ရှမ်းအနုပညာရှင် ထူးချွန်ဆုရ ဒေါက်တာ စိုင်းခမ်းလိတ်
ကလောင်သွားဟာ လှံသွား ဓါးသွား၊ လက်နက်သွားထက် ထက်တယ်`လို့ ဆိုရိုးရှိတယ်။ လက်နက်ကိုင်တဲ့သူတချို့ကတော့ ကလောင်သွားက လူကိုထိုးသတ်နိုင်တာမှ မဟုတ်တာ၊ ငါတို့လက်နက်ကသာလျှင် လူကို သေအောင် လုပ်နိုင်တယ် လို့ ဆိုကောင်းဆို မယ်။ လက်နက်သွားက အစဉ်ထာဝရ မပစ်ခတ် မသတ်ဖြတ်နိုင်ပါဘူး။ လက်နက်ကိုတဲ့သူ လည်း အသက်တစ်ရာအထိ သက်တမ်းမရှည်နိုင်ဘူး။
ကလောင်သွားကတော့ သဘောတရားတစ်ခု စာရွက်ပေါ် ချပြသွားခဲ့ရင် အဲဒီစာသွား အတိုင်း ဆွေစဉ်မျိုးဆက်များစွာ လက်ခံကျင့်သုံးသွားနိုင်တယ်။ အကယ်၍ ကလောင်သွားတစ် ခုက အဲဒါ မင်းတို့ရဲ့ ဘိုးဘွားပိုင်မြေတွေ လို့ ဆိုထားခဲ့ရင် နောင်လာနောက်သားတွေက အဲဒီ နယ်မြေကို ပြန်လည်လုယူမှု တိုက်ယူမှုကြောင့် ကမ္ဘာချီစစ်ပွဲကြီးတောင် ဖြစ်နိုင်တယ်။ ဒါ ကြောင့် ကလောင်သွားကို ဘယ်သူကမှ အထင်မသေးဝံ့ပါ။
ကလောင် ဆရာ၀န်
တကယ်တော့ ဆရာဝန်ဆိုရင် ဆေးထိုးအပ်ကိုင်ရမှာပါ။ ဒေါက်တာစိုင်းခမ်းလိတ်က တော့ ကလောင်ကိုင်တဲ့ ဆရာ၀န် လို့ဆိုရမှာပဲ။ ဒါလည်း မျိုးရိုးကြောင့်ထင်ပါရဲ့။ ဒေါက်တာ စိုင်းခမ်းလိတ်တို့ရဲ့ ဖခင် လုံးခမ်းကာတုန်ဟုန်းဟာ ရှမ်းစာပေလင်္ကာ ရေးဖွဲ့တတ်တဲ့သူ တစ် ယောက်ဖြစ်တယ်။ မိခင်က ဒေါ်နန်းစိန်ဥကတော့ မိခင်ကောင်းတစ်ယောက်ဖြစ်ပြီး ဒေါက်တာ စိုင်းခမ်းလိတ်လောင်းလျာကို ၁၉၄၉ ခု ဧပြီလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့မှာ မွေးဖွားခဲ့တယ်။ ဇာတိ က ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီပါ။
မွေးချင်းများ
စိုင်းတုမ်ခမ်း၊ စိုင်းခမ်းလိတ်၊ စိုင်းခမ်းသီ၊ နန်းအွမ်ခမ်း ဆိုပြီး မွေးချင်း လေးယောက်ရှိ တယ်။ သူတို့ ညီအစ်ကို သုံးယောက်စလုံး ဖခင်ရဲ့အနုပညာအမွေကို ရရှိတဲ့သူတွေပါ။ အစ်ကို ကြီး စိုင်းတုမ်ခမ်းက ရှမ်းခေတ်သစ်သီချင်းတွေကို ရေးသားတဲ့သူဖြစ်တဲ့အပြင် သူတတ်သမျှ သိသမျှ ညီဖြစ်သူ စိုင်းခမ်းလိတ်ကို သင်ပေးခဲ့သူပါ။ သီချင်းစာသားများဟာ ရေးစပ်သူရဲ့ စိတ် ထားကို တစွန်းတစ ဖေါ်ပြစမြဲပါ။ စိုင်းတုမ်ခမ်းရေးသားတဲ့ ရှမ်းသီချင်းတစ်ပုဒ်ကတော့ ဒို့အမျိုးသား တာ၀န်မို့ ရှောင်လို့မရပါ သီချင်းအရ သူဟာ အမျိုးသားအတွက် တာဝန်ကို ဦး လည်မသုန် ယူတတ်သူဖြစ်ကြောင်း ပြသလျှက်ပါ။ စိုင်းခမ်းလိတ်လည်း စိုင်းတုမ်ခမ်းထံ ဝေါဟာရအသစ်အဆန်း ရှာဖွေနည်းကို ရယူခဲ့ သည့်အပြင် သံစဉ်ရှာနည်း အတွေးအခေါ်အယူ အဆ ယူနည်းများကို ကောင်းစွာရရှိခဲ့တယ်။
ကျောင်းသားဘ၀
` ဖခင်ဖြစ်သူက တာဝန်အရ သိန္နီကနေ နမ္မတူမြို့ကိုပြောင်းလာရတဲ့အတွက်ကြောင့် သူတို့ ညီအစ်ကိုလည်း နမ္မတူကိုရောက်လာတယ်။ ၁၉၅၄ ကတည်းက စိုင်းခမ်းလိတ်ဟာ နမ္မတူ မူလတန်းကျောင်းကို ပန်ဟိုင်း(နမ္မတူ)မှာ တက်ရောက်ခဲ့ပြီး ကျောင်းသားနာမည်က တော့ Louvis Kham လူးဗစ်ခမ်း တဲ့။
နမ္မတူ သတ္တမတန်းကို အောင်မြင်ပြီးတဲ့နောက် ၁၉၆၃ ခုမှ ပြင်ဦးလွင် (ယခင်မေမြို့) St. Albert High School (ယခု ပြင်ဦးလွင် အမှတ် ၂) မှာ အဋ္ဌမတန်း တက်ခဲ့တယ်။ အဲဒီမှာ တွဲဖက်ကောင်းဖြစ်တဲ့ ကျောင်းသူ မနွဲ့နွဲ့တင်နဲ့ စတင်တွေ့ဆုံခဲ့တာပါ။ သူတို့နှစ်ဦးရဲ့ တွေ့ ဆုံမှုဇာတ်လမ်းဟာ လူအများ စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။
နွဲ့နွဲ့တင်ကတော့ စာတော်တဲ့သူဖြစ်ပြီး အတန်းထဲမှာ ပထမနေရာယူခဲ့တဲ့သူပါ။ အဋ္ဌ မတန်းတုံးက လူရည်ချွန်အဖြစ် အရွေးခံလိုက်ရသေးတယ်။ လူရည်ချွန်ဖြစ်ရင် ပညာရေးဝန် ကြီးဌာနက လူရည်ချွန်မောင်မယ်များကို ဒေသန္တရဗဟုသုတရစေရန် မြန်မာပြည်ထင်ရှားတဲ့ ဒေသများ စက်ရုံများ၊ ငပလီအပမ်းဖြေကမ်းခြေစတာတွေကို ခေါ်သွားတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာတော့ အင်းလေးမှာတော့ ခေါင်တိုင်လူရည်ချွန်စခန်း တစ်ခု ယခင်က ရှိခဲ့ဖူး တယ်။ လူရည်ချွန်အရွေးခံရတဲ့ ကျောင်းသားကျောင်းသူဟာလည်း ထက်မြက်တဲ့ ကျောင်း သူကျောင်းသားအဖြစ် အသတ်မှတ်ခံရတယ်။
လူရည်ချွန်ဖြစ်ဖို့အတွက် ဉာဏအားလည်း ကောင်းရသလို၊ ကျန်းမာရေးလည်းကောင်း ရမယ်၊ ပြီးတော့ စာလည်းတော်ရမယ်၊ ဘက်စုံထူးချွန်ရမယ်ပေါ့။ လူရည်ချွန် အင်တာဗျူးမှု တစ်ခုကတော့
`မင်း ရွှေတိဂုံစေတီတော်ကို ဖူးဘူးသလား`
`ဖူးဘူးပါတယ်`
` စေတီရင်ပြင်တော်အရောက် လှေခါး ဘယ်နှစ်ထစ်ရှိသလဲ` စသဖြင့် မေးတတ်တာ ပေါ့။ သာမန်လူဆိုရင် ဘယ်သူက လှေခါးထစ်တွေကို ရေတွက်ထားမလဲ။ သို့သော် လူရည်ချွန် ဖြစ်မယ့်ကျောင်းသားကတော့ ဒီလို အဖြေပေးလိုက်တယ်။
`ကျွန်တော် ဓါတ်လှေခါးနဲ့ တက်ခဲ့တာပါ ဆရာ`တဲ့ အဲဒါကတော့ ဉာဏ်ရည်ကို စမ်း တာပါ။ ဥပမာ ကောင်းကင်ပေါ်မှာ မိုးရေကလွဲလို့ ဘာအရည်တွေ ထပ်ရှိသေးသလဲ လို့မေးရင် ချက်ချင်း မဖြေတတ်ကြဘူး။ လူရည်ချွန်လေးတွေကတော့ ဒီလိုဖြေကြတယ်။
`အုန်းရည်၊ ထန်းရည်ပါဆရာ`တဲ့။
လူရည်ချွန်ဖြစ်တဲ့ နွဲ့နွဲ့တင်ကတော့ ရုပ်လှတယ်။ စာတော်တယ်။ အဲဒီခေတ်တုံးက ကျောင်းမှာ စူပါစတားပေါ့။ ကျောင်းသားတွေအားလုံး နွဲ့နွဲ့တင်ကို အားကျသလို စိုင်းခမ်း လိတ်တစ်ယောက်လည်း သူများနည်းတူ နွဲ့နွဲ့တင်ကို အားကျမိသူပါ။
လူရည်ချွန်
သူတို့နှစ်ယောက်ရဲ့ ပွဲဦးထွက်ဇာတ်လမ်း တစ်ပုဒ်ကတော့ ကျောင်းနံရံကပ်စာစောင် ကနေ စခဲ့တယ်။ နံရံကပ်စာစောင်ဆိုတာက စာပေဝါသနာပါတဲ့ ကျောင်းသားတွေ လွတ်လပ် စွာ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုတွေရေးပြီး ဆရာဆရာမများက ရွေးချယ်ပြီး ကောင်းတဲ့ဟာ တွေကိုကျောက်သင်ပုံးမှာ လှပစွာ ပြန်လည် ကပ်ထားပေးတယ်။ ကျောင်းသူကျောင်းသား တွေက ဝိုင်းကြည့်ကြတာပေါ့။ အဲဒီနံရံကပ်စာစောင်မှာ စိုင်းခမ်းလိတ်က ကဗျာလေးတစ်ပုဒ် ရေးကာ သွားကပ်ထားလိုက်တယ်။ သူ့ရဲ့ ခံစားချက်ကို တင်ပြတာပါ။ ဒါပေမယ့် သူတင်ပြချက် ကတော့ အသွားနှစ်ဖက် ရှိတဲ့ ကဗျာလေးပါ။ ကဗျာခေါင်းစဉ်ကိုက လူရည်ချွန်ကို ရအောင်ယူ မည် တဲ့။ ကျောင်းသားတွေ အဲဒီကဗျာလေးကို ဖတ်ပြီးတော့ ဟိုးလေးတကျော်ဖြစ်သွားတာ ပေါ့။ လူသတင်း လူချင်းဆောင်ဆိုသလို နွဲ့နွဲ့တင်လည်း ကြားသိသွားတယ်။ စုံစမ်းကြည့်တော့ ရေးတဲ့သူက စိုင်းခမ်းလိတ်ဖြစ်နေတော့ ဆရာဆရာမတွေ ကျောင်းသားကျောင်းသူတွေအား လုံး အဲဒီအကြောင်းကို စိတ်ဝင်စားနေကြတယ်။ နွဲ့တင်ကတော့ မိန်းမသားတစ်ယောက် အနေ နဲ့ သူမကို ယခုလို စောင်းလား ချိတ်လား တင်စီးပြီး ရေးထားတာကို မြင်ရတော့ မခံချင်တာ အမှန်ပါ။ ဒီကျောင်း တစ်ကျောင်းလုံးမှာ သူမတစ်ယောက်ထဲသာ လူရည်ချွန်ဖြစ်နေလေတော့ စိုင်းခမ်းလိတ်က သူမကို ရည်ရွယ်ပြီး တမင်သက်ကက် ရေးတဲ့အကြောင်း ကျောင်းအုပ်ဆရာ ကြီးကို သွားတိုင်ပါလေရော။ ဒီကိစ္စကို ကျောင်းအုပ်ကြီးကိုယ်တိုင် စိုင်းခမ်းလိတ်ကို ရုံးခန်းမှာ ခေါ်တွေ့တယ်။ စိုင်းခမ်းလိတ်က ပြုံးပြုံးနဲ့ပဲ အဖြေပေးလိုက်တယ်။
`ကျွန်တော် သူမလို လူရည်ချွန်ဖြစ်ချင်လို့ လူရည်ချွန်ကို ရအောင်ယူမယ်လို့ ရေးတာ ဟာ ကျွန်တော်ရဲ့ ရည်ရွယ်ချက်ပါ`တဲ့။ ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ ပြဿနာလည်း ပြေလည် သွားတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ခင်မင်ရင်းနီးသွားတယ်။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းအစ လူရည်ချွန်ကလို့ ဆိုရပါလိမ့်မယ်။
ရည်ရွယ်ချက်ရှိတဲ့အတိုင်း နဝမတန်းရောက်တော့ စိုင်းခမ်းလိတ်လည်း လူရည်ချွန် အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ နွဲ့တင်ကလည်း လူရည်ချွန်နှစ်ထပ်ကွမ်း ဖြစ်ပြန်တယ်။ (ဒသမ တန်းလည်း နွဲ့နွဲ့တင်က လူရည်ချွန် သုံးထပ်ကွမ်းအဖြစ် ထပ်မံရွေးချယ်ခံရပြန်တယ်) မေမြို့ လူရည်ချွန်အနေနဲ့ သူတို့နှစ်ယောက် လူရည်ချွန်ခရီးအဖြစ် အတူတူသွားလာကြရလို့ ပိုပြီး ခင်မင်ရင်းနီးလာပါတော့တယ်။
မေမြို့မှာ ကျောင်းတက်ကတည်းက စိုင်းခမ်းလိတ်ဟာ ရှမ်း၊ မြန်မာ၊ အင်္ဂလိပ်ကဗျာ များကို ရေးစပ်နိုင်ခဲ့တဲ့သူပါ။ ၁၉၆၅ ခုမှာတော့ စိုင်းခမ်းလိတ်က နမ္မတူမှာ ဒသမတန်း ပြန်လာ တက်ရတယ်။ ဖခင်ဖြစ်သူ လုံးခမ်းကာလည်း သူ့သားဝါသနာပါတဲ့ စာပေအနုပညာကို အားပေးခဲ့တယ်။ ညီဖြစ်သူ စိုင်းခမ်းသီလည်း အစ်ကိုကို ဂစ်တာတီးဖို့ သင်ပေးလိုက်ပြန်တော့ ဂီတာတီးကာ (ဟတ်နိုင်းဖန် = အိပ်မက်ထဲကအချစ်)ဆိုတဲ့ ရှမ်းသီချင်းကို စပ်ဆိုနိုင်ခဲ့တယ်။
ဘာကြောင့် သီချင်းရေးဖြစ်တာလဲ
ဘာမဆို အကြောင်းရှိမှ အကျိုးဖြစ်ပေါ်လာစမြဲပါ။ စိုင်းခမ်းလိတ် သီချင်းရေးဖြစ်တာက ဒီလိုပါ . . .
ဝါတွင်းကာလ ဥပုသ်သည်များအတွက် လူပျိုအပျိုများက ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စ သွားလုပ်ကြတယ်။ ဆွမ်းတော်ပြင်ဆင်ကြရသလို ဥပုသ်သည်အတွက်လည်း ထမင်းဟင်းတွေ ချက်ကြတယ်။ အဖိတ်ညမှာ ထမင်းချက်ပြီးတဲ့နောက် လူပျိုတွေက ဆွမ်းစား ကျောင်းမှာ ညအိပ်စောင့်ကြရတယ်။ တချို့ကတော့ ဂစ်တာယူလာပြီး သီချင်းဆိုကြ ပျော်ကြ တာပေါ့။ အဲဒီအချိန်မှာ ရှမ်းခေတ်သစ်သီချင်း နှစ်ပုဒ် သုံးပုဒ်လောက်ပဲရှိသေးတယ်။ အဖိတ်နေ့ တိုင်း အဖွဲ့တွေစုံတိုင်း သီချင်းဟောင်းကိုပဲဆိုနေတော့ စိုင်းခမ်းလိတ်ကမေးတယ် `ရှမ်းသီချင်း အသစ် မရှိတော့ဘူးလား` သူတို့ကလဲ `ဒါပဲရှိလို့ ဒါပဲဆိုနေတာပေါ့`တဲ့ ဒီလိုနဲ့ စိုင်းခမ်းလိတ် က ရှမ်းသီချင်းတွေ ဖြစ်လာဖို့ အကောင်အထည်ဖေါ်ကြည့်တော့တယ်။
မေမြို့မှာနေတုံးက The Beatles, Shadows, Bob Dylan, Elvis Presley, The Rolling Stones, Elton John, Pink Floyd, Eric Clapton, CCR စတဲ့ နာမည်ကြီး အင်္ဂလိပ် သီချင်းတွေ နားထောင်ဖူးတဲ့အတွက်ကြောင့် ရှမ်းစာသားတွေနဲ့ အင်္ဂလိပ်သံစဉ်မှာ ထဲ့လိုက်ရင် ပရိသတ်တွေ ကြိုက်ကြမှာပဲဆိုပြီး ကော်ပီသီချင်း အပုဒ် (၂၀) လောက် စပ်လိုက်တယ်။ ပြီးတော့ ဂစ်တာတီးပြီး သူငယ်ချင်းတွေကို ဆိုပြတယ်။ ဘယ်အပုဒ်ပဲဆိုပြဆိုပြ သူငယ်ချင်း တွေရဲ့ တုံ့ပြန်မှုက `ကောင်းပါတယ်`ပြောပြီး ဒီအတိုင်းပဲ တန့်နေတော့တယ်။ ဘယ်သူမှလဲ အဲဒီသီချင်းတွေကို ယူပြီး မဆိုကြဘူး။
စိုင်းခမ်းလိတ်က စဉ်းစား သဘောပေါက်မိတယ်။ သူများရဲ့ ကော်ပီသံစဉ်နဲ့ ရှမ်းသီချင်း လာရေးစပ်တာ အသံက ကွက်တိမဖြစ်ဘူး။ အသံ မပီပြင်ဘူးပေါ့။ ဒါကြောင့် ကိုယ်ပိုင်သံစဉ်လဲ ဖြစ်အောင် အသံလည်း ပီပြင်အောင် တစ်ယောက်တည်း ကြံစည်နေတော့တယ်။ ကော်ပီသံစဉ်ကို လုံးဝ အသုံးမချဖို့ ဆုံးဖြတ်လိုက်တယ်။
၁၉၆၆ မှာတော့ နမ္မတူကနေ ဒသမတန်းကို ရူပဗေဒ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပြီး ကျောက်မဲမြို့နယ်မှာ ပထမရကာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အမှတ်အများဆုံးရတဲ့ ထူးချွန် ကျောင်းသား ဖြစ်ခဲ့တယ်။ ဒါကြောင့် မန္တလေး ဆေးတက္ကသိုလ်ကို တက်ခွင့်ရတယ်။
ဆေးကျောင်းသားဘ၀ နှင့် တာဝန်
နွဲ့နွဲ့တင်လည်း ဆယ်တန်းကို ဂုဏ်ထူးနဲ့အောင်ပြီး မန္တလေး ဆေးတက္ကသိုလ်ကို တက်ခွင့်ရလေတော့ သူတို့နှစ်ယောက် မန်းမြေ MC မှာ ပြန်လည်ဆုံတွေ့ဖို့ ဖန်လာပြန်တယ်။ ဝါသနာဆိုတာ တားလို့မရပါ ဆိုတဲ့အတိုင်း အနုပညာဝါသနာပါတဲ့ စိုင်းခမ်းလိတ်ကတော့ ဆေးကျောင်းသားဘဝရောက်နေသော်လည်း သီချင်းရေးနေဆဲ၊ ကဗျာစပ်နေဆဲ၊ သီချင်းဆို နေဆဲ။ ကိုယ်ပိုင်သံစဉ်အတွက်လည်း မလျှော့သောဇွဲနဲ့ အားထုတ်းနေဆဲပါ။
သီချင်းရေးတဲ့နေရာမှာ ပရိသတ်အကြိုက် သီချင်းတစ်ပုဒ်ဖြစ်လာဖို့ မလွယ်ပါဘူး။ မလွယ်ဘူးဆိုပေမယ့် စိုင်းခမ်းလိတ်ကတော့ အခက်အခဲကို ကြောက်ရွံ့သူမဟုတ်ချေ။ ကြိုး စားရင် ဘာမဆို ဖြစ်လာမယ်ဆိုတဲ့ ခံယူချက်ရ သူ့ရင်မှာ အမြဲ ကိန်းအောင်းနေလေတော့ တစ်ယောက်တည်း ကြိုးစားခဲ့ရာ ၁၉၆၈ ခုနှစ်ရောက်မှ ရှမ်းလူငယ်များ သဘောခွေ့ မနော တွေ့တဲ့ (ဟိုက်မီးစိုင်ဟတ်ခေး = မျိုးချစ်စိတ်ဓါတ်ရှိပါစေ) နဲ့ (လောင်ယဉ်ငေ့တိုင်း ဟိုက်ခွတ် ပန် = ရှမ်းယဉ်ကျေးမှု ခေတ်မီပါစေ) ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို အောင်မြင်စွာ စပ်ဆိုနိုင်ခဲ့တယ်။
သီချင်းစာသားများဟာ ရေးစပ်သူရဲ့ အတွင်းသဘောကို ဖော်ဆောင်နေခြင်းပါ။ စိုင်းခမ်းလိတ်ရဲ့ သီချင်းထဲမှာ ရှမ်းလူငယ်များကို အမျိုးသားဝတ်စုံဝတ်ဖို့ မြတ်နိုးဖို့ တိုက်တွန်း ထားသလို သူကိုယ်တိုင်လည်း အမြဲတမ်း ရှမ်းဘောင်းဘီ ရှမ်းတိုက်ပုံနဲ့ပဲ ဆေးကျောင်းပြီးခဲ့တဲ့ သူပါ။ တက္ကသိုလ်ကျောင်းသားဘဝတုံးကလည်း ရှမ်းတက္ကသိုလ်ကျောင်းသားများကို ဦး ဆောင်ပြီး ရှမ်းစာပေ ယဉ်ကျေးမှုလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အစဉ်ကူညီဆောင်ရွက်ခဲ့တယ်။ မန္တလေးတက္ကသိုလ် ရှမ်းစာပေယဉ်ကျေးမှုရဲ့ အတွင်းရေးမှူး တာဝန်ကိုလည်း ယူခဲ့တယ်။ ဒါကြောင့် ၁၉၆၉ ခုနှစ်မှာ မန္တလေး တက္ကသိုလ် ရှမ်းစာပေယဉ် ကျေးမှုကိုယ်စားလှယ်အဖြစ်နဲ့ တောင်ကြီးမြို့မှာ ကျင်းပတဲ့ ရှမ်းစာပေဆွေးနွေးပွဲကို တက် ရောက်ခဲ့ပြီး လင်းခေးသား စိုင်းထီးဆိုင်နဲ့ ဆုံတွေ့ခဲ့တယ်။
တောင်ကြီးမှာ သူတို့နှစ်ယောက် သိစတုံးက ရိုးရိုးပဲခင်မယ်လို့သာ ထင်ခဲ့တယ်။ သူတို့ နှစ်ယောက်ခင်မင်ကြပြီး ယခုလို အနုပညာစင်မြင့်မှာ အတူတက်လှမ်းကြရလိမ့်မယ်လို့ မထင် ထားခဲ့မိဘူး။ အစတုံးကတော့ စိုင်းခမ်းလိတ်က စိုင်းဖုန်းကျော် (ခေါ်) စိုင်ခမ်းမတ် (တန့်ယန်း) ရဲ့ အသံကို သဘောကျခဲ့တယ်။ ဒါပေမယ့် ထင်ခဲ့တဲ့အတိုင်းဖြစ်မလာခဲ့ဘူး။ စိုင်းထီးဆိုင် ဆယ်တန်းအောင်ပြီး ဒဿနိကဗေဒယူတော့ မန္တလေးတက္ကသိုလ် လာတက်ရင်း စိုင်းခမ်းသီနဲ့ ခင်မင်ခဲ့ကြတယ်။ ညီလေးရဲ့ သူငယ်ချင်းဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ပိုမိုပြီး ခင်မင် ရင်းနီးလာတော့တယ်။ စိုင်းခမ်းသီလည်း အနုပညာပါရမီရှိသူတစ်ယောက်ဖြစ်တဲ့အတိုင်း သီချင်းကောင်းတွေ တော်တော်များများ ရေးစပ်နိုင်ခဲ့တယ်။
အဲဒီအချိန်ကတော့ ခေတ်လူငယ်တွေ ဂီတာကို စတင်ဝါသနာပါလာချိန်ပဲ။ တီးဝိုင်းတွေ လဲ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပေါ်လာစပါ။ ၁၉၇၃ ခုမှာတော့ စိုင်းခမ်းလိတ်၊ စိုင်းထီးဆိုင်၊ ခွန်မျိုးလွင်၊ စောသိမ်းဝင်းတို့ရဲ့ အဖွဲ့ The Outsiders နဲ့ စိုင်းခမ်းသီ၊ စောဂျွန်ဆင်၊ စောဂျော်နီတို့ရဲ့ အဖွဲ့ The Highlanders ပေါင်းမိကြပြီး မြန်မာပြည်မှာ နာမည်ကြီးလာတဲ့ The Wild Ones အဖွဲ့ ဖြစ်လာတော့တာပါပဲ။ စိုင်းခမ်းလိတ်ဟာ တက္ကသိုလ်ကျောင်းသားဘဝမှာ ရှမ်းစာပေယဉ်ကျေး မှုတာဝန်များကို ထမ်းဆောင်သည့်အပြင် သီချင်းရေစပ်မှု၊ သံစဉ်အသွားအလာများကိုလည်း ဉာဏ်မီသမျှ လေ့လာခဲ့သည်။ အသိဉာဏ်ကြွယ်ဝဖို့အတွက် အတွေးအခေါ်စာပေများကိုလည်း လေ့လာဖတ်ရှုခဲ့တယ်။ ဆေးတက္ကသိုလ်တက်သော်လည်း တက္ကသိုလ်ပညာရပ် တစ်ခုထဲကို သာ လေ့လာခဲ့သည်မဟုတ်၊ ဗဟုသုတမျိုးစုံကို လေ့လာဆည်းပူးခဲ့တယ်။
လေးနက်တဲ့ သီချင်းကို ရေးသားနိုင်ဖို့အတွက် ကမ္ဘာကျော် တေးသီချင်းများကိုလည်း နားထောင်ပြီး မှတ်သားနည်းယူခဲ့သူပါ။ ဒီ့အပြင် မြို့မငြိမ်း၊ ရွှေပြည်ဧ၊ ဦးဗိုလ်ခင်၊ ဦးအံ့ကြီး၊ ဦးကျော့မှူးစတဲ့ မြန်မာအနုပညာရှင်များရဲ့ သီဆို ဖွဲ့ဆိုမှုကိုလည်း သေချာစွာ လေ့လာခဲ့သေး တယ်။ ကဗျာ၊ ဝတ္ထု၊ အဆိုအမိန့်တွေပါမကျန် ဖတ်နိုင်သမျှ မှတ်နိုင်သမျှ အချိန်လုပြီး လေ့လာ ခဲ့တယ်။ ကမ္ဘာကျော်ပုဂ္ဂိုလ်များဖြစ်ကြတဲ့့ Rabindernath Tagore, Robert Frost, Omar Khayyam, Shakespeare, George Bernard Shaw, Ibsen, Leo Tolstoy, Somerset Mangham, Mark Twain, Albert Camus, Henry David Thoreau, Mahatma Gandhi, Martin Luther King, Mao Zedong, Jesus Christ, The Buddha တို့ရဲ့အကြောင်း သူတို့ရဲ့ အတွေးအခေါ် အဆိုအမိန့်များကို လေ့လာခဲ့တယ်။
သီချင်းကောင်းတစ်ပုဒ်ဖြစ်လာဖို့အတွက် အသိပညာကြွယ်ဝရမယ်၊ အတွေးအခေါ် သူများထက် သာရမယ်။ အတွေးအခေါ် ရှိဖို့အတွက် စာကောင်းပေမွန်များကို လေ့လာမှတ် သားနိုင်ရမယ်။ စိုင်းခမ်းလိတ်ကတော့ အင်္ဂလိပ်စာပေများကို လေ့လာလိုက်စားရုံတင်မက မြန်မာစာပေများကိုလည်း များစွာဖန်ရှုလေ့လာခဲ့တယ်။ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလဝံသ၊ လက်ဝဲသုန္ဒရ၊ အနန္တသူရိယ၊ နဝဒေး၊ နတ်သျှင်နောင်၊ ဦးကြင်ဥ၊ စလေဦးပုည၊ သခင်ကိုယ် တော်မှိုင်း၊ ဇော်ဂျီ၊ မောင်စွမ်းရည်၊ ဒဂုံတာရာ၊ မောင်အာနိုး၊ သိပံ္ပမောင်ဝ၊ တက္ကသိုလ်ဘုန်းနိုင်၊ လူထုဒေါ်အမာ၊ အောင်သင်းတို့ရဲ့ စာပေများကိုလည်း စိုင်းခမ်းလိတ် မြတ်မြတ်နိုးနိုးဖတ်ရှုခဲ့ တယ်။
တချို့ပုဂ္ဂိုလ်ဟာ သူတစ်ပါးရဲ့ စာပေကိုတတ်မြောက်ပြီး မိမိရဲ့ စာပေကို မေ့မေ့ပျောက် ပျောက်ဖြစ်တတ်ကြသော်လည်း စိုင်းခမ်းလိတ်ကတော့ အဲဒီအမျိုးအစားထဲက မဟုတ်ပါဘူး။ သူရေးတဲ့ ရှမ်းသီချင်းတွေထဲက သူ့ရဲ့ မျိုးချစ်စိတ်ကို ဖော်ညွှန်းနေတာ များစွာတွေ့ရပါမယ်။ ရှမ်းစာပေ ဝေါဟာရ ကြွယ်ဝဖို့ စဝ်ကန်းဆေ၊ လုံးခွန်မဟာ၊ လုံးတန်းကေး၊ ဆရာဦးစိုင်းအောင် ထွန်းတို့ရဲ့ စာပေများကိုလည်း ဖတ်ရှုလေ့လာခဲ့သေးတယ်။ လူဆိုတာ စာဖတ်များရင် အသိ ဉာဏ်လည်း များလာတာပါပဲ။ အသိဉာဏ်များလာရင် အတွေးအခေါ်လည်း ကောင်းလာမယ်၊ အပြောအဆို အရေးအသားတွေလည်းကောင်းလာမယ်။ ဘာကြောင့် ဒေါက်တာစိုင်းခမ်းလိတ် ရေးသားတဲ့ စာသားတွေ အဆင့်မြင့်သလဲဆိုတာ စာဖတ်သူတို့ နားလည်မှာပါ။
စိုင်းခမ်းလိတ်ဟာ ဘယ်သူကမှ သူ့ကို အသိအမှတ်မပြုခင်ကတည်းက သီချင်းကို ရေးစပ်ခဲ့တာပါ။ အခုမှသာ သူရေးတဲ့ သီချင်းစာသားတွေ ခန့်ညားကြောင်း ကျုပ်တို့သိရပေ မယ့် သူသီချင်းရေးစပ်သီကုံးနေချိန်မှာ သီချင်းသံစဉ် ရှာနေချိန်မှာတော့ ဘယ်သူကမှ သူ့ကို သတိထားမိမှာမဟုတ်ဘူး။
သူသီချင်းရေးတဲ့နေရာကတော့ အရှိန်အဝါကြီးတဲ့ လျှပ်စစ်မီးအောက်မှာ မဟုတ်ဘဲ မီးမလင်းထိန်တဲ့ ဖယောင်းတိုင်အလင်းရောင်အောက်မှာ၊ တစ်ခါတစ်လေ လရောင်အောက်မှာ သာ ရေးစပ်ခဲ့တာပါ။ သူထိုင်ပြီး သီချင်းရေးခဲ့တဲ့ ထိုင်ခုံကတော့ မွေ့ယာဆိုဖာထိုင်ခုံတွေ မဟုတ်ဘဲ သင်ဖြူးဖျာစုတ် နဲ့ ပေါက်ပြဲနေတဲ့ ကျမ်းခင်း အဝါရောင်သမ်းနေတဲ့ မြက်ချောက်တွေပါ။ သူ့သီချင်းရေးတဲ့ ဖောင်တိန်ကလည်း ရွှေကလောင်မဟုတ်၊ ခဲတံတိုလေး ဒါမှမဟုတ် မကြာခဏ မှင်စိမ့်ထွက်နေတဲ့ ဖောင်တိန်စုတ်ပါ။ သံစဉ်တွေကို ရှာနေတဲ့ သူ့ရဲ့ ဂီတာကလည်း လျှပ်စစ်ဂီတာမဟုတ်ဘဲ ကြိုးပြတ်နေတဲ့ ဂီတာစုတ်ပါ။ သူ့ရဲ့ သီချင်းရေးတဲ့ စာရွက်ကလည်း ဖြူလွင်နေတဲ့ လျှောက်လွှာစာရွက်မဟုတ်ဘဲ သူများလွင့်ပစ်ထားတဲ့ ရည်းစာ ရေးထားတဲ့ စာရွက်ဟောင်းတွေပါ။ သူသီချင်းရေး တေးသံစဉ်ရှာနေတဲ့အချိန် သူ့အနားမှာ လာထိုင်ပြီး အားပေးနေတာကတော့ လှပကျော့ရှင်းတဲ့ သူဌေးသမီးမဟုတ်။ သူ့အနားမှာ အမြဲတမ်း ရစ်သီနေတာကတော့ ခြင်နဲ့ ယင်ကောင်တွေပါ။ စည်းနဲ့ဝါး သံစဉ်ရှုာဖို့အတွက် Drum Set မဟုတ်ဘဲ လက်မနဲ့ လက်ခလယ်ကိုသာ အသုံးပြုခဲ့တယ်။ အဲဒါကတော့ နာမည် ကြီး သီချင်းရေးဆရာ မဖြစ်ခင်က သူ့ဘဝရဲ့ သန္ဓေအောင်းတဲ့ကာလလို့ ဆိုရပါမယ်။ သူ့ရဲ့ ရှမ်းကဗျာလေးတစ်ပုဒ်ကလည်း ဒီလိုဆိုထားတယ်။
ဒို့တတွေ
ဆွေးနွေးတိုင်ပင်တဲ့နေရာကတော့ အမှောင်ထုထဲ
တီးတိုးစကား ပြောတဲ့နေရာကတော့ သူများမကြားတဲ့နေရာ
နက်ဖြန်ရဲ့ တစ်နေ့နေ့မှာ
ဒို့တတွေ အလင်းရောင်ထဲမှာ ရယ်ရယ်မောမော ရှိနိုင်မယ်။ (၁၉၇၆)
အနုပညာ ခြေလှမ်း
အစကတော့ စိုင်းခမ်းလိတ်က ရှမ်းသီချင်းတွေပဲရေးဖြစ်တာပါ။ မြန်မာသီချင်း ရေး ဖြစ်တဲ့အကြောင်းကတော့ ဒီလိုတဲ့။ တစ်နေ့ လက်ဘက်ရည်ဆိုင်မှာ သွားထိုင်နေတုံး သီချင်း တစ်ပုဒ်ကို ကြားရတော့ နားထဲမှာ အဲဒီသံစဉ်က အင်မတန် ရင်းနီးနေတယ်။ သီချင်းကတော့ ကိုလေးလွင် ဆိုထားတဲ့ `လယ်သူမလေးချစ်သူ`ဖြစ်တယ်၊ အင်္ဂလိပ်စာသားနဲ့ပါ အတူဆို ထား တော့ မူရင်းအင်္ဂလိပ်သီချင်းလို့ ထင်နေရတယ်။ အဲဒီမှာ သူငယ်ချင်းတွေကပြောလာတယ်။ စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းက သူများရဲ့ သံစဉ်ကနေ ရှမ်းသီချင်းရေးထားတာပါတဲ့။ အမှန်မှာတော့ အဲဒီလယ်သူမလေးချစ်သူ သံစဉ်က စိုင်းခမ်းလိတ်ရဲ့ ရှမ်းသီချင်း (ယိင်းအွန်ဟတ်စိုင်း) သံစဉ်ကို ယူပြီး လုပ်ထားခြင်းဖြစ်တယ်။ အဲဒီကစပြီး စိုင်းခမ်းလိတ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ ငါလည်း ဗမာသီချင်းရေးနိုင်ပါတယ်။ ရေးကို ရေးရမယ်. . . တဲ့။ ဒီလိုနဲ့ ဗမာသီချင်း စရေးဖြစ်ခဲ့တာပါ။ (ယိင်းအွန်ဟတ်စိုင်း)ရှမ်းသီချင်းကို ဗမာလို ပြန်ရေး တဲ့အခါ လူကြိုက်များတဲ့ ဟိုတုံးက မတွေ့မိရင် ကိုယ်တို့ဇာတ်လမ်းလေးဟာလေ တစ်မျိုးဖြစ်ခဲ့မယ် ဆိုတဲ့ သီချင်းပါပဲ။
စာရေးဆရာ သီချင်းရေးဆရာတွေရဲ့ ရည်ရွယ်ချက်ကတော့ သူများဖတ်ဖို့ နားဆင်ဖို့ ပါ။ စိုင်းခမ်းလိတ်လည်း မိမိရေးသားတဲ့ သီချင်းတွေ အများပြည်သူ နားဆင်နိုင်ဖို့ ကြိုးစားခဲ့ တယ်။ ဂီတာနဲ့တီးပြီး ခေတ်သစ်သီချင်း တစ်ခေတ်စတင်ပြောင်းတဲ့အချိန်ကာလဖြစ်နေလို့ ပရိသတ်တွေ ချက်ချင်း လက်မခံနိုင်လို့ တစ်ခါတစ်လေ စိတ်ဓါတ်ကျမှု ဖြစ်ခဲ့ပါရဲ့။ ဒါပေမဲ့ စိုင်းခမ်းလိတ်က သူများနဲ့ မတူခဲ့ဘူး။ သူများက မကောင်းဘူး ပြောရင် ကောင်းအောင် ငါကြိုး စားမယ်၊ အဖန်တစ်ရာမက ကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ်အပြည့်အဝရှိတယ်။ သူ့သီချင်းထဲမှာ လည်း ရှိတယ်လေ `တစ်ခါလဲရုံနဲ့ အပြီးထိုင်လိုက်တော့မှာလား အကျိုးရယ်မှ မဟုတ်သေး တာ`တဲ့။
ပရိသတ်များ လက်ခံလာအောင် နည်းမျိုးစုံ ကြိုးစားခဲ့တယ်။ ပထမဦးဆုံးထွက်တဲ့ `ချစ်တဲ့ရှမ်းရိုးမ`ခွေကို ရန်ကုန်က တေးသံသွင်းတွေ လက်မခံခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားသံစဉ်နဲ့မြန်မာစာသားကိုတောင် မြန်မာပရိသတ်က လက်မခံနိုင်သေးတဲ့အချိန်မှာ စိုင်းခမ်းလိတ်တို့က ကိုယ်ပိုင်သံစဉ်နဲ့ ရှမ်းတိုင်းရင်းသားက မြန်မာလို ဆိုထားတယ်ဆိုတော့ ဘယ်လက်ခံနိုင်ဦးမှာလဲ။ အဲဒီခွေကို တောင်ကြီးမှာပဲ စတင်ဖြန့်ခဲ့တယ်။ နောက်ပိုင်း အဆိုတော်များကတော့ စိုင်းထီးဆိုင်၊ စိုင်းခမ်းသီ၊ စိုင်းခမ်းမတ်၊ စောသိမ်းဝင်း၊ စိုင်းဆေးနော်၊ ဆွန်ကျဲအိုတို့ ပူးပေါင်းပြီး စီးရီးတွေ ထုတ်လာခဲ့ကြတယ်။ ပရိသတ်တွေလည်း အတော့်ကို လက်ခံလာခဲ့တယ်။ သို့သော် ဘယ်သူ့ကို ပိုမိုလက်ခံသလဲ ဆိုတာ မသဲကွဲသေးပါဘူး။ အဲ . . မန္တလေးရောက် ရှမ်းတစ်ယောက် စီးရီးခွေကတော့ ပေါက်ခွေလို့ ဆိုရပါလိမ့်မယ်။ ကက်ဆက် လည်း ပေါလာတယ်။ နားထောင်သူတွေလည်း မြန်မာပြည်တစ်ပြည်လုံး မန္တလေးရောက် ရှမ်း တစ်ယောက် မဖွင့်တဲ့နေရာ မရှိသလောက် ဖြစ်သွားတယ်။
အဆိုတော်တွေဟာ နောက်ပိုင်းမှာ မိမိကိုယ်တိုင် စီးရီးတစ်ခွေ ထုတ်ချင်ကြတတ် တယ်။ ဒါကြောင့် စိုင်းခမ်းသီလည်း တစ်ခွေသီးသန့်ထုတ်ကြည့်တယ်။ စောသိမ်းဝင်းလည်း ထို့အတူပဲ။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ အခွေက မပြန့်ခဲ့ဘူး။ စိုင်းထီးဆိုင် ထုတ်တဲ့အခွေ တွေကျတော့ ပရိသတ်က လက်ခံကြတယ်။ ဒါကြောင့် စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းတွေဟာ စိုင်းထီးဆိုင်ဆိုဖို့ အတွက် ဖြစ်လာတော့တယ်။ စိုင်းထီးဆိုင်လည်း အနုပညာပါရမီထူးသူဖြစ် ကြောင်း စိုင်းခမ်းလိတ်က အဲဒီလိုပြောဖူးတယ်။
“စိုင်းထီးဆိုင်ကတော့ သူ့ကို ကိုယ်ပိုင်သံစဉ်တွေ သင်ပေးလိုက်တာနဲ့ သူချက်ချင်း သဘောပေါက်လွယ်တယ်။ ပြောပြတဲ့အတိုင်း သူလိုက်ဆိုနိုင်တဲ့ အနုပညာပါရမီရှင်တစ်ဦးပါ“
သီချင်းရေးတဲ့သူက သီချင်းတွေ ဘယ်လို အရေးကောင်းပေမယ့် ဆိုတဲ့သူ မကောင်း ဘူးဆိုရင် အဲဒီသီချင်းက ကောင်းတဲ့ သီချင်းဖြစ်မလာနိုင်ဘူး။ စိုင်းခမ်းလိတ်ရေးတဲ့ သီချင်း တွေ စိုင်းထီးဆိုင် မဆိုခင်က တခြား အဆိုတော်တွေ ဆိုကြပါတယ်။ ဒါပေမယ့် အဲဒီ သီချင်း တွေ မပေါက်ခဲ့ကြဘူး။ အဲဒီသီချင်းတွေ စိုင်းထီးဆိုင်ပြန်ဆိုမှပဲ သီချင်းကောင်းတွေ ဖြစ်သွား ကြကုန်တော့တယ်။ စိုင်းထီးဆိုင်ရဲ့ အသံဟာ စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းနဲ့ အလိုက်ဖက်ဆုံး လို့ ဆိုရမှာဖြစ်တယ်။ ၁၉၇၃ ကစပြီး စိုင်းထီးဆိုင်ရဲ့ စီးရီးတွေ ဆက်တိုက် ထွက်လာတော့ သလို တေးရေးဆရာ စိုင်းခမ်းလိတ်ရဲ့ နာမည်လည်း တဟုန်ထိုး တက်လာတော့တာပါပဲ။
ဒေါက်တာစိုင်းခမ်းလိတ်ရဲ့ သီချင်းကောင်းတွေ၊ စာသားလှလှတွေ ပေါ်ထွက်လာဖို့ အဓိက အိပ်မက်လှလှပေးတဲ့သူကတော့ နွဲ့နွဲ့တင်ပဲဖြစ်တယ်။ ဗမာသီချင်း အပုဒ် ၆၀၀ ကျော် ထဲမှာ နွဲ့နွဲ့တင်ကို ပတ်သက်တဲ့ အချစ်အကြောင်းတွေ အများကြီး တွေ့ရပါတယ်။ အထင်ရှား ဆုံးကတော့ “ သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်“ နဲ့ “ ဒို့နှစ်ယောက်ရဲ့ အချစ်“ ပဲဖြစ်တယ်။ အဲဒါက လူရည်ချွန်ကို ရအောင်ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်က စခဲ့တာ။
သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကတော့ ရှစ်တန်းကျောင်းသားဘဝက စခဲ့တယ်။ ကိုးတန်းရောက်တော့ အတူတူ လူရည်ချွန်ဖြစ်ပြီး ဒေသန္တရ ဗဟုသုတ အတူတူသွားခဲ့ရလို့ ပိုမို ရင်းနီးခဲ့တယ်။ ဆယ်တန်းရောက်တော့ စိုင်းခမ်းလိတ်က နမ္မတူကို ပြန်သွားရတယ်။ သို့သော် ဆေးတက္ကသိုလ်တက်တော့ မန်းမြေမှာ ပြန်ဆုံခဲ့ကြတယ်။ ဆရာတူတပည့်ဘဝနဲ့အတူ ကျောင်းနေဘက်မှာ ခင်ခဲ့ကြတဲ့ ခင်မင်မှုဟာ အခြားကျောင်းသားတွေအကြားကို ရောက်သွား ရင် ပိုမိုပြီး အလေးအနက်ရှိလာတတ်ကြတယ်။ ဒါကြောင့် စိုင်းခမ်းလိတ်နဲ့ နွဲ့နွဲ့တင်တို့ရဲ့ ခင်မင်မှုဟာလည်း ရင်းနီးမှုကို ပိုပြီးတော့ ဖြစ်စေခဲ့တယ်။
ကျောင်းသားဘဝဆိုတာလဲ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတုံးက ဆရာ ဆရာမတွေရဲ့ အစစအရာရာ ထိမ်းသိမ်းမှုအောက်မှာ နေကြရတယ်။ တက္ကသိုလ်ရောက်လာ တဲ့အခါကျတော့ သိတတ်တဲ့အရွယ်ဖြစ်ပြီလို့ သဘောထားတဲ့အတွက် ဆရာဆရာမတွေ မျက်စိဒေါက်ထောက် ကြည့်ရှုမှု မရှိတော့လို့ တချို့ကျောင်းသားတွေ အောက်ခြေလွတ်ပြီး တက္ကသိုလ်က ပျော်ဖို့ကောင်းလိုက်တာလို့ ဆိုကြတယ်။ အမှန်မှာတော့ တက္ကသိုလ်ဆိုတာ စာတွေလည်း များလာတယ်။ အဆင့်မြင့်လာတယ်။ ပေါ့ပေ့ါရော့ရော့နေ ပျော်ချင်သလိုပျော် နေတဲ့သူတွေအတွက် ပျက်စီးတတ်ကြတယ်။ များသောအားဖြင့် ယောကျာ်းလေးတွေပါ။
ꨁူးမေꨣယꨣ ꨅꨤꨯးꨁမ်းလꨱꨀ်း ꨟပ်ꨵꨅုမ်ꨳ ꨅဝ်ꨳပꨤꨯးမွꨓ်းယဝ်ꨵသေ မွꨀ်ꨲလꨤတ်ꨳေꨁꨣꨳꨀꨮꨤမ်း (ပီꨀွꨓ်းꨁမ်း ပꨤင်လူင်)
ꨁူးမေꨣယꨣ ꨅꨤꨯးꨁမ်းလꨱꨀ်း ꨟပ်ꨵꨅုမ်ꨳ ꨅဝ်ꨳပꨤꨯးမွꨓ်းယဝ်ꨵသေ မွꨀ်ꨲလꨤတ်ꨳေꨁꨣꨳꨀꨮꨤမ်း (ပီꨀွꨓ်းꨁမ်း ပꨤင်လူင်)
စိုင်းခမ်းလိတ်လည်း ယောက်ျားသားပေမို့ ပျော်တတ်ပါတယ်။ သို့သော် မိမိရဲ့ ရည်ရွယ် ချက်ကိုတော့ အပျက်မခံခဲ့ပါဘူး။ သူကျောင်းပျက်လို့ အတန်းမတက်ခဲ့ရင် သူ့ကို ကူညီပေးခဲ့တဲ့သူက နွဲ့နွဲ့တင်ပဲဖြစ်တယ်။ သူ့ရဲ့ မှတ်စုစာအုပ်တွေဟာ များသောအားဖြင့် နွဲ့နွဲ့တင်ရဲ့ လက်ရေးတွေသာများပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ရင်းနီးဖို့ ဆိုတာ (၁) ရှေးဘဝတုံးက မေတ္တာရေစက်ရှိခဲ့ကြတယ်။ (၂) ဒီဘဝမှာ တစ်ယောက်ကို တစ် ယောက်ကူညီဖေးမခဲ့ကြတယ်။ ဒီအကြောင်းနှစ်ခုကြောင့် တစ်ယောက်ကို တစ်ယောက် ချစ် ကြိုက်သွားကြတာပဲ။ သူတို့နှစ်ယောက်ကတော့ နှစ်ခုစလုံးကြောင့်ထင်တယ်။ စိုင်းခမ်းလိတ် လည်း လူရည်ချွန်ကို ရအောင်ယူမယ် ဆိုတဲ့ သူ့ရည်ရွယ်ချက်အတိုင်း ၁၉၇၃ ခုနှစ်မှာ လူရည်ချွန်သုံးထပ်ကွမ်းဖြစ်တဲ့ နွဲ့နွဲ့တင်နဲ့ လက်ထပ်လိုက်ကြတယ်။
သူတို့နှစ်ယောက် ညားသွားကြတာကို တချို့အမျိုးမျိုးဝေဖန်ကြ လေကန်ကြတယ်။ အများဆုံးအမေးခံရတဲ့ မေးခွန်းတစ်ခုကတော့ စိုင်းခမ်းလိတ် ဘာကြောင့် ရှမ်းမကို မယူသလဲ တဲ့။ သူကိုယ်တိုင်လည်း ရှမ်းမလေးများကို ကြိုက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုံးက ရှမ်းမမ တွေက သူ့ကို လက်မခံခဲ့ဘူး။ သူကိုယ်တိုင်ကလည်း အမြဲတမ်း ရှမ်းဘောင်းဘီဝတ်ပြီး တက္ကသိုလ်တက်ခဲ့တာကို တချို့ပျိုမေတွေက (တိုက်ဂေါ= တောဂိုက်)လို့တောင် ဆိုသေး တယ်။ တချို့လည်း ရှမ်းမျိုးချစ်ရူးလို့တောင် ဆိုသေးတယ်။ စိုင်းခမ်းလိတ်ရဲ့ သဘောကတော့ အပေးအယူသီချင်းထဲကလို မင်းလာမယ်ဆိုရင် ကိုယ်ခင်းပေးပါ့မယ် ဒါပေမယ့် ဒီလမ်းကို မင်းထာဝရလျှောက်ရမယ် . . . ပါ။ ဒါကြောင့် နောက်ဆုံး ခင်းပေးတဲ့လမ်းပေါ် ထာဝရလျှောက် မယ့် နွဲ့နွဲ့တင်ကိုပဲ လက်ထပ်ခဲ့ပါတော့တယ်။
အိမ်ထောင်ပြုဖို့အတွက် စိုင်းခမ်လိတ်တစ်ယောက် အတွေးတွေများစွာနဲ့ မိုးလင်းခဲ့ပေါင်း မနဲတော့ပါ။ နွဲ့နွဲ့တင်နဲ့ အိမ်ထောင်ပြုတဲ့ကိစ္စကို သူ့ရဲ့ သီချင်းဖြစ်တဲ့ `ဒို့နှစ် ယောက်ရဲ့အချစ်“သီချင်းကို ခံစားကြည့်ရင် နားလည်ကြမှာပါ။ သူနဲ့ မဆုံဖြစ်ခဲ့တဲ့ ရှမ်းမင်း သမီးများအတွက်လည်း ရှမ်းသီချင်းအချို့ စိုင်းခမ်းလိတ်ရေးထားတာ ရှိပါတယ်။ အဓိပ္ပါယ်အချို့ကတော့ “ တစ်ညလုံး နိုးခဲ့သော်လည်း အိပ်ယာကမထဘဲနဲ့ မိုးလင်းတဲ့အခါ ငါ့ကို မှတ်မိရင်လည်း မခေါ်နဲ့တော့“ တဲ့။ နောက်တစ်ပုဒ်ကတော့ `လွယ်ဆမ်ဆစ်` သီချင်း ပါ။ အိမ်ထောင်ပြုပြီဆိုရင် အမျိုးသားက အိမ်ထောင်ဦးစီးတာဝန်ကို ဦးလည်မသုန် ထမ်းရွက်ရ မှာဖြစ်ပါတယ်။ အဲဒီတာဝန်ကို ကျေပြွန်အောင် ဒေါက်တာစိုင်းခမ်းလိတ် ထမ်းဆောင်ခဲ့လို့ သူရေးတဲ့ `ဒီတောင်ကို မောင်ဖြိုပါ့မယ်`ဆိုတဲ့သီချင်းက ပေါ်လွင်စေခဲ့တယ်။
နောက်ပြီးတော့ သူများရဲ့ သမီးပျိုကို လက်ထပ်ယူပြီး မိမိရဲ့ ကြင်ယာအပေါ် ကတိ သစ္စာမရှိခဲ့ရင်၊ အိမ်ထောင်ရေးတာဝန် မကျေပြွန်ခဲ့ရင် `အလကားလူ` ဆိုပြီး အများရဲ့ ကဲ့ရဲ့မှုကို ခံရမယ်။ ဒေါက်တာစိုင်းခမ်းလိတ်လဲ သူ့အချစ်ဟာ သူများထက်မလျှော့ကြောင်း `မန္တလေးရောက် ရှမ်းတစ်ယောက်`သီချင်းက `မန်းပျိုဖြူတစ်ယောက်ကို ရှမ်းချစ်လည်း ဗမာထက် မလျှော့တာ တကယ်တမ်းပြခဲ့တယ်`လို့ ဆိုထားတယ်လေ။
ဒါကတော့ ဒေါက်တာစိုင်းခမ်းလိတ်ရဲ့ ဖြစ်စဉ်တချို့ကို ဖေါ်ပြခြင်းပါ။ လူတိုင်းလူတိုင်း ဟာ မိမိတို့ရဲ့ အမျိုးအနွယ်ကို စောင့်ရှောက်ရမည့် တာဝန်ရှိပါတယ်။ ရှမ်းလူငယ်များ လူမျိုးခြားတွေနဲ့ အိမ်ထောင်ပြုသွားတာကို ရှေးရေစက်မို့လို့ ဆိုရမလား။ ဒါပေမယ့် အမျိုးအ နွယ်ကိုစောင့်ရှောက်ဖို့တော့ ဆရာကြီး ဦးစိုင်းအောင်ထွန်းရဲ့ စကားနဲ့ လက်ဆောင်ပါးပါရစေ။
“ငါတို့ ရှမ်းတွေဟာ တောတောင် သျှိုမြှောင် သစ်ပင်တွေအကြား၊ လယ်တော ယာတောတွေ အကြား အမျိုးအနွယ်ကို စောင့်ရှောက်ရင်း နေထိုင်လာခဲ့ကြတာ နှစ်ပေါင်း ၄၀၀၀ ကျော်ခဲ့ သော်လည်း ငါတို့အမျိုးအနွယ် မပျောက်ပျက်ခဲ့ဘူး။ ယနေ့တိုင် တည်ရှိနေတယ်။ ဒါပေမယ့် နောင်အနာဂတ်မှာ တောတောင်သစ်ပင်တွေ လယ်ယာတွေ ပျောက်ပျက်ကုန်ပြီး ငါတို့တတွေ လူမျိုးခြားတွေရဲ့ အကြားမှာ နေထိုင်သွားကြရမယ်။ ဒါကြောင့် လူမျိုးခြားအကြားမှာ နေရမယ့်အချိန် ငါတို့အမျိုးအနွယ် မပျောက်ပျက်အောင် ဘယ်လို နေထိုင်သွားရမှာလဲ။ အမျိုးဘာသာ သာသနာ မပျောက်ပျက်အောင် နည်းလမ်းသစ် ရှာရမှာပဲ“ တဲ့။
ရှမ်းပညာရှင်တစ်ယောက်ရဲ့ စကားလည်း မှတ်သားစရာကောင်းပါတယ်။ အဲဒါက တော့ “ရှမ်းသားသမီးတိုင်း ရှမ်းမိခင်ဖခင်ဖြစ်အောင် ကြိုးစားရမယ်၊ ရှမ်းဖိုးဖိုး ရှမ်းဖွားဖွား ဖြစ်အောင် ကြိုးစားရမယ်“ တဲ့ ဒီစကားကတော့ မိမိတို့ရဲ့ သားမြေးတွေ ရှမ်းဖြစ်ရင် မိမိတို့ လည်း ရှမ်းဖေဖေ ရှမ်းမေမေ ရှမ်းဖိုးဖိုး ရှမ်းဖွားဖွားဖြစ်သွားမှာပါ။
ꨓꨤင်းꨁမ်းꨓꨯွꨵလꨱꨀ်း၊ မေꨣယꨣꨅꨤꨯးꨁမ်းလꨱꨀ်း၊ မေꨣယꨣꨓꨯွꨵꨓꨯွꨵတိꨓ်ꨲ (ပီꨀွꨓ်းꨁမ်း ဝꨱင်းပꨤင်လူင်)
ꨓꨤင်းꨁမ်းꨓꨯွꨵလꨱꨀ်း၊ မေꨣယꨣꨅꨤꨯးꨁမ်းလꨱꨀ်း၊ မေꨣယꨣꨓꨯွꨵꨓꨯွꨵတိꨓ်ꨲ (ပီꨀွꨓ်းꨁမ်း ဝꨱင်းပꨤင်လူင်)
ဒေါက်တာစိုင်းခမ်းလိတ်မှာ သူ့ရဲ့ မျိုးဆက်သစ်အဖြစ် ထွန်းကားခဲ့တာကတော့
(၁) နန်းခမ်းနွဲ့လိတ် ၁၉၇၄
(၂) နန်းခမ်းဥလိတ် ၁၉၇၉
(၃) နန်းခမ်းဟန်လိတ် ၁၉၈၃
(၄) စိုင်းခမ်းစိုးလိတ် ၁၉၈၇ တို့ဖြစ်တယ်။
လူဆိုတာ လောကဓံ အကောင်းအဆိုးကို မလွတ်နိုင်ပါ။ ဒေါက်တာစိုင်းခမ်းလိတ်လည်း လောကဓံအမျိုးမျိုးကို ခံရသော်လည်း သူ့ရဲ့ရည်ရွယ်ချက် ဦးတည်ချက်ကိုတော့ မပြောင်း လဲစေခဲ့ဲပါဘူး။ သူရေးသားခဲ့တဲ့ သီချင်းတွေထဲမှာ သဘာဝတရား နိယာမတရားတွေကို ပီပြင်စွာ ဖေါ်ညွှန်းတဲ့အတွက်ကြောင့် လူအများလက်ခံလာကြတယ်။ နောက်တစ်ချက်ကတော့ ကိုယ်ပိုင်သံစဉ်ဖြစ်လို့ ပိုပြီး တန်ဖိုးထားကြတယ်။
လူဆိုတာက ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းအကြားကနေ အသက်ရှင်ကြီးပြင်းလာခဲ့ခြင်းပါ။ တေးရေးဆရာ ဒေါက်တာစိုင်းခမ်းလိတ်လည်း မလွှတ်နိုင်ခဲ့ပါဘူး။ သူရေးခဲ့တဲ့ သီချင်းတွေ ထဲမှာ အတွေးအခေါ်တွေ ကောင်းမွန်ပြီး သံစဉ်စာသားတွေ လေးနက်နုညက်ပေမယ့် ကဲ့ရဲ့ အပြစ်ရှာတဲ့သူတွေလည်း မရှားပါဘူး။ ရှမ်းစကားပုံတစ်ခုကတော့ “ အကဲ့ရဲ့လွတ်ရင် မိုးကြိုး ပစ်တတ်တယ်တဲ့“ ဒါကြောင့် ကဲ့ရဲ့တဲ့သူကြောင့် ဒို့တတွေ မိုးကြိုးအပြစ်မခံရလို့ သူတို့ကို တောင် ကျေးဇူးတင်ရမလို ဖြစ်နေတယ်။
စိုင်းခမ်းလိတ်ရဲ့ အဝေဖန်ခံရဆုံး သီချင်းစာသားတစ်ပိုဒ်ကတော့ “ မောတော့ မောတာပေါ့ ဒါပေမယ့် မမောဘူး“ဆိုတဲ့ဟာပါ။ (အကျယ်ကို ရှမ်းအနုပညာရှင် ထူးချွန်ဆုရ စိုင်းထီးဆိုင်အကြောင်းမှာ ဖတ်ရှုပါရန်)
ကိုယ်တို့ချစ်တဲ့ဘီး၊ ဘီးနံပါတ် OK 0122L စတဲ့ စက်ဘီးနဲ့ပတ်သက်တဲ့ သီချင်းတွေ ကတော့ ကာတွန်းတစ်ခုကို စာရေးသူဖတ်မိတယ်။ သူခိုးတစ်ယောက် လက်ဖက်ရည်ဆိုင်က ဖွင့်တဲ့ သီချင်းကို နားထောင်မိပြီး စိတ်ညစ်နေတဲ့ပုံပါ။ သူခိုးနားပိတ်ပြီး ညီးညူနေတာကတော့ “သီချင်းရေးဆရာရဲ့စက်ဘီးကို မသိလို့ ခိုးမိခဲ့တာပါ. . . အခုတော သီချင်းနဲ့ လူကိုနှိပ်စက် နေပါလား“တဲ့။
၁၉၇၉ တုံးက ဒေါက်တာစိုင်းခမ်းလိတ်က မေမြို့ဆေးရုံမှာ တာဝန်ကျခဲ့တယ်။ အဲဒီတုံး က စာရေးသူ ၉ တန်းကျောင်းသားပါ။ ဦးစိုင်းခွန်လူ ဒေါ်နန်းခမ်းလုံတို့နဲ့ လိုက်သွားရပြီး လူကြီးတွေ ပြောတာကိုပဲ နားထောင်ခဲ့ရတယ်။ မေမြို့မိုး သီချင်းကိုရေးဖြစ်တဲ့အခွင့်ပါ။ ၁၉၇၈ တုံးကလည်း ဦးစိုင်းခွန်လူတို့နဲ့ အတူ မန္တလေး၊ စိန်ကျော်ကွေ့ရှိ ဒေါက်တာစိုင်းခမ်းလိတ်တို့ အိမ်ကိုလည်း တစ်ခေါက်ရောက်ဖူးသေး တယ်။ အဲဒီအချိန် နန်းခမ်းနွဲ့လိတ်က ၄ နှစ်သမီး အရွယ်ပါ။
၁၉၈၃ ခုမှာတော့ ဒေါက်တာစိုင်းခမ်းလိတ် ရန်ကုန် မင်္ဂလာဒုံ ဆေးတက္ကသိုလ် ၂ မှာ M.Med.Sc (Anatomy)တက်ခဲ့ပြီး ၁၉၈၉ မှာ M.Med.Sc (Anatomy) ဘွဲ့ကို ရခဲ့ပြန်တယ်။
၁၉၉၁ ခု မန္တလေးတက္ကသိုလ်များ ရှမ်းစာပေယဉ်ကျေးမှု ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင် ရတယ်။ သူတို့ တက္ကသိုလ်ကျောင်းသားခေတ်အတွင်း နွေရာသီကျောင်းပိတ်ရက်မှာ ရှမ်းစာပေ အသုံးလုံးကို ရှမ်းရွာတွေမှာ သွားသင်ကြားပို့ချပေးခဲ့တယ်။ ရှမ်းစာပေ မူသစ် သန္ဓေတည်ခဲ့တာ ကတော့ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်း ဆရာတော် ဦးဝိဇယနန္ဒ၊ စဝ်ဆိုင်မိန်း(ကျိုင်းတုံ)တို့ ကစတင် မျိုးစေ့ချခဲ့တာပါ။ ဆရာကြီး ဦးစိုင်းအောင်ထွန်းလက်ထက်မှာတော့ အဲဒီရှမ်းစာပေ မျိုးကို စတင်ပွားပေးခဲ့တယ်လို့ ဆိုရမယ်။ အဲဒီနောက် ဦးစိုင်းဖက ရန်ကုန်၊ မန္တလေး၊ ပျဉ်းမနား၊ မြစ်ကြီးနား၊ လားရှိုး၊ တောင်ကြီးစတဲ့ တက္ကသိုလ်ကျောင်းသားများကို ဦးဆောင်ပြီး ရှမ်းခေတ် သစ်စာပေများကို နေရာအနှံ့သင်ကြားပို့ချခဲ့တယ်။
ရှမ်းစာပေသင်တန်းမှာ သီဆိုဖို့ စာပေဆိုင်ရာသီချင်းများကိုလည်း ဒေါက်တာစိုင်းခမ်း လိတ်က ရေးသားပေးခဲ့ပြီး သင်တန်းဆရာများ ကျောင်းသားများအတွက် ပျော်ရွင်မှုကိုဖြစ် စေတဲ့အပြင် အားဆေးတစ်ခွက်ဆိုရင်လည်း မမှားပါဘူး။ ရှမ်းစာပေ သင်တန်းကျောင်းလည်း မရှိသလို၊ ရှမ်းဆရာဆရာမအတွက်လည်း လခဆိုတာ မရှိခဲ့ပါဘူး။ ဒါကြောင့် အားလပ်တဲ့ နွေရာသီမှာ ရက်တိုသင်တန်းပဲဖွင့်နိုင်ခဲ့တယ်။ စာသင်တဲ့အချိန်ကလည်း ရွာသားတွေအဖို့ နေ့လည်ပိုင်း မအားတဲ့အတွက် ညပိုင်းမှသာ သင်တန်းဖွင့်ခဲ့ရတယ်။ ဒါကြောင့် စိုင်းခမ်းလိတ် ရဲ့ ရှမ်းသီချင်းတစ်ပုဒ်က အဲဒီလိုဆိုထားတယ်။ ညအချိန်ဟာ အိပ်ဖို့ပဲလား. . . တဲ့။ ဆိုလိုတာ က ညဆိုတာ အိပ်ဖို့သက်သက်မဟုတ်ဘဲ မိမိတို့ရဲ့ စာပေများကို လေ့လာသင်ယူရမယ်။ မိသားစုအလိုက် သင်ပေးသွားရင်လည်း လွယ်ကူစွာနဲ့ ရေးတတ်ဖတ်တတ်သွားကြမှာပါ။ တက္ကသိုလ်ကျောင်းသားများ နယ်ဆင်းပြီး ရှမ်းစာ သင်ကြားမှု လျှော့ပါးလာတဲ့အချိန် သံဃာ တော်များက ရှမ်းဗုဒ္ဓဘာသာယဉ်ကျေးမှုကို နှစ်စဉ် ပို့ချလျှက်ပါ။
၁၉၉၀ မှာတော့ ဒေါက်တာစိုင်းခမ်းလိတ်ဟာ မန္တလေးဆေးတက္ကသိုလ် ခန္ဓာဗေဒမှာ ကထိက အဖြစ် တာဝန်ထမ်းဆောင်တယ်။ အရင်တုံးက ကျောင်းသားဖြစ်ခဲ့ပေမယ့် ယခုတော့ ဆရာအဖြစ် တက္ကသိုလ်ကို ပြန်ရောက်လာခြင်းပါ။ ၁၉၉၂ ခု ၄၂ (စိန်ကျော်ကွေ့) လမ်းမှာရှိတဲ့ အိမ်ဟောင်းက နေ ၆၉ လမ်း ၄၁/၄၂ လမ်းကြားရှိ မိုင်ဆုံဂေဟာကိုပြောင်းရွှေ့လာတော့တယ်။
၁၉၉၃ ခု မန္တလေး တက္ကသိုလ်များ ရှမ်းစာပေယဉ်ကျေးမှု ဥက္ကဋ္ဌတာဝန်ကို မယူတော့ ဘဲ အထွေထွေအတွင်းရေးမှူးတာဝန်ကိုတော့ ဆက်လက်ယူနေခဲ့တယ်။ ၁၉၉၅ ခုတော့ ကျန်း မာရေးအခြေအနေကြောင့် (ခါးရိုးနာ) ကထိကတာဝန်ကို အနားယူလိုက်တယ်။ ၁၉၉၅ ခုမှာတော့ မြန်မာပြည် တက္ကသိုလ် ရှမ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်းခံရ တယ်။ အရှင်ဓမ္မသာမိ (ကေလဏီယျတက္ကသိုလ်၊ ကိုလံဘို၊ သီရိလင်္ကာ)နဲ့ အရှင်သုခမိန္ဒ (နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ရန်ကုန်)တို့ကိုလည်း နာယကအဖြစ် ရွေးချယ်ထား တာကိုလည်း တွေ့ရတယ်။ ၁၉၉၅ ခု ဒေါက်တာစိုင်းခမ်းလိတ်ဦးဆောင်ပြီး တက္ကသိုလ်လူငယ် များ ကျန်းမာရွှင်လန်းစေဖို့၊ ခင်မင်ရင်းနီးစေဖို့ အတွက် မန္တလေးနဲ့ တောင်ကြီး ရှမ်းလူငယ် ဘောလုံး အသင်းကို ဖွဲ့စည်းပေးခဲ့ပြီး ပြိုင်ပွဲများ ကျင်းပပေးခဲ့တယ်။ ပြီးတော့ အင်းလေးဖောင် တော်ဦး ဘုရားဖူးရင်း ဝက်သားကင်ကျောင်းကို ရောက်သွားတဲ့အချိန် ဘုရားရှိခိုးဆိုင်ရာ သီချင်းရေးဖို့ အတွေးသစ်တစ်ခုရလာခဲ့ကာ ၁၉၉၇ ခုတွင် စီးရီးတစ်ခွေစာအဖြစ် အကောင် အထည်ဖေါ်နိုင်ခဲ့တယ်။ စီးရီးခေါင်းစဉ်ကတော့ “ ဘုရားတရားသံဃာနဲ့ ဗုဒ္ဓဝင်အကျဉ်း“ဖြစ် ပြီး နန်းခမ်းနွဲ့လိတ်ဆိုထားတာပါ။
၁၉၉၈ ခု သမီးဖြစ်သူ နန်းခမ်းဥလိတ်က ပြင်ဦးလွင် အထက (၂) (ယခင် စိန်အဲဘတ်) မှာ ဂုဏ်ထူး (၄) ဘာသာနဲ့ အောင်မြင်ခဲ့တဲ့အတွက် ဒေါက်တာစိုင်းခမ်းလိတ် အဲဒီပညာရည် ချွန် ဆုပေးပွဲကို တက်ရောက်ခဲ့တယ်။ သူ့သမီးအတွက် Let Your Light Shine သီချင်းရေးစပ် ပေးပြီး စိုင်းဆိုင်စွမ်ဖက ကီးဘုတ်တီး၊ နန်းခမ်းနွဲ့လိတ်နဲ့ နန်းခမ်းဥလိတ်တို့က အဲဒီဂုဏ်ပြုပွဲ မှာ သီဆိုခဲ့ကြတယ်။
၁၉၉၉ ဧပြီလ ၂၇ ရက်နေ့မှာ ဒေါက်တာစိုင်းခမ်းလိတ်ရဲ့ နှစ် (၅၀)ပြည့် ရွှေရတုမွေးနေ့ ပွဲကို မန္တလေး တက္ကသိုလ်များ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြီး မန္တလေးတက္က သိုလ်မှာ ကျင်းပပေးခဲ့တယ်။ ညပျော်ပွဲရွှင်ပွဲကိုတော့ မန္တလေး ရှမ်းလူငယ်မောင်မယ်များက ရှမ်းသာရေးနာရေးအသင်းမှာ ကျင်းပပေးသွားခဲ့တယ်။
တစ်ကမ္ဘာလုံး ခရစ် ၂၀၀၀ ပြည့်ကို ကြိုဆိုတဲ့အချိန် တေးရေးဆရာ ဒေါက်တာစိုင်းခမ်း လိတ်က ရှမ်း၊ မြန်မာ၊ အင်္ဂလိပ် ကဗျာတစ်ပုဒ်ကို ရေးစပ်ပြီး ကြိုဆိုခဲ့သေးတယ်။ အဲဒါကတော့
ꨡွင်ꨲꨕꨯꨤꨲပုꨓ်ꨵ ꨟဝ်းꨕꨓ်ꨟꨓ်
ꨡꨓ်လꨤမ်း ꨡꨓ်ပꨱꨓ် မိူꨓ်ꨀꨓ်ꨬလꨳ
ဝူꨓ်ꨵတꨣꨲတူဝ် ꨅွမ်းထိုင်တီꨳꨁွင်
ပွင်တꨣꨲသတ်း တင်းသꨱင်ꨳꨬလꨳ။
အိပ်မက်လွန်နေရာ
မှန်းတာ ညီမျှခြင်း ဖြစ်တာ၊
အတ္တတွေး ဆုံးထိ လိုက်ရှာ၊
များသတ္တဝါအတွက် ဖြစ်လာ။
A place beyond dream,
Where what seems is what has been;
A thought for oneself pursued,
Turns out for all living things.
၂၀၀၀ ပြည့်နှစ်မှာ ဒေါက်တာနွဲ့နွဲ့တင်က ကျိုင်းတုံဆေးရုံမှာ တာဝန်ကျလို့ စိုင်းခမ်း လိတ်လည်း ကျိုင်းတုံကို အတူလိုက်သွားခဲ့တယ်။ သီချင်းရေးဆရာကတော့ ဘယ်မှာ ရောက် ရောက် ဘာကိုတွေ့တွေ့ ခံစားချက်နဲ့အညီ တေးတွေစီဖြစ်သွားတတ်ကြတာပဲ။ ကျိုင်းတုံ မှာတော့ (ကျိုင်းတုံစံအိမ်) ဆိုတဲ့ သီချင်းတစ်ပုဒ် ရေးဖြစ်ခဲ့သေးတယ်လို့ဆိုတယ်။ အဲဒီနှစ်မှာ ဒေါက်တာဓမ္မသာမိနဲ့ ကျိုင်းတုံမှာ ဆုံတွေ့ခဲ့ပြီး ပုဂ္ဂိုလ်နှစ်ဦးရဲ့ စကားမှတ်တမ်းတချို့က ဒီလိုပါ
(လိတ်) အခုလို အရှင်ဘုရားတို့ နိုင်ငံခြားမှာ စာတွေအောင်လာတာ တွေ့ရတော့ တပည့်တော် ဝမ်းသာ ဂုဏ်ယူပါတယ်ဘုရား။
(အရှင်) အခုလို ဘုန်းဘုန်းတို့ အောင်မြင်လာခဲ့တာကလည်း ဒကာကြီးတို့ အင်္ဂလိပ်စာတတ်တာကို အားကျလို့ ကြိုးစားပြီး အဲလိုဖြစ်လာတာပါ . . . တဲ့။
၂၀၀၁ ခုနှစ်မှာ ရန်ကုန် ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့က ဒေါက်တာစိုင်းခမ်းလိတ်အား ရှမ်းစာပေထူးချွန်ဆုကို ချီးမြှင့်ခဲ့တယ်။ ကိုးမိုင်ရှမ်းကျောင်းမှာ ကျင်းပတဲ့ ၂၀၉၅ ရှမ်းနှစ်သစ် ကူး အချိန်မှာ ချီးမြှင့်ခဲ့တာပါ။
၂၀၀၃ ခု သား စိုင်းခမ်းစိုးလိတ်က ဆယ်တန်းကို ဂုဏ်ထူးခြောက်ဘာသာနဲ့ အောင်ပြီး မန္တလေးတိုင်းမှာ နံပါတ်တစ်၊ မြန်မာတစ်ပြည်လုံးမှာ ဒုတိယရလို့ ရန်ကုန်၊ ပညာရေးဝန်ကြီး ဌာနက ကျင်းပတဲ့ ဂုဏ်ပြုပွဲကို ဖခင်ဖြစ်သူ ဒေါက်တာစိုင်းခမ်းလိတ် သွားတက်ရောက်ခဲ့တယ်။
၂၀၀၄ ခု မန္တလေး ရှမ်းစာပေနှင့် ယဉ်ကျေးမှု နာယကဖြစ်ပြီး ယခုတိုင် တာဝန်ယူ လျက်ပါ။ ၂၀၀၇ ခု မန္တလေး ဂီတအစည်းအရုံးမှာ ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရတယ်။ ယခုတိုင် အဲဒီတာဝန်ကို ယူနေဆဲပါ။ ဒီ ၂၀၀၇ မှာပဲ ဒေါက်တာဓမ္မသာမိ ဖိတ်လို့ လန်ဒန်ကို ရောက်သွားပြီး ရှမ်းယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲမှာ စာတမ်းဖတ်ခဲ့တယ်။ အဆိုတော်စိုင်းထီး၊ နန်းခမ်းနွဲ့လိတ်၊ ဒေါက်တာစိုင်းစံအိုက်တို့လဲ လိုက်ပါသွားကြတယ်။ ရှမ်းနှစ်သစ်ကူးကိုလဲ အဲ ဒီမှာပဲ ဆင်နွဲခဲ့တယ်။
၂၀၀၈ ခု မေလ ၁၇ ရက် ပင်လုံမြို့၊ ပိဋကတ်ရှမ်းဘာသာပြန်အဖွဲ့ချုပ်၊ ပရိယတ္တိ သဒ္ဓမ္မပါလစာပွဲတော် နှစ် (၅၀) ပြည့် ရွှေရတုသဘင်မှာ ဒေါက်တာစိုင်းခမ်းလိတ်အား တေးရေးဆရာ ရှမ်းအနုပညာရှင်ထူးချွန်ဆု ကို ချီးမြှင့်ခဲ့တယ်။ ဂုဏ်ပြုလက်မှတ်၊ တံဆိပ်နဲ့ ကျပ်ငွေဆယ်သိန်းပါ။ ဒေါက်တာစိုင်းခမ်းလိတ် ယခုလို ရှမ်းအနုပညာရှင် ထူးချွန်ဆုရတာကို မြင်တွေ့ရလို့ ပရိသတ်တွေအားလုံး ဝမ်းသာမဆုံးဖြစ်ကြရတယ်။ အမျိုး ဘာသာ သာသနာ အတွက်နှစ်ရှည်လများ မနေမနား ကြိုးစားလာလို့ ဒီဆုကို ထိုက်ထိုက်တန်တန်ရရှိတဲ့အတွက် ဆုယူချိန်မှာ လက်ခုပ်သံတွေဟာ မိုးထက်ညံသွားပါတော့တယ်။
ဒေါက်တာစိုင်းခမ်းလိတ်ကိုယ်တိုင် ပင်လုံပရိယတ္တိသဒ္ဓမ္မပါလ နှစ် (၅၀) ရွှေရတုသဘင် ကို လာတွေ့ရတော့ များစွာ စိတ်စွမ်းအားတွေ တက်လာခဲ့ပြန်တယ်။ မိမိရဲ့ နောက်မှာ ပရိ သတ်တွေ အများကြီးရှိလို့ ပိုမိုအားရှိလာကြောင်းပါ။ အဲဒီပွဲတုံးက ဇနီးဒေါက်တာဒေါ်နွဲ့နွဲ့တင်၊ သမီးနန်းခမ်းနွဲ့လိတ်တို့လည်း လိုက်လာခဲ့ကြတယ်။ ရွှေရတုပွဲတော်အတွင်း ဒေါက်တာစိုင်း ခမ်းလိတ်က ဘာသာရေးနဲ့ဆိုင်တဲ့ ခေတ်ရှမ်းသီချင်းတစ်ပုဒ်ကိုလည်း ရေးဖွဲ့သွားနိုင်ခဲ့တယ်။ (စွမ်းလန်စောဝ်ဖရား= ဘုရားရှင်ရဲ့ နောက်ကိုလိုက်မယ်) တဲ့။
မျိုးဆက်သစ် ရှမ်းအနုပညာရှင်များလည်း ဒေါက်တာစိုင်းခမ်းလိတ်ကို ကြိုဆိုဂါရဝ ပြုကြတာတွေ့ရတယ်။ အားလုံးဟာ အနုပညာအင်အားတွေ ပိုမိုလန်းဆန်း အားပြည့်လာ သလို ခံစားနေကြရတယ်။ အနုပညာသမားဆိုတာ အားပေးသူရှိလေ အားပြည့်လေမဟုတ် လား။
ဒေါက်တာစိုင်းခမ်းလိတ်ရေးဖွဲ့ခဲ့တဲ့ စာပေ သီချင်းများကတော့-
- ရှမ်းသီချင်း အပုဒ်ပေါင်း ၆၀၀ ခန့်
- မြန်မာသီချင်း အပုဒ်ပေါင်း ၆၀၀ ခန့်
- အင်္ဂလိပ်သီချင်း အပုဒ်ပေါင်း ၃၅ ခန့်
- ကဗျာပေါင်း အပုဒ်ပေါင်း ၂၀၀ ခန့်
- ဘာသာပြန်ကဗျာ ၃၀၀ ခန့်
- ခုနစ်လုံးကဗျာ ၁ ပုဒ်
- ဘာသာပြန်ဝတ္ထု ၃ ပုဒ်
- ကိုယ်တိုင်ရေးဝတ္ထု ၁ ပုဒ်
- ဘာသာပြန်အဆိုအမိန့် ၂၀၀ ပုဒ်
စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းကို သီဆိုသူ (ရှမ်း)
စိုင်းထီးဆိုင်၊ စိုင်းဆိုင်မောဝ်၊ ဆခဟ၊ စိုင်းဆိုင်စွမ်ဖ၊ စိုင်းအောင်ထီးခမ်း၊ စိုင်းဆိုင်စွမ်မောဝ်၊ စိုင်းအိုက်ဆွန်၊ စိုင်းဖောင်း(န်)မောဝ်၊ နန်းမွေနွမ်ဖောင်၊ နန်းခမ်းနွဲ့လိတ်၊ ပုစွန်၊ နန်းခမ်းခင်၊ နန်းခမ်းနောင့်၊ နန်းဆာရာ။
စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းကို သီဆိုသူ (ဗမာ)
စိုင်းထီးဆိုင်၊ စိုင်းခမ်းသီ၊ စိုင်းဆိုင်မောဝ်၊ စောသိမ်းဝင်း၊ စိုင်းဆေးနော်၊ ခင်မောင်တိုး၊ ကျော်ဟိန်း၊ ဆက်မော်၊ စိုးသူ၊ ရင်ဂို၊ မျိုးကျော့မြိုင်၊ ဆောင်းဦးလှိုင်၊ အဲလက်စ်၊ စည်သူလွှင်၊ ဘိုဖြူ၊ အက်စစ်၊ မောင်မောင်ဇော်လတ်၊ ဟန်ထူးလွင်၊ ကိုင်ဇာတင်မုန်း၊ မေဆွိ၊ အယ်လ်ခွန်းရီ၊ ကေဇင်လတ်၊ မီမီဝင်းဖေ၊ နန်းခမ်းနွဲ့လိတ်၊ ရတနာဦး၊ ဆုန်သင်းပါရ်၊ နွေညီအစ်မများ။
အခု ဒေါက်တာစိုင်းခမ်းလိတ်ဟာ မန္တလေး၊ မိုင်ဆုံဂေဟာမှာ ဇနီးသားသမီးတို့နဲ့ အတူ နေထိုင်ပြီး ဝါသနာအရ သီချင်းတွေ ရေးနေဆဲပါ။ ဇနီးဒေါက်တာဒေါ်နွဲ့နွဲ့တင်ကတော့ ကလေး အထူးကုဆေးရုံမှာ တာဝန်ထမ်းလာခဲ့ပြီး ဒီ ၂၀၁၀ မှာတော့ ပင်စင်ယူပြီး အပြင် ဆေး ခန်းမှာပဲ အလုပ်လုပ်တော့တယ်။ သမီးကြီး နန်းခမ်းနွဲ့လိတ်ကတော့ B.E (Civil) ဘွဲ့ယူပြီး လန်ဒန်မှာ ကျောင်းသွားတက်နေဆဲပါ။ ( ) မှာ ( ) နဲ့ အိမ်ထောင်ကျခဲ့တယ်။ နန်းခမ်းအုလိတ်ကတော့ M.B.B.S ဘွဲ့ရ၊ နန်းခမ်းဟန်လိတ်ကတော့ B.A (English) ဘွဲ့ရကာ ကိုကိုမောင်နဲ့ အိမ်ထောင်ကျကာ ဒေါက်တာစိုင်းခမ်းလိတ်အတွက် မြေးနှစ်ယောက်ရစေသူပါ။ သားငယ် စိုင်းခမ်းစိုးလိတ်ကလည်း M.B.B.S ပါ။ သားသမီးများအားလုံးကို ဘွဲ့ရဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဖခင်ကောင်းဒေါက်တာစိုင်းခမ်းလိတ်နဲ့ မိခင်ကောင်း ဒေါက်တာနွဲ့နွဲ့ တင်ကတော့ သားသမီးအတွက် ပညာအမွေပေးခဲ့လေပြီ။
ရှမ်းအနုပညာရှင် ထူးချွန်ဆုရ ဒေါက်တာစိုင်းခမ်းလိတ်တစ်ယောက် ဇနီး သားသမီး မြေးမြစ်တွေနဲ့ အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ၊ အမျိုးဘာသာ သာသနာအတွက် တေးသီချင်းများ ဆက်လက်ရေးသားနိုင်ပါစေကြောင်း ဆုမွန်တောင်းအပ်ပါတယ်။
မှီငြမ်း-
(၁) စိုင်းအောင်မိန်း (မိုတိုင်း)ရေးတဲ့ “ရှမ်းအနုပညာရှင်ထူးချွန်ဆုရ ဒေါက်တာ စိုင်းခမ်လိတ်၏ ဂုဏ်ပြုမှတ်တမ်း“ ကို မှီငြမ်းသည်။
(၂) စာရေးသူ၏ ကိုယ်တွေ့၂၀၀၉ ခု ရွှေရတုပုံရိပ် မဂ္ဂဇင်းမှ ရှမ်းစာရေးဆရာ ဟိုင်းဆေခိုင်၏ စာမူကို ဆီလျှော်အောင် ဘာသာပြန်ထားသည်။
Ye Naung
Photo#Sai Thein Maung
No comments:
Post a Comment