Sunday, October 27, 2013

စည်းကမ်းနှင့် နည်းလမ်း

ကျွန်တော်တို့ လူသားတွေဟာ အမှုမဲ့ အမှတ်မဲ့ ကုန်ဆုံးနေတဲ့ အချိန်တွေအောက်မှာ ဘ၀တွေကို ဖြတ်သန်းပြီး လောကကြီး အတွင်းမှာ ကျင်လည်ကျက်စား နေကြရတာပါ။ တစ်နှစ်ဆိုတဲ့ အချိန်အတိုင်း အတာဟာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်လို တစ်ခဏတာ အချိန်တိုတွင်းမှာပဲ ကုန်ဆုံးသွားခဲ့ကြပြီး ဆယ်စုနှစ်တစ်စု ဆိုတာဟာလည်း ဘာမှမကြာလိုက် သလိုဘဲ ကုန်ဆုံးလျက် ရှိနေပါတယ်။ ပြောင်းလဲသွားတဲ့ အချိန်တွေ၊ ရက်တွေ၊ လတွေ၊ နှစ်တွေအပေါ်မှာ ပြန်လည် ဆန်းစစ်ကြပြီး မိမိဘ၀၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံ ဘာတွေတိုးတက် ပြောင်းလဲခဲ့ပြီလဲ။ ရှေ့ဆက်ပြီး ပြောင်းလဲဖို့ အလားအလာတွေ မြင်နေရပြီလား။ ဘာကြောင့် မပြောင်းလဲ မတိုးတက်ခဲ့ ကြသလဲ။ ပြန်လည် ဆန်းစစ်ကာ စည်းကမ်း နည်းလမ်းကောင်းတွေ ရှာဖို့လိုနေပြီ ဖြစ်ပါတယ်။

လူတစ်ဦးဖြစ်စေ၊ မိသားစုတစ်စု ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုဖြစ်စေ ကြီးပွားတိုးတက် နေတယ်ဆိုတာ နည်းလမ်းနဲ့ စည်းကမ်းတွေ ကောင်းနေကြလို့ပါ။ စည်းစနစ်ကျတဲ့ လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်ခဲ့ရင် ဘိုးစဉ်ဘောင်ဆက် ထူထောင်နိုင်ခဲ့ရင် အဲဒီမိသားစု အဖွဲ့အစည်းတွေဟာ အမြဲတမ်း ရှင်သန်နေမှာပါပဲ။ ကမ္ဘာပေါ်မှာ သြဇာကြီးမားခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ မျိုးဆက်တွေ၊ နိုင်ငံရေး ခေါင်းဆောင်မျိုးဆက်တွေ၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးတွေရဲ့ မျိုးဆက်သစ်တွေ၊ အစဉ်အလာ ကြီးမားနေတဲ့ ကမ္ဘာ့စီးပွားရေး ကုမ္ပဏီကြီးတွေ လူတိုင်းအားကျ နေရတဲ့ အနုပညာရှင် မျိုးဆက်တွေဟာ သူတို့ဘိုးဘွားတွေက စည်းစနစ်တွေနဲ့ ဘ၀တွေကို တည်ဆောက် ပေးခဲ့ကြလို့ နည်းလမ်းကောင်းတွေ ညွှန်ပြပေးခဲ့ကြလို့ မျိုးရိုးစဉ်ဆက် အစဉ်အလာ ကောင်းတွေကို ထိန်းသိမ်းခဲ့ကြလို့ ဒီနေ့ ဒီအချိန်ထိ ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်ရှင်သန် နိုင်နေတယ်ဆိုတာ ထင်ရှားတဲ့ သာဓကတွေအဖြစ် တည်ရှိနေကြပါတယ်။

ကျွန်တော်တို့ တိုင်းပြည်ဟာ ဖွံ့ဖြိုးမှု အနည်းဆုံးနဲ့ အဆင်းရဲဆုံး ဘာကြောင့် ဖြစ်နေသလဲဆိုရင် အုပ်ချုပ်သူ လူတန်းစားတွေက ခေတ်အဆက်ဆက် ခိုင်မာတိကျတဲ့ နည်းလမ်းကောင်းတွေကို မချမှတ် နိုင်ခဲ့ကြဘဲ 'အချိန်ကာလ အပိုင်းအခြားဟာ ကြိုးစားသူတွေအတွက် မြင့်တက်လာနိုင်သလို တန်ဖိုးမထား သူတွေအတွက် နိမ့်ကျသွား နိုင်တယ်ဆိုတယ်'။ အုပ်ချုပ်သူ လူကြီးမင်းများရော ပြည်သူတွေပါ သတိမူဖို့ လိုအပ်ပါတယ်။

ဗမာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ပြီဆိုတဲ့ အချုပ်တန်း ဆရာဖေရဲ့ ညွှန်းဆိုမှုဟာ စည်းကမ်းနဲ့ ပတ်သက်ပြီး မြန်မာ့သမိုင်းကြောင်းကို ထင်ဟပ်ရုံမကဘဲ ယနေ့လက်ရှိ အနေအထားထိ တိုင်အောင်ပင် မြန်မာလူမျိုးတွေ အနေနဲ့ ပေါ့ပေါ့တန်တန် မနေကြဘဲ အလေးအနက် ထားကြဖို့ ညွှန်ပြနေသလိုပါပဲ။ သက်ဦးဆံပိုင် ဘုရင်စနစ်မှာ အတွေးအခေါ်တွေ နိမ့်ပါးကာ စည်းဖောက်ခဲ့လို့ ကျွန်ဘ၀ ရောက်ခဲ့ကြတာ မဆန်းပေမယ့် ပွင့်လင်းထင်သာမြင်သာ ရှိလာတဲ့ ယနေ့အချိန်အခါမှာ စည်းကမ်းမဲ့ပြီး နည်းလမ်းတွေ မကောင်းခဲ့ရင် ကိုယ့်လူမျိုးတွေ တဖြည်းဖြည်း ဘေးရောက်ပြီး ဘုံပျောက်နိုင်မှုများအပေါ် အစိုးရ တာဝန်ရှိသူများ အနေနဲ့ အလေးအနက်ထား ဖြေရှင်းပေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။


လူတစ်ဦးဖြစ်စေ၊ မိသားစုတစ်စု ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုဖြစ်စေ ကြီးပွားတိုးတက် နေတယ်ဆိုတာ နည်းလမ်းနဲ့ စည်းကမ်းတွေ ကောင်းနေကြလို့ပါ။ စည်းစနစ်ကျတဲ့ လူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်ခဲ့ရင် ဘိုးစဉ်ဘောင်ဆက် ထူထောင်နိုင်ခဲ့ရင် အဲဒီမိသားစု အဖွဲ့အစည်းတွေဟာ အမြဲတမ်း ရှင်သန်နေမှာပါပဲ...



ယနေ့အချိန် အခါမှာ ရွှေဆိုင်၊ စားသောက်ဆိုင်နဲ့ လူသုံးကုန်ပစ္စည်း စက်ရုံတွေ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ဆောက်ပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်း ဆိုင်တွေကို ပိုင်ဆိုင်နေကြတာ လူမျိုးခြားတွေ ဖြစ်နေကြတယ်ဆိုတာ ကျွန်တော်တို့တွေ သတိမူကြဖို့ လိုနေပြီ ထင်ပါတယ်။ စနစ်တကျ စည်းကမ်းရှိစွာနေထိုင် စားသောက်မှုများနဲ့ နည်းလမ်းတကျ ချွေတာစုဆောင်းမှုများဟာ ဘ၀ရဲ့ အောင်မြင်မှု၊ တိုးတက်မှု၊ ကြီးမားမှု လမ်းစများအဖြစ် စွဲမြဲမှတ်ယူပြီး လိုက်နာကျင့်သုံး သွားကြမှသာလျှင် ခိုင်မာတဲ့ ဘ၀တွေကို တည်ဆောက်နိုင်ကြ ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ စည်းကမ်းမဲ့စွာ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလို စခန်းသွားနေ ကြဦးမယ် ဆိုရင်တော့ လူမျိုးခြားတွေရဲ့ လက်ဝေခံ ဘ၀ကနေ လွတ်မြောက်နိုင်ကြမှာ မဟုတ်ပါဘူး။

ကြုံကြိုက်လို့ စာရေးသူ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံလေး တစ်ခုကို ဖောက်သည် ချပြချင်ပါတယ်။ စာရေးသူဟာ ၀န်ထမ်း ၁၀၀ နီးပါးလောက်နဲ့ စားသောက်ဆိုင်လုပ်ငန်း တစ်ခုကို ဦးစီးပြီး လုပ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်က စီးပွားရေးတွေ ပြေလည်လို့ လူတွေ စားနိုင်သောက်နိုင်ပြီး အရောင်းအ၀ယ်တွေလည်း ကောင်းခဲ့ပါတယ်။ နေ့စဉ် အဘက်ဘက်က ၀င်ငွေဟာ ကောင်းခဲ့ပေမယ့် စာရေးသူဟာ ဖြစ်တည်လာမယ့် အနာဂတ်ကို အလေးမထားဘဲ စည်းကမ်းမဲ့စွာ နေ့စဉ်သောက်စားပြီး နည်းလမ်းတကျ ချွေတာစုဆောင်းမှုတွေ မပြုလုပ်နိုင်ခဲ့မှုကြောင့် နှစ်တွေသာ တစ်နှစ်ပြီးတစ်နှစ် ကုန်သွားတယ်။ ဘာတစ်ခုမှ အကျိုးအမြတ် မဖြစ်ထွန်း ခဲ့ပါဘူး။ နောက်ဆုံး စိတ်ဓာတ်ပျက်စီးကာ ဆိုင်ပိတ်သိမ်း လိုက်ရတဲ့ အခြေအနေထိ ဆိုးရွားသွားခဲ့ ရပါတယ်။ သို့သော်လည်း စာရေးသူဟာ မှားခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူပြီး ဘ၀ကိုပြုပြင် တည်ဆောက်ကာ စည်းကမ်းတကျနဲ့ နေထိုင်စားသောက်ပြီး နည်းလမ်းတကျ ချွေတာစုဆောင်း ခဲ့မှုတွေကြောင့် အထိုက်အလျောက် တည်ငြိမ်တဲ့ ဘ၀ကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ စည်းကမ်းတကျ စားသောက်နေထိုင်မှုနဲ့ နည်းလမ်းတကျ ချွေတာစုဆောင်း နိုင်မှုတွေဟာ တည်ငြိမ်တဲ့ ဘ၀ကို ဖြတ်သန်းနိုင်ခဲ့လို့ ယနေ့လူငယ် လူရွယ်များ အနေနဲ့ မိမိတို့ရဲ့ အနာဂတ်ဘ၀တွေအတွက် အပျော်အပါး အသောက်အစားတွေ လျှော့ပြီး အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းသွားဖို့ လိုအပ်လှပါတယ်။

သို့ဖြစ်၍လည်း ပြည်သူများ အနေနဲ့ စည်းစနစ်တွေနဲ့ ဘ၀တွေကို တည်ဆောက်သွားကြဖို့ လိုအပ်လှသလို အုပ်ချုပ်သူ တာဝန်ရှိသူများ အပိုင်းကလည်း လွယ်လွယ်နဲ့ ကတိပေး လွယ်လွယ်နဲ့ ကတိတွေ ဖျက်တတ်တဲ့ နည်းလမ်းမကျတဲ့ အကျင့်စရိုက်တွေကို ပြုပြင်သင့်ပါပြီ။ အခြေခံပညာရေး စနစ်တွေကအစ တရားဥပဒေများအဆုံး တိကျသေချာတဲ့ နည်းစနစ်များ မထားရှိဘဲ တစ်ဦးတက် နည်းစနစ်ခေတ်ခါပြောင်း၊ တစ်ဦးတက် ဥပဒေတစ်ခါထုတ်နဲ့ လိုရင်လိုသလို ပြောင်းလဲမှုတွေ မပြုလုပ်သင့်တော့ပါဘူး။

အထူးသဖြင့် ပြည်သူတွေရဲ့ မျက်နှာမကြည့်ဘဲ တစ်ဦးတစ်ယောက်ရဲ့ မျက်နှာကိုသာကြည့်ကာ မိမိအခွင့်အရေးအတွက် နည်းလမ်းတကျ စည်းစနစ်ကျစွာ မဆောင်ရွက်ကြဘဲ တစ်ပွဲထိုးလက်ပူတိုက် စနစ်မျိုးတွေကိုလည်း ကျင့်သုံးရမယ့်အချိန် မဟုတ်တော့ပါဘူး။ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အခွင့်အရေးတွေအတွက် မျက်နှာကြီးရာ ဟင်းဖတ်ပါကာ မိမိတို့နဲ့ နီးစပ်ရာ အသိုင်းအ၀ိုင်းလောက်သာ ဦးစားမပေး သင့်တော့ဘဲ မျက်နှာကြီးငယ် မရွေး၊ လူမျိုးဘာသာမရွေး သာတူညီမျှကို အကောင်အထည်ဖော်ပေးပြီး အများပြည်သူ အကျိုးစီးပွားကို ရှေးရှုသင့်ပါပြီ။

မည်သို့ပင် ဆိုစေကာမူ 'လုပ်ဖော်ကိုင်ဖက် လူသားတွေရဲ့ အကျိုးစီးပွားကို သယ်ပိုးနိုင်စွမ်း ရှိသလောက် လူဟာကြီးကျယ် မြင့်မြတ်မှာပဲ' ဆိုတဲ့ ဂန္ဒီရဲ့ အဆိုအမိန့်ကို နှလုံးမူပြီး ပြည်သူတွေ လက်ရှိကြုံတွေ့ နေကြရတဲ့ အခက်အခဲ အကျပ်အတည်း ပေါင်းစုံကို စည်းကမ်းတကျ နည်းလမ်းကောင်းများဖြင့် တရားမျှတစွာ ဖြေရှင်းပေးသွား မှသာလျှင် နောင်အနာဂတ် မျိုးဆက်တွေဟာ စည်းစနစ်ကောင်းတဲ့ အနာဂတ် လူ့ဘောင်သစ်တွေမှာ ရပ်တည်ရှင်သန်နိုင်မှာ ဖြစ်သလို နိုင်ငံတကာ အလယ်မှာလည်း သိမ်ငယ်စရာ ဘ၀မျိုးတွေကနေ ရုန်းထွက်လွတ်မြောက် နိုင်မှာဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ပါတယ်။

Written by ကိုသိန်း (ကျောက်ကြီး) 

No comments: