွယ်ကာ တော်လှန်ရေး သမားတစ်ယောက် အဖြစ် ဝင်ရောက် ဆောင်ရွက်ခဲ့သည်။

စစ်ကြီးပြီးသော အခါ ဆရာတင်သည် ပြဇာတ် အဖွဲ့များ အတွက် သီချင်းများကို စတင်ရေးခဲ့သည်။ မိတ်ဆွေဟောင်း ရန်နိုင်စိန် ဦးစီးသော ပြဇာတ် မန္တလေးသို့ ရောက်လာသော အခါ သီချင်းများ ရေးပေးပြီး ကိုယ်တိုင်လည်း သရုပ်ဆောင် အဖြစ် ပါဝင်ခဲ့သည်။ ထို့နောက် ရန်ကုန်သို့ ဆင်းကာ ဂီတ အနုပညာ နယ်အတွင်း လှည့်လည် ကျက်စားနေခဲ့သည်။


လွတ်လပ်ရေးရပြီးခေတ်


သခင်တင်သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် နေ့တွင် မြင်းခြံမြို့၌ ကျင်းပသော လွတ်လပ်ရေးအထိမ်းအမှတ် အောင်ပွဲဝင်အခမ်းအနားတွင် 'နိုးနိုးနာ' ပြဇာတ်နှင့် 'နှစ်ကိုယ့်တစ်စိတ်' အော်ပရာတို့ကို ကိုယ်တိုင် သရုပ်ဆောင်ကပြခဲ့သည်။ အခွင့်အရေးယူသည့် နိုင်ငံရေးသမားများအား သရော်လှောင်ပြောင် ထားသည့် ဇာတ်လမ်းဖြစ်သည်။ ခေတ်ကာလကို သရော်ထားသော ဇာတ်လမ်း ဟုလည်း ဆိုနိုင်သည်။ မြင်းခြံတခွင် ဂီတပညာဖြင့် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ပြီးနောက် ပုတီးစိပ်ဂိုဏ်းသို့ဝင်ကာ နဝင်္ဂ သီလ ဆောက်တည်ခြင်းဖြင့် လောကုတ္တရာ အကျိုးကို ကျင့်ကြံ အားထုတ်ခဲ့သည်။


ဆရာတင်၏မိသားစု


ဒေါ်သီတာ ဆိုသူ မိုးကုတ်သူဖြင့် အိမ်ထောင်ကျပြီး သားသမီးမထွန်းကားခဲ့ပေ။ ဝိုင်၊ အမ်၊ ဘီ သခင်တင်သည် အရပ်ပုသည်။ အသားညိုသည်။ ပါးစပ်ပြဲ၍ မျက်လုံး အရောင်တောက်သည်။ အသံမြည်၍ စူးရှသည်။ အဆိုပိုင်၍ မှင်နှင့်မောင်းနှင့် ဟန်ကောင်းသည်။ စကားပြောရာတွင် စိတ်ရောကိုယ်ပါ ပြောတတ်၍ နားထောင်ကောင်းသည်။ လက်ရေးလက်သားလှသည်။ မြန်သည်။ အင်္ဂလိပ် စကားပြောကောင်းသည်ဟု ဆိုသည်။ စာရေးရာတွင် မင်နက်ကို သုံးလေ့ မရှိ၊ ရဲရင့်သည် ဟူသော အနက်ကို ဆောင်သောမင်နီကို သုံးသည်။ အချို့က လူ့ကန့်လန့်ကြီးဟု ခေါ်ဆိုကြသည်။


ဘဝနိဂုံ


ဘက်စုံ နယ်စုံ ပညာရှင်ကြီး ဝိုင်အမ်ဘီ သခင်တင်သည် တီဘီ ရောဂါဖြင့် မြန်မာ သက္ကရာဇ် ၁၃၁၂ ခု၊ ဒုတိယ ဝါဆိုလပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၁၉၅၀ ဩဂုတ် ၈ ရက်) နေ့ အသက် ၅၇ နှစ် အရွယ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။


ဂုဏ်ပြုမှုခံရခြင်း


မကွယ်လွန်မီ (၁၉၅၀)ပြည့်နှစ် မြန်မာ့ လွတ်လပ်ရေး ဒုတိယ နှစ်ပတ်လည် (၁၉၅၀ပြည့် ဇန်နဝါရီ ၄ရက်) နေ့တွင် သခင်တင်အား နိုင်ငံတော် အစိုးရက "ဝဏ္ဏကျော်ထင်ဘွဲ့" ပေးအပ်ချီးမြင့်ခဲ့သည်။

Friday, April 26, 2024

မေရီမြင့် (၁၉၂၉- ၁၉၅၇) 👼👑

 



မေရီမြင့်သည် တစ်ခါက မြန်မာ့ရုပ်ရှင်​လောကတွင် ထင်ရှား​​​​သော ဂန္ထဝင်ရုပ်ရှင်သရုပ်​ဆောင် တစ်ဦး ဖြစ်ခဲ့သည်။ ပြဇာတ် ၃၀ နှင့် ရုပ်ရှင် ၄၇ ကားတွင် သရုပ်ဆောင်ခဲ့သည်။ သူမသည် ၁၉၅၀ ခုနှစ်များဝန်းကျင်တွင်ကျော်ကြားခဲ့သည်။ (ဒေါ်)တင်တင်မူ သီဆိုသည့် နာမည်ကြီး 'ရွှေလည်တိုင်' သီချင်း၏ မူရင်းသီဆိုခဲ့သူလည်း ဖြစ်သည်။ ကမ္ဘာတစ်ပတ် လည်ပတ်ခဲ့ပြီး ဟောလိဝုဒ်ကို ရောက်ဖူးသည်။ ယုဝတီကလောင်ရှင်များ အဖွဲ့ဝင်ဖြစ်ကာ ဝတ္ထုတို၊ ဝတ္ထုရှည်များရေးသားခဲ့သည်။ ကိုယ်တိုင်ရေး ဝတ္ထုရှည်ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်တစ်ကား ရိုက်ကူးဖူးသည်။ ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ 'ဒေါက်တာအောင်ကျော်ဦး' (၁၉၅၇) (တွဲဖက် သရုပ်ဆောင် မောင်မောင်တာ၊ မေသစ်) တို့ကို ရိုက်ကူးခဲ့သည်။ 'ဒေါက်တာအောင်ကျော်ဦး' ကားသည် ၁၉၅၇ ခုနှစ် အတွက် အမျိုးသမီး ဇာတ်ပို့ ထူးချွန်ဆုကို မေရီမြင့် ရရှိလိမ့်မည်ဟု ရွှေဒုံးဘီအောင်နှင့် တွေ့ဆုံ ဆွေးနွေးခန်း မြန်မာ့အသံ အင်တာဗျူးတွင် ဒါရိုက်တာ ရွှေဒုံးဘီအောင် ပြောကြားချက်ကို မှတ်သားရပေသည်။


မွေးဖွား

မသိန်းရှင်(ခ)အဲစန်

၅ မတ်၊ ၁၉၂၉

နမ့်ခမ်းမြို့၊ ရှမ်းပြည်နယ်၊ ဗြိတိသျှဘားမား


ကွယ်လွန်

၆ မေ၊ ၁၉၅၇ (အသက် ၂၈)

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ


အလုပ်အကိုင်

ရုပ်ရှင်မင်းသမီး၊ပြဇာတ်မင်းသမီး၊ အဆို​တော်၊စာ​ရေးဆရာ


ကျော်ကြားမှုအရင်းခံ

ဖာတလုံးခေါင်းကျား ဒေါက်တာအောင်ကျော်ဦး (၁၉၅၇)


အိမ်ထောင်ဖက်(များ)

ဗိုလ်မင်းဦး(ခ)ကိုလှကြည်


မိဘ(များ)

ဦးစိုင်းလုံခမ်းဟိန် + ​ဒေါ်နန်းဆွယ်ခက်ခမ်း


ရရှိသည့်ဆုများ

ရှန်ဟဲမယ်(၁၉၄၇)


#ငယ်စဉ်ဘဝ



အဖ ဦးစိုင်းလုံခမ်းဟိန်၊ အမိ ဒေါ်နန်းဆွယ်ခက်ခမ်းတို့မှ ၁၉၂၉ ခု၊ မတ်လ ၅ ရက်၌ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် မွေးသည်။ မွေးချင်း ၃ ယောက်အနက် အထွေးဆုံးဖြစ်သည်။ နန်းရွှေဝင်းနှင့် စိုင်းအိုက်ထွန်း ဟူသော အစ်ကိုအစ်မများ ရှိသည်။ ငယ်အမည် မသိန်းရှင်၊ ရှမ်းအမည် အဲစန် ဖြစ်သည်။

ကုန်သည်မိဘများက နမ္မတူမြို့ကို ပြောင်းရွှေ့အခြေစိုက်သောအခါ တစ်ရပ်ကွက်တည်းနေ မခင်ဖုန်းတင့် (နောင် ယုဝတီဂျင်းဖောမယ်) နှင့် ရင်းနှီးကာ စာပေဘက် လိုက်စားလာသည်။


ဆရာမြို့၏ တိုင်းရင်းမြန်မာအလယ်တန်းကျောင်းတွင် တက်ကာ အင်္ဂလိပ်စာကို သူငယ်တန်းမှ အခြေခံရခဲ့သည်။ သတ္တမတန်းအထိ ကျောင်းတစ်ဖက်ဖြင့် ကျောင်းကပွဲ၊ ရပ်ရွာကပွဲများတွင် ကပြလေ့ရှိသည်။ မိဘများကလည်း အားပေးသည်။

၁၉၄၃ ခု၊ စစ်ဖြစ်လာသောအခါ နမ္မတူမှ ၁၄ မိုင်အကွာ မန်ဆန်ရွာသို့ စစ်ပြေးကြသည်။ မေရီမြင့်အဒေါ် ဒေါ်ခွန်နန်းနွယ်၏ ခင်ပွန်းမှာ နမ္မတူသတ္တုတွင်းမန်နေဂျာ အေဘား ဂျက် ဆိုသော နိုင်ငံခြားသားဖြစ်သည်။ ၁၉၄၅ ခုတွင် အဒေါ် ဒေါ်ခွန်နန်းနွယ်နှင့် တရုတ်နိုင်ငံ၊ ရှန်ဟဲမြို့သို့ သွားနေသည်။


#ရှန်ဟဲမယ် မေရီမြင့်




ရှန်ဟဲတွင် မိတ်ကပ်၊ ဆံပင်ပြုပြင်ရေးသင်တန်း တက်သည်။ ကိုရီးယားများ တည်ထောင်ထားသော အနောက်တိုင်း အဆိုအကသင်တန်းကောလိပ်လည်း တက်ရောက်ရာ ကျောင်းဆင်းဒီပလိုမာလက်မှတ် ရခဲ့သည်။

ကိုရီးယားဆရာမ၏ တိုက်တွန်းချက်ကြောင့် ၁၉၄၇ ခုနှစ်၊ ရှန်ဟဲအလှမယ်ပြိုင်ပွဲ ဝင်ရာ အလှမယ်ဘွဲ့ ရသည်။ ရှန်ဟဲ၌ ၁၉၄၉ ခုအထိ နေထိုင်ခဲ့သည်။


#အနုပညာလောကအစ




ရှန်ဟဲမှ နမ္မတူသို့ ပြန်ရောက်သော် အနုပညာလောကသို့ ဝင်ရန် ရန်ကုန်သို့ ဆင်းလာသည်။ ရန်ကုန်တွင် အစ်မနှယ်ခင်သည့် ဒေါ်ခင်ဘုန်းတင့်အိမ်တွင် တည်းရင်း အေဝမ်းရုပ်ရှင်ကုမ္ပဏီသို့ မင်းသမီး လျှောက်သည်။ မြန်မာစကားပြော အသံဝဲရာ အသံထွက်ကားအတွက် လက်မခံခဲ့ပေ။


#ပြဇာတ်မင်းသမီး မေရီမြင့်


ဆရာ ရွှေဒုံးဘီအောင် မှတဆင့် ဝင်းဝင်းပြဇာတ်ရုံလောကနှင့် ဆက်မိသည်။ သစ္စာပန်းနှစ်ခိုင် ပြဇာတ်တွင် ရှန်ဟဲမယ်မေဝမ်း အမည်ဖြင့် သရုပ်ဆောင်ခဲ့သည်။ ယင်းပြဇာတ်တွင် တက္ကသိုလ်မျိုးချစ်က ရေတပ်ဗိုလ်၊ ခင်အုန်းမြင့်က အိန္ဒိယသူအဖြစ် သရုပ်ဆောင်ပြီး ရှန်ဟဲမယ်မေဝမ်းက တရုတ်မလေးအဖြစ် ပါဝင်သည်။


၎င်းနောက် ရှန်ဟဲမယ် ခင်စန်းမြင့်၊ ရွှေဒုံးဘီအောင် ရွေးပေးသည့် မေရီမြင့် စသဖြင့် အမည် ပြောင်းသုံးသည်။ အေဝမ်းမင်းသမီး မေမြင့် နှင့် ရုပ်ဆင်သည့်အတွက် ရှန်ဟဲမယ်မေရီမြင့် သာ အတည်ဖြစ်လာသည်။ ပြဇာတ်ပေါင်း ၃၀ ကပြခဲ့သည်။ စကားဝဲသည်ကို အပြင်းအထန်လေ့ကျင့်၍ မြန်မာလို ပီပီသသပြောနိုင်လာသည်။ အလင်္ကာကျော်စွာ ရွှေပြည်အေး ရေးစပ်သည့် 'ရွှေလည်တိုင်' သီချင်းမှာ အောင်သပြေရုပ်ရှင်မှ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ဒါရိုက်တာ၊ ကိုယ်တိုင်သရုပ်ဆောင်လုပ်ခဲ့တဲ့ 'ပင်မြင့်မာလာ' ဇာတ်ကားတွင် မေရီမြင့်ကိုယ်တိုင် သီဆိုခဲ့ခြင်း ဖြစ်သည်။ ကြည်ကြည်ဌေး သီဆိုခဲ့ဖူးပြီး ဝင်းဦး၏ 'မုန်းမေ့ပါနိုင်' ဇာတ်ကားတွင် တင်တင်မူ နောက်ဆုံးသီဆို ဓာတ်ပြားသွင်းခဲ့သည်။


#ကပြခဲ့သော ပြဇာတ်များ



1. သစ္စာပန်းနှစ်ခိုင် ၁၉၄၉ ရွှေဒုံး ဘီအောင် တက္ကသိုလ်မျိုးချစ်၊ ခင်အုန်းမြင့်၊ ရှန်ဟဲမယ် မေဝမ်း ဝင်းဝင်း ရုံ 

2. ဝမ်းနဲ့မလွယ် သားမမယ် 

3. တီးတီးတို့ ဦးဘဇင် ဝင်းဝင်း ရုံ 

4. မိန်းမလိမ္မာ ရွှေဒုံး ဘီအောင် ကာဌေး ရုံ 

5. အသွင်မတူ ရွှေဒုံး ဘီအောင် ကာဌေး ရုံ 

6. ချစ်ကြွေး ရန်ကုန် ဘဆွေ 

7. မုန်းရခက်တယ် ဒဂုန် ဆရာတင် ဝင်းဝင်း ရုံ 

8. ချစ်နိုင်ငံ ဦးသုခ 


#ရိုက်ကူးခဲ့သော ဇာတ်ကားများ


ပြဇာတ်လောကမှ ရုပ်ရှင်လောကကို တက်လှမ်းခဲ့ရာတွင်လည်း အောင်မြင်မှုရရှိခဲ့သည်။ ၁၉၅၁ မှ ၁၉၅၇ ခုနှစ်အတွင်း ရုပ်ရှင်ကား ၄၇ ကားရိုက်ကူးခဲ့ရသည်။


ကျိုက်ထီးရိုးသမိုင်း မျိုးအောင် တက်နေဝင်း ရုပ်ရှင် 


ရွှေနန်းကျင် မျိုးအောင် တက်နေဝင်း ရုပ်ရှင် 


လူရမ်းကား အေးမြင့် 


မဲဇာတောင်ခြေ ခင်မောင်ညွန့် 


ဖာတလုံးခေါင်းကျား ရွှေညာမောင် 

ဆည်တော်သခင်မ ဦးဘဇင် 


ဥမ္မာဒန္ဓီ


ကျားဗဟိန်း ဦးတင်ညွန့် 


မိုက်ဧကရီ ဦးမြမောင် 


ချစ်သံသရာ 


မိမွေဘမွေ မောင်လှတင် (ဒဂုန် ဆရာတင်-ဇာတ်ညွန်း) ဇေယျ၊ မျိုးချစ်၊ မြင့်မြင့်ဌေး၊ မေရီမြင့် 


ချမ်းမြေ့ရိပ်မြုံ 


နှစ်ဖက်ချွန် တက္ကသိုလ် ဝင်းဖေ ရွှေဘ၊ ကျော်ဖေ၊ မေရီမြင့် 


၅၂၈ ဦးညီပု မြင့်အောင်၊ ကြည်ကြည်ဌေး၊ ဘသစ်၊ ဘချစ်၊ မေရီမြင့် မရိုးဆန်း ဖလင် 

ဒေါက်တာ အောင်ကျော်ဦး ၁၉၅၇ ရွှေဒုံး ဘီအောင် မောင်မောင်တာ၊ မေသစ်၊ မေရီမြင့် ဗြိတိသျှဘားမား ရုပ်ရှင် 


ပင်မြင့်မာလာ မေရီမြင့် အောင်သပြေ ရုပ်ရှင် 


ဆူးနဲ့မာလာ 


လူ တင်ညွန့်၊ မေမြင့်၊ မေရီမြင့်၊ အေးငွေကြီး၊ ညွန့်မောင်ကြီး၊ စန်းဟံကြီး၊ ဦးကျော်သောင်း 


မုန်းပါနဲ့ မေရယ် 


ဗိုလ်တကာ့ ဘုရင် 


ဘွေသီဟာ 


ချစ်ရိပ်သာ 


မေ

(ဇာတ်ကားအမည်၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ဇာတ်ညွန်း၊ ထုတ်လုပ်သူကို ပေါင်းရေးထားသည်)

 

#ရီမြင့်၏ ဖြေရှင်းချက်


နာမည်တက်လာရာ ကောလဟာလများ ထွက်ပေါ်လာ၍ ဗမာ့ခေတ်သတင်းစာ၌ အောက်ပါအတိုင်း ရှင်းချက်ထုတ်ခဲ့ကြောင်း တွေ့ရသည်။[၁] လွန်ခဲ့သည့် (၆)လ၊ (၇)လ အချိန်မှစ၍ ယခုအချိန်အထိ ကျွန်မအပေါ်တွင် မလိုမုန်းထားရှိသူအချို့က မဟုတ်မမှန်သတင်းများကို လွှင့်ခဲ့သည်။ ထိုသတင်းမှာ ငွေသုံးထောင်ကို လက်ခံပြီး ဝတ်လစ်စလစ် ရုပ်သေရုပ်ရှင်ကားများ အရိုက်ခံသည်ဟု မမှန်သတင်း လွှင့်ခဲ့ကြရာ ၎င်းမမှန်သတင်းကြောင့် ကျွန်မ မေရီမြင့်တွင် ပေါင်းသင်းဆက်ဆံရေးနှင့် ဂုဏ်သရေထိခိုက်နေပါသဖြင့် အဆိုပါဝတ်လစ်စလစ်နှင့် ရုပ်ရှင်အရိုက်ခံခြင်းကို ခိုင်လုံစွာဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ သက်သေအထောက်အထားနှင့် ပြနိုင်သူအား ကျွန်မ မေရီမြင့်က ဆုငွေ (၃၀၀)ကျပ်တိတိကို အချိန်မရွေး ချီးမြှင့်မည်ဖြစ်ပါကြောင်း ဤသတင်းစာမှ ကြေညာအပ်သည်။


#ဒဂုန်ခင်ခင်လေး ကျေးဇူး




နမ္မတူမြို့တွင် ဆရာမလုပ်ခဲ့ဖူးသော စောမုံညင်းနှင့် ခင်မင်ရာမှ စာရေးခြင်းကို တတ်မြောက်ခဲ့သည်။ ရန်ကုန်မြို့တွင် ဝမ်းကွဲညီမ နန်းခမ်းဖုန်းနှင့်အတူ အိမ်ငှားနေထိုင်ရင်း ဝတ္ထုတိုများရေးခဲ့သည်။ စောရှင်မွန် ကလောင်အမည်ကို ယူ၍ ရှမ်းဌာနီက ချယ်ရီတစ်ပွင့်၊ မျှော်လျက်မျှော်ဆဲ၊ ကြွေလွင့်ချယ်ရီ၊ မန်းရွှေနွယ်ဝေရီ စသည့် ဝတ္ထုတိုများကို ဒဂုန်ခင်ခင်လေး ထုတ်ဝေသော ယုဝတီဂျာနယ်သို့ ပို့သည်။ ဝတ္ထုရှည် ပင်မြင့်မာလာ ကို ရေးခဲ့ပြီး ကိုယ်တိုင်ဒါရိုက်တာလုပ်၍ မင်းသား ဇေယျ၊ ရွှေကို တို့နှင့် ရိုက်ကူးခဲ့သည်။


ယုဝတီကလောင်ရှင်အသင်းဝင် မေရီမြင့်ကို ဆရာမကြီး ဒဂုန်ခင်ခင်လေးက မြို့ထဲတွင် တိုက်ခန်းငှားနေသည်ကို စိုးရိမ်ပူပန်သည့်အတွက် သူမ၏ ဗမာ့ခေတ်သတင်းစာတိုက်ကြီးပေါ်တွင် သီးသန့်အခန်းပေး၍ စောင့်ရှောက်ထားသည်။ စာရေးရာတွင်လည်း စိတ်ရွှင်လန်းအောင်ထားခဲ့သည်။ အသက်ငယ်ငယ်နှင့် သရုပ်ဆောင်ကြေးအများအပြားရရှိနေသော မေရီမြင့်တို့ညီအစ်မကို ဒဂုန်ခင်ခင်လေးက ငွေစုခိုင်း၍ ကြည့်မြင်တိုင်နှင် ဗဟန်း ဝင်ဒါမီယာလမ်းပေါ်တွင် မြေတစ်ကွက်စီ ဝယ်ယူစေသည်။ မေရီမြင့်သည် ကနဦးသရုပ်ဆောင်ကြေး ၃၀၀၀ သာရသော်လည်း နောင်အခါ ၁၅၀၀၀ အထိ ရလာသည်။ ကြည်ကြည်ဌေး၊ မေသစ်၊ မြင့်မြင့်ခင် တို့၏ အနုပညာကြေးမျိုးအထိ ရရှိလာသည်။ ၁၉၆၀ ဝန်းကျင်က ထိပ်တန်းမင်းသား၊ မင်းသမီးတို့၏ သရုပ်ဆောင်ကြေးသည် ၂၀၀၀၀ သာ ဖြစ်သည်။ မင်းသမီးဖြစ်၍ သရုပ်ဆောင်ကြေးလျော့ရသည်ဟူ၍ မရှိပေ။


#ကမ္ဘာတစ်ပတ်ခရီး


၁၉၅၄ နှစ်ဦးတွင် ဗမာ့ခေတ် ဦးအုန်းခင်၊ ဒဂုန်ခင်ခင်လေးတို့နှင့်အတူ ဥရောပခရီးစဉ်ထွက်ခဲ့သည်။ လန်ဒန်မှ ကွင်းမေရီ သင်္ဘောဖြင့် အမေရိကန်နိုင်ငံသို့ သွားသည်။ ဟောလိဝုဒ်ကို လေ့လာသည်။ ဒါရိုက်တာပညာရပ်ကိုလည်း လေ့လာသည်။ ဟောလိဝုဒ်မင်းသမီးဖြစ်ရန် ရည်မှန်းချက် ထားခဲ့သည်။

အပြန်ခရီး ၁၉၅၄ ခု၊ နိုဝင်ဘာတွင် ဂျပန်မှ အာရှနိုင်ငံများကိုလည်း ဝင်ခဲ့သည်။ ၆-လ ကြာ ခရီးစဉ်တွင် အီတလီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ဆွီဒင်၊ လန်ဒန် ဟူသော ဥရောပနိုင်ငံများ၊ နယူးယောက်၊ ဆန်ဖရန်စ္စကို၊ ဟိုနိုလူလူ ကဲ့သို့ အမေရိကားရှိ မြို့နှင့် တိုကျို၊ ဟောင်ကောင်၊ ဘန်ကောက် သို့သော အာရှမြို့ကြီးများသို့ ရောက်သည်။


မိမိ၏စုဆောင်းငွေဖြင့် ကမ္ဘာတစ်ပတ် ခရီးထွက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတစ်ပတ်ခရီးစဉ်ကို စာအုပ်ရေးရန် ရည်ရွယ်ခဲ့သော်လည်း အကောင်အထည် မဖော်နိုင်ခဲ့ပေ။


#အချစ်ရေး



၁၉၄၉ ခု သစ္စာပန်းနှစ်ခိုင် ပြဇာတ်ကစဉ် ပရိသတ်ဖြစ်သူ ဗိုလ်ကြီးမြလှိုင်နှင့် တွေ့ဆုံခဲ့ပြီး ရည်းစားအဖြစ်ရောက်ရှိခဲ့သည်။


ဗိုလ်ကြီးမြလှိုင်နှင့် မေတ္တာဇာတ်လမ်းဆုံးပြီး ၁၉၅၁ ခု ပြဇာတ်လောကသို့ဝင်လာသော မင်းသားခင်မောင်ကြည်နှင့် မေတ္တာမျှသည်။ သို့သော် ကိုခင်မောင်ကြည်သည် သက်ဆိုးမရှည်ခဲ့ပေ။ မေရီမြင့်အဖို့ လောကဓံတရားကို ပထမဆုံးရင်ဆိုင်ရခြင်းဖြစ်သည်။


၁၉၅၃ ခုတွင် ဝင်းဝင်းပြဇာတ်ရုံတွင် ပွဲကြည့်ပရိသတ် ဗိုလ်ကြီးမင်းဦးနှင့် သိကျွမ်းခဲ့ရပြီး ချစ်သူဘဝ ရောက်ခဲ့ကြသည်။ ဗိုလ်ကြီးမင်းဦးသည် တပ်မတော်ရေ(ပုသိမ်) တွင် တာဝန်ထမ်းဆောင်နေသည်။ ၁၉၅၅ ခု၊ ဧပြီလ ၂၃ ရက်တွင် လက်ထပ်ပြီး စမ်းချောင်းမြို့နယ် ရွှေလဝင်းလမ်းသို့ ပြောင်းနေကြသည်။


#ဘဝနောက်ဆုံးအချိန်



အိမ်ထောင်သက် ၂ နှစ်အကြာတွင် နေရာလွဲ သန္ဓေတည်ရောဂါ (သားဥပြွန်တွင် သန္ဓေတည်ခြင်း) ကို ခံစားရပြီး ၁၉၅၇ ခု၊ ဧပြီလ ၂၅ ရက်တွင် စံပြ သားဖွားခန်းသို့ တက်ရောက်ကာ ခွဲစိပ်ကု ခံခဲ့ရသည်။ သက်သာဟန်ပြလာ၍ ဆေးရုံမှဆင်းဟန်ပြန်စဉ် ၁၉၅၇ ခု၊ မေလ ၆ ရက်တွင် မွန်းလွဲ၌ အမောဖောက်ပြီး ညနေ ၃ နာရီခွဲတွင် အဆုတ်ရောင်ရောဂါနှင့် ကွယ်လွန်သည်။


ကွယ်လွန်ကြောင်းကို မြန်မာ့အလင်းသတင်းစာက အောက်ပါအတိုင်း ဖော်ပြခဲ့သည်။ 


ရုပ်ရှင်မင်းသမီး မေရီမြင့် ကွယ်လွန်သွားရပုံ

သားအိမ်တွင်သန္ဓေမတည်ဘဲ အူတွင် ထူးဆန်းစွာသန္ဓေတည်သဖြင့် ဧပြီလ၊ (၂၅) ရက်နေ့က စံပြသားဖွားခန်းသို့ တက်ရောက်ပြီး ဒေါက်တာကြည်ပေါနှင့် ခွဲစိပ်ကုသခဲ့သော နာမည်ကျော် ရုပ်ရှင်မင်းသမီး မေရီမြင့်သည် မေလ၊ (၆)ရက်နေ့၊ ညနေ(၃)နာရီခွဲ အချိန်က ကွယ်လွန် အနိစ္စ ရောက်သွားရှာပြီ ဖြစ်ကြောင်း။


မေရီမြင့်သည် စံပြသားဖွားခန်းတွင် ကုသနေခဲ့ရာမှ သက်သာလာပြီး လူတွဲ၍ လမ်းပင် အနည်းငယ် လျှောက်နိုင်ပြီဖြစ်ရာ ဧပြီလ (၂၇) ရက်နေ့၌ ဆေးရုံမှ ဆင်းသက်နိုင်ရန် ဖြစ်သည်ဆိုကြောင်း။ သို့ရာတွင်မေလ၊ (၆)ရက်နေ့၊ နံနက် (၁၀) နာရီ အချိန်အထိ အခြေအနေ ကောင်းမွန်လျက် ရှိနေခဲ့သော်လည်း မွန်းလွဲပိုင်းလောက်၌ နမိုးနီးယား အဖျားဝင်လာခဲ့သဖြင့် အမောဖောက်၍ လာခဲ့ပြီး ညနေ (၃) နာရီခွဲလောက်တွင် ဘဝတစ်ပါးသို့ ပြောင်းသွားတော့ကြောင်း။ မေရီမြင့်၏ ရုပ်ကလာပ်ကို ရေတပ်မတော်၏ ကားဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လျက် ရေခဲတိုက်တွင် ထားရှိပြီး မပုပ်မသိုးရန် ဆေးထိုးထားကြောင်း။


ရုပ်ရှင်ပြဇာတ် အစည်းအရုံးမှ မေရီမြင့်၏ ရုပ်ကလာပ်ကို မေလ (၇) ရက်နေ့ နံနက်တွင် ဆေးရုံကြီးမှ ထုတ်ဆောင်လျက် ရန်ကုန်၊ သရက်တော ကျောင်းတိုက် အုတ်လှေကားကျောင်းတွင် နိုင်ငံတော် ရုပ်ရှင်နှင့် ပြဇာတ် အစည်းအရုံးမှ အလောင်းကို ပြင်ဆင်ထားရှိပြီး မေလ၊ (၈) ရက်နေ့တွင် ကြံတော သုသာန်သို့ သင်္ဂြိုဟ်ရန် ပို့ဆောင်မည်ဟု သိရကြောင်း။

ပဒေသာဖလင်မှ ဒါရိုက်တာဉာဏ၏ မာယာကြာခြည် ဇာတ်ကားကို ရိုက်ဆဲဖြစ်သည်။

ဒေါက်တာအောင်ကျော်ဦး ရုပ်ရှင်ဇာတ်ကားကြီး ပြသရန် ၄ ရက်အလိုတွင် ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၂၈ နှစ်သာ ရှိသေးသည်။ [၃]


အကိုးအကား


↑ "ဗမာ့ခေတ် သတင်းစာ"။ ၁၉၅၃၊ မေ ၂၈။

↑ "မြန်မာ့အလင်း သတင်းစာ"။ ၁၉၅၇၊ မေ ၇။

↑ မိုးမြင့်ဝင်း (အနုပညာဒီပလိုမာ) ၏ ရှမ်းပြည်ကရွှေမင်းသမီးကလေး ရှန်ဟဲမယ် မေရီမြင့် The First Music and News Journal, no.391, 1st July 2014, page 24


(Wikipedia) 


*** ဆိုင်း၊ အငြိမ့်၊ သီချင်းနှင့်ဟာသများ စာမျက်နှာမှကူးယူဖော်ပြသည်။

Wednesday, January 10, 2024

“ငယ်ကြိုက်”

“ငယ်ကြိုက်” - မာမာအေး ရေးသည်။



(ဦးဝင်းဦး အမှတ်တရ)

‌ ကျွန်မငယ်ငယ်မြီးကောင်ပေါက်စ အရွယ်တုန်းက အသံလွှင့်တဲ့အခါ မြန်မာ့အသံကနေ တိုက်ရိုက် သီဆိုခဲ့ကြရပါတယ် ၊ ဘယ်အပျော်တမ်းအဖွဲ့ ၊ ဘယ်ကြေးစားအဖွဲ့မဆို ခုခေတ်လို စိတ်ကြိုက်အသံသွင်း စေပြီးမှ အသံလွှင့်ခဲ့ကြတာ မဟုတ်ပါဘူး ၊ ရုပ်ရှင်သီချင်းလည်း ဒီအတိုင်းပါပဲ ၊ ဇာတ်ကားထဲမှာ ဆိုထားတဲ့ သူတွေကိုယ်တိုင်မြန်မာ့အသံမှာ တိုက်ရိုက် သီဆိုပေးကြရပါတယ်။

တစ်နေ့တော့ ချိုတေးဆက် ကိုအောင်ကိုးအဖွဲ့နဲ့ ရုပ်ရှင်သီချင်း အသံလွှင့်ပေးဖို့ အမှတ်(၂၁) ဝင်ဒါ မီယာ ခရက်ဆင့် ( အသံလွှင့်ရုံဟောင်းနေရာ ) ရဲ့ အပေါ်ထပ်ဧည့်ခန်းမှာ ကျွန်မဆိုလှည့်မရောက်သေးတဲ့ အတွက် ထိုင်စောင့်နေခဲ့ပါတယ်။

ဒီအချိန်မှာ သွက်သွက်လက်လက် အပြေးတက်လာတဲ့ သူတစ်ယောက်ကို တွေ့လိုက်ရတယ်လေ။ သူ့ကို ကျွန်မမသိမမြင်ဖူးပါဘဲနဲ့ ရွှင်နေတဲ့ မျက်နှာပေးနဲ့ ပြုံးပြနှုတ်ဆက် ၊ ဘယ်ဆက်ကွေ့ချိုးသွားတယ် ၊ ဘယ်သူပါလိမ့်မလဲ မျက်စိထဲမှာ တစ်ဝဲဝဲရယ်။

မျက်လုံးတွေက ရီလို့ပါလား ၊ နှုတ်ခမ်းလေးက ထွေးလို့ပါလား ၊ အရပ်အမောင်းလည်း ကောင်း လိုက် ပါဘိ။ သူ့အကြည့်ကလည်း သူများနဲ့တစ်ခြားစီနော်။ အသားတော်ကလည်း ဝင်းအိ ညက်စိုဝါသလိုလို စိမ်းသလိုလို ဘယ်လိုလူကြီးပါလိမ့် ၊ အဲ့ဒါဘာဖြစ်တာလဲ ၊ မရူးမရဲနဲ့ အထူးစွဲသွားတယ်ပေါ့။
ကျွန်မလို အရွယ်မှာ သစ်ရွက်လေးလှုပ်တာကလေးတောင် ရယ်ချင်ချင် ဖြစ်တတ်တယ်လို့ လူကြီး တွေက ပြောကြတာပဲလေ။ ကျွန်မအတွေးနဲ့ကျွန်မပြုံးနေမိတာပေါ့ ၊ ဟော့တော့ ဒီလူကြီးကျွန်မဆီ ပြန်လျှောက်လာနေ ပြန်ပြီ။ ကျွန်မမျက်နှာဟာ တစ်ရှိန်းမြမြနဲ့ ဟာဒယက မလုံမလဲ ဖြစ်နေတာ သူသိရင် ဒုက္ခ ဒုက္ခ။

‘ ဟေ့……ညီမလေး ၊ ညည်းက မာမာအေးဆို ဟုတ်လား ’
သူက ကျွန်မကိုမေးတယ် ၊ ကျွန်မလည်း လန့်ဖျပ်ပြီး ခေါင်းပဲ ခပ်မြန်မြန် ညိတ်လိုက်တယ်။            
‘ညီမလေးက သိပ်တော်တာကိုး၊ ဗိုလ်ကိုး(ကိုအောင်ကိုး) က ပြောတယ် ၊ ကိုကို့ သီချင်းကို ညည်းလေးဆီမှာ သွားဆိုပြလိုက်တဲ့ ၊ လိုတာ သူဖြည့်ပေးလိမ့်မယ်တဲ့ ၊ ကဲ…..ကိုကို့ အတွက်ဆရာမလေး လုပ်ပေးနော် ၊ ကဲ ဆိုပြီ နားထောင် ’

ကျွန်မမှာ အာစေးထည့်ထားသလို ဖြစ်နေတုန်း သူကချည်း ပြောပြောဆိုဆို လုပ်နေတဲ့လူကြီးချော ချောကို ကျွန်မငေးကြည့်နေရပါတယ် ၊ ဂီတသမား နားပါးပါး ရှိလို့တော်တော့တယ် ၊ သူ့အသံက ချိုနွဲ့နွဲ့လေး ပါ ၊ ဒါပေမယ့် လည်ပင်း အစ်သံလေးတွေထွက်နေတယ် ၊ တစ်ချက်တစ်ချက် အသံကဆောင့်ဆောင့်ထွက် တယ် ၊ သီချင်းသံ မရောက်သေးခင် သူ့သီချင်းသားက ရှေ့ကိုနည်းနည်း ရောက်ရောက်နေတယ်ဆိုတာ        ကျွန်မခံစားမိပါတယ် ၊ ဒီလိုအသံမျိုး ဆိုပုံမျိုးကြားဖူးတယ် ၊ ဘယ်သူနဲ့ တူပါလိမ့်လို့လည်း ကျွန်မ စဉ်းစား တယ် ၊ သူ့သီချင်းသံဆုံးသွားတော့ မှ သူ့ကို ကျွန်မ စကားစပြောရတယ်။

   ‘ ကိုကိုက ခု အသံလွှင့်မလို့လား ’
သူ့ကိုယ်သူ ‘ ကိုကို ’ ဆိုလို့ ကျွန်မကလိုက်ပြီး ကိုကို လို့ ခေါ်ရပေမယ့် နှုတ်ကတော့ ခပ်တွန့်တွန့်ဖြစ် မိသား ၊ ဒီခေတ်တုန်းက သမုဒယပိုင်ရှင်ကိုသာ ‘ ကိုကို ’ လို့ ခေါ်တတ်ပေသကိုး ၊ ခုမျက်မှောက်ခေတ်မှာ      ‘ ကိုကို ’ တွေ ခေတ်ထနေသလိုပေါ့ ။
‘ ဟုတ်တယ်လေ ၊ ဘာဖြစ်လို့လဲ ကိုကို့ အသံ မကောင်းလို့လား ’
‘ မဟုတ်ဘူးဗျ ၊ သီချင်းတိုက်တုန်းက ခင်ဗျားကို ကျွန်တော် မတွေ့လို့ ’
မေးလိုက်ဖြေလိုက် နှစ်ခါလောက်ပြောပြီးတဲ့အခါမှာတော့ ကျွန်မစိတ်ဟာ ပုံမှန်ပြန်ဖြစ်သွားပါပြီ။ သူ့ကိုလည်း နှုတ်မရဲဘဲ ကိုကိုလို့ မခေါ်တော့ဘူး ၊ ပြောရိုးပြောစဉ် ခင်ဗျား ကျွန်တော်ပဲဖြစ်သွားတယ်။
‘ ဟုတ်တယ် အစီအစဉ်မရှိပါဘူး ၊ ခုမှကိစ္စနှစ်ခုရှိလို့ ရောက်လာတာ ကဲ ဘာလိုသေးလဲ ပြောစမ်းပါ ဦး ’ သူက ကျွန်မအမေးကိုဖြေလဲ ဖြေတယ် ၊ မေးလဲမေးတယ် ။

‘ ကျွန်တော်ထင်တာ ပြောရရင်တော့ ခင်ဗျား သီချင်း မကြေသေးဘူး ၊ ရဲရဲသာဆိုပါဗျာ ၊ အတီးသံ ထက်စောပြီး ခင်ဗျားကရောက်ရောက်နေတာ တစ်ခုပါပဲ ၊ ခင်ဗျား တစ်ခေါက်ပြန်ဆိုပြဦး ၊ ဒါမှ လိုတာပြော ပေးလို့ရမှာ ’ လို့ သူ့ကိုထပ်ဆိုခိုင်းလိုက်ပါတယ် ။ ကျွန်မက ကလေး ၊ သူက လူကြီး ၊ ဒါပေမယ့် သူပြန်ဆိုပြ ပါတယ် ။ ကျွန်မကလည်း သူလိုတဲ့နေရာလေးတွေကို ဖြည့်ပေးလိုက်တယ် ၊ သူဆိုတဲ့ သီချင်းနာမည်ကတော့  ‘ ငါ သို့မဟုတ် အရှုံးစစ်ဘုရင် ’ တဲ့။ အသံလွှင့်ကြတော့ သူနဲ့ကျွန်မရှေ့နောက်ဖြစ်နေလို့ သူဘယ်နာမည်နဲ့ အသံလွှင့်ခဲ့တယ်ဆိုတာ မသိလိုက်တော့ပါဘူး ၊ တစ်ဦးသီချင်း ဆုံးကာနီးတော့မှ နောက်တစ်ဦးက အသံလွှင့် ခန်းထဲကို အသံမထွက်စေရအောင် ဝင်ခဲ့ရတာမို့ အသံထိန်းတံခါးဝမှာ ကျွန်မကရပ်စောင့်နေခဲ့ရလို့ပါပဲ ။ ကျွန်မဟာ ဘယ်အခါမဆို နောက်ဆုံးမှ ဆိုရတတ်ပါတယ်။ မျက်နှာ အရိပ်အကဲ ၊ အမူအရာ အချက်ပြစနစ် သုံးရတာမျိုးမှာ ဆိုတဲ့လူက မပါးရင် အသံလွှင့်ချိန်ကျော်သွားပြီး သီချင်းဖြတ်တာ ခံရတတ်လို့ဖြစ်ပါတယ်။

ကျွန်မဆိုပြီးတဲ့အခါ သူမရှိတော့ပါဘူး။ ပစ္စည်းသိမ်းကြ ၊ ကားပေါ်တင်ကြလုပ်နေတုန်းမှာ ကိုအောင်ကိုး ကျွန်မအနားရောက်လာပါတယ်။ ဒီတော့မှ မေးကြည့်လိုက်တော့ ချစ်ဒုက္ခ ဦးဘညွန့်ရဲ့သား      
‘ဗိုလ်ကိုဦး ’ ဆိုပဲ ။

‘  သူနောက်သီချင်း လာဆိုဦးမှာလား အစ်ကိုအောင်ကိုး ’ ကျွန်မ မလိုဘဲနဲ့ မေးမိသေးတယ်။
‘  မဆိုပါဘူးဟာ ၊ အခုဟာက တို့မင်းသမီးကိုလာပိုးတာလေ ၊ ပြီးတော့ သူ့သူငယ်ချင်းတွေနဲ့ အလောင်းအစား လုပ်လာလို့တဲ့ဟ ’ ကိုအောင်ကိုးက ဒီလိုပြောတော့မှ စောစောကသူပြောတဲ့ ‘  ကိစ္စနှစ်ခု ရှိလို့ ’ ဆိုတာကို သဘောပေါက်သွားတယ် ၊ ဟုတ်မှာပဲ ၊ ကိုအောင်ကိုးပြောတဲ့ တို့မင်းသမီးဆိုတာ ကျွန်မတို့ဂီတ အသိုင်းအဝိုင်းထဲကကိုး ၊ အင်မတန်ချစ်စရာကောင်းတယ် ၊ လှလည်းလှပါတယ် ၊ သူနဲ့ဆိုသိပ်လိုက်တာ ပေါ့ ၊ သူတို့ရသွား ပါစေလို့ဆုတောင်း လိုက်မိတယ်။

‘  ဟေ့ ၊ ဘာငြိမ်နေတာလဲ ၊ နင်လဲ တင့်တင့်တို့ အရွယ် ဆိုပြီးတော့ စိတ်ကူးယဉ်နေတာလား ၊ ’
‘  စိတ်ကူးမယဉ်ပါဘူးဗျာ ၊ လူကြီးက တကယ်ချောတယ်နော် အစ်ကို အောင်ကိုး ၊ ကျွန်တော် သိပ်ကြိုက်တာပဲ ’

‘  ဟာ ဒီသောက်ရူးမ ၊ ပြောရမှန်းမသိ ၊ မပြောရမှန်းမသိ ’ ကိုအောင်ကိုးက ပြောပြောဆိုဆို ကျွန်မ ခေါင်းကို ပိတ်ထုလိုက်ပြီး ခွက်ထိုး ခွက်လန် ရယ်နေပါတယ်။

‘  ကျွန်တော်ကြိုက်လို့ ကြိုက်တယ်ပြောတာ ဘာဖြစ်လဲ ၊ သူ့တစ်ကိုယ်လုံးမကြိုက်စရာ ဘာရှိလို့လဲ ’ ခေါင်းကို အထုခံရလို့ ဒေါပွသွားတဲ့ ကျွန်မက ကုန်းအော်ပစ်လိုက်တယ်။ လူကြီးတွေ အတော်များများဟာ ကလေးတွေ မကြိုက်တာမှ ပြောတတ်တယ် ၊ မကျေနပ်အောင် ၊ ငိုရအောင်အထိ ကျီစယ်တတ်တဲ့အတိုင်း ကိုအောင်ကိုးလည်း ဒီအချိန်က ကျွန်မကို ဆက်ပြီး စတော့တာပဲ။

‘  အေး ကြိုက်ကြိုက် ၊ တစ်ကိုယ်လုံးကြိုက် ၊ နင့်အတွက် ကျောက်ပျဉ်ရွက် စောင့်ခိုင်းထားမယ်လို့ တောင် ပြောစရာ မလိုဘူး ၊ ဟိုက နိုင်ငံခြား ပညာသင် သွားတော့မှာ သိလား ပြန်လာမှ ပြန်လာမှ ’
‘  အို တော်စမ်းပါဗျာ ၊ ကျွန်တော်ကြိုက်တယ်ဆိုတာက သူ့ပုံစံသူချောလို့ ၊ အရုပ်ကလေးတွေ ၊ လှတာလေးတွေ ကြိုက်သလို ကြိုက်တာသိရဲ့လား ၊ သူ့ကိုကြိုက်လွန်းလို့ ငေးချင်တာမျိုး ကြိုက်တာ ၊ သူ့ကို ကြည့်ပြီး ကျွန်တော်အကိုကြီးများ ဖြစ်ပါစေတော့လို့တောင် ဆုတောင်းချင်တယ်။ ကျွန်တော်တို့ မင်းသမီး လှလှလေးနဲ့လည်း ရပါစေလို့ ဆုတောင်းတယ်သိလား ၊ ကျွန်တော်ချစ်တာမဟုတ်ဘူး ။ ကြိုက်တာဗျ ကြိုက်တာ ၊ ယူချင်းယူ ကျွန်တော်က မိန်းမဘဲ ယူမယ် ကဲ မှတ်ထား။

*****************
အပိုင်း - (၂)




ဦးဝင်းဦး အမှတ်တရ

မိုးသက်လေ နှင်းစက်တွေ ၊ သစ်ရွက်ကြွေချိန်တွေ ဘယ်နှစ်ကြိမ်ရှိပြီလဲ ၊ မမှတ်မိတော့ပါဘူး ၊ ဒီအဖြစ်ကလေး ကိုတော့ မမေ့ဖြစ်ဘူး ၊ ကိုကိုဆိုတဲ့ ဒီလူကြီး ဟိုအဝေးခရီးက အဆွေးတွေ ပွေ့ပိုက်ပြီးပြန် လာတယ်ဆိုလား ။ နားစွန်နားဖျား ကြားလားကြားရဲ့ ၊ ကြားတော့လည်း သနားမိပြန်ရဲ့ ၊ ခင်သာခင် မမြင်ရ တော့ မေ့လျော့လျော့ပါပဲ။

အိမ်ထောင်စုနဲ့ဖြစ်လာတဲ့ ကျွန်မဘဝမှာ တီတီတာတာ ကြည်သာစရာလေးတွေရှိလာပြီ ၊ အိမ်ကိစ္စ ရုံးကိစ္စ ၊ သား သမီး ကိစ္စ ၊ သီချင်းဆိုတဲ့ ကိစ္စတွေနဲ့ လွတ်တဲ့အခါစာပေနဲ့ အပန်းဖြေဖြစ်လာပြီ ၊ ကျွန်မဖတ် လေ့ရှိတဲ့ ဗန်းမော်တင်အောင် ၊ ဒဂုန်တာရာ ၊ ခင်နှင်းယု ၊အောင်လင်း ၊နတ်နွယ် ၊ တက္ကသိုလ်ဘုန်းနိုင်တို့နဲ့ လိုင်းခွဲလာတဲ့ စာရေးဆရာတစ်ယောက်တွေ့လာတယ် ၊ ‘  ဝင်းဦး ’ တဲ့ ။
ဒီစာရေးဆရာ ဝင်းဦးရဲ့ ပရိတ်သတ်အဖြစ်နဲ့ စိတ်ဝင်စားနေတုန်းမှာပဲ စာရေးဆရာဝင်းဦး ရုပ်ရှင် ရိုက်မယ်ဆိုတဲ့ သတင်းကြားရပါတယ် ၊ မကြာပါဘူး ။ကြော်ငြာ ဒီဇိုင်းတွေပေါ်မှာ ဖော်ပြလာလို့ကြည့်မိ တော့ ‘  ဝင်းဦး ’ ဆိုတဲ့ သူဟာ ‘  ကိုကို ’ လို့ပြောခဲ့တဲ့ ‘  ဗိုလ်ကိုဦး ’ ပါလား။

‘  နှစ်ယောက်ထဲ နေချင်တယ် ’ ဇာတ်ကား ကျွန်မသွားကြည့်ပါတယ် ။ ဇာတ်ကားတွေအများကြီးမှာ ကျွန်မဆိုပေးခဲ့ပေမယ့် ရုံတင်တဲ့အခါ မကြည့်ဖြစ်ပါဘူး ။ ရင်းနှီးတဲ့ မိတ်ဆွေတွေရဲ့ ရုပ်ရှင် အထူးပွဲတွေကို တော့ ကြည့်ပါတယ် ၊ သူ့ကျတော့ ငယ်ငယ်ထဲက ကြိုက်လို့ကြည့်တာပါ။ ခုတော့လည်း ကြိုက်တယ် ။ သူ့စာ လည်း ကြိုက်တယ်။ မင်းသားအဖြစ်လည်း ကြိုက်ပြန်ရော ။

သူက မင်းသား ၊ ကျွန်မက အဆိုတော် ၊ အနုပညာ စည်းဝိုင်းထဲမှာပေမယ့် တော်တော်နဲ့ မတွေ့ဖြစ် ကြဘူး ၊ ဂီတဆည်းဆာပွဲ ကျိုက္ကဆံကွင်းမှာ သူလာနွှဲမှတွေ့ဖြစ်ပါတယ် ၊ ဒီအချိန်မှာ သူကနာမည်ကြီးလှပြီ ၊ လူဝိုင်းလှပြီပေါ့ ။

သူကပွဲကို စရောက်လာတဲ့နေ့က ဇာတ်ခုံနောက်မှာ ကြွက်စီကြွက်စီ ရွစိရွစိနဲ့ပါပဲ ၊ ကျွန်မ သူဝင်လာ တာလည်း အဝေးကလှမ်းမြင်ရတယ် ။ သူ့ကိုကပ်တော့မယ့်သူတွေကိုလည်း တွေ့သိနေပါတယ် ။ ဒါပေမယ့် ကျွန်မမှာ မာနတစ်ခုရှိပါတယ် ။ မျက်နှာလို မျက်နှာရလုပ်ချင်လို့ ၊ အခွင့်အရေး တစ်ခုခုရချင်လို့၊ နာမည်ကြီး မျက်နှာကြီးမို့ ကပ်တာပါလို့ အထင်ခံရမှာ ၊ ရှက်တဲ့မာနပါ ။ ဒါကြောင့် ထိုင်ကြည့်နေလိုက်တယ် ။ ကျွန်မက စပြီး သူ့ကို မခေါ်ချင် ဘူးလေ ။

ကျွန်မဟာ ဒီအချိန်က ဂီတကောင်စီ အမှုဆောင် အဖွဲ့ဝင်ဖြစ်နေလို့ ပွဲသိမ်းမှ ပြန်ရပါတယ် ၊ ညသန်း ခေါင်ကျော် ပွဲသိမ်းနေပြီ သူမပြန်သေးဘူး ၊ ကျွန်မကအိမ်ပြန်ရတော့မယ် ၊ ပြန်တော့လည်း သူတို့ရှိတဲ့နေရာ ကပဲ ဖြတ်သွားမှရမယ် ၊ဒီတော့လည်း အနားကဖြတ်သွားရတော့တယ် ။ ကွင်းထဲမှာနေရတဲ့ အမှုဆောင်တွေ က ကျွန်မပြန်တော့မှာလား ခဏထိုင်ပါဦးနဲ့ဝိုင်းပြောကြတော့ သူ့ရှေ့က ခုံတစ်လုံးမှာ ဝင်ထိုင်လိုက် ရပါတယ်။

‘  မိတ်ဆက်ပေးရဦးမယ် ခင်မောင်အေးရေ ၊ ဒီမယ် ကိုဝင်းဦး မာမာအေးဆိုတ သူလေ ။ ကျွန်တော် တို့အုပ်စုကတော့ သူ့ကို ခင်မောင်အေး လို့ပဲခေါ်တယ် ’ ကိုသန်းလှိုင်က ဒီလိုမိတ်ဆက်ပေးတော့ ကျွန်မရယ် ချင်တယ် ၊ သူကတော့ မင်းသားလေ ။ ပြုံးစေ့စေ့ သူ့ပုံစံ ဖမ်းစားတဲ့အတိုင်း မပွင့်တစ်ပွင့်နဲ့ပေါ့ ၊ ကျွန်မစိတ် ထဲမှာ တင်းသွားတယ်။
‘  သိပြီးသားပါဗျာ ၊ ဗိုလ်ကိုဦးဘဝတုန်းက ’ လို့ တုံးတိတိပဲ ပြောချလိုက်တယ်။

‘ အစ်ကို ကလဲ မှတ်မိပါတယ်ဗျာ ၊ ခု အေးက ငယ်ငယ်တုန်းကလို မဝတော့ဘူး လှတယ်ကွာ ’ လို့ အသံအစ်အစ်နဲ့ ပြန်ပြောတယ် ။ ပြောပြီဆိုလည်း ထုံးစံအတိုင်းသူချည်းပါပဲ ။ ကျွန်မကို သီချင်းသင်ခိုင်းရတဲ့ အကြောင်း ၊ သူငယ်ချင်းတွေနဲ့ ပုလင်းကြေးလောင်းပြီး ဆိုဖြစ်သွားတဲ့ အကြောင်းကစပြီး သူ့အကြောင်း ကျွန်မအကြောင်း မေးလိုက်ပြောလိုက်နဲ့  ဂီတဆည်းဆာကနေ နံနက်ဆည်းဆာ ရောက်ပါရော သူလဲ            ‘  အစ်ကို ’ ဖြစ် ၊ ကျွန်မလဲ ‘  အေး ’ ဖြစ်သွားတယ်။

ဒီကတည်းက ပြန်တွေ့ကြပြီး သီချင်းဆိုလည်းတွေ့ ၊ ဂီတပဒေသာလည်းတွေ့ ၊ အသံလွှင့်ရုံမှာလည်း တွေ့ ၊ ရုပ်ရှင်သီချင်း သွင်းတော့လည်း တွေ့ ၊ သူ့အိမ်ကိုယ်သွား ကိုယ့်အိမ်သူလာ နဲ့ အင်မတန်ကို ရင်းနှီးလာ ကြပါတယ် ။ သူခရီးသွားတိုင်း လက်ဆောင်ပါတယ် ။ ကိုယ်ခရီးသွားဖြစ်တော့လည်း လက်ဆောင်ပို့တဲ့ အကျင့်ပြန်လုပ်ရတယ် ။ လက်ဆောင်ပေးတတ်တဲ့ အလေ့အထက ကျွန်မမှာ မရှိခဲ့ဖူးဘူး ။

ကျွန်မရဲ့ ဘဝခရီး ဖော်ကိုသာ ပေးခဲ့ဖူးတယ် ။ ခုကျတော့ သူများပေးတဲ့ လက်ဆောင်ကိုချည်း ယူပြီး ဝမ်းသာခင်မင်နေမယ့် အစား ကိုယ့်လိုပဲ လက်ဆောင်ရရင် ပျော်ရွှင်ခင်မင်စေမယ်လို့ လက်ဆောင်ပါးတတ်နေတော့တယ် ၊ သူက ကောက်လိုက် ၊ ကိုယ်က ကောက်လိုက်တွေလည်း ရှိပါတယ် ။ ကျွန်မတို့ ဂီတအသိုင်းအဝိုင်းတွေနဲ့ ကိုဝင်းဦး ဟာလည်း ရုပ်ရှင်အဖွဲ့တွေထက် ရင်းနှီးပါတယ် ။ ဝိုင်းဝန်း ကာကွယ်မြှောက်တင် ပို့ပေးကြပါတယ် ။
ကိုဝင်းဦးဟာ အပေါင်းအသင်းခင်မင် လွန်းတတ်တဲ့ ဉာဉ်ရှိတဲ့အတိုင်း ကောင်းကောင်းအိပ် ၊ ကောင်းကောင်းစား ၊ အချိန်မှန်ဆိုတာ မတွေ့မိဘူး ။ အပေါင်းအသင်း အသိုင်းအဝန်း စုံလာတဲ့အခါ ကျွန်မ တို့ တစ်တွေနဲ့ တစ်ဖြည်းဖြည်း ဝေးလာရာက စန္ဒာမဂ္ဂဇင်းထုတ်တဲ့ အချိန်ကစပြီး လုံးဝနီးနီး မတွေ့ဖြစ်တော့ ဘူး။ ကျွန်မရဲ့ ကိုယ်ရေးကိစ္စတစ်ခုကြောင့် ကျွန်မသူ့ကိုကောက်ထားတာ ကြာပါပြီ ။ ပြန်ခေါ်တာ သုံးလေး နှစ်လောက်ပဲ ရှိဦးမယ် ထင်ပါရဲ့ ။

သူနဲ့ ကျွန်မနောက်ဆုံး တွေ့လိုက်တာ ၁၉၈၈ ပြည်ထောင်စုနေ့ညစာစားပွဲမှာပါ ။ သူက ကျွန်မကို တွေ့တာနဲ့ မေးပါတယ် ။
‘  အေး ပိန်သွားလိုက်တာ ၊ နေမကောင်းဘူးလား ’ တဲ့ ။

‘  ကောင်းပါတယ် ၊ ပိန်သွားတာ ခရီးပန်းလို့ပါ ၊ ပြည်ထောင်စုအလံတော် နားတဲ့ ပေါက်တို့ ၊ ရေစကြိုတို့ အထိသွားခဲ့ပြီး ဒီပွဲကို အမီပြန်ရောက်အောင် လာရတော့ အပြေးအလွှားပဲ ၊ အေးသာ ပိန်တယ် ပြောနေတယ် အစ်ကိုလည်း ပိန်တာပဲ ၊ ဘာလဲ ဝိတ်လျှော့နေတာလား ’ လို့ ကျွန်မ ပြန်မေးတော့ အစာအိမ် ရောဂါ ရနေတယ် ၊ အရည်ပဲသောက်နေရလို့တဲ့ ။

ဒီပွဲပြီးလို့ သိပ်မကြာပါဘူး ။ အစာအိမ်ရောဂါ မဟုတ်ကြောင်း ၊ နိုင်ငံခြားမှာ‌ဆေးသွားကုတဲ့ အကြောင်းတွေကြားလာရတယ် ။ အနုပညာ ချစ်မြတ်နိုးသူကျွန်မအနေနဲ့ ဘက်စုံတော်တဲ့ ပညာရှင်တစ်ဦး အသက်ရှည်ပါစေလို့ ဆုတောင်းမိတာ အမှန်ပါပဲ ။

ပြန်ရောက်ပြီလို့ ကြားတော့လည်း ကျွန်မ မရောက်နိုင် မမေးနိုင်ခင်မှာပဲ မန္တလေး တက်သွားတယ် လို့ ကြားရတယ် ။ ကျွန်မက မန္တလေးရောက်သွားပြန်တော့သူကရန်ကုန် ဆင်းသွားပြီ ။ စိတ်ကဘဝင်မကျလို့ မြို့မအဖွဲ့တော်သားတွေဆီ မေးမိတယ် ‘  သီချင်းများများဆိုနိုင်သေးရဲ့လား ’ လို့ ။

အဖြေကတော့ သိပ်အားမရဘူး ။ သုံးပုဒ်လောက်ပဲ ဆိုနိုင်သတဲ့ ။ ဒါဆို မဟုတ်သေးဘူး ဆိုတာ ကျွန်မခံစားလို့ရပါတယ် ၊ ကိုဝင်းဦးဟာ တစ်ခါဆိုရင် ဆယ်ပုဒ်လောက်ဆိုချင်တဲ့ သူပါ ။ သိပ်ကိုလောဘ တကြီး ဆိုတတ်ပါတယ် ။ သူ့အသံက ကြာကြာဆိုလည်း မကျတတ်ပါဘူး ။

ရန်ကုန်ကို ကျွန်မပြန်ရောက်တော့ သူပြန်လဲနေပြီ ၊ လွန်နေပြီဆိုတာ ကြားရတယ် ။ ဒါကြောင့် ကျွန်မတို့ အရင်းနှီးဆုံး ဂီတအုပ်စုတစ်စုလုံး သွားဖို့စီစဉ်ကြတယ် ။ လူမစုံလို့ နောက်နေ့ညပိုင်းသွားကြဖို့ စီစဉ်လိုက်တယ် ။ ဒီလိုနောက်နေ့ဆက်ချိန်းတာကို မသိလိုက်လို့ ရောက်သွားတဲ့ သူငယ်ချင်းမြင့်ငွေက ကျွန်မဆီ ဖုန်းဆက်တယ် ။

‘  ခင်မောင်အေး မင်း သွားမကြည့်ပါနဲ့တော့ကွာ ၊ ကျသွားလိုက်တာ မမှတ်မိစရာဘဲ ၊ မင်းမှာလဲ ရောဂါနဲ့မို့လား မသွားပါနဲ့ တော့ကွာ ’ တဲ့ ။
‘  ဘာဖြစ်ဖြစ်ကွာ ၊ သွားကြည့်ရမယ် ။ တို့အားလုံး စုသွားကြဖို့ ချိန်းပြီးသား ၊ တော်ကြာ ကိုသန်းလှိုင်တုန်းကလို မတွေ့လိုက်ရလေခြင်းလို့ ငါထပ်ခံစားနေရဦးမယ် ’ လို့ ပြန်ပြောလိုက်တယ် ။ နောက်နေ့ မှာကလည်း ကျွန်မစီးရီးတစ်ခု အသံထပ်ဖို့အတွက် စတူဒီယိုက ချိန်းပြီးနေတာကြောင့် ညနေမှ လူစုသွားကြဖို့ စီစဉ်ထားတယ် ။

နောက်နေ့မနက် (၈) နာရီလောက် ဖုန်းဝင်လာတယ် ။
‘  ဆုံးရှာပြီ သူငယ်ချင်းရေ ’ တဲ့ ။
‘  အင်း ဒါဆိုလဲ ပြီးရောပေါ့ကွာ ၊ ပို့တော့မှပဲ သွားရတော့မှာပေါ့ ၊ တို့တစ်တွေဘယ်လိုစုပြီး ပို့ရမလဲ ဆိုတာသာ စီစဉ်လိုက်ကြတော့ ညနေမလာတော့ဘူး ’ လို့ ဖုန်းပြောခဲ့ပြီး စတူဒီယိုကိုထွက်ခဲ့တယ် ။ အဲ့ဒီ စတူဒီယိုကလည်း ဖြုတ်တော့မှာမို့ မလုပ်လို့ကမရ ၊ ဖုန်းလည်းဖြုတ်ထားတော့ ဘာမှနောက်ထပ် မသိရ တော့ပါဘူး ။

ညနေ အိမ်ပြန်ရောက်တော့ အိမ်ကဆီးပြောတယ် ။ သူ သူ မသေသေးဘူးတဲ့ ။  တကယ်မသေဘူး ။ သတင်းမှားတာပါဆိုတဲ့ ဖုန်းပြန်ဝင်လာတော့ ကျွန်မက အလုပ်ထွက်သွား ၊ ပြန်ရောက်လို့ အမှန်သိရတော့ လည်း အချိန်က ည အပြင်ပြန်ထွက်လို့ မရ၊မတွေ့လိုက်ရချင်လို့ ပါပဲလေ ။ နောက်တစ်နေ့မှာတော့ တကယ် အမှန် ခရစ်တော်မှာ အိပ်ပျော်လေရှာသတဲ့ ။

အိုလေ လွဲမယ့်လွဲတော့လည်း အားလုံးပါပဲ ။ သူ့နောက်ဆုံးနေ့မှာ ကျွန်မတို့တစ်တွေ ဘာလမ်း အိမ်ရှေ့မှာဆုံကြတယ် ။ အချိန်တန်လို့ ကားတွေတန်းစီထွက်ကြတော့ ကျွန်မစီးလာတဲ့ကားက ဟတ်ဘော ကွဲလို့ နောက်ကျ ကျန်ခဲ့ပါရော ၊ ဖြည်းဖြည်း မောင်းလိုက်သွားရတော့ ကားတွေဘယ်ဆီသွားမှန်း မသိရလို့ ကြံတောလိုက်သွား ၊ အဲဒီရောက်တော့လည်း ဘုရားရှိိခိုးကျောင်းမှာပဲ ရှိသေးသတဲ့ ။ လူအုပ်ကြီးကြီးက များမှများ အအေးတိုက်ထဲကလည်း မဝင်နိုင် ၊ ဂူလုပ်ထားတဲ့နေရာက သွားစောင့်ပြန်တော့လည်း ဘယ်တော့မှ သင်းချိိုင်းပြန်ရောက်မယ် မသိဘူး ။ ပရိတ်သတ်က များလွန်းလို့တဲ့ ။

ဒါနဲ့ တစ်ခါ အအေးတိုက်ဘက်က ပြန်စောင့်မယ်လေလို့ ပြန်လျှောက်လာတော့ ကားဖြူကြီးကို အအေးတိုက်ထဲ ရောက်နေတာတွေ့ရတယ် ။ လူကတိုးမပေါက်နိုင်ဘူး ။ လူနင်းခံရတာပဲ အဖတ်တင်တော့ မယ် ထွက်လာမယ့် အပေါက်ဝနားက အုတ်တံတိုင်း ဘေးကပ်ပြီးရပ်နေရတယ်။

သူထွက်လာပြီ ။ အစ်ကိုထွက်လာပြီ ။ ကားအနားတောင် ကျွန်မ မသီနိုင်ဘူး ။ အရေးထဲသူ့ကို ဘယ်လို ဆုတောင်းပေးရမလဲ တွေးကြည့်တယ် ။ သူနဲ့ကျွန်မ ဘာသာကွဲနေပြန်ပြီ ။ အို ဘာပဲဖြစ်ဖြစ် ကျွန်မ က ဗုဒ္ဓဘာသာပဲလေ ။ တတ်နိုင်ဘူး ။ ပြောတတ်တာပဲ ပြောလိုက်ပါတယ် ။

‘  အစ်ကိုရေ……..အမျှ   အမျှ    အမျှ ’

(မာမာအေး)

(စန္ဒာပုံနှိပ်တိုက် ၁၉၈၉ ဧပြီလထုတ် ဦးဝင်းဦးအမှတ်တရ စာစောင် မှ ကူးယူဖော်ပြသည်။
စာရိုက်ကူညီ - ကိုခမ်းလေး)

Via:Kyaw Lion 🦁
September 3. 2022

Wednesday, November 1, 2023

ဂန္ထဝင်ဇာတ်မင်းသားကြီးတစ်ဦး သို့မဟုတ် ပုလဲစိန်"

“ဂန္ထဝင်မတွင်ခဲ့သော ဂန္ထဝင်ဇာတ်မင်းသားကြီးတစ်ဦး သို့မဟုတ် ပုလဲစိန်"




မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ အပိုင် ကျပင်းကျေးရွာအုပ်စုဝင် ကုက္ကိုတန်းကျေးရွာသည် ဆင်ဖြူကျွန်း-ချောက် သွား ကားလမ်းမကြီး၏ ဘယ်ဘက်ခြမ်းတွင်တည်ရှိသောရွာကြီးတစ်ရွာဖြစ်၏။


ကုက္ကိုတန်းကျေးရွာမှာ ရုပ်ကြီးစင်ပိုင်ဆရာညို(ကျပင်းဆရာဖီး၏ ဇာတ်ဆရာ)၊ မင်းသမီးကြီး ရွှေဘော်မြ(ခ) ဦးမြခဲ၊ ဦးသောင်း(ခေါ်) နိုင်ငံကျော်ဇာတ်မင်းသားကြီး

ဦးပုလဲစိန် တို့ကို မွေးဖွားပေးခဲ့သော ရွာကြီးပင်ဖြစ်လေသည်။


ကျွန်တော် ယခုရေးနေသော ‘ နိုင်ငံကျော်ဇာတ်မင်းသားကြီး ဦးပုလဲစိန်' ၏ ဘဝဇာတ်ကြောင်းသည် ပြီးပြည့်စုံသော အကြောင်းအရာ ဟု မဆိုသာပေ။ အဘယ်ကြောင့်မူ စာရေးသူသည် နိုင်ငံကျော်ဇာတ်မင်းသားကြီး ဦးပုလဲစိန် ကို မြင်ဖူး၊ တွေ့ဖူးခြင်းမရှိ၊ ကြားဖူးယုံသာရှိသူဖြစ်သည်။

စာရေးသူ၏ ဇာတိ နေပူကန်ရွာနှင် ကုက္ကိုတန်းရွာသည်

(၂)ဖာလုံခန့်ဝေးမည်ထင်သည်။ နှစ်ရွာ့ တစ်ရွာ ဖြစ်သော်

လည်း ဦးပုလဲစိန်၏ မိဘများကို စာရေးသူမိဘများမှပြော

၍ သိခွင့်ရခဲ့သည်။ ဦးပုလဲစိန် ကိုဖြင့် နှစ်နှစ်ကာကာ မသိခဲ့ပါ။

ယခုအခါတွင် စိတ်ပါလက်ပါ လေ့လာထားသောအချက်အလက်များသည်ပင် ‘နိုင်ငံကျော်ဇာတ်မင်း

သားကြီး ဦးပုလဲစိန်' အကြောင်း အကျဉ်းမျှသာဖြစ်ပါလိမ့်မည်ဆိုတာကိုဦးစွာ ဝန်ခံပါသည်။


“ဇာတိချက်ကြွေ မွေရပ်မြေနှင့်ငယ်နာမည်"

---------------------------------

ကုက္ကိုတန်းကျေးရွာတွင် ဓါးမဦးချနေထိုင်ကြပါသော

တောင်သူမျိုးရိုး ဦးဉာဏ်+ ဒေါ်လှဝိုင်း တို့မှ မြန်မာသက္ကရာဇ် ၁၂၉၄ ခုနှစ်၊ တပိုတွဲလဆန်း(၈)ရက်၊ သောကြာ နေ့တွင် ဖွားမြင်သော သားရတနာဖြစ်သည်။ ငယ်မည်မှာ

‘မောင်သောင်း 'ဖြစ်သည်။


“ ဆရာထံမှာပညာရှာ"

-----------------

တောင်သူမျိုးရိုးမှ ဆင်းသက်မွေးဖွားလာသော

‘ မောင်သောင်း' ကလေးသည် ငယ်စဉ်ကပင် အဆို၊ အက

ဝါသနာကြီးကာ ရပ်ရွာပွဲများတွင် ပါဝင်သီဆိုခဲ၏။ ဒေသခံသဘင်သည်များထံတွင်လည်း နည်းခံလေ၏။

‘ ပုလဲစိန်' လောင်းလျာ ‘ မောင်သောင်း' ကလေး ထိုသို့

အဆို၊အက ဝါသနာကြီးသည်မှာ ရေခံမြေခံကောင်းသော

ရပ်ရွာဒေသ ကြောင့်ပင်ဖြစ်ပေလိမ့်မည်။

၁၉၄၉ ခုနှစ်တွင် သဘင်ပညာရှင်‘ ဗလလေး'(ဦးထွန်းရင်)

ဆင်ဖြူကျွန်းမြို့သို့ရောက်ရှိလာ၏။ ‘ ဗလလေး'သည်

‘အောင်ဗလ' ကျော်ကြားစကပင် အနီးကပ် တပည့်ခံကာ

သဘင်ပညာသင်ယူခဲ့ပြီး၊ “ အောင်ဗလ" အမည်မှ ‘ ဗလ'

ကိုယူကာ ‘ဗလလေး' ဟု ကျော်ကြားလာသူဖြစ်၏။

‘ အောင်ဗလ' ထံမှ သဘင်ပညာရော နာမည်ပါဆက်ခံ၍

မင်းသားအဖြစ်ရော ယောက်ျား မင်းသမီးအဖြစ်ပါ ကပြနိုင်သော ထင်ရှားသည့် သဘင်ပညာရှင် တစ်ဦးဖြစ်လေသည်။

သဘင်ရည်ပြည့်ဝသော ‘ ဗလလေး'(ဦးထွန်ရင်)သည်

အသက်အရွယ်ကြီးရင့်လာသောအခါ သူ့ဆရာရင်း၏မြို့လည်းဖြစ်၊ သူ့အပေါင်းအသင်များရှိရာ မြို့ဖြစ်သည့်

“ ဆင်ဖြူကျွန်း" သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

‘ ဗလလေး' သည် ညဦးပိုင်းများ၌ ဆင်ဖြူကျွန်းမြို့၏

မြို့လယ်ခေါင်လမ်းမတော်အရှေ့ဖျားမှ အနောက်ဖျားထိအောင် လမ်းလျှောက်ရင်း ကြေးစည်တီးကာ အန္တရာယ်ကင်းဂါထာများကိုရွတ်လေ့ရှိသည်။ သူ့အား “မင်းသားဘဘကြီး" ဟု ခင်မင်စွာ ခေါ်ဝေါ်ကြလေသည်။

“ မင်းသားဘဘကြီး" (ခေါ်) “ ဗလလေး" (ဦးထွန်းရင်)

ကို သိရှိသူများက မေတ္တရပ်ခံကြရာ ‘ ဗလလေး'သည်

‘ ဦးကြာခ'၊ ‘ဦးချစ်စိန်' စသောသူများနှင့် ဇာတ်ဖွဲ့စည်းကာ

ဆင်ဖြူကျွန်းမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများတွင် ကပြလေသည်။ ‘ ဗလလေး' သဘင်အနုပညာကို သိကျွမ်းထားသူများက မင်းသမီး အဖြစ်လည်း ကပေးရန် တောင်းဆိုကြ၏။ ‘ ဗလလေး' သည် ‘ ဆရာအောင်ဗလ' ၏ တပည့်ရင်းအနေးဖြင့် ကပြပေးလိုသော်လည်း အဝတ်အစား အခက်အခဲရှိနေပါကြောင်း၊ မိန်းမမင်းသမီးတို့၏ ထဘီအင်္ကျီတို့ကို ယောက်ျားမင်းသမီးက ဝတ်ဆင်လေ့မရှိသည့်

အတွက်ကြောင့် မင်းသမီးလိုကပြရန် အဆင်မပြေသေးကြောင်းကို နှစ်ပါးခွင် ပရိကံစကားအဖြစ်ဖြင့် တောင်းပန်လေသည်။

ထိုလောက် သဘင်ပညာတတ်ကျွမ်းသော ဆရာ‘ဗလလေး'ထံတွင် ‘ ပုလဲစိန်' လောင်းလျာ လူငယ် ‘ မောင်သောင်း' သည် လက်ထပ်သင် တပည့်အဖြစ်ဖြင့်ခံယူကာ

‘ ဗလလေး' ၏ ဇာတ်အဖွဲ့တွင် ပါဝင်လေတော့၏။ ဆရာ

‘ဗလလေး'၏ သင်ပြမှုဖြင့် အကကောင်း၊ အသံကောင်း၊

အဆိုကောင်းသော ‘ မောင်သောင်း' သည် ‘၁၃၁၂ ခုတပေါင်းလဆန်း(၁၄/၁၅)ရက်များ၌ ပြတောက်ရွာ ဦးထီးရှိန် ဆိုင်းအဖွဲ့နှင့်(သူ၏ဆရာ ဗလလေး (ဦးထွန်ရင်)ခေါ်

ဘဘကြီးအပါအဝင်) ကူရင်းချောက်ဘုရားပွဲမှ စတင်ကပြခဲ့ရာ ရွာကျောင်းဆရာတော်က ‘ မောင်ပုလဲ' ဟု ခေါ်တွင်ရာက‘ မင်းသားပုလဲ'၊ ‘ဗလလေး'၏ သင်ပြပေးမှုဖြင့် အကကောင်း၊ အသံကောင်း၊ အဆိုကောင်း‘မောင်သောင်း' သည်ရှေ့ထွက်မင်းသားလေး ‘ ပုလဲစိန်'၊ ထို့နောက် ခေါင်းဆောင်မင်းသား‘ပုလဲစိန်' ဟု နာမည်ကောင်းနှင့် ကျော်ကြားလာလေ၏။


“စတင်ကျော်ကြား သဘင်သမား"

---------------------------

နောက်ပိုင်း တောင်ငူ မှ ‘ဦးထွန်းကြည်' နှင့် ပေါင်းစပ်ကာ‘ကေတုသီရိ ပုလဲစိန်' ဇာတ်အဖွဲ့ကြီးကို ဖွဲ့စည်းတည်

ထောင်ကြလေသည်။ ၁၉၆၉ ခုနှစ် လောက်တွင် ရန်ကုန်ပွဲဦးထွက်အဖြစ် ‘ မိုးကောင်းဘုရား' ပွဲတော်၌ ကပြရာ မင်းသား‘ပုလဲစိန်' စတင်ကျော်ကြားလာလေ၏။ မြန်မာ့အသံ ဇာတ်သဘင်အခန်း၌လည်း နှစ်ပါးသွားခွင်ကို အသံလွှင့်လေရာ တစ်ဟုန်ထိုး ကျော်ကြားလာခဲ့လေသည်။

ထို ရန်ကုန်ခွင် ပွဲဦးထွက်၌ပင် မင်းသား‘ ပုလဲစိန်' သည်

ဆင်ဖြူကျွန်းမြို့သား ကျပင်းဒေသသား၊ ဂန္ထဝင်သဘင်

ပညာ အကျော်အမော် ‘အောင်ဗလ' ၏ မျိုးနွယ်ဆက်မင်းသား ‘ ကေတုသီရိပုလဲစိန်' ဟု နှစ်ပါးခွင် ပရိကံပြောကြားရာ၌လည်း ထိုသို့ပင် ထုတ်ဖော်ပြောကြားခဲ့၏။

‘ ကေတုသီရိပုလဲစိန်'ဟု နာမည်ယူရသည်မှာ တောင်ငူမြို့က ဇာတ်ပိုင်ရှင်နှင့် ပဋိညာဉ်ပြုချက် အရသာဖြစ်သည်။

‘ကေတု'သည် ရှေးခေတ် တောင်ငူ ၏ အမည်သင်္ကေတ၊

‘သီရိ' သည် ကျက်သရေဆောင်၊ တောင်ငူမြို့ကျက်သ

ရေဆောင်မင်းသား‘ပုလဲစိန်' ဟု ဆိုလိုခြင်းပင်တည်း--- ။

ဆင်ဖြူကျွန်း ကျပင်းဒေသကမူ မင်းသား‘ပုလဲစိန်' သည်

ဆင်ဖြူကျွန်း ကျပင်းဒေသသား ဖြစ်သည့်အပြင် ကိုယ့်ဒေသ၌ပင် သဘင်ပညာသင်ယူကာ သဘင်လောထဲသို့

ဝင်ရောက်တာဖြစ်ပါလျက် တောင်ငူမြို့ကို အမွှမ်းတင်သည့် အမည်ယူသည်ကို မကျေနပ်ကြချေ။




‘အတည်' မဟုတ် ‘ယာယီ'အမည် သာဖြစ်

--------------------------------


မင်းသား ‘ပုလဲစိန်'သည် တောင်ငူမြို့က ဇာတ်ပိုင်ရှင်နှင့်

တွဲဖက်စဉ်က ခေတ္တမျှသာ ထိုအမည်ကိုယူခဲ့ပြီး ကိုယ်ပိုင်

သီးခြားဇာတ်အဖွဲ့ဖြင့် လှုပ်ရှားသော ဘဝတစ်လျှောက်

လုံး ၌ပင် ‘ ပုလဲစိန်' အမည်ဖြင့်သာ ကပြခဲ့လေသည်။

ဆင်ဖြူကျွန်းမြို့သား သဘင်ပညာအကျော် ‘အောင်ဗလ'

၏ သဘင်ပညာနှင့်ဂုဏ်ကို စောင့်ထိမ်းဆက်ခံသူ ဖြစ်

သည်။ဆင်ဖြူကျွန်းမြို့နှင့်ဒေသကို ဖော်ထုတ်ဂုဏ်တင်သူလည်းဖြသ်သည်။ ရတနာပုံခေတ်နှင့် ကိုလိုနီခေတ်တွင်

ဆင်ဖြူကျွန်းဒေသမှ ဂန္ထဝင်စာပေရှင်နှင့်သဘင်ပညာရှင်ကြီးများ ထွက်ပေါ်လာခဲ့ပြီးသည်၏နောက်၊ ဒုတိယကမ္ဘာစစ် နောက်ပိုင်းခေတ်၌လည်း ဆင်ဖြူကျွန်း- ကျပင်ဒေသ

သား နိုင်ငံကျော်ဇာတ်မင်းသားအဖြစ် ထွက်ပေါ်လာသူမှာ

ကုက္ကိုတန်းရွာသား ‘ပုလဲစိန်'ပင်ဖြစ်လေသည်။


“ဆရားကောင်းများထံ နည်းလမ်းခံ"

-----------------------------


‘ပုလဲစိန်' ဇနီး မင်းသမီး‘ခင်ဝင်းကြည်' သည် အက၊ အဆို ပိုင်နိုင်သည့် မင်းသမီး‘လှလေးစိန်' ခေါ် ‘ လင်ပန်းခွေ

လှစိန်' ၏တူမဖြစ်၏။ ‘ လှလေးစိန်'၏ ခင်ပွန်းမှာ မင်းသား

အကတွင် ‘ ကြောင်လိမ်အကကို' တီထွင်ကပြခဲ့သူ၊ ဇာတ်သီချင်းများကိုလည်း ရေးစီနိုင်သူ နာမည်ကျော်မင်းသား

‘ခေတ်ပါတီ'ပင်ဖြစ်၏။ ‘ပုလဲစိန် 'တို့ ဇနီးမောင်နှံသည်

မင်းသား‘ခေတ်ပါတီ'နှင် ဒုတိယဇနီး ‘ မင်းသမီး ‘ ပဂိုးကြည်'တို့ထံ သဘင်ပညာဆည်းပူးရင်း တွဲဖက်ပါဝင် ကပြ

ခွင့်ရခဲ့၏။ ထို့ပြင် ‘ ပုလဲစိန်' ပြည်မြို့၌ ကပြစဉ်က သဘင်

ပညာပြည့်ဝသည့် ဇာတ်စာရေးဆရာ မင်းသား‘ အမယ်ကြီးအို ဦးအောင်စိန်'နှင့် ဆုံဆည်းကာ ထပ်မံဆည်းပူခွင့် ရခဲ့ပြန်သည်။

ထိုသို့ဖြင့် ‘ ပုလဲစိန်' သည် လက်ထပ်သင်ဆရာ၊ နည်းခံဆရာ၊ ပညာရှင်များထံမှ အက၊ အဆို၊ အငို၊ အပြော၊ ဇာတ်စီး၊ သဘော စသည့် သဘင်ပညာရပ်ဆိုင်ရာ တို့ကို

ဆည်းပူးခဲ့ကာ သမားစဉ်ကြေသည့်ပြင်‘ အမြင်သစ်' နှင့်

‘ထွင်ဉာဏ်စစ်' ပါရှိသည့် ဇာတ်ဆရာမင်းသား ဖြစ်လာခဲ့

လေသည်။


ပညာဖြင့်နွဲ ‘ပုလဲစိန်' ပွဲ

-----------------

‘ပုလဲစိန်' သည် နောက်ပိုင်း ဇာတ်တော်ကြီးကို စနစ်တကျ

ကပြ၏။ ‘ဂန္ဓာရုံ'၊ ‘ရေဝတီ' စသည့် ရိုးရာယဉ်ကျေးမှုတို့ကို

အသံကောင်း၊ အဆို၊ အငို၊ အပြောတို့ဖြင့် ကပြသည်။

နောက်ပိုင်း ဇာတ်ကြီးကဏ္ဍကို သဘင်ပညာပြည့်ဝမှသာ

ကောင်းစွာတင်ဆက်နိုင်၏။ ခေတ်ပြိုင် ဇာတ်အဖွဲ့အချို့သည် နောက်ပိုင်း‌ဇာတ်တော်ကြီး တင်ဆက်မှုတွင် လျော့ရဲရဲ

ဖြသ်လာကြသည်။ အချို့မှာ ဖြစ်ကတတ်ဆန်းပင် လုပ်လာကြ၏။ ‘ ဦးပုလဲစိန်' က မြန်မာ့ယဉ်ကျေးမှု ဇာတ်ကြီးပိုင်းကို ထိန်းသိမ်းကာ ‘ ဟာကွက်' မရှိ ‘ လုံ'အောင် တင်ဆက်လေ့ရှိ၏။

‘ နှစ်ပါးသွားခွင်' ကို ပရိသတ် အာရုံအထားဆုံးဖြစ်၏။

‘ နှစ်ပါးသွားခွင်' သည် မင်းသားမင်းသမီးတို့၏ အက၊ အဆို၊ အပြော၊ လူရွှင်တော်တို့၏ ဟာသရသ ပြက်လုံးဖြင့်

ရွှင်မြူးစရာ မြိုင်ဆိုင်ကာ သဘင်ပညာ အစုံပါသည့်ကဏ္ဍ

ဖြစ်၏။ ‘ ပုလဲစိန်' ၏ ဇာတ်တွင် မင်းသား မင်းသမီးများ

အကကောင်း၊ အသံကောင်း၊ အဆိုပိုင်သူတို့နှင့်ပြည့်စုံ၏။

မင်းသားတစ်လှည့် မင်းသမီးတစ်လှည့် ကကြ၏။ မင်းသားနှင့် မင်းသမီး ‘ တွဲက' တို့လည်းပါ၏။ မင်းသား ‘ပရိကံ'

ပြောပုံလည်း စနစ်ကျ၏။ ထိုသည်မှာ နှစ်ပါးသွားခွင်၏

ကောင်ခြင်းပင်ဖြစ်၏။

‘ပုလဲစိန်နှစ်ပါးသွား' သည် မူမှန်သောမြန်မာ့သဘင် နှစ်ပါးသွားခွင်သာဖြစ်သည်။

‘အော်ပရာ' သည် ပြဇာတ်မထွက်ခင်၊ ‘ဇာတ်လမ်းတို'

တင်ဆက်မှုဖြစ်၏။ အချိန်တိုအတွင်း ဦးတည်ချက်ထိမိအောင် တင်ဆက်သည့်ခွင်ဖြစ်သည်။ ‘ အော်ပရာ' ကိုလည်း

ပရိသတ်များက နှစ်သက်ကြသည်။ ဦးပုလဲစိန်သည် အတွေးအမြင်မှန်ကန်ရေး၊ ဝိသမလောဘကင်းစင်ရေး၊ လူမှုစီးပွားမျှတရေးတို့ကို ဦးတည်ချက်ထားသည့် အော်ပရာများကို တင်ဆက်ခဲ့လေသည်။ ဇာတ်စာရေးဆရာ‘ မြင်ခြံ

အောင်နိုင်' ၏‘ ဒို့ခေတ်ရောက်ပြီ'၊ ‘ ငွေတစ်ကျပ်နှင့် ငမိုး'၊

ဆိုင်းဆရာစိန်ဗိုလ်တင့် ၏‘ ဖက်ခွက်စား' တို့မှာ ဦးပုလဲစိန်

အထူးနာမည်ကြီးသော အော်ပရာများဖြစ်လေသည်။

‘ဒို့ခေတ်ရောက်ပြီ' အော်ပရာသည် စိတ်ကူးယဉ်မှုလွန်ကဲနေသည့် အဂ္ဂိယတ်သမား၏ လွဲမားသောရပ်တည်မှုဇာတ်လမ်းဖြစ်၏။ အသံကောင်း အဆိုပိုင်သော မင်းသား

‘ပုလဲစိန်' အဂ္ဂိရတ်ရူးဇာတ်ရုပ်၌ ကပြရာ ထိုအဂ္ဂိရတ်ရူး‘ရွှေ'

ကိုတပ်မက်လွန်ပြီး အရူးဖြစ်သွားပုံ၊သူ့ကိုအများက ပစ်ပယ်

ကြပုံတို့ဖြင့်တင်ဆက်ရာ‘မင်းသားပုလဲစိန်' ငိုချင်းဆိုပုံ၌--

‘ရွှေ --- ရွှေ --- ရွှေ ---' ဟု အဆွဲ အရှည်ဆွဲ၍ ပြောင်မြောက်စွာဆိုငိုသည်မှာ ‘ ရွဲကုန်သည် အော်ပရာ'တွင်

‘ ရွှေမန်းတင်မောင်'၏ ‘ရွှေ---'အဆွဲထက် မသာသည်သာရှိမည်၊ အောက်မနိမ့်ဟု ချီးကြူကြလေသည်။

ထိုသို့ တိုးတက်သောအသိ၁အမြင်ဖြစ်စေသည့်‘အော်ပရာ'

ဇာတ်လမ်းတို့ကို ‘ ဦးပုလဲစိန်' ဆင်နွှဲ ကပြခဲ့လေသည်။


“ဟောပြောပုံခွင်" ပြန်လည်တင်

--------------------------

ဦးပုလဲစိန်ဇာတ်သည် နှစ်များစွာတိမ်မြုပ်နေသော

“ အဟောအပြော" ကဏ္ဍကို ပြန်လည်ဖော်ထုတ် တင်ဆက်ခဲ့သေး၏။ ‘ အပြောအဟော' (ဝါ) ‘ ဟောပြောပွဲ' ဟူသည်မှာ နှစ်ပါသွားမထွက်ခင် ‘ဇာတ်စာရေးဆရာ' ကဖြစ်စေ၊

‘မင်းသားကြီး'ကဖြစ်စေ၊ ဗဟုသုတဖြစ်ဖွယ်တို့ကိုဆိုင်းချက်

နှင့်အညီ အပြောကောင်းကောင်းဖြင့် မိနစ်နှစ်ဆယ်ခန့်ဟောပြောသည့်ကဏ္ဍဖြစ်၏။

ထိုသို့ ဟောပြောပွဲကဏ္ဍကို ဒုတိယကမ္ဘာစစ် မတိုင်ခင်၁၉၃၈/၁၉၃၉ ခုနှသ်လောက်တွင် ဇာတ်အဖွဲ့ကြီးအချို့ကထည့်သွင်းခဲ့ကြလေသည်။ ‘ မင်္ဂလာဦးအောင်မောင်း'

၏ဇာတ်၊ ‘အောင်လံတော်ခင်စိန်'၏ ဇာတ်တို့တွင် ဇာတ်စာရေးဆရာ ‘ ဦးစံခို'(လွတ်လပ်ရေးခေတ်၌ အလင်္ကာကျော်စွာဘွဲ့ရသူ)က မျိုးချစ်စိတ် ပွားများရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာပြည် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေး တို့ကို ဟောပြောလေ့ရှိ၏။ အခြားဇာတ်အချို့၌

မင်းသားကြီး‘ဒုတိယဖိုးစိန်'၊ ဇာတ်စာရေးဆရာ‘အဘိဓမ္မာသောင်း' တို့ ဟောပြောကြလေသည်။


ဦးပုလဲစိန် ၏ ဇာတ်တွင်မူ၊ ဆင်ဖြူကျွန်းမြို့‘နွယ်တမယ်ရွာ' သား ဘက်စုံရ‘ဦးဇီးကွက်'(ဦးစံခင်)က ဟောပြောလေ့ရှိ၏။ ‘ဦးဇီးကွက်' က ဇာတ်ကသည်မှာ ဖျော်ဖြေမှု သက်

သက်သာမဟုတ်၊ ပွဲကြည့်သူများ အသိအမြင်တိုးပွားစေသည့် အနုပညာအလုပ်လည်းဖြစ်ကြောင်း၊ မြန်မာရာဇဝင်၌

မြင်စိုင်းခေတ်က‘ငါးစီးရှင်ကျော်စွာ' ဘုရင်ကိုယ်တိုင်‘ဒိုင်းနှင့်ကာ' ကို ကိုင်ကာ‘ကာချင်း' ဆို၍ ကာ,ကကာ အမျိုး

သားဇာတ်မာန် တက်ကြွစေရန် လှုံ့ဆော်ခဲ့ကြောင်းတို့ကိုဟောပြောလေ့ရှိခဲ့သည်။


“ဇာတ်ဆရာ ဦးပုလဲစိန်' က ပွဲကြည့်ပရိသတ်အကျိုး

ရှိစေသည့် ‘ အဟောအပြောကဏ္ဍ'ကို ပြန်လည်ဖော်ထုတ်ပေးခြင်းပင်---။"


“မြိုင်ထ"

-------

‘မြိုင်ထ' ဟူသည်မှာ မင်းသားနှင့် မင်းသမီးတို့ တောမြိုင်လမ်းခရီးတွင် တောတောင်သဘာဝကို ‘မြိုင်ထ' သီချင်းဖြင့် သီဆိုကြကာ သီချင်းနှင့်လိုက်ဖက်သည့် အကအမူတို့ဖြင့် တင်ဆက်သော နှစ်ပါးသွားခွင်ဖြစ်သည်။

အသံကောင်း၍ အဆိုပိုင်မှသာ ပီပြင်သောမြိုင်ထ ခွင်ဖြစ်နိုင်သည်။

ဦးပုလဲစိန်၏ ဇာတ်ကြီးဆယ်ဘွဲ့မြိုင်ထ(ဝေဿန္တရာမြိုင်ထ---)တို့သည် တစ်မူဆန်းသစ်၏။ ဆယ်ဘွဲ့ဇာတ်တော်လာ

ဖြစ်စဉ်တို့ကို နောက်ခံရုပ်သေပြကွက်ဖြင့် စီစဉ်ထားရှိပြီး၊

အသံကောင်း၊ အဆိုပိုင်သော ဦးပုလဲစိန်က ဇာတ်ခုံရှေ့ပိုင်းလက်ျာဒေါင့်မှ ဇာတ်တော်ဖြစ်စဉ်ကို ‘ မြိုင်ထအကဟန်'ဖြင့်ကပြခဲ့သည်။ ‘ဝေဿန္တရာမြိုင်ထ၊ မြိုင်ဟေဝန်မြိုင်ထ' တို့သည် ‘ ဦးပုလဲစိန်' ၏ လူကြိုက်များသော မြိုင်ထများပင်ဖြစ်လေသည်။


“ထင်ပေါ်၍ စင်တော်ကောက် ဇာတ်တော်ပြိုင်ပွဲ ဆုဆင်နွဲ"

-------------------------------------------

‘ဦးပုလဲစိန်'သည် ၁၉၉၀ ခုနှစ်မှစ၍ မကွေးမြို့တွင်

အခြေစိုက်ခဲ့သည်။

၁၉၉၁ ခုနှစ်တွင် နိုင်ငံတော်မှ ကြီးမှူးကျင်းပသော

‘ဆို က ရေး တီး နှင့် ဇာတ်သဘင်ပြိုင်ပွဲတွင် မကွေးတိုင်းကိုယ်စားပြု ဇာတ်တော်ကြီးပြိုင်ပွဲဖြစ်သော‘ ဝေဿန္တရာဇာတ်တော်ကြီး' ဖြင့် နိုင်ငံတော်အဆင့်‘တတိယဆု' ကိုရရှိခဲ့သည်။


နောင်နှစ်များတွင်ကား သဘင်ပညာရှင် ဦးပုလဲစိန်သည်အကဲဖြတ်အမှတ်ပေးဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးရလေသည်။


“ဝမ်းတစ်ထွာနှင့် သဘင်ပညာရပ်အဖြာဖြာ"

--------------------------------

ဇနီးသည် မင်းသမီးကြီး ဒေါ်ခင်ဝင်းကြည် ကွယ်လွန်ပြီးသည်၏ နောက်တွင် ဦးပုလဲစိန်သည် မကွေး၊ ချောက်၊

လယ်ကိုင်း မြို့များတွင် ဝမ်းတစ်ထွာအတွက် ဘက်ပေါင်းစုံ

သဘင်ပညာရပ်အဖြာဖြာကို အသုံးချကာ ရုံပွဲ၊ ဗလာပွဲ မရွေး ကပြ၍ ဘက်စုံသဘင်ပညာရှင်တို့သာ စွမ်းဆောင်နိုင်သည့်‘ ဘုန်ကြီးပျံဧးယာဉ်ကျူးပွဲ၊ ဘုရားထီးတင်ရတုဆိုပွဲများကို ဝမ်းရေးအတွက် လှုပ်ရှားသီးဆိုရလေသည်။


‘ဦးပုလဲစိန်' သီဆိုအသံသွင်းခဲ့သော မြိုင်ထ၊ ဇာတ်တော်ကြီးနှင့် အခြားသောအသံသွင်းဇာတ်များကို ရန်ကုန်မြို့‘အောင်လံတော်' တေးသံးသွင်းမှ တစ်ပြည်လုံးဖြန့်ချီပေးခဲသည်။


‘ဇရာ,ဆည်းဆာနဲ့ ဂန္ထဝင်၏ ဂန္ထဝင်မတွင်သည့်အချိန်ခါ'

-------------------------------------------

အသက်အရွယ် အိုမင်းကြီးရင့်လာသောအခါ ဦးပုလဲစိန်သည် မွေးဖွားရာဇာတိ ကုက္ကိုတန်းရွာသို့ နေထိုင်ရန်ပြန်လာခဲ့လေ၏။ ‘တောင်ဝှေးလဲတုန်းက ဖိုးသူတော်ကယ်နိုင်ခဲ့ပေမယ့် ဖိုးသူတော်လဲသောအခါတွင် တောင်ဝှေးကတစ်ဖန်

ပြန်လို့မကယ်' နိုင်သောဘဝကို ရောက်ရှိလာလေသည်။


သို့သော် ‘စလင်း၊ ဆင်ဖြူကျွန်း၊ တညောင် တို့၌ လာရောက်ကပြကြသော သဘင်သည်အချို့က လာရောက်ကန်တော့ကြ၏။


“သဘင်ပညာရှင်ကြီး ဦးပုလဲစိန်သည် ၂၀၀၉ ခုနှစ်၊ အသက်(၇၇)နှစ် အရွယ်တွင် သူချစ်သောရွာ၊ သူချစ်သောအနုပညာကို စွန့်လွှတ်သွားခဲ့ပြီ၊ ကုက္ကိုတန်းရွာသုဿန်၌ပင် ဂန္ထဝင် ဇာတ်မင်းသားကြီးကို မထင်မရှား မြုပ်နှံသင်္ဂြိုလ်လိုက်ရပေတော့သည်။


အောင်လွင်ဦး

ဆင်ဖြူကျွန်း


စာညွှန်း---

(၁) ‘ ဆင်ဖြူကျွန်းမိတ်ဆက်'

(၂) ‘ ပြည်သူချစ်သောအနုပညာရှင်များ'

ဆင်ဖြူကျွန်းအောင်သိန်း

(၃)‘အောင်ဗလ သဘင်ရောင်ရှိန် ဆက်ခံနွှဲသည့် ဦးပုလဲစိန်' - စင်္ကြာကိုကို။

(ဆင်ဖြူကျွန်းမဂ္ဂဇင်း အမှတ်(၆)၊ဒီဇင်္ဘာ၊ ၂၀၁၆၊ စာမျက်နှာ(၂၁၆)

Friday, August 26, 2022

💢 မန္တလာမြင့်(၁၉၁၀-၁၉၉၀) 💢

 💢 မန္တလာမြင့်(၁၉၁၀-၁၉၉၀) 💢




မန္တလာမြင့်(၁၉၁၀-၁၉၉၀)သည် ​ခေတ်​ဟောင်းဓာတ်ပြားအဆို​တော်ကြီးတစ်ဦးဖြစ်သည်။နန်း​တော်​​ရှေ့ဆရာတင်ရေး​သော ရွှေဘိုသနပ်ခါး​သီချင်းသည် မန္တလာမြင့်၏အ​ကျော်ကြားဆုံး သီချင်းဖြစ်သည်။


◼️မန္တလာမြင့်.....


မန္တလာမြင့်သည် မြန်မာနိုင်ငံရှိ ခေတ်ဟောင်းဓာတ်ပြား အဆိုတော်ကြီးဖြစ်သည်။ ဒေါ်မန္တလာမြင့်ကို ၁၉၁၀-ခုနှစ်၊ မတ်လ(၁၆)ရက်နေ့၌ အဖဦးမျှင်နှင့် အမိဒေါ်ဆင့်တို့မှ မန္တလေးမြို့ ရေကြည်အရပ်တွင် (ရေကြည်ရပ်သည် မန္တလေး ၈၅ လမ်းနှင့် ၂၅ လမ်း အပြ)ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ မငွေ ဖြစ်ပြီး မွေးချင်းငါးဦးအနက် တတိယသမီး ဖြစ်သည်။ မငွေ၏ ဘဝက ဆန်းကြယ်လှသည်။ ရင်နင့်စရာလည်း ကောင်းလှသည်။ မငွေ ခုနှစ်လသမီးအရွယ်ကပင် မျက်စိကွယ်ခဲ့လေသည်ဟု ဆို၏။ သို့သော် မျက်မမြင် ဒုက္ခိတကလေးအဖြစ် ကြီးပြင်းလာရသူ မငွေသည် မိမိဘဝကို အရှုံးမပေးခဲ့ပေ။ အသက် ၁၁-နှစ်အရွယ်တွင် မန္တလေးဈေးချိုတော် ပိုးတန်း၌ သီချင်းဆိုပြရင်း ဘဝလောကဓံကို ရုန်းကန်ရင်ဆိုင်ခဲ့ရသည်။ မျက်စိနှစ်ကွင်း အလင်းမရရှာသော်လည်း အသံပါရမီကလေးက ပါလာသည်။ မငွေ၏ ချိုမြသောအသံကို ကြားရသူတိုင်း စိတ်ဘဝင် ကြည်လင်အေးမြကြရသည်။ မိဘများ ချို့တဲ့ကြသော်လည်း မငွေက ငယ်စဉ်ကပင် မိဘကို အကျိုးပြုနိုင်ခဲ့သည်။ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာပေးနိုင်ခဲ့သည်။


◼️ဘဝတကွေ့......


မငွေ အသက် ၂၅-နှစ်အရွယ်တွင် ဘဝလမ်းကြောင်းက ပြောင်းလဲသွားသည်။ မန္တလေး ရိုးကုမ္ပဏီ၏ တိုက်ခွဲမှတစ်ဆင့် ရန်ကုန် ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီ၌ ဓာတ်ပြားသွင်းရန် မငွေကို လာခေါ်သည်။ သို့ဖြင့် မငွေ ရန်ကုန်သို့လိုက်သွားရသည်။ ထိုစဉ်က ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီသည် ယခု မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံထောင့် ရိုးကုမ္ပဏီတိုက်တွင် တည်ရှိသည်။ မငွေ ရန်ကုန်ဂီတလောကသို့ ရောက်လာသောအခါ မန္တလေးသူဖြစ်သဖြင့် မန္တလာမြင့်ဟု အမည်ပေးခဲ့ကြသည်။ ၁၉၃၅-ခုနှစ်တွင် မန္တလာမြင့်တို့ စတင် သီချင်းဓာတ်ပြား သွင်းကြရသည်။


◼️ပထမဆုံး ဓာတ်ပြားသီချင်း.....


ဒေါ်မန္တလာမြင့်၏ ပထမဆုံး ဓာတ်ပြားသီချင်းမှာ ဂီတစာဆို ဆရာရွှေတိုင်ညွန့် ရေးစပ်သည့် ဘောလယ်သံဆန်း ဖြစ်သည်။ ဓာတ်ပြားသွင်းသည့် အတွေ့အကြုံ မရှိသေးသူ မန္တလေးသူ မငွေ (ခေါ်) မန္တလာမြင့်အား အမေဒေါ်အောင်ကြည်က အစစအရာရာ ကူညီပြသပေးခဲ့သည်။ ဤသီချင်းကပင် မငွေအား မန္တလာမြင့်အဖြစ် ထင်ပေါ်ကျော်ကြား လာစေခဲ့သည်။ အောင်မြင်သော အဆိုတော်တစ်ဦးဘဝသို့လည်း ပို့ဆောင်ပေးခဲ့သည်။


◼️ရွှေဘိုသနပ်ခါး.....




ရွှေဘိုသနပ်ခါး သီချင်းကို မန္တလာမြင့်၏ အကျော်ကြားဆုံးတေးဟု ဆိုကြသည်။ `အစကတော့ဖြူဖြူ ညိုသွားပြီ၊ အခုတော့ ညိုသွားပြီ၊ ပျိုမှားပါပီရှင် ခေါ်လာမိတယ်´ အစချီ ၎င်းသီချင်းကို နန်းတော်ရှေ့ ဆရာတင်က ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ ဆရာတင်က သူ၏ထုံးစံအတိုင်း `ကြံကြံဖန်ဖန်ရန်ကုန်သူ၊ မန္တလာမြင့်တို့ ရန်ကုန်သူ၊ မန္တလေးရောက်မှ အသားမည်း ပြန်သတဲ့ဆူ´ စသည်ဖြင့် တေးဆိုသူ မန္တလာမြင့်၏ အမည်ကို တေးသီချင်းတွင် ထည့်သွင်းစပ်ဆိုခဲ့သည်။ ဤသီချင်းကို ၁၉၃၈-ခုနှစ်၊ ဇွန်လတွင် ဓာတ်ပြားသွင်းခဲ့၏။ နောင် အဆိုတော် ကိုအံ့ကြီးက ရန်ကုန်သူ အမည်ဖြင့် ပြန်လည်သီဆိုခဲ့သည်။ သို့သော် `အသားရယ်ဖြူ လူပေမို့လား´အစချီစာပိုဒ် တစ်ပိုဒ် မပါဝင်ခဲ့ပေ။


ရန်ကုန်သူသီချင်းကိုနန်း​တော်ရှေ့ဆရာတင်ကိုယ်တိုင် ဦးစွာသီဆိုခဲ့သည်ဟုယူဆမိပါသည်။


◼️ဗိမ္မိသာရ.....


ဗိမ္မိသာရ သီချင်းမှာမူ ဂီတစာဆို ဆရာ ရွှေတိုင်ညွန့်၏ လက်ရာဖြစ်သည်။ ဤသီချင်းပါ တေးစာသားများမှာ မန္တလာမြင့်၏ ကရုဏာသံ အဆွဲအငင် အတက်အကျတို့ကြောင့် နားဆင်ရသူ တေးပရိသတ်တို့ အဖို့ စူးနစ်ခံစားစေခဲ့သည်။ ဤ ဗိမ္မိသာရ သီချင်းကို မကြည်အောင်က ဦးစွာသီဆို ဓာတ်ပြားသွင်းခဲ့သည်။ သို့သော် ထိုစဉ်က လည်ချောင်းနာနေသဖြင့် ဓာတ်ပြားပြန်ဖွင့်ကြည့်ရာ အသံကို အားရကျေနပ်မှု မရှိဖြစ်ခဲ့ရသည်။ သို့ဖြင့် မန္တလာမြင့်ကို သီဆိုစေပြီး ဓာတ်ပြားထပ်မံ သွင်းခဲ့ခြင်း ဖြစ်သည်။ မန္တလာမြင့်ဆိုခဲ့တဲ့ သီချင်းပေါင်း (၂၁)ပုဒ်ရှိသည်။ ၁၉၃၅ -ခုနှစ်မှ ၁၉၃၈ ခုနှစ်အထိ သီချင်းဆိုခဲ့သည်။ ဒေါ်မန္တလာမြင့်သည် အဆိုအတီး ပညာရှင်များဖြစ်သော ရွှေပြည်အေး၊ ဂီတာစိမ်းမောင်၊ ဦးသောင်းဖေ (ဂီတာသောင်း)၊ စောင်းဦးဘသန်း၊ ဦးဘထင်၊ ဦးအုန်းမောင်၊ ဦးအောင်ချင်း (ဂီတာဦးစိမ်းမောင်၏ ဖခင်) စသည့် ပုဂ္ဂိုလ်များနှင့် တွဲဖက်သီဆိုခဲ့ရသည်။


◼️ဘဝနိဂုံး.....


ခေတ်ဟောင်း အဆိုတော်ကြီး ဒေါ်မန္တလာမြင့်သည် တူ၊ တူမများနှင့် နေထိုင်ရင်း မျက်မမြင် ဒုက္ခိတတစ်ဦးအဖြစ် သီချင်းလှည့်လည် သီဆိုရင်း အသက် ၈၁-နှစ်အရွယ် ၁၉၉၀-ခုနှစ်၊ မေလ (၃)ရက်နေ့တွင် မန္တလေးမြို့၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ မြင်းစာရေးကြီးဝင်း နေအိမ်၌ ကွယ်လွန်သွားခဲ့သည်။


◼️မန္တလာမြင့်၏ တေးများ.....


ဒေါ်မန္တလာမြင့်သည် ၁၉၃၅-ခုနှစ်မှစ၍ ၁၉၃၈-ခုနှစ်အထိ (၁၃၀၀-ပြည့် အရေးတော်ပုံကာလတိုင်) သုံးနှစ်ခန့် ဓာတ်ပြားသွင်းခဲ့ရသည်။ မန္တလာမြင့် အမည်ဖြင့် ဓာတ်ပြားသွင်းခဲ့ရသော သီချင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။


    ဘောလယ်သံဆန်း (ရွှေတိုင်ညွန့်)

    ဘာသာတရား (ရွှေတိုင်ညွန့်)

    အပျော်ဆုံးနေ့ (ရွှေတိုင်ညွန့်)

    သောင်းသောင်းညံ (ယိုးဒယား) (ဦးအောင်ချင်း)

    တင်လွှာတော် (ဦးအောင်ချင်း)

    အပျို့ဂုဏ်ရည် (ဇေယျာနိုင်)

    မြိုင်တောစွယ် (ဦးအောင်ချင်း)

    နတ်ပန်းမဉ္ဖူ (ဦးအောင်ချင်း)

    ထမနဲပါတီ (၁၂-လမ်း ဆရာဖောင်)

    မေတ္တာရေ (ဦးအောင်ချင်း)

    ကိန္နရီ မောင်နှံ (ရွှေတိုင်ညွန့်)

    ငါးပွင့်ဆိုင် (၁၂-လမ်း ဆရာဖောင်)

    ဝေဿန္တရာ (ရွှေတိုင်ညွန့်)

    လွတ်လပ်ရေး (ဦးအောင်ချင်း)

    ပါတော်မူ (ရွှေတိုင်ညွန့်)

    အညာသားစုံတွဲ (ဥဩဘသောင်နှင့် တွဲဆို) (ရွှေတိုင်ညွန့်)

    ဗိမ္မသာရ (ရွှေတိုင်ညွန့်)

    ရွှေဘိုသနပ်ခါး (နန်း​တော်​​ရှေ့ဆရာတင်)

    ရွှေပြည်ကြီး (နန်း​တော်​​ရှေ့ဆရာတင်)

    ရွှေနန်းတော် (ဦးအောင်ချင်း)

    လယ်သမား (ရွှေတိုင်ညွန့်)

    ရက်ရာဇာ (ဦးအောင်ချင်း)

    အပျိုကြီး စိတ်ကူး (ဇေယျာနိုင်)

    သာသနာ့ဒါယကာ နှင့် ပုဗ္ဗမင်္ဂလာ (ရတု) တို့ ဖြစ်ကြသည်။




_

ကိုးကား......


    📜တင်နိုင်တိုး၏ ပုဂ္ဂိုလ်ထူးတို့၏ ဘဝတစ်ကွေ့ Weekly Eleven ဂျာနယ်


    📜ခေတ်ဟောင်းသီချင်း ပေါင်းချုပ် (သန်းလှိုင်)


    📜မြန်မာစွယ်စုံကျမ်း အနှစ်ချုပ် (၁၉၉၁-ခု)


    📜အသိရယ် ကြည်ပါရဲ့ ဘဝရယ် မကြည်ရှာတဲ့ အမေ (အေးအေးမွန်) ရွှေဝတ်ရည် မဂ္ဂဇင်း (၁၉၉၀)


    📜သတင်းဂျာနယ် (၂၄.၁.၁၉၇၀)

Tuesday, May 31, 2022

ရုပ်ရှင်သရုပ်ဆောင် မြတ်လေး

ရုပ်ရှင်သရုပ်ဆောင် မြတ်လေး

=========================




မြတ်လေးကို ရန်ကုန်တစ်ဖက်ကမ်း ခနောင်တိုတွင် အဖ စတီးဘရားစာရေးကြီး ဦးဘရှင်၊ အမိ ဒေါ်မိုးလုံး (ဒေါ်ဒေါ်မိုး) မှ ၁၉၃၂-ခု ဇူလိုင်လ (၁၁)ရက်၊ တနင်္လာနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းငါးဦးအနက် စတုတ္ထမြောက်ဖြစ်ပြီး ငယ်မည်မှာ မောင်လေးဖြစ်သည်။


ပညာသင်ဘဝ


ငယ်စဉ်က ခနောင်တိုရွာဦးကုဏ္ဍလ ဘုန်းတော်ကြီးကျောင်းတွင် လေးတန်းအထိ ပညာသင်ကြားခဲ့သည်။ ယင်းနောက်လမ်းမတော်၊ မော်တင်ကျောင်းတွင် လေးတန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသည်။ မူလတန်းကျောင်းသားဘ၀မှာပင် ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉ - ၁၉၄၅) ဖြစ်ပွားခဲ့သည်။ ထို့နောက် ဆရာဦးဘအေး၊ ဆရာဦးမြမောင်၊ စာတိုက်ဝန်ထောက်ဦးစံရင်တို့ထံတွင် ပညာကို ဆက်လက်သင်ယူသည်။ စနစ်တကျ သင်ကြားရခြင်းမျိုးမဟုတ်ပေ။ ဆရာတစ်ဦးထံ တွင် ဂဏန်းသင်္ချာ၊ ဆရာတစ်ဦးထံတွင် မြန်မာစာ၊ ဆရာတစ်ဦးထံတွင် အင်္ဂလိပ်စာစသည်ဖြင့် သင်ယူရခြင်းမျိုးဖြစ်သည်။ ဆရာအားလုံးမှာ စေတနာဆရာများသာဖြစ်သည်။ ရေနံဆီဖိုးမျှဖြင့် သင်ကြားပေးကြခြင်းဖြစ်သည်။


ပထမ သူ့နာမည်ထိပ်တွင် တက္ကသိုလ် ဟု တင်စားချက်ကလေး ရှိခဲ့သဖြင့် တက္ကသိုလ်မြတ်လေး ဟုဖြစ်သည်။ ဖနောင့်ကလေးကြွကာ၊ မျက်ခုံးကြီး တဖက် ပင့်ကာပင့်ကာနှင့် ကဗျာဆန်ဆန်စကားရှည်ကြီးတွေပြောသော သူ့အမူအယာကို နှစ်ခြိုက်သွားခဲ့ကြသဖြင့် ထိုခေတ်က သူ့အမူ အယာကို ‘မြတ်လေးစတိုင်’ ဟု ခေါ်ကြသည်။ ‘ရေပွက်ပမာ’ဇာတ်ကားတွင် မြတ်လေးသည် လူဆိုးဂိုဏ်းဝင်အဖြစ် သရုပ်ဆောင်သည်။ မြတ်လေးသည် မေတ္တာဘွဲ့၊ ဟာသ၊ ဇာတ်ကြမ်း စသည်ဖြင့် ဇာတ်ကောင်စရိုက်မျိုးစုံကို ကျရာဇာတ်ရုပ်အတိုင်း ပီပြင်စွာသရုပ်ဆောင်လေ့ရှိသည်။ ၁၉၈၅-ခုနှစ်တွင် သူ ဒုတိယအကြိမ် အမျိုးသားဇာတ်ပို့ဆုအဖြစ် အကယ်ဒမီရွှေစင်ရုပ်ရရှိသော ‘ရင်ထဲမှာရွာသောမိုး’ ကို ဒါရိုက်တာ မောင်မောင်မြင့်ရိုက်ကူး၍ ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊ အောင်လွင်တို့နှင့်အတူ သရုပ်ဆောင်ခဲ့သည်။ ၂၃ နှစ်ကြာပြီးမှ ဒုတိယအကြိမ် အကယ်ဒမီ ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဇာတ်ကားတွင် မိဘပစ်သွားသော မွေးကင်းစကလေး (ကျော်ဟိန်း)ကို ကြီးပြင်းသည်အထိ ပညာသင်ကျွေးမွေးစောင့်ရှောက်ထားသော သုဿာန်စောင့်ကြီးအဖြစ် မြတ်လေးက သရုပ်ဆောင်ထားသည်။ အချိန်တန်အရွယ်ရောက် လူလားမြောက်လာသော ကျော်ဟိန်းကို မိဘအရင်းများက လာရောက်ပြန်လည်တောင်းဆိုသောအခါ ငယ်ငယ်ကတည်းက မွေးစားခဲ့သောကလေးကို သံယောဇဉ်ငြိတွယ်နေသဖြင့် မပေးရက်၊ မပေးပြန်လျှင်လည်း ကလေး၏ဘ၀သည် သုဿာန်ထဲတွင်နေ သုဿာန်ထဲ၌ပင် ဘ၀ဆုံးသွားမည်ဖြစ်သည်။ ပေးလိုက်မှသာ မိဘအရင်းတို့က ရွေဘုံပေါ်တွင်ထားပြီး ကလေးဘ၀ကောင်းစားမည်။ သို့ကလို ချီတုန်ချတုန် အပြန်ပြန်အလှန်လှန်စဉ်းစားပြီး ရင်ထဲတွင်မချေိ၀ဒနာခံစားနေရပုံကို ပီပြင်စွာသရုပ်ဆောင်သွားရာ ကြည့်ရသူတိုင်း ဝမ်းနည်းကြေကွဲမျက်ရည်ကျရသည်အထိ ဖြစ်ခဲ့ရလေ သည်။ ထို့ကြောင့်လည်း အဆိုပါဇာတ်ကားတွင် မြတ်လေးသည် အမျိုးသားဇာတ်ပို့ဆုကို ထိုက်တန်စွာဆွတ်ခူးရရှိသည်ဟု ထင်မြင်မိပါသည်။


စာပေ ဂီတ




မြတ်လေးသည် ရုပ်ရှင်ဘက်၌သာ ထူးချွန်သည်မဟုတ်၊ စာပေဂီတဘက်၌လည်း ခေသူမဟုတ်ပင်။ သူသည် ကဗျာသမား စာသမားလည်း ဖြစ်သည်။ တေးရေးတေးဆိုဘက်၌လည်း ထင်ရှားသူဖြစ်သည်။ သူသည် စာပေမှလာသူဖြစ်သောကြောင့် သီချင်းအရေး အလွန်ကောင်းသည်။ သူရေးစပ်သီကုံးခဲ့သော တေးသီချင်းပေါင်း ၂၀၀ ခန့်ရှိရာ ထင်ရှားသည့်သီချင်းများမှာ မေတ္တာစစ်ဆိုသည်မှာ၊ ဝေးပြီမွှေးရယ်၊ မခင်နှင်းဆီ၊ မခင်နှင်းဆီရဲ့ နှင်းဆီ၊ မခင်နှင်းဆီရဲ့နှင်းဆီဇာတ်သိမ်း (မခင်နှင်းဆီသို့ပေးစာကို ကိုတင်ကိုးရေးခဲ့သည်) ပန်းတိုင်းပွင့်ပါစေ၊ ပင်လုံထိပ်ထားဦး၊ ချစ်သက်ပိုင်၊ တစ်ရံရောအခါက၊ ဘာပဲလုပ်ရလုပ်ရ စသည့်သီချင်းများသည် ရေပန်းစားခဲ့သည်။ ယနေ့တိုင်ပြန်ဆိုနေ ကြဆဲပင် ဖြစ်သည်။ မြတ်လေး၏သီချင်းများကို သူကိုယ်တိုင်သာမက မောင်မောင်ကြီး၊ ကိုမင်းနောင်၊ ကိုမြကြီး၊ စန္ဒရားချစ်ဆွေ​၊ ခင် မောင်လွင်၊ သန်း ဖေလေး၊ သုမောင်၊ မြင့်မြင့်ခင်၊ လီလီကြာညွန့်၊ တင်တင်မြ၊ တင်တင်လှ၊ စသည်တို့က သီဆိုခဲ့ကြသည်။




မြတ်လေးသည် အသစ်အဆန်းကိုရှာဖွေလို၍ အစဉ်အလာဟောင်းမှလမ်းခွဲထွက်လိုသူလည်း ဖြစ်သည်။ မြတ်လေးသည် ဇာတ်ကား နာမည်များကိုပင် လူထုသုံးစကားလုံးများရွေး၍ သုံးစွဲတတ်သဖြင့် သူ့ဇာတ်ကားနာမည်များသည် လူထုကြား၌ရေပန်းစားခဲ့သည်။ သူ၏သီချင်းဆို၍ ငိုရသည်။ သွေးနဲ့ ချွေးနဲ့ ရင်းသည့်မြေ၊ ငို၍ ရယ်၍ မရသော မျက်နှာ၊ ချစ်သူကလ ကိုယ်ကည၊ သူများရီဖို့ ကိုယ်ငိုမယ်၊ ပုဂံအလှရှာပုံတော်၊ ရွှေပန်းကန်ပေါ်ကျတဲ့မျက်ရည် စသည့်နာမည်များမှာ ပရိသတ်ရင်ထဲကို စွဲငြိစေခဲ့သည်။


သို့ကလို ပညာသင်ကြားနေစဉ်မှာပင် ဒလမြို့သန်းခေါင်စာရင်းရုံး၌ အောက်တန်းစာရင်း ဝင်လုပ်သည်။ ထို့နောက် ရန်ကုန်မြို့ (ပန်းဆိုးတန်းလမ်း) ထောက်ပံ့ရေးရုံး၌ အလုပ်ဝင်လုပ်သည်။ ထိုအချိန်ကပင် မြတ်လေးသည် စာပေအနုပညာနှင့် နိုင်ငံရေးလမ်းကြောင်းပေါ်သို့ တပြိုင်တည်း စမ်းလျှောက်နေသည်ဟု ဆိုနိုင်သည်။ ယောက်ဖဝမ်းကွဲတော်သူ တယောဝိဇ္ဖာကိုအေးကိုအကြောင်းပြု၍ သူ့ဂီတတမျိုးစေ့ကို သန္ဓေတည်ခဲ့သည်။ ထိုစဉ်က ကိုအေးသည် ဒရမ် တီးဝိုင်းတည်ထောင်ထားသည်။ မြတ်လေးသည် ဇာတ်၊ ရုပ်သေး၊ ကွက်စိပ်ပွဲများသို့လည်း လက်လှမ်းမီသမျှ လေ့လာဆည်းပူးသည်။ သူသည် စာပေ၊ ဂီတပေါ် မြတ်နိုးတွယ်တာစိတ်ရှိသလို နိုင်ငံရေး၌စိတ်ပါဝင်စားသည်။ ထောက်ပံ့ရေးရုံးတွင် စာရေးအဖြစ် လုပ်ကိုင်နေ စဉ်မှာပင် သမဂ္ဂအဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။ ထို့အပြင် ခနောင်တိုမြို့နယ် ဗလစလူငယ်ပြန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ သို့ကလို စာပေဂီတနှင့် နိုင်ငံရေးတို့၌သာ အချိန်ပေးနေသည့်အတွက် ဆယ်တန်းစာမေးပွဲကို နှစ်ခါချခဲ့ရသည်။ ထို့နောက် ညကျောင်း တက်ရင်း ဆက်လက်ဖြေဆိုရာမှ အသက်၂၃ နှစ်အရွယ် ၁၉၅၁ တွင် ဆော်လမွန်ကျောင်းမှ ဆရာကြီးဘဆူးထံတွင် ဆက်လက်ပညာ ဆည်းပူးသည်။ ယင်းကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၀ တန်းအောင်မြင်ပြီးနောက် မြတ်လေးသည် အလုပ်တစ်ဖက်ဖြင့်ပင် သက်ကြီးတက္ကသိုလ်တွင် ဆက်လက်ပညာသင်ယူသည်။ ထိုစဉ်မှာပင် ဂီတပညာကိုလေ့လာသည်။ သူသည် ဆရာဂျူဗလီစိန်ထံတွင် အဆိုသဘောနှင့် သီချင်းရေးနည်းများ လေ့လာသင်ယူခဲ့သည်။ အေးဝမ်းခင်မောင်၊ စန္ဒရားသီဟ၊ ဒုံမင်းလှိုင်ထင်တို့ထံမှ ဂီတသံစဉ်ကို ဆည်းပူးသည်။ ဆရာရွှေပြည်အေး၊ ဂီတနက်သန်ကို စောညိန်း၊ ဂီတာအုန်းလွင်၊ စန္ဒရားကိုမျိုးလှိုင်၊ စန္ဒရားချစ်ဆွေ၊ ဂီတလုလင်မောင်ကိုကို၊ ဗိုလ်က လေးတင့်အောင်၊ စာရေးဆရာအောင်လင်းတို့ထံမှ ဂီတအခြေခံကောင်းများရရှိခဲ့သည်ဟု သိရသည်။ ယင်းနောက် အရှေ့ပိုင်းတူရိယာအဖွဲ့နှင့်နီးစပ်သွားပြီး ထိုဝိုင်းအတွက် သီချင်းများရေးပေးရသည်။ မြတ်လေး၏သီချင်းများသည် မြန်မာ ဆန်၍ သံစဉ်ပြေပြစ်သည်။ သီချင်းစာသား အဓိပ္ပာယ်လည်း လေးနက်၍ အတွေးအခေါ်ဆန်းသစ်သည်။ မြန်မာ့ဂီတလောက၌ မြန်မာအသံမှ ဓာတ်ပြားရ သီချင်းတစ်ပုဒ်ဖြစ်လာအောင် အတော်ကြိုးပမ်အားထုတ်ယူရသည်။ မြတ်လေးသည် ဓာတ်ပြားရတေးအတော်များများကို ရေးသားဖန်တီးနိုင်ခဲ့သည်။ သူသည် ရုပ်ရှင်ဇာတ်ဝင်တေးများကိုလည်း ရေးသားခဲ့သည်။ အချို့ကို ကိုယ်တိုင်သီဆိုသည်။ မြတ်လေးသည် ဂီတလောကတွင် စန္ဒရားချစ်ဆွေနှင့် အတွဲများသလောက် အချို့သီချင်းများကို ပူးတွဲရေးသားခဲ လေသည်။


မြတ်လေးရေးစပ်သီကုံး၍ စတင်သီဆို အသံလွှင့်ခဲ့သောတေးမှာ ‘မေတ္တာအင်အား’ ဖြစ်သည်။ တိုက်ပွဲဝင်ကျောင်းသားတစ်ဦး သီချင်းများ၊ ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ၊ ဧရာ၀တီငိုသံ၊ ဒို့ကြားရသည်၊ ဘော်လဂါနဒီ-ဧရာ၀တီတေးများအဖြစ် တရုပ်ဖြူဆန့်ကျင်ရေးသီချင်း များဖြစ်သည်။ ထို့နောက် မေတ္တာစစ်ဆိုသည်မှာ၊ လက်ဆောင်မွန်၊ ဝေလေလေ၊ ထာ၀စဉ်အချစ်၊ မစ္စဝီစကီ၊ ကပြားမလေးဂိုရာရမ်၊ သီချင်းဆို၍ငိုရသည်၊ သည်ဇာတ်သည်တွင်ဆုံးပြီကွယ်နှင့် စစ်ကိုမောင်းထုတ်ကြစို့ သီချင်းများကိုလည်း ကိုယ်တိုင်ရေးစပ်သီဆိုခဲ့သည်။ အခြားဂီတစာဆိုများရေးသား၍ မြတ်လေးသီဆိုခဲ့သော သီချင်းများမှာ မနည်းလှပေ။ ယင်းတို့အနက် ကလေးချော့ (ရင်မှာပျိုးသော ဇာတ် ကားအတွက် ဆရာရွှေပြည်အေးရေးခဲ့သည့်သီချင်း) သီချင်းသည် ထင်ရှားသည်။


မြတ်လေးသည် စာပေဝါသနာပါသူလည်းဖြစ်ရာ ဂီတစာဆိုတော်များအကြောင်းကို လည်း စာနယ်ဇင်းများ၌ ရေးသားသည်။ ယင်းတို့အနက် ဆရာရွှေပြည်အေး၏ ဂီတစွမ်းရည်အ ကြောင်းကို ‘ရွှေအောင်လံ’ မဂ္ဂဇင်းတွင် တစ်နှစ်နီးပါးမျှ အခန်းဆက်ဆောင်းပါးများရေးသားသည်။ စာရေးဆရာ၊ ဂီတစာဆိုအောင်လင်းအကြောင်းကိုလည်း ‘ရုပ်ရှင်တေးကဗျာ’ မဂ္ဂဇင်း တွင် အခန်းဆက်ရေးသားသည်။ တယောထိုး အလွန် ကောင်းသူ စာရေးဆရာ ဗန်းမော်တင်အောင်အကြောင်းနှင့် တက္ကသိုလ်ဘုန်းနိုင်အကြောင်းကိုလည်း ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတွင် (၈) လကြာမျှ အခန်းဆက်ရေးခဲ့သည်။

မြတ်လေးရေးခဲ့သည့်ဝတ္ထုများတွင် အကြောင်းအရာအသစ်၊ အတွေးအခေါ်သစ်၊ အယူအဆအသစ်များကို တင်ပြလေ့ရှိသည်။ သူရေးခဲ့သည့် ဝတ္ထုများအနက် ဆေးစက်မကျသေးသော အဖြူ၊ မီးရောင်အောက်ကအမှောင်၊ ငှက်ခတ်သမားဘကျား၊ ဆံမြိတ်လည်းပြေ ပန်းလည်းကြွေ၊ ဇရာနှင့်ဗေဒါအနမ်းတို့မှာ ထင်ရှားသည်။


မြတ်လေးသည် ဆရာဦးဉာဏထံ ချဉ်းကပ်၍လည်း ဇာတ်ညွန်းရေးနည်းကို နည်းခံခဲ့ သည်။ ကျောင်းသားဘ၀က ဝါသနာတူလူငယ်များနှင့်တွဲ၍ အရပ်ပြဇာတ်များကို စတင်ကပြခဲ့ သည်။ အဆိုပါပြဇာတ်များ၌ သူကိုယ်တိုင်ဒါရိုက်တာမင်းသားနေရာယူ ကပြခဲ့သော ဒို့အိမ်ကြီး၊ ယမနေ စသည့်ပြဇာတ်မှာ ထိုစဉ်က ပရိသတ်အကြိုက်တွေ့ခဲ့သည့် ပြဇာတ်များဖြစ်သည်။ ထို့နောက် တက္ကသိုလ်သို့ရောက်သောအခါ မြတ်လေး သည် တက္ကသိုလ်အနုပညာအသင်း၌ ပါဝင်လှုပ်ရှား၍ သူ့အနုပညာအရည်အသွေးကို ပြသခဲ့သည်။ ထို့ကြောင့်လည်း ဥပစာအောက် တန်းစာမေးပွဲကို ၅ ကြိမ်မြောက်ဖြေဆိုမှ အောင်မြင်ခဲ့သည်။ မြတ်လေးစာမေးပွဲကျသည်မှာ အဆန်းမဟုတ်ပေ။ အချိန်ပြည့် အနုပညာ လှုပ်ရှားမှုများ ပါဝင်ဆောင်ရွက်နေသူဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀ ကျောင်းသားပွဲတော်များတွင် မြတ်လေးရေးသား၍ ကပြခဲ့ သောပြဇာတ်များမှာ ညီမလေးမာလာ၊ ဆံမြိတ်လည်ပြေ ပန်းလဲကြွေ၊ ၁၃၀၀ ပြည့်အရေးတော်ပုံ စသည်တို့ဖြစ်သည်။


သက်ကြီးတက္ကသိုလ်မှ စာမေးပွဲအောင်မြင်ပြီးနောက် မြန်မာနိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်တွင် အကြီးတန်းစာရေး၊ စတင်လုပ် ကိုင်ခဲ့သည်။ ၆ လအကြာတွင် လက်ထောက်ကြီးကြပ်ရေးမှူးရာထူး တိုးမြှင့်ခံရသည်။ ယင်းဘဏ်တွင် ၂ နှစ်ခွဲခန့်ထမ်းရွက်ပြီးနောက် ရုပ်ရှင်လောကသို့ ခြေစုံပစ်ဝင်ခဲ့သည်။ ရုပ်ရှင်လောကသို့ ဓနဂုဏ်၊ ငအ၊ မွှေး၊ သစ္စာရှင်၊ မြတ်နိုးသူ၊ အရိုင်းစပယ်၊ ဩော်ယောက်ျား ရုပ်ရှင်ကားများတွင် တေးဂီတတာဝန်ခံအဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုအတွေ့အကြုံများသည် နောင်တွင် မြတ်လေးအား ရုပ်ရှင်သရုပ်ဆောင်မှုဘက်၌ များစွာအထောက်အပံ့ဖြစ်စေခဲ့သည်။




မြတ်လေး၏ ပွဲဦးထွက်ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားမှာ ‘ပင်လုံထိပ်ထားဦး’ ဖြစ်သည်။ ပင်လုံထိပ်ထားဦး ဇာတ်ကား၏ဇာတ်ညွန်းနှင့်ဒါရိုက်တာမှာ မြတ်လေးပင်ဖြစ်သည်။ ယင်းဇာတ်ကား၏ဦးတည်ချက်မှာ ပဒေသရာဇ်ဆန့်ကျင်ရေး အခြေခံဇာတ်လမ်းဖြစ်သည်။ ယင်းကား ကိုသုံးသပ်၍ ဝါရင့်ဒါရိုက်တာအားလုံးလိုလိုက မြတ်လေးကို အရည်အချင်းရှိသောဒါရိုက်တာအဖြစ် လက်ခံခဲ့ကြသည်။ မြတ်လေးရိုက် ကူးသော ဇာတ်ကားတိုင်းလိုလိုမှာ မြန်မာ့ရုပ်ရှင်သမိုင်းတွင် အထင်ကရနေရာတွင် မှတ်တမ်းတင်ခြင်းခံရသည်။

မြတ်လေးသည် စိတ်ကြိုက်အမူအယာကို မှန်မှာကြည့်၍ကိုယ်တိုင် လေ့ကျင့်သည်။ သရုပ်ဆောင်သောအခါ ဇာတ်ကောင်စရိုက်လိုက်၍ ဆိုင်ရာဆိုင်ရာ အခန်းများတွင် အမူအယာများကို ထည့်သွင်းအသုံးပြုသည်။ ထို့ကြောင့် မြတ်လေး၏အမူအယာများမှာ ရုပ်ရှင်ဇာတ်ကား တစ်ကားနှင့်တစ်ကား မတူဘဲ အမြဲတမ်းဆန်းသစ်၍နေသည်။


စကားပြောကောင်းသူပီပီ ‘ပန်းပန်လျက်ပါ’ ဇာတ်ကားတွင် မြတ်လေးသည် မြန်မာဆန်ဆန် တိုက်ပုံကလေးဝတ်လျက် ဆေးတံခဲကာ မျက်ခုံးကလေးပင့်၍ စကားပြောဟန်မှာ ရုပ်ရှင်ကြည့်ပရိသတ်၏ရင်ထဲတွင် အရိပ်ထင်စွဲကျန်ရစ်ခဲ့သော အမူအယာများပင်ဖြစ်သည်။ ယင်း ဇာတ်ကား၌တက္ကသိုလ်ကျောင်းဆရာ ကိုကျော်စိန်(မြတ်လေး) က အငြိမ့်မင်းသမီးမဗေဒါ (ကြည်ကြည်ဌေး) အိမ်လာတွေ့၊ အကြောင်းအရင်းမှာ သူ့သူငယ်ချင်း ကိုစောထွန်း (ကောလိပ်ဂျင်နေဝင်း) က ချစ်သူမဗေဒါကို လက်မထပ်ဘဲ ဂုဏ်ကြီးရှင် ခင်မမ(ဘေဘီနွဲ့) ကို မင်္ဂလာဆောင်သွား၊ မဗေဒါကို မယူရကောင်းလားဟု ကိုကျော်စိန်က ကရုဏာဒေါသဖြင့် ခံစားမှုအပြည့်ဖြစ်ပြောရာ မဗေဒါက ‘ဒါဖြင့် ဆရာ ကျမကို လက်ထပ်ယူနိုင်မလား’ ယင်းတွင် မြတ်လေး က ‘ဗျာ’ ဟု ပြန်ပြောရာ ထိုအပြောစကားတို့သည် ရုပ်ရှင်ကြည့်ပရိသတ်အတွက် ရင်ခုန်သွားခဲ့ရသော စကားပြောခန်းများပင်ဖြစ်သည်။

‘သီတာဘယ်သို့ချစ်ရမယ်’ စကားတွင် ဟာသသရုပ်ဆောင်အဖြစ် မြတ်လေးက သရုပ်ဆောင်ထားသည်။ ‘ချစ်သူကလ ကိုယ်ကည’ ဇာတ် ကားတွင် သူသည် ခါးပိုက်နှိုက် သူခိုးအဖြစ် သရုပ်ဆောင်ခဲ့သည်။ ယင်းဇာတ်ကားတွင် ခါးပိုက်နှိုက်ဘ၀ကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ သည့်အတွက် ပရိသတ်အကြိုက်တွေ့စေခဲ့သည်။ ‘ရေပွက်ပမာ’ ဇာတ်ကားတွင် မြတ်လေးသည် လူဆိုးဂိုဏ်းဝင်သရုပ်ဆောင်ခဲ့သည်။


သူဇာရုပ်ရှင်မှ ဒါရိုက်တာစာရေးဆရာ ဦးမင်းအောင်၏ ‘အမုန်း၏နောက်ဝယ်’ ဇာတ် ကားတွင် မြတ်လေးသည် ပန်းချီဆရာအဖြစ် သရုပ် ဆောင်သည်။ သရုပ်ဆောင်ချက်ပီပြင်မှု ကြောင့် မြတ်လေး၏အသွင်ပျောက်၍ တကယ့်ပန်းချီဆရာ၏ ဘ၀ဇာတ်လမ်းကို ကြည့်ရှုနေရ သကဲ့သို့ ထင်မှတ်မှားအောင် သူ၏သရုပ်ဆောင်မှုက အောင်မြင်ခဲ့သည်။ ထို့ကြောင့်လည်း ၁၉၆၁ ခုနှစ်အတွက် အမျိုးသားအကောင်းဆုံးသရုပ်ဆောင်ဆုကို ‘အမုန်း၏နောက်ဝယ်’ ဇာတ်ကားတွင် ဆွတ်ခူးရရှိခဲ့သည်။ မြတ်လေးအကယ်ဒမီထပ်ဆင့်ရရှိသောဇာတ်ကားမှာ ၁၉၈၄ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆုအဖြစ် ရရှိခဲ့သော ‘ရင်ထဲမှာရွာသောမိုး’ ဇာတ်ကားဖြစ်သည်။ မြတ်လေးပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားအချို့မှာ ပင်လုံထိပ်ထားဦး၊ မောင့်ကို သေစေညွန်းရော့သလား၊ ပန်းတိုင်းပွင့်ပါစေ၊ သီချင်းဆို၍ငိုရသည်၊ ချစ်ပါသည်ဆိုသော် လည်း၊ ဝမ်းနည်းဝမ်းသာ၊ သွေးနဲ့ချွေးနဲ့ရင်းသည့်မြေ၊ ရင်မှာပျိုးသောပန်း၊ မိရွှေမာ၊ မောင်ချစ်နှမချစ်၊ မိုးကျော်သူ၊ ရန်ကုန်သားနဲ့မန္တလေးသူ၊ ချစ်သူပေးသောတေးတစ်ပုဒ်၊ စိမ်းနှမစန္ဒာ၊ လျော်ကြေးဖူးစာ၊ ညီမအတွက် ပုံတသွယ်၊ ပန်းကလေးများမနွမ်းစေချင်၊ မောင်ခေါ်ရာ လိုက်တော့မယ်၊ သူတို့ဖို့လည်းပိုချစ်ပါ၊ ချစ်ခြင်းမေတ္တာ၊ မြခြူသံ၊ လျှို့ဝှက်မေတ္တာ၊ ပေါင်း၍နုတ်၍မရသော မေတ္တာ၊ တေးဆိုလို့ချစ်ပါ့မယ်၊ ရွှေလက်ဖြင့်ခေါ်လည်းမလာ၊ အချစ်၏ကျေးကျွန်များ၊ တက်ခါး နဲ့ဇာနည်၊ မျက်နှာတစ်ခြမ်းအိုးမဲနဲ့၊ အရှိုက်၊ ရွှေပန်ကန်ပေါ်ကျတဲ့မျက်ရည် စသည့် ဇာတ်ကား များဖြစ်သည်။

မြတ်လေးသည် ၁၉၆၂ တွင် ကမ္ဘာ့လူငယ်ပွဲတော်တက်ရန် တရုတ်ပြည်မန်ချူးရီးယား၊ မွန်ဂိုလီးယား၊ ဆိုက်ဗေးရီးယားမှ တစ်ဆင့် ဖင်လန်နိုင်ငံ ဟယ်ဆင်လီးမြို့သို့ သွားရောက်သည်။ ထိုစဉ်အခွင့်ကြုံ၍ ကမ္ဘာ့ရုပ်ရှင်ပညာရုပ်များကို ဝါရင့်ရုပ်ရှင်အတတ်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့သည်။ ဆိုဗီယက်နိုင်ငံသို့ရောက်ရှိစဉ် ကမ္ဘာကျော် ‘စစ်ငြိမ်းချမ်းရေး’ ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာကြီး ဘောင်ဒါချတ်နှင့် တွေ့ဆုံပြီး ရုပ်ရှင်ပညာအကြောင်း ဆွေးနွေးခဲ့သည်။

မြတ်လေးသည် Method Acting စာအုပ်ကို ကိုယ်တိုင်ရေးသားပြီးကိုယ်တိုင်လည်း သင်တန်းဖွင့်လှစ်ပို့ချသည်။




သို့ကလို စွယ်စုံရ အနုပညာရှင်တစ်ဦးဖြစ်သော စာရေးဆရာ၊ ဒါရိုက်တာ၊ ဇာတ်ညွန်း ရေးဆရာ၊ မင်းသား၊ ဂီတစာဆို၊ အဆိုတော် ထပ်ဆင့်အကယ်ဒမီ မြတ်လေးသည် ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်မြင့်မြင့် (ဘီအေ၊ ဘီအီးဒီ) နှင့် သားအောင်မြတ်မိုး၊ သမီးသွယ်သွယ်မြတ်၊ သားအောင် မြတ်မျိုးတို့ ကျန်ရစ်ခဲ့သည်။ 


ငယ်နာမည် မောင်လေး၊ အဖေဦးဘရှင်၊ အမေ ဒေါ်ပိုး။ မွေးရက်က ၁၂၉၀၊ ဝါခေါင်လ။ ဇာတိက ရန်ကုန်တဖက်ကမ်း ခနောင်တို။ မွေး ချင်းငါးယောက်ရှိတဲ့ အထဲက စတုတ္ထ။ ဘုန်းကြီးကျောင်းပညာရေး ထဲမှာ ဦးကုဏ္ဍလကျောင်းမှာ စာသင်ရတယ်။ လေးတန်းအထိ။ လေးတန်းဖြေတော့ ရန်ကုန်ဘက်ကမ်းကိုကူးပြီး အင်္ဂလိပ်အစိုးရ ကျောင်းမှာ ဖြေရတယ်။ အင်္ဂလိပ်အစိုးလက်ထက်ပေါ့။ လေးတန်းမ အောင်ဘူး။ ဒါနဲ့ကျောင်းထွက်လိုက်တယ်။ တနှစ်လောက်ကြာတော့ ကျောင်းပြန်တက်တယ်။ ၁၁ နှစ်သားလောက် ရှိပြီ။ မြူနီစပါယ် ရွေး ကောက်ပွဲ သပိတ်ဖြစ်တယ်။ ဒါနဲ့ ပြန်တက်တဲ့လေးတန်းလဲ မအောင်ပြန်ဘူး။ ဆိပ်ကြီးက ဆရာ ကြီး ဦးဘအေးဆီမှာ အင်္ဂလိပ်စာ သီးခြားသင်တယ်။ Reader (1) (2) (3) (4) လောက်အရောက်မှာ အဖေက စတီးဘရားသား စာရေးကြီးဆိုတော့ ငပုတောကို ပြောင်းရတာနဲ့ လိုက်သွားရတယ်။ တစ်နှစ်လောက်ကြာတော့ ခနောင်တိုကို ပြန်လာရတယ်။ စာပြန်သင် တယ်။ ရွာကိုလာတဲ့ ဇာတ်ပွဲတွေ ရွှေကျီးညိုတို့၊ နေ့ရောညရော အ ရောင်မမှိန်အောင်ငြိမ်း၊ တက်ခေတ်စိန်၊ ဦးအောင်မောင်း၊ သူရဲလေး အောင်စိန်၊ ဂရိတ်ဖိုးစိန် စသဖြင့် အကုန်ကြည့်တာပဲ။


အနုပညာနဲ့ ပတ်သက်လို့တော့ စစ်ပြီးခေတ်သီချင်းတွေ ကြိုက်လာတယ်။ အိပ်ပြီလားကွယ့် ဖြူပြာ၊ မူယာ၊ လွမ်းမိုးစွေ။ အဲဒီမှာ ဘာထပ်နွယ်လဲဆိုတော့ အမတဝမ်းကွဲရဲ့ ခင်ပွန်းက တယောဝိဇ္ဇာကိုအေး၊ သူက ဥဩဘသောင်ရဲ့လက်သုံး၊ ဂီတာဦးစိမ်းမောင် လက် သုံးပေါ့၊ သူတို့တွေ တီးကြဆိုကြတာတွေနဲ့ ယဉ်ပါးခဲ့ရတယ်။ ကက္ကရ ရွှေစည်၊ နဂါးနီ၊ ဘိုးဘိုးအောင်၊ ဒေါ်ကြည်အောင်ရဲ့ သီချင်းတွေ၊ စိန်ပါတီရဲ့ သီချင်းတွေ အစုံပဲ။ နားထောင်ရာကနေ စိတ်ဝင်စားပြီး အမေ ဒေါ်သိန်းကြည်ဆီမှာ စည်းဝါး၊ အဆိုသင်တယ်။

အင်္ဂလိပ်စာနဲ့ပါတ်သက်လို့ အခု C.T.O ချစ်သိန်းဦးရဲ့ ဦးလေး ဦးစံရင်ဆိုတဲ့လူ၊ သူ့ဆီမှာ လခပေးပြီး အင်္ဂလိပ်စာသင်တယ်၊ ခနောင် တိုက ဗ့လ့စ စာကြည့်တိုက် မှာ စာကြည့်တိုက်လက်ထောက် လုပ်ခဲ့တယ်။ အဲဒီတုန်းက ဗ့လ့စ ဥက္ကဋ္ဌက ဦးဘဂျမ်းဇနီးက ဒေါ်ခင်ရီ။ ဗ့လ့စ ဌာနချုပ်လဲရောက်၊ အဲဒီမှာ သခင်ဝတင်တို့ကို တွေ့ရတယ်။ စကားပြောကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို သဘောကျပြီး တရားပွဲတွေနားထောင်ဖူးတယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရွှေတိဂုံအလယ်ပဉ္စယံ တရားပွဲဆိုရင် အဲဒီခေါင်းဆောင်တွေနဲ့ မလှမ်းမကမ်း က နားထောင်ဖူးတယ်။ အောင်ဆန်းအက်တလီစာချုပ်ချုပ်ပြီး မြို့တော်ခန်းမမှာ တရားပွဲလုပ်တော့ ပန်းခြံထောင့်မှာရပ်ပြီး နားထောင်ရ တယ်။ ဗိုလ်ချုပ်ကို ကြည်ညိုလေးစားလွန်းလို့ ဗိုလ်ချုပ်သွားလေရာ နောက်ကလိုက်ကြည့်တဲ့အထိပဲ။


ဗိုလ်ချုပ်တို့ကျဆုံးတဲ့နေ့က ရွာကလူငယ်တွေနဲ့ အတွင်းဝန်ရုံးကို လာကြည့်ရင်း ဗိုလ်ချုပ်တို့ ရုပ်ကလာပ်တွေထားတဲ့ ဂျူဗလီဟော ကိုလာတယ်။ လာရင်းနဲ့ အိမ်မကိုမပြန်တော့ဘူး။ ဗလစ က တာဝန်ပေးတဲ့ ဈာပနကိစ္စတွေ လုပ်ခဲ့ရတယ်။ ပြောရရင်တော့ မောင် အောင်ဆန်းက ကျုပ်ကလေးပါလို့ပြောတဲ့ ဒေါက်တာဘမော်တရားပွဲက ရေကျော်မောင်အေးရှေ့မှာ နားထောင်ရသေးတယ်။ တောင် ညွန့်မှာ ရေပက်ခံပွဲတက်တဲ့ နာဆာ၊ နေရူး၊ ဆူကာနိုတို့ကို မြင်ဖူးချင်လို့ သွားတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို စတာလင် ငြိမ်းရေးဆုလာပေးတဲ့ ဆိုဗီယက်ယဉ်ကျေးမှုဝန်ကြီး တီကိုးနော့ဗ်ရဲ့ တရားပွဲတွေ လျှောက်နားထောင်တာပဲ။


ဒလမြို့ သန်းခေါင်စာရင်းရုံး၌ အောက်တန်းစာရေးလေးဘဝမှာ ရန်ကုန် ပန်းဆိုးတန်း ရာရှင်ရုံးရောက်လာသည်။

လခ ၉၆ ကျပ် စာဖတ်ဝါသနာပါခဲ့သူဖြစ်သဖြင့် စာယဉ်ကျေးမှုမှအစ တေးဝါသနာထုံမှု အဆုံး၊ အနုပညာလောကမှ လူအားလုံး နှင့်နေရလျှင် ပျော်နေတတ်သူဖြစ်သည်။ စစ်ပြီးခေတ်၊ ရေဒီယိုအသံရှင်များတွင် တက္ကသိုမြကြီးကို သူသဘောကျသည်။ တက္ကသိုလ်စိုး၊ တက္ကသိုလ်မြကြီးတို့နှင့် အမြဲတွေ့နေကျဖြစ်သည်။ ကိုမြကြီးရဲ့ လေယူလေသိမ်း ဆိုဟန်များကို အမြဲဂရုထားသူဖြစ်၍ ကိုမြကြီးရဲ့ အကြိုက်တေးသွားများကို တစွန်းတစ ဖန်တီးပေးနိုင်သူအဖြစ် ထင်ပေါ်လာသည်။ သီချင်းကို ကဗျာဟန်၊ စကားပြောဟန်၊ နဘေ ဟန်များစ၍ တီထွင်သူဟု တချို့က ဆိုသည်။ ကဗျာချစ်သူ မြတ်လေးသီချင်းများက “နဘေ” ခေတ်ကို လှုပ်ခါစေသည်။ လေးထပ်၊ ငါးထပ်နဘေများ သူ့တေးများတွင် တွေ့ရပေမည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ အချုပ်တန်းဆရာဖေ၊ ဦးပုညတို့စာ အမြဲတစေ ရိုသေသောသူ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်လေးဆယ်မှ သူ့တေးစာများကို လေ့လာလျှင်သိမည်။ တခါတရံ သီချင်းစုံရေးတတ်သော ရွှေပြည်အေး၊ ကမ္ဘာတူရိယာ ပစ္စည်းစုံမြန်မာ တေးနှင့်ဟပ်အောင် ဖန်တီးသော မြို့မငြိမ်း၊ မြန်မာအကသီချင်းစုံ တံခွန်ထူ သူမတူ အောင် ရေးတတ်သော နန်းတော်ရှေ့ဆရာတင်အကြောင်းများကို ပလက်ဖောင်းတွင်သော်လည်းကောင်း၊ စင်မြင့်ပေါ်တွင်သော် လည်းကောင်း ပြောကြား၊ ဟောကြားခဲ့သူလည်း ဖြစ်သည်။)

အဲဒီအချိန်မှာ မြန်မာဝတ္ထုတွေဖတ်နေပြီး အဘိုးကတော့ စာဟောဆရာ ဦးပြား၊ ဗန်းမော်တင်အောင်က ပန်းဆိုးတန်းက ဗိုလ်သိန်း အောင်ဆီ ခဏခဏလာတယ်။ ဝတ္ထုတွေက ရဲခေါင်ရေးတဲ့ ညောင်ရွက်လေချီ၊ လင်းယုန်နီ၊ ဒဂုန်တာရာ၊ တင့်တယ်။ စာဖတ်ရင်းနဲ့ စာပေနယ်ကလူတွေနဲ့ နီးစပ်လာတယ်။ ၃၉ လမ်းလား လမ်း ၄၀ လားမသိဘူး။ ဗန်းမော်တင်အောင်တို့ လင်းယုန်တိုက်ရှိတယ်။

အဲဒီလမ်းမှာ ကဗျာဆရာတွေ၊ စာရေးဆရာတွေ စုစည်းမိကြတယ်။ ထွဏ်းနေနွယ်၊ ဒေါင်းနွယ်ဆွေ၊ နေသွေးနီစတဲ့ လူတွေ ကဗျာ ဆရာတွေနဲ့ ရင်းနှီးလာတာပေါ့၊ ဒီလိုနဲ့ မခင်နှင်းဆီသီချင်းတွေ ရေးဖြစ်လာတယ်။ ပဒေသရာဇ်ဆန့်ကျင်ရေး သီချင်းတွေ၊ ငြိမ်းချမ်း ရေးသီချင်းတွေ ဆိုပါတော့။ နောက် ရုပ်ရှင်စရိုက်ဖြစ်တယ်။ ပထမ “ပင်လုံထိပ်ထားဦး”၊ ဒုတိယ “အမုန်း၏ နောက်ဝယ်”၊ တတိယ “ပန်းတိုင်းပွင့်ပါစေ”၊ စတုတ္ထ “သီချင်းဆို၍ ငိုရသည်” အဲဒီလေးကားရိုက်ပြီးတဲ့အခါကျတော့ နိုင်ငံခြားကိုသွားဖြစ်တယ်။ ဆိုဗီယက် မော်စကို၊ တရုတ်ပြည်တို့ပေါ့လေ။ အဲဒီရောက်တော့ နိုင်ငံခြားက စာရေးဆရာတွေ ဟောတာပြောတာတွေပါ နားထောင်ရတယ်။ ပိုင် အိုနီးယားပဲလေ့စ်မှာ ကဗျာဆရာ ယက်ဖ်တူရှင်ကို ကဗျာရွတ်တာအကြိုက်ဆုံးပဲ။ ယက်ဖ်တူရှင်ကို ငယ်ငယ်ကလူချော။


မော့စ်ဖလင်လေ့လာဖူးတယ်။ War & Peace ရိုက်တဲ့ ဒါရိုက်တာနဲ့ ရင်းနှီးခဲ့တယ်။ “ပင်လုံထိပ်ထားဦး” ကားဆိုရင် မော့စ်ဖလင်နဲ့ တရုတ်မြန်မာ လေ့လာရေးအဖွဲ့ကို (၃) လကြာပေးခဲ့ဖူးတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဓာတ်ပုံ (၁၂) ပုံ ကိုယ့်စရိတ်နဲ့ ကိုယ်ကူးပြီး ဆိုဗီယက်ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌ အင်ဒရီယက်ဖ်ကို ပေးခဲ့တယ်။ တရုတ်ပြည် ငြိမ်းချမ်းရေးအဖွဲ့ကိုလည်း ပေးခဲ့တယ်။ ကမ္ဘာကျော် ဒါရိုက်တာ ဘာတိုလူချီနဲ့ ဆုံခဲ့တယ်။

ယူဂျီဂါဂါရင်ကို နောက်အာကာသတက်တဲ့ အာကာသယာဉ်မှူး နီကိုလိုင်နဲ့ ပါကော့ဗစ်ချ်တို့နဲ့အတူ ကရင်မလင်နန်းတော် လီနင်ဂူပေါ်မှာ ဂုဏ်ပြုအခမ်းအနား တက်ရတယ်။ ဝူးမင်းသည် အတ်ချ်မင်းကားနဲ့ ဧည့်ခံတယ်။ ယူနန်သံမဏိသူရဲကောင်းမင်းသားပါတဲ့ ရိုက်ကွင်း တွေကို တရုတ်ပြည်ရောက်တုန်း လိုက်ပြတယ်။ ဆံဖြူမယ် ရုပ်ရှင်မင်းသမီးနဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးဖြစ်သေးတယ်။

မော်စကိုပြန်လာပြီးတော့ ဝမ်းနည်းဝမ်းသာ၊ ပန်းပန်လျက်ပါ၊ ချွေးနဲ့သွေးနဲ့ ရင်းသည့်မြေ ကားတွေရိုက်ဖြစ်တယ်။ “ငို၍ရယ်၍မရသော မျက်နှာ”၊ “ချစ်သူကလ ကိုယ်ကည”၊ “သူများရယ်ဖို့ ကိုယ်ငိုမယ်”၊ “ရွှေပန်းကန်ပေါ်ကျတဲ့ မျက်ရည်”၊ “ပုဂံအလှရှာပုံတော်”၊ “စက္ကူ လှေကလေးများ”၊ “မျက်စပစ်၍ ခေါင်းခါသည်”၊ ကားတွေရိုက်တယ်။ ဒီကနေ့အထိ ဆိုပါတော့၊ ကားတွေလဲ အခိုးခံရ၊ ပျောက်နဲ့ လက် ထဲမှာ သိပ်မရှိတော့ဘူး။ သူ၏ တေးများကို စာရေးဆရာ၊ ကဗျာဆရာများသည် ယနေ့အထိ အသိအမှတ်ပြုပြောဆိုနေကြဆဲ ဖြစ်သည်။ သူ၏ ပင်လုံထိပ်ထားဦးမှ သီချင်းတပုဒ်အား အလျဉ်းသင့်၍ ဖော်ပြလိုက်ရပါကြောင်း

(၁) မြေပြန့်ဆီသာ ဆင်းခဲ့ပါ။

စည်းရွှေကာ၍ လေသာလျှော့ဖြေ၊ ထုံးနေကျစ်လျစ်၊ စံရွှေရစ်ဝါ၊ ဖြူပြာပြာ၊ မာယာတော်နန်း၊ မော်ကြငှန်းမှာ၊ စံမြန်းမော်ကြွား၊ ပျော်နေသလား၊ လှထိပ်ထားရေ။


လူသားသစ္စာ၊ အဘိဓမ္မာလို၊ သိပါလိုလျှင်၊ တံစဉ်နှင့်တူ၊ ဆွဲကိုင်ထူသည့်၊ တောင်သူလုပ်သား၊ လူတန်းစားထဲ၊ ကျော်လွှားသက်တန့်၊ အသာငုံ့၍ မြေပြန့်ဆီသာ ဆင်းခဲ့ပါ။ မြေပြန့်ဆီသာ ဆင်းခဲ့ပါ။


(၂) ဆရာမြတ်လေးနှင့် ကျနော်တို့ စကားပြောဖြစ်ကြသည်။ အသက်အရွယ်အားဖြင့် ကွာလှသော်လည်း သူနှင့်စကားပြောလျှင် အဲဒီ အသက်အရွယ်တွေ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ စာရေးဆရာဆိုတာတွေ ပျောက်ကုန်သည်။ သူ အိမ်ထောင်ကျတာ ၁၉၆၂ ခုနှစ်မှာ ဟူသော စကားလည်းပါသည်။ သူ့မိသားစုအကြောင်းနှင့် မခင်နှင်းဆီကိစ္စတော့ ဆရာမြတ်လေးက သိပ်မပြော။ ရုပ်ရှင်ကိစ္စပြောလျှင် မြတ်လေးဆိုသော အမည်နာမပျောက်သွားပြီး သီဝရီတွေ၊ ဇာတ်လမ်း ဇာတ်ကွက်တွေ၊ နိုင်ငံတကာကိစ္စတွေ ကြားရသည်။ ရန်ကုန် တက္ကသိုလ်တွင် သူ၏ပြဇာတ် “ဆံမြိတ်လည်းပြေ၊ ပန်းလည်းကြွေ” ကို စောစောစီးစီးမပြ၍ ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်က အပြစ်တင်သတဲ့။ ကျနော်မသိဘူး ဆရာ၊ ကိုဘကောင်းတို့ အစီအစဉ်ဆွဲတာဟု ပြောရသည်ဆိုသည်။ “ညီမလေး မာစေ” ပြဇာတ် တင်တော့လည်း ရန်ကုန်တက္ကသိုလ် အဓိပတိ (ဟောင်း) နှင့် စာရေးဆရာ သိန်းဖေမြင့် (ကွယ်လွန်) တို့က ဇာတ်ခုံနောက်မိုက်နှင့် စကားပြောနေရာသို့ ရောက်ရှိလာပြီး နောက်ဘေးထရံခွကြည့်သတဲ့။ ဆရာကြီးတွေ၊ လူကြီးတွေက စိတ်ဝင်စားကြသည်။ သူ၏ လူ ငယ်ဘဝ အနုပညာဖြတ်သန်းမှုမှာ အားကျမက်မောစရာ ကောင်းလှသည်။ သူ၏ “သီချင်းဆို၍ ငိုရသည်” ဇာတ်ကား (မြင်ကွင်းကျယ်) ဇာတ်သိမ်းနှင့်ပတ်သက်၍ အနောက်ဂျာမဏီသတင်းစာတွေက ရေးကြသည့်သတင်းလည်း ငယ်စဉ်ကတည်းက ကြားခဲ့ဖူးသည်။


မြတ်လေးဟုဆိုလျှင်သူ၏ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော်၊ သီချင်းရေးဆရာ ရုပ်ပုံလွှာပေါင်း များစွာက ခံစားမှုထဲ၌ လှပစွာ တောက်လောင်လာသည်။ အနုပညာသမားတယောက်၏ ဘဝကိုမြင်လာရသည်။ အနုပညာနယ်ပယ်၌ မြတ်လေးသည် မိမိကိုယ်မိမိ မှည့်ခေါ်သောနာမည် မဟုတ်တော့။ ပြည်သူက အသိအမှတ်ပြုထားသော မြန်မာအနုပညာရှင်တဦးအဖြစ် သူ့အနုပညာများက တည်ဆောက်ထားနိုင်ခဲ့ပြီ။​ ။


ကိုးကား

↑ မိုးမခ

↑ ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း အမှတ် ၂၆၊ စက်တင်ဘာလ ၂၀၀၉

↑ သမိန်ကောင်း “ဒါရိုက်တာမင်းသား အကယ်ဒမီမြတ်လေး” ငွေတာရီ မဂ္ဂဇင်း အမှတ် ၁၂၃ (၁၉၇၀ စက်တင်ဘာ) စာ ၁၇၃ - ၁၇၇။

ခရက်ဒစ်...ဝီကီပီးဒီးယာ


#crd_to_owner SarysrSai Min Thant

#နော်ဂဲလယ်ထူး (စာပေပရဟိတ)