Wednesday, April 13, 2022

ဦးကုလား၏ မဟာရာဇဝင်ကြီး

 စာသင်ခန်းထဲတွင်သမိုင်းအလိမ်ခံနေရသည်




ဦးကုလား၏ မဟာရာဇဝင်ကြီး အမှား သို့မဟုတ် ပုဂံခေတ်မတိုင်ခင်က ဗုဒ္ဓသာသနာရှင်းတမ်း

************************************************************************************

#ဦးကုလား_မဟာရာဇဝင်ကြီး

#သမိုင်းဆိုင်ရာအတွေးအမြင်

#Historical_article


ကျွန်တော်တင်ဖူးခဲ့တဲ့ မြန်မာပြည် ဗုဒ္ဓဘာသာသမိုင်း အပိုင်း ၁ ၂ ၃ ၄ ၅ ကိုဖတ်ပြီး တချို့လူတွေ ဒွိဟစိတ်လေးတွေ ဝင်သွားတာကို သတိထားမိပါတယ်။


မြန်မာပြည် သာသနာသမိုင်းကို လူတော်တော်များများ သိထားတာက အနော်ရထာမင်း က သထုံကို ချီတတ်ပြီး မနူဟာမင်းဆီက ပိဋိကပ်စာပေတွေပင့်ဆောင်လာတယ်ဆိုပြီး သိထားကြတာပါ။

တကယ့်သမိုင်းအမှန်ကို အပိုင်း၄ကို ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။


အပိုင်း၄ မှာတင်ပြခဲ့တာ ဦးကုလားရဲ့ မဟာရာဇဝင်ကြီး လုပ်ကြံစိတ်ကူးယဉ်ဇာတ်ကို အကျဉ်းချူံး တင်ပြထားတာဖြစ်ပါတယ်။


တကယ့်တော့ အားလုံးရဲ့အထင်မှား အမြင်အမှားတွေကို အားလုံးသိရအောင် ကျမ်းဂန်အထောက်အထား ကျောက်စာအထောက်အထားများနဲ့ ရေးသားတင်ပြလိုက်ပါတော့သည်။


တကယ်တော့ အနော်ရထာမင်းဟာ သထုံပြည်ကို စစ်မတိုက်ခဲ့သလို မနူဟာမင်းကိုလည်း ဖမ်းဆီူအကျဉ်းချထားတယ်ဆိုတာ မဟုတ်ခဲ့ပါဘူး။ သထုံကိုဂျွမ်းစစ်သားတွေ ဝင်တိုက်လို့ သထုံပြည်ကျတဲ့အချိန်မှာ မနူဟာမင်းက အနော်ရထာမင်းဆီမှာ လာရောက်ခိုလှုံခဲ့တာ။


နောက်ပြီး ဗုဒ္ဓရဲ့သားတော် အရှင်အရဟံလို ရဟန္တတစ်ပါးက ပိဋိကပ်၃ပုံကို ရဖို့ အနော်ရထာကို သထုံကိုစစ်တိုက်ခိုင်းတာ ဖြစ်နိုင်ပါ့မလား။ နောက်တစ်ချက်က အရှင်အရဟံက သထုံကို သွေးမြေကျအောင် အနော်ရထာကို ခိုင်းပါ့မလား။ 


ဂျွမ်းစစ်သားတွေကြောင့် သထုံပြည်ပျက်ခဲ့ရတယ်ဆိုတာ သမိုင်းအထောက်အထား အတိအကျရှိပါတယ်။ မနူဟာမင်းက ဂျွမ်းစစ်သားတွေရဲ့ ရန်ကိုရှောင်ရင်း ပုဂံမှာလာခိုလှုံပါတယ်။ အနော်ရထာမင်းကလည်း သူ့ရဲ့ စစ်သည်တွေနဲ့ သထုံက ဂျွမ်းစစ်သားတွေကို ပြန်တိုက်ခိုင်းခဲ့တာပါ။ 


#မူလအမှား ဦးကုလား


ပုဂံ၌ အနော်ရထာမင်းစော မတိုင်မီ နတ်နဂါးကိုးကွယ်မှု၊ အရည်းကြီး ကိုးကွယ်မှုများသာရှိခဲ့သည်။ 

အနော်ရထာမင်းသည် သထုံကို အောင်နိုင်ပြီးနောက် ပိဋကတ်သုံးပုံနှင့်တကွ ရှင်အရဟံကို ယူဆောင်ကာ ပုဂံ၌ ထေရဝါဒသနာ ထွန်းကားစေခဲ့သည်ဟု

ဦးကုလား ရေးသားသည့် မဟာရာဇဝင်ကြီး (အေဒီ၁၇၁၄၊ တနင်္ဂနွမေင်းလက်ထက်၊ ညောင်ရမ်းခေတ်) ၌ ဖော်ပြ ပါရှိခဲ့သည်။ 

၎င်း ကို ကိုးကားသော မှန်နန်းရာဇဝင်နှင့်၊ နောက်ရေး ပုဂံရာဇဝင်များ၌လည်း ထိုသို့သာ ရေးသားခဲ့ကြ အမှတ်မှားခဲ့ကြသည်။


#သမိုင်းပညာ ဆိုတာ


သမိုင်းပညာဆိုသည်မှာ ပြည်တွင်း ခေတ်ပြိုင်အထောက်ထားများ၊ ပြည်ပ ခေတ်ပြိုင်အထောက်အထားများ ရှုထောင့်စုံထောက်ခံမှု ရှိသော အချက်အလက် အခြင်းအရာ တို့ကိုသာ အမှန်သမိုင်းဟု လက်ခံမှုပြုပါသည်။ 

အထောက်အထား မရှိက သမိုင်းမရှိပါ (No evidence No history) ။ အထောက်အထား မပြနိုင်ပါက ရာဇဝင်စာ (ခေါ်) မှတ်တမ်း (Chronicle) ဟုသာ ခေါ်ဆိုပါသည်။ 

ထို ရာဇဝင်စာက ပြောသော အချက်အလက် အခြင်းအရာ တို့ကို အမှန်သမိုင်း ဟုလက်မခံပါ။


#ဆန်းစစ်ခြင်း


ထို့ကြောင့် ဦးကုလားပြောသလို အနော်ရထာခေတ်ရောက်မှ ပုဂံသို့ ထေရဝါဒ ရောက်သည် ဆိုသော အယူအဆ အတွက် အထောက်အထား ရှာရန်လိုအပ်ပါသည်။ 

ထိုသို့ လိုအပ်သော ကျောက်စာ အထောက်အထားများကို ရှာဖွေ ကြည့်သောအခါ . . .


၁။ အရည်းဆိုသော စကားကို တွေ့ရပါသည်။ သို့သော် ထိုအရည်း ဆိုသည်မှာ အာရညဝါသီ တောမှီ ပုဂ္ဂိုလ်၊ တောကျောင်း ဘုန်းကြီး များသာဖြစ်ပါသည်။ 

ပါးစပ်ရာဇဝင်များ၌ တွင်ကျယ်နေလို (ပန်းဦးလွှတ်ခြင်း) အစ ရှိသဖြင့် ယုတ်ညံ့သော အလုပ်များလုပ်သည်ဟု အထောက်အထား မရှိပါ။ 

ဘုရားတည်၊ ကျောင်းဆောက်၊ ပရဟိတ အလုပ်များ လုပ်ခြင်း စသည့် ကောင်းမှုကုသိုလ်များအတွက် အလှူမှတ်တမ်း ကျောက်စာ အထောက်အထားများသာ တွေ့ရှိရပါသည်။ 

ထို့အပြင် ပုဂံရာဇဝင်ကြီး ပေမူ တွင်လည်း အရည်းများ သောင်းကျန်းသောကြောင့် နှိမ်နင်းရသည် ဟု မပါရှိပါ။ (အရည်းဆရာကို တောကျောင်းဆရာ၊ ပွဲကျောင်းဆရာ များဟု မှတ်ယူရပါသည်)


၂။ အင်းဝခေတ် ပဲခူး ကလျာဏီသိမ်ကျောက်စာသည် အနော်ရထာခေတ်ထက် နှစ် ၄၀၀ ကျော် နောက်ကျ၍ ပုဂံခေတ် ခေတ်ပြိုင် အထောက် အထေက်အထား မဟုတ်ပါ။ 

ထို ကလျာဏီသိမ်ကျောက်စာ၌ ပုဂံနှင့်သထုံ စစ်ပွဲ ဖြစ်ခဲ့ကြောင်း မပါပါ။ အနော်ရထာမင်းစောသည် သထုံသို့ ချီတက်တိုက်ခိုက်သည် ဆိုသော အထောက်အထား မရှိ။ ကျောက်စာ မှတ်တမ်းလည်း မရှိ။ 

ပုဂံရာဇဝင်ကြီး ၌လည်း ထိုသို့ မဆိုပါ။

ထို့ကြောင့် ရာဇဝင်ကြီး၌ပါသော ပုဂံနှင့် သထုံ စစ်ပွဲကြီး ဖြစ်ခဲ့ကြောင်း အထာက်အထား မရှိ။ ပုဂံနှင့် သထုံ စစ်ပွဲကြီး မဖြစ်ခဲ့ပါ။


ပဲခူး ကိုးသိန်းကိုးသောင်း ဘုရားသမိုင်းတွင် ကြွမ်း (ဂျွမ်း) စစ်သည်များ (ခမာ) ဥဿာပဲခူး ကို ဝိုင်းထားစဉ် သထုံမင်း မနူဟာဘုရင်သည် ပဲခူးဘုရင်ထံ ခိုလှုံနေသည် ဟု ပါရှိပါသည်။ (အနော်ရထာမှ ကျန်စစ်သားနှင့် သူရဲကောင်းလေးယောက် ဦးဆောင်သာ စစ်တပ်ဖြင့် စစ်ကူပေးခဲ့သည်)


ထိုစဉ်အခါက အရှေ့တောင်အာရှဒေသ၌ အင်အားကြီးမားသော ဂျွမ်းစစ်တပ်ကြီး သည် ယိုးဒယား၊ မြန်မာနိုင်ငံတောင်ပိုင်း မှသည် ပဲခူးအထိ စစ်ထိုးလာခဲ့ပါသည်။ 


ပဲခူးမြို့အထိ လာဝိုင်းရံထားသော ထို ခမာစစ်တပ်၏ စစ်လမ်းကြောင်းကျရာ သထုံသည် ပဲခူး မကျမှီကတည်းက ကျခဲ့သည်မှာ အထင်အရှားပင် မဟုတ်ပါလော။


ထို့ကြောင့် ထိုစဉ်က သုဝဏ္ဏဘူမိသထုံသည် ပုဂံနှင့် စစ်ဖြစ်ခြင်း မဟုတ်ပဲ ဂျွမ်း ရန်ကြောင့် ပျက်စီးခဲ့ခြင်းသာ ဖြစ်ပါသည်။ 


သထုံဘုရင် မနူဟာသည်လည်း သထုံပျက်သောအခါ ပဲခူး၌ လာရောက်ခိုလှုံနေပါသည်။ ပဲခူးကို ဂျွမ်းစစ်သည်တို့ လာဝိုင်းသောအခါ မနူဟာသည် ပုဂံဘုရင် အနော်ရထာထံ ရွှေ့ပြောင်း ခိုလှုံခဲ့ခြင်းသာ ဖြစ်ပါသည်။


အနောက်လွန်မင်းလက်ထက် လှေသင်းစုစစ်တမ်းတွင် မနူဟာမင်းသည် လှေတော်ကြီး လေးစင်းနှင့် သမီးတော်ဆက်သကာ ပုဂံသို့ခိုလှုံရောက်ရှိကြောင်း၊ ယင်းလှေတော် လေးစင်းနှင့် လှေတော်သားများကို အနော်ရထာမင်းကြီးက လှေသင်းစုတစ်စု အဖွဲ့ဖွဲ့ပေးရာမှ ဆင်းသက်လာသော လှေသင်းစုဖြစ်ကြောင်း အစစ်ခံသည့် စစ်တမ်းရှိပါသည်။


(ကြပ်ကြပ်စဉ်းစား ကြည့်ကြပါ။ ဂျွမ်းစစ်တပ်ကြီးဟာ သထုံကို ဖြတ်သန်းပြီးမှ ပဲခူးကို ရောက်တာပါ။ ပဲခူးအထိ ဂျွမ်းစစ်တပ်ကြီး ရောက်လာမှတော့ စစ်လမ်းကြောင်းကျတဲ့ သထုံ ကျရှုံးပြီးဆိုတာ သိပ်ထင်ရှားပါတယ်။ သထုံဘုရင်မနူဟာ ကလည်း ပုဂံမှာ လာခိုလှုံခြင်းသာ ဖြစ်ပါတယ်။ )


ထို့ကြောင့် ဗျတ်ဝိ၊ ဗျတ္တနှင့် သထုံကို အနော်ရထာစစ်တိုက်ခဲ့ခြင်း ဆိုသည်မှာ ပုံဝတ္ထုဇတ်လမ်းသာ ဖြစ်ပါသည်။ ထိုပုံပြင်ဇတ်လမ်းကို ဦးကုလားက မဟာရာဇဝင်ကြီးမှာ ဘာကြောင့်ထည့်ရေးတာလဲ။ ဘယ်ကဟာကို ဦးကုလားက ယူရေးတာလည်း ဆန်းစစ်ဖို့လို့ပါသည်။


ဦးကုလား၏ အတ္ထုပ္ပတ္တိကို ပြန်ကြည့်သော် အဖဘက်မှ သူဌေးမျိုး။ 


အမိဘက်မှ အဖွားသည် ယိုးဒယား ပိဿလောက်စော်ဘွားသမီး စောဘုန်းရှိ ဖြစ်ပါသည်။ သမိုင်းသုတေသီ တို့၏ ဆန်းစစ်ချက်၊ လေ့လာချက်များအရ ဦးကုလားသည် မဟာရာဇဝင်ကြီး၌ ယိုးဒယားဘက်မှ ဇတ်လမ်းများ ထည့်ရေးခြင်းမျှသာ ဖြစ်တန်သည်။ 


ဦးကုလားသည် ထိုခေတ် ပွဲကျောင်းများကို နှိပ်ကွပ်လို၍ အရည်းကြီးဇတ်လမ်းများယုတ်ညံ့စေရန် သူ့အဘွား ထံမှရသော ယိုးဒယားဘက်မှ ဇတ်လမ်းကို ထည့်ရေးခြင်းသာ ဖြစ်သည်။ 


ပုဂံစစ်ပွဲ ဆိုသည်မှာလည်း သူ့အဘွားဘက်မှ ရသော ယိုးဒယားဖြစ်ဇတ်လမ်းကို ထည့်ရေးခြင်း မျှသာ ဖြစ်တန်သည်။ ထို့ကြောင့် သထုံ ပုဂံ စစ်ပွဲမှ ဗျတ်ဝိ၊ ဗျတ္တ ဇတ်လမ်းများမှာလည်း ဦးကုလား၏ ရေးသားချက်သာ ဖြစ်ပါသည်။


ဦးကုလားသည် အနော်ရထာဘုရင်၏ သာသနာရေး ဆောင်ရွက်ချက်များကို အလွန်အမင်း ဂုဏ်မြှောက်လို၍ အသောကမင်းကြီး သာသနာ မြှောက်စားပုံ အချက်များကို ဆင်တူယူ ရေးသားခဲ့ဟန်ရှိသည်။


အနော်ရထာက သထုံကိုလည်း မတိုက်၊ သထုံမှ ရှင်အရဟံနှင့် ပိဋကတ်သုံးပုံ ကြောင့်လည်း မဟုတ် ဆိုလျှင် ပုဂံသည် ထေရဝါဒဗုဒ္ဓသာသနာကို ဘယ်က ရသနည်း။


ဟုတ်ကဲ့။ သရေခေတ္တရာ ခေါ် သီရိခေတ္တရာ မှ ရပါသည်။ ထို့ပြင် ပုဂံ၌ အနော်ရထာ မတိုင်မီ ထေရဝါဒဗုဒ္ဓ သာသနာ ရှိကြောင်း အထောက်အထားများ ကျောက်စာများ လည်း ရှိပါသည် ခင်ဗျား။


၁။ အနော်ရထာမင်း၏ ဖခမည်းတော်ကွမ်းဆော်ကြောင်ဖြူ (ကျောင်းဖြူ) မင်းကို ကျည်စိုးနှင့် စုက္ကတေး တို့မှ နန်းချပြီး အတင်းရဟန်းပြုစေကြောင်း ပုဂံရာဇဝင်ကြီး ၌လည်း ပါ ပါသည်။ ဦးကုလား ရာဇဝင်ကြီး ၌လည်း ပါပါသည်။ 

ရသေ့ ဝတ်စေခြင်း မဟုတ်။ 

ရဟန်းဝတ်စေခြင်း ဖြစ်ပါသည်။ (ဦးကုလား ကိုယ်တိုင် ရှေ့နောက်မညီ ရေးခြင်း။) ထိုမင်း (ကွမ်းဆော်မင်းကြီး) သည် ကျောင်းဖြူကြီး တစ်ဆောင် ဆောက်လုပ်လှူဒါန်းကြောင်း (ပုဂံနံရံမင်စာ အထောက်အထားလည်း ရှိသည်။။ ကျောင်းဖြူကြီး ဆောက်လုပ်လှူဒါန်းသော ကွမ်းဆော်မင်းကြီး မှ ကွမ်းဆော်ကျောင်းဖြူ၊ ကွမ်းဆော်ကြောင်ဖြူ ဖြစ်လာသည်) 


အနော်ရထာ နန်းရသောအခါ ခမည်းတော်ရဟန်းမင်းကြီးကို သံဃာမင်းထီး ဘွဲ့ဆက်ကပ်ကြောင်း ဦးကုလားက ပြောထားပြန်ရာ ရှင်အရဟံမရောက်မီကတည်းက ပုဂံ၌ ထေရဝါဒ သံဃာရှိကြောင်း ပေါ်ပေါက်နေပြန်သည်။


၂။ စောရဟန်းမင်းသည် တုရင်တောင်ထက်မှာ သိမ်တစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ ၎င်း သိမ်ပျက်သဖြင့် ဥဇနာမင်း (အေဒီ ၁၂၁၂ ခုနှစ်) လက်ထက်တွင် ပြန်လည်ပြုပြင် ဆောက်လုပ်စေသော ကျောက်စာ အထောက်အထားရှိပါသည်။ အသောက တတိယ သင်္ဂါယနာတင်ပြီးနောက်ပိုင်း မဟာယာနမှာ သိမ်ဝင်ခြင်း မရှိ။ သံဃာမရှိ။ ရသေ့ကြီးများသာ ရှိပါသည်။


(ဟုတ်ကဲ့၊ သိမ်ဆိုတာ ထေရဝါဒ မှာပဲ ရှိတာပါ။ သိမ်သမုတ်တယ်ဆိုတာ ထေရဝါဒ ရဟန်းတွေပဲ လုပ်လို့ရတာပါ။ အနော်ရထာက (အေဒီ ၁၀၄၄) မှာ မင်း ဖြစ်တယ်။ ဒီတော့ စောရဟန်းမင်း လက်ထက်ကတည်းက သိမ်ရှိနေလို့ အနော်ရထာ မမွေးမီကတည်းက ပုဂံမှာ ထေရဝါဒ ရှိနေကြောင်း သိပ်ကို ထင်ရှားတဲ့ အထောက်အထား ပေါ့ဗျာ)


(ဒေါက်တာသန်းထွန်းက တုရင်တောင်ထက်မှ စောရဟန်း သိမ် ကျောက်စာ တစ်ခု တည်းနှင့် အနော်ရထာမတိုင် ပုဂံဒေသတွင် ထေရဝဒါ ဗုဒ္ဓဘာသာ မရှိ ဆိုသော အချက်ကို အပြတ်ငြင်းဆိုလိုက်သည်ဟု ပုဂံခေတ်သနာ အတိအလင်း ရေးသားထားခဲ့သည်။) 


#ပုဂံ ဘယ်က စသလဲ (သိရိခေတ္တရာ ခေတ်မှ ပုဂံခေတ်သို့)


အေဒီ ၁ ရာစုအကုန် ၂ရာစု အစလောက်မှာ သရေခေတ္တရာ ပျက်တယ်။ (မင်းနေပြည်တော် ပျက်တာပါ) အေဒီ ၁၀၇ (အေဒီ ၂ ရာစု အစ)မှာ သရေခေတ္တရာမင်းရဲ့တူ သမုဒ္ဒရာဇ်မင်းက ယုန်လွှတ်ကျွန်း၊ ပြူဂါမ (ပျူဈေးမြို့) ဆိုတဲ့ အရပ်မှာ ပထမ ပုဂံမင်းနေပြည်တော် ကို စတည်ထောင်တယ်။ အရိမဒ္ဒနပူရ ဆိုတဲ့ အမည်နဲ့ပါ။


အေဒီ ၃၄၄ (သက္ကရာဇ် ၂၆၆) မှာ နန်းတက်တဲ့ သေဉ်လည်ကြောင်မင်းက လောကနန္ဒာအရပ်မှာ သီရိပစ္စယာ အမည်နဲ့ ဒုတိယ ပုဂံမြို့ကို တည်ထောင်တယ်။


အေဒီ ၅၁၆ (သက္ကရာဇ် ၄၃၈) မှာ နန်းတက်တဲ့ သိုက်တိုင်မင်းက သမထီး အရပ်မှာ တတိယ ပုဂံမြို့ ဖြစ်တဲ့ တမ္မဝတီ မြို့ကို တည်ထောင်ပါတယ်။


အေဒီ ၈၄၆ (သက္ကရာဇ် ၂၀၈) မှာ နန်းတက်တဲ့ ပျဉ်ပြားမင်းက နန်းတက်လို့ ၃နှစ်အကြာ အေဒီ ၈၄၉ မှာ ယခု ပုဂံကို တည်ခဲ့တယ်။ အမည်ကိုတော့ ပထဆုံးပုဂံရဲ့ အမည် ရန်အပေါင်းကို အောင်မြင်သော ဆိုတဲ့ အဓိပ်ပါယျရတဲ့ အရိမဒ္ဒနပူရ လို့ပဲထပ်ပေးတယ်။


အရိမဒ္ဒန၊ သီရိပစ္စယာ၊ တမ္ပဝတီ၊ ဆိုတဲ့ ပုဂံမင်းနေပြည်တော် အမည်တွေကို ကြည့်ပါ။ မွန်နာမည်လည်း မဟုတ်ပါဘူး။ မဟာရာနလို့ ပြောရအောင် သက္ကတ အမည်လည်း မဟုတ်ပါဘူ။ ထေရဝါဒ မှာသာ သုံးတဲ့ ပါဠိ အမည်စစ်စစ်ကြီးတွေ ဖြစ်ပါတယ်။ ဒါဟာလည်း အနော်ရထာမတိုင်ခင် ကတည်းက ထေရဝါဒ ရှိနေတဲ့ အထောက်အထားပါ။


သရေခေတ္တရာ ပျက်ပြီး ပုဂံ ဖြစ်လာတယ်။ ပုဂံ ဟာ သရေခေတ္တရာဆီက ထေရဝါဒ ဗုဒ္ဓသာသနာကို ရခဲ့တယ် လို့ ပြောခဲ့ပါတယ်။ ဒီတော့ သရေခေတ္တရာမှာ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားခဲ့ကြောင်း အထောက်အထား ပြရပါတော့မယ်။


၁၉၂၆ ခုနှစ်၊ မြန်မာနိုင်ငံ ရှေး/သု အရာရှိ ချားဒူးရွိုင်ဇယ် လက်ထက်မှာ သရေခေတ္တရာမြို့ဟောင်း ဦးခင်ဘ ယာခင်းအတွင်းရှိ စေတီငုတ်တိုကို တူးဖေါ်ရာ ရွှေပေချပ် အချပ်၂၀ ရရှိခဲ့သည်။ 


ထိုရွှေပေချပ်များ ပေါ်မှာ ဗုဒ္ဓခေတ်နှင့် အသောကခေတ်သုံး ဗြဟ္မီပွား အက္ခရာများဖြင့် ထေရဝါဒဆိုင်ရာ (သုတ်၊ ဝိနည်း၊ အဘိဓမ္မာ) ကောက်နှုတ်ချက်များ ရေးထိုးထားပါသည်။


သရေခေတ္တရာတွင် အခြား ထေရဝါဒဆိုင်ရာ သာသနိက အဆောက်အဦး၊ စေတီပုထိုးများ၊ အုတ်ခွက်ဘုရားများ စသဖြင့် အထောက်အထားများစွာရှိပါသည်။ 

(ဘောဘော၊ ဘဲဘဲ၊ ဘုရားမာ၊ ပြည်ရွှေဆံတော်) သရေခေတ္တရာ မြို့ဟောင်း မြို့တံခါးဝ မှာပင် ထေရဝါဒဂိုဏ်း ကသာ သုံးပြီး၊ မဟာယာနက မသုံးသော ပါဠိဘာသာဖြင့် ရေးထိုးထားသော မောရသုတ်၊ မင်္ဂလသုတ် ကျောက်စာတိုင်၊ အခြား တစ်ဘက်၌ ရတနာ့သုတ် ကျောက်စာတိုင် များကို တွေ့ရှိချက်အရ သရေခေတ္တရာသည် ထေရဝါဒ ပျူမြန်မာနိုင်ငံတော်ဖြစ်သည်။


ထို သရေခေတ္တရာမှ ထေရဝါဒ ပျူမြန်မာတို့ တည်ထောင်သော ပုဂံသည် ထေရဝါဒ ပုဂံနိုင်ငံတော်သာဖြစ်ပါသည်။ 

သရေခေတ္တရာမင်း၏ တူတော်စပ်သော ပုဂံကို စတည်ထောင်သည့် သမုဒ္ဒရာဇ်မင်း မှ စရေတွက်သော် စောမွန်နစ် အထိ ပုဂံမင်းဆက် ၅၅ဆက် ဖြစ်သည်။ (သင်ပုန်းကြီးဋီကာ၊ ဇာတာတော်ပုံ၊ ) အနော်ရထာသည် ၄၂ယောက်မြောက် မင်းဖြစ်သည်။


ထို ၄၂ ယောက်မြောက် အနော်ရထာမတိုင်မီ ၃ယောက်မြောက် ပျူစောထီး မင်းလက်ထက် က တည်ထားခဲ့သည့် ဗူးဘုရား ဌာပနာ တိုက်အတွင်းမှ အေဒီ ၃ရာစု အုတ်ခွက်ဘုရားများ တွေ့ရှိခဲ့ပါသည်။ 

၎င်းကို ကြည့်ခြင်းအားဖြင့် ပုဂံသည် ထိုခေတ်ကတည်းက ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားနေပြီး ဖြစ်လေသည်။


ပုဂံနိုင်ငံတော်သည် အနော်ရထာမင်း (အေဒီ ၁၀၄၄) မတိုင်မီကတည်းက ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ကြာင်း အထက်ပါ အထောက်အထားများက သက်သေခံလျက် ရှိပေသည်။ 


ဦးကုလား မဟာရာဇဝင်ကြီးအမှားဟာ စာသင်ခန်းထဲက ကလေးတွေ အသိဉာဏ် အသတ်ခံခဲ့ရသလို မွန်နဲ့ ဗမာလည်း အမုန်းတရားတွေ ကြီးထွားခဲ့ရပါတယ်။ အရှင်အရဟံလည်း အနော်ရထာကို မြှောက်ပေးတဲ့ ဘုန်းကြီးဆိုပြီး မွန်တွေမုန်းတီးတာ ခံခဲ့ရပါတယ်။ ဒါတွေဟာ တကယ်တော့ သမိုင်းအသတ်ခံခဲ့ရတာပါ။


#ကျမ်းကိုးကား


ဘုန်းတင့်ကျော်၊ နှစ်ပေါင်းနှစ်ထာင် ကျော်ခဲ့ပြီဖြစ်သော မြန်မာသမိုင်း (၁၊ ၂)


ဘုန်းတင့်ကျော်၊ ပျူစစ်လျှင်မြန်မာ

 

#crd-to-ownerသိုက်ဖွား#သမိုင်းအကြောင်း

No comments: