Monday, August 24, 2009

One of my Sunday

တနင်္ဂနွေတစ်ရက်

ကျွန်တော့်အလုပ်အားရက်ဖြစ်တဲ့ ဒီနေ့မှာ လုပ်စရာကိစ္စတွေပြီးတော့ ထုံးစံအတိုင်း စာအုပ်ဖတ်၊ ဟိုတွေး ဒီတွေးပေါ့။ အလုပ်အကိုင် အစဉ်မပြေတဲ့အခါ မိမိဘာကြောင့် ချမ်းသာတဲ့ မိသားစုမှာ မမွေးရသလည်း၊ မှန်ကိုကြည့်မိတဲ့အခါ တစ်ချို့တွေကျတော့ ရုပ်ရည်လှပသည့် အပြင် ဘ၀ကံကောင်းလိုက်ကြတာ စသဖြင့်ပေါ့လေ အတွေးဝင်မိပါတယ်။

စာအုပ်တွေလျှောက်မွှေမိတော့ သင်္ကြန်ရုံးရက်ရှည်ပိတ်တုန်းက မန္တလေးပြန်ဖြစ်တော့ အမေက ဖတ်ကြည့်ပါလို့ပေးတဲ့ ' လုပ်တတ်မှ မြတ်မှာပါ(မျိုးခင် – မြတောင်)' ရဲ့ စာအုပ်ထဲမှာပါတဲ့ အချက်လေးတွေကို မှတ်စုစာအုပ်ထဲမှာ ရေးမှတ်ခဲ့မိတာ လေးကို ပြန်ပြောင်း သတိရမိတော့မှ မှတ်စုစာအုပ်လေးကိုဖွင့် သေချာဖတ်ပြီး အတွေးကနေ အဖြေထုတ်ကြည့်ရပါတော့ တယ်။

ကျွန်တော်ဖတ်မိသမျှကို တခြားလူတွေ အထူးသဖြင့် ကိုယ့်ပတ်ဝန်းကျင်ကသူငယ်ချင်းတွေကို ပြန်ပြောပြတတ်တဲ့ ကျွန်တော့်အကျင့်ကြောင့်ရော အွန်လိုင်းပေါ်ကသူငယ်ချင်းတို့လည်း ဖတ်ပြီး သိရှိစေချင်တာရောကြောင့် ပြန်လည် ဖော်ပြပါရစေ။

ဆရာ မျိုးခင်ရဲ့ စာအုပ်ထဲတွင်ပါသော သုဘလုလင်ရဲ့ အမေး(၁၀)ချက်ကို ဗုဒ္ဓမြတ်စွာက ပြန်ဖြေတဲ့ အဖြေများက ကျွန်တော့်အတွေးများအတွက် အဖြေများပါ။

သုဘလုလင်မေးတဲ့ မေးခွန်း(၁၄)ခုရဲ့ အဖြေတွေကို တိုတိုနဲ့ ရှင်းရှင်း လိုရင်းရောက်အောင် ဆရာတော် အရှင်ဇနကာ ဘိဝံသ ရေးသားထားတာကို ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါတယ်။

အဲဒါလေးတွေကို ဦးစွာဖော်ပြရရင် –

(၁) သူများအသက် ၊ သတ်သည့်အတွက် သက်ကိုယ့်မှာတို။

(၂) မသတ်ရှောင်ရှား၊ ထိုသူများ ရှည်လျား အသက်ပို။

(၃) နှိပ်စက်ကလူ၊ ညှင်းဆဲသူ ပြောထူ ရောဂါဆို။

(၄) သနားစိတ်သွင်း၊ ညှင်းဆဲကင်း ကင်းရှင်းရောဂါကို။

(၅) ပြင်းထန်ဒေါသ၊ ကြီးတတ်က အလှပျက်မည်ဆို။

(၆) ဒေါသကင်းစင်၊ မေတ္တာယှဉ် ကြည်လင်လှပသကို။

(၇) မနာလိုပြန်၊ ဣဿာထန် ခြွေရံကင်းမည်ဆို။

(၈) ဣဿာမထား၊ ၀မ်းမြောက်သွား ပေါများခြွေရံကို။

(၉) မလှူမတန်း၊ မပေးကမ်း ခြောက်ခန်းဥစ္စာဆို။

(၁၀) စွန့်ကြဲပေးကမ်း၊ ပြုပါကုန် ကုံလုံကြွယ်ဝပို။

(၁၁) မာန်မာနကြွယ်၊ ထိုသူငယ် မျိုးနွယ်တုံးမည်ဆို။

(၁၂) ထိုက်သူရိုကျိုး၊ မာန်ကိုချိုး အမျိုးမြတ်လှသကို။

(၁၃) သိဖွယ်ဟူသမျှ၊ မမေးက ဖျင်းအ ပညာဆို။

(၁၄) ကြားမြင်များအောင်၊ မေးလေ့ဆောင် ခုနောင် တတ်သိပို။

လောကကြီးထဲမှာ အကြောင်းတရားကင်းပြီး ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ အကျိုးတရားဆိုတာမရှိခဲ့ဘူးပါဘူးဆိုတာ သတိရ ဖွယ်ပါပဲ။ ပြီးတော့ ဒီဘ၀ ဒီလိုကံတွေ ဆက်လုပ်နေခဲ့ရင် နောက်ဘ၀မှာ ဘယ်လို အကျိုးတရားတွေ ခံစားရမယ်ဆိုတာကို လည်း အဖြေရပြီးသားဖြစ်လောက် ပါပြီနော်။

'ငါနဲ့ သူနဲ့ ဘာကြောင့် မတူတာလဲ။'

'ငါသူဖြစ်သလို ဘာကြောင့် မဖြစ်ရတာလဲ။'

'သူ့ထက်ငါ ဘာကြောင့်မသာရတာလဲ။' ဆိုတဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားသူများကို မကျေမနပ် တစ်ယောက်တည်းအကျဉ်း ကျနေမည့်အစား ကိုယ့်ဘာသာကိုယ် သတိထားပြီး ဆင်ခြင်နေထိုင်သွားဖို့ အကြောင်းလုံလောက်သွားပြီလို့လည်းထင်ပါသည်။

ရခဲလှတဲ့လူ့ဘ၀မှာ 'နတ်ကရာကြည့်မောနေကြ'မည့်အစား အကျိုးရှိရှိ အကုသိုလ်ကင်းကင်းနဲ့နေထိုင်သွားနိုင်ကြရင် ဘယ်လောက်ကောင်းကြမလည်း။

မဟာဗောဓိမြိုင်ဆရာတော်ကြီး ဟောကြားဆုံးမတော်မူထားတာကလည်း အံဝင်ဂွင်ကျပါပဲ။ 'ဘ၀ဆိုတာ အာရုံကို မေ့မေ့မျောမျော ခံစားနေသူများအတွက်ကတော့ အပြစ်စုဆောင်းသိုမှီးရာ ဂိုထောင်ကြီးတွေဖြစ်ပြီး၊ သတိ – အသိရှိနေသူများအတွက်ကတော့ အပြစ် သန့်စင်ရာ ဓာတ်ခွဲခန်းများပါ။' တဲ့ခင်ဗျာ့။

ဇာနည်။

စာကြွင်း။ ။ အထက်ပါအချက်(၁၄)ချက်ရဲ့ အနက်အဓိပ္ပာယ်အကျယ်ကိုလည်း ဆက်လက်တင်ပြပေးသွားဦးမှာပါ။ ကျွန်တော်ဖတ်မိစဉ်းစားမိအတွေးဝင်မိတာလေးတွေကို ပြန်လည်ဝေငှဖြစ်တာလေးပါနော်။ ဖတ်ပြီးစိတ်ဝင်စားသွားရင် ၀မ်းမြောက်မိမှာ ဖြစ်သလို စိတ်ရှုပ်သွားရင်တော့ ဆောရီးပါ။

No comments: