Monday, June 19, 2023

ရခိုင်သမိုင်းထဲက ထားဝယ်လူမျိုး

 ရခိုင်သမိုင်းထဲက ထားဝယ်လူမျိုး

-----------------------




ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ လူမျိုးပေါင်း (၁၃၅) မျိုးထဲတွင် ထားဝယ် လူမျိုးတစ်မျိုးသည် လည်း အပါအဝင်ဖြစ်ပါသည်။ ထားဝယ်လူမျိုးတို့သည် ယနေ့မှပေါ်ပေါက်လာကြသော လူမျိုးမဟုတ်ကြဘဲ ရှေးရာစုနှစ်ပေါင်းများစွာကပင် အခြေတည်ဆင်းသက်လာသော လူမျိုးကြီးတစ်မျိုးဖြစ်ပါသည်။ ထားဝယ်လူမျိုး တို့၌ ကိုယ်ပိုင်ဘာသာစကား ဓလေ့ထုံးစံတို့သည် တသီးတခြားတည်ရှိသည်ကို တွေ့ရပါသည်။


ထိုလူမျိုးနှင့်ပက်သက်၍ ရခိုင်ရှေးဟောင်းရာဇဝင်တို့တွင်လည်း ခိုင်မာသော အထောက်အထားများကို ပင် တွေ့ရှိရသဖြင့် လေ့လာသုံးသပ်နိုင်ကြရန် တင်ပြလိုက်ပါသည် ။


ရခိုင်သမိုင်းဖြစ်စဉ်

ထားဝယ်လူမျိုးအကြောင်းကို ဦးစွာမတင်ပြမီ

ယင်းနှင့်ဆက်စပ်လျက်ရှိသော ရခိုင်သမိုင်းအကြောင်း အကျဉ်းကို သိရှိထားသင့်ပေသည်။ ရခိုင်လူမျိုးတို့သည် လွန်ခဲ့သော နှစ်ပေါင်း (၅၀၀၀) ကျော်အကြာ ( ဘီစီ ၃၃၂၅ ) မှစ၍ ထီးနှင့်နန်းနှင့် တိုင်းပြည်တစ်ခုအဖြစ် ရပ်တည်ခဲ့သော လူမျိုးတစ်မျိုးဖြစ်ပါသည်။ ရခိုင်ပြည် တည်နေရာသည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည့်အလျောက် ရှေးဦးလူများသည် အိန္ဒိယနိုင်ငံ မာဂဓတိုင်းမှ ဝင်ရောက်နေထိုင် လာကြသော လူမျိုးဖြစ်ကြောင်းကို ရခိုင်ရှေးဟောင်းသမိုင်းရာဇဝင်များက အသီးသီးဖော်ပြကြပါသည် ။


ရခိုင်ပြည်၌ မာရယုမင်းသည် ရခိုင်မြို့များကိုစုပေါင်း၍ ရခိုင်ထီးဦးနန်းဦးကို ​ အစတည်ထောင်ခဲ့သောမင်း ဖြစ်သည်။ ဤမင်းသည် ဓညဝတီမြို့တော်ကို တည်ထောင်ခဲ့ပြီးနောက် ယင်းမှဆက်၍ မင်းဆက်ပေါင်း (၂၀၀) ကျော်တို့သည် ရခိုင်နိုင်ငံတော်ကို ထူထောင်လျက် နန်းစံခဲ့ကြသည်။ သို့ဖြစ်ရာကား ရခိုင်သမိုင်း၌ ခေတ်ကြီး (၄) ခေတ် ထွန်းကားခဲ့ ပါသည်။


၎င်းတို့မှာ...

၁ ။ ဓညဝတီခေတ် ( ဘီစီ ၃၃၂၅ မှ အေဒီ ၃၂၇ ထိ )

၂ ။ ဝေသာလီခေတ် ( အေဒီ ၃၂၇ မှ အေဒီ ၈၁၈ ထိ )

၃ ။ လေးမြို့ခေတ် ( အေဒီ ၈၁၈ မှ အေဒီ ၁၄၃၀ ထိ )

၄ ။ မြောက်ဦးခေတ် ( အေဒီ ၁၄၃၀ မှ အေဒီ ၁၇၈၄ ထိ)


မြောက်ဦးခေတ်သည် ရခိုင်တို့၏ နောက်ဆုံးခေတ်ဖြစ်ပြီး နှစ်ပေါင်း ၃၅၄ နှစ် ကြာမြင့်ခဲ့သည်။ မြောက်ဦးခေတ်နောက်ဆုံး ဘုရင်ဖြစ်သော မဟာသမ္မတမင်းလက်ထက် ( ရခိုင်သက္ကရာဇ် ၁၁၄၆ ခုနှစ် ၊ ခရစ်နှစ် ၁၇၈၄ ) တွင် မြန်မာမင်းဖြစ်သော ဗဒုံမင်း(ဘိုးတော်မောင်ဝိုင်း) ကလာရောက်စစ်တိုက် သိမ်းယူသဖြင့် ရခိုင်ပြည်တွင် မင်းဆက်ပြတ်ပြီး ထီးနန်းကျခဲ့လေသည်။


မြန်မာတို့သည် ရခိုင်ပြည်ကို နှစ်ပေါင်း (၄၀) အုပ်ချုပ်သိမ်းယူပြီးနောက်တွင် အင်္ဂလိပ်တို့ဝင်ရောက်လာ သဖြင့် ရခိုင်တို့သည် အင်္ဂလိပ်နယ်ချဲ့အုပ်ချုပ်မှုကို တစ်ခါ ခံခဲ့ရသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်တွင် ရခိုင်သည် သီးခြားတိုင်းပြည် ယခင်ကဲ့သို့မဖြစ်ဘဲ ယနေ့အခါ ပြည်ထောင်စုမြန်မာနိုင်ငံတွင်း၍ ဆက်လက် တည်ရှိနေသည်။


ဝေသာလီခေတ်က သမိုင်းဖြစ်ရပ်တစ်ခု

ရှေ့ကတင်ပြခဲ့သော ရခိုင်သမိုင်းခေတ်ကြီး (၄) ခေတ်ထဲတွင် ဝေသာလီ (ကျောက်လှေကား) ခေတ်ကြီး သည် ခရစ်နှစ် (၄) မှ (၈) ရာစုအထိ ရခိုင်ပြည်တွင် ထွန်းကားခဲ့ပါသည်။ ဤခေတ်တွင် မဟာတိုင်းစန္ဒြား၊ သီရိစန္ဒြား၊ ကာလစန္ဒြား အစရှိသော စန္ဒြားမင်းဆက် (၉) ဆက်တို့သည် ဝေသာလီမြို့နိုင်ငံကို ထူထောင်လျက် နှစ်ပေါင်း (၄၀၀) ခန့် စိုးစံခဲ့ကြပါသည်။ ဤမင်းလက်ထက် ခတ်နှိပ်ခဲ့သော ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများကို ယနေ့တိုင် မြင်တွေ့နေကြရပါသည်။ အထူးသဖြင့် ဤခေတ်သည် မြန်မာပြည် ပုဂံခေတ်မတိုင်မီကပင် ထွန်းကားခဲ့သော ခေတ်ဖြစ်ပါသည်။ ဝေသာလီခေတ်သည် ပျူတို့၏ ဗိဿနိုး၊ သရေခတ္တရာမြို့တို့နှင့် ခေတ်ပြိုင်ဖြစ်ကြခဲ့သည်။

ဤခေတ်၌ နောက်ဆုံးဘုရင်ဖြစ်သော စူဠစန္ဒြားမင်းသည် ရခိုင်သက္ကရာဇ် (၉၅) ၊ ခရစ်နှစ် (၇၃၂) တွင် နန်း တက်သည်။ ဤမင်း နန်းတက်ပြီး နှစ်(၂၀) ရှိသောအခါ မင်းကြီးတွင် (ဦးကြပ်နာ)ရောဂါ စွဲကပ်တော်မူလာ သည်။ ဤရောဂါကို ပျောက်ကင်းကုသရန်အလို့ငှာ တကောင်း သင်းတွဲပြည်သို့ ကြွချီရမည်ဖြစ်ကြောင်း ပညာရှိ ဟူးရာတတ္တို့က လျှောက်တင်ကြသည်။


ထိုသောအခါ မင်းကြီးသည် မိမိဝေဒနာ ကုသပျောက်ကင်းစေဖို့အတွက် ဆန္ဒပြင်းပြရကား ရခိုင်ပြည်မှ သင်းတွဲပြည်သို့ မော်တင်ကို လှည့်လျက် သွားရောက်ရန် ခရီးကို စီစဉ်လေသည်။ မင်းကြီးသည် ရွှေလှေ ဖောင်ပြဿာဒ်တွင် စီးတော်မူ၍ ကိုးသောင်း(၉၀၀၀၀)သော ရွှေလှေတော်ရံ တို့သည် လိုက်ပါခဲ့ရသည်။ ဤရေလမ်းခရီးကို သံတွဲစား ဓမ္မဇေယျ အမတ်က ဦးဆောင်ခဲ့သည်။ တကောင်း သင်းတွဲပြည်သို့ရောက်ရှိပြီး ယင်း၌ ဆောင်ရွက်စရာကိစ္စအသွယ်သွယ်ကို ဆောင်ရွက်ပြီးသောအခါ ခြောက်သိန်းသော ရွှေစင်တို့ဖြင့် အလှူကိုပေးသည်။ ထိုမှ မိမိရခိုင်ပြည်သို့ ပြန်လာကြရာ မော်တင် ( ယခု ပုသိမ်မော်တင်စွန်း) အလှည့်သို့ရောက်ပြီး ပင်လယ်ပြင်တွင် နတ် နဂါးမီးလျှံတို့သည် လှေတော်တို့ကို စွဲကပ် လောင်ကျွမ်းသဖြင့် မင်းကြီးနှင့်တကွ ရှစ်သောင်းသော လှေတော်ရံတို့သည် ရေနစ်မြုပ်၍ ပျက်စီးကြလေသည်။


ရခိုင်လူမျိုးမှ မြုံလူမျိုးဖြစ်ရပုံ

ထိုလှေတော်ရံကိုးသောင်းတွင် တစ်သောင်းသော လှေတော်ရံသာ ကျန်ခဲ့ပြီး ထိုလှေတော်ကို ဦးဆောင် သော သံတွဲစား ဓမ္မဇေယျအမတ်ကြီးနှင့် ခြွေရံသင်းပင်းတို့သည် ဝေသာလီမြို့တော်သို့ ပြန်လည် ရောက်လာ သည်။ ဤသတင်းကိုကြားလျှင် ဝေသာလီမြို့တော်၌ ကျန်နေခဲ့သော စူဠစန္ဒြားမင်းကြီး၏ မိဖုရားခေါင်ဖြစ်သော စန္ဒာဒေဝီမိဖုရားသည် ငါ့လင်ကိုပုန်ကန်၍ မင်းပြုရန်လာသည် ဟုဆိုချေလျက် မြို့တော်သို့ လုံးဝဝင်ခွင့် မပေးဘဲ စစ်သူကြီးများက မောင်းထုတ်လေသည်။ မိဖုရားကြီးက အထင်မှားခဲ့လေပြီ။ အမတ်ကြီးကား မထင်လွဲမှားခြင်းကို ခံခဲ့ရသည်။


ဓမ္မဇေယျအမတ်ကြီးသည် ဝေသာလီမြို့သို့ ဝင်ခွင့်မရသဖြင့် ခြွေရံတို့ကိုခေါ်ဆောင်လျက် ဂစ္ဆပနဒီ မြစ်ညာဆီသို့ဆန်တက်ကြသည်။ ဂူဝအထက် ကင်္ကာတောင်၌မြို့ရွာတည်၍ နေကြသည်။ မိဖုရားစန္ဒဒေဝီက ထိုအရပ်၌ မနေနိုင်အောင် တဖန်စစ်သူကြီးများနှင့် မောင်းထုတ်သဖြင့် မတရစ်မြစ်ဖျားသို့ ဆန်တက်ကြသည်။ ထိုအမတ်ကြီးနှင့် ခြွေရံတို့နေထိုင်ခဲ့သော နေရာကို ဥတ္တရစ်ပြည်ဟု တွင်လေသည်။ ဤသို့လျှင် အမတ်ကြီးနှင့် ခြွေရံသင်းပင်းတို့သည် ရခိုင်သား၊ ရခိုင်လူမျိုးစစ်စစ် ဖြစ်ပါလျက်နှင့် ( ရခိုင်) ဟူသော နာမည်ကို မထုတ်ဖော်ဝံ့၊ မြုံ(မျိုသိပ်) ထားကြသဖြင့် (မြုံ) လူမျိုးဟု တွင်လေသည်။ ( ထိုမြုံများနေထိုင်ရာဒေသသည် ယခုအခါ အိန္ဒိယ နိုင်ငံ တြိပူရ { Trippa } တွင် တည်ရှိသည် )


ဒသရာဇာမင်းလက်ထက်မြုံလူမျိုး

ဒသရာဇာမင်းမှာ (လေးမြို့ခေတ်)က မင်းတစ်ပါးဖြစ်သည်။ ထိုမင်းသည် ခရစ်နှစ် (၁၁၂၃ - ၁၁၃၉) တွင် ထီးနန်းစံခဲ့သည်။ ဤမင်းလက်ထက်၌ မြုံလူမျိုးများမှာ မရိတ်ချောင်းတွင်လည်း ပျံ့နှံ့နေထိုင်ကြသဖြင့် တချို့သော မရိတ်ချောင်းနေ မြုံလူမျိုးတို့သည် တစ်ရွာနှင့်တစ်ရွာ ခိုက်ရန်ဖြစ်ပြီး တိုက်ခိုက်ကြသည်။


ဒသရာဇာမင်းသည် ထိုမရိတ်ချောင်းအရပ်နေ မြုံလူမျိုးများကိုခေါ်ယူပြီး ၊ ခိုက်ရန်မဖြစ်စေရန် လူစု ခွဲလျက် ရခိုင်ပြည် မာန်အောင်ကျွန်းနှင့် အုန်းကျွန်းတို့တွင် နေရာချပေးထားလေသည်။ တစ်နှစ်ခန့်ရှိသောအခါ ထိုမြုံလူမျိုး ရခိုင်သားတို့သည် ရခိုင်ပြည်မှ ထွက်ခွါသွားကြပြီး ယိုးဒယား ( ထိုင်း ) နှင့် ပဲခူး ( မွန် ) နှစ်ပြည်ထောင်ကြားတွင် နေထိုင်ကြလေရာ (ထားဝယ်) လူမျိုးဟူ၍ တွင်လေသည် ။


မြုံမှထားဝယ်ဖြစ်ခဲ့ရပုံ

ထားဝယ်ဆိုသည်မှာ ကြိမ်များချထားရာဆိပ်ကမ်းဟု ဂဇက္တီယာက ဆိုသည်။ တချို့က သံ ၊ သတ္တု ဝယ်ရာဟူ၍လည်းကောင်း၊ မြန္ဘာသာစကား (တေဝ) တင်ပျဉ်ခွေထိုင်သည်မှ (ထားဝယ်) ဖြစ်လာသည်ဟူ၍ လည်းကောင်း၊ ရှင်ဓာတ်ဝဲစေတီ ရှိ၍လည်းကောင်း ထားဝယ်ခေါ်ဆိုကြောင်း အသီးသီး ဖွင့်ဆိုကြသည်။


ရခိုင်သမိုင်း၌ကား မြုံလူမျိုးသည် ယိုးဒယားနှင့် လည်းကောင်း၊ ဗမာ(မြန်မာ) များနှင့်လည်းကောင်း၊ မာန်အောင်ကျွန်းနှင့် အုန်းကျွန်းမှ ထွက်ခွါသွားပြီးနောက် ယိုးဒယားနှင့်ပဲခူး(မွန်) နှစ်ပြည်ထောင်ကြားတွင် နေကြစဉ် မကြာမကြာစစ်တိုက်နေကြရသည်။ အထူးသဖြင့် စစ်တိုက်ခြင်းကို ငြီးငွေ့လာပြီး ဓားလက်နက်များကို ရခိုင်စကား ( ဝဲခ်) လွှင့်ပစ်ရာမှ ( ဓားဝဲ) ( ထားဝဲ) ထားဝေ ထားဝယ်ဖြစ်လာသည်ဟု ဆိုလေသည်။


ရခိုင်စကားနှင့်ထားဝယ် တူညီနေခြင်း

ယနေ့ထားဝယ်လူမျိုးများ ပြောဆိုနေသော စကားလေယူလေသိမ်းမှာ ရခိုင်နှင့်များစွာ တူညီနေသည်။ ထားဝယ်စကားသည် ရခိုင်ထက်မြန်နေသည်။ ရန်ကုန်ရောက်သော ရခိုင်များက မြန်မာ(ဗမာ)စကားပြောကြ လျှင် (ထားဝယ်) လားဟု ဗမာများကပင်မေးကြသည်။ ရခိုင်နှင့်ထားဝယ်စကားတို့သည် တချို့နေရာ၌ များစွာတူနေသည်။ ရခိုင်ရှေးဟောင်းစကားများကို ထားဝယ်စကား၌ တွေ့နေရသည်။ အထူးသဖြင့် ဘာသာစကား ကျေးလက်တေးနှင့် တေးဂီတများက တူညီခြင်းကို သက်သေခံနေသည်။ ရခိုင်ဒုံးအက နှင့် ထားဝယ် ဒုံးအက ဒေသအလျောက် ကွဲပြားကြသော်လည်း ယိမ်းအသွင်နှင့်တူညီကြောင်း ဆိုကြသည်။ ရခိုင်တွင်တွေ့ရသော ကြိုးတပ်မိကျောင်းတူရိယာနှင့် ကြိုးနှစ်ပင်တပ် တယောမျိုးကိုလည်း ထားဝယ် နယ်တွင် တွေ့ရကြောင်းဆိုကြသည်။ ထားဝယ်ဒိန်းသာခြင်းမှာ ရခိုင်ဒုံးခြင်းနှင့်တူသည်။


သုတေသနပြုစရာများ

ယနေ့ ရခိုင်လူမျိုးတို့သည် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းမြှောင်ဒေသတွင် နေထိုင်လျက်ရှိနေသည်။ ရခိုင်တွင် ဗုဒ္ဓဘာသာကိုးကွယ်ခြင်းနှင့်တကွ ရိုးရာယဉ်ကျေးမှုသမိုင်းတို့သည် ခိုင်ခိုင်မာမာရှိပြီးသား လူမျိုးတစ်မျိး ဖြစ်သည်။ ထားဝယ်လူမျိုးတို့ကား မြန်မာနိုင်ငံတောင်ဘက်အစွန်းတွင် နေထိုင်လျက်ရှိနေကြသော လူမျိုးတစ် မျိုး ဖြစ်ပါသည်။ ဤလူမျိုးတို့၌လည်း ကိုးကွယ်ရာဘာသာ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာနှင့် သမိုင်းရာဇဝင်တို့ သည် ရှိကြပေမည်။ ဤလူမျိုးနှစ်မျိုးတို့သည် ရှေးကပင် တစ်အူတုံဆင်း၊ မောင်နှမရင်းချာဖြစ်ကြောင်းကို ရခိုင် ရှေးဟောင်းသမိုင်းက သက်သေခံနေသသည်။


ထားဝယ်နှင့်ရခိုင်တို့၏ ဘာသာဗေဒ ၊ ဘာသာစကားကိုလည်းကောင်း၊ ယဉ်ကျေးမှု၊ ကိုးကွယ်မှု၊ ယုံကြည်မှု ထုံးတမ်းစဉ်လာ ဓလေ့များကို အပြန်အလှန် သုတေသနပြုပြီး ဖော်ထုတ်ပေးနိုင်မည်ဆိုလျှင် သမိုင်း ဖြစ်ရပ်သည် ခိုင်ခိုင်မာမာဖြစ်လာနိုင်မည်ဖြစ်ပါသည်။


ယနေ့ မည်သည့်ပညာရှင်များကလည်း ဤလူမျိုးနှစ်မျိုးကို သုတေသနပြုလုပ်ခြင်း မရှိသေးသည့် အတွက် မှုန်မှုန်ဝါးဝါးသာ ဖြစ်နေပေသည်။ သုတေသီ ပညာရှင်များ လေ့လာ၍ ကျမ်းတစ်ကျမ်းပြုလုပ်သင့်နေပြီး အပြန်အလှန် သုတေသန ပြုနိုင်ပါစေဟု နှိုးဆော်တင်ပြအပ်ပါသည် ။


မင်းပြားမင်းသိန်းဇံ

( ရခိုင်သမိုင်းသုတေသီ )


ကိုးကား....

၁ ။ ဦးစန္ဒမာလာလင်္ကာရ၊ ရခိုင်ရာဇဝင်သစ်ကျမ်း (ပ)တွဲ။

၂ ။ ဦးကဝိသာရ၊ ဓညဝတီအရေးတော်ပုံကျမ်း ။

၃ ။ သုတေသီကောသလ္လ ( ဂေဝသီ )၊ ရခိုင် ထားဝယ်နှင့် အင်းသား ။ မုနိမြေမဂ္ဂဇင်း အမှတ်(၂)

သဇင်ပန်းခိုင်ဂျာနယ် ။ အတွဲ(၂)၊ အမှတ် ( ၁၂ ) မှ ထုတ်နှုတ်တင်ပြပါသည်။

No comments: