Showing posts with label . Show all posts
Showing posts with label . Show all posts

Wednesday, January 10, 2024

“ငယ်ကြိုက်”

“ငယ်ကြိုက်” - မာမာအေး ရေးသည်။



(ဦးဝင်းဦး အမှတ်တရ)

‌ ကျွန်မငယ်ငယ်မြီးကောင်ပေါက်စ အရွယ်တုန်းက အသံလွှင့်တဲ့အခါ မြန်မာ့အသံကနေ တိုက်ရိုက် သီဆိုခဲ့ကြရပါတယ် ၊ ဘယ်အပျော်တမ်းအဖွဲ့ ၊ ဘယ်ကြေးစားအဖွဲ့မဆို ခုခေတ်လို စိတ်ကြိုက်အသံသွင်း စေပြီးမှ အသံလွှင့်ခဲ့ကြတာ မဟုတ်ပါဘူး ၊ ရုပ်ရှင်သီချင်းလည်း ဒီအတိုင်းပါပဲ ၊ ဇာတ်ကားထဲမှာ ဆိုထားတဲ့ သူတွေကိုယ်တိုင်မြန်မာ့အသံမှာ တိုက်ရိုက် သီဆိုပေးကြရပါတယ်။

တစ်နေ့တော့ ချိုတေးဆက် ကိုအောင်ကိုးအဖွဲ့နဲ့ ရုပ်ရှင်သီချင်း အသံလွှင့်ပေးဖို့ အမှတ်(၂၁) ဝင်ဒါ မီယာ ခရက်ဆင့် ( အသံလွှင့်ရုံဟောင်းနေရာ ) ရဲ့ အပေါ်ထပ်ဧည့်ခန်းမှာ ကျွန်မဆိုလှည့်မရောက်သေးတဲ့ အတွက် ထိုင်စောင့်နေခဲ့ပါတယ်။

ဒီအချိန်မှာ သွက်သွက်လက်လက် အပြေးတက်လာတဲ့ သူတစ်ယောက်ကို တွေ့လိုက်ရတယ်လေ။ သူ့ကို ကျွန်မမသိမမြင်ဖူးပါဘဲနဲ့ ရွှင်နေတဲ့ မျက်နှာပေးနဲ့ ပြုံးပြနှုတ်ဆက် ၊ ဘယ်ဆက်ကွေ့ချိုးသွားတယ် ၊ ဘယ်သူပါလိမ့်မလဲ မျက်စိထဲမှာ တစ်ဝဲဝဲရယ်။

မျက်လုံးတွေက ရီလို့ပါလား ၊ နှုတ်ခမ်းလေးက ထွေးလို့ပါလား ၊ အရပ်အမောင်းလည်း ကောင်း လိုက် ပါဘိ။ သူ့အကြည့်ကလည်း သူများနဲ့တစ်ခြားစီနော်။ အသားတော်ကလည်း ဝင်းအိ ညက်စိုဝါသလိုလို စိမ်းသလိုလို ဘယ်လိုလူကြီးပါလိမ့် ၊ အဲ့ဒါဘာဖြစ်တာလဲ ၊ မရူးမရဲနဲ့ အထူးစွဲသွားတယ်ပေါ့။
ကျွန်မလို အရွယ်မှာ သစ်ရွက်လေးလှုပ်တာကလေးတောင် ရယ်ချင်ချင် ဖြစ်တတ်တယ်လို့ လူကြီး တွေက ပြောကြတာပဲလေ။ ကျွန်မအတွေးနဲ့ကျွန်မပြုံးနေမိတာပေါ့ ၊ ဟော့တော့ ဒီလူကြီးကျွန်မဆီ ပြန်လျှောက်လာနေ ပြန်ပြီ။ ကျွန်မမျက်နှာဟာ တစ်ရှိန်းမြမြနဲ့ ဟာဒယက မလုံမလဲ ဖြစ်နေတာ သူသိရင် ဒုက္ခ ဒုက္ခ။

‘ ဟေ့……ညီမလေး ၊ ညည်းက မာမာအေးဆို ဟုတ်လား ’
သူက ကျွန်မကိုမေးတယ် ၊ ကျွန်မလည်း လန့်ဖျပ်ပြီး ခေါင်းပဲ ခပ်မြန်မြန် ညိတ်လိုက်တယ်။            
‘ညီမလေးက သိပ်တော်တာကိုး၊ ဗိုလ်ကိုး(ကိုအောင်ကိုး) က ပြောတယ် ၊ ကိုကို့ သီချင်းကို ညည်းလေးဆီမှာ သွားဆိုပြလိုက်တဲ့ ၊ လိုတာ သူဖြည့်ပေးလိမ့်မယ်တဲ့ ၊ ကဲ…..ကိုကို့ အတွက်ဆရာမလေး လုပ်ပေးနော် ၊ ကဲ ဆိုပြီ နားထောင် ’

ကျွန်မမှာ အာစေးထည့်ထားသလို ဖြစ်နေတုန်း သူကချည်း ပြောပြောဆိုဆို လုပ်နေတဲ့လူကြီးချော ချောကို ကျွန်မငေးကြည့်နေရပါတယ် ၊ ဂီတသမား နားပါးပါး ရှိလို့တော်တော့တယ် ၊ သူ့အသံက ချိုနွဲ့နွဲ့လေး ပါ ၊ ဒါပေမယ့် လည်ပင်း အစ်သံလေးတွေထွက်နေတယ် ၊ တစ်ချက်တစ်ချက် အသံကဆောင့်ဆောင့်ထွက် တယ် ၊ သီချင်းသံ မရောက်သေးခင် သူ့သီချင်းသားက ရှေ့ကိုနည်းနည်း ရောက်ရောက်နေတယ်ဆိုတာ        ကျွန်မခံစားမိပါတယ် ၊ ဒီလိုအသံမျိုး ဆိုပုံမျိုးကြားဖူးတယ် ၊ ဘယ်သူနဲ့ တူပါလိမ့်လို့လည်း ကျွန်မ စဉ်းစား တယ် ၊ သူ့သီချင်းသံဆုံးသွားတော့ မှ သူ့ကို ကျွန်မ စကားစပြောရတယ်။

   ‘ ကိုကိုက ခု အသံလွှင့်မလို့လား ’
သူ့ကိုယ်သူ ‘ ကိုကို ’ ဆိုလို့ ကျွန်မကလိုက်ပြီး ကိုကို လို့ ခေါ်ရပေမယ့် နှုတ်ကတော့ ခပ်တွန့်တွန့်ဖြစ် မိသား ၊ ဒီခေတ်တုန်းက သမုဒယပိုင်ရှင်ကိုသာ ‘ ကိုကို ’ လို့ ခေါ်တတ်ပေသကိုး ၊ ခုမျက်မှောက်ခေတ်မှာ      ‘ ကိုကို ’ တွေ ခေတ်ထနေသလိုပေါ့ ။
‘ ဟုတ်တယ်လေ ၊ ဘာဖြစ်လို့လဲ ကိုကို့ အသံ မကောင်းလို့လား ’
‘ မဟုတ်ဘူးဗျ ၊ သီချင်းတိုက်တုန်းက ခင်ဗျားကို ကျွန်တော် မတွေ့လို့ ’
မေးလိုက်ဖြေလိုက် နှစ်ခါလောက်ပြောပြီးတဲ့အခါမှာတော့ ကျွန်မစိတ်ဟာ ပုံမှန်ပြန်ဖြစ်သွားပါပြီ။ သူ့ကိုလည်း နှုတ်မရဲဘဲ ကိုကိုလို့ မခေါ်တော့ဘူး ၊ ပြောရိုးပြောစဉ် ခင်ဗျား ကျွန်တော်ပဲဖြစ်သွားတယ်။
‘ ဟုတ်တယ် အစီအစဉ်မရှိပါဘူး ၊ ခုမှကိစ္စနှစ်ခုရှိလို့ ရောက်လာတာ ကဲ ဘာလိုသေးလဲ ပြောစမ်းပါ ဦး ’ သူက ကျွန်မအမေးကိုဖြေလဲ ဖြေတယ် ၊ မေးလဲမေးတယ် ။

‘ ကျွန်တော်ထင်တာ ပြောရရင်တော့ ခင်ဗျား သီချင်း မကြေသေးဘူး ၊ ရဲရဲသာဆိုပါဗျာ ၊ အတီးသံ ထက်စောပြီး ခင်ဗျားကရောက်ရောက်နေတာ တစ်ခုပါပဲ ၊ ခင်ဗျား တစ်ခေါက်ပြန်ဆိုပြဦး ၊ ဒါမှ လိုတာပြော ပေးလို့ရမှာ ’ လို့ သူ့ကိုထပ်ဆိုခိုင်းလိုက်ပါတယ် ။ ကျွန်မက ကလေး ၊ သူက လူကြီး ၊ ဒါပေမယ့် သူပြန်ဆိုပြ ပါတယ် ။ ကျွန်မကလည်း သူလိုတဲ့နေရာလေးတွေကို ဖြည့်ပေးလိုက်တယ် ၊ သူဆိုတဲ့ သီချင်းနာမည်ကတော့  ‘ ငါ သို့မဟုတ် အရှုံးစစ်ဘုရင် ’ တဲ့။ အသံလွှင့်ကြတော့ သူနဲ့ကျွန်မရှေ့နောက်ဖြစ်နေလို့ သူဘယ်နာမည်နဲ့ အသံလွှင့်ခဲ့တယ်ဆိုတာ မသိလိုက်တော့ပါဘူး ၊ တစ်ဦးသီချင်း ဆုံးကာနီးတော့မှ နောက်တစ်ဦးက အသံလွှင့် ခန်းထဲကို အသံမထွက်စေရအောင် ဝင်ခဲ့ရတာမို့ အသံထိန်းတံခါးဝမှာ ကျွန်မကရပ်စောင့်နေခဲ့ရလို့ပါပဲ ။ ကျွန်မဟာ ဘယ်အခါမဆို နောက်ဆုံးမှ ဆိုရတတ်ပါတယ်။ မျက်နှာ အရိပ်အကဲ ၊ အမူအရာ အချက်ပြစနစ် သုံးရတာမျိုးမှာ ဆိုတဲ့လူက မပါးရင် အသံလွှင့်ချိန်ကျော်သွားပြီး သီချင်းဖြတ်တာ ခံရတတ်လို့ဖြစ်ပါတယ်။

ကျွန်မဆိုပြီးတဲ့အခါ သူမရှိတော့ပါဘူး။ ပစ္စည်းသိမ်းကြ ၊ ကားပေါ်တင်ကြလုပ်နေတုန်းမှာ ကိုအောင်ကိုး ကျွန်မအနားရောက်လာပါတယ်။ ဒီတော့မှ မေးကြည့်လိုက်တော့ ချစ်ဒုက္ခ ဦးဘညွန့်ရဲ့သား      
‘ဗိုလ်ကိုဦး ’ ဆိုပဲ ။

‘  သူနောက်သီချင်း လာဆိုဦးမှာလား အစ်ကိုအောင်ကိုး ’ ကျွန်မ မလိုဘဲနဲ့ မေးမိသေးတယ်။
‘  မဆိုပါဘူးဟာ ၊ အခုဟာက တို့မင်းသမီးကိုလာပိုးတာလေ ၊ ပြီးတော့ သူ့သူငယ်ချင်းတွေနဲ့ အလောင်းအစား လုပ်လာလို့တဲ့ဟ ’ ကိုအောင်ကိုးက ဒီလိုပြောတော့မှ စောစောကသူပြောတဲ့ ‘  ကိစ္စနှစ်ခု ရှိလို့ ’ ဆိုတာကို သဘောပေါက်သွားတယ် ၊ ဟုတ်မှာပဲ ၊ ကိုအောင်ကိုးပြောတဲ့ တို့မင်းသမီးဆိုတာ ကျွန်မတို့ဂီတ အသိုင်းအဝိုင်းထဲကကိုး ၊ အင်မတန်ချစ်စရာကောင်းတယ် ၊ လှလည်းလှပါတယ် ၊ သူနဲ့ဆိုသိပ်လိုက်တာ ပေါ့ ၊ သူတို့ရသွား ပါစေလို့ဆုတောင်း လိုက်မိတယ်။

‘  ဟေ့ ၊ ဘာငြိမ်နေတာလဲ ၊ နင်လဲ တင့်တင့်တို့ အရွယ် ဆိုပြီးတော့ စိတ်ကူးယဉ်နေတာလား ၊ ’
‘  စိတ်ကူးမယဉ်ပါဘူးဗျာ ၊ လူကြီးက တကယ်ချောတယ်နော် အစ်ကို အောင်ကိုး ၊ ကျွန်တော် သိပ်ကြိုက်တာပဲ ’

‘  ဟာ ဒီသောက်ရူးမ ၊ ပြောရမှန်းမသိ ၊ မပြောရမှန်းမသိ ’ ကိုအောင်ကိုးက ပြောပြောဆိုဆို ကျွန်မ ခေါင်းကို ပိတ်ထုလိုက်ပြီး ခွက်ထိုး ခွက်လန် ရယ်နေပါတယ်။

‘  ကျွန်တော်ကြိုက်လို့ ကြိုက်တယ်ပြောတာ ဘာဖြစ်လဲ ၊ သူ့တစ်ကိုယ်လုံးမကြိုက်စရာ ဘာရှိလို့လဲ ’ ခေါင်းကို အထုခံရလို့ ဒေါပွသွားတဲ့ ကျွန်မက ကုန်းအော်ပစ်လိုက်တယ်။ လူကြီးတွေ အတော်များများဟာ ကလေးတွေ မကြိုက်တာမှ ပြောတတ်တယ် ၊ မကျေနပ်အောင် ၊ ငိုရအောင်အထိ ကျီစယ်တတ်တဲ့အတိုင်း ကိုအောင်ကိုးလည်း ဒီအချိန်က ကျွန်မကို ဆက်ပြီး စတော့တာပဲ။

‘  အေး ကြိုက်ကြိုက် ၊ တစ်ကိုယ်လုံးကြိုက် ၊ နင့်အတွက် ကျောက်ပျဉ်ရွက် စောင့်ခိုင်းထားမယ်လို့ တောင် ပြောစရာ မလိုဘူး ၊ ဟိုက နိုင်ငံခြား ပညာသင် သွားတော့မှာ သိလား ပြန်လာမှ ပြန်လာမှ ’
‘  အို တော်စမ်းပါဗျာ ၊ ကျွန်တော်ကြိုက်တယ်ဆိုတာက သူ့ပုံစံသူချောလို့ ၊ အရုပ်ကလေးတွေ ၊ လှတာလေးတွေ ကြိုက်သလို ကြိုက်တာသိရဲ့လား ၊ သူ့ကိုကြိုက်လွန်းလို့ ငေးချင်တာမျိုး ကြိုက်တာ ၊ သူ့ကို ကြည့်ပြီး ကျွန်တော်အကိုကြီးများ ဖြစ်ပါစေတော့လို့တောင် ဆုတောင်းချင်တယ်။ ကျွန်တော်တို့ မင်းသမီး လှလှလေးနဲ့လည်း ရပါစေလို့ ဆုတောင်းတယ်သိလား ၊ ကျွန်တော်ချစ်တာမဟုတ်ဘူး ။ ကြိုက်တာဗျ ကြိုက်တာ ၊ ယူချင်းယူ ကျွန်တော်က မိန်းမဘဲ ယူမယ် ကဲ မှတ်ထား။

*****************
အပိုင်း - (၂)




ဦးဝင်းဦး အမှတ်တရ

မိုးသက်လေ နှင်းစက်တွေ ၊ သစ်ရွက်ကြွေချိန်တွေ ဘယ်နှစ်ကြိမ်ရှိပြီလဲ ၊ မမှတ်မိတော့ပါဘူး ၊ ဒီအဖြစ်ကလေး ကိုတော့ မမေ့ဖြစ်ဘူး ၊ ကိုကိုဆိုတဲ့ ဒီလူကြီး ဟိုအဝေးခရီးက အဆွေးတွေ ပွေ့ပိုက်ပြီးပြန် လာတယ်ဆိုလား ။ နားစွန်နားဖျား ကြားလားကြားရဲ့ ၊ ကြားတော့လည်း သနားမိပြန်ရဲ့ ၊ ခင်သာခင် မမြင်ရ တော့ မေ့လျော့လျော့ပါပဲ။

အိမ်ထောင်စုနဲ့ဖြစ်လာတဲ့ ကျွန်မဘဝမှာ တီတီတာတာ ကြည်သာစရာလေးတွေရှိလာပြီ ၊ အိမ်ကိစ္စ ရုံးကိစ္စ ၊ သား သမီး ကိစ္စ ၊ သီချင်းဆိုတဲ့ ကိစ္စတွေနဲ့ လွတ်တဲ့အခါစာပေနဲ့ အပန်းဖြေဖြစ်လာပြီ ၊ ကျွန်မဖတ် လေ့ရှိတဲ့ ဗန်းမော်တင်အောင် ၊ ဒဂုန်တာရာ ၊ ခင်နှင်းယု ၊အောင်လင်း ၊နတ်နွယ် ၊ တက္ကသိုလ်ဘုန်းနိုင်တို့နဲ့ လိုင်းခွဲလာတဲ့ စာရေးဆရာတစ်ယောက်တွေ့လာတယ် ၊ ‘  ဝင်းဦး ’ တဲ့ ။
ဒီစာရေးဆရာ ဝင်းဦးရဲ့ ပရိတ်သတ်အဖြစ်နဲ့ စိတ်ဝင်စားနေတုန်းမှာပဲ စာရေးဆရာဝင်းဦး ရုပ်ရှင် ရိုက်မယ်ဆိုတဲ့ သတင်းကြားရပါတယ် ၊ မကြာပါဘူး ။ကြော်ငြာ ဒီဇိုင်းတွေပေါ်မှာ ဖော်ပြလာလို့ကြည့်မိ တော့ ‘  ဝင်းဦး ’ ဆိုတဲ့ သူဟာ ‘  ကိုကို ’ လို့ပြောခဲ့တဲ့ ‘  ဗိုလ်ကိုဦး ’ ပါလား။

‘  နှစ်ယောက်ထဲ နေချင်တယ် ’ ဇာတ်ကား ကျွန်မသွားကြည့်ပါတယ် ။ ဇာတ်ကားတွေအများကြီးမှာ ကျွန်မဆိုပေးခဲ့ပေမယ့် ရုံတင်တဲ့အခါ မကြည့်ဖြစ်ပါဘူး ။ ရင်းနှီးတဲ့ မိတ်ဆွေတွေရဲ့ ရုပ်ရှင် အထူးပွဲတွေကို တော့ ကြည့်ပါတယ် ၊ သူ့ကျတော့ ငယ်ငယ်ထဲက ကြိုက်လို့ကြည့်တာပါ။ ခုတော့လည်း ကြိုက်တယ် ။ သူ့စာ လည်း ကြိုက်တယ်။ မင်းသားအဖြစ်လည်း ကြိုက်ပြန်ရော ။

သူက မင်းသား ၊ ကျွန်မက အဆိုတော် ၊ အနုပညာ စည်းဝိုင်းထဲမှာပေမယ့် တော်တော်နဲ့ မတွေ့ဖြစ် ကြဘူး ၊ ဂီတဆည်းဆာပွဲ ကျိုက္ကဆံကွင်းမှာ သူလာနွှဲမှတွေ့ဖြစ်ပါတယ် ၊ ဒီအချိန်မှာ သူကနာမည်ကြီးလှပြီ ၊ လူဝိုင်းလှပြီပေါ့ ။

သူကပွဲကို စရောက်လာတဲ့နေ့က ဇာတ်ခုံနောက်မှာ ကြွက်စီကြွက်စီ ရွစိရွစိနဲ့ပါပဲ ၊ ကျွန်မ သူဝင်လာ တာလည်း အဝေးကလှမ်းမြင်ရတယ် ။ သူ့ကိုကပ်တော့မယ့်သူတွေကိုလည်း တွေ့သိနေပါတယ် ။ ဒါပေမယ့် ကျွန်မမှာ မာနတစ်ခုရှိပါတယ် ။ မျက်နှာလို မျက်နှာရလုပ်ချင်လို့ ၊ အခွင့်အရေး တစ်ခုခုရချင်လို့၊ နာမည်ကြီး မျက်နှာကြီးမို့ ကပ်တာပါလို့ အထင်ခံရမှာ ၊ ရှက်တဲ့မာနပါ ။ ဒါကြောင့် ထိုင်ကြည့်နေလိုက်တယ် ။ ကျွန်မက စပြီး သူ့ကို မခေါ်ချင် ဘူးလေ ။

ကျွန်မဟာ ဒီအချိန်က ဂီတကောင်စီ အမှုဆောင် အဖွဲ့ဝင်ဖြစ်နေလို့ ပွဲသိမ်းမှ ပြန်ရပါတယ် ၊ ညသန်း ခေါင်ကျော် ပွဲသိမ်းနေပြီ သူမပြန်သေးဘူး ၊ ကျွန်မကအိမ်ပြန်ရတော့မယ် ၊ ပြန်တော့လည်း သူတို့ရှိတဲ့နေရာ ကပဲ ဖြတ်သွားမှရမယ် ၊ဒီတော့လည်း အနားကဖြတ်သွားရတော့တယ် ။ ကွင်းထဲမှာနေရတဲ့ အမှုဆောင်တွေ က ကျွန်မပြန်တော့မှာလား ခဏထိုင်ပါဦးနဲ့ဝိုင်းပြောကြတော့ သူ့ရှေ့က ခုံတစ်လုံးမှာ ဝင်ထိုင်လိုက် ရပါတယ်။

‘  မိတ်ဆက်ပေးရဦးမယ် ခင်မောင်အေးရေ ၊ ဒီမယ် ကိုဝင်းဦး မာမာအေးဆိုတ သူလေ ။ ကျွန်တော် တို့အုပ်စုကတော့ သူ့ကို ခင်မောင်အေး လို့ပဲခေါ်တယ် ’ ကိုသန်းလှိုင်က ဒီလိုမိတ်ဆက်ပေးတော့ ကျွန်မရယ် ချင်တယ် ၊ သူကတော့ မင်းသားလေ ။ ပြုံးစေ့စေ့ သူ့ပုံစံ ဖမ်းစားတဲ့အတိုင်း မပွင့်တစ်ပွင့်နဲ့ပေါ့ ၊ ကျွန်မစိတ် ထဲမှာ တင်းသွားတယ်။
‘  သိပြီးသားပါဗျာ ၊ ဗိုလ်ကိုဦးဘဝတုန်းက ’ လို့ တုံးတိတိပဲ ပြောချလိုက်တယ်။

‘ အစ်ကို ကလဲ မှတ်မိပါတယ်ဗျာ ၊ ခု အေးက ငယ်ငယ်တုန်းကလို မဝတော့ဘူး လှတယ်ကွာ ’ လို့ အသံအစ်အစ်နဲ့ ပြန်ပြောတယ် ။ ပြောပြီဆိုလည်း ထုံးစံအတိုင်းသူချည်းပါပဲ ။ ကျွန်မကို သီချင်းသင်ခိုင်းရတဲ့ အကြောင်း ၊ သူငယ်ချင်းတွေနဲ့ ပုလင်းကြေးလောင်းပြီး ဆိုဖြစ်သွားတဲ့ အကြောင်းကစပြီး သူ့အကြောင်း ကျွန်မအကြောင်း မေးလိုက်ပြောလိုက်နဲ့  ဂီတဆည်းဆာကနေ နံနက်ဆည်းဆာ ရောက်ပါရော သူလဲ            ‘  အစ်ကို ’ ဖြစ် ၊ ကျွန်မလဲ ‘  အေး ’ ဖြစ်သွားတယ်။

ဒီကတည်းက ပြန်တွေ့ကြပြီး သီချင်းဆိုလည်းတွေ့ ၊ ဂီတပဒေသာလည်းတွေ့ ၊ အသံလွှင့်ရုံမှာလည်း တွေ့ ၊ ရုပ်ရှင်သီချင်း သွင်းတော့လည်း တွေ့ ၊ သူ့အိမ်ကိုယ်သွား ကိုယ့်အိမ်သူလာ နဲ့ အင်မတန်ကို ရင်းနှီးလာ ကြပါတယ် ။ သူခရီးသွားတိုင်း လက်ဆောင်ပါတယ် ။ ကိုယ်ခရီးသွားဖြစ်တော့လည်း လက်ဆောင်ပို့တဲ့ အကျင့်ပြန်လုပ်ရတယ် ။ လက်ဆောင်ပေးတတ်တဲ့ အလေ့အထက ကျွန်မမှာ မရှိခဲ့ဖူးဘူး ။

ကျွန်မရဲ့ ဘဝခရီး ဖော်ကိုသာ ပေးခဲ့ဖူးတယ် ။ ခုကျတော့ သူများပေးတဲ့ လက်ဆောင်ကိုချည်း ယူပြီး ဝမ်းသာခင်မင်နေမယ့် အစား ကိုယ့်လိုပဲ လက်ဆောင်ရရင် ပျော်ရွှင်ခင်မင်စေမယ်လို့ လက်ဆောင်ပါးတတ်နေတော့တယ် ၊ သူက ကောက်လိုက် ၊ ကိုယ်က ကောက်လိုက်တွေလည်း ရှိပါတယ် ။ ကျွန်မတို့ ဂီတအသိုင်းအဝိုင်းတွေနဲ့ ကိုဝင်းဦး ဟာလည်း ရုပ်ရှင်အဖွဲ့တွေထက် ရင်းနှီးပါတယ် ။ ဝိုင်းဝန်း ကာကွယ်မြှောက်တင် ပို့ပေးကြပါတယ် ။
ကိုဝင်းဦးဟာ အပေါင်းအသင်းခင်မင် လွန်းတတ်တဲ့ ဉာဉ်ရှိတဲ့အတိုင်း ကောင်းကောင်းအိပ် ၊ ကောင်းကောင်းစား ၊ အချိန်မှန်ဆိုတာ မတွေ့မိဘူး ။ အပေါင်းအသင်း အသိုင်းအဝန်း စုံလာတဲ့အခါ ကျွန်မ တို့ တစ်တွေနဲ့ တစ်ဖြည်းဖြည်း ဝေးလာရာက စန္ဒာမဂ္ဂဇင်းထုတ်တဲ့ အချိန်ကစပြီး လုံးဝနီးနီး မတွေ့ဖြစ်တော့ ဘူး။ ကျွန်မရဲ့ ကိုယ်ရေးကိစ္စတစ်ခုကြောင့် ကျွန်မသူ့ကိုကောက်ထားတာ ကြာပါပြီ ။ ပြန်ခေါ်တာ သုံးလေး နှစ်လောက်ပဲ ရှိဦးမယ် ထင်ပါရဲ့ ။

သူနဲ့ ကျွန်မနောက်ဆုံး တွေ့လိုက်တာ ၁၉၈၈ ပြည်ထောင်စုနေ့ညစာစားပွဲမှာပါ ။ သူက ကျွန်မကို တွေ့တာနဲ့ မေးပါတယ် ။
‘  အေး ပိန်သွားလိုက်တာ ၊ နေမကောင်းဘူးလား ’ တဲ့ ။

‘  ကောင်းပါတယ် ၊ ပိန်သွားတာ ခရီးပန်းလို့ပါ ၊ ပြည်ထောင်စုအလံတော် နားတဲ့ ပေါက်တို့ ၊ ရေစကြိုတို့ အထိသွားခဲ့ပြီး ဒီပွဲကို အမီပြန်ရောက်အောင် လာရတော့ အပြေးအလွှားပဲ ၊ အေးသာ ပိန်တယ် ပြောနေတယ် အစ်ကိုလည်း ပိန်တာပဲ ၊ ဘာလဲ ဝိတ်လျှော့နေတာလား ’ လို့ ကျွန်မ ပြန်မေးတော့ အစာအိမ် ရောဂါ ရနေတယ် ၊ အရည်ပဲသောက်နေရလို့တဲ့ ။

ဒီပွဲပြီးလို့ သိပ်မကြာပါဘူး ။ အစာအိမ်ရောဂါ မဟုတ်ကြောင်း ၊ နိုင်ငံခြားမှာ‌ဆေးသွားကုတဲ့ အကြောင်းတွေကြားလာရတယ် ။ အနုပညာ ချစ်မြတ်နိုးသူကျွန်မအနေနဲ့ ဘက်စုံတော်တဲ့ ပညာရှင်တစ်ဦး အသက်ရှည်ပါစေလို့ ဆုတောင်းမိတာ အမှန်ပါပဲ ။

ပြန်ရောက်ပြီလို့ ကြားတော့လည်း ကျွန်မ မရောက်နိုင် မမေးနိုင်ခင်မှာပဲ မန္တလေး တက်သွားတယ် လို့ ကြားရတယ် ။ ကျွန်မက မန္တလေးရောက်သွားပြန်တော့သူကရန်ကုန် ဆင်းသွားပြီ ။ စိတ်ကဘဝင်မကျလို့ မြို့မအဖွဲ့တော်သားတွေဆီ မေးမိတယ် ‘  သီချင်းများများဆိုနိုင်သေးရဲ့လား ’ လို့ ။

အဖြေကတော့ သိပ်အားမရဘူး ။ သုံးပုဒ်လောက်ပဲ ဆိုနိုင်သတဲ့ ။ ဒါဆို မဟုတ်သေးဘူး ဆိုတာ ကျွန်မခံစားလို့ရပါတယ် ၊ ကိုဝင်းဦးဟာ တစ်ခါဆိုရင် ဆယ်ပုဒ်လောက်ဆိုချင်တဲ့ သူပါ ။ သိပ်ကိုလောဘ တကြီး ဆိုတတ်ပါတယ် ။ သူ့အသံက ကြာကြာဆိုလည်း မကျတတ်ပါဘူး ။

ရန်ကုန်ကို ကျွန်မပြန်ရောက်တော့ သူပြန်လဲနေပြီ ၊ လွန်နေပြီဆိုတာ ကြားရတယ် ။ ဒါကြောင့် ကျွန်မတို့ အရင်းနှီးဆုံး ဂီတအုပ်စုတစ်စုလုံး သွားဖို့စီစဉ်ကြတယ် ။ လူမစုံလို့ နောက်နေ့ညပိုင်းသွားကြဖို့ စီစဉ်လိုက်တယ် ။ ဒီလိုနောက်နေ့ဆက်ချိန်းတာကို မသိလိုက်လို့ ရောက်သွားတဲ့ သူငယ်ချင်းမြင့်ငွေက ကျွန်မဆီ ဖုန်းဆက်တယ် ။

‘  ခင်မောင်အေး မင်း သွားမကြည့်ပါနဲ့တော့ကွာ ၊ ကျသွားလိုက်တာ မမှတ်မိစရာဘဲ ၊ မင်းမှာလဲ ရောဂါနဲ့မို့လား မသွားပါနဲ့ တော့ကွာ ’ တဲ့ ။
‘  ဘာဖြစ်ဖြစ်ကွာ ၊ သွားကြည့်ရမယ် ။ တို့အားလုံး စုသွားကြဖို့ ချိန်းပြီးသား ၊ တော်ကြာ ကိုသန်းလှိုင်တုန်းကလို မတွေ့လိုက်ရလေခြင်းလို့ ငါထပ်ခံစားနေရဦးမယ် ’ လို့ ပြန်ပြောလိုက်တယ် ။ နောက်နေ့ မှာကလည်း ကျွန်မစီးရီးတစ်ခု အသံထပ်ဖို့အတွက် စတူဒီယိုက ချိန်းပြီးနေတာကြောင့် ညနေမှ လူစုသွားကြဖို့ စီစဉ်ထားတယ် ။

နောက်နေ့မနက် (၈) နာရီလောက် ဖုန်းဝင်လာတယ် ။
‘  ဆုံးရှာပြီ သူငယ်ချင်းရေ ’ တဲ့ ။
‘  အင်း ဒါဆိုလဲ ပြီးရောပေါ့ကွာ ၊ ပို့တော့မှပဲ သွားရတော့မှာပေါ့ ၊ တို့တစ်တွေဘယ်လိုစုပြီး ပို့ရမလဲ ဆိုတာသာ စီစဉ်လိုက်ကြတော့ ညနေမလာတော့ဘူး ’ လို့ ဖုန်းပြောခဲ့ပြီး စတူဒီယိုကိုထွက်ခဲ့တယ် ။ အဲ့ဒီ စတူဒီယိုကလည်း ဖြုတ်တော့မှာမို့ မလုပ်လို့ကမရ ၊ ဖုန်းလည်းဖြုတ်ထားတော့ ဘာမှနောက်ထပ် မသိရ တော့ပါဘူး ။

ညနေ အိမ်ပြန်ရောက်တော့ အိမ်ကဆီးပြောတယ် ။ သူ သူ မသေသေးဘူးတဲ့ ။  တကယ်မသေဘူး ။ သတင်းမှားတာပါဆိုတဲ့ ဖုန်းပြန်ဝင်လာတော့ ကျွန်မက အလုပ်ထွက်သွား ၊ ပြန်ရောက်လို့ အမှန်သိရတော့ လည်း အချိန်က ည အပြင်ပြန်ထွက်လို့ မရ၊မတွေ့လိုက်ရချင်လို့ ပါပဲလေ ။ နောက်တစ်နေ့မှာတော့ တကယ် အမှန် ခရစ်တော်မှာ အိပ်ပျော်လေရှာသတဲ့ ။

အိုလေ လွဲမယ့်လွဲတော့လည်း အားလုံးပါပဲ ။ သူ့နောက်ဆုံးနေ့မှာ ကျွန်မတို့တစ်တွေ ဘာလမ်း အိမ်ရှေ့မှာဆုံကြတယ် ။ အချိန်တန်လို့ ကားတွေတန်းစီထွက်ကြတော့ ကျွန်မစီးလာတဲ့ကားက ဟတ်ဘော ကွဲလို့ နောက်ကျ ကျန်ခဲ့ပါရော ၊ ဖြည်းဖြည်း မောင်းလိုက်သွားရတော့ ကားတွေဘယ်ဆီသွားမှန်း မသိရလို့ ကြံတောလိုက်သွား ၊ အဲဒီရောက်တော့လည်း ဘုရားရှိိခိုးကျောင်းမှာပဲ ရှိသေးသတဲ့ ။ လူအုပ်ကြီးကြီးက များမှများ အအေးတိုက်ထဲကလည်း မဝင်နိုင် ၊ ဂူလုပ်ထားတဲ့နေရာက သွားစောင့်ပြန်တော့လည်း ဘယ်တော့မှ သင်းချိိုင်းပြန်ရောက်မယ် မသိဘူး ။ ပရိတ်သတ်က များလွန်းလို့တဲ့ ။

ဒါနဲ့ တစ်ခါ အအေးတိုက်ဘက်က ပြန်စောင့်မယ်လေလို့ ပြန်လျှောက်လာတော့ ကားဖြူကြီးကို အအေးတိုက်ထဲ ရောက်နေတာတွေ့ရတယ် ။ လူကတိုးမပေါက်နိုင်ဘူး ။ လူနင်းခံရတာပဲ အဖတ်တင်တော့ မယ် ထွက်လာမယ့် အပေါက်ဝနားက အုတ်တံတိုင်း ဘေးကပ်ပြီးရပ်နေရတယ်။

သူထွက်လာပြီ ။ အစ်ကိုထွက်လာပြီ ။ ကားအနားတောင် ကျွန်မ မသီနိုင်ဘူး ။ အရေးထဲသူ့ကို ဘယ်လို ဆုတောင်းပေးရမလဲ တွေးကြည့်တယ် ။ သူနဲ့ကျွန်မ ဘာသာကွဲနေပြန်ပြီ ။ အို ဘာပဲဖြစ်ဖြစ် ကျွန်မ က ဗုဒ္ဓဘာသာပဲလေ ။ တတ်နိုင်ဘူး ။ ပြောတတ်တာပဲ ပြောလိုက်ပါတယ် ။

‘  အစ်ကိုရေ……..အမျှ   အမျှ    အမျှ ’

(မာမာအေး)

(စန္ဒာပုံနှိပ်တိုက် ၁၉၈၉ ဧပြီလထုတ် ဦးဝင်းဦးအမှတ်တရ စာစောင် မှ ကူးယူဖော်ပြသည်။
စာရိုက်ကူညီ - ကိုခမ်းလေး)

Via:Kyaw Lion 🦁
September 3. 2022

Wednesday, November 1, 2023

ဂန္ထဝင်ဇာတ်မင်းသားကြီးတစ်ဦး သို့မဟုတ် ပုလဲစိန်"

“ဂန္ထဝင်မတွင်ခဲ့သော ဂန္ထဝင်ဇာတ်မင်းသားကြီးတစ်ဦး သို့မဟုတ် ပုလဲစိန်"




မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ အပိုင် ကျပင်းကျေးရွာအုပ်စုဝင် ကုက္ကိုတန်းကျေးရွာသည် ဆင်ဖြူကျွန်း-ချောက် သွား ကားလမ်းမကြီး၏ ဘယ်ဘက်ခြမ်းတွင်တည်ရှိသောရွာကြီးတစ်ရွာဖြစ်၏။


ကုက္ကိုတန်းကျေးရွာမှာ ရုပ်ကြီးစင်ပိုင်ဆရာညို(ကျပင်းဆရာဖီး၏ ဇာတ်ဆရာ)၊ မင်းသမီးကြီး ရွှေဘော်မြ(ခ) ဦးမြခဲ၊ ဦးသောင်း(ခေါ်) နိုင်ငံကျော်ဇာတ်မင်းသားကြီး

ဦးပုလဲစိန် တို့ကို မွေးဖွားပေးခဲ့သော ရွာကြီးပင်ဖြစ်လေသည်။


ကျွန်တော် ယခုရေးနေသော ‘ နိုင်ငံကျော်ဇာတ်မင်းသားကြီး ဦးပုလဲစိန်' ၏ ဘဝဇာတ်ကြောင်းသည် ပြီးပြည့်စုံသော အကြောင်းအရာ ဟု မဆိုသာပေ။ အဘယ်ကြောင့်မူ စာရေးသူသည် နိုင်ငံကျော်ဇာတ်မင်းသားကြီး ဦးပုလဲစိန် ကို မြင်ဖူး၊ တွေ့ဖူးခြင်းမရှိ၊ ကြားဖူးယုံသာရှိသူဖြစ်သည်။

စာရေးသူ၏ ဇာတိ နေပူကန်ရွာနှင် ကုက္ကိုတန်းရွာသည်

(၂)ဖာလုံခန့်ဝေးမည်ထင်သည်။ နှစ်ရွာ့ တစ်ရွာ ဖြစ်သော်

လည်း ဦးပုလဲစိန်၏ မိဘများကို စာရေးသူမိဘများမှပြော

၍ သိခွင့်ရခဲ့သည်။ ဦးပုလဲစိန် ကိုဖြင့် နှစ်နှစ်ကာကာ မသိခဲ့ပါ။

ယခုအခါတွင် စိတ်ပါလက်ပါ လေ့လာထားသောအချက်အလက်များသည်ပင် ‘နိုင်ငံကျော်ဇာတ်မင်း

သားကြီး ဦးပုလဲစိန်' အကြောင်း အကျဉ်းမျှသာဖြစ်ပါလိမ့်မည်ဆိုတာကိုဦးစွာ ဝန်ခံပါသည်။


“ဇာတိချက်ကြွေ မွေရပ်မြေနှင့်ငယ်နာမည်"

---------------------------------

ကုက္ကိုတန်းကျေးရွာတွင် ဓါးမဦးချနေထိုင်ကြပါသော

တောင်သူမျိုးရိုး ဦးဉာဏ်+ ဒေါ်လှဝိုင်း တို့မှ မြန်မာသက္ကရာဇ် ၁၂၉၄ ခုနှစ်၊ တပိုတွဲလဆန်း(၈)ရက်၊ သောကြာ နေ့တွင် ဖွားမြင်သော သားရတနာဖြစ်သည်။ ငယ်မည်မှာ

‘မောင်သောင်း 'ဖြစ်သည်။


“ ဆရာထံမှာပညာရှာ"

-----------------

တောင်သူမျိုးရိုးမှ ဆင်းသက်မွေးဖွားလာသော

‘ မောင်သောင်း' ကလေးသည် ငယ်စဉ်ကပင် အဆို၊ အက

ဝါသနာကြီးကာ ရပ်ရွာပွဲများတွင် ပါဝင်သီဆိုခဲ၏။ ဒေသခံသဘင်သည်များထံတွင်လည်း နည်းခံလေ၏။

‘ ပုလဲစိန်' လောင်းလျာ ‘ မောင်သောင်း' ကလေး ထိုသို့

အဆို၊အက ဝါသနာကြီးသည်မှာ ရေခံမြေခံကောင်းသော

ရပ်ရွာဒေသ ကြောင့်ပင်ဖြစ်ပေလိမ့်မည်။

၁၉၄၉ ခုနှစ်တွင် သဘင်ပညာရှင်‘ ဗလလေး'(ဦးထွန်းရင်)

ဆင်ဖြူကျွန်းမြို့သို့ရောက်ရှိလာ၏။ ‘ ဗလလေး'သည်

‘အောင်ဗလ' ကျော်ကြားစကပင် အနီးကပ် တပည့်ခံကာ

သဘင်ပညာသင်ယူခဲ့ပြီး၊ “ အောင်ဗလ" အမည်မှ ‘ ဗလ'

ကိုယူကာ ‘ဗလလေး' ဟု ကျော်ကြားလာသူဖြစ်၏။

‘ အောင်ဗလ' ထံမှ သဘင်ပညာရော နာမည်ပါဆက်ခံ၍

မင်းသားအဖြစ်ရော ယောက်ျား မင်းသမီးအဖြစ်ပါ ကပြနိုင်သော ထင်ရှားသည့် သဘင်ပညာရှင် တစ်ဦးဖြစ်လေသည်။

သဘင်ရည်ပြည့်ဝသော ‘ ဗလလေး'(ဦးထွန်ရင်)သည်

အသက်အရွယ်ကြီးရင့်လာသောအခါ သူ့ဆရာရင်း၏မြို့လည်းဖြစ်၊ သူ့အပေါင်းအသင်များရှိရာ မြို့ဖြစ်သည့်

“ ဆင်ဖြူကျွန်း" သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

‘ ဗလလေး' သည် ညဦးပိုင်းများ၌ ဆင်ဖြူကျွန်းမြို့၏

မြို့လယ်ခေါင်လမ်းမတော်အရှေ့ဖျားမှ အနောက်ဖျားထိအောင် လမ်းလျှောက်ရင်း ကြေးစည်တီးကာ အန္တရာယ်ကင်းဂါထာများကိုရွတ်လေ့ရှိသည်။ သူ့အား “မင်းသားဘဘကြီး" ဟု ခင်မင်စွာ ခေါ်ဝေါ်ကြလေသည်။

“ မင်းသားဘဘကြီး" (ခေါ်) “ ဗလလေး" (ဦးထွန်းရင်)

ကို သိရှိသူများက မေတ္တရပ်ခံကြရာ ‘ ဗလလေး'သည်

‘ ဦးကြာခ'၊ ‘ဦးချစ်စိန်' စသောသူများနှင့် ဇာတ်ဖွဲ့စည်းကာ

ဆင်ဖြူကျွန်းမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများတွင် ကပြလေသည်။ ‘ ဗလလေး' သဘင်အနုပညာကို သိကျွမ်းထားသူများက မင်းသမီး အဖြစ်လည်း ကပေးရန် တောင်းဆိုကြ၏။ ‘ ဗလလေး' သည် ‘ ဆရာအောင်ဗလ' ၏ တပည့်ရင်းအနေးဖြင့် ကပြပေးလိုသော်လည်း အဝတ်အစား အခက်အခဲရှိနေပါကြောင်း၊ မိန်းမမင်းသမီးတို့၏ ထဘီအင်္ကျီတို့ကို ယောက်ျားမင်းသမီးက ဝတ်ဆင်လေ့မရှိသည့်

အတွက်ကြောင့် မင်းသမီးလိုကပြရန် အဆင်မပြေသေးကြောင်းကို နှစ်ပါးခွင် ပရိကံစကားအဖြစ်ဖြင့် တောင်းပန်လေသည်။

ထိုလောက် သဘင်ပညာတတ်ကျွမ်းသော ဆရာ‘ဗလလေး'ထံတွင် ‘ ပုလဲစိန်' လောင်းလျာ လူငယ် ‘ မောင်သောင်း' သည် လက်ထပ်သင် တပည့်အဖြစ်ဖြင့်ခံယူကာ

‘ ဗလလေး' ၏ ဇာတ်အဖွဲ့တွင် ပါဝင်လေတော့၏။ ဆရာ

‘ဗလလေး'၏ သင်ပြမှုဖြင့် အကကောင်း၊ အသံကောင်း၊

အဆိုကောင်းသော ‘ မောင်သောင်း' သည် ‘၁၃၁၂ ခုတပေါင်းလဆန်း(၁၄/၁၅)ရက်များ၌ ပြတောက်ရွာ ဦးထီးရှိန် ဆိုင်းအဖွဲ့နှင့်(သူ၏ဆရာ ဗလလေး (ဦးထွန်ရင်)ခေါ်

ဘဘကြီးအပါအဝင်) ကူရင်းချောက်ဘုရားပွဲမှ စတင်ကပြခဲ့ရာ ရွာကျောင်းဆရာတော်က ‘ မောင်ပုလဲ' ဟု ခေါ်တွင်ရာက‘ မင်းသားပုလဲ'၊ ‘ဗလလေး'၏ သင်ပြပေးမှုဖြင့် အကကောင်း၊ အသံကောင်း၊ အဆိုကောင်း‘မောင်သောင်း' သည်ရှေ့ထွက်မင်းသားလေး ‘ ပုလဲစိန်'၊ ထို့နောက် ခေါင်းဆောင်မင်းသား‘ပုလဲစိန်' ဟု နာမည်ကောင်းနှင့် ကျော်ကြားလာလေ၏။


“စတင်ကျော်ကြား သဘင်သမား"

---------------------------

နောက်ပိုင်း တောင်ငူ မှ ‘ဦးထွန်းကြည်' နှင့် ပေါင်းစပ်ကာ‘ကေတုသီရိ ပုလဲစိန်' ဇာတ်အဖွဲ့ကြီးကို ဖွဲ့စည်းတည်

ထောင်ကြလေသည်။ ၁၉၆၉ ခုနှစ် လောက်တွင် ရန်ကုန်ပွဲဦးထွက်အဖြစ် ‘ မိုးကောင်းဘုရား' ပွဲတော်၌ ကပြရာ မင်းသား‘ပုလဲစိန်' စတင်ကျော်ကြားလာလေ၏။ မြန်မာ့အသံ ဇာတ်သဘင်အခန်း၌လည်း နှစ်ပါးသွားခွင်ကို အသံလွှင့်လေရာ တစ်ဟုန်ထိုး ကျော်ကြားလာခဲ့လေသည်။

ထို ရန်ကုန်ခွင် ပွဲဦးထွက်၌ပင် မင်းသား‘ ပုလဲစိန်' သည်

ဆင်ဖြူကျွန်းမြို့သား ကျပင်းဒေသသား၊ ဂန္ထဝင်သဘင်

ပညာ အကျော်အမော် ‘အောင်ဗလ' ၏ မျိုးနွယ်ဆက်မင်းသား ‘ ကေတုသီရိပုလဲစိန်' ဟု နှစ်ပါးခွင် ပရိကံပြောကြားရာ၌လည်း ထိုသို့ပင် ထုတ်ဖော်ပြောကြားခဲ့၏။

‘ ကေတုသီရိပုလဲစိန်'ဟု နာမည်ယူရသည်မှာ တောင်ငူမြို့က ဇာတ်ပိုင်ရှင်နှင့် ပဋိညာဉ်ပြုချက် အရသာဖြစ်သည်။

‘ကေတု'သည် ရှေးခေတ် တောင်ငူ ၏ အမည်သင်္ကေတ၊

‘သီရိ' သည် ကျက်သရေဆောင်၊ တောင်ငူမြို့ကျက်သ

ရေဆောင်မင်းသား‘ပုလဲစိန်' ဟု ဆိုလိုခြင်းပင်တည်း--- ။

ဆင်ဖြူကျွန်း ကျပင်းဒေသကမူ မင်းသား‘ပုလဲစိန်' သည်

ဆင်ဖြူကျွန်း ကျပင်းဒေသသား ဖြစ်သည့်အပြင် ကိုယ့်ဒေသ၌ပင် သဘင်ပညာသင်ယူကာ သဘင်လောထဲသို့

ဝင်ရောက်တာဖြစ်ပါလျက် တောင်ငူမြို့ကို အမွှမ်းတင်သည့် အမည်ယူသည်ကို မကျေနပ်ကြချေ။




‘အတည်' မဟုတ် ‘ယာယီ'အမည် သာဖြစ်

--------------------------------


မင်းသား ‘ပုလဲစိန်'သည် တောင်ငူမြို့က ဇာတ်ပိုင်ရှင်နှင့်

တွဲဖက်စဉ်က ခေတ္တမျှသာ ထိုအမည်ကိုယူခဲ့ပြီး ကိုယ်ပိုင်

သီးခြားဇာတ်အဖွဲ့ဖြင့် လှုပ်ရှားသော ဘဝတစ်လျှောက်

လုံး ၌ပင် ‘ ပုလဲစိန်' အမည်ဖြင့်သာ ကပြခဲ့လေသည်။

ဆင်ဖြူကျွန်းမြို့သား သဘင်ပညာအကျော် ‘အောင်ဗလ'

၏ သဘင်ပညာနှင့်ဂုဏ်ကို စောင့်ထိမ်းဆက်ခံသူ ဖြစ်

သည်။ဆင်ဖြူကျွန်းမြို့နှင့်ဒေသကို ဖော်ထုတ်ဂုဏ်တင်သူလည်းဖြသ်သည်။ ရတနာပုံခေတ်နှင့် ကိုလိုနီခေတ်တွင်

ဆင်ဖြူကျွန်းဒေသမှ ဂန္ထဝင်စာပေရှင်နှင့်သဘင်ပညာရှင်ကြီးများ ထွက်ပေါ်လာခဲ့ပြီးသည်၏နောက်၊ ဒုတိယကမ္ဘာစစ် နောက်ပိုင်းခေတ်၌လည်း ဆင်ဖြူကျွန်း- ကျပင်ဒေသ

သား နိုင်ငံကျော်ဇာတ်မင်းသားအဖြစ် ထွက်ပေါ်လာသူမှာ

ကုက္ကိုတန်းရွာသား ‘ပုလဲစိန်'ပင်ဖြစ်လေသည်။


“ဆရားကောင်းများထံ နည်းလမ်းခံ"

-----------------------------


‘ပုလဲစိန်' ဇနီး မင်းသမီး‘ခင်ဝင်းကြည်' သည် အက၊ အဆို ပိုင်နိုင်သည့် မင်းသမီး‘လှလေးစိန်' ခေါ် ‘ လင်ပန်းခွေ

လှစိန်' ၏တူမဖြစ်၏။ ‘ လှလေးစိန်'၏ ခင်ပွန်းမှာ မင်းသား

အကတွင် ‘ ကြောင်လိမ်အကကို' တီထွင်ကပြခဲ့သူ၊ ဇာတ်သီချင်းများကိုလည်း ရေးစီနိုင်သူ နာမည်ကျော်မင်းသား

‘ခေတ်ပါတီ'ပင်ဖြစ်၏။ ‘ပုလဲစိန် 'တို့ ဇနီးမောင်နှံသည်

မင်းသား‘ခေတ်ပါတီ'နှင် ဒုတိယဇနီး ‘ မင်းသမီး ‘ ပဂိုးကြည်'တို့ထံ သဘင်ပညာဆည်းပူးရင်း တွဲဖက်ပါဝင် ကပြ

ခွင့်ရခဲ့၏။ ထို့ပြင် ‘ ပုလဲစိန်' ပြည်မြို့၌ ကပြစဉ်က သဘင်

ပညာပြည့်ဝသည့် ဇာတ်စာရေးဆရာ မင်းသား‘ အမယ်ကြီးအို ဦးအောင်စိန်'နှင့် ဆုံဆည်းကာ ထပ်မံဆည်းပူခွင့် ရခဲ့ပြန်သည်။

ထိုသို့ဖြင့် ‘ ပုလဲစိန်' သည် လက်ထပ်သင်ဆရာ၊ နည်းခံဆရာ၊ ပညာရှင်များထံမှ အက၊ အဆို၊ အငို၊ အပြော၊ ဇာတ်စီး၊ သဘော စသည့် သဘင်ပညာရပ်ဆိုင်ရာ တို့ကို

ဆည်းပူးခဲ့ကာ သမားစဉ်ကြေသည့်ပြင်‘ အမြင်သစ်' နှင့်

‘ထွင်ဉာဏ်စစ်' ပါရှိသည့် ဇာတ်ဆရာမင်းသား ဖြစ်လာခဲ့

လေသည်။


ပညာဖြင့်နွဲ ‘ပုလဲစိန်' ပွဲ

-----------------

‘ပုလဲစိန်' သည် နောက်ပိုင်း ဇာတ်တော်ကြီးကို စနစ်တကျ

ကပြ၏။ ‘ဂန္ဓာရုံ'၊ ‘ရေဝတီ' စသည့် ရိုးရာယဉ်ကျေးမှုတို့ကို

အသံကောင်း၊ အဆို၊ အငို၊ အပြောတို့ဖြင့် ကပြသည်။

နောက်ပိုင်း ဇာတ်ကြီးကဏ္ဍကို သဘင်ပညာပြည့်ဝမှသာ

ကောင်းစွာတင်ဆက်နိုင်၏။ ခေတ်ပြိုင် ဇာတ်အဖွဲ့အချို့သည် နောက်ပိုင်း‌ဇာတ်တော်ကြီး တင်ဆက်မှုတွင် လျော့ရဲရဲ

ဖြသ်လာကြသည်။ အချို့မှာ ဖြစ်ကတတ်ဆန်းပင် လုပ်လာကြ၏။ ‘ ဦးပုလဲစိန်' က မြန်မာ့ယဉ်ကျေးမှု ဇာတ်ကြီးပိုင်းကို ထိန်းသိမ်းကာ ‘ ဟာကွက်' မရှိ ‘ လုံ'အောင် တင်ဆက်လေ့ရှိ၏။

‘ နှစ်ပါးသွားခွင်' ကို ပရိသတ် အာရုံအထားဆုံးဖြစ်၏။

‘ နှစ်ပါးသွားခွင်' သည် မင်းသားမင်းသမီးတို့၏ အက၊ အဆို၊ အပြော၊ လူရွှင်တော်တို့၏ ဟာသရသ ပြက်လုံးဖြင့်

ရွှင်မြူးစရာ မြိုင်ဆိုင်ကာ သဘင်ပညာ အစုံပါသည့်ကဏ္ဍ

ဖြစ်၏။ ‘ ပုလဲစိန်' ၏ ဇာတ်တွင် မင်းသား မင်းသမီးများ

အကကောင်း၊ အသံကောင်း၊ အဆိုပိုင်သူတို့နှင့်ပြည့်စုံ၏။

မင်းသားတစ်လှည့် မင်းသမီးတစ်လှည့် ကကြ၏။ မင်းသားနှင့် မင်းသမီး ‘ တွဲက' တို့လည်းပါ၏။ မင်းသား ‘ပရိကံ'

ပြောပုံလည်း စနစ်ကျ၏။ ထိုသည်မှာ နှစ်ပါးသွားခွင်၏

ကောင်ခြင်းပင်ဖြစ်၏။

‘ပုလဲစိန်နှစ်ပါးသွား' သည် မူမှန်သောမြန်မာ့သဘင် နှစ်ပါးသွားခွင်သာဖြစ်သည်။

‘အော်ပရာ' သည် ပြဇာတ်မထွက်ခင်၊ ‘ဇာတ်လမ်းတို'

တင်ဆက်မှုဖြစ်၏။ အချိန်တိုအတွင်း ဦးတည်ချက်ထိမိအောင် တင်ဆက်သည့်ခွင်ဖြစ်သည်။ ‘ အော်ပရာ' ကိုလည်း

ပရိသတ်များက နှစ်သက်ကြသည်။ ဦးပုလဲစိန်သည် အတွေးအမြင်မှန်ကန်ရေး၊ ဝိသမလောဘကင်းစင်ရေး၊ လူမှုစီးပွားမျှတရေးတို့ကို ဦးတည်ချက်ထားသည့် အော်ပရာများကို တင်ဆက်ခဲ့လေသည်။ ဇာတ်စာရေးဆရာ‘ မြင်ခြံ

အောင်နိုင်' ၏‘ ဒို့ခေတ်ရောက်ပြီ'၊ ‘ ငွေတစ်ကျပ်နှင့် ငမိုး'၊

ဆိုင်းဆရာစိန်ဗိုလ်တင့် ၏‘ ဖက်ခွက်စား' တို့မှာ ဦးပုလဲစိန်

အထူးနာမည်ကြီးသော အော်ပရာများဖြစ်လေသည်။

‘ဒို့ခေတ်ရောက်ပြီ' အော်ပရာသည် စိတ်ကူးယဉ်မှုလွန်ကဲနေသည့် အဂ္ဂိယတ်သမား၏ လွဲမားသောရပ်တည်မှုဇာတ်လမ်းဖြစ်၏။ အသံကောင်း အဆိုပိုင်သော မင်းသား

‘ပုလဲစိန်' အဂ္ဂိရတ်ရူးဇာတ်ရုပ်၌ ကပြရာ ထိုအဂ္ဂိရတ်ရူး‘ရွှေ'

ကိုတပ်မက်လွန်ပြီး အရူးဖြစ်သွားပုံ၊သူ့ကိုအများက ပစ်ပယ်

ကြပုံတို့ဖြင့်တင်ဆက်ရာ‘မင်းသားပုလဲစိန်' ငိုချင်းဆိုပုံ၌--

‘ရွှေ --- ရွှေ --- ရွှေ ---' ဟု အဆွဲ အရှည်ဆွဲ၍ ပြောင်မြောက်စွာဆိုငိုသည်မှာ ‘ ရွဲကုန်သည် အော်ပရာ'တွင်

‘ ရွှေမန်းတင်မောင်'၏ ‘ရွှေ---'အဆွဲထက် မသာသည်သာရှိမည်၊ အောက်မနိမ့်ဟု ချီးကြူကြလေသည်။

ထိုသို့ တိုးတက်သောအသိ၁အမြင်ဖြစ်စေသည့်‘အော်ပရာ'

ဇာတ်လမ်းတို့ကို ‘ ဦးပုလဲစိန်' ဆင်နွှဲ ကပြခဲ့လေသည်။


“ဟောပြောပုံခွင်" ပြန်လည်တင်

--------------------------

ဦးပုလဲစိန်ဇာတ်သည် နှစ်များစွာတိမ်မြုပ်နေသော

“ အဟောအပြော" ကဏ္ဍကို ပြန်လည်ဖော်ထုတ် တင်ဆက်ခဲ့သေး၏။ ‘ အပြောအဟော' (ဝါ) ‘ ဟောပြောပွဲ' ဟူသည်မှာ နှစ်ပါသွားမထွက်ခင် ‘ဇာတ်စာရေးဆရာ' ကဖြစ်စေ၊

‘မင်းသားကြီး'ကဖြစ်စေ၊ ဗဟုသုတဖြစ်ဖွယ်တို့ကိုဆိုင်းချက်

နှင့်အညီ အပြောကောင်းကောင်းဖြင့် မိနစ်နှစ်ဆယ်ခန့်ဟောပြောသည့်ကဏ္ဍဖြစ်၏။

ထိုသို့ ဟောပြောပွဲကဏ္ဍကို ဒုတိယကမ္ဘာစစ် မတိုင်ခင်၁၉၃၈/၁၉၃၉ ခုနှသ်လောက်တွင် ဇာတ်အဖွဲ့ကြီးအချို့ကထည့်သွင်းခဲ့ကြလေသည်။ ‘ မင်္ဂလာဦးအောင်မောင်း'

၏ဇာတ်၊ ‘အောင်လံတော်ခင်စိန်'၏ ဇာတ်တို့တွင် ဇာတ်စာရေးဆရာ ‘ ဦးစံခို'(လွတ်လပ်ရေးခေတ်၌ အလင်္ကာကျော်စွာဘွဲ့ရသူ)က မျိုးချစ်စိတ် ပွားများရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာပြည် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေး တို့ကို ဟောပြောလေ့ရှိ၏။ အခြားဇာတ်အချို့၌

မင်းသားကြီး‘ဒုတိယဖိုးစိန်'၊ ဇာတ်စာရေးဆရာ‘အဘိဓမ္မာသောင်း' တို့ ဟောပြောကြလေသည်။


ဦးပုလဲစိန် ၏ ဇာတ်တွင်မူ၊ ဆင်ဖြူကျွန်းမြို့‘နွယ်တမယ်ရွာ' သား ဘက်စုံရ‘ဦးဇီးကွက်'(ဦးစံခင်)က ဟောပြောလေ့ရှိ၏။ ‘ဦးဇီးကွက်' က ဇာတ်ကသည်မှာ ဖျော်ဖြေမှု သက်

သက်သာမဟုတ်၊ ပွဲကြည့်သူများ အသိအမြင်တိုးပွားစေသည့် အနုပညာအလုပ်လည်းဖြစ်ကြောင်း၊ မြန်မာရာဇဝင်၌

မြင်စိုင်းခေတ်က‘ငါးစီးရှင်ကျော်စွာ' ဘုရင်ကိုယ်တိုင်‘ဒိုင်းနှင့်ကာ' ကို ကိုင်ကာ‘ကာချင်း' ဆို၍ ကာ,ကကာ အမျိုး

သားဇာတ်မာန် တက်ကြွစေရန် လှုံ့ဆော်ခဲ့ကြောင်းတို့ကိုဟောပြောလေ့ရှိခဲ့သည်။


“ဇာတ်ဆရာ ဦးပုလဲစိန်' က ပွဲကြည့်ပရိသတ်အကျိုး

ရှိစေသည့် ‘ အဟောအပြောကဏ္ဍ'ကို ပြန်လည်ဖော်ထုတ်ပေးခြင်းပင်---။"


“မြိုင်ထ"

-------

‘မြိုင်ထ' ဟူသည်မှာ မင်းသားနှင့် မင်းသမီးတို့ တောမြိုင်လမ်းခရီးတွင် တောတောင်သဘာဝကို ‘မြိုင်ထ' သီချင်းဖြင့် သီဆိုကြကာ သီချင်းနှင့်လိုက်ဖက်သည့် အကအမူတို့ဖြင့် တင်ဆက်သော နှစ်ပါးသွားခွင်ဖြစ်သည်။

အသံကောင်း၍ အဆိုပိုင်မှသာ ပီပြင်သောမြိုင်ထ ခွင်ဖြစ်နိုင်သည်။

ဦးပုလဲစိန်၏ ဇာတ်ကြီးဆယ်ဘွဲ့မြိုင်ထ(ဝေဿန္တရာမြိုင်ထ---)တို့သည် တစ်မူဆန်းသစ်၏။ ဆယ်ဘွဲ့ဇာတ်တော်လာ

ဖြစ်စဉ်တို့ကို နောက်ခံရုပ်သေပြကွက်ဖြင့် စီစဉ်ထားရှိပြီး၊

အသံကောင်း၊ အဆိုပိုင်သော ဦးပုလဲစိန်က ဇာတ်ခုံရှေ့ပိုင်းလက်ျာဒေါင့်မှ ဇာတ်တော်ဖြစ်စဉ်ကို ‘ မြိုင်ထအကဟန်'ဖြင့်ကပြခဲ့သည်။ ‘ဝေဿန္တရာမြိုင်ထ၊ မြိုင်ဟေဝန်မြိုင်ထ' တို့သည် ‘ ဦးပုလဲစိန်' ၏ လူကြိုက်များသော မြိုင်ထများပင်ဖြစ်လေသည်။


“ထင်ပေါ်၍ စင်တော်ကောက် ဇာတ်တော်ပြိုင်ပွဲ ဆုဆင်နွဲ"

-------------------------------------------

‘ဦးပုလဲစိန်'သည် ၁၉၉၀ ခုနှစ်မှစ၍ မကွေးမြို့တွင်

အခြေစိုက်ခဲ့သည်။

၁၉၉၁ ခုနှစ်တွင် နိုင်ငံတော်မှ ကြီးမှူးကျင်းပသော

‘ဆို က ရေး တီး နှင့် ဇာတ်သဘင်ပြိုင်ပွဲတွင် မကွေးတိုင်းကိုယ်စားပြု ဇာတ်တော်ကြီးပြိုင်ပွဲဖြစ်သော‘ ဝေဿန္တရာဇာတ်တော်ကြီး' ဖြင့် နိုင်ငံတော်အဆင့်‘တတိယဆု' ကိုရရှိခဲ့သည်။


နောင်နှစ်များတွင်ကား သဘင်ပညာရှင် ဦးပုလဲစိန်သည်အကဲဖြတ်အမှတ်ပေးဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးရလေသည်။


“ဝမ်းတစ်ထွာနှင့် သဘင်ပညာရပ်အဖြာဖြာ"

--------------------------------

ဇနီးသည် မင်းသမီးကြီး ဒေါ်ခင်ဝင်းကြည် ကွယ်လွန်ပြီးသည်၏ နောက်တွင် ဦးပုလဲစိန်သည် မကွေး၊ ချောက်၊

လယ်ကိုင်း မြို့များတွင် ဝမ်းတစ်ထွာအတွက် ဘက်ပေါင်းစုံ

သဘင်ပညာရပ်အဖြာဖြာကို အသုံးချကာ ရုံပွဲ၊ ဗလာပွဲ မရွေး ကပြ၍ ဘက်စုံသဘင်ပညာရှင်တို့သာ စွမ်းဆောင်နိုင်သည့်‘ ဘုန်ကြီးပျံဧးယာဉ်ကျူးပွဲ၊ ဘုရားထီးတင်ရတုဆိုပွဲများကို ဝမ်းရေးအတွက် လှုပ်ရှားသီးဆိုရလေသည်။


‘ဦးပုလဲစိန်' သီဆိုအသံသွင်းခဲ့သော မြိုင်ထ၊ ဇာတ်တော်ကြီးနှင့် အခြားသောအသံသွင်းဇာတ်များကို ရန်ကုန်မြို့‘အောင်လံတော်' တေးသံးသွင်းမှ တစ်ပြည်လုံးဖြန့်ချီပေးခဲသည်။


‘ဇရာ,ဆည်းဆာနဲ့ ဂန္ထဝင်၏ ဂန္ထဝင်မတွင်သည့်အချိန်ခါ'

-------------------------------------------

အသက်အရွယ် အိုမင်းကြီးရင့်လာသောအခါ ဦးပုလဲစိန်သည် မွေးဖွားရာဇာတိ ကုက္ကိုတန်းရွာသို့ နေထိုင်ရန်ပြန်လာခဲ့လေ၏။ ‘တောင်ဝှေးလဲတုန်းက ဖိုးသူတော်ကယ်နိုင်ခဲ့ပေမယ့် ဖိုးသူတော်လဲသောအခါတွင် တောင်ဝှေးကတစ်ဖန်

ပြန်လို့မကယ်' နိုင်သောဘဝကို ရောက်ရှိလာလေသည်။


သို့သော် ‘စလင်း၊ ဆင်ဖြူကျွန်း၊ တညောင် တို့၌ လာရောက်ကပြကြသော သဘင်သည်အချို့က လာရောက်ကန်တော့ကြ၏။


“သဘင်ပညာရှင်ကြီး ဦးပုလဲစိန်သည် ၂၀၀၉ ခုနှစ်၊ အသက်(၇၇)နှစ် အရွယ်တွင် သူချစ်သောရွာ၊ သူချစ်သောအနုပညာကို စွန့်လွှတ်သွားခဲ့ပြီ၊ ကုက္ကိုတန်းရွာသုဿန်၌ပင် ဂန္ထဝင် ဇာတ်မင်းသားကြီးကို မထင်မရှား မြုပ်နှံသင်္ဂြိုလ်လိုက်ရပေတော့သည်။


အောင်လွင်ဦး

ဆင်ဖြူကျွန်း


စာညွှန်း---

(၁) ‘ ဆင်ဖြူကျွန်းမိတ်ဆက်'

(၂) ‘ ပြည်သူချစ်သောအနုပညာရှင်များ'

ဆင်ဖြူကျွန်းအောင်သိန်း

(၃)‘အောင်ဗလ သဘင်ရောင်ရှိန် ဆက်ခံနွှဲသည့် ဦးပုလဲစိန်' - စင်္ကြာကိုကို။

(ဆင်ဖြူကျွန်းမဂ္ဂဇင်း အမှတ်(၆)၊ဒီဇင်္ဘာ၊ ၂၀၁၆၊ စာမျက်နှာ(၂၁၆)

Friday, August 26, 2022

💢 မန္တလာမြင့်(၁၉၁၀-၁၉၉၀) 💢

 💢 မန္တလာမြင့်(၁၉၁၀-၁၉၉၀) 💢




မန္တလာမြင့်(၁၉၁၀-၁၉၉၀)သည် ​ခေတ်​ဟောင်းဓာတ်ပြားအဆို​တော်ကြီးတစ်ဦးဖြစ်သည်။နန်း​တော်​​ရှေ့ဆရာတင်ရေး​သော ရွှေဘိုသနပ်ခါး​သီချင်းသည် မန္တလာမြင့်၏အ​ကျော်ကြားဆုံး သီချင်းဖြစ်သည်။


◼️မန္တလာမြင့်.....


မန္တလာမြင့်သည် မြန်မာနိုင်ငံရှိ ခေတ်ဟောင်းဓာတ်ပြား အဆိုတော်ကြီးဖြစ်သည်။ ဒေါ်မန္တလာမြင့်ကို ၁၉၁၀-ခုနှစ်၊ မတ်လ(၁၆)ရက်နေ့၌ အဖဦးမျှင်နှင့် အမိဒေါ်ဆင့်တို့မှ မန္တလေးမြို့ ရေကြည်အရပ်တွင် (ရေကြည်ရပ်သည် မန္တလေး ၈၅ လမ်းနှင့် ၂၅ လမ်း အပြ)ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ မငွေ ဖြစ်ပြီး မွေးချင်းငါးဦးအနက် တတိယသမီး ဖြစ်သည်။ မငွေ၏ ဘဝက ဆန်းကြယ်လှသည်။ ရင်နင့်စရာလည်း ကောင်းလှသည်။ မငွေ ခုနှစ်လသမီးအရွယ်ကပင် မျက်စိကွယ်ခဲ့လေသည်ဟု ဆို၏။ သို့သော် မျက်မမြင် ဒုက္ခိတကလေးအဖြစ် ကြီးပြင်းလာရသူ မငွေသည် မိမိဘဝကို အရှုံးမပေးခဲ့ပေ။ အသက် ၁၁-နှစ်အရွယ်တွင် မန္တလေးဈေးချိုတော် ပိုးတန်း၌ သီချင်းဆိုပြရင်း ဘဝလောကဓံကို ရုန်းကန်ရင်ဆိုင်ခဲ့ရသည်။ မျက်စိနှစ်ကွင်း အလင်းမရရှာသော်လည်း အသံပါရမီကလေးက ပါလာသည်။ မငွေ၏ ချိုမြသောအသံကို ကြားရသူတိုင်း စိတ်ဘဝင် ကြည်လင်အေးမြကြရသည်။ မိဘများ ချို့တဲ့ကြသော်လည်း မငွေက ငယ်စဉ်ကပင် မိဘကို အကျိုးပြုနိုင်ခဲ့သည်။ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာပေးနိုင်ခဲ့သည်။


◼️ဘဝတကွေ့......


မငွေ အသက် ၂၅-နှစ်အရွယ်တွင် ဘဝလမ်းကြောင်းက ပြောင်းလဲသွားသည်။ မန္တလေး ရိုးကုမ္ပဏီ၏ တိုက်ခွဲမှတစ်ဆင့် ရန်ကုန် ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီ၌ ဓာတ်ပြားသွင်းရန် မငွေကို လာခေါ်သည်။ သို့ဖြင့် မငွေ ရန်ကုန်သို့လိုက်သွားရသည်။ ထိုစဉ်က ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီသည် ယခု မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံထောင့် ရိုးကုမ္ပဏီတိုက်တွင် တည်ရှိသည်။ မငွေ ရန်ကုန်ဂီတလောကသို့ ရောက်လာသောအခါ မန္တလေးသူဖြစ်သဖြင့် မန္တလာမြင့်ဟု အမည်ပေးခဲ့ကြသည်။ ၁၉၃၅-ခုနှစ်တွင် မန္တလာမြင့်တို့ စတင် သီချင်းဓာတ်ပြား သွင်းကြရသည်။


◼️ပထမဆုံး ဓာတ်ပြားသီချင်း.....


ဒေါ်မန္တလာမြင့်၏ ပထမဆုံး ဓာတ်ပြားသီချင်းမှာ ဂီတစာဆို ဆရာရွှေတိုင်ညွန့် ရေးစပ်သည့် ဘောလယ်သံဆန်း ဖြစ်သည်။ ဓာတ်ပြားသွင်းသည့် အတွေ့အကြုံ မရှိသေးသူ မန္တလေးသူ မငွေ (ခေါ်) မန္တလာမြင့်အား အမေဒေါ်အောင်ကြည်က အစစအရာရာ ကူညီပြသပေးခဲ့သည်။ ဤသီချင်းကပင် မငွေအား မန္တလာမြင့်အဖြစ် ထင်ပေါ်ကျော်ကြား လာစေခဲ့သည်။ အောင်မြင်သော အဆိုတော်တစ်ဦးဘဝသို့လည်း ပို့ဆောင်ပေးခဲ့သည်။


◼️ရွှေဘိုသနပ်ခါး.....




ရွှေဘိုသနပ်ခါး သီချင်းကို မန္တလာမြင့်၏ အကျော်ကြားဆုံးတေးဟု ဆိုကြသည်။ `အစကတော့ဖြူဖြူ ညိုသွားပြီ၊ အခုတော့ ညိုသွားပြီ၊ ပျိုမှားပါပီရှင် ခေါ်လာမိတယ်´ အစချီ ၎င်းသီချင်းကို နန်းတော်ရှေ့ ဆရာတင်က ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ ဆရာတင်က သူ၏ထုံးစံအတိုင်း `ကြံကြံဖန်ဖန်ရန်ကုန်သူ၊ မန္တလာမြင့်တို့ ရန်ကုန်သူ၊ မန္တလေးရောက်မှ အသားမည်း ပြန်သတဲ့ဆူ´ စသည်ဖြင့် တေးဆိုသူ မန္တလာမြင့်၏ အမည်ကို တေးသီချင်းတွင် ထည့်သွင်းစပ်ဆိုခဲ့သည်။ ဤသီချင်းကို ၁၉၃၈-ခုနှစ်၊ ဇွန်လတွင် ဓာတ်ပြားသွင်းခဲ့၏။ နောင် အဆိုတော် ကိုအံ့ကြီးက ရန်ကုန်သူ အမည်ဖြင့် ပြန်လည်သီဆိုခဲ့သည်။ သို့သော် `အသားရယ်ဖြူ လူပေမို့လား´အစချီစာပိုဒ် တစ်ပိုဒ် မပါဝင်ခဲ့ပေ။


ရန်ကုန်သူသီချင်းကိုနန်း​တော်ရှေ့ဆရာတင်ကိုယ်တိုင် ဦးစွာသီဆိုခဲ့သည်ဟုယူဆမိပါသည်။


◼️ဗိမ္မိသာရ.....


ဗိမ္မိသာရ သီချင်းမှာမူ ဂီတစာဆို ဆရာ ရွှေတိုင်ညွန့်၏ လက်ရာဖြစ်သည်။ ဤသီချင်းပါ တေးစာသားများမှာ မန္တလာမြင့်၏ ကရုဏာသံ အဆွဲအငင် အတက်အကျတို့ကြောင့် နားဆင်ရသူ တေးပရိသတ်တို့ အဖို့ စူးနစ်ခံစားစေခဲ့သည်။ ဤ ဗိမ္မိသာရ သီချင်းကို မကြည်အောင်က ဦးစွာသီဆို ဓာတ်ပြားသွင်းခဲ့သည်။ သို့သော် ထိုစဉ်က လည်ချောင်းနာနေသဖြင့် ဓာတ်ပြားပြန်ဖွင့်ကြည့်ရာ အသံကို အားရကျေနပ်မှု မရှိဖြစ်ခဲ့ရသည်။ သို့ဖြင့် မန္တလာမြင့်ကို သီဆိုစေပြီး ဓာတ်ပြားထပ်မံ သွင်းခဲ့ခြင်း ဖြစ်သည်။ မန္တလာမြင့်ဆိုခဲ့တဲ့ သီချင်းပေါင်း (၂၁)ပုဒ်ရှိသည်။ ၁၉၃၅ -ခုနှစ်မှ ၁၉၃၈ ခုနှစ်အထိ သီချင်းဆိုခဲ့သည်။ ဒေါ်မန္တလာမြင့်သည် အဆိုအတီး ပညာရှင်များဖြစ်သော ရွှေပြည်အေး၊ ဂီတာစိမ်းမောင်၊ ဦးသောင်းဖေ (ဂီတာသောင်း)၊ စောင်းဦးဘသန်း၊ ဦးဘထင်၊ ဦးအုန်းမောင်၊ ဦးအောင်ချင်း (ဂီတာဦးစိမ်းမောင်၏ ဖခင်) စသည့် ပုဂ္ဂိုလ်များနှင့် တွဲဖက်သီဆိုခဲ့ရသည်။


◼️ဘဝနိဂုံး.....


ခေတ်ဟောင်း အဆိုတော်ကြီး ဒေါ်မန္တလာမြင့်သည် တူ၊ တူမများနှင့် နေထိုင်ရင်း မျက်မမြင် ဒုက္ခိတတစ်ဦးအဖြစ် သီချင်းလှည့်လည် သီဆိုရင်း အသက် ၈၁-နှစ်အရွယ် ၁၉၉၀-ခုနှစ်၊ မေလ (၃)ရက်နေ့တွင် မန္တလေးမြို့၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ မြင်းစာရေးကြီးဝင်း နေအိမ်၌ ကွယ်လွန်သွားခဲ့သည်။


◼️မန္တလာမြင့်၏ တေးများ.....


ဒေါ်မန္တလာမြင့်သည် ၁၉၃၅-ခုနှစ်မှစ၍ ၁၉၃၈-ခုနှစ်အထိ (၁၃၀၀-ပြည့် အရေးတော်ပုံကာလတိုင်) သုံးနှစ်ခန့် ဓာတ်ပြားသွင်းခဲ့ရသည်။ မန္တလာမြင့် အမည်ဖြင့် ဓာတ်ပြားသွင်းခဲ့ရသော သီချင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။


    ဘောလယ်သံဆန်း (ရွှေတိုင်ညွန့်)

    ဘာသာတရား (ရွှေတိုင်ညွန့်)

    အပျော်ဆုံးနေ့ (ရွှေတိုင်ညွန့်)

    သောင်းသောင်းညံ (ယိုးဒယား) (ဦးအောင်ချင်း)

    တင်လွှာတော် (ဦးအောင်ချင်း)

    အပျို့ဂုဏ်ရည် (ဇေယျာနိုင်)

    မြိုင်တောစွယ် (ဦးအောင်ချင်း)

    နတ်ပန်းမဉ္ဖူ (ဦးအောင်ချင်း)

    ထမနဲပါတီ (၁၂-လမ်း ဆရာဖောင်)

    မေတ္တာရေ (ဦးအောင်ချင်း)

    ကိန္နရီ မောင်နှံ (ရွှေတိုင်ညွန့်)

    ငါးပွင့်ဆိုင် (၁၂-လမ်း ဆရာဖောင်)

    ဝေဿန္တရာ (ရွှေတိုင်ညွန့်)

    လွတ်လပ်ရေး (ဦးအောင်ချင်း)

    ပါတော်မူ (ရွှေတိုင်ညွန့်)

    အညာသားစုံတွဲ (ဥဩဘသောင်နှင့် တွဲဆို) (ရွှေတိုင်ညွန့်)

    ဗိမ္မသာရ (ရွှေတိုင်ညွန့်)

    ရွှေဘိုသနပ်ခါး (နန်း​တော်​​ရှေ့ဆရာတင်)

    ရွှေပြည်ကြီး (နန်း​တော်​​ရှေ့ဆရာတင်)

    ရွှေနန်းတော် (ဦးအောင်ချင်း)

    လယ်သမား (ရွှေတိုင်ညွန့်)

    ရက်ရာဇာ (ဦးအောင်ချင်း)

    အပျိုကြီး စိတ်ကူး (ဇေယျာနိုင်)

    သာသနာ့ဒါယကာ နှင့် ပုဗ္ဗမင်္ဂလာ (ရတု) တို့ ဖြစ်ကြသည်။




_

ကိုးကား......


    📜တင်နိုင်တိုး၏ ပုဂ္ဂိုလ်ထူးတို့၏ ဘဝတစ်ကွေ့ Weekly Eleven ဂျာနယ်


    📜ခေတ်ဟောင်းသီချင်း ပေါင်းချုပ် (သန်းလှိုင်)


    📜မြန်မာစွယ်စုံကျမ်း အနှစ်ချုပ် (၁၉၉၁-ခု)


    📜အသိရယ် ကြည်ပါရဲ့ ဘဝရယ် မကြည်ရှာတဲ့ အမေ (အေးအေးမွန်) ရွှေဝတ်ရည် မဂ္ဂဇင်း (၁၉၉၀)


    📜သတင်းဂျာနယ် (၂၄.၁.၁၉၇၀)

Tuesday, May 31, 2022

ရုပ်ရှင်သရုပ်ဆောင် မြတ်လေး

ရုပ်ရှင်သရုပ်ဆောင် မြတ်လေး

=========================




မြတ်လေးကို ရန်ကုန်တစ်ဖက်ကမ်း ခနောင်တိုတွင် အဖ စတီးဘရားစာရေးကြီး ဦးဘရှင်၊ အမိ ဒေါ်မိုးလုံး (ဒေါ်ဒေါ်မိုး) မှ ၁၉၃၂-ခု ဇူလိုင်လ (၁၁)ရက်၊ တနင်္လာနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းငါးဦးအနက် စတုတ္ထမြောက်ဖြစ်ပြီး ငယ်မည်မှာ မောင်လေးဖြစ်သည်။


ပညာသင်ဘဝ


ငယ်စဉ်က ခနောင်တိုရွာဦးကုဏ္ဍလ ဘုန်းတော်ကြီးကျောင်းတွင် လေးတန်းအထိ ပညာသင်ကြားခဲ့သည်။ ယင်းနောက်လမ်းမတော်၊ မော်တင်ကျောင်းတွင် လေးတန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသည်။ မူလတန်းကျောင်းသားဘ၀မှာပင် ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉ - ၁၉၄၅) ဖြစ်ပွားခဲ့သည်။ ထို့နောက် ဆရာဦးဘအေး၊ ဆရာဦးမြမောင်၊ စာတိုက်ဝန်ထောက်ဦးစံရင်တို့ထံတွင် ပညာကို ဆက်လက်သင်ယူသည်။ စနစ်တကျ သင်ကြားရခြင်းမျိုးမဟုတ်ပေ။ ဆရာတစ်ဦးထံ တွင် ဂဏန်းသင်္ချာ၊ ဆရာတစ်ဦးထံတွင် မြန်မာစာ၊ ဆရာတစ်ဦးထံတွင် အင်္ဂလိပ်စာစသည်ဖြင့် သင်ယူရခြင်းမျိုးဖြစ်သည်။ ဆရာအားလုံးမှာ စေတနာဆရာများသာဖြစ်သည်။ ရေနံဆီဖိုးမျှဖြင့် သင်ကြားပေးကြခြင်းဖြစ်သည်။


ပထမ သူ့နာမည်ထိပ်တွင် တက္ကသိုလ် ဟု တင်စားချက်ကလေး ရှိခဲ့သဖြင့် တက္ကသိုလ်မြတ်လေး ဟုဖြစ်သည်။ ဖနောင့်ကလေးကြွကာ၊ မျက်ခုံးကြီး တဖက် ပင့်ကာပင့်ကာနှင့် ကဗျာဆန်ဆန်စကားရှည်ကြီးတွေပြောသော သူ့အမူအယာကို နှစ်ခြိုက်သွားခဲ့ကြသဖြင့် ထိုခေတ်က သူ့အမူ အယာကို ‘မြတ်လေးစတိုင်’ ဟု ခေါ်ကြသည်။ ‘ရေပွက်ပမာ’ဇာတ်ကားတွင် မြတ်လေးသည် လူဆိုးဂိုဏ်းဝင်အဖြစ် သရုပ်ဆောင်သည်။ မြတ်လေးသည် မေတ္တာဘွဲ့၊ ဟာသ၊ ဇာတ်ကြမ်း စသည်ဖြင့် ဇာတ်ကောင်စရိုက်မျိုးစုံကို ကျရာဇာတ်ရုပ်အတိုင်း ပီပြင်စွာသရုပ်ဆောင်လေ့ရှိသည်။ ၁၉၈၅-ခုနှစ်တွင် သူ ဒုတိယအကြိမ် အမျိုးသားဇာတ်ပို့ဆုအဖြစ် အကယ်ဒမီရွှေစင်ရုပ်ရရှိသော ‘ရင်ထဲမှာရွာသောမိုး’ ကို ဒါရိုက်တာ မောင်မောင်မြင့်ရိုက်ကူး၍ ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊ အောင်လွင်တို့နှင့်အတူ သရုပ်ဆောင်ခဲ့သည်။ ၂၃ နှစ်ကြာပြီးမှ ဒုတိယအကြိမ် အကယ်ဒမီ ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဇာတ်ကားတွင် မိဘပစ်သွားသော မွေးကင်းစကလေး (ကျော်ဟိန်း)ကို ကြီးပြင်းသည်အထိ ပညာသင်ကျွေးမွေးစောင့်ရှောက်ထားသော သုဿာန်စောင့်ကြီးအဖြစ် မြတ်လေးက သရုပ်ဆောင်ထားသည်။ အချိန်တန်အရွယ်ရောက် လူလားမြောက်လာသော ကျော်ဟိန်းကို မိဘအရင်းများက လာရောက်ပြန်လည်တောင်းဆိုသောအခါ ငယ်ငယ်ကတည်းက မွေးစားခဲ့သောကလေးကို သံယောဇဉ်ငြိတွယ်နေသဖြင့် မပေးရက်၊ မပေးပြန်လျှင်လည်း ကလေး၏ဘ၀သည် သုဿာန်ထဲတွင်နေ သုဿာန်ထဲ၌ပင် ဘ၀ဆုံးသွားမည်ဖြစ်သည်။ ပေးလိုက်မှသာ မိဘအရင်းတို့က ရွေဘုံပေါ်တွင်ထားပြီး ကလေးဘ၀ကောင်းစားမည်။ သို့ကလို ချီတုန်ချတုန် အပြန်ပြန်အလှန်လှန်စဉ်းစားပြီး ရင်ထဲတွင်မချေိ၀ဒနာခံစားနေရပုံကို ပီပြင်စွာသရုပ်ဆောင်သွားရာ ကြည့်ရသူတိုင်း ဝမ်းနည်းကြေကွဲမျက်ရည်ကျရသည်အထိ ဖြစ်ခဲ့ရလေ သည်။ ထို့ကြောင့်လည်း အဆိုပါဇာတ်ကားတွင် မြတ်လေးသည် အမျိုးသားဇာတ်ပို့ဆုကို ထိုက်တန်စွာဆွတ်ခူးရရှိသည်ဟု ထင်မြင်မိပါသည်။


စာပေ ဂီတ




မြတ်လေးသည် ရုပ်ရှင်ဘက်၌သာ ထူးချွန်သည်မဟုတ်၊ စာပေဂီတဘက်၌လည်း ခေသူမဟုတ်ပင်။ သူသည် ကဗျာသမား စာသမားလည်း ဖြစ်သည်။ တေးရေးတေးဆိုဘက်၌လည်း ထင်ရှားသူဖြစ်သည်။ သူသည် စာပေမှလာသူဖြစ်သောကြောင့် သီချင်းအရေး အလွန်ကောင်းသည်။ သူရေးစပ်သီကုံးခဲ့သော တေးသီချင်းပေါင်း ၂၀၀ ခန့်ရှိရာ ထင်ရှားသည့်သီချင်းများမှာ မေတ္တာစစ်ဆိုသည်မှာ၊ ဝေးပြီမွှေးရယ်၊ မခင်နှင်းဆီ၊ မခင်နှင်းဆီရဲ့ နှင်းဆီ၊ မခင်နှင်းဆီရဲ့နှင်းဆီဇာတ်သိမ်း (မခင်နှင်းဆီသို့ပေးစာကို ကိုတင်ကိုးရေးခဲ့သည်) ပန်းတိုင်းပွင့်ပါစေ၊ ပင်လုံထိပ်ထားဦး၊ ချစ်သက်ပိုင်၊ တစ်ရံရောအခါက၊ ဘာပဲလုပ်ရလုပ်ရ စသည့်သီချင်းများသည် ရေပန်းစားခဲ့သည်။ ယနေ့တိုင်ပြန်ဆိုနေ ကြဆဲပင် ဖြစ်သည်။ မြတ်လေး၏သီချင်းများကို သူကိုယ်တိုင်သာမက မောင်မောင်ကြီး၊ ကိုမင်းနောင်၊ ကိုမြကြီး၊ စန္ဒရားချစ်ဆွေ​၊ ခင် မောင်လွင်၊ သန်း ဖေလေး၊ သုမောင်၊ မြင့်မြင့်ခင်၊ လီလီကြာညွန့်၊ တင်တင်မြ၊ တင်တင်လှ၊ စသည်တို့က သီဆိုခဲ့ကြသည်။




မြတ်လေးသည် အသစ်အဆန်းကိုရှာဖွေလို၍ အစဉ်အလာဟောင်းမှလမ်းခွဲထွက်လိုသူလည်း ဖြစ်သည်။ မြတ်လေးသည် ဇာတ်ကား နာမည်များကိုပင် လူထုသုံးစကားလုံးများရွေး၍ သုံးစွဲတတ်သဖြင့် သူ့ဇာတ်ကားနာမည်များသည် လူထုကြား၌ရေပန်းစားခဲ့သည်။ သူ၏သီချင်းဆို၍ ငိုရသည်။ သွေးနဲ့ ချွေးနဲ့ ရင်းသည့်မြေ၊ ငို၍ ရယ်၍ မရသော မျက်နှာ၊ ချစ်သူကလ ကိုယ်ကည၊ သူများရီဖို့ ကိုယ်ငိုမယ်၊ ပုဂံအလှရှာပုံတော်၊ ရွှေပန်းကန်ပေါ်ကျတဲ့မျက်ရည် စသည့်နာမည်များမှာ ပရိသတ်ရင်ထဲကို စွဲငြိစေခဲ့သည်။


သို့ကလို ပညာသင်ကြားနေစဉ်မှာပင် ဒလမြို့သန်းခေါင်စာရင်းရုံး၌ အောက်တန်းစာရင်း ဝင်လုပ်သည်။ ထို့နောက် ရန်ကုန်မြို့ (ပန်းဆိုးတန်းလမ်း) ထောက်ပံ့ရေးရုံး၌ အလုပ်ဝင်လုပ်သည်။ ထိုအချိန်ကပင် မြတ်လေးသည် စာပေအနုပညာနှင့် နိုင်ငံရေးလမ်းကြောင်းပေါ်သို့ တပြိုင်တည်း စမ်းလျှောက်နေသည်ဟု ဆိုနိုင်သည်။ ယောက်ဖဝမ်းကွဲတော်သူ တယောဝိဇ္ဖာကိုအေးကိုအကြောင်းပြု၍ သူ့ဂီတတမျိုးစေ့ကို သန္ဓေတည်ခဲ့သည်။ ထိုစဉ်က ကိုအေးသည် ဒရမ် တီးဝိုင်းတည်ထောင်ထားသည်။ မြတ်လေးသည် ဇာတ်၊ ရုပ်သေး၊ ကွက်စိပ်ပွဲများသို့လည်း လက်လှမ်းမီသမျှ လေ့လာဆည်းပူးသည်။ သူသည် စာပေ၊ ဂီတပေါ် မြတ်နိုးတွယ်တာစိတ်ရှိသလို နိုင်ငံရေး၌စိတ်ပါဝင်စားသည်။ ထောက်ပံ့ရေးရုံးတွင် စာရေးအဖြစ် လုပ်ကိုင်နေ စဉ်မှာပင် သမဂ္ဂအဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။ ထို့အပြင် ခနောင်တိုမြို့နယ် ဗလစလူငယ်ပြန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ သို့ကလို စာပေဂီတနှင့် နိုင်ငံရေးတို့၌သာ အချိန်ပေးနေသည့်အတွက် ဆယ်တန်းစာမေးပွဲကို နှစ်ခါချခဲ့ရသည်။ ထို့နောက် ညကျောင်း တက်ရင်း ဆက်လက်ဖြေဆိုရာမှ အသက်၂၃ နှစ်အရွယ် ၁၉၅၁ တွင် ဆော်လမွန်ကျောင်းမှ ဆရာကြီးဘဆူးထံတွင် ဆက်လက်ပညာ ဆည်းပူးသည်။ ယင်းကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၀ တန်းအောင်မြင်ပြီးနောက် မြတ်လေးသည် အလုပ်တစ်ဖက်ဖြင့်ပင် သက်ကြီးတက္ကသိုလ်တွင် ဆက်လက်ပညာသင်ယူသည်။ ထိုစဉ်မှာပင် ဂီတပညာကိုလေ့လာသည်။ သူသည် ဆရာဂျူဗလီစိန်ထံတွင် အဆိုသဘောနှင့် သီချင်းရေးနည်းများ လေ့လာသင်ယူခဲ့သည်။ အေးဝမ်းခင်မောင်၊ စန္ဒရားသီဟ၊ ဒုံမင်းလှိုင်ထင်တို့ထံမှ ဂီတသံစဉ်ကို ဆည်းပူးသည်။ ဆရာရွှေပြည်အေး၊ ဂီတနက်သန်ကို စောညိန်း၊ ဂီတာအုန်းလွင်၊ စန္ဒရားကိုမျိုးလှိုင်၊ စန္ဒရားချစ်ဆွေ၊ ဂီတလုလင်မောင်ကိုကို၊ ဗိုလ်က လေးတင့်အောင်၊ စာရေးဆရာအောင်လင်းတို့ထံမှ ဂီတအခြေခံကောင်းများရရှိခဲ့သည်ဟု သိရသည်။ ယင်းနောက် အရှေ့ပိုင်းတူရိယာအဖွဲ့နှင့်နီးစပ်သွားပြီး ထိုဝိုင်းအတွက် သီချင်းများရေးပေးရသည်။ မြတ်လေး၏သီချင်းများသည် မြန်မာ ဆန်၍ သံစဉ်ပြေပြစ်သည်။ သီချင်းစာသား အဓိပ္ပာယ်လည်း လေးနက်၍ အတွေးအခေါ်ဆန်းသစ်သည်။ မြန်မာ့ဂီတလောက၌ မြန်မာအသံမှ ဓာတ်ပြားရ သီချင်းတစ်ပုဒ်ဖြစ်လာအောင် အတော်ကြိုးပမ်အားထုတ်ယူရသည်။ မြတ်လေးသည် ဓာတ်ပြားရတေးအတော်များများကို ရေးသားဖန်တီးနိုင်ခဲ့သည်။ သူသည် ရုပ်ရှင်ဇာတ်ဝင်တေးများကိုလည်း ရေးသားခဲ့သည်။ အချို့ကို ကိုယ်တိုင်သီဆိုသည်။ မြတ်လေးသည် ဂီတလောကတွင် စန္ဒရားချစ်ဆွေနှင့် အတွဲများသလောက် အချို့သီချင်းများကို ပူးတွဲရေးသားခဲ လေသည်။


မြတ်လေးရေးစပ်သီကုံး၍ စတင်သီဆို အသံလွှင့်ခဲ့သောတေးမှာ ‘မေတ္တာအင်အား’ ဖြစ်သည်။ တိုက်ပွဲဝင်ကျောင်းသားတစ်ဦး သီချင်းများ၊ ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ၊ ဧရာ၀တီငိုသံ၊ ဒို့ကြားရသည်၊ ဘော်လဂါနဒီ-ဧရာ၀တီတေးများအဖြစ် တရုပ်ဖြူဆန့်ကျင်ရေးသီချင်း များဖြစ်သည်။ ထို့နောက် မေတ္တာစစ်ဆိုသည်မှာ၊ လက်ဆောင်မွန်၊ ဝေလေလေ၊ ထာ၀စဉ်အချစ်၊ မစ္စဝီစကီ၊ ကပြားမလေးဂိုရာရမ်၊ သီချင်းဆို၍ငိုရသည်၊ သည်ဇာတ်သည်တွင်ဆုံးပြီကွယ်နှင့် စစ်ကိုမောင်းထုတ်ကြစို့ သီချင်းများကိုလည်း ကိုယ်တိုင်ရေးစပ်သီဆိုခဲ့သည်။ အခြားဂီတစာဆိုများရေးသား၍ မြတ်လေးသီဆိုခဲ့သော သီချင်းများမှာ မနည်းလှပေ။ ယင်းတို့အနက် ကလေးချော့ (ရင်မှာပျိုးသော ဇာတ် ကားအတွက် ဆရာရွှေပြည်အေးရေးခဲ့သည့်သီချင်း) သီချင်းသည် ထင်ရှားသည်။


မြတ်လေးသည် စာပေဝါသနာပါသူလည်းဖြစ်ရာ ဂီတစာဆိုတော်များအကြောင်းကို လည်း စာနယ်ဇင်းများ၌ ရေးသားသည်။ ယင်းတို့အနက် ဆရာရွှေပြည်အေး၏ ဂီတစွမ်းရည်အ ကြောင်းကို ‘ရွှေအောင်လံ’ မဂ္ဂဇင်းတွင် တစ်နှစ်နီးပါးမျှ အခန်းဆက်ဆောင်းပါးများရေးသားသည်။ စာရေးဆရာ၊ ဂီတစာဆိုအောင်လင်းအကြောင်းကိုလည်း ‘ရုပ်ရှင်တေးကဗျာ’ မဂ္ဂဇင်း တွင် အခန်းဆက်ရေးသားသည်။ တယောထိုး အလွန် ကောင်းသူ စာရေးဆရာ ဗန်းမော်တင်အောင်အကြောင်းနှင့် တက္ကသိုလ်ဘုန်းနိုင်အကြောင်းကိုလည်း ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတွင် (၈) လကြာမျှ အခန်းဆက်ရေးခဲ့သည်။

မြတ်လေးရေးခဲ့သည့်ဝတ္ထုများတွင် အကြောင်းအရာအသစ်၊ အတွေးအခေါ်သစ်၊ အယူအဆအသစ်များကို တင်ပြလေ့ရှိသည်။ သူရေးခဲ့သည့် ဝတ္ထုများအနက် ဆေးစက်မကျသေးသော အဖြူ၊ မီးရောင်အောက်ကအမှောင်၊ ငှက်ခတ်သမားဘကျား၊ ဆံမြိတ်လည်းပြေ ပန်းလည်းကြွေ၊ ဇရာနှင့်ဗေဒါအနမ်းတို့မှာ ထင်ရှားသည်။


မြတ်လေးသည် ဆရာဦးဉာဏထံ ချဉ်းကပ်၍လည်း ဇာတ်ညွန်းရေးနည်းကို နည်းခံခဲ့ သည်။ ကျောင်းသားဘ၀က ဝါသနာတူလူငယ်များနှင့်တွဲ၍ အရပ်ပြဇာတ်များကို စတင်ကပြခဲ့ သည်။ အဆိုပါပြဇာတ်များ၌ သူကိုယ်တိုင်ဒါရိုက်တာမင်းသားနေရာယူ ကပြခဲ့သော ဒို့အိမ်ကြီး၊ ယမနေ စသည့်ပြဇာတ်မှာ ထိုစဉ်က ပရိသတ်အကြိုက်တွေ့ခဲ့သည့် ပြဇာတ်များဖြစ်သည်။ ထို့နောက် တက္ကသိုလ်သို့ရောက်သောအခါ မြတ်လေး သည် တက္ကသိုလ်အနုပညာအသင်း၌ ပါဝင်လှုပ်ရှား၍ သူ့အနုပညာအရည်အသွေးကို ပြသခဲ့သည်။ ထို့ကြောင့်လည်း ဥပစာအောက် တန်းစာမေးပွဲကို ၅ ကြိမ်မြောက်ဖြေဆိုမှ အောင်မြင်ခဲ့သည်။ မြတ်လေးစာမေးပွဲကျသည်မှာ အဆန်းမဟုတ်ပေ။ အချိန်ပြည့် အနုပညာ လှုပ်ရှားမှုများ ပါဝင်ဆောင်ရွက်နေသူဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀ ကျောင်းသားပွဲတော်များတွင် မြတ်လေးရေးသား၍ ကပြခဲ့ သောပြဇာတ်များမှာ ညီမလေးမာလာ၊ ဆံမြိတ်လည်ပြေ ပန်းလဲကြွေ၊ ၁၃၀၀ ပြည့်အရေးတော်ပုံ စသည်တို့ဖြစ်သည်။


သက်ကြီးတက္ကသိုလ်မှ စာမေးပွဲအောင်မြင်ပြီးနောက် မြန်မာနိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်တွင် အကြီးတန်းစာရေး၊ စတင်လုပ် ကိုင်ခဲ့သည်။ ၆ လအကြာတွင် လက်ထောက်ကြီးကြပ်ရေးမှူးရာထူး တိုးမြှင့်ခံရသည်။ ယင်းဘဏ်တွင် ၂ နှစ်ခွဲခန့်ထမ်းရွက်ပြီးနောက် ရုပ်ရှင်လောကသို့ ခြေစုံပစ်ဝင်ခဲ့သည်။ ရုပ်ရှင်လောကသို့ ဓနဂုဏ်၊ ငအ၊ မွှေး၊ သစ္စာရှင်၊ မြတ်နိုးသူ၊ အရိုင်းစပယ်၊ ဩော်ယောက်ျား ရုပ်ရှင်ကားများတွင် တေးဂီတတာဝန်ခံအဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုအတွေ့အကြုံများသည် နောင်တွင် မြတ်လေးအား ရုပ်ရှင်သရုပ်ဆောင်မှုဘက်၌ များစွာအထောက်အပံ့ဖြစ်စေခဲ့သည်။




မြတ်လေး၏ ပွဲဦးထွက်ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားမှာ ‘ပင်လုံထိပ်ထားဦး’ ဖြစ်သည်။ ပင်လုံထိပ်ထားဦး ဇာတ်ကား၏ဇာတ်ညွန်းနှင့်ဒါရိုက်တာမှာ မြတ်လေးပင်ဖြစ်သည်။ ယင်းဇာတ်ကား၏ဦးတည်ချက်မှာ ပဒေသရာဇ်ဆန့်ကျင်ရေး အခြေခံဇာတ်လမ်းဖြစ်သည်။ ယင်းကား ကိုသုံးသပ်၍ ဝါရင့်ဒါရိုက်တာအားလုံးလိုလိုက မြတ်လေးကို အရည်အချင်းရှိသောဒါရိုက်တာအဖြစ် လက်ခံခဲ့ကြသည်။ မြတ်လေးရိုက် ကူးသော ဇာတ်ကားတိုင်းလိုလိုမှာ မြန်မာ့ရုပ်ရှင်သမိုင်းတွင် အထင်ကရနေရာတွင် မှတ်တမ်းတင်ခြင်းခံရသည်။

မြတ်လေးသည် စိတ်ကြိုက်အမူအယာကို မှန်မှာကြည့်၍ကိုယ်တိုင် လေ့ကျင့်သည်။ သရုပ်ဆောင်သောအခါ ဇာတ်ကောင်စရိုက်လိုက်၍ ဆိုင်ရာဆိုင်ရာ အခန်းများတွင် အမူအယာများကို ထည့်သွင်းအသုံးပြုသည်။ ထို့ကြောင့် မြတ်လေး၏အမူအယာများမှာ ရုပ်ရှင်ဇာတ်ကား တစ်ကားနှင့်တစ်ကား မတူဘဲ အမြဲတမ်းဆန်းသစ်၍နေသည်။


စကားပြောကောင်းသူပီပီ ‘ပန်းပန်လျက်ပါ’ ဇာတ်ကားတွင် မြတ်လေးသည် မြန်မာဆန်ဆန် တိုက်ပုံကလေးဝတ်လျက် ဆေးတံခဲကာ မျက်ခုံးကလေးပင့်၍ စကားပြောဟန်မှာ ရုပ်ရှင်ကြည့်ပရိသတ်၏ရင်ထဲတွင် အရိပ်ထင်စွဲကျန်ရစ်ခဲ့သော အမူအယာများပင်ဖြစ်သည်။ ယင်း ဇာတ်ကား၌တက္ကသိုလ်ကျောင်းဆရာ ကိုကျော်စိန်(မြတ်လေး) က အငြိမ့်မင်းသမီးမဗေဒါ (ကြည်ကြည်ဌေး) အိမ်လာတွေ့၊ အကြောင်းအရင်းမှာ သူ့သူငယ်ချင်း ကိုစောထွန်း (ကောလိပ်ဂျင်နေဝင်း) က ချစ်သူမဗေဒါကို လက်မထပ်ဘဲ ဂုဏ်ကြီးရှင် ခင်မမ(ဘေဘီနွဲ့) ကို မင်္ဂလာဆောင်သွား၊ မဗေဒါကို မယူရကောင်းလားဟု ကိုကျော်စိန်က ကရုဏာဒေါသဖြင့် ခံစားမှုအပြည့်ဖြစ်ပြောရာ မဗေဒါက ‘ဒါဖြင့် ဆရာ ကျမကို လက်ထပ်ယူနိုင်မလား’ ယင်းတွင် မြတ်လေး က ‘ဗျာ’ ဟု ပြန်ပြောရာ ထိုအပြောစကားတို့သည် ရုပ်ရှင်ကြည့်ပရိသတ်အတွက် ရင်ခုန်သွားခဲ့ရသော စကားပြောခန်းများပင်ဖြစ်သည်။

‘သီတာဘယ်သို့ချစ်ရမယ်’ စကားတွင် ဟာသသရုပ်ဆောင်အဖြစ် မြတ်လေးက သရုပ်ဆောင်ထားသည်။ ‘ချစ်သူကလ ကိုယ်ကည’ ဇာတ် ကားတွင် သူသည် ခါးပိုက်နှိုက် သူခိုးအဖြစ် သရုပ်ဆောင်ခဲ့သည်။ ယင်းဇာတ်ကားတွင် ခါးပိုက်နှိုက်ဘ၀ကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ သည့်အတွက် ပရိသတ်အကြိုက်တွေ့စေခဲ့သည်။ ‘ရေပွက်ပမာ’ ဇာတ်ကားတွင် မြတ်လေးသည် လူဆိုးဂိုဏ်းဝင်သရုပ်ဆောင်ခဲ့သည်။


သူဇာရုပ်ရှင်မှ ဒါရိုက်တာစာရေးဆရာ ဦးမင်းအောင်၏ ‘အမုန်း၏နောက်ဝယ်’ ဇာတ် ကားတွင် မြတ်လေးသည် ပန်းချီဆရာအဖြစ် သရုပ် ဆောင်သည်။ သရုပ်ဆောင်ချက်ပီပြင်မှု ကြောင့် မြတ်လေး၏အသွင်ပျောက်၍ တကယ့်ပန်းချီဆရာ၏ ဘ၀ဇာတ်လမ်းကို ကြည့်ရှုနေရ သကဲ့သို့ ထင်မှတ်မှားအောင် သူ၏သရုပ်ဆောင်မှုက အောင်မြင်ခဲ့သည်။ ထို့ကြောင့်လည်း ၁၉၆၁ ခုနှစ်အတွက် အမျိုးသားအကောင်းဆုံးသရုပ်ဆောင်ဆုကို ‘အမုန်း၏နောက်ဝယ်’ ဇာတ်ကားတွင် ဆွတ်ခူးရရှိခဲ့သည်။ မြတ်လေးအကယ်ဒမီထပ်ဆင့်ရရှိသောဇာတ်ကားမှာ ၁၉၈၄ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆုအဖြစ် ရရှိခဲ့သော ‘ရင်ထဲမှာရွာသောမိုး’ ဇာတ်ကားဖြစ်သည်။ မြတ်လေးပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားအချို့မှာ ပင်လုံထိပ်ထားဦး၊ မောင့်ကို သေစေညွန်းရော့သလား၊ ပန်းတိုင်းပွင့်ပါစေ၊ သီချင်းဆို၍ငိုရသည်၊ ချစ်ပါသည်ဆိုသော် လည်း၊ ဝမ်းနည်းဝမ်းသာ၊ သွေးနဲ့ချွေးနဲ့ရင်းသည့်မြေ၊ ရင်မှာပျိုးသောပန်း၊ မိရွှေမာ၊ မောင်ချစ်နှမချစ်၊ မိုးကျော်သူ၊ ရန်ကုန်သားနဲ့မန္တလေးသူ၊ ချစ်သူပေးသောတေးတစ်ပုဒ်၊ စိမ်းနှမစန္ဒာ၊ လျော်ကြေးဖူးစာ၊ ညီမအတွက် ပုံတသွယ်၊ ပန်းကလေးများမနွမ်းစေချင်၊ မောင်ခေါ်ရာ လိုက်တော့မယ်၊ သူတို့ဖို့လည်းပိုချစ်ပါ၊ ချစ်ခြင်းမေတ္တာ၊ မြခြူသံ၊ လျှို့ဝှက်မေတ္တာ၊ ပေါင်း၍နုတ်၍မရသော မေတ္တာ၊ တေးဆိုလို့ချစ်ပါ့မယ်၊ ရွှေလက်ဖြင့်ခေါ်လည်းမလာ၊ အချစ်၏ကျေးကျွန်များ၊ တက်ခါး နဲ့ဇာနည်၊ မျက်နှာတစ်ခြမ်းအိုးမဲနဲ့၊ အရှိုက်၊ ရွှေပန်ကန်ပေါ်ကျတဲ့မျက်ရည် စသည့် ဇာတ်ကား များဖြစ်သည်။

မြတ်လေးသည် ၁၉၆၂ တွင် ကမ္ဘာ့လူငယ်ပွဲတော်တက်ရန် တရုတ်ပြည်မန်ချူးရီးယား၊ မွန်ဂိုလီးယား၊ ဆိုက်ဗေးရီးယားမှ တစ်ဆင့် ဖင်လန်နိုင်ငံ ဟယ်ဆင်လီးမြို့သို့ သွားရောက်သည်။ ထိုစဉ်အခွင့်ကြုံ၍ ကမ္ဘာ့ရုပ်ရှင်ပညာရုပ်များကို ဝါရင့်ရုပ်ရှင်အတတ်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့သည်။ ဆိုဗီယက်နိုင်ငံသို့ရောက်ရှိစဉ် ကမ္ဘာကျော် ‘စစ်ငြိမ်းချမ်းရေး’ ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာကြီး ဘောင်ဒါချတ်နှင့် တွေ့ဆုံပြီး ရုပ်ရှင်ပညာအကြောင်း ဆွေးနွေးခဲ့သည်။

မြတ်လေးသည် Method Acting စာအုပ်ကို ကိုယ်တိုင်ရေးသားပြီးကိုယ်တိုင်လည်း သင်တန်းဖွင့်လှစ်ပို့ချသည်။




သို့ကလို စွယ်စုံရ အနုပညာရှင်တစ်ဦးဖြစ်သော စာရေးဆရာ၊ ဒါရိုက်တာ၊ ဇာတ်ညွန်း ရေးဆရာ၊ မင်းသား၊ ဂီတစာဆို၊ အဆိုတော် ထပ်ဆင့်အကယ်ဒမီ မြတ်လေးသည် ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်မြင့်မြင့် (ဘီအေ၊ ဘီအီးဒီ) နှင့် သားအောင်မြတ်မိုး၊ သမီးသွယ်သွယ်မြတ်၊ သားအောင် မြတ်မျိုးတို့ ကျန်ရစ်ခဲ့သည်။ 


ငယ်နာမည် မောင်လေး၊ အဖေဦးဘရှင်၊ အမေ ဒေါ်ပိုး။ မွေးရက်က ၁၂၉၀၊ ဝါခေါင်လ။ ဇာတိက ရန်ကုန်တဖက်ကမ်း ခနောင်တို။ မွေး ချင်းငါးယောက်ရှိတဲ့ အထဲက စတုတ္ထ။ ဘုန်းကြီးကျောင်းပညာရေး ထဲမှာ ဦးကုဏ္ဍလကျောင်းမှာ စာသင်ရတယ်။ လေးတန်းအထိ။ လေးတန်းဖြေတော့ ရန်ကုန်ဘက်ကမ်းကိုကူးပြီး အင်္ဂလိပ်အစိုးရ ကျောင်းမှာ ဖြေရတယ်။ အင်္ဂလိပ်အစိုးလက်ထက်ပေါ့။ လေးတန်းမ အောင်ဘူး။ ဒါနဲ့ကျောင်းထွက်လိုက်တယ်။ တနှစ်လောက်ကြာတော့ ကျောင်းပြန်တက်တယ်။ ၁၁ နှစ်သားလောက် ရှိပြီ။ မြူနီစပါယ် ရွေး ကောက်ပွဲ သပိတ်ဖြစ်တယ်။ ဒါနဲ့ ပြန်တက်တဲ့လေးတန်းလဲ မအောင်ပြန်ဘူး။ ဆိပ်ကြီးက ဆရာ ကြီး ဦးဘအေးဆီမှာ အင်္ဂလိပ်စာ သီးခြားသင်တယ်။ Reader (1) (2) (3) (4) လောက်အရောက်မှာ အဖေက စတီးဘရားသား စာရေးကြီးဆိုတော့ ငပုတောကို ပြောင်းရတာနဲ့ လိုက်သွားရတယ်။ တစ်နှစ်လောက်ကြာတော့ ခနောင်တိုကို ပြန်လာရတယ်။ စာပြန်သင် တယ်။ ရွာကိုလာတဲ့ ဇာတ်ပွဲတွေ ရွှေကျီးညိုတို့၊ နေ့ရောညရော အ ရောင်မမှိန်အောင်ငြိမ်း၊ တက်ခေတ်စိန်၊ ဦးအောင်မောင်း၊ သူရဲလေး အောင်စိန်၊ ဂရိတ်ဖိုးစိန် စသဖြင့် အကုန်ကြည့်တာပဲ။


အနုပညာနဲ့ ပတ်သက်လို့တော့ စစ်ပြီးခေတ်သီချင်းတွေ ကြိုက်လာတယ်။ အိပ်ပြီလားကွယ့် ဖြူပြာ၊ မူယာ၊ လွမ်းမိုးစွေ။ အဲဒီမှာ ဘာထပ်နွယ်လဲဆိုတော့ အမတဝမ်းကွဲရဲ့ ခင်ပွန်းက တယောဝိဇ္ဇာကိုအေး၊ သူက ဥဩဘသောင်ရဲ့လက်သုံး၊ ဂီတာဦးစိမ်းမောင် လက် သုံးပေါ့၊ သူတို့တွေ တီးကြဆိုကြတာတွေနဲ့ ယဉ်ပါးခဲ့ရတယ်။ ကက္ကရ ရွှေစည်၊ နဂါးနီ၊ ဘိုးဘိုးအောင်၊ ဒေါ်ကြည်အောင်ရဲ့ သီချင်းတွေ၊ စိန်ပါတီရဲ့ သီချင်းတွေ အစုံပဲ။ နားထောင်ရာကနေ စိတ်ဝင်စားပြီး အမေ ဒေါ်သိန်းကြည်ဆီမှာ စည်းဝါး၊ အဆိုသင်တယ်။

အင်္ဂလိပ်စာနဲ့ပါတ်သက်လို့ အခု C.T.O ချစ်သိန်းဦးရဲ့ ဦးလေး ဦးစံရင်ဆိုတဲ့လူ၊ သူ့ဆီမှာ လခပေးပြီး အင်္ဂလိပ်စာသင်တယ်၊ ခနောင် တိုက ဗ့လ့စ စာကြည့်တိုက် မှာ စာကြည့်တိုက်လက်ထောက် လုပ်ခဲ့တယ်။ အဲဒီတုန်းက ဗ့လ့စ ဥက္ကဋ္ဌက ဦးဘဂျမ်းဇနီးက ဒေါ်ခင်ရီ။ ဗ့လ့စ ဌာနချုပ်လဲရောက်၊ အဲဒီမှာ သခင်ဝတင်တို့ကို တွေ့ရတယ်။ စကားပြောကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို သဘောကျပြီး တရားပွဲတွေနားထောင်ဖူးတယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရွှေတိဂုံအလယ်ပဉ္စယံ တရားပွဲဆိုရင် အဲဒီခေါင်းဆောင်တွေနဲ့ မလှမ်းမကမ်း က နားထောင်ဖူးတယ်။ အောင်ဆန်းအက်တလီစာချုပ်ချုပ်ပြီး မြို့တော်ခန်းမမှာ တရားပွဲလုပ်တော့ ပန်းခြံထောင့်မှာရပ်ပြီး နားထောင်ရ တယ်။ ဗိုလ်ချုပ်ကို ကြည်ညိုလေးစားလွန်းလို့ ဗိုလ်ချုပ်သွားလေရာ နောက်ကလိုက်ကြည့်တဲ့အထိပဲ။


ဗိုလ်ချုပ်တို့ကျဆုံးတဲ့နေ့က ရွာကလူငယ်တွေနဲ့ အတွင်းဝန်ရုံးကို လာကြည့်ရင်း ဗိုလ်ချုပ်တို့ ရုပ်ကလာပ်တွေထားတဲ့ ဂျူဗလီဟော ကိုလာတယ်။ လာရင်းနဲ့ အိမ်မကိုမပြန်တော့ဘူး။ ဗလစ က တာဝန်ပေးတဲ့ ဈာပနကိစ္စတွေ လုပ်ခဲ့ရတယ်။ ပြောရရင်တော့ မောင် အောင်ဆန်းက ကျုပ်ကလေးပါလို့ပြောတဲ့ ဒေါက်တာဘမော်တရားပွဲက ရေကျော်မောင်အေးရှေ့မှာ နားထောင်ရသေးတယ်။ တောင် ညွန့်မှာ ရေပက်ခံပွဲတက်တဲ့ နာဆာ၊ နေရူး၊ ဆူကာနိုတို့ကို မြင်ဖူးချင်လို့ သွားတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို စတာလင် ငြိမ်းရေးဆုလာပေးတဲ့ ဆိုဗီယက်ယဉ်ကျေးမှုဝန်ကြီး တီကိုးနော့ဗ်ရဲ့ တရားပွဲတွေ လျှောက်နားထောင်တာပဲ။


ဒလမြို့ သန်းခေါင်စာရင်းရုံး၌ အောက်တန်းစာရေးလေးဘဝမှာ ရန်ကုန် ပန်းဆိုးတန်း ရာရှင်ရုံးရောက်လာသည်။

လခ ၉၆ ကျပ် စာဖတ်ဝါသနာပါခဲ့သူဖြစ်သဖြင့် စာယဉ်ကျေးမှုမှအစ တေးဝါသနာထုံမှု အဆုံး၊ အနုပညာလောကမှ လူအားလုံး နှင့်နေရလျှင် ပျော်နေတတ်သူဖြစ်သည်။ စစ်ပြီးခေတ်၊ ရေဒီယိုအသံရှင်များတွင် တက္ကသိုမြကြီးကို သူသဘောကျသည်။ တက္ကသိုလ်စိုး၊ တက္ကသိုလ်မြကြီးတို့နှင့် အမြဲတွေ့နေကျဖြစ်သည်။ ကိုမြကြီးရဲ့ လေယူလေသိမ်း ဆိုဟန်များကို အမြဲဂရုထားသူဖြစ်၍ ကိုမြကြီးရဲ့ အကြိုက်တေးသွားများကို တစွန်းတစ ဖန်တီးပေးနိုင်သူအဖြစ် ထင်ပေါ်လာသည်။ သီချင်းကို ကဗျာဟန်၊ စကားပြောဟန်၊ နဘေ ဟန်များစ၍ တီထွင်သူဟု တချို့က ဆိုသည်။ ကဗျာချစ်သူ မြတ်လေးသီချင်းများက “နဘေ” ခေတ်ကို လှုပ်ခါစေသည်။ လေးထပ်၊ ငါးထပ်နဘေများ သူ့တေးများတွင် တွေ့ရပေမည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ အချုပ်တန်းဆရာဖေ၊ ဦးပုညတို့စာ အမြဲတစေ ရိုသေသောသူ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်လေးဆယ်မှ သူ့တေးစာများကို လေ့လာလျှင်သိမည်။ တခါတရံ သီချင်းစုံရေးတတ်သော ရွှေပြည်အေး၊ ကမ္ဘာတူရိယာ ပစ္စည်းစုံမြန်မာ တေးနှင့်ဟပ်အောင် ဖန်တီးသော မြို့မငြိမ်း၊ မြန်မာအကသီချင်းစုံ တံခွန်ထူ သူမတူ အောင် ရေးတတ်သော နန်းတော်ရှေ့ဆရာတင်အကြောင်းများကို ပလက်ဖောင်းတွင်သော်လည်းကောင်း၊ စင်မြင့်ပေါ်တွင်သော် လည်းကောင်း ပြောကြား၊ ဟောကြားခဲ့သူလည်း ဖြစ်သည်။)

အဲဒီအချိန်မှာ မြန်မာဝတ္ထုတွေဖတ်နေပြီး အဘိုးကတော့ စာဟောဆရာ ဦးပြား၊ ဗန်းမော်တင်အောင်က ပန်းဆိုးတန်းက ဗိုလ်သိန်း အောင်ဆီ ခဏခဏလာတယ်။ ဝတ္ထုတွေက ရဲခေါင်ရေးတဲ့ ညောင်ရွက်လေချီ၊ လင်းယုန်နီ၊ ဒဂုန်တာရာ၊ တင့်တယ်။ စာဖတ်ရင်းနဲ့ စာပေနယ်ကလူတွေနဲ့ နီးစပ်လာတယ်။ ၃၉ လမ်းလား လမ်း ၄၀ လားမသိဘူး။ ဗန်းမော်တင်အောင်တို့ လင်းယုန်တိုက်ရှိတယ်။

အဲဒီလမ်းမှာ ကဗျာဆရာတွေ၊ စာရေးဆရာတွေ စုစည်းမိကြတယ်။ ထွဏ်းနေနွယ်၊ ဒေါင်းနွယ်ဆွေ၊ နေသွေးနီစတဲ့ လူတွေ ကဗျာ ဆရာတွေနဲ့ ရင်းနှီးလာတာပေါ့၊ ဒီလိုနဲ့ မခင်နှင်းဆီသီချင်းတွေ ရေးဖြစ်လာတယ်။ ပဒေသရာဇ်ဆန့်ကျင်ရေး သီချင်းတွေ၊ ငြိမ်းချမ်း ရေးသီချင်းတွေ ဆိုပါတော့။ နောက် ရုပ်ရှင်စရိုက်ဖြစ်တယ်။ ပထမ “ပင်လုံထိပ်ထားဦး”၊ ဒုတိယ “အမုန်း၏ နောက်ဝယ်”၊ တတိယ “ပန်းတိုင်းပွင့်ပါစေ”၊ စတုတ္ထ “သီချင်းဆို၍ ငိုရသည်” အဲဒီလေးကားရိုက်ပြီးတဲ့အခါကျတော့ နိုင်ငံခြားကိုသွားဖြစ်တယ်။ ဆိုဗီယက် မော်စကို၊ တရုတ်ပြည်တို့ပေါ့လေ။ အဲဒီရောက်တော့ နိုင်ငံခြားက စာရေးဆရာတွေ ဟောတာပြောတာတွေပါ နားထောင်ရတယ်။ ပိုင် အိုနီးယားပဲလေ့စ်မှာ ကဗျာဆရာ ယက်ဖ်တူရှင်ကို ကဗျာရွတ်တာအကြိုက်ဆုံးပဲ။ ယက်ဖ်တူရှင်ကို ငယ်ငယ်ကလူချော။


မော့စ်ဖလင်လေ့လာဖူးတယ်။ War & Peace ရိုက်တဲ့ ဒါရိုက်တာနဲ့ ရင်းနှီးခဲ့တယ်။ “ပင်လုံထိပ်ထားဦး” ကားဆိုရင် မော့စ်ဖလင်နဲ့ တရုတ်မြန်မာ လေ့လာရေးအဖွဲ့ကို (၃) လကြာပေးခဲ့ဖူးတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဓာတ်ပုံ (၁၂) ပုံ ကိုယ့်စရိတ်နဲ့ ကိုယ်ကူးပြီး ဆိုဗီယက်ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌ အင်ဒရီယက်ဖ်ကို ပေးခဲ့တယ်။ တရုတ်ပြည် ငြိမ်းချမ်းရေးအဖွဲ့ကိုလည်း ပေးခဲ့တယ်။ ကမ္ဘာကျော် ဒါရိုက်တာ ဘာတိုလူချီနဲ့ ဆုံခဲ့တယ်။

ယူဂျီဂါဂါရင်ကို နောက်အာကာသတက်တဲ့ အာကာသယာဉ်မှူး နီကိုလိုင်နဲ့ ပါကော့ဗစ်ချ်တို့နဲ့အတူ ကရင်မလင်နန်းတော် လီနင်ဂူပေါ်မှာ ဂုဏ်ပြုအခမ်းအနား တက်ရတယ်။ ဝူးမင်းသည် အတ်ချ်မင်းကားနဲ့ ဧည့်ခံတယ်။ ယူနန်သံမဏိသူရဲကောင်းမင်းသားပါတဲ့ ရိုက်ကွင်း တွေကို တရုတ်ပြည်ရောက်တုန်း လိုက်ပြတယ်။ ဆံဖြူမယ် ရုပ်ရှင်မင်းသမီးနဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးဖြစ်သေးတယ်။

မော်စကိုပြန်လာပြီးတော့ ဝမ်းနည်းဝမ်းသာ၊ ပန်းပန်လျက်ပါ၊ ချွေးနဲ့သွေးနဲ့ ရင်းသည့်မြေ ကားတွေရိုက်ဖြစ်တယ်။ “ငို၍ရယ်၍မရသော မျက်နှာ”၊ “ချစ်သူကလ ကိုယ်ကည”၊ “သူများရယ်ဖို့ ကိုယ်ငိုမယ်”၊ “ရွှေပန်းကန်ပေါ်ကျတဲ့ မျက်ရည်”၊ “ပုဂံအလှရှာပုံတော်”၊ “စက္ကူ လှေကလေးများ”၊ “မျက်စပစ်၍ ခေါင်းခါသည်”၊ ကားတွေရိုက်တယ်။ ဒီကနေ့အထိ ဆိုပါတော့၊ ကားတွေလဲ အခိုးခံရ၊ ပျောက်နဲ့ လက် ထဲမှာ သိပ်မရှိတော့ဘူး။ သူ၏ တေးများကို စာရေးဆရာ၊ ကဗျာဆရာများသည် ယနေ့အထိ အသိအမှတ်ပြုပြောဆိုနေကြဆဲ ဖြစ်သည်။ သူ၏ ပင်လုံထိပ်ထားဦးမှ သီချင်းတပုဒ်အား အလျဉ်းသင့်၍ ဖော်ပြလိုက်ရပါကြောင်း

(၁) မြေပြန့်ဆီသာ ဆင်းခဲ့ပါ။

စည်းရွှေကာ၍ လေသာလျှော့ဖြေ၊ ထုံးနေကျစ်လျစ်၊ စံရွှေရစ်ဝါ၊ ဖြူပြာပြာ၊ မာယာတော်နန်း၊ မော်ကြငှန်းမှာ၊ စံမြန်းမော်ကြွား၊ ပျော်နေသလား၊ လှထိပ်ထားရေ။


လူသားသစ္စာ၊ အဘိဓမ္မာလို၊ သိပါလိုလျှင်၊ တံစဉ်နှင့်တူ၊ ဆွဲကိုင်ထူသည့်၊ တောင်သူလုပ်သား၊ လူတန်းစားထဲ၊ ကျော်လွှားသက်တန့်၊ အသာငုံ့၍ မြေပြန့်ဆီသာ ဆင်းခဲ့ပါ။ မြေပြန့်ဆီသာ ဆင်းခဲ့ပါ။


(၂) ဆရာမြတ်လေးနှင့် ကျနော်တို့ စကားပြောဖြစ်ကြသည်။ အသက်အရွယ်အားဖြင့် ကွာလှသော်လည်း သူနှင့်စကားပြောလျှင် အဲဒီ အသက်အရွယ်တွေ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ စာရေးဆရာဆိုတာတွေ ပျောက်ကုန်သည်။ သူ အိမ်ထောင်ကျတာ ၁၉၆၂ ခုနှစ်မှာ ဟူသော စကားလည်းပါသည်။ သူ့မိသားစုအကြောင်းနှင့် မခင်နှင်းဆီကိစ္စတော့ ဆရာမြတ်လေးက သိပ်မပြော။ ရုပ်ရှင်ကိစ္စပြောလျှင် မြတ်လေးဆိုသော အမည်နာမပျောက်သွားပြီး သီဝရီတွေ၊ ဇာတ်လမ်း ဇာတ်ကွက်တွေ၊ နိုင်ငံတကာကိစ္စတွေ ကြားရသည်။ ရန်ကုန် တက္ကသိုလ်တွင် သူ၏ပြဇာတ် “ဆံမြိတ်လည်းပြေ၊ ပန်းလည်းကြွေ” ကို စောစောစီးစီးမပြ၍ ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်က အပြစ်တင်သတဲ့။ ကျနော်မသိဘူး ဆရာ၊ ကိုဘကောင်းတို့ အစီအစဉ်ဆွဲတာဟု ပြောရသည်ဆိုသည်။ “ညီမလေး မာစေ” ပြဇာတ် တင်တော့လည်း ရန်ကုန်တက္ကသိုလ် အဓိပတိ (ဟောင်း) နှင့် စာရေးဆရာ သိန်းဖေမြင့် (ကွယ်လွန်) တို့က ဇာတ်ခုံနောက်မိုက်နှင့် စကားပြောနေရာသို့ ရောက်ရှိလာပြီး နောက်ဘေးထရံခွကြည့်သတဲ့။ ဆရာကြီးတွေ၊ လူကြီးတွေက စိတ်ဝင်စားကြသည်။ သူ၏ လူ ငယ်ဘဝ အနုပညာဖြတ်သန်းမှုမှာ အားကျမက်မောစရာ ကောင်းလှသည်။ သူ၏ “သီချင်းဆို၍ ငိုရသည်” ဇာတ်ကား (မြင်ကွင်းကျယ်) ဇာတ်သိမ်းနှင့်ပတ်သက်၍ အနောက်ဂျာမဏီသတင်းစာတွေက ရေးကြသည့်သတင်းလည်း ငယ်စဉ်ကတည်းက ကြားခဲ့ဖူးသည်။


မြတ်လေးဟုဆိုလျှင်သူ၏ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော်၊ သီချင်းရေးဆရာ ရုပ်ပုံလွှာပေါင်း များစွာက ခံစားမှုထဲ၌ လှပစွာ တောက်လောင်လာသည်။ အနုပညာသမားတယောက်၏ ဘဝကိုမြင်လာရသည်။ အနုပညာနယ်ပယ်၌ မြတ်လေးသည် မိမိကိုယ်မိမိ မှည့်ခေါ်သောနာမည် မဟုတ်တော့။ ပြည်သူက အသိအမှတ်ပြုထားသော မြန်မာအနုပညာရှင်တဦးအဖြစ် သူ့အနုပညာများက တည်ဆောက်ထားနိုင်ခဲ့ပြီ။​ ။


ကိုးကား

↑ မိုးမခ

↑ ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း အမှတ် ၂၆၊ စက်တင်ဘာလ ၂၀၀၉

↑ သမိန်ကောင်း “ဒါရိုက်တာမင်းသား အကယ်ဒမီမြတ်လေး” ငွေတာရီ မဂ္ဂဇင်း အမှတ် ၁၂၃ (၁၉၇၀ စက်တင်ဘာ) စာ ၁၇၃ - ၁၇၇။

ခရက်ဒစ်...ဝီကီပီးဒီးယာ


#crd_to_owner SarysrSai Min Thant

#နော်ဂဲလယ်ထူး (စာပေပရဟိတ)

Monday, April 18, 2022

ဒေါက်တာ စိုင်းခမ်းလိတ်

 ရှမ်းအနုပညာရှင် ထူးချွန်ဆုရ ဒေါက်တာ စိုင်းခမ်းလိတ်




ကလောင်သွားဟာ လှံသွား ဓါးသွား၊ လက်နက်သွားထက် ထက်တယ်`လို့ ဆိုရိုးရှိတယ်။ လက်နက်ကိုင်တဲ့သူတချို့ကတော့ ကလောင်သွားက လူကိုထိုးသတ်နိုင်တာမှ မဟုတ်တာ၊ ငါတို့လက်နက်ကသာလျှင် လူကို သေအောင် လုပ်နိုင်တယ် လို့ ဆိုကောင်းဆို မယ်။ လက်နက်သွားက အစဉ်ထာဝရ မပစ်ခတ် မသတ်ဖြတ်နိုင်ပါဘူး။ လက်နက်ကိုတဲ့သူ လည်း အသက်တစ်ရာအထိ သက်တမ်းမရှည်နိုင်ဘူး။


ကလောင်သွားကတော့ သဘောတရားတစ်ခု စာရွက်ပေါ် ချပြသွားခဲ့ရင် အဲဒီစာသွား အတိုင်း ဆွေစဉ်မျိုးဆက်များစွာ လက်ခံကျင့်သုံးသွားနိုင်တယ်။ အကယ်၍ ကလောင်သွားတစ် ခုက အဲဒါ မင်းတို့ရဲ့ ဘိုးဘွားပိုင်မြေတွေ လို့ ဆိုထားခဲ့ရင် နောင်လာနောက်သားတွေက အဲဒီ နယ်မြေကို ပြန်လည်လုယူမှု တိုက်ယူမှုကြောင့် ကမ္ဘာချီစစ်ပွဲကြီးတောင် ဖြစ်နိုင်တယ်။ ဒါ ကြောင့် ကလောင်သွားကို ဘယ်သူကမှ အထင်မသေးဝံ့ပါ။


ကလောင် ဆရာ၀န်


         တကယ်တော့ ဆရာဝန်ဆိုရင် ဆေးထိုးအပ်ကိုင်ရမှာပါ။ ဒေါက်တာစိုင်းခမ်းလိတ်က တော့ ကလောင်ကိုင်တဲ့ ဆရာ၀န် လို့ဆိုရမှာပဲ။ ဒါလည်း မျိုးရိုးကြောင့်ထင်ပါရဲ့။ ဒေါက်တာ စိုင်းခမ်းလိတ်တို့ရဲ့ ဖခင် လုံးခမ်းကာတုန်ဟုန်းဟာ ရှမ်းစာပေလင်္ကာ ရေးဖွဲ့တတ်တဲ့သူ တစ် ယောက်ဖြစ်တယ်။ မိခင်က ဒေါ်နန်းစိန်ဥကတော့ မိခင်ကောင်းတစ်ယောက်ဖြစ်ပြီး ဒေါက်တာ စိုင်းခမ်းလိတ်လောင်းလျာကို ၁၉၄၉ ခု ဧပြီလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့မှာ မွေးဖွားခဲ့တယ်။ ဇာတိ က ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီပါ။


မွေးချင်းများ


         စိုင်းတုမ်ခမ်း၊ စိုင်းခမ်းလိတ်၊ စိုင်းခမ်းသီ၊ နန်းအွမ်ခမ်း ဆိုပြီး မွေးချင်း လေးယောက်ရှိ တယ်။ သူတို့ ညီအစ်ကို သုံးယောက်စလုံး ဖခင်ရဲ့အနုပညာအမွေကို ရရှိတဲ့သူတွေပါ။ အစ်ကို ကြီး စိုင်းတုမ်ခမ်းက ရှမ်းခေတ်သစ်သီချင်းတွေကို ရေးသားတဲ့သူဖြစ်တဲ့အပြင် သူတတ်သမျှ သိသမျှ ညီဖြစ်သူ စိုင်းခမ်းလိတ်ကို သင်ပေးခဲ့သူပါ။ သီချင်းစာသားများဟာ ရေးစပ်သူရဲ့ စိတ် ထားကို တစွန်းတစ ဖေါ်ပြစမြဲပါ။ စိုင်းတုမ်ခမ်းရေးသားတဲ့ ရှမ်းသီချင်းတစ်ပုဒ်ကတော့ ဒို့အမျိုးသား တာ၀န်မို့ ရှောင်လို့မရပါ သီချင်းအရ သူဟာ အမျိုးသားအတွက် တာဝန်ကို ဦး လည်မသုန် ယူတတ်သူဖြစ်ကြောင်း ပြသလျှက်ပါ။ စိုင်းခမ်းလိတ်လည်း စိုင်းတုမ်ခမ်းထံ ဝေါဟာရအသစ်အဆန်း ရှာဖွေနည်းကို ရယူခဲ့ သည့်အပြင် သံစဉ်ရှာနည်း အတွေးအခေါ်အယူ အဆ ယူနည်းများကို ကောင်းစွာရရှိခဲ့တယ်။


ကျောင်းသားဘ၀


`        ဖခင်ဖြစ်သူက တာဝန်အရ သိန္နီကနေ နမ္မတူမြို့ကိုပြောင်းလာရတဲ့အတွက်ကြောင့် သူတို့ ညီအစ်ကိုလည်း နမ္မတူကိုရောက်လာတယ်။ ၁၉၅၄ ကတည်းက စိုင်းခမ်းလိတ်ဟာ နမ္မတူ မူလတန်းကျောင်းကို ပန်ဟိုင်း(နမ္မတူ)မှာ တက်ရောက်ခဲ့ပြီး ကျောင်းသားနာမည်က တော့ Louvis Kham လူးဗစ်ခမ်း တဲ့။


နမ္မတူ သတ္တမတန်းကို အောင်မြင်ပြီးတဲ့နောက် ၁၉၆၃ ခုမှ ပြင်ဦးလွင် (ယခင်မေမြို့) St. Albert High School (ယခု ပြင်ဦးလွင် အမှတ် ၂) မှာ အဋ္ဌမတန်း တက်ခဲ့တယ်။ အဲဒီမှာ တွဲဖက်ကောင်းဖြစ်တဲ့ ကျောင်းသူ မနွဲ့နွဲ့တင်နဲ့ စတင်တွေ့ဆုံခဲ့တာပါ။ သူတို့နှစ်ဦးရဲ့ တွေ့ ဆုံမှုဇာတ်လမ်းဟာ လူအများ စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။


နွဲ့နွဲ့တင်ကတော့ စာတော်တဲ့သူဖြစ်ပြီး အတန်းထဲမှာ ပထမနေရာယူခဲ့တဲ့သူပါ။ အဋ္ဌ မတန်းတုံးက လူရည်ချွန်အဖြစ် အရွေးခံလိုက်ရသေးတယ်။ လူရည်ချွန်ဖြစ်ရင် ပညာရေးဝန် ကြီးဌာနက လူရည်ချွန်မောင်မယ်များကို ဒေသန္တရဗဟုသုတရစေရန် မြန်မာပြည်ထင်ရှားတဲ့ ဒေသများ စက်ရုံများ၊ ငပလီအပမ်းဖြေကမ်းခြေစတာတွေကို ခေါ်သွားတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာတော့ အင်းလေးမှာတော့ ခေါင်တိုင်လူရည်ချွန်စခန်း တစ်ခု ယခင်က ရှိခဲ့ဖူး တယ်။ လူရည်ချွန်အရွေးခံရတဲ့ ကျောင်းသားကျောင်းသူဟာလည်း ထက်မြက်တဲ့ ကျောင်း သူကျောင်းသားအဖြစ် အသတ်မှတ်ခံရတယ်။


လူရည်ချွန်ဖြစ်ဖို့အတွက် ဉာဏအားလည်း ကောင်းရသလို၊ ကျန်းမာရေးလည်းကောင်း ရမယ်၊ ပြီးတော့ စာလည်းတော်ရမယ်၊ ဘက်စုံထူးချွန်ရမယ်ပေါ့။ လူရည်ချွန် အင်တာဗျူးမှု တစ်ခုကတော့


`မင်း ရွှေတိဂုံစေတီတော်ကို ဖူးဘူးသလား`


`ဖူးဘူးပါတယ်`


` စေတီရင်ပြင်တော်အရောက် လှေခါး ဘယ်နှစ်ထစ်ရှိသလဲ` စသဖြင့် မေးတတ်တာ ပေါ့။ သာမန်လူဆိုရင် ဘယ်သူက လှေခါးထစ်တွေကို ရေတွက်ထားမလဲ။ သို့သော် လူရည်ချွန် ဖြစ်မယ့်ကျောင်းသားကတော့ ဒီလို အဖြေပေးလိုက်တယ်။


`ကျွန်တော် ဓါတ်လှေခါးနဲ့ တက်ခဲ့တာပါ ဆရာ`တဲ့ အဲဒါကတော့ ဉာဏ်ရည်ကို စမ်း တာပါ။ ဥပမာ ကောင်းကင်ပေါ်မှာ မိုးရေကလွဲလို့ ဘာအရည်တွေ ထပ်ရှိသေးသလဲ လို့မေးရင် ချက်ချင်း မဖြေတတ်ကြဘူး။ လူရည်ချွန်လေးတွေကတော့ ဒီလိုဖြေကြတယ်။


`အုန်းရည်၊ ထန်းရည်ပါဆရာ`တဲ့။


လူရည်ချွန်ဖြစ်တဲ့ နွဲ့နွဲ့တင်ကတော့ ရုပ်လှတယ်။ စာတော်တယ်။ အဲဒီခေတ်တုံးက ကျောင်းမှာ စူပါစတားပေါ့။ ကျောင်းသားတွေအားလုံး နွဲ့နွဲ့တင်ကို အားကျသလို စိုင်းခမ်း လိတ်တစ်ယောက်လည်း သူများနည်းတူ နွဲ့နွဲ့တင်ကို အားကျမိသူပါ။


လူရည်ချွန်


         သူတို့နှစ်ယောက်ရဲ့ ပွဲဦးထွက်ဇာတ်လမ်း တစ်ပုဒ်ကတော့ ကျောင်းနံရံကပ်စာစောင် ကနေ စခဲ့တယ်။ နံရံကပ်စာစောင်ဆိုတာက စာပေဝါသနာပါတဲ့ ကျောင်းသားတွေ လွတ်လပ် စွာ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုတွေရေးပြီး ဆရာဆရာမများက ရွေးချယ်ပြီး ကောင်းတဲ့ဟာ တွေကိုကျောက်သင်ပုံးမှာ လှပစွာ ပြန်လည် ကပ်ထားပေးတယ်။ ကျောင်းသူကျောင်းသား တွေက ဝိုင်းကြည့်ကြတာပေါ့။ အဲဒီနံရံကပ်စာစောင်မှာ စိုင်းခမ်းလိတ်က ကဗျာလေးတစ်ပုဒ် ရေးကာ သွားကပ်ထားလိုက်တယ်။ သူ့ရဲ့ ခံစားချက်ကို တင်ပြတာပါ။ ဒါပေမယ့် သူတင်ပြချက် ကတော့ အသွားနှစ်ဖက် ရှိတဲ့ ကဗျာလေးပါ။ ကဗျာခေါင်းစဉ်ကိုက လူရည်ချွန်ကို ရအောင်ယူ မည် တဲ့။ ကျောင်းသားတွေ အဲဒီကဗျာလေးကို ဖတ်ပြီးတော့ ဟိုးလေးတကျော်ဖြစ်သွားတာ ပေါ့။ လူသတင်း လူချင်းဆောင်ဆိုသလို နွဲ့နွဲ့တင်လည်း ကြားသိသွားတယ်။ စုံစမ်းကြည့်တော့ ရေးတဲ့သူက စိုင်းခမ်းလိတ်ဖြစ်နေတော့ ဆရာဆရာမတွေ ကျောင်းသားကျောင်းသူတွေအား လုံး အဲဒီအကြောင်းကို စိတ်ဝင်စားနေကြတယ်။ နွဲ့တင်ကတော့ မိန်းမသားတစ်ယောက် အနေ နဲ့ သူမကို ယခုလို စောင်းလား ချိတ်လား တင်စီးပြီး ရေးထားတာကို မြင်ရတော့ မခံချင်တာ အမှန်ပါ။ ဒီကျောင်း တစ်ကျောင်းလုံးမှာ သူမတစ်ယောက်ထဲသာ လူရည်ချွန်ဖြစ်နေလေတော့ စိုင်းခမ်းလိတ်က သူမကို ရည်ရွယ်ပြီး တမင်သက်ကက် ရေးတဲ့အကြောင်း ကျောင်းအုပ်ဆရာ ကြီးကို သွားတိုင်ပါလေရော။ ဒီကိစ္စကို ကျောင်းအုပ်ကြီးကိုယ်တိုင် စိုင်းခမ်းလိတ်ကို ရုံးခန်းမှာ ခေါ်တွေ့တယ်။ စိုင်းခမ်းလိတ်က ပြုံးပြုံးနဲ့ပဲ အဖြေပေးလိုက်တယ်။


`ကျွန်တော် သူမလို လူရည်ချွန်ဖြစ်ချင်လို့ လူရည်ချွန်ကို ရအောင်ယူမယ်လို့ ရေးတာ ဟာ ကျွန်တော်ရဲ့ ရည်ရွယ်ချက်ပါ`တဲ့။ ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ ပြဿနာလည်း ပြေလည် သွားတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ခင်မင်ရင်းနီးသွားတယ်။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းအစ လူရည်ချွန်ကလို့ ဆိုရပါလိမ့်မယ်။


ရည်ရွယ်ချက်ရှိတဲ့အတိုင်း နဝမတန်းရောက်တော့ စိုင်းခမ်းလိတ်လည်း လူရည်ချွန် အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ နွဲ့တင်ကလည်း လူရည်ချွန်နှစ်ထပ်ကွမ်း ဖြစ်ပြန်တယ်။ (ဒသမ တန်းလည်း နွဲ့နွဲ့တင်က လူရည်ချွန် သုံးထပ်ကွမ်းအဖြစ် ထပ်မံရွေးချယ်ခံရပြန်တယ်) မေမြို့ လူရည်ချွန်အနေနဲ့ သူတို့နှစ်ယောက် လူရည်ချွန်ခရီးအဖြစ် အတူတူသွားလာကြရလို့ ပိုပြီး ခင်မင်ရင်းနီးလာပါတော့တယ်။


မေမြို့မှာ ကျောင်းတက်ကတည်းက စိုင်းခမ်းလိတ်ဟာ ရှမ်း၊ မြန်မာ၊ အင်္ဂလိပ်ကဗျာ များကို ရေးစပ်နိုင်ခဲ့တဲ့သူပါ။ ၁၉၆၅ ခုမှာတော့ စိုင်းခမ်းလိတ်က နမ္မတူမှာ ဒသမတန်း ပြန်လာ တက်ရတယ်။ ဖခင်ဖြစ်သူ လုံးခမ်းကာလည်း သူ့သားဝါသနာပါတဲ့ စာပေအနုပညာကို အားပေးခဲ့တယ်။ ညီဖြစ်သူ စိုင်းခမ်းသီလည်း အစ်ကိုကို ဂစ်တာတီးဖို့ သင်ပေးလိုက်ပြန်တော့ ဂီတာတီးကာ (ဟတ်နိုင်းဖန် = အိပ်မက်ထဲကအချစ်)ဆိုတဲ့ ရှမ်းသီချင်းကို စပ်ဆိုနိုင်ခဲ့တယ်။


ဘာကြောင့် သီချင်းရေးဖြစ်တာလဲ


         ဘာမဆို အကြောင်းရှိမှ အကျိုးဖြစ်ပေါ်လာစမြဲပါ။ စိုင်းခမ်းလိတ် သီချင်းရေးဖြစ်တာက ဒီလိုပါ . . .


ဝါတွင်းကာလ ဥပုသ်သည်များအတွက် လူပျိုအပျိုများက ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စ သွားလုပ်ကြတယ်။ ဆွမ်းတော်ပြင်ဆင်ကြရသလို ဥပုသ်သည်အတွက်လည်း ထမင်းဟင်းတွေ ချက်ကြတယ်။ အဖိတ်ညမှာ ထမင်းချက်ပြီးတဲ့နောက် လူပျိုတွေက ဆွမ်းစား ကျောင်းမှာ ညအိပ်စောင့်ကြရတယ်။ တချို့ကတော့ ဂစ်တာယူလာပြီး သီချင်းဆိုကြ ပျော်ကြ တာပေါ့။ အဲဒီအချိန်မှာ ရှမ်းခေတ်သစ်သီချင်း နှစ်ပုဒ် သုံးပုဒ်လောက်ပဲရှိသေးတယ်။ အဖိတ်နေ့ တိုင်း အဖွဲ့တွေစုံတိုင်း သီချင်းဟောင်းကိုပဲဆိုနေတော့ စိုင်းခမ်းလိတ်ကမေးတယ် `ရှမ်းသီချင်း အသစ် မရှိတော့ဘူးလား` သူတို့ကလဲ `ဒါပဲရှိလို့ ဒါပဲဆိုနေတာပေါ့`တဲ့ ဒီလိုနဲ့ စိုင်းခမ်းလိတ် က ရှမ်းသီချင်းတွေ ဖြစ်လာဖို့ အကောင်အထည်ဖေါ်ကြည့်တော့တယ်။


မေမြို့မှာနေတုံးက The Beatles, Shadows, Bob Dylan, Elvis Presley, The Rolling Stones, Elton John, Pink Floyd, Eric Clapton, CCR စတဲ့ နာမည်ကြီး အင်္ဂလိပ် သီချင်းတွေ နားထောင်ဖူးတဲ့အတွက်ကြောင့် ရှမ်းစာသားတွေနဲ့ အင်္ဂလိပ်သံစဉ်မှာ ထဲ့လိုက်ရင် ပရိသတ်တွေ ကြိုက်ကြမှာပဲဆိုပြီး ကော်ပီသီချင်း အပုဒ် (၂၀) လောက် စပ်လိုက်တယ်။ ပြီးတော့ ဂစ်တာတီးပြီး သူငယ်ချင်းတွေကို ဆိုပြတယ်။ ဘယ်အပုဒ်ပဲဆိုပြဆိုပြ သူငယ်ချင်း တွေရဲ့ တုံ့ပြန်မှုက `ကောင်းပါတယ်`ပြောပြီး ဒီအတိုင်းပဲ တန့်နေတော့တယ်။ ဘယ်သူမှလဲ အဲဒီသီချင်းတွေကို ယူပြီး မဆိုကြဘူး။


စိုင်းခမ်းလိတ်က စဉ်းစား သဘောပေါက်မိတယ်။ သူများရဲ့ ကော်ပီသံစဉ်နဲ့ ရှမ်းသီချင်း လာရေးစပ်တာ အသံက ကွက်တိမဖြစ်ဘူး။ အသံ မပီပြင်ဘူးပေါ့။ ဒါကြောင့် ကိုယ်ပိုင်သံစဉ်လဲ ဖြစ်အောင် အသံလည်း ပီပြင်အောင် တစ်ယောက်တည်း ကြံစည်နေတော့တယ်။ ကော်ပီသံစဉ်ကို လုံးဝ အသုံးမချဖို့ ဆုံးဖြတ်လိုက်တယ်။


၁၉၆၆ မှာတော့ နမ္မတူကနေ ဒသမတန်းကို ရူပဗေဒ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပြီး ကျောက်မဲမြို့နယ်မှာ ပထမရကာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အမှတ်အများဆုံးရတဲ့ ထူးချွန် ကျောင်းသား ဖြစ်ခဲ့တယ်။ ဒါကြောင့် မန္တလေး ဆေးတက္ကသိုလ်ကို တက်ခွင့်ရတယ်။


ဆေးကျောင်းသားဘ၀ နှင့် တာဝန်


         နွဲ့နွဲ့တင်လည်း ဆယ်တန်းကို ဂုဏ်ထူးနဲ့အောင်ပြီး မန္တလေး ဆေးတက္ကသိုလ်ကို တက်ခွင့်ရလေတော့ သူတို့နှစ်ယောက် မန်းမြေ MC မှာ ပြန်လည်ဆုံတွေ့ဖို့ ဖန်လာပြန်တယ်။ ဝါသနာဆိုတာ တားလို့မရပါ ဆိုတဲ့အတိုင်း အနုပညာဝါသနာပါတဲ့ စိုင်းခမ်းလိတ်ကတော့ ဆေးကျောင်းသားဘဝရောက်နေသော်လည်း သီချင်းရေးနေဆဲ၊ ကဗျာစပ်နေဆဲ၊ သီချင်းဆို နေဆဲ။ ကိုယ်ပိုင်သံစဉ်အတွက်လည်း မလျှော့သောဇွဲနဲ့ အားထုတ်းနေဆဲပါ။


သီချင်းရေးတဲ့နေရာမှာ ပရိသတ်အကြိုက် သီချင်းတစ်ပုဒ်ဖြစ်လာဖို့ မလွယ်ပါဘူး။ မလွယ်ဘူးဆိုပေမယ့် စိုင်းခမ်းလိတ်ကတော့ အခက်အခဲကို ကြောက်ရွံ့သူမဟုတ်ချေ။ ကြိုး စားရင် ဘာမဆို ဖြစ်လာမယ်ဆိုတဲ့ ခံယူချက်ရ သူ့ရင်မှာ အမြဲ ကိန်းအောင်းနေလေတော့ တစ်ယောက်တည်း ကြိုးစားခဲ့ရာ ၁၉၆၈ ခုနှစ်ရောက်မှ ရှမ်းလူငယ်များ သဘောခွေ့ မနော တွေ့တဲ့ (ဟိုက်မီးစိုင်ဟတ်ခေး = မျိုးချစ်စိတ်ဓါတ်ရှိပါစေ) နဲ့ (လောင်ယဉ်ငေ့တိုင်း ဟိုက်ခွတ် ပန် = ရှမ်းယဉ်ကျေးမှု ခေတ်မီပါစေ) ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို အောင်မြင်စွာ စပ်ဆိုနိုင်ခဲ့တယ်။


သီချင်းစာသားများဟာ ရေးစပ်သူရဲ့ အတွင်းသဘောကို ဖော်ဆောင်နေခြင်းပါ။ စိုင်းခမ်းလိတ်ရဲ့ သီချင်းထဲမှာ ရှမ်းလူငယ်များကို အမျိုးသားဝတ်စုံဝတ်ဖို့ မြတ်နိုးဖို့ တိုက်တွန်း ထားသလို သူကိုယ်တိုင်လည်း အမြဲတမ်း ရှမ်းဘောင်းဘီ ရှမ်းတိုက်ပုံနဲ့ပဲ ဆေးကျောင်းပြီးခဲ့တဲ့ သူပါ။ တက္ကသိုလ်ကျောင်းသားဘဝတုံးကလည်း ရှမ်းတက္ကသိုလ်ကျောင်းသားများကို ဦး ဆောင်ပြီး ရှမ်းစာပေ ယဉ်ကျေးမှုလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အစဉ်ကူညီဆောင်ရွက်ခဲ့တယ်။ မန္တလေးတက္ကသိုလ် ရှမ်းစာပေယဉ်ကျေးမှုရဲ့ အတွင်းရေးမှူး တာဝန်ကိုလည်း ယူခဲ့တယ်။ ဒါကြောင့် ၁၉၆၉ ခုနှစ်မှာ မန္တလေး တက္ကသိုလ် ရှမ်းစာပေယဉ် ကျေးမှုကိုယ်စားလှယ်အဖြစ်နဲ့ တောင်ကြီးမြို့မှာ ကျင်းပတဲ့ ရှမ်းစာပေဆွေးနွေးပွဲကို တက် ရောက်ခဲ့ပြီး လင်းခေးသား စိုင်းထီးဆိုင်နဲ့ ဆုံတွေ့ခဲ့တယ်။


တောင်ကြီးမှာ သူတို့နှစ်ယောက် သိစတုံးက ရိုးရိုးပဲခင်မယ်လို့သာ ထင်ခဲ့တယ်။ သူတို့ နှစ်ယောက်ခင်မင်ကြပြီး ယခုလို အနုပညာစင်မြင့်မှာ အတူတက်လှမ်းကြရလိမ့်မယ်လို့ မထင် ထားခဲ့မိဘူး။ အစတုံးကတော့ စိုင်းခမ်းလိတ်က စိုင်းဖုန်းကျော် (ခေါ်) စိုင်ခမ်းမတ် (တန့်ယန်း) ရဲ့ အသံကို သဘောကျခဲ့တယ်။ ဒါပေမယ့် ထင်ခဲ့တဲ့အတိုင်းဖြစ်မလာခဲ့ဘူး။ စိုင်းထီးဆိုင် ဆယ်တန်းအောင်ပြီး ဒဿနိကဗေဒယူတော့ မန္တလေးတက္ကသိုလ် လာတက်ရင်း စိုင်းခမ်းသီနဲ့ ခင်မင်ခဲ့ကြတယ်။ ညီလေးရဲ့ သူငယ်ချင်းဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ပိုမိုပြီး ခင်မင် ရင်းနီးလာတော့တယ်။ စိုင်းခမ်းသီလည်း အနုပညာပါရမီရှိသူတစ်ယောက်ဖြစ်တဲ့အတိုင်း သီချင်းကောင်းတွေ တော်တော်များများ ရေးစပ်နိုင်ခဲ့တယ်။


အဲဒီအချိန်ကတော့ ခေတ်လူငယ်တွေ ဂီတာကို စတင်ဝါသနာပါလာချိန်ပဲ။ တီးဝိုင်းတွေ လဲ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပေါ်လာစပါ။ ၁၉၇၃ ခုမှာတော့ စိုင်းခမ်းလိတ်၊ စိုင်းထီးဆိုင်၊ ခွန်မျိုးလွင်၊ စောသိမ်းဝင်းတို့ရဲ့ အဖွဲ့ The Outsiders နဲ့ စိုင်းခမ်းသီ၊ စောဂျွန်ဆင်၊ စောဂျော်နီတို့ရဲ့ အဖွဲ့ The Highlanders ပေါင်းမိကြပြီး မြန်မာပြည်မှာ နာမည်ကြီးလာတဲ့ The Wild Ones အဖွဲ့ ဖြစ်လာတော့တာပါပဲ။ စိုင်းခမ်းလိတ်ဟာ တက္ကသိုလ်ကျောင်းသားဘဝမှာ ရှမ်းစာပေယဉ်ကျေး မှုတာဝန်များကို ထမ်းဆောင်သည့်အပြင် သီချင်းရေစပ်မှု၊ သံစဉ်အသွားအလာများကိုလည်း ဉာဏ်မီသမျှ လေ့လာခဲ့သည်။ အသိဉာဏ်ကြွယ်ဝဖို့အတွက် အတွေးအခေါ်စာပေများကိုလည်း လေ့လာဖတ်ရှုခဲ့တယ်။ ဆေးတက္ကသိုလ်တက်သော်လည်း တက္ကသိုလ်ပညာရပ် တစ်ခုထဲကို သာ လေ့လာခဲ့သည်မဟုတ်၊ ဗဟုသုတမျိုးစုံကို လေ့လာဆည်းပူးခဲ့တယ်။


လေးနက်တဲ့ သီချင်းကို ရေးသားနိုင်ဖို့အတွက် ကမ္ဘာကျော် တေးသီချင်းများကိုလည်း နားထောင်ပြီး မှတ်သားနည်းယူခဲ့သူပါ။ ဒီ့အပြင် မြို့မငြိမ်း၊ ရွှေပြည်ဧ၊ ဦးဗိုလ်ခင်၊ ဦးအံ့ကြီး၊ ဦးကျော့မှူးစတဲ့ မြန်မာအနုပညာရှင်များရဲ့ သီဆို ဖွဲ့ဆိုမှုကိုလည်း သေချာစွာ လေ့လာခဲ့သေး တယ်။ ကဗျာ၊ ဝတ္ထု၊ အဆိုအမိန့်တွေပါမကျန် ဖတ်နိုင်သမျှ မှတ်နိုင်သမျှ အချိန်လုပြီး လေ့လာ ခဲ့တယ်။ ကမ္ဘာကျော်ပုဂ္ဂိုလ်များဖြစ်ကြတဲ့့ Rabindernath Tagore, Robert Frost, Omar Khayyam, Shakespeare, George Bernard Shaw, Ibsen, Leo Tolstoy, Somerset Mangham, Mark Twain, Albert Camus, Henry David Thoreau, Mahatma Gandhi, Martin Luther King, Mao Zedong, Jesus Christ, The Buddha တို့ရဲ့အကြောင်း သူတို့ရဲ့ အတွေးအခေါ် အဆိုအမိန့်များကို လေ့လာခဲ့တယ်။


သီချင်းကောင်းတစ်ပုဒ်ဖြစ်လာဖို့အတွက် အသိပညာကြွယ်ဝရမယ်၊ အတွေးအခေါ် သူများထက် သာရမယ်။ အတွေးအခေါ် ရှိဖို့အတွက် စာကောင်းပေမွန်များကို လေ့လာမှတ် သားနိုင်ရမယ်။ စိုင်းခမ်းလိတ်ကတော့ အင်္ဂလိပ်စာပေများကို လေ့လာလိုက်စားရုံတင်မက မြန်မာစာပေများကိုလည်း များစွာဖန်ရှုလေ့လာခဲ့တယ်။ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလဝံသ၊ လက်ဝဲသုန္ဒရ၊ အနန္တသူရိယ၊ နဝဒေး၊ နတ်သျှင်နောင်၊ ဦးကြင်ဥ၊ စလေဦးပုည၊ သခင်ကိုယ် တော်မှိုင်း၊ ဇော်ဂျီ၊ မောင်စွမ်းရည်၊ ဒဂုံတာရာ၊ မောင်အာနိုး၊ သိပံ္ပမောင်ဝ၊ တက္ကသိုလ်ဘုန်းနိုင်၊ လူထုဒေါ်အမာ၊ အောင်သင်းတို့ရဲ့ စာပေများကိုလည်း စိုင်းခမ်းလိတ် မြတ်မြတ်နိုးနိုးဖတ်ရှုခဲ့ တယ်။


တချို့ပုဂ္ဂိုလ်ဟာ သူတစ်ပါးရဲ့ စာပေကိုတတ်မြောက်ပြီး မိမိရဲ့ စာပေကို မေ့မေ့ပျောက် ပျောက်ဖြစ်တတ်ကြသော်လည်း စိုင်းခမ်းလိတ်ကတော့ အဲဒီအမျိုးအစားထဲက မဟုတ်ပါဘူး။ သူရေးတဲ့ ရှမ်းသီချင်းတွေထဲက သူ့ရဲ့ မျိုးချစ်စိတ်ကို ဖော်ညွှန်းနေတာ များစွာတွေ့ရပါမယ်။ ရှမ်းစာပေ ဝေါဟာရ ကြွယ်ဝဖို့ စဝ်ကန်းဆေ၊ လုံးခွန်မဟာ၊ လုံးတန်းကေး၊ ဆရာဦးစိုင်းအောင် ထွန်းတို့ရဲ့ စာပေများကိုလည်း ဖတ်ရှုလေ့လာခဲ့သေးတယ်။ လူဆိုတာ စာဖတ်များရင် အသိ ဉာဏ်လည်း များလာတာပါပဲ။ အသိဉာဏ်များလာရင် အတွေးအခေါ်လည်း ကောင်းလာမယ်၊ အပြောအဆို အရေးအသားတွေလည်းကောင်းလာမယ်။ ဘာကြောင့် ဒေါက်တာစိုင်းခမ်းလိတ် ရေးသားတဲ့ စာသားတွေ အဆင့်မြင့်သလဲဆိုတာ စာဖတ်သူတို့ နားလည်မှာပါ။


စိုင်းခမ်းလိတ်ဟာ ဘယ်သူကမှ သူ့ကို အသိအမှတ်မပြုခင်ကတည်းက သီချင်းကို ရေးစပ်ခဲ့တာပါ။ အခုမှသာ သူရေးတဲ့ သီချင်းစာသားတွေ ခန့်ညားကြောင်း ကျုပ်တို့သိရပေ မယ့် သူသီချင်းရေးစပ်သီကုံးနေချိန်မှာ သီချင်းသံစဉ် ရှာနေချိန်မှာတော့ ဘယ်သူကမှ သူ့ကို သတိထားမိမှာမဟုတ်ဘူး။


သူသီချင်းရေးတဲ့နေရာကတော့ အရှိန်အဝါကြီးတဲ့ လျှပ်စစ်မီးအောက်မှာ မဟုတ်ဘဲ မီးမလင်းထိန်တဲ့ ဖယောင်းတိုင်အလင်းရောင်အောက်မှာ၊ တစ်ခါတစ်လေ လရောင်အောက်မှာ သာ ရေးစပ်ခဲ့တာပါ။ သူထိုင်ပြီး သီချင်းရေးခဲ့တဲ့ ထိုင်ခုံကတော့ မွေ့ယာဆိုဖာထိုင်ခုံတွေ မဟုတ်ဘဲ သင်ဖြူးဖျာစုတ် နဲ့ ပေါက်ပြဲနေတဲ့ ကျမ်းခင်း အဝါရောင်သမ်းနေတဲ့ မြက်ချောက်တွေပါ။ သူ့သီချင်းရေးတဲ့ ဖောင်တိန်ကလည်း ရွှေကလောင်မဟုတ်၊ ခဲတံတိုလေး ဒါမှမဟုတ် မကြာခဏ မှင်စိမ့်ထွက်နေတဲ့ ဖောင်တိန်စုတ်ပါ။ သံစဉ်တွေကို ရှာနေတဲ့ သူ့ရဲ့ ဂီတာကလည်း လျှပ်စစ်ဂီတာမဟုတ်ဘဲ ကြိုးပြတ်နေတဲ့ ဂီတာစုတ်ပါ။ သူ့ရဲ့ သီချင်းရေးတဲ့ စာရွက်ကလည်း ဖြူလွင်နေတဲ့ လျှောက်လွှာစာရွက်မဟုတ်ဘဲ သူများလွင့်ပစ်ထားတဲ့ ရည်းစာ ရေးထားတဲ့ စာရွက်ဟောင်းတွေပါ။ သူသီချင်းရေး တေးသံစဉ်ရှာနေတဲ့အချိန် သူ့အနားမှာ လာထိုင်ပြီး အားပေးနေတာကတော့ လှပကျော့ရှင်းတဲ့ သူဌေးသမီးမဟုတ်။ သူ့အနားမှာ အမြဲတမ်း ရစ်သီနေတာကတော့ ခြင်နဲ့ ယင်ကောင်တွေပါ။ စည်းနဲ့ဝါး သံစဉ်ရှုာဖို့အတွက် Drum Set မဟုတ်ဘဲ လက်မနဲ့ လက်ခလယ်ကိုသာ အသုံးပြုခဲ့တယ်။ အဲဒါကတော့ နာမည် ကြီး သီချင်းရေးဆရာ မဖြစ်ခင်က သူ့ဘဝရဲ့ သန္ဓေအောင်းတဲ့ကာလလို့ ဆိုရပါမယ်။ သူ့ရဲ့ ရှမ်းကဗျာလေးတစ်ပုဒ်ကလည်း ဒီလိုဆိုထားတယ်။


ဒို့တတွေ


ဆွေးနွေးတိုင်ပင်တဲ့နေရာကတော့ အမှောင်ထုထဲ


တီးတိုးစကား ပြောတဲ့နေရာကတော့ သူများမကြားတဲ့နေရာ


နက်ဖြန်ရဲ့ တစ်နေ့နေ့မှာ


ဒို့တတွေ အလင်းရောင်ထဲမှာ ရယ်ရယ်မောမော ရှိနိုင်မယ်။ (၁၉၇၆)


အနုပညာ ခြေလှမ်း


         အစကတော့ စိုင်းခမ်းလိတ်က ရှမ်းသီချင်းတွေပဲရေးဖြစ်တာပါ။ မြန်မာသီချင်း ရေး ဖြစ်တဲ့အကြောင်းကတော့ ဒီလိုတဲ့။ တစ်နေ့ လက်ဘက်ရည်ဆိုင်မှာ သွားထိုင်နေတုံး သီချင်း တစ်ပုဒ်ကို ကြားရတော့ နားထဲမှာ အဲဒီသံစဉ်က အင်မတန် ရင်းနီးနေတယ်။ သီချင်းကတော့ ကိုလေးလွင် ဆိုထားတဲ့ `လယ်သူမလေးချစ်သူ`ဖြစ်တယ်၊ အင်္ဂလိပ်စာသားနဲ့ပါ အတူဆို ထား တော့ မူရင်းအင်္ဂလိပ်သီချင်းလို့ ထင်နေရတယ်။ အဲဒီမှာ သူငယ်ချင်းတွေကပြောလာတယ်။ စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းက သူများရဲ့ သံစဉ်ကနေ ရှမ်းသီချင်းရေးထားတာပါတဲ့။ အမှန်မှာတော့ အဲဒီလယ်သူမလေးချစ်သူ သံစဉ်က စိုင်းခမ်းလိတ်ရဲ့ ရှမ်းသီချင်း (ယိင်းအွန်ဟတ်စိုင်း) သံစဉ်ကို ယူပြီး လုပ်ထားခြင်းဖြစ်တယ်။ အဲဒီကစပြီး စိုင်းခမ်းလိတ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ ငါလည်း ဗမာသီချင်းရေးနိုင်ပါတယ်။ ရေးကို ရေးရမယ်. . . တဲ့။ ဒီလိုနဲ့ ဗမာသီချင်း စရေးဖြစ်ခဲ့တာပါ။ (ယိင်းအွန်ဟတ်စိုင်း)ရှမ်းသီချင်းကို ဗမာလို ပြန်ရေး တဲ့အခါ လူကြိုက်များတဲ့ ဟိုတုံးက မတွေ့မိရင် ကိုယ်တို့ဇာတ်လမ်းလေးဟာလေ တစ်မျိုးဖြစ်ခဲ့မယ် ဆိုတဲ့ သီချင်းပါပဲ။


စာရေးဆရာ သီချင်းရေးဆရာတွေရဲ့ ရည်ရွယ်ချက်ကတော့ သူများဖတ်ဖို့ နားဆင်ဖို့ ပါ။ စိုင်းခမ်းလိတ်လည်း မိမိရေးသားတဲ့ သီချင်းတွေ အများပြည်သူ နားဆင်နိုင်ဖို့ ကြိုးစားခဲ့ တယ်။ ဂီတာနဲ့တီးပြီး ခေတ်သစ်သီချင်း တစ်ခေတ်စတင်ပြောင်းတဲ့အချိန်ကာလဖြစ်နေလို့ ပရိသတ်တွေ ချက်ချင်း လက်မခံနိုင်လို့ တစ်ခါတစ်လေ စိတ်ဓါတ်ကျမှု ဖြစ်ခဲ့ပါရဲ့။ ဒါပေမဲ့ စိုင်းခမ်းလိတ်က သူများနဲ့ မတူခဲ့ဘူး။ သူများက မကောင်းဘူး ပြောရင် ကောင်းအောင် ငါကြိုး စားမယ်၊ အဖန်တစ်ရာမက ကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ်အပြည့်အဝရှိတယ်။ သူ့သီချင်းထဲမှာ လည်း ရှိတယ်လေ `တစ်ခါလဲရုံနဲ့ အပြီးထိုင်လိုက်တော့မှာလား အကျိုးရယ်မှ မဟုတ်သေး တာ`တဲ့။


ပရိသတ်များ လက်ခံလာအောင် နည်းမျိုးစုံ ကြိုးစားခဲ့တယ်။ ပထမဦးဆုံးထွက်တဲ့ `ချစ်တဲ့ရှမ်းရိုးမ`ခွေကို ရန်ကုန်က တေးသံသွင်းတွေ လက်မခံခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားသံစဉ်နဲ့မြန်မာစာသားကိုတောင် မြန်မာပရိသတ်က လက်မခံနိုင်သေးတဲ့အချိန်မှာ စိုင်းခမ်းလိတ်တို့က ကိုယ်ပိုင်သံစဉ်နဲ့ ရှမ်းတိုင်းရင်းသားက မြန်မာလို ဆိုထားတယ်ဆိုတော့ ဘယ်လက်ခံနိုင်ဦးမှာလဲ။ အဲဒီခွေကို တောင်ကြီးမှာပဲ စတင်ဖြန့်ခဲ့တယ်။ နောက်ပိုင်း အဆိုတော်များကတော့ စိုင်းထီးဆိုင်၊ စိုင်းခမ်းသီ၊ စိုင်းခမ်းမတ်၊ စောသိမ်းဝင်း၊ စိုင်းဆေးနော်၊ ဆွန်ကျဲအိုတို့ ပူးပေါင်းပြီး စီးရီးတွေ ထုတ်လာခဲ့ကြတယ်။ ပရိသတ်တွေလည်း အတော့်ကို လက်ခံလာခဲ့တယ်။ သို့သော် ဘယ်သူ့ကို ပိုမိုလက်ခံသလဲ ဆိုတာ မသဲကွဲသေးပါဘူး။ အဲ . .  မန္တလေးရောက် ရှမ်းတစ်ယောက် စီးရီးခွေကတော့ ပေါက်ခွေလို့ ဆိုရပါလိမ့်မယ်။ ကက်ဆက် လည်း ပေါလာတယ်။ နားထောင်သူတွေလည်း မြန်မာပြည်တစ်ပြည်လုံး မန္တလေးရောက် ရှမ်း တစ်ယောက် မဖွင့်တဲ့နေရာ မရှိသလောက် ဖြစ်သွားတယ်။


အဆိုတော်တွေဟာ နောက်ပိုင်းမှာ မိမိကိုယ်တိုင် စီးရီးတစ်ခွေ ထုတ်ချင်ကြတတ် တယ်။ ဒါကြောင့် စိုင်းခမ်းသီလည်း တစ်ခွေသီးသန့်ထုတ်ကြည့်တယ်။ စောသိမ်းဝင်းလည်း ထို့အတူပဲ။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ အခွေက မပြန့်ခဲ့ဘူး။ စိုင်းထီးဆိုင် ထုတ်တဲ့အခွေ တွေကျတော့ ပရိသတ်က လက်ခံကြတယ်။ ဒါကြောင့် စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းတွေဟာ စိုင်းထီးဆိုင်ဆိုဖို့ အတွက် ဖြစ်လာတော့တယ်။ စိုင်းထီးဆိုင်လည်း အနုပညာပါရမီထူးသူဖြစ် ကြောင်း စိုင်းခမ်းလိတ်က အဲဒီလိုပြောဖူးတယ်။


“စိုင်းထီးဆိုင်ကတော့ သူ့ကို ကိုယ်ပိုင်သံစဉ်တွေ သင်ပေးလိုက်တာနဲ့ သူချက်ချင်း သဘောပေါက်လွယ်တယ်။ ပြောပြတဲ့အတိုင်း သူလိုက်ဆိုနိုင်တဲ့ အနုပညာပါရမီရှင်တစ်ဦးပါ“


သီချင်းရေးတဲ့သူက သီချင်းတွေ ဘယ်လို အရေးကောင်းပေမယ့် ဆိုတဲ့သူ မကောင်း ဘူးဆိုရင် အဲဒီသီချင်းက ကောင်းတဲ့ သီချင်းဖြစ်မလာနိုင်ဘူး။ စိုင်းခမ်းလိတ်ရေးတဲ့ သီချင်း တွေ စိုင်းထီးဆိုင် မဆိုခင်က တခြား အဆိုတော်တွေ ဆိုကြပါတယ်။ ဒါပေမယ့် အဲဒီ သီချင်း တွေ မပေါက်ခဲ့ကြဘူး။ အဲဒီသီချင်းတွေ စိုင်းထီးဆိုင်ပြန်ဆိုမှပဲ သီချင်းကောင်းတွေ ဖြစ်သွား ကြကုန်တော့တယ်။ စိုင်းထီးဆိုင်ရဲ့ အသံဟာ စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းနဲ့ အလိုက်ဖက်ဆုံး လို့ ဆိုရမှာဖြစ်တယ်။ ၁၉၇၃ ကစပြီး စိုင်းထီးဆိုင်ရဲ့ စီးရီးတွေ ဆက်တိုက် ထွက်လာတော့ သလို တေးရေးဆရာ စိုင်းခမ်းလိတ်ရဲ့ နာမည်လည်း တဟုန်ထိုး တက်လာတော့တာပါပဲ။


ဒေါက်တာစိုင်းခမ်းလိတ်ရဲ့ သီချင်းကောင်းတွေ၊ စာသားလှလှတွေ ပေါ်ထွက်လာဖို့ အဓိက အိပ်မက်လှလှပေးတဲ့သူကတော့ နွဲ့နွဲ့တင်ပဲဖြစ်တယ်။ ဗမာသီချင်း အပုဒ် ၆၀၀ ကျော် ထဲမှာ နွဲ့နွဲ့တင်ကို ပတ်သက်တဲ့ အချစ်အကြောင်းတွေ အများကြီး တွေ့ရပါတယ်။ အထင်ရှား ဆုံးကတော့ “ သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်“ နဲ့ “ ဒို့နှစ်ယောက်ရဲ့ အချစ်“ ပဲဖြစ်တယ်။ အဲဒါက လူရည်ချွန်ကို ရအောင်ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်က စခဲ့တာ။


သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကတော့ ရှစ်တန်းကျောင်းသားဘဝက စခဲ့တယ်။ ကိုးတန်းရောက်တော့ အတူတူ လူရည်ချွန်ဖြစ်ပြီး ဒေသန္တရ ဗဟုသုတ အတူတူသွားခဲ့ရလို့ ပိုမို ရင်းနီးခဲ့တယ်။ ဆယ်တန်းရောက်တော့ စိုင်းခမ်းလိတ်က နမ္မတူကို ပြန်သွားရတယ်။ သို့သော် ဆေးတက္ကသိုလ်တက်တော့ မန်းမြေမှာ ပြန်ဆုံခဲ့ကြတယ်။ ဆရာတူတပည့်ဘဝနဲ့အတူ ကျောင်းနေဘက်မှာ ခင်ခဲ့ကြတဲ့ ခင်မင်မှုဟာ အခြားကျောင်းသားတွေအကြားကို ရောက်သွား ရင် ပိုမိုပြီး အလေးအနက်ရှိလာတတ်ကြတယ်။ ဒါကြောင့် စိုင်းခမ်းလိတ်နဲ့ နွဲ့နွဲ့တင်တို့ရဲ့ ခင်မင်မှုဟာလည်း ရင်းနီးမှုကို ပိုပြီးတော့ ဖြစ်စေခဲ့တယ်။


ကျောင်းသားဘဝဆိုတာလဲ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတုံးက ဆရာ ဆရာမတွေရဲ့ အစစအရာရာ ထိမ်းသိမ်းမှုအောက်မှာ နေကြရတယ်။ တက္ကသိုလ်ရောက်လာ တဲ့အခါကျတော့ သိတတ်တဲ့အရွယ်ဖြစ်ပြီလို့ သဘောထားတဲ့အတွက် ဆရာဆရာမတွေ မျက်စိဒေါက်ထောက် ကြည့်ရှုမှု မရှိတော့လို့ တချို့ကျောင်းသားတွေ အောက်ခြေလွတ်ပြီး တက္ကသိုလ်က ပျော်ဖို့ကောင်းလိုက်တာလို့ ဆိုကြတယ်။ အမှန်မှာတော့ တက္ကသိုလ်ဆိုတာ စာတွေလည်း များလာတယ်။ အဆင့်မြင့်လာတယ်။ ပေါ့ပေ့ါရော့ရော့နေ ပျော်ချင်သလိုပျော် နေတဲ့သူတွေအတွက် ပျက်စီးတတ်ကြတယ်။ များသောအားဖြင့် ယောကျာ်းလေးတွေပါ။


ꨁူးမေꨣယꨣ ꨅꨤꨯးꨁမ်းလꨱꨀ်း ꨟပ်ꨵꨅုမ်ꨳ ꨅဝ်ꨳပꨤꨯးမွꨓ်းယဝ်ꨵသေ မွꨀ်ꨲလꨤတ်ꨳေꨁꨣꨳꨀꨮꨤမ်း (ပီꨀွꨓ်းꨁမ်း ပꨤင်လူင်)

ꨁူးမေꨣယꨣ ꨅꨤꨯးꨁမ်းလꨱꨀ်း ꨟပ်ꨵꨅုမ်ꨳ ꨅဝ်ꨳပꨤꨯးမွꨓ်းယဝ်ꨵသေ မွꨀ်ꨲလꨤတ်ꨳေꨁꨣꨳꨀꨮꨤမ်း (ပီꨀွꨓ်းꨁမ်း ပꨤင်လူင်)

စိုင်းခမ်းလိတ်လည်း ယောက်ျားသားပေမို့ ပျော်တတ်ပါတယ်။ သို့သော် မိမိရဲ့ ရည်ရွယ် ချက်ကိုတော့ အပျက်မခံခဲ့ပါဘူး။ သူကျောင်းပျက်လို့ အတန်းမတက်ခဲ့ရင် သူ့ကို ကူညီပေးခဲ့တဲ့သူက နွဲ့နွဲ့တင်ပဲဖြစ်တယ်။ သူ့ရဲ့ မှတ်စုစာအုပ်တွေဟာ များသောအားဖြင့် နွဲ့နွဲ့တင်ရဲ့ လက်ရေးတွေသာများပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ရင်းနီးဖို့ ဆိုတာ (၁) ရှေးဘဝတုံးက မေတ္တာရေစက်ရှိခဲ့ကြတယ်။ (၂) ဒီဘဝမှာ တစ်ယောက်ကို တစ် ယောက်ကူညီဖေးမခဲ့ကြတယ်။ ဒီအကြောင်းနှစ်ခုကြောင့် တစ်ယောက်ကို တစ်ယောက် ချစ် ကြိုက်သွားကြတာပဲ။ သူတို့နှစ်ယောက်ကတော့ နှစ်ခုစလုံးကြောင့်ထင်တယ်။ စိုင်းခမ်းလိတ် လည်း လူရည်ချွန်ကို ရအောင်ယူမယ် ဆိုတဲ့ သူ့ရည်ရွယ်ချက်အတိုင်း ၁၉၇၃ ခုနှစ်မှာ လူရည်ချွန်သုံးထပ်ကွမ်းဖြစ်တဲ့ နွဲ့နွဲ့တင်နဲ့ လက်ထပ်လိုက်ကြတယ်။


သူတို့နှစ်ယောက် ညားသွားကြတာကို တချို့အမျိုးမျိုးဝေဖန်ကြ လေကန်ကြတယ်။ အများဆုံးအမေးခံရတဲ့ မေးခွန်းတစ်ခုကတော့ စိုင်းခမ်းလိတ် ဘာကြောင့် ရှမ်းမကို မယူသလဲ တဲ့။ သူကိုယ်တိုင်လည်း ရှမ်းမလေးများကို ကြိုက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုံးက ရှမ်းမမ တွေက သူ့ကို လက်မခံခဲ့ဘူး။ သူကိုယ်တိုင်ကလည်း အမြဲတမ်း ရှမ်းဘောင်းဘီဝတ်ပြီး တက္ကသိုလ်တက်ခဲ့တာကို တချို့ပျိုမေတွေက (တိုက်ဂေါ= တောဂိုက်)လို့တောင် ဆိုသေး တယ်။ တချို့လည်း ရှမ်းမျိုးချစ်ရူးလို့တောင် ဆိုသေးတယ်။ စိုင်းခမ်းလိတ်ရဲ့ သဘောကတော့ အပေးအယူသီချင်းထဲကလို မင်းလာမယ်ဆိုရင် ကိုယ်ခင်းပေးပါ့မယ် ဒါပေမယ့် ဒီလမ်းကို မင်းထာဝရလျှောက်ရမယ် . . . ပါ။ ဒါကြောင့် နောက်ဆုံး ခင်းပေးတဲ့လမ်းပေါ် ထာဝရလျှောက် မယ့် နွဲ့နွဲ့တင်ကိုပဲ လက်ထပ်ခဲ့ပါတော့တယ်။


အိမ်ထောင်ပြုဖို့အတွက် စိုင်းခမ်လိတ်တစ်ယောက် အတွေးတွေများစွာနဲ့ မိုးလင်းခဲ့ပေါင်း မနဲတော့ပါ။ နွဲ့နွဲ့တင်နဲ့ အိမ်ထောင်ပြုတဲ့ကိစ္စကို သူ့ရဲ့ သီချင်းဖြစ်တဲ့ `ဒို့နှစ် ယောက်ရဲ့အချစ်“သီချင်းကို ခံစားကြည့်ရင် နားလည်ကြမှာပါ။ သူနဲ့ မဆုံဖြစ်ခဲ့တဲ့ ရှမ်းမင်း သမီးများအတွက်လည်း ရှမ်းသီချင်းအချို့ စိုင်းခမ်းလိတ်ရေးထားတာ ရှိပါတယ်။ အဓိပ္ပါယ်အချို့ကတော့ “ တစ်ညလုံး နိုးခဲ့သော်လည်း အိပ်ယာကမထဘဲနဲ့ မိုးလင်းတဲ့အခါ ငါ့ကို မှတ်မိရင်လည်း မခေါ်နဲ့တော့“ တဲ့။ နောက်တစ်ပုဒ်ကတော့ `လွယ်ဆမ်ဆစ်` သီချင်း ပါ။ အိမ်ထောင်ပြုပြီဆိုရင် အမျိုးသားက အိမ်ထောင်ဦးစီးတာဝန်ကို ဦးလည်မသုန် ထမ်းရွက်ရ မှာဖြစ်ပါတယ်။ အဲဒီတာဝန်ကို ကျေပြွန်အောင် ဒေါက်တာစိုင်းခမ်းလိတ် ထမ်းဆောင်ခဲ့လို့ သူရေးတဲ့ `ဒီတောင်ကို မောင်ဖြိုပါ့မယ်`ဆိုတဲ့သီချင်းက ပေါ်လွင်စေခဲ့တယ်။


နောက်ပြီးတော့ သူများရဲ့ သမီးပျိုကို လက်ထပ်ယူပြီး မိမိရဲ့ ကြင်ယာအပေါ် ကတိ သစ္စာမရှိခဲ့ရင်၊ အိမ်ထောင်ရေးတာဝန် မကျေပြွန်ခဲ့ရင် `အလကားလူ` ဆိုပြီး အများရဲ့ ကဲ့ရဲ့မှုကို ခံရမယ်။ ဒေါက်တာစိုင်းခမ်းလိတ်လဲ သူ့အချစ်ဟာ သူများထက်မလျှော့ကြောင်း `မန္တလေးရောက် ရှမ်းတစ်ယောက်`သီချင်းက `မန်းပျိုဖြူတစ်ယောက်ကို ရှမ်းချစ်လည်း ဗမာထက် မလျှော့တာ တကယ်တမ်းပြခဲ့တယ်`လို့ ဆိုထားတယ်လေ။


ဒါကတော့ ဒေါက်တာစိုင်းခမ်းလိတ်ရဲ့ ဖြစ်စဉ်တချို့ကို ဖေါ်ပြခြင်းပါ။ လူတိုင်းလူတိုင်း ဟာ မိမိတို့ရဲ့ အမျိုးအနွယ်ကို စောင့်ရှောက်ရမည့် တာဝန်ရှိပါတယ်။ ရှမ်းလူငယ်များ လူမျိုးခြားတွေနဲ့ အိမ်ထောင်ပြုသွားတာကို ရှေးရေစက်မို့လို့ ဆိုရမလား။ ဒါပေမယ့် အမျိုးအ နွယ်ကိုစောင့်ရှောက်ဖို့တော့ ဆရာကြီး ဦးစိုင်းအောင်ထွန်းရဲ့ စကားနဲ့ လက်ဆောင်ပါးပါရစေ။


“ငါတို့ ရှမ်းတွေဟာ တောတောင် သျှိုမြှောင် သစ်ပင်တွေအကြား၊ လယ်တော ယာတောတွေ အကြား အမျိုးအနွယ်ကို စောင့်ရှောက်ရင်း နေထိုင်လာခဲ့ကြတာ နှစ်ပေါင်း ၄၀၀၀ ကျော်ခဲ့ သော်လည်း ငါတို့အမျိုးအနွယ် မပျောက်ပျက်ခဲ့ဘူး။ ယနေ့တိုင် တည်ရှိနေတယ်။ ဒါပေမယ့် နောင်အနာဂတ်မှာ တောတောင်သစ်ပင်တွေ လယ်ယာတွေ ပျောက်ပျက်ကုန်ပြီး ငါတို့တတွေ လူမျိုးခြားတွေရဲ့ အကြားမှာ နေထိုင်သွားကြရမယ်။ ဒါကြောင့် လူမျိုးခြားအကြားမှာ နေရမယ့်အချိန် ငါတို့အမျိုးအနွယ် မပျောက်ပျက်အောင် ဘယ်လို နေထိုင်သွားရမှာလဲ။ အမျိုးဘာသာ သာသနာ မပျောက်ပျက်အောင် နည်းလမ်းသစ် ရှာရမှာပဲ“ တဲ့။




ရှမ်းပညာရှင်တစ်ယောက်ရဲ့ စကားလည်း မှတ်သားစရာကောင်းပါတယ်။ အဲဒါက တော့ “ရှမ်းသားသမီးတိုင်း ရှမ်းမိခင်ဖခင်ဖြစ်အောင် ကြိုးစားရမယ်၊ ရှမ်းဖိုးဖိုး ရှမ်းဖွားဖွား ဖြစ်အောင် ကြိုးစားရမယ်“ တဲ့ ဒီစကားကတော့ မိမိတို့ရဲ့ သားမြေးတွေ ရှမ်းဖြစ်ရင် မိမိတို့ လည်း ရှမ်းဖေဖေ ရှမ်းမေမေ ရှမ်းဖိုးဖိုး ရှမ်းဖွားဖွားဖြစ်သွားမှာပါ။


ꨓꨤင်းꨁမ်းꨓꨯွꨵလꨱꨀ်း၊ မေꨣယꨣꨅꨤꨯးꨁမ်းလꨱꨀ်း၊ မေꨣယꨣꨓꨯွꨵꨓꨯွꨵတိꨓ်ꨲ (ပီꨀွꨓ်းꨁမ်း ဝꨱင်းပꨤင်လူင်)

ꨓꨤင်းꨁမ်းꨓꨯွꨵလꨱꨀ်း၊ မေꨣယꨣꨅꨤꨯးꨁမ်းလꨱꨀ်း၊ မေꨣယꨣꨓꨯွꨵꨓꨯွꨵတိꨓ်ꨲ (ပီꨀွꨓ်းꨁမ်း ဝꨱင်းပꨤင်လူင်)

ဒေါက်တာစိုင်းခမ်းလိတ်မှာ သူ့ရဲ့ မျိုးဆက်သစ်အဖြစ် ထွန်းကားခဲ့တာကတော့


(၁) နန်းခမ်းနွဲ့လိတ် ၁၉၇၄


(၂) နန်းခမ်းဥလိတ် ၁၉၇၉


(၃) နန်းခမ်းဟန်လိတ် ၁၉၈၃


(၄) စိုင်းခမ်းစိုးလိတ် ၁၉၈၇ တို့ဖြစ်တယ်။


လူဆိုတာ လောကဓံ အကောင်းအဆိုးကို မလွတ်နိုင်ပါ။ ဒေါက်တာစိုင်းခမ်းလိတ်လည်း လောကဓံအမျိုးမျိုးကို ခံရသော်လည်း သူ့ရဲ့ရည်ရွယ်ချက် ဦးတည်ချက်ကိုတော့ မပြောင်း လဲစေခဲ့ဲပါဘူး။ သူရေးသားခဲ့တဲ့ သီချင်းတွေထဲမှာ သဘာဝတရား နိယာမတရားတွေကို ပီပြင်စွာ ဖေါ်ညွှန်းတဲ့အတွက်ကြောင့် လူအများလက်ခံလာကြတယ်။ နောက်တစ်ချက်ကတော့ ကိုယ်ပိုင်သံစဉ်ဖြစ်လို့ ပိုပြီး တန်ဖိုးထားကြတယ်။


လူဆိုတာက ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းအကြားကနေ အသက်ရှင်ကြီးပြင်းလာခဲ့ခြင်းပါ။ တေးရေးဆရာ ဒေါက်တာစိုင်းခမ်းလိတ်လည်း မလွှတ်နိုင်ခဲ့ပါဘူး။ သူရေးခဲ့တဲ့ သီချင်းတွေ ထဲမှာ အတွေးအခေါ်တွေ ကောင်းမွန်ပြီး သံစဉ်စာသားတွေ လေးနက်နုညက်ပေမယ့် ကဲ့ရဲ့ အပြစ်ရှာတဲ့သူတွေလည်း မရှားပါဘူး။ ရှမ်းစကားပုံတစ်ခုကတော့ “ အကဲ့ရဲ့လွတ်ရင် မိုးကြိုး ပစ်တတ်တယ်တဲ့“ ဒါကြောင့် ကဲ့ရဲ့တဲ့သူကြောင့် ဒို့တတွေ မိုးကြိုးအပြစ်မခံရလို့ သူတို့ကို တောင် ကျေးဇူးတင်ရမလို ဖြစ်နေတယ်။


စိုင်းခမ်းလိတ်ရဲ့ အဝေဖန်ခံရဆုံး သီချင်းစာသားတစ်ပိုဒ်ကတော့ “ မောတော့ မောတာပေါ့ ဒါပေမယ့် မမောဘူး“ဆိုတဲ့ဟာပါ။ (အကျယ်ကို ရှမ်းအနုပညာရှင် ထူးချွန်ဆုရ စိုင်းထီးဆိုင်အကြောင်းမှာ ဖတ်ရှုပါရန်)


ကိုယ်တို့ချစ်တဲ့ဘီး၊ ဘီးနံပါတ် OK 0122L စတဲ့ စက်ဘီးနဲ့ပတ်သက်တဲ့ သီချင်းတွေ ကတော့ ကာတွန်းတစ်ခုကို စာရေးသူဖတ်မိတယ်။ သူခိုးတစ်ယောက် လက်ဖက်ရည်ဆိုင်က ဖွင့်တဲ့ သီချင်းကို နားထောင်မိပြီး စိတ်ညစ်နေတဲ့ပုံပါ။ သူခိုးနားပိတ်ပြီး ညီးညူနေတာကတော့ “သီချင်းရေးဆရာရဲ့စက်ဘီးကို မသိလို့ ခိုးမိခဲ့တာပါ. . . အခုတော သီချင်းနဲ့ လူကိုနှိပ်စက် နေပါလား“တဲ့။


၁၉၇၉ တုံးက ဒေါက်တာစိုင်းခမ်းလိတ်က မေမြို့ဆေးရုံမှာ တာဝန်ကျခဲ့တယ်။ အဲဒီတုံး က စာရေးသူ ၉ တန်းကျောင်းသားပါ။ ဦးစိုင်းခွန်လူ ဒေါ်နန်းခမ်းလုံတို့နဲ့ လိုက်သွားရပြီး လူကြီးတွေ ပြောတာကိုပဲ နားထောင်ခဲ့ရတယ်။ မေမြို့မိုး သီချင်းကိုရေးဖြစ်တဲ့အခွင့်ပါ။ ၁၉၇၈ တုံးကလည်း ဦးစိုင်းခွန်လူတို့နဲ့ အတူ မန္တလေး၊ စိန်ကျော်ကွေ့ရှိ ဒေါက်တာစိုင်းခမ်းလိတ်တို့ အိမ်ကိုလည်း တစ်ခေါက်ရောက်ဖူးသေး တယ်။ အဲဒီအချိန် နန်းခမ်းနွဲ့လိတ်က ၄ နှစ်သမီး အရွယ်ပါ။


၁၉၈၃ ခုမှာတော့ ဒေါက်တာစိုင်းခမ်းလိတ် ရန်ကုန် မင်္ဂလာဒုံ ဆေးတက္ကသိုလ် ၂ မှာ M.Med.Sc (Anatomy)တက်ခဲ့ပြီး ၁၉၈၉ မှာ M.Med.Sc (Anatomy) ဘွဲ့ကို ရခဲ့ပြန်တယ်။


၁၉၉၁ ခု မန္တလေးတက္ကသိုလ်များ ရှမ်းစာပေယဉ်ကျေးမှု ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင် ရတယ်။ သူတို့ တက္ကသိုလ်ကျောင်းသားခေတ်အတွင်း နွေရာသီကျောင်းပိတ်ရက်မှာ ရှမ်းစာပေ အသုံးလုံးကို ရှမ်းရွာတွေမှာ သွားသင်ကြားပို့ချပေးခဲ့တယ်။ ရှမ်းစာပေ မူသစ် သန္ဓေတည်ခဲ့တာ ကတော့ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်း ဆရာတော် ဦးဝိဇယနန္ဒ၊ စဝ်ဆိုင်မိန်း(ကျိုင်းတုံ)တို့ ကစတင် မျိုးစေ့ချခဲ့တာပါ။ ဆရာကြီး ဦးစိုင်းအောင်ထွန်းလက်ထက်မှာတော့ အဲဒီရှမ်းစာပေ မျိုးကို စတင်ပွားပေးခဲ့တယ်လို့ ဆိုရမယ်။ အဲဒီနောက် ဦးစိုင်းဖက ရန်ကုန်၊ မန္တလေး၊ ပျဉ်းမနား၊ မြစ်ကြီးနား၊ လားရှိုး၊ တောင်ကြီးစတဲ့ တက္ကသိုလ်ကျောင်းသားများကို ဦးဆောင်ပြီး ရှမ်းခေတ် သစ်စာပေများကို နေရာအနှံ့သင်ကြားပို့ချခဲ့တယ်။


ရှမ်းစာပေသင်တန်းမှာ သီဆိုဖို့ စာပေဆိုင်ရာသီချင်းများကိုလည်း ဒေါက်တာစိုင်းခမ်း လိတ်က ရေးသားပေးခဲ့ပြီး သင်တန်းဆရာများ ကျောင်းသားများအတွက် ပျော်ရွင်မှုကိုဖြစ် စေတဲ့အပြင် အားဆေးတစ်ခွက်ဆိုရင်လည်း မမှားပါဘူး။ ရှမ်းစာပေ သင်တန်းကျောင်းလည်း မရှိသလို၊ ရှမ်းဆရာဆရာမအတွက်လည်း လခဆိုတာ မရှိခဲ့ပါဘူး။ ဒါကြောင့် အားလပ်တဲ့ နွေရာသီမှာ ရက်တိုသင်တန်းပဲဖွင့်နိုင်ခဲ့တယ်။ စာသင်တဲ့အချိန်ကလည်း ရွာသားတွေအဖို့ နေ့လည်ပိုင်း မအားတဲ့အတွက် ညပိုင်းမှသာ သင်တန်းဖွင့်ခဲ့ရတယ်။ ဒါကြောင့် စိုင်းခမ်းလိတ် ရဲ့ ရှမ်းသီချင်းတစ်ပုဒ်က အဲဒီလိုဆိုထားတယ်။ ညအချိန်ဟာ အိပ်ဖို့ပဲလား. . . တဲ့။ ဆိုလိုတာ က ညဆိုတာ အိပ်ဖို့သက်သက်မဟုတ်ဘဲ မိမိတို့ရဲ့ စာပေများကို လေ့လာသင်ယူရမယ်။ မိသားစုအလိုက် သင်ပေးသွားရင်လည်း လွယ်ကူစွာနဲ့ ရေးတတ်ဖတ်တတ်သွားကြမှာပါ။ တက္ကသိုလ်ကျောင်းသားများ နယ်ဆင်းပြီး ရှမ်းစာ သင်ကြားမှု လျှော့ပါးလာတဲ့အချိန် သံဃာ တော်များက ရှမ်းဗုဒ္ဓဘာသာယဉ်ကျေးမှုကို နှစ်စဉ် ပို့ချလျှက်ပါ။


၁၉၉၀ မှာတော့ ဒေါက်တာစိုင်းခမ်းလိတ်ဟာ မန္တလေးဆေးတက္ကသိုလ် ခန္ဓာဗေဒမှာ ကထိက အဖြစ် တာဝန်ထမ်းဆောင်တယ်။ အရင်တုံးက ကျောင်းသားဖြစ်ခဲ့ပေမယ့် ယခုတော့ ဆရာအဖြစ် တက္ကသိုလ်ကို ပြန်ရောက်လာခြင်းပါ။ ၁၉၉၂ ခု ၄၂ (စိန်ကျော်ကွေ့) လမ်းမှာရှိတဲ့ အိမ်ဟောင်းက နေ ၆၉ လမ်း ၄၁/၄၂ လမ်းကြားရှိ မိုင်ဆုံဂေဟာကိုပြောင်းရွှေ့လာတော့တယ်။


၁၉၉၃ ခု မန္တလေး တက္ကသိုလ်များ ရှမ်းစာပေယဉ်ကျေးမှု ဥက္ကဋ္ဌတာဝန်ကို မယူတော့ ဘဲ အထွေထွေအတွင်းရေးမှူးတာဝန်ကိုတော့ ဆက်လက်ယူနေခဲ့တယ်။ ၁၉၉၅ ခုတော့ ကျန်း မာရေးအခြေအနေကြောင့် (ခါးရိုးနာ) ကထိကတာဝန်ကို အနားယူလိုက်တယ်။ ၁၉၉၅ ခုမှာတော့ မြန်မာပြည် တက္ကသိုလ် ရှမ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်းခံရ တယ်။ အရှင်ဓမ္မသာမိ (ကေလဏီယျတက္ကသိုလ်၊ ကိုလံဘို၊ သီရိလင်္ကာ)နဲ့ အရှင်သုခမိန္ဒ (နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ရန်ကုန်)တို့ကိုလည်း နာယကအဖြစ် ရွေးချယ်ထား တာကိုလည်း တွေ့ရတယ်။ ၁၉၉၅ ခု ဒေါက်တာစိုင်းခမ်းလိတ်ဦးဆောင်ပြီး တက္ကသိုလ်လူငယ် များ ကျန်းမာရွှင်လန်းစေဖို့၊ ခင်မင်ရင်းနီးစေဖို့ အတွက် မန္တလေးနဲ့ တောင်ကြီး ရှမ်းလူငယ် ဘောလုံး အသင်းကို ဖွဲ့စည်းပေးခဲ့ပြီး ပြိုင်ပွဲများ ကျင်းပပေးခဲ့တယ်။ ပြီးတော့ အင်းလေးဖောင် တော်ဦး ဘုရားဖူးရင်း ဝက်သားကင်ကျောင်းကို ရောက်သွားတဲ့အချိန် ဘုရားရှိခိုးဆိုင်ရာ သီချင်းရေးဖို့ အတွေးသစ်တစ်ခုရလာခဲ့ကာ ၁၉၉၇ ခုတွင် စီးရီးတစ်ခွေစာအဖြစ် အကောင် အထည်ဖေါ်နိုင်ခဲ့တယ်။ စီးရီးခေါင်းစဉ်ကတော့ “ ဘုရားတရားသံဃာနဲ့ ဗုဒ္ဓဝင်အကျဉ်း“ဖြစ် ပြီး နန်းခမ်းနွဲ့လိတ်ဆိုထားတာပါ။


၁၉၉၈ ခု သမီးဖြစ်သူ နန်းခမ်းဥလိတ်က ပြင်ဦးလွင် အထက (၂) (ယခင် စိန်အဲဘတ်) မှာ ဂုဏ်ထူး (၄) ဘာသာနဲ့ အောင်မြင်ခဲ့တဲ့အတွက် ဒေါက်တာစိုင်းခမ်းလိတ် အဲဒီပညာရည် ချွန် ဆုပေးပွဲကို တက်ရောက်ခဲ့တယ်။ သူ့သမီးအတွက် Let Your Light Shine သီချင်းရေးစပ် ပေးပြီး  စိုင်းဆိုင်စွမ်ဖက ကီးဘုတ်တီး၊ နန်းခမ်းနွဲ့လိတ်နဲ့ နန်းခမ်းဥလိတ်တို့က အဲဒီဂုဏ်ပြုပွဲ မှာ သီဆိုခဲ့ကြတယ်။


၁၉၉၉ ဧပြီလ ၂၇ ရက်နေ့မှာ ဒေါက်တာစိုင်းခမ်းလိတ်ရဲ့ နှစ် (၅၀)ပြည့် ရွှေရတုမွေးနေ့ ပွဲကို မန္တလေး တက္ကသိုလ်များ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြီး မန္တလေးတက္က သိုလ်မှာ ကျင်းပပေးခဲ့တယ်။ ညပျော်ပွဲရွှင်ပွဲကိုတော့ မန္တလေး ရှမ်းလူငယ်မောင်မယ်များက ရှမ်းသာရေးနာရေးအသင်းမှာ ကျင်းပပေးသွားခဲ့တယ်။


တစ်ကမ္ဘာလုံး ခရစ် ၂၀၀၀ ပြည့်ကို ကြိုဆိုတဲ့အချိန် တေးရေးဆရာ ဒေါက်တာစိုင်းခမ်း လိတ်က ရှမ်း၊ မြန်မာ၊ အင်္ဂလိပ် ကဗျာတစ်ပုဒ်ကို ရေးစပ်ပြီး ကြိုဆိုခဲ့သေးတယ်။ အဲဒါကတော့


ꨡွင်ꨲꨕꨯꨤꨲပုꨓ်ꨵ ꨟဝ်းꨕꨓ်ꨟꨓ်


ꨡꨓ်လꨤမ်း ꨡꨓ်ပꨱꨓ် မိူꨓ်ꨀꨓ်ꨬလꨳ


ဝူꨓ်ꨵတꨣꨲတူဝ် ꨅွမ်းထိုင်တီꨳꨁွင်


ပွင်တꨣꨲသတ်း တင်းသꨱင်ꨳꨬလꨳ။


အိပ်မက်လွန်နေရာ


မှန်းတာ ညီမျှခြင်း ဖြစ်တာ၊


အတ္တတွေး ဆုံးထိ လိုက်ရှာ၊


များသတ္တဝါအတွက် ဖြစ်လာ။


A place beyond dream,


Where what seems is what has been;


A thought for oneself pursued,


Turns out for all living things.


၂၀၀၀ ပြည့်နှစ်မှာ ဒေါက်တာနွဲ့နွဲ့တင်က ကျိုင်းတုံဆေးရုံမှာ တာဝန်ကျလို့ စိုင်းခမ်း လိတ်လည်း ကျိုင်းတုံကို အတူလိုက်သွားခဲ့တယ်။ သီချင်းရေးဆရာကတော့ ဘယ်မှာ ရောက် ရောက် ဘာကိုတွေ့တွေ့ ခံစားချက်နဲ့အညီ တေးတွေစီဖြစ်သွားတတ်ကြတာပဲ။ ကျိုင်းတုံ မှာတော့ (ကျိုင်းတုံစံအိမ်) ဆိုတဲ့ သီချင်းတစ်ပုဒ် ရေးဖြစ်ခဲ့သေးတယ်လို့ဆိုတယ်။ အဲဒီနှစ်မှာ ဒေါက်တာဓမ္မသာမိနဲ့ ကျိုင်းတုံမှာ ဆုံတွေ့ခဲ့ပြီး ပုဂ္ဂိုလ်နှစ်ဦးရဲ့ စကားမှတ်တမ်းတချို့က ဒီလိုပါ


(လိတ်) အခုလို အရှင်ဘုရားတို့ နိုင်ငံခြားမှာ စာတွေအောင်လာတာ တွေ့ရတော့ တပည့်တော် ဝမ်းသာ ဂုဏ်ယူပါတယ်ဘုရား။


(အရှင်) အခုလို ဘုန်းဘုန်းတို့ အောင်မြင်လာခဲ့တာကလည်း ဒကာကြီးတို့ အင်္ဂလိပ်စာတတ်တာကို အားကျလို့ ကြိုးစားပြီး အဲလိုဖြစ်လာတာပါ . . . တဲ့။


၂၀၀၁ ခုနှစ်မှာ ရန်ကုန် ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့က ဒေါက်တာစိုင်းခမ်းလိတ်အား ရှမ်းစာပေထူးချွန်ဆုကို ချီးမြှင့်ခဲ့တယ်။ ကိုးမိုင်ရှမ်းကျောင်းမှာ ကျင်းပတဲ့ ၂၀၉၅ ရှမ်းနှစ်သစ် ကူး အချိန်မှာ ချီးမြှင့်ခဲ့တာပါ။


၂၀၀၃ ခု သား စိုင်းခမ်းစိုးလိတ်က ဆယ်တန်းကို ဂုဏ်ထူးခြောက်ဘာသာနဲ့ အောင်ပြီး မန္တလေးတိုင်းမှာ နံပါတ်တစ်၊ မြန်မာတစ်ပြည်လုံးမှာ ဒုတိယရလို့ ရန်ကုန်၊ ပညာရေးဝန်ကြီး ဌာနက ကျင်းပတဲ့ ဂုဏ်ပြုပွဲကို ဖခင်ဖြစ်သူ ဒေါက်တာစိုင်းခမ်းလိတ် သွားတက်ရောက်ခဲ့တယ်။


၂၀၀၄ ခု မန္တလေး ရှမ်းစာပေနှင့် ယဉ်ကျေးမှု နာယကဖြစ်ပြီး ယခုတိုင် တာဝန်ယူ လျက်ပါ။ ၂၀၀၇ ခု မန္တလေး ဂီတအစည်းအရုံးမှာ ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရတယ်။ ယခုတိုင် အဲဒီတာဝန်ကို ယူနေဆဲပါ။ ဒီ ၂၀၀၇ မှာပဲ ဒေါက်တာဓမ္မသာမိ ဖိတ်လို့ လန်ဒန်ကို ရောက်သွားပြီး ရှမ်းယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲမှာ စာတမ်းဖတ်ခဲ့တယ်။ အဆိုတော်စိုင်းထီး၊ နန်းခမ်းနွဲ့လိတ်၊ ဒေါက်တာစိုင်းစံအိုက်တို့လဲ လိုက်ပါသွားကြတယ်။ ရှမ်းနှစ်သစ်ကူးကိုလဲ အဲ ဒီမှာပဲ ဆင်နွဲခဲ့တယ်။


၂၀၀၈ ခု မေလ ၁၇ ရက် ပင်လုံမြို့၊ ပိဋကတ်ရှမ်းဘာသာပြန်အဖွဲ့ချုပ်၊ ပရိယတ္တိ သဒ္ဓမ္မပါလစာပွဲတော် နှစ် (၅၀) ပြည့် ရွှေရတုသဘင်မှာ ဒေါက်တာစိုင်းခမ်းလိတ်အား တေးရေးဆရာ ရှမ်းအနုပညာရှင်ထူးချွန်ဆု ကို ချီးမြှင့်ခဲ့တယ်။ ဂုဏ်ပြုလက်မှတ်၊ တံဆိပ်နဲ့ ကျပ်ငွေဆယ်သိန်းပါ။ ဒေါက်တာစိုင်းခမ်းလိတ် ယခုလို ရှမ်းအနုပညာရှင် ထူးချွန်ဆုရတာကို မြင်တွေ့ရလို့ ပရိသတ်တွေအားလုံး ဝမ်းသာမဆုံးဖြစ်ကြရတယ်။ အမျိုး ဘာသာ သာသနာ အတွက်နှစ်ရှည်လများ မနေမနား ကြိုးစားလာလို့ ဒီဆုကို ထိုက်ထိုက်တန်တန်ရရှိတဲ့အတွက် ဆုယူချိန်မှာ လက်ခုပ်သံတွေဟာ မိုးထက်ညံသွားပါတော့တယ်။


ဒေါက်တာစိုင်းခမ်းလိတ်ကိုယ်တိုင် ပင်လုံပရိယတ္တိသဒ္ဓမ္မပါလ နှစ် (၅၀) ရွှေရတုသဘင် ကို လာတွေ့ရတော့ များစွာ စိတ်စွမ်းအားတွေ တက်လာခဲ့ပြန်တယ်။ မိမိရဲ့ နောက်မှာ ပရိ သတ်တွေ အများကြီးရှိလို့ ပိုမိုအားရှိလာကြောင်းပါ။ အဲဒီပွဲတုံးက ဇနီးဒေါက်တာဒေါ်နွဲ့နွဲ့တင်၊ သမီးနန်းခမ်းနွဲ့လိတ်တို့လည်း လိုက်လာခဲ့ကြတယ်။ ရွှေရတုပွဲတော်အတွင်း ဒေါက်တာစိုင်း ခမ်းလိတ်က ဘာသာရေးနဲ့ဆိုင်တဲ့ ခေတ်ရှမ်းသီချင်းတစ်ပုဒ်ကိုလည်း ရေးဖွဲ့သွားနိုင်ခဲ့တယ်။ (စွမ်းလန်စောဝ်ဖရား= ဘုရားရှင်ရဲ့ နောက်ကိုလိုက်မယ်) တဲ့။


မျိုးဆက်သစ် ရှမ်းအနုပညာရှင်များလည်း ဒေါက်တာစိုင်းခမ်းလိတ်ကို ကြိုဆိုဂါရဝ ပြုကြတာတွေ့ရတယ်။ အားလုံးဟာ အနုပညာအင်အားတွေ ပိုမိုလန်းဆန်း အားပြည့်လာ သလို ခံစားနေကြရတယ်။ အနုပညာသမားဆိုတာ အားပေးသူရှိလေ အားပြည့်လေမဟုတ် လား။


ဒေါက်တာစိုင်းခမ်းလိတ်ရေးဖွဲ့ခဲ့တဲ့ စာပေ သီချင်းများကတော့-


- ရှမ်းသီချင်း အပုဒ်ပေါင်း        ၆၀၀ ခန့်


- မြန်မာသီချင်း အပုဒ်ပေါင်း     ၆၀၀ ခန့်


- အင်္ဂလိပ်သီချင်း အပုဒ်ပေါင်း   ၃၅  ခန့်


- ကဗျာပေါင်း အပုဒ်ပေါင်း       ၂၀၀ ခန့်


- ဘာသာပြန်ကဗျာ               ၃၀၀ ခန့်


- ခုနစ်လုံးကဗျာ                         ၁ ပုဒ်


- ဘာသာပြန်ဝတ္ထု                      ၃ ပုဒ်


- ကိုယ်တိုင်ရေးဝတ္ထု                   ၁ ပုဒ်


- ဘာသာပြန်အဆိုအမိန့်        ၂၀၀ ပုဒ်


 


စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းကို သီဆိုသူ (ရှမ်း)


         စိုင်းထီးဆိုင်၊ စိုင်းဆိုင်မောဝ်၊ ဆခဟ၊ စိုင်းဆိုင်စွမ်ဖ၊ စိုင်းအောင်ထီးခမ်း၊ စိုင်းဆိုင်စွမ်မောဝ်၊ စိုင်းအိုက်ဆွန်၊ စိုင်းဖောင်း(န်)မောဝ်၊ နန်းမွေနွမ်ဖောင်၊ နန်းခမ်းနွဲ့လိတ်၊ ပုစွန်၊ နန်းခမ်းခင်၊ နန်းခမ်းနောင့်၊ နန်းဆာရာ။


စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းကို သီဆိုသူ (ဗမာ)


စိုင်းထီးဆိုင်၊ စိုင်းခမ်းသီ၊ စိုင်းဆိုင်မောဝ်၊ စောသိမ်းဝင်း၊ စိုင်းဆေးနော်၊ ခင်မောင်တိုး၊ ကျော်ဟိန်း၊ ဆက်မော်၊ စိုးသူ၊ ရင်ဂို၊ မျိုးကျော့မြိုင်၊ ဆောင်းဦးလှိုင်၊ အဲလက်စ်၊ စည်သူလွှင်၊ ဘိုဖြူ၊ အက်စစ်၊ မောင်မောင်ဇော်လတ်၊ ဟန်ထူးလွင်၊ ကိုင်ဇာတင်မုန်း၊ မေဆွိ၊ အယ်လ်ခွန်းရီ၊ ကေဇင်လတ်၊ မီမီဝင်းဖေ၊ နန်းခမ်းနွဲ့လိတ်၊ ရတနာဦး၊ ဆုန်သင်းပါရ်၊ နွေညီအစ်မများ။


အခု ဒေါက်တာစိုင်းခမ်းလိတ်ဟာ မန္တလေး၊ မိုင်ဆုံဂေဟာမှာ ဇနီးသားသမီးတို့နဲ့ အတူ နေထိုင်ပြီး ဝါသနာအရ သီချင်းတွေ ရေးနေဆဲပါ။ ဇနီးဒေါက်တာဒေါ်နွဲ့နွဲ့တင်ကတော့ ကလေး အထူးကုဆေးရုံမှာ တာဝန်ထမ်းလာခဲ့ပြီး ဒီ ၂၀၁၀ မှာတော့ ပင်စင်ယူပြီး အပြင် ဆေး ခန်းမှာပဲ အလုပ်လုပ်တော့တယ်။ သမီးကြီး နန်းခမ်းနွဲ့လိတ်ကတော့ B.E (Civil) ဘွဲ့ယူပြီး လန်ဒန်မှာ ကျောင်းသွားတက်နေဆဲပါ။ (  ) မှာ (  ) နဲ့ အိမ်ထောင်ကျခဲ့တယ်။ နန်းခမ်းအုလိတ်ကတော့ M.B.B.S ဘွဲ့ရ၊ နန်းခမ်းဟန်လိတ်ကတော့ B.A (English) ဘွဲ့ရကာ ကိုကိုမောင်နဲ့ အိမ်ထောင်ကျကာ ဒေါက်တာစိုင်းခမ်းလိတ်အတွက် မြေးနှစ်ယောက်ရစေသူပါ။ သားငယ် စိုင်းခမ်းစိုးလိတ်ကလည်း M.B.B.S ပါ။ သားသမီးများအားလုံးကို ဘွဲ့ရဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဖခင်ကောင်းဒေါက်တာစိုင်းခမ်းလိတ်နဲ့ မိခင်ကောင်း ဒေါက်တာနွဲ့နွဲ့ တင်ကတော့ သားသမီးအတွက် ပညာအမွေပေးခဲ့လေပြီ။


ရှမ်းအနုပညာရှင် ထူးချွန်ဆုရ ဒေါက်တာစိုင်းခမ်းလိတ်တစ်ယောက် ဇနီး သားသမီး မြေးမြစ်တွေနဲ့ အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ၊ အမျိုးဘာသာ သာသနာအတွက် တေးသီချင်းများ ဆက်လက်ရေးသားနိုင်ပါစေကြောင်း ဆုမွန်တောင်းအပ်ပါတယ်။


မှီငြမ်း-


(၁)     စိုင်းအောင်မိန်း (မိုတိုင်း)ရေးတဲ့ “ရှမ်းအနုပညာရှင်ထူးချွန်ဆုရ ဒေါက်တာ စိုင်းခမ်လိတ်၏ ဂုဏ်ပြုမှတ်တမ်း“ ကို မှီငြမ်းသည်။


(၂)     စာရေးသူ၏ ကိုယ်တွေ့၂၀၀၉ ခု ရွှေရတုပုံရိပ် မဂ္ဂဇင်းမှ ရှမ်းစာရေးဆရာ ဟိုင်းဆေခိုင်၏ စာမူကို ဆီလျှော်အောင် ဘာသာပြန်ထားသည်။


Ye Naung

Photo#Sai Thein Maung