Sunday, April 8, 2012

နိုင်ငံရေး နောက်ပြန်မလှည့်ဖို့ (No U-turn)


နိုင်ငံရေး နောက်ပြန်မလှည့်ချင်ဘူးလား။ ရင်းလပ် (Yingluck)ကို ကြည့်ဖို့ လိုတယ်

နိုင်ငံရေး အရှိန်လေးရ ခြေလှမ်းတွေစိပ်လာတော့ တပည့်အတော်များများ ကျွန်တော့်ဆီကို ရောက်လာကြသည်။ အဓိကကတော့ မြန်မာနိုင်ငံ နိုင်ငံရေးအခင်းအကျင်းကို သူတို့ သိလိုကြသည်။ အဆင့်မြင့်ပညာ သင်ယူသူ အများသည် တစ်နဲ့တစ်ပေါင်းတိုင်းလည်း နှစ်မဖြစ်ကြောင်း သိ လာကြသည်။ ထို့အတွက် ကျွန်တော့်ကို လာရောက်ဆွေးနွေးကြသည်။

''ဆရာ ၂၀၁၂ ခုနှစ်အတွင်းမှာ မြန်မာပြည် နိုင်ငံရေးအခင်းအကျင်းကို ဆရာဘယ်လိုမြင်ပါသလဲ'' တပည့်မောင်ထူး မေးတာပါ။ သူသည် ဂျာနယ်လစ်တစ်ပိုင်းဖြစ်သည်။

''၂၀၁၂ ခုနှစ်အတွင်း မြန်မာပြည်မှာ အတော်လေးကို ပြောင်းလဲနေတာကို တွေ့ရမယ်။ ၂၀၁၀ ပြည့်နှစ်က စိတ်ကူးယဉ်လို့ မရတာတွေဖြစ်နေတာကို တွေ့ရပေမယ်။ ဥပမာ NLD ဆိုရင် ပြန်လည်နိုးထလာတဲ့ သဘောကိုဆောင်တာ တွေ့ရတယ်။ ၂၀၁၂ ခုနှစ်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို လွှတ်ပေးတာတွေ အချို့ရှိတယ်။ စာပေရေးသားခွင့် လွတ်လပ်လာတာတွေ အချို့ရှိတယ်။ အတားအဆီး အချို့ရှိပေမယ့် စာပေဟောပြောပွဲတွေ အမြို့မြို့အရွာရွာမှာ ကျင်းပလာတာဟာ သောက်သောက်လဲပါပဲ။ ဗိုလ်ချုပ်ဓာတ်ပုံတွေ၊ အောင်ဆန်းစုကြည်ဓာတ်ပုံတွေ လမ်းဘေးမှာ ရောင်းချလာတယ်''

''ဒါတွေဟာ ဒီမိုကရေစီအပြောင်းအလဲလို့ ဆရာပြောချင်တာလား ဆရာ''

''ပွင့်လင်းမှု ရှိလာတယ်။ Transperency ရှိလာတာပေါ့လေ။ ဒီတော့ဟာ တစ်ယောက်ကိုတစ်ယောက် ဝေဖန်တာတွေဖြစ်လာတယ်။ အမြင်မတော်တာတွေ မဖြစ်သင့်တာတွေကို လွှတ်တော်မှာ ပြောကြဆိုကြ ဆွေးဆွေးကြတယ်။ နောက်တစ်ခုကတော့ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းမှာ ပြည်သူ့အသံတွေ ကျယ်လောင်လာတယ်''

''ဟုတ်ကဲ့ဆရာ ပြည်သူ့အသံတွေဟာ စတုတ္ထမဏ္ဍိုင်တွေဖြစ်တဲ့ ဂျာနယ်တွေကတစ်ဆင့် ထွက်လာတယ်။ သမ္မတကြီးအမိန့်နဲ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်အတွက် ဆည်ဆောက်တဲ့ စီမံကိန်းတွေ ဖျက်လိုက်သလို ဧရာဝတီမြစ်မှာ တကယ့် စက်ယန္တရားကြီးတွေနဲ့ ရွှေကျင်တာမျိုးကိုလည်း ရပ်ဆိုင်းစေခဲ့တယ်ဆရာ။ ဒီတော့ ဆရာ ဒါဟာ ဒီမိုကရေစီပေါ့ မဟုတ်လား''

''ကိုထူးက နိုင်ငံရေးပုံစံကို ဒီမိုကရေစီ အခင်းအကျင်းလို့ပဲ ပြောချင်တာကိုး။ မှန်ပါတယ်။ ဒီမိုကရေစီ အခင်းအကျင်းကို သွားနေတာပဲ။ တရားမျှတမှုတွေရှိတဲ့ အုပ်ချုပ်ရေးစနစ်ကို လူတွေက မျှော်မှန်းနေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ လွှတ်တော်ပေါ်လာတာကို ပြန်ကြည့်ပါ။ နိုင်ငံရေးပါ တီတွေ ၀င်ရောက်ယှဉ်ပြိုင် ရွေးချယ်ကြတယ်။ သူတို့အနေနဲ့ အာဏာရဖို့အတွက် ယှဉ်ပြိုင်ရတာပဲလေ''

''လွှတ်တော်ထဲကိုရောက်မှ ပြောရေးဆိုခွင့် ရှိလာတယ် မဟုတ်လား''

''ဟုတ်ပါတယ်။ လွှတ်တော်ထဲကိုရောက်ဖို့ အမတ်နေရာရဖို့ ယှဉ်ပြိုင်ရတယ်။ ဒီလို ယှဉ်ပြိုင်တဲ့အခါမှာ မိမိရည်မှန်းချက်က ဘာလဲ။ ပထမအဆင့်က အာဏာရဖို့ပဲပေါ့။ ဒါပေမဲ့ ဒီလိုအာဏာရဖို့ ကြိုးစားတဲ့အခါ မှားတတ် တာတွေ ရှိတာကို သတိထားသင့်တယ်''

''မှားတတ်တာတွေဟာ ဘယ်လိုမျိုးလဲ ဆရာ''

''ကြောင်ဖြူဖြူ မည်းမည်း ကြွက်သေတာ အဓိကဆိုပြီး ဘယ်နည်းနဲ့ မဲရရ ယူတာဟာ မှားတယ်။ မဲဟာ အဓိကကျပေမယ့် နိုင်ငံရေး လုပ်တယ်ဆိုတာ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ လုပ်တာပါ။ ဒါကို သဘောပေါက် သူတွေ အများကြီးပါ။ ဒီလို သဘောပေါက်လျက်နဲ့ ယှဉ်ပြိုင်မဲ ရွေးတဲ့အခါတွေမှာ မာန ပြိုင်လာကြတာတွေ ရှိတယ်။ ဒါက ပထမ သတိထားရမယ့်အချက်ပါ။ ဒုတိယကတော့ ကိုယ်လိုတဲ့ပန်းတိုင်ကိုသွားဖို့ သိမ်မွေ့ဖို့လိုတယ်''

''ဘယ်လိုမျိုးလဲဆရာ''

''ယိုးဒယားကို ဥပမာကြည့်နိုင်တယ်။ ထိုင်းဝန်ကြီးချုပ်ရင်းလပ်ကို ကြည့်ဖို့ လိုတာပေါ့''

''ထိုင်းဝန်ကြီးချုပ် ရင်းလပ်ရှီနာဝပ်လားဆရာ။ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်ရဲ့ ညီမ မဟုတ်လားဆရာ''

''ဟုတ်တယ် ၀န်ကြီးချုပ်သက်ဆင်ဟာ ဥပဒေပြင်ပ စီးပွားရေးလုပ်ငန်းကြောင့် အဖမ်းခံရတယ်။ သူဟာ အင်မတန်ချမ်းသာတဲ့ ဘီလျံနာပါ။ အခု သက်ဆင်ဟာ ပြည်ပမှာ ပြည်ပြေး(exile) အနေနဲ့ ရောက်နေတာ ရင်းလပ်က သူရဲ့နှမအထွေးဆုံးဖြစ်တယ်၊ ရင်းလပ်တို့ဟာ ရှပ်နီအဖွဲ့ပါ။ ရှပ်ဝါနဲ့ ဆန့်ကျင်ဘက်ပေါ့။ ထိုင်းတစ်နိုင်ငံလုံးမှာ ရှပ်နီတွေ ဆန္ဒပြတယ်။ ဒီတော့ စစ်တပ်က တာဝန်ယူ အာဏာသိမ်းရတယ်။ ဒါပေမဲ့ တပ်က ရွေးကောက်ပွဲ ကျင်းပပေးတယ်။ ဒီအခါ ရင်းလပ်တို့ ပါတီက မဲအများဆုံးနဲ့ အနိုင်ရတယ်။ ဒီတော့ အစိုးရဖွဲ့တဲ့အခါ ရင်းလပ် ၀န်ကြီးချုပ် ဖြစ်လာတယ်''

''အစိုးရဖွဲ့တာပေါ့''

''သူ့ပါတီဟာ အစိုးရဖွဲ့နိုင်ပေမယ့်လည်း သူ့ပါတီတစ်ခုတည်းနဲ့ အစိုးရမဖွဲ့ဘူး။ ခြောက်ပါတီ ညွန့်ပေါင်းအစိုးရကို ဖွဲ့တယ်''

''ဘယ်လိုဖွဲ့လဲ ဆရာ''

''ရင်းလပ်ဟာ အစိုးရအဖွဲ့ထဲကို သူ့ရှပ်နီတွေ တစ်ယောက်မှ မထည့်ဘူး။ အတိုက်အခံတွေက လူတွေအပါအ၀င် ပညာတတ်အများအပြား(Technocrats) တွေကိုပဲ အစိုးရအဖွဲ့ထဲကို ထည့်တယ်''

''ဘာဖြစ်လို့လဲဆရာ''

''ထိုင်းမှာမူလကတည်းက အာဏာနဲ့ ပတ်သက်လို့ ပြဿနာအကြီးကြီးရှိတယ်။ ဘုရင်မှာ အာဏာရှိတယ်။ စစ်တပ်မှာ အာဏာရှိတယ်။ ဒီလိုအာဏာရှိတဲ့သူတွေနဲ့ အဆင်ပြေအောင်လုပ်ဖို့ အင်မတန် အရေးကြီးတယ်။ ဒီအတွက် ရင်းလပ်ဟာ အပေးအယူတွေကို လုပ်ရတယ်။ Compromise လုပ်ရတာပါပဲ''

''ရင်းလပ်ဟာ ထင်တာထက်ပါး ရည်နပ်ရည်ရှိတယ်။ သူတော်တာပဲ''

''တော်ပါတယ်။ ရင်းလပ်ဟာ အနာတရဖြစ်ပြီး ဒုက္ခကြီးခဲ့တဲ့ ပြည်သူတွေကို ခွန်နဲ့အားနဲ့ သိမ်မွေ့နူးညံ့စွာ အုပ်ချုပ်သွားဖို့ ရည်ရွယ်ထားတယ်။ strength ဆိုတဲ့ ခွန်အားနဲ့ သိမ်မွေ့နူးညံ့တဲ့ gentleness တို့ကို ပေါင်းစည်းကာ အုပ်ချုပ်မှုကိုတည် ဆောက်မယ်လို့ ဆိုလိုတဲ့သဘောပဲ။ တကယ်တော့ ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းစဉ်က ဘတ်ဂျက်ဟာ နှစ်ဆလောက် တက်သွားတယ်''

''များလားဆရာ''

''အတော်များတယ်။ ဒါပေမဲ့ ဒါကိုသူမက သွားမထိဘူး။ ဒီအတိုင်း ပဲထားတယ်''

''ဘုရင်စနစ်ကို ရင်းလပ်ဘာတွေပြောလဲ''


Democracy practice လုပ်ရတာ ခက်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့အားလုံးဟာ ခေါက်ရိုးကျိုးနေကြတယ်လေ။ အမှားလား၊ အမှန်လားပဲ စဉ်းစားတယ်။ ဒီနှစ်ခုကြားမှာ ညှိနှိုင်းအဖြေရှာ (compromise) လုပ်ဖို့ မစဉ်းစားကြဘူး။ အဖြေဟာ ဒီကြားထဲမှာရှိတယ် ...



''ဘုရင်စနစ်ဟာ အတော့်ကို အမြစ်တွယ်နေပြီဖြစ်တယ်။ ဒါကြောင့် ဘုရင်နဲ့ပတ်သက်တဲ့အာဏာကိုလည်း ၀င်ရောက်စွက်ဖက် ပိတ်ဆို့ခြင်းမလုပ်ဖို့ သူမသဘောပေါက်တယ်။ သူမဟာ ဘုရင်အုပ်ချုပ်ရေးကို အထူးလေးစားကြောင်း ပြသတယ်။ ဒီအတွက် သူမရဲ့ပါတီကလူတွေ သ ဘောမကျဘူး။ ဒါပေမဲ့ ဘုရင်နဲ့တပ်ကို မထိမတို့တာ အန္တရာယ်အကင်းဆုံးပဲ မဟုတ်လား''

''သူမအတွက်လား ဆရာ''

''မဟုတ်ဘူးကွ။ တိုင်းပြည်အတွက် အဓိကကျတယ်။ ဆန္ဒတွေပြတယ်။ အာဏာသိမ်းတာတွေမျိုးဟာ နောက်ပြန်ဆုတ်တာပဲ။ ထိုင်းနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်က ဆန္ဒတွေပြတာ တိုင်းပြည်စီးပွားရေး ဘယ်လောက် ထိခိုက်နစ်နာလဲ။ နောက်ပြီး နိုင်ငံရေး မတည်မငြိမ်ဖြစ်ရင် စီးပွား ရေး နောက်ကျမယ်။ ဒီအခါပြည်သူတွေပဲ ဆင်းရဲမှာပဲ''

''ဒါဆိုရင် ဒီမိုကရေစီအရေးမှာ နောက်ပြန်မဆုတ်ဖို့ အရေးကြီးတာပေါ့နော် ဆရာ''

''နောက်ပြန်မဆုတ်အောင် နိုင်ငံရေးသမားတွေ ထိန်းဖို့လိုတာပဲ။ နိုင်ငံရေးပရိယာယ် ကြွယ်ဖို့လိုတယ်။ မြန်မာနိုင်ငံရေးမှာ ဒါဟာအရေးကြီးတယ်။ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလမှာတို့ လွတ်လပ်ရေးရတယ်။ ၁၉၅၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းတယ်။ လွတ်လပ်ရေးရပြီး ၁၀ နှစ်ပဲ ကြာတယ်။ နိုင်ငံရေးသမားတွေရဲ့ အကွဲအပြဲတွေက ထိန်းသိမ်းမရလောက်အောင် ဖြစ်လို့ပါပဲတဲ့။ နောက် ရွေးကောက်ပွဲ လုပ်ပေးတယ်။ ဒီအခါလည်း အဆင်မပြေဘူး။ နောက်ထပ် အာဏာသိမ်းတယ်''

''အဲဒီခေတ်က နိုင်ငံရေး အာဏာသိမ်းတာ အတော်ခေတ်စားတယ်။ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် မတ်လက အာဏာသိမ်းတာပါပဲ။ ဒီလိုနဲ့ နှစ် ၅၀ လောက် ပုံစံအမျိုးမျိုးနဲ့ စစ်တပ်ကပဲ အုပ်ချုပ်ခဲ့တယ်။ နိုင်ငံတော်ကို စစ်တပ်က အကြိမ်ကြိမ် အာဏာသိမ်းတာပဲလို့ ကျွန်တော်မြင်တယ်။ မှန်ရဲ့လား ဆရာ''

''အကြမ်းအားဖြင့် ဒီလိုပြောလို့ ရပါတယ်။ တို့ဆီမှာ စစ်တပ်ရဲ့ သြဇာအာဏာ ကြီးမားတယ်။ ဒါကို လျော့တွက်လို့ မရဘူး။ စစ်တပ်နဲ့ သဘောထားကိုက်ညီတဲ့ အပေးအယူတွေကိုတော့ လုပ်ရမှာပဲ။ ဒါဟာလည်း အချက်နှစ်ချက် ပါဝင်တယ်။ ပထမ အချက်က တို့ဆီမှာ အင်္ဂလိပ်ဆီက လွတ်လပ်ရေးရအောင် တိုက်ပေးတာ စစ်တပ်လို့ ယုံကြည်ကြတယ်။ ဒုတိယအချက်က တို့တိုင်းပြည်ဟာ လူဦးရေကော အခြားစီးပွားရေးအနေနဲ့ရော အင်အားကြီးမားတဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံနဲ့ အိမ်နီးချင်း ဖြစ်နေလို့ပဲ''

''ဒါဆိုရင် စစ်တပ်နဲ့ ကျွန်တော်တို့ ခရီးအတူသွားရမယ့်သဘောလား ဆရာ''

''ဟုတ်တယ်ကွ စစ်တပ်နဲ့ လက်တွဲဆောင်ရွက်ရမယ်။ ခေါင်းဆောင်တွေကလည်း ဒီလိုပဲမြင်တယ်။ နှစ် ၅၀ ကျော် အမိန့်ပေးတဲ့စနစ်ကနေ ပြောင်းဖို့ဆိုတာ မလွယ်ဘူး။ အားလုံး mind-set ဖြစ်နေကြတယ်။ ဘယ်သူမှ အသစ်ကို ရဲရဲဝံ့ဝံ့ မလုပ်ရဲကြဘူး။ ဥပမာ NLD က အားကစားကွင်းတွေသုံးပြီး တရားပွဲတွေလုပ် မဲဆွယ်စည်းရုံးမှုတွေ လုပ်တာကို ရုတ်တရက် လက်မခံနိုင်တဲ့ အစိုးရအဖွဲ့ဝင်တွေရှိတာ ဘာမှမဆန်းဘူး။ သူတို့ သဘောပေါက်တဲ့အခါ လက်ခံလာကြမှာပါပဲ။''

''ဟုတ်ပါတယ်ဆရာ။ ခုတော့ လက်ခံလာကြတာတွေ့မြင်နေရပါ တယ်''

''ဒီမိုကရေစီအလေ့အကျင့်ပါ။ Democracy practice လုပ်ရတာ ခက်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့အားလုံးဟာ ခေါက်ရိုးကျိုးနေကြတယ်လေ။ အမှားလား၊ အမှန်လားပဲ စဉ်းစားတယ်။ ဒီနှစ်ခုကြားမှာ ညှိနှိုင်းအဖြေရှာ (compromise) လုပ်ဖို့ မစဉ်းစားကြဘူး။ အဖြေဟာ ဒီကြားထဲမှာ ရှိတယ်။ ရင်းလပ်ရှီနာဝပ်ဟာ သူ့ရဲ့အစ်ကို သက်ဆင်ဖြုတ်ချခံရတာကို ကောင်းကောင်း သင်ခန်းစာယူထားတယ်လို့ ဆိုနိုင်တယ်။ ယနေ့ သူမဟာ ပြည်သူတွေရဲ့ အနည်းဆုံးလုပ်ခ ၁၀ ဒေါ်လာရရှိရေး ကို ဦးတည်လုပ်ဆောင်နေတယ်။ အတိုက်အခံတွေကတော့ ဒီလိုလုပ်ရင် ငွေကြေးဖောင်းပွမှာကို စိုးရိမ်မကင်း ဖြစ်နေကြတယ်။ ဒါပေမဲ့ သူမဟာ စီးပွားရေး ဘွဲ့ရဖြစ်ပြီး အင်မတန်တော်တဲ့ ဘဏ္ဍာရေးဝန်ကြီး သီရာချိုင်း(Thirachai phuvannat-naranubala) နဲ့အတူ ပူးတွဲဆောင်ရွက် လုပ်ဆောင်နေတယ်။''

''ဒီလို သဘောထားတွေဟာ နိုင်ငံရေးမှာ ပါတယ်ဆိုတာ ဆရာပြောမှ သိတာပဲ။ ဒါကြောင့်လည်း နိုင်ငံရေးက ရှုပ်ထွေးတယ်လို့ ပြောတာကိုး''

''ဟုတ်တယ် ဖြူစင်တဲ့ နိုင်ငံရေးပေမယ့် လက်တွေ့မှာ ရှုပ်ထွေးတယ်။ လောလောဆယ် ရင်းလပ်အနေနဲ့ ထိုင်းဘုရင်ဘူမိဘောနဲ့ အဆင်ပြေနေပေမယ့် တကယ်လို့ ဘူမိဘော(အသက် ၈၄နှစ်) ကံတော်ကုန်ရင် သူ့ရဲ့သား အိမ်ရှေ့မင်းသားနဲ့ အဆင်ပြေပါ့မလား ဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်။ ခုတလော ထိုင်းက ကံဆိုးနေတယ်။ ၂၀၁၁ ခုနှစ်မှာ နှစ်ကြိမ်နှစ်ခါ ရေကြီးလိုက်တာ ဒေါ်လာဘီလျံချီ ဆုံးရှုံးရရှာတယ်''

''ဒါတွေအားလုံး နိုင်ငံရေးမှာ အရေးပါလားဆရာ''

''အင်မတန် အရေးပါတယ်။ နောက်ပြန်မလှည့်ဖို့ ဒါတွေကို သတိထားရမယ်။ နိုင်ငံရေးသမားတွေ အင်မတန် အရေးကြီးတယ်။ ညှိနှိုင်း (compromise) လုပ်ဖို့ စဉ်းစားဖို့ အ ရေးကြီးတယ်''

''No U-turn ပေါ့ဆရာ''

''အေး No U-turn''

Written by ဒေါက်တာခင်မောင်ညို

Credit: http://news-eleven.com/index.php?option=com_content&view=article&id=13139:--no-u-turn&catid=78:2009-11-13-06-25-17&Itemid=135

No comments: