Sunday, April 29, 2012

ပါးစပ်နဲ့ လိင်အင်္ဂါ ထိတွေ့ရာက ရောဂါပိုး ကူးနိုင်ပါတယ်


အမေး။          ။အမျိုးသားနဲ့အမျိုးသမီး လိင်ဆက်ဆံရာမှာ လိင်အင်္ဂါနဲ့ ပါးစပ် ထိတွေ့ခဲ့ပါက ရောဂါကူးနိုင်ပါသလား။ ကူးနိုင်တယ်ဆိုခဲ့လျှင်လည်း နှစ်ဦးစလုံး အပြန်အလှန် ကူးနိုင်ပါသလား။ ကျွန်တော်ကြားဖူးတာတွေ အမျိုးမျိုးဖြစ်နေလို့ ဘယ်စကားကို ယုံရမှန်းမသိ ဖြစ်နေလို့ပါ။ နောက်တစ်ချက်က ကလေး မရှိသေးသူ အမျိုးသမီးရဲ့ သားမြတ်မှတစ်ဆင့် ရောဂါကူးနိုင်ပါသလား။

အဖြေ။           ။ ဟုတ်ကဲ့ဗျာ။ အတိအလင်း တစ်ခွန်းတည်း ပြောရရင်တော့ လိင်အင်္ဂါနဲ့ ပါးစပ် ထိတွေ့ရင် ရောဂါ ကူးနိုင်ပါတယ်။ အသေးစိတ် ဖြေရမယ်ဆိုရင်တော့…

HIV
ပုံမှန် လိင်ဆက်ဆံတာ၊ ဓမ္မတာမဟုတ်တဲ့ နည်းနဲ့ လိင်ဆက်ဆံတာ (စအိုကိုအသုံးပြုတာ)များနဲ့ နှိုင်းယှဉ်ရင် ပါစပ်နဲ့ လိင်အင်္ဂါထိတွေ့မှုကြောင့် HIV ပိုး ကူးစက်ဖို့ အန္တရာယ် မများလှဘူးလို့ ဆိုနိုင်ပေမယ့် HIV ပိုး မကူးနိုင်ဘူးလို့ ဘယ်သူမှ ယတိပြတ် မပြောနိုင်ပါဘူး။ ကူးနိုင်တယ်ပေါ့ဗျာ။ အထူးသဖြင့် ခံတွင်းထဲမှာ  (သွားဖုံးပေါက်နေတာမျိုးလို၊ သွေးစိမ့်နေတာမျိုးလို) အကွဲအရှတွေ ရှိနေတဲ့အခါမှာဖြစ်စေ၊ ခံတွင်းထဲမှာ သုက်လွှတ်မိတဲ့အခါမှာ ဖြစ်စေ၊ လိင်အင်္ဂါပိုင်ရှင် (၀ါ) ထိတွေ့မှု ခံယူသူမှာ တခြား လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ရှိနေတဲ့အခါမှာဖြစ်စေ ပါးစပ်ရှင် (၀ါ) ထိတွေ့မှု ပေးအပ်သူမှာ HIV ပိုး ကူးနိုင်ချေက ပိုများလာပါတယ်။ သည်လို ကူးစက်နိုင်ရာမှာ ဆောင်ရွက်သူမှာ ပိုးကူးလာဖို့ ပိုများပါတယ်၊ ခံယူသူမှာ ပိုးကူးနိုင်ချေ နည်းပါတယ်။ တစ်ခုတော့ ရှိသပေါ့။ ဆောင်ရွက်သူရဲ့ ခံတွင်းမှာ သွားနုတ်ထားတာမျိုး၊ ခံတွင်းပိုင်း ခွဲစိတ်ထားတာမျိုးကြောင့် သွေးတော်တော် ထွက်နေတယ်ဆိုရင်တော့လည်း ခံယူသူမှာ ပိုးကူနိုင်ချေ များလာပါလိမ့်မယ်။

ရေယုန်
လိင်အင်္ဂါမှာ ပေါက်တဲ့ ရေယုန်နဲ့ ခံတွင်းတ၀ိုက်မှာ ပေါက်တဲ့ ရေယုန်က ပိုးမျိုးစိတ်ချင်း မတူပေမယ့်လည်း တစ်မျိုးက တစ်မျိုးဆီကို ပါးစပ်နဲ့ လိင်အင်္ဂါ ထိတွေ့ရာက အလွယ်တကူ ကူးစက်နိုင်ပါတယ်။ သည်မှာတော့ အပြန်အလှန်ပါ။ ဆောင်ရွက်သူရော၊ ခံယူသူပါ ကူးစက်နိုင်ချေ ရှိပါတယ်။ သတိထားသင့်တာက ရေယုန် ပေါက်နေတာကို မမြင်ရသည့်တိုင် ပိုးကတော့ ရှိနေနိုင်သလို ကူးလည်း ကူးနိုင်တယ်ဆိုတဲ့ အချက် ပါပဲ။ နောက် တစ်ချက်က ရေယုန် ဗှိုင်းရပ်(စ်)ပိုးဟာ အရေပြားချင်း ထိမိရုံနဲ့ ကူးတတ်တာမျိုးမို့ ကွန်ဒုံး သုံးရင်တောင်မှ စိတ်မချရဘူးဆိုတာပါပဲ။

Human Papilloma Virus (HPV)

ခံတွင်းနဲ့ လည်ချောင်းကင်ဆာဖြစ်စေတယ်လို့ ယူဆ ယုံကြည်ထားကြတဲ့ ဗှိုင်းရပ်(စ်)ပါ။ မြန်မာတွေ သိပ်တောင် မသိကြသေးပါဘူး။ ဒါကလည်း ရေယုန်လိုပါပဲ၊ အပြန်အလှန်ကူးစက်နိုင်သလို အရေပြားချင်း ထိမိရုံနဲ့ ကူးစက်နိုင်တဲ့ ဗှိုင်းရပ်(စ်)ပိုးဖြစ်ပါတယ်။ HPV ဟာ မိခင်ကနေ ကလေးကို ကူးစက်လာရာက ခံတွင်းထဲမှာ ရှိနေနိုင်တာမို့ ခံတွင်းမှ လိင်အင်္ဂါကို ကူးနိုင်သလို လိင်အင်္ဂါမှလည်း ခံတွင်းကို အပြန်အလှန် ကူးစက်နိုင် ပါတယ်။

ဆီးပူညောင်းကျ ဂနိုရောဂါ
လူတွေ အတတ်ဆန်းထွင်ကြရာက ကုရ ခက်တဲ့ လည်ချောင်း ဂနိုရောဂါ (gonorrheal throat infection) ဆိုတာတောင် ပေါ်နေပါပြီ။ ဖိုအင်္ဂါနဲ့ ပါးစပ် ထိတွေ့တဲ့အခါမှာ ဆောင်ရွက်သူရော၊ ခံယူသူမှာပါ ကူးစက်နိုင်ပါတယ်။ မအင်္ဂါနဲ့ ထိတွေ့မယ်ဆိုရင်တော့ ဆောင်ရွက်သူမှာ ရောဂါပိုးရှိနေရင် ခံယူသူမှာ ကူးစက်နိုင်သော်လည်းပဲ ခံယူသူမှာ ပိုးရှိနေရင်တော့ ဆောင်ရွက်သူဆီ ကူးစက်နိုင်ချေ နည်းတယ်လို့ ဆိုနိုင် ပါလိမ့်မယ်။ ဒါလည်း ယတိပြတ်တော့ ပြောလို့ မရသေးပါဘူး။ နောက်ဆုံးပေါ် ရောဂါဆန်းတစ်မျိုးဖြစ်နေတာမို့ သုတေသနပိုင်းမှာ သိပ်မကျယ်ပြန့်လှသေးလို့ပါ။

ခလာမစ်ဒစ်ယား (Chlamydia)

ဒါကလည်း အထက်က ဆီးပူညောင်းကျ ရောဂါလိုပါပဲ။ ဖိုအင်္ဂါနဲ့ ထိတွေ့ရင် နှစ်ဖက် အပြန်အလှန် ကူးစက်နိုင်ပြီး မအင်္ဂါနဲ့ ထိတွေ့မိပြီး ဆောင်ရွက်သူမှာ ရောဂါပိုး ရှိနေရင် ခံယူသူမှာ ကူးစက်နိုင်သော်လည်းပဲ ခံယူသူမှာ ပိုးရှိနေရင်တော့ ဆောင်ရွက်သူဆီ ကူးစက်နိုင်ချေ နည်းတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။

ဆစ်ဖလစ် ကာလသားရောဂါ
လိင်အင်္ဂါနဲ့ ပါးစပ်ထိတွေ့မိရင် အပြန်အလှန် အကူးစက်နိုင်ဆုံး ရောဂါကတော့ ဆစ်ဖလစ် ကာလသားရောဂါပါပဲ။

အသည်းရောင် အသားဝါ ရောဂါ ဘီပိုး (Hepatitis B)
လိင်အင်္ဂါနဲ့ ပါးစပ် တွေ့ထိမှုကြောင့် ဘီပိုး ကူးတယ် မကူးဘူးဆိုတာနဲ့ ပတ်သက်တဲ့ သုတေသနက ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပေမယ့် (လိင်ဆက်ဆံရင်တော့ ကူးနိုင်တယ်နော်) ပါးစပ်နဲ့ စအိုနဲ့ ထိတွေ့မိရင်တော့ ဘီပိုးသာမက အေပိုးပါ ကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါ အေပိုးရော၊ ဘီပိုးပါ ကာကွယ်ဆေး ကြိုထိုးထားလို့ ရနေတာကတော့ အားသာချက်တစ်ခုလို့ ဆိုနိုင်ပါလိမ့်မယ်။

အဲတော့ကာ…
လိင်ဆက်ဆံတာပဲဖြစ်ဖြစ်၊ ပါးစပ်နဲ့ လိင်အင်္ဂါထိတွေ့စေတဲ့အဆင့်အထိပဲဖြစ်ဖြစ် ကိုယ့်ဇနီး ခင်ပွန်း မဟုတ်သေးသူများနဲ့ လက်လွတ်စပယ် မလုပ်သင့်ပါဘူး။  HIV တစ်မျိုးတည်းတင် ကူးစက်နိုင်တာ မဟုတ်ဘဲ တခြား လိင်မှ တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေလည်း ရှိတာမို့ ကိုယ်နဲ့ လက်မထပ်ခင် ကိုယ့်ရည်းစား အရင်းခေါက်ခေါက်ကြီးပင် ဖြစ်လင့်ကစား စိတ်ချ လက်ချ အကာအကွယ်မဲ့ မပတ်သက်သင့်ကြောင်း ထပ်လောင်း နှိုးဆော်လိုက်ချင်ပါတယ်ခင်ဗျား။

အဲ… နောက်မေးခွန်းဖြစ်တဲ့ “ကလေး မရှိသေးသူ အမျိုးသမီးရဲ့ သားမြတ်မှတစ်ဆင့် ရောဂါကူးနိုင်ပါသလား”  ဆိုတာကတော့ ဘယ်လို ဖြေရမှန်းတောင် မသိဘူး။ သားမြတ်ကနေ လိင်မှတစ်ဆင့် ကူးစက် ရောဂါပိုး ကူးတယ်လို့တော့ တစ်ခါမှ မဖတ်ဖူး၊ မကြားဖူးတာ အမှန်ပါပဲခင်ဗျ။ စိတ်ထဲ သံသယ ရှိတယ်ဆိုရင်တော့လည်း နားလည်တတ်ကျွမ်းသူ ဆရာဝန်များနဲ့ ပြသကြည့်သင့်တယ်လို့သာ ဖြေရတော့မှာပါ။ အလကားနေရင်း စိတ်ပူပြီး စိတ်ဆင်းရဲနေရတာစာရင် အဖြေတစ်ခု တိတိပပ သိလိုက်ရတော့လည်း စိတ်ရှင်းသွားတာပေါ့။

ATK - ပါးစပ်နဲ့ လိင်အင်္ဂါ ထိတွေ့ရာက ရောဂါပိုး ကူးနိုင်ပါတယ်

No comments: