ပြန်မရနိုင်တော့တဲ့ တဒင်္ဂလေးတွေ
🙏 ရဝေနွယ် (အင်းမ)
ဂေါတမဘုရားရှင်လက်ထက်မတိုင်ခင်က သရဒရယ်၊ သီရိဝဍ္ဎနရယ်ဆိုပြီး အလွန်ချစ်တဲ့ သူငယ်ချင်း နှစ်ယောက် ရှိခဲ့ဖူးပါတယ်။
သရဒက သူ့ရဲ့အဖေ သေတော့ ရသေ့ဝတ်ပြီး တရား အားထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် သူငယ်ချင်း သီရိဝဍ္ဎန ဆီသွားပြီး ငါနဲ့အတူ ရသေ့ဝတ်မလား မေးတော့ သီရိဝဍ္ဎနက မဝတ်သေးဘူး လို့ ပြန်ပြောလိုက်ပါတယ်။
သရဒက တောင်ခြေတစ်ခုမှာ သွားပြီး ရသေ့ဝတ်လိုက်ပါ တယ်။ တပည့်တွေကလည်း အတူလိုက်ပြီး ရသေ့ဝတ်ကြပါတယ်။ သရဒရသေ့က တရားအားထုတ်လိုက်တာ လောကီအဘိညာဉ် ငါးပါး၊ သမာပတ်ရှစ်ပါးကို ရသွားပါတယ်။ တပည့်ရသေ့တွေကို သင်ပေးတော့ တပည့်ရသေ့တွေလည်း အဘိညာဉ်၊ သမာပတ်တွေပါ ရသွားပြန်ပါတယ်။ အဲဒီအချိန်မှာ အနောမဒဿီမြတ်စွာဘုရား ကြွလာပါတယ်။ ဒီတော့ သရဒရသေ့က ဆွမ်းကပ်ဖို့ တပည့်ရသေ့ တွေကို သစ်သီးတွေ ရှာခိုင်းပြီး ကပ်ပါတယ်။ နောက် တပည့်တွေကို တောပန်းတွေ အများကြီးခူးခိုင်းပြီး မြတ်စွာဘုရားနဲ့ ရဟန်းသံဃာတွေ ထိုင်ဖို့ ပန်းထိုင်ခင်းကြီး လုပ်ခိုင်းပါတယ်။ မြတ်စွာဘုရား အတွက်ကျတော့ ခပ်မြင့်မြင့်၊ လက်ဝဲရံ၊ လက်ယာရံ နှစ်ပါးအတွက် ကျတော့ တစ်ဆင့်နိမ့်နိမ့်၊ တခြားရဟန်းသံဃာတွေအတွက်ကျတော့ ဒီထက်နှိမ့်ခင်းပြီး ပန်းထိုင်ခင်းကြီးနဲ့ ပူဇော်ပါတယ်။
သရဒရသေ့က သူ ပူဇော်ထားတဲ့ ပန်းထိုင်ခင်းကြီးပေါ်မှာ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို ကြည့်ပြီး ကျေနပ်ပီတိတွေ ဖြစ်နေပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ ပန်းထိုင်ခင်းကြီးက ကြည့်လို့မဝ ဖြစ်နေပါတယ်။ ဒါကိုသိတဲ့ မြတ်စွာဘုရားရှင်က လက်ယာရံမထေရ်ကို ပန်းတရားဟောလိုက် ပါလို့ မိန့်လိုက်ပါတယ်။ တရားဆုံးတော့ လက်ဝဲရံမထေရ်ကိုလည်း ပန်းတရားပဲ ဆက်ဟော ခိုင်းပါတယ်။ တရားဆုံးတော့ မြတ်စွာဘုရားကိုယ်တိုင်ကလည်း ပန်းတရားပဲ ဆက်ဟောပေးပါတယ်။
မြတ်စွာဘုရား တရားဆုံးတော့ သရဒရသေ့ ဆရာခေါင်း ဆောင်က လွဲလို့ ကျန်တပည့်ရသေ့အားလုံး အရဟတ္တဖိုလ် ရသွားပါတော့တယ်။
ဘာဖြစ်လို့ သရဒ ရသေ့ခေါင်းဆောင်ဆရာကြီး အရဟတ္တဖိုလ် မရတာလဲ ဆိုတော့ -
တိပိဋက မင်းကွန်းဆရာတော်ဘုရားကြီးက သရဒရသေ့ စိတ်ပျံ့လွင့်နေလို့ပါ တဲ့။ သရဒရသေ့ ဟာ သူ့ရဲ့ ပန်းထိုင်ခင်း အလှူကြီးကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်နေတုန်းမှာပဲ လက်ယာရံ မထေရ်က ပန်းတရားစဟောပါတယ်။
လက်ယာရံမထေရ် ပန်းတရားစဟောချိန်ကစပြီး ငါလည်း သူ့လို လက်ယာရံမထေရ်ဖြစ်ရင် ကောင်းမှာပဲ၊ ငါလည်း သူ့လို လက်ယာရံမထေရ်ဖြစ်ရင် ကောင်းမှာပဲ လို့ စိတ်အတွေးတွေ ထပ်ကာ ထပ်ကာ တွေးနေပါတယ်။ မြတ်စွာဘုရားနဲ့ လက်ဝဲရံ၊ လက်ယာရံ သုံးပါးလုံး ပန်းတရားသာ ဟောပြီးသွားတယ် ငါလည်း သူ့လို လက်ယာရံ မထေရ်ဖြစ်ရင်ကောင်းမှာပဲ ငါလည်း သူ့လို လက်ယာရံ မထေရ်ဖြစ်ရင် ကောင်းမှာပဲ လို့ စိတ်ပျံ့လွင့်နေတာနဲ့ တရားကို သေချာမနာလိုက်နိုင်ပါဘူးတဲ့။
စိတ်ပျံ့လွင့်နေလို့ တရား မရလိုက်တာက ထူးဆန်းနေပါ တယ်။
ဒါပေမဲ့ သရဒရသေ့က မြတ်စွာဘုရားဆီမှာ ယခု ပြုရ သော ကုသိုလ်ကြောင့် တစ်ဆူဆူသော မြတ်စွာဘုရားရဲ့လက်ယာရံ ဖြစ်ရပါလို၏ လို့ ဆုပန်ပါတယ်။
မြတ်စွာဘုရားရှင်ကလည်း ဂေါတမဘုရားရှင်လက်ထက် မှာ လက်ယာရံအဂ္ဂသာဝကဖြစ်မယ်လို့ ဗျာဒိတ်ပေးလိုက်ပါတယ်။ စိတ်ပျံ့လွင့်နေလို့ အရဟတ္တဖိုလ်နဲ့ လွဲသွားပေမယ့် တစ်ဆင့်မြင့် လက်ယာရံ ဗျာဒိတ်ကို ရသွားခဲ့ပါတယ်။
နောက် သရဒရသေ့က သူငယ်ချင်းသီရိဝဍ္ဎနဆီသွားပြီး ငါတော့ လက်ယာရံဆုပန်ခဲ့ပြီ၊ မင်း လည်း လက်ဝဲရံဆုသွားပန်လိုက်ဦး လို့ သွားပြောပါတယ်။
စိတ်ပျံ့လွင့်နေလို့ အရဟတ္တဖိုလ်နဲ့လွဲသွားရတဲ့ သရဒရသေ့ဟာ တခြားသူ မဟုတ်ပါဘူး။ စာရေးသူတို့ရဲ့ လက်ယာရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာမထေရ်ပါပဲ။
သရဒရသေ့ စိတ်ပျံ့လွင့်နေလို့ အရဟတ္တဖိုလ်တရားထူးနဲ့ လွဲသွားရတာကို ထောက်ပြီး တရားထိုင်တဲ့အခါ စိတ်တွေ ပျံ့လွင့် နေရင် စိတ်တွေ ထွက်နေရင် တရားသဘောတွေ ရသင့်သလောက် မရ တော့ပါဘူး။ တစ်ခါတလေများ တရားထိုင်ခါမှ အတွေးတွေက ပိုတွေးလို့ ကောင်းနေတတ်ပါတယ်။ တချို့က ပြောတတ်ကြပါတယ်၊ တရားထိုင်ရင် စိတ်က တစ်ခါပဲ ထွက်ပါတယ် တဲ့၊ တစ်ခါထွက် ဘယ်လောက်ကြာလဲ ဆိုတော့ တစ်ခါထွက် တစ်နာရီ တဲ့၊ ရယ်စရာ ပြောတတ်ကြတာပါ။
ဒီလိုပါပဲ၊ ကုသိုလ်ရေးရာကိစ္စတွေမှာလည်း စိတ်တွေ ပျံ့လွင့်နေရင် ကုသိုလ်တွေက ရသင့်သလောက် မရတော့ပါဘူး။ ဥပမာ ဘုရားရေချမ်း ပန်းကပ်တယ်၊ ဆုတောင်းတယ်၊ ဒါပေမဲ့ စိတ်တွေက ပျံ့လွင့် နေတယ်ဆိုရင် ကုသိုလ်တွေက ရသင့်သလောက် မရတော့ပါဘူး။ ရေချမ်း ပန်းကပ်နေတုန်း မကြာခဏ ကြုံဖူးချင် ကြုံဖူးကြမှာပါ။ မနက်ဖြန် ငါ ဘယ်သူနဲ့ တွေ့စရာရှိတယ်၊ တွေ့ရင် ဘာတွေ ပြောစရာ ရှိတယ်၊ ဘယ်သူ့ဆီက ဘာတွေ ရစရာရှိတယ် စသည်ဖြင့် ရေချမ်း ပန်းကပ်ရင်း တွေးချင် တွေးနေ တတ်ပါတယ်။
စာရေးသူကတော့ ဘုရားရေချမ်းကပ်နေတုန်း၊ ဆုတောင်း နေတုန်း စိတ်တွေ ပျံ့လွင့်နေတယ် ဆိုရင်တော့၊ စိတ်တွေ ပျံ့လွင့်သွား တယ် ဆိုရင်တော့ ပြန်ထိုင်၊ ပြန်ကပ်၊ ပြန်ဆုတောင်းလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖန်ခွက်ကြည်ကြည်လှလှလေးကို ဆပ်ပြာရည် ကောင်းကောင်းလေးနဲ့ သေချာဆေးပြီး ရေသန့်လေးနဲ့ ကပ်ထားရတာ ဆိုတော့ ကိုယ့်ရဲ့ကုသိုလ်လေးက လျော့သွားလို့ မဖြစ်ပါဘူး။ တကယ်လို့ လှေကားကို ဆင်းမိရင်တောင် ပြန်တက်၊ ပြန်ထိုင်၊ ပြန်ကပ်၊ ပြန်ဆုတောင်း တတ်ပါတယ်။
တကယ်တော့ ရေချမ်း ပန်း ကပ်ချိန်လေးက တကယ့် ခဏ လေးရယ်ပါ။ ခဏအချိန်လေးမှာ ရေချမ်းပန်းဆီ ဆုတောင်းဆီမှာပဲ သတိလေး ကပ်ထားရမှာပါ။ ကျန်တာတွေ တွေးနေရမယ့်အချိန်လည်း မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ပစ္စုပ္ပန်အချိန်လေးက အရေးကြီးဆုံးပါ။ တွေးချင်ရင်တော့ ရေချမ်း ပန်း ကပ်ပြီးမှပဲ တွေးသင့်ပါတော့တယ်။
အသိတစ်ယောက်ကတော့ ရေချမ်းကပ်ခါနီး၊ ဘုရားရှိခိုးခါ နီးဆို စိတ်ကလေးကို အေးချမ်းအောင် အရင်လုပ်ပြီးမှ ကပ်ပါသတဲ့။ စိတ်ကလေး အေးချမ်းအောင် ဘုရားဆောင် သန့်ရှင်းရေးအရင်လုပ်၊ ဘုရားအာရုံပြုပြီး စိတ်အကြည်ဓာတ်လေးရအောင် အရင်ယူပါသတဲ့။ အတုခိုးစရာတစ်ခုပါပဲ။
တစ်ခါတလေကျတော့လည်း နေ့စဉ်ကုသိုလ်ဝတ် မပျက်ရအောင် သုတ်သုတ် သုတ်သုတ် လောလော လောလောနဲ့ လုပ်လိုက် ရတာတွေလည်း ရှိတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ကိုယ့်ရဲ့ ကုသိုလ်လေးဆီ စိတ်အပြည့်ရောက်နေနိုင်ဖို့ဆိုတာ အတော်ခက်လှ ပါတယ်။ နေ့စဉ်ကုသိုလ်ဝတ် မြန်မြန်ပြီးရေးကိုသာ စိတ်က ညွတ်နေ တတ်တော့တာပါ။
ပြုလုပ်ဆဲအလုပ်သာ အရေးကြီးတယ် ဆိုတာကို တိပိဋက ယောဆရာတော်ဘုရားရဲ့ လင်္ကာလေးနဲ့ သတိကပ်ထားလည်း ရပါ တယ်။
ပစ္စုပ္ပန်သာ၊ ရောက်ဆဲမှာ၊ မှန်စွာ အဖိုးတန်ဆုံး။
ပြုလုပ်ဆဲသာ၊ အလုပ်မှာ၊ မှန်စွာ အရေးကြီးဆုံး။
ဒီတော့ ရေချမ်းကပ်နေရင် ရေချမ်းကပ်နေတာက အရေး အကြီးဆုံးပါ၊ မိတ်ဆွေနဲ့ စကားပြောနေရင် မိတ်ဆွေနဲ့ စကားပြောနေတာက အရေးအကြီးဆုံးပါ၊ ထမင်းစားနေရင် ထမင်းစားနေတာက အရေးအကြီးဆုံးပါ၊ စာသင်နေရင် စာသင်နေတာက အရေးအကြီးဆုံးပါ၊ နောက်ဆုံး မရိုသေ့စကား အိမ်သာတက်နေရင်တောင် အိမ်သာတက်နေတာက အရေးအကြီးဆုံးပါ။
မြတ်နိုးတန်ဖိုးထားရတဲ့ မိတ်ဆွေတွေနဲ့ တွေ့နေချိန်မှာ စိတ်က ကိုယ့်မိတ်ဆွေတွေဆီမှာ မရှိဘဲ တခြားဆီ လွင့်မျောနေရင် မြတ်နိုး တန်ဖိုးထားရမယ့် တွေ့ဆုံချိန်လေးတွေ ဆုံးရှုံးနစ်နာရတော့ တာပါ၊ ပြန်မရနိုင်တော့တဲ့ တဒင်္ဂလေးတွေပါ။ စိတ်ပျံ့လွင့်နေချိန်မှာ ကိုယ့်မိတ်ဆွေက အရေးကြီးတဲ့စကား ပြောနေချိန်ဆို အရေးကြီး စကားတွေ လွတ်သွားရင် ပိုပြီးတော့တောင် နစ်နာသွားရပါသေး တယ်။ နောက်တစ်ကြိမ် ဒီအခွင့်အရေးမျိုး ပြန်မရနိုင်တော့ပါဘူး။ တွေ့ခွင့်ရချိန်လေးက တကယ့် ခဏလေး ရယ်ပါ။
စိတ်တွေက ကိုယ့်မိတ်ဆွေဆီမှာ မရှိဘူး၊ တခြား ရောက်နေ တယ်ဆိုတာ တချို့ မိတ်ဆွေတွေက ခန့်မှန်းသိတတ်ကြပါတယ်။ အဲဒါဆို တကယ့် အားနာစရာကြီးပါ။ တစ်ခါတလေ ကိုယ်တိုင်ကြုံရတတ်လို့ ကိုယ့်မိတ်ဆွေမျက်နှာကို အားနာနာနဲ့ ပြုံးပြီး ပြန်ပြန်ကြည့်ပေးရ ပါတယ်။ စိတ်ပျံ့လွင့်နေတာကလည်း အားနည်းချက်တစ်ခုပါပဲ။ စာလိုပြောရင် သမာဓိအားနည်းတာပါပဲ။
ပျော်စရာခရီးတစ်ခု ထွက်နေရချိန်မှာလည်း စိတ်က လက်ရှိ ခရီးအပေါ်မှာ မထားနိုင်ရင် နစ်နာမှုတစ်ခုပါပဲ။ တချို့ ခရီးစဉ်တွေက တစ်သက်စာအတွက် လုံလောက်ပါတယ်။ ဘဝမှာ သတိရချင်ရင် ပြန်သတိရရမယ့် စာရင်းထဲမှာ ပါနေပါတယ်။
အဲဒီလိုများ ကြုံရရင် ယောဆရာတော်ဘုရားရဲ့
ပစ္စုပ္ပန်သာ၊ ရောက်ဆဲမှာ၊ မှန်စွာ အဖိုးတန်ဆုံး။
ပြုလုပ်ဆဲသာ၊ အလုပ်မှာ၊ မှန်စွာ အရေးကြီးဆုံး ဆိုတဲ့ လင်္ကာလေးနဲ့ တိုးတိုးလေးရွတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေး လိုက်လည်း ရပါတယ်။ ဒါမှမဟုတ် ရောက်ဆဲ၊ လုပ်ဆဲသာ အရေး အကြီးဆုံး၊ ကျန်တာတွေ မနက်ဖြန်မှပဲ စဉ်းစားတော့မယ် လို့ ကိုယ် နားလည်သလို သတိပေးလည်း ရပါတယ်။
ကျောင်းသားတစ်ယောက် ဆရာမဆီမှာ အင်္ဂလိပ်စာသင်နေ မယ်၊ ဒီဝါကျမှာ toလုံးဝ မထည့်ရဘူး၊ forပဲ ထည့်ရမယ် လို့ သေချာ သင်ပေးနေတယ်။ ပြောလိုက်တာက မိနစ်ပိုင်းလေးပါပဲ၊ စိတ် ပျံ့လွင့်နေရင် မသိလိုက်တော့ပါဘူး။ ဒီတော့ စာမေးပွဲမှာ အမှတ်က လျော့သွားတော့တာပါ။ လောကီနယ်ပယ်မှာ သိသာ ထင်ရှားတဲ့ သာဓကတစ်ခုပါ။
ဓမ္မနယ်ပယ်မှာကော၊ လောကီနယ်ပယ်မှာကော စိတ်ကို ပစ္စုပ္ပန်တည့်တည့် မထားနိုင်ရင် အနည်းနဲ့အများတော့ နစ်နာရတာ ပါပဲ။
ဒီနေရာမှာ ထူးခြားတဲ့ တချို့ကျတော့ ကျောင်းဆောင်ကြီး အကြီးကြီးဆောက်လှူတယ်၊ အလှူကြီးဧည့်ခံရက်မတိုင်ခင် တစ်ရက် အလို တစ်ညနေမှာ မိသားစုလိုက် ဘုန်းကြီးကျောင်းမှာ သွားပြီး စိတ်အေးအေးချမ်းချမ်း ကြည်ကြည်နူးနူးလေးနဲ့ ကြိုရေစက်ချထား လိုက်ပါသတဲ့။ အလှူနေ့မှာ ဖိတ်ထားတဲ့ဧည့်သည်တွေကို ဧည့်ခံနေ ရတာ ဆိုတော့ စိတ်က ကုသိုလ်စိတ်ဆီ အပြည့်မထားနိုင်မှာ စိုးလို့ ပါတဲ့။ အလှူကြီးနေ့ကျတော့လည်း ဧည့်သည်တွေနဲ့အတူ တစ်ခါထပ် ရေစက်ချပါသတဲ့။ အတော်အတုခိုးဖို့ကောင်းတဲ့ အပြုအမူတစ်ခုပါပဲ။ ကိုယ်ပြုတဲ့ ကုသိုလ်ကို အပြည့်တန်အောင် ယူသွား တာပါ။ လူတွေ အများကြီးနဲ့ဆို ရေစက်ချတဲ့အချိန် စိတ်ကို ရေစက်ခွက်ဆီထားနိုင်ဖို့ ဆိုတာ အတော်မလွယ်လှတဲ့ ကိစ္စပါ။
ဓမ္မနယ်ပယ်မှာကော၊ လောကီနယ်ပယ်မှာကော စိတ်ကို ပစ္စုပ္ပန်တည့်တည့်ထားနိုင်တာကလည်း အားသာချက်တစ်ခုပါပဲ။ ဒါက ပါရမီနဲ့လည်း ဆိုင်ပါတယ်။ ကိုယ်တိုင်က နှစ်ခုလုံးအပေါ် အားနည်းချက်ရှိတာဆိုတော့ သတိထားနည်းတွေ တွေ့ရင် ပိုလို့ စိတ်ဝင်စားတတ်ပါတယ်။
ဘာပဲပြောပြောလေ ရေချမ်းကပ်နေချိန်မှာ ရေချမ်းကပ်နေ တာလေးက အရေးအကြီးဆုံးပါ၊ မြတ်နိုးရတဲ့မိတ်ဆွေတွေနဲ့ တွေ့နေ ချိန်မှာ မြတ်နိုးရတဲ့မိတ်ဆွေတွေနဲ့ တွေ့နေတာလေးက အရေးအကြီး ဆုံးပါ။ ပြန်မရနိုင်တော့တဲ့ တဒင်္ဂလေးတွေဆိုတော့ စဉ်းစားစရာ ရှိရင်လည်း မနက်ဖြန်မှပဲ စဉ်းစားတာ ကောင်းပါတယ်လေ။
ရဝေနွယ်(အင်းမ)
ကျမ်းကိုး။ ။
မဟာဗုဒ္ဓဝင်(ဆဋ္ဌမတွဲ၊ ပ-ပိုင်း)
မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး။
No comments:
Post a Comment