Monday, May 19, 2014

ကြက်သားမန်းကျည်းနှစ်ကြော် ၊ ဟင်းသီးဟင်းရွက်ပေါင်း နှင့် ဘူးသီးဟင်းခါး



ကြက်သားကို ကြော်ပြီး မန်းကျည်းနှစ်လေးနဲ့ပြန်ချက်မယ်၊ ဟင်းသီးဟင်းရွက်အစုံကိုပေါင်းမယ်၊ ပြီးတော့ ဘူးသီးဟင်းခါးလေးနဲ့ဆိုတော့ ထမင်းမြိန်စေမယ့် ဟင်းအတွဲအစပ်လေးတစ်ခုဖြစ်မှာပါနော် သူငယ်ချင်းတို့အတွက်လေ။ 

ပူပူနွေးနွေးလေးချက်စားပြီး မိုးသဲနေတဲ့နံနက်ခင်းမှာ ထမင်းမြိန်ပါစေလို့ ဆန္ဒပြုပါတယ်။

ကြက်သားမန်းကျည်းနှစ်ကြော်

ပါဝင်သောပစ္စည်းများ
ကြက်သား ၂၀ကျပ်သား၊ မန်ကျည်းသီးမှည့် ၅ကျပ်သား၊ ဆီ ၃ဇွန်း၊ နံနံပင် အနည်းငယ်၊ ပဲငံပြာရည်(အနောက်) ၁ဇွန်း၊ ငရုတ်ကောင်းမှုန့် ၁ဇွန်း(အသေး)၊ ကြက်သွန်နီမှုန့် ၁ဇွန်း ၊ ဆား ၂ဇွန်း(အသေး)၊ သကြား ၁ဇွန်း။

ပြင်ဆင်ပုံ
(၁) ကြက်သားကို ၁လက်မအရွယ်တုံး၍ ရေဆေးထားပါ။


(၂) မန်ကျည်းသီးအနှစ်ရအောင် ရေစိမ်ပြီး အနှစ်တိုက်ထားပါ။
(၃) မန်ကျည်းနှစ်ရည်ထဲသို့ ကြက်သွန်နီမှုန့်၊ သကြား၊ ဆား၊ ငရုတ်ကောင်း၊ပဲငံပြာရည်တို့ဖြင့်နှစ်၍စိမ်ပါ။ တစ်ညစိမ်ထားပြီး မနက်မှကြော်ရမည်။
(၄) ကြော်မည့်နေ့တွင် ထည့်မည့်ပစ္စည်းစုံအောင် ပြင်ဆင်ပါ။

ပြုလုပ်နည်းအဆင့်ဆင့်
(၁) ဆီဒယ်အိုးတည်ပြီး မန်ကျည်းရည်စိမ်ထားသော ကြက်သားကိုသူ့ချည်းသပ်သပ်ဆယ်၍ ကြော်ပါ။
(၂) ကြက်သားကြော်ပြီးမှ စောစောက မန်ကျည်းနှစ်ရည်ထဲသို့ထည့်၍နယ်ကာ မိနစ် ၂၀ခန့်ရေဖြင့် ပြန်ချက်လိုက်ပါ။
(၃) စားခါနီးလျှင် ကြက်သွန်မြိတ်(သို့မဟုတ်) နံနံပင်အုပ်ကာ စားသုံးနိုင်ပါသည်။

 
ဟင်းသီးဟင်းရွက်ပေါင်း

ပါဝင်သောပစ္စည်းများ
မုန်ညင်း(အရိုးနုနု) ၂စည်း၊ ဆီ ၅ကျပ်သား၊ ဆန်လှော်မှုန့် ၃ကျပ်သား၊ မျှင်ငါးပိ လက်တစ်ဆစ်၊ ပြောင်းဖူး(အဖူးသေး) ၁ဖူး၊ ဟင်းခတ်မှုန့် သင့်ရုံ၊ ဆား သင့်ရုံ

ပြင်ဆင်ပုံ
မုန်ညင်းကို အရင့်များဖယ်၍ လက်တစ်ဖ၀ါးခန့် အညွန့်များချိုး၍ ရေစင်အောင်ဆေးထားပါ။
ပြောင်းဖူးအစေ့များခြွေ၍ ရေစင်အောင်ဆေးထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်
(၁) နှစ်ထပ်ပေါင်းအိုးရှိပါက အောက်ဆင့်တွင် ရေထည့်၍ နှစ်ထပ်ပေါင်းအိုးအပေါ်ဆင့်တွင် လက်တစ်ဖ၀ါးခန့် မုန့်ညင်းအညွန့်များကို စီထည့်ပါ။
(၂) ပြီးလျှင် ဆန်လှော်မှုန့်ဖြူးထည့်ပါ။
(၃) မျှင်ငါးပိလက်တစ်ဆစ်၊ ဆား၊ ဟင်းခတ်မှုန့်နှင့် ပြောင်းဖူးတချို့တစ်ဝက်ကိုထည့်၍ ရေအနည်းငယ်ဖြန်းပြီး အသာအယာဆုပ်နယ် ပေးပါ။
(၄) နယ်၍နှံ့ပြီဆိုပါက အပေါ်မှ ကျန်သောပြောင်းဖူးများဖြူးထည့်ပါ။
(၅) ထို့နောက် အဖုံးအုပ်၍ တည်ထားပါ။
(၆) မုန့်ညင်းပေါင်းနူးလျှင် စားမည့်ပန်းကန်ထဲတွင် ဆီဆမ်းထားပါ။

ဘူးသီးဟင်းခါး

ပါဝင်သော ပစ္စည်းများ
ဘူးသီး ၁စိပ်၊ ငရုတ်ကောင်းမှုန့် သင့်ရုံ၊ ကြက်သွန်ဖြူ ၁ဥ၊ ငံပြာရည်နှင့် ဟင်းခတ်မှုန့် သင့်ရုံ၊ ငါးပိ အနည်းငယ်

ပြင်ဆင်ပုံ
(၁)ဘူးသီးကိုအခွံခွာ၍ အနေတော်တုံးပြီး ရေစင်အောင် ဆေးထားပါ။
(၂) ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်
(၁) အိုးထဲသို့ ဓားပြားရိုက်ထားသော ကြက်သွန်ဖြူထည့်ပါ။
(၂) ငါးပိနှင့်ရေအနေတော်ထည့်၍ ဆူအောင်တည်ပါ။
(၃) ဆူလျှင် ဘူးသီး၊ငံပြာရည်၊ဟင်းခတ်မှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပါ။
(၄) ဘူးသီးနူးအောင် အဖုံးအုပ်၍ တည်ထားပါ။ ကျက်လျှင် အပေါ့အငန်မြည်း၍ သုံးဆောင်နိုင်ပါသည်။

စာကြွင်း - မေသိင်္ဂါစိုး၏ဟင်းချက်လက်ရာများအား ပြန်လည်ဝေငှသည်။

No comments: