Thursday, January 25, 2024

* ပြာသိုလနှင့် လွမ်းမောဖွယ်ရာ အမေ မေတ္တာ *

 * ပြာသိုလနှင့် လွမ်းမောဖွယ်ရာ အမေ မေတ္တာ *

======================================



ဒီရာသီ ဒီအချိန် ကာလသို့ ရောက်လာရင်

လူပုဂ္ဂိုလ်တစ်ဦးနဲ့ လွမ်းမောဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ်ကို သတိရလာလို့ ပြန်လည် ရေးသားလိုက်ပါတယ်။


ထိုပုဂ္ဂိုလ်ကြီးကတော့ စာပေ အနုပညာလောကတွင် စံပြုလောက်သော စွယ်စုံပညာရှင်ကြီး (မဟာသဒ္ဓမ္မ ဇောတိက အလင်္ကာကျော်စွာ ဂုဏ်ထူးဆောင်) ဘဘ ဦးသုခ(ခေါ်) မောင်သိန်းမောင်ပဲ ဖြစ်ပါတယ်။


ဘဘဦးသုခကို အပြင်မှာ မမြင်ဖူးသော်လည်း ဘဘပြောခဲ့သည့်စကားများ ဘဘရေခဲ့သော စာပေများနဲ့ ရင်းနှီးခဲ့သည်။


ဘဘဟာ ကျိုက်လတ်မြို့သားပါ။

"တကယ်လုပ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ် "ဆိုတဲ့ ဘဘ၏ လက်ကိုင်စကားကို အားကျခဲ့သည်

ဘဘဟာ အနုပညာလောကမှာ ထူးချွန်အောင်မြင်ပြီး လူချစ်လူခင်များတယ် လူသိများတယ်။ လူသိများသော အချက်တွင် ပြာသိုလပြည့် နေ့ကို အမေနေ့'ဟု ဆောင်ရွက်ခဲ့ခြင်းသည် တစ်ခု အပါအဝင်ဖြစ်ခဲ့သည်။


အဲ့ဒီလို ပြာသိုလပြည့် အမေနေ့အဖြစ် အသိအမှတ်ပြုလာအောင် ပြုလုပ်နိုင်ခဲ့ခြင်း၏ နောက်ကွယ်တွင်လည်း ဝမ်းနည်း လွမ်းမောဖွယ်ရာ ဇာတ်လမ်းက ရှိနေသည်။


ဘဘ ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန် မိဘမေတ္တာ ဇာတ်လမ်းလေးကို ဘဘကိုယ်တိုင် ကြုံခဲ့ရသည်။

ထိုကြောင့် ဘဘဟာ မိမိကဲ့သို့ အဖြစ်မျိုး မဖြစ်ရ မကြုံရလေအောင် မိဘ မေတ္တာနဲ့ ပတ်သက်သော အကြောင်းတို့ကို နှစ်၂၀ အတွင်း အကြိမ်၂၀၀ထက် မနည်း နယ်တကာ လှည့်ကာ ဟောပြောခဲ့ပြီး အမေနေ့ဖြစ်ပေါ်လာအောင် ကြိုးပမ်းခဲ့သည်။


ဘဘ၏ ဇာတ်ကြောင်းလေးကို အကျဉ်းမျှ ပြောရရင် ဘဘ၏ မိခင်မှာ ဒေါ်မျှင် ဖြစ်ပြီး ငယ်စဉ်ကတည်းက မိခင်ရင်ခွင်မှာ ခိုလှုံခဲ့ရသည်။ ဖခင်ဖြစ်သူက ဘဘတို့ မိသားစုကို စွန့်ပစ်သွားခဲ့သည်။ ဖခင်မေတ္တာ မရခဲ့သော ဘဘကို သူ့မိခင်က အလွန်ချစ်သည်။ သားကို အလွန်ချစ်သော စိတ်ဖြင့် စီးပွါးရေးကို ကြိုးစားရုန်းကန်ရှာဖွေသည်။


သားကို မျက်နှာမငယ်ရအောင် လူတန်းစေ့ထားသည်။ သားဖြစ်သူကို အရာရှိဖြစ်စေချင်သော စိတ်ဖြင့် အင်္ဂလိပ်ကျောင်းသို့ ထားသည်။ သို့သော် သားဖြစ်သူဟာ ပညာရေးကို စိတ်မဝင်စားပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ပင် ကျောင်းထွက်ပြီး အိမ်ထောင်ပြုသည်။ မိခင်ခမျာ သားကို ပညာတက်စေချင်သောဆန္ဒ ပျက်သုဉ်းသွားလေတော့ ချွေးမဖြစ်သူကိုလည်း မကြည်ဖြူနိုင်တော့ဘူး။


အဲ့ဒီအခါ သားဖြစ်သူက မိန်းမကို ခေါ်ပြီး ယောက္ခမ အိမ်ပေါ် တက်နေလိုက်တယ် ထိုအချိန်က စပြီး မိခင်ဖြစ်သူဟာ သားဖြစ်သူကို မခွဲနိုင်သည့်စိတ်နဲ့ စီးပွားရေးကို ကောင်းကောင်း မလုပ်နိုင်တေ့ာပဲ ဆင်းရဲတွင်း နက်ခဲ့ရရှာတယ်။ ခင်ပွန်းဖြစ်သူ၏ စွန့်ပစ်ခြင်းကို ခံနိုင်သော်လည်း သားဖြစ်သူ၏ လျစ်လျူရှု့မှုကိုတေ့ာ မခံနိုင်ရှာပေ သားဖြစ်သူ မောင်သ်ိန်းမောင်ဟာ ရန်ကုန်မြို့၌ အလုပ်များကို ခက်ခဲစွာလုပ်ကိုင်နေရတယ်။


တစ်နေ့တော့ ကျိုက်လတ်မြို့မှာ ဒုလ္လဘ ရဟန်းဝတ်ရန် မဲပေါက်သည့်အတွက် မောင်သိန်းမောင်သည် ဇာတိမြို့သို ပြန်လာခဲ့သည် ထိုအချိန်တွင် မိခင်ဖြစ်သူမှာ အလွန်ဆင်းရဲနေရှာပြီဖြစ်၍ သားဖြစ်သူ ရဟန်းကိုပင် ဆွမ်းမလောင်းနိုင်သောကြောင့် ပုန်းကွယ်နေခဲ့ရသည်။ ထိုအကြောင်းကို သိသွားသော မောင်သိန်းမောင်သည် ရင်နင့်အောင် ခံစားရရှာသည်။


ထိုနောက် အမေကို ဆွမ်းခံကျွေးခွင့် ရှိ မရှိ ဆရာတော်ကို မေးလျှောက်ရာ ဆရာတော်က ကျွေးခွင့်ရှိကြောင်း မိန့်တော့ သားရဟန်းဟာ ဝမ်းသာအားရဖြင့် အမေထံ အပြေးလေးသွားတာပေ့ါ...။


ရလာသော ဆွမ်းကို အမေစားရန် ပြန်စွန့်ရှာတယ် အမေဖြစ်သူက သားစိတ်ချမ်းသာအောင် မျက်ရည်ကျရင်း စားရှာသည် အမေဖြစ်သူဟာ သားရဟန်းစွန့်သော ဆွမ်းကို တစ်ကြိမ်သာ စားတယ်။ ပတ်ဝန်းကျင် ကဲ့ရဲ့မှုကို ခံရမည်စိုးသောကြောင့် ဆွမ်းခံကျွေးခွင့် မပေးတော့ပေ။


သားရဟန်းဟာ နောင်တကြီးစွာရ၍ အမေကို လုပ်ကျွေးပြုစုတော့မည်ဟု စိတ်ပိုင်းဖြတ်ကာ ရန်ကုန်သို့ ပြန်ကာ အလုပ်ကို ကြိုးစားသည် အမေ့ကို ထောက်ပံ့သည်။ နောက်တော့ သားဖြစ်သူဟာ အနုပညာအလုပ်ဖြင့် အောင်မြင်လာသည်။ စာပေ အနုပညာနယ်တွင် ဆရာတစ်ဆူပမာ ဖြစ်ခဲ့သည်။


မိခင်ကို လုပ်ကျွေးပြုစုရန် အတွက် ကျိုက်လတ်မြို့သို့ ပြန်လာခဲ့သော်လည်း မိခင်ဖြစ်သူက ပုသိမ်မြို့ရှိ သမီးထံတွင် နေထိုင်နေသည် ထို့နောက် မောင်သိန်းမောင်ဟာ ရန်ကုန်သို့ ပြန်လာပြီး အလုပ်များကို ဆက်လက် လုပ်ကိုင်ခဲ့သည်။ နောက်တော့ ညီမဖြစ်သူထံမှ မိခင်ကျန်းမာရေး မကောင်းကြောင်း

သတင်းကြား၍ ရန်ကုန်သို့ ခေါ်ကာ ဆရာဝန်ကြီးများနှင့် ပြသတယ် သို့သော် မိခင်ဖြစ်သူ၏ ရောဂါမှာ လွန်နေခဲ့ပြီ။


ထိုအချိန်တွင် အမေစားချင်သော ရှောက်ချိုသီးကို ဝယ်ကျွေးသော်လည်း မစားနိုင်တော့ပေ...နောက်ဆုံး ရှောက်ချိုရေလေး တစ်ဇွန်းသာ သောက်နိုင်ပြီး ကွယ်လွန်သွားရှာတယ်။ အဲဒီအချိန်မှ သားဖြစ်သူ မောင်သိန်းမောင်ဟာ လွန်စွာ ခံစားရရှာလေ၏။ မိခင်ကို ပြုစုလုပ်ကျွေးရန် ငွေများလည်းရှိနေပြီဖြစ်သည်။ မိခင်ဖြစ်စေချင်သမျှ ဖြည့်ဆည်းပေးရန် အရာရာ ပြည့်စုံနေပြီ ဖြစ်သည်။


သို့သော်လည်း အချိန်အခါ မပေးတော့ပေ...

အမေကျေးဇူးကို ဆပ်ခွင့် မရတေ့ာပေ...။


ဤအကြောင်းအရာများသည် ဘဘကိုယ်တိုင်ကြုံတွေ့ခဲ့ရသော လွမ်းမောဖွယ်ရာ ရင်နင့်ဖွယ်ရာ အဖြစ်အပျက်များ ဖြစ်သည်။ ထိုအကြောင်းများကို ဘဘရေးခဲ့သည့်စာများ ဟောပြောပွဲများမှ တဆင့် သိခဲ့ရသည်။


ထိုဇာတ်လမ်းလေးကို ကြားတိုင်း မျက်ရည်ဝဲရသည်။ အသိတရားလည်း ရမိသည်၊ မိဘဟူသည် သက်ရှိဘုရားဖြစ်၍ လက်တွေ့ အနီးကပ် အလုပ်အကျွေးပြုနိုင်ကြောင်း ကိုလည်း သတိဝင်မိသည်။ ထိုအဖြစ်ဆိုးများနဲ့ ကြုံခဲ့ရသော ဘဘသည် နောက်လာ နောင်သားများ လူငယ်များ မိဘကို အချိန်ရှိခိုက် ကျေးဇူးဆပ်တတ်ကြရန် စင်ပေါ်ကနေ ဟောပြောဆုံးမခဲ့သည်။


အမေကျေးဇူး ကြီးမားပုံကို

"စကားပြောသော အသဲနှလုံး" ရုပ်ရှင်ကားဖြင့် ဖော်ကြူးပြသခဲ့သည် စာအုပ်ရေးသား၍လည်း သားသမီးများ အမေ့ကျေးဇူးသိရန် ဆုံးမခဲ့သည်။ ဘဘသည် ထိုမျှအားမရသေးပဲ သားသမီးများအားလုံး အမေကျေးဇူးကို အမှတ်ရနေစေရန် အတွက် အမေများနေ့ ဖြစ်လာအောင် "ထိုတနေ့"ဟူသော ဆောင်းပါးကို ရေးသား၍ နှိုးဆော်ခဲ့သည်။


သို့သော် ဘဘ၏ စိတ်ကူးက ပုံပေါ်မလာသေး နောက်တော့ ဘဘရေးသည့် ဆောင်းပါးကို ၁၉၈၇ ခုနှစ် မေလထုတ် လုံမလေးမဂ္ဂဇင်းတွင် ထပ်မံဖေါ်ပြခဲ့ရာ မန္တလေးမြို့ ပြည်ကြီးတံခွန် ရပ်နေ ဒေါ်ခင်ရွှေ နှင့် ကိုသန့်ဇင်တို့သားအမီ ဖတ်ရှုမိရာကနေ စ၍ ထိုသားအမိ၏ ဦးဆောင်မှုဖြင့် ၁၃၅၈ ခုနှစ်၊ ပြာသိုလပြည့်နေ့တွင် မန္တလေးမြို့၌ ပထမဆုံး အမေနေ့ကို ကျင်းပနိုင်ခဲ့သည်။


ဘဘသည် သူမျှော်လင့်ခဲ့သည့်အတိုင်း အမေနေ့ ကျင်းပနိုင်ခဲ့၍ ဝမ်းမြောက်ဝမ်းသာဖြစ်ရှာသည်။ အမေနေ့ကို တစ်နိုင်ငံလုံး ဖြစ်လာအောင် ကြိုးပမ်းရင်းနဲ့ပဲ ဘဘဟာ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ၊ (၇) ရက်နေ့မှာ ဘဘဦးသုခ (ခ)မောင်သိန်းမောင်ဟာ ကွယ်လွန်ခဲ့ပါတယ်။


ဘဘသက်ရှိထင်ရှား မရှိတေ့ာသော်လည်း ဘဘ မျိုးစေ့ချပေးခဲ့သော "ပြာသိုလပြည့် အမေနေ့"သည် ယနေ့ကာလမှာ သက်ဝင်လှုပ်ရှားလျက် ရှိနေသည်။ ပြာသိုလကို ရောက်လာပြီဆိုရင် အမေမေတ္တာ တရား၏ကြီးမားမှုကို လူတိုင်း သတိထား ဆင်ခြင်မိလာသည်။ ဤသည်ကား ဘဘ၏ ကြိုးစားခဲ့မှုများ အရာထင်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ ဘဘကိုယ်တိုင် ရင်နင့်ဖွယ် ဇာတ်လမ်းအကြောင်းနှင့် ရင်ဆိုင်တွေ့ကြုံပြီးမှ ဖြစ်တည်လာသော "အမေနေ့"ကို လူတိုင်းအားလုံး တန်ဖိုးထားစေလိုပါသည်။


အမေမေတ္တာတရား၏ ကြီးမားပုံကိုသိရှိပြီး အမေ သက်ရှိထင်ရှားရှိစဉ် အလုပ်အကျွေးပြုစုကြပါ။

အမေကျေးဇူးကို အချိန်အခါတိုင်းအောက်မေ့ပြီး အချိန်ရှိတုန်း ဆပ်သင့်ကြောင်း ဆန္ဒပြုရင်း.....


ဘဘ ဦးသုခ ၏ "လူတိုင်းမှာ အမေ ရှိတယ် "ကဗျာလေးဖြင့်  နိဂုံးချုပ်ပါရစေ...


🤍 ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်  

      အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့

      လူတိုင်းမှာ  အမေရှိတယ်...။


🤍 မရေမရာ ပဟေဠိတွေကြောင့်

      အသေအချာ အဖေမသိတောင်မှ အမေရှိတယ်။


🤍 ချစ်သဒ္ဓါဝေကဲ

      ပြည့်တန်ဆာ အမေလည်း အမေ။


🤍 အကြွေးကြွယ်လှတဲ့

      စျေးသည်မ အမေလည်း အမေ။


🤍 အကြောင်းတရား အခြေမွဲ

      သူတောင်းစား အမေလည်း အမေ။


🤍 သမီးသားတွေ    

      ကြီးထွားစေရော့လို့ စီးပွါးအထွေထွေ  

      စိန် ရွှေ ပတ္တမြား၊  အိမ် မြေ ကားနဲ့ 

      ငွေသားအမွေပေးနိုင်မှ အမေ မဟုတ်။


🤍 ယိုင်နဲ့နဲ့ တဲအတွင်း

      လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့

      အရိုးဟင်း တစ်ဖဲ့စီဝေ

      ထမင်းရည် အတူတူသောက်

      ဗိုက်မှောက်တော့ အတူတူ

      ခြင်ထောင်မရှိ ခြုံစောင်မရှိ

      ခင်းအိပ်စရာ ဖျာလည်းမရှိလို့

      ခြင်ကိုသွေးလှူ အတူတူ

      ကြမ်းပိုးသွေးလှူ အတူတူ

      အပူကို မျှဝေ ဒုက္ခကို ပိုမိုလေးနက်စေ

      ပညာအမွေ ရွှေအိုး ရိုးသားမှု ဂုဏ်သိက္ခာ

      မေတ္တာ အကြင်နာမှ တစ်ပါး အခြားပေးစရာ

      အထွေထွေမဲ့သော်လည်း  အမေ ဟာ  အမေပဲ လေ...။


ဤစာမူကို ဖတ်ဖူးတဲ့ 

မိဘရှိနေသေးသောသူများ အနေဖြင့် 

ဘဘဦးသုခလို နောင်းနောင်တတွေ မရစေဖို့

သတိပေး လိုက်ချင်ပါတယ်။


ကမ္ဘာပေါ်မှာ ရှိသမျှအမေများအားလုံး

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍

လိုရာဆန္ဒများ ပြည့်ကြပါစေ...။


ရွှေလတ်ကိုကို (မဟာဝိဇ္ဇာ)၏ ပြာသိုလ လွမ်းမောဖွယ် မိခင်မေတ္တာ ဆောင်းပါးကို အခြေခံ ကိုးကားပါသည်။


ဘဘ ဦးသုခ ၏ ဟောပြောပွဲ Link.👇

https://m.facebook.com/story.php?story_fbid=1383283742130072&id=100013453776087


                 အရှင်ဝိသုတ (ရေစကြို)

No comments: