Wednesday, June 16, 2010

အချစ်အက္ခရာလေးတွေ

အချစ်ဆိုတာဘာလည်း.....ချစ်တတ်တဲ့စိတ်ဆိုတာကရော ဘယ်လောက်အတိုင်းအတာထိ ခံစားပေး ခံစားကြမှာလည်း ကျွန်တော် ဘာမှမသိဘူး။ ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ ဖြစ်ပေါ်ဖို့ အခြေခံအကြောင်းရင်း နှစ်ချက်ပဲလိုတယ် ယုံကြည်မှု နဲ့ နားလည်မှုပဲ။ လူတစ်ယောက်ကို ချစ်ဖို့ ဒါမှမဟုတ် အချစ်ခံဖို့ဆိုရင် အဲဒီ့လူကို ယုံကြည်နိုင်မှ နားလည်ပေးနိုင်မှ ပြီးတော့ ကိုယ့်ကိုယ်လည်း နားလည် ယုံကြည်မှ အချစ်ဆိုတာ ဖြစ်ပေါ်ပါတယ် ချစ်တတ်ပါတယ်....။

ကဲပါ အချစ်အဓိပ္ပာယ်လေးတွေကို စာစောင်တစ်ခုထဲမှာ ဖတ်ဖြစ်ရလို့ ထပ်ဆင့်ဖော်ပြလိုက်ပါတယ်။

Accept (လက်ခံသည်)

"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"

သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအ၀င် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။

Belief (ယုံကြည်ခြင်း)

အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။

Care (ဂရုစိုက်ခြင်း)

တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ 'အလုပ်ပင်ပန်းနေလား?' ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို "မိုးအေးပြီနော်...အနွေးထည်ထပ်ဝတ်ဖို့မမေ့နဲ့နော်" ဆိုတဲ့ မက်ဆေ့လေးလည်းပို့နိုင်ပါတယ်။ ဒီလိုဂရုစိုက်မှုတွေက တစ်ဘက်သားအတွက် တကယ့်အသုံးမ၀င်နိုင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။

Devoted (သစ္စာခိုင်မြဲသည်)

လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ အဆုံးသတ်ရတတ်တယ်။

Enjoy (ကျေနပ်စွာခံစားသည်)

တစ်ဘက်သားရဲ့အရာအားလုံးကို ကျေကျေနပ်နပ်လက်ခံတဲ့အပြင် အချစ်ကြောင့်ဖြစ်လာတဲ့ ပျော်ရွှင်၊ကြည်နူးခြင်းတွေကိုလည်း ကျေကျေနပ်နပ်ခံစားသင့်ပါတယ်။ ဒါမှ ချစ်ခရီးလမ်းက ပိုတာရှည်တည်မြဲပျော်ရွှင်မှာဖြစ်တယ်။

Freedom (လွတ်လပ်မှု)

လက်ထပ်ပြီးအတူနေသည့်တိုင် တစ်ဘက်သားကို ကိုယ်ပိုင်လွတ်လပ်မှုနဲ့ လျှို့ဝှက်ချက်တချို့ ရှိစေသင့်တယ်။ ကိုယ်နဲ့အိမ်ထောင်ကျတာဟာ ထောင်ထဲရောက်သွားသလို အချုပ်အနှောင်ခံတာမျိုး တစ်ဘက်သားကို မခံစားစေချင်ဘူး။ ဒါကြောင့် သူကိုယ်ပိုင်လွတ်လပ်မှုဆိုတာ ရှိသင့်ပါတယ်။

Give (ပေးဆပ်ခြင်း)

အချစ်ဆိုတဲ့အရာက ကိုယ်ပေးဆပ်တိုင်း ပေးဆပ်သလောက် ပြန်ရမယ့်အရာမဟုတ်ပါဘူး။ ဒါပေမယ့် မပေးဆပ်ရင်တော့ လုံးဝပြန်ရဖို့ မရှိပါဘူး။ ကိုယ်ပေးဆပ်သလိုမျိုး တစ်ဘက်သားက ပြန်ပေးဆပ်ခဲ့ရင် ဒါဟာ စစ်မှန်တဲ့အချစ်လို့ ပြောနိုင်ပါတယ်။

Heart (နှလုံးသား)

အချစ်မှာ အရေးအပါဆုံးအရာက နှလုံးသားတစ်စုံပဲဖြစ်တယ်။ တစ်ဘက်သားကို နှလုံးသားနဲ့ရင်းပြီး ချစ်သင့်တယ်။ ကြင်နာနားလည်သင့်ပါတယ်။ တကယ်လို့ ချစ်ခြင်းမှာ နှလုံးသားတစ်စုံသာ မပါခဲ့ရင် အချစ်စစ်လို့မည်မှာ မဟုတ်ပါဘူး။

Independence (မမှီခို၊အားမကိုးဘူး)

စကားပြောကောင်းတဲ့ချစ်သူက "ငါဟာ မင်းအတွက်မွေးဖွားလာတာပါ" လို့ပြောတတ်ကြတယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ်ပိုင်ရှင်သန်မှုတွေရှိကြတယ်။ တစ်ဘက်သားကို အလွန်အကျွံ မှီခို၊ အားကိုးတာက သူ့ကိုတာဝန်ပိုစေတဲ့အပြင် စိတ်ပင်ပန်းနွမ်းနယ်စေပါတယ်။

Jealousy (မနာလို၊သ၀န်တို)

သင့်တင့်တဲ့ မနာလို၊ သ၀န်တိုမှုတွေက သူဟာ ကိုယ့်အတွက် ဘယ်လောက်အရေးပါကြောင်း တစ်ဘက်သားကို ခံစားမိစေတယ်။  သ၀န်တိုဖို့ အကျိုးအကြောင်းညီမျှရမယ်ဆိုတာ မမေ့သင့်ပါဘူး။ အကျိုးအကြောင်း အဆက်အစပ်မရှိတဲ့ သ၀န်တိုမှုတွေက တစ်ဘက် သားကို မလိုလားမှုတွေ ဖြစ်ပေါ်စေပါတယ်။

Kiss (အနမ်း)

အနမ်းတစ်ပွင့်က စကားအခွန်းထောင်သောင်းထက် သာလွန်ပါသတဲ့။ ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့ ကိုယ့်မြတ်နိုးမှု၊ ကြင်နာမှုကို ပြသနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်တဲ့သူကိုနမ်းဖို့ မတွန့်တိုသင့်ပါဘူး။

Love (ချစ်တယ်)

ချစ်တာနဲ့နှစ်သက်တာမတူပါဘူး။ ချစ်မိပြီဆိုရင် တစ်ဘက်သားအတွက်အရာရာပေးဆပ်ရဲပါတယ်။ "ချစ်တယ်" ဆိုတဲ့စကားတစ်ခွန်းက တခြားတန်ဖိုးကြီးလက်ဆောင်တွေထက် တစ်ဘက်သားရဲ့ရင်ကိုနွေးထွေးကြည်နူးစေပါတယ်။

Mature (ရင့်ကျက်)

တချို့က အချစ်ဦးနဲ့ဘာကြောင့်အလွယ်တကူ ကွေကွင်းကြရသလဲ? အကြောင်းက ငယ်ရွယ်စဉ် ရည်းစားထားချိန်မှာ ကလေးဆန် စိတ်တွေများနေခဲ့လို့ဖြစ်တယ်။ ဘယ်သူကမှ အဆင်အခြင်မရှိ စူစူအောင့်အောင့် မကြီးပြင်းတတ်တဲ့ကလေးကို အမြဲအလိုလိုက် ချစ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူရင့်ကျက်ရင် အချစ်လည်း ရင့်ကျက်ပြီး လှပတဲ့ အဖူးအပွင့်တွေ မြန်မြန်ဆန်ဆန် ဖူးပွင့် နိုင်မှာဖြစ်တယ်။

Natural (ပင်ကို၊ပကတိ)

ချစ်စကြင်စမှာ လူတွေက ကိုယ့်အားနည်းချက်၊အနာအဆာကို သိုဝှက်ပြိးဟန်ဆောင်နေတတ်ကြတယ်။ အဲဒိအားနည်းချက်တွေက နှစ်ကြာမှ တဖြေးဖြေးပေါ်လာတတ်တယ်။ ချစ်စတည်းက ပကတိအတိုင်းချစ်မယ် ဟန်ဆောင်မူတွေကင်းခဲ့ရင် အချစ်က ပိုတာရှည် တည်မြဲမှာဖြစ်တယ်။

Observe (ဂရုတစိုက် ကြည့်ရှုမှတ်သား)

တစ်ဘက်သားရဲ့ ၀ါသနာ၊ကြိုက်နှစ်သက်တာတွေကို ဂရုစိုက်မှတ်သားခြင်းဖြင့် တစ်ဘက်သားကို ပိုနားလည်စေသလို  တစ်ခါတလေမှာ သူ့ကိုထူးဆန်းအံ့သြအောင်လုပ်နိုင်ပါတယ်။ ဥပမာ-မဂ္ဂဇင်းအတူကြည့်တုန်း စာအုပ်ထဲကနာရီကို သူသဘောကျကြောင်းပြောခဲ့ရင် သူ့မွေးနေ့မှာ သူအံ့သြ၀မ်းသာအောင် လက်ဆောင်ပေးတာမျိုးဖြစ်တယ်။ အဲဒီလို တစ်ဘက်သားရဲ့ အကြိုက်ကိုဂရုစိုက်တတ်တဲံ့စိတ်က လက်ဆောင်ပစ္စည်းတွေထက်ပိုတန်ဖိုးရှိကြောင်း တစ်ဘက်သားကို ခံစားစေနိုင်ပါတယ်။

Protect (ကာကွယ်စောင့်ရှောက်)

ယောက်ျားလေးချစ်သူက မိန်းကလေးချစ်သူကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာသဘာဝပါ။ ဒါပေမယ့် မိန်းကလေး ချစ်သူကလည်း ယောက်ျားလေးချစ်သူရဲ့ လေးစားမှု၊ မျက်နှာသာပေးမှုကို ကာကွယ်စောက်ပေးရပါမယ်။လူတွေကြားမှာ သူ့အရှက်မရဖို့၊ ထိခိုက်နာကျင် မှုတွေ မရဖို့ သတိထားရပါမယ်။

Quarter (ခွင့်လွှတ်သည်းခံ)

ခွင့်လွှတ်သည်းခံခြင်းတွေ အချစ်မှာမရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။ တစ်ဘက်သားရဲ့ အမှားကို ပြည့်ဝတဲ့သဘောထားနဲ့ ခွင့်လွှတ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့အချစ်ဆုံးသူဖြစ်နေလို့ပါပဲ။

Receive (လက်ခံ)

ကိုယ့်အတွက် ချစ်သူပေးဆပ်တဲ့အရာတိုင်းကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စိတ်ပျက်သွားတဲ့အမူအရာမျိုး၊ စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ ပုံစံမျိုး ထုတ်မပြသင့်ပါဘူး။ အဲဒီအပြုအမူတွေက သူတို့ကို စိတ်ဓာတ်ကျအားငယ်စေပါတယ်။ ကိုယ့်အတွက် ချစ်သူပေးဆပ်တာကို ကျေနပ်ပျော်ရွှင်တဲ့အသွင်နဲ့ လက်ခံပေးသင့်ပါတယ်။ ဒါဟာ နှစ်ဦးသားရဲ့ အကြင်နာကို ပိုမိုခိုင်မြဲစေပါတယ်။

Share (မျှဝေ)

တကယ်ချစ်ကြပြီဆိုရင် ဘ၀ရဲ့ပျော်ရွှင်၊ ၀မ်းနည်းခြင်းတွေကို အတူတကွမျှဝေသင့်ပါတယ်။ ဒါဟာ ဘ၀ဖော်တစ်ဦးရဲ့ အရိုးရှင်းဆုံး ၀တ္တရားပဲဖြစ်တယ်။

Tender (နူးညံ့)

အချစ်မှာ နူးညံ့မှုတွေရှိသင့်ပါတယ်။ အချစ်မှာ နူးညံ့မှုတွေကင်းခဲ့ရင် အချစ်က ချစ်စရာမကောင်းတော့ပါဘူး။

Understand (နားလည်)

တစ်ဘက်သားရဲ့ အမူအကျင့်ကို နားမလည်နိုင်ခဲ့ရင် အချစ်ဟာ အထီးကျန်ပြီးဆက်ဆံရေးမဲ့သွားနိုင်ပါတယ်။ တစ်ဘက်သားရဲ့ ရှုထောင့်ကနေပြီး တွေးတောခံစားပေးခြင်းအားဖြင့် တစ်ဘက်သားကို ပိုနားလည်စေနိုင်ပါတယ်။

Veracity (ဖြောင့်မှန်၊မှန်ကန်ခြင်း)

အချစ်မှာ ဖြောင့်မှန်၊ မှန်ကန်ခြင်းတွေ အဆတစ်ရာလိုပါတယ်။ ကိုယ်ကလည်း ကိုယ့်ချစ်သူကို 'အပြောသမား' တစ်ယောက် မဖြစ်စေချင်သလို သူကလည်း ကိုယ့်ကိုဖြစ်စေချင်မှာ မဟုတ်ပါဘူး။ အချင်းချင်း အချစ်ညာစားသူ မဖြစ်စေချင်ကြပါဘူး။

Wait (စောင့်သည်)

အချစ်မှာ စောင့်တာက အခြေခံလိုအပ်ချက်လေးဖြစ်တယ်။ တစ်ဘက်သားနဲ့ အတူကြီးပြင်းရှင်သန်သင့်ပါတယ်။ ခရီးလမ်းဆုံးထိ တစ်ဦးကိုတစ်ဦး ဖေးမစောင့်စားသင့်ပါတယ်။ ကိုယ်အရင် ခြေလှမ်းလှမ်းပြီး တစ်ဘက်သားကို နောက်ချန်ထားရစ်ခဲ့လို့ မသင့်ပါဘူး။

X (အမြှောက်သင်္ကေတ)

ချစ်သူအပေါ်ထားတဲ့ ကိုယ့်အချစ်ကို နေ့တိုင်းဆတိုးပြီး မြှောက်သွားခဲ့ရင် အချစ်က အလိုလိုနေရင်း အဆုံးမရှိဖြစ်သွားနိုင်ပါတယ်။

Yield (အလျော့ပေး)

နှစ်ယောက်အတူနေချိန်မှာ ငြင်းခုန်မှုက ရှိစမြဲဖြစ်တယ်။ နောက်ခြေတစ်လှမ်းဆုတ် အလျော့ပေးတာက ဒေါသမုန်တိုင်းကို ငြိမ်းအေးစေပါတယ်။ နောက်ပြီး ပြဿနာကို သဲသဲကွဲကွဲ မသိခင် 'လမ်းခွဲကြရအောင်' ဆိုတဲ့စကားကို အလွယ်တကူမပြောမိဖို့ သတိထားရပါလိမ့်မယ်။ စိတ်တွေငြိမ်သွားမှ ပြဿနာရင်းမြစ်ကိုရှာပြီး ဖြေရှင်းနည်းတွေ ရှာတာဟာ အကောင်းဆုံးဖြစ်တယ်။

Zero (စမှတ်)

အိမ်ထောင်ရေးတည်မြဲပြီလို့ မှတ်ယူတာပဲဖြစ်ဖြစ်၊ အချစ်ရေးခိုင်မြဲပြီလို့ ထင်မြင်တာပဲဖြစ်ဖြစ် ချစ်နေချိန်မှာ အရင်ညားစ၊ချစ်စ၊ကြင်နာစက ခံစားချက်မျိုး၊စိတ်သဘောထားမျိုးထားဖို့ မမေ့သင့်ပါဘူး။ တည်မြဲပြီလို့ မှတ်ယူပြီး အချစ်ကို ပစ္စလက္ခမထားဘဲ၊ အနယ်မထိုင်စေဘဲ နေ့တိုင်းအချစ်ကို အသစ်အသစ်အဖြစ်နဲ့ ချစ်နိုင်၊ ခံစားနိုင်ခဲ့ရင် အချစ်ဟာ အမြဲ နုပျိုလန်းဆန်းနေမှာဖြစ်တယ်။

လူတွေက အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြပါတယ်။ ဖွဲ့ဆိုကြတဲ့အထဲမှာ အချစ်တာရှည်ခိုင်မြဲဖို့၊ ချစ်ခရီးလမ်းဖြောင့်ဖြူး သာယာဖို့ အဓိကထားရေးဖွဲ့ကြပါတယ်။

ဘာပဲဖြစ်ဖြစ် အချစ်အက္ခရာလေးတွေကို ဘာသာစကားအမျိုးမျိုးနဲ့ဖတ်ဖူးကြပေမယ့် ကျွန်တော်ရေးပြလိုက်တဲ့ အဲဓိပ္ပာယ်လေး တွေကတော့ ချစ်တတ်သူတိုင်းအတွက် အခြေခံစည်းမျဉ်းလေးတွေဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုကြောင်းပါ။

No comments: