“ငယ်ကြိုက်” - မာမာအေး ရေးသည်။
(ဦးဝင်းဦး အမှတ်တရ)
ကျွန်မငယ်ငယ်မြီးကောင်ပေါက်စ အရွယ်တုန်းက အသံလွှင့်တဲ့အခါ မြန်မာ့အသံကနေ တိုက်ရိုက် သီဆိုခဲ့ကြရပါတယ် ၊ ဘယ်အပျော်တမ်းအဖွဲ့ ၊ ဘယ်ကြေးစားအဖွဲ့မဆို ခုခေတ်လို စိတ်ကြိုက်အသံသွင်း စေပြီးမှ အသံလွှင့်ခဲ့ကြတာ မဟုတ်ပါဘူး ၊ ရုပ်ရှင်သီချင်းလည်း ဒီအတိုင်းပါပဲ ၊ ဇာတ်ကားထဲမှာ ဆိုထားတဲ့ သူတွေကိုယ်တိုင်မြန်မာ့အသံမှာ တိုက်ရိုက် သီဆိုပေးကြရပါတယ်။
တစ်နေ့တော့ ချိုတေးဆက် ကိုအောင်ကိုးအဖွဲ့နဲ့ ရုပ်ရှင်သီချင်း အသံလွှင့်ပေးဖို့ အမှတ်(၂၁) ဝင်ဒါ မီယာ ခရက်ဆင့် ( အသံလွှင့်ရုံဟောင်းနေရာ ) ရဲ့ အပေါ်ထပ်ဧည့်ခန်းမှာ ကျွန်မဆိုလှည့်မရောက်သေးတဲ့ အတွက် ထိုင်စောင့်နေခဲ့ပါတယ်။
ဒီအချိန်မှာ သွက်သွက်လက်လက် အပြေးတက်လာတဲ့ သူတစ်ယောက်ကို တွေ့လိုက်ရတယ်လေ။ သူ့ကို ကျွန်မမသိမမြင်ဖူးပါဘဲနဲ့ ရွှင်နေတဲ့ မျက်နှာပေးနဲ့ ပြုံးပြနှုတ်ဆက် ၊ ဘယ်ဆက်ကွေ့ချိုးသွားတယ် ၊ ဘယ်သူပါလိမ့်မလဲ မျက်စိထဲမှာ တစ်ဝဲဝဲရယ်။
မျက်လုံးတွေက ရီလို့ပါလား ၊ နှုတ်ခမ်းလေးက ထွေးလို့ပါလား ၊ အရပ်အမောင်းလည်း ကောင်း လိုက် ပါဘိ။ သူ့အကြည့်ကလည်း သူများနဲ့တစ်ခြားစီနော်။ အသားတော်ကလည်း ဝင်းအိ ညက်စိုဝါသလိုလို စိမ်းသလိုလို ဘယ်လိုလူကြီးပါလိမ့် ၊ အဲ့ဒါဘာဖြစ်တာလဲ ၊ မရူးမရဲနဲ့ အထူးစွဲသွားတယ်ပေါ့။
ကျွန်မလို အရွယ်မှာ သစ်ရွက်လေးလှုပ်တာကလေးတောင် ရယ်ချင်ချင် ဖြစ်တတ်တယ်လို့ လူကြီး တွေက ပြောကြတာပဲလေ။ ကျွန်မအတွေးနဲ့ကျွန်မပြုံးနေမိတာပေါ့ ၊ ဟော့တော့ ဒီလူကြီးကျွန်မဆီ ပြန်လျှောက်လာနေ ပြန်ပြီ။ ကျွန်မမျက်နှာဟာ တစ်ရှိန်းမြမြနဲ့ ဟာဒယက မလုံမလဲ ဖြစ်နေတာ သူသိရင် ဒုက္ခ ဒုက္ခ။
‘ ဟေ့……ညီမလေး ၊ ညည်းက မာမာအေးဆို ဟုတ်လား ’
သူက ကျွန်မကိုမေးတယ် ၊ ကျွန်မလည်း လန့်ဖျပ်ပြီး ခေါင်းပဲ ခပ်မြန်မြန် ညိတ်လိုက်တယ်။
‘ညီမလေးက သိပ်တော်တာကိုး၊ ဗိုလ်ကိုး(ကိုအောင်ကိုး) က ပြောတယ် ၊ ကိုကို့ သီချင်းကို ညည်းလေးဆီမှာ သွားဆိုပြလိုက်တဲ့ ၊ လိုတာ သူဖြည့်ပေးလိမ့်မယ်တဲ့ ၊ ကဲ…..ကိုကို့ အတွက်ဆရာမလေး လုပ်ပေးနော် ၊ ကဲ ဆိုပြီ နားထောင် ’
ကျွန်မမှာ အာစေးထည့်ထားသလို ဖြစ်နေတုန်း သူကချည်း ပြောပြောဆိုဆို လုပ်နေတဲ့လူကြီးချော ချောကို ကျွန်မငေးကြည့်နေရပါတယ် ၊ ဂီတသမား နားပါးပါး ရှိလို့တော်တော့တယ် ၊ သူ့အသံက ချိုနွဲ့နွဲ့လေး ပါ ၊ ဒါပေမယ့် လည်ပင်း အစ်သံလေးတွေထွက်နေတယ် ၊ တစ်ချက်တစ်ချက် အသံကဆောင့်ဆောင့်ထွက် တယ် ၊ သီချင်းသံ မရောက်သေးခင် သူ့သီချင်းသားက ရှေ့ကိုနည်းနည်း ရောက်ရောက်နေတယ်ဆိုတာ ကျွန်မခံစားမိပါတယ် ၊ ဒီလိုအသံမျိုး ဆိုပုံမျိုးကြားဖူးတယ် ၊ ဘယ်သူနဲ့ တူပါလိမ့်လို့လည်း ကျွန်မ စဉ်းစား တယ် ၊ သူ့သီချင်းသံဆုံးသွားတော့ မှ သူ့ကို ကျွန်မ စကားစပြောရတယ်။
‘ ကိုကိုက ခု အသံလွှင့်မလို့လား ’
သူ့ကိုယ်သူ ‘ ကိုကို ’ ဆိုလို့ ကျွန်မကလိုက်ပြီး ကိုကို လို့ ခေါ်ရပေမယ့် နှုတ်ကတော့ ခပ်တွန့်တွန့်ဖြစ် မိသား ၊ ဒီခေတ်တုန်းက သမုဒယပိုင်ရှင်ကိုသာ ‘ ကိုကို ’ လို့ ခေါ်တတ်ပေသကိုး ၊ ခုမျက်မှောက်ခေတ်မှာ ‘ ကိုကို ’ တွေ ခေတ်ထနေသလိုပေါ့ ။
‘ ဟုတ်တယ်လေ ၊ ဘာဖြစ်လို့လဲ ကိုကို့ အသံ မကောင်းလို့လား ’
‘ မဟုတ်ဘူးဗျ ၊ သီချင်းတိုက်တုန်းက ခင်ဗျားကို ကျွန်တော် မတွေ့လို့ ’
မေးလိုက်ဖြေလိုက် နှစ်ခါလောက်ပြောပြီးတဲ့အခါမှာတော့ ကျွန်မစိတ်ဟာ ပုံမှန်ပြန်ဖြစ်သွားပါပြီ။ သူ့ကိုလည်း နှုတ်မရဲဘဲ ကိုကိုလို့ မခေါ်တော့ဘူး ၊ ပြောရိုးပြောစဉ် ခင်ဗျား ကျွန်တော်ပဲဖြစ်သွားတယ်။
‘ ဟုတ်တယ် အစီအစဉ်မရှိပါဘူး ၊ ခုမှကိစ္စနှစ်ခုရှိလို့ ရောက်လာတာ ကဲ ဘာလိုသေးလဲ ပြောစမ်းပါ ဦး ’ သူက ကျွန်မအမေးကိုဖြေလဲ ဖြေတယ် ၊ မေးလဲမေးတယ် ။
‘ ကျွန်တော်ထင်တာ ပြောရရင်တော့ ခင်ဗျား သီချင်း မကြေသေးဘူး ၊ ရဲရဲသာဆိုပါဗျာ ၊ အတီးသံ ထက်စောပြီး ခင်ဗျားကရောက်ရောက်နေတာ တစ်ခုပါပဲ ၊ ခင်ဗျား တစ်ခေါက်ပြန်ဆိုပြဦး ၊ ဒါမှ လိုတာပြော ပေးလို့ရမှာ ’ လို့ သူ့ကိုထပ်ဆိုခိုင်းလိုက်ပါတယ် ။ ကျွန်မက ကလေး ၊ သူက လူကြီး ၊ ဒါပေမယ့် သူပြန်ဆိုပြ ပါတယ် ။ ကျွန်မကလည်း သူလိုတဲ့နေရာလေးတွေကို ဖြည့်ပေးလိုက်တယ် ၊ သူဆိုတဲ့ သီချင်းနာမည်ကတော့ ‘ ငါ သို့မဟုတ် အရှုံးစစ်ဘုရင် ’ တဲ့။ အသံလွှင့်ကြတော့ သူနဲ့ကျွန်မရှေ့နောက်ဖြစ်နေလို့ သူဘယ်နာမည်နဲ့ အသံလွှင့်ခဲ့တယ်ဆိုတာ မသိလိုက်တော့ပါဘူး ၊ တစ်ဦးသီချင်း ဆုံးကာနီးတော့မှ နောက်တစ်ဦးက အသံလွှင့် ခန်းထဲကို အသံမထွက်စေရအောင် ဝင်ခဲ့ရတာမို့ အသံထိန်းတံခါးဝမှာ ကျွန်မကရပ်စောင့်နေခဲ့ရလို့ပါပဲ ။ ကျွန်မဟာ ဘယ်အခါမဆို နောက်ဆုံးမှ ဆိုရတတ်ပါတယ်။ မျက်နှာ အရိပ်အကဲ ၊ အမူအရာ အချက်ပြစနစ် သုံးရတာမျိုးမှာ ဆိုတဲ့လူက မပါးရင် အသံလွှင့်ချိန်ကျော်သွားပြီး သီချင်းဖြတ်တာ ခံရတတ်လို့ဖြစ်ပါတယ်။
ကျွန်မဆိုပြီးတဲ့အခါ သူမရှိတော့ပါဘူး။ ပစ္စည်းသိမ်းကြ ၊ ကားပေါ်တင်ကြလုပ်နေတုန်းမှာ ကိုအောင်ကိုး ကျွန်မအနားရောက်လာပါတယ်။ ဒီတော့မှ မေးကြည့်လိုက်တော့ ချစ်ဒုက္ခ ဦးဘညွန့်ရဲ့သား
‘ဗိုလ်ကိုဦး ’ ဆိုပဲ ။
‘ သူနောက်သီချင်း လာဆိုဦးမှာလား အစ်ကိုအောင်ကိုး ’ ကျွန်မ မလိုဘဲနဲ့ မေးမိသေးတယ်။
‘ မဆိုပါဘူးဟာ ၊ အခုဟာက တို့မင်းသမီးကိုလာပိုးတာလေ ၊ ပြီးတော့ သူ့သူငယ်ချင်းတွေနဲ့ အလောင်းအစား လုပ်လာလို့တဲ့ဟ ’ ကိုအောင်ကိုးက ဒီလိုပြောတော့မှ စောစောကသူပြောတဲ့ ‘ ကိစ္စနှစ်ခု ရှိလို့ ’ ဆိုတာကို သဘောပေါက်သွားတယ် ၊ ဟုတ်မှာပဲ ၊ ကိုအောင်ကိုးပြောတဲ့ တို့မင်းသမီးဆိုတာ ကျွန်မတို့ဂီတ အသိုင်းအဝိုင်းထဲကကိုး ၊ အင်မတန်ချစ်စရာကောင်းတယ် ၊ လှလည်းလှပါတယ် ၊ သူနဲ့ဆိုသိပ်လိုက်တာ ပေါ့ ၊ သူတို့ရသွား ပါစေလို့ဆုတောင်း လိုက်မိတယ်။
‘ ဟေ့ ၊ ဘာငြိမ်နေတာလဲ ၊ နင်လဲ တင့်တင့်တို့ အရွယ် ဆိုပြီးတော့ စိတ်ကူးယဉ်နေတာလား ၊ ’
‘ စိတ်ကူးမယဉ်ပါဘူးဗျာ ၊ လူကြီးက တကယ်ချောတယ်နော် အစ်ကို အောင်ကိုး ၊ ကျွန်တော် သိပ်ကြိုက်တာပဲ ’
‘ ဟာ ဒီသောက်ရူးမ ၊ ပြောရမှန်းမသိ ၊ မပြောရမှန်းမသိ ’ ကိုအောင်ကိုးက ပြောပြောဆိုဆို ကျွန်မ ခေါင်းကို ပိတ်ထုလိုက်ပြီး ခွက်ထိုး ခွက်လန် ရယ်နေပါတယ်။
‘ ကျွန်တော်ကြိုက်လို့ ကြိုက်တယ်ပြောတာ ဘာဖြစ်လဲ ၊ သူ့တစ်ကိုယ်လုံးမကြိုက်စရာ ဘာရှိလို့လဲ ’ ခေါင်းကို အထုခံရလို့ ဒေါပွသွားတဲ့ ကျွန်မက ကုန်းအော်ပစ်လိုက်တယ်။ လူကြီးတွေ အတော်များများဟာ ကလေးတွေ မကြိုက်တာမှ ပြောတတ်တယ် ၊ မကျေနပ်အောင် ၊ ငိုရအောင်အထိ ကျီစယ်တတ်တဲ့အတိုင်း ကိုအောင်ကိုးလည်း ဒီအချိန်က ကျွန်မကို ဆက်ပြီး စတော့တာပဲ။
‘ အေး ကြိုက်ကြိုက် ၊ တစ်ကိုယ်လုံးကြိုက် ၊ နင့်အတွက် ကျောက်ပျဉ်ရွက် စောင့်ခိုင်းထားမယ်လို့ တောင် ပြောစရာ မလိုဘူး ၊ ဟိုက နိုင်ငံခြား ပညာသင် သွားတော့မှာ သိလား ပြန်လာမှ ပြန်လာမှ ’
‘ အို တော်စမ်းပါဗျာ ၊ ကျွန်တော်ကြိုက်တယ်ဆိုတာက သူ့ပုံစံသူချောလို့ ၊ အရုပ်ကလေးတွေ ၊ လှတာလေးတွေ ကြိုက်သလို ကြိုက်တာသိရဲ့လား ၊ သူ့ကိုကြိုက်လွန်းလို့ ငေးချင်တာမျိုး ကြိုက်တာ ၊ သူ့ကို ကြည့်ပြီး ကျွန်တော်အကိုကြီးများ ဖြစ်ပါစေတော့လို့တောင် ဆုတောင်းချင်တယ်။ ကျွန်တော်တို့ မင်းသမီး လှလှလေးနဲ့လည်း ရပါစေလို့ ဆုတောင်းတယ်သိလား ၊ ကျွန်တော်ချစ်တာမဟုတ်ဘူး ။ ကြိုက်တာဗျ ကြိုက်တာ ၊ ယူချင်းယူ ကျွန်တော်က မိန်းမဘဲ ယူမယ် ကဲ မှတ်ထား။
*****************
အပိုင်း - (၂)
ဦးဝင်းဦး အမှတ်တရ
မိုးသက်လေ နှင်းစက်တွေ ၊ သစ်ရွက်ကြွေချိန်တွေ ဘယ်နှစ်ကြိမ်ရှိပြီလဲ ၊ မမှတ်မိတော့ပါဘူး ၊ ဒီအဖြစ်ကလေး ကိုတော့ မမေ့ဖြစ်ဘူး ၊ ကိုကိုဆိုတဲ့ ဒီလူကြီး ဟိုအဝေးခရီးက အဆွေးတွေ ပွေ့ပိုက်ပြီးပြန် လာတယ်ဆိုလား ။ နားစွန်နားဖျား ကြားလားကြားရဲ့ ၊ ကြားတော့လည်း သနားမိပြန်ရဲ့ ၊ ခင်သာခင် မမြင်ရ တော့ မေ့လျော့လျော့ပါပဲ။
အိမ်ထောင်စုနဲ့ဖြစ်လာတဲ့ ကျွန်မဘဝမှာ တီတီတာတာ ကြည်သာစရာလေးတွေရှိလာပြီ ၊ အိမ်ကိစ္စ ရုံးကိစ္စ ၊ သား သမီး ကိစ္စ ၊ သီချင်းဆိုတဲ့ ကိစ္စတွေနဲ့ လွတ်တဲ့အခါစာပေနဲ့ အပန်းဖြေဖြစ်လာပြီ ၊ ကျွန်မဖတ် လေ့ရှိတဲ့ ဗန်းမော်တင်အောင် ၊ ဒဂုန်တာရာ ၊ ခင်နှင်းယု ၊အောင်လင်း ၊နတ်နွယ် ၊ တက္ကသိုလ်ဘုန်းနိုင်တို့နဲ့ လိုင်းခွဲလာတဲ့ စာရေးဆရာတစ်ယောက်တွေ့လာတယ် ၊ ‘ ဝင်းဦး ’ တဲ့ ။
ဒီစာရေးဆရာ ဝင်းဦးရဲ့ ပရိတ်သတ်အဖြစ်နဲ့ စိတ်ဝင်စားနေတုန်းမှာပဲ စာရေးဆရာဝင်းဦး ရုပ်ရှင် ရိုက်မယ်ဆိုတဲ့ သတင်းကြားရပါတယ် ၊ မကြာပါဘူး ။ကြော်ငြာ ဒီဇိုင်းတွေပေါ်မှာ ဖော်ပြလာလို့ကြည့်မိ တော့ ‘ ဝင်းဦး ’ ဆိုတဲ့ သူဟာ ‘ ကိုကို ’ လို့ပြောခဲ့တဲ့ ‘ ဗိုလ်ကိုဦး ’ ပါလား။
‘ နှစ်ယောက်ထဲ နေချင်တယ် ’ ဇာတ်ကား ကျွန်မသွားကြည့်ပါတယ် ။ ဇာတ်ကားတွေအများကြီးမှာ ကျွန်မဆိုပေးခဲ့ပေမယ့် ရုံတင်တဲ့အခါ မကြည့်ဖြစ်ပါဘူး ။ ရင်းနှီးတဲ့ မိတ်ဆွေတွေရဲ့ ရုပ်ရှင် အထူးပွဲတွေကို တော့ ကြည့်ပါတယ် ၊ သူ့ကျတော့ ငယ်ငယ်ထဲက ကြိုက်လို့ကြည့်တာပါ။ ခုတော့လည်း ကြိုက်တယ် ။ သူ့စာ လည်း ကြိုက်တယ်။ မင်းသားအဖြစ်လည်း ကြိုက်ပြန်ရော ။
သူက မင်းသား ၊ ကျွန်မက အဆိုတော် ၊ အနုပညာ စည်းဝိုင်းထဲမှာပေမယ့် တော်တော်နဲ့ မတွေ့ဖြစ် ကြဘူး ၊ ဂီတဆည်းဆာပွဲ ကျိုက္ကဆံကွင်းမှာ သူလာနွှဲမှတွေ့ဖြစ်ပါတယ် ၊ ဒီအချိန်မှာ သူကနာမည်ကြီးလှပြီ ၊ လူဝိုင်းလှပြီပေါ့ ။
သူကပွဲကို စရောက်လာတဲ့နေ့က ဇာတ်ခုံနောက်မှာ ကြွက်စီကြွက်စီ ရွစိရွစိနဲ့ပါပဲ ၊ ကျွန်မ သူဝင်လာ တာလည်း အဝေးကလှမ်းမြင်ရတယ် ။ သူ့ကိုကပ်တော့မယ့်သူတွေကိုလည်း တွေ့သိနေပါတယ် ။ ဒါပေမယ့် ကျွန်မမှာ မာနတစ်ခုရှိပါတယ် ။ မျက်နှာလို မျက်နှာရလုပ်ချင်လို့ ၊ အခွင့်အရေး တစ်ခုခုရချင်လို့၊ နာမည်ကြီး မျက်နှာကြီးမို့ ကပ်တာပါလို့ အထင်ခံရမှာ ၊ ရှက်တဲ့မာနပါ ။ ဒါကြောင့် ထိုင်ကြည့်နေလိုက်တယ် ။ ကျွန်မက စပြီး သူ့ကို မခေါ်ချင် ဘူးလေ ။
ကျွန်မဟာ ဒီအချိန်က ဂီတကောင်စီ အမှုဆောင် အဖွဲ့ဝင်ဖြစ်နေလို့ ပွဲသိမ်းမှ ပြန်ရပါတယ် ၊ ညသန်း ခေါင်ကျော် ပွဲသိမ်းနေပြီ သူမပြန်သေးဘူး ၊ ကျွန်မကအိမ်ပြန်ရတော့မယ် ၊ ပြန်တော့လည်း သူတို့ရှိတဲ့နေရာ ကပဲ ဖြတ်သွားမှရမယ် ၊ဒီတော့လည်း အနားကဖြတ်သွားရတော့တယ် ။ ကွင်းထဲမှာနေရတဲ့ အမှုဆောင်တွေ က ကျွန်မပြန်တော့မှာလား ခဏထိုင်ပါဦးနဲ့ဝိုင်းပြောကြတော့ သူ့ရှေ့က ခုံတစ်လုံးမှာ ဝင်ထိုင်လိုက် ရပါတယ်။
‘ မိတ်ဆက်ပေးရဦးမယ် ခင်မောင်အေးရေ ၊ ဒီမယ် ကိုဝင်းဦး မာမာအေးဆိုတ သူလေ ။ ကျွန်တော် တို့အုပ်စုကတော့ သူ့ကို ခင်မောင်အေး လို့ပဲခေါ်တယ် ’ ကိုသန်းလှိုင်က ဒီလိုမိတ်ဆက်ပေးတော့ ကျွန်မရယ် ချင်တယ် ၊ သူကတော့ မင်းသားလေ ။ ပြုံးစေ့စေ့ သူ့ပုံစံ ဖမ်းစားတဲ့အတိုင်း မပွင့်တစ်ပွင့်နဲ့ပေါ့ ၊ ကျွန်မစိတ် ထဲမှာ တင်းသွားတယ်။
‘ သိပြီးသားပါဗျာ ၊ ဗိုလ်ကိုဦးဘဝတုန်းက ’ လို့ တုံးတိတိပဲ ပြောချလိုက်တယ်။
‘ အစ်ကို ကလဲ မှတ်မိပါတယ်ဗျာ ၊ ခု အေးက ငယ်ငယ်တုန်းကလို မဝတော့ဘူး လှတယ်ကွာ ’ လို့ အသံအစ်အစ်နဲ့ ပြန်ပြောတယ် ။ ပြောပြီဆိုလည်း ထုံးစံအတိုင်းသူချည်းပါပဲ ။ ကျွန်မကို သီချင်းသင်ခိုင်းရတဲ့ အကြောင်း ၊ သူငယ်ချင်းတွေနဲ့ ပုလင်းကြေးလောင်းပြီး ဆိုဖြစ်သွားတဲ့ အကြောင်းကစပြီး သူ့အကြောင်း ကျွန်မအကြောင်း မေးလိုက်ပြောလိုက်နဲ့ ဂီတဆည်းဆာကနေ နံနက်ဆည်းဆာ ရောက်ပါရော သူလဲ ‘ အစ်ကို ’ ဖြစ် ၊ ကျွန်မလဲ ‘ အေး ’ ဖြစ်သွားတယ်။
ဒီကတည်းက ပြန်တွေ့ကြပြီး သီချင်းဆိုလည်းတွေ့ ၊ ဂီတပဒေသာလည်းတွေ့ ၊ အသံလွှင့်ရုံမှာလည်း တွေ့ ၊ ရုပ်ရှင်သီချင်း သွင်းတော့လည်း တွေ့ ၊ သူ့အိမ်ကိုယ်သွား ကိုယ့်အိမ်သူလာ နဲ့ အင်မတန်ကို ရင်းနှီးလာ ကြပါတယ် ။ သူခရီးသွားတိုင်း လက်ဆောင်ပါတယ် ။ ကိုယ်ခရီးသွားဖြစ်တော့လည်း လက်ဆောင်ပို့တဲ့ အကျင့်ပြန်လုပ်ရတယ် ။ လက်ဆောင်ပေးတတ်တဲ့ အလေ့အထက ကျွန်မမှာ မရှိခဲ့ဖူးဘူး ။
ကျွန်မရဲ့ ဘဝခရီး ဖော်ကိုသာ ပေးခဲ့ဖူးတယ် ။ ခုကျတော့ သူများပေးတဲ့ လက်ဆောင်ကိုချည်း ယူပြီး ဝမ်းသာခင်မင်နေမယ့် အစား ကိုယ့်လိုပဲ လက်ဆောင်ရရင် ပျော်ရွှင်ခင်မင်စေမယ်လို့ လက်ဆောင်ပါးတတ်နေတော့တယ် ၊ သူက ကောက်လိုက် ၊ ကိုယ်က ကောက်လိုက်တွေလည်း ရှိပါတယ် ။ ကျွန်မတို့ ဂီတအသိုင်းအဝိုင်းတွေနဲ့ ကိုဝင်းဦး ဟာလည်း ရုပ်ရှင်အဖွဲ့တွေထက် ရင်းနှီးပါတယ် ။ ဝိုင်းဝန်း ကာကွယ်မြှောက်တင် ပို့ပေးကြပါတယ် ။
ကိုဝင်းဦးဟာ အပေါင်းအသင်းခင်မင် လွန်းတတ်တဲ့ ဉာဉ်ရှိတဲ့အတိုင်း ကောင်းကောင်းအိပ် ၊ ကောင်းကောင်းစား ၊ အချိန်မှန်ဆိုတာ မတွေ့မိဘူး ။ အပေါင်းအသင်း အသိုင်းအဝန်း စုံလာတဲ့အခါ ကျွန်မ တို့ တစ်တွေနဲ့ တစ်ဖြည်းဖြည်း ဝေးလာရာက စန္ဒာမဂ္ဂဇင်းထုတ်တဲ့ အချိန်ကစပြီး လုံးဝနီးနီး မတွေ့ဖြစ်တော့ ဘူး။ ကျွန်မရဲ့ ကိုယ်ရေးကိစ္စတစ်ခုကြောင့် ကျွန်မသူ့ကိုကောက်ထားတာ ကြာပါပြီ ။ ပြန်ခေါ်တာ သုံးလေး နှစ်လောက်ပဲ ရှိဦးမယ် ထင်ပါရဲ့ ။
သူနဲ့ ကျွန်မနောက်ဆုံး တွေ့လိုက်တာ ၁၉၈၈ ပြည်ထောင်စုနေ့ညစာစားပွဲမှာပါ ။ သူက ကျွန်မကို တွေ့တာနဲ့ မေးပါတယ် ။
‘ အေး ပိန်သွားလိုက်တာ ၊ နေမကောင်းဘူးလား ’ တဲ့ ။
‘ ကောင်းပါတယ် ၊ ပိန်သွားတာ ခရီးပန်းလို့ပါ ၊ ပြည်ထောင်စုအလံတော် နားတဲ့ ပေါက်တို့ ၊ ရေစကြိုတို့ အထိသွားခဲ့ပြီး ဒီပွဲကို အမီပြန်ရောက်အောင် လာရတော့ အပြေးအလွှားပဲ ၊ အေးသာ ပိန်တယ် ပြောနေတယ် အစ်ကိုလည်း ပိန်တာပဲ ၊ ဘာလဲ ဝိတ်လျှော့နေတာလား ’ လို့ ကျွန်မ ပြန်မေးတော့ အစာအိမ် ရောဂါ ရနေတယ် ၊ အရည်ပဲသောက်နေရလို့တဲ့ ။
ဒီပွဲပြီးလို့ သိပ်မကြာပါဘူး ။ အစာအိမ်ရောဂါ မဟုတ်ကြောင်း ၊ နိုင်ငံခြားမှာဆေးသွားကုတဲ့ အကြောင်းတွေကြားလာရတယ် ။ အနုပညာ ချစ်မြတ်နိုးသူကျွန်မအနေနဲ့ ဘက်စုံတော်တဲ့ ပညာရှင်တစ်ဦး အသက်ရှည်ပါစေလို့ ဆုတောင်းမိတာ အမှန်ပါပဲ ။
ပြန်ရောက်ပြီလို့ ကြားတော့လည်း ကျွန်မ မရောက်နိုင် မမေးနိုင်ခင်မှာပဲ မန္တလေး တက်သွားတယ် လို့ ကြားရတယ် ။ ကျွန်မက မန္တလေးရောက်သွားပြန်တော့သူကရန်ကုန် ဆင်းသွားပြီ ။ စိတ်ကဘဝင်မကျလို့ မြို့မအဖွဲ့တော်သားတွေဆီ မေးမိတယ် ‘ သီချင်းများများဆိုနိုင်သေးရဲ့လား ’ လို့ ။
အဖြေကတော့ သိပ်အားမရဘူး ။ သုံးပုဒ်လောက်ပဲ ဆိုနိုင်သတဲ့ ။ ဒါဆို မဟုတ်သေးဘူး ဆိုတာ ကျွန်မခံစားလို့ရပါတယ် ၊ ကိုဝင်းဦးဟာ တစ်ခါဆိုရင် ဆယ်ပုဒ်လောက်ဆိုချင်တဲ့ သူပါ ။ သိပ်ကိုလောဘ တကြီး ဆိုတတ်ပါတယ် ။ သူ့အသံက ကြာကြာဆိုလည်း မကျတတ်ပါဘူး ။
ရန်ကုန်ကို ကျွန်မပြန်ရောက်တော့ သူပြန်လဲနေပြီ ၊ လွန်နေပြီဆိုတာ ကြားရတယ် ။ ဒါကြောင့် ကျွန်မတို့ အရင်းနှီးဆုံး ဂီတအုပ်စုတစ်စုလုံး သွားဖို့စီစဉ်ကြတယ် ။ လူမစုံလို့ နောက်နေ့ညပိုင်းသွားကြဖို့ စီစဉ်လိုက်တယ် ။ ဒီလိုနောက်နေ့ဆက်ချိန်းတာကို မသိလိုက်လို့ ရောက်သွားတဲ့ သူငယ်ချင်းမြင့်ငွေက ကျွန်မဆီ ဖုန်းဆက်တယ် ။
‘ ခင်မောင်အေး မင်း သွားမကြည့်ပါနဲ့တော့ကွာ ၊ ကျသွားလိုက်တာ မမှတ်မိစရာဘဲ ၊ မင်းမှာလဲ ရောဂါနဲ့မို့လား မသွားပါနဲ့ တော့ကွာ ’ တဲ့ ။
‘ ဘာဖြစ်ဖြစ်ကွာ ၊ သွားကြည့်ရမယ် ။ တို့အားလုံး စုသွားကြဖို့ ချိန်းပြီးသား ၊ တော်ကြာ ကိုသန်းလှိုင်တုန်းကလို မတွေ့လိုက်ရလေခြင်းလို့ ငါထပ်ခံစားနေရဦးမယ် ’ လို့ ပြန်ပြောလိုက်တယ် ။ နောက်နေ့ မှာကလည်း ကျွန်မစီးရီးတစ်ခု အသံထပ်ဖို့အတွက် စတူဒီယိုက ချိန်းပြီးနေတာကြောင့် ညနေမှ လူစုသွားကြဖို့ စီစဉ်ထားတယ် ။
နောက်နေ့မနက် (၈) နာရီလောက် ဖုန်းဝင်လာတယ် ။
‘ ဆုံးရှာပြီ သူငယ်ချင်းရေ ’ တဲ့ ။
‘ အင်း ဒါဆိုလဲ ပြီးရောပေါ့ကွာ ၊ ပို့တော့မှပဲ သွားရတော့မှာပေါ့ ၊ တို့တစ်တွေဘယ်လိုစုပြီး ပို့ရမလဲ ဆိုတာသာ စီစဉ်လိုက်ကြတော့ ညနေမလာတော့ဘူး ’ လို့ ဖုန်းပြောခဲ့ပြီး စတူဒီယိုကိုထွက်ခဲ့တယ် ။ အဲ့ဒီ စတူဒီယိုကလည်း ဖြုတ်တော့မှာမို့ မလုပ်လို့ကမရ ၊ ဖုန်းလည်းဖြုတ်ထားတော့ ဘာမှနောက်ထပ် မသိရ တော့ပါဘူး ။
ညနေ အိမ်ပြန်ရောက်တော့ အိမ်ကဆီးပြောတယ် ။ သူ သူ မသေသေးဘူးတဲ့ ။ တကယ်မသေဘူး ။ သတင်းမှားတာပါဆိုတဲ့ ဖုန်းပြန်ဝင်လာတော့ ကျွန်မက အလုပ်ထွက်သွား ၊ ပြန်ရောက်လို့ အမှန်သိရတော့ လည်း အချိန်က ည အပြင်ပြန်ထွက်လို့ မရ၊မတွေ့လိုက်ရချင်လို့ ပါပဲလေ ။ နောက်တစ်နေ့မှာတော့ တကယ် အမှန် ခရစ်တော်မှာ အိပ်ပျော်လေရှာသတဲ့ ။
အိုလေ လွဲမယ့်လွဲတော့လည်း အားလုံးပါပဲ ။ သူ့နောက်ဆုံးနေ့မှာ ကျွန်မတို့တစ်တွေ ဘာလမ်း အိမ်ရှေ့မှာဆုံကြတယ် ။ အချိန်တန်လို့ ကားတွေတန်းစီထွက်ကြတော့ ကျွန်မစီးလာတဲ့ကားက ဟတ်ဘော ကွဲလို့ နောက်ကျ ကျန်ခဲ့ပါရော ၊ ဖြည်းဖြည်း မောင်းလိုက်သွားရတော့ ကားတွေဘယ်ဆီသွားမှန်း မသိရလို့ ကြံတောလိုက်သွား ၊ အဲဒီရောက်တော့လည်း ဘုရားရှိိခိုးကျောင်းမှာပဲ ရှိသေးသတဲ့ ။ လူအုပ်ကြီးကြီးက များမှများ အအေးတိုက်ထဲကလည်း မဝင်နိုင် ၊ ဂူလုပ်ထားတဲ့နေရာက သွားစောင့်ပြန်တော့လည်း ဘယ်တော့မှ သင်းချိိုင်းပြန်ရောက်မယ် မသိဘူး ။ ပရိတ်သတ်က များလွန်းလို့တဲ့ ။
ဒါနဲ့ တစ်ခါ အအေးတိုက်ဘက်က ပြန်စောင့်မယ်လေလို့ ပြန်လျှောက်လာတော့ ကားဖြူကြီးကို အအေးတိုက်ထဲ ရောက်နေတာတွေ့ရတယ် ။ လူကတိုးမပေါက်နိုင်ဘူး ။ လူနင်းခံရတာပဲ အဖတ်တင်တော့ မယ် ထွက်လာမယ့် အပေါက်ဝနားက အုတ်တံတိုင်း ဘေးကပ်ပြီးရပ်နေရတယ်။
သူထွက်လာပြီ ။ အစ်ကိုထွက်လာပြီ ။ ကားအနားတောင် ကျွန်မ မသီနိုင်ဘူး ။ အရေးထဲသူ့ကို ဘယ်လို ဆုတောင်းပေးရမလဲ တွေးကြည့်တယ် ။ သူနဲ့ကျွန်မ ဘာသာကွဲနေပြန်ပြီ ။ အို ဘာပဲဖြစ်ဖြစ် ကျွန်မ က ဗုဒ္ဓဘာသာပဲလေ ။ တတ်နိုင်ဘူး ။ ပြောတတ်တာပဲ ပြောလိုက်ပါတယ် ။
‘ အစ်ကိုရေ……..အမျှ အမျှ အမျှ ’
(မာမာအေး)
(စန္ဒာပုံနှိပ်တိုက် ၁၉၈၉ ဧပြီလထုတ် ဦးဝင်းဦးအမှတ်တရ စာစောင် မှ ကူးယူဖော်ပြသည်။
စာရိုက်ကူညီ - ကိုခမ်းလေး)
Via:Kyaw Lion 🦁
September 3. 2022
No comments:
Post a Comment